Saturday, November 21, 2009

သေဘေး နှင့် သစ္စာ

ငါဟာ ကိုယ့်ကိုယ်ကို မှတ်မိတဲ့အချိန်၊ တတ်စိနားလည်တဲ့အချိန်ကစပြီး သေစေလိုတဲ့ စေတနာနဲ့ သူတပါးအသက်ကို ပိုးကောင်ကလေးတကောင်ကိုတောင် မသတ်ဖူးပါ။
သူတပါးဥစ္စာကို မြက်၊ ၀ါးခြမ်းလေးကိုတောင် မခိုးယူဖူးပါ။
သူတပါးမယားကို လောဘနဲ့ မကြည့်ရှုခဲ့ဖူးပါ။
လိမ်ညာမပြောခဲ့ဖူးပါ။
သေအရက်ကို မြက်ဖျားလေးနဲ့တောင် မသောက်ခဲ့ဖူးပါ။
ဤမှန်ကန်သော သစ္စာစကားကြောင့် ဘေးကင်းရာအရပ်သို့ ဒီလှေဟာ ပြန်လှည့်ပါစေသတည်း-

ငါးပါးသီလဖြင့် သစ္စာဆိုလိုက်ပါ၏။ သစ္စာဆိုလိုက်သူသည် လှေသူကြီးဖြစ်ပါ၏။ ထိုမျက်မမြင်လှေသူကြီးသည် ရုပ်အဆင်း ချောမောလှပသကဲ့သို့ ဉာဏ်ပညာနဲ့လည်း ပြည့်စုံ၏။ သူသည် အသက် ၁၆-နှစ်အရွယ်ကပင် လှေသူကြီးအလုပ်၌ ကျွမ်းကျင်စွာ လုပ်ကိုင်ခဲ့ပါ၏။ သူစီးလာသောလှေသည် ပျက်စီးလေ့မရှိ။ သူမျက်စိနှစ်ကွင်း အလင်းမရဖြစ်သွားရသည်မှာ သမုဒ္ဒရာ၌ လှေသူကြီးအလုပ်ကို လုပ်စဉ် ဆားငန်ရေ၏ ထိပါးနှိပ်စက်မှုကြောင့် ဖြစ်ပါ၏။

မျက်စိကွယ်သွားချိန်မှစပြီး သူသည် လှေသူကြီးအလုပ်ကို မလုပ်တော့ပါ။ သို့သော် သမုဒ္ဒရာ၌ လှေဖြင့် ကုန်အရောင်းအ၀ယ်လုပ်သူတို့သည် မျက်မမြင် ထိုလှေသူကြီးကို သူတို့လှေ၌ လှေသူကြီး လုပ်ပေးဖို့ တောင်းပန်ကြ၏။ မျက်စိနှစ်ကွင်း အလင်းမရတော့သဖြင့် မလုပ်ပါရစေနဲ့-ဟု အတန်တန် ငြင်းပယ်၏။ ငြင်းပယ်မရသဖြင့် လက်ခံလိုက်ရ၏။ သူတို့သည် လှေဖြင့် သမုဒ္ဒရာကြီးသို့ ပြေးဝင်ကြ၏။ လှေသည် ၇-ရက်တိုင်တိုင် ဘေးရန်ကင်း၏။ ထို့နောက် အချိန်အခါမဲ့ လေကြီး တိုက်ခတ်လာ၏။ လှေသည် ၄-လ ကြာအောင် သမုဒ္ဒရာရေအပြင်မှာ လှည့်လည်ပြီး သမုဒ္ဒရာအမျိုးမျိုးသို့ ရောက်သွား၏။

ခုရမာလီအမည်ရှိ သမုဒ္ဒရာ၌ စိန်တို့ပေါသဖြင့် ထိုသမုဒ္ဒရာမှ စိတ်တို့ကို ရခဲ့ကြ၏။
အဂ္ဂိမာလီအမည်ရှိ သမုဒ္ဒရာ၌ ရွှေတို့ပေါသဖြင့် ထိုသမုဒ္ဒရာမှ ရွှေတို့ကို ရခဲ့ကြ၏။
ဒဓိမာလီအမည်ရှိ သမုဒ္ဒရာ၌ ငွေတို့ပေါသဖြင့် ထိုသမုဒ္ဒရာမှ ငွေတို့ကို ရခဲ့ကြ၏။
ကုသမာလီအမည်ရှိ သမုဒ္ဒရာ၌ ပတ္တမြားညိုရတနာတို့ပေါသဖြင့် ထိုသမုဒ္ဒရာမှ ပတ္တမြားညို ရတနာတို့ကို ရခဲ့ကြ၏။
နဠမာလီအမည်ရှိ သမုဒ္ဒရာ၌ ကြောင်မျက်ရွဲရတနာတို့ ပေါသဖြင့် ထိုသမုဒ္ဒရာမှ ကြောင်မျကျရွဲရတနာတို့ကို ရခဲ့ကြ၏။
မျက်မမြင်လှေသူကြီး၏ အစီအစဉ်အရ ထိုရတနာတို့ကို ရခဲ့ခြင်း ဖြစ်ပါ၏။

ကုန်သည်တို့သည် နဠမာလီ သမုဒ္ဒရာကို လွန်သွားကြသောအခါ ဗလ၀ါမုခ သမုဒ္ဒရာကို မြင်တွေ့ကြ၏။ ထိုသမုဒ္ဒရာ၌ ရေသည် ဆွဲဆွဲပြီး ဘက်ပေါင်းစုံဖြင့် အထက်သို့ တက်၏။ တက်သည့်အခါ ရေသည် ဘက်ပေါင်းစုံမှ ကမ်းပါးပြတ်ရှိသော တွင်းကြီးကဲ့သို့ ထင်ရ၏။ လှိုင်းတက်သည့်အခါ တဖက်၌ ကမ်းပါးပြတ်နဲ့ တူ၏။ ကြောက်စရာအသံသည် နား, နှလုံးသားတို့ကို ဖောက်ခွဲသကဲ့သို့ ဖြစ်၏။ ထိုသမုဒ္ဒရာကို ကုန်သည်တို့ မြင်သွားသဖြင့် ကြောက်လာကြ၏။ လှေသူကြီးကို မေးကြည့်ရာ ဒီဗလ၀ါမုခ သမုဒ္ဒရာကို ရောက်သွားရင် ပြန်လှည့်နိုင်တဲ့လှေဆိုတာ မရှိ။ ဒီသမုဒ္ဒရာက ရောက်လာတဲ့လှေကို နှစ်မြှုပ်ပြီး ဖျက်ဆီးလိုက်တယ်-ဟု လှေသူကြီးက ပြောပြလိုက်၏။

ထိုအခါ လှေပေါ်ရှိ ၇၀၀-သော လူတို့သည် သေရမည် ကြောက်သောကြောင့် အလွန်သနားဖွယ် အသံဖြင့် တပြိုင်နက် အော်ဟစ်ကြ၏။ အ၀ီစိငရဲ၌ ကျက်နေရသည့် သတ္တ၀ါတို့သဖွယ် အော်ဟစ်ကြ၏။

မျက်မမြင်လှေသူကြီးသည် ငါမှတပါး အခြားသူဟာ ဒီလူတွေကို ချမ်းသာအောင် လုပ်ပေးနိုင်မည့်သူမရှိ။ သစ္စာဆိုပြီး ဒီလူတွေ ချမ်းသာအောင် လုပ်မယ်-ဟု ကြံကာ ထိုခရီးသည်တို့ကို ခေါ်ပြီး ဤသို့ ပြောပါ၏။

မိတ်ဆွေတို့ ကျွန်ုပ်ကို အမြန်ဆုံး နံ့သာရေနဲ့ ရေချိုးပေးကြပါ။ အ၀တ်သစ်တွေကို ၀တ်ပေးကြပါ။ ရေအပြည့်ထည့်ထားတဲ့ခွက်ကို စီစဉ်ပြီး လှေဦးမှာ ထားပေးကြပါ။
ထိုမျက်မမြင်လှေသူကြီးသည် လက်နှစ်ဖက်တို့ဖြင့် ရေခွက်ကို ကိုင်ကာ လှေဦးမှာ ရပ်ရင်း အစဦးတွင်ဖော်ပြခဲ့သော သစ္စာစကားကို ဆိုလိုက်ပါ၏။ သစ္စာဆိုပြီး ရေခွက်မှရေကို လှေဦး၌ သွန်းလောင်းလိုက်ပါ၏။ ၄-လကြာ အရပ်တပါးမှာ သွားနေသော ထိုလှေသည် ပြန်လှည့်ကာ တန်ခိုးရှိသူပမာ သစ္စာစကား၏အစွမ်းကြောင့် တရက်တည်းဖြင့် သူတို့နေရာသို့ ပြန်ရောက်သွားပါ၏။ လှေသူကြီးသည် ထိုကုန်သည်တို့အား ထိုရတနာတို့ကို ခွဲဝေ၍ ပေးလိုက်ပါ၏။ နောင်သောအခါ သမုဒ္ဒရာသို့ ထပ်မသွားဖို့နဲ့ ထိုရတနာတို့ဖြင့် ကျေနပ်ဖို့ ပြောလိုက်ပါ၏။

ပညာရှိ မျက်မမြင် လှေသူကြီးသည် ဘုရားအလောင်းတော် ဖြစ်ပါ၏။ (ဇာတ်၊ ဋ္ဌ၊ စတုတ္ထ၊ ၁၄၀)
တကယ့်သေဘေးနဲ့ ကြုံရသည့်အခါ ပညာရှိ ဘုရားလောင်းလှေသူကြီးသည် ငါးပါးသီလကို သစ္စာဆိုပြီး ကယ်တင်ခဲ့ပါ၏။ ငါးပါးသီလကို လုံခြုံအောင် ထိန်းခဲ့သော ဘုရားလောင်း လှေသူကြီးသာ မပါခဲ့ပါလျှင် ထိုခရီးသွား ၇၀၀-အသက်ဆုံးရှုံးကြရပါလိမ့်မည်။ ရတနာတို့လည်း ဆုံးရှုံးကြရပါလိမ့်မည်။ ငါးပါးသီလကား အစွမ်းထက်လှပါ၏။ တန်ခိုးကြီးလှပါ၏။

လူတိုင်းလူတိုင်း ဘ၀၌ အခက်အခဲတို့ကို တွေ့ကြုံရစမြဲ ဖြစ်ပါ၏။ အသက်အန္တရာယ် ရှိစေနိုင်မည့် အခက်အခဲတို့ကိုပင် ကြုံတွေ့ရတတ်ပါ၏။ ထိုအခါ ဘုရားလောင်း မျက်မမြင် လှေသူကြီးပမာ ငါးပါးသီလကို သစ္စာဆိုကာ အားကိုးသင့်ကြပါ၏။ သစ္စာဆိုနိုင်လောက်အောင်လည်း ငါးပါးသီလကို လုံခြံအောင် စောင့်ထိန်းကြရပါမည်။ ငါးပါးသီလကို ခါးဝတ်ကဲ့သို့ အမြဲလုံခြုံအောင် စောင့်ထိန်းနိုင်ကြပါလျှင် တကယ့်အရေး၌ ငါးပါးသီလသည် တကယ့်ကယ်တင်ရှင် ဖြစ်ပါ၏။

( သာမဏေကျော်)

No comments: