Monday, October 12, 2009

ထေရဝါဒနှင့် ဂါထာမန္တာန် ရွတ်ဆိုမှု

( အကျဉ်းချုပ် အဖြေ )

ထေရဝါဒဗုဒ္ဓဘာသာအကြောင်းကို ရှေ့လက တင်ပြပြီးခဲ့ပေပြီ။ ယခု ဂါထာမန္တာန်များ ရွတ်ဆိုမှုသည် ထေရဝါဒနှင့် ဆန့်ကျင်ပါသလော-ဟူသော အမေးကို အကျဉ်းချုပ် ဖြေဆိုတင်ပြမည် ဖြစ်သည်။ စာရေးသူတို့နိုင်ငံ၌ ဒုတိယကမ္ဘာစစ်မီးကြီး မတောက်လောင်မီကပင် အန္တရာယ်ကင်းဂါထာများကို အစဉ်အလာအရ ရွတ်ဆိုသူများ ရှိခဲ့ကြသည်။ သို့သော် လူနည်းစုမျှသာ ဖြစ်ပါသည်။ ကမ္ဘာစစ်ကြီးအတွင်း၌မူ ဗုံးဘေး၊ စစ်သေနတ်ဘေး၊ ဓားပြဘေးစသည်တို့ကို ကြောက်သောကြောင့် ဂါထာရွတ်ဆိုသူများ တစတစများလာ၏။ စစ်ကြီးပြီးသွားသည့်အခါ ထိုဘေးများ မရှိတော့သဖြင့် ဂါထာရွတ်ဆိုသူများ နည်းပါးသွားကြပြန်၏။

သို့သော် ယခုမျက်မှောက်ကာလ၌မူ မည်သို့သောအကြောင်းကြောင့်မသိ ဂါထာရွတ်ဆိုသူများ ပြန်များလာကြ၏။ အစွမ်းထက်သည့် ဂါထာများ-စသော စာအုပ်များလည်း တအုပ်ပြီးတအုပ် ထွက်လာ၏။ ဘာသာရေးမဂ္ဂဇင်းများ၏ အမေးအဖြေကဏ္ဍများတွင် အနက်ပေး၍ ရသည့်ဂါထာ၊ ပေးမရသည့်ဂါထာပေါင်း မျိုးစုံကို အနက်ပြန်ပေးရန် ပေးပို့လာကြ၏။ ဥုံ မဏိပဒ္မေဟုံ-စသည့် တိဗက် မဟာယာနမန္တာန်တို့ကိုပင် ရွတ်ဆိုလာကြသည့်အပြင် ဈေးဆိုင်များ၌ပင် ထိုမန္တာန်ကဒ်ကလေးများကို ချိတ်ဆွဲထားလာကြ၏။ ထိုအခါ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များလောကတွင် ပြဿနာဖြစ်လာ၏။

ထေရဝါဒဗုဒ္ဓဘာသာတွေဟာ ဂါထာမန္တာန်တွေကို ရွတ်ဆိုကောင်းရဲ့လား-ဟု မေးစစ်လာကြ၏။ ထိုအမေးကို အကျဉ်းချုပ်ဖြေဆိုရလျှင် ထေရဝါဒ ပိဋကတ်တော်များနှင့် လိုက်လျောညီထွေဖြစ်သည့် ဂါထာ၊ စုဏ္ဏိယများနှင့် ပိဋကတ်တော်လာ ဂါထာ၊ စုဏ္ဏိယတို့ကိုသာ ရွတ်ဆိုကောင်းသည်။ ထေရဝါဒနှင့် မဆန့်ကျင်ပါ။ ထေရဝါဒပိဋကတ်တော်၌ မန္တာန်မရှိသဖြင့် မန္တာန်ကို လုံးဝမရွတ်ဆိုကောင်းပါ-ဟု ဖြေဆိုရမည် ဖြစ်သည်။

( ဂါထာနှင့် မန္တာန်)
ဆက်၍ဆိုပါဦးမည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ဂါထာနှင့်မန္တာန်တို့၏ အဓိပ္ပါယ်ကို ကွဲကွဲပြားပြား သိထားရန် လိုပါ၏။ ဂါထာဆိုသည်မှာ ဆန်းကျမ်းလာ စည်းကမ်းချက်များနှင့်အညီ ဖွဲ့ဆိုစီကုံးထားသည့် ပါဠိကဗျာ၊ ပါဠိသီချင်း၊ ဖြစ်၏။ တဂါထာမှာ ၄-ပါဒ၊ (ဝါ) ၆-ပါဒ ရှိသည်ဟု ထေရအဋ္ဌကထာ၌ မိန့်ဆို၏။ တပါဒလျှင် ၇-လုံးဘွဲ့မှစ၍ ၂၂-လုံးဘွဲ့အထိ ရှိ၏။ ပိဋကတ်တော်များ၌ကား ၈-လုံးဘွဲ့၊ ၄-ပါဒ ရှိသည့်ဂါထာက များ၏။
သုတ္တနိပါတ် ပါဠိတော်၌ကား ၃-ပါဒ၊ အက္ခရာ ၂၂-လုံး ပါရှိသော ဗုဒံ္ဓ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟူသော အရိယ သာဝတ္ထိဂါထာလည်း ရှိသည်ဟု ဟောထား၏။ အင်းဝခေတ်စာဆိုအကျော် ရှင်မဟာသီလဝံသ ဆရာတော်ကမူ ထို-ဗုဒံ္ဓ သရဏံ ဂစ္ဆာမိ-စသည်တို့ကိုပင် တပါဒကို တဂါထာ သတ်မှတ်ကာ ဗုဒ္ဓုပ္ပတ္တိပျို့တွင် သဝေမပါ ကိုးဂါထာ-ဟု ဖွဲ့ဆိုခဲ့သည်ကို တွေ့ရ၏။

ဂါထာကား ဘုရားဟောပိဋကတ်ပါဠိတော်များတွင် အရေးပါသော အဖွဲ့တည်း။ ဘုရားဟောပိဋကတ်တော်များတွင် ဟောပုံဟောနည်းအရ သုတ္တ၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ-စသည်ဖြင့် အင်္ဂါကိုးတန်ရှိရာ ဂါထာမှာ-အင်္ဂါရပ်တခုအဖြစ် ပါဝင်၏။ ဓမ္မပဒ၊ ထေရဂါထာ၊ ထေရီဂါထာတို့နှင့် သုတ္တနိပါတ်တွင် သုတ်အမည်မပါ၊ ဂါထာချည်းသက်သက် ဟောထားသည့် တရားတော်တို့ကား ဂါထာ-အမည်ရသည့် တရားတော်တို့တည်း။ ဤသည်မှာ ဂါထာ၏အဓိပ္ပါယ် အကျဉ်းဖြစ်၏။

ပါဠိလို မန္တ-မှ မြန်မာလို မန္တန် ဖြစ်လာ၏။ မန္တ-သည် မန္တန်အပြင် ဗေဒင်ကျမ်း၊ တိုင်ပင်ခြင်း အနက်တို့ကိုလည်း ဟော၏။ သက္ကတ၌ မန္တရ-ဟုရှိ၏။ ထိုမှ မန္တရား ဖြစ်လာ၏။ မန္တံ ဝုစ္စတိ ပညာ-ဟု သုတ္တနိပါတ် အဋ္ဌကထာ၍ မိန့်ဆိုထားသောကြောင့် မန္တန်သည် ပညာရပ်တခုဖြစ်သည်။ ထိုမန္တန်ပညာရပ်ကား တန်ခိုးကြီးမား၏။ လောကီကျိုး များစွာရှိ၏။ ပိဋကတ်တော်၌လာသော မန္တန်၏ တန်ခိုးကား များလှ၏။ နက္ခတ်အယှဉ်၌ ဝေဒဗ္ဗမန္တန်ကို မန်းမှုတ်လျှင် ရတနာမိုး ရွာ၏။ အကာလဖလမန္တန်ဖြင့် သရက်ပင်ကို မန်းမှုတ်လျှင် အခါမဟုတ် သရက်သီး သီး၏။ ပထဝီဇယမန္တန်ကို မန်းမှုတ်လျှင် မြေပြင်ပေါ်ရှိ ရန်အပေါင်းကို အောင်နိုင်၏။ နိဓိဥဒါရဏမန္တန်ကို မန်းမှုတ်လျှင် မြေထဲ၌ရှိသော ရွှေငွေ ရတနာတို့ကို သိနိုင်၏။ သဗ္ဗရုတညုဇာနနမန္တန်ကို မန်းမှုတ်လျှင် သတ္တဝါအားလုံးတို့၏ ဘာသာစကားတို့ကို သိနိုင်၏။ စသည်ဖြင့် များလှ၏။ မန္တန်တို့ကိုကား မဖော်ပြ။ မန္တန်အမည်သာ ပါ၏။

ပိလိန္ဒဝစ္ဆမထေရ်သည် လူဖြစ်စဉ်က စူဠဂန္ဓာရီမန္တန်ကို တတ်၏။ မန္တန်ဖြင့် ကောင်းကင်သို့ ပျံသွားနိုင်၏။ သူတပါးတို့ စိတ်အကြံကို သိနိုင်၏။ ဝင်္ဂီသ မထေရ်သည်လည်း လူဖြစ်စဉ်က ဆဝသီသမန္တန်ကို တတ်၏။ သေသူ၏ဦးခေါင်းခွံကို မန်းလျှင် ဤသူ သရဲသို့ သွား၏။ နတ်ပြည်သို့ သွား၏။ ပြိတ္တာဖြစ်၏ စသည်ဖြင့် သိနိုင်၏။ ဇာတ်တော်များ၌ မန္တန်စုပ်ပြီး ကောင်းကင်ပျံနိုင်သည့် မန္တန်ဝိဇ္ဇာဓိုရ်များကို များစွာတွေ့ရ၏။ ဇဋိလသူဌေးကြီးသည်ပင် မန္တန်ဝိဇ္ဇာဓိုရ်၏ သား ဖြစ်၏။ ဆက္ကနိပါတ်၊ ဝိဇ္ဇာဓရဇာတ်၌ ဝိဇ္ဇာဓိုရ်တဦးသည် မန္တန်စုပ်၍ သန်းခေါင်ယံအချိန်တွင် ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးအခန်းသို့ ဝင်လာပြီး မိဖုရားကြီးနှင့် ပေါင်းဖော်၏။ နောက် မင်းမှုထမ်းတို့ ဝိုင်းဖမ်းကြရာ မန္တန်စုပ်၍ ကောင်းကင်သို့ ပျံသွားကြောင်း တွေ့ရ၏။ မန္တန်မှာ လောကီပညာရပ်ဖြစ်၍ မြတ်စွာဘုရား လိုလားတော်မမူ။ မိလိန္ဒဝစ္ဆ နှင့် ဝင်္ဂီသတို့ကို ပရိယာယ်ဖြင့် ရဟန်းပြုပေးခြင်းဖြင့် မလိုလားသည်မှာ ထင်ရှား၏။

ဘားမဲ့ဆရာတော် လက်တွေ့ကျမ်း၌ ပါဠိ အဋ္ဌကထာ ဋီကာတို့၌ လာသမျှကို ဂါထာ။
ဥုံ-ပါသည်ကို မန္တန်။
သြောင်း-ပါသည်ကို မန္တရား ခေါ်သည်ဟု ခွဲခြားပြထား၏။
ရှေးရှေးကပင် မန္တန်များကို အသုံးပြုသော တန္တရဂိုဏ်း၊ မန္တရဂိုဏ်းများ ရှိခဲ့၏။ အများအားဖြင့် ဟိန္ဒူဗြဟ္မဏတို့နှင့် မဟာယာနတို့သည် မန္တန်များကို အသုံးပြုကြ၏။ ဟိန္ဒူတို့သည် ကုဏ္ဍလိနိတန္တရ စသော ဟိန္ဒူတန္တရ စသော ဟိန္ဒူတန္တရ ကျမ်းများကိုပင် ရေးသားကြ၏။

ထိုဂိုဏ်းများအဆိုအရ မန္တန်မှာ ယခု လောကီကျောင်းကျိုးများကိုသာမက မန္တန်ရွတ်ရုံဖြင့် နိဗ္ဗာန်ရနိုင်၏။ နတ်ပြည်ရောက်နိုင်၏။ မဂ်ဉာဏ် ဖိုလ်ဉာဏ်များ ရနိုင်၏။ ပြုမိသမျှ မကောင်းမှု အကုသိုလ်ကံများ ပျောက်၏။ ငရဲကျမည့်ဘေးမှ လွတ်၏။ အကုသိုလ်ကို ရှောင်၊ ကုသိုလ်ကို ဆောင်ရန် မလို၊ သီလစောင့်ရန် မလို၊ မန္တန်ရွတ်ဖို့သာ လို၏ဟုဆို၏။ ဤကဲ့သို့ ကံကို ပယ်သောကြောင့် မန္တန်ဝါဒကို ထေရ၀ါဒက ရှုတ်ချပစ်ပယ်ခြင်းဖြစ်၏။ ပုဂံခေတ်တွင် အနော်ရထာဘုရင်၊ သုတ်သင် ဖယ်ရှားပစ်ခဲ့ရသော အရည်းကြီးတို့သည်လည်း ထိုမန္တရဂိုဏ်း အဆက်အနွယ်များပင် ဖြစ်ကြသည်။ ဤကား မန္တန်အကြောင်း အကျဉ်းချုပ်ဖြစ်သည်။

( ထေရ၀ါဒနှင့်မန္တန် )
ဘုရားဟော ထေရ၀ါဒပိဋကတ်တော်များကို မန္တန်ဟု သုံးနှုန်းထားသည်ကို သင်္ဂါယနာတင် ထေရ၀ါဒပိဋကတ်တော်များ၌ လုံးဝမတွေ့ရှိရပါချေ။ ဖော်ပြပါ ၀င်္ဂီသ၀တ္ထု၊ ပိလိန္ဒ၀စ္ဆ၀တ္ထုတို့၌ ၀င်္ဂီသနှင့် ပိလိန္ဒ၀စ္ဆတို့က မန္တန်ကို သင်ပေးဖို့ ဘုရားရှင်အား လျှောက်ထားသည့်အခါ ရဟန်းဝတ်မှ သင်ပေးမည်ဖြစ်ကြောင်း မိန့်ကြား၏။ ၀င်္ဂီသလုလင် ရဟန်းဝတ်ပြီးသည့်အခါ ၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်းကိုပေး၍ ထိုမန္တန်၏ ပရိကံအဖြစ် သရဇ္ဈာယ်လော့-ဟု ဆိုရာ၌ ထိုပုဂ္ဂိုလ် ရဟန္တာဖြစ်ရေးကိုငဲ့ပြီး ပရိယာယ်ဖြင့် မန္တန်ဟု သုံးနှုန်းခြင်းသာဖြစ်သည်။ ပိလိန္ဒ၀စ္ဆ ရဟန်းဝတ်ရာ၌လည်း ထို့အတူဖြစ်၏။

တတိယသင်္ဂါယနာကို ဦးဆောင်တင်ခဲ့သည့် အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်အလောင်း ပုဏ္ဏားလုလင်ကလေးအား အရှင်သိဂ္ဂ၀ ရဟန္တာမထေရ်မြတ်က စိတ္တယမိုက်လာ ပုစ္ဆာပါဠိတော်ကို မေးရာ ဝေဒပါရဂူ ပုဏ္ဏားလုလင်ကလေးမှာ မဖြေနိုင်သဖြင့် ဒီဟာ ဘာပညာပါလဲ-ဟု မေးလျှောက်လိုက်၏။
မထေရ်မြတ်က-လုလင်၊ ဒါ ဗုဒ္ဓမန္တန်ဖြစ်တယ်-ဟုဖြေဆို၏။ ဤ၌လည်း ဗုဒ္ဓမန္တန်ဆိုသည်မှာ ဘုရားတရားတော်ကို လုလင်ကလေး တတ်ထားသည့် ဗေဒင်ကျမ်းနှင့် အတူပြုတင်စား၍ သဒိသူပစာအားဖြင့် ဗုဒ္ဓဗေဒင်-ဟု ဆိုလိုခြင်းဖြစ်ပေသည်။ မန္တရဂိုဏ်းသားတို့ ရွတ်ဆိုသည့် မန္တန်မျိုး မဟုတ်ပါချေ။ (မန္တ-ဗေဒင်ကျမ်း)

ဆိုစရာရှိပါသေး၏။ ပရိတ်ကြီး ၁၁-သုတ်တွင် ဘုရားဟောမဟုတ်ဘဲ သုတ်အစအစများတွင် ရှေးဆရာတော်ကြီးများ စီရင်ရေးသားခဲ့သည့် အကျိုးပြ အမွှန်းဂါထာများ ပါရှိ၏။
ထိုတွင် ခန္ဓသုတ်အမွှမ်း၌ ဒိဗ္ဗမန္တာ ဂဒံဝိယ (နတ်မန္တန်၊ နတ်ဆေးဝါးကဲ့သို့)
မောရသုတ်အမွှမ်းတွင် ဗြဟ္မမန္တံ (ထူးမြတ်သော မန္တန်)
ဗောဇ္ဈင်သုတ် အမွှမ်းတွင် သြသဓဉ္စ ဣမံမန္တံ ( ရောဂါပျောက်ရေးဝယ် ဆေးသဖွယ်လည်းဖြစ်သော၊ အန္တရာယ်ကင်းရေးဝယ် မန္တန်သဖွယ်လည်း ဖြစ်သော ဤဗောဇ္ဈင်သုတ် ပရိတ်တော်ကို )ဟူ၍ အသီးသီးပါရှိကြ၏။ ဤသို့ ပါရှိရာ၌ သုတ်ပရိတ်တော်များကို မန္တန်ခေါ်သည့်အနေဖြင့် ရေးသားခဲ့ခြင်း မဟုတ်ချေ။ ရွတ်ဆိုချင်အောင် သုတ်တို့ကို မန္တန်နှင့် တင်စားခိုင်းနှိုင်း၍ ဥပမာအလင်္ကာမြောက်အောင် တင်စားရေးသားခဲ့ကြခြင်းသာ ဖြစ်သည်ဟု မှတ်ယူရမည်။ ထို့ကြောင့် ဘုရားဟော ပါဠိတော်များကို မန္တန်ဟု မခေါ်ဝေါ်ရ။ မသုံးနှုန်းရ၊ ဟောပုံဟောနည်းကိုလိုက်၍ သုတ္တ၊ ဂေယျ၊ ဝေယျာကရဏဂါထာ-စသည်ဖြင့်သာ ခေါ်ဝေါ်သုံးစွဲရ၏။
( ရှေ့လဆက်ရန် )

ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ

( မြတ်မင်္ဂလာ ၂၀၀၁-ခု ဧပြီလ )

No comments: