Thursday, December 17, 2009

ကိုယ်သာပန်းစေ စိတ်မနွမ်းစေနဲ့

ကျွန်တော်တို့ သမားတွေဟာ စေတနာ၊ အကြင်နာ၊ ကရုဏာနဲ့ ရောဂါဝေဒနာတွေကို ပြုစုကုသပေးနေရသူများ ဖြစ်ပါသည်။ ရောဂါအမျိုးမျိုးကြောင့် ဝေဒနာခံစားနေသူတွေကို ရောဂါအလိုက် စားဆေး၊ ထိုးဆေးများ ပေးရသလို လိုအပ်ရင်လဲ ခွဲစိတ်ကုသပြီး သက်သာ ကောင်းမွန်အောင် ပြုစုကုသပေးရပါတယ်။ ဒါ့အပြင် စိတ်အေးချမ်းသာစွာနဲ့ ဝေဒနာများမှ ကျော်လွှားနိုင်ဖို့ နှစ်သိမ့်အားပေးစကားများနဲ့လဲ ပြောဆိုပေးရပါတယ်။

ငယ်ရွယ်သူများဖြစ်ရင် စိတ်ကို ရွှင်ရွှင်လန်းလန်း ထားပါ၊ စိတ်အားမငယ်ပါနဲ့၊ သက်သာသွားမှာပါ-လို့ စိတ်တည်ငြိမ်စွာနဲ့ ဝေဒနာများမှ ကျော်နိုင်ဖို့ ပြောဆိုရသလို အသက်အရွယ် ကြီးရင့်သူများကိုလည်း သတိနဲ့ ၀င်လေ ထွက်လေကို ရှုမှတ်ပြီးနေပါ။ သည်းခံပြီး ရှုမှတ်နိုင်ရင် တဖြည်းဖြည်းနဲ့ ဝေဒနာတွေကို ကျော်သွား မှာပါ-လို့ စိတ်မနွမ်းစေဖို့ အားပေးစကားလဲ ဆိုရပါတယ်။

စိတ်ပျိုတော့ ကိုယ်နု၊ စိတ်ထောင်းတော့ ကိုယ်ကြေ-ဆိုသလို စိတ်တည်ငြိမ် အေးချမ်းပြီး သတိအမှတ်လေး ရှိဖို့ဟာ အလွန်အရေးကြီးပါတယ်။ တော်ရုံ နာကျင်ကိုက်ခဲမှုများဟာ သတိအမှတ်လေးရှိပြီး စိတ်တည်ငြိမ် ကြည်နေတဲ့အခါမှာ သက်သာသွားပါတယ်။ သတိကောင်းနေတဲ့အခါမှာ သမာဓိကလဲ အလွန်ကောင်းနေ ပါတယ်။ ဒီအတွက် အတွေးအာရုံမရှိတော့ဘဲ ချမ်းသာတဲ့ ဝေဒနာတွေပဲ ဖြစ်ဖြစ်၊ ဆင်းရဲတဲ့ ဝေဒနာတွေပဲဖြစ်ဖြစ် ကိုယ်နဲ့ဘာမှမဆိုင်သလို ဖြစ်သွားပြီး ဝေဒနာရဲ့ သဘောဟာ တမျိုးပြောင်းသွားပါတယ်။

ဘယ်လိုဝေဒနာသဘောပဲ ဖြစ်ဖြစ် ထုံတယ်၊ ကျဉ်တယ်၊ ကိုက်ခဲနေတယ်ဆိုရင် စိတ်ကလေးကို အသာလျှော့ ထားပြီး သတိအမှတ်လေးနဲ့ သိနေလို့ရှိရင် ဝေဒနာရဲ့သဘာဝဟာ ပြောင်းသွားပါတယ်။ အေးချမ်းတဲ့ စိတ်ကလေးနဲ့ သိနေတဲ့အတွက် နာကျင်ကိုက်ခဲမှုများမှလဲ သက်သာရာရသွားပါတယ်။

ဘုရားရှင်လက်ထက်က နကုလပိတာ ဒကာကြီးက တနေ့တော့ မြတ်စွာဘုရားကို လျှောက်တယ်။ မြတ်စွာဘုရား-တပည့်တော် အသက်လဲ ကြီးပါပြီ ဘုရား၊ တရားကို ရှည်ရှည်ဟောရင် တပည့်တော် မှတ်မိမှာ မဟုတ်ပါ။ အဲဒီအတွက် တပည့်တော် မှတ်မိလွယ်အောင် တိုတိုလေး ဟောတော်မူပါဘုရား-လို့ လျှောက်ပါတယ်။ အဲဒီတော့ မြတ်စွာဘုရားက တကယ့်ကို တရားတိုတိုလေး ဟောလိုက်ပါတယ်။

အာတုရကာယဿ မေ သတော စိတ္တံ အနာတုရံ ဘ၀ိဿတိ-တဲ့။ အဓိပ္ပါယ်ကတော့ ခန္ဓာကိုယ်မှာ နာကျင်နေသော်လဲပဲ စိတ်မှာ မနာကျင်အောင် နေမယ်ဆိုပြီး ကျင့်ပါ-လို့ ဖြစ်ပါတယ်။ ရိုးရိုးလေးပေမယ့် ဒီတရားရဲ့ အနှစ်သာရ အဓိပ္ပါယ်ဟာ အလွန်နက်နဲလှပါတယ်။

ဒီတရားတော်နဲ့ပတ်သက်လို့ မဟာစည်ဆရာတော်ဘုရားကြီး ရေးထားတဲ့ အရိယာဝါသ တရားတော်စာအုပ်ရဲ့ နိဒါန်းမှာ ဒေါက်တာဦးမြင့်ဆွေဟာ သူ့ရောဂါကြောင့် ဆေးရုံတက်နေရတဲ့အခါမှာ ရွှေတောင်ကုန်းသာသနာ့ ရိပ်သာ ဆရာတော်က လူနာမေးသွားပါတယ်။ အဲဒီအခါ ဆရာတော်က ဆရာဝန်ဦးမြင့်ဆွေကို ကိုယ်သာပန်းစေ-စိတ်မနွမ်းစေနဲ့-လို့ မြတ်စွာဘုရားဟောခဲ့တာကို သြ၀ါဒစကားလေးအဖြစ် မိန့်ကြားခဲ့ပါတယ်။ ဒီစကားလေးကို နှစ်သက်လို့ ဒေါက်တာဦးမြင့်ဆွေက နိဒါန်းမှာ ထည့်ရေးပါတယ်။

ရွှေတောင်ကုန်း သာသနာ့ရိပ်သာဆရာတော်က ယောဂီတွေ တရားရှုမှတ်လို့ ဒုက္ခဝေဒနာကို တွေ့ရတဲ့ အခါမျိုးမှာ မိန့်ကြားတဲ့ဒီတရားတော်ဟာ ရောဂါဝေဒနာ ခံစားနေရသူများ၊ အထူးသဖြင့် ကင်ဆာဝေဒနာရှင်များ အတွက် အလွန်သင့်တော်တဲ့အတွက် ဒီနေရာမှာ ကောက်နုတ်ဖော်ပြအပ်ပါတယ်။

တရားအားထုတ်တဲ့အခါ မသခံသာမှု ဒုက္ခဝေဒနာကတော့ ရှိစမြဲပါပဲ။ ဒီလို မခံသာတဲ့ ဝေဒနာဖြစ်လာရင်-ရှုစဉ်ပေါ်ရိုး၊ ဆင်းရဲမျိုး၊ လွှမ်းမိုးပယ်ရမည်-ဆိုတဲ့အတိုင်း ကျော်လွန်သွားတဲ့အထိ သည်းခံပြီး နိုင်နိုင်နင်းနင်း ရှုမှတ်ဖို့ လိုပါတယ်။ အဲဒီ မခံသာမှုတွေက လွန်မြောက်သွားနိုင်ဖို့ဆိုရင် ပထမဆုံး အဲဒီမခံသာမှု ဝေဒနာတွေကို သိအောင် မှတ်ရပါမယ်။

သိအောင်မှတ်တဲ့နေရာမှာ ကြိုးစားပြီး စွဲစွဲမြဲမြဲ ရှုမှတ်လေလေ အဲဒီမခံသာမှု ဒုက္ခဝေဒနာပေါ်မှာ မှတ်စိတ်ဟာ စိုက်ကျလေလေပါပဲ။ ဉာဏ်မပွင့်သေးဘူးဆိုရင်တော့ ဘယ်ကနာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ် ဆိုတဲ့ အစွဲတွေဝင်ပြီး စိတ်ဓာတ်တွေ ပိုကျတတ်တယ်။ အဲဒီအခါမှာ မလျှော့ရဘူး။ စိုက်မှတ်၊ မှတ်လေလေ နာလေလေဖြစ်ရင် နည်းနည်းလေး စိတ်ကလေးကို လျှော့ပြီးတော့မှတ်၊ ပြီးတော့ တခါ စိတ်ကလေးကို တင်းပြီးတော့ မှတ်လိုက်၊ မသက်သာဘူးဆိုရင် စိတ်ကလေးကို လျှော့ပြီး ပြန်မှတ်လိုက်။ အဲဒီလို လုပ်ရပါတယ်။

အဲဒီလိုလုပ်လို့မှ မသက်သာဘူးဆိုရင် သူ့ကို ခဏထားလိုက်။ လွှတ်ထားလိုက်၊ မှတ်နေကျဟာကိုပဲ စူးစိုက်နေကျထက် ပိုစူးစိုက်ပြီးမှတ်။ နာလာပြန်ပြီဆိုရင် တခါစိတ်ကလေးကို တင်းပြီးမှတ်လိုက်။ မသက်သာဘူးဆိုရင် လျှော့မှတ်လိုက်။ အဲဒီလို အကြိမ်ပေါင်းများစွာ မှတ်နေရင် ဝေဒနာလေးတွေကို သိသိလာမယ်။

တချက်မှတ် တချက်သိလာတယ်။ နှစ်ချက်မှတ် နှစ်ချက်သိလာတယ်။ နောင်အကြိမ်ပေါင်းများလာတဲ့အခါ ကျတော့ ဝေဒနာချည်း သက်သက် ကွက်တွေ့လာတာပဲ။ အဲဒီအခါကျရင် ဝေဒနာကိုနိုင်လာပြီ။ ရဲလာပြီ။ ဝေဒနာပျောက်ကွယ်၊ ပျောက်ကွယ်သွားတာတွေကိုလဲ ရှင်းရှင်းလင်းလင်း သိလာတယ်။ စောစောက မပျောက်ဘူးလို့ ထင်တာ၊ ခု ပျောက်သွားပြီ။ ဒီတော့ ဝေဒနာတွေကို မှတ်ရတာ တယ်ဟုတ်ပါလားဆိုပြီးတော့ အားရလာမယ်။ ရဲလာမယ်။ အဲဒါကို ၀ီရိယလို့ခေါ်တယ်။ ၀ီရိယဆိုတာ ရဲလာတာ၊ သတ္တိရှိလာတာပဲ။

ရှေ့တန်းစစ်မျက်နှာမှာ ရန်သူတွေကို တကြိမ်လောက် အောင်ပွဲရအောင် တိုက်ပွဲဆင်နွှဲဖူးသူဟာ နောက်တကြိမ် ထပ်တိုက်ဖို့အတွက် အလိုလို အားတက်လာတယ်။ ရဲရင့်လာတယ်။ မတွန့်ဆုတ်တော့ဘူး။ အဲဒီလိုပဲ ဒုက္ခဝေဒနာ တွေကို တကြိမ်လောက်အနိုင်ရအောင် ရှုမှတ်နိုင်ရင် နောက်တခါ ရှုမှတ်ဖို့အတွက် အလိုလိုအားတက်လာပြီး မခံသာမှုမှန်သမျှကို စိန်ခေါ်ဝံ့သွားနိုင်မှာဖြစ်တယ်။ ရွှေတောင်ကုန်း ဆရာတော်ဘုရား မိန့်ကြားသလိုပါပဲ။ ဒုက္ခဝေဒနာတွေကို တခါလောက်နိုင်အောင် မှတ်သွားနိုင်ရင် နောက်ပိုင်း ပြင်းထန်တဲ့ ဝေဒနာတွေရှိလာ ရင်တောင် စိတ်အေးချမ်းသာစွာနဲ့ ဝေဒနာတွေကို ကျော်လွန်အောင် မှတ်လို့ရသွားပါပြီ။

လူတိုင်းဟာ ကျန်းမာသူပဲ ဖြစ်ဖြစ်၊ ဂိလာနပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်ကြီးကို နေ့စဉ် သယ်ပိုးထားရတာပါ။ အဲဒီတော့ အသက်အရွယ်ရလာတာနဲ့အမျှ ရောဂါဝေဒနာတွေရဲ့ ဖိစီးမှုတွေ၊ ဇရာရဲ့ နောက်မသေခင်မှာ တွေ့ကြုံနေရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် တနေ့နေ့မှာ ဝေဒနာတခုခုကို တာရှည်ခံစားရမယ်ဆိုရင် ခန္ဓာကိုယ်မှာ နာပင် နာသော်လဲ စိတ်မှာ မနာအောင် ကြိုတင်ကျင့်ထားဖို့ လိုပါမယ်။ ဒါမှလဲ ဘယ်လိုဝေဒနာပဲတွေ့တွေ့ စိတ်မနွမ်းဘဲ အေးချမ်းတည်ငြိမ်စွာနဲ့ ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။

သူသူ ငါငါ လူတိုင်း မလွဲမသွေ သွားရမယ့်လမ်းက ရှိနေပါတယ်။ ဘယ်သူမှ မသွားလို့မရဘူး။ သွားကို သွားရပါမယ်။ အဲဒီလမ်းကတော့ မရဏလမ်းပါပဲ။ ကျွန်တော်တို့ သမားတော်တွေဟာ ရောဂါအမျိုးမျိုးကြောင့် ဝေဒနာမျိုးစုံ ခံစားနေရသူတွေကို ကုသပေးနေရတော့ သေခါနီးမှာ ခံစားရတဲ့ ဒုက္ခဝေဒနာတွေဟာ တခါတရံမှာ အလွန်ပြင်းထန်တာကို တွေ့ရပါတယ်။

ဒါကြောင့် သေခါနီးနဲ့ ဘ၀တလျှောက်မှာ ကြုံတွေ့ရမယ့် ဝေဒနာတွေကို တရားရှုမှတ်မှုနဲ့ ရင်ဆိုင်နိုင်အား ရှိထားပါမှ ဝေဒနာတွေကို ကျော်လွန်အောင် ရှုမှတ်နိုင်ပြီး ဘ၀ကူးကောင်းမှာ ဖြစ်ပါတယ်။ ရောဂါဝေဒနာ တကယ်ခံစားရမှ ရှုမှတ်မယ်ဆိုရင် နဂိုကကျင့်မထားတော့ ဝေဒနာတွေကို ကျော်လွန်အောင်ရှုမှတ်ဖို့ဆိုတာ မလွယ်လှပါဘူး။

ဒီအတွက် အခုထဲကစပြီး ပြင်းထန်တဲ့ဝေဒနာတွေဖြစ်လာရင် ရင်ဆိုင်နိုင်ဖို့ တရားရှုမှတ်မှုအားကို မွေးမြူထားပါမှ တော်ကာကျမှာဖြစ်ပါတယ်။ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော့်စကားနဲ့ ပြောရရင် ကိုယ်သာပန်းစေ-စိတ် မနွမ်းစေနဲ့-ပေါ့။

( ဗိုလ်မှူး စိန်လင်း )

No comments: