Monday, November 9, 2009

ထူးဆန်းသော အကျိုးပေးမှု

ဟင်္သာတမြို့နယ် စခန်းကြီးရွာတွင် ဦးမြင့်ကြည်နှင့် ဒေါ်ခင်အေးတို့ ဇနီးမောင်နှံရှိသည်။ သူတို့ဇနီးမောင်နှံသည် စိတ်ကောင်းရှိကြသည်။ ဘ၀အကျိုးပေးအရ ပင်ပန်းဆင်းရဲစွာဖြင့် ၀မ်းရေးကို လုပ်ကိုင်ရှာဖွေစားသောက်ရသည်။

ဟင်္သာတမြို့နှင့် စခန်းကြီးရွာကြားတွင် လယ်အချို့ရှိသည်။ ထိုလယ်ကို လုပ်သူများမှာ မအောင်မြင်ကြပေ။ ထိုလယ်သည် -ခိုက်သည်-ဟု သတင်းကြီးပြီး လုပ်မည့်သူ မရှိပေ။ ဤတွင် စခန်းကြီးရွာတွင် တာဝန်ရှိသူများက ဦးမြင့်ကြည်တို့အား ထိုလယ်ကို စမ်းသပ်လုပ်ကိုင်ကြည့်ခိုင်းသည်။ ဦးမြင့်ကြည်တို့က လယ်ငှါးလုပ်ရသည်နှင့်စာလျှင် လယ်ပိုင်လုပ်ရသည်က ကောင်းသေးသည်ဟုဆိုကာ ထိုလယ်ကို လက်ခံယူခဲ့ကြသည်။

လယ်မလုပ်မီ ဦးမြင့်ကြည်သည် လယ်ထဲသို့ စခန်းကြီးဆရာတော် ဦးပဏ္ဍိတနှင့် သံဃာတော်များကို ပင့်သည်။ သံဃာတော်များက ကမ္မ၀ါဖတ်ခြင်း၊ အမျှအတန်းဝေခြင်း၊ သာဓုခေါ်ခြင်း စသည်တို့ကို စိတ်ပါလက်ပါ ပြုကြသည်။ ဦးမြင့်ကြည်တို့က လက်ရှိ မြေတကွက်ကို မစိုက်ပျိုးဘဲ ချန်လှပ်ကာ နေရာသီးသန့်ပေးထားသည်။ ရွာမှ တာဝန်ရှိလူကြီးကလည်း နေရာပေးခြင်း၊ အမိန့်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဦးမြင့်ကြည်သည် ထိုလယ်ကို စတင်ထွန်ယက်သည်။ ထိုသို့ ထွက်ယက်သည့်နေ့မှာပင် ငွေဒင်္ဂါးတပြား ရရှိသည်။ ဦးမြင့်ကြည်တို့မှာ ဆင်းရဲလှသဖြင့် ထိုငွေဒင်္ဂါးကို ရောင်းချစားသောက်ပစ်လိုက်သည်။ ထို့နောက် စိုက်ပျိုးရန်အတွက် ကန်သင်းများကို ပြုပြင်သည်။ မြေကြီးကို ပေါက်တူးဖြင့် တချက်ပေါက်ရုံမျှဖြင့် ရွှေဆွဲကြိုး အပြတ် တကုံးကို မမျှော်လင့်ဘဲ ရရှိခဲ့သည်။ ဦးမြင့်ကြည်တို့ ဇနီးမောင်နှံသည် ၀မ်းမြောက်ဝမ်းသာဖြင့် ထိုဆွဲကြိုးပြတ်ကို ရောင်းချသည်။ ဆွဲကြိုးပြတ်မှာ သုံးမတ်သားခန့် ရှိသည်။ ရရှိသော ငွေထဲမှ ခွဲဝေ၍ ဆရာတော်နှင့် ဥပုသ်သည်များအား ဆွမ်းဆက်ကပ် ကျွေးမွေးလှူဒါန်းသည်။ ညနေပိုင်းတွင် လယ်ထဲသို့သွား၍ လှူဒါန်းခဲ့သမျှကို လှိုက်လှဲစွာ အမျှအတန်း ပေးဝေသည်။

၁၃၆၃-ခုနှစ် သီတင်းကျွတ်လဆန်းပိုင်းတွင် ဦးမြင့်ကြည်သည် အိပ်မက်မြင်မက်သည်။ အိပ်မက်ထဲတွင် တစုံတယောက်က လယ်ထဲရှိ တနေရာကို ညွှန်ပြ၍ ထိုနေရာတွင် ရွှေအိုးရှိကြောင်း၊ တူးယူစေလိုကြောင်း အိပ်မက်ပေးသည်။
သို့ဖြင့် ဦးမြင့်ကြည်နှင့် ဒေါ်ခင်အေးတို့သည် တညနေတွင် အိပ်မက်ပေးသောနေရာကို တူးကြသည်။ ဒူးဆစ်မြုပ်ခန့် တူးမိသောအခါ မြေအိုးတလုံး ပေါ်လာသည်။ ထိုအချိန်တွင် ထိုလယ်နေရာနှင့် ကပ်နေသောအိမ်က ဦးမြင့်ကြည်တို့ကို လှမ်းခေါ်သည်။ ဦးမြင့်ကြည်တို့က ပြန်ထူးပြီး စကားအနည်းငယ်ပြော၍ တူးလက်စနေရာကို ပြန်ကြည့်သောအခါ စောစောကတွေ့ရသော မြေအိုးကို မတွေ့ရတော့ပေ။ အိုးအရာကိုသာ တွေ့ရတော့သည်။

ဇနီးမောင်နှံနှစ်ယောက် စိတ်မကောင်းစွာဖြင့် အိမ်ပြန်လာကြသည်။ ထိုအကြောင်းကို ဇနီးမောင်နှံနှစ်ဦး တိုးတိုးတိတ်တိတ်ပြော၍ စိတ်မကောင်းဖြစ်ကြသည်။ ထိုစဉ် ဒေါ်ခင်အေး၏ မျက်စိထဲ၌ လက်ကောက်များ၊ ခြေကျင်းများကို မြင်ယောင်နေခဲ့သည်။

၁၃၆၃-ခုနှစ် သီတင်းကျွတ်လဆုတ် ၇-ရက်နေ့တွင် လယ်တွင်စိုက်သော စပါးများ အောင်သဖြင့် သူတို့မောင်နှံ စတင်၍ စပါးရိတ်သိမ်းကြသည်။ ကောက်တလှိုင်းရချိန်တွင် ဒေါ်ခင်အေးသည် ယခင်တူးခဲ့သောနေရာကို ကြည့်ချင်စိတ် ပေါ်လာ၍ သွားကြည့်သည်။ ထိုအခါ ထိုနေရာတွင် လက်စွပ်တကွင်း ပေါ်နေသည်ကို မြင်တွေ့ရသည်။ ဒေါ်ခင်အေးသည် ၀မ်းမြောက်ဝမ်းသာဖြင့် လက်စွပ်ကို ယူဝတ်လိုက်သည်။ ထို့နောက် တူးလက်စ ကျင်းထဲရှိ မြေသင်းခဲတခုကို လှန်ကြည့်လိုက်ရာ လက်ကောက်တကွင်း ခြေကျင်းတကွင်း၊ လက်စွပ်တကွင်း၊ ထပ်မံရခဲ့သည်။ ဦးမြင့်ကြည်ကို လှမ်းခေါ်ပြီး ဆက်လက်တူးစေရာ ခြေကျင်းတကွင်း ထပ်မံရရှိပြန်သည်။ ရွှေအားလုံးပေါင်း ငါးကျပ်သားနှင့် သုံးမတ်သား ရခဲ့သည်။ ရှေးရွှေများဖြစ်၍ အဖိုးတန်လှသည်။

ဦးမြင့်ကြည်တို့လင်မယားသည် သဒ္ဓါတရား ထက်သန်သူများဖြစ်ကြသဖြင့် အလှူဒါနများ ပြုကြသည်။ စခန်းကြီးရွာကျောင်း၌ ကထိန်အလှူ၊ ဆရာတော်အား သိက္ခာထပ်အလှူ၊ ပဉ္စင်းခံအလှူ၊ စသည်များကို ငွေကျပ်တသိန်းကျော် အကုန်ခံ၍ လှူဒါန်းကြသည်။ ထိုသို့လှူရာ၌ လက်ကောက်တကွင်းရောင်း၍ လှူရာ ၉-သောင်းကျပ်ရ၏။ ငွေလိုသဖြင့် အိမ်နီးချင်းတဦးထံမှ ငွေကျပ်တသောင်းချေးပြီး ရေနွေးအိုးအလွတ်ထဲတွင်ထည့်၍ထားသည်။ နောက်တနေ့ မိုးလင်း၍ ငွေကိုယူရာတွင် ကျပ်တယောင်းခွဲ ဖြစ်နေသည်။ ထိုငွေကျပ်တသာင်းခွဲကို ပြန်ထည့်ထားပြီး နေ့ခင်းဘက်တွင်မှ ထုတ်ယူရာ ငွေကျပ် တသောင်းခြောက်ထောင် ဖြစ်နေသည်ကို အံ့သြဖွယ် တွေ့ရသည်။ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းသော အလှူအကျိုးဟု ယူဆမိပေသည်။

အလှူအတွက် ညဘက်ထမင်းချက်ရာတွင်လည်း ဆန်များတိုးနေသည်ကို အံ့သြဖွယ်ရာ တွေ့ရသည်။ ဦးမြင့်ကြည်တို့ ဇနီးမောင်နှံသည် ၀မ်းမြောက်မဆုံး ဖြစ်ကာ သေချာကျနစွာ အမျှအတန်း ပေးဝေခဲ့ပေသည်။
( ဒေါ်ခင်အေး-၏ ပြောပြချက် ဖြစ်ရပ်မှန်ကို တင်ပြအပ်ပါသည်)

( ဒေါ်ခင်ဌေးညွန့်-အ-မ-က၊ စခန်းကြီး )

No comments: