Friday, December 4, 2009

တနေ့ရွှေ တနေ့ငွေ

အသက် ၉၇-နှစ်အရွယ်ရှိ အဘွားအိုတဦးသည် ဆယ်မိုင်ကုန်း ပဏ္ဍိတာရာမ တောစခန်းရိပ်သာသို့ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းရန် ရန်ကုန်မှ ရောက်ရှိလာသည်။ အသက် ၄၀-၄၅ နှစ်ဝန်းကျင်အရွယ်ရှိ သားသမီးတို့က ထိုအဘွားအိုကို အနည်းငယ် ဖေးမပေးကြရသည်။ အဘွားအိုသည် ခါးအနည်းငယ် ကုန်းနေသည်။ သွားတွေ ကြွေနေပြီ။ အရေတွေ တကိုယ်လုံး တွန့်လိမ်နေသည်။ အရိုးပေါ် အရေတင်နေသည်။ မျက်စိမှုန်၍ မျက်မှန် တပ်ထားရသည်။ နားလည်း ထိုင်းနေပြီ။ သို့သော် အထိုင်၊ အထ၊ အသွား၊ အလာကိစ္စတို့၌ သူတပါးအကူအညီ မပါပဲလည်း ပြုလုပ်နိုင်သည်။ အဘွားအိုနှင့် သူ့သားသမီးတို့ကို နှိုင်းယှဉ်ကြည့်လိုက်ရာ အဘွားအို၌ ဇရာသဘောသည် သိသာထင်ရှားလွန်းလှပါသည်။

အသက် ၄၀-၄၅-နှစ်ဝန်းကျင်အရွယ် သားသမီးတို့သည် အဘွားအိုနှင့် နှိုးယှဉ်လျှင် ဇရာသဘော မပေါ်လှ သော်လည်း အဘွားအို၏ ဆယ်ကျော်သက်အရွယ် မြေးမလေး ၃-ယောက်နှင့် နှိုင်းယှဉ်လိုက်သည့်အခါ ထိုမြေးမလေးတို့ အရွယ်ထက် များစွာ ရင့်ရှော်ယိုယွင်း အိုမင်းနေပါလေပြီ။ အိုခြင်းတရားသည် အဘွားအိုကို မညှာတာသကဲ့သို့ အဘွားအို၏ သားသမီးတို့ကိုလည်း မညှာတာပါ။ မြေးမလေးတို့ကိုလည်း မညှတာပါ။ ဤမြေးအဖွားတသိုက်ကို မညှာတာသကဲ့သို့ လောကရှိ မည်သည့်သတ္တ၀ါကိုမျှ မညှာတာပါ။ သက်ရှိလောကကို မညှာတာသကဲ့သို့ သက်မဲ့လောကကိုလည်း မညှာတာပါ။ သက်ရှိ သက်မဲ့အားလုံး ဇရာတရား၏ အထုအထောင်း ကို ကောင်းကောင်းကြီး ခံကြရပါသည်။

လောကကြီး၌ အရွယ်ရင့်ရော်ယိုယွင်း အိုမင်းလာသည်ကို လိုလားသောသူ တယောက်မှ မရှိပါ။ လူတိုင်း နုပျို နေချင်သည်။ အိုမင်းတာကို ကြောက်ကြသဖြင့် အအိုတားဆေး (Anti-aging) မျိုးစုံကို သုံးစွဲနေကြပါသည်။ ရုပ်ပျိုကိုယ်နုဆေးတို့ကို မှီဝဲနေကြပါ၏။ အိုနေသည့် ရွတ်တွနေသည့် အသားအရေတို့ကို ခွဲစိတ်ကုသမှု ပြုနေကြပါ၏။ အိုခြင်းတရားကို ကာကွယ်ရုံမက ဖုံးကွယ်လည်း ဖုံးကွယ်နေကြပါ၏။ ဆံပင်ဖြူလာလျှင် ဆံပင်နက်ဆေး ဆိုးကြ၏။ တချို့လည်း နုတ်ပစ်ကြ၏။

ဘ၀ ရလာကတည်းက ဘ၀၌ တပါတည်း အိုခြင်း နာခြင်း သေခြင်းတို့သည် ကပ်ပါလာကြ၏။ သတ္တ၀ါတိုင်း မအိုချင်ကြ၊ မနာချင်ကြ၊ မသေချင်ကြပါ။ သို့သော် သတ္တ၀ါတိုင်းပင် အိုကြရ နာကြရ သေကြရသည်။ အိုနာသေသို့၊ မောင်းနှင်ပို့၊ လူတို့ မမြဲပါတကား-ဟူ၍ ဘုရားရှင်ဟောကြားအပ်သော စကားတော်အတိုင်း လူအပါအ၀င် သတ္တ၀ါအားလုံး အိုခြင်း နာခြင်း သေခြင်းဆီသို့ မောင်းပို့ခံနေကြရပါသည်။ သတ္တ၀ါတို့သည် အချိန်ရှိသမျှ အိုမင်းလာနေပါသည်။ ရင့်ရော်လာနေပါသည်။ ယိုယွင်းလာနေပါသည်။ တနေ့ထက် တနေ့ ပို၍ ပို၍ အိုလာနေပါသည်။ ပို၍ ပို၍ ရင့်ရော်လာနေပါသည်။ ပို၍ ပို၍ ယိုယွင်းလာနေပါသည်။

ဧကဒသကနိပါတ ဥဒယဘဒ္ဒဇာတ်၌ ဘုရားလောင်းသိကြားမင်းက ယသောဓရာအလောင်း ဥဒယဘဒ္ဒါ မင်းသမီးအား ပြောကြားအပ်သော စကားလေးတို့သည် အင်မတန် သံဝေဂ ဖြစ်ပွားစေပါသည်။

ငါဟာ သင် ဥဒယဘဒ္ဒါနဲ့ တညတာ အတူနေလိုပါတယ်။ တညတာ အတူနေနိုင်ဖို့ရာ ရွှေမတ်စေ့အပြည့်ပါတဲ့ ရွှေခွက်ကို သင့်အား ပေးပါမယ်-ဟု ပထမည၌ ဘုရားလောင်း သိကြားမင်းက ပြော၏။
ဒုတိယည လာသည့်အခါ၌ ရွှေခွက်မဟုတ်တော့ပါ။ ရွှေမတ်စေ့အပြည့်ပါသည့် ငွေခွက် ဖြစ်သွားပါသည်။
တတိယနေ့ လာသည့်အခါ၌ကား ငွေခွက်ကိုပင် ယူမလာတော့ပါ။ အသပြာအပြည့်ပါသော ကြေးခွက်ကိုသာ ယူလာပါတော့သည်။
သိကြားမင်းက ဒုတိယညမှာ အတူနေဖို့ရာ လက်ဆောင်အဖြစ် ငွေခွက်၊ တတိယည၌ကား ကြေးခွက် ယူသွားရာ ဥဒယဘဒ္ဒါမင်းသမီးသည် ရွှေ, ငွေ, ကြေး မည်သည့်ခွက်ကိုမှ လက်မခံသော်လည်း သိကြားမင်း၏ ပြုမူပုံကို နားမလည်နိုင်သဖြင့် မေးကြည့်သောအခါ ဘုရားလောင်းသိကြားမင်းက ဤသို့ ရှင်းပြပါသည်။

အို ဥဒယဘဒ္ဒါမင်းသမီး၊ ငါဟာ ကျွမ်းကျင်တဲ့ အရောင်းအ၀ယ်သမား ဖြစ်ပါတယ်။ အကျိုးမရှိတဲ့ အရာနဲ့ အကျိုးကို မဖျက်ဆီးပါ။ သင်ဟာ အသက်အားဖြင့်ရော ရုပ်ရည်အဆင်းအားဖြင့်ပါ တိုးတိုးလာနေတယ်ဆိုရင် ငါက သင့်အတွက် လက်ဆောင်ကို ပိုပိုတိုးကာ ယူဆောင်လာပါမယ်။ တကယ်တော့ သင်ဟာ တနေ့ထက်တနေ့ အသက်ကလဲ ယုတ်လျော့လာတယ်။ ရုပ်ရည်အဆင်းလှပမှုကလည်း ယုတ်လျော့လာတယ်။ ဒါကြောင့် ငါကလဲ ပထမညမှာ ရွှေခွက်၊ ဒုတိယညမှာ ငွေခွက်၊ တတိယညမှာ ကြေးခွက်ကို ဆောင်ယူလာရခြင်း ဖြစ်တယ်။ တန်ဖိုး လျော့လျော့သွားရခြင်း ဖြစ်တယ်။

ဥဒယဘဒ္ဒါမင်းသမီး၏ ခင်ပွန်း ဥဒယဘဒ္ဒမင်းသားဘ၀မှ သိကြားမင်းဖြစ်သွားသော ဘုရားလောင်း၏ အထက်ပါစကားသည် အလွန်ပင် သံဝေဂ ဖြစ်စေပါသည်။ ဆယ်ကျော်သက်အရွယ် မြေးမလေး ၃-ဦး၊ ၄၀-ကျော်အရွယ် မိခင်၊ ၉၀-ကျော်အရွယ် အဘွားအိုတို့ကို ကြည့်ရှုရင်း ဘုရားလောင်းသိကြားမင်းပြောသော ထိုစကားလေးတို့ကို ကြားယောင်လာမိ၏။ အရောင်းအ၀ယ်ကျွမ်းကျင်သော ထိုသိကြားမင်းသည် မည်သို့တန်ဖိုး ဖြတ်ပါလေမည်နည်း။ မြေးမလေး ၃-ယောက်အား ရွှေခွက်ပေးခဲ့လျှင် ၄၀-ကျော်အရွယ်မိခင်အား ငွေခွက်ကို ပေးနိုင်ပါမည်လော။ တညခြားရုံမျှဖြင့် ကြေးခွက်ဖြစ်သွားသောကြောင့် မည်သို့သော ခွက်ကို ပေးပါလေ မည်နည်း။ ၉၇-နှစ်အရွယ် အဘွားအိုအတွက်မူ မည်သို့သောခွက်ကို စဉ်းစားလေမည်နည်း။ ဆက်လက်ရှည်ရမည့် အသက်အားဖြင့်ရော ရုပ်ရည်အဆင်း လှပမှုအားဖြင့်ပါ အလွန့်အလွန် ယုတ်လျော့လာ သဖြင့် ခွက်ကလည်း အလွန့်အလွန် တန်ဖိုးလျော့၍လျော့၍ လာပေလိမ့်မည်။

ဘုရားလောင်းသိကြားမင်းသည် ဤရုပ်ခန္ဓာကြီး၏ အချိန်ရှိသမျှ အိုမင်းရင့်ရော်လာမှုကို သံဝေဂရစေလိုသဖြင့် ပြောကြားခဲ့သည်ဖြစ်ရာ သိကြားမင်း၏စကားသည် အလွန်ပင် ၀ံဝေဂယူစရာစကား ဖြစ်ပါပေသည်။

( သာမဏေကျော်)

No comments: