Tuesday, October 20, 2009

အသောက

အသောကမင်းသည် တူတော် နိဂြောဓသာမဏေ၏ ကျေးဇူးကြောင့် ဗုဒ္ဓသာသနာအပေါ် ကြည်ညိုလာ၏။ အသောကာရုံကျောင်းတော်ကြီးကို ဆောက်လုပ်စေကာ ရဟန်းပေါင်း ၆-သောင်းအား အမြဲဆွမ်းလှူ၏။ ဓမ္မက္ခန္ဓာပေါင်း ၈-သောင်း ၄-ထောင်ကို ပူဇော်သောအားဖြင့် ဇမ္ဗူဒိပ်တကျွန်းလုံးရှိ မြို့ပေါင်း ၈-သောင်း ၄-ထောင်၌ ကျောင်းပေါင်း ၈-သောင်း ၄-ထောင်ကို တရားသဖြင့်သာ ဆောက်လုပ်စေပါ၏။ သာသနာ့အမွေခံ ဖြစ်လိုသဖြင့် သားတော်မဟိန္ဒနှင့် သမီးတော် သံဃမိတ္တာတို့ကို သာသနာဘောင်သို့ ၀င်ရောက်စေပါ၏။

အသောကမင်းသည် နိုင်ငံတော်အတွင်း နေရာအနှံ့အပြား၌ ကျောက်စာတို့ကို ရေးထိုးခဲ့ပါ၏။ ထိုကျောက်စာတို့အရ အသောကမင်း၏ အမြော်အမြင် အကြင်အနာ မေတ္တာ စေတနာ စသော အရည်အသွေးကောင်းတို့ကို သိရှိရပါ၏။ အကျဉ်းချုပ်အားဖြင့် ဖော်ပြပါအံ့။

၁။ အသောကမင်းသည် သတ္တ၀ါတို့ အသက်ကို သတ်ဖြတ်၍ ယစ်ပူဇော်မှုကို တားမြစ်၏။

၂။ အသောကမင်းသည် သတ္တ၀ါတကောင်ကို သတ်ဖြတ်၍ အခြားသတ္တ၀ါ တကောင်အား ကျွေးမွေးမှု၊ ၆-လအောက်အရွယ် တိရစ္ဆာန်ငယ်များနှင့် ကိုယ်ဝန်ဆောင် သို့မဟုတ်-သားငယ်ကို နို့တိုက်နေသော တိရစ္ဆာန်မတို့ကို သတ်ဖြတ်မှုတို့ကို တားမြစ်ပိတ်ပင်၏။
သတ်မှတ်ထားသည့် နေ့ရက်တို့၌ သူ့အသက်ကိုသတ်မှု၊ တိရစ္ဆာန်ဖိုတို့ကို သင်းကွပ်မှု၊ မြင်း၊ နွား၊ စသည်တို့ကို တံဆိပ်ခတ်မှု၊ ငါးတို့ကို ဖမ်းယူသတ်ဖြတ် ရောင်းချမှုတို့ကိုလည်း တားမြစ်ပိတ်ပင်၏။
သတ်မှတ်ထားသည့် နေရာတို့၌ သားငါးတို့ကို ဖမ်းဆီးသတ်ဖြတ်မှု၊ သက်ရှိသတ္တ၀ါတို့ ခိုအောင်းနေသော ဖွဲပုံများ၊ တောများကို မီးရှို့မှု စသည်တို့ကိုလည်း တားမြစ်ပိတ်ပင်၏။

၃။ အသောကမင်းသည် အသားစားမှု၊ တောကစားထွက်မှုတို့မှ ရှောင်ကြဉ်၏။

၎။ အသောကမင်းသည် သေဒဏ်နှင့် အကျဉ်းခံနေရသူတို့အား အယူခံရန်နှင့် ကောင်းမှုကုသိုလ်ပြုရန် ၃-ရက် ခွင့်ပေးထား၏။ သားသမီး အမှီအခိုများသူ၊ အလုပ်တာဝန် ကြီးလေးသူ၊ အိုမင်းမစွမ်းသူတို့အား အပြစ်ရှိသော်လည်း သက်ညှာ၏။ ချမ်းသာပေး၏။ မိမိအဘိသိက်ခံရက် နှစ်ပတ်လည်စေ့တိုင်း ထောင်အကျဉ်းသားတို့ကို လွှတ်ပေး၏။

၅။ အသောကမင်းသည် နိုင်ငံတော်အတွင်း၌သာမက နိုင်ငံတော်၏ တောင်ဘက်နှင့် အနောက်ဘက်တလွှားရှိ တိုင်း၊ နိုင်ငံတို့အတွင်း၌ပင် နေရာအနှံ့အပြား လူနှင့်တိရစ္ဆာန်တို့အတွက် ဆေးရုံတွေ ဆောက်ပေး၏။ ဆေးပင်၊ ဆေးမြစ်၊ ဆေးဖက်ဝင်သည့် အသီးအနှံစသည်တို့ကို မရှိသေးသောအရပ်တို့သို့ ဆောင်ယူစိုက်ပျိုးစေ၏။

၆။ အသောကမင်းသည် နိုင်ငံတော်အတွင်း နေရာအနှံ့အပြား၌ လမ်းတို့ကို ဖောက်စေ၏။ လမ်းတလျှောက်တို့၌ သစ်ပင်တို့ကို စိုက်ပျိုးစေ၏။ ဥယျာဉ်တို့ကို ပြုစုစေ၏။ ရေတွင်းတို့ကို တူးစေ၏။ ရေချမ်းစင်တို့ကို တည်စေ၏။ ဇရပ်တို့ကို ဆောက်စေ၏။ လမ်းတို့၌ အကွာအဝေးနှင့် လမ်းခွဲတို့ကိုပြသော မှတ်တိုင်တို့ကိုပင် ယခုခေတ်၌ကဲ့သို့ စိုက်ထူထားရှိစေ၏။

၇။ အသောကမင်းသည် အယူဝါဒအသီးသီး၊ ဂိုဏ်းအသီးသီးတို့အား အရိုအသေပြု၏။ ချီးမြှင့်ထောက်ပံ့၏။ အယူဝါဒအသီးသီး ဂိုဏ်းအသီးသီးသားတို့ သင့်တင့်ညီညွတ်စွာ နေထိုင်ကြရန်နှင့် တ၀ါဒနှင့်တ၀ါဒ၊ တဂိုဏ်းနှင့်တဂိုဏ်း မကဲ့ရဲ့ မရှုတ်ချ မပုတ်ခတ် မချုပ်ချယ်ဘဲ တဦးနှင့်တဦး ရိုသေလေးစား ရိုင်းပင်းကူညီ၍ မိမိတို့ ဘာသာတရား၌ ကောင်းစွာလေ့လာကျင့်သုံး ဆောက်တည်ကြရန် ညွှန်ကြားဆုံးမ၏။

၈။ အသောကမင်းသည် တရားအမတ်ကြီးများနှင့် အခြားသာသနာရေး၊ အလှူဒါနရေး၊ အမတ်များ၊ အရာရှိများကို ခန့်ထား၍ ဗုဒ္ဓသာသနာတော်နှင့်တကွ အခြားဝါဒကွဲ၊ ဂိုဏ်းကွဲအသီးသီးတို့အား ချီးမြှင့်စေ၏။ လူတို့အား တရားဟောကြား ဆုံးမပေးစေ၏။ မင်းကြီးနှင့် ဆွေတော်မျိုးတော်၊ နန်းတော်သူ နန်းတော်သား အပေါင်းတို့၏ အလှူဒါနတို့ကို စီမံခန့်ခွဲစေ၏။
ရဟန်း၊ ပုဏ္ဏား၊ သက်ကြီးရွယ်အို၊ ဆင်းရဲဒုက္ခရောက်နေသူ၊ ခိုကိုးရာမဲ့သူတို့အား ထောက်ပံ့မစစေ၏။ အမတ်ကြီးတို့နှင့် အရာရှိတို့ကို ငါးနှစ်တကြိမ်၊ အချို့နယ်တို့၌ သုံးနှစ်တကြိမ် တိုင်းခန့်လှည့်လည် တရားပြသ ဆုံးမစေ၏။ တရားဖြန့်ဖြူးစေ၏။

၉။ အသောကမင်းသည် မိန်းမတို့နှင့် ကလေးတို့၏ ကြီးပွားတိုးတက်ရေးအတွက် အမတ်ကြီးတို့နှင့် အရာရှိတို့ကို ခန့်ထားဆောင်ရွက်စေ၏။

၁၀။ အသောကမင်းသည် ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ လူယောက်ျား၊ လူမိန်းမတို့ကို အရေးကြီးသော ပိဋကတ်ကျမ်းဂန်တို့ကို သင်အံလေ့ကျက် ကြားနာစေ၏။

၁၁။အသောကမင်းသည် ဤသို့ တင်းကျပ်စွာ အမိန့်ထုတ်ထား၏။
သံဃာကို ဂိုဏ်းမခွဲရ၊ သံဃာဂိုဏ်းခွဲသူ ရဟန်းယောက်ျား၊ ရဟန်းမိန်းမကို အ၀တ်ဖြူလဲစေ၍ ရဟန်းကျောင်းမှ ထွက်ခွာသွားစေရမည်။

၁၂။ အသောကမင်းသည် တောင်ဘက်၌ သီဟိုဠ်ကျွန်း(သီရိလင်္ကာ) တိုင်အောင်၊ အနောက်ဘက်၌ အာဖရိကတိုက် စိရေနေနှင့် အီဂျစ်နိုင်ငံများ၊ ဥရောပတိုက် ဂရိတ်နိုင်ငံများတိုင်အောင် ထိုကာလ၌ အဆက်အသွယ်ရှိသော ကမ္ဘာအရပ်ရပ်သို့ သာသနာပြုများကို စေလွှတ်၍ သာသနာပြုစေ၏။

၁၃။ အသောကမင်းသည် အပြစ်မကင်း၊ အကျိုးယုတ်စေသော ပွဲတို့ကို ပိတ်ပင်၍ အကျိုးရှိစေသော ပွဲတို့ကို စီမံပြသစေ၏။

၁၄။ အသောကမင်းသည် လောကီမင်္ဂလာ အပေါင်းတို့ထက် တရားမင်္ဂလာသည် အကျိုးများကြောင်း၊ အခြားအလှူများထက် တရားအလှူသည် မြတ်ကြောင်း၊ သီလတရားထက် ဘာဝနာတရားက အရေးကြီးကြောင်းတို့ကို ညွှန်ကြားပြီး တရားမင်္ဂလာ၊ တရားအလှူ၊ တရားဘာဝနာတို့ကို ကျင့်သုံးဆောက်တည်ရန် လူတို့ကို နှိုးဆော်တိုက်တွန်း၏။

၁၅။ အသောကမင်းသည် အဘိသိက်ခံပြီး ရှစ်နှစ်မြောက်၌ ကလိင်္ဂတိုင်းကို တိုက်ခိုက်အောင်မြင်ရာ လူပေါင်းမြောက်များစွာ သေကျေပျက်စီးကြရ၊ သုံ့ပန်းအဖြစ် ဆောင်ယူခံကြရ၊ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသည်တို့ကို မြင်တွေ့ရသဖြင့် လွန်စွာကြေကွဲဝမ်းနည်းတော်မူပြီး ဤသို့ လက်နက်ဖြင့် တိုက်ခိုက် အောင်မြင်ခြင်းကို ကိုယ်တိုင်လည်း စွန့်ပယ်၊ သားစဉ်မြေးဆက်ကိုလည်း စွန့်ပယ်စေ၍ ဓမ္မဟူသော တရားဖြင့် အောင်မြင်ခြင်းသည်သာ မြတ်ကြောင်းကို ဖော်ပြကာ နိုင်ငံတော်အစွန်အပသားတို့ကို တရားဖြင့်သာ အောင်မြင်တော်မူ၏။

၁၆။ အသောကမင်းသည် အခါမရွေး၊ နေရာမရွေး၊ တိုင်းရေးပြည်ရေး၊ သာသနာရေးတို့ကို ဆိုင်ရာအမတ်တို့ကို လျှောက်တင်စေကာ ကြားနာဆောင်ရွက်၏။ ကိုယ်တိုင် မနေမနား တိုင်းခန်းလှည့်လည်ကြွသွား၍ ရဟန်းပုဏ္ဏားတို့ကို ဖူးမြော်စေ၏။ သက်ကြီးရွယ်အို၊ ဆင်းရဲသူ၊ ဆင်းရဲသား၊ တောသူတောင်သားတို့နှင့် တွေ့၍ ပေးကမ်းချီးမြှင့်၏။ တရားဆွေးနွေးမေးမြန်း၏။ တရားဟောကြား ဆုံးမ၏။ ကိုယ်တိုင် တောကစား၊ အပျော်အပါး မထွက်ပဲ ဘုရားပွင့်ရာ မဟာဗောဓိ၊ ဘုရားဖွားရာ လုမ္ဗိနီဥယျာဉ်တို့သို့ သွားရောက် ဖူးမြော်ပူဇော်၏။ ကိုယ်တိုင် တရားကျင့်သုံး ဆောက်တည်၏။ ပြင်းထန်စွာ တရားအားထုတ်၏။

ဤအသောကမင်းသည် ဓမ္မာသောက၊ သီရိဓမ္မာသောက ဟူ၍ ရာဇ၀င် မဟာဝင်တို့၌ ထင်ရှား၏။ အသောကမင်း၏ စီမံဆောင်ရွက်ချက်တို့သည် ရှေးနှစ်ပေါင်း နှစ်ထောင်ကျော်က ပေါ်ထွက်ခဲ့သော်လည်း လွန်စွာ အထက်တန်းကျ၏။ ခေတ်ဆန်၏။ ခေတ်မီ၏။ အချို့နေရာတို့၌ ခေတ်ထက်ပင် ကျော်လွန်နေ၏။ ခေတ်ကိုပင် အတုယူဖို့ စံပြဖြစ်နေပေ၏။ အသောကကျောက်စာတို့က ပြောပြသဖြင့် အသောကမင်း၏ အကြောင်းကို ပိုမို၍ သိရှိလာရပါ၏။ အသောက၏ အလောဘ၊ အဒေါသ၊ အမောဟတို့ကား ကြည်ညိုစရာ၊ လေးစားစရာ၊ အတူယူစရာ ကောင်းလှပါပေ၏။

သာမဏေကျော်

No comments: