Tuesday, November 17, 2009

ကိုယ်ချင်း စာနာတတ်ခဲ့ပြီ

ဦးအေးညိုသည် ဟိုက်-ခနဲဖြစ်သွားကာ လေပြင်းအဝှေ့တွင် ကျိုး၍ပါသွားသော ထီးရွက်နောက်သို့ လိုက်ကြည့်မိသည်။ လေကြမ်းက အရှိန်ပြင်းပြင်းနှင့် ဝှေ့ကာဝှေ့ကာ သယ်ဆောင်သွားမှုကြောင့် ထီးရွက်သည် ဦးအေးညိုရောက်နေသော ကွင်းလယ်ထဲမှ လမ်းသွယ်နှင့် တော်တော်ဝေးသည့် ကားလမ်းမပေါ်သို့ ရောက်သွားသည်။ ထိုစဉ် ထီးရွက်ကပွင့်လျက် အရှိန်ပြင်းပြင်းနှင့် မောင်းနှင်လာသော ကုန်ကားကြီးကပါ ဖြတ်ကြိတ်သွားပြန်သည်။ ဦးအေးညိုသည် လက်ထဲတွင် ကိုင်လျက်သား ကျန်ခဲ့သည့် ထီးရိုးကိုကြည့်ကာ စုတ်ပြတ်ကျိုးကြေသွားသော ထီးရွက်တို့ကို ကျောခိုင်းရန် နှမြောသလို ဖြစ်သွားမိသည်။ ဒီထီးက ဒီနေ့မှ ရလာခြင်းပင်။ ဒါပေမဲ့ ၀ယ်လာတာတော့ မဟုတ်ခဲ့ပါ။ ဒီထီးရလာပုံက-

ဦးအေးညိုသည် ပျံကျအလုပ်သမားတဦးပင်။ ဒီနေ့အဖို့ လုပ်ငန်းစောစီးစွာပြီးသဖြင့် ပြန်လာခဲ့သည်။ ဦးအေးညိုသည် ဒိုင်နာလိုင်းကား၏ နောက်ဘက် အပေါက်နားတွင် နေရာရလာခဲ့သည်။ မိမိနေထိုင်ရာရပ်ကွက်သည် မြို့သစ်တခု၏ အစွန်ဆုံးတွင် ဖြစ်သည်။ မိမိဆင်းမည့် မှတ်တိုင်နှင့် ၂-မှတ်တိုင်၊ ၃-မှတ်တိုင်ခန့်အလိုတွင် မှတ်တိုင်တခုမှ တက်လာသော မိန်းမငယ်ကလေး တဦးသည် ကားပေါ်တွင် ထီးတဖက်ကိုင်လျက် ဒယီးဒယိုင်ဖြင့် လဲပြိုလုလု ဖြစ်နေသည်။ ထို့ကြောင့် သူ့လက်မှထီးကို ကူကိုင်ပေးလိုက်သည်။

နောက်မှတ်တိုင်တခုအရောက်တွင် စက်ရုံမှ အလုပ်သမလေးများ ၀န်ထမ်းများ တက်လာသည်။ ထိုအခါ ထီးရှင်မိန်းကလေးသည် တရွေ့ရွေ့ ရွေ့ပြီး ဦးအေးညိုနဲ့ အတော်ကွာကာ မျက်ခြည်ပြတ်သွားလေသည်။
ထိုအချိန်တွင် ဦးအေးညိုသည် လက်ထဲမှ ထီးကိုငုံ့ကြည့်လျက် အိမ်မှ သားငယ် သမီးငယ်တို့၏ အဖြစ်ကို မြင်ယောင်မိသည်။ မိုးရေထဲတွင် ထီးမရှိမှုကြောင့် တနေရာရာကို သွားတိုင်း ဦးအေးညို၏ ပုဆိုးကို ခေါင်းမြီးခြုံပြီး ပြေးတတ်ကြသည်။ ရှိခဲ့ဖူးသော တချောင်းတည်းသော ထီးမှာလည်း မကောင်းတော့ပေ။ ကိုင်းကျိုးသည်က ကျိုး၊ ထီးလက်ကိုင်တို့လည်း မရှိနှင့် ဖြစ်နေသည်။ ယခုလက်ထဲတွင် ကိုင်ပေးထားသော ထီးလေးမှာ အဆင်အသွေး တော်တော်လှသည့် ၃-ဆစ်ချိုး ထီးကလေးဖြစ်သည်။

ထိုအချိန်တွင် ဦးအေးညို ဆင်းရန်မှတ်တိုင်သို့ ရောက်လာသည်။ ထီးပိုင်ရှင်ကလေးမကို လိုက်ရှာကြည့်မိသည်။ ကားတွင်း၌ လူတို့ ပြည့်ကျပ်နေသဖြင့် ထိုကလေးမကို မတွေ့ရပေ။ ဦးအေးညို ကားပေါ်ကဆင်းလာသည်နှင့် မိုးကလည်း ရွာချသည်။ မိမိအိမ်သည် မြို့သစ်တခု၏ အစွန်အဖျားရှိ မြစ်ကမ်းနားတွင် တည်ရှိသည်။ အိမ်သို့ရောက်ရန် မြေရိုင်းကွင်းများ လယ်ကွက်များကြားရှိ လမ်းသွယ်လေးပေါ်တွင် အတော်လျောက်ပြီးသွားမှ ရောက်နိုင်သည်။ အခုလို မိုးသည်းသော အခါများ၌ လမ်းက ဝေးလွန်းလှသည်ဟု ထင်ရမြဲပင်။ ခုတော့ ထီးကအဆင်သင့်မို့ ဖွင့်ဆောင်းကာ ခပ်လေးလေးပင် လျှောက်ခဲ့သည်။

မိုးက သည်းလွန်းသဖြင့် ထီးပိုင်ရှင် မိန်းကလေးတော့ မည်သို့ဖြစ်နေမည်မသိ-ဟု စိတ်ထဲကတွေးမိသည်။ ထိုစဉ် မမျှော်လင့်ဘဲ လေကပါ ကြမ်းလာသည်။ ကွင်းလယ်အရောက်တွင် လေကြမ်းသုတ်နှင်လိုက်မှုကြောင့် ထီးမှာ ထီးရွက်လန်ပြီး ထီးရိုးတဆစ်မှစ၍ ပြုတ်ကာ လေနှင့်အတူ ပါသွားသည်။ လွင့်ကာလွင့်ကာ ပါသွားပြီး ကားလမ်းစပ်အပေါ် အရောက်တွင်မတော့ ဘယ်လိုမှ ပြန်ရစရာလမ်းမရှိအောင် ဆုံးသွားတော့သည်။ ဟင်းခနဲ သက်ပြင်းချကာ အိမ်သို့ဆက်ပြန်ခဲ့သည်။

အိမ်တဲဝအရောက်တွင်မတော့ ဟိုက်-ခနဲ ဖြစ်သွားသည်။ အဖြစ်အပျက်ကိုကြည့်ကာ ပို၍ အံ့သြမှင်တက်မိနေသည်။ ဦးအေးညို၏ တဲကား အခြားတဲများ၏ အစွန်ဆုံးတွင် ဖြစ်သည်။ ထို့ကြောင့် တဲကလေးသည် စောစောကလေဒဏ်ကို အတော်ခံစားခဲ့ရပုံကို မြင်ရုံဖြင့် သိနိုင်သည်။

ဦးအေးညို၏ တဲခေါင်မိုးတခုလုံးမှာ လေဒဏ်ကြောင့် အထပ်လိုက်လန်ကာ မြေပေါ်သို့ ပြုတ်ကျနေသည်။ ပြုတ်ကျနေသော ခေါင်မိုးဖက်တန်းများကို ပြုပြင်၍ရအောင် ဇနီးနှင့် သမီးကြီးက အတင်း စုစည်း ပြင်ဆင်နေကြသည်။ သားငယ်နှင့် သမီးငယ်မှာ အိမ်တွင်းမှ ရှိစုမဲ့စုပစ္စည်းများကို ထောင့်အကွယ် တနေရာတွင် စုပုံပြီး ဖျာစုတ်များနှင့် ဖုံးအုပ်နေကြသည်။

အနီးအပါးမှ တဲအိမ်များမှာ ဦးအေးညို၏ တဲအိမ်လောက် မည်သည့်တဲအိမ်ကမျှ ဆိုးရွားခြင်း မရှိပေ။
တချို့ အနီးအပါးအိမ်များမှ လူများကလည်း ဦးအေးညိုတို့အိမ်ကို ကွက်ကြည့် ကွက်ကြည့်ဖြင့် လုပ်နေကြသည်။ ရှက်လည်းရှက်၊ စိတ်လည်းညစ်နှင့် ဘာကိုစလုပ်ရမည်ကို စဉ်းစားနေသည်။ ထိုစဉ် ထီးပျောက်သွားသည့် မိန်းကလေးမှာ ကားပေါ်ကဆင်းလျှင် မိုးရေထဲ မိန်းမသားတန်မဲ့ ထီးမရှိသူအဖြစ် လူအများကြား ရှက်ရွံ့ရရှာတော့မည်။ ထို့ပြင် ထီးပျောက်၍ စိတ်မကောင်း၊ စိတ်ညစ်နေမည့်ပုံကို မြင်ယောင်မိသည်။

ဦးအေးညို၏စိတ်တွင် သူတပါးပစ္စည်းကို မတော်လောဘဖြင့် စိတ်ရိုင်းတချက်ဝင်၍ အညှာတာ ကင်းစွာ ပြုမိခဲ့ခြင်းအပေါ် ယခု မိမိအိမ်၊ မိမိမိသားစုလိုက် ခံစားရသည့် အခက်အခဲဒုက္ခနှင့် ယှဉ်ကာ တွေးမိသွားသည်။ ထီးပိုင်ရှင် မိန်းကလေးအပေါ် ကိုယ်ချင်းစာနာ သနားစိတ်ဝင်ကာ မိမိပြုမူခဲ့သည့် လုပ်ရပ်ကို တသက်တာ အတွက် နောင်တရသွားလေတော့သည်။

( ဆူးပန်နီ )

No comments: