Thursday, November 19, 2009

( ၆ ) မိမိကိုယ်ကို ကောင်းစွာ စောင့်ထိန်းခြင်း

မိမိကိုယ်ကို ကောင်းစွာစောင့်ထိန်းခြင်းသည် မင်္ဂလာတပါးဖြစ်သည်။
ရှေးသရောအခါ ဗာရာဏသီမင်းတပါးတွင် သားတထောင်ရှိသည်။ ထိုသားတထောင်ထဲမှ အငယ်ဆုံး မင်းသားသည် မိမိ မင်းမဖြစ်နိုင်ကြောင်း ဆင်ခြင်မိသည်။ နန်းတော်သို့ ဆွမ်းစားကြွလာသော ပစ္စေကဗုဒ္ဓါတို့က သင်-မင်းသား ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်သို့ ခုနစ်ရက်ဖြင့် အရောက်သွားနိုင်လျှင်မူ ထိုပြည်၌ မင်းဖြစ်လိမ့်မည်။ သို့ရာတွင် လမ်းခရီး၌ တောအုပ်တခုကို ဖြတ်သန်းသွားရမည်။ ထိုတောအုပ်၌ ဘီလူးမတို့ရှိသည်။ သူတို့က အာရုံငါးပါးဖြင့် ဖြားယောင်းဖျက်ဆီးကြလိမ့်မည်။ ထိုအာရုံငါးပါးနောက်သို့ မလိုက်ဘဲ မိမိစိတ်ကို စောင့်ထိန်းနိုင်လျှင် သင်-မင်းဖြစ်မည်။ ထိုသို့မဟုတ်က ဘီလူးစားခံရလိမ့်မည်-ဟူ၍ မိန့်တော်မူကြသည်။ မင်းသားလည်း အရှင်မြတ်တို့၏ သတိပေးချက်ကို နာယူကာ အဖော်ငါးဦးနှင့်အတူ တက္ကသိုလ်ပြည်သို့ ထွက်ခွါသွားသည်။

မကြာမီ တောအုပ်သို့ဝင်မိသည်။ ထိုတောအုပ်တွင် ဘီလူးမတို့သည် လူယေင်ဖန်ဆင်းလျက် အဖိုးတန် အ၀တ်တန်ဆာများ ၀တ်ဆင်ထားကြသည်။ သူတို့ကိုတွေ့သောအခါ အဖော်ငါးဦးအနက် တဦးသည် မိန်းမလှဟန် ဖန်ဆင်းထားသော ဘီလူးမ၏အဆင်းကို မတပ်မက်ဘဲမနေနိုင်။ စိတ်ကိုမထိန်းနိုင်။ နောက်ချန်နေရစ်သည်။ ဤတွင် ဘီလူးမက အဆင်းဖြင့် မြူဆွယ်ပြီးလျှင် ထိုသူကို စားလိုက်လေသည်။

ဤသို့ အဆင်းကို တပ်မက်သူအား စားပြီးနောက် ဘီလူးမတို့သည် တေးသံ၊ တူရိယာစသည့် အသံဖြင့် မြူဆွယ်ပြန်သည်။ မင်းသား၏ ကျန်အဖော်လေးယောက်အနက်မှ တဦးမှာ အသံကို တပ်မက်သူဖြစ်သည်။ ထိုသူသည် မထိန်းနိုင်၊ နောက်ချန်နေရစ်ပြန်သည်။ ဘီလူးမတို့က ထိုသူ၏ အကြိုက်ကိုဆောင်ပြီးနောက် စားပြန်လေသည်။
ထို့နောက် အနံ့၊ အရသာ၊ အတွေ့တို့ဖြင့် အမျိုးမျိုး မြူဆွယ်ကြပြန်သည်။ မင်းသား၏ ကျန်အဖော် သုံးယောက်မှာ မထိန်းနိုင်ကြ၊ တယောက်ပြီး တယောက် နေရစ်ခဲ့ရာမှ ဘီလူးမတို့၏ အစာ ဖြစ်သွားလေသည်။

နောက်ဆုံး၌ မင်းသားတဦးတည်းသာ ကျန်တော့သည်။ ဘီလူးမတယောက်က-ဤယောက်ျားသည် အလွန်သတိ ရှိသည်။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို ထိန်းနိုင်သည်။ သို့ရာတွင် ဤသူကို မရ-ရအောင် ဖြားယောင်းမည်။ ဤသူ့အသားကို စားပြီးမှ ပြန်တော့မည်-ဟူ၍ ကြံစည်သည်။ မိန်းမပျိုယောင်ဆောင်လျက် မင်းသားနောက်က ကပ်၍ လိုက်သွားသည်။

ခရီးလမ်းတွင် တွေ့သူများက မေးရာ ဘီလူးမက-ရှေးကသွားသော မင်းသားသည် မိမိခင်ပွန်းဖြစ်သည်ဟု လိမ်ညာပြောဆို၏။ မင်းသားကမူ သူ၏မယား မဟုတ်။ ဘီလူးမ ဖြစ်သည်ဟု ဆို၏။ ခရီးသွားအများစုသည် ဘီလူးမစကားကိုပင် အမှန်ထင်ကြ၏။

နောက်ဆုံးတွင် တက္ကသိုလ်ပြည်သို့ ရောက်သွားသည်။ မင်းသားသည် မြို့တံခါးအနီး ဇရပ်တခု၌ နားနေသည်။ ဘီလူးမက မင်းသား၏ ဘုန်းကံကြောင့် ဇရပ်အတွင်းသို့ မ၀င်နိုင်။ အလွန်လှပသော မိန်းမပျိုအသွင် ဖန်ဆင်းကာ ဇရပ်တံခါး၌ ရပ်နေသည်။

ထိုအခိုက် တက္ကသိုလ်ပြည့်ရှင် ဘုရင်ရောက်လာပြီး ထိုဘီလူးမကိုမြင်လျှင် နှစ်သက်သွားသည်။ မင်းသားက ရှင်းလင်းပြောပြသော်လည်း မနာယူ။ အရှင် ယောက်ျားမရှိသူဖြစ်သည်-ဆိုကာ ဘီလူးမကို သိမ်းပိုက်လိုက်သည်။ မိဖုရားကြီးအရာ၌ ထားလေသည်။

ထိုညမှာပင် ဘုရင်အိပ်ပျော်လျှင် ဘီလူးမသည် မိမိအဖော်တို့ထံသို့သွား၍ ဘီလူးတို့ကိုခေါ်လာခဲ့သည်။ သူသည် ဘုရင်ကို ကိုက်သတ်စားသည်။ ကျန်ဘီလူးတို့က နန်းတွင်းရှိ လူအားလုံးကို စားပစ်ကြသည်။ နံနက်မိုးသောက်သော် အရိုးများပြည့်နှက်နေသော နန်းတော်ကို လူတို့မြင်ကြရသည်။ ထိုအခါမှ မင်းသားကို လေးစားမြတ်နိုး ယုံကြည်သွားကြသည်။ ထိုယောက်ျားသည် သတိ-ပညာနှင့် ပြည့်စုံသည်။ မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်းနိုင်သူ ဖြစ်သည်။ ထိုသူကို မင်းမြှောက်ရသော် ငါတို့တိုင်းပြည် ချမ်းသာ၍ စည်ပင် သာယာ ၀ပြောလိမ့်မည်-ဆိုကာ မင်းသားကို မင်းမြှောက်ကြလေသည်။ မင်းသားသည် မိမိကိုယ်ကို ကောင်းစွာ စောင့်ထိန်းခြင်းတည်းဟူသော မင်္ဂလာကို ကျင့်သုံးလိုက်နာသဖြင့် ဘုရင်အဖြစ်ကို ရရှိသွားလေသည်။
( အကိုး။ ။ ငါးရာ့ငါးဆယ် တေလပတ္တဇာတ် )

မင်းယုဝေ

No comments: