Sunday, December 13, 2009

ရသေ့ကြီး ဦးခန္တီ ( ၄ )

( ရသေ့ကြီး ဦးခန္တီ ၂-၃ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မြတ်မင်္ဂလာ စာစောင် မရှိသေးပါ)

( ယခင်လမှ အဆက်)
စာချနက် မိုးထိမူကျမ်းစာများ၏ နောက်ဆုံးစာမျက်နှာ၌ ရသေ့ကြီး ဦးခန္တီက ဤကျမ်းများသည် ရဟန်းတော်များလောကအတွက် စာပေပို့ချရုံသာမက လူဝတ်ကြောင်များအတွက် ၀ိုင်းဖွဲ့ဖတ်ရန်နဲ့ ၀ိုင်းဖွဲ့နာရခြင်းကြောင့် မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားတော်များ၏ အနက်အဓိပ္ပါယ်ကို တတ်သိနားလည်ကြပြီး သူဂတိဘုံသို့ ရောက်ကြပြီးလျှင် နိဗ္ဗာန်စံဝင်သည်အထိ အကျိုးတရားရရှိစေရန် ရည်ရွယ်ထားကြောင်း-ဖော်ပြထားသည်။

ရသေ့ကြီး ဦးခန္တီ ရိုက်နှိပ်ဖြန့်ချိခဲ့သော ကျမ်းစာအုပ်ပေါင်း ၁၃၄-အုပ်ရှိသည်။ ယင်းတို့မှာ နိကာယ်စုံ ပါဠိတော်များ၏ နိဿယပြန် စားအုပ်ရေ ၈၉-အုပ်။ အဋ္ဌကထာ နိဿယပြန် စာအုပ်ရေ ၃၉-အုပ်။ စာသင်သားကိုင် ၀ိနည်းငယ် ၄စောင်၊ ကင်္ခါ၊ အဋ္ဌကထာ၊ ဋီကာကျော်၊ သဒ္ဒါကြီး၊ သင်္ဂြိုဟ်၊ ဘိက္ခုပါတိမောက် စသည်တို့၏ နိဿယပြန် စာအုပ် ၁၄-အုပ်ဖြစ်ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

ရသေ့ကြီး ဦးခန္တီ အကြောင်းကို မြန်မာနိုင်ငံရှိ စာပေပညာရှင်များသာမက ပြည်ပစာပေပညာရှင်များကလည်း မှတ်တမ်းတင် ရေးသားဖော်ပြသည်ကို တွေ့ရသည်။

အမေရိကန် သုတေသန ပညာရှင်နှင့် ပန်ချီဆရာကြီး (Ripley) သည် Believe it or Not ယုံချင်ယုံ, မယုံချင်နေ-အမည်ရှိ စာအုပ်များကို အတွဲပေါင်းများစွာ ပြုစုထုတ်ဝေခဲ့သည်။ ယင်းသို့မှာ ကမ္ဘာအရပ်ရပ်ရှိ အံ့ဖွယ်ဖြစ်ရပ်များ၊ အံ့ဖွယ် ပုဂ္ဂိုလ်များအကြောင်း ဖြစ်သည်။ အလွန်တွင်ကျယ်၍ အကြိမ်များစွာ ပုံနှိပ်ထုတ်ဝေ ခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။ ရုပ်မြင်သံကြားမျာကလည်း တင်ဆက်ပြခဲ့ကြသည်။

ထိုစာအုပ် တတိယတွဲတွင် Ripley က-ကမ္ဘာ့ အလေးဆုံးစာအုပ်ကြီး-ဟူ၍ ခေါင်းစဉ်တပ်ကာ ကုသိုလ်တော် ဘုရားတွင်းရှိ ကျောက်စာ၊ ကျောက်ချပ်များကို ဖော်ပြထားသည်။ ဖော်ပြရာ၌ ယင်းတို့မှာ ကျောက်ချပ်ရေ ၇၂၈-ချပ်ရှိသည်။ တချပ်လျှင် တတန်အလေးချိန် ရှိသည်။ အစ အဆုံး ဖတ်ရှုပြီးစီးရန်အတွက် ပညာရှင်တဦးအဖို့ ၅-နှစ်ကြာမျှ ဖတ်ရှုရသည်။ ယင်းတို့ကို ရသေ့ကြီး ဦးခန္တီ ရေးထွင်းခဲ့သည်-စသည်ဖြင့် ဖော်ပြထားသည်။

ထိုဖော်ပြချက် မှားယွင်းနေပေသည်။ ကုသိုလ်တော် ဘုရားအတွင်းရှိ ကျောက်ချပ်များမှာ ဦးခန္တီ ကောင်းမှု မဟုတ်။ မင်းတုန်းမင်း၏ ကောင်းမှုဖြစ်သည်။ ဦးခန္တီ၏ ကောင်းမှုမှာ စန္ဓာမုနိဘုရားအတွင်းရှိ ကျောက်စာများသာ ဖြစ်သည်။ ဦးခန္တီ၏ ကျောက်စာများသည် မင်းတုန်းမင်း ကောင်းမှုထက် ၃-ဆခန့် ပိုမိုများပြားသည်။ Ripley သည် ပမာဒလေခ ဖြစ်ကာ မှားယွင်းသွားဟန်တူသည်။ ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားတို့ကို ယူမှတ် မှားသွားပုံရသည်။ မည်သို့ပင်ဖြစ်စေ ရသေ့ကြီး ဦးခန္တီ၏ ကောင်းမှုကား ကမ္ဘာ့အံ့ဖွယ်တွင် ပါဝင်ထိုက်ပေသည်။

ထို့ပြင် လာမအနာဂါရိက ဂေါဝင်ဒအမည်ရှိ ပြည်ပစာပေပညာရှင်ကလည်း သူ၏ The Way of White Cloud-စာအုပ်တွင် ရသေ့ကြီး ဦးခန္တီအကြောင်း အံ့ချီးဖွယ်ပုဂ္ဂိုလ်ထူးအဖြစ် ရေးသားမှတ်တမ်းတင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဂေါဝင်ဒက-ရသေ့ကြီးဦးခန္တီကို ဂျာမန်ဘုန်းတော်ကြီး အရှင်ဉာဏိကနှင့် သူတို့နှစ်ဦး ၁၉၂၉-ခုနှစ်တွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံခဲ့သည်။ ဦးခန္တီသည် အလွန်လေးစား ကြည်ညိုဖွယ်ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ဥပဓိရုပ် အလွန်ကောင်းသည်။ စိတ်တန်ခိုးသတ္တိနှင့်လည်း ပြည့်စုံသည်။ အဖိုးမဖြတ်နိုင်သော အဘိဓမ္မာစာအုပ် များကို မိမိတို့အား လှူဒါန်းခဲ့သည်။ မိမိတို့ တောင့်တနေသော အလိုဆန္ဒကို ဖြည့်စွမမ်းနိုင်သော ပုဂ္ဂိုလ်ထူး ဖြစ်သည်။ မိမိတို့ ဖူးတွေ့ရသော ရဟန်းတပါးက ရသေ့ကြီးဦးခန္တီသည် မင်းတုန်းမင်းကြီး ၀င်စားသူဖြစ်ကြောင်း ပြောပြသည်။ ကျွန်ုပ်တို့ကလည်း ယုံကြည်ခဲ့ပေသည်။ စသည်ဖြင့် ရေးသားဖော်ပြ မှတ်တမ်းတင်ထားပေသည်။

ထိုသို့ ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်များ၏ ရိုသေလေးစားခြင်းကို ခံရသော ဦးခန္တီအား အနယ်နယ်အရပ်ရပ်က ပုဂ္ဂိုလ်များက ၀ိုင်းဝန်းအားပေးကြသည်။ သူ၏ သာသနာပြု လုပ်ငန်းများအတွက် အံ့သြဖွယ် ကောင်းလောက်အောင် အလှူငွေများ ထည့်ဝင်ကြသည်။ လှူဒါန်းကြသည်။ ဦးခန္တီသည် သူ့ကိုလှူဒါန်းသော အလှူငွေများကို မည်သူ့ကိုမျှ မအပ်နှံ။ မကိုင်စေရ။ ကိုယ်တိုင်တဦးတည်းသာ သိမ်းဆည်းလျက် စီမံခန့်ခွဲ ဆောင်ရွက်သည်။ ငွေအများအပြား တွေ့မြင်သိမ်းပိုက်ရပါက လောဘသားများမှာ လိုချင်ကြပေလိမ့်မည်။ မမှန်မကန် ပြုကြလိမ့်မည်-ဟုဆိုကာ မည်သူ့ကိုမျှ ငွေမကိုင်စေရအောင် သတိပြု ဆောင်၇ွက်ခဲ့သည်။ မိမိကိုယ်တိုင်လည်း ကိုယ်ကျိုးစီးပွားအတွက် လုံးဝအသုံးမပြု။ ကြီးမားသော သမာဓိ၊ ဖြောင့်မတ်သော အကျင့်သီလဖြင့် ထိန်းသိမ်းခဲ့သည်။

ဦးခန္တီသည် ငွေအမြောက်အများ သုံးစွဲကာ သာသနာ့အဆောက်အအုံများ တည်ဆောက်နေခြင်းအတွက် အင်္ဂလိပ်အစိုးရက အစပိုင်းတွင် သင်္ကာမကင်း ဖြစ်ခဲ့သည်။ ရွှေဖြစ်၊ ငွေဖြစ်များ တတ်နေသလော။ သို့မဟုတ် ငွေများကိုပင် အတုလုပ်နေသလော စည်ဖြင့် သို့လော သို့လော သံသယဖြစ်ခဲ့သည်။ သို့ဖြင့် မန္တလေးမြို့၌ သီးသန့်စုံထောက်ဌာနရုံးတခု ဖွင့်လျက် နေ့စဉ်လိုပင် မန္တလေးတောင်သို့ သွားရောက်စုံစမ်းခဲ့သည်။ သို့သော် မိမိတို့ သံသယဖြစ်သော အချက်ဟူ၍ တစုံတရာ မတွေ့ရှိကြ။ နောက်ဆုံးတွင် ထိုစုံထောက်ရုံးကို ဖျက်သိမ်း သွားပေသည်။

ဤသို့ အင်္ဂလိပ်အစိုးရက ဦးခန္တီအား မသင်္ကာသဖြင့် စုံစမ်းကြသည်နှင့် ပတ်သက်၍ နာမည်ကျော် ဗေဒင်လက္ခဏာဆရာကြီး ဆရာစန္ဒြက သူ၏ဘ၀ခရီးနှင့် အတွေ့အကြုံများ စာအုပ်တွင် ထည့်သွင်းရေးသား ဖော်ပြခဲ့သည်။ ရေးသားချက်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှသည်။ အောက်ပါအတိုင်း ဖြစ်သည်။

ရသေ့ဦးခန္တီ ရွှေဖြစ်သည်ဟု ကျော်ကြားလာသည်။ ထိုသို့ ကျော်ကြားလာသောအခါ ရန်ကုန်မြို့ရှိ ရဲမင်းကြီး စကော့ဆိုသူက တနေ့သောအခါ မန္တလေးတောင်သို့လာ၍ ရသေ့ကြီးထံ စုံစမ်းသည်။ သူသည် ရဲမင်းကြီး ဖြစ်ကြောင်း၊ ရသေ့ကြီးဦးခန္တီသည် ရွှေဖြစ်သည်-ဟု ကြားရ၍ ဟုတ်-မဟုတ် သိပါရစေ-ဟု လျှောက်ထားသည်။ ထိုအခါ ရသေ့ကြီးက ရွှေဖြစ်ပါသည်-ဟု ပြောသည်။ ဖြစ်ခဲ့လျှင် တပည့်တော်အား လက်ငင်းပြပါ-ဟု ရဲမင်းကြီးက တောင်းပန်သည်။

ထိုအခါ ရသေ့ကြီးဦးခန္တီသည် သူ၏ တပည့်များအား လင်ပန်း ၃-ချပ်ကို ပြောင်နေအောင် ဆေးစေပြီးလျှင် အ၀တ်နှင့် သုတ်ပြီးနောက် ဘုရားစင်ရှေ့နားရှိ ပလ္လင်အောက်တွင် ထားသည်။ ရသေ့ကြီးဦးခန္တီသည် ဘုရားရှေ့တော်သို့ သွား၍ ဤဘုရားရှိခိုး ( ဒိဝါ တပတိ အစရှိသော ဘုရားရှိခိုး) ကို သစ္စာပြုသော ဂါထာများနှင့် ရှိခိုးပူဇော်သည်။ နာရီဝက်လောက်အကြာ ရှိခိုးပူဇော်ပြီး၍ ကြေးစည်ကို ၃-ချက်တိတိ ရိုက်၍ အမျှပေးသည်။ သာဓုခေါ်သည်။ ထို့နောက် ရဲမင်းကြီးနားလာ၍ ယခင်နေရာသို့ ပြန်၍ ထိုင်နေတော်မူသည်။ နာရီဝက်လောက်ကြားသောအခါ အရပ်ရပ် အရွာရွာမှ များလှစွာသော ဘုရားဖူးများ မန္တလေးတောင်သို့ ရောက်လာကြသည်။

ရသေ့ကြီးရှိသော ဘုရားရှေ့သို့ ရောက်သောအခါ ဘုရားရှေ့တွင်ထားသော လင်ပန်း ၃-ချပ်ထဲသို့ ဘုရားဖူးများက အချို့ လက်စွပ်များ ချွတ်၍လှူသည်။ တချို့ လက်ကောက်များ ချွတ်၍လှူသည်။ ထိုအခါ ရဲမင်းကြီး ထိုင်နေသော ၁-နာရီလောက်အတွင်းတွင်ပင် လင်ပန်း ၃-ချပ်ထဲ၌ ရွှေတွေမောက်နေအောင် ရသည်။

ထိုအခါ ရသေ့ကြီးက သူရွှေဖြစ်သည်ဆိုသည်မှာ သည်နည်းပင် ဖြစ်ပါသည်ဟု ပြောပြသည်။ ထိုအခါ ရဲမင်းကြီးသည် ဦးခန္တီအား အလွန်ကြည်ညိုစွာ ရှိခိုးပြီးနောက် မည်သည့်ကိစ္စမဆို ရဲအဖွဲ့က အကူအညီ ပေးပါမည်ဟု ကတိပြုပြီးလျှင် ရန်ကုန်သို့ ပြန်သွားသည်။

ဤသို့ ဆရာစန္ဒြက ရေးသားဖော်ပြပြီးလျှင် ရသေ့ကြီး ဦးခန္တီ ရွတ်ဆိုနေကျဖြစ်သော သစ္စာပြု၍ ဘုရားတန်ခိုးတော်ကို ပူဇော်သော ဂါထာကို ပူးတွဲဖော်ပြသည်။ ထိုဂါထာသည် လိုရာပြည့်စေသော ဂါထာတော်ဖြစ်သည်ဟူ၍လည်း ဆရာစန္ဒြက ဖော်ပြထားသည်။
ထိုဂါထာမှာ-
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇ သမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။
မနက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

အနက်အဓိပ္ပါယ်။ ။
နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာ ထွန်းလင်းတောက်ပ၏။
ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ၀တ်ဆင်မှသာ တင့်တယ်၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။
မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး တန်ခိုးတော်ဖြင့် တင့်တယ်ပေသည်တကား။
ထိုသို့ တန်ခိုးတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏ဘုရား။
ဤသို့ ရှိခိုးရသောအကျိုးကြောင့် ကြံကြံသမျှ တောင့်တရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။

တခါသော် ထိုစဉ်က မြန်မာနိုင်ငံကို အုပ်ချုပ်နေသော နယ်ချဲ့ဘုရင်ခံ ဆာဟာကုတ် ဘတ်တလာသည် မန္တလေးတောင်သို့ ရောက်လာသည်။ ထိုစဉ် မန္တလေးတောင်သို့သွား၍ ဦးခန္တီနှင့် တွေ့ဆုံသည်။ ရသေ့ကြီးကို ကျွန်ုပ်များစွာ ကြည်ညိုလေးစားပါသည်။ မင်းတဲက ထွက်လာစဉ်ကပင် ဦးထုပ်ချွတ်၍ လာခဲ့ပါသည်။ ရသေ့ကြီးသည် သူတော်ကောင်းကြီးအမှန်ပင် ဖြစ်ပါသည်။-ဟူ၍ ပြောသွားသည်ဟု ဆိုသည်။

ဦးခန္တီ၏ စွမ်းရည်နှင့် စေတနာကို ဘုရင်ခံက သာမက သံတန်ဆာပလာများ ရောင်းချဆောက်လုပ်ပေးသော ထိုခေတ် ကုမ္ပဏီကြီးများကလည်း အထူးလေးစား ယုံကြည်ကြသည်။ အချို့ သာသနာ့အဆောက်အအုံများကို ဆောက်လုပ်ရာတွင် ထိုကုမ္ပဏီကြီးများထံမှ သံတန်ဆာပလာများကို အကြွေးဝယ်ကာ ဦးခန္တီက ဆောက်လုပ် ခဲ့သည်။ ပြီးစီးသောအခါတွင်မှ ထိုအဆောက်အအုံအတွက် အလှူငွေကောက်ခံသည်။ အလှူရှင်တကာကို ရှာသည်။ အလှူရှင်တကာ တွေ့လာသောအခါ ချက်ချင်းပင် အလှူရှင်အမည်ကို ကမ္ပည်းထိုးလိုက်သည်။ ထိုကောင်းမှုအတွက် အလှူရှင်ထံမှ အလှူငွေရသောအခါတွင်မှ ဦးခန္တီက ကုမ္ပဏီသို့ ကျသင့်ငွေကို ပေးချေခဲ့ပေသည်။

ဦးခန္တီ၏ စေတနာလုပ်ငန်းကို နှစ်သက်ကြသဖြင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များကလည်း အလှူငွေများ ရက်ရောစွာ ထည့်ဝင်လှူဒါန်းကြသည်။ ဦးခန္တီဆိုလျှင် သဒ္ဓါကြသည်။ ယုံကြည်ကြသည်။ အစပိုင်းတွင် နယ်ချဲ့ဗြိတိသျှ အစိုးရက သင်္ကမကင်း ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အပြည့်အ၀ ယုံကြည်ခဲ့သည်။ လေးစားကြည်ညိုခဲ့သည်။ ဦးခန္တီအား သွားလိုရာ ရေကြောင်း၊ ကုန်းကြောင်းခရီးလမ်းများကို အလွယ်တကူ သွားလာနိုင်ရန် ခွင့်ပြုလက်မှတ်များ ဆက်ကပ်လှူဒါန်းထားသည်။ ဦးခန္တီ ပြုစုတည်ထားသော ဘုရားများအတွက် ဘုရားပွဲတော်များ ကျင်းပလိုပါက အစိုးရထံ အမိန့်ခံရန်မလို။ နှစ်သက်သလို ကျင်းပနိုင်သော အထူးအခွင့်အရေး များကိုပင် ပေးထားပေသည်။

ဦးခန္တီသည် အသက်အရွယ် အိုမင်းလာသော်လည်း သာသနာ့အဆောက်အအုံများကို ဆက်လက် တည်ဆောက် ခဲ့သည်။ မိုးထိစာပေများ ဆက်လက်ထုတ်ဝေ ဖြန့်ချိခဲ့သည်။ ၁၉၄၁-ခုနှစ်တွင် ဒုတိကမ္ဘာစစ်မီးကြီး မြန်မာနိုင်ငံသို့ ကူးစက်လာသောအခါ ဦးခန္တီသည် မိတ္ထီလာနယ်သို့ ခေတ္တကြွ၍ စစ်ဘေးတိမ်းရှောင်နေသည်။ ထို့နောက် မကြာမီ (၁၉၄၂-ခုနှစ်) တွင် မန္တလေးသို့ ပြန်ကြွလာသည်။ ထိုအချိန်တွင် သက်တော် ၇၄-နှစ်ရှိနေပြီ။ ကျန်းမာရေး မကောင်းတော့။ လေငန်းရောဂါဖြစ်ပြီး အိပ်ရာထဲက မထနိုင်လောက်အောင် ဖြစ်ခဲ့သေးသည်။ နောက်ပိုင်းတွင်မှ အနည်းငယ်သက်သာရာ ရလာသည်။

၁၉၄၅-ခုနှစ် ဒုတိကမ္ဘာစစ်ကြီး ပြီးသောအခါ ဦးခန္တီသည် သက်တော် ၇၈-နှစ်ရှိနေပြီး လေငန်းရောဂါ တဖန်ပြန်ပေါ်လာပြီး မသွားနိုင်၊ မလာနိုင်တော့ပေ။ သို့ရာတွင် ဦးခန္တီသည် အားမလျှော့၊ သူ့ကို ထမ်းစင်ဖြင့် ထမ်းဆောင်စေလျက် စစ်ဘေးဒဏ်ကြောင့် အချို့ပျက်စီးသွားသော မန္တလေးတောင် အပျက်အစီးများနှင့် ပြုပြင်ရန်ရှိသည်တို့ကို ကိုယ်တိုင်ပင် လှည့်လည်ကြည်ရှု စီမံခဲ့သေးသည်။

ဦးခန္တီသည် လွတ်လပ်ရေးရပြီး ၁၃၁၀-ပြည့်နှစ် ပြာသိုလ်လပြည့်ကျော် ၁၄-ရက်နေ့ည (၁၉၄၉-ခုနှစ် ဇန်န၀ါရီလ ၂၇-ရက်) တွင် ကွယ်လွန်တော်မူသွားရှာသည်။ ကွယ်လွန်တော်မူချိန်တွင် သက်တော် ၈၂-နှစ်ဖြစ်သည်။ ရသေ့ကြီး ဦးခန္တီ၏ အလောင်းတော်ကို ရဟန်းပျိုအဖွဲ့က ကြီးမှူးသင်္ဂြိုဟ်သည်။ ရဟန်းရှင်လူတို့က ဦးခန္တီ၏ ရုပ်ကလာပ်ကို ၂-နှစ်တိုင် ပူဇော်ကန်တော့ကြသည်။ ထို့နောက် ၁၃၁၂-ခုနှစ် တပို့တွဲလဆန်း ၈-ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ ခမ်းနားသိုက်မြိုက်စွာ သင်္ဂြိုဟ်ကြသည်။ သင်္ဂြိုဟ်ရာတွင် ပြည်သူလူထုက ထည့်ဝင် ကြသည်။ နိုင်ငံတော်အစိုးရက ၅၀၀၀-လှူဒါန်းသည်။

ရသေ့ကြီး ဦးခန္တီကား အနှစ် ၁၀၀-အတွင်း တယောက်ပေါ်ထွန်းရန် မလွယ်ကူသော ရှားပါးသည့် မြန်မာ့သားကောင်းရတနာ ပုဂ္ဂိုလ်ထူးများတွင် တဦးအပါအ၀င် ဖြစ်ပေသသည်တကား။

( မင်းယုဝေ)

ကျမ်းကိုး။ ။
(၁) မန္တလေးတောင် သမိုင်းသစ် ( အရှင်ဇောတိကာဘိဝံသ)
(၂) ရသေ့ကြီး ဦးခန္တီ၏ ထေရုပ္ပတ္တိနှင့် ရွှေမန်းတောင်သမိုင်းအကျဉ်း (ဦးအေးမောင်-အငြိမ်းစား ရဲတပ်ကြပ်ကြီး)
(၃) အင်္ဂုတ္တိုရ်ပါဠိတော် နိဿယ (စာချနက် မိုးထိမူ)
မိုးထိကျောင်းတိုက်ဆရာတော် အရှင်ဇာဂရ မဟာထေရ်)
(၄) ဘ၀ခရီးနှင့် အတွေ့အကြုံများ (ဆရာစန္ဒြ)
(၅) မြန်မာ့စွယ်စုံကျမ်း (အတွဲ-၂)
(၆) နှစ် ၁၀၀-ပြည့် မန္တလေး၊( ရွှေကိုင်းသား)
(၇) The Way of White Cloud (Lama Anagarika Govinal)
(၈) Believe it of Not ( Ripley)
(၉) ရသေ့ကြီး ဦးခန္တီ (မင်းယုဝေ)( ဉာဏ်လင်း ဓမ္မာစာပဒေသာ)
(၁၀) မြန်မာနိုင်ငံ ပိဋကတ်သုံးပုံ ကျောက်စာ ဓမ္မစေတီများ (ဦးအောင်သူ)
မြတ်မင်္ဂလာ ၂၀၀၁-ခုနှစ်၊ ဇူလိုင်၊ သြဂုတ်။

( မြတ်မင်္ဂလာ ၂၀၀၂-ခု နိုဝင်ဘာလ )

No comments: