ဗုဒ္ဓဘာသာဘုရားစေတီပုထိုးတို့တွင် ဂြိုဟ်တိုင်များကို တွေ့မြင်နိုင်ပေသည်။ ယင်းဂြိုဟ်တိုင်တို့မှာ-
(က) တနင်္ဂနွေဂြိုဟ်
(ခ) တနင်္လာဂြိုဟ်
(ဂ) အင်္ဂါဂြိုဟ်
(ဃ) ဗုဒ္ဓဟူးဂြိုဟ်
(င) စနေဂြိုဟ်
(စ) ကြာသပတေးဂြိုဟ်
(ဆ) ရာဟုဂြိုဟ်
(ဇ) သောကြာဂြိုဟ်-တို့ ဖြစ်ကြပါသည်။
အထက်ပါ ဂြိုဟ်တိုင်များကို ယင်းတို့ ပိုင်စိုးသော အရပ်မျက်နှာတို့တွင် တွေ့ရပါသည်။
(က) တနင်္ဂနွေဂြိုဟ်
တနင်္ဂနွေ ဂဠုန်၊ ရှေ့မြောက်ကြုံ၊ နေတုံ ခြောက်နှစ်မျှ။
ဤလင်္ကာအရ အရှေ့မြောက်အရပ်တွင် တနင်္ဂနွေဂြိုဟ်၏ သင်္ကေတဖြစ်သော ဂဠုန်ရုပ်ကို တွေ့မြင်ရ၍ ယင်း၏ဂြိုဟ်သက်မှာ ခြောက်နှစ်ဖြစ်သည်။
(ခ) တနင်္လာဂြိုဟ်
တနင်္လာကျား၊ တဆယ့်ငါး၊ နေငြား ရှေ့ရပ်က။
အရှေ့အရပ်တွင် တနင်္လာဂြိုဟ်၏ အမှတ်သင်္ကေတဖြစ်သည့် ကျားရုပ်ကို တွေ့ရ၍
ယင်း၏ဂြိုဟ်သက်မှာ တဆယ့်ငါးနှစ်ဖြစ်၏။
(ဂ) အင်္ဂါဂြိုဟ်
အင်္ဂါခြင်္သေ့၊ ရှေ့တောင်ကွေ့၊ မရွေ့ ရှစ်နှစ်ပ။
အရှေ့တောင်အရပ်တွင် အင်္ဂါဂြိုဟ်၏ အမှတ်သင်္ကေတဖြစ်သော ခြင်္သေ့ရုပ်ကို တွေ့မြင်ရ၍
ယင်း၏ ဂြိုဟ်သက်မှာ ရှစ်နှစ်ဖြစ်၏။
(ဃ) ဗုဒ္ဓဟူးဂြိုဟ်
ဗုဒ္ဓဟူးဆင်၊ တောင်ရပ်ခွင်၊ နေလျှင် ဆဲ့ခွန်မျှ။
တောင်အရပ်မျက်နှာတွင် ဗုဒ္ဓဟူးဂြိုဟ်၏ သင်္ကေတဖြစ်သော ဆင်ရုပ်ကို တွေ့မြင်ရကာ
ယင်း၏ဂြိုဟ်သက်မှာ တဆယ့်ခုနစ်နှစ် ဖြစ်၏။
(င) စနေဂြိုဟ်
စနေနဂါး၊ နောက်တောင်ပါး၊ နေငြား ဆယ်နှစ်ပ။
အနောက်တောင်အရပ်တွင် စနေဂြိုဟ်၏ အမှတ်လက္ခဏာဖြစ်သော နဂါးရုပ်ကို တွေ့ရှိရ၍
ယင်း၏ဂြိုဟ်သက်မှာ ဆယ်နှစ်ဖြစ်၏။
(စ) ကြာသပတေးဂြိုဟ်
ကြာသပတေးကြွက်၊ နောက်ရပ်ဘက်၊ နေသက် ဆယ့်ကိုးမျှ။
အနောက်အရပ်တွင် ကြာသပတေးဂြိုဟ်၏ သင်္ကေတဖြစ်သည့် ကြွက်ရုပ်ကိုထားရှိ၏။
ယင်း၏ ဂြိုဟ်သက်မှာ တဆယ့်ကိုးနှစ် ဖြစ်၏။
(ဆ) ရာဟုဂြိုဟ်
ရာဟုဆင်မင်း၊ နောက်မြောက်တွင်း၊ နေလျှင်း ဆယ့်နှစ်နှစ်မျှ။
အနောက်မြောက်အရပ်တွင် ရာဟုဂြိုဟ်၏ သင်္ကေတဖြစ်သည့် ဟိုင်းဆင်ရုပ်ကို တွေ့နိုင်၏။
ယင်း၏ ဂြိုဟ်သက်မှာ တဆယ့်နှစ်နှစ် ဖြစ်၏။
(ဇ) သောကြာဂြိုဟ်
သောကြာပူးမင်း၊ မြောက်ရပ်ခွင်း၊ နေလျှင်း နှစ်ဆဲ့တနှစ်မျှ။
မြောက်အရပ်၌ သောကြာဂြိုဟ်၏ သင်္ကေတဖြစ်သော ပူးမင်းရုပ်ကို တွေ့မြင်နိုင်ပါသည်။
သောကြာဂြိုဟ်သက်မှာ နှစ်ဆဲ့တနှစ် ဖြစ်၏။
( ဂြိုဟ်သက် )
ဂြိုဟ်သက်ဆိုသည်မှာ ဗေဒင်အရ ဂြိုဟ်တခုသည် ယင်းရောက်ရှိရာတွင် နေသည့်ကာလဖြစ်၏။ ဥပမာ-တစုံတဦးကို တနင်္ဂနွေနေ့တွင် ဖွားမြင်သည့် တနင်္ဂနွေနေ့သားဖြစ်လျှင် မွေးဖွားသည့်နေ့မှစ၍ ခြောက်နှစ်တိုင်တိုင် တနင်္ဂနွေဂြိုဟ်တွင် သက်ရောက်သဖြင့် ယင်းဂြိုဟ်၏ ကောင်းကျိုး-ဆိုးကျိုးကို ခံစားရသည်။
( ဂြိုဟ်တို့၏ မူလယင်းမြစ်ကို လေ့လာခြင်း )
ဂြိုဟ်တို့၏ ယင်းမြစ်ကို လေ့လာရာတွင် ဗုဒ္ဓဘာသာတွင် ပထမ လေ့လာလိုပါသည်။ ဗုဒ္ဓဘုရားရှင်သည် သဗ္ဗညုရွှေဉာဏ်တော်ကို ရသဖြင့် တရားအလုံးစုံကို သိမြင်တော်မူပါသည်။ လောကီ၊ လောကုတ္တရာ တရားတို့ကို သိမြင်တော်မူသော်လည်း ဘုရားရှင်သည် သံသရာဝဲသြဃမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းဖြစ်သော လောကုတ္တရာ တရားတော်တို့ကိုသာ အလေးပေးကာ ဟောကြားတော်မူခဲ့ပေသည်။ သို့ဖြစ်၍ ဘုရားရှင်ဟောကြားတော်မူခဲ့သော ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်တွင် ဂြိုဟ်များအကြောင်းကို မတွေ့ရှိရချေ။
သို့ဖြစ်သောကြောင့် နောက်တဆင့်-ဟိန္ဒူဘာသာကို လေ့လာရပါသည်။ ဟိန္ဒူဘာသာတွင် ဗေဒင်များပါရှိသည်ကို တွေ့နိုင်ပါသည်။ ဂြိုဟ်များကိုလည်း ဗေဒင် (ဗေဒ-Veda) များတွင်သာ ပါရှိသည်ကို သိရှိရပါသည်။ ဗေဒင်ဆိုသည်တို့မှာ မည်သည့်ဘာသာမှ ဆင်းသက်လာသည်ကို လေ့လာရာ ဟိန္ဒူဘာသာတွင် ဗေဒင်လေးပုံ-သာမ၊ ယဇု၊ ဣရု၊ အထဗ္ဗဏ ၊( Sama, Yaju, Rg, Atharvana ) ဟု ပါရှိပါသည်။ ဣရုဗေဒ (Rg veda) မှာ ရှေးအကျဆုံးဖြစ်၍ ကျန်ဗေဒသုံးပုံမှာ နောက်မှပေါ်လာခြင်း ဖြစ်ပါသည်။ ယင်းဗေဒထဲတွင် ယခုမြန်မာပြည်၌ ခေတ်စားကာ လူအများယုံကြည်နေကြသော ဗေဒင်အတတ် ပါရှိပါသည်။ ယင်းဗေဒင်အရ ဂြိုဟ်များ ပါရှိလေသည်။
ဗေဒင်ကိန်းခန်း စသည်တို့ကို ယုံကြည်မှု၊ လေ့လာလိုက်စားမှုသည် ဗုဒ္ဓဘုရားရှင် မပေါ်ပေါက်မီကပင် ရှိခဲ့သည်ဟု ယူဆမိပါသည်။ အကြောင်းကို ထောက်ပြရသော် ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူပြီးသောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက-ဟူးရားဖြူ၊ ဟူးရားညို ပုဏ္ဏားတို့ကို ပင့်ကာ သားတော်၏ ဇာတာစန်းလဂ်ကို တွက်ချက်စစ်ဆေးစေပါသည်။ ပုဏ္ဏားပညာရှိများက မင်းသားသည် စကြ၀တေးမင်းသော်လည်းကောင်း၊ သုံးလူ့ထွတ်ထား သဗ္ဗညု ဘုရားရှင်သော်လည်းကောင်း ဖြစ်မည်ဟု ဟောပြကြပါသည်။
သို့ရာတွင် ယင်းပုဏ္ဏားပညာရှိများအနက် အငယ်ဆုံးဖြစ်သည့် ကောဏ္ဍညပုဏ္ဏားက ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု ဟောပါသည်။ ယင်းကောဏ္ဍညပုဏ္ဏားငယ်မှာ ဘုရားရှင်၏ ပထမဦးဆုံး တပည့်သံဃာတော်များဖြစ်သည့် ပဉ္စ၀ဂ္ဂီ ငါးဦးအနက်မှ အညာသိ ကောဏ္ဍညမထေရ် ဖြစ်လာမည့်သူ ဖြစ်ပေသည်။ အထက်ပါ အထောက်အထားအရ ရှေးကပင် ဗေဒင်အတတ်ကို ယုံကြည်ကြလျက် လေ့လာလိုက်စားသူများရှိကြောင်းနှင့် ယင်းဗေဒင်အတတ်သည် လူအများတို့တွင် တွင်ကျယ်နေကြောင်းကို သိရှိနိုင်ပါသည်။
ဟိန္ဒူဘာသာယဉ်ကျေးမှုသည် အရှေ့တောင် အာရှနိုင်ငံများသို့ ပျံ့နှံ့ခဲ့ကြောင်းကို အောက်ပါအထောက်အထားများအရ သိရှိနိုင်ပါသည်။ ဥပမာပြရလျှင်-ကမ္ဘောဒီးယားတိုင်းပြည်တွင် ယခုတိုင်တည်ရှိနေသည့် လူအများ စိတ်ဝင်စားကာ သွားရောက်ကြည်ရှုကြသော အင်ကာဝပ် (Angkor Wat) ကျောင်းတော်ကြီးမှာ ဟိန္ဒူဘုရားကျောင်းများ တည်ဆောက်ပုံကဲ့သို့ ဖြစ်ပါသည်။ ကမ္ဘောဒီးယားဘုရင် ဇယဗာမင် (jayavarmin VII) လက်ထက်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်း မင်း၏ ရုပ်တုကြီး အချို့မှာ ယခုတိုင် တည်ရှိနေဆဲ ဖြစ်ပါသည်။
အရှေ့တောင်အာရှတွင် ပါဝင်သည့် အင်ဒိုနီးရှား (Indonesia) ကျွန်းတွင်လည်း ဟိန္ဒူယဉ်ကျေးမှုများကို တွေ့မြင်နိုင်ပါသည်။ အထောက်အထားတခုကို ပြရမည်ဆိုလျှင် ယနေ့ထက်တိုင် ခေတ်စားနေ၍ လူအများ နှစ်ခြိုက်သဘောကျကာ ကပြလေ့ရှိသည့် ရာမ-ဇာတ်တော်မှာ ဟိန္ဒူယဉ်ကျေးမှုတွင် ပါရှိသော ရာမာယဏ (Ramayana) ဇာတ်တော်ပင် ဖြစ်ပါသည်။ ယင်းဇာတ်တော်နှင့် မဟာဘာရတဇာတ်တော် (Mahabharata) နှစ်ခုကို ဗျာသ (Byasa) ရသေ့ကြီးက ရေးခဲ့ခြင်းဖြစ်ပါသည်။
ကျွန်မတို့ မြန်မာပြည်တွင်လည်း ရာမဇာတ်တော်သည် ယခုထက်တိုင် ခေတ်စားလျက်ရှိသည်မှာ အထင်အရှားပင်ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာပြည်သို့ ဟိန္ဒူယဉ်ကျေးမှုလည်း ရောက်ခဲ့ကြောင်းကို သိသာနိုင်ပါသည်။ ယင်းယဉ်ကျေျးမှုတွင် ဗေဒင်အတတ်များလည်း ပါရှိခဲ့သည်ဟု ယူဆမိပါသည်။ သို့ဖြစ်၍ ဗေဒင်အတတ်တွင် ပါရှိနေသော ဂြိုဟ်တိုင်များ၏ မူလရင်းမြစ်သည် ဟိန္ဒူယဉ်ကျေးမှုပင် ဖြစ်မည်ဟု ယူဆမိပါသည်။
( တက္ကသိုလ် ခေမာ-ကျိုက်လတ် )
( မြတ်မင်္ဂလာ ၂၀၀၂-မတ်လ )
Subscribe to:
Post Comments (Atom)
1 comment:
ရာမာယဏကိုရေးတာ ဝါလမိကိ ရသေ့ကြီးလို့ ဖတ်ဖူး မှတ်ဖူး ပါတယ်။ (ပြန်စိစစ်နိုင်အောင်ပါ)(သည် comment ကိုလည်း blogger ဖတ်ပြီးရန် ပြန်ဖျက်လိုက်စေ လိုပါတယ်။)
Post a Comment