Tuesday, December 22, 2009

ယနေ့ခေတ် ရင်သားကင်ဆာ ကုသနည်းများနှင့် အလားအလာ

ယနေ့ခေတ် ရင်သားကင်ဆာ ကုသနည်းများအနက် intra-operative radiotherapy (Targit) ခေါ် နည်းသစ်တမျိုး ပေါ်ထွန်းလာ၏။ ယင်းကို ရှင်းပါအံ့။ ယခင်ကဆိုလျှင် ခွဲစိတ်ဆရာဝန်က ကင်ဆာဖြစ်နေသော ရင်သားကို ဖယ်ရှားရုံတွင်မက သူမ၏ ရင်ဘတ်မှ ကြွက်သားများ၊ လင့်ဖ်အကျိတ်များ ၊ အချို့ အဆီနှင့် အရေပြားများကိုလည်း လှီးထုတ်ဖယ်ရှားပစ်လေ့ ရှိခဲ့ပါသည်။ ယင်းသို့ ခွဲစိတ်မှုမျိုးက သူမ၏ ရင်ဘတ်အား အကျည်းတန် အရုပ်ဆိုးစေခဲ့သည်မှာတော့ အမှန်ပင်။

ယနေ့ Targit ကုသနည်းမှာ စောစောပိုင်း ဖြစ်လေ့ရှိသော ရင်သား ကင်ဆာများ၏ ၉၀-ရာခိုင်နှုန်းသည် ယခင်မူက ကင်ဆာအကျိတ်ရှိရာ နေရာမှပင် ပြန်ဖြစ်လေ့ရှိသည်ဟူသော အယူအဆအပေါ် မူတည်၍ ထားခြင်း ဖြစ်၏။ ထို့ကြောင့် ကုသမှုကို ယင်းတနေရာတည်း အပေါ်၌သာ စူးစိုက်ထားလိုက်၏။ Targit တွင် ခွဲစိတ်ဆရာဝန်က ရင်သားအကျိတ် (tumour) အား သပ်သပ်ရပ်ရပ် ဖြတ်ထုတ်လိုက်ပြီးနောက် ထိုနေရာသို့ ထိပ်ဖျားတွင် သေးငယ်သော သတ္ထုအလုံးငယ်ပါဝင်သော အတံငယ်ဖြင့် ရင်သားတစ်သျှူးအတွင်းကို ဖြတ်၍ ထိုးသွင်းကာ ရေဒီယိုလှိုင်း (radio waves) များအား ကင်ဆာဖြစ်သော နေရာသို့ တိုက်ရိုက် သက်ရောက် စေသောနည်း ဖြစ်ပါသည်။ ထိုသတ္ထုအတံငယ် (probe) ၏ နေရာကို ဆရာဝန်က ကျေနပ်ပြီဆိုသည်နှင့် အီလက်ထရွန် ဂျင်နရေတာ (electron generator) အား ခလုတ်ဖွင့်ရန် ဆရာဝန်က အချက်ပြလိုက်၏။ ထိုအတံငယ်၏ ထိပ်မှ အလွန်ပျော့ပျောင်းသော ဓာတ်မှန်ရောင်ခြည် (spft-Xrays) များက ထွက်ပေါ်၍ လာပေသည်။ ၂၅-မိနစ်ခန့်အကြာ ဓာတ်ရောင်ခြည်ပေးပြီးသောအခါ ထိုအတံငယ်ကို ဆွဲထုတ်လိုက်၏။ ထို့နောက် ခွဲစိတ်ထားသော ဒဏ်ရာငယ်အား ခွဲစိတ်ကုသမှု အဖွဲ့က ပြန်ချုပ်လိုက်တော့၏။ ယင်းကုသနည်းသစ်မှာ ကင်ဆာ အကျိတ်အား ဖယ်ရှားနိုင်ရုံမျှမက ရက်သတ္တအပတ်ပေါင်းများစွာ ဓာတ်ရောင်ခြည် ကုသမှု (radiotherapy) ခံယူရသော ဒုက္ခမှလည်း ကင်းဝေးစေပါသည်။

နိုင်ငံတကာ ကင်ဆာသုတေသနအဖွဲ့ကြီး၏ ၂၀၀၂-ခုနှစ် အစီရင်ခံစာအရ အရှေ့တောင်အာရှဒေသ တခုတည်းမှာပင် ရင်သားကင်ဆာအသစ် ဖြစ်ပွားသူပေါင်း ၅၈.၄၉၅ ရှိပြီး ၂၆.၈၁၈ သေဆုံးခဲ့သည်ဟု သိရပါသည်။ သို့သော် ကင်ဆာရောဂါ ကျွမ်းကျင်သူများက အသစ်ပေါ်ထွန်းလာပြီး ထိရောက်သော ကုသမှုများကြောင့် အနာဂတ်တွင် အခြေအနေများ ပိုမိုကောင်းမွန်လာမည်ဟု ယူဆကြပါသည်။ ကသမှုစရိတ်လည်း လျော့ကျ၍လာကာ သေဆုံးမှုနှုန်း လျော့နည်းသွားပြီး ရှင်သန်မှုနှုန်း ပိုမိုလာမည်ဟု မျှော်လင့်ကြပါသည်။

ဆောင်းပါး၏အစတွင်ဖော်ပြခဲ့သော Targit ကုသနည်းသစ်ကို အာရှတိုက်သား ရောဂါရှင်များ အကျိုးခံစား ကြရတော့မည်မှာ မလွဲပေ။ ယခု နှစ်ကုန်ပိုင်းတွင် ဘန်ကောက်မြို့၌ Targit ကုသမှုဖြင့် ကုသနိုင်တော့မည် ဖြစ်ပြီး ဂျပန်နှင့် မလေးရှား ကျန်းမာရေးဌာနများမှလည်း ယင်းနည်းကို အသုံးချရန် စဉ်းစားနေကြပြီ ဖြစ်ပါသည်။ ယူကေနိုင်ငံမှ ဦးဆောင်၍ ရှစ်နှစ်အတွင်း တကမ္ဘာလုံးတွင် ရင်သားကင်ဆာ လူနာပေါင်း ၆၀၀-ကျော်ကို Targit ကုသနည်းသစ်ဖြင့် စမ်းသပ် ကုသခဲ့ပြီး ဖြစ်ပါသည်။

ယခင်ကဆိုလျှင် ခွဲစိတ်အထူးကု ဆရာဝန် (surgeon) က ရောဂါအကျိတ်ကို ခွဲစိတ်ထုတ်ရုံတင်မကပဲ လူနာ၏ ချိုင်းတ၀ိုက်မှ လင့်ဖ် အဖု (lymph nodes) ၁၀-ခုမှ အခု ၂၀ ခန့်ကိုလည်း ထုတ်ပစ်လေ့ရှိ၏။ ယင်း လင့်ဖ်အဖုများကို ဓာတ်ခွဲခန်းသို့ ပို့၍ စစ်ဆေးကြည့်တတ်၏။ အကယ်၍ ကင်ဆာ ဆဲလ်များကို တွေ့ရှိပါက ကင်ဆာဆေး (chemotherapy) များ သွင်း၍ တကိုယ်လုံးအား ကုသလေ့ရှိ၏။ ယင်းခွဲစိတ်ကုသနည်းမှာ ယင်းနေရာ တ၀ိုက်ရှိ သွေးကြောငယ်များကို ပျက်စီးစေပြီး ဓာတ်ရောင်ခြည် (radiation) ကုသမှုပေးခဲ့လျှင်လည်း ပိုမို၍ အန္တရာယ် ဖြစ်စေနိုင်ပါသည်။ ယင်းကုသမှုကြောင့် လင့်ဖ်အရည်များ စီးဆင်းမှုမရှိတော့ဘဲ ထုံလာခြင်း၊ ရောင်ရမ်းလာခြင်း၊ နာကျင်မှုများ ဖြစ်ပေါ်စေကာ ရောဂါပိုးမွှားများ ကပ်ညှိပြီး လူနာအား မသန်မစွမ်းဘ၀သို့ ရောက်သွားစေနိုင် ပါသည်။

ယနေ့ခေတ် ခွဲစိတ်ကုသမှုတွင်မူ lumpectomy ခေါ် ကင်ဆာအကျိတ်ကို ထုတ်ပစ်လိုက်ပြီးနောက် ယင်းအကျိတ်နှင့် အနီးစပ်ဆုံး လင့်ဖ်အကျိတ်တခု (ယင်းအကျိတ်ကို sentinel ilmph node ဟု ခေါ်၏။) နှင့် ချိုင်းတ၀ိုက်မှ လင့်ဖ်အကျိတ် နှစ်ခုကိုသာ ခွဲစိတ် ထုတ်ယူတော့၏။ ယင်းကုသမှုကို sentinel node biopsy ဟုခေါ်ပါသည်။ ရင်သားကင်ဆာ လူနားများအတွက် ပိုမို ညင်သာသော ခွဲစိတ်ကုသမှု တရပ်ဖြစ်ပေသည်။

ရင်သားတခုအတွင်းတွင် ကင်ဆာအကျိတ် ရှိရုံဖြင့် လူတယောက်အား မသေစေနိုင်ပါ။ ကင်ဆာအကျိတ်မှ ကင်ဆာဆဲလ်များ ကျွတ်ထွက်လွတ်မြောက်လာကာ ခန္ဓာကိုယ်၏အခြား နေရာများသို့ ပျံ့နှံ့ရောက်ရှိသွားမှသာ လူနာအား အသက်အန္တရာယ် ဖြစ်စေနိုင်ပါသည်။ ယင်းလွတ်မြောက်နိုင်သော နည်းလမ်း တခုမှာ lympy system ဖြစ်၏။ ယင်း system မှာ လင့်ဖ်အရည်များ ပါဝင်သော လမ်းကြောင်း(highway) ကြီး ဖြစ်ပြီး ခုခံမှုစနစ် ဆဲလ်များ ၊ အောက်စီဂျင် ဆဲလ်များ၏ စွန့်ပစ်ပစ္စည်း အာဟာရဓာတ်များ အားလုံး ယင်းလင့်ဖ် အရည်များက သယ်ဆောင်ပေး၏။ ထို့အပြင် ယင်းလင့်ဖ်အကျိတ် (lymph nodes) များက ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များကို တားဆီးပေးကာ သွေးဖြူဥများက ယင်းတို့ကို သတ်နိုင်အောင် ကူညီပေး၏။ ထို့ကြောင့် လူတယောက်တွင် ရောဂါပိုး ကူးစက်ခံရပြီဆိုပါက လင့်ဖ်အကျိတ်များ ကြီးထွားရောင်ရမ်းလာပါသည်။ ထိုလင့်ဖ်အကျိတ်များက ကင်ဆာဆဲလ်များကိုလည်း တားဆီး စုဆောင်းပေး၏။ ထို့ကြောင့် ရင်သားကင်ဆာအား ခွဲစိတ်ကုသမှုတွင် နှစ်ပေါင်းများစွာမှသည် ယနေ့ခေတ်တိုင် လင့်ဖ်အကျိတ်များကို ထုတ်ပစ်ခြင်း (lymph node dissection) မှာ အဆင့်တခုအနေဖြင့် ပါဝင်မြဲဖြစ်ပေသည်။ ယနေ့ခေတ်တွင် sentinel node biopsy ကုသနည်းတွင် ကင်ဆာရောဂါဖြစ်နေသော နေရာနှင့် ပထမ အနီးစပ်ဆုံး sentine lymph node တခုအား ဖြတ်ထုတ်၍ biopsy လုပ်ကြည့်ခြင်းဖြင့် ကင်ဆာရောဂါ ပြန့်ပွားမှု ရှိ-မရှိ ချက်ချင်း သိနိုင်ပေသည်။ သို့သော် ယင်း biopsy နည်းမှာလည်း ကင်ဆာရောဂါမရှိဟု မှားယွင်းစွာ ပြသနိုင်ပြီး အထူးသဖြင့် ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံများသော ခွဲစိတ်ဆရာဝန်များ များစွာလိုအပ်သေးသည်ဟု သိရှိရပါသည်။

ယနေ့ခေတ် ရင်သားကင်ဆာကု ဆေးနှစ်မျိုး (ကင်ဆာအား အာဟာရ ဖြတ်တောက်နည်း)
ပထမတမျိုးမှာ tamoxifen ဖြစ်၏။ ရင်သားကင်ဆာ၏ ၆၀ ရာခိုင်နှုန်းမှာ အီစထရိုဂျင် ဟော်မုန်း၏ တွန်းအားပေးမှုကြောင့် ဟု ယူဆကြ၏။ tamoxifen က ဓာတုဗေဒနည်းအရ အီစထရိုဂျင် ဟော်မုန်းများ ရင်သားကင်ဆာဆဲလ်များ အပေါ် ငြိတွယ်မှုကို တားဆီးပေး၏။ tamoxifen ဆေးက ရင်သားကင်ဆာ ပြန်လည်ဖြစ်ပွားမှုအား ၄၀-ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်၏။ လွန်ခဲ့သော အနှစ် ၂၀ ခန့်က ဆိုလျှင် tamoxifen က ခန္ဓာကိုယ်အား ပျံ့နှံ့မှုရှိပြီး ရင်သားကင်ဆာရောဂါများအား ကုသရာ၌ အကောင်းဆုံးဖြစ်ခဲ့၏။

ဒုတိယဆေးအမျိုးအစားမှာ aromatase inhibitors ဖြစ်ပြီး letrozole ဆေး အပါအ၀င် ဖြစ်၏။ ရင်သားကင်ဆာ ရောဂါကုထုံး အတွက် တိုးတက်မှုတရပ် ဖြစ်၏။ အရိုမာတေ့စ် (aromatase) ခေါ် အင်ဇိုင်းက တက်စတိုရုံနှင့် ဆက်စပ်ဟော်မုန်းများအား အီစထရိုဂျင် အဖြစ်သို့ပြောင်းပေး၏။ ယင်းအင်ဇိုင်းအား တားဆီး ပိတ်ဆို့လိုက် သည်နှင့် အီစထရိုဂျင် ထုတ်လုပ်မှုမှာ ရပ်ဆိုင်းသွားတော့၏။ အီစထရိုဂျင်ကို အမျိုးသမီးဟော်မုန်းဟု အများက နားလည်ထားကြသော်လည်း ယင်းဟော်မုန်းကပင် (anti-female) အမျိုးသမီး ဆန့်ကျင်ရေးဖြစ်ကာ ရင်သားကင်ဆာကို ဖြစ်ပေါ်စေခြင်းက တမျိုး ထူးဆန်း၍ နေပေသည်။

ထို့ကြောင့် ယနေ့ခေတ် ရင်သားကင်ဆာ ကုထုံးများ၏ ချဉ်းကပ်မှုတွင် ကင်ဆာဆဲလ်များ အီစထရိုဂျင် ဟော်မုန်းဓာတ်အား မရရှိတော့ဘဲ ရိက္ခာပြတ်တောက်ကာ သေပွဲဝင် ပျက်စီးကုန်ကြစေခြင်းပင် ဖြစ်၏။
ရင်သားကင်ဆာ လူနျားများတွင် တခါတရံ လူနာ၏ဥအိမ်များ (ovaries) ကို ထုတ်ပစ်ခြင်းဖြင့်လည်း အီစထရိုဂျင်ဟော်မုန်း ပမာဏကို လျှော့ချပစ်လေ့ရှိ၏။

နိုင်ငံတကာ ရင်သားကင်ဆာ လေ့လာရေးအုပ်စုတစုက ရင်သားကင်ဆာ ဖြစ်ပြီး ပြန်လည်နေကောင်းလာသော သွေးဆုံးပြီး အမျိုးသမီး ၈၀၁၀-ယောက်အား လေ့လာခဲ့ရာ letrozole ဆေးအား ငါးနှစ် သောက်သုံးခဲ့သူများမှာ tamoxifen ဆေး သောက်သုံးခဲ့သူများနှင့် နှိုင်းစာလျှင် ရင်သားကင်ဆာ ရောဂါ ပြန်လည်ဖြစ်ပွားမှုနှုန်း ၁၉-ရာခိုင်နှုန်းခန့်ပင် လျော့နည်းသွားကြောင်း တွေ့ရှိကြရ၏။

ယနေ့ခေတ်တွင်မူ aromatase inhibitors ဆေးများက tamoxifen ထက် အစွမ်းထက်ကြောင်း လက်ခံလာကြပြီဖြစ်၏။ သို့သော် ယင်းက ကုန်ကျစရိတ်နှင့် side-effects များကလည်း ရှိသေးပြီး လေ့လာရန် လိုအပ်နေပါသေးသည်။ letrozole အပြင် anastrozole (US) ဟုခေါ်သော နောက်ဆေးတမျိုး ပေါ်လာပြန်၏။ (ယင်းတို့ နှစ်ခုစလုံး မျိုးတူပင် ဖြစ်၏။) anastrozole က tamoxifen ထက် အရိုးကျိုးမှုနှင့် အရိုးပါးမှုများကို ပိုမို ဖြစ်စေသော်လည်း သားအိမ်ကင်ဆာနှင့် သွေးခဲမှုများ ဖြစ်ပေါ်မှုကို လျော့နည်းသွားစေသည်ဟု ဆိုပါသည်။

အမေရိကန် နိုင်ငံ၏ တရားဝင်စာရင်းဇယားအရ ရင်သားကင်ဆာ ရောဂါရှင်များ၏ အသက်ရှင်မှု ရာခိုင်နှုန်းမှာ ၉၇-ရာခိုင်နှုန်း အထိ တိုးတက်လာ၏။ (၁၉၄၀ ခုနှစ်က အသက်ရှင်မှု ၇၂-ရာခိုင်နှုန်းပဲ ရှိ၏။) အာရှ ကင်ဆာအထူးကု ဆရာဝန်များက အမေရိကန်နိုင်ငံ၏ တိုးတက်မှု ကိန်းဂဏန်းများကို မမီနိုင်သေးသော်လည်း ယနေ့ခေတ် ရင်သားကင်ဆာ ရောဂါအား စောစီးစွာ ရှာဖွေတွေ့ရှိနိုင်မှုနှင့် မျိုးဆက်သစ် ကုသမှုများက ကွာဟနေသော အသက်ရှင်သန်မှု ကိန်းဂဏန်းရာခိုင်နှုန်းအား မလွဲမသွေ တိုးတက်မှု ရှိစေလာနိုင်လိမ့်မည်ဟု ယုံကြည်လျက် ရှိကြပါကြောင်း။



(စစ်ဆေးခြင်း)
စောစောတွေ့လေ ကောင်းလေ-
နာကျင်မှုကင်းသော ကုသမှုက အမျိုးသမီးများအတွက် ဆွဲဆောင်မှုတရပ်ဖြစ်၏။ သို့သော် ရင်သားကင်ဆာ ရှိကြောင်း စောစောမသိခဲ့ပါက သိပ်အကျိုးမရှိလှပေ။ အသက် ၄၀-ကျော် အမျိုးသမီးးများအတွက် နှစ်စဉ် မင်မိုဂရပ်ဖီ (mammography) စမ်းသပ်မှုကို ပြုသင့်လှပေသည်။ ယင်းစမ်းသပ်မှုအား ပိုမို တိုးတက်ကောင်းမွန်ရန် သို့မဟုတ်-အခြား test တခုခုဖြင့် အစားထိုးရန် စသည်တို့ကိုလည်း သိပ္ပံပညာရှင်များ ကြံဆနေကြဆဲ ဖြစ်၏။

ပိုမိုတိကျ ပေါ်လွင်သော အရုပ်များ-
ဒစ်ဂျစ်တယ်လ် မင်မိုဂရပ်ဖီ (digital mammography) က X-rays ရောင်ခြည်ကို အသုံးပြု၍ ကင်ဆာရောဂါ၏ ပုံရိပ် (image) ကို ဖမ်းယူတတ်၏။ ရောင်ခြည်ကို လက်ခံသော digital receptors များ အထူးကောင်းမွန် ဖို့လည်း လိုသေး၏။ အမျိုးသား ကင်ဆာဌာနကြီးမှ ဓာတ်မှန် ပညာရှင် ဒင်နီယယ်လ်ဆူလီဗန်က ဒစ်ဂျစ်တယ် နည်းဖြင့် စမ်းသပ်ခြင်းက သာမန်ရိုးရိုး မင်မိုဂရပ်ဖီ စမ်းသပ်နည်းထက် ပုံရိပ်များ၏ အလင်းအမှောင် ပိုမိုသဲကွဲပြီး အဆင့်လိုက် ပုံဖော်နိုင်ကြောင်း ရှင်းပြခဲ့၏။ အမျိုးသမီး လူနာပေါင်း ၅၀.၀၀၀၏ စမ်းသပ်မှု ပုံရိပ်များကိုလေ့လာ နှိုင်းယှဉ်နေဆဲ ဖြစ်၏။

အခြားပုံရိပ် ဖော်စပ်နည်း နှစ်ခုမှာ MRI (magnetic resonance imaging) နှင့် အာထရာဆောင်း (ultrasound) တို့ ဖြစ်ကြ၏။ ယင်းစမ်းသပ်မှု နှစ်ခုလုံး လူသိများ၏။ ယင်းစမ်းသပ်မှု နှစ်ခု၏ အားသာချက်မှာ mammography က ရှာမတွေ့နိုင်သော ထူထဲသည့် ရင်သား တစ်သျှူးကို ဖောက်၍ ရင်သားကင်ဆာအကျိတ်ကို ရှာဖွေတွေ့ရှိနိုင်ခြင်း ဖြစ်၏။

ရင်သားဆဲလ် စမ်းသပ်မှု-
စမ်းသပ်မှုသုံးမျိုးရှိရာ ဆရာဝန်များက ရင်သားပြွန်များထဲမှ ဆဲလ်များကို ယူ၍ စမ်းသပ်ခြင်း ဖြစ်၏။ ယင်းပြွန် (ducts) များမှာ ရင်သားကင်ဆာ ဖြစ်ရန် တာစူနေသော ဆဲလ်များ သို့မဟုတ်-ကင်ဆာဆဲလ်များ ဟုတ်-မဟုတ်ကို စမ်းသပ်ကြည့်ခြင်းဖြစ်၏။ ယင်းစမ်းသပ်မှုက ကင်ဆာ ရှိ-မရှိ စောစောသိနိုင်သော်လည်း ဆရာဝန်က ဆံချည်မျှင်တမျှ သေးငယ်လှသော ကသီတာ ပြွန်လေးကို ရင်သားပြွန်များထဲသို့ ထိုးထဲ့ကာ စစ်ဆေးမည့် ဆဲလ်များကို စုဆောင်းယူရခြင်းက နည်းပညာအားဖြင့် လက်ဝင်လှသည်ဟု ဆိုရပေမည်။ အချို့က နို့သီးခေါင်းမှ အရည် (fluid) ကို စုတ်ယူပြီး စမ်းသပ်မှုများ ပြုလုပ်ခြင်းလည်း ရှိ၏။ ဒေါက်တာ ဆူလီဗန်က အလွန် ချောင်ကျသော ရင်သားပြွန်များမှ သံသယဖြစ်ဖွယ် ဆဲလ်များကို ရယူနိုင်ခြင်း မရှိဘဲ ရောဂါအား မှန်းဆရာ၌ လွဲသွားမည်ကို စိုးရိမ်မကင်း ရှိနေပေသည်။

တံတွေး နမူနာ-
သုတေသနပညာရှင်များက အမျိုးသမီးတဦး၏ တံတွေး သို့မဟုတ်-သွေးကို စစ်ခြင်းဖြင့် ရင်သားကင်ဆာ ရောဂါ ရှိ-မရှိကို သိရှိနိုင်ရန် ကြိုးစားဖော်ထုတ်လျက် ရှိကြပေသည်။ ယင်းချဉ်းကပ်နည်းမှာ အောက်ဖော်ပြပါ အခြေခံအချက်ဖြစ်သော ဆဲလ်များ အားလုံးက ဓာတုဒြပ်စင် (chemicals) များကို ထုတ်လွှင့်နေကြသည် ဆိုသော အချက်ပေါ်မူတည်၍ စဉ်းစားလာကြခြင်း ဖြစ်၏။ သာမန်ဆဲလ်များ မဟုတ်တော့သော ကင်ဆာဆဲလ်များကလည်း သာမန်နှင့်မတူ ကွဲပြားခြားနားသော ဓာတုဒြပ်စင်များကို ထုတ်လွင့်လာကြ၏။ ယင်းစမ်းသပ်မှုများ အတည်ဖြစ်လာရန် ၅-နှစ်မှ ၁၀-နှစ်ခန့်အထိ အချိန်ယူရဦးမည် ဖြစ်ပါသည်။

( ဒေါက်တာ ဇော်သန်း)
( အပျိုစင် ၂၀၀၆-နိုဝင်ဘာ)

No comments: