Monday, December 14, 2009

ဒုက္ခသစ္စာ နှင့် မိုးပျံတိုက်ကြီး

ပါဠိဘာသာနှင့် ထေရ၀ါဒဗုဒ္ဓဘာသာကို သင်ကြားပေးရန် ချီကာဂို တက္ကသိုလ်က ကျွန်ုပ်အား ဧည့်ပါမောက္ခ အဖြစ် စာသင်နှစ် နှစ်နှစ်တာ (၁၉၅၇-၅၉) ခန့်ခဲ့ပါသည်။ ထိုနှစ် အောက်တိုဘာလတွင် ချီကာဂိုသို့ ကျွန်ုပ် ရောက်သွားသောအခါ ဗုဒ္ဓဘာသာသင်တန်းတွင် တက်ရောက်ကြမည့် ကျောင်းသားများမှာ ရန်ကုန် တက္ကသိုလ်မှာကဲ့သို့ မောင်မယ်သစ်လွင်များ မဟုတ်ကြဘဲ ဘွဲ့လွန်ကျောင်းသားများနဲ့ သုတေသန ပညာရှင်များ ပါဝင်ကြောင်း တွေ့ရပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားသော ချီကာဂို တက္ကသိုလ်ဝန်ထမ်းပုဂ္ဂိုလ်ကြီး နှစ်ဦး သုံးဦးကိုပါ ထိုသင်တန်းတွင် တွေ့ရသဖြင့် ကျွန်ုပ်အံ့အားသင့်ခဲ့ရပါသည်။

သင်တန်းတွင် ဒုက္ခသစ္စာအကြောင်းကို စတင်ပို့ချမည်ဟု ကျွန်ုပ်စဉ်ားစားထားပါသည်။ ထိုသို့ စဉ်းစားထား သည်မှာ အခြားကြောင့်မဟုတ်ပါ။ ဗုဒ္ဓကိုယ်တော်တိုင် သူ၏ ဒေသနာတော်ကို ဒုက္ခသစ္စာအပေါ် အခြေပြု ထားသော ဓမ္မစကြာတရားဖြင့် စတင်ခဲ့သောကြောင့် ဖြစ်ပါသည်။ ယင်းဒုက္ခသစ္စာတရားကို ကျွန်ုပ် ရန်ကုန် တက္ကသိုလ်ရှိစဉ်က ကျောင်းသူ ကျောင်သားများအား မြန်မာဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာတို့ဖြင့် အခက်အခဲမရှိ နှစ်ပေါင်းများစွာ ရှင်းလင်းပို့ချနိုင်ခဲ့ပါသည်။ ကျောင်းသူ ကျောင်းသား အားလုံးလိုလိုမှာပင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြသောကြောင့်လည်း ယင်းတရားတော်ကို လက်ခံခဲ့ကြပါသည်။

ချီကာဂို တက္ကသိုလ်ကျောင်းသားများမှာမူ ထိုသို့မဟုတ်ပါ။ ပထမ စတင်ပို့ချသော ပို့ချချက် နှစ်ကြိမ်၊ သုံးကြိမ်၌ ကျွန်ုပ်ဘယ်လိုပင် ကြိုးစား၍ ရှင်းလင်းပါသော်လည်း ဒုက္ခ၏ တကယ့်အနက်သဘောကို နားမလည်ကြောင်း သူတို့မျက်နှာပေါ်တွင် အထင်းသား ပေါ်နေပါသည်။ ဗုဒ္ဓကိုယ်တော်တိုင် ယင်း၏ဘာသာရေးတွင် အခိုင်အမာ အခြေခံပြုလုပ်ထားသော ဒုက္ခသစ္စာကို ကျောင်းသူ ကျောင်းသားတို့ နားလည်ဖို့ အခက်အခဲတွေ့ရသည်ကို မြင်ရသောအခါ ကျွန်ုပ် ရှေးဦးစွာ စိတ်ပျက်ခဲ့ရပါသည်။

ချီကာဂို တက္ကသိုလ်ကျောင်းသားများမှာ (မြန်မာကျောင်းသားများနှင့်) အမွေအနှစ်ချင်း၊ ယဉ်ကျေးမှုခြင်း၊ လူမှုပတ်ဝန်းကျင်ခြင်း မတူသောကြောင့် ယင်းတို့ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများကဲ့သို့ သင်ကြား၍ မဖြစ်နိုင်ကြောင်း ကျွန်ုပ်မှာ ကြိုတင်သိမြင်ထားသော်လည်း ကျွန်ုပ်စိတ်ပျက်တုန်းပင် ရှိနေပါသည်။ ထို့ကြောင့် ဒုက္ခသစ္စာကို သူတို့တတွေ အဘယ့်ကြောင့် လက်မခံနိုင်ကြသလဲဟု ကျွန်ုပ် စူးစမ်းရပါတော့သည်။

သံကို အညစ်အကြေးကင်းစင်အောင် ပြုလုပ်လိုက်လျှင် သံမဏိဖြစ်လာသကဲ့သို့ သူတို့ဘ၀ခရီးတွင် တွေ့ရသော ကိုယ်ဒုက္ခ၊ စိတ်ဒုက္ခတို့ကို ပယ်ရှားလိုက်ရုံဖြင့် ပျော်ရွှင်မှုကို ထူထောင်နိုင်သည်ဟူသော ယုံကြည်ချက် ကြောင့်သာ ဤကဲ့သို့ ဖြစ်နိုင်သည်ဟု ကျွန်ုပ် ထင်မြင်လာပါသည်။ သိပ္ပံပညာသဘောအရ ကမ္ဘာကြီးတိုးတက် နေသည်မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။ သူတို့တတွေ နေထိုင်သော အမေရိကန်နိုင်ငံသည်လည်း ထိုသဘောအရ ရုပ်ဝတ္ထုပစ္စည်းများဖြင့် ဖွံ့ဖြိုးတိုးတက်နေသည်မှာ ရှေ့တန်းက ပါဝင်နေသည် မဟုတ်ပါလား။ ဤယုံကြည်ချက်ကြောင့်သာ အမေရိကန်ကျောင်းသားများ ဗုဒ္ဓ၏ ဒုက္ခသစ္စာကို နားလည်နိုင်စွမ်း မရှိခြင်း ဖြစ်ပါသည်။

ဗုဒ္ဓ၏ဒေသနာတော်တွင်-
၁။ ဇာတိသည် ဒုက္ခ-ဆင်းရဲခြင်း ဖြစ်သည်။
သူတို့နိုင်ငံတွင် ဆေးသိပ္ပံ အလှမ်းကျယ်ကျယ် ထွန်းကားသောကြောင့် မွေးရ ဖွားရသည်မှာ လွယ်ကူသော ကိစ္စတရပ်သာ ဖြစ်သည်။ ဓမ္မတာအတိုင်း မွေးဖွားရာ၌ အခက်အခဲရှိလျှင် ခွဲစိတ်၍ မနာမကျင် မွေးဖွားနိုင်သည်။

၂။ ဇရာသည် ဒုက္ခ-ဆင်းရဲခြင်းဖြစ်သည်။
သူတို့နိုင်ငံတွင် အသက် ၇၀-မှ ဘ၀စသည်ဟု ဆိုသည်။ ထိုအသက်အရွယ်ရောက်မှ သွားလိုရာသွား၊ လာလိုရာလာ၍ ဘ၀ကို ခံစားနိုင်သည်။ လူငယ်များက လူငယ်ကလပ်များတွင် မွေ့လျော်ကြသလို သူတို့ သက်ကြီးရွယ်အိုများကလည်း သူတို့နှင့် ဆီလျော်ရာ ကလပ်များကို တည်ထောင်၍ မွေ့လျော်ကြသည်။ ဗမာအို ကျောင်းကြို ကျောင်းကြား ဟူသော မြန်မာစကားပုံမျိုး သူတို့နိုင်ငံတွင် မရှိပါ။ ထို့ကြောင့် ဇရာကို ဒုက္ခဟု သဘောမထားခြင်းဖြစ်သည်။

၃။ ဗျာဓိသည် ဒုက္ခ-ဆင်းရဲခြင်းဖြစ်သည်။
သူတို့နိုင်ငံတွင် ဆေးသိပ္ပံလွန်စွာ တိုးတက်သောကြောင့် ရောဂါမြောက်များစွာကို ပျေက်ကင်းအောင် ကုသနိုင်ပါသည်။ မပျောက်နိုင်သေးသော ရောဂါများ ရှိပင်ရှိငြားသော်လည်း တချိန်ချိန်တွင် ပျောက်ကင်းအောင် ကုသနိုင်မည်ဟု မျှော်လင့်ထားကြသည်။ ထို့ကြောင့် ဗျာဓိကို ဒုက္ခဟု သဘောမထားခြင်း ဖြစ်သည်။

၎။ မရဏသည် ဒုက္ခ-ဆင်းရဲခြင်း ဖြစ်သည်။
သူတို့ကမူ ဤဘ၀ကို နောက်ဆုံးဘ၀ဟု ယုံကြည်ထားသည်။ သေလျှင် ကောင်းကင်ဘုံသို့ တောက်လျှောက် ရောက်မည်။ သေခြင်းသည် ကောင်းကင်ဘုံသို့အရောက် တောက်လျှောက်သွယ်တန်းသော တံခါးကြီး ဖြစ်သည်ဟု ယုံကြည်သူများအား သေခြင်းသည် ဒုက္ခဖြစ်သည်ဟု ရှင်း၍ အဘယ်မှာ လွယ်ကူနိုင်ပါမည်နည်း။

၅။ ချစ်သောသူနှင့် ကွေကွင်းရခြင်းသည် ဒုက္ခ-ဆင်းရဲခြင်း ဖြစ်သည်။
သူတို့ကမူ ထိုသို့မတွေးချေ။ ချစ်သောသူ တယောက်နှင့် ကွဲလျှင် သူ့နေရာတွင် နောက်တယောက်ကို အလွယ်တကူ အစားထိုးနိုင်သည်။ ထိုသဘောသည် သူတို့တတွေ၏ ဘ၀စခန်းသွားပုံပင် ဖြစ်ဟန်တူသည်။

၆။ မချစ်သောသူနဲ့ ပေါင်းသင်းရခြင်းသည် ဒုက္ခ-ဆင်းရဲခြင်း ဖြစ်သည်။
မချစ်သောသူနဲ့ ဆက်လက်၍ ပေါင်းသင်းစရာမလို။ မြန်မာဆန်ဆန် ကွာရှင်းပြီး နောက်တယောက်ကို လက်ထပ်လိုက်လျှင် ပြဿနာပြေလည်သွားမည်။ သင်္ဘောသားတယောက် ရောက်ရာသင်္ဘောဆိပ်ကမ်းတွင် မိန်းကလေးအဖော်ထားသလို သူတို့လည်း အချစ်ပြဿနာကို ထိုသို့ပင် သဘောထားပုံရသည်။ ဟောလီးဝုဒ်တွင် လင်မယား ကွာရှင်းမှုများ မကြာခဏ ဖြစ်သည်။ ကွာရှင်းမှုကို စိတ်ရှုပ်စရာ စိတ်ညစ်စရာ စိတ်ပူစရာဟု သဘောမထားကြပါ။

၇။ လိုတာမရခြင်းသည် ဒုက္ခ-ဆင်းရဲခြင်း ဖြစ်သည်။
သူတို့နိုင်ငံတွင် လူနေမှုအဆင့်အတန်း အလွန်မြင့်မားသည်။ လူသုံးယောက်တွင် တယောက် ကားတစီးပိုင်သည်။ လိုချင်စဖွယ် ပစ္စည်း ပေါသည်။ အသိဉာဏ် လုံ့လ ၀ီရိယရှိသောသူတယောက်သည် သန်းကြွယ်သူဌေးကြီး မြန်မြန်ဆန်ဆန် ဖြစ်နိုင်သည်။ ထိုအခါ လိုတာရနိုင်ပါသည်။ ထို့ကြောင့် လိုတာမရခြင်းကို ဒုက္ခ-ဟု သဘောမထားခြင်း ဖြစ်သည်။

ဤအကြောင်းအရာများကြောင့် ဒုက္ခသစ္စာသဘောကို ထိုကျောင်းသားများအား ရှင်းပြဖို့ မလွယ်ကူကြောင်း တွေ့လာပါသည်။ မိုးပျံတိုက်ကြီးများ ပေါများသော သူတို့နိုင်ငံတွင် မိုးပျံတိုက်ကြီးများကို ဥပမာပေး၍ ဒုက္ခသစ္စာ သဘောကို ရှင်းရလျှင်အောင်မြင်လိမ့်မည် ထင်မြင်လာသည်။ ထိုနည်းဖြင့် ကျွန်ုပ်သည် မိုးပျံတိုက်ကြီး ဥပမာကို သုံးမိလာခြင်း ဖြစ်ပေသည်။ ဗုဒ္ဓဘာသာအကြောင်းကို နှစ်ကြိမ်ပို့ချပေးပါ-ဟု ဗတ်ကနဲ တက္ကသိုလ်က ၁၉၅၈-ခုနှစ်၊ မတ်လတွင် ကျွန်ုပ်အားဖိတ်သောအခါ ကျွန်ုပ်သည် ယင်းဥပမာကို သုံးဖို့ မြင်လာရလေသည်။ ထိုတက္ကသိုလ်တွင် ကျွန်ုပ်ပို့ချခဲ့သော ပို့ချချက်အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

မိတ်ဆွေများခင်ဗျား-
ဒုက္ခသစ္စာအကြောင်းကို ဥပမာတခုနှင့် ယနေ့သရုပ်ဖော် ရှင်းလင်းပြပါမည်။ ကျွန်တော်တို့တတွေ နေထိုင်သော ဤလောကကြီးတွင် ၃၁-ဘုံရှိသည်ဟု ဗုဒ္ဓဘာသာဝင်များက ယုံကြည်ကြပါသည်။ ယင်း ၃၁-ဘုံတွင် လူများက ပဉ္စမမြောက်ဘုံတွင် နေထိုင်ကြပါသည်။ လူတို့နေထိုင်သော ဘုံအောက်တွင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့ နေထိုင်သော ဘုံလေးဘုံ ရှိပါသည်။ လူတို့၏အထက်တွင် နတ်ဒေ၀ါများ နေထိုင်သော နတ်ခြောက်ဘုံ ရှိပါသည်။ နတ်ဘုံအထက်တွင် အမြင့်ဆုံး ဘုံ ၂၀-ရှိပါသည်။ ယင်းဘုံတို့တွင် ဗြဟ္မာများ နေထိုင်ကြပါသည်။ ပေါင်းကြည့်လျှင် ၃၁-ဘုံ ရှိနေပါသည်။ ဤ ၃၁-ဘုံတွင် နေထိုင်ကြသူများသည် ၃၁-ဘုံထဲက ရိုးရိုး မထွက်နိုင်ကြပါ။ တဘုံက တဘုံသို့ ပြောင်း၍ အကြိမ်ကြိမ် အချိန်ကုန်ကြရပါသည်။ ဤ ၃၁-ဘုံကို သံသရာဟု အမည်ပေးထားပါသည်။ သံသရာဆိုသည်မှာ အစအဆုံး မတွက်နိုင်လောက်အောင် ဇာတိသံသရာ လည်ရာဌာနကြီးပင် ဖြစ်ပါသည်။

ကျယ်ဝန်းလှသော သံသရာကြီး၏ သဘောကို သိချင်လျှင် ယခုပစ္စုပ္ပန်ဘ၀မှ ဒုက္ခလက်ချက်ကြောင့် ဇာတိသံသရာ လည်နေသော အနာဂတ်ကာလကို စူးစိုက်၍ ကြည့်စမ်းပါ။
( ရှေ့လဆက်ရန်)

( ဦးဖေမောင်တင်)

No comments: