Saturday, December 12, 2009

( ၉ ) ကိုယ်ကျင့်ဝိနည်းကို စောင့်ထိန်းလိုက်နာခြင်း

ကိုယ်ကျင့်ဝိနည်းကို စောင့်ထိန်းလိုက်နာခြင်းသည်၊ တနည်းအားဖြင့်-ရဟန်းကျင့်ဝတ်၊ လူ့ကျင့်ဝတ်တို့ကို စောင့်ထိန်းလိုက်နာခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် စဏ္ဍာလလင်မယား ၂-ယောက်ရှိသည်။ တနေ့သ၌ စဏ္ဍာလ၏ မယားသည် သရက်သီး စားချင်သော ချင်ခြင်းဖြစ်၏။ ထို့ကြောင့် ယောက်ျားဖြစ်သူကို သရက်သီးရှာဖွေ ပေးရန် ပြောဆိုသည်။ ထိုအချိန်မှာ သရက်သီးပေါ်ချိန် မဟုတ်သဖြင့် ယောက်ျားက သရက်သီး မရနိုင်ဟု ဆို၏။ မိန်းမက-သရက်သီး မစားရလျှင် သေရပါလိမ့်မည်။ ကြံဖန်ရှာဖွေပေးပါ-ဟူ၍ ငိုယိုပူဆာ၏။

စဏ္ဍာလယောက်ျားလည်း မယားကို ချစ်လှသောကြောင့် သရက်သီးရနိုင်မည့် နေရာကို လိုက်လံစုံစမ်းသည်။ ထိုအခါ ဗာရာဏသီမင်း၏ ဥယျာဉ်ထဲရှိ သရက်ပင်တပင်တွင် သရက်သီးရှိကြောင်း စုံစမ်းသိရှိရသည်။
ဤတွင် သူသည် စဉ်းစားဆင်ခြင်ခြင်းမပြု၊ ညဥ့်အချိန်တွင် ဘုရင့်ဥယျာဉ်တော်သို့ တိတ်တဆိတ် ခိုးဝင်သည်။ သရက်ပင်များပေါ်သို့ တပင်ပြီးတပင် တက်သည်။ သရက်သီးကို ရှာဖွေသည်။ ထိုစဉ် မိုးလင်းသွားလေသည်။

သူသည် ထိတ်လန့်တုန်လှုပ်သွားသည်။ အစောင့်တို့မြင်လျှင် ဖမ်းဆီး၍ ပြစ်ဒဏ်ပေးခံရမည်ကို ကြောက်လန့် သွားသည်။ ညဥ့်အချိန်ကျမှ တိတ်တဆိတ် ထွက်ပြေးတော့မည်ဟူ၍ ကြံစည်သည်။ အပင်ပေါ်မှာပင် ပုန်းအောင် နေသည်။ ထိုအခိုက်တွင် ဗာရာဏသီမင်းသည် ပုရောဟိတ်ပုဏ္ဏားနှင့်အတူ ဥယျာဉ်ထဲသို့ ၀င်ရောက်လာသည်။ မင်းသည် ပုဏ္ဏားထံမှ ဗေဒင်သင်ယူရန် ရောက်လာခြင်းဖြစ်သည်။ သူတို့နှစ်ဦးသည် စဏ္ဍာလယောက်ျား ပုန်းအောင်းနေသော သရက်ပင်ခြေရင်းတွင် နေရာယူကြသည်။ မင်းသည် မြင့်သောနေရာက နေလျက်၊ ပုဏ္ဏားကား နိမ့်သောနေရ၌နေလျက် ဗေဒင်ပညာကို သင်ယူနေသည်။

ထိုအခြင်းအရာကို စဏ္ဍာလယောက်ျား တွေ့မြင်သောအခါ အမြင်မတော် ဖြစ်မိသည်။ မင်းနှင့် ပုဏ္ဏားတို့၏ အမှားကို ဆင်ခြင်မိသည်။ ထို့ပြင် မိမိ၏ အမှားကိုလည်း ဆင်ခြင်မိသည်။ ထို့ကြောင့် သူသည် သစ်ပင်ပေါ်မှ ဆင်း၍ မင်းကိုရှိခိုးလျက် လျှောက်ထားသည်။

အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ သုံးဦးလုံး အသီးသီး လိုက်နာရမည့် ကျင့်ဝတ်တို့ကို မစောင့်၊ ဖောက်ဖျက်နေကြ ပါသည်။ ကျွန်တော်မျိုးသည် ကျင့်ဝတ်ကိုမစောင့်၊ မိန်းမအလိုကိုလိုက်၍ အရှင်မင်းကြီး၏ သရက်သီးကို ခိုးယူရန် ဥယျာဉ်တော်တွင်းသို့ ၀င်ရောက်ခဲ့မိပါသည်။
ပုရောဟိတ်ပုဏ္ဏာသည်လည်း ဗေဒင်သင်ပေးသော ဆရာဖြစ်ပါလျက် အမြင့်က မနေ၊ အနိမ့်ကနေ၍ ပညာသင်ပေးနေပါသည်။
အရှင်မင်းကြီးသည်လည်း ယခုအချိန်တွင် ဗေဒင်သင်ယူနေသော တပည့်ဖြစ်ပါလျက် အနိမ့်ကမနေ၊ အမြင့်ကနေ၍ ပညာသင်ယူနေသည်။ အမြင်မတော်ပါ။ အမှားကို ပြုကျင့်နေပြီ-ဟူ၍ လျှောက်ထားသည်။

ထိုအခါ ပုဏ္ဏားက အချင်းယောက်ျား-ငါသည် ဘုရင်ပေးသော ရိက္ခာငွေကိုယူ၍ ထမင်းစားနေရသူ ဖြစ်ပါသည်။ ကျင့်ဝတ်ကို မစောင့်နိုင်။ ဘုရင့်အလိုကိုသာ လိုက်နိုင်မည်-ဟူ၍ ဆို၏။
စဏ္ဍာလ ယောက်ျားက အို-ဆရာပုဏ္ဏား၊ လောကကြီးမှာ ကျယ်ဝန်းလှပါသည်။ ဘုရင်မှတပါး သင့်ကို ထမင်းကျွေးနိုင်သူ မရှိပြီလော။ အရပ်တပါးသို့သွား၍ အသက်မွေးပါ။ ထမင်း မငတ်နိုင်ပါ။ ကျင့်ဝတ်ကို မဖောက်ဖျက်ပါနှင့်။ ကျောက်သည် အိုးကို ခွဲသကဲ့သို့၊ မဟုတ်မမှန်သော အမှုသည် သင့်ကို ပျက်စီးစေလိမ့်မည်။ မဟုတ်မမှန်သော အမှုကို ပြု၍ ရရှိသော စည်းစိမ်ဥစ္စာကို စက်ဆုပ်ပါ။ မမက်မောပါနှင့်-ဟူ၍ ပြောဆိုသည်။

ထိုစကားကိုကြားသောအခါ မင်းသည် စဏ္ဍာလယောက်ျားကို လေးစားနှစ်သက်သွားသည်။ မျိုးမည်ကို မေးကြည့်သောအခါ စဏ္ဍာလဖြစ်သည်ကို သိရှိသွားသည်။ သို့ရာတွင် လေးမြတ်ဖွယ်စကားကို ပြောဆို အကြံပြုနိုင်သဖြင့် တန်ဖိုးရှိသောသူ ဖြစ်သည်ဟု ခံယူမိသည်။

ထို့ကြောင့် အမောင်-သင်သည် အမျိုးညံ့သော်လည်း နှလုံးကောင်းသည်။ ပညာရှိသည်။ သင့်ကို ငါလေးစား မြတ်နိုးသည်။ ထို့ကြောင့် အပြစ်မှ ချမ်းသာခွင့် ပေးရုံမျှမက ငါ၏ မင်းစည်းစိမ်ကိုပင် ပေးလိုသည်။ သို့ရာတွင် သင်သည် စဏ္ဍာလမျိုး ဖြစ်နေသောကြောင့် မင်းအဖြစ်ကို ပေး၍မရ။ မည်သို့ပင်ဖြစ်စေ မင်းစည်းစိမ်တ၀က်ကို ငါပေးမည်။ နေ့အခါသာ ငါမင်းပြုမည်။ ညအခါကို အသင် မင်းပြု-ဟူ၍ ပြောဆိုသည်။

မင်းကြီးသည် ဤသို့ဆိုကာ စဏ္ဍာလယောက်ျားကို မြို့စောင့်အဖြစ် ခန့်ထားသည်။ ညအခါတွင် မင်းစည်းစိမ် တ၀က်ကို ပေးသည်။ ထိုနေ့ ထိုအချိန်မှစ၍လည်း ဗေဒင်သင်ယူရာတွင် ဆရာပုရောဟိတ်ပုဏ္ဏားကို အမြင့်နေရာတွင် ထားသည်။ မိမိမူကား အနိမ့်နေရာတွင် နေလျက် နှိမ်ချစွာ သင်ယူလေသည်။
ကျမ်းကိုး။ ။ ၅၅၀-ဆ၀ဇာတ်

( မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၂-ခု ဧပြီလ)

No comments: