Tuesday, October 20, 2009

စေတနာသည် ကံ

စာရေးသူ၏ မိခင်ကြီးသည် အသက် ၅၈-နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ သားသမီး ၇-ယောက်ကို လူလားမြောက်အောင် ကျွေးမွေးပြုစုစောင့်ရှောက်ရသည့် ကာယိကဒုက္ခများကို ခံစားခဲ့ရလင့်ကစား အရွယ်ကား မကျ။ ဖျတ်လတ် သွက်လက် ရွှင်ပျဆဲဖြစ်၏။ ကျန်းမာရေး အထူးကောင်းမွန်လှသူ ဖြစ်ပါ၏။

အသက် ၃၀-ကျော် စာရေးသူတို့ကမှ ဖျားခြင်း၊ နာခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း စသည့် ဝေဒနာပေါင်းစုံနှင့် ကြုံကြရမြဲဖြစ်သည်။ သို့သော်လည်း မိခင်ကြီးမှာ ဘာဝေဒနာမှ ခံစားရသည် မရှိချေ။ ယခုအချိန်အထိ မိခင်ကြီးကို စာရေးသူတို့ မောင်နှမတစုက ခြေဆုပ်လက်နယ် ပြုစုယုယပေးရသည် မရှိသေးပေ။ မိခင်ကြီး ငယ်ရွယ်စဉ်က နာမည်ကျော် သိပ္ပံလက္ခဏာ ဆရာကြီးတဦးထံ လက္ခဏာမေးကြည့်ဖူးလေ၏။

မိခင်ကြီးအား အသက် ၄၀-အရွယ်တွင် အကြီးအကျယ် ခွဲစိတ်ကုသခံရလိမ့်မည်။ တကြိမ် မကပါ၊ နှစ်ကြိမ်တိုင် ဖြစ်ပါသည်ဟု အဟောခံရဖူးလေ၏။ သို့သော်လည်း ယနေ့တိုင် ဘယ်ဆေးရုံ ဘယ်ဆေးခန်းမှ မရောက်ဖူးသည့်ပြင် ခွဲစိတ်ကုသမှုဆိုတာလည်း မကြုံခဲ့ရပေ။

ဘာကြောင့် အနာရောဂါဝေဒနာများ မစွဲကပ် မကျရောက်သနည်း။ ဘာကြောင့် ဘ၀တသက်တာတွင် ပင်ပန်းကြီးစွာ ရုန်းကန်လှုပ်ရှား ရှာဖွေခြင်းအမှုကို မပြုရဘဲ နေရိပ်ထဲတွင်သာ သက်သောင့်သက်သာ အေးအေးငြိမ်းငြိမ်း နေထိုင်ရသနည်း။ စာရေးသူ သုံးသပ်မိသည်က အောက်ပါအတိုင်း ဖြစ်ပါသည်။

မိခင်ကြီးသည် သူ၏မိခင် (စာရေးသူ၏ အဘွား)ကို မိခင်ကြီး အသက် ၁၈-နှစ် အရွယ်ကတည်းက အိမ်ဦးခန်း၌ထား၍ ကျွေးမွေးပြုစုကာ မွေးကျေးဇူးကို အထူးဆပ်ခဲ့သူ ဖြစ်သည်။
မုဆိုးမ မိခင်ကြီးအတွက် ဘာဆိုဘာမှ မလိုရအောင် တတ်စွမ်းသမျှ အလိုလိုက် ဖြည့်ဆည်းပေးခဲ့သူဖြစ်ပါသည်။

ယခုအခါ အဘွားပင် အသက် ၈၄-နှစ်အရွယ်သို့ ရောက်နေပြီ ဖြစ်ပါသည်။ အဘွားသည် လွန်ခဲ့သော ၇-နှစ်လောက်က မျက်စိရောဂါဝေဒနာ စွဲကပ်ခဲ့သောအခါ စာရေးသူ၏ မိခင်ကြီးက ရှိသမျှရောင်းချပေါင်နှံပြီး မန္တလေးသို့သွားကာ ရောဂါပျောက်ကင်းအောင် ကုသပေး၏။ သို့သော် အဘွား၏ ကုသိုလ်ကံအရ မျက်စိနှစ်ဖက်စလုံး ကုမရဘဲ ကွယ်သွားခဲ့ရ၏။

မိခင်ကြီးကား အဘွားအပေါ်တွင် ဘယ်အခါမှ မငြိုငြင်ရှာ။ အဘွား၏ တာဝန်ဝတ္တရားမှန်သမျှကို အဘယ်သားသမီးကိုမျှ မခိုင်းဘဲ ကိုယ်တိုင် ထာဝစဉ်ပြုစုလုပ်ကိုင်ပေးသူဖြစ်၏။
အဘွား ဖျားနာလျှင်လည်း (မရိုသေစကား) ချေးသေးအ၀တ်များကအစ ကိုယ်တိုင် လျှော်ဖွပ်ပေးသူ ဖြစ်ပါ၏။ အဘွားရေချိုးဖို့ ကိုယ်တိုင်ခပ်ပေး၏။ အဘွားကို ကိုယ်တိုင် ထမင်းခူးခပ်ကျွေး၏။ ကိုယ်တိုင် ခြေဆုပ်လက်နယ် ပြုစုပေး၏။

မိခင်အိုကြီးကို တဖ၀ါးမခွါ ပြုစုစောင့်ရှောက်နေသူဖြစ်၏။ ထို့အပြင် လှူဒါန်းပေးကမ်းမှု၊ ကျွေးမွေးစွန့်ကြဲမှုတို့ကိုလည်း ၀ါသနာပါသူ ဖြစ်၏။ ၀ါသနာပါသည့်အတိုင်း တတ်နိုင်သမျှ ကောင်းမှုများကို ပြုလုပ်၏။ ကိုယ့်ထက်နိမ့်ကျသည့် မရှိနွမ်းပါးသူများကို အထူးသနားကရုဏာထား၏။ မိမိကိုယ်နှင့် နှိုင်းစာကာ ကိုယ်ချင်းစာတရား လက်ကိုင်ထားသူ ဖြစ်၏။ မိမိကိုယ်ကို အစဉ်ရိုကျိုးနှိမ့်ချစွာ နေထိုင်တတ်သူလည်း ဖြစ်၏။

ဤသို့သော စိတ်ထားကောင်း စိတ်ထားမြတ် ထားတတ်မှုတို့၏ တုံ့ပြန်အကျိုးကျေးဇူးကား ဘ၀တသက်တာလုံး စိတ်အေးချမ်းသာစွာ နေထိုင်ရခြင်းပေပဲဟု စာရေးသူ ထင်မြင်ယူဆမိပါသည်။

( မနိုင်ဝေေ၀ဇံ )

( မြတ်မင်္ဂလာ ၂၀၀၁-ခု အောက်တိုဘာလ )

No comments: