Saturday, December 19, 2009

ကံကောင်းကြပါစေ

ဒေါင်-ဒေါင်-ဒေါင်
ဘိုးဘွားအမွေဖြစ်သော နာရီအိုကြီးသည် မထိုးချင် ထိုးချင်ဖြင့် ၈-ချက်ပြည့်အောင် ထိုးသွားရှာသည်။
ည ၈-နာရီ ရှိပြီ။
သားတို့ အခန်းထဲ သွားနေကြတော့။
မေမေ-ညီလေးက ဗိုက်ဆာတယ် တဲ့။
အေး အေး-ခဏနေရင် မင်းတို့ဖေဖေ ပြန်လာတော့မှာ။ သူစားပြီးရင် သားတို့ကို ကျွေးမယ်နော် သား။
ကဲ သွားကြတော့။ မင်းတို့ ဖေဖေ ပြန်လာတော့မှာ။

ဖေဖေ-ဟူသောအသံ ကြားသည်နှင့် သားငယ်၏မျက်လုံးများ ၀ိုင်းစက်သွားသည်။ နောက်ထပ်ဘာမျှ မပြောတော့။ အမေကို တချက် ကြည့်ပြီး တယောက်လက် တယောက်ဆွဲကာ ဘေးခန်းထဲသို့ ၀င်သွားကြသည်။ သူတို့ဖေဖေကား မူးလာလျှင် ဘီလူးတကောင်လို သွေးဆိုးသဖြင့် ကလေးများ ကြောက်ရွံ့နေကြသည်။

မသန်းရင်သည် သက်ပြင်းတချက်ချပြီး လေးကန်သော ခြေလှမ်းများဖြင့် အိမ်ရှေ့သို့ ထွက်လာခဲ့သည်။ အိမ်ရှေ့တံခါးမကြီး အနီးသို့ရောက်လျှင် ချထားသော ထိုင်ခုံငယ်တွင် ငုတ်တုတ်ထိုင်ပြီး တွေးမိတွေးရာ တွေးနေမိသည်။

မည်မျှကြာသွားသည် မသိ။ ဒိုင်း ဒိုင်း-ဟု တံခါးကို ပြင်းထန်စွာကန်လိုက်သံကြားမှ ကမန်းကတန်း ထ၍ တံခါးချက်ကို ဖြုတ်ပေးလိုက်သည်။ တံခါးပွင့်သည်နှင့် လက်တဖက်က ရင်ဘတ်ကို ဆောင့်တွန်းလာသည်။ အမှတ်တမဲ့ဖြစ်၍ ရုပ်ပျက်ဆင်းပျက် လဲကျသွားရ၏။

ဘယ်လင်ငယ်အကြောင်း တွေးနေလို့ ဒီလောက်ခေါ်နေတာ မကြားရတာလဲ။
အရက်ရှိန်ကြောင့် နီမြန်းနေသော ခင်ပွန်းသည်၏ မျက်နှာကြီးကို မသန်းရင်က တချက်မော့ကြည့်လိုက်သည်။ ဘာမှတော့ ပြန်မပြောဖြစ်။ ခင်ပွန်းသည်၏ လက်ဆွဲအိတ်ကို လှမ်းယူပြီး ယိမ်းယိုင်နေသော သူ့ခန္ဓာကိုယ်ကြီးကို ထိန်းမလျက် နောက်ခန်းသို့ ခေါ်ခဲ့သည်။ ထမင်းစား စားပွဲတွင် ထိုင်ပြီး နေသားကျမှ-

ထမင်းစားမှာလား-ဟု မေးလိုက်သည်။
ဟေ့-ငါက ထမင်းမစားလို့ ချေးစားရမှာလားကွ။
အပြောမှားလိုက်မိပြန်ပြီ၊ ရှိစေတော့။ လက်မပါခဲ့သည်ကိုပင် ကျေးဇူးတင်ရသေး၏။

အသင့်ခူးခပ်ထားသော ထမင်းနှင့် ဟင်းကို ကြောင်အိမ်ထဲမှထုတ်၍ သူ့ရှေ့စားပွဲပေါ်တွင် ချပေးလိုက်သည်။ ကြောင်အိမ်တံခါးပိတ်လိုက်နှင့် မုန်တိုင်း-စလေသည်။
ဒါပဲလား။
ဟုတ် ဟုတ်ကဲ့။
ဟေ့ ဒီမှာ၊ ဒီ ငါးလေး သုံးကောင်နဲ့ ချဉ်ရည်တခွက်ကို ငါက ဘယ်နှယ်လုပ် စားရမှာလဲကွ။ မင်းတို့ကျတော့ စိတ်တိုင်းကျ ပါးဖြဲနားဖြဲစားပြီး ငါ့ကျမှ ဒါလေးပဲ ချန်ထားရသလား။ ဟင် ခွေးမ။
မဟုတ်ဘူး ကိုအုန်းမြင့်။ ကျွန်မ မဆိုထားနဲ့၊ ကလေးတွေတောင်။
ဒုန်း-ခွမ်း။

စကားပင် မဆုံးလိုက်။ စားပွဲကို လှန်ချပစ်လိုက်သောကြောင့် ထမင်းရော ဟင်းများပါ ပြန့်ကျဲသွားသည်။ မသန်းရင်သည် ပြန့်ကျဲနေသော ထမင်းဟင်းများကို တလှည့်၊ ခင်ပွန်းသည်ကို တလှည့် ကြည့်ရင်း မှင်တက်မိသလို ဖြစ်သွားသည်။

ထိုစဉ် ခင်ပွန်းသည်၏ လက်ချောင်းများက လည်ပင်းကို လာညှစ်သည်။ မရုန်းမိ။ နားထဲတွင် အသံစီစီများ ကြားရပြီး ငါးမိနစ်မျှ သတိလစ်သလို ဖြစ်သွားသည်။ သတိရလာသောအခါ ခင်ပွန်းသည် မရှိတော့။ အိပ်ခန်းသို့သွားပြီး ခန်းဆီးကို လှပ်ကြည့်ရာ မှောက်ခုံကြီး အိပ်ပျော်နေသည်ကို တွေ့ရ၏။

မသန်းရင်သည် အသာအယာ ပြန်ဆုတ်လာပြီး သားတို့ကို ခေါ်ကာ ကြမ်းပေါ်မှ ထမင်းများကို ကျုံး၍ ပန်းကန်ထဲ ထည့်လိုက်သည်။ စွန့်ပစ်၍မဖြစ်။ ယနေ့ ညနေပိုင်း ကြံဖန်၍ ရသောဆန်မှာ ဤမျှသာ ဖြစ်သည်။ ခင်ပွန်းသည်ကို အရက်ဖျက်ကတည်းက အဘက်ဘက်မှ ကျပ်တည်းလာခဲ့သည်မှာ သားကြီးတသက် နီးနီးရှိပြီ။

မိမိမှာ သားတို့စား၍ ကျန်မှသာ စားတော့မည်ဟု တွေးပြီး ဖြူဖပ်ဖြူရော် ရေနွေးကြမ်းကို တခွက်ပြီးတခွက် သောက်နေမိသည်။ ထိုစဉ် အခန်းဝမှ မိုးခြိမ်းသံကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော ခင်ပွန်းသည်၏ အသံကို ကြားလိုက်ရသည်။ ငါးကြော်ကို လှမ်းကောက်နေသော သားငယ်၏ လက်သည် လမ်းတ၀က်တင် ပြုတ်ကျသွား၏။

ခွေးကောင်လေး၊ ဒီလောက်တောင် ငတ်ရသလား-ဟုပြောပြောဆို သားငယ်ကို အင်္ကျီကျောမှ စုကိုင်၍ နံရံဘက် ဆွဲပစ်လိုက်သည်။ သားငယ်၏ ပါးစပ်ထဲမှ ပလုပ်ပလောင်းစားထားသော ထမင်းများ ဖွေးခနဲထွက်ကျသွား သည်ကို ကောင်းစွာမြင်လိုက်ရ၏။ လျှပ်ပြက်သလို မြန်ဆန်လွန်းလှ၍ မတားမြစ်လိုက်နိုင်။ သားငယ်မှာ အင့်-ခနဲ အသံတချက်သာ ထွက်နိုင်ပြီး နံရံချေရင်းတွင် ခွေခွေကလေး ဖြစ်နေရှာသည်။

ညီလေး၊
သားကြီးက အော်ဟစ်၍ ညီလေးကို ပြေးထူမည်ကြံသည်။ ညီထံ မရောက်လိုက်။ လမ်းခုလတ်တွင် ဘောလုံးတလုံးလို အကန်ခံလိုက်ရသောကြောင့် ရေအိုးစင်နားသို့ ထွေးခနဲ လဲကျသွားသည်။
မသန်းရင်သည် အော်ဟစ်တားဆီးရန်လည်း သတိမရ။ ထ,ရန်လည်း မကြိုးစားမိ။ အားအင်တို့သည် ဘယ်ရောက်ကုန်ပြီမသိ။ ၀ဲဘက်ရင်ညွှန့်မှ ချွန်ထက်စူးရှလှသော ဝေဒနာတခုသည် ရုတ်ချည်းတက်လာပြီး အမိုက်အတိ ဖြစ်သွားသည်။

နောက်လေးငါးရက်ခန့် ကြာသွားသည်။
ဒေါင်-
ည ၇-နာရီခွဲ။ နာရီထိုးသံ ပေါ်ထွက်လာသည်။
ကိုအုန်းမြင့်သည် အိမ်တံခါးခေါက်ရန် လက်ကိုမြှောက်လိုက်သည်။
ကိုကိုလေး ၈-နာရီထိုးပြီလား။
နောက်ဖေးလှေကားနှင့် ကပ်နေသော အခန်းတွင်းမှ ငိုမဲ့မဲ့အသံနှင့် မေးနေသော သားငယ်၏ အသံကို ကြားရသည်။ လက်ကိုရုပ်ပြီး နားထောင်နေလိုက်သည်။ သည်နေ့သည်ကား ရုံးက ဌာနမှူးကြီး၏ နောက်ဆုံးသတိပေးချက်အရ အရက်မသောက်ဖြစ်။ အကြားအမြင်နှင့် အသိစိတ်တို့သည် ကြည်ကြည်လင်လင်ရှိနေ၏။

မထိုးသေးဘူး ညီလေး၊ ခုနစ်နာရီခွဲပဲ ရှိသေးတယ်။ ဘာဖြစ်လို့လဲ။ သားကြီး၏ အသံ။
ဖေဖေ ပြန်လာတော့မှာလား။ သား ကြောက်တယ်ဗျ၊ ဟီး။ သားငယ်၏ တုန်ယင်စွာ ပြောပြီး ငိုချလိုက်သံ။
တိတ်ပါ ညီလေးရာ၊ ဖေဖေ ပြန်လာမှ ထမင်းစားရမှာ မဟုတ်လား၊ ညီလေး ဆာတယ်ဆို။
တော်ပြီ မစားချင်တော့ဘူး။ သား ကြောက်တယ်။ ကိုလေး သား ကြောက်တယ်။ အီး ဟီးဟီး။
သားတို့ တိတ်ကြတော့ မင်းတို့အဖေ ပြန်လာတော့မယ်။ မသန်းရင်၏ အသံ။

ငိုရှိုက်နေသော သားငယ်၏အသံသည် ပါးစပ်ကိုပိတ်လိုက်သလို တိခနဲ ရပ်သွားသည်။
ဆောင်းည၏ တိတ်ဆိတ်မှုသည် အေးစက်စက်နိုင်လှ၏။ ကိုအုန်းမြင့်၏ ရင်၌ကား ပူလောင်နေသည်။
နိမ့်တုံ မြင့်တုံ ပြင်းစွာလှုပ်ရှားနေသော သူ၏ရင်အုံထက်သို့ ပူနွေးသောမျက်ရည်တို့သည် ဒလဟော စီးကျလာသည်။ လက်နှစ်ဖက်ကို မြှောက်လျက် အိမ်ထရံတို့ကို ပုတ်ပြီး သားတို့ရယ်-ဟု အထပ်ထပ် မြည်တမ်းနေမိလေသည်။

အိမ်တံခါး ပွင့်သွား၏။
ကိုအုန်းမြင့်သည် ဇနီး မသန်းရင်ကို ရှောင်၍ ဘေးခန်းထဲသို့ ၀င်သွားသည်။
မသန်းရင် တယောက် နောက်က ပြေးလိုက်လာသည်။
ကိုအုန်းမြင့်-ရှင် ရှင် ဘာလုပ်ပြန်မလို့လဲ။
ကိုအုန်းမြင့် မဖြေနိုင်။

သူသည် အခန်းထောင့်မှောင်ရိပ်တွင် တဦးကို တဦးဖက်၍ ကုပ်နေကြသော ကလေးနှစ်ယောက်အနီးတွင် ဒူးထောက်၍ ထိုင်ချလိုက်သည်။ ကလေးနှစ်ယောက်မှာ ပို၍ ထောင့်ကျရာသို့ ဖင်ရွှေ့ဖင်ရွှေ့ဆုတ်သွားကြပြီး ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးနှစ်စုံဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။ မည်မျှ ကြောက်ရွံ့နေကြသည် ကိုကား တဆတ်ဆတ်တုန်နေသော ကိုယ်ကလေးများကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။

အငယ်လေးသည် သူ့အကို၏ လည်ပင်းကို ဖက်ရင်း တဖက်သို့ မျက်နှာလွှဲလျက် တအီးအီး ငိုချလိုက်သည်။
ကိုလေး၊ သား ကြောက်တယ်ဗျ။ အီး သား ကြောက်တယ် အီး ဟီး။ ဖေဖေ အနော် ကြောက်ပါပြီ။ နောက်ကို ထမင်း မစားတော့ပါဘူးဗျ။ ဟီးဟီးဟီး။

ကိုအုန်းမြင့်၏ ကြေကွဲမှုမှာ အထွတ်အထိပ်သို့ ရောက်သွားလေပြီ။
သား သားလေး။
ကလေးနှစ်ယောက်စလုံးကို ပွေ့ပိုက်၍ ပါးချင်းအပ်ထားလိုက်မိသည်။
မျက်ရည်တို့သည် ပေါင်းစပ်၍ ငိုကြွေးကြလေပြီ။ အခန်းအတွင်း၌ ငိုလည်း မငို၊ ရယ်လည်း မရယ်၊ တွေတွေကြီး ရပ်နေမိသူက မသန်းရင် ဖြစ်၏။ သားအဖ သုံးယောက်ကို စိုက်ကြည့်နေသော သူမ၏ မျက်လုံးများမှာ မျက်ရည်တွေ ပြည့်လျှမ်းနေသည်။ အရက်ဘေးက လွတ်မြောက်ပြီး လူစိတ်ပြန်ဝင်နေသော ခင်ပွန်းသည်၏ ဖြစ်ရပ်ကို မြင်တွေ့ရာမှ ၀မ်းသာလုံးဆို့ကာ ရှိုက်ကြီးတငင် ငိုကြွေးမိလေတော့သည်။

ရင်သွေးငယ်တိုင်း ကံကောင်းကြပါစေ။

( ဦးကသာ-လောကမှန်ကူ)

No comments: