Monday, November 9, 2009

မန္တလေး မစိုးရိမ်တိုက်သစ်

ချီးကျူးဂုဏ်ပြုထိုက်သော ပရိယတ္တိစာသင်တိုက်ကြီးများတွင် ပရိယတ္တိစာပေတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်လျက်ရှိသော မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကြီးသည်လည်း ထိပ်တန်းက ပါဝင်ပေသည်။

မစိုးရိမ်တိုက်သစ်ကြီးသည် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ကြီးမှ ဆင်းသက်ပေါက်ဖွားလာသော ပရိယတ္တိစာသင်တိုက်ကြီး ဖြစ်သည်။ မစိုးရိမ်ကျောင်းတိုက်ကြီးသည် ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တသူရိယ (အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ) ၏ ပင်မသီတင်းသုံးရာကျောင်းတိုက်ကြီးလည်း ဖြစ်သည်။ ပရိယတ္တိစာပေတာဝန်တို့ကို နှစ်ပေါင်းများစွာ ဆောင်ရွက်တော်မူရာကျောင်းတိုက်ကြီးလည်း ဖြစ်သည်။ တပည့်ပေါင်းများစွာတို့ကို ပြုစုပျိုးထောင်ပေးတော်မူရာ ကျောင်းတိုက်ကြီးလည်း ဖြစ်သည်။

ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ကြီးသည် မစိုးရိမ်ကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူလျက် သာသနာ့တာဝန်အသီးသီးတို့ကို ထမ်းဆောင်တော်မူပါသည်။ ဆဋ္ဌသင်္ဂါယနာတင်စဉ်အခါ၌ ၀န်ဆောင်သံဃာအဖွဲ့ကြီး၏ ဥက္ကဋ္ဌတာဝန်များအထိ ထမ်းဆောင်တော်မူခဲ့ပါသည်။

ဆရာတော်ကြီးသည် မင်းကွန်းတိပိဋကဓရ ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသအား မဟာပဋ္ဌာန်းကျမ်းကြီးကို တဖက်ကမ်းရောက် တတ်မြောက်အောင် သင်ပြပေးသော စာချဆရာတဆူ ဖြစ်တော်မူသည်။ ထို့ပြင် အစိုးရ ပထမပြန်စာမေးပွဲ ဓမ္မာစရိယတန်း ပြဋ္ဌာန်းရေးတာဝန်၊ နည်းပြတာဝန်တို့ကို ထမ်းဆောင်သော မစိုးရိမ်ပရိယတ္တိဆရာတော် ဘဒ္ဒန္တစန္ဒောဘာသာဘိဝံသ၏ စာချဆရာတဆူလည်း ဖြစ်တော်မူပါသည်။ ထို့ပြင် ယခု မစိုးရိမ်ကျောင်းတိုက်ကြီး၏ ပဓာန မဟာနာယက ဆရာတော်ကြီးများနှင့် မစိုးရိမ်တိုက်သစ်ကြီး၏ မဟာနာယကဆရာတော်ကြီးများ၏ စာချဆရာတဆူလည်း ဖြစ်တော်မူပါသည်။

ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ကြီး သီတင်းသုံးတော်မူခဲ့ရာ မစိုးရိမ်ကျောင်းတိုက်ကြီးသည် မန္တလေးမြို့ရှိ ပရိယတ္တိစာသင်တိုက်ကြီးများစာရင်းတွင် နှစ်ပေါင်းများစွာပါဝင်ခဲ့သော စာသင်တိုက်ကြီးတတိုက် ဖြစ်သည်။ ယခုနှစ်တွင် ပရိယတ္တိစာသင်သားပေါင်း ၅၇၉-ပါးတို့၏ ပရိယတ္တိစာပေ သင်ယူရာ ကျောင်းတိုက်ကြီးလည်း ဖြစ်ပါသည်။

အဆိုပါ မစိုးရိမ်ကျောင်းတိုက်ကြီးက ဆင်းသက်ပေါက်ဖွားလာသော ယခု မစိုးရိမ်တိုက်သစ်ကြီးသည် လာခြင်းကောင်းသော ပရိယတ္တိစာသင်တိုက်ကြီး ဖြစ်ပါသည်။
မန္တလေး မစိုးရိမ်တိုက်သစ်တွင် ပရိယတ္တိစာပေတာဝန် ထမ်းဆောင်နေကြသော စာချဆရာတော်များသည်လည်း လာခြင်းကောင်းသော စာချဆရာတော်များ ဖြစ်ကြပါသည်။ မစိုးရိမ်တိုက်သစ် စာချဆရာတော်များဖြစ်သော ပဓာန မဟာနာယကဆရာတော်ကြီးများသည် မစိုးရိမ်ကျောင်းတိုက်ကြီးမှ ပြောင်းရွှေ့လာခဲ့ကြသော ဆရာတော်ကြီးများ ဖြစ်ကြပါသည်။

မစိုးရိမ်တိုက်သစ် (ပထမ) ပဓာန မဟာနာယက ဆရာတော်ကြီးသည် စာသင်သားများ ချမ်းချမ်းသာသာဖြင့် ပရိယတ္တိစာပေများကို ကြိုးစားသင်ယူနိုင်ရန် ရည်ရွယ်လျက် တာဝန်များ၊ စည်းကမ်းများကို အတည်ပြု ပြဋ္ဌာန်းပေးလေ့ရှိပါသည်။

မစိုးရိမ်တိုက်သစ်တွင် ပရိယတ္တိစာပေ သင်ယူနေကြသော စာသင်သားများသည်လည်း လာခြင်းကောင်းသော စာသင်သားများ ဖြစ်ကြပါသည်။ မစိုးရိမ်တိုက်သစ်၏ ပြဋ္ဌာန်းစာ၊ သင်ပြစာများသည် အစအဆုံး အရအမိ အတတ်အသိ သင်ယူရသော စာများချည်း ဖြစ်ကြပါသည်။ စာမေးပွဲအောင်ရန်မျှကိုသာ ရည်ရွယ်သော ထုတ်နုတ်စာများ မဟုတ်ကြပါ။

မစိုးရိမ်တိုက်သစ်၏ အရည်အချင်းရှိ ပင်ရင်းတပည့်များသည် အဆိုပါ ကျမ်းစာအမျိုးမျိုးတို့ကို အတန်းအဆင့်အားလျော်စွာ အစအဆုံး သင်ယူဖူးသူများ၊ လေ့ကျက်ဖူးသူများချည်း ဖြစ်ကြပါသည်။

ထို့ပြင် မစိုးရိမ်တိုက်သစ် စာသင်သားများ၏ ရောက်ရှိနေထိုင်ကြပုံသည် မစိုးရိမ်တိုက်သစ်တွင် နေဆဲဖြစ်သော မိတ်ဆွေစာသင်သားတဦးဦး၏ တာဝန်ယူမှုဖြင့် လာရောက်လျှောက်ထား နေထိုင်ကြသူများ ဖြစ်ကြပါသည်။ မစိုးရိမ်ဆရာတော်များကလည်း ဤသို့ လာရောက်လျှောက်ထားနေကြသူများကို ပို၍ နှစ်သက်ကြပါသည်။

မိဘဆရာသမားများ ဒကာ ဒကာမများ၏ တာဝန်ယူမှုဖြင့် လာရောက်လျှောက်ထားနေကြသူများကိုလည်း လက်ခံတော်မူပါသည်။ မစိုးရိမ်တိုက်သစ်၌ နေလို၍ နေခွင့်လျှောက်ထားသော စာသင်သားမှန်သမျှသည် ရောက်ဆဲအတန်းအားလျော်စွာ စာပြန်ခိုင်းခြင်း၊ စာပေသဘောအရ စမ်းသပ်ခြင်းတို့ကို ခံနိုင်ရည် ရှိကြရမည်ချည်း ဖြစ်ပါသည်။

စမ်းသပ်ခံနိုင်ရည် မရှိပါက တပတ်ကြာ နှစ်ပတ်ကြာ သတ်မှတ်ရက်ဖြင့်သာ နေခွင့်ရကြပါသည်။ မိဘ ဆရာသမားများ ဒကာ ဒကာမများ၏ တာဝန်ယူမှုဖြင့် ရောက်လာကြသော အချို့စာသင်သားများတွင် တာဝန်မကျေ စည်းကမ်းမလိုက်နာသူများ ပါလာတတ်ကြပါသည်။ တခါက မိုးကုတ်မှ ဒကာမတဦးသည် သူ၏ရဟန်းကို စာသင်ရန်ရည်ရွယ်လျက် လာရောက်လျှောက်ထားဖူးသည်။ သူ၏ရဟန်းသည် တာဝန်မကျေ၊ စည်းကမ်းမလိုက်နာသူဖြစ်၍ နှင်ဒဏ်မိသွားသည်။ ထိုအခါ ထိုဒကာမသည် သူ၏ရဟန်းကိုပါ တဖန်ခေါ်ဆောင်လျက် အဆင့်မြင့်ကားကြီးဖြင့် ရောက်လာပြန်သည်။

( ပထမ) ပဓာနနာယက ဆရာတော်ကြီးကို ရှိခိုးကန်တော့သည်။ ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုများ ပစ္စည်းများဖြင့် လှူဒါန်းပူဇော်လိုကြောင်း အပြစ်ကို သည်းခံခွင့်လွှတ်တော်မူလျက် တဖန်လက်ခံတော်မူစေလိုပါကြောင်း စသည်တို့ကို သာယာချေငံစွာ လျှောက်ထားသည်။ သူ၏ စကားဆုံးသောအခါ ဆရာတော်ကြီးက လက်ကိုခါ၍ ပြတော်မူသည်။ ထိုဒကာမသည် လှူဖွယ်ရာများကို ပြန်လည်သိမ်းဆည်းလျက် သူ၏ရဟန်းနှင့်အတူ ပြန်သွားရသည်။

လာခြင်းကောင်းသော မစိုးရိမ်တိုက်သစ်ကြီးသည် တည်ခြင်းကောင်းတို့ဖြင့် တည်လျက် စည်ပင်တိုးတက်နေသော စာသင်တိုက်ကြီး ဖြစ်သည်။ မစိုးရိမ်တိုက်သစ်တွင် ကျောင်းပေါင်း ၃၀-ကျော် ရှိပါသည်။
အဆိုပါကျောင်းတို့မှာ-
(၁) ဓမ္မပါလကျောင်း
(၂) ဓမ္မဘာဏက ဆွမ်းစားကျောင်း
(၃) ဓမ္မပါလ ဆွမ်းစားကျောင်း
(၄။ ဓမ္မဘာဏကကျောင်း
(၅) ဓမ္မဓိပတိကျောင်း
(၆) ဓမ္မ၀ိနယရံသီကျောင်း
(၇) ဓမ္မ၀ိနယဆွမ်းစာကျောင်း
(၈) ဓမ္မကာယကျောင်း
(၉) ဓမ္မသိဒ္ဓိကျောင်း
(၁၀) ဓမ္မဒါနကျောင်း
(၁၁) ဓမ္မဂါရ၀ကျောင်း
(၁၂) ဓမ္မသမိဒ္ဓိကျောင်း
(၁၃) ဓမ္မသမိဒ္ဓိဆွမ်းစားကျောင်း
(၁၄) ဓမ္မသီတဂူကျောင်း
(၁၅) ဓမ္မဝေဒဂူကျောင်း
(၁၆) ဓမ္မဝေဒဂူဆွမ်းစားကျောင်း
(၁၇) ဓမ္မဒီပဆွမ်းစားကျောင်း
(၁၈) ဓမ္မဒီပကျောင်း
(၁၉) ဓမ္မသီတလကျောင်း
(၂၀) ဓမ္မကာမကျောင်း
(၂၁) ဓမ္မကာမဆွမ်းစားကျောင်း
(၂၂) ဓမ္မသုခကျောင်း
(၂၃) ဓမ္မ၀ိမုတ္တိရသကျောင်း
(၂၄) ဓမ္မဒါယာဒကျောင်း
(၂၅) ဓမ္မပါရဂူကျောင်း
(၂၆) ဓမ္မာဘိမတသောဘိဏီသိမ်ကျောင်း
(၂၇) ဓမ္မယာနကျောင်း
(၂၈) ဓမ္မသဟာယကျောင်း
(၂၉) ဓမ္မသဟာယဆွမ်းစားကျောင်း
(၃၀) ဓမ္မဋ္ဌာနကျောင်း
(၃၁) ဆောက်လုပ်ဆဲ ဓမ္မမဟိဒ္ဓိကျောင်း (ဆွမ်စားကျောင်းတော်ကြီး) တို့ ဖြစ်ကြပါသည်။

ထိုတွင် (၉) (၁၉) နှစ်ကျောင်းသည် ပဓာန မဟာနာယကကြီးများ သီးခြားသီတင်းသုံးရာ ကျောင်းများ ဖြစ်ကြပါသည်။ ကျန်သော ၂၉-ကျောင်းတို့သည် စာချ စာသင်တို့နေသော ကျောင်းများဖြစ်သည်။
ကျောင်းအသီးသီး၌ တလုံးတင်ရေအိုးစင်များမှစ၍ ဆယ်လုံး ဆယ့်ငါးလုံးတင် ရေအိုးစင်များ ရေချိုးကန်များ တရုတ်တည်ပင် ပိတောက်ပင်စသော အရိပ်ပင် ပန်းပင်များနှင့် အရိပ်ပင်များအောက် တည်ဆောက်ထားသော နားနေပျဉ်ခင်း ကွပ်ပျစ်များ အသီးသီး ရှိကြပါသည်။

ဓမ္မဒီပကျောင်းအရှေ့ဘက်တွင် ၁၃၄၄-ခုနှစ်က တန်ဖိုးငွေပေါင်း ၄၅၄၈၈၆၊ ၅၀ါးတို့ကို သုံးစွဲ၍ တည်ဆောက်ပြီးစီးခဲ့သော တစ်တိုင်ပတ်လည် မြည်သံကျယ် မျှော်စင်နာရီကီးတလုံး (နာရီစင်ကြီးတခု) ရှိပါသည်။ ဆက်သွယ်ရေးဖုန်း သုံးလုံး (ဓမ္မကာယ-၀၂-၂၆၇၆၂။ ဓမ္မာဓိပတိ-၀၂-၃၈၀၁၇။ ဓမ္မဘာဏက-၀၂-၂၆၉၁၁) ရှိသည်။ ကွန်ပျူတာ လေးခုရှိသည်။

မစိုးရိမ်တိုက်သစ်ကီးတွင် ၁၃၆၀-ပြည့်နှစ်၌ ၀ါဆိုသံဃာ ၂၄၇၉-ပါးရှိသည်။ စာချဆရာတော်ပေါင်း ၄၈-ပါးခန့်ရှိသည်။ ထို ၄၈-ပါးတို့တွင် ပဓာနနာယကဆရာတော်ကြီး ၃-ပါး၊ မဟာနာယကဆရာတော် ၁၀-ပါး၊ စာချအဖွဲ့ဝင် နာယကဆရာတော် ၃၅-ပါးခန့်တို့ ပါဝင်ကြသည်။

ထိုတွင် ပဓာနမဟာနာယကဆရတော်ကြီး ၃-ပါးဆိုသည်မှာ-
(၁) ဓမ္မကာယ ဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ
(၂) ဓမ္မဒီပ ဆရာတော် ဘဒ္ဒန္တနာယကာဘိဝံသ
(၃) ဓမ္မဒါယာဒ ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ တို့ဖြစ်သည်။

မဟာနာယက ဆရာတော် ၁၀-ပါးဆိုသည်မှာ-
(၁) ဦးဝါသေဋ္ဌာဘိသံသ-ဓမ္မသမိဒ္ဓိကျောင်း
(၂) ဦးကေသရာဘိဝံသ-ဓမ္မဘာဏကကျောင်း
(၃) ဦးဝိလာသာဘိဝံသ-ဓမ္မယာနကျောင်း
(၄) ဦးသုစိတ္တာဘိဝံသ-ဓမ္မသီတဂူကျောင်း
(၅) ဦးဣန္ဒကာလင်္ကာရာဘိဝံသ-ဓမ္မဒီပကျောင်း
(၆) ဦးတိက္ခန္ဒြိယာဘိဝံသ-ဓမ္မဂါရ၀ကျောင်း
(၇) ဦးသူရိယာဘိဝံသ-ဓမ္မကာမကျောင်း
(၈) ဦးဓမ္မသီလိတာဘိဝံသ-ဓမ္မပါလကျောင်း
(၉) ဦးပညိန္ဒာဘိဝံသ-ဓမ္မ၀ိနယရံသီကျောင်း
(၁၀) ဦးကုသလာဘိဝံသ-ဓမ္မဋ္ဌာနကျောင်းတို့ဖြစ်သည်။

အဆိုပါ စာချဆရာတော်များတွင် (တတိယ) ပဓာနနာယက ဆရာတော်နှင့် (၁)မဟာနာယကဆရာတော်တို့သည် စာချဆရာတော်များ ဖြစ်သကဲ့သို့ တရားဟောဆရာတော်များလည်း ဖြစ်ကြပါသည်။
(၃) (၄) မဟာနာယကဆရာတော်တို့သည် စာချဆရာတော်များ ဖြစ်သကဲ့သို့ ကျမ်းပြုဆရာတော်များလည်း ဖြစ်ကြပါသည်။

စာချအဖွဲ့ဝင် နာယကဆရာတော် ၃၅-ပါးခန့်ဆိုသည်မှာ (၁) ဦးစန္ဒာဝရ (အစိုးရဓမ္မာစရိယနှင့် မစိုးရိမ်ဓမ္မာနုဂ္ဂဟဓမ္မာစရိယ) အစရှိသော တွဲဖက် စာချဆရာတော်များ ဖြစ်ကြပါသည်။ တွဲဖက် စာချဆရာတော်များသည် တိုက်တာတာဝန်၊ ကျောင်းတိုက်တာဝန်များကိုလည်း ဆောင်ရွက်တော်မူကြရပါသည်။ သကျသီဟ စာမေးပွဲကျမ်းပြီးသော အရှင်မြတ်များ၊ သကျသီဟ စာသင်တန်းအောင်သော အရှင်မြတ်များနှင့် အစိုးရစာမေးပွဲ ဂုဏ်ထူးဆောင် (ပ-ဒု-တ) ဖြင့်အောင်သော အရှင်မြတ်တို့အား ဂုဏ်ပြုပူဇော်ရေးအတွက်လည်း ဆောင်ရွက်ကြရပါသည်။

ထို့ပြင် သီတင်းကျွတ်လပြည့်နေ့၌ ပဓာန မဟာနာယက၊ မဟာနာယက ဆရာတော်တို့အား ကန်တော့ပွဲူပူုဇော်ပွဲအတွက်လည်း စီမံကြရပါသည်။ သီတင်းကျွတ်လ ပထမပတ်ထဲတွင် နှိုးဆော်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ လက်ခံခြင်းတို့ကို စတင်ဆောင်ရွက်ကြရပါသည်။
( ရှေ့လဆက်ရန်)

( မစိုးရိမ် စာသင်သား)

1 comment:

ktmyint said...

thank you for the most valuable and priceless information about the great 'masoeyein kyaung'. thadu, thadu, thadu. and may all beings be happy and peaceful.