Friday, October 16, 2009

ကမ္ဘာကျော် စဥ့်ကူးမင်း ခေါင်းလောင်း

ရွှေတိဂုံစေတီတော်တွင် ကြည်ညိုဖွယ် စေတီပုထိုးများနှင့် ရုပ်ပွားတော်များ အများအပြားရှိသည်။ ထိုပပြင် စိတ်ဝင်စားဖွယ် အနုပညာလက်ရာများနျင့် သာသနာ့ပစ္စည်းများလည်း အများအပြားရှိသည်။ သာသနာ့ပစ္စည်းများတွင် ခေါင်းလောင်းများသည် အရေးပါသောအခန်းက ပါဝင်သည်။ ယနေ့ ရွှေတိဂုံရှိ ခေါင်းလောင်းများထဲတွင် စဉ့်ကူးမင်းခေါင်းလောင်းကြီးသည် သက်တမ်းအရှည်ဆုံးဖြစ်သည်။ ယင်းသည် ရင်ပြင်တော် ရာဟုတောင့်တွင်ရှိသည်။ လှိုင်မြစ်တွင်းသို့ ကျပြီးနောက် တဖန်ပြန်လည်ဆယ်ယူရသဖြင့် ခေါင်းလောင်း၏ နှုတ်ခမ်းသားအချို့ပင် ပဲ့နေပေပြီ။

ရှေးယခင်က ရွှေတိဂုံဈွှေိတော်တွင် စဉ့်ကူးမင်း ခေါင်းလောင်းထက် စော၍ လှူဒါန်းခဲ့သော ခေါင်းလောင်းများ မရှိမဟုတ်၊ ရှိခဲ့သည်။ သို့ရာတွင် ယင်းတို့မှာ မရှိတော့။ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးသွားခဲ့ကြပေပြီ။
ရွှေတိဂုံသမိုင်းအရ ရွှေတိဂုံဈွှေိတော်၌ ပထမဆုံး ခေါင်းလောင်းလှူခဲ့သော အလှူရှင်မှာ ဓမ္မစေတီမင်း (မြန်မာ ၈၃၃-၈၅၄) ဖြစ်သည်။ ဓမ္မစေတီမင်း လှူခဲ့သော ခေါင်းလောင်းကြီးသည် အလွန်ကြီးမားသည်။ ကြေးစင်အလေးချိန် ပိဿာ ၁၈၀,၀၀၀ ရှိသည်။ ထိုခေါင်းလောင်းကြီးကို အနောက်ဖက်လွန်မင်း (မြန်မာ ၉၆၇-၉၉၀) လက်ထက်တွင် သန်လျင်မှ ငဇင်ကာခေါ် ပေါ်တူဂီလူမျိုး ဖီးလစ်ဒီဘရစ်တို-က အဓမ္မဖြုတ်ယူခဲ့သည်။ သိမ်းပိုက်ယူဆောင်သွားရန်အတွက် ကုန်းတော်ပေါ်မှ ခေါင်းလောင်းကြီးကို လူပေါင်းများစွာဖြင့် မြစ်ဆိပ်သို့ သယ်ယူခဲ့သည်။ သို့ရာတွင် လှေပေါ်သို့ တင်ရာ၌ လှေကွဲသွားပြီးလျှင် ခေါင်းလောင်းကြီးသည် ဒေါပုံမြစ်ထဲသို့ ကျသွားသည်။ သက္ကရာဇ် ၉၇၄-ခုနှစ်ခန့်တွင် မြစ်ထဲသို့ ကျခဲ့ခြင်းဖြစ်သည်။ ဆယ်ယူခြင်း မပြုနိုင်ခဲ့။ ယခင်က မြစ်ရေကျချိန်များ၌ ခေါင်းလောင်းကြီး၏ ပုစွန်တုပ်ကွေး ပေါင်းကိုင်းကြီးကို လူအများမြင်တွေ့ကြရသည်ဟု အဆိုရှိသည်။

ယခုလက်ရှိအရမူ ရွှေတိဂုံခေါင်းလောင်းများထဲတွင် စဥ့်ကူးမင်းခေါင်းလောင်းကြီးသည် သက်တမ်းအရှည်ဆုံး ဖြစ်နေပေသည်။ ယင်းကို မြန်မာသက္ကရာဇ် ၁၁၄၀-ပြည့်နှစ်တွင် လှူဒါန်းခဲ့သည်ဖြစ်ရာ ယနေ့ဆိုလျှင် သက်တမ်း ၂၂၃-နှစ်ရှိနေပေပြီ။

သည်ခေါင်းလောင်းကြီးမှာ မူလက ဆင်ဖြူရှင်မင်း (မ်ြနမာ ၁၀၉၈-၁၁၃၈) လှူဒါန်းရန် သွန်းလုပ်သော ခေါင်းလောင်းကြီးဖြစ်သည်။ ဆင်ဖြူရှင်မင်းသည် ကုန်းဘောင်ဆက်မင်း၏ တတိယမြောက်မင်း ဖြစ်သည်။ အလောင်းဘုရား၏ ဒုတိယသားတော်ဖြစ်သည်။ ဆင်ဖြူရှင်သည် ၁၁၃၆-ခုနှစ် တပေါင်းလတွင် ရွှေတိဂုံစေတီတော်၌ ထီးသစ်တခု တင်လှူခဲ့သည်။ ထိုစဉ် အဆိုပါ ခေါင်းလောင်းကြီးကို သွန်းလုပ်လှူဒါန်းရန် ပန်းတဉ်းဝန် ပညာဒေ၀ကို တာဝန်ပေးခဲ့သည်။ သွန်းလုပ်ဆဲ ၁၁၃၈-ခုနှစ်တွင် ဆင်ဖြူရှင် နတ်ရွာစံခဲ့သည်။

ဆင်ဖြူရှင်၏အရိုက်အရာကို အိမ်ရှေ့မင်းဖြစ်သူ သားတော် စဥ့်ကူးမင်းက ဆက်ခံသည်။ စဥ့်ကူးမင်း (မြန်မာ ၁၁၃၈-၁၁၄၃) သည် အဆိုပါ ခေါင်းလောင်းကြီးကို ဆက်လက် သွန်းလုပ်စေသည်။ ၁၁၄၀-ပြည့်နှစ်တွင် ပြီးစီးသည်။ စဥ့်ကူးမင်း ကြွမလာနိုင်သဖြင့် စဥ့်ကူးမင်းကိုယ်စား ပန်းတဉ်းဝန် ပညာဒေ၀ကပင် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။ ရင်ပြင်တော် ရောဟုထောင့်တွင် ချိတ်ဆွဲထားရှိသည်။ ဤခေါင်းလောင်းကြီးကို လှူဒါန်းပြီးနောက် သုံးနှစ်အကြာ ၁၁၄၃-ခုနှစ်တွင် စဥ့်ကူးမင်းသည် နန်းကျခဲ့သည်။ အညာသီဟတောသို့ ဘုရားဖူးထွက်တော်မူခိုက် ညတညတွင် နောင်တော်မင်းကြီး၏ သားတော် ဖောင်ကားစားမောင်မောင်က စဥ့်ကူးမင်းဟန်ဆောင်၍ နောက်ပါ လူတစုနှင့်အတူ နန်းတွင်းသို့ဝင်၍ ထီးနန်းကို သိမ်းပိုက်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ဖောင်ကားစားမောင်မောင်မှာ ၇-ရက်သာ နန်းစံလိုက်ရသည်။ ဗဒုံမင်းသား (ဘိုးတော်) က ဖောင်ကားစားမောင်မောင်ကို လုပ်ကြံပြီးနောက် စဥ့်ကူးမင်းကိုပါ ဖမ်းဆီးကွပ်မျက်လိုက်သည်။ စဥ့်ကူးမင်းသည် ထိုနှစ် ၁၁၄၃- မှာပင် အနိစ္စရောက်ခဲ့သည်။

စဥ့်ကူးမင်း ခေါင်းလောင်းကြီးကို မြန်မာသက္ကရာဇ် ၁၁၄၀-ပြည့်နှစ်၊ တပို့တွဲလဆန်း ၁၁-ရက်၊ ဗုဒ္ဓဟူးနေ့တွင် လှူဒါန်းခဲ့သည်။ အလွန်သာယာသော အသံမြည်သောကြောင့် မဟာဂဏ္ဍ-ဟူ၍ ဘွဲအမည်ပေးခဲ့သည်။ ယင်းသည် အလေးချိန် ကြေးစင် ပိဿာ ၁၅,၅၅၅ (၂၄-တန်ခန့်) ရှိသည်။ အတိုင်းအတာမှာ အ၇ပ်ခုနစ်တောင်နှစ်မိုက် (၁၁-ပေ၊ ၆-လက်မ) အချင်း ငါးတောင်၊ (၇-ပေ၊ ၆-လက်မ)၊ လုံးပတ် တဆယ့်ငါးတောင်၊ (၂၂-ပေ၊ ၆-လက်မ)၊ အထူ နှစ်မိုက် (၁-ပေ) ရှိသည်။

ခေါင်းလောင်းများ၌ အလှူရှင်က ကမ္ပည်းစာတမ်း ရေးထိုးလေ့ရှိသည်။ ယခုခေါင်းလောင်းကြီးတွင်လည်း ကမ္ပည်းစာတန်း ပါရှိသည်။ စာကြောင်းရေ ၁၂-ကြောင်း ရေးထိုးထားသည်ကို တွေ့ရသည်။ စာတန်းတွင် အလှူရှင်စဥ့်ကူးမင်းအကြောင်း ခေါင်းလောင်းကြီးအကြောင်း မိမိကုသိုလ်အတွက် ဆုတောင်းအမျှဝေတို့ကို ဖော်ပြထားသည်။

စဥ့်ကူးမင်းနှင့် ပတ်သက်၍ ထိုမင်းသည် သူတော်ကောင်းတရား ၇-ပါး၊ မင်းကျင့်တရား ၇-ပါးတို့နျင့် ပြည့်စုံသည်။ စေတီ ပုထိုး ဂူ ကျောင်း စသည်တို့ကို တည်ဆောက်လှူဒါန်းသူဖြစ်သည်။ ရွှေတိဂုံစေတီတော်တွင် ပဉ္စလောဟာရုပ်တုတော်မြတ် လေးဆူကို စေတီတော် လေးမျက်နှာ၌ ဘုံသာရွှေကျောင်းနှင့်တကွ တည်ထားကောင်းမှုပြုသည်ဟူ၍ ဖော်ပြသည်။

ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ ယင်းကို ၁၁၄၀-ပြည့်နှစ်၊ တပို့တွဲလဆန်း ၁-ရက်၊ ဗုဒ္ဓဟူးနေ့၊ ညဥ့် ၃-ချက်တီးကျော် အချိန်တွင် လှူဒါန်းပူဇော်သည်။ ခေါင်းလောင်းကြီးသည် ကြေးပိဿာ ၁၅,၅၅၅ အလေးချိန်ရှိသည်။ အချင်း ၅-တောင် အရပ် ၇-တောင်၊ ၂-မိုက်၊ လုံးပတ် ၁၅-တောင်၊ အထူ ၂-မိုက် ရှိသည်ဟူ၍ ဖော်ပြထားသည်။

ဆုတောင်းရာတွင် ထိုကုသိုလ်အတွက် ပါရမီ ၁၀-ပါးကို ဖြည့်စွက်၍ ပညာဓိကဘုရားအဖြစ်ဖြင့် လူ၊ နတ်၊ ဗြဟ္မာတို့အား နိဗ္ဗာန်သို့ တင်ပို့ရသည် ဖြစ်လိုသော် ဘ၀ကြီးငယ် ကျင်လည်သမျှ လူမင်း နတ်မင်း အဖြစ်ကိုသာရ၍ ကရ၀ိက်ငှက်မင်းကဲ့သို့ သာယာသောအသံနှင့်၎င်း၊ ကုသမင်း၊ ပုဏ္ဏက၊ အာဠာဝကတို့ကဲ့သို့ ကြောက်လန့်ဖွယ် သြဇာအာဏာရှိသော အသံနှင့်၎င်း၊ ပြည့်စုံသည်ဖြစ်လိုသော်၊ အလိုရှိရာ တောင့်တအပ်သော အရာကို စိတ်နှလုံး ကြံစည်ကာမျှဖြင့် ပြည့်စုံရသည် ဖြစ်လိုသော်၊ အလိုမရှိ မတောင့်တအပ်သောအရာကို တရံတဆစ်မျှ မတွေ့မမြင် မကြားရသည် ဖြစ်လိုသော်၊ အရိမေတ္တေယျဘုရား ပွင့်တော်မူသောအခါ ဘုရားဆုကို ပန်ဆင်ရသည်ဖြစ်လိုသော်၊ ဖြစ်လေရာ သံသရာဝယ် သဗ္ဗညုတ ဉာဏပါရမီကို ဖြည့်စွမ်းဆောင်ရွက်နိုင်၍ ဘုရားဖြစ်ရန် ကျင့်ကြံနိုင်လျက် လောကအကျိုးကို တောင့်တတိုင်းဆောင်ရွက်နိုင်သည် ဖြစ်လိုသော်ဟူ၍ ဖော်ပြထားသည်။

ထို့နောက် ထိုကုသိုလ်အကျိုးကို မယ်တော်၊ ခမည်းတော်၊ ဆင်ဖြူရှင် ဘိုးတော်အလောင်းမင်းတရား၊ ဘကြီးတော်မင်းတရား၊ ဘွားတော်၊ သားတော်၊ သမီးတော်၊ မင်းညီမင်းသား၊ ဆွေတော်မျိုးတော်၊ မောင်းမမိဿံ၊ မှူးမတ်ဗိုလ်ပါ၊ ဆရာသူမြတ်၊ ပရိသတ်တို့ အမျှရသည် ဖြစ်စေသော်။
သာသနာတော်စောင့်နတ်၊ မြို့စောင့်နတ်၊ ထီးချက်စောင့်နတ်၊ နိုင်ငံစောင့်နတ်၊ ရွှေတိဂုံစေတီတော်စောင့်နတ်၊ အာကာသစိုးနတ်၊ ဘုမ္မစိုးနတ်များနှင့် တကွ သတ္တ၀ါအားလုံး အမျှရကြသည်ဖြစ်စေသော် ဟူ၍ အမျှပေးဝေထားပေသည်။

ဤကား ခေါင်းလောင်းကမ္ပည်း စာတန်းပါ အကျဉ်းဒချုပ်ဖြစ်သည်။ မူရင်းတွင် ရေးထိုးဖော်ပြထားသည်မှာ ဝေေ၀ဆာဆာ ရှိပေသည်။ ထိုခေါင်းလောင်းကြီးသည် ရွှေတိဂုံစေတီတော်ဝယ် တင့်တယ်စွာ တည်ရှိနေရာမှ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ (ခရစ် ၁၈၂၄-၂၆) တွင် အင်္ဂလိပ်တို့ လက်တွင်းသို့ ရောက်သွားသည်။ ထိုစစ်ပွဲတွင် အင်္ဂလိပ်တပ်တို့သည် ရွှေတိဂုံကုန်းတော်ကို တက်ရောက်သိမ်းပိုက်မိကြသည်။

ထိုအခါ မိမိတို့နိုင်ငံသို့ စဥ့်ကူးမင်း ခေါင်းလောင်းကြီးကို အောင်ပွဲရ အထိမ်းအမှတ်အဖြစ် ယူဆောင်သွားရန် ဖြုတ်ယူကြသည်။ လူအင်အားများစွာဖြင့် ခက်ခက်ခဲခဲပင် ကုန်းတော်ပေါ်မှ မြစ်ဆိပ်သို့ ယူဆောင်ကြသည်။ ထို့နောက် မြစ်ဆိပ်မှ သင်္ဘောပေါ်သို့ တင်ကြသည်။ ထိုစဉ် တိမ်းချော်ကာ ခေါင်းလောင်းကြီးသည် လှိုင်မြစ်တွင်းသို့ ကျသွားလေသည်။

အင်္ဂလိပ်တို့ဘက်မှ ကျွမ်းကျင်သော အင်ဂျင်နီယာများ ဦးဆောင်ကာ အမျိုးမျိုး ကြိုးစားဆယ်ယူကြသည်။ မရ။ နောက်ဆုံးတွင် လက်လျှော့လိုက်ကြရသည်။ သည်တွင် မြန်မာများက အင်္ဂလိပ်အာဏာပိုင်များအား ခေါင်းလောင်းကြီးကို မိမိတို့ ကြိုးစားဆယ်ယူမည်။ အကယ်၍ ဆယ်ယူရရှိပါက မိမိတို့ကို ပြန်ပေးမည်လော။ ရွှေတိဂုံရင်ပြင်တော်ရှိ မူလနေရာတွင် ပြန်ထားခွင့်ပြုမည်လော-ဟူ၍ ဆိုလာကြသည်။ အင်္ဂလိပ်တို့က မိမိတို့ ဆယ်မရနိုင်သည်ကို မြန်မာတို့ ဆယ်ရနိုင်မည်လော။ မည်သည့်နည်းနှင့်မျှ ဆယ်မရနိုင်-ဟူ၍ တွက်ဆကာ အကြည်အသာပင် ခွင့်ပြုလိုက်သည်။

သို့ဖြင့် မြန်မာတို့က မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့အစွမ်းဖြင့် ဆယ်ယူကြသည်။ ဆယ်ယူပုံမှာ လှိုင်မြစ်တွင်းမှ ရေကျစဉ် ခေါင်းလောင်းကြီးကို ကျောက်သံကြိုးနှစ်ပင်ဖြင့် မြဲအောင်ချည်နှောင်ထားသည်။ ထို့နောက် ထိုကျောက်သံကြိုးကြီးကို ခေါင်းလောင်းပေါ်တွင် ရပ်တန့်လျက်ရှိသော သင်္ဘောနှင့် ဆက်၍ ချည်ထားသည်။ သည်တွင် ရေတက်လာသောအခါ သင်္ဘောမြင့်တက်လာပြီး ခေါင်းလောင်းကြီးသည်လည်း မြစ်တွင်းမှ ကြွ၍ ပါလာသည်။ ထိုအခါ သင်္ဘောကို ကမ်းသို့မောင်းနှင်ပြီး ခေါင်းလောင်းကြီးကို ယူဆောင်ကြသည်။ ထိုပနောက် ၁၈၂၆-ခုနှစ်တွင် ခေါင်းလောင်းကြီးကို ကမ်းစပ်မှ မူလရှိရင်းနေရာဖြစ်သော ရင်ပြင်တော် ရာဟုထောင့်သို့ အခမ်းအနားဖြင့် အောင်မြင်စွာ သယ်ယူထားရှိခဲ့ကြပေသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ အင်္ဂလိပ်အမျိုးသား စာရေးဆရာကြီး ဖီလဒင်ဟောလ်က သူ၏ The soul of a people စာအုပ်တွင် ဤသို့ ရေးသားဖော်ပြထားသည်။
တခါက ကျွန်ုပ်တို့ (အင်္ဂလိပ်လူမျိုး) သည် ဤခေါင်းလောင်ြးီ့း (စဥ့်ကူးခေါင်းလောင်း) ကို ယူဆောင်သွားရန် ကြိုးစားခဲ့ဖူးသည်။ ကျွန်ူပ်တို့သည် ဤခေါင်းလောင်းကြီးကို မြန်မာတို့ အမြတ်တနိုးထားရာ နေရာမှ အဓမ္မဖြုတ်ယူကြသည်။ မိမိနိုင်ငံသို့ စစ်အောင်ပွဲရ အိမ်းအမှတ်အဖြစ် သယ်ဆောင်သွားရန် စီစဉ်ကြသည်။ ထို့အတွက် ခေါင်းလောင်းကြီးကို မြစ်ဆိပ်သို့ သ.်ဆောင်ကာ ထိုမှတဆင့် သင်္ဘောတစင်းပေါ်သို့ တင်ကြသည်။ ထိုစဉ် တိမ်းချော်ကာ ခေါင်းလောင်းကြီးသည် ဒီရေအတက်အကျ သန်လှသောမြစ်တွင်းသို့ ကျသွားသည်။ ရွှံ့ညွန်ထဲသို့ ရောက်သွားသည်။ ခေါင်းလောင်းကြီးကို ပြန်ဆယ်နိုင်ရန် ကျွန်ုပ်တို့ အင်ဂျင်နီယာများက အစွမ်းကုန်ကြိုးစားကြသည်။ မအောင်မြင်ပေ။

သည်တွင် မြန်မာများက ကျုပ်တို့ ခေါင်းလောင်းကြီး မြစ်ထဲရောက်နေပြီ။ ခင်ဗျားတို့ ပြန်လဲ မဆယ်နိုင်ကြဘူး။ ခင်ဗျားတို့ ကြိုးစားဆယ်ကြတာပဲ။ ကြိုးစားတိုင်းလဲ မအောင်မြင်ခဲ့ဘူး။ ဒီတော့ ကျုပ်တို့ ကြိုးစားဆယ်မယ်။ တကယ်လို့ ဆယ်ရရင် ကျုပ်တို့ခေါင်းလောင်း ကျုပ်တို့ကို ပြန်ပေးမလား။ ကျုပ်တို့ရဲ့ ဘုရားမြှ ပြန်ထားခွင့်ပြုမလား-ဟူ၍ ဆိုလာကြသည်။ ကျွန်ူပ်တို့ အာဏာပိုင်များကလည်း ပြုံးရယ်ကာ ခွင့်ပြုလိုက်ကြသည်။ သို့ဖြင့် ခေါင်းလောင်းကြီးကို မြန်မာတို့ ဆယ်ယူကြသည်။ ကျွန်ုပ်တို့ ဆယ်ယူမရရှိခဲ့သော်လည်း သူတို့ ဆယ်ယူရရှိခဲ့ကြသည်။ ခေါင်းလောင်းကြီးကို ကျွန်ုပ်တို့ အားပေးရန် ငြင်းဆန်ခဲ့သောမြစ်မင်းက သူတို့ကိုမူ အကြည်အသာ ပေးအပ်ခဲ့သည်။ သို့ဖြင့် မြန်မာတို့သည် ခေါင်းလောင်ြးီ့းကို ယူဆောင်ပြီး မူလနေရာတွင် ပြည်လည်ချိတ်ဆွဲထားခဲ့ကြသည်။ ယခုအခါ ခေါင်းလောင်ကြီးသည် မူလနေရာတွင် ပြန်ရောက်နေပြီ။ အကယ်၍ ထိုနေရာ ထိုဒေသသို့ သင်ရောက်သွားပါက စေတီတော်၏ အသည်းနှလုံးကြားမှ ပေါ်ထွက်လာသကဲ့သို့ရှိသော သာယာလေးတွဲ့သည့် ထိုခေါင်းလောင်းထိုးသံကို သင်ကြားရပေမည်။

သည်ကား လွန်ခဲ့သောနှစ်ပေါင်း ၉၅-နှစ်ခန့်က (၁၉၀၆-ခု) က ရေးသားတင်ပြချက် ဖြစ်သည်။ ဖီလဒင်ဟောလ်ကသာမက အင်္ဂလိပ်အမျိုးသား စာရေးဆရာကြီး ရွှေရိုးအမည်ခံ ဂျေဂျီစကော့-ကလည်း ထိုခေါင်းလောင်းအကြောင်းကို ရေးသားဖော်ပြခဲ့သည်။ ကဗျာဆရာ ဟာရိုဗွီလုကပ်စ်-ကမူ ထိုခေါင်းလောင်းအကြောင်းကို အင်္ဂလိပ်ကဗျာရှည်ြီ့းပင် ဖွဲ့ဆိုခဲ့လေသည်။ သို့ဖြင့် စဥ့်ကူးမင်းခေါင်းလောင်ြးီ့းသည် ကမ္ဘာကျော်ဖြစ်လာခဲ့ပေသည်။

စဥ့်ကူးမင်း ခေါင်းလောင်းကြီးသည် ဟောင်းအိုနေပြီ။ နှုတ်ခမ်းသားမျာပင် ပဲ့နေပြီ။ သို့ရာတွင် ယင်း၏ အိတ်ဇာတ်ကြောင်းကား လှပဆဲပင်ဖြစ်သည်။ တသက်သက် ပြန်ပြောင်းသတိရဖွယ်ဖြစ်သည်။ ယင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ရှေးမြန်မာတို့၏ စိတ်ဓာတ်၊ ရှေးမြန်မာတို့၏ ဇွဲသတ္တိ၊ ရှေးမြန်မာတို့၏ စွမ်းရည်မှာလည်း ဂုဏ်ယူဖွယ်ပင်၊ အတုယူဖွယ်ပင်။

မင်းယုဝေ

( မြတ်မင်္ဂလာ ၂၀၀၁-ခု အောက်တိုဘာလ )

No comments: