ဓမ္မော ဟဝေ ရက္ခတိ ဓမ္မာစာရိံ၊ ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ။
ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ၊ န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။
ဟူသော ဓမ္မပဒ ပါဠိဂါထာနှင့်အညီ တရားစောင့်သူ ဦးရွှေမှင်-ကို တရားက ပြန်စောင့်ပါသည်။
အဖြစ်အပျက်သာဓကတခုကို တင်ပြလိုပါသည်။ ၁၉၅၂-ခုနှစ်ခန့်က မြစ်ဝကျွန်းပေါ်ဒေသတွင် သောင်းကျန်းသူများ အင်အားကောင်း၍ မြို့ရွာတွေကို သောင်းကျန်းသူတွေက မကြာခဏ စီးနင်းတိုက်ခိုက်ကြသည်။ တခါတွင် သောင်းကျန်းသူ ထောင်ပေါင်းများစွာတို့က အိမ်မဲမြို့ကို စီးနင်းတိုက်ခိုက်ကြသည်။ အစိုးရတပ်၊ ကာကွယ်ရေးတပ်များနှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်ရာ မြို့ပေါ်ရှိ အိမ်များ မီးလောင်ခံကြရသည်။ ဦးရွှေမှင်-သည် မိမိအိမ်မှ ထွက်ခွာသွားခြင်းမရှိ။ အခြား အိမ်နီးချင်းများမှ လူများသည် တိုက်ပွဲလွတ်ရာသို့ ထွက်ပြေးရှောင်ခွာသွားကြသည်။ ဦးရွှေမှင်-သည် မိမိအိမ်တွင်သာနေ၍ ပရိတ်ဒေသနာကို ရွတ်ဖတ်သည်။ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်တို့ဖြင့် မိမိ၏ အိမ်ဝင်းခြံ၊ ဆန်စက်၊ ဂိုဒေါင် စသည်တို့ကို ပက်ဖျန်းခြင်း၊ စည်းချခြင်းတို့ကို ပြုသည်။
ဦးရွှေမှင်-သည် သူ၏ တိုက်ခံ အိမ်အပေါ်ထပ်ရှိ ဘုရားခန်းတွင် ဥပုသ်စောင့်၊ ပုတီးစိပ်၊ ပရိတ်ဒေသနာ ရွတ်ဖတ်ကာ မေတ္တာပို့သနေသည်။သူ၏ဇနီး၊ မွေးစားသား ၂-ယောက်နှင့် အလုပ်သမားတို့အား အိမ်၏အောက်ထပ်ရှိ ပုန်းခိုကျင်းထဲတွင် နေစေသည်။ အိမ်နီးချင်းများ၏ အိုးအိမ်ပစ္စည်းများ မီးလောင်ခံရပြီး သူ၏ အိမ်တလုံးတည်းသာ ကျန်ရစ်သည်ကို အံ့သြဖွယ်ရာ တွေ့ရသည်။
သောင်းကျန်းသူများက သူ၏ အိမ်တွင်းသို့ ရှာဖွေကြည့်ရှုကြသော်လည်း သူတို့ကို မတွေ့ကြရချေ။ ထူးခြားလှသည်။ သောင်းကျန်းသူများ ထွက်ခွာသွားကြသောအခါ သူနှင့်အလုပ်သမားတို့က မီးလောင်နေသော အိမ်များကို မီးငြိမ်းသတ်ပေးကြသည်။ မြို့သူမြို့သားတို့က သူတို့ကို ကျေးဇူးတင်ကြ၏။
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment