Wednesday, December 16, 2009

( ၁၂ ) သား မယားကို ကောင်းစွာ ကျွေးမွေး စောင့်ရှောက်ခြင်း

( ၃၈-ဖြာ မင်္ဂလာ ၁၀-၁၁-ပါ စာအုပ် မရှိသေးပါ)

သား မယားကို ကောင်းစွာ ကျွေးမွေးစောင့်ရှောက်ခြင်းသည် မင်္ဂလာတပါး ဖြစ်၏။
ကြီးပွားခြင်း၏ အကြောင်းတရပ် ဖြစ်၏။

ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မာဒတ်မင်းသည် မင်းပြု၏။ ထိုအခါ ဗာရာဏသီပြည်၏ အနောက် နိဂုံးရွာ၌ သုဒဿနအမည်ရှိသော ယောက်ျားသည် သုဇာတာအမည်ရှိသော ဇနီးနှင့် အတူ ပေါင်းသင်း နေထိုင်၏။

သူတို့ဇနီးမောင်နှံတွင် သားသမီး ၃-ယောက်ထွန်းကားသည်။ သုဇာတာသည် သားသမီး ၃-ယောက် မွေးဖွားသော်လည်း ရုပ်ရည်မကျ၊ နုပျို၏။ အလွန်လှပချောမော၏။ သုဒဿနသည် ဇနီးသုဇာတာနှင့် သားသမီးတို့ကို အလွန်ချစ်ခင်မြတ်နိုး၏။ ကောင်းစွာ လုပ်ကိုင်ကျွေးမွေး၏။ ထို့အတူ သုဇာတာသည်လည်း ခင်ပွန်း သုဒဿနနှင့် သားသမီးတို့ကို အလွန်ချစ်ခင်မြတ်နိုး၏။ ကောင်းစွာ ပြုစုလုပ်ကျွေး၏။

တနေ့သ၌ သုဒဿနနှင့် သုဇာတာတို့သည် ဗာရာဏသီမြို့ရှိ အဆွေအမျိုးတို့ကိုတွေ့ရန် လှည်းဖြင့် အတူသွားကြသည်။ ထိုအချိန်တွင် ဗြဟ္မဒတ်မင်းသည် ဆင်စီးလျက် မြို့ကို လှည့်သည်တွင် သုဇာတာကို မြင်လေသည်။ အလွန်နှစ်သက်သဖြင့် မင်းချင်းတယောက်ကို စေလိုက်သည်။ လင် ရှိ-မရှိ မေးစေသည်။

သုဇာတာကလည်း ကျွန်မမှာ အိမ်ထောင်ရှင် ဖြစ်ပါသည်။ လှည်းပေါ်တွင် ခင်ပွန်းဖြစ်သူ အတူပါလာ ပါသည်-ဟူ၍ ပြောပြသည်။ မင်းချင်းလည်း အဖြစ်မှန်ကို လျှောက်ထားသည်။ မင်းသည် အကျင့်ပျက်သောမင်း ဖြစ်ရကား လင်ရှိသော်လည်း သုဇာတာကို ရအောင်ယူမည်ဟု ကြံစည်သည်။ မင်းချင်းအား သုဇာတာတို့၏လှည်း မည်သည့်အရပ်တွင် ရပ်နားသည်ကို လိုက်၍ ကြည့်စေသည်။

ထို့နောက် မင်းသည် ညအခါ၌ မင်းချင်အား မိမိ၏ မကိုဋ်တော်ကို သုဒဿန၏ လှည်းပေါ်သို့ တိတ်တဆိတ် သွားရောက်ချထားစေသည်။ နံနက်မိုးသော်သောအခါ မှူးမတ်တို့အား မြို့တံခါး လေးမျက်နှာကို ပိတ်၍ အထွက်အ၀င် မရှိအောင် ပြုကြ၊ မကိုဋ်တော် ပျောက်သည်-ဟု ကြွေးကြော်၍ ရှာကြ-ဟူ၍ စေသည်။

မှူးမတ်တို့သည် မကိုဋ်တော်ကို ရှာကြသည်။ မကြာမီပင် သုဒဿနနှင့် သုဇာတာတို့၏ လှည်းပေါ်တွင် မကိုဋ်တော်ကို တွေ့သည်။ ထိုအခါ သုဒဿနကို ဖမ်းယူ၍ မင်းကြီး၏လက်သို့ အပ်သည်။
မင်းက-ဤသူခိုးကို သတ်မည်-ဟုဆိုကာ သုသာန်သို့ ခေါ်ဆောင်သွားစေသည်။ မိမိကိုယ်တိုင်သတ်ရန် ဆင်စီး၍ နောက်မှလိုက်သွားသည်။ ထိုအခါ သုဇာတာသည်လည်း ငိုကြွေးလျက် နောက်မှလိုက်သည်။ သုသာန်သို့ ရောက်သောအခါ သုဇာတာက ငါ၏လင်သည် ခိုးသူမဟုတ်၊ အပြစ်မရှိ၊ ငါ၏လင်သည် ငါမှတပါး မည်သည့်မိန်းမကိုမျှ မကျူးလွန်၊ မဖောက်ပြန်၊ သစ္စာစောင့်ထိန်းသူ ဖြစ်သည်။ မယားနှင့်တကွ သားသမီးတို့ကို မညှိုးငယ်စေရ။ ကောင်းစွာလုပ်ကျွေး မွေးမြူသူ ဖြစ်သည်။ ငါသည်လည်း ငါ့လင်မှတပါး မည်သည့်ယောက်ျား နှင့်မှ ဖောက်ပြန်ကျူးလွန်ခြင်း မရှိ။ ငါ့လင်နှင့် ငါ့သားသမီးတို့ကို ကောင်းစွာပြုစုစောင့်ရှောက်သူ ဖြစ်သည်။ ဤသစ္စာအတိုင်း ဟုတ်မှန်ပါလျှင် ငါ့လင်ကို ကယ်သူ ပေါ်ပါစေသား-ဟု သစ္စာဓိဋ္ဌာန်ပြုသည်။

သစ္စာပြုသည့် တခဏအတွင်းမှာပင် သိကြားမင်း ဆင်းလာသည်။ ဗြဟ္မဒတ်မင်းကို ဆင်ထက်မှ တွန်းချ၍ သတ်လိုက်သည်။ သုဒဿနနှင့် သုဇာတာတို့ကို ဆင်ပေါ်သို့ တင်သည်။ ကိုယ်တိုင်ပင် ရာဇဘိသိက် သွန်းပေး၍-ဟယ် မှူးမတ် ပြည်သူတို့ မတရားသောမင်းကို ငါဖယ်ရှား၍ တရားစောင့်သောသူကို ငါ မင်းမြှောက်လိုက်ပြီ။ သင်တို့ ရိုသေစွာ အမှုထမ်းကြလော့-ဟူ၍ ဆိုကာ ကွယ်ပျောက်သွားလေသည်။

မှူးမတ်ပြည်သူတို့လည်း သုဒဿနမင်းကို ရိုသေစွာ ဆက်ဆံ၍ အမှုထမ်းကြသည်။ မင်းအဆုံးမကို လိုက်နာကြသည်။ သုဒဿနမင်းကလည်း မင်းကျင့်တရားဆယ်ပါးနှင့် အညီ မင်းပြုရာ တပြည်လုံး သာယာငြိမ်းချမ်း ကြည်ရွှင် ကြလေသည်။
ကျမ်းကိုး။ ။ မင်္ဂလာသာရ ဒီပနီကျမ်း။

( မင်းယုဝေ)
( မြတ်မင်္ဂလာ ၂၀၀၂-ခု ဇူလိုင်လ)

No comments: