Tuesday, November 10, 2009

( ၂ ) ပညာရှိကို ဆည်းကပ်ခြင်း

ပညာရှိကို ဆည်းကပ်ခြင်းသည် ကြီးပွားခြင်း အလုပ်တခု (၀ါ) မင်္ဂလာတပါးဖြစ်သည်။

တရံသောအခါ ဗာရာဏသီအနီးရှိ လက်သမားရွာကြီးတရွာ၌ လက်သမားတထောင် နေထိုင်သည်။ သူတို့သည် ထိုရွာ၌ ကြာမြင့်စွာ နေထိုင်လာခဲ့ရာမှ လုပ်ငန်းများ မအောင်မြင် ဖြစ်လာသည်။ ဆက်လက်နေထိုင်ရန် မသင့်တော်သောကြောင့် အခြားအရပ်သို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ကြသည်။ လှေကြီးတစင်း ပြုလုပ်ကာ မိသားစုများကိုပါ တင်ဆောင်၍ ရေလမ်းခရီးဖြင့် ထွက်ခွာလာကြသည်။

သူတို့သည် သမုဒ္ဒရာအလယ်၌ ဆန်ရေစပါးနှင့် သီးနှံမျိုးစုံပေါများသော ကျွန်းတကျွန်းကို တွေ့ကြသည်။ ထိုကျွန်းတွင် သင်္ဘောပျက်သဖြင့် ဦးစွာရောက်နှင့်နေသော ယောက်ျားတယောက်ကိုလည်း တွေ့သည်။ ထိုသူက ထိုကျွန်းမှာ အစားအစာပေါများသည်။ သို့ရာတွင် နတ်များစောင့်သည်။ နတ်များသည် လူသားတို့၏ ကျင်ကြီးကျင်ငယ်တို့ကို စက်ဆုပ်ကြသည်။ ဤကျွန်းတွင်နေလိုပါက ကျင်ကြီးကျင်ငယ်တို့ကို စနစ်တကျ စွန့်ဖို့လိုသည်။ သဲများကို ယက်၍ တွင်းပြုပြီးမှ စွန့်သင့်သည်။ ကျင်ကြီးကျင်ငယ်တို့ကို သဲဖြင့် ပြန်၍ ဖုံးအုပ်ရမည်ဟူ၍ သတိပေးပြောဆိုသည်။

လက်သမားတို့သည် ထိုကျွန်း၌ပင် အခြေချနေထိုင်ကြသည်။ နတ်တို့အလိုကျ စနစ်တကျနေထိုင်သည်။ လက်သမားတထောင်အနက် ငါးရာစီကို ခေါင်းဆောင်နှစ်ဦးက အုပ်ချုပ်ကြသည်။ ခေါင်းဆောင်နှစ်ဦးတွင် တဦးသည် ပညာရှိသည်။ တဦးကား ပညာမဲ့သည်။

လက်သမားများသည် ကျွန်းပေါ်တွင် အခြေချနေလာရာမှ အတန်ကြာသော် ပညာမဲ့ခေါင်းဆောင်နှင့် ငယ်သားများသည် အရက်များချက်၍ သောက်စားမူးယစ်လာကြသည်။ ကျင်ကြီးကျင်ငယ်တို့ကို စည်းကမ်းတကျ မစွန့်၊ ထင်သလို စွန့်ကြသည်။

ကျွန်းစောင့်နတ်တို့သည် လွန်စွာအမျက်ထွက်ကြသည်။ ၁၅-ရက်လွန်မြောက်လျှင် သမုဒ္ဒရာရေကို တက်စေ၍ ကျွန်းဆေးအံ့။ လူအများကို သေစေအံ့ဟု စီစဉ်ကြသည်။ ကျွန်းစောင့်နတ်တို့အနက် နတ်ကောင်းတပါးသည် လူအများ သေကျေပျက်စီးမည်ကို မလိုလားပေ။ ထို့ကြောင့် ကျွန်းနေလက်သမားများထံ လာရောက်သည်။ ၁၅-ရက်မတိုင်မီ ထွက်ပြေးကြရန် သတိပေးသည်။

ထို့နောက် နတ်ဆိုးတပါး ရောက်လာပြန်သည်။ လက်သမားတို့ကို သေကျေပျက်စီးစေလိုသဖြင့် ဤကျွန်းတွင် ဆက်လက်နေထိုင်ကြပါ၊ ဘေးမရှိပါ-ဟု ပရိယာယ်ဖြင့် ပြောဆိုသည်။ ဤတွင် ပညာရှိခေါင်းဆောင်က စဉ်းစားချင့်ချိန်ပြီးလျှင် သူ၏ ငယ်သားများအား လှေတို့ကို အသင့်စီစဉ်ထားစေသည်။ ပထမနတ်၏ စကား မှန်သော် ရေတက်သောအခါ လှေဖြင့် ထွက်ခွါကြမည်။ ဒုတိယနတ်၏ စကား မှန်သော် လှေတို့ကို သင့်တော်ရာ၌ ထား၍ ဤကျွန်းမှာပင် ဆက်လက်နေကြမည်ဟု အဖော်လက်သမားတို့အား ပြောဆိုမှာထားသည်။

ထိုစကားကို ပညာမဲ့ခေါင်းဆောင်က လက်မခံ။ အလုပ်ကို မလုပ်။ ပထမနတ်သားသည် သူတို့ကို မုန်း၍ပြောခြင်း ဖြစ်သည်။ ဒုတိယနတ်သားသည် ချစ်၍ဆိုခြင်းဖြစ်သည်။ ဤကျွန်းကို မစွန့်ခွါနိုင်။ လှေပြုလုပ်ရန်မလို-ဟုဆို၏။ ဆိုသည့်အတိုင်းလည်း လှေမလုပ်ဘဲ ငယ်သားများနှင့်အတူ သောက်စားမူးယစ်၍သာ နေ၏။ ၁၅-ရက်စေ့သော် ပထမနတ်ပြောသည့်အတိုင်းပင် သမုဒ္ဒရာရေတို့သည် ကျွန်းပေါ်သို့ တရိပ်ရိပ်တက်လာသည်။ ခါးလယ်ခန့်ရောက်သောအခါ ပညာရှိ ခေါင်းဆောင်နှင့် ငယ်သားငါးရာတို့သည် လှေကြီးပေါ်သို့ တက်ကြသည်။ လှော်ခတ်၍ ဘေးကင်းစွာ ထွက်ခွါသွားကြသည်။

ပညာမဲ့ခေါင်းဆောင်နှင့် ငယ်သားများမူကား မမှုကြ။ ရေတို့သည် ခါးလယ်အထိသာ ရောက်ပြီး ပြန်ကျသွားလိမ့်မည်ဟု ထင်မှတ်ကြသည်။ သို့ရာတွင် သူတို့ထင်သကဲ့သို့ မဟုတ်။ သမုဒ္ဒရာရေတို့သည် တစတစနှင့် ထန်းတဖျားတိုင်အောင် တက်လေ၏။ ပညာမဲ့ခေါင်းဆောင်နှင့်တကွ ထိုသူကို ဆည်းကပ်သူ ငယ်သားငါးရာစလုံး ရေနစ်သေဆုံးကြလေသည်။
( ငါးရာ့ငါးဆယ် သမုဒ္ဒ၀ါဏိဇဇာတ်)

မင်းယုဝေ

No comments: