Monday, November 16, 2009

( ၃ ) ပူဇော်ထိုက်သူကို ပူဇော်ခြင်း

ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
တရံရောအခါ ရာဇဂြိုဟ်ပြည်ရှိ သူဌေးတဦး၏လယ်တွင် သူဆင်းရဲပုဏ္ဏသည် သူရင်းငှါးအလုပ်ကို လုပ်ကိုင်သည်။ ပုဏ္ဏ၌ ဇနီး-ဘာရိတာ နှင့် သမီး-ဥတ္တရာ တို့ ရှိကြသည်။ သူဌေး၏အိမ်နောက်ဖေး၌ မှီခိုနေထိုင်ကြသည်။

တနေ့သ၌ နက္ခတ်ပွဲသဘင်ကြီး ကျရောက်သည်။ မြို့သူမြို့သားများသည် ပျော်ရွှင်စွာ ဆင်နွှဲကြသော်လည်း ပုဏ္ဏမှာ မဆင်နွှဲ။ လယ်သို့ဆင်း၍ လယ်ထွန်သည်။ ထိုစဉ် အရှင်သာရိပုတ္တရာ ရဟန္တာအရှင်မြတ်သည် ပုဏ္ဏလယ်ထွန်ရာသို့ ကြွလာပြီး ရပ်တော်မူသည်။ ပုဏ္ဏသည် အရှင်မြတ်အတွက် မျက်နှာသစ်ရေနှင့် တံပူကို ဆက်ကပ်လှူဒါန်းပူဇော်သည်။

ထိုအချိန်တွင် ဇနီး-ဘာရိတာသည် ပုဏ္ဏထံ ထမင်းလာပို့သည်။ လမ်းတွင် အရှင်သာရိပုတ္တရာကို ဖူးတွေ့ရာ သဒ္ဓါတရားပေါက်သဖြင့် ပါလာသောထမင်းတို့ကို မထေရ်မြတ်အား လှူဒါန်းပူဇော်လိုက်သည်။ ထမင်းအားလုံးကို ဆက်ကပ်လိုက်သဖြင့် ဘာရိတာသည် အိမ်သို့ တဖန်ပြန်၍ ထမင်းဟင်းချက်သည်။ ပြီးမှ ပုဏ္ဏထံ ထမင်းပို့ရန် ပြန်လာသည်။

အချိန်နောက်ကျသဖြင့် ပုဏ္ဏသည် ထမင်းစားရန် စောင့်မျှော်နေသည်။ ဘာရိတာက အကျိုးအကြောင်း ပြောပြသည်။ ပုဏ္ဏသည် ၀န်တိုခြင်းမဖြစ်။ ဆွမ်းဒါနထူးအတွက် ၀မ်းမြောက်အားရဖြစ်ခဲ့သည်။

ထိုသို့ အရှင်သာရိပုတ္တရာ ရဟန္တာမြတ်အား သဒ္ဓါကြည်ဖြူစွာ ဆွမ်းလှူဒါန်းပူဇော်ရသော အကျိုးကြောင့် ပုဏ္ဏထွန်ခဲ့သော ထွန်ဆိုင်၊ ထွန်ခဲ အားလုံး ရွှေတုံးများအဖြစ်သို့ ကူးပြောင်းသွားလေသည်။

သူဆင်းရဲပုဏ္ဏ မိသားစုသည် သူဌေးဖြစ်သွားကြသည်။ ဘုရင်ကလည်း ပုဏ္ဏကို သူဌေးဘွဲ့ပေး၍ ထပ်မံချီးမြှောက်သည်။ ပုဏ္ဏတို့ မိသားစုသည် ပူဇော်ထိုက်သူကို ပူဇော်ခြင်း တည်းဟူသော မင်္ဂလာကို ကျင့်သုံးသဖြင့် မျက်မှောက်ဘ၀မှာပင် အကျိုးထူးများ ရရှိသွားလေသည်။
အကိုး။ (၁) မဟာဗုဒ္ဓ၀င် (ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ)
(၂) ဓမ္မပဒ၊ ဥတ္တရာဥပါသိကာမ၀တ္ထု)

မင်းယုဝေ

No comments: