Monday, November 30, 2009

လူ့အသွင် လူ့အဆင်နှင့် ရဟန္တာ

ကောသလတိုင်းကြီး၏ နယ်စွန်နယ်ဖျား၌ သူပုန်တို့ ထကြွသောင်းကျန်းလာသဖြင့် ကောသလမင်းကြီးသည် သန္တတိအမတ်ကြီးကို သွားရောက်နှိမ်နင်းရန် တာဝန်ပေး၏။ သန္တတိအမတ်ကြီးသည် စစ်သည်ဗိုလ်ပါများနှင့် တကွ နယ်စွန်နယ်ဖျားသို့ သွားရောက်သည်။ သူပုန်တို့ကို အောင်မြင်စွာ တိုက်ခိုက်နှိမ်နင်းပြီးလျှင် နယ်မြေ တခုလုံး တည်ငြိမ်၍ အေးချမ်းသာယာလာစေရန် ဆောင်ရွက်ပေးခဲ့၏။

အောင်ပန်းဆင်၍ နန်းတော်သို့ ၀င်ရောက်လာသော သန္တတိအမတ်ကြီးအား ကောသလမင်းကြီးက အားရ နှစ်သက်လှသဖြင့် ခုနက်တိုင်တိုင် မင်းစည်းစိမ်ကို ခံစားစေ-ဟု ဆုချ၏။ ရုပ်ရည်လက္ခဏာ လှပတင့်တယ်၍ အဆိုအကကောင်းလှသော ကချေသည်မ တယောက်ကိုလည်း ဆုအဖြစ်ပေး၏။

သန္တတိအမတ်ကြီးသည် သေရည်သောက်စား မူးယစ်လျက် စည်းစိမ်ကြီးစွာ ခံစားရင်း ကချေသည်မ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုခံစား၏။ ကချေသည်မကလည်း သန္တတိအမတ်ကြီး စိတ်တိုင်းကျ ဖြစ်စေရန် အထူးတလည် ကြိုးစား၍ ကပြဖျော်ဖြေ၏။ ချစ်ချင်စဖွယ် အမူအရာ အပြောအဆိုတို့ဖြင့် အမတ်ကြီးနှင့် ရင်းနှီးခွင့်ရအောင် ကြိုးစား၏။ ကပြဖျော်ဖြေရာတွင် ကိုယ်ဟန်ကလေး သွယ်သွယ်လျလျဖြင့် လှလှပပ သွက်သွက်လက်လက်ကလေး ကပြနိုင်ရန် အစားအသောက်များကို လျှော့၍ လျှော့၍ စားလာခဲ့ပေသည်။

ဤသို့ နေ့စဉ်ရက်ဆက် တရင်းတနှီး ဆက်ဆံလာခဲ့ရသဖြင့် ဘာမဆို လိုရာရနိုင်နေသော သန္တတိအမတ်ကြီး သည် ကချေသည်မကလေးကိုသာ တမ်းတမ်းစွဲ ဖြစ်လာလေတော့သည်။ မင်းစည်းစိမ်ကြီး ခံစားလာခဲ့၍ ခုနစ်ရက်မြောက်နေ့တွင် သန္တတိအမတ်ကြီးသည် ပြည့်ရှင်မင်းတို့၏ ၀တ်စားတန်ဆာ အပြည့်အစုံ ၀တ်ဆင်ကာ မင်းစီးဆင်တော်ကြီးကို စီးလျက် ရေချိုးဆိပ်သို့ သွား၏။ ထိုခဏမှာပင် ဘုရားရှင်ကလည်း နောက်ပါရဟန်းများ နှင့်တကွ ဆွမ်းခံကြွတော်မူလာရာ သာဝတ္ထိမြို့တော်အ၀င်မှာ ဆုံမိကြ၏။ ထိုအခါ သန္တတိအမတ်ဘုရင်ကြီးသည် ဆင်တော်ထက်ကပင် ဘုရားရှင်ကို ဦးခေါင်းညွတ်၍ ရှိခိုးလိုက်လေသည်။

သန္တတိအမတ်ကြီး ကျော်လွန်သွားသောအခါ ဘုရားရှင် ပြုံးတော်မူသည်။ အရှင်အာနန္ဒာက ပြုံးတော်မူရခြင်း အကြောင်းရင်းကို မေးလျှောက်၏-
အာနန္ဒာ သန္တတိအမတ်ကြီးသည် ငါဘုရား၏တရားတော်ကို ကြားနာရသည့်အဆုံးတွင် ရဟန္တာဖြစ်၍ ကောင်းကင်ထက်မှာပင် ပရိနိဗ္ဗာန်ပြုရလတံ့-ဟု ဘုရားရှင်က မိန့်ကြားတော်မူ၏။

ဘုရားရှင်၏မိန့်ကြားချက်ကို မြို့သူမြို့သား ပရိသတ်များတို့ ကြားသိကြသည်။ ရတနာမြတ်သုံးပါးကို ကြည်ညိုသူနှင့် မကြည်ညိုသူတို့သည် မတူညီသည့် ထင်မြင်ချက်များကို ပေးကြလေသည်။ သန္တတိအမတ်ကြီးသည် ရေချိုးဆိပ်မှာ ရေချိုးပြီးလျှင် ၀တ်စားတန်ဆာ အပြည့်အစုံဖြင့် ဥယျာဉ်တော်သို့ ပြန်လာ၏။ ဥယျာဉ်တော်အတွင်းရှိ သေသောက်ရန် အသင့်ပြင်ဆင်ထားသော နေရာမှာ ထိုင်လျက် သေရည်အမျိုးမျိုးကို ဆက်၍သောက်၏။ အမတ်ကြီး၏ အချစ်တော် ကချေသည်မကလည်း ယနေ့နောက်ဆုံး အခွင့်အရေးရခြင်းဖြစ်၍ ဆထက်ထမ်းပိုးတိုး၍ ကပြဖျော်ဖြေ၏။

ဤတွင် ခုနစ်ရက်တိုင် အစားအသောက်ကို လုံလောက်စွာ မစားခဲ့ရသဖြင့် ၀မ်းထဲမှာ လေသင်တုန်းများ ထကြွမွှေနောက်ကာ မူးဝေလဲကျသွား၏။ သန္တတိအမတ်ဘုရင်ကြီး ရှေ့မှောက်မှာပင် မျက်စိရော ခံတွင်းပါ ဟင်းလင်းပွင့်လျက် သေဆုံးသွား၏။

သန္တတိအမတ်ကြီးသည် အမှန်တကယ် သေဆုံးသွားသည်ဟု မထင်ရက်သေးသဖြင့် စမ်းကြည့်ကြပါဦး-စမ်းကြည့်ကြပါဦး-ဟု တဖွဖွဆိုနေ၏။ မင်းချင်းများက စိတ်ကျေနပ်လောက်အောင် စမ်းသပ်ကြည့်ရှုပြီးလျှင် အရှင်မင်းကြီး-အမှန်တကယ် သေဆုံးသွားပါပြီ-ဟု လျှောက်တင်ကြ၏။
မိမိချစ်မြတ်နိုးလှစွာသော ကချေသည်မကလေး အမှန်တကယ် သေဆုံးသွားကြောင်း သိလိုက်ရသည်နှင့် တပြိုင်နက် သန္တတိအမတ်ကြီးမှာ ထိတ်လန့်တကြား ဖြစ်သွားရ၏။ ခုနစ်ရက်တိုင်တိုင် သောက်စားထားသည့် အရက်သေစာများလည်း သတ္တိပြယ်သွားကြ၏။ ကိုယ်ရောစိတ်ပါ နှစ်ဖြာတွဲလျက်ရှိသော သူ့ခန္ဓာကိုယ်တွင် မူးယစ်ဝေခြင်းအစား စိုးရိမ်ပူဆွေးခြင်းတို့က လျွှမ်းမိုးလာကြ၏။ ခုနစ်ရက်တိုင်တိုင် ခံစားလာခဲ့ရသည့် စည်းစိမ်တွေနဲ့ မကာမိအောင် ပြင်းထန်လှသည့် ဝေဒနာများကို ခံစားရ၏။

ဤသို့ ခံစားရသည့် ဝေဒနာတို့မှ သက်သာရာရအောင် စွမ်းဆောင်ပေးနိုင်မည့် ပုဂ္ဂိုလ်ကို ရှာကြံကြည့်လိုက်သော အခါ နံနက်ခင်းတုန်းက ဖူးမြင်ခဲ့ရသည့် ဘုရားရှင်ကို သတိရာလာ၏။ ထို့ကြောင့် သန္တတိအမတ်ကြီးသည် ထိုနေ့ညနေခင်းတွင် စစ်သည်ဗိုလ်ပါများနှင့်တကွ ဇေတ၀န်ကျောင်းတော်သို့ လာရောက်ကာ ဘုရားရှင်၏ ခြေတော်အစုံ၌ ဦးခိုက်ရှိခိုး၏။ ကချေသည်မကလေး ရုတ်တရက် သေဆုံးသွားရခြင်းကို အကြောင်းပြု၍ မိမိခံစားနေရသည့် စိုးရိမ်သောက ဒုက္ခဝေဒနာတို့ကိုလည်း ထုတ်ဖော်လျှောက်ထား၏။

ဤတွင်ဘုရားရှင်က-
ယံ ပုဗ္ဗေ တံ ၀ိသောဓေဟိ၊ ပစ္ဆာ တေ မာဟု ကိဉ္စနံ။
မဇ္ဈေ စေ နော ဂဟေဿတိ၊ ဥပသန္တော စရိဿတိ။
ဤဂါထာဖြင့် ဟောကြားဆုံးမတော်မူ၏။ ဤဂါထာ၏ မြန်မာအနက်အဓိပ္ပါယ်မှာ-
သန္တတိအမတ်ကြီး-ရှေးအကြောင်းကို စွဲလမ်း၍ ဖြစ်ပေါ်လာသော စိုးရိမ်ပူဆွေးခြင်းကို သုတ်သင်ဖယ်ရှားပါလော့။
နောက်အကြောင်း၌လည်း သင့်အား စိုးရိမ်ပူဆွေးခြင်း မဖြစ်ပါစေနဲ့။
အလယ်ဖြစ်သော ပစ္စုပ္ပန်အကြောင်း၌လည်း စိုးရိမ်ပူဆွေးခြင်းကို မယူပါနဲ့။
ထိုအခါ သင်သည် ငြိမ်းအေးချမ်းသာစွာ နေထိုရပေလတံ့။

ဤသို့ အနက်အဓိပ္ပါယ်ရှိသော ဒေသနာတော်အစဉ်ကို ကြားနာရင်း မိမိစိတ်ကို အတိတ်အာရုံ၊ အနာဂတ်အာရုံတို့ဆီ မရောက်အောင် ထိန်းချုပ်ကာ ဖြစ်ပျက်လက္ခဏာ ထင်ရှားနေဆဲ ပစ္စုပ္ပန်တရား သန့်သန့်ကိုသာ ၀ိပဿနာတင်၍ ဉာဏ်စဉ်အတိုင်း ရှုမြင်ပွားများလာခဲ့ရာ သန္တတိအမတ်ကြီးသည် ၀တ်ဆင်ထားဆဲ လူ့အသွင်၊ လူ့အဆင်တန်ဆာများဖြင့်ပင် ပဋိသမ္ဘိဒါဉာဏ် လေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေသည်။ ထို့နောက် သန္တတိရဟန္တာကြီးသည် မိမိ၏ အသက်အပိုင်းအခြားကို ဆင်ခြင်ကြည့်လိုက်သည်။ သက်တမ်း ကုန်ဆုံးနေသည်ကို တွေ့လိုက်ရသဖြင့် ပရိနိဗ္ဗာန်ပြုခွင့် ပြုပါရန် ဘုရားရှင်အား လျှောက်ထား၏။

ဘုရားရှင်က နံနက်ခင်းတုန်းက သန္တတိအမတ်ကြီး၏ ရှေ့ရေးကို ဟောကြားထားခဲ့သည့် မိန့်ခွန်းတော်နှင့် ပတ်သက်၍ သာသနာတော်ကို မကြည်ညိုသူတို့၏ ပုတ်ခတ်ဝေဖန်မှုများ ကင်းပျောက်သွားစေရန် ၊ သာသနာတော်ကို ကြည်ညိုသူတို့ သဒ္ဓါတရား တိုးပွားသွားစေရန် ရည်သန်တော်မူလျက် ထန်းခုနစ်ဆင့် အမြင့်ကနေ၍ မိမိပြုခဲ့ဖူးသည့် ရှေးကောင်းမှုကို ထုတ်ဖော်ဟောကြားပါလော့-ဟု မိန့်ကြားတော်မူ၏။

သန္တတိအမတ်ကြီးကလည်း ဈာန်အဘိညာဉ်တန်ခိုးဖြင့် ထန်းခုနစ်ဆင့် အမြင့်သို့ တက်ပြီးလျှင် ၀ိပဿီမြတ်စွာဘုရား လက်ထက်တော်တွင် မိမိရာသက်ပန် ဆောင်ရွက်လာခဲ့သည့် နိဗ္ဗာန်ဆော် ကုသိုလ်ကောင်းမှုကို ထုတ်ဖော်ဟောကြား၏။ ဟောကြားချက် ပြီးဆုံးသွားသည်နှင့် တပြိုင်နက် ကောင်းကင်ထက်မှာပင် ပရိနိဗ္ဗာန်ပြုကာ ကိုယ်ခန္ဓာသည် တေဇောဓာတ်လောင်ကျွမ်းကာ ဓာတ်တော်များ ကျလာပေသည်။

စိုးရိမ်ပူဆွေး ကင်းစင်ဝေး-
ဒီဃနိကာယ်၊ မဟာဝဂ်၊ မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ ညွှန်ရုံညွန်ထားသည့် ၀တ္ထုကို ဓမ္မပဒအဋ္ဌကထာမှ ဆောင်ယူဖော်ပြလိုက်ပါသည်။ ယံ ပုဗ္ဗေ တံ ၀ိသောဓေဟိ-စသော ဂါထာမှာ သုတ္တနိပါတ်ပါဠိတော် ၊ အဋ္ဌက၀ဂ်၊ အတ္တဒဏ္ဍသုတ်နှင့် ပါရာယန၀ဂ်၊ ဇတုကဏ္ဏိမာဏ၀ပုစ္ဆာတို့မှာ ပါရှိပါသည်။

မဟာသတိပဋ္ဌာန သုတ္တန်ကြီးအစပိုင်းတွင် သတိပဋ္ဌာန်တရားများ ပွားများအားထုတ်ရခြင်း၏ အကျိုးတရားတို့ကို
သတ္တာနံ ၀ိသုဒ္ဓိယာ-သတ္တ၀ါတို့၏ စိတ်အစဉ်၌ ကိလေသာမယှဉ် ကင်းစင်နေခြင်းငှါ၊
သောကပရိဝေဒါနံ သမတိက္ကမာယ-စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်းမှ ကျော်လွန်ဖယ်ရှားခြင်းငှါ၊
ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ-ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတို့၏ ချုပ်ငြိမ်းခြင်းငှါ၊
ဉာယဿ အဓိဂမာယ-မဂ်လေးတန်ကို လက်ဝယ်ပိုင်ပိုင် ရရှိခြင်းငှါ၊
နိဗ္ဗာနဿ သစ္ဆိကိရိယာယ-နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ-ဟူ၍ ဖော်ပြထားသည်။

ဤသို့ အကျိုးတရား အဆင့်ဆင့်ကို ပြဆိုထားရာတွင် စိုးရိမ်ပူဆွေးခြင်းမှ ကျော်လွန်ဖယ်ရှားနိုင်ပုံကို ဤ၀တ္ထုဖြင့် ဥပမာပြထားပါသည်။
ဓမ္မပဒ အဋ္ဌကထာတွင် သန္တတိအမတ်ကြီးသည် ယံ ပုဗ္ဗေ တံ ၀ိသောဓေဟိ-အစရှိသော ဒေသနာတော်ကို ကြားနာကာ ဒေသနာတော်၏ အဆုံးမှာပင် ရဟန္တာဖြစ်သွားပုံ ဖော်ပြထားသဖြင့် သတိပဋ္ဌာန်နှင့်မဆိုင်ဟု ထင်စရာရှိနေ၏။ သို့ရာတွင် ဘာဝနာလုပ်ငန်းခွင် ၀င်သူတိုင်းသည် ကာယ ဝေဒနာ စိတ္တ ဓမ္မ တည်းဟူသော သတိပဋ္ဌာန်တရား လေးပါးထဲက တပါးပါးကို ပွားများရသည်သာဖြစ်၍ ဤသတိပဋ္ဌာန်တွင် အကျုံးဝင်ကြောင်း အဋ္ဌကထာဆရာကြီးက ရှင်းပြထားပေသည်။

( ၀ဏ္ဏသီရိ )

No comments: