Saturday, December 19, 2009

ဒုက္ခသစ္စာ နှင့် မိုးပျံတိုက်ကြီး ( ၂ )

( ယခင်လမှ အဆက် )

မိတ်ဆွေများခင်ဗျား-ဤသံသရာကို သရုပ်ဖော်သည့်အနေနှင့် ထွက်ပေါက်မရှိသော အထပ်ပေါင်း ၃၁-ထပ်ရှိသော မိုးပျံတိုက်ကြီးကို သတိပြု တွေးကြည့်စမ်းပါ။ ထွက်ပေါက်မရှိသော ၃၁-ထပ်ရှိသော မိုးပျံတိုက်ကြီးသည် ၃၁-ဘုံနှင့် တူနေပါသည်။ လောကလူသားအားလုံးသည် ဤမိုးပျံတိုက်ကြီးတွင် နေထိုင်သည်နှင့် တူပါသည်။

ပကတိမိုးပျံတိုက်ကြီးသို့ ၀င်ရောက်လာသော လူတယောက်သည် ခလုတ်တခုကို နှိပ်လိုက်လျှင် သူသွားလိုရာ အထပ်သို့သာ သွားနိုင်ပါသည်။ ထို့အတူ ၃၁-ဘုံထဲက သတ္တ၀ါတို့သည် သူတို့ပြုသော ကောင်းမှု မကောင်းမှု ဟူသော ကံတရား၏ စေစားချက်ကြောင့် ဘုံအမျိုးမျိုးသို့ သွားကြရပါသည်။ ဆိုလိုသည်မှာ သူတို့သေဆုံးချိန်တွင် သူတို့၏ ကုသိုလ်ကံ အကုသိုလ်ကံ ညွှန်ပြရာ သက်ဆိုင်ရာဘုံသို့ သွားကြရပါသည်။ ဤနည်းအားဖြင့် လူပုဂ္ဂိုလ်တဦးသည် သူ့တွင်ကောင်းမှုကုသိုလ်ကံပါလျှင် သူသေဆုံးချိန်၌ သူနေထိုင်ရာ ပဉ္စမမြောက် လူ့ဘုံကိုစွန့်၍ အထက်ဘုံသို့ သွားရပါသည်။ မကောင်းမှုအကုသိုလ်ကံပါလာလျှင် အောက်ဘုံသို့ သွားရပါသည်။ စင်စစ်မှာ အသစ်ဖြစ်လာသောဘ၀နှင့် လိုက်လျောညီထွေဖြစ်အောင် သူ့ပုံကို ပြောင်းရခြင်းသာ ဖြစ်ပါသည်။

ဥပမာ-နတ်ဆိုလျှင် နတ်လောကတွင် နတ်နှင့်တူအောင်၊ ခွေးဆိုလျှင် တိရစ္ဆာန်လောကတွင် ခွေးနှင့်တူအောင် ရှိရသည့်သဘောပင် ဖြစ်ပါသည်။ ၃၁-ထပ်မျှရှိသော မိုးပျံတိုက်ကြီးတွင် သို့မဟုတ်-၃၁-ဘုံတွင် နေထိုင်ကြသူ များသည် ထွက်ပေါက်မရှိသည့်အတွက် တထပ်မှတထပ်သို့၊ သို့မဟုတ်-တဘုံကနေ အခြားတဘုံသို့သာ သွားနိုင်ရုံ ရှိပါသည်။

မိတ်ဆွေများခင်ဗျား-ဤသို့ဆိုပါသော် အကျဉ်းထောင်သဖွယ် ဖြစ်နေသော ဤမိုးပျံတိုက်ကြီးတွင် သင်တို့တတွေ ဘယ်လောက်ကြာကြာ နေချင်ကြမလဲ။ လိုတာကို ရနိုင်ပါသည်။ စားချင်ရာကို စားနိုင်ပါသည်။ ခံစားချင်ရာကို ခံစားနိုင်ပါသည်။ သို့သော် မိုးပျံတိုက်ကြီးတွင် သင်တို့ကို အကျဉ်းချထားပါကလားဟု သိလျှင် သင်တို့တတွေ ဤစည်းစိမ်များကို ဘယ်လောက်ကြာကြာ ခံစားနိုင်ကြမလဲ။ ဘ၀ဟူသည် သေခြင်းတွင် ဆုံးသည်ဟူသော စကားကို အမှတ်ရပါ။ လူတိုင်းလူတိုင်းသည် လွတ်လပ်မှုကိုလိုချင်ကြပါသည်။ သွားလိုရာ သွားနိုင်သော လွတ်လပ်မှုပင် ဖြစ်သည်။ အကျဉ်းထောင်ထဲတွင် မည်သူမျှ မနေချင်ကြပါ။ ထို့ကြောင့် သံသရာမှာ အကျဉ်းကျပြီး လောကီပျော်မွေ့စရာများနှင့် နေထိုင်ရသည်ကိုပင် ဒုက္ခဆင်းရဲကြီး ဖြစ်သည်ဟု ဆိုပါသည်။

မိတ်ဆွေများခင်ဗျား-ဤအချက်သည် ဒုက္ခ၏ တကယ့်သဘော ဖြစ်ပါသည်။ ဇာတိသည် ဒုက္ခ၊ ဇရာသည် ဒုက္ခ၊ မရဏသည် ဒုက္ခ၊ စသည်ဖြင့် ဖော်ပြသော ဖော်ပြချက် အဆိုမျိုးမဟုတ်။ သစ္စာလေးပါးတရားကို နားမလည်ကြလျှင် ထွင်းဖောက်၍ မသိကြလျှင် ငြီးငွေ့ဖွယ်ရာ ကောင်းသော ဤဇာတိသံသရာကြီးတွင် ကျွန်ုပ်တို့တတွေ ကြာရှည်စွာ လည်ကြရဦးမည်ကို ဗုဒ္ဓက သိခဲ့ပါသည်။ ထို့ကြောင့် ဓမ္မစကြာတွင် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟူသော သစ္စာလေးပါးကို ရှေးဦးအစ ဟောခဲ့ခြင်း ဖြစ်ပါသည်။

(၁) ဒုက္ခသစ္စာ-ဇာတိသည် ဒုက္ခဆင်းရဲဖြင်း ဖြစ်သည်။ ဇရာသည် ဒုက္ခသစ္စာ ဆင်းရဲခြင်းဖြစ်သည်။ ဗျာဓိသည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ မရဏသည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊ နာကျင်ခြင်း၊ ပူပန်ခြင်း၊ ဆုံးရှုံးခြင်းတို့သည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ လိုတာမရခြင်းသည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ အကျဉ်းအားဖြင့် ခန္ဓာငါးပါးသည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။

(၂) သမုဒယသစ္စာ-(ဒုက္ခ၏မူလ)
ယင်းသည် ဇာတိပဋိသန္ဓေနေ တဖန်လည်ရခြင်းကို တောင့်တလိုလားမှု ဖြစ်သည်။ ယင်းဇာတိ ပဋိသန္ဓေနှင့်အတူ ကာမသုခ၊ ရာဂတရားတို့ လိုက်ပါလာကြသည်။ နှစ်သက်မှုကို ဟိုမှာရှာလိုက်၊ သည်မှာရှာလိုက် ဖြစ်လာသည်။ အမည်နာမပေးရလျှင် ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာတို့ ဖြစ်ပါသည်။

(၃) နိရောဓသစ္စာ-(ဒုက္ခချုပ်ငြိမ်းခြင်း)
ကာမတဏှာ စသည်တို့ ချုပ်ငြိမ်းခြင်း။ ယင်းတို့ကို စွန့်ပယ်ခြင်း၊ ဖြတ်တောက်ခြင်းတို့ ဖြစ်ပါသည်။

(၄) မဂ္ဂသစ္စာ-(ဒုက္ခကို ချုပ်ငြိမ်းစေသော လမ်းစဉ်)
ယင်းသည် မဂ္ဂင်ရှစ်ပါး ဖြစ်ပါသည်။ အမည်အားဖြင့်-
သမ္မာဒိဋ္ဌိ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သောအားဖြင့်)
သမ္မာသင်္ကပ္ပ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော အကြံအစည်)
သမ္မာဝါစာ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော ပြောဆိုမှု)
သမ္မာကမ္မန္တ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော ပြုလုပ်မှု)
သမ္မာအာဇီဝ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု)
သမ္မာဝါယာမ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု)
သမ္မာသတိ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော မမေ့လျှော့မှု)
သမ္မာသမာဓိ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော စိတ်တည်ကြည်မှု) တို့ ဖြစ်ပါသည်။

ထို့ကြောင့် ဒုက္ခကို ဗုဒ္ဓသုံးသပ်ပုံမှာ ရောဂါတခုကို ကုသပေးပုံနှင့် တူပါသည်။
ဒုက္ခသည် ရောဂါနှင့်တူသည်။
ဒုက္ခ၏ အစမူလသည် ရောဂါဖြစ်ခြင်းအကြောင်းနှင့် တူသည်။
ဒုက္ခကို ချုပ်ငြိမ်းစေခြင်းသည် ရောဂါကို ချုပ်ငြိမ်းစေခြင်းနှင့်တူသည်။
ဒုက္ခကို ချုပ်ငြိမ်းစေသော လမ်းစဉ်သည် ရောဂါပျောက်သောဆေးနှင့် တူသည်။

ဒုက္ခသစ္စာတွင် ဖော်ပြသော ခန္ဓငါးပါးမှာ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-၀ိညာဏတို့ ဖြစ်ပါသည်။ ရုပ်နာမ်တို့ကို ငါးခုစုထားခြင်း ဖြစ်ပါသည်။ ရုပ်အမျိုးမျိုးဆိုသည်မှာ ပစ္စုပ္ပန်ဖြစ်စေ၊ အနာဂတ်ဖြစ်စေ၊ မိမိပိုင်ဖြစ်စေ၊ သူတပါးပိုင် ဖြစ်စေ၊ ကြမ်းသည်ဖြစ်စေ၊ နူးညံ့သည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ ယင်းတို့အားလုံး ရုပ်ခန္ဓာ (ရုပ်အစု) ဟု ခေါ်သည်။

ဝေဒနာအမျိုးမျိုး၊ သညာအမျိုးမျိုး၊ သင်္ခါရအမျိုးမျိုး၊ ၀ိညာဏအမျိုးမျိုး ယင်းတို့အားလုံးကို ကိုယ်ခန္ဓာ (နာမ်အစု) ဟုခေါ်ပါသည်။ ဤနည်းအားဖြင့် ဒုက္ခသည် ခန္ဓာငါးပါးတို့ ပါဝင်ဖွဲ့စည်းထားသော ဘ၀ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ဆက်စပ်နေပါသည်။ ဗုဒ္ဓက တရားဦးတွင် မဂ္ဂင်ရှစ်ပါးကို ဆန္ဒရာဂတည်းဟူသော ကိလေသာနှင့်ယှဉ်သော ချမ်းသာကို အဖန်တလဲလဲ ခံစားခြင်း (ကာမသုခလ္လိကာနုယောဂ) နှင့် မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေခြင်း (အတ္တကိလမထာနုယောဂ) ဟူသော အစွန်းတရားနှစ်ပါးကို ရှောင်သော အလယ်အလတ်လမ်း ဖြစ်သည်ဟု ဖော်ပြထားပါသည်။

ကာမသုခလ္လိကာနုယောဂဟူသော ကိလေသာကာမကို ခံစားသော ဘ၀သည် နိမ့်ကျသည်။ ညစ်ညမ်းသည်။ ရိုင်းသည်။ ယုတ်ညံ့သည်။ အကျိုးမဲ့သည်။ အတ္တကိလမထာနုယောဂဟူသော မိမိကိုယ်ကို ပင်ပန်းစေခြင်းသည် နာကျင်ပင်ပန်းသည်။ ယုတ်ညံ့သည်။ အကျိုးမဲ့သည်။ ဤအစွန်းတရားနှစ်ပါးကို ရှောင်ခြင်းအားဖြင့် ဗုဒ္ဓသည် အလယ်အလတ်လမ်းစဉ်ကို ရရှိပါသည်။ ယင်းအလယ်အလတ်လမ်းစဉ်ကြောင့် အမြင်၊ စိတ်ငြိမ်းမှုကို ဖြစ်စေသော ပညာ၊ ထို့ထက်မြင့်မားသောပညာ၊ ဗောဓိဉာဏ် နိဗ္ဗာန်ကို ရရှိပါသည်။ ဤအလယ်အလတ်လမ်းစဉ်သည် ငြီးငွေ့ဖွယ်ရာကောင်းသော ဇာတိသံသရာကြီးမှ လွတ်မြောက်ရာ မဂ္ဂင်ရှစ်ပါးပင် ဖြစ်ပါသည်။

မဂ္ဂင်ရှစ်ပါးကို သီလ သမာဓိ ပညာ-ဟူ၍ ခေါင်းသုံးခု ခွဲနိုင်ပါသည်။
သမ္မာဒိဋ္ဌိ နှင့် သမ္မာသင်္ကပ္ပ-ကို ပညာဟူ၍၄င်း။
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့ကို သီလ ဟူ၍၄င်း။
သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ တို့ကို သမာဓိ ဟူ၍၄င်း ခွဲထားပါသည်။

သမ္မာဒိဋ္ဌိကို ပထမနေရာ၌ ထားရခြင်းမှာ ယင်းသည် လက်တွေ့ ဗုဒ္ဓဘာသာတွင် အရေးကြီးသောကြောင့် ဖြစ်ပါသည်။
သီလ သမာဓိ ပညာ တို့သည် အရှင်ဗုဒ္ဓဃောသ၏ ၀ိသုဒ္ဓိမဂ်ကျမ်းတွင် ခွဲပြထားသော အပိုင်းသုံးပိုင်း ဖြစ်ပါသည်။ ဤအပိုင်းသုံးပိုင်းကို ၀ိနည်းပိဋက၊ သုတ္တန်ပိဋက၊ အဘိဓမ္မာပိဋက ဟူသော ပိဋကသုံးပုံတွင် တွေ့နိုင်ပါသည်။ မည်သည့် လူ့အဖွဲ့အစည်းမျှ ဤအပိုင်းသုံးပိုင်းနှင့် ကင်း၍ ကြာရှည်မတည်တံ့နိုင်ပါ။ စင်စစ် မဂ္ဂင်ရှစ်ပါးသည် ဗုဒ္ဓ၏ဒေသနာတော် အလုံးစုံကို အကျဉ်းဆုံးပုံစံဖြင့် အစောဆုံး ဖော်ပြထားသော ဖော်ပြချက်ပင် ဖြစ်ပါသည်။

ယခုလောက်ဆိုလျှင် ဗုဒ္ဓကို ဘ၀နှင့်ပတ်သက်၍ အဆိုးမြင်ဝါဒသမားသက်သက်မဟုတ်ဘဲ ဒုက္ခမှ လွတ်မြောက်ရာလမ်းကို ပြခဲ့သော မဟာကရုဏာရှင်အဖြစ် တွေးမိကြပါလိမ့်မည်ဟု ယုံကြည်ပါသည်။ သင်တန်းသားတို့သည် ကောင်းကောင်းကြီး သဘောတွေ့သွားကြပါသည်။ နောက်ခြောက်လအကြာတွင် ဘဲလွိုက်ကောလိပ်ကျောင်းသားတို့အား ယင်းတရားတော်ကို မိုးပျံတိုက်ကြီး ဥပမာဖြင့်ပင် ထပ်မံပို့ချပြန်သော အခါ တုံ့ပြန်မှုမှာ ပို၍ကောင်းလာပါသည်။ ပရိသတ်ထဲမှာ များစွာသော ပုဂ္ဂိုလ်တို့သည် ကျွန်ုပ်ပို့ချချက် ပြီးဆုံးသောအခါ ၀မ်းမြောက်ဝမ်းသာ ချီးကျူးကြပါသည်။

သင်တန်းရှိ ကျောင်းသားများအားဖြစ်စေ၊ သီးသန့်ဆွေးနွေးကြသော ပုဂ္ဂိုလ်များအားဖြစ်စေ၊ ဗုဒ္ဓဘာသာအကြောင်းကို ချီကာဂို၌ ကျွန်ုပ်ဟောပြောရတိုင်း ဤဥပမာကို သုံးခဲ့ရပါသည်။ တကြိမ်သောအခါတွင် လွန်စွာဝမ်းမြောက်နှစ်ခြိုက်ခဲ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော်-ကျွန်တော်တို့လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ချင်ကြပါသည်-ဟု ပရိသတ်ထဲမှထ၍ ဆန္ဒပြုကြသောကြောင့် ဖြစ်ပါသည်။

(ဦးဖေမောင်တင်)
(မြတ်မင်္ဂလာ ၂၀၀၂-ခု ဒီဇင်္ဘာလ)

No comments: