Friday, December 11, 2009

ပဋာစာရာ မည်သညာ

ပဋာစာရီဟူ၍ ပြောလေ့ပြောထ ကြားဖူးနားဝ ရှိခဲ့ကြသော အမျိုးသမီး၏ ကျမ်းထွက်အမှန်မှာ ပဋာစာရာ ဖြစ်၏။ သို့ရာတွင် ထိုအမည်သည်လည်း မွေးမိဘတို့၏ ပေးခဲ့သည့်အမည်ရင်း မဟုတ်ပါချေ။ လူငယ်လူရွယ် ကာလသားများက ပြက်ရယ်ပြောင်လှောင်သော သဘောဖြင့် ပြောဆိုရာက ထွက်လာသည့်အမည် ဖြစ်ပေသည်။

သာဝတ္ထိမြို့တော်က ကုဋေလေးဆယ်ကြွယ်ဝသော သူဌေးကြီး၏ သမီးပျိုးသည် အိမ်စေကျွန် လူပျိုနှင့် ချစ်ကြိုက်မိရာက ဤမည်နာမကို ရရှိရန် အကြောင်းဖန်လာခဲ့ပေသည်။ မိဘများ၏ ဒေါသမျက်မှန်ကို ကြောက်ရွံ့ရသဖြင့် မပဋာနှင့် ကိုဒါသတို့သည် လွတ်ရာ ကျွတ်ရာ ထွက်ပြေးလာခဲ့ကြပြီးလျှင် တောရွာလေး တရွာ၌ အခြေချနေထိုင်ကြ၏။ တောရွာသဘာဝအတိုင်း ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်ကြရ သော်လည်း ကိုယ်ချစ်သူနှင့် ပေါင်းဆုံရသဖြင့် ပျော်ပျော်ပါးပါး နေလာခဲ့ကြပေသည်။

ဤသို့နေလာခဲ့ရာက မပဋာမှာ ကိုယ်ဝန်ရှိလာ၏။ ကိုယ်ဝန်ရင့်မာလာ၍ ဖွားချိန်နီးလာသောအခါ မိဘအိမ်သို့ ပြန်၍ မွေးဖွားလိုသဖြင့် လင်ဖြစ်သူ ကိုဒါသကို လိုက်ပို့ပေးဖို့ ပူဆာ၏။ ကိုဒါသက လိုက်မပို့ရဲသဖြင့် မပဋာတယောက်တည်း တိတ်တဆိတ် ထွက်လာခဲ့ရာ ကိုဒါသကလည်း မနေသာ၍ လိုက်လာခဲ့ရ၏။ တောထဲမှာပင် မွေးဖွားခြင်းကိစ္စ ပြီးစီးသွားသဖြင့် မိသားစုသုံးဦးတို့ အိမ်ပြန်လာခဲ့ကြ၏။

ဒုတိယကိုယ်ဝန် ရင့်မာလာချိန်တွင်လည်း မပဋာသည် သားအကြီးလေးကို လက်ဆွဲကာ ရှေးနည်းတူ ထွက်လာခဲ့ပြန်၏။ ကိုဒါသ အမီလိုက်လာ၍ မကြာမီမှာပင် ကလေး မွေးဖွား၏။ သို့ရာတွင် ဤအကြိမ်မှာတော့ ပထမကလေးတုန်းကလို ခြောက်ခြောက်သွေ့သွေ့ မဖွားမြင်ရဘဲ မိုးကြီးလေကြီးနှင့် တိုးနေတော့၏။ မီးဖွားပြီးစ မိခင်နှင့် ကလေးတို့အတွက် မိုးခိုစရာ ပြုလုပ်ပေးရန် ကိုဒါသသည် ပဲကွပ်တလက်ဖြင့် တောနက်ရာသို့ ထွက်သွားခဲ့ရာ နေ၀င်ချိန်အထိ ရောက်မလာပါချေ။

မပဋာသည် တညလုံး သဲကြီးမဲကြီး ရွာချနေသည့် မိုးအောက်တွင် ကလေးနှစ်ယောက်ကို မိုးစိုသက်သာစေရန် လေးဖက်ထောက် နေခဲ့ရ၏။ နံနက်လင်း၍ လင်သွားရာလမ်းကြောင်းအတိုင်း လိုက်ရှာသည်တွင် တောင်ပို့ တခုနား၌ လဲကျသေဆုံးကာ မည်းပုပ်နေသည့် ကိုဒါသ ရုပ်အလောင်းကို တွေ့လိုက်ရ၏။

ကိုဒါသတယောက် ငါတို့အတွက် မြွေကိုက်ခံ သေဆုံးသွားရှာပါပေါ့လား-ဟု ငိုကြွေးမြည်တမ်းပြီးလျှင် မပဋာသည် သားငယ်ကို ပွေ့ချီကာ သားကြီးကို လက်ဆွဲလျက် ခရီးဆက်လာခဲ့၏။ အစိရ၀တီမြစ်နားသို့ ရောက်လာသောအခါ မြစ်ကမ်းပါးမှာ ခေတ္တရပ်နား၏။ တညလုံး ရွာချထားသည့် မိုးကြီးကြောင့် အစိရ၀တီမြစ် တခုလုံး ရေတွေပြည့်နေ၏။ ရေစီးကလည်း သန်လှ၏။

ထို့ကြောင့် ကလေးနှစ်ယောက်လုံးနှင့် မကူးရဲသဖြင့် ပထမဦးစွာ သားငယ်ကလေးကို တဖက်ကမ်းသို့ပို့ကာ ပုဆိုးဟောင်းထဲမှာ သိပ်ထားလိုက်ရ၏။ တဖက်ကမ်းမှာ ကျန်နေခဲ့သည့် သားအကြီးကလေးကို ပြန်သယ်ဖို့ ပြန်ကူးအလာ ရေလယ်အရောက်တွင် ကောင်းကင်အမြင့်မှာ ပျံဝဲနေသည့် သိန်းငှက်ကြီးက ထိုးဆင်းလာ၏။

ပုဆိုးထဲက ကလေးငယ်လေး နီတာထွေးကို စားစရာ သားတစ်အမှတ်ဖြင့် သုတ်ချီရန် ကြိုးစား၏။ ဤတွင် ပဋာစာရာသည် သိန်းငှက်ကြီးကို လက်ခုပ်လက်ဝါးတီး၍ ခြောက်လှန့်၏။ သို့ရာတွင် သိန်းငှက်ကြီးက လုံးဝအမှုမထားဘဲ ကလေးငယ်ကလေးကို သုတ်ချီသွားတော့၏။ ထိုခဏလေးမှာပင် ကမ်းပါးပေါ် ကျန်ခဲ့သည့် သားအကြီးကလေးကလည်း မိမိကို မိခင်ကခေါ်သည် ထင်မှတ်၍ ရေထဲသို့ ဆင်းလိုက်ရာ ရေစီးကြမ်းကြမ်းမှာ မျောပါသွားရှာလေတော့သည်။

ချစ်လှစွာသော သားကလေးနှစ်ယောက်လည်း ရှေ့ဆက်နောက်ဆင့် ဆုံးခဲ့ကြရပြီ။ ချစ်ခင်တွယ်တာ အားကိုးရာဖြစ်သော ကိုဒါသလည်း မရှိတော့ပြီ။ မပဋာမှာ ငိုပြီးရင်း ငိုပွဲနှင့်သာ တိုးနေရချေပြီ။ စိုးရိမ်ပူဆွေး ငိုကြွေးရင်းနှင့်ပင် နောက်ဆုံး အားကိုးရာ မိဘများထံ အရောက်သွားဖို့က ရှိနေသေးသဖြင့် အားခဲ၍ လျှောက်လာခဲ့ရ၏။ သာဝတ္ထိမြို့တော်ကြီးနားအရောက်တွင် အသုဘကိစ္စတခုနှင့် တိုးမိနေ၏။ ထူးထူးခြားခြား လူသေအလောင်းသုံးခုကို ထင်းမီးပုံတခုတည်းမှာ မီးသင်္ဂြိုဟ်နေသည်ကို တွေ့ရသဖြင့် လူတယောက်ကို မေးကြည့်မိ၏။
ဤတွင် ထိုသူက ညတုန်းက သည်းထန်စွာရွာခဲ့သော မိုးကြောင့် တိုက်တလုံး ပျိုကျကာ သူဌေးကြီး၊ သူဌေးကတော်ကြီးနှင့် သားဖြစ်သူတို့ သေဆုံးသွား၍ ယခုတပြိုင်တည်း သင်္ဂြိုဟ်နေရကြောင်း ပြောပြလိုက်၏။ တပြိုင်တည်း သေဆုံးရသည့် သူဌေးမိသားစုသည်ကား မပဋာ၏ မိဘနှစ်ပါးနှင့် မောင်ငယ်တို့ပါတည်။

မိဘနှစ်ပါးနှင့် မောင်ငယ်တို့အကြောင်း ပြောသံများအဆုံး၌ ပဋာစာရာသည် သတိလက်လွတ် ဖြစ်သွားတော့၏။ ခင်ပွန်းသည်နှင့် သားနှစ်ယောက် ဆုံးစဉ်တုန်းက မိဘမောင်ဘွား အားကိုးစိတ်ဖြင့် တင်းခံထားခဲ့လေသမျှ ယခုတော့ ဗုန်းဗုန်းလဲသွားရချေပြီ။ ကိုယ်ခန္ဓာကြီးက ရောက်တတ်ရာရာ သွားလာလှုပ်ရှားနေသော်ငြားလည်း သူ့စိတ်ကတော့ ပရမ်းပတာ ဖြစ်သွားရချေပြီ။

ရှက်ရ့ရွံ့ရကောင်းမှန်း မသိ၊ ပရမ်းပတာ လမ်းတကာလျှောက်သွားနေ၍ပင် လူငယ်လူရွယ် ကားလသားများက ပဋာစာရာ-ဟု အပြောင်အပြက် အမည်ပေးလိုက်ကြ၏။ ပတ်ဝန်းကျင်တခုလုံးက ဤအမည်ဖြင့် ခေါ်ဝေါ်လာကြသောကြောင့် ကာယကံရှင်ကိုယ်တိုင်ကပါ ဤအမည်ကို လိုလိုလားလား ခံယူထားလိုက်ပါတော့သည်။

အပြင်းထန်ဆုံး လောကဓံဆိုးကြီးများနှင့် ဆက်တိုက်တိုးခဲ့ရသည့် ပဋာစာရာ၏ ကံကြမ္မာသည် ဇေတ၀န် ကျောင်းတော်ရောက်လာသည်တွင်ကား အကောင်းဘက်သို့ ဦးလှည့်လာတော့၏။ ထိုနေ့နေ့လယ်တွင် ဘုရားရှင်သည် ရောက်လာသမျှ ပရိသတ်တို့အား တရားပြသ ဆိုဆုံးမတော်မူနေ၏။ ပရိသတ်အစွန်အဖျားသို့ ပဋာစာရာ ရောက်လာသည်တွင် မဟာကရုဏာ ပြဋ္ဌာန်းသော အသံတော်ဖြင့် ပဋာစာရာ လာလော့-ဟု ခေါ်တော်မူလိုက်၏။

ဘုရားရှင်ခေါ်သံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ပဋာစာရာ၏ စိတ်အစဉ်တွင် သတိပြန်ဝင်လာ၏။ အရှက်အကြောက်များ ကပ်လာကြ၏။ ထို့ကြောင့် ချက်ချင်းလက်ငင်း ကျုံ့ကျုံ့ထိုင်ကာ လက်အုပ်ချီထားလိုက်၏။ အနီးအပါးမှာရှိသော ဥပါသကာကြီးတယောက်က မိမိ၏ အပေါ်ရုံတဘက်ကို ပေးလိုက်သဖြင့် ပဋာစာရာမှာ ပရိသတ်များနှင့်အတူ တရားနာခွင့် ရလာပေသည်။

ဘုရားရှင်က စိုးရိမ်ပူဆွေး ငိုကြွေးရခြင်းအကြောင်းကို မေးမြန်းတော်မူရာ ပဋာစာရာက ဖြစ်ကြောင်းကုန်စင်ကို ငိုသံရောစွက်၍ လျှောက်ထား၏။ ဤတွင် ဘုရားရှင်က-
န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓ၀ါ။
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။
ဧတမတ္ထ၀သံ ဉတွာ၊ ပဏ္ဍိတော သီလသံဝုတော။
နိဗ္ဗာနဂမနံ မဂ္ဂံ၊ ခိပ္ပမေ၀ ၀ိသောဓယေ။
ဤဂါထာနှစ်ပုဒ်တို့ဖြင့် ဟောကြားဆုံးမတော်မူ၏။

ဤဂါထာတို့၏ မြန်မာပြန် အနက်အဓိပ္ပါယ်မှာ-
သေဘေးနှင့် ရင်ဆိုင်တွေ့နေရသောသူမှာ မသေရအောင် စောင့်ရှောက်တားဆီးပေးနိုင်သည့် သားသမီးတို့လည်း မရှိကုန်။
မိဘတို့လည်း မရှိကုန်။ မိတ်ဆွေများလည်း မရှိကုန်။ အဆွေအမျိုးတို့မှာလည်း စောင့်ရှောက်ပေးနိုင်စွမ်း မရှိချေ။
ပညာရှိသောသူသည်ကား ဤသို့သော အနက်အဓိပ္ပါယ်ကို ကောင်းစွာသိသည်ဖြစ်၍ သီလကိုစင်ကြယ်စွာ စောင့်သုံးလျက် နိဗ္ဗာန်သွားကြောင်း ကောင်းမြတ်သောလမ်းကို လျင်မြန်ဆောစွာ သုတ်သင်ပေးရာ၏။

ပဋာစာရာသည် ဤဒေသနာတို့ကို ကြားနာရင်းကပင် မိမိ၏ ရုပ်နာမ်ခန္ဓာတို့ကို လက္ခဏာယာဉ်သုံးပါးသို့ တင်၍ ၀ိပဿနာရှုလေရာ ဂါထာများအဆုံးမှာပင် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်လေသည်။ ထို့နောက် ပဋာစာရာသည် ဘိက္ခူနီများထံတွင် ရဟန်းမအဖြစ်ကို ခံယူကာ ဆက်လက်၍ ၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းနေစဉ် ဘုရားရှင်၏ ဒေသနာတော်ကို ကြားနာရသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ၀ိနယဓရ ဧတဒဂ် ဂုဏ်ထူးဆောင် ရဟန္တာထေရီမကြီးအဖြစ် ထင်ရှားလာပေသည်။

( ငိုကြွေးမယှဉ် စိတ်ကြည်လင် )
ဒီဃနိကာယ်၊ မဟာဝဂ်၊ မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ၌ ညွှန်းရုံညွှန်းပြထားသည့် ၀တ္ထုကို ဓမ္မပဒ အဋ္ဌကထာမှ ထုတ်နုတ်တင်ပြလိုက်ပါသည်။
န သန္တိ ပုတ္တာ တာဏာယ-စသော ဂါထာနှစ်ပုဒ်မှာလည်း ဓမ္မပဒပါဠိတော်တွင် အရှင်မ ပဋာစာရာအား ဟောကြားသော တရားအဖြစ် ပါရှိပါသည်။ မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာတွင် ရှေ့ဂါထာတပုဒ်သာ ပြဆိုထားသဖြင့် ဂါထာစုံသွားအောင် ဓမ္မပဒပါဠိတော်အတိုင်း ဖော်ပြလိုက်ပါသည်။

သတိပဋ္ဌာန်တရား ပွားများရခြင်းကြောင့် ရရှိနိုင်သည့် အကျိုးအဆင့်ဆင့်တို့တွင် (သောက ပရိဒေ၀ါနံ သမတိက္ကမာယ) စိုးရိမ်ပူဆွေး ငိုကြွေးခြင်းမှ ကျော်လွန်ဖယ်ရှားခြင်းငှါ -ဟူသော အကျိုးတရားထဲက ငိုကြွေးမယှဉ် စိတ်ကြည်လင်ရပုံအပိုင်းကို ဥပမာသာဓက ပြဆိုထားခြင်း ဖြစ်ပါသည်။

သန္တိအမတ်ကြီး ၀တ္ထုတုန်းကအတိုင်းပင် ဤ၀တ္ထုအတွက်လည်း အဋ္ဌကထာက ရှင်းပြထားပါသေးသည်။ ဓမ္မပဒအဋ္ဌကထာ၌ ပဋာစာရာသည် န သန္တိ ပုတ္တာ တာဏာယ-စသော ဂါထာနှစ်ပုဒ်ကို ကြားနာရသဖြင့် သောတာပန်ဖြစ်သွားပုံ ပြဆိုထားရာ သတိပဋ္ဌာန်နှင့် မဆိုင်သလို အဓိပ္ပါယ်ကောက်ယူမှာ စိုးရ၏။

တကယ်တော့ဖြင့် နိဗ္ဗာန်ကို သစ္ဆိကရဏ ကိစ္စဖြင့် ဧကန်အာရုံပြုသော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ပေါ်ပေါက်ရေးတွင် ၀ိပဿနာသည် တခုတည်းသော လမ်းကြောင်းဖြစ်၏။ ထို့ကြောင့်လည်း မဟာသတိပဋ္ဌာနသုတ် ပါဠိတော်တွင် (ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ) စသည်ဖြင့် အတိအလင်း ဟောပြထား၏။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ရောက်အောင် ရှေ့က လမ်းထွင်ပေးရသော သဘောရှိနေ၍ ၀ိပဿနာကို ပုဗ္ဗဘာဂမဂ်ဟူ၍ ခေါ်ဆိုရ၏။

ဘုရားရှင်၏ ဂါထာနှစ်ပုဒ်ကို ကြားနာရင်းကပင် ပဋာစာရာသည် ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ တည်းဟူသော ကမ္မဋ္ဌာန်းအာရုံ လေးမျိုးအနက်က တမျိုးမျိုးကို လက္ခဏာယာဉ်သို့ တင်ကာ သတိပဋ္ဌာန်တရား ပွားများခဲ့၏။ တရားနာရရုံဖြင့် သောတာပန်ဖြစ်သွားခြင်း မဟုတ်၊ တရားနာရင်း သတိပဋ္ဌာန်တရား ပွားများ၍သာ ဉာဏ်အလင်းရသွားကြောင်း အဋ္ဌကထာက ရှင်းပြထားပေသည်။

( ၀ဏ္ဏသီရိ)
( မြတ်မင်္ဂလာ ၂၀၀၂-သြဂုတ်လ)

No comments: