Sunday, December 13, 2009

သူတော်ကောင်းလက္ခဏာ

လူ့ဘ၀တွင် သူတော်ကောင်းဖြစ်ရခြင်းသည် အလွန်မွန်မြတ်လှသည်။ မြန်မာအဘိဓာန်၌ စိတ်ထား မြင့်မြတ်သော ပုဂ္ဂိုလ်ကို သူတော်ကောင်းဟူ၍ အနက်ဖွင့်ဆိုထားသည်။ အကျဉ်းချုပ်ဖွင့်ဆိုချက်ဖြစ်၍ မှန်ကန်ပါပေသည်။

အကျယ်အားဖြင့်မူ သူတော်ကောင်းလက္ခဏာ ၅-ပါးရှိသည်။ ထို ၅-ပါးကို ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည်။ ဘုရားရှင်က-
အကြင်သူသည် သူတပါးကျေးဇူးကို သိတတ်၏။
ကျေးဇူးရှင်ကို ကျေးဇူးတတ်၏။
သူတော်ကောင်းနှင့် ပေါင်းသင်း၏။
မိတ်ဆွေဖြစ်သူ ဆင်းရဲနိမ့်ကျသွားသော်လည်း မျက်နှာမလွဲ၊ ခိုင်မြဲသော မိတ်ဆွေဖြစ်၏။
ဆင်းရဲသောသူ၏ အမှုကိစ္စကို ဂရုစိုက်၍ ဆောင်ရွက်တတ်၏။
ထိုသို့သဘောရှိသောသူကို သူတော်ကောင်းဟု ဆိုကြကုန်၏-ဟူ၍ ဟောကြားညွှန်ပြထားတော်မူသည်။

ထို့အပြင်-သူတော်ကောင်းတို့သည် ဆင်းရဲဒုက္ခနှင့် တွေ့ကြုံသောကြောင့်ဖြစ်စေ၊ နှိပ်စက် ညှင်းဆဲ ခံရသော ကြောင့်ဖြစ်စေ၊ ချစ်သောကြောင့်ဖြစ်စေ၊ အမျက်ရန်ငြိုးကြောင့်ဖြစ်စေ၊ မှန်ကန်သောတရားကို မစွန့်ကြချေ-ဟူ၍လည်း ဟောကြား ညွှန်ပြတော်မူထားသည်။ ဤဟောကြားညွှန်ပြချက် နှစ်ရပ်ကို ၅၅၀-ဇာတ်တော်လာ သရဘင်္ဂဇာတ်တွင် အထင်အရှား တွေ့နိုင်ပေသည်။

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ အရှင်မြတ်ကလည်း ဤအချက်တို့ကို ဖော်ပြ၍ သူတော်ကောင်းလက္ခဏာ တရားတော်ကို ပျံလွန်တော်မမူမီက ဟောကြားတော်မူခဲ့သည်။ အလွန်တန်ဖိုးရှိသော တရားတော်မြတ်ပင် ဖြစ်သည်။ ဆရာတော်ဘုရားကြီးသည် သာသနာတော်၌ နေလိုလလို ထင်ရှားသော ဆရာတော်ကြီးများတွင် တပါးအပါအ၀င် ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုတရားတော်တို့ကို နှလုံးသွင်းဆင်ခြင်လျက် ဒါန၊ သီလ၊ ဘာဝနာတရားတို့ကို ကျင့်ကြံပွားများ အားထုတ်သွားနိုင်ကြမည်ဆိုပါက ကျွန်ုပ်တို့အဖို့ လူဖြစ်ရကျိုး နပ်ကြပေလိမ့်မည်ဟု ခံယူမိပေသည်။

No comments: