Friday, November 20, 2009

( ၇ ) အကြားအမြင်များခြင်း

အကြားအမြင်များခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ ကြီးပွားခြင်း၏ အကြောင်းတရပ် ဖြစ်သည်။
တရံရောအခါ ကုသ၀တီပြည်၌ မဟာသမ္မတမင်း စိုးစံသည်။ ထိုမင်းလက်ထက်တွင် ပုဏ္ဏား ၇-ယောက်တို့သည် အဆွေခင်ပွန်း ဖွဲ့ကြပြီးလျှင် အမြို့မြို့အရွာရွာသို့ လှည့်လည်ကြသည်။ ဗေဒင်လက္ခဏာဟော၍ စီးပွားရှာကြသည်။ ရသောငွေတို့ကို စုဆောင်းထားကြရာ အသပြာငါးရာ စုဆောင်းမိသည်။ အသပြာ ၇၀၀-ပြည့်မှ ခွဲဝေယူကြရန် သဘောတူကြသည်။ ရရှိထားသော အသပြာငါးရာကို သူဆင်းရဲမတယောက်ထံ၌ အပ်နှံထားသည်။

သူဆင်းရဲမအား ဤအသပြာငါးရာကို အသင်-ကောင်းစွာ သိမ်းဆည်းထားပါ။ ငါတို့ ၇-ယောက် စုံစုံညီညီ လာရောက်တောင်းမှ ပေးပါ။ ၇-ယောက်မပြည့်ဘဲ လာတောင်းလျှင် မပေးပါနဲ့-ဟူ၍ မှာကြားထားသည်။
ထို့နောက် ပုဏ္ဏား ၇-ယောက် အတူထွက်ခွာသွားကြသည်။ သူဆင်းရဲမ၏ အိမ်နှင့် မနီးမဝေး လှမ်း၍ ခေါ်သံကြားလောက်သော အရပ်ရှိ ချောင်းတခုတွင် ပုဏ္ဏားတို့ ဘာသာဘာဝ ဦးခေါင်းဆေးမင်္ဂလာပြုရန် ပြင်ဆင်ကြသည်။

တရော်ကင်ပွန်း မပါသဖြင့် အတူပါလာသော ပုဏ္ဏားငယ်တယောက်အား သူဆင်းရဲမထံ သွား၍ တရော်ကင်ပွန်း တောင်းရန် စေလိုက်သည်။
ပုဏ္ဏားငယ်သည် ရိုးဖြောင့်သူ မဟုတ်။ သူဆင်းရဲမထံ ရောက်သောအခါ တရော်ကင်ပွန်းကိုသာမက အသပြာ ငါးရာကိုပါ တောင်းလေသည်။

သူဆင်းရဲမကလည်း ၇-ယောက်မပြည့်သဖြင့် မပေးပေ။ ပုဏ္ဏားငယ်က ကျွန်ုပ်ကို မယုံသော် ကျန်ပုဏ္ဏားကြီး တို့အား အော်ဟစ်၍မေးလော့-ဟု ပရိယာယ်ဖြင့်ဆိုသည်။ သူဆင်းရဲမကလည်း အရှင်ပုဏ္ဏားကြီးတို့ အပ်ခဲ့သော ဥစ္စာကို ပေးလိုက်ရမည်လော-ဟုအော်ဟစ်၍ မေးသည်။ ပုဏ္ဏား ၆-ယောက်တို့ကလည်း တရော်ကင်ပွန်းကို မေးသည်ထင်၍ ပေးလိုက်ပါ-ဟု အော်ဟစ်၍ ဆိုကြသည်။ သူဆင်းရဲမလည်း အသပြာငါးရာကို ပေးလိုက် လေသည်။

ပုဏ္ဏားငယ်သည် အသပြာငါးရာကို တနေရာ၌ ၀ှက်ထားသည်။ တရော်ကင်ပွန်းကိုသာ ပုဏ္ဏားကြီးတို့ကို ပေးသည်။ အားလုံးခေါင်းဆေးမင်္ဂလာပြုပြီးကြသော် ခရီးဆက်၍ သွားကြသည်။ ညရောက်သောအခါ ပုဏ္ဏားငယ်သည် ၀ှက်ထားခဲ့သော အသပြာငါးရာကို ယူ၍ ထွက်ပြေးသွားလေသည်။

နံနက်သို့ရောက်သောအခါတွင်မှ ပုဏ္ဏားကြီးတို့သည် ပုဏ္ဏားငယ်၏အကြံကို သိရှိကြလေသည်။ ပုဏ္ဏားကြီးတို့သည် သူဆင်းရဲမထံသွား၍ ငါတို့ ၇-ယောက် အစုံအညီ လာရောက်တောင်းမှ အသပြာကိုပေးပါဟု ဆိုခဲ့သည်။ ယခု ပုဏ္ဏားငယ်တယောက်တည်းကို ဘာကြောင့်ပေးရသနည်း-ဟု ပြစ်တင်ပြောဆိုသည်။

သူဆင်းရဲမက ကျွန်မ အော်ဟစ်၍ မေးပါသေးသည်။ အရှင်ပုဏ္ဏားကြီးတို့အားလုံးက ပေးလိုက်ပါဆို၍ ပေးလိုက်ရသည်။ ကျွန်မ၌ တာဝန်မရှိပါ-ဟူ၍ ပြန်ပြောသည်။
ပုဏ္ဏားကြီးတို့ မကျေနပ်ကြသဖြင့် ဘုရင်ထံသွား၍ တိုင်ကြားကြသည်။ ဘုရင်လည်း သူဆင်းရဲမကို ခေါ်ယူစစ်ဆေးသည်။ ဘုရင်က သူဆင်းရဲမမှာ အပြစ်ရှိသည်ဆိုကာ အသပြာငါးရာကို ပေးလျော်စေသည်။

သူဆင်းရဲမက-ကျွန်တော်မျိုးမမှာ ဆင်းရဲသူ မုဆိုးမ ဖြစ်ပါသည်။ လူမမည် သမီးကလေးတယောက်ကိုသာ အဖော်ပြု၍ နေရပါသည်။ အလျော်ပေးရန် ငွေမရှိပါ-ဟူ၍ လျှောက်ထားသည်။ ဤတွင် ဘုရင်က-ဥစ္စာကို မပေးနိုင်လျှင် သင်ကိုယ်တိုင် ပုဏ္ဏားကြီးတို့ထံတွင် တလှည့်စီ ကျွန်ခံစေ-ဟူ၍ စီရင်လိုက်လေသည်။

ဤစီရင်ချက်အတိုင်း သူဆင်းရဲမသည် ပုဏ္ဏားကြီး ၆-ယောက်ထံတွင် လ၀က်စီ အလှည့်ကျ ကျွန်ခံရရှာသည်။ ထိုစဉ် လူမမည် သမီးကလေးသည် ကြီးပြင်းလာသည်။ သမီးကလေးသည် ထူးခြားလိမ္မာသည်။ သူသည် စာပေကျမ်းဂန်များကို သင်ယူသည်။ လေ့လာဖတ်ရှုမှတ်သားသည်။ လူကြီးသူမတို့၏ အဆုံးအမကိုလည်း ကောင်းစွာ နာယူမှတ်သားသည်။ အကြားအမြင်များသူ ဖြစ်လာသည်။ သို့ဖြင့် ၁၈-နှစ်အရွယ်သို့ ရောက်လျှင် မိခင်၏ အဖြစ်ကို မကျေနပ်နိုင်ပါ။ ကျွန်မခံသင့်ပါ-ဟု ဆို၍ မိခင်ကိုခေါ်ကာ ဘုရင်ထံသွားသည်။

ဘုရင်အား အမျိုးသမီးငယ်က-ကျွန်တော်မ၏ မိခင် ကျွန်ခံရသည့်ကိစ္စ မကျေနပ်နိုင်ပါ။ အရှင့်ရှေ့တော်ဝယ် ပုဏ္ဏားတို့နှင့် တရားဆိုလိုပါသေးသည်-ဟုလျှောက်၏။ ဘုရင်လည်း ခွင့်ပြုကာ ပုဏ္ဏား ၆-ယောက်ကို ခေါ်ပေးသည်။ ပုဏ္ဏား ၆-ယောက်တို့ ရောက်လာသော် အမျိုးသမီးငယ်က ဘုရင့်ထံမှ ငွေအသပြာငါးရာ ခေတ္တချေးယူသည်။ ထို့နောက် အသပြာငါးရာထုပ်ကိုကိုင်လျက် ပုဏ္ဏားတို့အား အရေးဆိုသည်။ အသပြာငါးရာကို ပေးအပ်လျှင် ကျွန်ုပ်မိခင်အား ကျွန်အဖြစ်က လွှတ်မည်လော-ဟု မေးသည်။ ပုဏ္ဏားတို့ကလည်း လွှတ်ပါမည်-ဟု ၀န်ခံကြသည်။

ထိုအခါ အမျိုးသမီးငယ်က-ယခု အသပြာငွေ ရပါပြီ။ ကျွန်မ ပေးဆပ်ပါတော့မည်။ အပ်နှံရင်း ပုဏ္ဏား ၇-ယောက်ပြည့်အောင် ခေါ်ပါဦး-ဟုဆိုသည်။ ပုဏ္ဏား ၆-ယောက်တို့မှာ ၇-ယောက်မပြည့်။ အသပြာငွေကို လက်မခံနိုင်။ အသပြာငွေခိုးသွားသော ပုဏ္ဏားငယ် မည်သည့်အရပ်သို့ ထွက်ပြေးသည်ကိုလည်း မသိကြ။ မည်သို့မျှ မတတ်နိုင်အောင် ဖြစ်ကြရသည်။

ထိုအခါ မှူးမတ်တို့သည် အမျိုးသမီးငယ်၏ ဉာဏ်ပညာကို ချီးကျူးမဆုံး ရှိကြသည်။ ပုဏ္ဏား ၆-ယောက်တို့ပင် မနေသာ ချီးကျူးသမှု ပြုကြရသည်။
ဘုရင်ကလည်း-ငါ စီရင်အပ်သော တရားကား ယွင်းမှားပေစွ။ ယနေ့မှစ၍ သူဆင်းရဲမကို ကျွန်အဖြစ်မှ လွှတ်စေ။ ငါတရားမှားသည့်အတွက်ကြောင့် အမျိုးသမီးငယ် ချေးငှားသော အသပြာ ငါးရာကို လျော်ကြေးအဖြစ် အပြီးအပိုင် ယူစေ-ဟူ၍ ပြောင်းလွှဲ စီရင်လိုက်လေသည်။

ထို့နောက် ဘုရင်သည် အမျိုးသမီးငယ်၏ အကြားအမြင်များမှု၊ ဉာဏ်ပညာရှိမှုကို လေးစားမြတ်နိုးသဖြင့် အမျိုးသမီးငယ်ကို မိဖုရား မြှောက်လိုက်လေသည်။ ပြည်ထဲရေးကို တိုင်ပင်နှီးနှောခြင်း ပြုလေသည်။
အကိုး။ ။ ဓမ္မဂန် ဖတ်စာနှင့် ပုရာဏ်ကျမ်း
(ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး)

( မင်းယုဝေ)

No comments: