Thursday, October 15, 2009

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ

ရေချမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး စသည်တို့ကို မြတ်စွာဘုရားအား ပူဇော်လှူဒါန်းရုံဖြင့် မိမိမှာ ကောင်းကျိုးရသည် တော်လောက်ပြီ-ဟု မရောင့်ရဲပါနဲ့။
ဘုရားကို နံနက်တိုင်း ညတိုင်း ရှိခိုးရုံမျှဖြင့် ကောင်းကျိုးကြီးလှပြီ-ဟု ယုံကြည်အားရ စိတ်မချကြပါနဲ့။
ဓာရဏပရိတ်၊ ဓမ္မစကြာ၊ မေတ္တသုတ်၊ ပဋ္ဌာန်းစသည်တို့ကို ရွတ်နိုင်ရုံမျှဖြင့် ရွှင်လန်းပီတိဖြစ်ကာ ဘုန်းတန်ခိုးတေဇော် ကြီးလိမ့်မည်-ဟု မစောင့်မျှော်ပါနဲ့။
ဂုဏ်တော်ပုတီးကို ဇွဲလုံ့လကြီးစွာဖြင့် သက်စေ့စိပ်ပြီးရုံဖြင့်လည်း လုံလောက်ပြီ-ဟု မယူဆပါနဲ့။
ရေချမ်း၊ သစ်သီး၊ ဆီမီးတို့ကို လှူဒါန်းပူဇော်မှုလည်း ပြုကြပါ။ ဘုရားရှိခိုး၊ ၀တ်ရွတ်ခြင်းကိုလည်း ပြုကြပါ။ မေတ္တာလည်း ပို့ကြပါ။ စိပ်ပုတီးကိုလည်း စိပ်မြဲစိပ်ကြပါ။ ထို့နောက် ရှေ့သို့တဆင့်တိုး၍ နိဗ္ဗာန်အကျိုးကို ရည်မျှော်ကာ ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်မှုကို ရှုမှတ်ရသော ၀ိပဿနာဘာဝနာတရားကိုလည်း ကြိုးစားအားထုတ်ကြပါ။ သို့မှသာ ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါလိမ့်မည်။

ကဗျာမှာ အောက်ပါအတိုင်း ဖြစ်သည်-
ရေချမ်းသစ်သီး၊ ပန်းဆီမီးကို၊ ခိုင်ဖြီးသဒ္ဓါ၊ လှူပြီးကာမျှ၊ ငါ့မှာကောင်းကျိုး၊ အလွန်တိုးဟု၊ ယုံကိုးစိတ်ထဲ၊ မရောင့်ရဲ့နဲ့။
မစဲညနေ့၊ ဘုရားရှေ့တွင်၊ ပျော်မွေ့မြတ်နိုး၊ မြဲရှိခိုး၍၊ ကောင်းကျိုးပွားစည်၊ ကြီးလှပြီဟု၊ ယုံကြည်အားရ၊ စိတ်မချနဲ့။
ဓာရဏနှင့်၊ ဓမ္မစကြာ၊ မေတ္တာပဋ္ဌာန်း၊ ရွတ်နိုင်စွမ်းကြောင့်၊ ရွှင်လန်းပီတိ၊ ဂွမ်းဆီထိကာ၊ ကြီးမည့်တေဇော်၊ မစောင့်မျှော်နဲ့။
ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်၊ ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာဖြင့်၊ သဒ္ဓါကြည်ယုံ၊ စိတ်ပြီးရုံဖြင့်၊ လုံလောက်လှပြီ၊ မရပ်တည်နဲ့။
ရေချမ်းသစ်သီး၊ ဆီမီးလှူမျိုး၊ ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ၊ တရာ့ရှစ်သီး၊ စိပ်ပုတီးကို၊ မငြီးဆင့်ကဲ၊ စိပ်မြဲစိပ်ပါ၊ မဖြတ်ပါနဲ့။
ဆက်ကာတမျိုး၊ ရှေ့သို့တိုး၍၊ အကျိုးနိဗ္ဗာန်၊ မျှော်ရိုးမှန်က၊ ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ၊ သံသရာဝဋ်၊ ထွက်လွတ်စေကြောင်း၊ လမ်းမှန်ကောင်းဟု၊ ညွတ်ပြောင်းစိတ်ထဲ၊ ယုံကြည်စွဲလျက်၊ အမြဲနေ့ည၊ ၀ိပဿနာ၊ ခိုင်မာဆန္ဒ၊ ကြိုးလုံ့လမှ၊ ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနက်မည်၊ ကြပ်ကြပ်သတိရှိပါစေ။

အထက်ပါ ( မင်္ဂလာဗျူဟာ အသင်းချုပ် ရာသက်ပန် ဥက္ကဋ္ဌကြီး စာဆိုဦးအောင်သိမ်း၏ ) ကဗျာသည် ဗုဒ္ဓဘာသာဝင်တိုင်း မှတ်သားဖွယ်၊ သတိပြုဖွယ်၊ ဆင်ခြင်ဖွယ်၊ လိုက်နာဖွယ် ကဗျာဖြစ်သည်။ အလွန်ထိမိ ကောင်းမွန်လှသည်။ စင်စစ်အားဖြင့် ဒါန သီလ သမထဘာဝနာ တို့သည် အလွန်ကောင်းမြတ်လှပေသည်။ သို့သော် ဤတရားများသည် သာသနာပအချိန်၌လည်း ထွန်းကားနိုင်သောတရားများ ဖြစ်သည်။ ၀ိပဿနာဘာဝနာကား အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိသည်နှင့်အမျှ သာသနာတွင်း၌သာ ထွန်းကားနိုင်သောတရား ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် စာဆိုဦးအောင်သိမ်း၏ ကဗျာကို ဆင်ခြင်လျက် ယခုကဲ့သို့ သာသနာထွန်းကားချိန်တွင် ဒါန၊ သီလ၊ သမထဘာဝနာတို့ကို သာမက ၀ိပဿနာ ဘာဝနာကိုပါ တဆင့်တက်၍ ကြိုးစားအားထုတ်သင့်ပေသည်။ ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်အောင် ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။

No comments: