Monday, December 7, 2009

ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် သိကြားသာသနာ ( ၂ )

( ယခင်လမှ အဆက် )

( ဘုရားလက်ထက်၌ သိကြားမင်း သာသနာပြုပုံ )
ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ရာဇဂြိုဟ်မြို့ အနီး ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူချိန် ဖြစ်သည်။ ထိုအချိန်တွင် အင်္ဂတိုင်းနှင့် မဂဓတိုင်း တိုင်းသူတိုင်းသား အများစုတို့သည် နှစ်စဉ်ကျင်းပလေ့ရှိသော မီးပူဇော်ပွဲကြီးကို ကျင်းပရန် စီစဉ်နေကြသည်။ သူတို့သည် လှည်းအစီး ၆၀-တိုက်လောက် ထင်းပုံကြီးကို ပထမတွင် စုပုံကြ၏။ အချိန်ကျသောအခါ မီးရှို့ကြ၏။ မီးတောက်မီးလျှံတို့ ထလာချိန်၌ သူတို့ ယူဆောင်လာ ခဲ့ကြသည့် ထောပတ်၊ ပျား၊ တင်လဲ စသည်တို့ကို ထိုမီးပုံကြီးထဲသို့ လောင်းထည့်ကြ၏။ မဟာဗြဟ္မာကြီးအား ပူဇော်ပါကုန်၏-ဟုလည်း နှုတ်သံပေး၍ ဟစ်ကြွေးကြ၏။ တကြိမ်လောင်းထည့်သော ထောပတ်စသော လှူဖွယ်သည် အကျိုးတထောင်ကို ပေးစွမ်းနိုင်၏ဟူ၍ စွဲလမ်းယူဆကြ၏။

ယခုတကြိမ်လည်း နှစ်စဉ်နှစ်တိုင်းကဲ့သို့ပင် မီးပူဇော်ပွဲကြီးကို ကျင်းပရန် စီစဉ်နေကြသည်။ ထိုအကြောင်းကို သိကြားမင်းကြီး သိရှိသောအခါ သိကြားမင်းကြီးသည် ထိုသူတို့၏ အယူမှားကို ချေချွတ်၍ အချည်းနှီးကုန်ကျမည့် ပစ္စည်းများကို ဘုရားရှင် သာသနာတော်ဘက်သို့ ဦးလှည့်လာခြင်းဖြင့် အကျိုးရှိရှိကုန်စေလိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာ၏။

ထို့ကြောင့် သူတို့ မီးပူဇော်ပွဲကြီး ကျင်းပရန် စီစဉ်နေကြခိုက် မဟာဗြဟ္မာကြီးယောင်ဆောင်၍ သူတို့ထံသို့လာ၏။ ညဥ့်အခါ လမင်းကြီးထွက်လာချိန်တွင် လမင်းကြီးနှင့်အတူ လာဟန်ပြု၏။ ထို့နောက် လမင်းကြီးမှ ခွဲထွက် လာဟန်ဖြင့် သူတို့ထံသို့ လာခဲ့၏။ သူတို့၏ ထင်းပုံကြီးထိပ် အထက်ကောင်းကင်ဝယ် ရပ်ကာ ဒီပူဇော်ဖွယ်တွေဟာ ဘယ်သူ့အတွက်လဲ-ဟု မေးလိုက်၏။ အရှင်မဟာဗြဟ္မာကြီးအတွက် ဖြစ်ပါတယ်၊ အလှူခံတော်မူပါ-ဟု ၀မ်းပန်းတသာ ဟစ်အော်ပြောဆိုကြသတဲ့။

ထိုအခါ မဟာဗြဟ္မာကြီးယောင် ဆောင်လာသည့် သိကြားမင်းက-ကဲ ဒီလို ငါ့ကို ပူဇော်မယ်ဆိုရင် ငါ့နောက်ကို ခေတ္တလိုက်ခဲ့ကြ-ဟု ပြော၍ ပူဇော်မည့်သူ အားလုံးကို ဘုရားရှင် သီတင်းသုံးတော်မူရာ ဂိဇ္ဈဂုဋ်တောင်သို့ ခေါ်လာခဲ့သည်။ ဘုရားရှင်ရှေ့တော်မှောက်သို့ ရောက်ကြသည့်အခါ သိကြားမင်းသည် ဘုရားရှင်ကို ရှိခိုး၍ ရှင်တော်မြတ်ဘုရား၊ ကောင်းကျိုးကိုလိုလား၍ ကောင်းမှုပြုသည့်အနေဖြင့် ပေးလှူပူဇော်ကြသည့် လူသားတို့ အဖို့ အဘယ်၌ ပေးလှူပူဇော်ခြင်းသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး ရှိပါသလဲဘုရား-ဟု လျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားက သီလ သမာဓိ ပညာနှင့် ပြည့်စုံ၍ ဖြောင့်မှန်သော အကျင့်ရှိသည့် အရိယာသံဃာတော် ရှစ်မျိုးရှိ၏။ ထိုအရိယာသံဃာတော် ရှစ်မျိုး၌ ပေးလှူပူဇော်ခြင်းသည် ကောင်းကျိုးကို လိုလား၍ ကောင်းမှုပြုသည့် အနေဖြင့် ပေးလှူပူဇော်ကြသည့် လူသားတို့အဖို့ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး ရှိပေသည်-ဟု ဟောကြားတော်မူရာ သိကြားမင်းနှင့်အတူ လိုက်ပါလာကြသော လူထုပရိသတ်ကြီးသည် တရားတော်ကို အလွန်နှစ်ခြိုက် သဘောကျကြ၍ ဘုရားအမှူးရှိသော သံဃာတော်များအားသာ လှူဖွယ် ပူဇော်ဖွယ်များကို ပေးလှူပူဇော်ကြလေတော့၏။ ထိုအခါမှာစ၍ မီးပူဇော်မှုကို မပြုလုပ်ကြတော့ချေ။

ဤသို့ သိကြားမင်းကြီးသည် ဟိန္ဒူဗြာဟ္မဏဘာသာဝင် အချို့တို့ကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် သာသနာပြုခဲ့ ဖူးကြောင်းကို သဂါထာဝဂ္ဂသံယုတ် ပါဠိတော် သက္ကသံယုတ် ယဇမာနသုတ်၌ လေ့လာတွေ့ရှိရပေသည်။

( ဘုရားရှင်နှင့် အမ္ဗဋ္ဌလုလင်)
တချိန်က ပေါက္ခရသာတိ ပုဏ္ဏားဆရာကြီး၏ တပည့်ကြီးတဦးဖြစ်သူ ဝေဒပါရဂူ၊ အမ္ဗဋ္ဌလုလင်သည် မိမိဆရာကြီး၏ စေခိုင်းချက်အရ မြတ်စွာဘုရားအား ဘုရားစစ် ဟုတ်-မဟုတ် စုံစမ်းရန် ဘုရားရှင်သီတင်းသုံး တော်မူရာ ကောသလတိုင်း ဣစ္ဆာနင်္ဂလရွာကြီးအနီးရှိ ဣစ္ဆာနင်္ဂလတောအုပ်သို့ အခြားပုဏ္ဏားလုလင်အပေါင်းနှင့် အတူ သွားရောက်ခဲ့သည်။ ဘုရားရှင်ထံမှောက် ရောက်သည့်အခါ အမ္ဗဋ္ဌလုလင်သည် ဘုရားရှင်အား နှုတ်ဆက်စကားပြောပြီး ထိုင်နေတော်မူသော မြတ်စွာဘုရားနှင့် မတ်တတ်ရပ်လျက်၎င်း၊ ထိုင်လျက်၎င်း အမှတ်တရ စကားကို အနည်းအပါး ပြောကြား၏။

ထိုအခါ ဘုရားရှင်က အမ္ဗဋ္ဌ-သင်သည် ထိုင်လျက်၊ ရပ်လျက်ပင် ထိုင်နေသည့် ငါဘုရားနှင့် စကားပြောသကဲ့သို့ အသက်အရွယ်ကြီးရင့်ကြ ဆရာ့ဆရာဖြစ်ကြသည့် ပုဏ္ဏားကြီးများနှင့်လဲ အဲဒီလိုပဲ စကားပြောဆိုပါသလော-ဟု မေးတော်မူလိုက်သည်။
ဒီလိုမပြောပါ အရှင်ဂေါတမ၊ ဇာတ်နိမ့်ဖြစ်ကြ၊ မည်းညစ်ကြ၊ ဗြဟ္မာရဲ့ ခြေဖမိုးမှ ပေါက်ဖွားလာကြတဲ့ ဦးပြည်းရဟန်းတို့နှင့် စကားပြောသည့်အခါမှသာ ယခု အရှင်ဂေါတမနှင့် ပြောသလိုပင် ဖြစ်ပါတယ်-ဟု အမ္ဗဋ္ဌက ပြောဆိုသည်။

အမ္ဗဋ္ဌ သင်ဟာ ဒီကိုလာရင်းကိစ္စကိုသာ နှလုံးသွင်းပါ။ အို လုလင်တို့၊ အမ္ဗဋ္ဌဟာ အကြားအမြင်နည်းပါး၊ မယဉ်ကျေး မလိမ္မာသူ ဖြစ်နေလျက်နဲ့ သူ့ကိုယ်သူ အကြားအမြင်များသူ လိမ္မာယဉ်ကျေးသူတို့ မှတ်ထင်နေတယ်။ ဒီလို ဖရုသ၀ါစာ စကားမျိုးကို ပြောဆိုတဲ့အတွက် မလိမ္မာ မယဉ်ကျေးသည်မှလွဲပြီး ဘာမျှ အကြောင်းမရှိ-ဟု မြတ်စွာဘုရားက မိန့်ကြားလိုက်၏။

ထိုအခါ အမ္ဗဋ္ဌသည် ဆတ်ဆတ်ခါ နာသွားကာ-အရှင်ဂေါတမ၊ သာကီဝင်မင်းမျိုးသည် ခက်ထန်ကြမ်းထန်းတယ်။ သဘောထားနုကြတယ်။ စကားလဲ များကြတယ်။ ဇာတ်နိမ့်တွေဖြစ်လျက်နဲ့ ပုဏ္ဏားတွေကို မရိုသေကြ၊ အလေးမပြုကြ၊ မပူဇော်ကြ၊ မတုပ်ဝပ်ကြ၊ ဇာတ်နိမ့်ဖြစ်တဲ့ သာကီဝင်မင်းတွေရဲ့ ဒီအပြုအမူမျိုးဟာ မသင့်တော်လွန်းပါ-ဟု ဇာတ်နိမ့်စကားဖြင့် ရှုတ်ချပြောဆိုသည်မှာ သုံးကြိမ်တိုင်ဖြစ်သည်။

ထိုအခါ ဘုရားရှင်က-အမ္ဗဋ္ဌ သင့်ရဲ့ အမျိုးအနွယ်ကို ပြောစမ်းပါ-ဟု မိန့်တော်မူရာ အမ္ဗဋ္ဌက အကျွန်ုသည် ကဏှာယန အမျိုးအနွယ် ဖြစ်ပါသည်-ဟု ပြန်ပြော၏။ ဗုဒ္ဓရှင်တော်မြတ်ဘုရားက သာကီဝင်မင်းမျိုးသည် သြက္ကာကမင်းကြီး၏ သားတော်၊ သမီးတော်များဖြစ်၍ အမျိုးမြတ်ပုံနှင့် ကဏှာယနပုဏ္ဏားမျိုးသည် သြက္ကာကမင်းကြီး၏ ဒိသာမည်သော ကျွန်မမှ မွေးသော ကဏှအမည်ရှိသူ၏ သားစဉ်မြေးဆက် အမျိုးအနွယ်များဖြစ်၍ ယုတ်ညံ့ကြောင်းတို့ကို အထင်အရှားဖြစ်ခဲ့သည့် အတိတ်လူ့သမိုင်းအနေဖြင့် ဖော်ထုတ်ဟောကြားတော်မူသည်။

ထို့နောက် အမ္ဗဋ္ဌလုလင်အား အမ္ဗဋ္ဌ-အကြောင်းယုတ္တိရှိသည့် မေးခွန်းကို ငါမေးမည်။ သင်မဖြေချင်ပေမဲ့လဲ ဖြေရမယ်။ မဖြေဘဲနေလျှင် ဆိတ်ဆိတ်နေလျှင် ဒီနေရာမှာပင် သင့်ဦးခေါင်း ခုနစ်စိတ်ကွဲမည်။ အမ္ဗဋ္ဌ-အသက်အရွယ်ကြီးရင့်ကြ၊ ဆရာ၊ ဆရာ့ဆရာတွေ ဖြစ်ကြသည့် ပုဏ္ဏားများ ပြောဆိုသည်ကို သင်ဘယ်လိုကြားဘူးသလဲ၊ ကဏှအနွယ်ဝင်များဟာ ဘယ်ကစပြီး ဖြစ်လာသလဲ။ ကဏှအနွယ်ဝင်များရဲ့ ရှေးဦးယောက်ျားကား ဘယ်သူလဲ-ဟု မေးတော်မူရာ အမ္ဗဋ္ဌမှာ မဖြေဘဲ ဆိတ်ဆိတ်နေ၏။ နှစ်ကြိမ်မြောက် မေးလည်း မတုန်မလှုပ်။ မဖြေဘဲ ငုတ်တုတ်ထိုင်နေ၏။

ထိုအခါ ဘုရားရှင်က အမ္ဗဋ္ဌအား-အခုဖြေပါ။ သုံးကြိမ်တိုင်တိုင် ငါဘုရားမေးပါလျက် မဖြေဘဲနေသူရဲ့ ဦးခေါင်းဟာ အဲဒီနေရာမှာပဲ ခုနစ်စိတ်ကွဲမည်-ဟု မိန့်တော်မူစဉ် သိကြားမင်းသည် ဘီလူးအသွင်ဖြင့် ရဲရဲလောင်ငြီး၊ မီးလျှံထနေသော ၀ရဇိန်လက်နက်ကြီးကို စွဲကိုင်လျက် မဖြေဘဲနေလျှင် ဦးခေါင်းကို ခုနစ်စိတ်ခွဲမဲ့ဟန်ဖြင့် အမ္ဗဋ္ဌ၏အပေါ် ကောင်းကင်၌ ရပ်နေ၏။ ဘီလူးအသွင် သိကြားဘုရင်ကို ဘုရားနှင့်အမ္ဗဋ္ဌလုလင်တို့ နှစ်ဦးသာ မြင်ကြရ၏။

ထိုအခါ အမ္ဗဋ္ဌသည် အလွန်ကြောက်ရွံ့ထိတ်လန့်ကာ ဘုရားရှင်အနီးတွင် ကပ်ထိုင်လျက် ဘုရားရှင်မေးတော် မူသည့် မေးခွန်းကို ပြန်လည်မိန့်ကြားတော်မူရန် လျှောက်ထား၏။ ဘုရားရှင်က ပြန်လည်မေးတော်မူရာ အမ္ဗဋ္ဌက အရှင် ဂေါတမ မိန့်တော်မူသည့်အတိုင်းပင် အကျွန်ုပ် ကြားဖူးပါ၏။
ကဏှအနွယ်တို့သည် ထိုကျွန်မ၏သား ကဏှမှစ၍ ဖြစ်ကြပါ၏။ ထိုကျွန်မ၏သားသည်ပင် ကဏှအနွယ်ဝင်တို့၏ ရှေးဦးပုဂ္ဂိုလ်ဖြစ်ပါသည်-ဟုလျှောက်ထားရှာရပေသည်။

ဤသို့ သိကြားမင်းသည် ဘုရားရှင်အား မိမိဝန်ခံကတိပြုခဲ့သည့်အတိုင်း အာဏာစက်ဖြင့် ဘုရားရှင်၏ သာသနာကို ကူညီစောင့်ရှောက်သည်ကို သီလက္ခန္ဓ၀ဂ္ဂ ပါဠိတော် အမ္ဗဋ္ဌသုတ်၌ လေ့လာတွေ့ရှိရပေသည်။

( ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ)
( မြတ်မင်္ဂလာ ၂၀၀၂-ခု သြဂုတ်လ)

No comments: