Wednesday, October 28, 2009

အနှိုးမဲ့ဗုဒ္ဓ၏ အနှိုင်းမဲ့ တရားတော်များ

၂၁၆။ အခါတပါးမှာ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်မှာ မြတ်စွာဘုရား သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားဟာ ရဟန်းတို့အား အခုလို ဟောကြားတော်မူခဲ့ပါတယ်။
ရဟန်းတို့၊ တရားအားထုတ်တဲ့ ရဟန်းဟာ အကြောင်းအရာ ငါးမျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်းသင့်တယ်။

ရဟန်းတို့-အကြောင်းအရာတမျိုးကို နှလုံးသွင်းတဲ့ သာသနာ့ဝန်ထမ်းရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှုအကုသိုလ် အကြံအစည်များ ဖြစ်တတ်ကြတယ်။

ရဟန်းတို့-အဲဒီရဟန်းဟာ အဲဒီအကြောင်းအရာမှတပါး ကုသိုလ်နှင့်စပ်ယှဉ်တဲ့ အခြားအကြောင်းအရာကို နှလုံးသွင်းသင့်တယ်။ အဲဒီလို နှလုံးသွင်းတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှုအကုသိုလ် အကြံအစည်များ ကင်းပျောက် ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီ အကြံအစည်များ ကင်းပျောက် ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။

ရဟန်းတို့-ဥပမာအားဖြင့် ကျွမ်းကျင်တဲ့ လက်သမားဟာ သေးငယ်တဲ့သပ်ကို ရိုက်၍ ကြီးမားတဲ့သပ်ကို ဆွဲနုတ်ရာသကဲ့သို့။ ရဟန်းတို့-ထို့အတူပဲ အကြောင်းတရားတမျိုးကို နှလုံးသွင်း၍ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ မိမိရဲ့ သန္တာန်မှာ ဖြစ်နေတဲ့ ရဟန်းဟာ အဲဒီအကြောင်းအရာမှတပါး ကုသိုလ်နှင့်စပ်ယှဉ်တဲ့ တခြားအကြောင်းအရာကို နှလုံးသွင်းသင့်တယ်။ အဲဒီနှလုံ;သွင်းတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက် ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာ တည်တော့တယ်။ (၁)

၂၁၇။ ရဟန်းတို့-အဲဒီအကြောင်းအရာမှတပါး ကုသိုလ်နှင့်စပ်ယှဉ်တဲ့ တခြားအကြောင်းအရာကို နှလုံးသွင်းပါလျက် ရာဂ ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှုအကုသိုလ် အကြံအစည်များ အဲဒီရဟန်းရဲ့သန္တာန်မှာ တကယ်လို့ ဆက်ဖြစ်နေကြသေးလျှင် အဲဒီရဟန်းဟာ ဒီအကြောင်း ဒီအကြောင်းကြောင့် ဒီအကြံအစည်များဟာ အကုသိုလ်များဖြစ်ကြတယ်။ အပြစ်များကြတယ်။ ဆိုးကျိုးကိုပေးတတ်ကြတယ်-လို့ အဲဒီအကြံအစည်တို့ရဲ့ အပြစ်ကို ရှုဆင်ခြင်သင့်တယ်။
အဲဒီလို ရှုဆင်ခြင်တဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှုအကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာ တည်တော့တယ်။(၂)

၂၁၈။ ရဟန်းတို့-အဲဒီအကြံအစည်များရဲ့ အပြစ်ကို ရှုဆင်ခြင်ပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ အဲဒီရဟန်းရဲ့ သန္တာန်မှာ တကယ်လို့ ဆက်ဖြစ်နေကြသေးလျှင် အဲဒီရဟန်းဟာ အဲဒီအကြံအစည်တို့ကို သတိမပြုဘဲ၊ နှလုံးမသွင်းဘဲ နေသင့်တယ်။
အဲဒီလိုနေတဲ့ ရဟန်းရဲ့သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။
အဲဒီအကြံအစည် ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။

ရဟန်းတို့-ဥပမာအားဖြင့် မျက်စိကောင်းတဲ့ လူတယောက်ဟာ ပေါ်လာ(တွေ့ကြုံလာ) တဲ့ အဆင်းအာရုံတို့ကို မမြင်လို၊ မကြည့်လိုလျှင် မျက်စိကို မှိတ်ထားရာသကဲ့သို့ သို့မဟုတ်-တခြားအရပ်သို့ လွှဲပြောင်းကြည့်ရှုရာသကဲ့သို့ ရဟန်းတို့-ထို့အတူပဲ ဒီအကြံအစည်များရဲ့ အပြစ်ကို ရှုဆင်ခြင်ပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ်အကြံအစည်များ မိမိသန္တာန်မှာ ဆက်ဖြစ်နေသေးတဲ့ရဟန်းဟာ အဲဒီအကြံအစည်တို့ကို သတိမပြုဘဲ နှလုံးမသွင်းဘဲ နေသင့်တယ်။ အဲဒီလို နေတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီ အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာ တည်တော့တယ်။ (၃)

၂၁၉။ ရဟန်းတို့-အဲဒီအကြံအစည်တို့ကို သတိမပြု၊ နှလုံးမသွင်းဘဲနေပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ အဲဒီရဟန်းရဲ့ သန္တာန်မှာ တကယ်လို့ ဆက်ဖြစ်နေကြသေးလျှင် အဲဒီရဟန်းဟာ အဲဒီအကြံအစည်တို့ရဲ့ ကြံစည်ပုံကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်းသင့်တယ်။ (ကြံစည်ပုံ ကြမ်းတမ်းမှု ရပ်တန့်သည်အထိ တဖြည်းဖြည်း လျှော့ချသင့်တယ် ) အဲဒီလို နှလုံးသွင်းတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။
အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။

ရဟန်းတို့-ဥပမာအားဖြင့် လူတယောက်ဟာ မြန်မြန်သွားနေတယ် ဆိုပါတော့။ သူဟာ ငါဘာကြောင့် မြန်မြန်သွားရသလဲ၊ ဖြည်းဖြည်းသွားတာ ကောင်းပါတယ်-လို့ စဉ်းစားပြီး ဖြည်းဖြည်းသွားတယ်။
ငါ ဘာကြောင့် ဖြည်းဖြည်း သွားရမလဲ၊ ရပ်နေတာ ကောင်းပါတယ်-လို့ စဉ်းစားပြီး ရပ်နေတယ်။
ငါ ဘာကြောင့် ရပ်နေရမလဲ၊ ထိုင်နေတာ ကောင်းပါတယ်-လို့ စဉ်းစားပြီး ထိုင်နေတယ်။
ငါ ဘာောကာင့် ထိုင်နေရမလဲ၊ လျောင်းနေတာ ကောင်းပါတယ်-လို့ စဉ်းစားပြီး လျောင်းနေတယ်။
ရဟန်းတို့- အဲဒီလိုကြမ်းတမ်းတဲ့ ဣရိယာပုထ်ကို ရှောင်ကြဉ်၍ သိမ်မွေ့တဲ့ ဣရိယာကို ပြုလုပ်ရာသကဲ့သို့ ရဟန်းတို့-ထို့အတူပဲ အဲဒီအကြံအစည်များကို သတိမပြု နှလုံးမသွင်းဘဲ နေပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ မိမိသန္တာန်မှာ ဆက်ဖြစ်နေသေးတဲ့ ရဟန်းဟာ အဲဒီအကြံအစည်တို့ရဲ့ ကြံစည်ပုံ ကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်းသင့်တယ်။ (ကြံစည်ပုံ ကြမ်းတမ်းမှု ရပ်တန့်သည်အထိ တဖြည်းဖြည်း လျှော့ချသင့်တယ်။) အဲဒီလို နှလုံးသွင်းတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်း သွားတော့တယ်။ အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။ (၄)

၂၂၀။ ရဟန်းတို့-အဲဒီအကြံအစည်တို့ရဲ့ ကြံစည်ပုံကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်းပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ အဲဒီရဟန်းရဲ့သန္တာန်မှာ တကယ်လို့ ဆက်ဖြစ်နေကြသေးလျှင်အဲဒီရဟန်းဟာ သွားချင်းကြိတ်၊ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်သင့်တယ်။ ဖျစ်ညှစ်သင့်တယ်။ ပင်ပန်းစေသင့်တယ်။ အဲဒီလို ဖိနှိပ်၊ ဖျစ်ညှစ်၊ ပင်ပန်းစေတဲ့ ရဟန်းရဲ့သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။ အဲဓီအကြံအစည်များ ကင်းပျောက် ချုပ်ငြိမ်းသွားခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။

ရဟန်းတို့-ဥပမာအးဖြင့် အားကောင်းတဲ့ လူတယောက်ဟာ အားနည်းတဲ့ လူတယောက်ကို ခေါင်းမှာဖြစ်စေ၊ လည်ပင်းမှာဖြစ်စေ၊ ပခုံးမှာဖြစ်စေ၊ ဆုပ်ကိုင်၍ ဖိနှိပ်၊ ဖျစ်ညှစ်၊ ပင်ပန်းစေသကဲ့သို့ ရဟန်းတို့-ထို့အတူပဲ အဲဒီအကြံအစည်တို့ရဲ့ ကြံစည်ပုံ ကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်းပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ မိမိသန္တာန်မှာ ဆက်ဖြစ်နေသေးတဲ့ ရဟန်းဟာ သွားချင်းကြိတ်၊ လျှာဖြင့် အာစောက်ကိုထိလျက်၊ စိတ်ဖြင့် စိတ်ကို ဖိနှိပ်သင့်တယ်။ ဖျစ်ညှစ်သင့်တယ်။ အဲဒီလို ဖိနှိပ်၊ ဖျစ်ညှစ်၊ ပင်ပန်းစေတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာ တည်တော့တယ်။( ၅)

၂၂၁။ ရဟန်းတို့ ဒီရဟန်းဟာ ကြံစည်မှု လှည့်လည်ရာ လမ်းကြောင်း၌ လေ့ကျင့်ပြီးသူ (ကျွမ်းကျင်ပြီးသူ) ဖြစ်တယ်။ ကြံစည်လိုတဲ့ အကြံအစည်ကို ကြံစည်လိမ့်မယ်။ မကြံစည်လိုတဲ့ အကြံအစည်ကို မကြံစည်ဘဲ နေလိမ့်မယ်။ သူဟာ တဏှာကို ဖြတ်တောက်ပြီးသူ ဖြစ်တယ်။ သံယောဇဉ်အနှောင်အဖွဲ့ကို ဖြေပြီးသူ ဖြစ်တယ်။ မာနကိုသိပြီး ပယ်ပြီးသူ ဖြစ်တယ်။ ဒါကြောင့် သူ့မှာ ဒုက္ခခပ်သိမ်း အေးငြိမ်းသွားတော့တယ်။
ဒီတရားတော်ကို မြတ်စွာဘုရား ဟောကြားပြီးတဲ့အခါ ရဟန်းများဟာ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခဲ့ကြပါတယ်။
( ၀ိတက္ကသဏ္ဌာနသုတ်)

အရှင်သာသန၀ရ-ဓမ္မာစရိယ (M.A)

No comments: