Tuesday, October 27, 2009

ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် သူရဿတီ မယ်တော်

တချိန်က စာရေးသူအား ဗုဒ္ဓဘာသာ နှင့် သူရဿတီ မယ်တော်တို့ ဘယ်လို ဆက်နွယ်မှုရှိသလဲ၊ ပိဋကတ်စာပေစောင့်နတ်သမီးလို့ ကျမ်းဂန်မှာ ပါသလား။ မည်သည့်ခေတ်က ကိုးကွယ်လာခဲ့သလဲ-စသည်ဖြင့် ဓမ္မမိတ်ဆွေအချွှို မေးသဖြင့် အတိုချုပ်ဖြေပြရခဲ့ဖူး၏။ ယခု ဗုဒ္ဓဘာသာဝင်များအားလုံး သိထားနိုင်ရန် ဤဆောင်းပါးဖြင့် မကျဉ်းမကျယ် ရေးသားဖြေဆိုပါမည်။

ဗုဒ္ဓဘာသာ ထေရ၀ါဒ ပိဋကတ်ကျမ်းဂန်များမှာ ယခုခေတ် ဗုဒ္ဓဘာသာဝင်အများစုတို့ ကိုးကွယ်သမှု ပြုနေကြသည့်-ဘိုးတော်တို့၊ မယ်တော်တို့ အကြောင်း တစွန်းတစမျှ မပါရှိပါ။ သူရဿတီ-ဆိုသည့် ပါဠိဝေါဟာရကိုပင် ပါဠိတော် အဋ္ဌကထာ ၃ီကာကျမ်းများမှာ တွေ့လည်းမတွေ့ဖူးပါ။ ရှိလည်းမရှိပါ။ ထို့ကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် သူရဿတီမယ်တော်တို့သည် မည်သို့မျှ ဆက်နွယ်မှု မရှိပါ။ ဘယ်လိုမှ မသက်ဆိုင်ပါ။ ပြဒါးတလမ်း သံတလမ်း ဖြစ်သည်။

အမှန်စင်စစ် သူရဿတီမယ်တော်သည် ဟိန္ဒူဗြာဟ္မဏဘာသာနှင့် သက်ဆိုင်သူ ဖြစ်သည်။ ဟိန္ဒူဘာသာသည် ဗြဟ္မာကြီးကို ကိုးကွယ်သောဘာသာ ဖြစ်သည်။ ဟြေ္မာကြီး၏ ဇနီးကို သူရဿတီခေါ်သည်ဟု ဆိုကြသကဲ့သို့ ဗြဟ္မာကြီး၏ လှပသည့် သမီးကညာလို့လဲ ယူဆပြောဆိုကြ၏။ ဟိန္ဒူလူမျိုးများက ထိုနတ်သမီးကို စာပေပညာနှု့် နှုတ်မှုပညာများကို စောင့်ရှေက်ြသူဟု ယုံကြည်ကြသည်။ မူရင်းနာမည်က သရသွတီ (ဆရဆွတီ) လို့ သက္ကတဘာသာနှင့် ရှိ၏။ ထိုမှတဆင့် မြန်မာလို သူရဿတီ-ဖြစ်လာခြင်း ဖြစ်သည်။

( အိန္ဒိယ နီပေါတို့၌ ပူဇော်ပွဲများ )
အိန္ဒိယနိုင်ငံ၌ စကားနတ်သမီး၊ နှုတ်စောင့်နတ်သမီး၊ပညာပေးနတ်သမီး-ဟု ယုံကြည်ကြပြီး ဆရဆွတီပူဇာ-ခေါ် ပူဇော်ပွဲတွေကို ယခုတိုင် ကျင်းပပြုလုပ်နေကြဆဲ ဖြစ်သည်။ ထိုပူဇော်ပွဲမှာ ဟင်္သာရုပ်စီးနင်းနေသည့် သူရဿတီပုံတော်ရှေ့မှာ အမျိုးသမီးများက လက်မှု နှုတ်မှု အတတ်ပညာဆိုင်ရာ ပစ္စည်းကိရိယာများကိုချပြီး ပူဇော်ကြသကဲ့သို့ အမျိုးသားများကလည်း မိမိတို့ လက်မှု နှုတ်မှု ပညာဆိုင်ရာ လက်နက်ကိရိယာတွေကို ချပြီး ပူဇော်ကြသတဲ့။ ကျောင်းသူ ကျောင်းသားကလေးများကပင် စာအုပ်၊ ခဲတံ စသည့် ပညာရေးဆိုင်ရာ ပစ္စည်းတွေကို ချပြီး ပူဇော်ကြလေ့ရှိသည်ဟု သိရ၏။

နီပေါပြည်၌လည်း အခြားပွဲတော်နေ့များကဲ့သို့ သူရဿတီနေ့တနေ့ရှိပြီး အခမ်းအနားဖြင့် ပူဇော်လေ့ရှိကြသည်။ ထိုနေ့ကား ၀သန္တဥတု၏ ငါးရက်မြောက်နေ့ဖြစ်၍ ၀သန္တ ပဉ္စမီနေ့-ဟု အခေါ်များကြ၏။ မဂသုဓိပဉ္စမီနေ့ဟုလည်းကောင်း၊ ဆရီပဉ္စမီနေ့ဟုလည်းကောင်း ခေါ်ကြသေး၏။ နီပေါ၌ တန်ခူးနှင့်ကဆုန်လ ၂-လသည် ၀သန္တဥတုဖြစ်၏။ ထိုဥတုကား သူတို့ဘာသာအရ အထွတ်အမြတ်ထားသည့် ဥတုဖြစ်သည်။ ထိုဥတုသည် အလွန်သာယာသဖြင့် လူတို့အား ရွှင်မြူးစေသည်။ နီပေါပြည်သူတို့က ဤသို့ ရွှင်မြူးလာရခြင်းမှာလည်း သူရဿတီဒေ၀ီ၏ စောင်းငြင်းတန်ခိုးကြောင့်ဟု ယုံကြည်ကြသည်။ ထိုပကြောင့် ထိုထူးမြတ်သော ၀သန္တပဉ္စမီနေ့တွင် ပန်း၊ အမွှေးတိုင်၊ ဆန်၊ ရေချမ်း၊ ပေါက်ပေါက်တို့ဖြင့် သူရဿတီအား ပူဇော်ကြ၏။ ထို့ပြင် စာပေနှင့်စပ်သော ကလောင်တံ၊ မင်အိုး၊ စက္ကူ စသည်များဖြင့်လည်း ပူဇော်ကြသေးရာ ထိုပူဇော်သည့် အထိမ်းအမှတ်ဖြင့် ထိုနေ့၌ စာပေရေးသားခြင်းကို လှူသည့်အနေဖြင့် စာပေရေးသားခြင်း လုံးဝမပြုလုပ်ကြရဟု ဆိုပေသည်။ နီပေါလူမျိုးတို့သည် အများအားဖြင့် ဗြာဟ္မဏ၀ါဒီများဖြစ်ကြသဖြင့် သူရဿတီမှာ ယင်းတို့၏ မိရိုးဖလာ ကိုးကွယ်ရာကဲ့သို့ ဖြစ်နေသည်။

( မြစ်စောင့်နတ်သမီး )
အမှန်ဆိုရသော် သရသွတီ (ဆရဆွတီ) အမည်သည် မူလပင်ရင်းက မြစ်၏နာမည် ဖြစ်သည်။ ရေရှိသည့်အရာဟု အဓိပ္ပါယ်ရ၏။ ထိုမြစ်သည် အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာရှိ၏။ ယခုအထိ ထိုအရပ်သားများက ထိုမြစ်ကို ဆရဆွတီ-ဟုခေါ်နေကြတုန်းပဲ ဖြစ်သည်။ ယခုခေတ်တွင် ဂင်္ဂါမြစ်ကို ဟိန္ဒူလူမျိုးတွေ အလေးအမြတ်ထားကြသကဲ့သို့ ရှေးအာရိယာန်လူမျိုးများက ထိုဆရဆွတီမြစ်ကို အလေးအမြတ် ထားကြသည်ဟု ဆိုသည်။ ရှေးက ဗြာဟ္မဏတွေက ဝေဒကျမ်းများမှာ သူရဿတီကို မြစ်၏အမည်နှင့် သုံးစွဲလာခဲ့ကြ၏။ သဘောကတော့ မြစ်ရေသည် သတ္တ၀ါတွေ အသက်ရှင်ဖို့နှင့် ပန်းပင်၊ သီးပင်၊ ဆေးပင် စသည့် အပင်များ အသက်ရှင်ဖို့အတွက် ကျေးဇူးအများဆုံးဖြစ်၏။ ထိုအကျိုးကျေးဇူးများကို မြစ်စောင့်နတ်သမီးက ပေးတာပဲဟု ယုံကြည်ကြပြီး မြစ်စောင့်နတ်သမီးကိုလည်း သူရဿတီဟုပင် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။

မြစ်မှ မြစ်စောင့်နတ်သမီး ဖြစ်လာသည့်အခါ ဟိန္ဒူလူမျိုးတို့သည် မြစ်ကမ်းနဖူးတွင် ပူဇော်ပွဲကျင်းပ၍ ဂါထာများ ရွတ်ဖတ်ခြင်း၊ ဆုတောင်းခြင်းများဖြင့် တခမ်းတနားကျင်းပပြုလုပ်ရာ တစတစ တိုးတက်ပြန့်ကားလာခြ့သည်။ နောင်အခါ ဆရဆွတီနတ်သမီးသည် စကားနတ်သမီး၊ နှုတ်စောင့်နတ်သမီးတပါး ဖြစ်လာခဲ့သည်။ သက္ကတအဘိဓာန်တို့၌ပင် ဆရဆွတီကို ဘာရတီ၊ ဘာသာဝါဏီ-စသည်ဖြင့် စကားဟောပုဒ်များဖြင့် ထုတ်ဆိုထား၏။ ဟိန္ဒူဘာသာဝင်တိုပသည် ထိုသူရဿတီ နတ်သမီးကို ယုံကြည်ကိုးကွယ်ခဲ့ကြရာ တဖြည်းဖြည်း ဟိန္ဒူတို့၏ မိရိုးဖလာကိုးကွယ်ရာ နတ်သမီးဖြစ်လာတော့၏။ သူရဿတီသည် အတတ်ပညာအားလုံးကို စောင့်ကြပ်သော နတ်သမီ၊ တူရိယာ ကဗျာပညာတို့ကို အစိုးရသူ၊ သက္ကတဘာသာ၊ ဒေ၀နာဂရိဘာသာတို့ကို တီထွင်သော နတ်သမီးဟု ယူဆကြောင်း ဝေဒကျမ်းများ၌ မိန့်ဆိုထားကြ၏။

( ဗြဟ္မာ့သမီး၊ ဗြဟ္မာ့ဇနီး )
ဝေဒကျမ်းတကျမ်းတွင် ဗြဟ္မာကြီးသည် မိမိကိုယ်မှု စင်ကြယ်သော သွေးသားတို့ကိုယူ၍ အမျိုးသမီးတဦးကို ဖန်ဆင်းခဲ့သည်။ ထိုအမျိုးသမီးကား သူရဿတီပင် ဖြစ်၏။ ထို့ကြောင့် သူရဿတီသည် ဗြဟ္မာမင်း၏သမီးတော် ဖြစ်၏။ သို့ရာတွင် နောက်ပိုင်း၌ ဗြဟ္မာမင်းကပင် ပြန်လည်သိမ်းပိုက်သဖြင့် ဗြဟ္မာ၏ဇနီး ဖြစ်ရပြန်၏ဟု ဆိုထား၏။ သမန္တစက္ခုဒီပနီကျမ်းတွင် ပုဏ္ဏားတို့ စာများတွင်လည်း ကိုယ်စောင့်နတ် တကျိပ် တယောက်ပင် ရှိသည်ဟု ဆို၏။ ထိုတကျိပ်တယောက်ကား သတ္တဘာဂနတ်သည် နဖူးစာကို ရေးမှတ်သည်။ သူရဿတီနတ်ကား ပညာကို ပွားစေတတ်သည်။ သကျနတ်ကား စည်းစိမ်ကို ပေးတတ်သည် စသည်ဖြင့် မိန့်ဆိုထားရာ ဟိန္ဒူဗြဟ္မဏတို့သည် သူရဿတီနတ်သမီးကို ကိုယ်စောင့်နတ်ထဲ ထည့်သွင်းထားသည်ကိုလည်း တွေ့ရသည်။

( စတင်ကိုးကွယ်သောခေတ် )
မြန်မာနိုင်ငံတွင် ပုဂံခေတ်အတွင်း ၃၇-မင်း နတ်စာရင်းထဲတွင် သူရဿတီ၊ စန္ဒီ၊ မဟာပိန္နဲ-စတဲ့ ဟိန္ဒူနတ်တွေ ပါနေသည်ကို ရှေးမှတ်တမ်းများမှာ တွေ့ရသည့်အတွက် သူရဿတီ ဟိန္ဒူနတ်သမီးသည် ပုဂံခေတ်ရှေ့ပိုင်းလောက်မှာပင် ဗုဒ္ဓဘာသာနတ်ထဲ ရောက်လာသည်ဟု ယူဆရ၏။ ပုရောဟိတ်ပုဏ္ဏားတွေ လွှမ်းမိုးသည့် ဘုရင့်ခေတ်မှာ သူတို့ထည့်သွင်းလာကြပုံရ၏။ ရှေးဦးစွာ မွန်ဗုဒ္ဓဘာသာထဲ စတင်ရောက်ခဲ့သည်ဟု ယူဆရ၏။ အင်းဝခေတ် အမတ်ကြီး မင်းရာဇာ မွန်ဘာသာကဗျာကျမ်းမှ မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့သည့် ဟိတကာရီ လင်္ကာ-၌

ဟင်္သာဖြူစင်၊ ယာဉ်ပေါ်တွင်၌၊ ဆင်းအင်ဖြူဆွတ်၊ ကိုယ်ရောင်မွတ်လျက်၊ ကြီးမြတ်ဉာဏ၊ ဘုန်းတေဇဖြင့်၊ လက်လှဘယ်ညာ၊ နှစ်ဖက်မှာကား၊ ပဒုမာဖြူ၊ စိန်ရောင်တူကို၊ ခွဲယူအံ့ဖွယ်၊ လွန်တင့်တယ်သည်၊ မိမယ်သူရသ်၊ သတီနတ်။
ကောင်းမြတ်လှစွာ၊ သူတကာကို၊ ပညာကြီးကြောင်း၊ ဆောင်ပေကောင်းရှင့်၊ ထပ်လောင်းစီးပွား၊ ကျွန်ုပ်အားလည်း၊ စကားသာချို၊ တခွန်းဆိုက၊ အဟိုလူနတ်၊ စိတ္တုပ္ပါဒ်ဖြင့်၊ ညွတ်အောင်မယ်စော၊ ဆောင်စေသော်။ -ဟု

သူရဿတီနတ်သမီး စီးသောယာဉ်၊ ကိုင်သောပစ္စည်း၊ ပေးနိုင်စွမ်းသော အစွမ်းသတ္တိတို့ကို ထည့်သွင်းစပ်ဆိုထားကြောင်း တွေ့ရသည်။ ထို့ပြင် ရှင်မဟာသီလ၀ံသ အကျော် စပ်ဆိုတော်မူသော ဆုတောင်းခန်းပျို့တွင်- စက်ခုတ်ဖြတ်ရဉ်၊ လေးထောင့်ပျဉ်နှယ်၊ ပညာကျယ်သည်၊ နတ်ငယ်သူရဿတီတည်း-ဟု၎င်း၊
မင်းတရား ရွှေထီးဧချင်းတွင် လှော်ကားသုံးထောင်မှူးက-နှိုင်းတုမဲ့ပြီ၊ နတ်ဇော်ဂီသို့၊ သူရဿတီနှုတ်ဖျား၊ နှိုးဆော်ထား၍-ဟု၎င်း စပ်ဆိုထားကြသည်ကို ထောက်ပါက အင်းဝခေတ်၊ တောင်ငူခေတ်တို့၌လည်း စာဆိုတော် အကျော်အမော်ကြီးများပင် ပညာအရာ၊ စကားအရာတို့ဝယ် သူရဿတီနတ်သမီးနှင့် တင်စားဖွဲ့ဆိုခဲ့ကြသည်ကို တွေ့ရသည်။

မြန်မာတို့သည် ဟိန္ဒူလူမျိုးတို့ ယုံကြည်သည့်အတိုင်း သူရဿတီနတ်သမီးကို စကားနတ်သမီး၊ နှုတ်စောင့်နတ်သမီး၊ ပညာပေးနတ်သမီးဟု ယုံကြည်လာခဲ့ကြရာ သာလွန်မင်းတရားကြီး လက်ထက်တွင် နတ်ကြီးငါးပါးစာရင်းတွင် သူရဿတီ၊ စန္ဒီ၊ ပရမေသွာ၊ မဟာပိန္နဲ၊ ဂေါရမန္တ-ဟု သူရဿတီ ပါဝင်လာသည်အထိ အရေးပါလာခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်းနှင့် ဦးဖိုးကျား-၏ ၃၇-မင်း၌ တွေ့ရသည်။

နောက်ပိုင်းတွင် ပိဋကတ်သုံးပုံစောင့် နတ်သမီးဟု ယုံကြည်လာကြပြီး-
ပိဋကတ္တယ သမ္ပုဏ္ဏံ၊ သဗ္ဗသိဒ္ဓိ သုခါဝဟံ။
ဇိဝှဂ္ဂေ မေ နိသီဒိတွာ၊ မံ ပါလေတု သူရဿတီ။ ဟူသော မြန်မာဖြစ် သူရဿတီဂါထာ ပေါ်လာပြီး ထိုဂါထာကို ရွတ်ဆိုပါက ဉာဏ်ကောင်းတယ်။ ပိဋကတ်ကိုပင် တတ်လွယ်တယ်ဆိုသည်အထိ ယုံကြည်လာကြ၏။ ပညာရေး စီးပွားရေး စသည့်ကိစ္စအ၀၀များ တိုးတက်အောင်မြင်စေရန် အိမ်တွင် သူရဿတီရုပ်ပုံ၊ သို့မဟုတ်-ရုပ်တုရှေ့မှာ ကန်တော့ပွဲထိုးပြီး ပူဇော်ဆုတောင်းလာကြသည်။

ရွှေနိမောင်းမောင်း၊ မြနားတောင်းဖြင့်၊ ရောင်ပေါင်းထွေလာ၊ သုံးတောင်ထွာမျှ၊ ကေသာကျော့ကျော့၊ အဖျားကော့နှင့်၊ ရွှေဖော့ရုပ်သွင်၊ ဆံပင်ဆံထုံး၊ ရွှေပန်းကုံးနှင့်၊ ရွှေကုံးလည်မှာ၊ ဆင်တန်ဆာနှင့်၊ သာခါအင်္ကျီ၊ ထဘီလက်ကောက်၊ ပန်းပြောက်ပုဝါ၊ ဆင်၍လာသည်၊ လှပါဘိခြင်း၊ ရွှေလည်ပင်းမှာ၊ ရွှေညှင်းနှစ်ခိုင်၊ နှစ်ပွင့်ဆိုင်၍၊ ပြိုင်သူမရှိ၊ ရွှေရင်အိငယ်၊ အမိအလား၊ သားကြီးခေါ်ရာ၊ ကြွခဲ့ပါ-စသည်ဖြင့် သူရဿတီအပင့်၊ မေတ္တာပို့၊ ဆုတောင်း၊ မယ်တော်ထံမှ ဂါထာပြန်များနှင့် တခမ်းတနား ကျင်းပပြုလုပ်လာခဲ့ကြသည်။ ယခုခေတ်တွင် သူရဿတီရုပ်တု ရုပ်ပုံများသည် ဗုဒ္ဓဘာသာတို့၏ ဘုရားခန်းထဲ ရောက်ရုံမျှမက ဘုရားဆင်းတုတော် အနီးမှာပင် ယှဉ်တွဲပြီး၍ ကိုးကွယ်သည်အထိ နတ်စွဲစွဲလာခဲ့ကြသည်။

(ကျမ်းပဏာမ နိဒါန်းများနှင့် သူရဿတီ)
သီရိလင်္ကာနိုင်ငံဖြစ် သုဗောဓာလင်္ကာရခေါ်သည့် အလင်္ကာကျမ်းဦးမှာပင် ကျမ်းပြုဆရာတော် အရှင်သံဃရက္ခိတ မဟာသာမိမထေရ်က-သရဏံ ပါဏိနံ ၀ါဏိ၊ မယှံ ပီဏယတံ မနံ-ဟု ပဏာမပြုထားရာ ပါဏိနံ-သတ္တ၀ါတို့၏၊ သရဏံ-ကိုးကွယ်ရာဖြစ်သော၊ ၀ါဏိ-ပိဋကတ်သုံးပုံဟူသော မြတ်စွာဘုရား၏ စကားတော်သည်-ဟု အနက်ပေးလျှင် ပြီးနိုင်ပါလျက် (၀ါ) ပိဋကတ်သုံးပုံတည်းဟူသော သူရဿတီနတ်သမီးသည်။ မယှံ-ငါ၏။ မနံ-စိတ်နှလုံးကို။ ပီဏယတံ-ပီဏယတု-နှစ်သက်ပါစေသတည်း-ဟု အဘိန္နပဒ၀ိသေသအလင်္ကာနည်းနှင့် အနက်နှစ်မျိုး ပေးထားသည်ကိုတွေ့ရ၏။ ၀ါဏီ-ဟူသော ပါဠိကတော့ စကား၊ သူရဿတီ နတ်သမီး-ဟု အနက်နှစ်မျိုးရပါ၏။ သို့သော် ရှေ့ဂါထာဝဂ်မှာ မုနိန္ဒ၀ဒနမ္ဘောဇ၊ ဂဗ္ဘသမ္ဘ၀ သုန္ဒရီ-မြတ်စွာဘုရား၏ ခံတွင်းတော်တည်းဟူသော ကြာတိုက်၌ဖြစ်ခြင်းကြောင့် ကောင်းသောသဘောရှိသော-ဟု ဆိုထားသောကြောင့် ၀ါဏီပုဒ်ကို ပိဋကတ်သုံးပုံတည်းဟူသော မြတ်စွာဘုရား၏ စကားတော်သည်ဟု အနက်ပေးလျှင် လိုက်လျောညီထွေဖြစ်ပါလျက် ပိဋကတ်သုံးပုံတည်းဟူသော သူရဿတီ နတ်သမီးသည်-ဟု အပိုထည့်ပေးသည်အထိ သူရဿတီ နတ်သမီးကို စွဲနေကြပေသည်။ သတ္တ၀ါတို့၏ ကိုးကွယ်ရာ သရဏံ ပါဏိနံ-ဟူသော ဂုဏ်ပုဒ်ပါနေသောကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ပို၍ မသင့်လျော်ဟု ထင်မိ၏။

ကျေးဇူးရှင်မန်လည်ဆရာတော်ဘုရားကြီးကလည်း အလင်္ကာကျမ်းလာ ပဏာမဂါထာကို အတုယူ၍ မဃဒေ၀လင်္ကာသစ် လင်္ကာနိဒါန်း၌ ပုံတောင်းပြိုးပြက်၊ ရာ့ရှစ်ကွက်နှင့်၊ ရွှေစက်ပ၀ရ၊ စရဏဟု၊ ပါဒနက်သန်၊ စုံနှစ်တန်ကို၊ ပ ၊ သုံးပုံပိဋကတ်၊ ၀ါဏီမြတ်ဟု၊ သူရဿတီ၊ နတ်ဒေ၀ီလည်း၊ ယှဉ်မှီနိစ္စ၊ မပြတ်မ၍၊ ငါ့နှလုံးတိုက်၊ ရွှေကြာသိုက်၌၊ ပျော်ပိုက်စေပြီး၊ ဂိုဏ်းကြီးအရိယာ၊ ဂုဏ်ကိုးဖြာနှင့်-စသည်ဖြင့် လင်္ကာသွယ်ခဲ့သည်ကိုလည်း တွေ့ရ၏။ ဆရာတော်ကြီး၏ ရည်ရွယ်ရင်းမှာ ကျမ်းပြုသူအကျွန်ုပ်ကို ဘေးရန်ကင်းပျောက် ကျမ်းပြီးမြောက်ရန် မြတ်စွာဘုရားက ထီးကြီးသဖွယ် မိုးထားပြီး ပိဋကတ်သုံးပုံ တရားအစုံက နှလုံးအိမ်၌တည်ကာ အရိယာရှစ်ပါး သံဃာများက အရပ်ရှစ်မျက်နှာတွင် ရပ်တည်ပြီး စောင့်ရှောက်တော်မူပါ-ဟု ပတ္ထနာပြုလိုရင်း ဖြစ်ပါသည်။ သို့ရာတွင် ခေတ်ကာလအလျောက် ပိဋကတ်သုံးပုံနှင့် သူရဿတီမယ်တော်ကို ရူပကအလင်္ကာသဘောမျိုး အတူပြု၍ ဖွဲ့ဆိုထားခြင်းဖြစ်သည်။ သူရဿတီ နတ်ဒေ၀ီမှာ လိုရင်းမဟုတ်၊ ပိဋကတ်သုံးပုံ မိမိနှလုံးအိမ်မှာ ကိန်းဝပ်ပျော်ပိုက်မှုသာ လိုရင်းပဓာနဖြစ်ပေသည်ဟု ဆိုလိုပေသည်။

ဤသို့အလင်္ကာကျမ်းလာ ပဏာမစသည်တို့ကို အကြောင်းပြု၍ မြန်မာဗုဒ္ဓဘာသာဝင်များသည် ဟင်္သာယာဉ်ပေါ်တွင် ပိဋကတ်သုံးပုံကို ယူဆောင်လာသော သူရဿတီမယ်တော်ပုံကို ထုလုပ်ကိုးကွယ်ကြခြင်း ဖြစ်သည်ဟု ယူဆရပါသည်။ ဤတင်ပြခဲ့ပြီးသော အကြောင်းအရာများအရ သူရဿတီမယ်တော်သည် ဗုဒ္ဓဘာသာနှင့် မည်သို့မျှမသက်ဆိုင်၊ ဟိန္ဒူဘာသာနှင့် သက်ဆိုင်သူသာဖြစ်သည်။

ဗုဒ္ဓဘာသာတို့သည် အခြားဘာသာက ကိုးကွယ်သည့်နတ်သမီးကို ပိဋကတ်စသော ပညာကို တတ်လို စီးပွားဖြစ်လို နှုတ်မှုပညာ ကောင်းလိုသည့်အတွက် ကိုးကွယ်ကြရသည်ဆိုသည်မှာ မသင့်လျော်ပါ။ ရှက်စရာလည်း ကောင်းပါသည်။ အခြားဘာသာရောနေသည့်အတွက် ဘာသာနှစ်ခုရောသူဖြစ်ပြီး ဗုဒ္ဓဘာသာဝင်လည်း မစစ်တော့ပါ။ ဘုရားသာသနာနှင့် ကြုံကြိုက်နေသည့်အချိန်ကောင်းကြီးမှာ ဖြူစင်သည့် (၀ါ) စင်ကြယ်သန့်ရှင်းသည့် ဗုဒ္ဓဘာသာဝင်ဖြစ်မှ သာသနာနှင့်တွေ့ကြုံရကျိုးနပ်ပေမည်။ ဘုရားနှင့်ယှဉ်ထားပြီး ကိုးကွယ်လျှင် သရဏဂုံပါ ပျက်ပြီး ဗုဒ္ဓဘာသာဝင်ပင် မဖြစ်တော့သည်ကိုလည်း လေးလေးနက်နက် သတိထားသင့်ကြ၏။

( ကိုးကွယ်မှုကို စွန့်လွှတ်ချိန်တန်ပြီ )
ပညာတတ်လို၊ စီးပွားဖြစ်လို၊ နှုတ်မှုပညာတတ်လိုသည့် လောကီကျိုးများအတွက် အခြားဘာသာဝင်တို့ ကိုးကွယ်သည့် သူရဿတီနတ်သမီးကို ကိုးကွယ်ဖို့မလိုပါ။ ရတနာသုံးပါးကို အရေးတယူသတိမူပြီး ယုံကြည်မှုသဒ္ဓါ အပြည့်ဖြင့် အချိန်မှန်၊ အကြိမ်မှန် ကိုးကွယ်ဆည်းကပ်ပါလျှင် မိမိတို့လိုချင်သော စီးပွား ပညာ နှုတ်မှု အဖြာဖြာသာမက များစွာသော လောကီလောကုတ္တရာ အကျိုးများကို ရရှိနိုင်ကြောင်း မြတ်စွာဘုရား ဟောကြားထားပါသည်။ ရတနာသုံးပါးကိုသာ သန့်သန့်ကိုးကွယ်ဆည်းကပ်ကြရန် တိုက်တွန်းပါသည်။

ဟိန္ဒူဗြဟ္မဏတို့ စိတ်က ဖန်တီးကိုးကွယ်နေသည့် သူရဿတီမယ်တော် မ,စဖို့က ရာနှုန်းပြည့် မသေချာပါ။ ကံကိုသာ ယုံကြည်အားကိုးရသော ဗုဒ္ဓဘာသာဝင် ဖြစ်သည့်အားလျော်စွာ ပညာ စီးပွား စသည်တို့ရရန်အတွက် ဉာဏ်ဦးဆောင်သော ၀ီရိယဖြင့် ကြိုးစားမှုဟူသော ပစ္စုပ္ပန်ကံကို ပြုလုပ်ပါက အတိတ်ကံအားလျော်စွာ အကျိုးတရားတို့ကို ခံစားရမည်မှာ ရာနှုန်းပြည့် သေချာပါသည်။ သူရဿတီမယ်တော်သည် တကယ်နတ်သမီးစစ်ဖြစ်၍ မ,စနိုင်သည် ထားဘိဦး ကံရှိမှ ကံကိုကြည့်ပြီး မ,နိုင်ကြပါ၏။ သိကြားမင်းပင်လျှင် သိကြားနတ်ရုင်၊ ကုသိုလ်ရှင်အား၊ မမြင်ရှောင်ကာ၊ မနေသာတည့်၊ မြင်ပါလျက်ကဲ့၊ ကုသိုလ်မဲ့က၊ တိမ်းငဲ့မျက်နှာ၊ မရှုသာတည့်-ဟူသော မဃဒေ၀လင်္ကာသစ် ဆုံးမစာအတိုင်း ကုသိုလ်ရှင်ကိုမှ သိကြား မ,စနိုင်ကြောင်း ဗုဒ္ဓဘာသာဝင်အားလုံးတို့ သတိထားသင့်ကြ၏။

ကာလာမသုတ်မှာဟောကြားထားသည့် မာ ပရမ္ပရာယ-ရှေးထုံးစဉ်လာ အယူဝါဒဖြစ်၍လည်း လက်မခံကြနှင့်ဦး-ဆိုသည့်အတိုင်း ပညာရှိတို့ ကဲ့ရဲ့သော ဤသူရဿတီ မယ်တော်-ကိုးကွယ်မှု ရှေးထုံးစဉ်လာကို စွန့်လွှတ်ဖို့ အချိန်တန်ပေပြီ။ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီး၏ အန္ဓဗာလ၊ လူထိုမျှတို့၊ ကမ္မ၀ီရိယ၊ မယုံကြဘူး၊ သီဝမဟေ၊ ပရမေ သူရာ၊ ဗြဟ္မာဗိဿနိုး၊ ကမ္ဘာစိုးနှင့်၊ တန်ခိုးကြီးမား၊ နတ်ဘုရားတို့၊ ပေးစားဖန်ဆင်း၊ ဖြစ်တုံလျင်းဟု၊ ချွတ်ယွင်းသမှု၊ အမှားရှုသည်၊ တောင်သူ့ ယူလေ့ယူလာတည်း-ဟူသော ဆုံးမသြ၀ါဒအတိုင်း အယူမှားသည့် အန္ဓဗာလများ မဖြစ်ကြရလေအောင် ပုဂံခေတ်မှစ၍ မှားလာသည့် မယ်တော်နတ်သမီး ကိုးကွယ်မှုကို ပညာဗုဒ္ဓဘာသာဝင်များ ပီပီ စွန့်လွှတ်ကြရန် ဆန္ဒပြုလိုက်ရပါသည်။

( ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ )

( မြတ်မင်္ဂလာ ၂၀၀၁-ခု ဒီဇင်ဘာလ )

No comments: