Sunday, November 1, 2009

သံဃိက ပစ္စည်း

ဤဘဒ္ဒကပ်ကမ္ဘာမှ ပြန်ရေတွက်သော် ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ဖုဿဘုရားရှင် ပေါ်ထွန်းခဲ့သည်။ ဖုဿဘုရားရှင်၏ အဖေတူ အမေကွဲ ညီ ၃-ယောက်တို့သည် အကိုဖြစ်သော ဖုဿဘုရားရှင်ကို လုပ်ကျွေးပြုစုရန် ဖခင်မင်းမြတ်ထံမှ ခွင့်ရကြ၏။ ၄င်းတို့သည် ( ဗိမ္ဗိသာရမင်းအလောင်း ) မင်းချင်းယောက်ျားအား ဘဏ္ဍာစိုးခန့်၍ မိမိတို့ ရဟန်းဝတ်သည့် ၃-လအတွင်း ဘုရားရှင်နှင့်တကွ သံဃာတော်များကို လုပ်ကျွေးပြုစုရန် ငွေများအပ်နှံကြသည်။

ဘဏ္ဍာစိုးလည်း ၄င်း၏မယားနှင့် ဆွေမျိုးမိတ်သင်္ဂဟတို့ကို ခေါ်ယူ၍ ဘုရားရှင်နှင့် သံဃာတော်များအတွက် ဆွမ်းနှင့်ဆွမ်းဟင်းများ ချက်ပြုတ်လုပ်ကိုင်စေ၏။ ဝေယျာဝစ္စအဖွဲ့တွင် မရိုးသားသူ တစုလည်း ရှိသည်။ ထိုသူတို့သည် ကိုယ်ကျိုးအတွက် လှူဖွယ်ပစ္စည်းများကို ခိုးယူ စားသောက်ကြပြီး ဆွမ်း ဆွမ်းဟင်းအတွက် သိုလှောင်ထားသော ပစ္စည်းများနှင့် ဆွမ်းစားဇရပ်ကို မီးတိုက်လိုက်ကြ၏။

၎င်းတို့ သေလွန်သည်ရှိသော် ကိုးဆယ့်နှစ်ကမ္ဘာပတ်လုံး ငရဲ၌ ကျင်လည်ကြရကုန်၏။ ထိုမှနောက် ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ကဿပမြတ်စွာဘုရားလက်ထက်တော်အခါတွင် ပြိတ္တာဘုံ၌ ဖြစ်ကြရ၏။ ထိုပြိတ္တာတို့သည် ကဿပမြတ်စွာဘုရားအား မိမိတို့ အစာအစားရ၊ ရေမသောက်ရ၍ ပြိတ္တာဘ၀မှ ဘယ်တော့မှ လွတ်ပါမည်နည်း-ဟု လျှောက်ထားရာ ဂေါတမဘုရားလက်ထက် သင်တို့ဆွေမျိုးတော်သော ဗိမ္ဗိသာရမင်း အမျှပေးမှ သင်တို့ ပြိတ္တာဘ၀မှ လွတ်မြောက်ကြမည်ဖြစ်ကြောင်း မိန့်တော်မူသည်။

ဂေါတမဘုရားရှင်လက်ထက်တော်တွင် ဖုဿဘုရားရှင်လက်ထက်က ဘဏ္ဍာစိုး လုပ်ခဲ့သော ဗိမ္ဗိသာရမင်းက အမျှအတန်းဝေမှ ပြိတ္တာဘ၀က ကျွတ်လွတ်ကြရ၏။ ဤဖြစ်ရပ်ကို သင်ခန်းစာယူသင့်ကြောင်း တင်ပြလိုက်ပါသည်။

No comments: