Wednesday, December 2, 2009

ရသေ့ကြီး ဦးခန္တီ

လွန်ခဲ့သော နှစ်ပေါင်း ၁၃၅-နှစ်ခန့်က မထင်ရှားသော ရွာငယ်တရွာတွင် မထင်ရှားသော မိဘနှစ်ပါးက သားငယ်တဦးကို ဖွားမြင်ခဲ့သည်။ ထိုသားငယ်သည် ငယ်ရွယ်စဉ်က မထင်ရှားခဲ့ပေ။ သို့သော်လည်း ကြီးပြင်းလာသောအခါတွင်ကား မြန်မာနိုင်ငံရှိ ထင်ရှားသော ပုဂ္ဂိုလ်ကြီးများတွင် တဦးအပါအ၀င် ဖြစ်လာခဲ့သည်။ မြန်မာသာမက ကမ္ဘာကပါ သိသောပုဂ္ဂိုလ်ကြီးဖြစ်လာခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးကား ရသေ့ကြီး ဦးခန္တီပင်တည်း။

ဦးခန္တီသည် ခေတ်အဆက်ဆက် ခိုင်ခံ့တည်ရှိနေမည့် ဗုဒ္ဓသာသနာရေးဆိုင်ရာ အဆောက်အအုံများကို မန္တလေးတောင်နှင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်းများစွာ၌ ဦးစီးဆောင်ရွက် တည်ထားခဲ့သူဖြစ်သည်။ သူ့ခေတ်တွင် သူ့အမည်ကို မသိသူဟူ၍ မရှိသလောက်ပင်။ မြန်မာတို့သာမက နိုင်ငံခြားသားများကပါ ဦးခန္တီကို လေးစားမြတ်နိုးခဲ့ကြပေသည်။

၁၉၅၈-ခုနှစ်တွင် စာရေးဆရာကြီးနှင့် သတင်းစာဆရာကြီး လူထုဦးလှသည် ဗြိတိရှအစိုးရ၏ ဧည့်သည် အဖြစ်ဖြင့် ဗြိတိန်နိုင်ငံသို့ ခေတ္တသွားရောက်ခဲ့သည်။ ထိုစဉ် ဗြိတိသျှစစ်တပ်မှ ဗိုလ်ချုပ်ကြီးစလင်းက ဦးလှတို့ကို ဖိတ်ခေါ်သည်။ မန္တလေးအကြောင်းနှင့် ရသေ့ကြီးဦးခန္တီ အကြောင်းကို မေးမြန်းခဲ့သည်။ ဗိုလ်ချုပ်ကြီး စလင်းက ရသေ့ကြီးဦးခန္တီကို သူကြည်ညိုလေးစားကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဗိုလ်ချုပ်ကြီး စလင်းသည် ဒုတိယမ္ဘာစစ်အတွင်းက အမှတ် ၁၄-တပ်မတော်ကို ဦးစီးကာ မြန်မာပြည်ကို သိမ်းပိုက်ရန် မြောက်ပိုင်း၌ ထိုးစစ်ဆင်ခဲ့သူဖြစ်သည်။

လူထုဦးလှသည် ဗိုလ်ချုပ်ကြီး စလင်းနှင့်သာမက ဒုတိဗိုလ်ချုပ်ကြီး ရီးစ်နှင့်လည်း တွေ့ဆုံခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ရီးစ်သည် ဒုတိယမ္ဘာစစ်ကြီး ပြီးခါနီးတွင် မန္တလေးကို မဟာမိတ်တပ်များက ပြန်လည်တိုက်ခိုက်သိမ်းယူစဉ် တာဝန်ယူ၍ ကိုယ်တိုင် စီမံခန့်ခွဲ တိုက်ခိုက်ရသူဖြစ်သည်။ လူထုဦးလှတို့ ရောက်သွားသော အချိန်တွင် တပ်မှ အငြိမ်းစားယူပြီး ဝေလနယ် စက်မှုဒေသတခု၌ မြို့သစ် တမြို့ တည်ထောင်ရာတွင် စီမံအုပ်ချုပ်သူ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသည်။ သူက မန္တလေးတောင် အပျက်အစီးပြုပြင်ပြီး အခြေအနေနဲ့ ရသေ့ကြီးဦးခန္တီ အကြောင်း လူထုဦးလှကို မေးမြန်းခဲ့သည်။ သို့မေးမြန်းရာမှ ဦးခန္တီ၏ ချီးကျူးဖွယ် စွမ်းဆောင်ချက်များကို ဘေးက သူ့လက်အောက်အရာရှိများ နားလည်အောင် လှည့်၍ ရှင်းလင်းပြောပြသည်ဟု ဆိုပေသည်။

ဦးခန္တီသည် သာသနာ့အဆောက်အအုံများကို မြန်မာပြည် မြို့နယ်အနှံ့အပြား ပေါ်ထွန်းအောင် စေတနာရှင်များကို စည်းရုံးလှုံ့ဆော်နိုင်သူလည်း ဖြစ်သည်။ ထိုသာသနာ့အဆောက်အအုံများကို အရှည်တည်တံ့ခိုင်မြဲအောင် အင်ဂျင်နီယာမျက်စိဖြင့် ကြည့်၍ သူကိုယ်တိုင် စီမံဦးဆောင် တည်ဆောက်နိုင်သူလည်း ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံခြားသားများက အံ့သြချီးကျူးခဲ့ကြခြင်း ဖြစ်ဟန်တူသည်။

၁၉၃၆-ခုနှစ် ဇူလိုင်လထုတ် သူရိယသတင်းစာ ၂၅-နှစ်မြောက် အထိမ်းအမှတ်စာစောင်တွင် ထိုခေတ်ကပေါ်ထွန်းခဲ့သော မြန်မာ့သားကောင်း အာဇာနည်များအကြောင်း ဖော်ပြထားသည်။ တနေရာတွင် ရသေ့ကြီးဦးခန္တီ အကြောင်းကိုလည်း ချီးကျူးဖော်ပြထားသည်။ ဦးခန္တီသည် မန္တလေးတောင်၌ သံထည်ပစ္စည်း များဖြင့် တတောင်လုံးကို စောင်းတန်းသဖွယ် ဖောက်၍ နတ်ဘုံနတ်နန်းပေါက်အောင် တည်ထောင် တည်ဆောက်နိုင်သူ ဖြစ်သည်။ မန္တလေးတောင်တွင်သာမက စစ်ကိုင်း၊ ကျောက်ဆည်၊ ပျဉ်းမနား၊ တောင်ငူ၊ ပုသိမ်၊ ပုပ္ပါး စသည့် အမြို့မြို့ အရပ်ရပ်ရှိ ဘုရားစေတီတို့တွင် သံစောင်းတန်းများ သွယ်ဖောက်လျက် ရှိသည်။ ဦးခန္တီမှာ အင်ဂျင်နီယာကြီး တဦးကဲ့သို့ အဆောက်အအုံဘက်၌ ကျွမ်းကျင်သည်။ အုတ်၊ အင်္ဂတေ အထူအပါးကို သိ၍ ခေတ်မီသော မျက်စိလည်း ရှိပေသည်-စသည်ဖြင့် ချီးကျူးဖွယ် ဖော်ပြထားပေသည်။

ထို့ပြင် နန်းတော်ရှေ့ ဆရာတင်က မြန်မာဂုဏ်ရည် သီချင်းတွင် ရှေးက မြန်မာများ စွမ်းရည်ရှိ၍ ဂုဏ်ယူဖွယ်ကောင်းပုံ၊ ၀န်ချီစက်မပါဘဲ မင်းကွန်းခေါင်းလောင်းကြီးကို ရွှေ့ပြောင်း သယ်ယူနိုင်ပုံ၊ ရခိုင်ပြည်နယ်မှ မဟာမြတ်မုနိဘုရားကြီးနှင့် ကြေးရုပ်ကြီးများကို မန္တလေးသို့ ခက်ခက်ခဲခဲ သယ်ယူနိုင်ပုံ၊ ယိုးဒယား အမြောက်ကြီး များကို မန္တလေးသို့ သယ်ယူနိုင်ပုံ၊ ရသေ့ကြီးဦးခန္တီသည် အင်ဂျသ်နီယာ မခေါ်ဘဲ မန္တလေးတောင်တော်တွင် သံတန်ဆောင်းများကို တည်ဆောက်နိုင်ပုံ စသည်တို့ကို ရေးစပ်ခဲ့သည်။ တနေရာတွင်-

ရသေ့ရှင်ခန္တီ၊ မန္တလေးတောင်တော်မဟီ၊ အင်ဂျင်နီယာကို မခေါ်၊ ရသေ့ကိုယ်တိုင် ကြံစည်ပါသည်။ ရာဇ၀င်များမှာ ထင်ရှား မြန်မာ့ဂုဏ်ရည်-ဟူ၍ ဦးခန္တီ၏ စွမ်းဆောင်ချက်ကို ဂုဏ်ယူထည့်သွင်း စပ်ဆိုခဲ့သည်။ ထိုသီချင်းကို လေဘာတီ မမြရင်က သီဆိုခဲ့သည်။

ဦးခန္တီ ဦးဆောင်တည်ဆောက်ခဲ့သော သာသနာအဆောက်အုံ့သည် ဤသိုထူုးခြားသည်နှင့်အမျှ အရေအတွက်လည်း များပြားလှသည်။ ဦးခန္တီ ကြီးမှူးနှိုးဆော်၍ ပြုလုပ်သည့်ကောင်းမှုများမှာ အလွန်များပြားလှ သဖြင့် တန်ဖိုးဖြတ်ရန် မလွယ်ကူချေ။ အချို့က သန်း ၂၀-ကျော်ဖိုး ရှိသည်ဟု ခန့်မှန်းကြလေသည်။ အနှစ် ၄၀-ကျော်အတွင်း မြို့ပေါင်း ၂၀၊ ဌာနပေါင်း ၄၇-ဌာနတို့တွင် အမျိုးမျိုးသော အဆောက်အအုံတို့ကို တည်ဆောက်ရာ စစ်အတွင်းက ပျက်စီးသွားသော အဆောက်အအုံအချို့ပင် သိန်း ၂၀-ကျော်တန်ဖိုးရှိသည်ဟု ခန့်မှန်းကြသည်-စသည်ဖြင့် မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

ဖော်ပြထားသော ကျပ် သန်း ၂၀-ကျော်မှာ စစ်မဖြစ်မီက ကာလတန်ဖိုးဖြစ်သည်။ ထိုအချိန်က ရွှေဒင်္ဂါး တပြားလျှင် ၁၀-ကျပ်၊ ၁၂-ကျပ် ဈေးနှုန်းသာ ရှိသည်။ ထိုဈေးနှုန်းအရ ဆိုပါက သန်း ၂၀-သည် ယခုခေတ်တွင် မည်မျှတန်ဖိုးရှိသည်ကို တွက်ဆနိုင်ပါသည်။

သည်လို အံ့ချီးဖွယ် စွမ်းဆောင်နိုင်သော ဦးခန္တီကို ၁၂၂၉-ခုနှစ် ၀ါခေါင်လပြည့်ကျော် ၅-ရက် တနင်္လာနေ့ (ခရစ်နှစ် ၁၈၆၇-ခုနှစ်၊ သြဂုတ်လ ၁၉-ရက်နေ့)တွင် ရွာသာရွာ၌ ဖွားမြင်သည်။ ရွာသာရွာမှာ ရမည်းသင်းမြို့ တောင်ဘက်အနီးရှိ ညောင်လွန့်ရွာနှင့် ၃-မိုင်ခန့် ကွာဝေးသည်။ မင်းဝန်တောင်စွယ် တောစပ်၌ တည်ရှိသည်။

ဦးခန္တီသည် အဖ ဦးရွှေလှ+အမိဒေါ်ကံ ခေါ်-ဒေါ်ခိုဥ တို့၏ သားဖြစ်သည်။ အမည်ရင်း မောင်ဖိုးမောင် ဖြစ်သည်။ မွေးချင်းညီအကို မောင်နှမ ၄-ဦးရှိသည့်အနက် အငယ်ဆုံး ဖြစ်သည်။ မောင်ဖိုးမောင် ၁၀-နှစ်သားအရွယ်တွင် တခုသော မိုးရာဦ၌ မိုးကြီး သည်းထန်စွာ ရွာသွန်းသည်။ ရွာမှာ အဖျားအနာထူ၍ အသေပျောက်များလှသည်။ သည်တွင် ရွာသူရွာသားအများတို့ ထိတ်လန့်ကာ ရွာကိုစွန့်ခွာသွားကြသည်။ မြောက်ဘက်ကုန်းတန်းသို့ ပြောင်းရွှေ့ကာ ပျော်ရွာ-အမည်ရှိ ရွာသစ်ကို တည်၍နေထိုင်ကြသည်။

မောင်ဖိုးမောင်၏ မိဘများမှာမူ ပျော်ရွာသို့ ပြောင်းရွှေ့မနေ။ သိမ်ကုန်းရွာကြီးသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ သိမ်ကုန်းရွာမှာ ရမည်းသင်းမြို့ အရှေ့မြောက်ယွန်း ၄-မိုင်ခန့်အကွာတွင် တည်ရှိသည်။ မောင်ဖိုးမောင်သည် ထိုရွာရှိ ကျောင်းမကျောင်း ဆရာတော်ထံတွင် ပညာဆည်းပူးသည်။ ၁၃-နှစ်အရောက်တွင် ရှင်သာမဏေ ပြုသည်။ ဘွဲ့အမည် ရှင်ခန္တီ ဖြစ်သည်။ သာမဏေဘ၀ဖြင့် ဆက်လက်နေထိုင်လာရာမှ အသက် ၂၀-အရွယ်သို့ ရောက်သောအခါ ရဟန်းပြုသည်။ သိမ်ကုန်းရွာ ပြာသာဒ်ကျောင်းဆရာတော် ဦးတေဇောထံတွင် ရဟန်းပြုသည်။ ဆရာတော် ဦးတေဇောမှာ ရှင်ခန္တီ၏ နောင်တော်အရင်းပင် ဖြစ်သည်။

ဦးခန္တီသည် ရဟန်းဖြစ်လာသောအခါ ပညာဆက်လက်ဆည်းပူးရန် မန္တလေးသို့ တက်သွားသည်။ ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ အရိပ်အာဝါသကို ခိုလှုံလျက် သစ်ဆိမ့်ဆရာတော်။ ဘုရားကြီး ဆရာတော်။ ထွဋ်ခေါင်ဆရာတော်၊ တို့ထံတွင် စာပေပရိယတ္တိနှင့် ပဋိပတ္တိတို့ကို ကျနစွာ လေ့လာသင်ယူသည်။ သမထဘာဝနာ ၀ိပဿနာဘာဝနာတို့ကို ဆရာနှင့် တွဲဖက်၍ အထူးဝီရိယစိုက်ထုတ်ကာ ကျင့်ကြံကြိုးကုတ် အားထုတ်သည်။ မကြာခဏလည်း ဆရာနှင့်ခွဲခွာလျက် တပါးတည်း ကျင့်ကြံကြိုးကုတ် အားထုတ်သည်။ ရွှေဂူကန်ပေါက်တောရ၊ န၀င်းတောရ၊ ပင်စုရွှေဆံတော် တောရတို့တွင် ဆရာနှင့်ခွဲခွာပြီး ဧကစာရီ တပါးတည်း တရားအားထုတ်သည်။ ယင်းသို့အားထုတ်ရာ၌ ကပ္ပိယ မပါ။ ကျောင်းသား မပါ။ ပတ္တပိုဏ်ဆွမ်း တထပ်တည်းသာ ဘုဉ်းပေးပြီး တရားအားထုတ်သည်။

ထို့နောက် သိမ်ကုန်းရွာသို့ ပြန်ကြွပြီးလျှင် ရွာနှင့်မနီးမဝေးရှိ ကန်မြင့်ကျောင်းဆရာတော်ထံတွင် ခိုလှုံနေထိုင် သည်။ ကန်မြင့်ကျောင်းဆရာတော်မှာ နာမည်ကျော် ညောင်ကန်ဆရာတော် ဦးဗုဓ်၏ တပည့်ရင်း ဖြစ်သည်။ ဦးခန္တီသည် ရဟန်းဘ၀ဖြင့် ၁၂-၀ါတိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည်။ ထို့နောက် ၁၂၆၁-ခုနှစ် သက်တော် ၃၂-နှစ်၊ သိက္ခာတော် ၁၂-၀ါအရောက်တွင် ငါသည်မူလည်း ဘုရားလောင်းလျာ ဈာန်မှာပျော်မွေ့ ရသေ့အဖော် သုမေဓာကျော်တို့၏ ထုံးကို နှလုံးသွင်း ဆင်ခြင်တော်မူကာ များစွာသောဒါယကာ ဒါယယိကာမအပေါင်းတို့အား အပါယ်တံခါးပိတ်စေလျက် လူ့ပြေ(ပြည်) နတ်ရွာသား၊ တံခါးတို့ကို ပွင့်စေပြီး နိဗ္ဗာန်တည်းဟူသော သောင်အထက်သို့ ပို့ဆောင်ရလျှင် အမှန်ပင် အကျိုးများမည်ဟု နှလုံးတော်ရည်လျက်-ဟူ၍ ဆုကြီးပန်ကာ ရသေ့အဖြစ်သို့ ကူးပြောင်းလိုက်သည်။

ဦးခန္တီသည် အဖော်တို့နှင့်မနေလို။ တပါးတည်းသာ သွားလာနေထိုင်လိုသည်။ ထို့ပြင် ဘုရားအလောင်း သုမေဓာရသေ့ထုံးကို နှလုံးမူလျက် ဧကစာရီ ကျင့်သုံးနေလိုသည်။ ထို့ကြောင့် ရသေ့ဘ၀သို့ ကူးပြောင်းခြင်း ဖြစ်သည်ဟု ဆိုကြပေသည်။ ဦးခန္တီသည် အလွန်အရပ်မြင့်သည်။ ၆-ပေကျော်ရှိသည်။ ရသေ့အ၀တ်ဖြင့် ထူးခြားသော အသွင်ကို ဆောင်နေပေသည်။

သိမ်ကုန်းရွာ အရှေ့ဘက်တမိုင်ကျော်အကွာတွင် ရွှေမြင်တင်တောင် ရှိသည်။ ထိုတောင်ပေါ်တွင် ရွှေမြင်တင် ဘုရားလည်း ရှိသည်။ ထိုဘုရားအနီး တောင်နံရံဝယ် လိုဏ်ဂူငယ်တို့ရှိကြသည်။ ဦးခန္တီသည် ထိုလိုဏ်ဂူငယ် များသို့ တပါးတည်းပြောင်းရွှေ့နေထိုင်သည်။ ကမ္မဋ္ဌာန်းတရားများ ဆက်လက်ကျင့်ကြံအားထုတ်သည်။ နောင်အခါ သိမ်ကုန်းရွာမှ စေတနာရှင်များက ထိုနေရာတွင် ကျောင်းငယ်တဆောင် ဆောက်လုပ်လှူဒါန်းသည်။ ထိုအခါတွင်မှ ဦးခန္တီသည် ကျောင်းဖြင့် နေထိုင်လာခဲ့သည်။

ရသေ့ဦးခန္တီသည် တောင်ပေါ်တွင်နေထိုင်သော်လည်း အကျင့်သီလကောင်းလှသဖြင့် ဒကာ ဒကာမများက တကူးတက လာရောက်ဖူးမြော်ကြသည်။ ဦးခန္တီထံတွင် တရားနာကြသည်။ အဆုံးအမ သြ၀ါဒခံယူကြသည်။ ဦးခန္တီကလည်း ဒကာ ဒကာမတို့အကျိုးကို ဆောင်ရွက်ပေးသည်။ သည်လိုဆောင်ရွက်ပေးရာမှ စိတ်ထဲတွင် သာသနာ့အဆောက်အအုံများ တည်လိုသောဆန္ဒများ တဖွားဖွား ပေါ်လာသည်။

သို့ဖြင့် ဒကာ ဒကာမများအား ဒီနေရာတွင် ဘုရားတည်ရသော် ကောင်းလေစွ။ ဟိုနေရာတွင် တန်ဆောင်း ဆောက်ရသော် ကောင်းလေစွ-စသည်ဖြင့် ထုတ်ဖော်မိန့်ဆိုသည်။ မကြာပါချေ။ သူ့ဆန္ဒကို ဖြည့်စွမ်းသော ဒကာ ဒကာမများ ပေါ်လာသည်။ အချို့က ဘုရားတည်ရန် ငွေလှူကြသည်။ အချိုက ဇရပ်ဆောက်ရန် ငွေလှူကြသည်။ အချို့က တန်ဆောင်းဆောက်ရန် ငွေလှူကြသည်။ ထိုအလှူငွေများဖြင့် ဦးခန္တီက ဦးဆောင်၍ တည်ဆောက် လေသည်။

သို့ဖြင့် ၈-နှစ်အတွင်းတွင် ရွှေမြင်တင်တောင်ပေါ်၊ တောင်အောက် ၀န်းကျင်၌ စေတီ ၇၄၉-ဆူ၊ ဗုဒ္ဓရုပ်ပွားတော် ၁၅-ဆူ၊ ရဟန္တာရုပ်တုတော် ၁၅-ဆူ၊ စက်တော်ရာ ၁-ဆူ၊ ဇရပ်ကြီး ငယ် ၆၆-ဆောင်၊ သံဃိကကျောင်း ၃၄-ကျောင်း၊ ကျောက်ဂူကြီး ၁-ဂူ၊ ရေတွင်း ၇-တွင်း၊ ရေကန် ၂-ကန်တို့ ပေါ်ထွန်းလာသည်။ ယင်းတို့မှာ အာရံခံသံပြာသာဒ်ကြီးများ သံတန်ဆောင်းကြီးများ အုတ်လှေကားကြီးများနှင့် ခံ့ညားတင့်တယ်နေလေသည်။
(ရှေ့လဆက်ရန်)

( မင်းယုဝေ)
( မြတ်မင်္ဂလာ ၂၀၀၂-ခု သြဂုတ်လ)

No comments: