Wednesday, December 2, 2009

ကာလဒါန ငါးမျိုး

ဒါနဟူသောစကားသည် ပါဠိစကား ဖြစ်သည်။ မိမိပိုင်ဆိုင်သော ပစ္စည်းဝတ္ထုကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဟု အနက်ရသည်။ ဒါနသည် ပုဂ္ဂိုလ်အတန်းစားမရွေး အလေးထား၍ ဖြည့်ကျင့်ဆည်းပူးရမည့်တရား ဖြစ်သည်။ သံသရာခရီးသည်အားလုံးနှင့် သက်ဆိုင်သည်။ သံသရာခရီးသည်တိုင်း မဖြစ်မနေ သယ်ဆောင်သွားရမည့် ရိက္ခာထုပ်ပင် ဖြစ်သည်။ ဒါနရိက္ခာထုပ် များများပါသွားလေလေ အကျိုးထူး များများရလေလေ ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်သည် ဒါနအမျိုးမျိုးကို ခွဲခြားစိပ်ဖြာ၍ ဟောပြောညွှန်ပြတော်မူခဲ့သည်။ ဘုရားရှင်ညွှန်ပြသော ဒါနအားလုံးပင် သူ့နည်းသူ့ဟန်ဖြင့် ကောင်းမြတ်ကြသည်ချည်းသာ ဖြစ်သည်။ ယင်းသို့ ကောင်းမြတ်သော ဒါနများအနက် ကာလဒါန ငါးမျိုးကို တင်ပြလိုပါသည်။

ကာလဒါန ၅-မျိုးမှာ-
(၁) ဧည့်သည်အာဂန္တုအား လှူဒါန်းခြင်း။
(၂) ခရီးသွားပုဂ္ဂိုလ်များအား လှူဒါန်းခြင်း။
(၃) မကျန်းမာသော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(၄) ငတ်မွတ်ခေါင်းပါးသူများအား လှူဒါန်းခြင်း။
(၅) လုပ်ကိုင်ရရှိသော ကောက်ပဲသီးနှံတို့မှ ဦးဦးဖျားဖျားကို သီလရှိသောပုဂ္ဂိုလ်များအား လှူဒါန်းခြင်းတို့ ဖြစ်သည်။

ဤငါးခုမြောက် ဒါနမှာ တောင်သူလယ်သမားတို့အားရည်ရွယ်၍ ဟောထားသော်လည်း လယ်သမားမဟုတ်သော သူတို့မှာလည်း မိမိဆိုင်ရာအလုပ်အကိုင်မှ ရရှိသော ပစ္စည်း ဦးဦးဖျားဖျားများကို လှူဒါန်းခြင်းသည်လည်း သဘောတူပင် ဖြစ်သည်။

ဤကာလဒါန ၅-မျိုးသည် အလွန်ထူးမြတ်လှသည်။
ဤကာလဒါနကြောင့် လိုအပ်သော အချိန်ကာလ၀ယ် လိုအပ်သော ကောင်းကျိုးချမ်းသာတို့ကို ရနိုင်သည်။ အိုမင်းရင့်ရော်ချိန်မှ မဟုတ်၊ သင့်လျော်လျောက်ပတ်ရာ ငယ်ရွယ်စဉ်အခါ၌ပင်လျှင် များစွာသော အကျိုးထူးကို ရရှိနိုင်ကြောင်း ဘုရားရှင်က ဟောတော်မူခဲ့သည်။

စင်စစ် ဤကာလဒါန ငါးမျိုးသည် ပစ္စပ္ပုန်မျက်မှောက်ဘ၀တွင်လည်း အကျိုးပေး၍ တမလွန်ဘ၀တွင်လည်း အကျိုးပေးသော ဒါနများ ဖြစ်သည်။ အများသူငါအတွက် သာမက၊ အားမဲ့သူများ ပစ္စည်းမဲ့သူများ၊ အကူအညီ လိုအပ်နေသူများ စသူတို့၏ အကျိုးကို ဆောင်ရွက်နေကြသော ပရဟိတအကျိုးဆောင် ပုဂ္ဂိုလ်များအတွက် တွန်းအားသဖွယ်လည်း ဖြစ်၍ အားပေးမှုကြီးတရပ်လည်း ဖြစ်ပေသည်။ အလွန်တန်ဖိုးရှိလှပေသည်တကား။

No comments: