Tuesday, November 3, 2009

မေတ္တာဆောင်၍ သစ္စာအောင်သည်

ထေရ၀ါဒ ဗုဒ္ဓသာသနာတွင် သစ္စာတန်ခိုး အကျိုးကြီးမားပုံတို့ကို သာဓကအသွယ်သွယ်ဖြင့် ခြယ်လှယ်တင်ပြ၍ မကုန်အောင် ရှိလှသည်။ သစ္စာဝါစာသည် ကိုယ် နှုတ် နှလုံး သုံးပါးတို့၏ ပြုမူ ဆောင်ရွက်ချက် အကြောင်းခြင်းရာကို ပကတိအတိုင်း မှန်မှန်ကန်ကန် ထုတ်ဖော်မြွက်ကြားခြင်း ဖြစ်သည်။ ကောင်းခြင်း၊ မကောင်းခြင်းဟူသော အကြောင်းရပ်သည် ပဓာနမဟုတ်၊ မှန်ကန်စွာ မကွယ်မ၀ှက် ပြောဆိုခြင်းသည်သာ အဓိကဖြစ်ပါသည်။

အချို့သော သာဓကတို့တွင် မိမိကိုယ်တိုင် ပြုမူကျင့်ကြံခဲ့သည်တို့ကို သစ္စာပြု တိုင်တည်ခြင်း ရှိသကဲ့သို သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရား၏ ဘုန်းတော် ကံတော် ဉာဏ်တော် တန်ခိုးတော်အနန္တနှင့် ကြီးမြတ်သော မဟာကရုဏာတော်ကို သစ္စာပြုတိုင်တည်သည်ကိုလည်း တွေ့ရှိရပါသည်။

ဥမပအားဖြင့်-ပုဗ္ဗဏှသုတ်တွင်
မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီသဗ္ဗာ၊ ပတ္တော သမ္ဗောဓိ မုတ္တမံ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ=ဟူသော အပိုဒ်၌
ကြီးမြတ်သော မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်။ သတ္တ၀ါအပေါင်းတို့အား သနားတော်မူလှသဖြင့် ပါရမီဆယ်ပါး ဖြည့်ကျင့်တော်မူသောကြောင့် မြတ်လှစွာသော သဗ္ဗညုတဉာဏ်၊ အရဟတ္တမဂ်ဉာဏ်တော်မြတ်သို့ ကောင်းစွာရောက်ရှိတော်မူခဲ့သည်။ ဤမှန်ကန်သော သစ္စာစကားကို ဆိုရလေသောကြောင့် အကျွန်ူပ်အား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းသည် မုချမသွေ စင်စစ် ဖြစ်ရပါစေသတည်း-ဟု သစ္စာပြု တိုင်တည်သည်ကို တွေ့ရပါသည်။

မည်သည့်နည်းနှင့်ဖြစ်စေ မှန်ကန်သော အကြောင်းရပ်ကို အခြေတည်၍ မှန်ကန်စွာ သစ္စာပြုမှုကြောင့် သစ္စာတန်ခိုး အကျိုးကြီ့းမားခဲ့ရပုံ အဖြစ်ဆန်းတရပ်ကို တင်ပြလိုရင်း ဖြစ်ပါသည်။
တနေ့တွင် ကျွန်တော်သည် ဆရာဦးသိန်းထွန်းတို့ ပရိဘောဂဆိုင်သို့ ရောက်သွားသည်။ ဂီတအနုပညာအကြောင်း ပြောဆိုနေကြရင်းက စကားဖြတ်ပြီး ဆင်ဆင်ခြင်ခြင် နှိုင်းနှိုင်းဆဆပုံစံဖြင့် ဆရာက စကားတခွန်းစလာသည်။

သစ္စာပြုခြင်းနဲ့ ပတ်သက်ပြီး ငါ့ကိုယ်တွေ့ ဖြစ်ရပ်လေးတခု၊ ငါလဲအတော် အံ့သြနေမိတယ်ကွ၊ ၀မ်းလဲ တော်တော်သာတယ်။ မင်းက ဘာသာရေးဆောင်းပါးတွေ ရေးနေတော့ ပြောသင့် မပြောသင့် ချင့်ချိန်မိတာပါ။ တော်ကြာ မင်းရေးခဲ့ရင် ငါ့အတွက် ထင်ပေါ်ချင်ရာ ရောက်နေမှာစိုးလို့။
ဟာ-ဒါကတော့ ဆရာရယ်၊ အများအတွက် တစုံတရာ အကျိုးပြုနိုင်မယ်ဆိုရင် ကိုယ်က မှန်တာရေးတာပဲ ရေးသင့်ပါတယ်။

သည်လိုနဲ့ ဆရာက သူ့ကိုယ်တွေ့ ဖြစ်ရပ်မှန်ကို တိုတိုနှင့်လိုရင်း ပြောပြပါသည်။
မှတ်မှတ်ရရ အခုနှစ် သြဂုတ်လ ၂၇-ရက်နေ့ကပေါ့ကွာ။ ငါ ညသင်္ဘောနဲ့ ရန်ကုန်က ပြန်လာတာ။ ငါးအခန်းဘေးမှာ ကျိုက်လတ်က မိသားစုတစု ပါလာတယ်။ ကလေးလေးက အသက် ၁၀-နှစ်လောက် ရှိမယ်။ ပိုလီယိုလိုလို မစွမ်းမသန်လေး၊ အစာစားရင်း အရိုးစူးသွားတာ၊ စကားကလဲ ပီအောင် မပြောနိုင်၊ ၀ူးဝူးဝါးဝါးနဲ့ မိဘတွေကလဲ လက်နဲ့ အတင်းကလော်ထုတ်၊ အတင်းနှိုက်၊ မရပါဘူး။ ကလေးလဲ အတော်ပင်ပန်းနေပြီ။ ခေါင်းငိုက်စိုက်ကျလို့ သွားရည်တွေ တများများနဲ့ အတော်ခံစားနေရတယ်။ သူတို့ကို ကြည့်ပြီး ငါလဲ အတော်စိတ်မကောင်းဖြစ်ရတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး။

နောက်ဆုံး ငါ့ခေါင်းထဲ အသိတချက် ၀င်လာတယ်။ သစ္စာပြုပြီး သစ္စာရေတိုက်ကြည့်မယ်ပေါ့။ ဒါပေမယ့် ဖြုန်းခနဲ ကိုယ်ကလဲ ဒါမျိုးတခါမှ မလုပ်ဘူးတော့ ဘာသစ္စာပြုရမှန်း မသိဘူး။ သစ္စာပြုနိုင်တဲ့ အစွမ်းအစလဲ ကိုယ့်မှာရှိတယ် မထင်မိဘူး။ ဒါနဲ့ နောက်ဆုံးတော့ သူ့မိဘတွေဆီ ခွင့်တောင်းပြီး ဘုရားရှင်တော်မြတ်ကို လေးလေးနက်နက် အာရုံပြုပြီး ရှိခိုးလိုက်တယ်။ ပြီးတော့ ကိုယ်လုပ်ထားတဲ့ အများနဲ့ပတ်သက်တဲ့ မှတ်မှတ်ရရ ကုသိုလ်ကောင်းမှုလေးတွေကို ပြန်စဉ်းစားပြီး သစ္စာပြုလိုက်တယ်။ နောက် သစ္စာရေ တိုက်လိုက်တာ ချက်ချင်း ယူပစ်သလိုပဲ ပျောက်သွားတယ်ကွာ။ အားလုံး ၀မ်းသာလိုက်ကြတာ မပြောပါနဲ့တော့။ ငါလဲ အံ့သြလို့ကို မဆုံးဘူး။

မအံ့သြနဲ့ဆရာ၊ ဒါကို ကျွန်တော် အဖြေရှာလို့ရတယ်။ ဆရာက မေတ္တာသမား၊ ဆရာ့မှာ မေတ္တာတွေ စုဆောင်းပြီးသား အများကြီးရှိနေတာ ကျွန်တော်သိတယ်။ ဆရာ သတိမထားမိလို့ပါ။ ဆရာ တခါက ကျွန်တော့ကို စီကာပတ်ကုံး ပြောပြဖူးတယ်လေ။ ဆရာ့အိမ်ရှေ့လမ်းမက ချိုင့်တွေကို အများအတွက် ကောင်းအောင်ပြင်ပေးတာ။ လမ်းပေါ်မှာ ငှက်ပျောခွံတွေ့ရင် စက်ဘီးစီးလာရင်းကတောင် ဆင်းပြီး ကောက်လွင့်ပစ်ပေးတာ။ ရွှေသာလျောင်း ဘုရားကြီးဘေးက ရေကန်ပေါင်မှာ ရှိနေတဲ့ ခွေးတွေစွန့်တဲ့ အညစ်အကြေးတွေကို ရေထဲကျမှာစိုးလို့ ဆရာ ဖယ်ရှားပစ်တာ၊ ကားလေးဂိတ်က ကိုးန၀င်းဘုရားကိုလဲ ခရီးသွားတွေ အလွယ်တကူ နီးနီးနားနား ဖူးနိုင်အောင် ဆရာ အုတ်တံတိုင်းကိုဖျက်ပြီး ပြန်ပြုပြင် လမ်းဖောက်ပေးတာ။ ဆရာ ခဏခဏ အလှူဒါနတွေ ပြုလို့ ကျွန်တော်တို့ စားရတာတောင် အားနာလာရတာ၊ ဆရာရဲ့ အလုပ်သမားတွေအပေါ် မေတ္တာအပြည့်နဲ့ ဆက်ဆံတာ၊ ဒါတွေဟာ ဆရာ သတိမထားမိတဲ့ မေတ္တာအင်အားတွေပါ။ တနည်းအားဖြင့်-ဆရာ မသိနိုင်တဲ့ အစွမ်းထက်တဲ့ စွမ်းအားတွေပေါ့ဆရာ။

မင်းပြောတာ ဟုတ်ချင်လဲ ဟုတ်မယ်ကွ။ ငါလဲ အဲဒါတွေပဲ မျက်လုံးထဲဖော်ပြီး သစ္စာပြုလိုက်တာ။ ဒါပေမဲ့ ငါ မရဲတရဲနဲ့ လုပ်လိုက်တဲ့ကိစ္စ အောင်မြင်သွားတာကို ငါ တကယ်ကျေနပ်အားရ ပီတိဖြစ်ရလွန်းတာပါ။
မသိစိတ်က ဆရာ့ကို သံသယတွေ ၀င်နေစေသော်လည်း ဆရာ့ကြည့်ရသည်မှာ အတော့်ကို ရွှင်လန်းနေသည်။ ၀မ်းသာအားရဖြစ်နေသည်။ ကျွန်တော်က ဆက်ပြီး အဖြေထုတ်မိပါသည်။

ဒါက ဒီလိုဆရာရဲ့။ ဆိုပါတော့ တသောင်းတန် ပစ္စည်းတခု ၀ယ်ချင်တဲ့သူဟာ အရင်ထဲက ငွေတသောင်းရှိအောင် စုထားမှဖြစ်မယ်။ စုမထားဘဲနဲ့တော့ လိုချင်လို့မရဘူး။ ရှိနေပြီးရင် အချိန်မရွေး ၀ယ်ယူလို့ရတယ်။ အဲဒီလိုမျိုးပေါ့ ဆရာရယ်။ တချို့က အရေးကြုံမှ မေတ္တာတွေ ပေးဝေနေကြတယ်။ အရင်တုန်းကတော့ ဘာမှမေတ္တာတွေ စုမထားခဲ့ဘူး။ အဲဒီတော့ ပါးစပ်က မေတ္တာတွေ ပေးနေပေမဲ့ ကိုယ့်မှာမှ မရှိတော့ ဘယ်လိုလုပ်ပြီး သူများကို ပေးလို့ရမလဲ။ ဒါပဲ ဆရာ။ ဆရာ့မှာက စုထားတဲ့မေတ္တာတွေရှိနေတယ်။ အဲဒီတော့ ဆရာပေးချင်တဲ့အခါ ပေးလိုက်တော့ တဖက်သား ရသွားတာပေါ့။ ဆရာ အခုလိုမျိုး သစ္စာမပြုဘူးပေမဲ့ ဆရာ့ရင်ထဲက ထုထည်ကြီးမားတဲ့ မေတ္တာတရားရဲ့ အထောက်အပံ့ စွမ်းဆောင်မှုကြောင့် ဆရာရဲ့ သစ္စာတရားဟာ ထက်မြက်သွားတာပဲ ဖြစ်ရမှာပေါ့ ဆရာ။ တပည့်က ဆရာ့ကို ပြန်ပြီး ဆရာလုပ်နေတာ မဟုတ်ဘူးနော် ဆရာ။ ကျွန်တော် တွေးမိတာပါ။

ရပါတယ်ကွာ။ မင်းပြောလိုက်တော့မှ ငါ ကိုယ့်ကိုယ်ကို အထင်တောင်ကြီးချင်လာပြီ။ ဆရာက ကျေနပ်မှု အပြုံးရိပ်ဖြင့် ရယ်ကျဲကျဲ လုပ်နေလေသည်။
ကြီးလိုက်စမ်းပါ ဆရာရယ်၊ ကြီးသင့်ပါတယ်။ ဒါဆိုရင် ဆရာ့ရဲ့ မေတ္တာစွမ်းအားတွေ အရင်ထက် ပိုပြီး ကြီးလာဦးမှာပဲ။ ကျွန်တော့အတွက်ကတော့ ဆရာမလုံမလဲဖြစ်လဲ မတတ်နိုင်ဘူး။ ခုပဲ ခေါင်းစဉ်တခု စိတ်ကူးလိုက်ပြီးပြီ ဆရာ။ မေတ္တာဆောင်၍ သစ္စာအောင်သည်-လို့။

( မောင်ဇမ္ဗူ-ဖျာပုံ )

No comments: