Monday, November 16, 2009

( ၅ ) ရှေးကောင်းမှုကံ ရှိခြင်း

ရှေးကောင်းမှုကံ ရှိခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
တရံရောအခါ ဗာရာဏသီပြည်တွင် ထင်းခွေယောက်ျား တဦးရှိသည်။ တနေ့တွင် သူသည် မြို့တံခါးဝအနီးရှိ နတ်ကွန်းတွင် ဘေးမဲ့လွှတ်ထားသော ကြက်များအနက်မှ ထူးခြားသော ကြက်တကောင်ကို တွေ့ရှိသည်။ ထိုကြက်က-ငါ့ကိုသတ်၍ ငါ့ဦးခေါင်းကို စားသူသည် မင်းဖြစ်မည်-ဟု အခြားကြက်တကောင်အား ပြောကြား သည်ကို ထင်းခွေယောက်ျားက ကြားသိသွားသည်။

သို့ဖြင့် သူသည် ထိုကြက်ကို ဖမ်းယူသတ်ဖြတ်၍ အိမ်သို့ယူဆောင်လာသည်။ မယားအား အကျိုးအကြောင်း ပြောပြကာ ကြက်ကို ချက်ခိုင်းသည်။ မယားလည်း ကြက်ကိုချက်ပြီးလျှင် ထမင်းနှင့်အတူ ပေးအပ်သည်။ ထင်းခွေယောက်ျားသည် ချက်ပြီးသော ကြက်ခေါင်းကို ချက်ချင်းမစားသေး။ ဂင်္ဂါမြစ်သို့သွား၍ ရေချိုးပြီးမှ မြစ်ကမ်းဘေးတွင် စားမည်ဟု ရည်မှန်းသည်။ သို့ဖြင့် သူတို့လင်မယားသည် ကြက်သားအိုးနှင့် ထမင်းအိုးကို တောင်းတခု၌ထည့်ကာ ဂင်္ဂါမြစ်သို့ သွားကြသည်။ တောင်းကို မြစ်ကမ်း၌ထားပြီး မြစ်သို့ရေဆင်းချိုးကြသည်။ ထိုစဉ် ရုတ်တရက် လေထန်၍ ရေလှိုင်းတို့ တက်လာသည်။ ကြက်သားဟင်းထည့်ထားသော တောင်းအထိ ရေများ ရောက်လာသဖြင့် တောင်းသည် ရေထဲ၌ မျောပါသွားသည်။ ထင်းခွေယောက်ျား လင်မယားမူ ရေစီးနောက်သို့ မျောပါမသွားအောင် ကြိုးစား ကူးခတ်ပြီးလျှင် ကမ်းသို့ တက်ပြေးရလေသည်။

ထိုစဉ် ကြက်သားဟင်းတောင်းသည် မြစ်ရေအလျဉ်တွင် မျောပါသွားသည်။ မကြာမီ အောက်ဆိပ်၌ ဆင်ကို ရေချိုးပေးနေသော ဆင်ဆရာအနီးသို့ ရောက်သွားသည်။ ဆင်ဆရာသည် တောင်းကို ဆယ်ယူကြည့်သည်။ ထမင်းနှင့် ကြက်သားဟင်း ဖြစ်နေသဖြင့် အိမ်သို့ ယူဆောင်သွားလေသည်။

ဆင်ဆရာကိုးကွယ်သော ရှင်ရသေ့သည် အကြားအမြင်ရသူဖြစ်သည်။ ကြက်သားဟင်း၏ ထူးခြားသောသတ္တိကို သိသဖြင့် ဆင်ဆရာအား ကြက်ခေါင်းကို စားစေသည်။ ရက်အတန်ကြာသော် အခြားတိုင်းပြည်တပြည်မှ မင်းတပါးသည် ဗာရာဏသီပြည်ကို လာရောက်တိုက်ခိုက်သည်။ ဗာရာဏသီမင်းသည် မိမိဘေးဖြစ်မည်ကို စိုးရိမ်သဖြင့် ဆင်ဆရာကို မင်းအသွင် ၀တ်ဆင်စေသည်။ ဆင်းစီး၍ တိုက်ခိုက်စေသည်။ မိမိမူကား ရဲမက် ဗိုလ်ပါများ အကြားတွင် မထင်မရှားအသွင်ဖြင့် သွားလာ၍ စီမံကွပ်ကဲ၏။ ထိုစဉ် ရန်သူများ ပစ်လွှတ်လိုက်သော မြားတစင်းသည် ဗာရာဏသီပြည်မင်းကို ထိမှန်သွားသည်။ မင်းလည်း နတ်ရွာစံသွားသည်။

ဤတွင် ဆင်ဆရာသည် ဘဏ္ဍာတိုက်အတွင်းမှ ရွှေငွေတို့ကို ထုတ်ယူစေကာ ဥစ္စာလိုသူတို့ ရန်သူကို ရွပ်ရွပ်ချွံချွံ တိုက်ကြလော့-ဟု ဆို၍ ရွှေငွေများ ပေး၏။ ရွှေငွေရသူတို့လည်း အားတက်ကာ ဆင်ဆရာနှင့်အတူ ပူးပေါင်း၍ ရန်သူတို့ကို တိုက်ခိုက်သည်။ အောင်မြင်သွားလေသည်။

စစ်ပွဲပြီးသောအခါ မှူးမတ်တို့သည် ဆင်ဆရာကိုပင် တညီတညွတ်တည်း မင်းမြှောက်ကြလေသည်။ ထင်းခွေယောက်ျားသည် ရှေးကောင်းမှုကံ မရှိသောကြောင့် ကြက်သားဟင်းနှင့် ကြံဖန်လွဲသည်။ ဘုရင် မဖြစ်။ ဆင်ဆရာကား ရှေးကောင်းမှုကံ ရှိသောကြောင့် ကြက်သားဟင်းကို မကြံရွယ်ဘဲ ရရှိသည်။ ဘုရင် ဖြစ်သွား လေသည်။
အကိုး။ ငါးရာ့ငါးဆယ် သိရီဇာတ်။

( မင်းယုဝေ )

No comments: