Wednesday, October 21, 2009

မော်လမြိုင်မြို့မှ ရွှေချက်သို လွမ်းစေတီ နှင့် ဖလ်ယဉ်ဓမ္မာရုံ

နှစ်စဉ် ၀ါဆိုလပြည့်နေ့ရောက်တိုင်း မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းနယ်မြေ ၀န်းကျင်တွင် ဓမ္မစကြာတရားတော် ရွတ်ဆိုပူဇော်သံများသည် ကြားရသူဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးတွင် အလွန်တရာ ပီတိသောမနဿဖြစ်ဖွယ် ကောင်းလှပေသည်။ ထိုတရားသံများ ထွက်ပေါ်ရာဌာနကား လမ်းသစ်လမ်းနှင့် ရှမ်းကုန်းလမ်းထောင့်ရှိ ဖလ်ယဉ်ဓမ္မာရုံပင်ဖြစ်သည်။ ဖလ်ယဉ်ဓမ္မာရုံသည် အခါကြီး ရက်ကြီးများတွင် ၀တ်ရွတ်ခြင်း ဆရာတော်ကြီးများ၏ တရားပွဲများ ကျင်းပခြင်းနှင့် ၀ါတွင်း ဥပုသ်နေ့တိုင်း သီလပေးတရားဟောကြားခြင်းတို့ ပြုလုပ်ရာဌာနလည်း ဖြစ်ပေသည်။

ဓမ္မာရုံနှင့်ကပ်လျက် အရှေ့ဘက်တွင် ကြည်ညိုဖွယ်ကောင်းသော ရွှေချက်သို လွမ်းစေတီ တည်ရှိပါသည်။ စေတီနှင့် ဓမ္မာရုံ ဒါယကာမှာ ထင်ရှားကျော်ကြားလှသော သူဌေးကြီး သတိုးသီရိသုဓမ္မ ဆာဦးသွင်နှင့် သူဌေးကတော်ကြီး ဒေါ်ဒေါ်သိန်း-တို့ဖြစ်သည်။ ရွှေချက်သို့ လွမ်းစေတီဟူ၍ ဘွဲ့တော်ရှိသည့်အတိုင်း ဆာဦးသွင် မွေးဖွားရာ ချက်မြှုပ်မြေနေရာ၌ ၁၃၁၈-ခုနှစ်က တည်ထားခြင်းဖြစ်သည်။ ဖလ်ယဉ်ဓမ္မာရုံ-ဟူသည်မှာလည်း မိဘနှစ်ပါးကို အောက်မေ့အမှတ်ရ ကျေးဇူးဆပ်သောအားဖြင့် ဆာဦးသွင်၏ မိဘနှစ်ပါး (ဦးဖလ်နှင့်ဒေါ်ယဉ်) အမည်ကို အစွဲပြုပြီး ဖလ်ယဉ်ဓမ္မာရုံ-ဟူ၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။

၁၉၃၈-ခုနှစ်ခန့်က ဆာဦးသွင်သည် မိသားစုနှင့်အတူ ဗုဒ္ဓစွယ်တော်ဖူးရန် သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကြသည်။ စွယ်တော်လုံခြုံရေး အကြီးအကဲတဦးက ခင်ဗျားတို့မြန်မာနိုင်ငံမှာ စာတတ်ကျမ်းပြု ပုဂ္ဂိုလ်တွေတော့ ပေါပါတယ်။ ဒါပေမဲ့ တိပိဋကဓရ ပုဂ္ဂိုလ်ရယ်လို့တော့ မကြားဖူးပါ-ဟု ဆိုလာသဖြင့် သူဌေးကြီးခမျာ အောင့်သက်သက်ဖြစ်ခဲ့ရလေသည်။

စိတ်ထဲတွင်လည်း ပိဋကတ်သုံးပုံ စာပြန်ပွဲကြီး ကျင်းပရလျှင် ကောင်းမှာပဲ၊ ပိဋကတ်သုံးပုံ ပြန်ဆိုနိုင်သည့် ပုဂ္ဂိုလ် ပေါ်ပေါက်လာပါက ဆဋ္ဌသင်္ဂါယနာတင်၍ သာသနာတော်မြတ်ကြီးကို ချီးမြှောက်ရလျှင် ကောင်းမှာပဲ-ဟု ဆုံးဖြတ်ခဲ့လေသည်။ လူအချို့နှင့် တိုင်ပင်ပြီး ဗုဒ္ဓသာသနာနုဂ္ဂ၏အဖွဲ့ချုပ်ကြီးကို ၁၃-၁၁-၄၇ တွင် ဖွဲ့စည်းရာ ဥက္ကဋ္ဌအဖြစ် တင်မြောက်ခြင်း ခံရသည်။ ယခု တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့သည် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်ကြီး၏ အဖွဲ့ခွဲတခုသာ ဖြစ်သည်။ ၆-ကြိမ်မြောက် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲတွင် မင်းကွန်းတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသသည် တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့ ရရှိခဲ့သဖြင့် ၁၃၁၆-ခုနှစ်တွင် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို ကျင်းပနိုင်ခဲ့ပါသည်။ ဆာဦးသွင်သည် တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ၁၃၁၀-မှ ၁၃၂၇-ခုနှစ်အထိ ၁၈-နှစ်ဆက်တိုက် ဆောင်ရွက်ခဲ့သည်။

သူဌေးကြီး၏ အခြားဝိသေသ ကုသိုလ်တွင် တခုမှာ သူဌေးကြီးတို့ ဇနီးမောင်နှံ ရဟန်းဒါယကာ ခံယူ၍ ရဟန်းတက်ပေးခဲ့သော ရှင်ဝိစိတ္တသာရသည် နောင်အခါ သာသနာတွင် နေလိုလလို ထွန်းတောက်ခဲ့သော တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီး ဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။ သူဌေးကြီးသည် ဗြိတိသျှအလိုတော်ရိ တဦးမဟုတ်ပေ။ ဆာ-ဘွဲ့ ရရှိခဲ့ခြင်းမှာ တိုင်းသူပြည်သားတို့၏ အားထားယုံကြည်ခြင်းကို ခံယူရရှိခြင်း၊ သစ္စာ သမာဓိနှင့် ပြည့်စုံခြင်း၊ အဂတိတရား မလိုက်စားခြင်း စသည့် ဂုဏ်ပုဒ်များကြောင့် ဖြစ်သည်။ ၁၉၅၀-ပြည့်နှစ်တွင် သတိုးသီရိသုဓမ္မဘွဲ့ ချီးမြှင့်ခြင်း ခံရသည်။

သူဌေးကြီး ဆာဦးသွင်သည် ၂-၂-၁၉၆၇ တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သော်လည်း သူဌေးကြီး၏ ကောင်းမှုဓမ္မာရုံနှင့် စေတီတော်မှာမူ နောင်လာနောက်သား ဗုဒ္ဓဘာသာဝင်တို့အတွက် သာသနာ့အမွေသဖွယ် အရေးပါအရာရောက်လျက် ရှိနေပေတော့သည်။

{ကျော်လင်း-B.SC (Chem)}

No comments: