Monday, November 2, 2009

အရှင်သာရိပုတ္တရာ မထေရ်ကြီး၏ နည်းယူဖွယ်ကောင်းသော ဂုဏ်ရည်များ

မြတ်စွာဘုရား သာသနာတော်၌ ပညာအရာ ဧတဒဂ်ရ ပုဂ္ဂိုလ်မြတ်ကြီး တပါးကား အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးပင် ဖြစ်ပါသည်။ သာရီပုဏ္ဏေးမကြီး၏ သားဦးရတနာတပါး ဖြစ်၏။ ငယ်စဉ်ကပင် ပညာဉာဏ် ထူးချွန်သူဖြစ်၏။ တခုသော နက္ခတ်ပွဲသဘင်၌ လူအများ ပျော်ရွှင်နေသည်ကို ကြည့်၍ အိုဘေး နာဘေး သေဘေးကို မေ့လျော့ပြီး ခေတ္တခဏ ပျော်ရွှင်နေရခြင်းပါကလားဟု သံဝေဂဉာဏ် ရရှိခဲ့၏။ ထိုနေ့မှာပင် အို-နာ-သေ လွတ်ရာ တရားရှာရန် အဖော်သူငယ်ချင်း ကောလိတ (အရှင်မောဂ္ဂလာန် အလောင်းလျာ) နှင့် ဆရာရှာထွက်ခဲ့လေသည်။

ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်ကြီးကို ဖူးတွေ့ရသဖြင့် ရေကန်အသင့် ကြာအသင့် ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓအောက် တယောက်ဆိုသလို ပညာဂုဏ် ထွန်းတောက်ခဲ့ပေသည်။ ပညာအရာ၌ ငါနှင့် ငါသာ နှိုင်းစရာ-ဟု ဆိုနိုင်လောက်အောင် ထွန်းတောက်ခဲ့သော်လည်း သီတင်းသုံးဖော်တို့အပေါ် ပညာဂုဏ် မမောက်၊ ပညာမာန် မကြီး၊ မိမိကိုယ်ကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး-သို့ နှိမ့်ချထားပေ၏။

မြတ်ဗုဒ္ဓ၏ လက်ယာတော်ရံ အဂ္ဂသာဝကကြီးဖြစ်လင့်ကစား သီတင်းသုံးဖော်များ နာမကျန်းဖြစ်သည့်အခါ ကိုယ်တိုင် ဂရုတစိုက် ပြုစုစောင့်ရှောက်၏။ လူမှုဒုက္ခများကိုလည်း အတုမဲ့သော နှလုံးသားဖြင့် သည်းခံခွင့်လွှတ်တော်မူ၏။ တနေ့သ၌ ရဟန်းတပါးက အရှင်သာရိပုတ္တရာသည် တပည့်တော်အား ဆဲဆိုရိုက်နှက်သွားပါသည်-ဟု မဟုတ်မမှန် လျှောက်တင်၏။ မြတ်ဗုဒ္ဓက အဖြစ်မှန်ကိုသိသော်လည်း ခေါ်ယူမေးမြန်း၏။ မထေရ်မြတ်က တပည့်တော်သည် အမှိုက်များ၊ ချေးများ စွန့်ပစ်ရာ မြေကြီးပမာ နှိမ်ချသောစိတ် ရှိပါသည်-ဟု လျှောက်ထားလေ၏။

မိမိကိုယ်တိုင် ပညာဧတဒဂ်ဖြစ်သော်လည်း ပညာရှိကို ရိုသေမြတ်နိုးတတ်၏။ တနေ့သော် မထေရ်မြတ်က အရှင်ပုဏ္ဏ-မထေရ်အား ၀ိသုဒ္ဓိခုနစ်တန်ကို မေးလေ၏။ အရှင်ပုဏ္ဏ-မထေရ်က အာဇာနည်မြင်း,ကသော ရထား ၇-တန် ဥပမာဖြင့် ဖြေကြား၏။ မထေရ်မြတ် သဘောကျလှ၍ ပုဏ္ဏ-မထေရ်ကဲ့သို့သော ပညာရှိကို မေးလိုသည့်အခါ အသင့်မေးနိုင်ရန် ဦးခေါင်းပေါ်တင်ထားသင့်၏-ဟု ပညာဂုဏ်ကို ထုတ်ဖော်ချီးကျူးခဲ့ပါသည်။

လူတို့သည် သူတပါးတို့အား ဆုံးမချင်ကြသလောက် မိမိကိုယ်တိုင် အဆုံးအမ မခံချင်ကြ။ သူတပါးအား ပြစ်တင်ဝေဖန်ချင်ကြသလောက် မိမိကိုယ်ကို ဝေဖန်ခံရမှာ ကြောက်တတ်ကြသည်။ မထေရ်မြတ်ကြီးကား ထိုသို့မဟုတ်။ သူတပါးအား ဆုံးမတတ်သလို မိမိကိုယ်တိုင်လည်း အဆုံးအမကို ခံယူတတ်ပေသည်။ တနေ့တွင် မိမိရှင်ပြုပေးထားသော သာမဏေငယ်အား ရှင်ကျင့်ဝတ်ကို အနည်းအကျဉ်းမျှ သင်ပေးထား၏။ ရှင်ငယ်သည် ထိုနေ့မှာပင် မထေရ်မြတ် သင်္ကန်းဝတ်ပုံ အ၀န်းမညီသည်ကို မြင်သဖြင့်-အရှင်ဘုရား ဤသို့လည်း သင်္ကန်းဝတ်ကောင်းပါသလား-ဟု လျှောက်ထား၏။ ထိုအခါ မိမိသင်္ကန်းဝတ်ပုံ အမှန်တကယ် မညီမှန်းသိ၍ ကွယ်ရာတွင် ညီအောင်ဝတ်ပြီး သာမဏေငယ်အား ပြ၍ အဆုံးအမကို ခံယူ၏။ ခုနစ်နှစ်သား သာမဏေငယ်သည် ငါ့ကို ဆုံးမသည်ဖြစ်စေကာမူ ငါခံယူအံ့-ဟု မိန့်တော်မူလေ၏။

မထေရ်မြတ်သည် တဖက်သား နားဝင်အောင် အဆင့်ဆင့် ဟောတတ်သလို လက်ခံချင်လာအောင်လည်း အထပ်ထပ် ပြောတတ်၏။ မထေရ်မြတ်၏ အမျက်ဖြေတရားမှာ နားဝင်လွယ်ပြီး လက်ခံဖွယ်၊ လိုက်နာဖွယ်လည်း ဖြစ်ပေသည်။ ထိုတရားမှာ-တစုံတယောက်အား အမျက်ဒေါသ ထွက်မည်ကြံလျှင်

၁။ ပံ့သကူ ပုဆိုးကောက်သူသည် ကောင်းနိုးရာကိုသာ ရွေးကောက်သကဲ့သို့ အမူအကျင့် မကောင်းသူဖြစ်မူ နှုတ်ကောင်းသည်ကို ဆင်ခြင်၍ အမျက်ဖြေပါ။
၂။ ရေညှိမှေး တင်နေသော ရေကန်၌ အပေါ်ရေညှိ လှစ်၍ အတွင်းရေကို သောက်ရာသကဲ့သို့ နှုတ်မကောင်းသူဖြစ်ပါက အမူအကျင့်ကောင်းသည်ကို ဆင်ခြင်၍ အမျက်ဖြေပါ။
၃။ ရေငတ်သူသည် နွားခြေရာခွက်၌ရှိသော ရေကို ပုဆစ်တုပ်ဝပ်၍ သောက်ရာသကဲ့သို့ အမူအကျင့်ရော၊ နှုတ်ပါ မကောင်းသူဖြစ်မူ တခါတရံ နှစ်သက်ဖွယ်ရှိသည်ကို ဆင်ခြင်၍ အမျက်ဖြေပါ။
၎။ အရပ်တပါးသို့ တဦးတည်း ခရီးသွားပြီးလျှင် လမ်း၌ နာမကျန်းဖြစ်၍ ပြုစုစောင့်ရှောက်မည့်သူ မရှိသော လူနာအား မြင်ရသူများ သနားကြသကဲ့သို့ အမူအကျင့်ရော၊ နှုတ်ပါ မကောင်းသည့်အပြင် နှစ်သက်ဖွယ်လည်းမရှိသူ ဖြစ်ပါက-ဪ ဤသူကို လောက၌ ရခဲလေစွတကား-ဟု သနားခြင်းကို ရှေးရှု၍ အမျက်ဖြေပါ။
၅။ ချိန်မြိန်အေးမြသည့် ရေကို သောက်ပြီး စိမ်းလန်းစိုပြည်သော အရိပ်အာဝါသ အောက်တွင် လေညင်းခံကာ အနားယူနေသူသည် နှလုံးမွေ့လျော် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖြစ်သကဲ့သို့ ကိုယ် နှုတ် နှလုံး သုံးပါးစုံ နှစ်သက်ကောင်းမွန်သူဖြစ်မူ ရန်ငြိုးမဖွဲ့ဘဲ အမြဲမြတ်နိုးပါ။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် သူတပါးအား အမျက်မထား၊ ဒေါသမပွားစေလိုသည်သာမက မိမိကိုယ်တိုင်လည်း ခန္တီတရားနှင့် ပြည့်စုံအောင်နေလေ့ရှိပေသည်။ ဤမျှ လိုက်နာအတုယူ အားကျဖွယ်၊ စံပြုထိုက်ဖွယ်သော ဂုဏ်ရည်တို့နှင့် ပြည့်စုံတော်မူသော မထေရ်မြတ်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်ကာလ၊ မဟာသက္ကရာဇ် ၁၄၇-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ညဥ့် မိုးသောက်ယံ အချိန်ဝယ် မိမိ၏ မွေးဖွားသန့်စင်သောအခန်း၌ ခန္ဓာချုပ်ငြိမ်း၍ ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့လေသည်။

မြတ်ဗုဒ္ဓ၏ လက်ယာတော်ရံ အဂ္ဂသာဝက ပညာဧတဒဂ်ရ မထေရ်မြတ်ကြီးအား ပူဇော်ကန်တော့သည့်အနေဖြင့် ရဟန်း ရှင် လူ ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် မထေရ်မြတ်ကြီး၏ အမူအကျင့် လိုက်နာဖွယ် အားကျဖွယ် စံပြုထိုက်ဖွယ်တို့အား အတုယူပြီး ခန္တီနှလုံး အစဉ်သုံး၍ အို-နာ-သေ လွတ်ရာ မြတ်နိဗ္ဗာန်သို့ မဂ္ဂင်လမ်းဖြင့် တက်လှမ်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

( ဘဒ္ဒန္တ နာဂသေန-၀မ့်ကွန်, လွိုင်ကော်)

No comments: