Monday, November 2, 2009

သာဓုနရ တရား လေးပါး

ဇာတ်ကြီးဆယ်ဘွဲ့သည် မြန်မာစပေ၊ မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါသော အခန်းက ပါဝင်သည်။ မြန်မာဗုဒ္ဓဘာသာတို့သည် ဇာတ်ကြီးဆယ်ဘွဲ့ကို အလွန်နှစ်သက်မြတ်နိုးကြသည်။ ထိုသို့ နှစ်သက်မြတ်နိုးထိုက်အောင်လည်း ဇာတ်ကြီးဆယ်ဘွဲ့သည် ထူးခြားကောင်းမွန်လှသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်နှင့်အမျှ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ အသိအလိမ္မာ တိုးပွားရေး၊ ဉာဏ်ပညာ ရင့်သန်ရေး၊ အတွေးအခေါ် မှန်ကန်ရေးတို့ကို များစွာ အထောက်အကူပြုနိုင်ခဲ့သည်။

ယခု ဇာတ်ကြီးဆယ်ဘွဲ့လာ ၀ိဓူရဇာတ်တော်၌ ဖောပြထားသော သာဓုနရတရား လေးပါးကို တင်ပြလိုပါသည်။ ထိုတရားလေးပါးမှာ ဘုရားလောင်း ၀ိဓူရအမတ်ကြီးက ပုဏ္ဏကဘီလူးအား ဟောကြားခဲ့သော တရားလေးပါး ဖြစ်သည်။
ယင်းတို့မှာ-
၁။ ရှေးဦးစွာသွားသောသူ၏နောက်သို့ အစဉ်လိုက်လော့။
၂။ စွတ်သောလက်ကိုလည်း မခြောက်စေလင့်။
၃။ အဆွေခင်ပွန်းကောင်းကို မပြစ်မှားရာ။
၎။ ယုတ်သောမိန်းမတို့၏ အလိုသို့ မလိုက်ရာ-ဟူ၍ ဖြစ်သည်။
ဤကား အကျဉ်းဖြစ်သည်။

အကျယ်ဖွင့်ဆိုရသော်-
ပထမတရားမှာ-(၁) တစုံတယောက်သည် အသိအကျွမ်းလည်း မဟုတ်ဘဲလျက် မြင်ဖူးတွေ့ဖူးခြင်းလည်း မရှိဘဲလျက် မိမိအား နေရာပေးခြင်း၊ အစားအသောက်ကျွေးခြင်း စသည်တို့ကို ပြုလုပ်ငြားအံ့၊ ထိုပြုလုပ်သူကို မိမိကလည်း ထိုသူပြုသကဲ့သို့ အတုံ့အလှည့် ပြန်၍ ပြုရာ၏။ ဤသို့ မိမိအား စတင်၍ ကျေးဇူးပြုပေးသောသူကို တုံ့ပြန်ပြုလုပ်ခြင်းသည် ရှေးဦးစွာသွားသောသူ၏ နောက်သို့ အစဉ်လိုက်ခြင်း မည်၏။

ဒုတိယတရားမှာ-(၂) တစုံတယောက်၏ အိမ်၌ တညဥ့်မျှ တည်းခိုဖူးအံ့။ ထမင်းတလုပ်၊ ရေတမှုတ်မျှ စားသုံးဖူးအံ့။ ထိုသူအား အကျိုးမဲ့အောင် ပြုရန်ဝေးစွ၊ စိတ်မျှဖြင့်ပင် အကျိုးမဲ့အောင် မကြံစည်ရာ။ ဤသို့ ကျေးဇူးရှိသူအား အကျိုးမဲ့ဖြစ်အောင် မပြုခြင်းသည် စွတ်သောလက်ကို မခြောက်စေခြင်းမည်၏။

တတိယတရားမှာ-(၃) သက်ရှိလူကို မဆိုထားဘိ၊ သက်မဲ့ဖြစ်သော သစ်ပင်ကိုပင် သူ့အရိပ်ခိုဖူးက သူ့အခက်ကို မချိုးမဖျက်ရာ။ ဤသို့ အရိပ်နေ၍ အခက်ချိုးမှု မပြုခြင်းသည် အဆွေခင်ပွန်းကောင်းကို မပြစ်မှားခြင်း မည်၏။

စတုတ္ထတရားကား-(၄) ငါ့ကိုသာချစ်သည်။ ငါမှတပါး အခြားသူကို မချစ်ဟု ဆိုသောမိန်းမအား ရွှေငွေ ဥစ္စာ အမြောက်အမြား ပေးထားသော်လည်း အကျင့်စာရိတ္တ မကောင်းသော မိန်းမဖြစ်က အခွင့်ရလျှင် ဖောက်ပြန်တတ်သည်သာဖြစ်သည်။ ဤကဲ့သို့ အကျင့်မကောင်းသည့် မိန်းမ၏ အလိုကို လိုက်ပြီး မကောင်းမှုကို မပြုရာ။ ဤကဲ့သို့ မပြုခြင်းသည် ယုတ်သောမိန်းမတို့၏ အလိုကို မလိုက်ခြင်း မည်၏။

ဤသာဓုနရတရားလေးပါးသည် အလွန်တန်ဖိုးရှိလှသည်။ ဤတရားတို့ကို ကြားနာရသောအခါ ပုဏ္ဏကသည် ဉာဏ်အလင်းရသွားသည်။ အမြင်မှန်ရသွားသည်။ စင်စစ် ဤတရားလေးပါးသည် ပုဏ္ဏကအတွက်သာမက ကျွန်ုပ်တို့အတွက်ပါ အဖိုးတန်သော တရားများ ဖြစ်ပေသည်။ ထို့ကြောင့် သုဓုနရ တရားလေးပါးကို ခံယူကျင့်သုံးခြင်းဖြင့် ဘ၀အောင်ပန်းကို တက်လှမ်းနိုင်ကြစေရန် တင်ပြအပ်ပါသည်။

No comments: