Tuesday, December 15, 2009

သိကြားမင်း အပြောင်းအလဲ

နတ်ပြည်ခြောက်ထပ်ရှိ နတ်သားအပေါင်းတွင် သိကြားမင်းသည် သတိအကောင်းဆုံး ဖြစ်၏။ နတ်သဘင်အစည်းအဝေး ရှိလေတိုင်း မပျက်မကွက် တက်ရောက်ခဲ့၏။ ဘုရားရှင်ထံတော်သို့လည်း မကြာခဏ လာရောက်၍ ဆည်းကပ်ပူဇော်ခဲ့၏။

ဤသို့ ကြိမ်ဖန်များစွာ ရောက်လာခဲ့ဖူးပြီ ဖြစ်ပါလျက် ထိုနေ့ထိုရက်တွင်မူ သိကြားမင်းသည် ဘုရားရှင်ထံတော်သို့ အပူတပြင်း သွားရောက်ရန် အရေးကိစ္စ ပေါ်ပေါက်လာ၏။ စာတုမဟာရာဇ် တာဝတိံသာနတ်ပြည် နှစ်ထပ်ကို
အစိုးရသောနတ်မင်း၏ စည်းစိမ်ချမ်းသာကို မြိန်မြိန်ကြီး ခံစား၍လာခဲ့သော သိကြားမင်းသည် ထိုနေ့ထိုရက် တွင်မူ ထိတ်လန့်တကြားဖြစ်သွားရ၏။ နတ်ပြည်သို့ ဘွားခနဲရောက်လာသည့်နေ့မှစ၍ အမြတ်တနိုး ပန်ဆင်လာ ခဲ့သော ပန်းတို့က မကြုံစဘူး ညှိုးနွမ်းလာ၏။
ဝတ်ဆင်မြဲ အ၀တ်အဆင်တို့ ညစ်နွမ်းလာကြ၏။
လက်ကတီးကြားမှ ချွေးထွက်လာ၏။
တလျှောက်လုံးက ရှုချင်စဖွယ် တင့်တယ်လာခဲ့သော ရုပ်သွင်သည် မတင့်မတယ် ဖြစ်လာ၏။
မိမိဘုံဗိမာန်နှင့် မပျော်မွေ့နိုင်အောင် ဖြစ်လာ၏။

နတ်တို့သက်တမ်းကုန်၍ စုတိစိတ်ကျရန်နီးကပ်လာချိန်တွင် ဤပုဗ္ဗနိမိတ်ငါးမျိုး ထင်လာမြဲဖြစ်၏။ ဤသို့ထင်လာရာတွင် ဘုန်းကံနည်းပါးသည့် နတ်တို့သည်သာ မိမိလားရောက်ရမည့် ဂတိကို မသိနိုင်သဖြင့် ထိတ်လန့်တုန်လှုပ်ကြရ၏။ ကုသိုလ်ကောင်းမှုကို အလုံအလောက် ပြုထားခဲ့သဖြင့် ဘုန်းကံကြီးမားသည့် နတ်တို့မှာမူ သည့်ထက် မြင့်မြတ်ရာသို့ ရောက်ရန်ရှိသဖြင့် ဣနြေ္ဒမပျက် နေနိုင်ကြပေသည်။

သိကြားမင်းသည် ဘုန်းကံကြီးမားသူ ဖြစ်သော်ငြားလည်း စုတိစိတ် ကျလိုက်သည်နှင့်တပြိုင်နက် စွန့်လွတ်လိုက်ရတော့မည့် စည်းစိမ်ချမ်းသာတွေ၊ ဘုံဗိမာန်တွေ၊ အခြံအရံတွေကို လှည့်လည်ကြည့်ရှုကာ အလွန်တရာ နှမြောလှသဖြင့် စိုးရိမ်သောက ဖြစ်ရ၏။ စိတ်မချမ်းမသာ ခံစားရ၏။ သေရတော့မည့်အရေးကို တွေးတောကြောက်ရွံ့နေ၏။

ဤသို့ ကြောက်စိတ် မွှန်နေရာမှ တဆင့် ဤဘေးမှလွတ်အောင် ကယ်တင်ပေးနိုင်မည့်သူကို လှမ်းမျှော်ကြည့်ရှု လိုက်သောအခါ ဘုရားရှင်ကို မြင်လိုက်မိ၏။ ထို့ကြောင့် ပဉ္စသီခနတ်သားကို ရှေ့သွားပြုကာ နတ်သမီး၊ နတ်သားအပေါင်း ခြံရံလျက် နတ်ပြည်မှ ဆင်းသက်လာပေသည်။

ဘုရားရှင်ထံတော်သို့ သိကြားမင်း ချဉ်းကပ်ရာတွင် လူများနှင့် မကြုံမိစေရန် သန်းခေါင်ယံ အခါ၌သာ လာမြဲဖြစ်၏။ ဤနေ့တွင်ကား အကြောက်တရားက အားကြီးနေသဖြင့် သန်းခေါင်ထိအောင် စောင့်မနေနိုင် တော့ဘဲ နေ၀င်ပြီးစအချိန်မှာပင် ကတိုက်ကရိုက် ဆင်းလာခဲ့ရပေသည်။

ထိုစဉ်တုန်းက ဘုရားရှင်သည် ဝေဒိယကတောင်ပေါ်ရှိ ဣန္ဒသာလာ အမည်ရသော လိုဏ်ဂူ၌ သီတင်းသုံး တော်မူ၏။ ပါဠိဘာသာ၌ နပဲပင်ကို ဣန္ဒသာလာဟု ခေါ်ဆိုရလေရာ လိုဏ်ဂူအ၀မှ ပေါက်ရောက်နေသည့် နပဲပင်ကို အစွဲပြုကာ ဣန္ဒသာလလိုဏ်ဂူ-ဟု ခေါ်တွင်နေခြင်း ဖြစ်၏။ သဘာဝလိုဏ်ဂူကို အခြေပြုကာ အမ္ဗသဏ္ဍာရွာသားများက အင်္ဂတေဖြင့် ပြုပြင်မွမ်းမံပေးထားကြသဖြင့် သူတော်သူမြတ်တို့ မွေ့လျော်ရာ ဖြစ်နေပေသည်။

အမ္ဗသဏ္ဍရွာသည်လည်း သရက်တောကိုအစွဲပြု၍ ဤအမည်တွင်နေခြင်း ဖြစ်၏။ ထိုရွာသည် ရာဇဂြိုဟ် မြို့တော်၏ အရှေ့အရပ်တွင် တည်ရှိကာ ရွာ၏မြောက်ဘက်မျက်နှာ ဝေဒိယကတောင်တည်ရှိ၏။ ထို့ကြောင့် ဝေဒိယကတောင်ပေါ်သို့ သိကြားမင်းနှင့်တကွ နတ်အပေါင်းတို့ ဆင်းသက်လာသောအခါ အမ္ဗသဏ္ဍရွာ အပါအ၀င် တကွင်းတပြင်လုံး နတ်တို့၏ ကိုယ်ရောင်ကိုယ်ဝါဖြင့် ထိန်ထိန်လင်းသွားပေတော့သည်။

ဝေဒိယကတောင်ထက်သို့ ဆင်းသက်ပြီးနောက် သိကြားမင်းသည် ဣန္ဒသာလလိုဏ်ဂူသို့ တခါတည်း တန်းမသွားသေးဘဲ ပဉ္စသီခနတ်သားကို စေလွှတ်လိုက်ရ၏။ စောစောပိုင် တချိန်တုန်းက ဇေတ၀န် ကျောင်းတိုက်ကြီးအတွင်းက သလဠာဂါရကျောင်း၌ သီတင်းသုံးတော်မူနေသည့် ဘုရားရှင်ထံတော်သို့ အဖူးအမြော်လာခဲ့ရာ ဘုရားရှင်က ဖလသမာပတ်ဝင်စားနေသဖြင့် ဖူးမြော်ခွင့် မရခဲ့ပေ။ ဘုရားရှင်ထံတော်ပါးမှာ အမြဲတမ်းနေထိုင်လျက်ရှိသော ဘူဇတိမည်သော သကဒါဂါမ် နတ်သမီးကိုသာ အမှာစကားပါးခဲ့ရ၏။ ဘုရားရှင် သမာပတ်မှ ထတော်မူသောအခါ မိမိလာခဲ့သည့်အကြောင်းကို လျှောက်ထားပေးပါရန် ဖြစ်၏။

ဤသို့အားဖြင့် ဘုရားထံတော်သို့ ချဉ်းကပ်လိုတိုင်း ချဉ်းကပ်ခွင့်မရနိုင်သည်ကို သိထားသဖြင့် ပဉ္စသီခ နတ်သားကို ရှေးဦးစွာ လွှတ်ထားရခြင်းဖြစ်၏။ ပဉ္စသီခနတ်သားသည် သိကြားမင်း၏ အမိန့်ကို ရိုသေစွာ နာခံပြီးလျှင် ဗေလုဝနတ်စောင်းကို ပွေ့ပိုက်ကာ ဣန္ဒသာလလိုဏ်ဂူဝသို့ သွားရောက်၍ သာယာငြိမ့်ငြောင်းစွာ တီးခတ်၏။ ရတနာသုံးပါးနှင့် စပ်ဆိုင်သော သီချင်းများကိုလည်း သီဆို၏။ ချစ်ရေးချစ်ရာနှင့် စပ်ဆိုင်သော သီချင်းများကိုလည်း သီဆို၏။

ပဉ္စသီခနတ်သား၏ စောင်းသံနှင့် သီချင်းသံတို့ ရပ်စဲသွားသောအခါ ဘုရားရှင်က-
ပဉ္စသီခ-သင့်စောင်းသံသည် သီချင်းသံနှင့် လိုက်ဖက်ပါပေ၏။ သင့်သီချင်းသံသည် စောင်းသံနှင့် လိုက်ဖက်ပါပေ၏။-ဟု ချီးမွမ်းစကား မြွက်ကြားတော်မူ၏။

ဤသို့ ဘုရားရှင်က မိမိအား လိုလိုလားလား ရှိကြောင်း သိရှိရသဖြင့် ပဉ္စသီခနတ်သားက-
အရှင်ဘုရား-နတ်တို့ကို အစိုးရသော သိကြားမင်းသည် အမှုထမ်းနတ်များနှင့်တကွ အခြွေအရံနတ်များနှင့်တကွ၊ ဘုရားရှင်၏ ခြေတော်အစုံ၌ ဦးခိုက်နေပါသည်ဘုရား-ဟု လျှောက်ထား၏။

ဤတွင် ဘုရားရှင်က-
ပဉ္စသီခ၊ နတ်တို့ကိုအစိုးရသော သိကြားမင်းသည် အမှုထမ်းနတ်များနှင့်တကွ အခြွေအရံနတ်များနှင့်တကွ ချမ်းသာပါစေသတည်း-ဟု ဆုပေးတော်မူ၏။
ဘုရားရှင်က အကြည်အသာ လက်ခံတော်မူကြောင်းကို သိရသဖြင့် သိကြားမင်းသည် ပရိသတ်နှင့်တကွ ဣန္ဒသာလလိုဏ်ဂူအတွင်းသို့ ၀င်ရောက်၍ ရိုသေစွာ ဦးခိုက်ရှိခိုး၏။
ဘုရားရှင်၏ ဘုန်းတော်နှင့် သိကြားမင်း၏ ဘုန်းတန်းခိုးကြောင့် စောစော မညီမညွတ်ဖြစ်နေသော အောက်ခံသည် ညီညီညွတ်ညွတ် ဖြစ်သွား၏။ စောစောက ချပ်ကျဉ်းကျဉ်းဖြစ်နေသော လိုဏ်ဂူသည် ကျယ်ကျယ်ဝန်းဝန်း ဖြစ်သွား၏။ လိုက်ဂူတခုလုံးသည် နေ့ခင်းကဲ့သို့ လင်းလင်းထိန်ထိန် ဖြစ်သွား၏။

ဘုရားရှင်သည် သိကြားမင်း၏ ဦးခိုက်ရှိခိုးခြင်းကို ငြိမ်သက်စွာ ခံယူတော်မူပြီးလျှင်-
ကောသိယနွယ်ဖွား ဒါယကာသိကြားမင်း၊ ပြုဖွယ်ကိစ္စ များမြောင်လှသည့်ကြားက ယခုလို ရောက်လာခြင်းသည် အံ့ဖွယ်ဖြစ်ပါပေ၏-ဟု နှုတ်ဆက်စကား မြွက်ကြားတော်မူလေရာ-
အရှင်ဘုရား၊ အချိန်တော်တော်ကြာကတည်းက တပည့်တော် ဘုရားရှင်ထံ လာချင်စိတ် ပေါ်ပေါက်ခဲ့ပါသည်။ သို့ရာတွင် ပြုဖွယ်ကိစ္စတွေက များနေသဖြင့် မရောက်နိုင်ခဲ့ပါ။ ဘုရားရှင် သလဠာဂါရကျောင်းတော်မှာ သီတင်းသုံးစဉ်ကတော့ တပည့်တော် ရောက်ခဲ့ပါသေးသည်။ ထိုစဉ်က ဘုရားရှင်က သမာပတ်တခု ၀င်စားနေသဖြင့် ဘူဇတိနတ်သမီးကိုသာ အမှာစကား ပါးခဲ့ရပါသည်။ ဘူဇတိနတ်သမီးက အမှာစကားကို လျှောက်ထားခဲ့ပါသလားဘုရား။

လျှောက်ထားပါသည် သိကြားမင်း၊ သင်သိကြားမင်း ပြန်ထွက်သွားသဖြင့် ရထားဘီးလိမ့်သံ ပေါ်လာချိန်မှာပင် ငါဘုရားသည်လည်း ဖလသမာပတ်မှ ထလာခဲ့ပေသည်။
အရှင်ဘုရား တပည့်တော်ထက် ရှေးဦးစွာ တာဝတိံသာသို့ ရောက်နေခဲ့သော နတ်များက ဤသို့ ပြောကြားသည်။ တပည့်တော်ကိုယ်တိုင် ကြားနာမှတ်သားခဲ့ရပါသည်။ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော သစ္စာလေးတန် တရားမှန်ကို ကိုယ်တော်တိုင် သိမြင်တော်မူကြကုန်သော ဘုရားရှင်တို့ ပွင့်တော်မူလာကြသော အခါ နတ်ပြည်တွင် စည်ကားတိုးတက်လာကုန်၏။ အသုရာဘုံတို့တွင် ဆုတ်ယုတ်ခန်းခြောက်သွားကုန်၏-ဟု ဆိုကြပါသည်။ ထိုစကားအတိုင်း တပည့်တော်ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ ဖြစ်ရပါပြီဘုရား။

ဤသို့လျှောက်ထားရာမှတဆင့် သိကြားမင်းသည် သကျမင်းသမီးဘ၀မှ နတ်ပြည်ရောက်လာသည့် ဂေါပကနတ်သားနှင့် ရဟန်းဘောင်မှာ နေခဲ့ရပါလျက် ဂန္ဓဗ္ဗနတ်မျိုးမှာသာ ဖြစ်လာရသည့် နတ်သားသုံးပါးတို့ အကြောင်းကို လျှောက်ထား၏။
ဤတွင် ဘုရားရှင်သည် သိကြားမင်း၏ ဉာဏ်အမြင်ကြည်လင်နေသည့်အဖြစ်ကို ရှုမြင်တော်မုကာ-


သိကြားမင်း-သင်သိကြားမင်း သိလိုရာရာကို မေးမြန်းပါလော့။ အသင်သိကြားမင်း မေးသမျှကို ငါဘုရား ဖြေကြားပါအံ့-ဟု သဗ္ဗညုတဉာဏ်တော်ဖြင့် ဖိတ်ကြားတော်မူလေရာ-
အရှင်ဘုရား နတ်-လူ-အသုရာ-နဂါး-ဂန္ဓဗ္ဗနှင့် အခြားသတ္တ၀ါတို့သည် ဒေါသမရှိဘဲ နေလိုကြပါကုန်၏။ လက်နက်ဒဏ်၊ ဥစ္စာဒဏ် မသင့်ဘဲ နေလိုကြပါကုန်၏။ ရန်သူမရှိဘဲ နေလိုကြပါကုန်၏။ စိတ်ဆင်းရဲမှု မရှိဘဲ နေလိုကြပါကုန်၏။ သို့ရာတွင် ထိုသတ္တ၀ါတို့သည် ဒေါသရှိနေကြပါကုန်၏။ ဒဏ်သင့်နေကြရပါကုန်၏။ ရန်သူ ရှိနေကြရပါကုန်၏။ စိတ်ဆင်းရဲစွာ နေလာကြရပါကုန်၏။ ထိုသို့ ဖြစ်ရခြင်းသည် မည်သို့သော အနှောင်အဖွဲ့ကြောင့် ဖြစ်ကြရပါသနည်း-ဟု သိကြားမင်းက မေးလျှောက်၏။

ဤတွင် ဘုရားရှင်က-
သိကြားမင်း၊ ထိုသို့ဖြစ်ရခြင်းသည်ကား သူတပါးကောင်းစားသည်ကို မနာလိုသော ဣဿာ နှင့် မိမိဥစ္စာကို တွန့်တိုသော မစ္ဆရိယဟူသော အနှောင်အဖွဲ့ကြောင့် ဖြစ်ကြရပေကုန်၏-ဟု ဖြေကြားတော်မူ၏။
ထိုမှဆက်လက်၍ သိကြားမင်းသည် တဆယ့်လေးရပ်သော အမေးပုစ္ဆာတို့ကို မေးလျှောက်လေရာ ဘုရားရှင်ကလည်း မေးသမျှကို ဖြေကြားတော်မူပေသည်။

သိကြားမင်းလျှောက်သည့် ပုစ္ဆာတို့သည် အဆင့်အတန်းမြင့်ကာ ကြီးကျယ်လှသဖြင့် မဟာပဥှာဟု ခေါ်ကြရ၏။ ထိုမဟာပဥှာ တဆယ့်လေးရပ်တို့မှာ-
(၁) ဣဿာ၊ မစ္ဆရိယ။
(၂) ပိယာပိယ။( ချစ်အပ်သူ-မချစ်အပ်သူ)
(၃) ဆန္ဒ။
(၄) ၀ိတက်။
(၅) ပပဉ္စ ( တဏှာ-မာန-ဒိဋ္ဌိ)
(၆) သောမနဿ။
(၇) ဒေါမနဿ။
(၈) ဥပေက္ခာ။
(၉) ကာယသမာစာရ (ကိုယ်လှုပ်ရှားမှု)
(၁၀) ၀စီသမာစာရ။ (နှုတ်မြွက်ပြောဆိုမှု)
(၁၁) ပရိယေသန။
(၁၂) ဣန္ဒြိယသံဝရ။
(၁၃) အနေကဓာတု။ (စိတ်သဘောထား ကွဲပြားခြင်း)
(၁၄) အစ္စန္တနိဋ္ဌာ။ (သမဏဗြဟ္မဏအားလုံး နိဗ္ဗာန် ရ-မရ) တို့ ဖြစ်ကြပေသည်။

ထိုတဆယ့်လေးရပ်သော မဟာပဥှာတို့တွင် ရှစ်ခုမြောက်ဖြစ်သော ဥပေက္ခာ မဟာပဥှာ၏အဖြေကို ကြားနာ၍ အဆုံးတွင် သိကြားမင်းသည် ရှစ်သောင်းသော နတ်သမီး၊ နတ်သားတို့နှင့်တကွ သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်၏။ သောတာပတ္တိဖိုလ် ဆိုက်ရောက်ပြီးနောက် တခဏချင်းမှာပင် စုတိစိတ်ကျကာ ထိုနေရာမှာပင် ဥပပတ္တိပဋိသန္ဓေဖြင့် သိကြားမင်အသစ် ဖြစ်လာလေသည်။

သိကြားမင်းဘ၀ကို တကျော့်ပြန် ရရှိခြင်းမှအစပြု၍ ဆင့်ကာဆင့်ကာ ရလာဦးမည့် အကျိုးတရားငါးမျိုးတို့ကို ထုတ်ဖော်ကာ သိကြားမင်းက ၀မ်းမြောက်ဝမ်းသာ လျှောက်ထားလေသည်။

( စိတ်ဆင်းရဲခြင်း ကင်းဝေးရာသို့)
ဒီဃနိကာယ် မဟာဝဂ် မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာတွင် သတိပဋ္ဌာန်တရား ပွားများရခြင်းကြောင့် စိတ်ဆင်းရဲရသော ဘေးဒုက္ခမှ ကင်းဝေးရခြင်းကို ပုံဝတ္ထုအကျဉ်းချုပ်ဖြင့် ဖွင့်ဆိုထားပါသည်။ ထိုအကျဉ်းချုပ် ပြဆိုချက်ကို သက္ကပဥှသုတ်ပါဠိတော်နှင့် အဋ္ဌကထာဖွင့်ဆိုချက်တို့ဖြင့် ဆင့်ပွား၍ ဖော်ပြလိုက်ပါသည်။ ယခင်ဝတ္ထုများကဲ့သို့ပင် သိကြားမင်းသည်လည်း ဘုရားရှင်ဖြေကြားနေသည့် ဒေသနာတော်အစဉ်ကို ကြားနာရင်း သတိပဋ္ဌာန်တရား ပွားများနေ၍သာ တရားနာရင်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်များ ပေါ်လာကာ စိတ်ဆင်းရဲခြင်းမှ ကင်းသွားရခြင်းဖြစ်သည်။

အဋ္ဌကာထာတွင် ဥပေက္ခာပုစ္ဆာကို ကြားနာ၍ အဆုံးတွင် သောတာပန်ဖြစ်ကြောင်း ဖော်ပြထားသဖြင့် ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို သိကြားမင်း အဓိကထား၍ ပွားများခဲ့သည်ဟု မှန်းဆနိုင်ပါသည်။

( ၀ဏ္ဏသီရိ)

(မြတ်မင်္ဂလာ ၂၀၀၂-ခု နိုဝင်ဘာလ)

No comments: