Saturday, December 19, 2009

သူမိုက် ဟူသည်

လောက၌ သူမိုက်သည် အထူးရှောင်ရှားသင့်သော သူမျိုးဖြစ်သည်။ ထို့ကြောင့်လည်း ၃၈-ဖြာ မင်္ဂလာ တရားတော်တွင် သူမိုက်နှင့် မပေါင်းသင်းအပ်ကြောင်း တရားကို ထိပ်ဆုံးမှ ဖော်ပြထားပေသည်။ သူမိုက်ကို ပေါင်းသင်းမိပါက ကျန်မင်္ဂလာတရားတော်များကို ဖောက်ဖျက် ကျူးလွန်မိကြပေမည်။

ဗုဒ္ဓဘုရားရှင် လက်ထက်တော်က ဗိမ္ဗိသာရမင်းကြီး၏ သားတော် အဇာတသတ်သည် မူလက အပြစ်ကင်းမဲ့သော မင်းပျိုလွင်ကလေး ဖြစ်သည်။ သူမိုက်တည်းဟူသော ဒေ၀ဒတ်နှင့် ပေါင်းသင်းမိသဖြင့် အဖကို သတ်ခဲ့သည်။ နောင်အခါ နောင်တရ၍ ဗုဒ္ဓဘုရားရှင်ကို ဆည်းကပ်ကိုးကွယ်ခွင့် ရခဲ့သော်လည်း အဖကိုသတ်သော အပြစ်ကြီးမှ မလွတ်။ လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်း ကျရောက်ခံစားနေရသည်မှာ ယနေ့တိုင် ဖြစ်သည်။ သူမိုက်နှင့် ပေါင်းသင်းခြင်း၏ ဆိုးကျိုးပင်တည်း။

မြန်မာ့သမိုင်းတွင်လည်း တပင်ရွှေထီးမင်းသည် သူရသတ္တိနှင့် အထူးပြည့်စုံ၍ လက်ရုံးရည်ရော နှလုံးရည်ပါ ထူးချွန်သူဖြစ်သည်။ သို့ရာတွင် သင်္ဘောပျက်၍ ရောက်ရှိလာသော ဗရင်ဂျီကုလား လူမိုက်နှင့် ပေါင်းသင်းမိ သဖြင့် ပျက်စီးခဲ့ရသည်။ အရက်သေစာများ သောက်စားမူးယစ်ကာ တိုင်းရေး ပြည်ရေးတို့ကို ကောင်းစွာ မစီမံနိုင်တော့။ နောက်ဆုံးတွင် ရန်သူတို့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သက်တော် ၃၄-နှစ်တွင် လွန်တော်မူခဲ့ရာ လွန်စွာနှမြောဖွယ် ကောင်းလှသည်။ ဤတပင်ရွှေထီးမင်းသည် သူမိုက်နှင့်ပေါင်းသင်းခြင်း၏ ဆိုးကျိုးကို ခံစားသွားခဲ့ရပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် သူမိုက်ကိုဝေးစွာ ရှောင်ကြဉ်ကြရမည်။ ဤသို့ ရှောင်ကြဉ်ကြရာ၌ သူမိုက်ဟူသည် မည်သို့သော လူမျိုး ဖြစ်သည်ကို သိရှိနားလည်ထားသင့်ပေသည်။
ဗုဒ္ဓဘုရားရှင်က-
မကောင်းသောအကြံကို ကြံခြင်း၊ မကောင်းသော စကားကို ပြောဆိုခြင်း၊ မကောင်းသော အမှုကို ပြုခြင်းတို့သည် သူမိုက်တို့၏ လက္ခဏာသုံးပါးဖြစ်ကြောင်း ဟောတော်မူထားသည်။

ထို့ပြင် သူမိုက်တို့သည် မိမိ၏အပြစ်ကို အပြစ်ဟု မမြင်။ အပြစ်ကို အပြစ်ဟု မြင်သော်လည်း တရားနှင့်အညီ ကုစားခြင်း မပြု။ သူတပါးက မိမိအပြစ်ကို ၀န်ခံပြောကြားလျှင်လည်း တရားနှင့်အညီ လက်ခံခြင်း မပြုတတ်-ဟူ၍လည်း ဟောတော်မူထားသည်။ ထိုမျှမက သူမိုက်သည် အကုသိုလ်တို့ကို ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့်လည်း ပြုကျင့်လေ့ရှိသည်ဟူ၍ ဟောတော်မူထားသည်။

ဤဟောကြားချက်တို့ကို အင်္ဂုတ္တရနိကာယ် လက္ခဏသုတ်၌ တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ကျွန်ူပ်တို့သည် သူမိုက်တို့၏ လက္ခဏာ၊ သူမိုက်တို့၏ သဘောသဘာဝ၊ သူမိုက်တို့၏ အပြုအမူ စသည်တို့ကို အကဲခတ် လေ့လာကာ သူမိုက်တို့ကို ဝေးစွာ ရှောင်ကြဉ်သင့်ကြပေသည်။

No comments: