Monday, October 12, 2009

ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁၀ )

( ယခင်လမှ အဆက် )

ချစ်သားကဿပ၊ သဒ္ဓမ္မအတု မပေါ်သေးသမျှ သာသနာတည်နေလိမ့်ဦးမယ်။ သဒ္ဓမ္မအတုပေါ်လာတဲ့အချိန်မှာ သဒ္ဓမ္မအစစ်က တဖြည်းဖြည်း ကွယ်ပျောက်နိုင်တယ်။ သဒ္ဓမ္မသုံးဖြာရှိတဲ့အနက်
နံပါတ်(၁) ပရိယတ္တိသဒ္ဓမ္မဆိုတာ ပိဋကတ်သုံးပုံကိုပြောတာ။ အဲဒီ အတုတွေ မလာသေးဘူးဆိုရင် ပိဋကတ်သုံးပုံအစစ်ဟာ ကြာကြာကြီး တည်ဦးမှာ။
(၂)က ပဋိပတ္တိသဒ္ဓမ္မ။ သီလ၊ သမာဓိ၊ ပညာ သမထ ဝိပဿနာ အဲဒါတွေအားလုံး ပဋိပတ္တိသဒ္ဓမ္မပဲ။ ဒီတရားတွေလဲ အတုတွေပေါ်မလာသေးဘူးဆိုရင် အစစ်က ကြာကြာကြီး တည်ဦးမှာ။
(၃)က ပဋိဝေဓသဒ္ဓမ္မ။ မဂ်ဆိုက်တယ်၊ ဖိုလ်ဆိုက်တယ်၊ နိဗ္ဗာန်မြင်တယ်၊ ဒါ ပဋိဝေဓသဒ္ဓမ္မပဲ။ အဲဒါတွေ တကယ်မဟုတ်ဘဲနဲ့ အတုတွေပေါ်လာပြီဆိုရင်တော့ ဒီအစစ်ဟာ ကွယ်ပျောက်ဖို့ပဲရှိတယ်။ ဒီ မဂ်ဖိုလ်နိဗ္ဗာန်အတု မပေါ်ပေါက်သေးသမျှတော့ ငါ့သာသနာ ကြာကြာတည်ဦးမှာ-လို့ ဘုရားရှင်က အမိန့်ရှိတယ်။

ချစ်သားကဿပ၊ လောကဓာတ်အတွင်းမှာ ရွှေအတုတွေ မပေါ်ပေါက်သေးဘူးဆိုရင် ရွှေအစစ်တွေ ကွယ်ပျောက်ခြင်းဟာ မဖြစ်နိုင်ဘူး။ ရွှေအတု ပေါ်ပေါက်လာတဲ့အခါ ရွှေအစစ်တွေ တဖြည်းဖြည်း ကွယ်ပျောက်နိုင်တယ်။ အတုက ဈေးပေါတော့ လူတကာဆင်မြန်းနိုင်တယ်။ အစစ်က ဈေးကြီးတော့ လူတိုင်း မဆင်မြန်းနိုင်ဘူး။ သဒ္ဓမ္မအတုလဲ ဒီလိုပဲ။ သာသနာတော်ရဲ့ အစစ်၊ အနှစ်၊ အသားတွေဟာ နေရာတကာမှာ မတွေ့နိုင်ဘူး။ ရွှေအစစ်နဲ့ သာသနာအစစ်၊ ရွှေအတုနဲ့ သာသနာအတု။ အဲဒီလိုဥပမာ ပေးထားတယ်။ ပထမသင်္ဂါယနာကို ပခုံးပြောင်းတာဝန်ယူရတဲ့ အရှင်မဟာကဿပ-က ကြိုပြီးလျှောက်တော့ ဘုရားက ဒါကို မိန့်ကြားသွားတယ်။

အရှင်မဟာကဿပ-ကို မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့ သာသနာကွယ်ခြင်း၊ တည်ခြင်းနဲ့ ပတ်သက်တဲ့စကားကို ဘုန်းကြီးတို့ပရိသတ် နားလည်အောင် ရှင်းပါဦးမယ်။ ဘုရားလက်ထက်က ပါတိခေါ်တဲ့ ရဟန်းတော်တပါး၊ ဒီ-ပါတိဆိုတဲ့ ရဟန်းရဲ့အယူကလေ လူသေသွားပြီးပြီဆိုလို့ရှိရင် ခန္ဓာကိုယ်ထဲက ဝိညာဉ်ဟာ မပျက်စီးဘဲနဲ့ တည်ရှိတယ်။ ကျန်ရစ်တယ်တဲ့။ မပျက်စီးဘဲကျန်ရစ်တဲ့ ဝိညာဉ်ဟာ သံသရာတလျှောက်လုံး လျှောက်သွားနေတယ်တဲ့။ ဘဝကူးပြောင်းတယ်ဆိုတာ ဝိညာဉ်ကူးပြောင်းသွားတာ ဘာမှမကျန်အောင် ပျက်စီးသွားတယ်။ တခုမှမကျန်အောင် ပျက်စီးသွားတယ်ဆိုတာ မရှိဘူးတဲ့။ ယခုဘဝမှာ လုပ်ထားတဲ့ ကုသိုလ် အကုသိုလ်ရဲ့ အကျိုးကို ဘယ်သူက ဟိုဘက်ဘဝ ယူသွားမှာလဲတဲ့။ သူက အဲဒါကြောင့် ဘဝသံသရာကို ကုသိုလ် အကုသိုလ်တွေကို ယူသွားဖို့ရန်အတွက် ဘာချန်ထားရမလဲ။ ခန္ဓာ ၅-ပါး ပျက်ချင်တာပျက်၊ ဝိညာဉ်တခု ချန်ထားရမယ်။ အဲဒီဝိညာဉ်က မပျက်ဘဲနဲ့ ကုသိုလ် အကုသိုလ်တွေကို သယ်ပြီးတော့ ဘဝကျင်လည်သွားတာ။ အဲဒါ ပါတိရဟန်းရဲ့ အယူအဆ။ အနှစ်ပဲ။ အကျဉ်းချုပ်ပဲ။

အဲဒီအယူအဆကို ဘုန်းကြီးတို့ ဒီကနေ့ဘယ်မှာတွေ့မလဲ ဆိုလို့ရှိရင် အခြားဘာသာတွေမှာ တွေ့မယ်။ ပြီးတော့ မဟာယာန ဗုဒ္ဓ၀ါဒဂိုဏ်း ခပ်များများထဲမှာလဲ တွေ့ရမယ်။ အထူးသဖြင့် မဟာယာနဂိုဏ်းတွေထဲမှာ ဟိုတချိန် တနေရာမှာ ပြောခဲ့တဲ့ သဗ္ဗတ္ထိဝါဒဂိုဏ်း။ အဲဒီ သဗ္ဗတ္ထိဝါဒဂိုဏ်းဟာ ဒုတိယသင်္ဂါယနာနှစ် ၁၀၀-ကနေ ကွဲသွားတဲ့ ဂိုဏ်းတဲ့။ ဂိုဏ်းကြီး ၁၈-ဂိုဏ်းကနေ ထပ်ပြီး ကွဲသွားတဲ့ ဂိုဏ်းတဂိုဏ်း။ ဘယ်မှာသွားပြီး ထွန်းကားသလဲဆိုတော့ သူက အိန္ဒိယပြည်ရဲ့ အနောက်မြောက်ပိုင်း ကက်ရှမီးယားတို့၊ ဒီကနေ့ ပါကစ္စတန်လို့ခေါ်တဲ့ ကန္တာရတို့၊ အာဖဂန်နစ်စတန်လို့ခေါ်တဲ့ ယောနကတိုင်းတို့ ၊ အဲဒီနယ်တခွင်မှာ အဲဒီသဗ္ဗတ္ထိဂိုဏ်းက အားကောင်းတယ်။ သဗ္ဗတ္ထိဂိုဏ်းရဲ့ ၀ါဒဟာ ပါတိရဟန်းရဲ့ဝါဒပဲ။ လူတွေ သေသွားပေမဲ့ မပျက်စီးဘဲနဲ့ ဘာကျန်သလဲ၊ ခန္ဓာကိုယ်ကသာ ပျက်သွားတယ်။ ၀ိညာဉ်တခု ကျန်တယ်။ အဲဒီဝိညာဉ်သည် ကုသိုလ် အကုသိုလ်တွေကို သယ်ပြီးတော့ ဘ၀သံသရာကို သွားတယ်လို့ အဲဒီတိုင်းမှာလဲ အယူအဆရှိတယ်။ အဲဒါကို သဗ္ဗတ္ထိဂိုဏ်းကနေ ရေးထားတဲ့ အဘိဓမ္မာ ၇-ကျမ်းမှာ အသေးစိတ် သူတို့ဖော်ပြထားတယ်။ ဒါ ပါတိရဟန်းရဲ့ ဘုရားလက်ထက်က ၀ါဒပဲ။ ဒီ ပါတိ ကိုယ်တော်ကို ဘုရားက ဆုံးမလို့ လိမ္မာယဉ်ကျေးသွားပါတယ်။

နောက်တခု ဘာလဲဆိုတော့ အရိတ္တရဟန်း။ ဒါလဲ ဘုရားရှင်လက်ထက်ကပဲ။ အဲဒီကိုယ်တော်ကတော့ ဘာယူဆသလဲဆိုတော့ ရဟန်း၊ သံဃာတော်တွေကို ဘုရားက ပိုးသင်္ကန်းတို့၊ ဖဲသင်္ကန်းတို့၊ ကတ္တီပါသင်္ကန်းတို့ အဲသလို နူးညံ့ချောမွတ်တဲ့ အ၀တ်အထည်တွေကို ခွင့်ပြုတယ်။ အဲဒီနူးညံ့ချောမွတ်တဲ့ အ၀တ်အထည်တွေက အထိအတွေ့တမျိုးရှိတယ်။ နူးညံ့တဲ့ အထိအတွေ့ကို ခံစားတာဟာ ဖောဋ္ဌဗ္ဗအာရုံတမျိုးပဲ။ သူဒီလိုတွေးတယ်။ အဲဒီလိုနူးညံ့တဲ့ အ၀တ်အထည်တို့ရဲ့ အထိအတွေ့ကို ခွင့်ပြုရင်တဲ့ ပရိသတ်ရေ သည်းခံပြီး နားထောင်စမ်းပါ။ မြတ်စွာဘုရားဟာ အမျိုးသမီးတို့ရဲ့ အထိအတွေ့ကိုလဲ ခွင့်ပြုဖို့ကောင်းတယ်တဲ့။ ဒါ အရိတ္တရဟန်း ပြောတာ။ ဒီတော့ အ၀တ်အထည်ကို ထိတွေ့တာနဲ့ အမျိုးသမီးကို ထိတွေ့တာ ဘာထူးသလဲ။ ဟိုမှာတော့ ဆွမ်းစားပြီဆိုလို့ရှိရင် သင်္ကန်းများရုံပြီဆိုလို့ရှိရင် ဘာလုပ်ရသလဲ။ ပဋိသင်္ခါ ယောနိသော စီဝရံပဋိသေ၀ါမိ-စသည် ဘာဘာဆိုပြီး ပစ္စဝေက္ခဏာ ဆင်ခြင်ပြီးတော့ သင်္ကန်းကိုသုံးဆောင်ရတယ်။ အဲဒီလိုပေါ့တဲ့ အမျိုးသမီးကိုလည်း ပစ္စဝေက္ခဏာတွေ ဆင်ခြင်ပြီး သုံးရင် မကောင်းဘူးလားတဲ့။ ကြံကြံဖန်ဖန် ၀ါဒတခု။ ဒီဝါဒကို ဘုန်းကြီးတို့ပရိသတ် တခါမှ ကြားဖူးမှာတောင် မဟုတ်ဘူး။ ဘုန်းကြီးက ကြားလာတာ။

အရိတ္တရဟန်းက ဒီလိုလျှောက်တော့ ဘုရားက ပစ်တင်မောင်းမဲရှုတ်ချတော်မူပြီး ဆုံးမရတယ်။ ဘုရားလက်ထက်က ဒီလိုလျှောက်ဖူးတယ်ဆိုတာလေး မှတ်ထားပါ။ မဟာယာနဂိုဏ်းမှာလဲ ပရိသတ်ရေ ဝေတုလ္လဂိုဏ်းဆိုတာရှိတယ်။ အဲဒီဝေတုလ္လဂိုဏ်းမှာ တခြားကိစ္စတွေအသာထား။ ယခု အရိတ္တရဟန်းရဲ့ ၀ါဒနဲ့ တူနေတာရှိတယ်။ ဘာလဲဆိုတော့ အမျိုးသမီး၊ အမျိုးသား၊ ယောက်ျား၊ မိန်းမ နှစ်ယောက်တို့က သဘောတူကြမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားကို အမြတ်ဆုံးပူဇော်ဖို့ဆိုရင် မေထုန်နဲ့ပူဇော်တာ အမြတ်ဆုံးပဲတဲ့ ဆိုပြီးတော့ ဘုရားရှင်ကိုယ်တော်ရဲ့ရှေ့မှာ၊ ရုပ်ဆင်းတုတော်ကြီးတွေရဲ့ရှေ့မှာ အမျိုးသမီး အမျိုးသားတွေ မေထုန်မှီဝဲနေကြတာ။ အဲဒါ ဘုရားရှင်ကိုပူဇော်နေကြတယ်ဆိုတဲ့ ၀ါဒဟာ မဟာယာန ဝေတုလ္လဂိုဏ်းမှာ ရှိဖူးတယ်။ ဒီကနေ့အထိ မတိမ်ကောသေးဘူး။ ဝေတုလ္လဂိုဏ်းအကြောင်းကို စေ့စေ့စပ်စပ်ဖတ်ချင် နားလည်ချင်ရင် အဘိဓမ္မာ ၇-ကျမ်းထဲမှာ ကထာဝတ္ထုဆိုတဲ့ အဘိဓမ္မာကျမ်းတကျမ်း ရှိတယ်။ အဲဒီမှာဖတ်ပါ။

ကထာဝတ္ထုကျမ်းမှာ ဝေတုလ္လဂိုဏ်းရဲ့အကြောင်းတွေ အမျးကြီးပါပါတယ်။ အဲဒီကထာဝတ္ထုကျမ်းကတော့ သီရိဓမ္မာသောက မင်းတရားလက်ထက် တတိယသင်္ဂါယနာတင်ချိန်မှာ ဒီလိုဝါဒဆိုးတွေကို ရှင်းပစ်တဲ့ကျမ်းစာပဲ။ မြတ်စွာဘုရားကတော့ မာတိကာခေါင်းစဉ်လောက်ပဲ ဟောထားခဲ့တာ။ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်က အကျယ်ချဲ့ဟောလိုက်တော့ ဆန့်ကျင်ဘက်ဝါဒပေါင်း ၅၀၀-ပြေရှင်းသွားတယ်။ အဲဒါ ကထာဝတ္ထုကျမ်းတဲ့။ သာသနာနှစ် ၂၃၀-လောက်မှာ ၀ါဒပေါင်း ၅၀၀-ပေါ်နေပြီ။ အဲဒီ ၅၀၀-ထဲက တခု၊ နှစ်ခုလောက် ဘုန်းကြီးက ရွေးပြောတာ။

ခန္ဓာ ၅-ပါး အနိစ္စ လက်ခံတယ်။ ဒါပေမဲ့ အနိစ္စဖြစ်သော ၀ိညာဉ်တခုသည် ကျန်ရစ်တယ်။ ကျန်ရစ်သော အနိစ္စဖြစ်သော ၀ိညာဉ်သည် ဘ၀သံသရာ ဘာတွေကို ယူသွားသလဲ။ ကောင်းမှု မကောင်းမှု အကုသိုလ်တွေကို သယ်သွားတယ်။ နောက်တခါ ဘာပြောပြန်သလဲဆိုတော့ အဲဒီပါတိရဟန်းရဲ့ အပေါင်းအဖော် အခြားရဟန်းတွေက ၀ိညာဉ်ဆိုတာထက် သူတို့က ဘာတိုးလာသလဲဆိုတော့ အတ္တ။ ဒီကနေ့ ဒီဘ၀မှာတော့ ဒါ ငါ-လုပ်တာ။ ဒါ ငါ-ကိုင်တာ။ သတ်ရင်လဲ ငါ-သတ်တယ်။ စားရင်လဲ ငါ-စားတယ်။ လှူရင်လဲ ငါ-လှူတယ်။ တရားအားထုတ်ရင်လဲ ငါ-အားထုတ်တယ်။ ဒီမှာတော့ အတ္တနေရာတကာ ငါ၊ ငါလို့ပြောပြီးတော့ ဟိုဘ၀သံသရာကျမှ ငါ-မရှိဘူးဆိုတာ ဒါတော့မဖြစ်နိုင်ဘူး။ ဒီကနေ့ ဒီဘ၀မှာ ငါလုပ်ထားတယ် ဆိုလို့ရှိရင် နောင်ဘ၀ သံသရာမှာလဲ ငါပဲခံရမှာပေါ့။ ဒီဘ၀က အတ္တ-နဲ့ ဟိုဘ၀က အတ္တ-ဟာ အတူတူပဲဖြစ်သင့်တယ်ဆိုပြီးတော့ ဒီဘ၀ရဲ့ အတ္တနဲ့ ဟိုဘ၀ရဲ့ အတ္တကို မပစ်ဘဲနဲ့ တောက်လျှောက်ကြီး ကုသိုလ် အကုသိုလ်ရဲ့ အကျိုးကို ၀ိညာဉ်က သယ်သွားတယ် မပြောဘူး။ ဒီဝါဒကတော့ ဘာဖြစ်လဲ။ အတ္တက သယ်ဆောင်သွားတယ်ဆိုပြီး အတ္တ၀ါဒကြီးကို ကြိုးစားပြီး တင်သွင်းသွားတယ်။ ဒီလိုယူဆတဲ့ ရဟန်းတပါးလဲ ရှိဖူးတယ်။

အဲဒီ အတ္တ၀ါဒကို မဟာယာနဂိုဏ်းပေါင်းများစွာထဲမှာ ၇၅-ရာခိုင်နှုန်းလောက် ကြိုက်ကြတယ်။ လက်ခံကြတယ်။ နိဗ္ဗာန်ဘုံကြီးရောက်သွားတဲ့အထိတောင် နိဗ္ဗာန်မှာ ဘာဖြစ်သလဲ။ အဲဒီအတ္တက ရုပ်နာမ်ကို မပျက်အောင် ထိန်းထားပြီးတော့ နိဗ္ဗာန်ရဲ့ အရသာကို ခံစားနေသေးတယ်ဆိုတဲ့ ၀ါဒတွေဟာ မဟာယာနရဲ့ နိဗ္ဗာန်အယူအဆပဲ။ ဒါကြောင့် မြတ်စွာဘုရားရဲ့ မိန့်ဆိုချက်နဲ့ အရှင်မဟာကဿပရဲ့ လျှောက်ထားချက်ကို ဘုန်းကြီးတို့ပြောထားတာ။ ရွှေအတုတွေ မပေါ်သေးသမျှ ရွှေအစစ် မကွယ်နိုင်။ အဲဒီလိုပဲ သဒ္ဓမ္မအတုတွေ မပေါ်သေးသမျှ သဒ္ဓမ္မ အစစ် မကွယ်နိုင်။ သဒ္ဓမ္မအတုတွေ ထင်ရှားဖြစ်ပေါ်လာရင် သဒ္ဓမ္မအစစ်တွေ ကွယ်ပျောက်နိုင်၏-ဟု ဘုရားရှင်ဟောကြားတော်မူခဲ့ပါပေသတည်း။
( ရှေ့လဆက်ရန် )

သီတဂူ ဆရာတော်

( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ )



No comments: