Friday, January 30, 2009

ဘာသာရေး ပြဿနာ ( ၁၃ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( လက်ဝတ်ရတနာ ဌာပနာသွင်းခြင်း )
( မေး ) ဘုရားစေတီများတွင် အဖိုးတန် လက်ဝတ်ရတနာများ ထည့်သွင်း ဌာပနာခြင်း၏ အဓိပ္ပါယ်ကို ရှင်းလင်းစွာ ဖြေကြားပေးတော်မူပါဘုရား။
( မောင်စိုးလတ်-ထားဝယ်မြို့ )

( ဖြေ )
ဘုရားစေတီများတွင် အဖိုးတန် လက်ဝတ်ရတနာများကို ဌာပနာရာ၌ အဓိပ္ပါယ် ၂-မျိုးရှိပါသည်။
၁။ အဓိပ္ပါယ်တမျိုးမှာ စေတီတော်အတွင်း ဌာပနာတိုက်၌ ကိန်းအောင်း စံပယ်တော်မူကုန်သော သရီရဓာတ်တော်
မွေတော်များနှင့် ဥဒ္ဒိဿစေတီတော်များအား မိမိ၏အသုံးအဆောင် လက်ဝတ်ရတနာများဖြင့် ပူဇော်ခြင်းဖြစ်သည်။

၂။ အခြားအဓိပ္ပါယ်တမျိုးမှာ နောင် ဤဓာတုစေတီတော် ပျက်စီးသွားလျှင် မိမိဌာပနာလိုက်သော အဖိုးတန် လက်ဝတ်ရတနာများကို ထုခွဲ၍ ရရှိလာသော ငွေအသပြာတို့ဖြင့် ပြန်လည်ပြုပြင် တည်ထားရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။

ယင်းအမှတ် ၂-အဓိပ္ပါယ်ကို အသောကမင်းကြီး ဓာတ်တော် မွေတော်များကို မြှုပ်နှံဌာပနာရာ၌ ကြီးမားလှစွာသော ပတ္တမြားကြီးကို ဌာပနာသွင်းကာ နောင်သောအခါ မင်းဆင်းရဲသည် ဤပတ္တမြားကိုယူ၍ ထုခွဲရောင်ချပြီးသော် ဓာတ်တော်များအား ပူဇော်မှု ပြုစေသတည်း-ဟု ကမ္ပည်းရေးထိုးခဲ့ကြောင်းဖြင့် ထင်ရှားသည်။

ထို့ပြင် မြန်မာနိုင်ငံ အထက်ပိုင်း မြို့တမြို့တွင် ရှေးဟောင်းစေတီတဆူ ပြိုပျက်ရာတွင် ဌာပနာတိုက်မှ ၁၇ိ/သားခန့်ရှိသော ငွေတုံးတတုံးကို တွေ့ရကြောင်း ထိုငွေတုံးကြီးတွင် နောင် ဤစေတီ ပြိုပျက်ပါက ဤငွေတုံးကြီးကို ထုခွဲရောင်းချ၍ ရရှိသော ငွေဖြင့် ပြန်လည်တည်ထားကြပါကုန်-ဟု ကမ္ပည်းရေးထိုးထားကြောင်း ကြားသိရဖူးပေသည်။
မည်သည့်အဓိပ္ပါယ်နှင့် ဌာပနာသွင်းသည်ဖြစ်စေ အလွန်ထက်သန် ကောင်းမွန်သော စေတနာများဖြစ်သည်၊
ကုသိုလ်အထူး ဆည်းပူးပြုလုပ်မှုမျိုးပင် ဖြစ်သည်။ အလွန်အကျိုးရှိသည်ဟူ၍သာ မှတ်သားသင့်ပါသည်။
*********************************************************************************

( ပုဝါတင်ခြင်းနှင့် ဆန်ပန်းပေါက်ပေါက် )
( မေး ) ရတနာသုံးပါးကို ပူဇော်ကန်တော့ခြင်း စသည့်ကိစ္စများတွင် အမျိုးသမီးများ ပုခုံးပေါ်တွင် ပုဝါ တဘက် စသည်တင်ကြသည်ကို တွေ့ရသည်၊ အမျိုးသားများ တင်ကြသည်ကိုမူ မတွေ့ရပါ၊ အဘယ့်ကြောင့်ပါနည်း၊

ထို့ပြင် ကန်တော့ရာ၌ ဆန်ပန်းပေါက်ပေါက်တို့ကို လက်တွင် ညှပ်ကိုင်၍ ကန်တော့ကြသည်မှာ အဘယ်အဓိပ္ပါယ်ပါနည်း၊
ဖြေကြားတော်မူပါရန်။
( ဦးကုမာရ-ရေနံ့သာ )

( ဖြေ )
ပုဝါတင်ခြင်း၊ ပုဝါပေါင်းခြင်းတို့မှာ ရှေးရိုးမြန်မာ့ ယဉ်ကျေးမှု ဖြစ်ပါသည်၊
ပွဲလမ်းသဘင် အခမ်းအနားတို့တွင် အမျိုးသားဝတ်စုံဖြင့် တက်ရောက်ရလျှင် အမျိုးသားများ ခေါင်းပေါင်းပေါင်း၍
အမျိုးသမီးများ ပုဝါတင်ရမြဲ ထုံးစံဖြစ်သည်၊ ရတနာသုံးပါး ဆိုင်ရာတို့၌ အမျိုးသမီးများသာ ပုဝါတင်၍ အမျိုးသားများ ပုဝါပေါင်းခြင်း ( ခေါင်းပေါင်းခြင်း ) အလေ့ ပျက်ပြယ်နေသည်မှာ ကြာလေပြီ။
ဤခေတ်တွင် အလွန်ရိုသေလေးစားရမည့် ကျောင်းကန်ဘုရား သွားလာရာတို့တွင် အမျိုးသားဝတ်စုံဖြင့် လုံခြုံပိပြားစွာ သွားလာရမည့် ယဉ်ကျေးမှုတို့ကို အထူးဂရုပြုရန် လိုအပ်လှပါသည်။

ဆန်ပန်းပေါက်ပေါက်နှင့် ပတ်သက်၍ ဒဗ္ဗတိဏ, သုဒ္ဓတဏ္ဍုလ, သိဒ္ဓတ္ထ, သုမန, မုကုလ, လာဇသင်္ခါတာနိ-ဟု ဇာတ်ဋီကာ၌ လာသော နေဇာမြက်, ဆန်ပန်း, မုန်ညင်း, မုလေး (မြတ်လေး ), ငုံ, ပေါက်ပေါက်-ဟူ၍ ကြဲမြှောက်ပစ်လွင့်၍ ပူဇော်ရသော ပန်းငါးမျိုးတွင် ဆန်ပန်းပေါက်ပေါက် ပါသည်၊ ၄င်းပန်းငါးမျိုးကို ကန်တော့ပြီးလျှင် ဘုရားစသည်၌ မြှောက်ကြဲပူဇော်ရသည်၊

ထိုသို့ပူဇော်ရန် ကန်တော့စဉ် လက်အကြား၌ ညှပ်ထားကိုင်ထား၍ ကန်တော့ပြီးနောက် မြှောက်ကြဲရန် ဖြစ်သော်လည်း ဦးဆောင်သူများကလည်း ပြောမထား၊ ကန်တော့သူများကလည်း မသိသဖြင့် အဓိပ္ပါယ်ပျောက်၍နေလေသည်၊
ထို့ကြောင့် ဆန်ပန်းပေါက်ပေါက်များကို ဘုရား၌ မြှောက်ကြဲပူဇော်ကြရန် နည်းပေး သင်ကြားကြရန် လိုပေသည်။
*********************************************************************************

( ဆံတော် လက်နှစ်သစ် )
( မေး ) မြတ်စွာဘုရား၏ ဆံတော်သည် တောထွက်တော်မူစ အနောမာမြစ်ကမ်းတွင် ပယ်တော်မူခဲ့၍
ကျန်ရှိသော ဆံတော်အတိုင်းပင် ဖြစ်ပါသလားဘုရား၊
အခြားရဟန္တာများကဲ့သို့ ရှည်ထွက်ခြင်း ရှိပါသလားဘုရား ဖြေကြားတော်မူပါရန်။
( ကိုဟန်ဝင်း-အင်းစိန်မြို့သစ် )

( ဖြေ )
ယင်းပြဿနာ၏အဖြေကို မဟာဗုဒ္ဓ၀င် ဒုတိယတွဲ ၂၀၃-လာ အောက်ပါစကားရပ်ဖြင့် ရှင်းလင်းစွာ သိနိုင်ပါသည်။
ထို့နောက် အလောင်းတော်သူမြတ်သည် ငါ၏ ဤဆံပင်တို့ကား ရဟန်းတို့နှင့် မလျောက်ပတ်ကုန်ချေ၊ ထိုဆံပင်တို့ကို သန်လျက်ဖြင့် ပယ်ဖြတ်ပေအံ့-ဟု ကြံစည်၍ လက်ယာလက်ဖြင့် သန်လျက်ကို စွဲကိုင်ကာ လက်ဝဲလက်ဖြင့် မကိုဋ်နှင့်တကွသော ဆံထုံးကိုကိုင်၍ ဖြတ်ပယ်တော်မူလေ၏။

ဆံတော်တို့သည် လက်နှစ်သစ်ပမာဏ အညီအမျှ ကြွင်းကျန်ရစ်ကြ၍ လက်ယာရစ်လည်ကာ ဦးခေါင်းတော်မှာ
ကပ်ငြိ တည်ရှိကြကုန်၏၊ ထိုဆံတော်တို့၏ ပမာဏကားအသက်ထက်ဆုံးပင် အသစ်တဖန် မရိတ် မပယ်ရဘဲ
ထိုလက်နှစ်သစ် ပမာဏသာ ရှိပေ၏၊
ဘုရားအလောင်းတော်မှာ နောက်တဖန် ထိုဆံပင်တို့ကို ရိတ်ပယ်ဖွယ်ကိစ္စ လုံးဝမရှိတော့ပြီ။
********************************************************************************

( ဂုဏ်တော်အဆုံး တိ-စာလုံး )
( မေး ) ဣတိပိ သော-စသော ဂုဏ်တော်တို့ကို ရွတ်ဆိုဘုရားရှိခိုးရာ၌ ဘုရားဂုဏ်တော်, တရားဂုဏ်တော်, သံဃာဂုဏ်တော် အဆုံးတို့တွင် အချို့က တိ-ထည့်၍ ရွတ်ဆိုကြပါသည်။ အချို့က မထည့်ပါ၊ ဘယ်ဟာက မှန်ပါသလဲဘုရား။
( (၁) အရှင်ထေရ၀ံသ-ဒီပဲရင်း။ (၂) ဦးမုန်း-မြောက်ဥကကလာပမြို့ )

( ဖြေ )
တိ-ဟူသည်မှာ ဣတိ-သဒ္ဒါဖြစ်ပါသည်၊
ဂုဏ်တော်ကိုဆို၍ ဘုရားရှိခိုးရာ၌ ထည့်၍ဆိုရန် လိုအပ်ပါသည်။
ဣတိ-ဤသို့ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-ရှိခိုးပါ၏။ ဟု ဆက်ရမည်ဖြစ်ပါသည်။

တရားဂုဏ်တော် သံဃာ့ဂုဏ်တော်တို့မှာလည်း အလားတူ သင့်လျော်သလို ဆိုရန်ဖြစ်ပါ၏။

ရိုးရိုးဂုဏ်တော်ကို ရွတ်ဆို ပွားများရာ၌ကား ပါရန်မလိုပါ၊ ထို့ကြောင့် နှစ်မျိုးစလုံးပင် မှန်ပါသည်။
*********************************************************************************

( ဘွဲ့အမည်တော်များ )
( မေး ) အောက်ပါ ဘွဲ့တံဆိပ်တော်နှင့် အမည်များ၏ အဓိပ္ပါယ်ကို ရှင်းလင်းပြပေးတော်မူပါဘုရား။
(၁) အဘိဓဇမဟာရဋ္ဌဂုရု
(၂) အဂ္ဂမဟာပဏ္ဍိတ
(၃) အဘိဝံသ
(၄) အလင်္ကာရ
(၅) ဘဒ္ဓန္တ
( မောင်ရွှေပြည်စိုး-၁၇၈၊ ကမ်းနားလမ်း ပန်းတနော် )

( ဖြေ )
( ၁ ) အလွန်မြင့်မားစွာ စိုက်ထူအပ်သော တံခွန်အလံသဖွယ် ကြီးကျယ်မြင့်မြတ်တော်မူသည့် နိုင်ငံတော်၏ ဆရာသခင်
အရှင်မြတ်-ဟု ဆိုလိုပါသည်။
( ၂ ) အလွန်မြင့်မြတ် ကြီးကျယ်သော ပညာရှိ မထေရ်မြတ်-ဟု ဆိုလိုပါသည်။
( ၃ ) မန္တလေးမြို့ သကျသီဟစာမေးပွဲ၊ ရန်ကုန်မြို့ စေတိယင်္ဂဏ စာမေးပွဲ စသော ပရိယတ္တိစာမေးပွဲကြီးတို့မှ
အောင်မြင်တော်မူသော ရဟန်းတော်များအား ဆက်ကပ်သော ဘွဲ့-ဖြစ်သည်။
( ၄ ) မန္တလေး၊ ပဲခူး၊ ရန်ကုန် စသည်တို့တွင် ကျင်းပသော သာမဏေကျော် စာမေးပွဲများတွင် အောင်မြင်တော်မူသော သာမဏေများအား ယင်းအသင်းအဖွဲ့များက ဆက်ကပ်သောဘွဲ့ ဖြစ်သည်။
ယင်း ၃-နှင့် ၄-ဘွဲ့များကို မူလဘွဲ့တော်နှင့် ဆက်၍ခေါ်ဝေါ်ရသဖြင့် မူလဘွဲ့ ဦးပဏ္ဍိတ, ရှင်ပဏ္ဍိတ ဖြစ်လျှင်
ဦးပဏ္ဍိတာဘိဝံသ, ရှင်ပဏ္ဍိတာလင်္ကာရ-ဟူ၍ ဖြစ်သည်။
( ၅ ) ဘဒ္ဓန္တ-ဟူသည်မှာ ပေးအပ်သော ဘွဲ့ထူး ဂုဏ်ထူး မဟုတ်၊ လေးစားရိုသေအပ်သော ဆရာတော် သံဃာတော်တို့အား ဘွဲ့တော်၏ရှေ့မှ ဦး, အရှင်-တို့အစား ရေးသား ခေါ်ဝေါ်အပ်သော အသုံးအနှုန်း ဖြစ်ပါသည်၊
ဦးပဏ္ဍိတ-ဟုဆိုလျှင် ဘဒ္ဒန္တ ပဏ္ဍိတ-ဟု ဆိုပါသည်။
ဦး အရှင်တို့အစား ပါဠိဘာသာဖြင့် ခေါ်ဆိုခြင်းဖြစ်ပါသည်။

( မြတ်မင်္ဂလာ ၁၉၉၁-မေလ )

လင်ကိုတမ်းတ သတိရသူ

တာဝတိံသာနတ်ပြည် ဥယျာဉ်၌ မာလာဘာရီနတ်သား၏ အခြွေအရံ တထောင်အနက် တယောက်သော နတ်သမီးသည် ပန်းဆွတ်ခူးနေရင်း စုတေ၍ သာဝတ္ထိပြည်၌ အမျိုးသမီး ဖြစ်လာ၏၊

လွန်ခဲ့သော ဘ၀က လင်ယောက်ျားဖြစ်သူ နတ်သားအား အမြဲအောက်မေ့ တသ၍ နတ်ပြည်၌ ပြန်ဖြစ်ရန် အမြဲဆုတောင်းနေလေသည်။ လူ့ပြည်တွင် အိမ်ထောင်ကျ၍ သား-လေးယောက် ရပြီးနောက် ကွယ်လွန်ရာ ဆုတောင်းသည့်အတိုင်း နတ်ပြည်ပြန်ဖြစ်ပြီး ပန်းဥယျာဉ်သို့ ပြန်ရောက်သွားသည်၊
အခြားနတ်သမီးများသည် ပန်းခူးနေကြဆဲပင် ဖြစ်၏။ နတ်သားက ခပ်စောစောက သင့်ကိုမမြင်၊ ဘယ်သွားနေသနည်း မေးရာ, စုတေ၍ လူဖြစ်ပြီး နတ်ပြည်ပြန်ရောက်လာကြောင်း ပြောပြ၏။

နတ်သားသည် လူ့ဘ၀သည် ဤမျှ တိုတောင်းပါလျက် လူတို့သည် မအို မသေ နေရမည်ကဲ့သို့ ကုသိုလ်ကောင်းမှု မပြုဘဲ မေ့လျော့နေကြလေသည်-ဟု သံဝေဂဖြစ်လေသည်။ မြတ်စွာဘုရား သာဝတ္ထိပြည်၌ သီတင်းသုံးနေစဉ် ဤအကြောင်းနှင့်ပတ်သက်၍ ဟောတော်မူခဲ့သည်။

( ဂါထာ )
ပုပ္ဇာနိဟေ၀ ပစိနန္တံ ၊ ဗျာသတ္တ မာနသံ နရံ ။
အတိတ္တညေ၀ ကာမေသု ၊ အန္တကော ကုရုတေ ၀သံ ။

( မြန်မာပြန် )
ပန်းဥယျာဉ်သို့ဝင်၍ ကောင်းနိုးရာရာပန်းများကို ရွေးချယ်သောသူကဲ့သို့
ငါးပါးအာရုံ ကာမဂုဏ်ချမ်းသာတို့ကို ရွေးချယ်လျက် မရသေးသော ကာမဂုဏ်ချမ်းသာကို တောင့်တ၊
ရပြီးသော ကာမဂုဏ်ချမ်းသာကို အလွန် တွယ်တာသော လူအပေါင်းသည်
ထိုထိုကာမဂုဏ်ချမ်းသာ၌ အလိုဆန္ဒ မပြည်ဝမီပင် သေမင်းခေါ်ရာသို့ လိုက်ရလေသည်။

( ဆောင်ပုဒ် )
ပွင့်ငုံဖူးချပ်၊ ရွက်ထပ်ညွှန့်သေး၊ ပန်းမွှေးရောင်စုံ၊ အဖုံဖုံကို၊ အာရုံစိတ်ကြိုက်၊ ရွေးယူလိုက်သို့၊
နှစ်ခြိုက်ကာမ၊ အာရုံမွကို၊ တ,သ တွယ်တာ၊ အာသာငမ်းငမ်း၊ အရဖမ်းလျက်၊ စိတ်မှန်းသမျှ၊ အားမရခင်၊
မရဏမင်း၊ အပြင်းရောက်ကာ၊ သူခေါ်လာ၍၊ လူ့ရွာလောက၊ စွန့်ခွါရ၏။

( ပုပ္ဇ၀ဂ် ပတိပူဇိက ကုမာရီ ၀တ္ထု )

မှီခိုအားထားရာအစစ်

ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်-ဟူသော ဆောင်ပုဒ်အတိုင်း တဏှာလောဘ အုပ်စိုးသော ဤကမ္ဘာကြီးတွင် ပဋိပက္ခဖြစ်မှုများကို နိုင်ငံပေါင်းများစွာတွင် ကြားမြင်နေရပေသည်၊ ကမ္ဘာအရပ်ရပ်တွင် မပြေလည်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေးတို့သည် တဏှာလောဘတွင် အရင်းခံကာ ဒေါသ, မာနများ လွှမ်းခြုံလျက် ကြီးထွားနေကြခြင်းဖြစ်သည်၊

နောက်ဆုံးတွင် စစ်ပွဲများဖြစ်ပွား၍ ရှိသမျှလက်နက်အား လူအား သုံးလျက် အသေအကျေ တိုက်ခိုက်ကြတော့သည်၊ ထိုသို့သောအရေးများ တွေ့ကြုံချိန်တွင် မိမိတို့ယုံကြည်ကိုးကွယ်သော ကယ်တင်ရှင်ကို တိုင်တယ်ပြီး အောင်မြင်စေကြောင်း ဆုတောင်း အားကိုးကြလေသည်၊

မကြာမီက ပြီးဆုံးသွားသော ပင်လယ်ကွေ့ စစ်ပွဲတွင် တဖက်က ဤအရေးသည် ဘာသာရေးစစ်ပွဲဖြစ်သည်၊ ငါတို့အရှင်မြတ်သည် ငါတို့ကို နိုင်အောင် စောင်မလိမ့်မည်-ဟု ယုံကြည်စွာ ပြားပြားဝပ် ဆုတောင်းကြသည်၊ တဖက်ကလည်း ကိုးကွယ်ရာဌာနသို့ စုပေါင်းသွားရောက်ပြီး ကယ်တင်ရှင်ထံ အောင်မြင်စေကြောင်း ဆုတောင်းခြင်းပြုလေသည်၊ ဤအရေးကိစ္စတွင် ကောက်ချက်ချလိုသည်မှာ ပျက်စီးဆုံးရှုံးချိန် ကြေကွဲဖွယ် အဖြစ်ဆိုး တွေ့ကြုံချိန်၊ အနိုင်အရှုံး လုချိန်များတွင် ကိုးကွယ်ရာ မှီခိုအားထားရာ ရှာကြသည်-ဟူသော လူ့သဘောကို ဖော်ထုတ်လိုခြင်းဖြစ်သည်။ ခလုတ်ထိရာ၌ အမိကို တ,ကြခြင်း ဖြစ်သည်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များတွင် လောဘ, ဒေါသ, မောဟ နည်းပါးစေသော တရားတို့ကို နည်းအမျိုးမျိုးဖြင့် ဟောပြောညွှန်ပြခဲ့သော မြတ်ဗုဒ္ဓထင်ရှား ရှိခဲ့ခြင်းသည် ဂုဏ်ယူစရာ ဖြစ်ပေသည်။ မြတ်ဗုဒ္ဓတရားတို့ကို လိုက်နာကျင့်သုံးခြင်းဖြင့် လောဘ ဒေါသ မောဟ နည်းပါးပြီး ပစ္စက္ခတွင် စိတ်ကြည်လင်အေးမြမှုကို ရနိုင်လေသည်၊

ထိုမျှမက မဂ်ချမ်းသာ ဖိုလ်ချမ်းသာကိုပင် ရနိုင်ပေသည်၊ ကမ္ဘာတ၀န်းလုံး မည်သည့်ဘာသာဝင်မျှ မငြင်းဆိုနိုင်သော ဗုဒ္ဓ၏ ရှင်းလင်းပြတ်သားလွယ်ကူသော ဆုံးမစကားတခုကို ကြည့်ပါလျှင် မည်မျှ အနှစ်သာရ ပြည့်စုံသည်ကို တွေ့မြင်နိုင်ပေသည်၊ လူမျိုးတိုင်းသာ ဤအဆုံးအမကို လိုက်နာပါလျှင် နိုင်ငံရေး စီးပွားရေး လုမှုဆက်ဆံရေး အားလုံးပြေလည်ပေလိမ့်မည်။ တိုက်ပွဲ လုပွဲများ ကင်းရှင်းသေကျေ အနာတရဖြစ်မှုများ လွတ်ကင်းပေလိမ့်မည်။
ယင်း အဆုံးအမတော်ကား---
၁။ သဗ္ဗပါပဿ အကရဏံ။
၂။ ကုသလဿ ဥပသမ္ပဒါ။
၃။ သစိတ္တ ပရိယောဒပနံ။
ဧတံ ဗုဒ္ဓါန သာသနံ။

အဓိပ္ပါယ်အကျဉ်းဆိုသော်
မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား၊ မြတ်ဗုဒ္ဓ၏ ဆုံးမစကား။ ဟူ၍ ဖြစ်၏။

ထိုအရေးပါလှသော ဗုဒ္ဓ၏ အဆုံးအမတော်ကို စိတ်ကောင်း ရှိ၊ သီလ မြဲ၊ ၀ိပဿနာ စွဲ၊ ဟူသော မြတ်မင်္ဂလာ၏ဆောင်ပုဒ်ဖြင့် အမြဲသတိပေး နှိုးဆော်လျက်ရှိပါသည်။

ယခုအချိန်အခါကဲ့သို့ ကမ္ဘာအရပ်ရပ်ရှိ ပဋိပက္ခမှုများကြောင့် သွာလာရေး၊ စားရေး၊ နေထိုင်ရေး၊ အလုပ်လုပ်ရေးများ အဆင်မပြေဖြစ်ကြသော အချိန်တွင် မြတ်ဗုဒ္ဓအား တိုင်တည်အားကိုးရသည်မှာ စိတ်အားတက်ကြွ အေးငြိမ်းလှပေသည်၊ မှီခိုအားထားရာ အစစ်သည် ဗုဒ္ဓရှင်တော်သာ ဖြစ်သည်ကို သတိပြုတော်မူကြပါကုန်။

Thursday, January 29, 2009

ဘာကြောင့် အိုရသနည်း

ရဟန်းတို့၊ စူးစမ်းဆင်ခြင်တတ်သောသူသည် လောက၌ အထူးထူး အပြားပြား များလှစွာသော အိုခြင်းဇရာ၊ သေခြင်းမရဏ-ဟု ဆိုအပ်သော ဆင်းရဲဒုက္ခသည် ဖြစ်နေ၏။
ဤ အိုခြင်း သေခြင်း-ဟူသော ဆင်းရဲသည် အဘယ်တရားလျှင် အကြောင်းရင်းရှိသနည်း၊
အဘယ်တရားက ( ဇရာမရဏကို ) ဖြစ်ပေါ်စေသနည်း၊
အဘယ်တရားကြောင့် ဖြစ်လာသနည်း၊
အဘယ်တရားက စတင်၍ ဇရာမရဏ ဖြစ်လာသနည်း၊
အဘယ်တရားရှိလျှင် ဇရာမရဏ ဖြစ်သနည်း၊
အဘယ်တရားမရှိလျှင် ဇရာမရဏ မဖြစ်သနည်း-ဟု စူးစမ်းဆင်ခြင်၏။

စူးစမ်းဆင်ခြင်သည်ရှိသော် လောက၌ အထူးထူးအပြားပြား များလှစွာသော
အိုခြင်းဇရာ၊ သေခြင်း မရဏ-ဟု ဆိုအပ်သော ဆင်းရဲဒုက္ခသည်
ပဋိသန္ဓေ နေမှုဟူသော ဇာတိလျှင် အကြောင်းရင်းရှိ၏၊
ဇာတိတရားက ဇရာ-မရဏကို ဖြစ်ပေါ်စေ၏၊
ဇာတိကြောင့် ဇရာ-မရဏ ဖြစ်ပေါ်လာ၏၊
ဇာတိတရားက စတင်၍ ဇရာ-မရဏ ဖြစ်လာ၏၊
ဇာတိတရားရှိလျှင် ဇရာ-မရဏ ဖြစ်၏၊
ဇာတိတရားမရှိလျှင် ဇရာ-မရဏ မဖြစ်ဟု သိ၏။

ထိုသူသည် အိုခြင်းဇရာ၊ သေခြင်း မရဏကိုလည်း သိ၏၊
ဇရာ-မရဏ ဖြစ်ပေါ်ခြင်း၏ အကြောင်းကိုလည်း သိ၏၊
ဇရာ-မရဏ၏ ချုပ်ငြိမ်းရာကိုလည်း သိ၏၊
ဇရာ-မရဏ ချုပ်ငြိမ်းရာ ( နိဗ္ဗာန် )သို့ ရောက်ရန် လျောက်ပတ်သော အကျင့်ကိုလည်း သိ၏၊
သိသည့်အတိုင်း ကျင့်၏၊

ရဟန်းတို့ ထိုပုဂ္ဂိုလ်ကို ၀ဋ်ဆင်းရဲကုန်ရန် ကောင်းစွာကျင့်သောသူ-ဟု ဆိုအပ်၏

( နိဒါန၀ဂ္ဂ သံယုတ်ပါဠိတော်၊ ၆-ဒုက္ခ၀ဂ်၊ ၁-ပရိဝီမံသနသုတ် )

ကံ ကံ၏အကျိုး ( ၁၂ )

( ကံကောင်းလို့ )

ကိုကြာညွန့်သည် ပုလဲမြို့နယ် လက်ပံရွာ၌ နေထိုင်သူဖြစ်သည်၊ အသက် ၃၀-ကျော်သာ ရှိသေးသည်၊ အလုပ်အကိုင်မှာ မိရိုးဖလာ တောင်သူလယ်သမား လုပ်ငန်းအပြင် အရောင်းအ၀ယ် ကုန်သည်အလုပ်ကိုပါ လုပ်ကိုင်သည်၊ သူသည် အိပ်ရာဝင်တိုင်း ဘုရားရှိခိုးပြီးမှ အိပ်လေ့ရှိသည်၊ ထို့ပြင် ရေကန်တူးရာတွင် ပါဝင်လှူဒါန်းခြင်း၊ ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ကထိန်သင်္ကန်း ကပ်လှူခြင်း၊ စသော ကုသိုလ်ကောင်းမှု ဒါနများကို မပြတ်ပေးလှူနေသူလည်းဖြစ်၏၊ အခါကြီး ရက်ကြီးများတွင် ခရီးမထွက်၍ အိမ်မှာရှိသည့်အခါမျိုး၌ အမြဲ ဥပုသ်သီလ ဆောက်တည်လေ့ရှိ၏။

၁၃၅၂-ခုနှစ် သီတင်းကျွတ်လဆန်း ၁၀-ရက်နေ့က မုံရွာဘက်တွင် မှိုရောင်း၍ ညောင်ပင်ကြီး ကားဆိပ်မှ ပုလဲသို့ ကားစီး၍ ပြန်ခဲ့သည်၊ အပြန်တွင် ကိုကြာညွှန့် အပါအ၀င် လူ ၄၀-ခန့်ကို တင်ဆောင်လာသော ဒိုင်နာကားလေးသည် အရှိန်နှင့်မောင်းလာသည်၊ ကြေးနီတောင် မိုင်းစခန်းအနီးသို့အရောက်တွင် ကားလမ်းမပေါ်သို့ ဘောလုံးလိမ့်သွား၍ ကလေးတယောက် အပြေးလိုက်ကောက်သည်၊ ထိုအခါ ကလေးကို တိုက်မိမည်စိုး၍ အရှိန်မထိမ်းနိုင်ဘဲ မှောက်သွားလေသည်၊ လူအများအပြား သေသူသေ၊ ကျိုးသူကျိုး၊ ဆေးရုံတက်သူတက် ဖြစ်ကြရလေသည်။

ကိုကြာညွှန့်ကား အနည်းငယ် ပွန်းရုံမှလွဲ၍ ဘာမှမဖြစ်ခဲ့ပါ၊ ရတနာသုံးပါး ဂုဏ်တော်ကို အမြဲ အောက်မေ့၍
ညစဉ် ဘုရားရှိခိုးခြင်း၊ လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း စသော ကုသိုလ်ကောင်းမှုကံတို့က မသေမပျောက် ရွာသို့ပြန်ရောက်စေခဲ့သည်-ဟု ထင်မြင်မိပါသည်၊

ကိုကြာညွှန့်အကြောင်း ကြားသိရသော ရွာမှလူအများက ကံကောင်းလို့ မသေတာပေါ့ကွာ-ဟု တအံ့တသြ ပြောဆိုနေကြပါသည်။

( တသက်လှ-ပခုက္ကူ )
*********************************************************************************

( ရွာလုံးကျွတ် မီးလောင်ခြင်း )

xxxxx တရွာလုံး မီးလောင်လို့ တဲ့
လွန်ခဲ့သော ၁၉၇၈-ခုနှစ် ဧပြီလကဖြစ်သည်၊ မယုံနိုင်လောက်အောင် တရွာလုံး တအိမ်မကျန် မီးလောင်ကျွမ်းခံခဲ့ရသည်။

xxxxx ရွာသည် ချောင်းကမ်းနဖူးတွင် တည်ထားသော အိမ်ခြေ ၅၀-ကျော်ခန့် ရှိသည့် ရွာတရွာဖြစ်သည်၊ အိမ်ကြီးအိမ်ကောင်းများလည်း ရှိ၍ သေးသေးငယ်ငယ် အိမ်များလည်း ရှိသည်၊ ပူပြင်းသော နွေရာသီတွင် လောင်သောမီးသည် အဆိုပါအိမ်များကို တအိမ်မကျန် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်၊ သို့သော် ရွာဦး ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားများမှာ အံ့သြရလောက်အောင် မီးဘေးမှ ကွင်းကျန်ခဲ့လေသည်။

မီးစတင်လောင်ကျွမ်းပုံမှာ ရွာနှင့်နီးကပ်စွာ ဆက်စပ်လျက် တည်ရှိသော ကိုင်းတောမီးမှ ကူးစက် လောင်ခဲ့ခြင်းဖြစ်သည်-ဟု ဆိုပါသည်၊ ရွာသူရွာသားများက စုပေါင်း၍ ငြိမ်းသတ်ခဲ့ကြသော်လည်း မီးလောင်ရာတွင် လေပင့်နေပြန်သဖြင့် ငြိမ်းမနိုင် သတ်မရ ဖြစ်ကြရသည်။

တဖန် မီးလောင်နေသောအိမ်၏ ပတ်ဝန်းကျင်ရှိ အိမ်များကို အမိုးများဖျက်၍ လူအများ စောင့်ကြိုနေကြသော်လည်း မီးသည် အိမ်စဉ်လိုက် မကူးစက်ဘဲ ရွာအနောက်ပိုင်းအိမ်မှ ရွာလယ်အိမ်၊ ၄င်းမှ ရွာတောင်ပိုင်းအိမ်၊ ၄င်းမှ အရှေ့ပိုင်းရှိအိမ် စသည်ဖြင့် ကျော်လွှား၍ လောင်ခဲ့သောကြောင့် လူများ မငြိမ်းသတ်နိုင်ဘဲ ရှိခဲ့သည်-ဟု ဆိုပါသည်၊ ဤရွာသားများက မလုပ်ကောင်းသော အမှုကို ပြုကြ၍ မကောင်းကျိုးကို ခံစားခဲ့ရခြင်း ဖြစ်ပါသည်။

၁၉၇၈-ခုနှစ် စက်တင်ဘာလတွင် ဖြစ်သည်၊ မည်သည့်ရွာက ပူဇော်လိုက်သည်-ဟု မသိရသော ရှင်ဥပဂုတ္တ ဖောင်တော်ကြီးသည် ချောင်းစဉ်အတိုင်း ကြွမြန်းတော်မူလာပြီး ထိုရွာသို့ ဆိုက်ရောက်ခဲ့လေသည်၊ ထိုရွာသားများသည် ဖောင်တော်ကို လာရောက် ဖူးမြော်ကြသည်၊ ညနေစောင်းသောအခါ ရွာသားတဦးက စတင်ပြီး ဖောင်ပေါ်တွင် ပူဇော်ထားသော ဆင်းတုတော်တဆူကို မိမိအိမ်တွင် ပူဇော်ရန်-ဟုဆိုကာ ယူဆောင်သွားခဲ့ပေသည်၊ ဤသို့ဖြင့် ဆင်းတုတော်များ ကုန်လျှင် နောက်လူများက အလှူငွေများ, ခဲဘွယ်ဘောဇဉ်များနှင့် ဖောင်ဖွဲ့ထားသော မျောတိုင်များပါမကျန် ရွာလုံးကျွတ် ဖျက်ဆီးယူကြပါသည်၊
ဤရွာသားများသည် မလုပ်ကောင်းသည်ကို လုပ်ကြ၍ ရွာလုံးကျွတ် မီးသင့်သည်-ဟု ယူဆမိပါသည်။

( သောင်းဝင်း-စစ်ကွင်း )
*********************************************************************************

( လူအ,တိုင် )

ကျွန်မနေထိုင်သော ရွာကလေးသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ နေထိုင်ကြသော ရွာကလေး တရွာ ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း အတော်ကြာ ဒုတိယကမ္ဘာစစ်မဖြစ်မီ ကာလက ကျွန်မ၏အဘိုး အဘွားများ လက်ထက်တွင် မွေးရာပါ စကားမပြောတတ်သော ကိုလူအ ဆိုသည့် လူတယောက်ရှိခဲ့သည်၊ ကိုလူအ အသက် ၃၀-အရွယ်တွင် ကျွန်မတို့ရွာ၌ ခံ့ညားထည်ဝါသော ဘုန်းတော်ကြီးကျောင်း အသစ် ဆောက်လုပ်သည်၊ ရွာသူရွာသားများက ငွေကြေးများ တတ်နိုင်သမျှ
ထည့်ဝင် လှူဒါန်းကြသည်။ ကိုလူအ-လည်း ကျောင်းတိုင်တတိုင်ဖိုး ထည့်ဝင် လှူဒါန်းပါသည်။

ဤသို့ဖြင့် ကျောင်းတိုင်ထူပွဲ နေ့တွင် ဘုန်းတော်ကြီးကျောင်းဝင်းထဲ၌ လူအများ စည်ကားစွာ စုဝေးရောက်ရှိနေကြပါသည်၊ ထို့နောက် ကျောင်းတိုင်များကို စတင် စိုက်ထူကြပါသည်၊ ကိုလူအ လှူဒါန်းသည့်တိုင် စိုက်ထူသောအလှည့်တွင် အခြားတိုင်များ စိုက်ထူသကဲ့သို့ တိုင်ကိုတည့်မတ်အောင် စိုက်ထူရာ၌ တ,ဟေး ဟေး-ဖြင့် ညာသံပေး၍ စိုက်ထူကြသည်။ ကိုလူအ-လည်း အခြားသူများနည်းတူ ၀မ်းမြောက်ဝမ်းသာစွာဖြင့် ဟေး ဟေး ဟေး-ဟု အော်ဟစ်လိုက်ရာ အသံများထွက်ပေါ်လာပြီး စကားလည်း ပြောတတ်လာပါသည်၊ ထို့ကြောင့် ထိုကျောင်းတိုင်ကြီးကို လူအ-တိုင် ဟု ခေါ်စမှတ်ပြုကြပါသည်။

ဒုတိယကမ္ဘာစစ်အတွင်း လေယာဉ်ဖြင့် ဗုန်းချခံရမှုကြောင့် ယင်းဘုန်းတော်ကြီးကျောင်းသည် မီးလောင်ပျက်စီးသွားခဲ့သည်၊ သို့သော်လည်း လူအ-တိုင်ကြီးမှာ ကျန်ရစ်နေခဲ့ပါသည်၊ ယခုအခါ ထိုလူအ-တိုင်မှာ ငုတ်တို နေရာသာ ကျန်ရှိပါတော့သည်။

နှစ်တွေအလီလီ ကြာညောင်းခဲ့သော်လည်း လူအ-တိုင် ရာဇ၀င်ကား ကျွန်မတို့ရွာကလေးတွင် ယခုတိုင် မကွယ်ပျောက်ဘဲ ကျန်ရှိနေပါသည်။

မွေးရာပါ စကားမပြောတတ်သော ကိုလူအ-သည် ဘုန်းတော်ကြီးကျောင်းတိုင် လှူရသော ကုသိုလ်ကြောင့် အသက် ၃၀-အရွယ်တွင် စကားပြောတတ်လာခဲ့ခြင်းသည် အံ့သြဖွယ်ကောင်းလှပေစွ၊ ကောင်းမှုကုသိုလ်ကံ၏ အကျိုးကို လက်ငင်း ခံစားရခြင်း ဖြစ်သည်-ဟု အများက ယုံကြည်နေပါတော့သည်။

( သပြေခက်-မြန်မာစာ )

( မြတ်မင်္ဂလာ-၁၉၉၁ ဧပြီလ )

မင်္ဂလာဗျူဟာ သာမဏေကျော်

ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးတွင် ရဟန်းသံဃာများသည် အရေးကြီးသော ကဏ္ဍမှ ပါဝင်သည်၊ ရဟန်းသံဃာများတွင်လည်း သာမဏေများသည် အခြေခံဖြစ်သည်၊ ခေတ်အဆက်ဆက် နေလိုလလို ထင်ရှားသော ဆရာတော်ကြီးများသည် များသောအားဖြင့် သာမဏေဘ၀ကပင် ထူးချွန်သော အရှင်မြတ်များ ဖြစ်ကြသည်။

ဂေါမတမြတ်စွာဘုရားသခင်သည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီး ၁-နှစ်မြောက်အချိန်မှာပင် ဖွားတော်မူရာဖြစ်သော ကပိလ၀တ် နေပြည်တော်သို့ ကြွချီတော်မူခဲ့သည်၊ ထိုအချိန်မှာပင် သားတော်ရာဟုလာအား လောကုတ္တရာအမွေပေးမည်-ဟု မိန့်တော်မူကာ သာမဏေ ပြုပေးတော်မူခဲ့သည်။ ထိုအချိန်၌ ရာဟုလာသည် ၇-နှစ်အရွယ်မျှသာ ရှိသေးသည်။
ပထမဦးဆုံးသော သာမဏေသည် ရာဟုလာ သာမဏေပင် ဖြစ်သည်၊ ရာဟုလာ သာမဏေသည် သီလ သမာဓိ ပညာ
တည်းဟူသော သိက္ခာသုံးပါးကို ကြိုးစားကျင့်ကြံအားထုတ်ရာ သက်တော် ၁၈-နှစ်အရွယ်မှာပင် ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့သည်။

ရှင်ရာဟုလာသည် သိက္ခာကို ထိန်းသိမ်းရာတွင် အလွန်ခိုင်မြဲသည်၊ အလွန် ထူးချွန်သည်၊ ထို့ကြောင့် မြတ်စွာဘုရားသည် အရိယာ သာဝကတို့အလယ်၌ ရှင်ရာဟုလာ-ကို သိက္ခာကာမ-ဧတဒဂ်ဘွဲ့ ပေးတော်မူခဲ့သည်။

ရှင်ရာဟုလာ နည်းတူပင် ထူးချွန်သော သာမဏေများ ရှိသေးသည်၊
အရှင်သာရိပုတ္တရာ၏ တပည့်တဦးဖြစ်သူ ရှင်တိဿ-သည် ၇-နှစ်အရွယ်မှာပင် မထေရ်မြတ်ထံ၌ သာမဏေပြုခဲ့သည်၊
ထို့နောက် တောကျောင်းတွင် ၀ါဆို၍ တရားအားထုတ်သည်၊ ၀ါမကျွတ်မီမှာပင် ရဟန္တာဖြစ်တော်မူသည်။

အရှင်သာရိပုတ္တရာ၏ အခြားတပည့်တဦးဖြစ်သူ ရှင်ပဏ္ဍိတ-ကား သာမဏေပြုပြီး ၈-ရက်မြောက်တွင် ရဟန္တာဖြစ်တော်မူသည်၊
၇-နှစ်သားအရွယ်သာ ရှိသေးသည်။

မြန်မာတို့က သီရိဓမ္မာသောကမင်း-ဟုခေါ်သော အသောကမင်းကြီး၏ တူတော် နိဂြောဓ သာမဏေသည်လည်း ၇-နှစ်သားအရွယ်တွင် သာမဏေပြုသည်၊ ယင်းသို့ သာမဏေပြုရန် ဆရာမထေရ်က ဆံပယ်ပေးသည်၊
ဆံပယ်နေစဉ် တစပဉ္စက ကမ္မဋ္ဌာန်း-ကို စီးဖြန်းစေသည်၊
ထိုကမ္မဋ္ဌာန်းကား ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ-ဟူသော ဤငါးပါးအပေါင်းကို ရှုမှတ်ဆင်ခြင် ပွားများခြင်းဖြစ်သည်၊ နိဂြောဓ သာမဏေလည်း ထိုကမ္မဋ္ဌာန်းကို စီးဖြန်းရာ ဆံပယ်ပြီးသော အဆုံး၌ပင် ရဟန္တာအဖြစ်သို့ ရောက်သွားလေသည်၊
နိဂြောဓ သာမဏေသည် အသောကမင်းနှင့်တကွ ပရိသတ်တို့အား တရားဟော၍ သရဏဂုံ ၃-ပါးနှင့် ၅-ပါးသီလကို
တည်စေခဲ့သူဖြစ်သည်။

ဤသို့လျှင် သာသနာတော်၌ ထူးချွန်သော သာမဏေကျော်များ အများအပြား ရှိခဲ့သည်၊ ယခုခေတ်တွင်လည်း ခေတ်ကာလ
အားလျော်စွာ သာမဏကျော်များ ပေါ်ထွန်းရေးကို ရည်ရွယ်လျက် သာမဏေကျော်စာတော်ပြန်ပွဲများကို ကျင်းပလျက်ရှိကြသည်။

မန္တလေးမြို့ ပရိယတ္တိ သာသနဟိတအသင်းကြီးသည် သာမဏေကျော် စာတော်ပြန်ပွဲကို ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း ၅၀-ကျော် ရှိခဲ့ပြီ။
ထို့နောက် ပဲခူးမြို့ ပရိယတ္တိ သဒ္ဓမ္မရက္ခိတ အသင်းကြီးကလည်း သာမဏေကျော် စာတော်ပြန်ပွဲကို ကျင်ပလာခဲ့သည်။
၅-နှစ်ကျော် ရှိခဲ့ပြီ။
ထို့နောက် ရန်ကုန် မင်္ဂလာဗျူဟာ အသင်းကြီးက သာမဏေကျော် စာတော်ပြန်ပွဲကို ၁၃၅၀-ပြည့်နှစ်မှ စတင်ကျင်းပခဲ့သည်၊
၃-နှစ်ကျော် ရှိခဲ့ပြီ။
ထို့နောက် မော်လမြိုင်ကျွန်းမြို့ ပရိယတ္တိ သာသနာလင်္ကာရ အသင်းကြီးက ယမန်နှစ် (၁၃၅၃) မှစ၍ သာမဏေကျော် စာတော်ပြန်ပွဲကို ကျင်းပလာခဲ့သည်။

မင်္ဂလာဗျူဟာအသင်းသည် ရှေ့ဆောင်အသင်းကြီးများနည်းတူပင် သာမဏေကျော် စာတော်ပြန်ပွဲကို ၁-နှစ် ၁-ကြိမ် ကျင်းပသည်၊
ပထမဆင့်, ဒုတိယဆင့်, တတိယဆင့် ဟူ၍ အဆင့် ၃-ဆင့်ခွဲထားသည်၊
အဆင့်ဆင့်ဖြေဆို၍ တတိယဆင့်ကို အောင်မြင်သောအခါတွင်မှ သာမဏေကျော်ဘွဲ့ ဆက်ကပ်သည်၊
ဖြေဆိုရာ၌ အဆင့်လိုက် ပြဋ္ဌာန်းထားသော ကျမ်းစာများကို နှုတ်ဖြေ၊ ရေးဖြေ နှစ်ရပ်စလုံး ဖြေဆိုရသည်။
( မင်းယုဝေ )

( မြတ်မင်္ဂလာ-၁၉၉၁-ဧပြီလ )

ဘာသာရေးပြဿနာ ( ၁၂ )

( ဘဒ္ဒန္တ တိလောကသာရ-ဖြေသည် )

( အဇာတသတ်နှင့် ပစ္စေကဗုဒ္ဓါဆု )
( မေး ) ဇိနတ္ထပကာသနီကျမ်းတွင် အဇာတသတ်မင်းသည် လွန်မင်းသော ပိတုဃာတကကံကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ မရောက်၊ လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းခံ၍ လွတ်ပြီးလျှင် မေတ္တေယျဘုရားရှင် အကြား၌ ၀ိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လတံ့သတည်း၊ ဟု တွေ့ရပါသည်၊
တပည့်တော်ဖတ်ဖူးသည်မှာ ပစ္စေကဗုဒ္ဓါတို့သည် နှစ်သင်္ချေနှင့်ကမ္ဘာတသိန်း ပါရမီဖြည့်ရသည်-ဟု တွေ့ရပါသည်၊
ယင်းအဇာတသတ်သည် ပါရမီဖြည့်ပြီးပါပြီလား၊ ဖြည့်ပြီးသော် ပါရမီရှိ နိယျတဗျာဒိတ် ရသူသည် ပစ္စေကဗုဒ္ဓါ မဖြစ်ဘဲ
ပကတိ သာဝကဖြင့် နိဗ္ဗာန်သွားနိုင်ပါသလားဘုရား၊ ထိုပြဿနာကို ရှင်းလင်းပေးတော်မူပါရန်။
( အောင်ထိုက်-၆၁-သမိုင်းဘူတာရုံလမ်း မရမ်းကုန်း )

( ဖြေ )
အဇာတသတ်သည် မေတ္တေယျဘုရား မပွင့်မီ ဤကမ္ဘာ၌ပင် ၀ိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ရမည့်သူဖြစ်သည်၊
နှစ်သင်္ချေနှင့် ကမ္ဘာတသိန်းထက်က ဗျာဒိတ်ရပြီးသူ၊ ပါရမီဖြည့်ပြီးသူ တဦးလည်း ဖြစ်သည်-ဟု ဆိုရပါမည်။
ပစ္စေကဗုဒ္ဓါဖြစ်ရန် ဗျာဒိတ်ရထားသူအဖို့ ပစ္စေကဗုဒ္ဓါမဖြစ်ဘဲ ပကတိသာဝကအဖြစ်ဖြင့် နိဗ္ဗာန်ဝင်မည် မဟုတ်ပါ။
လွန်မင်းသော ပိတုဃာတကကံကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ မရောက်-ဟူသော စကားမှာ ပိတုဃာတက-ကံက
မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို တားမြစ်ကြောင်း ထင်ရှားစေလို၍လည်း ဖြစ်သည်၊
အဇာတသတ်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်လောက်သော ပညာဉာဏ်ရှိခြင်းတို့ကို ပေါ်လွင်စေလိုခြင်းတို့ကြောင့်လည်း ဖြစ်သည်-ဟု ယူနိုင်ပါသည်၊

ဂေါတမဗုဒ္ဓ ဘုရားအလောင်းတော်သည် သုမေဓာဘ၀တွင် မဂ်ဖိုလ်ကို လိုလျှင် ရနိုင်သော ဉာဏ်ရှိသည့် ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်
ဖြစ်ကြောင်း စကား၊ ဘုရားအလောင်းဘ၀ ကိုးဘ၀တွင် ဘုရားရှင်များနှင့်တွေ့၍ ရဟန်းပြုကာ တရားအားထုတ်ခဲ့ရာ၌ မဂ်အနီးရောက် အနုလောမဉာဏ်အထိ အားထုတ်၍ ရှေ့သို့မတက်ရောက်ခဲ့-ဟူသော စကားများကိုထောက်ထားနိုင်ပါသည်၊

အဇာတသတ်သည် အကယ်၍ ပိတုဃာတကကံ မထိုက်လျှင်လည်း ပစ္စေကဗုဒ္ဓါအလောင်းဖြစ်၍ မဂ်ဖိုလ်ကိုရယူရန် အားထုတ်မည်မဟုတ်ကြောင်း မှတ်သားသင့်ပါသည်။
********************************************************************************

( အိပ်စက်ခြင်း )
( မေး )၁။ လူသားတို့သည် ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်စက်ခြင်းကို ပြုကြသည်၊ ထိုသို့ အိပ်စက်ကြရာတွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားသောအခါ အသိစိတ်ကလေး မရှိတော့ပါ၊ ထိုအသိစိတ်ကလေး အဘယ်သို့ ရောက်သွားပါသလဲဘုရား။

၂။ လူများကဲ့သို့ နတ်များမှာလည်း ပင်ပန်းနွမ်းနယ်မှု ရှိပါသလား၊ နတ်တို့အိပ်စက်မှု မရှိဆိုသော် ညအခါ အဘယ်သို့ အချိန်ကုန်လွန်စေပါသလဲဘုရား။
( ကေသီ-တောင်ဥက္ကလာပမြို့ )

( ဖြေ )
လူတို့တွင် ပဋိသန္ဓေစိတ် ဘ၀င်စိတ် စုတိစိတ်-ဟူ၍ စိတ်သုံးမျိုးရှိသည်။
ပဋိသန္ဓေအခါမှ စုတိ ( သေဆုံးကွယ်လွန် ) သည်အထိ ဘ၀င်စိတ်ဟူသော ဘ၀၏အစိတ်အပိုင်း စိတ်အမျိုးအမည် တမျိုးမှာ စိတ်သာဖြစ်သည်၊ မည်သည့်အာရုံကိုမျှ မယူ မသိသော စိတ်မျိုး ဖြစ်သည်၊
အကြောင်းအားလျော်စွာ မြင်စိတ် ကြားစိတ် စသည့် အာရုံငါးပါးဆိုင်ရာ ၀ိညာဉ် ( အသိစိတ် ) များ ပေါ်ပေါက်လာမှသာ ဘ၀င်စိတ်များ ပြတ်၍ ၄င်းအသိစိတ်များ ဖြစ်ပေါ်ရပါသည်၊
အသိစိတ် တခုနှင့်တခု အကြားမှာပင် ဘ၀င်စိတ်များက ၀င်၍ ဖြစ်ပါသေးသည်၊ တနေ့တာလုံး မြင် ကြား နံ လျက် ထိသိစိတ်များ တမျိုးပြီးတမျိုး ဖြစ်သည်၊

လုပ်ငန်းကိစ္စတို့ကြောင့် ပင်ပန်းနွမ်းနယ်သွားသောအခါ ထိနမိဒ္ဓခေါ် စိတ်စေတသိက်တို့ ထိုင်းမှိုင်း နွမ်းနယ်ခြင်းဖြစ်ပြီး မြင်ကြားစသော အသိစိတ်များ ပြတ်သွားသည်၊ ထိုအခါ ဘ၀င်စိတ်ခေါ် မသိစိတ်များသို့ သက်ရောက် ဖြစ်ပေါ်သွားပါသည်။
ယင်းသည်ပင် အိပ်စက်ခြင်းသဘော ဖြစ်ပါသည်၊ အပန်းပြေ၍ ထိနမိဒ္ဓတို့ ပျောက်ကွယ်ပြီး မြင် ကြား အသိစိတ်များ ပေါ်လာပြန်သော် ဘ၀င်ခေါ် မသိစိတ်များ ပြတ်၍ အိပ်ရာမှ နိုးလာရပါသည်၊
( ဤသည်တို့ကို ထောက်၍ နားမလည်နိုင်သည်ကို ဘ၀င်မကျပါဘူး-ဟု ဆိုသော ဤခေတ်စကားလုံး မှန်မမှန် စဉ်းစားစေလိုပါသည် )။

နတ်တို့သည် လူတို့ကဲ့သို့ပင် ဘ၀င်စိတ် ရှိသော်လည်း လုံ့လ၀ီရိယထုတ်၍ စားသောက်နေထိုင်ရသော ဘ၀မျိုးမဟုတ်ပါ၊ ပင်ပန်းနွမ်းနယ်ခြင်း ထိနမိဒ္ဓများပြားခြင်း မရှိနိုင်ပါ၊ လူတို့ကဲ့သို့ အိပ်စက်ရမှု ဘ၀င်သို့ သက်ရောက်ရမှု မရှိနိုင်ပါ၊ ခေတ္တခဏ အနားယူရုံမျှဖြင့် ကိစ္စပြီးနိုင်ပါသည်၊
နေ လ တို့မှာလည်း ၄င်းတို့ အောက်၌သာ ရှိ၍ နေ့-ည-ဟူ၍လည်း နတ်ပြည်တွင် မရှိပါ၊
၎င်းတို့၏ သက်တမ်း သတ်မှတ်မှုမှာလည်း လူတို့ကဲ့သို့ နေ့ ည လ-နှစ်မျိုးဖြင့် သတ်မှတ်ဖွယ်ရာ မရှိ၊
ကုသိုလ်ကံအားလျော်စွာ သတ်မှတ်စရာရှိသည်-ဟု ယူဆနိုင်ပါသည်။
*********************************************************************************

( စံပယ်လေးရုံ ကဗျာနှင့် သင်္ကန်းပုံစံ )

( မေး ) ၁။ စံပယ်တဲ့ လေးရုံ၊ အပွင့်ငယ်စုံ၊ တငုံကျန်ပါသေးတယ်၊ ပန်ချင်သူ ပျို့မောင်ထွေးရယ်၊ ခေါင်းဖြီးခဲ့လေး။
ကဗျာကို ဆွေးနွေးကြရာ ဘုရားငါးဆူပွင့်မှာ တဆူကျန်သေးကြောင်း ဆိုသည့် အဓိပ္ပါယ်ဖြစ်ပါသည်။
အဘယ်ကြောင့် စံပယ်ငါးရုံ-ဟု မဆိုဘဲ လေးရုံဆိုရကြောင်း ဆွေးနွေးကြပါသည်၊ ထိုအချက်ကို ရှင်းလင်းပေးစေလိုပါသည်
ဘုရား။

၂။ သံဃာတော်များ ၀တ်ရုံသည့် သင်္ကန်းမှာ ( ၁ ) အနားလေးဘက် ( ၂ ) မျဉ်းနှစ်ပါးသွား လေးချောင်း
( ၃ ) အခန်း ၅-ခန်းတွင် အကြီးတကန့်၊ အသေးတကန့် ပါရှိပါသည်၊
၎င်းသုံးချက်၏ရည်ရွယ်ချက်ကို ရှင်းလင်းဖြေကြားတော်မူပါဘုရား။
( ဦးဘညွှန့်-အမှတ် ၉၈၊ မြင်းကကုန်း၊ ဘိုကလေးမြို့နယ် )

( ဖြေ )
၁။ စံပယ်လေးရုံ ကဗျာ အပြည့်အစုံမှာ-
စံပယ်တဲ့ လေးရုံ၊ မလေးခင် မပန်ထိုက်၊ ပန်းပြတ်ခိုက်ကြုံ၊
အပွင့်ငယ်စုံ၊ တရုံကျန်ပါသေး၊ ပန်ချင်သူ ခင်ခင်လေးရယ်၊ ခေါင်းဖြီးခဲ့လေး။ ဟူ၍ဖြစ်သည်။

ဤကဗျာ၏ ဒုတိယပိုဒ်ကို၎င်း၊ အပွင့်ငယ်စုံ၊ တရုံကျန်ပါသေး-ဟူသည်ကို၎င်း၊ စဉ်းစားလျှင် လိုရင်းအဓိပ္ပါယ် ပြည့်စုံပါသည်။

၂။ ရဟန်းတော်တို့၏ သင်္ကန်းမှာ မဂဓပုဏ္ဏားတို့၏ လယ်ကွင်းကို ပြ၍ မြတ်စွာဘုရားက အရှင်အာနန္ဒာအား ချုပ်ခိုင်းကြောင်း
မဂဓလယ်ကွင်း၏ ရေသွင်းမြောင်း တလုပ် ( တာလုပ် ) မြောင်းများအတိုင်း ပုံစံယူ၍ ချုပ်လုပ်ကြောင်း ၀ိနည်းပါဠိတော်တို့တွင် ပါပါသည်၊
အနားလေးဘက် ပိတ်စသီးခြားဖြင့် ထပ် ချုပ်ရသော ထပ်နားပတ် ပါရသည်၊
အတွင်း၌ ငါးစပ်ဖြတ်၍ ချုပ်ရာတွင် တစပ်နှင့်တစပ် ချုပ်ရာ၌ မျဉ်းနှစ်ကြောင်း ပါရသည်၊
မဂဓလယ်ကွင်း၌ ရေသွင်းတလုပ် မြောင်းခံ၍ အတွင်းအခန်းတို့တွင် မြောင်းတို ကန့်လန့် အတိုမြောင်း ထားသကဲ့သို့
အခန်းကြီး တခန်း၊ အခန်းငယ် တခန်းစီ ထား၍ ချုပ်ရပါသည်၊ တလုပ်မြောင်းကို ကုသိ၊ အခန်းကြီးကို မဟာမဏ္ဍလ၊ အခန်းငယ်ကို အဍ္ဎမဏ္ဍလ စသည် အမည်မှည့်ခေါ်ပါသည်။

ဤကဲ့သို့ ငါးစပ် ငါးဖြတ် ဓားလှီး ဓားဖြတ်နှင့် ထပ်နားပတ်စုံမှ သင်္ကန်းဖြစ်ပါသည်။
သင်္ကန်းဖြစ်မှသာ အဓိဋ္ဌာန်တင်ခြင်း၊ ကပ္ပဗိန္ဒု ထိုးခြင်း၊ ကထိန်သင်္ကန်း ပြုလုပ်ခြင်း၊ ၀ိနည်းတိစီဝရိတ်၊
ဓုတင် တိစီဝရိတ်ဆောင်၍ ၀တ်ရုံခြင်း စသည်တို့ ပြုနိုင်သည်။

လှူဒါန်းသော ဒါယကာများကလည်း သင်္ကန်းအကြောင်း နားလည်ထားရန် လိုအပ်ပါသည်။

( မြတ်မင်္ဂလာ-၁၉၉၁-ဧပြီလ )

Wednesday, January 28, 2009

မြတ်ဗုဒ္ဓနှင့် သာဝတ္ထိ / ကောသလမင်းကြီး

သာဝတ္ထိ၏ အဓိပ္ပါယ်မှာ ( အသုံးအဆောင် ပစ္စည်းအားလုံး ရှိသောမြို့ )ဟု ဆိုလိုသည်။
သဗ္ဗ+အတ္ထိ=အားလုံး+ရှိသည်၊
သက္ကတအသံထွက်ဖြင့် ဆရ် ဗဆတိ-ဟု ခေါ်၍ ယခုအခေါ် ဆာဟေတ် မဟေတ် ( ဆာဟေ့ မဟေ့ ) ဟု ဖြစ်သည်၊
မြို့တော်ဟောင်းသည် မဟေ့၊ ဇေတ၀န်ကို ဆာဟေ့-ဟုလည်း ခွဲခြား ခေါ်သေးသည်။

သာဝတ္ထိကို အစိရ၀တီမြစ်ကမ်း၌ တည်ထားသည်၊ သရဘူမြစ်နှင့် အစိရ၀တီမြစ် ၂-စင်း အကြားဖြစ်၍ မြေသြဇာကောင်းသော ဒေသဖြစ်သည်၊ စိန်းလန်းစိုပြည်၍ သစ်ပင်အတော်စုံစုံ ပေါက်ရောက်သည်၊ ရာသီဥတုမှာ အေးမြသည်၊ သို့ဖြစ်၍ ဗုဒ္ဓခေတ်က ထိုဒေသ တ၀ိုက်တွင် အစားအစာ ပြည့်စုံလျက် လူဦးရေ ပေါများပြီး အလွန်စည်ကားသည် ဆိုသည်မှာ ဖြစ်နိုင်ပေသည်။

သာဝတ္ထိသည် ကောသလတိုင်း၏ မြို့တော်ကြီးဖြစ်သည်၊ ယခုအခါ မြောက်ဘက်၌ ဗဟရာဣစဒိစတြိတ်၊
တောင်ဘက်၌ သုလတန်ပုရ်၊
အနောက်ဘက်၌ ဗာရာဗံကီနှင့် ဖေဇာမဂရ၊ ဇောနပုရ် နယ်များသည် ကောသလတိုင်း ဖြစ်သည်ဟု ဆိုကြသည်၊
ပြည်သူများ တဦးနှင့်တဦး နှုတ်ဆက်ရာတွင် ကစ္စိကုသလံ-ကျန်းမာရဲ့လား-ဟုဆို၍ ကုသလ-ဟူသော စကားကို များစွာအသုံးပြုရာမှ ကောသလ-ဖြစ်လာသည်ဟုလည်း ဆိုသည်။

ထိုစဉ်က သာဝတ္ထိနယ်တ၀ိုက်တွင် လူဦးရေ ကုဋေချီရှိရာ သန်းပေါင်းများစွာက အရိယာပုဂ္ဂိုလ်များ ဖြစ်ကြသည်၊
ဤမျှလောက် ဗုဒ္ဓဘာသာအင်အား ကောင်းသော မြို့ကြီးဖြစ်သည်၊ ဘုရင်နှင့်တကွ ပြည်သူများက သာသနာတော်အား
လွန်စွာ ထောက်ပံ့ကြသဖြင့် ဗုဒ္ဓမြတ်စွာသည် ၀ါတော် ၂၁-၀ါမြောက်မှ စ၍ ၄၄-၀ါအထိ သာဝတ္ထိ၌သာ အမြဲ ၀ါဆိုတော်မူခဲ့သည်။

ဗုဒ္ဓခေတ်တွင် ကောသလတိုင်းကို အုပ်ချုပ်သောဘုရင်မှာ ပသေနဒီ ကောသလ ဖြစ်သည်၊ မင်းကြီးသည် ဗုဒ္ဓမြတ်စွာနှင့် သက်တူရွယ်တူ ဖြစ်၍ ဗုဒ္ဓနှင့် ရင်းနှီးရုံသာမက ဗုဒ္ဓအပေါ် အမှန်ပင် လေးစားကြည်ညိုပေသည်။

ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်၌ ဒုတိယ၀ါဆိုတော်မူပြီးနောက် သက်တော် ၃၇-နှစ်လောက်တွင် အနာထပိဏ် သူဌေးကြီး၏ ပင့်လျှောက်ချက်အရ သာဝတ္ထိသို့ ကြွတော်မူသည်၊ ထိုစဉ်ကပင် မဟာရာဇာလည်း ဗုဒ္ဓထံလာရောက်၍ ၀မ်းမြောက်ဖွယ်
စကားများ ပြောလျက် တရားနာယူပြီး ဥပါသကာအဖြစ် ခံယူခဲ့သည်။

ဘဒ္ဒ၀ဂ္ဂီ ညီနောင် သုံးကျိပ်-ဟု အသိများသော မင်းသား ၃၀-သည် ကောသလမင်းကြီးနှင့် ဖတူမိကွဲ ညီအကိုများ ဖြစ်ကြသည်၊ သာသနာတော် တည်ထောင်ခါစကပင် တရားထူးရကြသည်၊ နောင်အခါ ထိုအရှင်များကို အကြောင်းပြု၍ ကထိန် ခွင့်ပြုတော်မူခဲ့သည်၊ ကောသလတိုင်း အနောက်ပိုင်း ပါဝေယျ-နယ်၌ အနေများ၍ ထိုအရှင်တို့ကို ပါဝေယျက-ဟု ပါဠိတော်များ၌ သုံးစွဲသည်။

ဤပါဝေယျသည် ပါဝါမြို့ မဟုတ်သေး၊ ပါဝါကား မလ္လတိုင်းတွင် ပါဝင်၍ ကုသိနာရုံ၏အနီးမှာ ရှိသည်၊ ဗုဒ္ဓမြတ်စွာအား မိမိပိုင် သရက်ဥယျာဉ်၌ ကျောင်းဆောက်လှူ၍ နောက်ဆုံး ၀က်ပျိုသားဆွမ်းကို ကပ်လှူခဲ့သော ရွှေပန်းတိမ်သည်၏သား သောတာပန် စုန္ဒအမျိုးသား၏ မြို့ဖြစ်သည်။

ကျမ်းစာများ၌ ကောသလမင်းကြီးနှင့်အတူ တွေ့ရသော အဂ္ဂမဟေသီ မိဖုရာ မလ္လိကာဒေ၀ီမှာ မင်းကြီးအောက်
အသက်အတော်ငယ်ဟန် တူပေသည်၊ ကောသလမင်း၏ နှမ ဝေဒေဟီနှင့် မဂဓတိုင်းရှင် ဗိမ္ဗိသာရမင်းတို့ လက်ထပ်သောအခါ ဖခင် မဟာကောသလမင်းကြီးက အကောက်ခွန် တသိန်းရသော ကာသိရွာကြီးကို ပန်းဖိုးနံ့သာ ( သနပ်ခါး ) ဖိုး အနေဖြင့် သမီးတော် ဝေဒေဟီအား လက်ဖွဲ့ခဲ့သည်။

အဇာတသတ်သည် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို လုပ်ကြံ၍ ထီးနန်းယူလေရာ မယ်တော်ဝေဒေဟီလည်း ထိုသောကဖြင့်ပင် မကြာမီ ကွယ်လွန်လေသည်၊ ပသေနဒီကောသလ-က အဇာတသတ်သည် မိဘတို့ကို သတ်သည်၊ ငါ့ခမည်းတော်က ငါ့နှမအား ပေးခဲ့သော ရွာသည် ငါ့နှမ မရှိလျှင် ငါဆိုင်သည်-ဟု အရေးဆို၍ ကာသိရွာကို သိမ်းယူရန် ကြိုးစားသည်။

အဇာတသတ်ကလည်း ငါ့မယ်တော် ပိုင်သောရွာကို ဦးရီးတော်က ဘာဆိုင်၍ ၀င်ရှုတ်ရသနည်း-ဟု ပြော၍ လက်မလွှတ်ဘဲ နေရာ တူဝရီးချင်း စစ်ဖြစ်ကြလေသည်၊ ပထမအချီတွင် ကောသလမင်းကြီး ရှုံး၍ မြို့သိုဆုတ်ခွါလာရင်း ပန်းခြံအတွင်းတွင် ၀င်ရောက်အနားယူလျက် မိမိစစ်တပ်ကို စောင့်နေသည်။

ပန်းရောင်းသူ၏သမီး မလ္လိကာသည် ပန်းခူးနေစဉ် မင်းကြီးကိုမြင်၍ ၀တ်ကြီးဝတ်ငယ်ပြုစုသည်၊ မလ္လိကာ၏ ရုပ်အဆင်းနှင့်
အမူအရာကို မင်းကြီးချစ်မြတ်နိုးသဖြင့် နန်းတော်သို့ ဆောင်ယူစေ၍ အဂ္ဂမဟေသီအရာ၌ ထားသည်၊ ဤသည်မှာ နံနက်ခင်းက ဘုရားရှင်အား ကြည်ကြည်နူးနူး ဖူးမြင်၍ မုန့်သုံးခုလှူခဲ့သော ကောင်းမှု၏ ဒိဋ္ဌဓမ္မ ( လက်တွေ့ ) အကျိုးဖြစ်သည်-ဟု ဆိုသည်။

တချိန်တွင် ဘုရင်နှင့်ပြည်သူတို့ အပြိုင်အဆိုင် ဒါနပြုကြစဉ် ဘုရင်က မနိုင်ဖြစ်နေရာ မလ္လိကာ၏အကြံပေးချက်အရ ပြည်သူများမသုံးနိုင်သည့် မင်းခမ်းမင်းနား ဖြစ်သော ဆင်များ, ထီးဖြူများ, နန်းတွင်းသူများ, အခြံအရံဖြင့် သန်းပေါင်း ၁၄၀-တန် အလှူကြီးကို ပေးလှူသည်၊ ထိုအလှူသည် အသဒိသ ( အတူမရှိသော ) ဒါန-ဟု သာသနာတော်၌ ထင်ရှားနေသည်။

ထို့ပြင် မင်းကြီးသည် ဘိက္ခုနီမများ အတွက် ရာဇိကာရာမ ( ရာဇိကာရုံ ) ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်၊ ဤကျောင်းတိုက်သည် သာဝတ္ထိနှင့် ဇေတ၀န်အကြား၌ တည်ရှိသည်၊ ယခုအခါ ရှာဖွေတူးဖော်ခြင်း မပြုရသေးချေ။

ဇေတ၀န်ကျောင်းတိုက်အတွင်း၌လည်း ထင်းရှူးသားများဖြင့် ဆောက်လုပ်အပ်သော သလဠာဂါရ-ခေါ် တသိန်းတန်ကျောင်းဆောင်ကို ဘုရားရှင်သီတင်းသုံးတော်မူရန် လှူဒါန်းခဲ့သည်။

နန်းတော်သူများ တရားဓမ္မ နားလည်စေရန်အတွက် စွမ်းရည်သတ္တိရှိသော ရဟန်းတပါးကို နန်းတော်သို့ပင့်၍ နေ့စဉ် သင်ပြစေသည်၊ ဤမျှလောက် ကြိုးစားပါသော်လည်း ပါရမီဓာတ်ခံနည်းပါေးသာကြောင့် မဟာရာဇာကြီး တရားထူးရသည်-ဟု အဆိုမရှိချေ။ အနာဂတ၀င်၌မူ ရင့်မာတကျိပ် အပါအ၀င် ဘုရားလောင်း ဖြစ်သည်-ဟု ဆိုပေသည်။

( အရှင်ပဏ္ဍိတာဘိဝံသ )
နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် ရန်ကုန်။

ဘုရားရှင်အား မီးကျီးတွင်းကျရန် စီစဉ်ထားပုံ

သာဝတ္ထိပြည်တွင် မြတ်ဗုဒ္ဓ၏တပည့် သီရိဂုတ္တ သူဌေးနှင့် နိဂဏ တက္ကတွန်းတို့၏ တပည့် ဂရဟဒိန္နတို့ ရှိကြ၏၊
မိတ်ဆွေ ဂရဟဒိန္န-က အတန်တန် တိုက်တွန်းမှုကြောင့် သီရိဂုတ္တသူဌေးသည် ကြည်ညိုစိတ် မရှိဘဲနှင့် တက္ကတွန်းတို့အား အိမ်သို့ ဖိတ်မန်ခဲ့၏၊ အိမ်သို့ရောက်ကြသောအခါ တက္ကတွန်းတို့အား တစုံတခု မလှူဒါန်းဘဲ မစင်တွင် ကျရောက်အောင် စီမံထားသဖြင့် တက္ကတွန်းများ အရှက်တကွဲ ပြန်ပြေးကြရသည်၊

ထိုအမှုကို လက်စားချေရန် တက္ကတွန်းတို့၏တပည့် ဂရဟဒိန္နက မြတ်ဗုဒ္ဓနှင့် တပည့်ရဟန်းတို့အား သူ့အိမ်သို့ ဆွမ်းဖိတ်ကြား၏၊ အိမ်တွင် တွင်းတူး၍ မီးကျီးခဲများ ပြုလုပ်ထားပြီး အပေါ်တွင် ဟန်ဆောင်အခင်းများ ခင်းထားလေသည်၊ ထိုင်လိုက်သောအခါ ကြမ်းခင်းများကျိုးပြီး မီးကျီးခဲတွင်း ကြစေရန် စီစဉ်ထားခြင်းဖြစ်၏၊
ဘုရားရှင်နှင့် သံဃာတော်များ ရောက်လာ၍ အခင်းပေါ်တွင်ထိုင်ရန် ညွှန်ပြရာ မီးကျီးခဲများအတွင်းမှ ဖြူစင်လန်းဆန်းသော ပဒုမ္မာကြာပန်းများ ပေါ်ထွက်လာပြီး ချမ်းမြေ့စွာ ထိုင်တော်မူကြရသည်၊ ဂရဟဒိန္နသည် ကြောက်ရွံ့ထိတ်လန့်လျက် ၀န်ချတောင်းပန်ကာ မြတ်ဗုဒ္ဓ၏ သာဝကတပည့် ဖြစ်လာလေသည်၊ ဘုရားက အောက်ပါဂါထာကို ဟောတော်မူ၏။

( ဂါထာ )
ယထာ သင်္ကာရဓာနသ္မိံ ၊ ဥဇ္ဈိတသ္မိံ မဟာပထေ ။
ပဒုမံ တတ္ထ ဇာယေထ ၊ သုစိဂန္ဓံ မနောရမံ ။
ဧ၀ံ သင်္ကာရ ဘူတေသု ၊ အန္ဓ ဘူတေ ပုထုဇ္ဇနေ ။
အတိ ရောစတိ ပညာယ ၊ သမ္မာ သမ္ဗုဒ္ဓ သာဝကော ။

( မြန်မာပြန် )
ခရီးလမ်းတွင် စွန့်ပစ်ထားသော အမှိုက်ပုံ၌ အနံ့မွှေးကြိုင်၍ နှစ်သက်ဖွယ်ရှိသော ကြာပန်းသည်
တင့်တယ်စွာ ပေါ်ရာသကဲ့သို့
ထို့အတူ အမှိုက်ပုံသဖွယ် ဖြစ်ပေသော လူတို့အလယ်၌နေသည့် ဘုရားတပည့် ဖြစ်သောသူသည် ပညာမျက်စိမရှိသဖြင့်
အကန်းသဖွယ် ဖြစ်ကုန်သော လူသာမန်တို့ကို သီလ သမာဓိ ပညာဖြင့် လွှမ်းမိုး၏။

( ဆောင်ပုဒ် )
မြို့ရွာလမ်းလယ်၊ ပစ်ပယ်စုပုံ၊ အမှိုက်ပုံဝယ်၊ သင်းထုံကြိုင်လှောက်၊ ကြာပန်းပေါက်သို့၊
ထိုက်လျောက်ပညာ၊ မရှိရာသည့်၊ ဗာလာအန္ဓ၊ လူ့ဌာန၀ယ်၊ ဗုဒ္ဓတပည့် ပညာရှိသည်၊
သီလ သမာ- ဓိ ပညာဖြင့်၊ သြဇာလွှမ်းမိုး၊ ဂုဏ်ကြီးစိုး၏။

( ပုပ္ဇ၀ဂ်၊ ဂရဟဒိန္န၀တ္ထု )

အဘိဓဇ / အဂ္ဂမဟာပဏ္ဍိတ သမိုင်း

( အဂ္ဂမဟာပဏ္ဍိတသမိုင်း )

အဂ္ဂမဟာပဏ္ဍိတဘွဲ့နှင့် စပ်၍ သမိုင်းကြောင်းကို လေ့လာကြည့်သောအခါ မြန်မာသက္ကရာဇ် ၁၂၇၇-ခုနှစ်
( ခရစ်နှစ် ၁၉၁၅-ခု ) မှစ၍ ဆက်ကပ်လာကြောင်းသိရှိရပါသည်၊

အ၈္ဂမဟာပဏ္ဍိတ-ဆိုသောအမည်မှာ ပါဠိအခေါ်ဖြစ်၍
မြန်မာလို-ကြီးကြယ်မြင့်မြတ်သော ပညာရှိ-ဟု အဓိပ္ပါယ်ရပါသည်။

ထိုစဉ်က အဂ္ဂမဟာပဏ္ဍိတဘွဲ့ ချီးမြှင့်ထိုက်သော ဂုဏ်အဂ်ါ အရည်အချင်းများကို တောင်ခွင် သာသနာပိုင် ဆရာတော်၏ အမိန့်ပြန်တမ်းတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

၁။ ပရိယတ္တိ ၀ိသာရဒ တိပိဋကဓရ ပဋိပတ္တိမာမက-ဟူသော ဂုဏ်ထူးဝိသေသရှိ၍ ၀ိနိစ္ဆယ ကျွမ်းကျင်ခြင်း။
၂။ အာစရိယလဒ္ဓေါပဒေသ-စသော ကျေးဇူးဂုဏ်ရှိသဖြင့် တပည့်သားတို့အား အဆက်မပြတ် စာပေပို့ချခြင်း။
၃။ ဆန်း, အဘိဓာန်, အလင်္ကာ, ဗျာကရုဏ် တတ်ကျွမ်း၍ ကျန်းဂန်ပြုစု ရေးသားနိုင်ခြင်း။
၎။ သဂ္ဂမောက္ခ ပရာယန အကျိုးငှါ တရားဓမ္မ ဟောပြောဆုံးမနိုင်ခြင်း။
၅။ ၀ိနယ ဂရုက သီလ၀န္တ ဖြစ်ခြင်း။

ဗြိတိသျှအစိုးရ လက်ထက် ၁၂၇၇-ခုနှစ်မှစ၍ နှစ်စဉ်ဆက်ကပ်လာသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်မှုသည် ဒုတိယကမ္ဘာစစ်မီးကြောင့် ၁၃၀၂-ခုနှစ်တွင် နောက်ဆုံးထား၍ ရပ်ဆိုင်းသွားခဲ့ရသည်။


( ဘွဲ့တံဆိပ်တော် စီစဉ်သတ်မှတ်ရေး ကော်မတီ )
လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံအစိုးရ အဆက်ဆက်တို့က ၁၃၁၂-ခုနှစ်မှ စ၍ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် တော်ကို ပြန်လည်ဆက်ကပ်လှူဒါန်းခဲ့ပါသည်၊ ဒုတိယကမ္ဘာစစ်မီးကြောင့် ကြားကာလတွင် ၁၀-နှစ်တိတိ ပြတ်လပ်နေခဲ့သည်၊ မြန်မာသက္ကရာဇ် ၁၃၁၅-ခု၊ ခရစ်နှစ် ၁၉၅၃-ခုတွင်---

၁။ ဟင်္သာတမြို့ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီး
၂။ မန္တလေးမြို့ အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော်ကြီး
၃။ မန္တလေးမြို့ မဟာဝိသုဒ္ဓါရာမတိုက် မြောင်းမြဆရာတော်
၎။ ရန်ကုန်မြို့ အဂ္ဂမဟာပဏ္ဍိတ လေသာဆရာတော်-တို့ ပါဝင်သော ဘွဲ့တံဆိပ်တော် စီစဉ်သတ်မှတ်ရေး ကော်မတီက
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် လှူဒါန်းထိုက်သော အင်္ဂါ ၅-ရပ်ကို သတ်မှတ်ထားပါသည်၊ ယင်းအင်္ဂါ ၅-ရပ်မှာ
အောက်ပါတို့ ဖြစ်ပါသည်။

၁။ ပါဠိတော် အဋ္ဌကထာ ဋီကာ စသည်တို့၌ ကျွမ်းကျင်ခြင်း
၂။ ပါဠိတော် အဋ္ဌကထာ ဋီကာ စသည်တို့ကို အမြဲမပြတ် ပို့ချခြင်း
၃။ အနည်းဆုံး သိက္ခာဝါ ၂၀-ရှိရခြင်း
၎။ ပါဠိတော် အဋ္ဌကထာ ဋီကာ စသည်တို့၌ ပျွမ်းကျင်လိမ္မာသည်ဟု ကျော်ကြားခြင်း
၅။ သီလ၀န္တ ဖြစ်ခြင်း

၁၉၅၃-ခုနှစ်က သတ်မှတ်ထားသော ဤစည်းမျဉ်းပါ အင်္ဂါ ၅-ချက်တို့ကို ယခုအချိန်အထိ ဤမူအတိုင်း ဆက်လက်
ကျင့်သုံးဆဲ ရှိနေပါသည်။

( ထောက်ပံ့ချီးမြှောက်မှု )
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် အတွက် ဗြိတိသျှ အစိုးရ လက်ထက်က ၁-နှစ်လျှင် ဆွမ်းဆန်တော် အလှူငွေ
ဒင်္ဂါး ၁၀၀-ကျပ်နှင့် ညီမျှသော ထောက်ပံ့မှုကို ဆက်ကပ်ပါသည်၊
လွတ်လပ်ရေးရပြီး မြန်မာအစိုးရလက်ထက်တွင် ၅၀၀-ကျပ် တိုးမြှင့် လှူဒါန်းပါသည်။
နိုင်ငံတော် ကောင်းစီလက်ထက်တွင် ၇၅၀-ပျက် တိုးမြှင့်လှူဒါန်းကြောင်း သိရပါသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး လက်ထက်တွင် ဆွမ်းဆန်တော် အလှူငွေ ၅၀၀၀-ကျပ် တိုးမြှင့်
လှူဒါန်းကြောင်း ၀မ်းမြောက်ဖွယ်ရာ သိရပြန်ပါသည်။

ယခင်က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ပျံလွန်တော်မူလျှင် ဈာပနထောက်ပံ့ငွေ ၂၀၀၀-ကျပ် လှူဒါန်းခဲ့ရာ န-၀-တ လက်ထက်တွင် အလှူငွေ ၃၀၀၀-ကျပ် အထိ တိုးမြှင့် လှူဒါန်းခဲ့ပါသည်။

အထက်ပါ လှူဒါန်းငွေများအပြင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ရရှိသော ဆရာတော်အား ကုန်းနှင့်ရေ ပထမတန်းမှ အခမဲ့ ခရီးသွာလာခွင့် လက်မှတ်ကိုလည်း ဆက်ကပ်ထားပါသည်၊ နောက်ပါ တပည့်တယောက်ကိုလည်း ကပ္ပိယ ကာရက အဖြစ် ခေါ်ဆောင်ခွင့် ပြုပါသည်။

( အဂ္ဂမဟာပဏ္ဍိတဘွဲ့ စစ်တမ်း )
၁၂၇၇-ခုနှစ်မှစ၍ ဆက်ကပ်လာသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ကပ်လှူခြင်း သမိုင်းကြောင်းသည် ယခုဆိုလျှင် နှစ်ပေါင်း ၇၅-နှစ် ရှိပါပြီ၊ ယင်း ၇၅-နှစ်တွင် ဒုတိယကမ္ဘာစစ်ကြောင့် ၁၀-နှစ် လစ်လပ်ပြီး တော်လှန်ရေးကောင်စီလက်ထက် ၁၇-နှစ် ရပ်နားခဲ့သောကြာင့် အမှန်တကယ် ဘွဲ့တံဆိပ်တော် ဆက်ကပ်ခဲ့သောနှစ်ပေါင်းမှာ ၄၈-နှစ်သာ ရှိပါသည်၊
ယင်း ၄၈-နှစ်တွင်

( က )ဗြိတိသျှ အစိုးရလက်ထက် ၂၅-နှစ် ၉၂-ပါး
( ခ ) နိုင်ငံရေး အစိုးရလက်ထက် အတွင်း ၇၉-ပါး
( ဂ ) နိုင်ငံရေးနှင့် တော်လှန်ရေးအစိုးရ ပေါင်းစပ်သောကာလ ၁-နှစ်အတွင်း ၂၈-ပါး
( ဃ ) နိုင်ငံတော် ကောင်စီလက်ထက် ၆၈-ပါး
( င ) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ၃-နှစ်အတွင်း ၁၀၉-ပါး
စုစုပေါင်း ၃၇၆-ပါး တိတိ ရှိသွားပါပြီ။

ယင်း ၃၇၆-ပါးတွင် မြန်မာပြည်တွင်းမှ ၃၅၀-ပါး၊ ပြည်ပနိုင်ငံမှ ၂၆-ပါး ရှိကြောင်း သိရပါသည်၊
ပြည်ပနိုင်ငံမှ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ ၂၆-ပါးတွင်
ထိုင်းနိုင်ငံမှ ၁၃-ပါး
သီဟိုဠ်နိုင်ငံမှ ၈-ပါး
ကမ္ဘောဒီးယား နိုင်ငံမှ ၁-ပါး
လောနိုင်ငံမှ ၁-ပါး
နီပေါနိုင်ငံမှ ၁-ပါး
ဂျပန်နိုင်ငံမှ ၁-ပါး
အင်္ဂလန်နိုင်ငံမှ ၁-ပါး တို့ဖြစ်ပါသည်။

( အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့သမိုင်း )
မြန်မာနိုင်ငံ သာသနာရေးဆိုင်ရာ ဘွဲ့များတွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်မှာ အမြင့်ဆုံးသော ဘွဲ့ ဖြစ်ပါသည်။
မြန်မာနိုင်ငံ လွတ်လတ်ရေး ရပြီးနောက် ဆဋ္ဌသင်္ဂါယနာ အကြိုခေတ်၊ မြန်မာသက္ကရာဇ် ၁၃၁၅-ခုနှစ်မှစ၍ အဘိဓဇမဟာရဋ္ဌဂုရု
ဘွဲ့တံဆိပ်တော်ကို မြန်မာနိုင်ငံအစိုးရ အဆက်ဆက်တို့က ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘွဲ့တံဆိပ်တော် စီစဉ်သတ်မှတ်ရေးကော်မတီက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းနိုင်သော အင်္ဂါ ၄-ရပ်ကို
အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။
၁။ အဂ္ဂဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရပြီးဖြစ်ခြင်း။
၂။ အနည်းဆုံး သိက္ခာဝါ ၄၀ ( သက်တော် ၆၀ ) ရှိရခြင်း။
၃။ ဗဟုသုတ အကြားအမြင်များခြင်း။
၎။ လူရှင်ရဟန်းတို့အား ကျေးဇူးများသော ဗုဒ္ဓဘာသာ စာပေကျမ်းဂန်ကို ရေးသားဖူးခြင်း။

( ချီးမြှင့်ထောက်ပံ့မှု )
အဘိဓဇမဟာရဋ္ဌဂုရု ဟူသော ဘွဲ့၏အဓိပ္ပါယ်ကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသည်-
အဘိ-ထူးကဲသော၊
ဓဇ-အလံတံခွန်သဖွယ်၊
မဟာ-ကြီးကျယ်မြင့်မြတ် ထင်ရှား၍၊
ရဋ္ဌ-နိုင်ငံတ၀ှမ်းလုံးက၊
ဂုရု-အလေးအမြတ်ပြုအပ်သော ဆရာတော်။

အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသော ဆရာတော်များကို နိုင်ငံတော်အစိုးရက ကုန်း-ရေ-လေ အခမဲ့ ခရီးသွားလာခွင့်လက်မှတ် ဆက်ကပ်လှူဒါန်းသည့်အပြင် နောက်ပါ တပည့် ၂-ယောက်ကိုလည်း ခေါ်ဆောင်ခွင့် ပြုထားပါသည်၊
နှစ်စဉ် ဆွမ်းဆန်တော်အလှူငွေ ၁၅၀၀-ကျပ် ကပ်လှူခဲ့ရာမှ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ၆၀၀၀-ကျပ်အထိ တိုးမြှင့်ဆက်ကပ်ကြောင်း သိရပါသည်။

ယခင်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် ပျံလွန်တော်မူသည့်အခါ ဈာပနစရိတ် ၃၀၀၀-ကျပ် ထောက်ပံ့ခဲ့ပါသည်။
ယခု နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ဈာပနထောက်ပံ့ငွေ ၅၀၀၀-ကျပ်အထိ တိုးမြှင့် ထောက်ပံ့ကြောင်း သိရပါသည်။

( အဘိဓဇ စစ်တမ်း )
၁၃၁၅-ခုနှစ်မှ ၁၃၅၂-ခုအထိ ၃၇-နှစ်အတွင်း အဘီဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ပြည်တွင်းပြည်ပ ဆရာတော်ကြီး ၃၅-ပါးတို့အား ဆက်ကပ်လှူဒါန်းပြီး ဖြစ်ပါသည်၊ ပြည်တွင်းမှ အပါး ၃၀၊ ပြည်ပမှ ၅-ပါး ဆက်ကပ်ခဲ့ပါသည်။

ပြည်ပနိုင်ငံမှ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသော ဆရာတော်ကြီး ငါးပါးမှာ-
၁။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ၀ပ်ဘော်ဝင် နိဝိသ်ကျောင်းတိုက်မှ ဆွမ်ဒက် ဖရ၀ဇီရဉာဏ၀ံသ ( ၁၃၁၈-ခု ဘွဲ့ကပ် )
၂။ သီရိလင်္ကာနိုင်ငံ ကန္နီမြို့ မာလာဝတု ကျောင်းတိုက်မှ အရှင်အသရဏ သရဏ သီရိသရဏင်္ကရ ( ၁၃၁၈-ခု ဘွဲ့ကပ် )
၃။ လောနိုင်ငံ လူယင် ပအုဆင်ဝပ် သုဝဏ္ဏဘူမိကျောင်းတိုက်မှ အရှင်ဓမ္မဉာဏ ( ၁၃၁၈-ခု ဘွဲ့ကပ် )
၎။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ ၀ပ်ဥဏ္ဏာလောမာရာမတိုက်မှ အရှင်မဟာသုမေဓာဓိပတိ ( ၁၃၁၈-ခု ဘွဲ့ကပ် )
၅။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဖရသာသနသောဘန ၀ပ်ဘိုဝိုရ်နိဝေစ် ကျောင်းတိုက်မှ ထိုင်းနိုင်ငံ သံဃရာဇာ ဆုမ်ဒေ့ဂ်ျ ဖရဉာဏ်
သံဝရ ( ၁၃၅၂-ခု ဘွဲ့ကပ် )

အထက်ဖော်ပြပါ ဆရာတော်ကြီး ငါးပါးအနက် ယခုနှစ် ဘွဲ့တံဆိပ်ဆက်ကပ်ခံရသော ဖရဉာဏ သံဝရ ဆရာတော် ၁-ပါးသာ သက်တော်ထင်ရှားရှိပါတော့သည်၊ ကျန်လေးပါးမှာ ပျံလွန်တော်မူကြပါပြီ။
( အရှင်ပညာသာမိ )

( မြတ်မင်္ဂလာ ၁၉၉၁-ဧပြီလ )

မိတ်ဆွေစစ်ကို ရှာပါ

အခါတပါးတွင် ညီတော် အာနန္ဒာ-က မြတ်စွာဘုရားအား လျှောက်ထား၏၊
အရှင်ဘုရား၊ မိတ်ဆွေကောင်းနှင့် ပေါင်းဖော်မိသော သူသည် အကျိုးကျေးဇူး တ၀က်လောက် အောင်မြင် ပြီးစီးပြီး ဖြစ်နေပါသည်၊
ထိုအခါ မြတ်စွာဘုရားက ချစ်သား အာနန္ဒာ ဤသို့မဆိုလင့်၊ အဆွေခင်ပွန်းကောင်းနှင့် ပေါင်းဖော်မိသောသူသည် လောက သံသရာ နှစ်ဖြာအကျိုးစီးပွား ပြီးစီးလေသည်-ဟု မိန့်ကြားလျက် လောကီ လောကုတ္တရာ အကျိုးကျေးဇူးများပုံကို အကျယ်တ၀င့် ဟောကြားတော်မူလေသည်။

တနေရာတွင် မိတ်ဆွေတု မိတ်ဆွေစစ်ကို ခွဲခြားပြတော်မူရာ၌ မိတ်ဆွေကောင်း လေးမျိုးရှိပုံကို ဤသို့ညွှန်ကြားပြတော်မူခဲ့ပါသည်။
၁။ ဥပကာရ-မိတ်ဆွေကောင်း။
ကြုံလာသော ကိစ္စအားလျှော်စွာ ကျေးဇူးပြုဖော် ရသူဖြစ်၏၊
ဤမိတ်ဆွေစစ်သည် မိမိမိတ်ဆွေ၏ အ၀တ်အထည် ရွှေငွေပစ္စည်းများကို မပျောက်ပျက်စေရန်၊
သူတပါးမယူနိုင်ရန် စောင့်ရှောက်ပေးတတ်၏၊
မိမိ မိတ်ဆွေ၌ ဘေးအန္တရာယ် ပေါ်လာလျှင် ကာကွယ်ပေးတတ်၏၊
မိမိ မိတ်ဆွေတွင် ငွေကုန်ကြေးကျ များမည့်ကိစ္စ ကြုံလာလျှင် မိမိ၏ အင်အားအလျှောက် ငွေအား လူအား ကူညီစောင်မတတ်၏။

၂။ သမာန သုခ ဒုက္ခ မိတ်ဆွေကောင်း။
ချမ်းသာလျှင်လည်း အတူ၊ ဆင်းရဲလျှင်လည်း မခွဲမခွါဘဲ ကောင်းတူဆိုးဖက် အပေါင်းအဖော် ဖြစ်၏၊
တိုင်းရေးပြည်ရေး အိမ်တွင်းရေး အရေးကြီး လျှို့ဝှက်ကိစ္စများကို တိုင်ပင်နိုင်သူဖြစ်၏၊
လျှို့ဝှက်ရမည့် အတွင်းရေးများကို မပေါက်ကြားအောင် ကာကွယ် စောင့်ရှောက်တတ်၏၊
ဘေးရန်ပေါ်လာလျှင် စွန့်ခွါမသွားဘဲ အားပေးကူညီ ဆောင်ရွက်တတ်၏။

၃။ အတ္ထက္ခာယီ မိတ်ဆွေကောင်း။
အကျိုးစီးပွားဖြစ်ရေးကို ပြောဆိုလမ်းပြတတ်၏၊
အကုသိုလ်မှု ပြုမည်ဆိုလျှင် လောက သံသရာ နှစ်ဖြာအပြစ်ကိုပြ၍ တားမြစ်တတ်၏၊
အကျိုးရှိမည့် ဒါနမှု သီလမှု စသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ရန် အားပေး တိုက်တွန်းတတ်၏။

၎။ အနုကမ္ပက မိတ်ဆွေကောင်း။
သနားစောင့်ရှောက် ချီးမြှောက်တတ်သူ ဖြစ်၏၊
မိမိမိတ်ဆွေ၏ ဥစ္စာစည်းစိမ် ဂုဏ်သိမ်ရာထူး ယုတ်လျော့ပျက်စီးသည်ကို မြင်ရလျှင် စိတ်မကောင်းဖြစ်၍ အားပေးတတ်၏၊
မိတ်ဆွေ၏ အခြေအနေ၊ အမျိုးအဆွေ ရာထူးစည်းစိမ်တက်သည်ကို မြင်ရလျှင် ကြားရလျှင် ၀မ်းမြောက်တတ်၏၊
မိမိ၏မိတ်ဆွေကို အခြားသူများက အပြစ်ပြောလျှင် ကန့်ကွက်တားမြစ်တတ်၏၊
ကောင်းသတင်းဂုဏ်ကိုပြောလျှင် ဖြည့်စွက် ထောက်ခံပြောဆိုတတ်၏။

အကောင်းအဆိုး နှစ်မျိုးရောနေသော ဤလောကတွင် မိတ်ဆွေစစ် မိတ်ဆွေကောင်းများလည်း ရှိပါသေးသည်၊ ရှာဖွေစိစစ် ပေါင်းသင်း၍ လောကသံသရာ နှစ်ဖြာအကျိုး တိုးတက်နိုင်ကြပါစေ။

Tuesday, January 27, 2009

ဘယ်လိုပြောပြော မေတ္တာမပျက်နှင့်

ရဟန်းတို့ သင်တို့ကို အခြားသူများက ပြောနိုင်သော စကားပြောပုံ ပြောနည်း ငါးမျိုး ရှိ၏။
၁။ အခါဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပြောမည်။
၂။ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ၊ မဟုတ်မမှန်သောအားဖြင့် ဖြစ်စေ ပြောမည်။
၃။ သိမ်သိမ်မွေ့မွေ့ ဖြစ်စေ၊ ကြမ်းကြမ်းထမ်းထမ်း ဖြစ်စေ ပြောမည်။
၎။ အကျိုးသင့် အကြောင်းသင့် ဖြစ်စေ၊ အကျိုးသင့် အကြောင်းသင့် မဟုတ်ဘဲဖြစ်စေ ပြောမည်။
၅။ မေတ္တာစိတ်ဖြင့် ဖြစ်စေ၊ ဒေါသစိတ်ဖြင့် ဖြစ်စေ ပြောမည်၊
ဤသို့ သင်တို့ကို အခြားသူများက ပြောနိုင်သော စကားပြောပုံ ပြောနည်း ငါးမျိုးရှိ၏။

ရဟန်းတို့ သင်တို့ကို ပြောဆိုသောသူတို့သည် အခါဟုတ်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အခါမဟုတ်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
ဟုတ်မှန်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
မဟုတ်မမှန်ဘဲသော်လည်း ပြောဆိုကုန်ရာ၏၊
သိမ်မွေ့စွာဖြင့်သော်လည်း ပြောဆိုကုန်ရာ၏။
ကြမ်းထမ်းစွာဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အကျိုးသင့် အကြောင်းသင့် အားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အကျိုးသင့် အကြောင်းသင့် မဟုတ်ဘဲသော်လည်း ပြောဆိုကုန်ရာ၏၊
မေတ္တာစိတ်ဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
ဒေါသစိတ်ဖြင့်သော်လည်း ပြောဆိုကုန်ရာ၏။

ရဟန်းတို့ ထိုသို့ စကားပြောပုံ ပြောနည်း ငါးမျိုးဖြင့် ပြောဆိုရာ၌လည်း သင်တို့သည် ဤသို့ ကျင့်သုံးရမည်၊
သူ့ပြောဆိုချက်ကြောင့် ငါတို့သည် စိတ်တမျိုးတမည် မဖြစ်ကုန်အံ့၊
ယုတ်ညံ့သော စကားကိုလည်း မမြွက်ဆိုကုန်အံ့၊
သူ့အကျိုးစီးပွားကို ငဲ့ညှာလျက် မေတ္တာစိတ်ထားကာစိတ်မဆိုးဘဲ နေကြကုန်အံ့၊
ထိုပုဂ္ဂိုလ်အပေါ်၌လည်း မေတ္တာစိတ် ပို့လွှတ်၍ နေကုန်အံ့၊
ထိုပုဂ္ဂိုလ်ကို မူ-ထား၍ တလောကလုံးရှိ သတ္တ၀ါအားလုံးကို မေတ္တာစိတ်၏ အာရုံအဖြစ်ထားလျက်
အပိုင်းအခြားမရှိ ကျယ်ပြန့်သော ရန်ပြုလိုမှု၊ ဒုက္ခဖြစ်စေလိုမှု ကင်းသော မေတ္တာစိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့-ဟူ၍
ကျင့်သုံးရမည်။

( မူလပဏ္ဏာသ ၃-သြပမ္မ၀ဂ်၊ ၁-ကကစူပမသုတ် )

သုံးဆယ့်တဘုံတို့၏ သက်တမ်း

စကြာဝဠာ-ဟုခေါ်သော ကမ္ဘာလောကတခု၌ သတ္တ၀ါတို့၏ တည်ရာဌာန ( ၃၁-ဘုံ ) ရှိသည်၊ ထိုတွင် အပါယ် လေးဘုံနှင့် လူ့ဘုံတို့၌ အမြဲတည်သော သက်တမ်းမရှိ၊ ကံအားလျှော်စွာသာလျှင် တည်ကြရသည်။
ထို့အတူ နတ်ပြည်ခြောက်ထပ်တွင် အောက်ဆုံးဖြစ်သည့် စတုမဟာရာဇ် နတ်မျိုးတွင် ပါဝင်သော ၀ိနိပါတိက အသုရာ-ခေါ် အဆင့်နိမ့်နတ်များမှာလည်း တည်မြဲသော သက်တမ်းမရှိ၊
အချို့ အလွန်ရှည်ပြီး အချို့မှာမူ ခုနစ်ရက်မျှသာ တည်သည်ဟူ၍ ပါဠိ အဋ္ဌကထာတို့၌ ဆိုပါသည်။
သို့ရာတွင် အဘိဓမ္မာ အနုဋီကာ၊ ဇိနာလင်္ကာရ ဋီကာ နောက်ပေါ်ကျမ်းတို့၌မူ ငရဲဘုံ ရှစ်ထပ်တို့၏ သက်တမ်းများ တွက်ပြထားသည်ကို တွေ့ရပါသည်။

လူ့ပြည်၌ ကမ္ဘာဦးလူသားတို့သည် နှစ်ပေါင်း အသင်္ချေမျှ အသက်ရှည်ခဲ့ကြပြီး အကုသိုလ်ဒုစရိုက်မှုများ ထူပြောမှုကြောင့် သက်တမ်းများ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရာ ယခုခေတ်သည် သက်တမ်းတရာခေတ်ဖြစ်သည်ဟု ဆိုပါသည်၊
သို့ရာတွင် ထိုနှစ်တရာတမ်းမှာ ဇမ္ဗူဒိပ်ကျွန်းသားတို့ အတွက်သာဖြစ်ပြီး ဥတ္တရကုရုခေါ် မြောက်ကျွန်း၌ နှစ်ပေါင်း ငါးရာ
ယခုတိုင် သက်တမ်းရှိနေသည်-ဟု အချို့ကျမ်းတို့၌ ဆိုထားသည်ကို တွေ့ရပါသည်။

လူတို့၏ နှစ်ပေါင်း ငါးဆယ်သည် စတုမဟာရာဇ်နတ်တို့၏ တရက်၊
နှစ်ပေါင်း တရာသည် တာဝတိံသာနတ်တို့၏ တရက်၊
နှစ်ပေါင်း နှစ်ရာသည် ယာမာနတ်တို့၏ တရက်၊
နှစ်ပေါင်း လေးရာသည် တုသိတာနတ်တို့၏ တရက်၊
နှစ်ပေါင်း ရှစ်ရာသည် နိမ္မာနရတီနတ်တို့၏ တရက်၊
နှစ်ပေါင်း တထောင့်ခြောက်ရာသည် ပရိနိမ္မိတ ၀သ၀တ္တီနတ်တို့၏ တရက်၊
အသီးသီးဖြစ်သည်။

နတ်တို့ အရေအတွက်အားဖြင့်မူ စတုမဟာရာဇ် နှစ်ပေါင်း ငါးရာ။
တာဝတိံသာ တထောင်၊
ယာမာ နှစ်ထောင်၊
တုသိတာ လေးထောင်၊
နိမ္မာနရတီ ရှစ်ထောင်၊
ပရနိမ္မိတ ၀သ၀တ္တီ တသောင်းခြောက်ထောင် အသီးသီးဖြစ်သည်။

ထို့ကြောင့် စတာမဟာရာဇ်နတ်သက် ငါးရာကို လူတို့နှစ်ဖြင့် တွက်လျှင် နှစ်ပေါင်း ( ၉-သန်း ) ရှိ၏။
တာသတိံသာ စသော အထက်နတ်တို့၏ သက်တမ်းများကို လူတို့နှစ်ဖြင့် တွက်လျှင်လည်း အဆင့်ဆင့်
လေးဆလေးဆ တက်၍ သွားပါသည်။

ဗြဟ္မာတို့၏ သက်တမ်းများမှာမူ အလွန်ရှည်သောကြောင့် နှစ်ဖြင့် မတွက်နိုင်၊ ကမ္ဘာဖြင့်သာ တွက်ရသည်။
ရူပဗြဟ္မာ ၁၆-ဘုံတို့တွင် ပထမဈာန် ဗြဟ္မာ သုံးဘုံတို့သည် တကမ္ဘာ၏ သုံးပုံတပုံ၊
တကမ္ဘာ၏ ထက်ဝက်နှင့် တကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

ဒုတိယဈာန် သုံးဘုံတို့သည် ၂-ကမ္ဘာ၊ ၄-ကမ္ဘာ၊ ၈-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

တတိယဈာန် သုံးဘုံတို့သည် ၁၆-ကမ္ဘာ၊ ၃၂-ကမ္ဘာ၊ ၆၄-ကမ္ဘာ၊ အသီးသီး သက်တမ်းရှိကြသည်။

စတုတ္ထဈာန် ၇-ဘုံတို့တွင် ဝေဟပ္ဇိုလ်နှင့် အသညသတ်ဘုံတို့၌ ကမ္ဘာ-၅၀၀၊
သုဒ္ဓါဝါသ ၅-ဘုံတို့၌ ကမ္ဘာ-၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀၊ အသီးသီး သက်တမ်းရှိကြသည်။

အရူပလေးဘုံတို့၌ ကမ္ဘာ-၂၀၀၀၀၊ ၄၀၀၀၀၊ ၆၀၀၀၀၊ ၈၀၀၀၀ အသီးသီး ရှိကြသည်။

အထက်ပါ နတ်ဗြဟ္မာတို့၏ သက်တမ်းများကို အဘိဓမ္မာပိဋက ၀ိဘင်းပါဠိတော်၊ ဓမ္မဟဒယ ၀ိဘင်း၊ အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်
ဝိတ္တတူပေါသထသုတ်တို့၌ ဟောကြားထားပါသည်။

( ဓမ္မာစရိယ-ဦးမောင်မောင်လေး )

လောကကို အလှဆင်သူ

၁။ သားသမီးဆိုတာ ရတနာ ၇-ပါးမှာ တပါးအပါအ၀င် ဖြစ်တယ်။
၂။ သားကောင်းရတနာ သမီးကောင်းရတနာ လေးတွေ မွေးလာတာဟာ လောကကို အလှဆင်သလိုပဲ။
၃။ တမျိုးတနွယ်လုံး တနိုင်ငံလုံး တသာသနာလုံးကို အကျိုးပြုနိုင်တယ်။

( အရှင်ဇနကာဘိဝံသ-မဟာဂန္ဓာရုံဆရာတော် )

ကွဲမြဲ ပျက်မြဲ သေမြဲ

၁။ ကွဲပြိုတတ်ငြား၊ ထိုတရား၊ ထင်ရှား ပြိုကွဲမည် ။
၂။ ပျက်စီးတတ်ငြား၊ ထိုတရား၊ ထင်ရှား ပျက်စီးမည် ။
၃။ ငါ့ဆွေမျိုးသာ၊ ပျက်စီးရာ၊ မှန်စွာ မဟုတ်ပြီ ။
သူ့အမျိုး ကိုယ့်အမျိုး၊ ပျက်စီးရိုး၊ သေမျိုး ထုံးစံညီ ။
၎။ တရွာတည်းသာ၊ ပျက်စီးရာ၊ မှန်စွာ မဟုတ်ပြီ ။
ရွာဟူသမျှ၊ ပျက်စီးကြ၊ သေရ ထုံးစံညီ ။
၅။ စကြ၀ဠာ၊ ဘုံသုံးရွာ၊ သေရွာ မလွတ်ပြီ ။
တရားသဘော၊ ကြံတွေးတော၊ မှန်သော သံဝေရည် ။ ( ဥရဂဇာတ် )

( မာဂဓီ-သာစည် )

မီးသတိပြု

၁။ လူ့လောကမှာ၊ မီးမပါ၊ ဘယ်ဟာတွေမှ မပြီးကြ ။
၂။ ဆင်ခြင်မှုတွေ၊ ကင်းလွတ်ချေ၊ မီးတွေ လောင်တတ်ကြ ။
၃။ မီးကြောင့်ငိုကြွေး၊ စိတ်ပူဆွေး၊ ဖင့်နှေးဆုတ်ယုတ် ပျက်စီးရ ။
၎။ ဆင်ခြင်မှုတွေ၊ ပြည့်စုံပေ၊ မိတ်ဆွေ ပြန်ဖြစ်ကြ ။
၅။ မီးကြောင့်စွမ်းအား၊ ကုသိုလ်ပွား၊ ထူးခြားမြင့်တက် ပြည့်စုံရ ။
၆။ မီးသတိပြု၊ စိတ်ကိုလု၊ ကောင်းမှုတိုး၍ စွမ်းအားရ ။

( တိပိဋကဓရ ယော-ဆရာတော် )

ဗုဒ္ဓတရားတော်ကို လိုက်နာကြရင်

ဗုဒ္ဓသြ၀ါဒတရားကို လိုက်နာသူဟာ
ဒီဘ၀မှာလည်း လူကောင်းသူကောင်း တယောက်ဖြစ်နိုင်ပြီး
စိတ်ချမ်းသာမှုကိုလည်း ရနိုင်ပါတယ်။
အပြစ်တစုံတရာ မကျုးလွန်တဲ့အတွက်
သေရမှာကို မကြောက်ဘဲ
ဒီဘ၀ကိုလည်း ရဲရဲကြီး စွန့်လွှတ်နိုင်သူလည်း ဖြစ်နိုင်ပါတယ်။

( အရှင်ဇနကာဘိဝံသ-မဟာဂန္ဓာရုံဆရာတော် )

ဘ၀ကောင်း မလွတ်စေနဲ့

၁။ လူ့ဘုံဘ၀၊ ရခိုက်က၊ ပြုကြကုသလာ ။
၂။ ပါရမီမှု၊ အစုစု၊ ပြုရလူ့ဘုံမှာ ။
၃။ မေ့လျော့ပေါ့ဆ၊ မရှိရ၊ ရှိကဆင်းရဲမှာ ။
၎။ ငရဲကျမှ၊ ကုသလ၊ ပြုကြလိုတတ်ပါ ။
( ဒု-သ-န-သော တို့ကို ထောက် )
၅။ ပြိတ္တာဖြစ်မှ၊ နောင်တရ၊ ပြင်က မရပါ ။
( နန္ဒိကပြိတ္တာ တို့ကိုထောက် )

( စစ်ကိုင်း-ရွှေဟင်္သာဆရာတော် )

ကိုယ်ကျင့်တရား မပျက်နှင့်

၁။ ကိုယ်ကျင့်တရား၊ ပြည့်စုံငြား၊ အများပူဇော်ရာ ။
၂။ ကိုယ်ကျင့်တရား၊ ပျက်သူအား၊ အများကဲ့ရဲ့ရာ ။

( စစ်ကိုင်း ရွှေဟင်္သာဆရာတော် )

ဘုရားကို အာရုံပြုကြပါ

၁။ ဗုဒ္ဓါနုဿတိ ဘုရားကို နေ့စဉ်အာရုံပြုနေတဲ့သူဟာ အရှိန်အ၀ါရှိတယ်။
ဉာဏ်ပညာ ထက်မြက်တယ်၊ သြဇာအာဏာ ကောင်းတယ်။

၂။ ဒါကြောင့် ဂုဏ်တော်တွေကို စိတ်ထဲမှာထင်အောင်
တကယ် သက်တော်ထင်ရှားဘုရားကို အာရုံပြုကြပါ။

( အရှင်ဇနကာဘိဝံသ-မဟာဂန္ဓာရုံ ဆရာတော် )

( ၁-၂၀၀၉ မြတ်ပန်းရဂုံ )

( 1-2009 ) Myatpan yagon

Monday, January 26, 2009

( ၁-၂၀၀၉ ဓမ္မဗျူဟာ )

( 1-2009 ) Dhamma Byuha

( ၁-၂၀၀၉ မြတ်မင်္ဂလာ )

Myat Mingala ( 1-2009 )

မေတ္တာရပ်ခံ ပန်ကြားခြင်း

မော်လူး ဘလောက်ကို လာရောက်ဖတ်ရှုကြသော လူကြီးမင်းများခင်ဗျား
မော်လူး ဘလောက်က စွမ်းနိုင်သလောက် တိုက်ရိုက်ပြီး တင်နေပါသည်၊
နောင်လဲပဲ တချို့တချို့ကို စွမ်းနိုင်သလောက် တိုက်ရိုက်ပြီး တင်နေပါမည်၊
အခု တချို့ကို တိုက်မရိုက်နိုင်သည့်အတွက် စကင်လုပ်ပြီး တင်ပေးနေပါသည်၊
မော်လူး ဘလောက်ကို ဖတ်ရှုသူတို့အတွက် အဆင်ပြေလိမ့်မည်ဟု ထင်ပါသည်၊
ဖတ်ရှုရတာ အဆင်မပြေရှိခဲ့လျှင် တောင်းပန်အပ်ပါကြောင်း
အထူးမေတ္တာရပ်ခံ ပန်ကြားပါသည်။


ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

မေတ္တာဖြင့်
မော်လူး

Sunday, January 25, 2009

စာတတ်သည့်အကျိုး

၁။ စာမတတ်မူ၊ အကန်းနှင့်တူ၊ မှတ်ယူ မလွဲပါ။
၂။ ကမ္ဘာ့အဆန်း၊ အခန်းခန်း၊ မျက်ကန်း မမြင်ပါ။
၃။ ဗဟုသုတ၊ အ၀၀၊ စာမှ ထွက်သည်သာ။
၎။ စာပေတတ်မှ၊ လိမ္မာကြ၊ မိန့်ဟ ရှေးဆရာ။
၅။ စာမတတ်က၊ ကြားသမျှ၊ ယုံရတတ်ကြရှာ။
၆။ ဗဟုသုတ၊ နည်းပြန်က၊ ယုံရ ပြောဟောရာ။

( စစ်ကိုင်း ရွှေဟင်္သာဆရာတော် )

( ၁-၂၀၀၉ ) မင်္ဂလာမောင်မယ်

( 1-2009 ) Mingala Maungmae

( ၁၁-၂၀၀၈ ) ဓမ္မဗျူဟာ

( 11-2008 ) Dhamma Byuha

Saturday, January 24, 2009

ကံ ကံ၏အကျိုး ( ၁၁ )

( စေတနာ )

လွန်ခဲ့သော နှစ်ပေါင်း ၂၀-ကျော်ခန့်က ဖြစ်ပါသည်၊
ဧရာဝတီတိုင်း ရေကြည့်မြို့နယ် အတွင်းရှိ ရွာတရွာတွင် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသော မောင်တင်ညွှန့်ဆိုသူ လူငယ်တဦးရှိသည်၊ မောင်တင်ညွှန့်သည် လိမ္မာယဉ်ကျေးသည်၊ ရဟန်းတော်များနှင့် လူကြီးသူမများကို ရိုသေလေးစားတတ်သည်၊ ထို့ပြင် စေတနာသဒ္ဓါတရား ထက်သန်သူလည်း ဖြစ်သည်။

ထိုအချိန်က ပုသိမ်၊ ရေကြည်နယ်ဘက်တွင် ရွှေယပ်တောင် ဆရာတော်ဟု ထင်ရှားသော ဆရာတော် တပါးသည် ရေလယ် ကျွန်းကလေး တကျွန်းတွင် ၀ါးကျောင်းဖြင့် တပါးတည်း သီတင်းသုံးကာ ဓုတင်အကျင့်ကို ဆောက်တည်လျက် ရှိလေသည်၊ တနေ့ မွန်းမတည့်မီ အချိန်တွင် မောင်တင်ညွှန့်သည် လယ်ကိုခေတ္တနား၍ ထမင်းစားရန် ပြင်ဆင်သည်၊ ထိုစဉ် ရဟန်းတော်တပါး ကြွလာပြီး အလှူခံသဖြင့် မိမိစားမည့် ထမင်းချိုင့်ထဲမှ ထမင်းနှင့် ဟင်းတို့ကို ထိုရဟန်းတော်အား အကုန်ပင် လောင်းလှူလိုက်လေသည်။

တလခန့်ကြာသောအခါ နံနက်စောစောအချိန်တွင် မောင်တင်ညွှန့်သည် မိမိငှက်ပျောခြံထဲမှ မှည့်နေသော ငှက်ပျောခိုင် တခိုင်ကို ခုတ်ယူပြီး အိမ်ပြန်လာသည်၊ လမ်းတွင် ယခင်က မိမိဆွမ်းလှူခဲ့ဘူးသော ရဟန်းတော်က ဆွမ်းရပ်အလှူခံရာ မောင်တင်ညွန့်သည် မိမိ၌ပါလာသော ငှက်ပျောခိုင်ကို လှူလိုပါကြောင်းနှင့် ထိုငှက်ပျောခိုင်ကို မိမိပင် ဆရာတော်ကျောင်းသို့ လိုက်ပို့ပါရစေ-ဟု လျှောက်ထားသည်၊ ဆရာတော်က ခွင့်ပြုသဖြင့် လိုက်ပို့လေသည်၊ ထိုအခါကျမှ မောင်တင်ညွန့်သည် မိမိလှူဒါန်းရသော ဆရာတော်မှာ ရွှေယပ်တောင် ဆရာတော်ဖြစ်ကြောင်းကို သိရလေတော့သည်။

တနှစ်တွင် ပုသိမ် ရေကြည်နယ်ဘက်တွင် ရေကြီးသည်၊ လယ်များနှင့် ခြံများ ရေနစ်မြှုပ်ပျက်စီးကုန်လေသည်၊ မောင်တင်ညွန့်၏ လယ်နှင့်ငှက်ပျောခြံမှာလည်း ရေနစ်မြှုပ် ပျက်စီးသည့်အထဲတွင် ပါသွားလေသည်၊ ထို့ကြောင့် မောင်တင်ညွန့်တို့ မိသားစုမှာ ထိုနှစ်အတွက် စားရေးသောက်ရေး အလွန်ဒုက္ခရောက်ရရှာလေသည်။

တနေ့တွင် မောင်တင်ညွန့်သည် မိမိအဘွားပေးခဲ့သည့် ဘုရားစင်ပေါ်ရှိ ကျောက်ကလေးများထည့်ထားသည့် ၀ါးကျည်တောက်ကလေးကို ပြေး၍ သတိရမိလေသည်၊ နောက်တနေ့တွင် မောင်တင်ညွန့်သည် ကျောက်ကလေးများကို ယူပြီး ရောင်းချရန်အတွက် ရေကြည်မြို့သို့ သွား၍ ကျောက်ပွဲစားများကို ပြသသည်၊ သူတို့က ဈေးပေါသော ဥဿဖရား ကျောက်များသာ ဖြစ်၍ ငွေအနည်းငယ်သာ ရနိုင်သည်ဟု ပြောဆိုကြလေသည်။

သို့ရာတွင် ကျောက်ပွဲစားများထဲမှ စိတ်ကောင်းရှိပြီး ကြင်နာတတ်သည့် ကျောက်ပွဲစားတဦးကမူ မိမိ၏ဆရာ ကျောက်ကုန်သည်တဦး ပုသိမ်မြို့တွင် ရှိကြောင်း၊ ထိုသူမှာ ရိုးသားပြီး သစ္စာရှိသူဖြစ်၍ ကျောက်၏ တန်ရာတန်ကြေးကို အပြည့်အ၀ရနိုင်ကြောင်း၊ သွားလိုလျှင် မိမိလိုက်ပို့ပေးမည်ဖြစ်ကြောင်း ပြောသည်၊ မောင်တင်ညွန့်မှာ ငွေလိုနေသောအချိန်ဖြစ်၍ ဇွဲမလျှော့သေးဘဲ ပုသိမ်မြို့ထိ လိုက်သွားလေသည်။

ပုသိမ်မြို့ပေါ်မှ ထိုကျောက်ကုန်သည်က ကျွမ်းကျင်သော ကျောက်,ရာဖြတ်များနှင့် ပြသစစ်ဆေးကြည့်သည်၊ ထိုအခါ ကျောက်များမှာ အရည်အသွေး အလွန်ကောင်းမွန်သော စိန်များ ဖြစ်နေကြောင်း သိရလေသည်၊ မောင်တင်ညွန့်သည် သူမှန်းထားသော ငွေထက် အဆပေါင်းများစွာ ရရှိသဖြင့် ရေကြည်မြို့ပေါ်တွင် အိမ်တလုံးပင် ၀ယ်ယူနိုင်ပြီး ရွှေ,ငွေ,ကျောက် ၀ယ်ယူရောင်းချသော လုပ်ငန်းဖြင့် ကြီးပွားတိုးတက်လျက် ရှိလေသည်။

ဤသည်မှာ ရဟန်းတော်အား စစ်မှန်သော စေတနာဖြင့် လှူဒါန်းရခြင်းကြောင့် ကောင်းသောအကျိုးကို လက်တွေ့ခံစားလိုက်ရခြင်းပင် ဖြစ်ပါသည်။

( မောင်မြင့်ထွန်း )
*********************************************************************************

( ဥစ္စာမှန်၍ ပြန်ရသည် )

ကျွန်မ၏ဖခင်သည် ရေဦးမြို့မှ ကလေးမြို့သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန်အတွက် ရေဦးမြို့မှ မုံရွာမြို့သို့ ကားဖြင့် ထွက်ခွါလာခဲ့ပါသည်၊ မုံရွာမှကလေးသို့ ဆက်သွယ်ရန် မုံရွာဆိပ်ကမ်းတွင် သင်္ဘောပေါ်၌ ညအိပ်ရပါသည်၊ နောက်နေ့နံနက်မှ သင်္ဘောထွက်မည်ဖြစ်ပါသည်၊ ကျွန်မ၏ မိခင်နှင့် ဖခင်တို့မှာ အထက်တန်း အိပ်ခန်း ( လေးယောက်ခန်း ) တွင် နေရာရသဖြင့် နောက်ထပ်နှစ်ယောက်စာ ကျန်ပါသေးသည်။

ထိုကျန်သောနေရာသို့ ၅-နှစ်အရွယ် ကလေးငယ်နှင့် မိခင်တို့ သားအမိနှစ်ယောက် ၀င်လာပါသည်၊ ရောက်လာသောအချိန်မှာ ည ၇-နာရီခန့် ဖြစ်ပါသည်၊ ည ၉-နာရီကျော်သောအခါ မိခင်နှင့် ဖခင်တို့မှာ ဘုရားကန်တော့ မေတ္တာပို့ အမျှဝေပြီး အိပ်ရာဝင်ကြပါသည်၊ ထိုစဉ်က မိခင်မှာ မန္တလေး မဟာစည် သာသနာ့ရိပ်သာတွင် တလတိတိ တရားထိုင်ပြီး ပြန်လာကာစ ဖြစ်ပါသည်။

ည ၁၂-နာရီထိုးသောအခါ ကျွန်မ၏ဖခင်သည် ရုတ်တရက် အိပ်ရာမှ တရေးနိုးလာသည်၊ နိုးနိုးချင်း အပေါ်အိပ်စင်မှ ဆင်းလာကာ အောက်ထပ်အိပ်စင်တွင် အိပ်နေသောမိခင်ကို ပိုက်ဆံအိတ် ရှိရဲ့လား-ဟု မေးပါသည်၊ ထိုအချါိန်က သင်္ဘောပေါ်မှာ မီးလည်းငြိမ်းထားပြီးဖြစ်၍ မှောင်မည်းနေပါသည်။

မေမေလည်း နိုးသွားပြီး မီးထွန်း၍ ပိုက်ဆံအိတ်ကိုကြည့်သောအခါ အမှန်တကယ်ပင် ပိုက်ဆံအိတ်မရှိတော့ပါ၊ ပိုက်ဆံအိတ်နှင့်အတူ အခန်းထဲသို့ရောက်လာသော သားအမနှစ်ယောက်လည်း မရှိတော့ပါ၊ မိခင်ကတော့ ရသမျှ ဘုရားစာအားလုံးကို ရွတ်ဆိုနေရုံမှတပါး ဘာမျှ မလုပ်တတ်တော့ပါ။

ဖခင်လည်း ၁၀-မိနစ်လောက်ကြာမှ သင်္ဘောပေါ်က အလုပ်သမားနှစ်ယောက်ကို အကူအညီခေါ်ပြီး ခြေဦးတည့်ရာ လိုက်ရှာကြပါသည်၊ ထိုသို့လိုက်ရှာကြရင်း ပတ်တရောင်လှည့်လာသော ပြည်သူ့ရဲ့ နှစ်ယောက်ကို တွေ့၍ အကူအညီတောင်းကာ တလမ်းဝင်တလမ်းထွက် လိုက်ရှာကြပါသည်။

ဖြစ်ချင်တော့ ကျွန်၏ဖခင်တို့ အဖွဲ့ ၀င်မည့် လမ်းထိပ်သို့ ပစ္စည်းယူသွားသော သားအမိက လမ်းထဲမှ ထွက်လာသည်နှင့် ကြုံပါတော့သည်၊ လက်ပူးလက်ကြပ် ဖမ်းမိပါတော့သည်၊ ရွှေထည်ပစ္စည်းများနှင့် ငွေများမှာ လုံးဝ လက်ရာမပျက်သေးပါ။

ထိုသို့ ညတွင်းချင်း ပြန်လည်ရရှိခြင်းမှာ မိခင်ကြီး၏ မသာစည်သာသနာ့ရိပ်သာတွင် အားထုတ်ထားသော ၀ိပဿနာ အကျိုးကျေးဇူးနှင့် နေ့စဉ် ရွတ်ဖတ်ပူဇော်သော မြတ်စွာဘုရား၏ ဂုဏ်တော်များတန်ခိုးကြောင့် ဖြစ်ပါသည်၊ ထို့ပြင် နေ့စဉ်ရွတ်ဖတ်ပို့သသော မေတ္တသုတ်ပရိတ်တော်တို့၏ကျေးဇူးတို့ပင် ဖြစ်ပါသည်။

( မချို-ကလေးမြို့ )
*********************************************************************************

( ရထားပေါ်ဝယ် )

လွန်ခဲ့သည့်လအတွင်းက ကျွန်မသည် ရန်ကုန်မှ ပြည်မြို့သို့ နေ့လည် ၁-နာရီထွက်သော အမြန်ရထားဖြင့် သွားခဲ့ပါသည်၊ ကျွန်မတို့စီးသောတွဲမှာ တွဲ ၂-ဖြစ်၍ ရှေ့ပိုင်းကျပါသည်၊ ကျွန်မတို့ရထား လက်ပံတန်းသို့ ရောက်သောအခါ ရထားအတန်ကြာ ရပ်ပေး၍ ရထားပေါ်ပါသူများတွင် အချို့က ရထားပေါ်မှ မှာ၍၄င်း၊
အချို့က အောက်သို့ဆင်း၍၄င်း၊ အချို့က သရေစာ၊ အချို့က ထမင်း စားကြပါသည်၊
ကျွန်မတို့ရှေ့ တခုံကျော်မှ လူငယ် ၃-၄ ဦး အောက်ဆင်း၍ ထမင်းစားကြစဉ် ခရီးသည်တဦးက ထိုဆင်းသွားသော လူငယ်များ၏ ခုံနေရာမှာ လာထိုင်ပါသည်၊ မကြာမီ လူငယ် ၂-ဦး ပြန်တက်လာပြီး နေရာတွင် ထိုင်ရင်း ( နောင်ကြီး အဲသည်နေရာ လူရှိတယ်-ဟု ပြောရာ ထိုခရီးသည်က ထ,မပေးဘဲ ထိုင်မြဲထိုင်နေပါသည်၊ နောက်မကြာမီ ရထားထွက်၍ လူငယ်တဦး ပြေးတက်လာပြီး မောင်အေးတော့မီမှ မီပါ့မလား မသိဘူးဟေ့-ဟု ဆိုကာ သူ့နေရာတွင် ထိုင်ပါသည်၊ ယခင်ခရီးသည်ကိုလည်း ( နောင်ကြီး အဲသည်နေရာ လူရှိတယ် နော် )-ဟု ပြောရာ ထိုခရီးသည်က ဘာမျှ မပြောပါ၊ မောင်အေးဆိုသူလည်း ရောက်မလာသဖြင့် ထိုခရီးသည်အဖို့ ပြဿနာမရှိ၊ အေးအေး လူလူပင် ထိုင်မြဲ ထိုင်နေပါသည်။

ရထားသည် လက်ပံတန်းမှ ထွက်ပြီး မင်းလှကျမှ ရပ်ပါသည်၊ ထိုအခါ မောင်အေး-ဆိုသူသည် ရထားပေါ်သို့ အပြေးအလွှားတက်လာပြီး ( ငါကွာ နောက်ကျနေလို့ မီရာတွဲ တက်လိုက်ရတယ်၊ ဟို နောက်ဆုံးနားက တွဲပေါ့၊
ခု မင်းလှကျမှ ဆင်းလာရတာ )-ဟု ပြောရင်း သူ့ထိုင်ခုံနား သွားရပ်ရာ လက်ပံတန်းမှတက်လာပြီး ထိုင်နေသူက ထမပေးပါ၊ ( ဆရာကြီး အဲဒါ ကျွန်တော့နေရာလေ )-ဟု ပြောသော်လည်း ထိုသူက တုတ်တုတ်မျှ မလှုပ်၊
ဘေးက ၀ိုင်းပြောသည့်တိုင်အောင်လည်း ထမပေးတော့ချေ။

မောင်အေး-ဆိုသူမှာ သဘောကောင်းပုံ ရပါသည်၊ နောက်ထပ် မပြောတော့ပဲ အခြားသူငယ်ချင်း နှစ်ယောက်ဘေးတွင် ဖြစ်သလိုထိုင်၍ လိုက်လာပါသည်၊ ရထားသည် မင်းလှဘူတာမှ ထွက်လာပြီးနောက် အုတ်ဖိုကိုကျော်၍ ကြို့ ပင်ကောက်သို့ ရောက်သောအခါ လက်မှတ်စစ် နှစ်ဦး တက်လာပြီး လက်မှတ်စစ်ပါသည်။

ကျွန်မတို့ကို စစ်ပြီး၍ ထိုလူငယ်ဆီသို့ လက်မှတ်စစ် ရောက်သွားပြီး လက်မှတ်ကို တောင်းရာ လူငယ်များက လက်မှတ်အသီးသီး ပြကြသည်၊ သို့သော်လည်း လက်ပံတန်းမှ တက်သူသည် အင်္ကျီအိတ် နှိုက်သလိုလို၊ လွယ်အိတ်ထဲ ရှာသလိုလို လုပ်နေပါသည်၊ လက်မှတ်စစ်က ခေတ္တစောင့်နေသေးသည်၊ ထို့နောက်
( လက်မှတ် ပါတော့ ပါတယ်ဗျာ၊ အခု ရှာမတွေ့ဘူး၊ ပျောက်သွားတယ် )-ဟု ဆိုလေသည်၊ လက်မှတ်စစ်က
( ဆရာကြီး သည်နည်းနှင့် ဘာရမလဲ၊ လာ-ဘူတာထဲလိုက်ခဲ့ )-ဟု ဆိုကာ ဆွဲချသွားလေသည်၊ ထိုအခါမှ မောင်အေးကလည်း ( အင်း ခုမှပဲ နေရာရတော့တယ် )-ဟု သူ့နေရာတွင် ပြန်ထိုင်ရလေ၏၊ လက်ပံတန်းမှ တက်လာသူ ခရီးသည်အဖို့ကား လက်မှတ်မပါဘဲ စီးသည်ဖြစ်စေ၊ လက်မှတ်ပျောက်သွားသည်ပဲ ဖြစ်စေ၊ သူတပါး နေရာကို မတရား ၀င်ထိုင်သည့်အတွက် လောလော လတ်လတ် ဒုက္ခရောက်သွားသည်မှာကား မှတ်သားစရာပင် ဖြစ်လေတော့သည်။

( မဥမ္မာ )
********************************************************************************

( မိခင်ကို ပြစ်မှားသူ )

လွန်ခဲ့သော သုံးနှစ်ခန့်က ကသာမြို့နယ် ရွှေလီမြစ်ကမ်းဘေးရှိ ရွာတရွာတွင် ဆိုးပေဆိုသူသည် အသက် ၆၀-ကျော် အမေအိုကြီးနှင့် နေလေသည်၊ ဆိုးပေမှာ နာမည်နှင့် လိုက်အောင်ပင် ဆိုးပေလွန်းသည်၊
အလုပ်ကို မည်မည်ရရ မလုပ်ဘဲ အရက်သောက် ဖဲရိုက် စသည့် မကောင်းမှုများကို ပြုလုပ်နေလေသည်၊ အမေအိုမှာ သားတယောက်သာ ရှိသောကြောင့် အလွန်ချစ်ရှာသည်၊ အသက် ၆၀-ကျော်သည့်တိုင် စိုက်ခင်းငယ်ကလေးတွင် ဟင်းရွက် သစ်သီးများ စိုက်ပျိုးရောင်းချကာ စားသောက် နေထိုင်ရလေသည်။

ဆိုးပေမှာ ငါးရှာထွက်လျှင် အအေးဒဏ်ခံနိုင်ရန်ဆိုပြီး အရက်သောက်ရာမှ အရက်စွဲသွားလေတော့သည်၊
နေ့စဉ် ငါးရှာထွက်ရာမှ အရက်မူးပြီး ပြန်လာတတ်သည်၊ အမေအိုက ဆုံးမသွန်သင်သော်လည်း ဆိုးပေမှာ မပြုပြင်ပေ၊ ထို့ပြင် အမေအိုထံမှ ငွေကို တောင်းပြီး အရက်သောက်ပစ်တတ်သေးသည်၊ တောင်း၍မရက
ရှိသမျှ ပစ္စည်းတို့ကို ခိုးယူသွားတတ်လေသည်။

တနေ့တွင် အမေအိုမှာ ၀က်သားဟင်း ၀ယ်ချက်ပြီး တ၀က်ကို ဆွမ်းလောင်းသည်၊ တ၀က်ကို သားအတွက် ချန်ထားလေသည်၊ ဆိုးပေသည် ချန်ထားသော ၀က်သားဟင်းကို ကုန်အောင်စားပြီး ငါးရှာရန်ဆိုကာ ထွက်သွားလေသည်၊ ဆိုးပေသည် တနေကုန် အရက်သောက်ပြီး ပြန်လာသောအချိန်မှာ မိုးချုပ်နေပြီ၊ အရက်မူးမူးနဲ့ အမေအိုအား ထမင်းပွဲ ပြင်ခိုင်းသည်၊ ထမင်းပွဲတွင် ၀က်သားဟင်း မပါသဖြင့် အမေအိုအား ဆူပူကြိမ်းမောင်းလေသည်၊ ၀က်သားဟင်းမှာ မနက်ကတည်းက ကုန်သွားပြီဖြစ်၍ နောက်နေ့မှစားရန် ချော့မော့ပြောဆိုသော်လည်း မရပေ၊ ၀က်သားဟင်းမရှိလျှင် အရက်သွားသောက်မည် ပိုက်ဆံပေးပါ-ဟု တောင်းပြန်လေသည်၊ အမေ့မှာ ပိုက်ဆံမရှိပါဘူး-ဟု ဆိုသောအခါ ခင်ဗျားကြီး ကျုပ်အတွက်ဆို ဘယ်တော့မှ မရှိဘူး၊ ကျုပ်ဘာသာကျုပ် ငါးရှာပြီး သောက်မယ်-ဟု အော်ဟစ်ငေါက်ငမ်းပြီး အနီးရှိ တံမြက်စည်းနှင့် အမေအိုအား ပစ်ပေါက်၍ အရက်မူးမူးနှင့် ထွက်သွားလေသည်၊ အမေအိုက ဖျောင်းဖျတားမြစ်သော်လည်း မရပေ။

ရွှေလီမြစ်သည် ရေတက်ချိန်တွင် ကမ်းပါးများ ပြိုကျတတ်သည်၊ နံနက်လင်းသောအခါ ဆိုးပေသည် ကမ်းပါးပြိုရာတွင် ပါသွားပြီး မြစ်ကမ်းဘေးတွင် ခါးတ၀က်ကျော်ကို သဲမြေများ ဖုံးပြီး မေ့မြောနေသည်၊ ရွာသားအချို့ တွေ့ရသဖြင့် အိမ်သို့ သယ်ယူခဲ့ကြသည်၊ အမေအိုက မျက်ရည်စမ်းစမ်းနှင့် ပြုစုကုသပေး၍
ဆိုးပေ သတိပြန်လည်ရလာသည်၊ သို့သော်လည်း တညလုံး ရေနစ်ခံနေရသည့် အအေးဒဏ် သဲဖုံးခံရသည့် ဒဏ်တို့ကြောင့် ခါးတပိုင်းမှာ လှုပ်ရှား၍ မရတော့ပေ၊ အမေအိုက တတ်စွမ်းသမျှ ပြုစုကုသပေးသော်လည်း မည်သို့မျှ ထူးခြားမလာပေ၊ အစာလည်း မစားနိုင်၊ လမ်းလည်း မသွားနိုင်နှင့် ဝေဒနာကို လူးလိမ့်ခံစားရပြီး တလကျော်ကျော် အကြာတွင် သေဆုံးသွားရလေတော့သည်။

ဆိုးပေသည် မိခင်အား ကာယကံမြောက် ပြစ်မှား ကျူးလွန်မိသော ကံကြောင့် ယခုလက်ရှိဘ၀တွင်ပင် ဤမျှ ခံစားနေခဲ့ရလျှင် နောင်သံသရာတွင် ထို့ထက်ကြီးမားသော ၀ဋ်ကြမ္မာမျိုးကို ခံစားရပေဦးတော့မည်။

( နွေပုရစ်ဖူး-၀န်းသို )

( မြတ်မင်္ဂလာ-၁၉၉၁-ဖေဖော်ဝါရီလ )

Friday, January 23, 2009

ဗြဟ္မာ့ဘုံ သွားလိုသူ

မြတ်စွာဘုရား ဝေဠုဝန်ကျောင်း၌ နေတော်မူစဉ် ဗြဟ္မာ့ပြည်သို့ ရောက်လိုသောကြောင့် လတိုင်းလတိုင်း အသပြာတထောင် အကုန်ခံပြီး တက္ကတွန်းတို့အား ပေးလှူနေသော ဦးရီးပုဏ္ဏားကို ရှင်သာရိပုတ္တရာက
( ဗြဟ္မာ့ပြည်သို့ ရောက်ရန်လမ်းကို သင်လည်း မသိ၊ သင့်ဆရာလည်း မသိ၊ အမှန်တကယ် သိသူကိုပြမည်-ဟု ပြောကာ ဘုရးရှင်ထံ ခေါ်ဆောင်လာ၏၊
မြတ်စွာဘုရားက ပုဏ္ဏား သင်သည် ဤသို့ အနှစ်တရာပတ်လုံး ပေးလှူသည်ထက် ငါ၏တပည့် အရိယာသာဝက တို့အား တခဏမျှ ကြည်ညိုစိတ်ဖြင့် ဖူးမြော်ခြင်း၊ တဇွန်း တယောက်မမျှ လှူဒါန်းခြင်းက မြတ်သေး၏-ဟု ဟောတော်မူသည်။

( ပါဠိဂါထာ )
မာသေ မာသေ သဟေဿန ၊ ယော ယဇေထ သတံ သမံ ။
ဧကဉ္စ ဘာဝိတတ္တာနံ ၊ မုဟုတ္တမပိ ပူဇယေ ။
သာယေ၀ ပူဇနာ သေယျော ၊ ယဉ္စေ ၀ဿသတံ ဟုတံ ။

( မြန်မာပြန် )
အနှစ်တရာပတ်လုံး လတိုင်းလတိုင်း ငွေတထောင် အကုန်ခံ၍ တက္ကတွန်းတို့အား လှူခြင်းထက်
ဝိပဿနာစိတ်ကို ပွားပြီးသော အရိယာပုဂ္ဂိုလ်တပါးကို တခဏမျှ ပူဇော်ခြင်းက မြတ်၏။

( ဆောင်ပုဒ် )
ပုဂ္ဂိုလ်သာမန်၊ အလှူခံအား၊ စိတ်ထားညွတ်ပျောင်း၊ နှစ်ပေါင်းတရာ၊ လတိုင်းသာလျှင်၊
သပြာတထောင်၊ ကုန်အောင်စွန့်ကြဲ၊ ပေးလှူပွဲထက်၊
စိတ်ထဲဖြူဆွ၊ ၀ိပဿနာ၊ ဘာဝနာပွား၊ အရှင်များကို၊ ၀ပ်တွားခဏ၊ ပူဇော်ရက၊ များလအကျိုး၊
စုံပြည့်ဖြိုး၏။

( သဟဿဝဂ်၊ သာရိပုတ္တတ္ထေရဿ မာတုလ ဗြဟ္မဏ ၀တ္ထု )

သံဝေဂ ဆုံးမစာ

ငါ့ကိုယ် ငါ့သား၊ ငါ့မယား၊ ထင်မှားလှလေပြီ။
ထင်မှားတတ်စွာ၊ သက္ကာယာ၊ မိစ္ဆာကင်းသင့်ပြီ။
ငါးခုခန္ဓာ၊ ရုပ်နာမ်မှာ၊ မှန်စွာ မှတ်သင့်ပြီ။
သမ္မသန၊ ဉာဏ်အစ၊ ထင်လှသင့်ကြပြီ။

( ထွဋ်ခေါင်ဆရာတော် )

မြတ်ဗုဒ္ဓနှင့် ရှင်ဒေ၀ဒတ်

ကဏ္ဍမ္ဗသရက်ပင် စေတီတော်ကြီး အနီးအပါးရှိ ကားလမ်းမှ ပေ-၂၀ခန့်အကွာတွင် ရေကန်တခုရှိသည်၊ ထိုရေကန်သည် သိပ်နက်ဟန်မတူ၊ ၂-ဧကလောက် ကျယ်မည်ဟု ခန့်မှန်းရသည်၊ ပတ်ဝန်းကျင်တွင် လယ်ယာများရှိသည်၊ ဤရေကန် ကမ်းစပ်တွင် အရှင်ဒေ၀ဒတ် မြေမျိုခံရသည်။

အရှင်ဒေ၀ဒတ်သည် ဒေ၀ဒဟ ( ယခု-နီပေါ ) ပြည့်ရှင် သုပ္ပဗုဒ္ဓ သာကီဝင်နှင့် အမိတာ မိဖုရားတို့မှ ဖွားမြင်ခဲ့သော မဟာမျိုး မဟာနွယ်ပင်ဖြစ်သည်။ အမိတာသည် ဗုဒ္ဓ၏ခမည်းတော် ကပ်လ၀တ်ပြည့်ရှင် သုဒ္ဓေါဒနသာကီဝင်၏ နှမတော်ဖြစ်သည်၊ သို့ဖြစ်၍ အရှင်ဒေ၀ဒတ်သည် ဘုရားရှင်နှင့် ညီအကို ၀မ်းကွဲတော်သည့်အပြင် ယသော်ဓရာ၏ မောင်အရင်း၊ ဘုရားရှင်၏ ယောက်ဖတော်၊ ရာဟုလာ၏ ဦးရီးတော်ဖြစ်သည်၊ ဤမျှ ဆွေမျိုးရင်းချာပါသည်။

ဗုဒ္ဓမြတ်စွာ သာသနာတော် တည်ထောင်ခါစ စောစောကပင်ရှင်ဒေ၀ဒတ် ရဟန်းပြုခဲ့သည်၊ ဘုရားရှင်သည် မိဂဒါဝုန်၌ ပထမ၀ါ ကပ်တော်မူပြီးနောက် ဒေသစာရီ လှည့်လည်တော်မူရင်း ရာဇဂြိုဟ်မှတဆင့် ကဆုန်လပြည့်ကျော် ၁-ရက်နေ့တွင် ရဟန္တာနှစ်သောင်းနှင့်အတူမိမိမွေးရပ်မြေ ကပိလ၀တ်သို့ရောက်၍ ခမည်းတော် အမှူးပြုသော ဆွေတော်မျိုးတော်တို့အား တရားဓမ္မ ဟောပြတော်မူလျက် ကပိလ၀တ်၌ သီတင်းသုံးတော်မူသည်။

ထိုမှတဖန် ဒုတိယ၀ါကပ်ရန်အတွက် ရာဇဂြိုဟ်ဘက်သို့ ခရီးပြန်လှည့်ခဲ့ရာ မလ္လတိုင်း အနုပိယနိဂုံး သရက်တောသို့ ရောက်တော်မူသည်၊ ထိုအချိန်တွင် ရှင်ဒေ၀ဒတ်သည် ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဘဂု၊
ကိမိလ-သာကီဝင်မင်းသား ၅-ဦး အခိုင်းအစေ ဥပါလိဆတ္တာသည်တို့နှင့်အတူ ရဟန်းပြုခဲ့သည်၊ အခြားသူတို့ တရားထုးရ၍ အရိယာဖြစ်သော်လည်း အရှင်ဒေ၀ဒတ်မှာမူ ပုထုဇဉ်ဘ၀ဖြင့် ဈာန်အဘိညာဉ်ကိုသာ ရသည်။

နောင်အခါတွင် မိမိနှင့်အတူ ရဟန်းပြုလာသူတို့အား လူအများက အရေးပေး ဆက်ဆံလှူဒါန်းကြသည်ကိုမြင်၍ အဇာတသတ် မင်းသားလေးအား တန်ခိုးပြလျက် ဘုန်းကြီးရန် ကြိုးစားတော့သည်၊ အဇာတသတ်လည်း ရှင်ဒေ၀ဒတ်ကို တကယ့်ပုဂ္ဂိုလ်မြတ် ထင်မှတ်ကာ အကြီးအကျယ် ကိုးကွယ်လေသည်။

ဗုဒ္ဓမြတ်စွာ ၀ါတော် ၂၀-ကျော်တွင် == ငါကား ဘုရားတဆူလုပ်ကာ သံဃာကို ခေါင်းဆောင်မည်-ဟု ကြံစည်၍ သူ့အား သံဃာအုပ်ချုပ်ရေးတာဝန် လွှဲအပ်ရန် တောင်းလေရာ ဗုဒ္ဓက လက်မခံဘဲ ( တံတွေးစားသူ ) ဟု မိန့်တော်မူသည်ကို ( ငါ့ကိုတော့ နှိမ်သည်၊ သာရိပုတ္တရာ မောဂ္ဂလာန်တို့ကိုသာ ချီးမြှောက်သည် ) ဟု ယူဆကာ ရန်ငြိုးဖွဲ့လေသည်၊ သို့ဖြစ်၍ ရရှိသော တန်ခိုးလည်း ကွယ်လေသည်၊ ( တံတွေးစား ) ဟု ဗုဒ္ဓမိန့်တော်မူရင်းမှာ မတရား ရသော ပစ္စည်းသည် တံတွေးနှင့်တူ၍ ရွံစရာကောင်းသည်၊ ထိုပစ္စည်းကို သုံးစွဲနေသူ-ဟု ဖြစ်ပေသည်။

ထိုနောက်တွင်မူ ရှင်ဒေ၀ဒတ်သည် အလွန်ကြီးလေးသော ပြစ်မှုများကို ဆက်ကာဆက်ကာ ကျူးလွန်လေသည်၊ အဇာတသတ်အား ခမည်းတော်ကို လုပ်ကြံခိုင်းသည်၊ ဘုရားရှင်ကိုသတ်ရန် လူသတ်သမားများကို စေလွှတ်စေသည်၊ ဂိဇ္ဈကုဋ်တောင်ခြေ၌ ဗုဒ္ဓမြတ်စွာ စင်္ကြံကြွ ( လမ်းလျှောက် ) နေစဉ် တောင်ပေါ်မှ ကျောက်တုံးကြီးကို လှိမ့်ချသည်၊ ဘုရားရှင်ကို နာဠာဂီရိဆင်ကြီးဖြင့် တိုက်စေသည်၊ သို့ရာတွင် မည်သို့မျှ ဗုဒ္ဓမြတ်စွာ၏ အသက်ကို အန္တရာယ်မပြုနိုင်ပေ။

အကြမ်းနည်းဖြင့် မရသဖြင့် အနုနည်းဖြင့် ကြံစည်ပြန်သည်၊
ရဟန်းများ-တသက်လုံး
( ၁) တောကျောင်းနေရန်
( ၂ ) ဆွမ်းခံစားရန်
( ၃ ) ပံသုကူသင်္ကန်း ဆောင်ရန်
( ၄ ) သစ်ပင်အောက်နေရန်
( ၅ ) သက်သတ်လွတ်စားရန် ဟူသော အချက် ၅-ချက်ကို ဗုဒ္ဓအား တင်ပြသည်၊
ဗုဒ္ဓက လက်ခံတော်မမူ။

လက်မခံခြင်းမှာ အကြောင်းရှိသည်၊ ရှင်ဒေ၀ဒတ်သည် သံဃာဂိုဏ်းခွဲလို၍ မဖြစ်နိုင်သည်ကို တောင်းဆိုခြင်းဖြစ်သည်။
ဤ၌ ( ၁ ) တောရကျောင်းနေမှ တရားရမည့်သူ
( ၂ ) မြို့/ရွာ ကျောင်းနေမှ တရားရမည့်သူ
( ၃ ) မည်သည့်ကျောင်း၌ နေနေ တရားရမည့်သူ
( ၄ ) မည်သည့်ကျောင်း၌ နေနေ တရားမရနိုင်သူ -ဟု ပုဂ္ဂိုလ် ၄-မျိုးရှိသည်။

ထိုတွင် ဗုဒ္ဓမြတ်စွာက
( ၁ ) နံပါတ်ပုဂ္ဂိုလ်ကို မိမိအတွက် တရားထူးရအောင်၊ သူများအတုယူနိုင်အောင် တောကျောင်း၌သာ နေစေလိုသည်။
( ၂ ) နံပါတ်ကို မြို့/ရွာ ကျောင်း၌ပင် နေစေလိုသည်။
( ၃ ) နံပါတ်ကိုလည်း သူများ အတုယူနိုင်အောင် တောကျောင်း၌သာ နေစေလိုသည်။
( ၄ ) နံပါတ်ကိုလည်း ပါရမီဖြစ်အောင် တောကျောင်း၌သာ နေစေလိုသည်။

သို့ဖြစ်လျှင် ဗုဒ္ဓ၏အလိုတော်မှာ တောကျောင်းဘက်က ၄-ပုံ ၃-ပုံ အလေးသာကြောင်း သိနိုင်ပါသည်။ နောက်အချက်မှာလည်း ဆိုင်ရာဆိုင်ရာ အကြောင်းများရှိသည်၊ ဒေ၀ဒတ်ကား မွန်မြတ်သည့် ရည်ရွယ်ချက်ဖြင့် တောင်းခြင်းမဟုတ်၊ ဂိုးဏ်းခွဲလို၍သာ ဖြစ်ပါသည်၊ ထို့ကြောင့် မျှော်လင့်ထားသည့်အတိုင်း ဗုဒ္ဓက ခွင့်ပြုတော် မမူသည်ကို ကျေနပ်လေသည်။

သေချင်နေသူ တယောက်သည် အဆိပ်ခွက်ကိုမြင်လျှင် ပျော်ရွှင်နေသလို မိမိအကျိုးပျက်မည့်အလုပ်ကိုပင် အဟုတ်ကြီးထင်ကာ သံဃာဂိုဏ်းခွဲ၍ နားမလည်သော ရဟန်းငယ် ၅၀၀-ကို ခေါ်ပြီး ဂယာသီသအရပ်သို့ ထွက်ခွာသွားလေသည်။

မကြာမီ လမ်းမှားလိုက်နေသော ရဟန်း ၅၀၀-အား အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ တရားဟောရန် ရောက်လာကြသည်၊ ရှင်ဒေ၀ဒတ်သည် အဂ္ဂသာဝက ၂-ပါး ကြွလာသည်ကို မြင်၍
( ငါ့တရားကို နှစ်သက်၍ ငါ့ဘက်ကူးလာကြသည် ) ဟု ထင်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်၍ တရားဟောရန် လွှဲအပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည်၊ ရှင်ဒေ၀ဒတ်၏ လက်ရုံး ကောကာလိက-ကမူ အကဲခတ်မိဟန်တူသည်။
အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့သည် လူဆိုးများဖြစ်သည်၊ မယုံကြည်နှင့်၊
အရောမ၀င်နှင့်-ဟု သတိပေးလေသည်။

မထေရ်မြတ် ၂-ပါး တရားဟောသဖြင့် ရဟန်း ၅၀၀-တရားထူးရ၍ ဘုရားရှင်ထံ ပြန်ကြွသွားသောအခါ ကောကာလိက-က သင့်တပည့်ရဟန်းငယ်တို့ကို သာရိပုတ္တရာနှင့် မောဂ္ဂလ္လာန်တို့ ခေါ်သွားပြီ-ဟု ပြောပြောဆိုဆို အိပ်ပျော်နေသော ဒေ၀ဒတ်ရင်ဝကို ဒူးဖြင့် တိုက်နှိုးလေသည်၊ ထိုဒဏ်ချက်ဖြင့်ပင် အရှင်ဒေ၀ဒတ် သွေးအန်၍ မကျန်းမမာ ဖြစ်ရှာသည်။

ကိုးလလောက်အကြာတွင် သတိသံဝေဂရ၍ ဘုရားရှင်ကို ဖူးမြင်လိုသဖြင့် တပည့်များအား ဘုရားရှင်ထံ လိုက်ပို့ပေးရန် တောင်းပန်ရှာသည်၊ သင်ကျန်းမာစဉ်က ဘုရားရှင်အပေါ် ရန်လုပ်၍ မကျန်းမာမှ ဖူးချင်နေရ သလား-ဟု တပည့်များကပြော၍ လိုက်မပို့ဘဲနေရာ
ငါကသာ နောင်တော်ဘုရားအပေါ် ရန်သူလို သဘောထားပါသည်၊ နောင်တော်ကမူ ငါ့အပေါ် မေတ္တာမပျက်ပါ-ဟု အမှန်အတိုင်း ပြောရှာပေသည်။

ထိုအချိန်တွင် ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူနေသည်၊ သူ၏တပည့်များသည် ဂယာသီသရာဇဂြိုဟ်နယ်မှ သာဝတ္ထိသို့ ရှင်ဒေ၀ဒတ်ကို ထမ်းစင်ဖြင့် ယူဆောင်လာရာ ဇေတ၀န်အနီး ရေကန်အရောက်တွင် ထမ်းစင်ကို ခေတ္တချ၍ ရေချိုးရန် သွားကြသည်။

အရှင်ဒေ၀ဒတ်လည်း ထမ်းစင်ပေါ်မှထ၍ ခြေနှစ်ဖက်ကို မြေကြီးပေါ်၌ချကာ ထိုင်နေရှာ၏၊ သူ၏ခြေထောက်များသည် တဖြည်းဖြည်းချင်း မြေကြီးအတွင်းသို့ ၀င်သွားရာ ဆွဲနုတ်၍မရတော့၊
သူ၏အပြစ်များ လွန်စွာကြီးမားသဖြင့် ဘုရားရှင်အား ကိုယ်တွေ့ဖူးမြင်ခွင့် မရနိုင်တော့ပေ။

တဖြည်းဖြည်းချင်း မြေအတွင်းသို့ ၀င်သွားရာ လည်ပင်းလောက်အရောက်တွင် အောက်ပါစကားများ ရွတ်ဆို၍ နောက်ဆုံးအနေဖြင့် ဘုရားရှင်အား ကန်တော့ခဲ့လေသည်။

နောင်တော်ဘုရားရှင်သည် တကမ္ဘာလုံးတွင် အမြတ်ဆုံး အစင်ကြယ်ဆုံး ယဉ်ကျေးအောင် ဆုံးမနိုင်ဆုံး၊
ဘုန်းကံ အကြီးမားဆုံး ဖြစ်တော်မူပါသည်၊ ထိုနောင်တော်ဘုရားရှင်ကို ကျွန်ုပ်၏ကိုယ်တွင် ကျန်ရှိနေသေးသော ဤအရိုးများ ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်များဖြင့် လေးလေးမြတ်မြတ် ကိုးကွယ်ဆည်းကပ်ခဲ့ပါသည်။

( အရှင်ပဏ္ဍိတာဘိဝံသ )
( မြတ်မင်္ဂလာ-၁၉၉၁-ဖေဖော်ဝါရီလ )

Tuesday, January 20, 2009

ပရဟိတ

အများအကျိုး ရွက်သည်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့ လည်း
မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့။

( စစ်ကိုင်း-ရွှေဟင်္သာဆရာတော် )

အသေချာဆုံးအတွက် ကြိုတင်ပြင်ဆင်ခြင်း

လူတို့သည် နေမှု ထိုင်မှု စားမှု သောက်မှု နေ့စဉ်ဆောင်ရွက်ရသော လုပ်ငန်းများမှစ၍ နှစ်ရှည်လများ ဆောင်ရွက်ရမည့် လုပ်ငန်းများအထိ ကြိုတင်မှန်းဆကြပြီး ပြင်ဆင်တတ်ကြပါသည်၊ ကြိုတင်ပြင်ဆင်မှုသည် လုပ်ငန်းအောင်မြင်ဖို့အတွက် အခြေခံလိုအပ်ချက်ပင် ဖြစ်ပါသည်။

လူအများစု ပြင်ဆင်ကြသော လုပ်ငန်းများကို သေချာလေ့လာကြည့်ပါက နေ့စဉ်တွေ့ကြုံနေရသည့် စားမှု သောက်မှု အဆင်ပြေရေးအတွက်၎င်း၊ နေမှု ထိုင်မှု ချောမွေ့စေရေးအတွက်၎င်း၊ လောကစည်းစိမ် တိုးပွားရေးအတွက်၎င်း၊ ရာထူးဂုဏ်ရှိန် မြင့်တက်ရေးအတွက်၎င်း၊ အများချီူးကျူးခံလိုသောကြောင့်၎င်း၊ ကြိုတင်ပြင်ဆင်မှု ကြိုးစားအားထုတ်မှု အမျိုးမျိုး ပြုလုပ်တတ်ကြသည်ကို သတိပြုမိပါသည်။

လူတို့သည်အနီးကပ်ကြုံတွေ့ရတတ်သည့် ကိစ္စများအတွက် ကြိုတင်ပြင်ဆင်ကြသလို မရေရာ မသေချာသော လူ့ဘ၀အနာဂတ် မျှောလင့်ချက် တောင့်တချက်များအတွက်လည်း ပြင်ဆင်နေကြပါသည်၊ တနည်းအားဖြင့် ပြောရလျှင် လူတို့သည် အသက်ရှင်နေရေးအတွက် ပြင်ဆင်သည့်အလုပ်ကို ဦးစားပေး လုပ်ကိုင်ကြပါသည်။

လူတိုင်း မလွဲရှောင်နိုင်သော ဖြစ်စဉ်တခုအတွက် ပြင်ဆင်ရာတွင် လူအများစုမှာ အားနည်းတတ်ကြပါသည်၊ လူတိုင်း မလွဲမသေါ ကြုံတွေ့ရမည့်ကိစ္စမှာ သေခြင်းပင် ဖြစ်ပါသည်၊ အသေအချာကြုံတွေ့ရမည့် ကိစ္စအတွက် ပြင်ဆင်ရန်အချို့မှာ သတိလက်လွတ်ဖြစ်နေတတ်ပါသည်၊ စာမှုသူအနေဖြင့် သေခြင်းတရားကို တည်ငြိမ်စွာရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားပြီးပြီလား၊
ပြင်ဆင်ရန် စတင် စိတ်ကူးနေပြီလား၊
သို့မဟုတ်-ပြင်ဆင်နေပြီဆိုလျှင် မည်သည့်အတိုင်းအတာအထိ ပြင်ဆင်မိပြီလဲ။

နေရေးအတွက် ပြင်ဆင် အားထုတ် ကြိုးပမ်းနေရသည့်အတွက် သေရေးအတွက် ပြင်ဆင်ကြိုးပမ်းအားထုတ်ဖို့ မေ့နေတတ်ကြပါသည်၊ အထူးသဖြင့် နေရေးအတွက် ကြိုးပမ်းပြင်ဆင်ရာတွင် ရလိုမှု ပိုင်ဆိုင်လိုမှု မြင့်မားလိုမှု စသည့် မက်မောတွယ်တာမှုများကြောင့် လူတို့စိတ်အစဉ်တွင် လောဘ ဒေါသ မောဟတွေ ဖုံးပိတ်နေပါသည်၊ ထိုသုံးပါး ဖုံးကွယ်မှု များသည်နှင့်အမျှ သေရေးအတွက် ပြင်ဆင်ရာတွင် အတားအဆီးအပိတ်အပင် အဟန့်အတားများဖြစ်နေပါသည်၊ သေရေးအတွက် ပြင်ဆင်ရန် သတိလက်လွတ်ဖြစ်နေတတ်ပါသည်။

သေခြင်းသည် ထူးဆန်းသောကိစ္စမဟုတ်၊ လူတိုင်းကြုံတွေ့ရမည့်ကိစ္စ ဖြစ်ပါသည်၊ ကိုယ်တိုင် မသေမီ၊ ကိုယ်နှင့် မရင်းနှီးသူများ ရင်းနှီးသူများ သေကြရမည်ကို လူတိုင်း တွေ့ဖူးကြားဖူးပါသည်၊ သူ့အလှည့် ကိုယ့်အလှည့် အချိန်မရွေး နေရာမရွေး ၀င်ရောက်လာနိုင်ပါသည်၊ အချိန်မရွေး ၀င်ရောက်လာနိုင်သည့်အတွက် ထိုသေခြင်းတရားကို တည်ငြိမ်သောစိတ်ခြင့် မတုန်မလှုပ် ရင်ဆိုင်နိုင်ရန် အမြဲ အသင့်အနေအထားတွင် ရှိအောင် ပြင်ဆင်ထားဖို့ လိုပါသည်၊ သေခြင်းတရားအတွက် ကြိုတင်ပြင်ဆင်ခြင်းသည် လောကကို အရှုံးပေးခြင်းမဟုတ်၊ လောကတွင် အရဲရင့်ဆုံး မှန်ကန်စွာ အသက်ရှင်နေပြခြင်းပင် ဖြစ်သည်။

လူအများသည် သေရမည်ကိုကြောက်ကြသည်၊ အချို့ဆိုလျှင် သေသွားသူကို ကြည့်ပင်မကြည့်ရဲပေ၊ အသုဘအိမ်ကို ဝေးဝေးကရှောင်ကြသည်၊ မည်မျှပင် ဝေးဝေးကရှောင်စေကာမူ လွတ်လမ်းမရှိပါ၊ လွတ်လမ်းမရှိအောင် ချောင်ပိတ်မိနေသော အခြေအနေတွင် တည်ငြိမ်သောစိတ်, မတုန်လှုပ်သောစိတ်, အေးငြိမ်းသောစိတ်ဖြင့် ရင်ဆိုင်နိုင်ရန် ကြိုးစားခြင်းသည် ပြဿနာ ရင်ဆိုင်ရာတွင် အကောင်းဆုံေးသာ ရင်ဆိုင်နည်းဖြစ်ပါသည်။

မှားယွင်းသော အသက်ရှင်နေထိုင်မှုသည် သေခြင်းအတွက် ကြိုတင်ပြင်ဆင်ရန် သတိလက်လွတ် နေမှု ဖြစ်သကဲ့သို့ပင် မှန်ကန်သော အသက်ရှင်နေထိုင်မှုသည် သေခြင်းကို တည်ငြိမ်အေးချမ်းစွာ ရင်ဆိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းပင် ဖြစ်ပါသည်။

သတိတရားကို အချိန်မရွေး နေရာမရွေး ထားပါ၊ ရေအိမ်တက်သည့်အခါမှာပင် သတိဖြင့် ဆင်ခြင်ပါ-ဆိုသော ဘုရားစကားနှင့်အညီ ဆင်ခြင်ရာမှ ကျွန်တော့စိတ်တွင် ဖြစ်ပေါ်လာသောအမြင်ကို တင်ပြလိုပါသည်၊ ကျွန်တော်တို့ အသက်ရှင်ရေးအတွက် အစားအစာများကို စားသောက်ကြရပေသည်၊ စားသောအစားအစာများမှာ အသွေးအသား အင်အား ဖြစ်စေပြီး၊ ကိုယ်ခန္ဓာတွင် မလိုတော့သော အပိုင်းကို အညစ်အကြေးအဖြစ် စွန့်ရထုတ်ရခြင်းသည် သဘာဝတရားဖြစ်ပါသည်၊ ထိုသဘာဝတရားသည် နေ့စဉ်လူတိုင်း ကြုံတွေ့နေရသော သဘာဝဖြစ်၍ မထူးဆန်းပါ၊ မိမိခန္ဓာကိုယ်ထဲမှ အပြီးအပိုင် စွန့်လွှတ်ထုတ်လိုက်ရသည့် မူလ ကိုယ်ပိုင်ထားသောပစ္စည်းအတွက် တွယ်တာခြင်း မက်မောခြင်း လုံးဝမရှိပါ၊ ထိုသဘာဝတရားကို လူတို့သည် ကြောက်လည်းမကြောက် လန့်လည်းမလန့်ကြပါ၊ သံယောဇဉ် အမျှင်တန်ုးခြင်းလဲ လုံးဝမရှိပါ။

သေခြင်းတရားသည် ခန္ဓာကိုယ်တွင် မလိုသောပစ္စည်းများ စွန့်လွှတ်ခြင်းနှင့် တသဘောတည်းပင် ဖြစ်ပါသည်၊ သေခြင်းသည် သဘာဝတရားဖြစ်သည်ကို ကောင်းစွာလက်ခံပြီး အသက်ရှင်စဉ်တွင် မိမိနှင့်ထိတွေ့ဆက်ဆံရသမျှ သက်ရှိသက်မဲ့ အားလုံးသည် မိမိ၏မစင်အိတ်ထဲ၌ ယာယီ သိုလှောင်ထားရသော စွန့်ပစ်ရမည့်ပစ္စည်းအဖြစ် သဘောထားလျက် တကယ်စွန့်ပစ်ဖို့လည်း စိတ်တွင်အမြဲ အသင့်ဖြစ်ပြီး တကယ်စွန့်ပစ်ရသော အခါတွင်လည်း လုံးဝတွယ်တာမက်မောခြင်း မရှိဘဲ၊ စွန့်လွှတ်ရသည့်အတွက် အလွန်ပင် ပေါ့ပါးလွတ်လပ်မှုကို လက်တွေ့ခံစား ကျင့်သုံးနိုင်အောင် စိတ်ကိုပြင်ဆင်ထားနိုင်လျှင် သေခြင်းအတွက် ကောင်းစွာပြင်ဆင်ပြီး ဖြစ်ပါသည်။

စွန့်လွှတ်ရမည်ကို ကြောက်နေခြင်းသည် တွယ်တာမိသောကြောင့် ဖြစ်ပါသည်၊ အမှန်တကယ် မတွယ်တာသော မစင်ဘင်ပုပ်ကို စွန့်လွှတ်ရန် မည်သူမှ ၀န်မလေးကြပါ၊ မတွယ်တာ မကပ်ငြိလျှင် စွန့်လွှတ်ရသည့်အတွက် သောကရောက်စရာ လုံးဝမရှိပါ၊ တွယ်တာမှု ဒီဂရီ အနိမ့်အမြင့်သည် လောဘ, ဒေါသ, မောဟ ဒီဂရီအနိမ့်အမြင့်ပေါ်တွင် တည်နေပါသည်၊ လောဘ ဒေါသ မောဟနည်းအောင် မိမိစိတ်ကို အစဉ်သုံးသပ် ရှုမြင်နေရန် လိုပါသည်၊ မိမိ၌ဖြစ်သော လောဘစိတ်, ဒေါသစိတ်, မောဟစိတ်တို့ကို မလွတ်တမ်းသတိဖြင့် စောင့်ကြည့်သောအကျင့်ကို နေရာမရွေး အခါမရွေး လေ့ကျင့်ကြည့်ပါက တဖြည်းဖြည်း လောဘစိတ် ဒေါသစိတ် မောဟစိတ်တို့သည် ပြင်းထန်စွာ ပေါက်ကွဲမည့် အဆင့်မှ ယုတ်လျော့လာပြီး လောဘစိတ်ဖြစ်သောကာလ, ဒေါသစိတ်ဖြစ်သော ကာလ, မောဟဖုံးသောကာလလည်း တဖြည်းဖြည်းတိုတောင်းလာပေလိမ့်မည်၊ လောဘ, ဒေါသ, မောဟ အဖုံးခံရသော အကြိမ်လည်း နည်းလာပေလိမ့်မည်၊ နောက်တွင် လောဘ ဒေါသ မောဟ ဖြစ်လျှင် ဖြစ်ချင်း သိပြီး ချက်ချင်းပင် ပျက်ပြယ်သွားပေလိမ့်မည်။

ဤနည်းဖြင့် လောဘအမြစ်, ဒေါသအမြစ်, မောဟအမြစ် သုံးမွှာကို အားနည်းမှေးမှိန် အခြေပျက်စေပြီး ထိုအမြစ် သုံးမွှာအစား အလောဘစိတ် အဒေါသစိတ် အမောဟစိတ်များကို မွေးယူလာနိုင်လျှင် သေခြင်းအတွက် အစဉ်သဖြင့် ပြင်ဆင်ပြီး ဖြစ်သည်-ဟု သတ်မှတ်နိုင်ပါသည်။

လောဘ ဒေါသ မောဟ အမြစ်သုံးမွှာကို အလောဘ အဒေါသ အမောဟ အမြစ်သုံးမွှာဖြစ်လာအောင် ကြိုးစားရာတွင် ဒါနအမှု သီလအမှု ဘာဝနာအမှု တို့ကို နေရာမရွေး အချိန်မရွေး အရွယ်မရွေး ဆောင်ရွက်ရပါမည်၊ အဓိကအားဖြင့် ပထမအရွယ်တွင် ပညာရှာ, ဒုတိယအရွယ်တွင် ဥစ္စာရှာ, တတိယအရွယ်တွင် တရားရှာပါ-ဟူသော ရှေးပညာရှိများ၏ အဆုံးအမကို တလွဲယူမှတ်လျက် အသက်အရွယ်ကြီးရင့်မှ တရားဘာဝနာ ပွားများရှာကြံဖို့ လိုပါတယ်၊ ငယ်တုန်းတော့ မလိုသေးပါဘူး-ဟု ယူဆသူ တော်တော်များများ ရှိပါသည်၊ တို့တော့ ပင်စင်ယူပြီးမှ တရားဘာဝနာ အားထုတ်တော့မယ်-ဟု ပြောသံများကိုလည်း မကြာခဏ ကြားရတတ်ပါသည်၊ သေခြင်းတရားရယ် ကျွန်တော်ပင်စင်ယူပြီးသည်အထိ စောင့်နေပါဦး, နာခြင်းတရားရယ် ကျွန်တော်ပင်စင်ယူပြီးသည်အထိ စောင့်နေပါဦး, ကျွန်တော့ကို အဲဒီအချိန်မှာ ကျန်းကျန်းမာမာနှင့်တရားဘာဝနာ ပွားများခွင့်ပြုပါ-ဟု တား၍ရလျှင် အလွန်အဆင်ပြေလှပါမည်၊ ပင်စင်ယူသောအခါ ရုပ်လည်းအို စိတ်လ်းအိုပြီး စိတ်သွားတိုင်း ကိုယ်မပါသောအခါမှာ ထက်ထက်သန်သန် ကြိုးပမ်းအားထုတ်ဖို့မှာ အလွန်ခက်ခဲသွားပြီဖြစ်ပါသည်။

အကယ်၍များ သေခြင်းတရားသည် ပင်စင်ယူသောနေ့မှာပင် ၀င်လာပါက ယခုဘ၀တွင် တရားဘာဝနာ ပွားများခွင့် လုံးဝ လက်လွတ်သွားမည် ဖြစ်ပါသည်၊ ထို့ကြောင့် မသေချာ မရေရာသည့် ကိစ္စများကို မျှော်ကိုးအားထားနေခြင်းထက် သေချာရောရာသော ကိစ္စကို မိမိရရ မလွတ်တမ်း ဆောင်ရွက်ဖို့ လိုပါသည်၊ မျက်မှောက်အချိန်သည် အသေချာဆုံး အချိန်ဖြစ်ပါသည်၊ အသေချာဆုံးသော အချိန်တွင် အမှန်တကယ် အလိုအပ်ဆုံးသော အလုပ်ကို စတင်လုပ်ကိုင်ခြင်းဖြင့် အသေချာဆုံး ကြုံတွေ့ရမည့် သေခြင်းတရားကို စိတ်အေးတည်ငြိမ်စွာ တုန်လှုပ်မှုကင်းစွာ ရင်ဆိုင်ဖို့ ပထမခြေလှမ်း ပြင်ဆင်ခြင်းပင် ဖြစါပ်သည်။

( ဒေါက်တာသိန်းလွင်-ပညာရေးတက္ကသိုလ် )
( မြတ်မင်္ဂလာ ၁၉၉၁-နိုဝင်ဘာလ )

Monday, January 19, 2009

ကံ ကံ၏အကျိုး ( ၁၀ )

( မကောင်းမှု စေတနာ )
ကျွန်မအသက် ဆယ့်လေးနှစ်အရွယ်ခန့်က ဖြစ်သည်၊ ကျွှန်မတို့ရွာတွင် မိုးရာသီနှင့် ဆောင်းရာသီတို့၌ သောက်ရေ သုံးရေများကို ရွာအနီးနားရှိ ရေတွင်းများမှ လုံလောက်စွာ ရရှိပါသည်၊ သို့သော် နွေရာသီရောက်တိုင်း ကျွန်မတိုအရွာတွင် ရေရှားမှုဒဏ်ကို ခံရသည်၊

နွေရာသီပေါက်ပါက ကျွန်မတို့ရွာနှင့် ၄-ဖာလုံခန့်ဝေးသော တောစပ်ရှိ ရေတွင်းများသို့ သွားရောက်ကာ ရေများကို သယ်ယူကြရပါသည်၊ တခုသောနွေရာသီ၏ ညနေခင်းတွင် ဖြစ်သည်၊ ကျွန်မသည် ၄-ဖာလုံခန့်ဝေးသော ရေတွင်းမှ အိမ်သို့ သောက်ရေ သုံးရေများကို ရေချောင်တထမ်းဖြင့် သယ်ယူနေပါသည်။

ကျွန်မသည် ပထမထမ်းခဲ့သော ရေလေးထမ်းကို သုံးရေအိုးထဲသို့ထည့်ခဲ့ပြီး ယခုနောက်ဆုံး ထမ်းခဲ့သော ရေတထမ်းကို သောက်ရေအိုးထဲကို ထည့်မည်ဟု စိတ်ကူးကာ ရေချောင်ထမ်းကို ထမ်းပြီး အိမ်သို့ပြန်လာပါသည်၊ ယင်းသို့ ပြန်လာစဉ် ရွာ၏အ၀င်ပေါက်ဝ၌ ကျွန်မ၏၀မ်းကွဲ တူတယောက်နှင့် တွေ့ပါသည်၊

ကျွန်မ၏တူက ကျွန်မကိုမြင်သောအခါ ( အရီး, ရေဆာလို့ ရေသောက်ဦးမယ်-ဟု ပြောပါသည်၊ ကျွန်မက အခုထမ်းခဲ့တာ သောက်ရေအတွက် ထမ်းခဲ့တာ၊ မင်း ငုံ့သောက်ပြီးသား မထည့်ချင်ဘူး၊ မသောက်နဲ့-ဟု ပြောပါသည်၊
သူကလဲ ရေဆာလှပြီမို့ သောက်ဦးမယ်-ဟု ရေချောင်တဖက်ကို အတင်းဆွဲထားပါသည်၊ ကျွန်မလဲ သုံးရေအတွက်ဆိုရင် သောက်စေတယ်၊ အခုဟာက သောက်ရေမို့ မသောက်နဲ့-ဟု အတင်းငြင်းပြီး ရေချောင်ထမ်းကို ထမ်းကာ အိမ်သို့ပြန်ခဲ့ပါသည်။

ဤသို့ဖြင့် ကျွန်မ၏အသက် ၁၉-နှစ်အရွယ်သို့ ရောက်ရှိလာသည်၊ ကျွန်မသည် စပါးတောင်း တတောင်းကို မ,လိုက်ရာ အမ,မတော်သဖြင့် ခါးနာသွားခဲ့သည်မှာ ယခုဆိုလျှင် ၇-နှစ်ခန့် ရှိပြီဖြစ်သည်။
ကျွန်မသည် ခါးနာနေသဖြင့် ယခုအခါတွင် ရေကို ကိုယ်တိုင်မထမ်းနိုင်တော့ပါ၊ သောက်ရေ သုံးရေကို သူများခပ်ပေးမှသာ သောက်နိုင် သုံးနိုင်သည့်ဘ၀သို့ ရောက်နေရပါသည်။

ကျွန်မတို့ရွာတွင် ရေအငှါး ခပ်လိုသူမှာလည်း ရှားပါးလှသဖြင့် ကျွန်မသည် ရေဆင်းရဲမှုဒဏ်ကို လှလှကြီး ခံစားနေရပါသည်။
တခါတရံ အိမ်တွင် သောက်ရေလုံးဝမရှိသဖြင့် အိမ်နီးနားချင်း အိမ်များသို့ သွားရောက်ကာ တောင်းသောက်နေရပါသည်။

ယခုကဲ့သို့ ကျွန်မဘ၀တွင် ရေဆင်းရဲမှုဒဏ်ကို အများနဲ့မတူ ခံစားနေရခြင်းမှာ ကျွန်မငယ်စဉ်က ရေဆာ၍ ရေတောင်းသူကို ရေမပေးခဲ့သော မကောင်းမှုစေတနာ အကျိုးကို လက်ရှိ ခံစားနေရခြင်းဖြစ်သည်-ဟု ယုံကြည်မိပါတော့သည်။
( စာဖတ်ပရိတ်သတ်များ ရေဆာသူကို ရေများ ပေးနိုင်ကြပါစေ )

( သန်းသန်းထွေး )
*********************************************************************************

( ကာလ၀ိပါက် )
အဘဦးဖိုးလူမှာ ဒေါသကြီးသူ, စိတ်မြန်သူ, ရက်စက် ကြမ်းကြုတ်သူ ဖြစ်သည်၊ အဘကို သား မြေး မြစ်များသာမက တရွာလုံးကပင် ကြောက်လန့်ကြရသည်၊ အဘသည် ဆွေမျိုးသားချင်း၊ ရွာသားချင်း အပေါ်၌သာ အနိုင်ယူသူမဟုတ် တိရစ္ဆာန်များအပေါ်၌လည်း သက်ညှာမှုကင်းစွာ အနိုင်ယူသူ၊ ရက်စက်သူ ဖြစ်သည်၊ အဘသည် သူစီးနေကျ မြင်းကိုပင် စိတ်တိုင်းမကျဖြစ်ကာ ရက်ရက်စက်စက် ရိုက်နှက်ခဲ့သဖြင့် မြင်းကိုက်ခံရဖူးသည်၊ နောက်ဆုံး အဘကိုယ်တိုင် သူ့မြင်းကို သတ်ပစ်ခဲ့သည်။

အဘသည် မိမိကျေးဇူးရှင် နွားများအပေါ်လည်း စာနာမှု ကင်းမဲ့စွာ ခိုင်းစေခဲ့သည်၊ အဘ၏ နွားများ ကျွဲများမှာ ပခုံးပေါက်လျက် ပိန်သည်က များသည်။

အဘသည် တိရစ္ဆာန်ထဲတွင် ခွေးကို အမုန်းဆုံးဖြစ်သည်၊ အဘတို့အိမ်မှာ ခွေးမရှိပေ၊ အဘသည် ခွေးမြင်လျှင်ပင် ရိုက်ချင်နှက်ချင် နေသည်လားမသိ၊ တနေ့တွင် အဘက ခွေးတကောင်ကို ခဲဖြင့်ပစ်လေသည်၊ ထိုခွေးက အဘဦးဖိုးလူကို ခုန်ဆွဲကာ လက်မောင်းအိုးကို ကိုက်လိုက်သည်၊ ဒဏ်ရာက မသေးလှချေ၊ အဘမှာ ဒေါသတွေ ထောင်းထောင်းထ,ကာ အိမ်ပြန်ခဲ့ရသည်၊ အိမ် အပင်က သင်္ဘောသီးစိမ်း တလုံးကို မီးအုံးကာ အဘအား ကိုက်သောခွေးကို ပစ်၍ကျွေးသည်၊ ခွေးသည် အဆင်ခြင်မဲ့စွာ ကိုက်ဟပ်လိုက်သည်နှင့် မလူးသာ မလွန့်သာ သင်္ဘောသီး ပူပူကြီးတန်းလန်းနှင့် လျှောက်ပြေးနေရတော့သည်။

ထိုခွေးမှာ နောင်တွင် သွားတချောင်းမကျန် ကျွတ်ကာ အတိဒုက္ခ ရောက်နေရတော့သည်၊ အဘဦးဖိုးလူ ၀မ်းသာအားရဖြစ်ကာ အိမ်ပြန်ခဲ့သည်၊ မကြာပါ အဘဦးဖိုးလူသည်လည်း မနေသာ မထိုင်သာ သွားကိုက်ရောဂါဆိုးကြီး ခံစားရပြီး သွားတချောင်းမကျန် ကြွေကျခဲ့သည်။

ယခုဆိုလျှင် ဒေါသအိုးကြီး အဘသည် သွားတချောင်းမှ မရှိသဖြင့် စားချင် ၀ါးချင်ရာကို မစားနိုင်ချေ၊ သူ့မျက်နှာမှာလည်း မြင်းကိုက်ရာကြီးကြောင့် ရုပ်ဆိုး အကျည်းတန်ကာ ကြောက်လန့်စရာပင် ကောင်လှသည်၊ လက်မောင်းက ခွေးကိုက်ရာမှာလည်း အထင်းသားကြီးပင်၊ အဘသည် ခါးကကိုင်း, နားကထိုင်းနှင့် အသက်ရှင်နေရသည်မှာ ၀ဋ်ဒုက္ခလို ဖြစ်နေတော့သည်၊ ဒေါသကြီးကြီး ရက်စက်ကြမ်းကြုတ်စွာ အညှာတာ ကင်းမဲ့သော အဘကို ဆွေမျိုးသားချင်းများကပင် ပြုစုဖို့ ရွံ့နေကြသည်၊ အဘ၏ ကံကြမ္မာ ၀ဋ်ဆိုးကို ကြည့်ကာ အားလုံး သင်ခန်းစာယူမိကြတော့သည်။
( မေရည်မွန်-မြန်မာစာ )
*********************************************************************************

(ကြောက်စရာ အကုသိုလ် )
ရွာတရွာတွင် အင်းသူကြီး တယောက်ရှိ၏၊ အမည်ကား ဦးထွန်းသူ-ဖြစ်၏၊ အင်းလုပ်ငန်းနှင့် အကျိုးပေးသည်ဟု ဆိုရမည်လားမသိ၊ ဒီရေအလား ပစ္စည်းဥစ္စာပေါကြွယ်ဝလာ၏၊ ဦးထွန်းသူသည် အင်းလုပ်သားဘ၀မှ အင်းသူကြီး ဖြစ်လာသည့်အတွက် အင်းလုပ်ငန်း၌ အောက်သက်ကျေ၏၊ လုပ်သားများကို ကိုယ်တိုင်ကြပ်ကြပ်မတ်မတ် ခိုင်း၏၊ ဟာကွက်မရှိစေရ၊ လုပ်သားများ နားသည့်အချိန် နား၍ အလုပ်လုပ်သည့်အချိန်၌ အလုပ်နှင့်လက် ဇယ်ဆက်သလို လုပ်ကြရ၏။

ဤကဲ့သို့ စနစ်ကျ၍ပင် ဦးထွန်းသူတယောက် အင်းလုပ်ငန်းဖြင့် နေ့ချင်းညချင်း စီးပွားဖြစ်ခဲ့၏၊ အိမ်၌လည်း ကုန်မျိုးစုံဆိုင်ကြီး ဖွင့်၍ တဖက်မှ ဈေးရောင်လိုက်သေး၏။

သို့ရာတွင် အင်းသူကြီးတယောက်ပီပီအစားအသောက် ကြမ်း၏၊ အစားမျိုးစုံ အကောင်မျိုးစုံကို ကြိုက်တတ်သော အင်းသူကြီးဖြစ်၏၊ လိပ်ကိုလည်း မလွတ်တမ်းစား၏၊ လိပ်သားနှင့် ယမကာလေးများကို အမြဲတမ်းမှီဝဲလေ့ရှိ၏၊ လိပ်မရက ငါးမီးဖုတ်ဖြင့် မြည်း၏၊ အကြိုက်ဆုံးကား ငါးပြေမ လှိုင်လှိုင်ပေါ်ချိန်၌ အင်းသူကြီးစားရန် လှောင်၍ပင် ထားရ၏၊ ငါးပြေမကို ရွံ့အုံးပြီး မီးဖုတ်စားခြင်းကို အလွန်နှစ်သက်၏။

သည့်အပြင် အင်းထဲ၌ပေါသော မြွေပတုတ်များကို အခြောက်လှန်း၍ ကြော်ကာ စားလေ့ရှိ၏၊ သူ၏အစားပက်စက်မှုကတော့ အံ့စရာပင်၊ ၀က်အရှင်ကို အမြီးဖြတ်၍ ရေနွေးဖြောကာ စားသည့်အလေ့အထလည်း ရှိ၏။

နွေအခါ တပေါင်း တခူး၌ အင်းသူကြီးသည် တပည့်များကို လိပ်ရှာခိုင်း၏၊ ကိုယ်တိုင်လည်း ရှာ၏၊ သူတို့ရှာပုံက ဒိုက်တောများကို မီးရှို့၍ ရှာခြင်းဖြစ်၏၊ အလွန်ပူပြင်းခြောက်သွေ့သော အချိန်တွင် မီးတင်ရှို့လိုက်တော့ ဘာသတ္တ၀ါ ခံနိုင်မည်နည်း။ မီးရှို့ပြီးနောက် လိပ်ရှာသူများသည် မီးလောင်ပြင်ကို လိုက၍ကြည့်ကြ၏၊ မီးလောင်ခံရသော သတ္တ၀ါမှန်သမျှ ပက်လက်လှန်၍ သေကြရရှာ၏၊ အပင်ပန်းမခံရဘဲ သားကောင်ကို လိုက်ကောက်၍ ယူခဲ့ကြလေသည်။

ညတည၀ယ်ဦးထွန်းသူ ရေချိန်က မကိုက်တကိုက်အချိန်တွင် ဈေးဝယ်သူရောက်လာ၏၊ အရက်ဝိုင်းမှ ဘာလဲ ဘာလဲ-ဟု ဗလုံးဗထွေးပြောကာ ထလာ၏၊ ဈေးဝယ်သူက ရေနံဆီ တဆယ်သား-ဟုပြော၏၊ ထိုအခါ ဦးထွန်းသူ၏ ဇနီးက ရှင်နေစမ်းပါတော် ကလေးတွေ ရောင်းပါလိမ့်မယ်-ဟုပြော၏၊ ဦးထွန်းသူက နင်မသိဘူး ကလေးတွေ စိတ်မချလို့ ငါကိုယ်တိုင်ရောင်းဘို့ ထလာတာ-ဟု ပြော၏။

ထိုအခါ ဇနီးသည် ဒေါ်စိန်မြက ရှင်ဖြစ်ပါ့မလား၊ လူကဖြင့် အရှိန်ကလေးနဲ့-ဟုပြောလိုက်ရာ ဦးထွန်းသူတယောက် အကြီးအကျယ် ဒေါပွသွား၏၊ ဘာပြောတယ်ကွ မိစိန်မြ၊ ဒီလောက် ငါမမူးသေးပါဘူး၊ နင် ငါ့ကို မစော်ကားနဲ့၊ ပါးပိတ်ရိုက်လို့ သွားထွက်သွားမယ်၊ နင် ဘာမှတ်သလဲ-ဟု ဦးထွန်းသူ ကြိမ်းမောင်လိုက်ရာ ဒေါ်စိန်မြ ငြိမ်သွားရ၏။

ဟေ့ကောင် လာစမ်း-ဟု တပည့်တယောက်ကိုခေါ်ပြီး မီးခွက်မြှောက်ပြခိုင်းသည်၊ ဦးထွန်းသူလည်း ရေနံဆီပုံး အဖုံးကိုဖွင့်ပြီး ဂါလန်ခွက်ထဲ ထည့်ရန် မ,၍ သွန်လိုက်သည်၊ ဟုတ်-ဟူသော မြည်သံနှင့်အတူ ရေနံဆီပုံး မီးစွဲလောင်တော့၏၊ ဦးထွန်းသူ ပစ်မချပါ၊ ပစ်ချလျှင် သူ့အိမ်နှင့်တကွ တရွာလုံး မီးလောင်ပေတော့မည်၊ ဒီအသိက သူ့ခေါင်းထဲ၌ရှိနေ၏၊ ထိုအခါ ဦးထွန်းသူသည် မီးစွဲလောင်နေသော ရေနံဆီမီးပုံးကို မ,ပြီး အိမ်တွေနှင့်လွတ်ရာ ကွင်းပြင်ဘက် ထွက်ပြေးပြီး ပစ်ချလိုက်၏၊ သို့ပေမယ့် ဦးထွန်းသူ တကိုယ်လုံးမှာ မီးဟုန်းဟုန်းတောက်၍ နေတော့၊

အနီးပတ်ဝန်းကျင်မှ တပည့်တပန်းများ ၀ိုင်းဝန်းငြိမ်းသတ်မှ မီးငြိမ်းသွားတော့၏၊ ဦးထွန်းသူခမျာ မချိမဆန့် ခံစား၍ နေရ၏၊ ထို့နောက် ဖက်ရွက်များ ဆီသုတ်ပြီး လှည်းပေါ်ခင်း၍ ဦးထွန်းသူအား ဆေးရုံတင်ရန် သွားကြ၏၊ သို့သော် ဆေးရုံအရောက်မခံပါ၊ လမ်းတွင် အသက်ပျောက်၍ သွားရှာလေတော့၏၊ အမှန်တော့ ဦးထွန်းသူသည် သူတပါးအသက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော အကုသိုလ်များက သူ့ကို ဖိစီး၍သွားခြင်းဖြစ်ပါသည်။
( စိုးရည်ထွန်း )

( မြတ်မင်္ဂလာ ၁၉၉၁-ခု နိုဝင်္ဘာလ )

ဘာသာရေး ပြဿနာ ( ၁၁ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )


( မေး ) ( အိပ်မက် )
သောတာပန်, သကဒါဂါမ်, အနာဂါမ် အရိယာများ အိပ်မက် မက်ခြင်း ရှိနိုင်ပါသလား၊
ရဟန္တာများ အိပ်မက် မက်ခြင်း ရှိ-မရှိ ၊ မရှိလျှင် အဘယ့်ကြောင့် ဆိုသည်ကို သိလိုပါသည်။
( အရှင်ပညာဒီပ-မင်္ဂလာတောရကျောင်း၊ ကြာအင်းဆိပ်ကြီးမြို့ )

( ဖြေ )
ပုထုဇဉ် ပုဂ္ဂိုလ်နှင့် သောတာပန် ပုဂ္ဂိုလ်, သကဒါဂါမ် ပုဂ္ဂိုလ်, အနာဂါမ် ပုဂ္ဂိုလ် ဤပုဂ္ဂိုလ် ၇-ဦးတို့သာ ၀ိပ္ပလ္လာသတရားကို မပယ်ရသေး၍ အိပ်မက် မြင်နိုင်၏။

ရဟန္တာပုဂ္ဂိုလ်တို့ကား သညာဝိပ္ပလ္လာသ, စိတ္တ၀ိပ္ပလ္လာသ, ဒိဋ္ဌိဝိပ္ပလ္လာသ တို့ကို အကြွင်းမဲ့ ပယ်ရှားပြီးဖြစ်၍ အိပ်မက်မြင်ခြင်း မရှိတော့ပါ။
*********************************************************************************

( မေး ) ( ရှေးဘုရားတို့၏ ဓာတ်တော်များ )
ရွှေတိဂုံသမိုင်းတွင် ကကုသန် စသော ရှေးဘုရားတို့၏ ဓာတ်တော်များကို ဌာပနာထားကြောင်း သိရပါသည်၊
ဘုရားဓာတ်တော်များသည် ဘုရားသာသနာကုန်လျှင် ဓာတုပရိနိဗ္ဗာန်ပရိနိဗ္ဗာန်စံ၍ မကျန်နိုင်ကြောင်း ကြားသိဖူးပါ၍ ကကုသန်-စသော ဓာတ်တော်များ ရှိနိုင်-မရှိနိုင် ရှင်းလင်းဖြေဆိုပေးပါရန် ဘုရား။
( မွန် အရှင်သန္တာစာရ-တနင်္သာရီ )

( ဖြေ )
ဓာတ်တော်များ ဓာတုပရိနိဗ္ဗာန်စံ၍ အနည်းငယ်မျှ မကျန်ရတော့ကြောင်းဆိုသည်မှာ သက်သမ်းတိုသော ဂေါတမမြတ်စွာဘုရား သာသနာတော်အတွက်သာ ဆိုခြင်းဖြစ်ကြောင်း မှတ်သားသင့်ပါသည်။

ကကုသန်စသော မြတ်စွာဘုရားတို့မှာ သက်တမ်းတော်ရှည်၍ ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါ ဓာတ်တော်များ မကျန်ရစ်ပါ၊ တလုံးတခဲတည်းသော ရုပ်ကြွင်းဓာတ်တော်ကို စေတီတည်ရစ်ကြောင်း ဆိုပါသည်၊

ရွှေတိဂုံသမိုင်းလာ ရှေးဘုရားတို့၏ ပူဇော်စရာမှာ ဓာတ်တော်များ မဟုတ်၊
တောင်ဝှေးတော်, ရေစစ်တော်, ရေသနုပ်တော် ဟူသော အသုံးအဆောင်များဖြစ်၍ ဘုရားရှင်တို့၏ တန်ခိုးတော်, တကမ္ဘာတိုင် အသက်ရှည်မည့် ဘုမ္မစိုး နတ်မင်းကြီးများ၏ ထိမ်းသိမ်းစောင့်ရှောက်မှု, ကိုးကွယ်ထိုက်သူ ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့၏ ကုသိုလ်ကံကြောင့် မရှိနိုင်စရာအကြောင်း မရှိပါ-ဟု ဖြေဆိုအပ်ပါသည်။
*********************************************************************************

( မေး ) ( နေလွဲညစာ စားမှုကိစ္စ )
ဗုဒ္ဓဘာသာဝင်များ ဥပုသ်သီလ စောင့်ထိန်းရာတွင် နေလွဲညစာ စားမှုမှ ရှောင်ကြဉ်ရခြင်း၏ ရည်ရွယ်ချက် အနှစ်သာရသဘောကိုထားကို ရှင်းလင်းပေးတော်မူပါဘုရား။
( မောင်ဘအေး-ရွာထောင်ရွာ၊ မုံရွာမြို့ )

( ဖြေ )
လူပုဂ္ဂိုလ်တို့သည် နိစ္စသီလဖြစ်သောငါးပါးသီလကိုသာ စောင့်ထိန်းရာမှ အရိယာသူတော်ကောင်းများကဲ့သို့ သီလများစွာကို စောင့်ထိန်းလိုသောအခါ အနာဂါမ်အရိယာများ, ရဟန်းပုဂ္ဂိုလ်နှင့် ဘုရား ရဟန္တာများအား အတုယူ၍ ဗြဟ္မစရိယသီလတော်မြတ်ကို ခံယူဆောက်တည်ကြရာ
ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-နေရာ၌
အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-ကို အစားထိုး ဆောက်တည်ကြရပါသည်၊

ဗြဟ္မစရိယ သိက္ခာပုဒ်တော်ကြီးမှာ အလွန်သိမ်မွေ့လှပါသည်၊ ဤသိက္ခာပုဒ်တော်ကြီး တည်တံ့ခိုင်မြဲရေး၏ အကြီးဆုံးအန္တရာယ်မှာ ညစာစားခြင်းပင် ဖြစ်ပါသည်၊
ညစာစားမှုသည် ကာမမှုကို အားပေးသော အားဆေးကြီးပင် ဖြစ်သည်၊
ထို့ကြောင့် ဗြဟ္မစရိယသိက္ခာပုဒ် ခိုင်မြဲရေးအတွက် ညစာစားမှုကို ပထမဆုံး ရှောင်ကြဉ်ရပါသည်။

ထို့အတူ ဗြဟ္မစရိယ သိက္ခာပုဒ်ကို ပျက်ပြားစေရေး အားပေးသော ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်း, ယင်းတို့ကို ကြည့်ရှု နားထောင်ခြင်း, ပန်းပန်ခြင်း, နံ့သာလိမ်းခြင်း, တန်ဆာဆင်ခြင်းနှင့် ညက်ညောသော အခင်းအာရုံတို့နှင့် အိပ်စက်ခြင်းတို့ကိုပါ ရှောင်ကြဉ်ရပါသည် ။
*********************************************************************************

( မေး ) ( အမျှ ပေးဝေချိန် )
ငါးပါးသီလ ခံယူ၍ ပရိတ်နာယူပြီးမှ အမျှ ပေးဝေခြင်းထက်
အမျှ ပေးဝေပြီးမှ ပရိတ်နာယူခြင်း မည်သည်က မှန်ပါသလဲဘုရား။
( ဦးသာအေး-တောင်ဥက္ကလာ )

( ဖြေ )
အိမ်မှာ ဘုန်းတော်ကြီးများအား ဆွမ်းကပ်ပြီးနောက် ရှေးဦးစွာ ကန်တော့၍ သီလခံယူပြီး ပရိတ်တရားတော်များကို နာယူကာ သြ၀ါဒ အနုမောဒနာတရားများ နာကြားပြီးသည့်နောက် အဆုံးမှာမှ ရေစက်ချ အမျှပေးဝေမှုမှာ ဗုဒ္ဓဘာသာ လမ်းရိုးစဉ်လာပင် ဖြစ်ပါသည်၊

အဘယ့်ကြောင့်ဆိုသော်-အမျှပေးဝေခြင်းသည် ပတ္တိဒါနကုသိုလ်မှုဖြစ်၍ မိမိပြုသမျှ ဒါနမှု, သီလမှု, ပရိတ်တရားနာခြင်း-စသော ဓမ္မဿဝနမှု-စသော ကုသိုလ်ကောင်းမှုများကို မိမိရည်ညွှန်းအပ်သော ပုဂ္ဂိုလ်နှင့်တကွ ၃၁-ဘုံရှိ သတ္တ၀ါများ မိမိနှင့်အတူ အမျှရစေလိုသော မနောအာသီသ အမှန်အတိုင်း ဖြစ်သောကြာင့်ပင်။
*********************************************************************************

( မေး ) ( သောတာပန်နှင့် အရက် )
ဘုရားလက်ထက်က အရက်သမား သောတာပန်-ဟူ၍ ရှိခဲ့သည်ဟု ကြားဖူးပါသည်၊ ဟုတ် မဟုတ် ဖြေကြားပေးတော်မူပါဘုရား။
( မလှလှ-မန္တလေး )

( ဖြေ )
အရက် အလွန်သောက်သော သရဏာနိ သာကီဝင် မင်းသားအား မြတ်စွာဘုရား တရားဟော၍ သောတာပန်ဖြစ်သွားသည်၊ သောတာပန်ဖြစ်ပြီးသည့် နောက်တွင်ကား အရက်မသောက်တော့ချေ၊
သောတာပန်ပုဂ္ဂိုလ်တို့မည်သည်မှာ ငါးပါးသီလကို မည်သည့်အခါမျှ ဖောက်ဖျက်သည်မဟုတ်။
သောတာပတ္တိမဂ်ဖိုလ်စသော အရိယာတရားတို့သည် လောကတွင် အယဉ်ကျေးဆုံး တရားတော်များ
ဖြစ်သည်၊

အရက်သည် လောကတွင် အရိုင်းစိုင်းဆုံး၏ အကြောင်းတရားဖြစ်သည်၊
လွန်စွာဆန့်ကျင်သည်ဖြစ်သဖြင့် အရက်နှင့် ရေ ရောနှော၍ သောတာပန်ပုဂ္ဂိုလ်၏ ပါးစပ်တွိင်းသို့ ထည့်လျှင်
ရေသာဝင်၍ အရက်မ၀င်ကြောင်း သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာတွင် ဖွင့်ဆိုပါသည်၊ ထို့ကြောင့် အရက်သမား သောတာပန်-ဟူ၍ မရှိနိုင်ကြောင်း အထူးမှတ်သားသင့်ပါသည်။
*********************************************************************************

( မေး ) ( ရွှေတိဂုံနှင့် ဘုရားလေးဆူ ဓာတ်တော် )
ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ ကိန်းအောင်းလျက်ရှိသောဘုရားလေးဆူ၏ အသုံးအဆောင် ဓာတ်တော် မွေတော်များကို သိလိုပါသည်ဘုရား။
( မောင်ဇော်လတ်-ပဲခူးစုရပ်ကွက်, သန်လျင်မြို့ )

( ဖြေ )
ရွှေတိဂုံ သမိုင်းဟောင်းများအရ -
၁။ ကကုသန်မြတ်စွာဘုရား၏ တောင်ဝှေးတော်၊
၂။ ကောဏာဂုံမြတ်စွာဘုရား၏ ရေစစ်တော်၊
၃။ ကဿပမြတ်စွာဘုရား၏ ရေသနုပ်တော်၊
၎။ ဂေါတမမြတ်စွာဘုရား၏ ဆံတော်များ ဖြစ်ကြောင်း သိရပါသည်။
*********************************************************************************

( မေး ) ( ဗုဒ္ဓပ္ပမုခ သံဃိကဒါန )
မျက်မှောက်ခေတ် သာသနာတော်၌ ဗုဒ္ဓပ္ပမုခ သံဃိကဒါန ( ဘုရားအမှူးရှိသော သံဃာအား လှူဒါန်းမှု )
ဖြစ်နိုင်-မဖြစ်နိုင် ဖြေကြားတော်မူပါဘုရား။
( အရှင်ဝဏ္ဏိတ-ငပုတော, သုံးခွ ပရဟိတ )

( ဖြေ )
ဧကတော ဘိက္ခုသံဃော၊
ဧကတော ဘိက္ခုနီသံဃော၊
ဗုဒ္ဓပ္ပမုခ ဥဘတောသံဃော-စသည်ဖြင့်
ဒက္ခိဏ၀ိဘင်္ဂသုတ်အဖွင့် ( မ-ဋ္ဌ၊ ၄-၂၂၄၊ ၂၂၅ ) တွင် မြတ်စွာဘုရား၏ ဓာတ်တော် ဌာပနာထားသော
ဗူဒ္ဓရုပ်ပွားတော်ကို ရှေ့၌ထားရှိ၍ ရဟန်းသံဃာအား ရေစက်ချ လှူဒါန်းခြင်းမှာ ဗုဒ္ဓပ္ပမုခ သံဃိကဒါန ဖြစ်နိုင်၍

ဘုရားပရိနိဗ္ဗာန်စံပြီးနောက် ဘိက္ခုနီ ရှိသေးသော ခေတ်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ဗဟို၌ထား၍ ဘိက္ခု ဘိက္ခုနီ သံဃာကို တဖက်စီထား၍ ရေစက်ချလှူဒါန်းသော အလှူကို ဗုဒ္ဓပ္ပမုခ ဥဘတော သံဃဒါန ဖြစ်ကြောင်း အကျယ်ဖွင့်ဆိုထားပါသည်၊

ဤခေတ်အခါတွင် ဘိက္ခုနီသံဃာ မရှိနိုင်တော့၍ ဗုဒ္ဓပ္ပမုခ ဧကတော သံဃဒါနကိုသာ ရရှိနိုင်မည်ဖြစ်ပါသည်။
အကျယ်ကို အညွှန်းပါ ဥပရိပဏ္ဏာသ အဋ္ဌကထာ ကိုရှုပါ။
*********************************************************************************

( မေး ) ( ငရဲခန်း စကားနှင့် အနန္တငါးပါး )
၁။ နေမိ ငရဲခန်းပျို့  ပိုဒ်ရေ ၁၂၅-နမော က ခ၊ တည်စကျမ်းရိုး၊ ကိုးခိုး ကုံးခုံး၊ တလုံးတနာ၊ သင်ဖူးပါသား၊ ဆရာသမား-၌ ကိုးခိုး ကုံးခုံး၏ အဓိပ္ပါယ်ကို နားမလည်ပါ၍ ဖြေကြားပေးတော်မူပါဘုရား။

၂။ အနန္တောအနန္တ ငါးပါးကို မည်သည့်ပါဠိ အဋ္ဌကထာ ဋီကာတို့၌ ယှဉ်တွဲဟောကြား ဖွင့်ဆိုထားချက် ရှိပါသနည်း၊
ရှိပါက သာဓကများ ထုတ်ပြ၍ဖြေကြားပေးတော်မူပါဘုရား။
( ဦးထိန်-၄၂-သမ္မာဒိဋ္ဌိလမ်း, ဋ္ဌေးကြွယ်ရပ်ကွက် တာမွေ )

( ဖြေ )
၁။ ကိုးခိုး ကုံးခုံး-ဟူသော နေမိငရဲခန်း စကားမှာ မြန်မာစကား ပရိယာယ်တွဲယှဉ်၍ စပ်ဆိုထားခြင်း ဖြစ်ပါသည်၊
ဤငရဲခန်းပျို့ တွင်-ညစ်ညောင့် ညစ်ညမ်း ( ပုဒ်-၂၆ )
ယုတ်မောင့် ယုတ်မာ ( ပုဒ်-၂၇ )
လွတ်ခေါင့် လွတ်ခဲ ( ပုဒ်-၂၈ ) တို့၌ စပ်ဆိုထားသကဲ့သို့၎င်း၊

အခြားပျို့ လင်္ကာတို့တွင် နှမိနှမြော၊ ဖြစ်ခေါင့်ဖြစ်ခဲ၊ လိမ္မောင့်လိမ္မာ-ဟူသကဲ့သို့၎င်း၊
မြတ်မာစကားတွင် ခိုးလိုး ခုလု, ကပြောင်း ကပြန်, ကိုးရိုး ကားရား, စသည်များကဲ့သို့၎င်း၊
ကိုးခိုး ကုခု-ဟု ဆိုလိုပါလျက် ကိုးခိုး ကုံးခုံး-ဟု ဆိုခြင်း ဖြစ်တန်ရာပါသည်။

နမောသိဒ္ဓံ က-ခ မှစ၍ ကိုးကွယ်မှီခို၍ တလုံးတပါဒ သင်ပေးဖူးသော ဆရာသမား-ဟု အဓိပ္ပါယ် ဖော်နိုင်ပါသည်။

၂။ ရတနာသုံးပါးနှင့် မိဘ ဆရာသမားတို့ ကျေးဇူးကို ယှဉ်တွဲဟောကြားထားသော ပါဠိတော်နှင့် ဖွင့်ဆိုချက်များ သီးခြားမတွေ့ရပါ၊ သို့သော် ပါဠိ အဋ္ဌကထာ နေရာများစွာ၌ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူး, မိဘဂုဏ်ကျေးဇူး, ဆရာသမားဂုဏ်ကျေးဇူးတို့ကို ဟောပြဖွင့်ဆိုချက်များ များပြားလှပါသည်။
ထိုအချက်တို့ကိုထောက်၍ ရှေးဆရာကြီးများက အနန္တငါးပါး ဂုဏ်ကျေးဇူးများကို ဖော်ကျူး စီကုံးထားခဲ့ခြင်း
ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။
*********************************************************************************

( မေး ) ( မာယာ သာဌေယျ ၀ဉ္စနာ )
မာယာ, သာဌေယျ, ၀ဉ္စနာ သုံးမျိုး၏ အဓိပ္ပါယ်ကို ခြားနားသိသာအောင် ဖြေကြားတော်မူပါဘုရား။
( ဒေါ်မြင့်မြင့်-အုတ်ကျင်းဘူတာရုံလမ်း ရန်ကုန်မြို့ )

( ဖြေ )
မာယာ-ဟူသည်မှာ လှည့်ပတ်ခြင်း, အယောင်ဆောင်ခြင်း, ဖြားယောင်းခြင်း, မိမိအပြစ်ကို ဖုံးလွှမ်းခြင်း, လှည့်ပတ်မှု အတတ်တို့ ဖြစ်သည်။

သာဌေယျ-ဟူသည်မှာ စဉ်းလဲသည်၏အဖြစ်, ( မိမိ၏ ထင်ရှားမရှိသော ဂုဏ်ကို ထုတ်ဖော် လုပ်ဆောင်၍ ပြောဆိုခြင်း ) လိမ်လည်ခြင်းတို့ ဖြစ်သည်။

ဝဉ္စနာ-ဟုသည်မှာ လှည့်စားခြင်း, လှည့်ပတ်ခြင်း, လိမ်လည်ခြင်း, တပါးသော အခြင်းအရာအားဖြင့် ပြခြင်းတို့ ဖြစ်သည်။

၎င်းသုံးမျိုးမှာ အလွန်ကြီး ထူးခြားမှု မရှိလှပါ၊ အနု အရင့် သဘောမျှသာ ဖြစ်ပါသည်။( အဘိ-ဋ္ဌ၊ ၃-၉၁ )။