Monday, November 9, 2009

အနည်းငယ်သော ဒါနအကျိုး

ကံတရားသည် စိတ်အဟုန်ပြင်းပြထက်မြက်မှုအပေါ် မူတည်၍ အကျိုးပေး မြန်ဆန်တတ်ပါသည်။ အနည်းငယ်မျှသော ဒါနကုသိုလ်ဖြစ်လင့်ကစား အကျိုးပေးကြီးမားနိုင်ပုံကို မကြာခင်က ကိုယ်တွေ့ကြုံရပါသည်။
စာရေးသူ ပညာဆည်းပူးနေသော သီရိလင်္ကာမှာ ကြောင်ပေါက်စကလေးများကို အထီးဖြစ်လျှင် မွေးမြူတတ်ကြပြီး အမဖြစ်လျှင် စွန့်ပစ်တတ်ကြပါသည်။ အမှိုက်ပုံများ၌ စွန့်ပစ်သောကြောင်များ အစာရှာစားနေကြသည်ကို တွေ့ရတတ်ပါသည်။ မကြာမီက ကြောင်မပေါက်စကလေးတကောင်ကို ကျောင်းဝင်းတွင်း လာ၍ စွန့်ပစ်သွားသည်။ စာရေးသူ၏ အခန်းရှေ့ရှိ တနင်္ဂနွေ သင်တန်းကျောင်း (Sunday School) ကျင်းပသည့် ခါးတ၀က်မျှသာ ကာရံထားသော အခန်းကျယ်ကြီး၏ ကုလားထိုင်တလုံးပေါ်တွင် ကြောင်မလေး ထိုင်နေသည်ကို တွေ့ရပါသည်။ ခဏလာသည့်ကြောင် ထင်ပြီး အမှတ်တမဲ့ နေလိုက်ပါသည်။ ခွေးဟောင်သံ ကြားလျှင် ခုံကြားထဲ ၀င်ပုန်းနေသည်။ ကျန်အအချိန်များတွင် ထိုင်မြဲထိုင်နေသည်ကို နှစ်ရက်မျှ တွေ့ရသောအခါမှ စွန့်ပစ်သော ကြောင်မကလေးမှန်း ရိပ်မိပါတော့သည်။

ဪ-ဒီအရွယ်ကလေးက မိခင်ရင်ခွင်မှာ နို့စို့ပြီး ဆော့ကစားရမယ့်အရွယ်လေး-ဟု စာရေးသူတို့ မွေးမြူဖူးသော ကြောင်ကလေးများ၏ဘ၀နှင့် နှိုင်းယှဉ်ပြီး သနားစိတ် ဖြစ်လာမိသည်။ နို့အနည်းငယ်ဖျော်ပြီး ခွက်သေးသေးလေးတခုထဲ ထည့်တိုက်လိုက်ပါသည်။ ဘီစကစ် ၄-ချပ်မျှကိုလည်း ဘေးမှာ ချထားပေးလိုက်ပါသည်။ ကြောင်မကလေးက အော်လျက် နို့ကို အငမ်းမရ သောက်ပါသည်။ မုန့်များကိုလည်း မြိန်ရေရှက်ရေ စားပါသည်။

အစာမစားရတာ ကြာပါပြီ၊ ဗိုက်ဆာနေတာ ကြာပါပြီ၊ နို့က အရသာရှိလိုက်တာ၊ မုန့်ကလဲ ကောင်းလိုက်တာ၊ ကျေးဇူးတင်ပါတယ်ရှင်-စသည် ပြောနေဟန်ဖြင့် စားလိုက် သောက်လိုက် လုပ်နေပါသည်။ ယခင်နေ့များက ခပ်မဆိတ်နေသည့် ကြောင်မကလေးသည် ယခုအခါ အစာဝသည့်တိုင် တညောင်ညောင်အော်ပြီး စကားအလွန်များသလို ပြုနေသည်။ ဒါကြောင့် သူ့ကို စွန့်ပစ်ကြတာဖြစ်မယ်-ဟုလည်း စာရေးသူ အတွေးပေါ်လာသည်။ တကယ်တော့ နောက်ဆက်တွဲ အကူအညီတောင်းနေသည်လည်း ဖြစ်နိုင်ပါသည်။ သူ့စကားကို မသိတော့ ခက်ပါသည်။

မိုးချုပ်ပြီဖြစ်၍ ခုံအမြင့်တလုံးပေါ်မှာ မျက်နှာသုပ်ပုဝါအဟောင်းကို ခင်းပြီး သူ့အတွက် အိပ်ရာပြင်ဆင်ပေးထားလိုက်သည်။ ထိုသို့ပေးသည့်တိုင် အအော်မရပ်သေးပါ။ စာရေးသူလည်း တံခါးပိတ်ပြီး အိပ်လိုက်ပါတော့သည်။ မနက်စောစော တံခါးဖွင့်တော့ အခန်းထဲ ၀မ်းသာအားရ ပြေးဝင်လာသည်။ အရုဏ်ဆွမ်းစားခါနီးတွင် သူ့အတွက် အရင်နယ်ဖတ်ပြီး ခွက်ထဲထည့်ပေးလိုက်ရာ တိတ်တိတ်ဆိတ်ဆိတ် အားရပါးရ စားပြန်ပါသည်။ နောက်ခွက်တလုံး ထပ်ရှာပြီး နို့ကိုပါ ဖျော်ထည့်ပေးထားလိုက်ပါသည်။

ညက တညလုံး အိပ်ဟန်မတူပါ၊ အဘယ့်ကြောင့်ဆိုသော် ထမင်းစား၊ နို့်သောက်ပြီးမှ သူ့အတွက် ပြင်ဆင်ထားသည့်အခင်းပေါ်မှာ ကွေးကွေးလေး တမနက်ခင်းလုံး အိပ်ပါတော့သည်။ အိပ်ရာကနိုးတော့ ထမင်းထပ်စား၊ နို့သောက်နှင့် ကြောင်မကလေး ပျော်နေပါသည်။

ထိုကြောင်မလေး၏ ပျော်ရွှင်ချမ်းမြေ့ဖွယ် နေ့ရက်များမှာ အဓွန့်မရှည်ပါ။ သုံးရက်မျှသာဖြစ်ပါသည်။ အုပ်ချုပ်သူ သီလမာတာ အကြီးအကဲ၏ အမိန့်ဖြင့် ကျောင်းနှင့်အလှမ်းဝေးရာ အမှိုက်ပုံတခုတွင် စွန်ပစ်ဖို့ ဒကာမတယောက် ကြောင်မကလေးကို လာဖမ်းသွားပါသည်။ စာရေးသူလည်း ကိုယ်တိုင်ကပင် ဧည့်သည်ဖြစ်နေသောကြောင့် စိတ်မကောင်းစွာဖြင့် ကြည့်၍သာနေရတော့သည်။ ကြောင်မကလေးအပေါ် ချစ်ခင်စွာ လှိုက်လှိုက်လှဲလှဲ အရိပ်တကြည့်ကြည့်ဖြင့် ပြုခဲ့သောကုသိုလ်က သုံးရက်မျှသာ ဖြစ်သည်။

ကောင်းဆိုး လောကဓံတရားများကို မြတ်စွာဘုရားပင် မကျန် အားလုံးသောသတ္တ၀ါများ ခံစားကြရသည်။ စာရေးသူသည် မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ ဓမ္မာစရိယတန်းအထိ စာသင်သားဘ၀တလျှောက်လုံး ပရိယတ္တိစာပေများကို ကြောင့်ကြမဲ့ အေးချမ်းစွာ သင်ကြားခဲ့ရသလောက် သီရိလင်္ကာရောက်တော့ ငွေရေးကြေးရေးအတွက် ပူပန်ရပါသည်။ မြန်မာပြည်မှာတုန်းက အခမဲ့ ပညာရေးစနစ်၊ စာမေးပွဲအောင်လျှင် ဆုတောင်ရလိုက်သေးသည်။ ဒီရောက်တော့ ကုန်ကျစရိတ်တွေက အလုံးအရင်း။

ဒါကလည်း ဓမ္မာစရိယဘွဲ့ အခြေခံဖြင့် မဟာဝိဇ္ဇာဘွဲ့အတွက် ၁-နှစ်သာကြာပြီး စရိတ်ကြီးမားလှသည့်လမ်းကို မိမိဘာသာ ရွေးချယ်လိုက်ခြင်းကြောင့်ဖြစ်ပါသည်။ တကယ်တော့ သီရိလင်္ကာမှာလည်း အခမဲ့ ပရိဝေဏပညာရေးစနစ် ရှိပါသည်။ ပရိယတ္တိ သာသနာတော်အတွက် သီရိလင်္ကာအစိုးရက စာသင်သားတိုင်းကို လစဉ် ထောက်ပံ့လှူဒါန်းသည်။ ပရိဝေဏစာသင်သားများ စာတတ်ပြီး အေးချမ်းမှု ရကြပါသည်။ မဟာဝိဇ္ဇာ၊ ဒေါက်တာဘွဲ့များအထိ ရနိုင်ကြပါသည်။ ပရိဝေဏပညာရေးမှ မဟာဝိဇ္ဇာဘွဲ့ရဖို့ အနည်းဆုံး ၇-နှစ် ကြာပါသည်။

တက္ကသိုလ်သို့ပေးသွင်းရမည့် နောက်ဆုံးအရစ်အတွက် ကျောင်းစရိတ် အခက်အခဲဖြစ်နေစဉ် စေတနာရှင်တဦးနှင့် ရုတ်တရက် ကြုံဆုံရပါသည်။ စာရေးသူသည် လူ့ဘောင်တုန်းက ငွေကြေးချောင်လည်သော မိသားစုဝင်ဖြစ်၏။ လူကုံထံတယောက် ဖြစ်လာအောင် ကြိုးစားနိုင်သည့် အခြေအနေပေးမှုများကို စွန့်လွှတ်ပြီး မြတ်စွာဘုရား၏ သာသနာတော်ကို ယုံကြည်မှုအပြည့်ဖြင့် သီလရှင်အဖြစ် ၀င်ရောက်လာသူဖြစ်ပါသည်။

ထို့ကြောင့် မိမိမှာ ရှိသမျှ အခက်အခဲများကို ထုတ်ဖော်ညဉ်းညူ၍ အလှူခံခြင်းမျိုး မပြုပါ။ စေတနာရှင်အား ထိုက်သင့်သလောက် အကျိုးအကြောင်းသာ ရှင်းပြသည်။ စေတနာရှင်က သဒ္ဓါပေါက်ပြီး အလွယ်တကူ ရိုရိုသေသေ၀မ်းမြောက်ဝမ်းသာ ထိုစရိတ်ထက် ပိုလွန်အောင် လှူဒါန်းပါသည်။ အဆင်ပြေသွားပါသည်။

စာရေးသူအနေဖြင့် သီလရှင်ဝတ်သည့်နေ့မှစ၍ ရိုသေစွာဆောက်တည်ခဲ့သော သီလကုသိုလ်လည်း များစွာရှိပါသည်။ နေ့စဉ်ပွားများ အားထုတ်လျက်ရှိသော ဘာဝနာကုသိုလ်များလည်း ရှိပါသည်။ သီတင်းသုံးဖော် သီလရှင်များကို ရိုသေစွာ လှူဒါန်းလေ့ရှိသော ဒါနကုသိုလ်လည်း များစွာရှိပါသည်။ ထိုကုသိုလ်များက စာရေးသူ၏ ဘ၀တလျှောက်တွင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရေးအတွက် အချက်ကျကျအကျိုးပေးကြပါသည်။ စာရေးသူ၏ ကျောင်းစရိတ်အတွက် ဒီတချီ စိတ်ပူပင်သောကရောက်ချိန်မှာတော့ ကြောင်မကလေးအပေါ် ချစ်ခင်ကြင်နာစွာ ပြုစုစောင့်ရှောက်ခဲ့သည့် ကုသိုလ်က ထိပ်ဆုံးက ဦးဆောင်ပြီး ယခင့်ယခင်က ပြုခဲ့သောကုသိုလ်များကပါ စုပေါင်းဝိုင်းဝန်း၍ အကျိုးပေးခြင်းဟု ယူဆမိပါသည်။

ပြုလုပ်အားထုတ်လိုက်သည့် ကာယကံ ၀စီကံ မနောကံတို့သည် အချိန်ကာလ သုံးမျိုး၌ အကျိုးပေးတတ်ပါသည်။ ထို့ကြောင့် သတ္တ၀ါတိုင်း အတိတ်အကုသိုလ်ကံ အကျိုးတို့ကို ပယ်ဖျောက်ရန်နှင့် အနာဂတ်အကျိုးပေးကောင်းများကို တည်ဆောက်နိုင်ရန်အတွက် ပစ္စုပ္ပန်တည့်တည့်မှာ ဒါန၊ သီလ၊ ဘာဝနာတို့ကို အားထုတ်ဖို့ရန် အခွင့်အလမ်းများ ရှိကြပါသည်။ ပစ္စုပ္ပန်ကံကို လိုသလို ပြုပြင်နိုင်ကြပါသည်။ ပစ္စုပ္ပန်ကံကို ကောင်းကံများအဖြစ် ဖန်တီးနိုင်၍ ကောင်းကျိုးများ မပြတ်ရရှိနိုင်ကြပါစေသော်။

( ဒေါ်သစ္စ၀ါဒီ-ခေတ္တ သီရိလင်္ကာ)

No comments: