Tuesday, October 27, 2009

နောင်တမျက်ရည်

ကျွန်တော် ဆေးရုံရောက်နေသည်မှာ ၄-ရက်ခန့်ရှိလေပြီ၊ အကြောင်းမှာ ကျွန်တော်၏ စအိုကြား၌ အနာဖုကြီး ပေါက်လာသောကြောင့် ဖြစ်သည်။ ကျွန်တော့မှာ သွားလို့လည်းမရ၊ ထိုင်လို့လည်းမရ၊ မှောက်ရက်ကြီးသာ နေရပါ၏။ အိမ်သာတက်ပြီးတိုင်း စင်ကြယ်အောင်ဆေးရာ၌ သာ၍ပင် ဆိုးသေး၏။ နာလိုက်သည့်မှာ ပြောဖွယ်မရှိ။

တနေ့ ဆေးရုံသို့ ကျွန်တော့အဘကြီး ရောက်လာ၏။ အဘသည် ကျွန်တော်၏ဝေဒနာကို မကြည့်ရက်သောကြောင့် စုတ်တသပ်သပ်ဖြင့် မင်း-အဲဒါ ၀ဋ်လည်တာကွ၊ ၀ဋ်လည်တာ-ဟု တတွတ်တွတ် ပြောနေ၏။ ကျွန်တော်က ဗျာ-ကျွန်တော် ၀ဋ်လည်တာ ဟုတ်လား။ ကျွန်တော် ဘာလုပ်ခဲ့လို့လဲ အဘရယ်-ဟုမေး၏။

အဘက မင်း-ငယ်ငယ်တုန်းက နွားဝါကြီးကို လုပ်ခဲ့တာလေကွာ-ဟု ပြောသောအခါမှ အတိတ်ကအရိပ်တွေဟာ ကျွန်တော့စိတ်အစဉ်မှာ တစိမ့်စိမ့် ပေါ်လာပါတော့သည်။ ကျွန်တော်သည် ငယ်ငယ်က လယ်ထွန်သည့်အလုပ်ကို အလွန်ဝါသနာပါပါသည်။ အဘကြီးတို့အိမ်မှာ နွားဝါကြီးနှင့် နွားသိုးပေါက်တကောင် ရှိ၏။ ကျွန်တော် လယ်ထွန်သည့်အခါ ထိုနွားတရှဉ်းဖြင့် ထွန်ရ၏။ နွားဝါကြီးမှာ အိုပြီဖြစ်၍ လျင်လျင်မြန်မြန် မသွားနိုင်တော့ပါ။ ကျွန်တော်ကလည်း လူငယ်ဆိုတော့ လျင်လျင်မြန်မြန် သွက်သွက်လက်လက်မှ ကြိုက်၏။ ထိုအခါ ကျွန်တော်နှင့် နွားဝါကြီးတို့ တွေ့ကြပါလေပြီ။

လယ်ထွန်သည့်အခါ နွားဝါကြီးကို တဖြောင်းဖြောင်းနှင့် ရိုက်၏။ တခြားလယ်ကွင်းမှ လူတွေက မင်းနွားက အအိုးကြီးပါကွာ၊ မသွားနိုင်တော့ပါဘူး-ဟုပြောလျှင် မခံချင်စိတ်နှင့် ပိုပြီးရိုက်၏။ ရိုက်လို့မှ မသွားလျှင် နွားဝါကြီး၏ စအိုတွင်းကို တုတ်ဖြင့် တအားထိုး၏။ အဘက ဖြေးဖြေးမောင်းပါကွ၊ မင်း ၀ဋ်လိုက်လိမ့်မယ်-ဟုပြောသော်လည်း နားမထောင်ခဲ့။ ရိုက်မြဲ ရိုက်၏။ ထိုးမြဲ ထိုး၏။ နွားဝါကြီးမှာ နာလွန်း၍ မျက်ရည်များပင် ထွက်လေ၏။ စအိုမှလည်း သွေးတွေထွက်လေ၏။

နောက်တော့ အဘက ကျွန်တော့ကို နွားမောင်းကြမ်း၍ လယ်မထွန်ခိုင်းတော့ပါ။ ကျွန်တော်သည် အတိတ်အကြောင်းကို စဉ်းစားနေရင်းမှာပင် မျက်ရည်စက်တို့သည် ပါးပြင်ထက်သို့ တလိမ့်လိမ့် စီးကျလာလေတော့၏။ ထိုအခါ နွားဝါကြီးရယ် ခွင့်လွှတ်ပါတော့။ ဒီဘ၀ ဒီမျှနဲ့ပဲ ကျေနပ်ပါတော့-ဟု စိတ်ထဲမှ ရေရွတ်ရင်း အထပ်ထပ် အခါခါ တောင်းပန်နေမိပါတော့သည်။

( မင်းတမာ-အညာမြေ)

( မြတ်မင်္ဂလာ ၂၀၀၁-ခု ဒီဇင်ဘာလ )

No comments: