မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ စံနေတော်မူစဉ် သာဝတ္ထိပြည်မှ လူချမ်းသာ ငါးယောက်သည် အသက်အရွယ်ကြီးမှ သံဝေဂရ၍ ရဟန်းပြုကြ၏၊
ပိဋကတ်စာပေတို့ကို သင်ယူခြင်းငှါ မစွမ်းနိုင်ကြသဖြင့် ကျောင်းတိုက်၏ အစွန်အဖျားတနေရာ၌ ကျောင်းငယ်လေး တဆောင် ဆောက်၍ နေကြသည်၊
ဆွမ်းကို ရဟန်းအိုတပါး၏ မဓုရပါစိကာ မည်သော မယားဟောင်းအိမ်၌ စုပေါင်းစားလေ့ရှိကြ၏၊ ထိုမဓုရပါစိကာသည် အလွန်အချက်အပြုတ်ကောင်းပြီး ဖွယ်ဖွယ်ရာရာ ပြင်ဆင်၍ ကပ်လှူတတ်သဖြင့်
ရဟန်းအို ငါးပါး အလွန်နှစ်သက်ကျေနပ်ကြ၏။
တနေ့တွင် မဓုရပါစိကာ ရုတ်တရက် သေဆုံးသွားရာ ရဟန်းအိုကြီးငါးပါးသည် ကျောင်းတွင် အချင်းချင်း လည်ပင်းဖက်လျက် ငိုကြွေးကြလေသည်၊ ရဟန်းများက လာရောက်မေးမြန်းကြသောအခါ အလွန်ကျေးဇူးများလှသော အစားထိုးမရနိုင်သည့် ဒါယိကာမ သေဆုံး၍ ငိုကြောင်းပြောသည်။
ရဟန်းတို့က တရားသဘင်၌ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြ၏၊ ရှင်တော်ဘုရားက တဏှာတည်းဟူသော တောကို ခုတ်ဖြတ်မှ အေးငြိမ်းမည်ဖြစ်ကြောင်း ဟောတော်မူရာ တရားအဆုံး၌ ရဟန်းကြီးငါးပါး သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။
( ပါဠိ )
ဝနံ ဆိန္ဒထ မာ ရုက္ခံ ၊ ၀နတော ဇာယတေ ဘယံ ။
ဆေတွာ ၀နဉ္စ ၀နထဉ္စ ၊ နိဗ္ဗနာ ဟောထ ဘိက္ခဝေါ ။
ယာဝ ဟိ ၀နထော န ဆိဇ္ဇတိ ၊ အဏုမတ္တောပိ နရဿ နာရိသု ။
ပဋိဗဒ္ဓမနောဝ တာဝ သော ၊ ၀စ္ဆော ခီရပကောဝ မာတရိ ။
( မြန်မာပြန် )
ရဟန်းတို့၊ တဏှာတည်းဟူသော တောကို ခုတ်ဖြတ်ကြကုန်လော့၊ ပြကတေ့ သစ်ပင်ကို မခုတ်ဖြတ်ကုန်လင့်၊
တဏှာဟူသော တောကြောင့် ဇာတိ-စသော ဘေး ဖြစ်၏၊
တဏှာတော ကြီးငယ်ကို ခုတ်ဖြတ်၍ တဏှာတောမှ ထွက်မြောက်ကြကုန်လော့။
မိန်းမတို့ကို စွဲလမ်းကပ်ငြိသော ယောက်ျား၏ အနည်းငယ်မျှပင်ဖြစ်သော တဏှာကို မဖြတ်သေးသမျှကာလပတ်လုံး နို့စို့နွားငယ်သည် အမိကို ကပ်နေသကဲ့သို့ ထိုယောက်ျားသည် သံသရာ၌ ကပ်ငြိသောစိတ် ရှိသည်သာလျှင် ဖြစ်၏။
( ဆောင်ပုဒ် )
တောကသစ်ပင်၊ မခုတ်ထွင်နှင့်၊ ကိုယ်တွင်ဖြစ်သော၊ တဏှာတောကို၊ ဆောလျှင်ခဏ၊ ခုတ်ဖြတ်ကြလော့၊
နွားမနို့ဝယ်၊ ကပ်မှီတွယ်သည့်၊ နွားငယ်ပေါက်စ၊ ခွါမရသို့၊ မိန်းမအာသာ၊ ထောပနာကြောင့်၊ တဏှာဖြစ်ပွား၊ ထိုယောက်ျားကား၊ ရှည်လျားသံသရာ၊ ခရီးတာကို၊ တဏှာကပ်ငြိ၊ တောရှိသမျှ၊ ကပ်ရောက်ရ၍၊ ဘ၀သံသရာ၊ မဆုံးပါတည့်။
( မဂ္ဂ၀ဂ်၊ ပဉ္စမဟလ္လက ဘိက္ခုဝတ္ထု )
Saturday, February 28, 2009
သံသရာ နှင့် သာသနာ
သံသရာခရီးလမ်းသည် ရှည်လျားလှသည်၊ မည်ရွေ့မည်မျှဟု ဂဏန်းချ၍ မပြနိုင်၊ သတ္တ၀ါတို့သည် ယင်းသံသရာ ခရီးတလျှောက် ဂတိငါးမျိုးတွင် ကျင်လည်နေကြရသည်၊ ယင်းငါးမျိုးတွင် သုဂတိဘ၀ နှစ်မျိုးဖြစ်သော လူ့ဘ၀နှင့် နတ်ဗြဟ္မာဘ၀ကို ဆန်းစစ်ကြည့်ရှုရာ၌ နတ်ဗြဟ္မာဘ၀သည် ချမ်းသာစွာနေရ၍ ဘ၀ကောင်းဟု ယူရသော်လည်း သံသရာမှ လွတ်မြောက်ရေးအတွက် ဒါနစသော ပါရမီများ ဖြည့်ကျင့်ရန် အခွင့်အရေး နည်းပါးသည်၊ ထို့ကြောင့် လူ့ဘ၀လောက် မကောင်း-ဟု ပညာရှိ သူတော်ကောင်းများ ဆိုကြသည်။
လူ့ဘ၀ ရောက်လာရုံနှင့်ကား မလုံလောက်သေးပါ၊ သံသရာမှလွတ်မြောက်ရေး လမ်းစဉ်ကို လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်၊ ထိုကျင့်စဉ်များသည် ဘုရားပွင့်တော်မူသော ခေတ်ကာလတွင်သာ ထင်ရှားရှိရာ ယခုအချိန် လူဖြစ်နေရသည်မှာ အလွန်ကံကောင်းလှပေသည်။
ယခုအခါသည် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ သုံးရပ် ထင်ရှားရှိနေသော အချိန်အခါဖြစ်ပါသည်၊ သို့သော် ရှေးကံပါရမီ ရှိသူများသာ ဗုဒ္ဓသာသနာတော်၏ အကျိုးကို ခံစားခွင့် ရှိကြပါသည်၊ ကမ္ဘာကြီး၏ လူဦးရေ သန်းပေါင်းများစွာအနက် မြန်မာ၊ ထိုင်း၊ သီဟိုဠ် ( သီရိလင်္ကာ )၊ ကမ္ဘောဒီးယား၊ လောနိုင်ငံရှိ လူဦးရေအချို့သာ ဗုဒ္ဓုပ္ပါဒခေတ်၏ အကျိုးကို ခံစားခွင့် ရကြပါသည်၊ ထိုနိုင်ငံများ၌ပင် လူဦးရေအားလုံး ခံစားခွင့် မရကြပါ၊ အကြောင်းမှာ မွေးဖွားလာသော ဒေသ၊ ပတ်ဝန်းကျင်၊ မိဘ၏ အယူဝါဒကိုသာ အစဉ်အဆက်ခံယူလာပြီး ယုံကြည်လိုက်နာနေကြသောကြောင့် ဖြစ်ပါသည်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအဖြစ် လူ့ဘ၀ ရလာကြသည်မှာ အလွန့်အလွန် ကံကောင်းလှပါသည်၊ ရခဲလှသော ဘ၀ကောင်းကို ရခိုက် သံသရာဝဋ်မှ ကျွတ်လွတ်ရန် အားထုတ်တော်မူကြပါ။ ပညာရှိ သူတော်ကောင်းကြီးများက လွယ်လွယ်ရှင်းရှင်းနှင့် နည်းလမ်းပြခဲ့သည်မှာ-
သံသရာ ဘယ်မှာစ၊ မသိတာက စ။
သံသရာ ဘယ်မှာဆုံး၊ သိတလုံးမှာ ဆုံး။
မသိက တပတ်ပတ်၊ သိက အစသတ်။
သာသနာနှင့်ကြုံခိုက် သိ-တလုံး တွေ့အောင် ဆရာကောင်းရှာ၍ နည်းနာခံယူတော်မူနိုင်ကြပါစေ။

လူမိုက် နှင့် ပညာရှိ
တခါသော် ဗုဒ္ဓမြတ်စွာဘုရားသည် ရဟန်းတို့အား လူမိုက်နှစ်မျိုးနှင့် ပညာရှိနှစ်မျိုးတို့၏ သဘောကို
ဤသို့ မိန့်ကြားတော်မူ၏။
ရဟန်းတို့-လောက၌ လူမိုက် နှစ်မျိုးရှိ၏၊
တမျိုးသည်-မိမိ၏အပြစ်ကို အပြစ်ဟု မရှုသောသူတည်း။
ကျန်တမျိုးကား-တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်မခံသူတည်း။
ရဟန်းတို့-လောက၌ ပညာရှိသည်လည်း နှစ်မျိုး ရှိ၏။
တမျိုးသည်-မိမိ၏ အပြစ်ကို အပြစ်ဟု ရှုသောသူတည်း။
ကျန်တမျိုးကား-တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်ခံသောသူတည်း။
( ဗာလ၀ဂ်-အင်္ဂုတ္တိုရ် ပါဠိတော် )

Friday, February 27, 2009
ကံ ကံ၏အကျိုး ( ၂၂ )
( မြွေသား စားကြသူများ )
မိဖုရားဂူသည် ထီးချိုင့်မြို့ ကျောက်စေတီတော် အနောက်ယံ၌ တည်ရှိပါသည်၊ မိဖုရားဂူဟူသည်မှာ သက္ကရာဇ် ၁၂၃၅-ခုနှစ်တွင် ကွယ်လွန်သော ကန်မမိဖုရားကြီး ဂူသွင်းသင်္ဂြိုဟ်ရာ အုတ်ဂူကြီး ဖြစ်ပါသည်။
ထိုမိဖုရားဂူကြီး၌ စပါးကြီးမြွေကြီး တကောင် ခိုအောင်းနေထိုင်လျက်ရှိသည်၊ အနီးပတ်ဝန်းကျင်ရှိ လူအပေါင်းက တွေ့ဖူး မြင်ဖူးကြသဖြင့် သိရှိကြသည်၊ မည်သူ့ကိုမျှ အန္တရာယ်မပေးသဖြင့် မြွေသူတော်ကောင်းကြီးဖြစ်သဖြင့် အသိအမှတ်ပြုကာ လက်ပွန်းတတီး ရှိနေကြပါသည်။
တရက်တွင် လူသုံးဦးသည် မိဖုရားဂူအနီးမှ တောချုံများကို ခုတ်ထွင်ရှင်းလင်း နေကြပါသည်၊ မည်သည့်အကြောင်းကြောင့် တောခုတ်နေရသနည်း-ဟု လူအချို့က သွားရောက်စပ်စုကြသည်၊
မိမိတို့ သမိုင်းဝါသနာရှင်များ ဖြစ်ကြပါသည်-ဟု ပြန်ပြောကြသည်။
ထိုသူတို့သည် လူများအလစ်တွင် ဂူအောက်ရှိ အပေါက်ကြီးအတွင်းသို့ ကောက်ရိုးအမှိုက်များ သွင်းကာ မီးတိုက်လိုက်သည်၊ ထိုအခါ ဂူအောင်းနေသော စပါးကြီးမြွေကြီးသည် အပြင်ဘက်သို့ ထွက်လာရတော့၏၊ သည်အကွက်ကို ချောင်းနေသော ထိုသူသုံးဦး၏ တုတ်၊ ဓားလက်ချက်ဖြင့် မြွေကြီးခမျာ သေရှာလေ၏။
ထိုသူသုံးဦးသည် နေ့လယ် ၁၁-နာရီခန့်က ရရှိခဲ့သောျြေမွကြီးကို ကြော်၍တဖုံ၊ ချက်၍တမျိုး စီစဉ်ကြသည်၊ ထို့နောက် ချက်အရက်များ သောက်ကာ မြွေသားဖြင့် ပျော်ပွဲစားကြ၏။
မြွေသားနှင့်တွဲဘက်၍ မစားအပ်သော အစာကို စားမိ၍လား ( သို့မဟုတ်) သူတော်ကောင်း မြွေကြီးကို သတ်ဖြတ် စားသောက်မိ၍လား မပြောနိုင်ပေ၊ မြွေသားစားကြသူ သုံးယောက်စလုံး တညလုံး ၀မ်းလျှောကြ၍ ဆေးရုံတင်ပေးလိုက်ကြရသည်၊ နောက်တနေ့ ၁၁-နာရီ ( မြွေကြီးကို ရိုက်သတ်ကြသော အချိန် ) တွင် သုံးယောက်စလုံး တပြိုင်တည်း သေဆုံးသွားကြပါတော့သည်။
( ၀ရဇိန်-ထီးချိုင့် )
*********************************************************************************
( ကြောက်မက်ဖွယ် အတွေ့အကြုံ )
ပုသိမ်မြို့၏ ကုန်းရပ်ကွက်တွင် ဈေးကလေးတခုရှိသည်၊ ကြက်တူရွေးဇာပင်ဈေး-ဟုအမည်တွင်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀-ကျော်က ထိုဈေးတွင် ငါးပုဇွန်များ ရောင်းချသော ဒေါ်ခါတွန်အမည်ရှိ အမျိုးသမီးကြီး တဦးရှိသည်၊ ဒေါ်ခါတွန်မှာ အခြားဈေးသည်များထက် ဈေးသက်သာပြီး အလေးချိန်ခွင် မှန်ကန်သဖြင့် အရောင်းရ သွက်လှသည်။
အဒေါ် ငါးရံ့ကြီးကြီး တကောင်လောက်၊
ဈေးဝယ်သူက ဈေးမေးပြီး ၀ယ်လိုက်သည်တွင် ဒေါ်ခါတွန်သည် တောင်းတွင်းမှ ငါးရံ့အရှင်ကြီးတကောင် နှိုက်၍ ဦးခေါင်းကို တုတ်ဖြင့် ထုလိုက်သည်၊ ထို့နောက် တဖျပ်ဖျပ် လူးနေသော ငါးကြီးကို ချိန်ခွင်ပေါ် တင်လိုက်၏၊ ပြီးတော့ ငါးကြေးများကို ဓားမလေးဖြင့် ခွါကာ အသားများကိုလည်း တုံးတစ်ပေးလိုက်သေးသည်၊ ၀ယ်သူမှာ အိမ်ရောက်သည်တွင် ရေဆေးချက်ရုံမျှသာ ဖြစ်၍ အလုပ်သက်သာ၏။
ထို့ကြောင့် ဒေါ်ခါတွန်၏ တောင်းကြီး တောင်းငယ်များတွင် ရှိသော ငါး ပုဇွန်များမှာ နေ့မကူးဘဲ ကုန်သွားတော့၏၊ ကြက်တူရွေးဇာပင်ဈေး အနီး၌ မြောင်းမြကျောင်းအမည်ရှိ ဘုန်းတော်ကြီးကျောင်း တကျောင်း ရှိသည်၊ ကျောင်းထိုင်ဆရာတော်ကြီးမှာ သီလ သမာဓိနှင့် အထူးပြည့်စုံသည်။
ဥပုသ်သီတင်းနေ့ ကျရောက်တိုင်း ကျွန်တော်တို့ ဆယ်ကျော်သက် လူငယ်တစုသည် ဆရာတော်ကြီးကျောင်းမှ အလှူခံပုံးကလေးများကို ယူ၍ ကြက်တူရွေးဇာပင်ဈေး အတွင်းသို့ လှည့်လည် အလှူခံလေ့ရှိသည်။ ဒေါ်ခါတွန်သည် ပိုက်ဆံနှစ်ပြားကို ရေစင်ကြယ်အောင်ဆေး၍ အလှူခံထဲသို့ လှူလေ့ရှိသည်၊ ပါးစပ်မှလည်း တိုးတိုးဆုတောင်းသေးသည်။
ဟဲ့ မခါတွန်တယောက် ဈေးမရောင်းတာ တပတ်လောက်ရှိပြီ၊ အသည်းအသန် ဖြစ်နေဆိုပဲ၊
ငါ သွားမေးလိုက်ဦးမယ်၊
ကျွန်တော်၏ မိခင်ကြီးက သူ့မိတ်ဆွေ ဒေါ်ခါတွန် နေမကောင်းသဖြင့် လူမမာမေး ထွက်သွားသည်၊
အမေပြန်လာတော့ အင်း-မခါတွန် တယောက်တော့ သတိလဲမရဘူး၊ မျောနေပြီး မျက်ဖြူကြီးလန်လို့၊
အစာလဲ မစားတော့ဘူး။
အမေက မိတ်ဆွေအတွက် စိတ်မကောင်းစွာဖြင့် ပြော၏၊
အချို့လူများကတော့ မခါတွန် သေပါပြီ၊ ဖုတ်ဝင်နေတာပါ၊ ဖုတ်ထွက်သွားရင် လူကောင်ကြီး ပုပ်နေတာ တွေ့ရမှာပါ-ဟူ၍ ထင်ကြေးအမျိုးမျိုး ပြောဆိုနေကြသည်။
ဒေါ်ခါတွန်မှာ ကျွန်တော့သူငယ်ချင်း၏ မိခင်ဖြစ်၍ ကျွန်တော်လည်း မကြာခဏဆိုသလို သူငယ်ချင်း၏အိမ်သို့ ရောက်တတ်၏၊ ရောက်သည့်အခါတိုင်းပင် ဒေါ်ကြီးဒေါ်ခါတွန်၏ဘေး၌ သူ့သားသမီးများ ၀ိုင်းထိုင်၍ ငိုသူက ငိုနေကြသည်ကို တွေ့ရ၏။
ကျွန်တော့မှာ သူများ၏ ပြောဆိုသံကြောင့် ဒေါ်ကြီးဒေါ်ခါတွန်ကို ကြည့်ရမှာ ကြောက်လန့်နေ၏၊ ကြည့်လဲကြည့်ချင်သည်၊ သို့ဖြင့် ကြောက်ကြောက်နှင့်ပင် ကြည့်မိ၏၊ ဟိုခေတ် အခါသမယတွင် ဆေးရုံသို့ တက်ရောက်ကုသမှုခံရန် လူများ အကြောက်ကြီးကြောက်ကြ၏၊ ဆေးရုံသို့ မတက်လိုကြပေ။
ထို့ကြောင့်ပင်လားမသိ၊ ဒေါ်ခါတွန်ခမျာ ဆေးရုံသို့ မတက်ရောက်ဘဲ ပင်ပန်းကြီးစွာဖြင့် ရောဂါဝေဒနာ ခံစားနေရ၏၊
မခါတွန်တယောက် ထမင်းတောင် စားနိုင်ပြီတဲ့၊ စကားလည်း ကောင်းကောင်းမွန်မွန် ပြောလို့
အမေက သူ့မိတ်ဆွေ နေကောင်းကြောင်း ပြောရင်း ပြုံးပြုံးရွှင်ရွှင် ဖြစ်နေ၏။
ပြီးတော့အမေက စကားဆက်ပြန်၏၊ သူမျောနေတုန်းမှာ သူဟာ တောကြီးတခုထဲကို ရောက်သွားတယ်တဲ့၊ လူသံ ငှက်သံဆိုလို့ ဘာသံကိုမျှ မကြားရဘူး ဆိုတယ်၊ မခါတွန်ဟာ လျှောက်လျှောက်သွားရင်းက အလွန်တရာမှကြီးလှတဲ့ ချောက်ကြီးထဲ ရောက်သွားတယ်၊ လူတွေဟာလဲ ငိုသူက ငို၊ အော်သူတွေက အော်၊ သွေးသံရဲရဲတွေနဲ့တဲ့၊ ဧရာမကြီးလှတဲ့ ခွေးနက်ကြီးတွေကိုလည်း တွေ့ရတယ်၊ ဒါနဲ့ မခါတွန်ဟာ ရှေ့ဆက် မလျှောက်ရဲတော့ဘဲ နောက်လှည့်ပြန်မယ်လုပ်တော့ မျက်နှာ ပုံပန်းသဏ္ဍာန်တွေက ဆိုးဆိုးဝါးဝါးကြီးနဲ့ ထွားကျိုင်းလှတဲ့ လူကြီးတွေဟာ မခါတွန်ဘက်ဆီကို ပြေးလာကြတယ်။
ကိုယ်မှာလဲ အ၀တ်အထည်မပါကြဘူး၊ ကိုယ်လုံးတီးကြီးတွေနဲ့၊ သူတို့လက်ထဲမှာလဲ သစ်သားတင်းပုတ်ကြီးတွေ ကိုင်လို့၊ မခါတွန်လဲ ကြောက်ကြောက်နဲ့ အတင်းလှည့်ပြေးရာ မြောင်းမြကျောင်းရှေ့ရောက်တော့ ဆရာတော်ကြီး ရပ်နေတာ တွေ့တယ်တဲ့၊
ဆရာတော်ကိုတွေ့တော့ မခါတွန်က အရှင်ဘုရား၊ ကယ်ပါဦး-ကယ်ပါဦး-လို့ တအားအော်မိတယ်၊ ဆရာတော်ကြီးက ကျောင်းထဲဝင်ခဲ့-လို့ အမိန့်ရှိတော့ ကျောင်းထဲလည်း ၀င်လိုက်ရော လိုက်လာတဲ့ လူကြီးတွေကို မတွေ့ရတော့ဘူး၊ သူတအားအောက်လိုက်တာ အသံထွက်ပြီး အော်တာကြောင့် သူ့သားသမီးတွေ ၀ိုင်းလာကြတယ်၊ မခါတွန်လဲ မောနေတာပဲတဲ့၊ ဒါနဲ့ ရေတောင်းသောက်လိုက်ရတယ်၊
ညဉ်းငါ့ကို မသေလို့တွေ့ရတာ ဆိုပြီး အမေ့လက်ကို ကိုင်ပြီးငိုတယ်-ဟူသော အမေ့၏ ပြန်ပြောသော စကားများကြောင့် ကျွန်တော်တို့ မောင်နှမတစုမှာ ကြောက်ကြောက်နှင့် တဦးမျက်နှာကို တဦး ကြည့်နေကြသည်၊ ညီမငယ်လေးက အမေ၏ရင်ခွင်တွင်းသို့ တိုးဝင်သွားသည်။
ထိုကဲ့သို့သော အတွေ့အကြုံကြောင့်လားမသိ၊ ထိုနေ့ထိုရက်မှစ၍ ဒေါ်ခါတွန် တယောက်
ငါးအရှင်၊ ပုဇွန်အရှင်များ ရောင်းချသည်ကို ကျွန်တော်တို့ မတွေ့ရတော့ပေ။
( ပုသိမ်-ခင်ညို )
( မြတ်မင်္ဂလာ ၁၉၉၂-ခု ဇန်န၀ါရီလ )

Thursday, February 26, 2009
ဘာသာရေး ပြဿနာ ( ၂၃ )
( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )
( မေး ) ( ဘုရားကိုးဆူ )
ဘုရားကိုးဆူ သမိုင်းကြောင်းနှင့် ဘုရားကိုးဆူ နေရာချထားပုံ၊
ရွတ်ဖတ်မှုကို ရဟန်းတော်များ မလုပ်ဘဲ လူများလုပ်ခြင်းနှင့် နေ့မလုပ်ဘဲ ညလုပ်ရပုံများ သိလိုပါသည်ဘုရား။
( ထွေးလင်းထွဋ်-အင်းစိန် ) ( ထိုက်ထိုက်-တံတားဦး ) ( ၀င်းနိုင်ဦး-သံကုန်း )
( ဖြေ )
သက္ကရာဇ် ၉၂၀-ကျော် ဘုရင့်နောင်မင်းကြီး လက်ထက် ဇင်းမယ်ပြည်မှ နတ်ကြီး ၉-ပါး ပူဇော်ပွဲကို ဘုရင့်နောင်မင်းတရားကြီး သားတော် ဇင်းမယ်စား နော်ရထာစောက သာသနာပြုဆရာတော်များနှင့် တိုင်ပင်၍ ဓမ္မပဒ၊ အာယုဝဍ္ဎန သတို့သား ၀တ္ထုအရ ဘုရားကိုးဆူ ပူဇော်မှုကို စီရင်ခဲ့သည်-ဟု သမိုင်းများက ဆိုပါသည်။
အလယ်ဗဟိုမှာ မြတ်စွာဘုရား သီတင်းသုံး၍
လက်ယာဘက် တောင်အရပ်မှ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ၊
လက်ဝဲဘက် မြောက်အရပ်မှ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလ္လာန်၊
အရှေ့တော် အရှေ့အရပ်မှ သက်တော်အကြီးဆုံး အရှင်ကောဏ္ဍည၊
နောက်တော် အနောက်အရပ်မှ နောက်တော်ပါ အလုပ်အကျွေး အရှင်အာနန္ဒာ၊
( ဤလေးပါးကို လောကုတ္တရာနည်းအရ နေရာချထား၏ )
တနင်္ဂနွေထောင့်မှာ ဂြိုဟ်သက်အငယ်ဆုံးဖြစ်၍ သက်တော်အငယ်ဆုံး အရှင်ရာဟုလာ၊
အင်္ဂါထောင့် အရှင်သာရိပုတ္တရာ အနီး၌ ၄င်း၏ညီအငယ် အရှင်ရေ၀တ၊
စနေထောင့်၌ စနေနံသည် တရားသူကြီးဂြိုဟ်ဖြစ်၍ ၀ိနယဓရ အရှင်ဥပါလိ၊
ရာဟုထောင့်၌ ပသု-ဟူသော ရာဟုဂြိုဟ်၏ ပရိယာယ်အရ ( ပသု-နွားလားတို့၏၊ ပတိ-အရှင်ဖြစ်သော ) အရှင်ဂ၀ံပတိ၊
( ဤလေးပါးကို လောကီနည်းအရ နေရာချထား၏ )
ဤသို့ ရဟန္တာ ၈-ပါးကို နေရာချထားပေးသည်။
ဘုရားကိုးဆူ ပူဇော်ရာ၌ နံနက် အရုဏ်တက်ချိန်တွင် ဆွမ်းကပ်လှူရမည်ဖြစ်၍ ညပိုင်းတွင် ပြင်ဆင်ပင့်ဆောင်ထားရသည်၊ ဘုရားကိုးဆူ ဒါယကာက ဧည့်သည်များကို ညတွင်ဖိတ်ကြားကာ ဘုရားဖူးစေသဖြင့် ညမှာ ကျင်းပသကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် ညပိုင်းတွင် ဘုရားပင့်ခြင်း၊ ရွတ်ဆိုခြင်းတို့မှာ လူတို့အလုပ်ဖြစ်၍ ရဟန်းတော်များနှင့် မသက်ဆိုင်ဘဲလည်း ဖြစ်နေပေသည်။
ဘုရားကိုးဆူ ပူဇော်မှုကို အိမ်ရှင်များက ကျန်းမာ ချမ်းသာ အသက်ရှည်စွာနှင့် ဘေးအန္တရာယ် ကင်းကွာ၍ ကျက်သရေမင်္ဂလာ တိုးတက်ရန် ပြုလုပ်လေ့ရှိကြပါသည်၊ ထိုကိစ္စအားလျော်စွာ အိမ်ရှင်တို့ကိုယ်တိုင် အိမ်၌ ဘုရားကိုးဆူ ပူဇော်ထားစဉ် ဘုရားရှိခိုးခြင်း၊ ရွတ်ဆိုဆုတောင်းခြင်း၊ ဆွမ်းဘောဇဉ်ဆက်ကပ်ခြင်းတို့ကို ဘိသိက်ဆရာကို လွှဲမထားဘဲ ကိုယ်တိုင်ပြုလုပ်မှသာ အဓိပ္ပါယ်ပြည့်ဝစရာ ရှိပေသည်။
********************************************************************************
( မေး ) ( ဓာတုပရိနိဗ္ဗာန် ရောင်တော်ပြန် )
ဆရာတော်ဘုရား၊ သာသနာတော် ကုန်ဆုံးသောနေ့တွင် ဗောဓိမဏ္ဍိုင်၌ မြတ်စွာဘုရား ဓာတ်တော်များ စုပေါင်း၍ ဓာတုပရိနိဗ္ဗာန်ပွဲ ဖြစ်ပေါ်ရာတွင် နတ်ဗြဟ္မာများ ကျွတ်တမ်းဝင်ကြဦးမည် ဆိုပါသည်၊ ထိုအကြောင်းကို ကျမ်းဂန်လာအတိုင်း အထောက်အထားများနှင့် သိလိုပါသည်ဘုရား။
( ဦးအံ့ကျော်-ဘီအေ၊ ဘီအယ်လ်၊ ဗဟိုတရားရုံးရှေ့နေ )
( ဖြေ )
ထိုအကြောင်းကို အင်္ဂုတ္တရအဋ္ဌကထာ ( အံ-ဋ္ဌ ၁၊ ၇၀ ) ဓာတုအန္တရဓာန အခန်းတွင် ပါရှိပါသည်၊ သင့်လျော်သလို မြန်မာမှုပြုရသော် ဓာတုအန္တရဓာန-ဓာတ်တော်တို့ ကွယ်ပျောက်ခြင်း ( ဓာတုပရိနိဗ္ဗာန် ) ကို ဤသို့မှတ်ရမည်။
မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်တို့သည် ထိုထိုအရပ်တို့၌ ကောင်းစွာပူဇော် ကိုးကွယ်မှုကို မရကြတော့လျှင် မြတ်စွာဘုရား၏ အဓိဋ္ဌာန်အစွမ်း အားလျော်စွာ ပူဇော်ကိုးကွယ်မှု ရရာအရပ်သို့ ကြွကြလိမ့်မည်။ ထို့နောက် သာသနာတော် ကုန်ဆုံးသောအခါ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) တွင် ဓာတ်တော်အားလုံး စုပေါင်းကာ မဟာစေတီကြီး၌ တည်လာလိမ့်မည်၊
ထို့နောက် နာဂဒီပကျွန်း ရာဇာယတန စေတီ၌ တည်ပြီးနောက် မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်သို့ ကြွကြကုန်လတံ့၊ နဂါးပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်တို့၌ ဓာတ်တော်တို့သည်လည်း မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်သို့သာလျှင် ကြွရောက်လာကြကုန်လတံ့၊ ဓာတ်တော် မွေတော်အားလုံးတို့သည် မုန်ညင်းစေ့မျှလောက်ပင် မကြွင်းမကျန်ဘဲ ကြွရောက်လာကုန်လတံ့။
ဓာတ်တော် မွေတော် အားလုံးတို့သည် မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်၌ စုဝေးကြပြီး မြတ်စွာဘုရားအသွင်တော်ကိုယူ၍ ဗောဓိမဏ္ဍိုင်၌ တင်ပလ္လင်ခွေထိုင်တော်မူကာ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ် တို့နှင့်တကွ ထက်ဝန်းကျင်မှ ရောင်ခြည်တော်တို့နှင့် ပြည့်စုံသော ဗုဒ္ဓအသရေတော်ကို ဆောင်တော်မူလျက် သက်တော်ထင်ရှား ရှိတော်မူစဉ်က ယမိုက်ပြာဋိဟာ ပြတော်မူသကဲ့သို့ ရေမီးအစုံစုံသော တန်ခိုးတော်များကို ပြတော်မူလတံ့။
ထိုအခါ ထိုနေရာသို့ လူသတ္တ၀ါတို့ မရောက်နိုင်ဘဲ စကြ၀ဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအားလုံးတို့ စည်းဝေးရောက်လာကြကုန်လျက် ယနေ့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်တော်မူပြီ၊ ဤနေ့မှစ၍ အမှောင်တိုက်ကြီး ဖြစ်ကုန်ပြီ-ဟု ဆို၍ ငိုကြကုန်လတံ့၊ ထို့နောက် ဓာတ်တော်မွေတော် ရုပ်ပုံတော်မှ မီးအလျှံကြီး ဖြစ်ပေါ်၍လာကာ ဓာတ်တော်မွေတော် ကိုယ်တော်မကြွင်း လောင်ကျွမ်းခြင်းသို့ ရောက်ကာ မီးအလျှံကြီးသည် ဤလူ့ပြည်မှ ဗြဟ္မာ့ပြည်တိုင်အောင် တက်ရောက်သွားပေလတံ့၊ ထို့နောက် ဓာတ်တော်မွေတော်ဟူ၍ မုန်ညင်းစေ့ငယ်လောက်မျှ မကျန်တော့ဘဲ လောင်ကျွမ်း၍ သွားပေလတံ့။
ထိုအခါ စည်းဝေးရောက်လာကုန်သော နတ်ဗြဟ္မာအားလုံးတို့သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်သော နေ့၌ကဲ့သို့ နတ်ပန်းနံ့သာ တူရိယာတို့ဖြင့် ပူဇော်ကုန်လျက် သုံးကြိမ်တိုင် လက်ယာရစ်ပတ်၍ ပူဇော်ကာ နောင်ပွင့်လတံ့သော မြတ်စွာဘုရားကို ပူဇော်ခွင့်ကို ရရပါလို၏-ဟုဆုတောင်းမြွက်ဆိုကာ မိမိတို့နေရာ ထိုထိုအရပ်တို့သို့ ပြန်ကြွကုန်လတံ့သတည်း။
( ပါဠိကိုလိုလျှင် အင်္ဂုတ္တရဋ္ဌကထာ ( အံ-ဋ္ဌ ၁၊ ၇၀ ) တွင် ယူပါ၊ ဤအဋ္ဌကထာပါဌ်တွင် ကျွတ်တမ်းဝင်မည်ဟူသော စကား မပါပေ၊ နောင်ပွင့်လတံ့သော ဘုရားကို ဖူးတွေ့ရန်ဆိုသဖြင့် ကျွတ်တမ်းဝင်ခွင့် မရ-ဟု သိသာနိုင်ပါသည်။
*********************************************************************************
( မေး ) ( ဘာသာ ၂-မျိုး၊ ၃-မျိုး ကိုးကွယ်လျှင် )
ဆရာတော်ဘုရား ဘာသာ ၂-မျိုး၊ ၃-မျိုးတွဲ၍ ကိုးကွယ်လျှင် ရနိုင်ပါသလား၊ ဤသို့ ကိုးကွယ်သူသည် ဗုဒ္ဓဘာသာအရ သရဏဂုံ တည်နိုင်ပါမည်လား ဖြေကြားတော်မူပါဘုရား။
( မစန်းစန်းမြ-ပန်းဆွဲလမ်း၊ သုံးဆယ်မြို့ )
( ဖြေ )
ကိုးကွယ်မှု ဟူသည် မိမိစိတ်က အကြွင်းမဲ့ယုံကြည်မှု ရှိမှသာ အစစ်အမှန် ဖြစ်နိုင်ပါသည်။ အချို့ ဗုဒ္ဓဘာသာ အမည်ခံသူများသည် မိဘရိုးရာက ဗုဒ္ဓဘာသာဖြစ်၍သာ ဗုဒ္ဓဘာသာဖြစ်နေကြသည်၊ ရတနာသုံးပါး၌ ခိုင်မြဲသော သဒ္ဓါတရား မရှိကြပါ၊ ထိုသူတို့အဖို့ သီလစသော တရားများလည်း မစွဲမြဲနိုင်ကြဘဲ ဟိုဘာသာ သည်ဘာသာ ရောကာ ယောင်ကာနှင့် ဘာသာနှစ်မျိုး သုံးမျိုး ပြောင်းလဲ၍ နေကြသည်။
သရဏဂုံ ဟူသည်မှာ မိမိစိတ်ထဲ နှလုံးထဲမှ နှစ်နှစ်ကာကာ ယုံကြည်စွဲမြဲမှု ရှိမှသာ ဖြစ်သည်၊ ထိုသို့ ဘာသာနှစ်မျိုး သုံးမျိုး ကိုးကွယ်သူ၌ သရဏဂုံ တည်ရှိနေသည်ဟု မဆိုနိုင်ပါ၊ ထို့ပြင် ဗုဒ္ဓဘာသာ၌ သရဏဂုံ တည်တံ့သော ဥပါသကာ စစ်စစ်ဟူသည်မှာ-
(၁) ရတနာသုံးပါး၊ ကံ ကံ၏အကျိုးကိုသာ ယုံကြည်ခြင်း။
(၂) ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသော အကျင့်သီလနှင့် ပြည့်စုံခြင်း။
(၃) နတ်၊ ဂိုဏ်း၊ ၀ိဇ္ဇာ၊ ဗေဒင်၊ ယတြာ စသော အယူတို့ကို မစွဲမယူခြင်း။
(၄) လောကီမင်္ဂလာတို့ကို မယုံကြည်ခြင်း။
(၅) ဗုဒ္ဓသာသနာတော်တွင်း၌သာ ကောင်းမှုကို ရှာမှီးခြင်း ဤငါးမျိုးနှင့် ပြည့်စုံရပေမည်။
ထိုမှတပါးလည်း အတ္တသန္နိယျာတန သရဏဂုံ-ရတနသုံးပါး၌ မိမိခန္ဓာကိုယ်ကို စွန့်လွှတ်အပ်နှင်း၍ ကိုးကွယ်ခြင်းစသော သရဏဂုံ ခံယူမှုမျိုးတို့ကို ထောက်ဆက ဘာသာ ၂-မျိုး၊ ၃-မျိုး ကိုးကွယ်သူဟူ၍ မရှိသင့်ကြောင်း ထင်ရှားလှပါသည်၊
အချုပ်မှာ-ဗုဒ္ဓဘာသာ ဟူသည် ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊
ဓမ္မော မေ ဥရဏံ အညံ နတ္ထိ၊
သံဃော မေ သရဏံ အညံ နတ္ထိ၊
ဘုရား တရား သံဃာ ရတနာသုံးပါးမှတပါး ကိုးကွယ်ရာမရှိ-ဟူ၍ ခံယူထားသူသာ ဖြစ်သင့်ကြောင်း ဖြေကြားအပ်ပါသည်။

( မေး ) ( အသုရကာယ် )
ဆရာတော်ဘုရား၊ တပည့်တော်တို့ကို လူကြီးတွေက မင်းတို့အားလုံးသေရင် အသုရကာယ် ဖြစ်မယ်-ဟုပြောပါသည်၊ အသုရကာယ်ဆိုတာ ဘယ်သတ္တ၀ါမျိုးကို ခေါ်ပါသလဲ၊ အဘယ်အကုသိုလ်ကို ပြုလုပ်၍ ဖြစ်ကာ အဘယ်မျှ သက်တမ်းရှိသည်ကို သိလိုပါသည်ဘုရား။
( မောင်လပြည့်ဝန်း-ကော့ကရိတ် )
( ဖြေ )
အသုရကာယ်ကား ဘုံသီးခြားမရှိ၊ ပြိတ္တာများကဲ့သို့ပင် လူ့ဘုံရှိ သမုဒ္ဒရာ တော တောင် စသည်တို့၌ တည်သည်။ ပြိတ္တာများထက် ကိုယ်ကာယ၊ ဆင်းရဲဒုက္ခ၊ အသက်တမ်း ကြီးမားရှည်လျားသည်၊ ကာလကဉ္စိက အသုရာ စသည် ဖြစ်၍ ၄င်းတို့ကိုယ်ကာယမှာ ၃-ဂါဝုတ်ခန့် ကြီးမားသည်၊ အသား အသွေး အလွန်နည်းပါးလျက် ဖက်ရွက်ရော်ကဲ့သို့ ကြုံလှီဖျော့တော့သည်၊ ပုဇွန်မျက်စိပမာ မျက်စိတို့က ပြူးရရူးထွက်နေကြသည်၊ မျက်လုံးတို့ကလည်း နေရာမဟုတ်၊ ဦးထိပ်၌ရှိသည်၊ ကိုယ်ကာယ ကြီးမားပြီး ပါးစပ်ကမူ အပ်ပေါက်ပမာ အလွတ်သေးငယ်သည်၊ ယင်းပါးစပ်သည်လည်း ဦးခေါင်းထက်၌ ရှိ၍ အစာကိုမြင်လျှင် ဦးစိုက်၍ ယူရသည်၊ သို့သော် မည်သည့်အခါမျှ ၀လင်အောင် မစားရ၊ မြစ်တို့ကိုတွေ့လျက် ရေမသောက်ရ။ မီးတဟုန်းဟုန်းတောက်လျက် သက်တမ်းရှည်သမျှ ငတ်မွတ်ဆာလောင်သော ဒုက္ခကို ခံနေကြရသည်။
၎င်းတို့မှာ ကျမ်းဂန်အရ မိစ္ဆာဒိဋ္ဌိ ကံကြွင်းကြောင့် ခံရခြင်းဖြစ်၏၊ သီလ၀န္တ ရဟန်းသံဃာတော်တို့ကို ပြစ်မှား၍ ဖြစ်ရခြင်း စသည်ဖြင့် ပေတ၀တ္ထုများ၌ လာရှိသည်။
( မိစ္ဆာဒိဋ္ဌိကံ၏ အကျိုးရင်းကြောင့်ကား ငရဲ၌ ခံခဲ့ရပြီးပြီ၊)
၎င်းတို့သက်တမ်း အမြဲ မရှိ၊ အကုသိုလ်ကံ မကုန်သမျှ ခံစားရသည်၊ အချို့ ကမ္ဘာသက်တမ်းနှင့် အမျှပင် ခံစားရသည်-ဟု ဆိုပေသည်။

( မေး ) ( မယ်တော်မာယာ အသက် )
မယ်တော်မာယာ အသက် ၅၀-ကျော်မှ ဘုရားလောင်းကို ဖွားသည်ဆိုသည်မှာ ဟုတ်ပါသလား၊
၅၀-မှ ဘယ်လောက် ကျော်ပါသလဲ၊ ကျမ်းဂန်သာဓကနှင့် သိလိုပါသည်ဘုရား။
( ဒေါ်ကေသာဝတီ-စစ်ကိုင်းတောင် )
( ဖြေ )
ဗောဓိသတ္တမာတာပိ ပဌမ၀ယေ သမ္ပတ္တိံ အနုဘ၀ိတွာ မဇ္ဈိမ၀ယေ တတိယကောဋ္ဌာသေ ၀ိဇာယိတွာ ကာလံ ကရောတိ အယမေတ္ထ ဓမ္မတာ-ဟူ၍ သုတ်မဟာဝါ အဋ္ဌကထာ (ဒီ-ဋ္ဌ ၂-၂၉ ) စသည်၌ လာသည်။
ပါဠိကိုမြန်မာပြန်သော်-ဘုရားလောင်း မယ်တော်သည်လည်း ပထမအရွယ်၌ စည်းစိမ်ခံစား၍ မဇ္ဈိမအရွယ်၏ သုံးခုမြောက်သော အစု၌ ဘုရားလောင်းကို ဖွားမြင်ကာ ( ခုနစ်ရက် နေပြီးလျှင် ) သေလွန်သည်။
ဤကား ဓမ္မတာ-ဟု အဓိပ္ပါယ်ရသည်၊
ဆိုလိုသည်မှာ အသက်တရာတမ်းကို သုံးစုပြုသော် ပထမအရွယ် ၃၃-နှစ် ၄-လ၊
မဇ္ဈိမအရွယ် ၃၃-နှစ် ၄-လ၊
ပစ္ဆိမအရွယ် ၃၃-နှစ် ၄-လ ရှိသည်တွင်
ပထမအရွယ် ၃၃-နှစ် ၄-လ စည်းစ်မ်ခံစားသည်။
မဇ္ဈိမအရွယ် ၃၃-နှစ် ၄-လကို သုံးပုံပုံသော် ပထမအပုံ ၁၁-နှစ် ၁-လနှင့် ၁၀-ရက်။
ဒုတိယအပုံ ၁၁-နှစ် ၁-လနှင့် ၁၀-ရက်၊
တတိယအပုံ ၁၁-နှဏ် ၁-လနှင့် ၁၀-ရက် ရသည်။
ပထမအပုံနှင့် ဒုတိယအပုံပေါင်း ၂၂-နှစ် ၂-လနှင့် ၂၀-ရက်ကို
ပထမအရွယ် ၃၃-နှစ် ၄-လနှင့် ပေါင်းလျှင် ၅၅-နှစ်နှင့် ၆-လ အရက် ၂၀-ရ၏၊
ထိုအချိန်တွင် ဘုရားလောင်းကို ပဋိသန္ဓေယူသည်၊ ယင်း၌ ၁၀-လ ထည့်သော် ၅၆-နှစ် ၄-လ၊ ၂၀-ရက်တွင် ဘုရားလောင်းကို ဖွားတော်မူသည်။

( မေး ) ( ဘုရားဘွဲ့မည်တော် )
မဟာသွံသာရ-ဘုရား၊ ဆရာတော်ဘုရား ဖော်ပြပါ ဘုရား၊ ရုပ်ပွားတော် အမည်ကို ဘယ်လိုအသံထွက် ဖတ်ရမည်လဲ၊ အဓိပ္ပါယ်ကိုလည်း သိလိုပါသဖြင့် ရှင်းလင်းမိန့်ကြားစေလိုပါသည်ဘုရား။
( မောင်မျိုးညွှန့်-မြန်မာစာ-ကန်တော်ကလေး )
( ဖြေ )
၎င်းအမည်တော်မှာ ဘုရားရုပ်ပွားတော်၏ စမ္မခဏ်တွင် ပါရှိသည့် ရှေးကသတ်ပုံပင် ဖြစ်ကြောင်း၊
မည်သည့်ခေတ်က ထုလုပ်သည်ဟု မသိနိုင်၊ အလွန်ရှေးကျလှပြီး သစ်သားဆင်းတုတော်ဖြစ်၍ ပြုပြင်စောင့်ရှောက်ထားရကြောင်း စမ္မခဏ်တွင် ( မဟာသွံသာရ-ရုပ်ရှင်တော် ) ဟု စာပါကြောင်း ဆိုင်ရာသို့ စုံစမ်းသိရှိရသည်၊ မဟာသွန်သာရ-ဟု အသံထွက်နိုင်ပါသည်၊
မဟာ-ကြီးမြတ်သော၊ သွံ-သုဝဏ္ဏ-ရွှေအဆင်းကဲ့သို့ တင့်တယ်သပ္ပါယ်သော အဆင်းရှိသည့်၊ သာရ-အနှစ်ဖြစ်သော ရုပ်ရှင်တော်ဘုရား-ဟု အဓိပ္ပါယ် ဖော်ဆိုနိုင်ပါသည်။
ရုပ်ရှင်တော်-ဟု ဆိုသည့်အတိုင်း ယင်းမဟာသွံသာရ မြတ်စွာဘုရား ရုပ်ပွားတော်မြတ်သည် မျက်နှာတော် အဆင်းသဏ္ဍာန် အမျိုးမျိုးပြောင်းလဲတတ်ကြောင်း
ရံခါ အိုမင်းရင့်ရော်သောအသွင်ဖြင့် ဖူးမြင်ရ၍
ရံခါနုပျိုသော အသွင်ဖြင့် ဖူးမြင်ရကြောင်း၊
ရံခါ တည်ကြည်သော အသွင်ဖြင့် ဖူးမြင်ရခြင်း၊
ရံခါ ပြုံးရွှင်နေသော အသွင်တော်ဖြင့် ဖူးမြင်ရကြောင်း
သုံးလေးကြိမ် သွားရောက်ဖူးမြင်သူတို့ အသွင်တော် သုံးလေးမျိုး ဖူးတွေ့ရကြောင်း ပြောဆိုသည်ကို ကြားသိရသည်။
ဗုဒ္ဓရုပ်ပွားတော်၏ ဓာတ်ပုံတော်၌ပင် တပုံနှင့်တပုံ မတူသည်ကို တွေ့ရသဖြင့် ဘုန်းတန်ခိုးကြီးမားသော ရှေးဟောင်း ဥဒ္ဒိဿစေတီ တဆူဖြစ်ကြောင်း သိနိုင်ပါသည်။
( မြတ်မင်္ဂလာ ၁၉၉၂-ခု၊ ဇန်န၀ါရီလ )

Wednesday, February 25, 2009
ကံ ကံ၏အကျိုး ( ၂၁ )
( နောင်တ မျက်ရည် )
ကျွန်တော် ဆေးရုံရောက်နေသည်မှာ ၄-ရက်ခန့် ရှိလေပြီ၊ အကြောင်းမှာ ကျွန်တော်၏ စအိုကြား၌ အနာဖုကြီး ပေါက်လာသောကြောင့်ဖြစ်သည်၊ ကျွန်တော့မှာ သွားလို့လဲမရ၊ ထိုင်လို့လဲမရ၊ မှောက်ရက်ကြီးသာ နေရပါ၏၊ အိမ်သာတက်ပြီးတိုင်း စင်ကြယ်အောင်ဆေးရာ၌ သာ၍ပင် ဆိုးသေး၏၊ နာလိုက်သည်မှာ ပြောဖွယ်မရှိ။
တနေ့ ဆေးရုံသို့ ကျွန်တော့အဘကြီး ရောက်လာ၏၊ အဘသည် ကျွန်တော်၏ဝေဒနာကို မကြည်ရက်သောကြောင့် စုတ်တသပ်သပ်ဖြင့် မင်း-အဲဒါ ၀ဋ်လည်တာကွ၊ ၀ဋ်လည်တာ-ဟု တတွတ်တွတ်ပြောနေ၏။
ကျွန်တော်က ဗျာ-ကျွန်တော် ၀ဋ်လည်တာ ဟုတ်လား၊ ကျွန်တော် ဘာလုပ်ခဲ့မိလို့လဲ အဘရယ်-ဟု မေး၏၊ အဘက မင်း-ငယ်ငယ်တုန်းက နွားဝါကြီးကို လုပ်ခဲ့တာလေကွာ-ဟု ပြောသောအခါမှ အတိတ်က အရိပ်တွေဟာ ကျွန်တော့စိတ်အစဉ်မှာ တစိမ့်စိမ့် ပေါ်လာပါတော့သည်။
ကျွန်တော်သည် ငယ်ငယ်က လယ်ထွန်သည့်အလုပ်ကို အလွန်ဝါသနာပါသည်၊ အဘကြီးတို့အိမ်မှာ နွားဝါကြီးနှင့် နွားသိုးပေါက် တကောင် ရှိ၏၊ ကျွန်တော် လယ်ထွန်သည့်အခါ ထိုနွားတရှဉ်းဖြင့် ထွန်ရ၏၊ နွားဝါကြီးမှာ အိုပြီဖြစ်၍ လျင်လျင်မြန်မြန် မသွားနိုင်တော့ပါ၊ ကျွန်တော်ကလည်း လူငယ်ဆိုတော့ လျင်လျင်မြန်မြန် သွက်သွက်လက်လက်မှ ကြိုက်၏၊ ထိုအခါ ကျွန်တော်နှင့် နွားဝါကြီးတို့ တွေ့ကြပါလေပြီ။
လယ်ထွန်သည့်အခါ နွားဝါကြီးကို တဖြောင်းဖြောင်းနှင့် ရိုက်၏၊ တခြားလယ်ကွင်းမှ လူတွေက မင်းနွားက အအိုကြီးပါကွာ၊ မသွားနိုင်တော့ပါဘူး-ဟု ပြောလျှင် မခံချင်စိတ်နှင့် ပိုပြီးရိုက်၏၊ ရိုက်လို့မှ မသွားလျှင် နွားဝါကြီး၏ စအိုတွင်းကို တုတ်ဖြင့် တအားထိုး၏။
အဘက ဖြေးဖြေးမောင်းပါကွ၊ မင်း ၀ဋ်လိုက်လိမ့်မယ်-ဟု ပြောသော်လည်း နားမထောင်ခဲ့၊ ရိုက်မြဲ ရိုက်၏၊ ထိုးမြဲ ထိုး၏၊ နွားဝါကြီးမှာ နာလွန်း၍ မျက်ရည်များပင် ထွက်လေ၏၊ စအိုမှလည်း သွေးတွေ ထွက်လေ၏။
နောက်တော့ အဘက ကျွန်တော့ကို နွားမောင်းကြမ်း၍ လယ်မထွန်ခိုင်းတော့ပါ၊ ကျွန်တော်သည် အတိတ်အကြောင်းကို စဉ်းစားနေရင်းမှာပင် မျက်ရည်စက်တို့သည် ပါးပြင်ထက်သို့ တလိမ့်လိမ့် စီးကျလာလေတော့၏။
ထိုအခါ နွားဝါကြီးရယ်၊ ခွင့်လွှတ်ပါတော့၊ ဒီဘ၀ ဒီမျှနဲ့ပဲ ကျေနပ်ပါတော့-ဟု စိတ်ထဲမှ ရေရွတ်ရင်း အထပ်ထပ် အခါခါ တောင်းပန်နေမိပါတော့သည်။
( မင်းတမာ-အညာမြေ )
( မြတ်မင်္ဂလာ ၂၀၀၁-ဒီဇင်ဘာ )

ဘာသာရေး ပြဿနာ ( ၂၂ )
( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )
( မေး ) ( ဗောဓိပင်ကို ထီးတင်ခြင်း )
အရှင်ဘုရား၊ ဗောဓိပင်သည် ပရိဘောဂစေတီ ထိုက်တော်မူသည်ကို တပည့်တော် နားလည်ပြီး ဖြစ်ပါသည်ဘုရား၊ ထိုဗောဓိပင်အား စေတီတော်များကဲ့သို့ ထီးတော်တင်လှူ ပူဇော်ထားသည်ကို မြင်ရပါ၍ ပို၍ အကျိုးသက်ရောက်မှု ရှိ-မရှိ၊ လုပ်သင့်-မလုပ်သင့်နှင့် သာသနာတော်အတွက် အနှောက်အယှက် ဖြစ်နိုင်-မဖြစ်နိုင်ကို ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။
( ဦးသောင်း-ဒဂုံမြို့သစ် တောင်ပိုင်း )
( ဖြေ )
ဗောဓိပင်ကို စေတီတော်များကဲ့သို့ ထီးတင်ခြင်း ထုံးစံမရှိပါ၊ ညောင်ရေလောင်းခြင်းစသော သင့်လျော်သောပူဇော်မှုမျိုးကိုသာ ပြုသင့်ပါသည်။
မဟာဝင်ဝတ္ထု၌ ဒုဋ္ဌဂါမဏိမင်းကြီးသည် ဗောဓိပင်ကို ပူဇော်ဦးအံ့-ဟုကြံ၍ ဗောဓိပင်ကို ပလ္လင်မြှင့်ခြင်း၊ တံတိုင်းကာခြင်း၊ တံခွန်ဆွဲခြင်း၊ ရွှေသလဲ ငွေသလဲ ကြဲခြင်း၊ အစရှိသော ပူဇော်ခြင်းအထူးကို ပြုတော်မူ၏။
( မဟာဝင်ဝတ္ထု ၃၃၈ ) စသည်ဖြင့် ပါရှိသဖြင့် ဗောဓိပင်နှင့် သင့်လျော်သော ပူဇော်ခြင်းမျိုးတို့ဖြင့် ပူဇော်ခြင်းသည်သာ သူတော်ကောင်းတို့ ချီးမွမ်းဖွယ်ဖြစ်ပါသည်။
သာသနာတော် တလျှောက်လုံး၌ ဗောဓိပင်ကို ထီးတင်ခြင်းဟူသော ပူဇော်မှုမျိုး မရှိခဲ့ဘူးကြောင်း
သတိပြုဖွယ် ဖြစ်ပါသည်။
********************************************************************************
( မေး ) ( အမေကို လုပ်ကျွေး၊ ဘုရားကို လှူ )
အရှင်ဘုရား၊ တပည့်တော်အဒေါ်က ဘုရားကိုဆွမ်းကပ်တာထက် ကိုယ့်အမေကို ကျွေးတော့ ပိုပြီးကုသိုလ်မရဘူးလားတဲ့၊
အမေက လက်ငင်းစားရတယ်-ဟု ပြောပါသည်၊ အဲဒီအမေးကို ဖြေကြားပေးတော်မူပါဘုရား။
ဥပမာလေးနှင့် ပြောပြလျှင် သိပ်ကောင်းမှာပါဘုရား၊ အရှင်ဘုရား၏အဖြေကို တပည့်တော် စောင့်မျှော်နေမှာပါဘုရား၊ ဖြေဆိုပေးတော်မူပါဘုရား။
( ဒကာ-ကျော်မင်းလွင် )
( ဖြေ )
လောကတွင် ဘုရားသာ အမြတ်ဆုံးဖြစ်၍ ဘုရားကိုလှူပြီးမှ စားသောက်ကြခြင်းမှာ ဗုဒ္ဓဘာသာတလောကလုံး၏ ထုံးတမ်းစဉ်လာ ဖြစ်ပါသည်၊ အမိ အဖ ဆရာသမားတို့မှာလည်း မိမိ၏ စားဦးသောက်ဦးကို ပေးလှူရမည့်ပုဂ္ဂိုလ်များ ဖြစ်ပါသည်၊ အဆင့်အတန်း အားလျော်စွာ ဘုရား တရား သံဃာ ရတနာသုံးပါး နောက်မှ ပေးလှူရမြဲ ဖြစ်ပါသည်၊
ဥပမာအားဖြင့်-ကျီး ခွေးစသော တိရစ္ဆာန်များထက် လူ, ဖုန်းတောင်းယာစကာများကို ဦးစွာပေး ကျွေးသင့်ပါသည်၊ ထိုထက် လူသူတော်စင်များ, မိဘ ဆရာသမားများ, ရဟန်းသံဃာနှင့် ရတနာသုံးပါး အဆင့်ဆင့် ဦးစားပေး လှူဒါန်းကြရပါသည်။

( မေး ) ( ချမ်းသာ ခုနစ်ဝ )
အရှင်ဘုရား၊ ဆွမ်းအလှူရှင်တို့အား ဆရာောတ်များက
ယခုကပင်၊ နိဗ္ဗာန်ဝင်အောင်၊ ကျိုးအင်ငါးချက်၊ နေ့စဉ်တက်ပြီး၊ ဆက်ဆက်မြင့်ရာ၊ ချမ်းသာခုနစ်ဝ၊ ကိုယ်ပိုင်ရ၍၊ ဘ၀ဆုံးခန်း၊ နိဗ္ဗာန်နန်းကို၊ စံမြန်းကြရပါစေသာဝ်-ဟု ဆုပေးလေ့ရှိကြပါသည်၊ ယင်း၌ ချမ်းသာ ခုနစ်ဝ ဆိုသောစကားကို တပည့်တော်များ နားမလည်ပါ၍ ရှင်းပြတော်မူပါဘုရား။
( အရှင်ပညာသီရိ-မိတ္ထီလာ )
( ဖြေ )
ဆွမ်းအကျိုးငါးပါးမှာ
သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ၊ ဖြစ်၍ ၄င်းအကျိုးငါးပါး ဤဘ၀တွင် ရရှိလျက်
နောင် လူ့ဘ၀၊ နတ်ပြည်( ခြောက်ထပ်နှင့် ခုနစ်ဘ၀ပါ ) ချမ်းသာ ခုနစ်ဝရ၍ နိဗ္ဗာန်အထိ အကျိုးပြုပါစေ-ဟု
ဆိုလိုပါသဖြင့် လူနှင့်နတ်ပြည်ခြောက်ထပ်ကို ချမ်းသာခုနစ်ဝဟု ယူလိုပါသည်။

( မေး ) ( ဆွမ်းသွတ်ခြင်း )
အရှင်ဘုရား၊ လူ့ဘ၀မှာ လူတယောက် ကွယ်လွန်သွားပြီဆိုလျှင် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း အသုဘကိစ္စပြုလုပ်၍ ခုနစ်ရက်လည်လျှင် ဆွမ်းသွတ် ( သပိတ်သွတ် ) ကြပါသည်၊ ၄င်းဆွမ်းသွတ်ခြင်း အဓိပ္ပါယ်ကို ဖြေကြားပေးတော်မူပါဘုရား။
( သီဟကိုကို-ပဲခူး )
( ဖြေ )
လူ့ဘ၀မှကွယ်လွန်သူသည် အကယ်၍ ပေတလောက ( ပရဒတ္တူပဇီဝိတခေါ် လူ့ဘ၀က အမျှပေးဝေသည်ကို သာဓုခေါ်နိုင်သော အဆင့်မြင့် ) ပြိတ္တာမျိုး ဖြစ်နေလျှင် ၄င်းအားရည်ညွန်း၍ ကျန်ရစ်သူများက ကုသိုလ်ပြု အမျှပေးဝေရပါသည်၊ သာဓုခေါ်လျှင် ၄င်းတို့ကိုယ်တိုင် ကုသိုလ်ပြုသကဲ့သို့ ကောင်းကျိုးကို ခံစားနိုင်ပါသည်၊
ဗုဒ္ဓဘာသာတို့သည် ကုသိုလ် အကုသိုလ် ရောနှောအကျိုးပေးလျှင် ထိုပေတလောကသို့ အရောက်များတတ်သည်၊ သို့ဖြစ်၍ သေပြီးနောက်
သေသောနေ့တွင် သက်ပျောက်သပိတ်ဟူ၍၄င်း၊
ချသောနေ့တွင် မြေဆင်းသပိတ်ဟူ၍၄င်း၊
ရက်လည်နေ့တွင် ရက်လည်သပိတ်ဟူ၍၄င်း၊ အရပ်ထုံးစံအားလျော်စွာ လှူဒါန်း အမျှပေးဝေမှုပြုကြလေ့ရှိပါသည်။
တချိန်ချိန်တွင် သာဓုခေါ်နိုင်က ကွယ်လွန်သူအဖို့ ကောင်းကျိုးချမ်းသာ ရရှိနိုင်ပါသည်၊ သံဃာတော်တို့၏ သပိတ်ထဲသို့ လောင်းလှူသွတ်သွင်း၍ အမျှပေးဝေကြရသဖြင့် သပိတ်သွတ်သည် ( ဆွမ်းသွတ်သည် ) ဟု ဝေါဟာရ ပြုထားကြပါသည်။

( မေး ) ( ဥစ္စာစောင့် )
အရှင်ဘုရား၊ တပည့်တော်တို့ လူ့ဘုံလောကကို ဥစ္စာစောင့် သိုက်နန်းရှင်တွေဟာ လာချင်တိုင်းလာ၊ ပြန်ချင်တိုင်း ပြန်သွားလို့ ရတယ်လို့ လူတွေ အတော်များများက ယုံကြည်နေကြပါတယ်ဘုရား၊ အဲဒါဖြစ်နိုင်ပါသလား။
နောက်ပြီး ဥစ္စာစောင့်နှင့် သိုက်နန်းရှင်ဆိုတာ မတူဘူးလို့ ပြောကြတယ်ဘုရား၊ ဘယ်လိုကွာခြားပါသလဲ၊ တကယ်ကော ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။
( မောင်ချိုလေး-ပဲခူး )
( ဖြေ )
ဥစ္စစောင့်-ဟူသည် ဘုမ္မစိုးနတ်မင်းကြီး၏ လက်အောက်ခံ ပေတမျိုးနွယ်များ ဖြစ်ကြသည်-ဟုဆိုသည်။
လူတို့ တခါတရံ တွေ့ကြ ကြုံကြသဖြင့် လူ့ဘ၀နှင့် နီးစပ်သည်-ဟု ထင်ရသော်လည်း အမှန်အားဖြင့် ဘ၀ချင်း ကွာခြားလှပါသည်၊
ဘုမ္မဿိတပေတ ( မြေကိုမှီနေသော ပြိတ္တာမျိုး )များစွာ ရှိသဖြင့် ၄င်းအမျိုးထဲမှ ဖြစ်နေသော ဥစ္စာစောင့်သိုက်နန်းရှင် ဆိုသည်များလည်း ရှိမည်ဆိုက ရှိနိုင်ပါသည်၊ လူများ၌ အဆင့်အတန်းအမျိုးမျိုး ရှိသလို ပြိတ္တာများလည်း အဆင့်အတန်းအမျိုးမျိုး ရှိနိုင်ကြောင်း ပေတ၀တ္ထုတွင် ဖတ်ရှုသိသာရပါသည်။

( မေး ) ( လင် ကုသိုလ်ပြုက-မယား ရ-မရ )
အရှင်ဘုရား၊ လင်ယောက်ျားက တနေရာတွင် ကုသိုလ်ပြုခဲ့ပါလျှင် အိမ်မှာနေသော မယား ကုသိုလ် ရ-မရ ၊
မယား အိမ်က လှူဒါန်းမှု ပြုလျှင် ခရီးသွားနေသော လင် ကုသိုလ် ရ-မရ သိလိုပါသည်။
မယာြးုက သိသိ၊ မသိသိ လင် ကုသိုလ်ရသည်ဟု ပြောကြားသည်ကို ကြားရပါသည်၊ ရှင်းရှင်းဖြေကြားတော်မူပါဘုရား။
( ဒေါ်ညီမ-ပြည်မြို့ )
( ဖြေ )
အပါဒါန်ပါဠိတော် အဋ္ဌကထာ, ထေရီထေရာ ပါဠိတော် အဋ္ဌကထာတို့၌ ဘုရားလောင်း၊ ပစ္စေကဗုဒ္ဓါအလောင်း၊ ရဟန္တာယောက်ျားအလောင်း၊ ရဟန္တာမိန်းမအလောင်းတို့သည် ဆုတောင်း၍ ကုသိုလ်ပြုသဖြင့် မိမိတို့ကုသိုလ် ပါရမီအားလျော်စွာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရကြသည်၊
ယောက်ျားဆုတောင်း၍ ပြုသောကြောင့် ယောက်ျားသာ ဘုရား ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဖြစ်သည်။
မိန်းမဆုတောင်း၍ ပြုသောကြောင့် မိန်းမသာ ရဟန္တာ(မိန်းမ) ဖြစ်သည်-ဟု လာသည်။
ဒီပင်္ကရာ မြတ်စွာဘုရားလက်ထက် ယသော်ဓရာအလောင်း သုမိတ္တာ သူဋ္ဌေးသမီးဖြစ်စဉ်က ငါတို့ဘုရားလောင်း၏ ဇနီးမယားဖြစ်ရန် ဆုတောင်း၍ ဘုရားလောင်းနှင့်အတူ ဖြစ်ရသော ဘ၀တိုင်း၌ ကုသိုလ်ပြုဖက်ဖြစ်သော်လည်း ရဟန္တာမလောင်းအဖြစ် ပါရမီမဖြည့်နိုင်ခဲ့သေးပါ။ ဘုရားလောင်းသာ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့သည်၊
ပဒုမုတ္တရ မြတ်စွာဘုရားလက်ထက် ( ကမ္ဘာတသိန်းအလို ) ကျမှ ယသော်ဓရာ အလောင်း ကုသိုလ်ပြု ဆုတောင်း၍ ရဟန္တာမ-ဖြစ်ရန် ပါရမီဖြည့်ရသည်၊ ထိုအခါမှ ပါရမီရှင် စစ်စစ် ဖြစ်ရ၏၊
ဤခေတ်တွင် ပါရမီရှင်ဟု လွယ်လွယ်ခေါ်နေကြသည်၊ ရှေးဦးစွာ ဗောဓိဆု တဆုဆုကို တောင်းရဦးမည်ဖြစ်၏၊ ဆုတောင်းပြီးမှ ထိုဆုပြည့်ရန် ဒါနစသည့် ပါရမီတို့ကို ပြုလုပ်ရမည်ဖြစ်သည်၊ ဆုမတောင်းဘဲ လှူဒါန်းခြင်းစသည်မှာ ပါရမီ မဟုတ်သေးကြောင်း သတိပြုရပေမည်။

( မေး ) ( ကံ စိတ် ဥတု အာဟာရ နှင့် သုံးဆယ့်နှစ်ကောဋ္ဌာသ )
အရှင်ဘုရား၊ ဆံပင်၊ မွေးညှင်း၊ စသော ၃၂-ကောဋ္ဌာသကို ပထ၀ီဓာတ် ၂၀၊ အာပေါဓာတ် ၁၂-ပါးဟု ခွဲထားသည်ကို သိရပါသည်၊
တခါက အရှင်ဘုရားသည် ၄င်း ၃၂-ကောဋ္ဌာသကို ကံ စိတ် ဥတု အာဟာရ ၄-ပါးနှင့် ခွဲပုံကို ရေးသားသည်-ဟု သိရပါသည်၊ ထိုခွဲပုံကို တပည့်တော်အား အကျဉ်းမျှ ဖြေပြစေလိုပါသည်ဘုရား။
( စောမြမောင်-ဘားအံ )
( ဖြေ )
ဆံပင်၊ မွေးညင်း စသော ၃၂-ကောဋ္ဌာသတွင်
ပြည့်၊ အစာသစ်၊ အစာဟောင်း၊ ကျင်ငယ်၊ ဥတေုကြောင့်ဖြစ်သည့် ၄-ပါး။
နှပ်၊ တံတွေး၊ ချွေး၊ မျက်ရည် ဥတု စိတ် နှစ်ပါးကြောင့်ဖြစ်သည့် ၄-ပါး။
၎င်း ၈-ပါးမှကြွင်း ၂၄-ပါးမှာ ကံ စိတ် ဥတု အာဟာရကြောင့် ဖြစ်သည်-ဟု မှတ်သားသင့်ပါသည်။
၎င်းအကြောင်းမှတ်ဖွယ် ကဗျာတပုဒ် ကင်းဝန်မင်းကြီး ကဗျာစာအုပ်တွင် ဤသို့တွေ့ရသည်။
ဥတုဖြစ်မှာဖြင့်၊ ပြည်-စာသစ်၊ ကျင်-နှစ်တန်၊
နှပ်-တံတွေး၊ ချွေး-မျက်ရည် လေးပုံစုမှာ၊
ဥတု စိတ်နှစ်ပါးငယ်ကြောင့်၊ ပွားဘိအမှန်၊
နှစ်ဆယ့်လေး၊ စုဝေးကြ ကြွင်းအကျန်၊ စိတ် ကံ ဥ ဟာ လေး၊
သမုဋ္ဌာန်၊ ဟုတ်မှန်အောင်၊ မှတ်ယူသိလေဟု၊ ညွှန်းဘိလတ်သေး။

( မေး ) ( ဗုဒ္ဓဘာသာနှင့် ၃၇-မင်း နတ်များ )
အရှင်ဘုရား၊ ဗုဒ္ဓဘာသာဝင် အမည်ခံ အတော်များများ ၃၇-မင်းနတ် ကိုးကွယ်နေကြသည်၊
လက်ရှိကောင်းကင်ယံတွင် နေထိုင်ကြကုန်သော ၀ိသာခါ ကျောင်းအမ၊ အနာထပိဏ်သူဋ္ဌေးကြီးကဲ့သို့
နတ်ပြည်နေ နတ်များကိုမူ ကိုးကွယ်သည်-ဟုတော့ မကြားတွေ့ရပါ၊
စင်စစ် ၃၇-မင်းနတ်များဒသည် အစိမ်းသေများဟု စပေလာရှိထားရာ ဗုဒ္ဓဘာသာဝင် အမြတ်စားဖြစ်လိုကြသူများ အတွက် ဆုံးမ ဖြေကြားပေးတော်မူပါဘုရား။
( ဦးစောဋ္ဌေး-တောင်ကြီး )
( ဖြေ )
ဝိသာခါ အနာထပိဏ်တို့သည် နိမ္မာနရတီ နတ်ပြည်၊ တာဝတိံသာ နတ်ပြည်ဟူသော နတ်ပြည်ခြောက်ထပ် အထက်တန်းစား နတ်မိဖုရားကြီး နတ်မင်းကြီးများ ဖြစ်နေကြသည်။
၎င်းတို့သည် လူ့ပြည်သို့ လာလေ့မရှိကြ၊ လူတို့၏ အနံ့ကို မခံနိုင်ကြပါ။ ယူဇနာပေါင်းများစွာမှပင် လူတို့အနံ့ဆိုးများက လှိုင်၍နေသည်-ဟု ဆိုကြသည်။
ဘုရား ရဟန္တာ သူတော်ကောင်းတို့၏ သီလရနံ့များကြောင့်သာ တခါတရံ လာရောက်နိုင်ကြသည်၊
ယခုခေတ် လူများသည် ၄င်းနတ်ကောင်း နတ်မြတ်များကို အဆင့်မမီနိုင်ကြ၊ လူ့ရွာရှိ ဖော်ပြပါ အစိမ်းသေ နတ်များလောက်သာ အဆင့်မီကြပြီး ထိုနတ်များကလည်း နတ်ဆိုးများပီပီ ထိုသူတို့အား မှီခိုနှိပ်စက်၍ စားနေကြသည်၊ လူတို့ကလည်း သူခိုး ဓားပြများကို ရိုက်နှက်မည်ကို စိုးရိမ်၍ ရှိခိုးနေကြသကဲ့သို့ ကိုးကွယ်ပသနေကြခြင်းသာ ဖြစ်ရာ ဗုဒ္ဓဘာသာ သူတော်ကောင်းတို့ အလုပ်မဟုတ်သဖြင့် ယင်းနတ်ဆိုးများအား အဆက်အဆံမလုပ်ဘဲ ကုသိုလ်တရားသာ အားထားလုပ်ဆောင်၍ အမျှအတန်း ပေးဝေနေသင့်ပါကြောင်း ဖြေကြားအပ်ပါသည်။

သာသနာတော်သုံးရပ်
(၁) ပရိယတ္တိ သာသနာ-စာပေပရိယတ္တိ သင်အံပို့ချခြင်း။
(၂) ပဋိပတ္တိ သာသနာ-စာပေပရိယတ္တိ၏ သိမှုဖြင့် သမထ ၀ိပဿနာ ပွားများအားထုတ်ခြင်း။
(၃) ပဋိဝေဓ သာသနာ-၀ိပဿနာအကျင့် ပြီးမြောက်၍ မဂ် ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြု၍ အကျိုးခံစားရခြင်း။

ကံ-ဟူသည်
ကံ-ဆိုသည်မှာ ပါဠိဘာသာ ကမ္မ-မှ ဆင်းသက်လာသော မြန်မာဝေါဟာရ ဖြစ်သည်၊ ပြုလုပ်ခြင်း-ဟု အဓိပ္ပါယ် ရသည်၊ ထိုပြုလုပ်ခြင်းဟူသော ကံသည်
(က) ကာယကံ-ကိုယ်ဖြင့်ပြုလုပ်ခြင်း။
(ခ) ၀စီကံ-နှုတ်ဖြင့်ပြောဆိုခြင်း။
(ဂ) မနောကံ-စိတ်ဖြင့်ကြံစည်ခြင်း-ဟူ၍ သုံးမျိုးရှိသည်။
ထိုသုံးမျိုးသည် စေတနာအရင်းခံ၍ ဖြစ်ပေါ်လာရသောကြောင့် စေတနာကို ကံ-ဟု ခေါ်သည်။
လောက၌ အလုံးစုံသော သတ္တ၀ါဟူသမျှတို့ကို အယုတ် အလတ် အမြတ် စသည် ထူးခြားကွဲပြားအောင် ကံကပင် စီမံဖန်တီးပေသည်၊ ကံ၏အကျိုးတရားကြောင့်ပင် တဦးနှင့်တဦး မတူ ကွဲပြား ခြားနားကြသည်။
အချို့က အမြင့်သို့ရောက်သည်၊ အချို့က အနိမ့်သို့ရောက်သည်။
အချို့က ကြွယ်ဝချမ်းသာသည်၊ အချို့က ဆင်းရဲချို့တဲ့သည်။
အချို့က အသက်ရှည်သည်၊ အချို့က အသက်တိုသည်။
အချို့က လှပတင့်တယ်သည်၊ အချို့က လှပတင့်တယ်ခြင်းမရှိ။
အချို့က ပညာဉာဏ်ကြီးသည်၊ အချို့က ပညာဉာဏ်နည်းသည်။
ဤသို့လျှင် တဦးနှင့်တဦး မတူ ကွဲပြား ခြားနားသည်မှာ ကံ၏အကျိုးပေးအရ ဖြစ်သည်။
ကံနှင့်ပတ်သက်၍ ဗုဒ္ဓဘုရားရှင်က
ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏၊ မကောင်းမှုလုပ်သူ မကောင်းကျိုး ရ၏၊
အကြင်မျိုးစေ့ကို စိုက်ပျိုး၏၊ ထိုအသီးကို သုံးဆောင်ရ၏-ဟူ၍ ဆုံးမတော်မူခဲ့ပေသည်။
ထို့ကြောင့် အကျွန်ုပ်တို့သည် ကောင်းသောအကျိုးကျေးဇူးကို ခံစားရရှိနိုင်ရန် ကောင်းသောအမှုကို ပြုကြရပေမည်၊ မကောင်းသောအကျိုးမှ လွဲဖယ်စေရန် မကောင်းသော အမှုကို ရှောင်ရှားကြရပေမည်။
ကံတွင် အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ဟူ၍ နှစ်မျိုးရှိသည်၊ ထိုကံနှစ်မျိုးလုံးပင် အရေးကြီးသည်၊
သာသနာတွင် နေလို လလို ထင်ရှားသော ဆရာတော်မထေရ်ကြီးများတွင် တပါးအပါအ၀င်ဖြစ်သည့် စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်ကြီးက
ကံကလဲ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်မျိုးရှိတယ်ကွဲ့၊
နှစ်မျိုးလုံး အရေးကြီးသော်လည်း ပစ္စုပ္ပန်ကံက ပိုအရေးကြီးတယ်ကွဲ့၊
ဘာကြောင့်လဲဆိုတော့ အတိတ်ကံက အတိတ်ဘ၀က ပြုလုပ်ထားပြီးသားမို့ အကျိုးပေးချင်နေတာ၊
အကျိုးပေးဖို့ အခွင့်အခါကို စောင့်နေတာ၊
ပစ္စုပ္ပန်ကံကို ပြုလုပ်ဖို့လိုတယ်၊ ပစ္စုပ္ပန်ကံကို ကောင်းမွန်စွာ ပြုလုပ်လိုက်လျှင် အတိတ်ကံက အကျိုးပေးလိုက်မှာပဲ၊
အတိတ်ကံကတော့ လူတိုင်းမှာ ရှိကြပြီးသား၊ ပစ္စုပ္ပန်ကံက နည်းနေကြလို့သာ အကျိုးမပေးကြတာ။
လောကီ လောကုတ်နှစ်ပါးမှာ မကြီးပွားသူ၊ အကျိုးမပေးသူ မှန်သမျှ ပစ္စုပ္ပန်ကံ နည်းကြလို့သာ မှတ်ပေတော့။
ဥပမာကွယ်-နွားခြံကြီးတခု ဆိုပါတော့
အတိတ်ကံက နွားခြံကြီးအတွင်းရှိ နွားတွေနဲ့ တူတယ်။
ပစ္စုပ္ပန်ကံကတော့ ခြံတံခါးနဲ့ တူတယ်ကွယ့်။
ခြံအတွင်းက နွားတွေဟာ ခြံတံခါးပိတ်ထားလို့သာကွယ့်၊
ခြံတံခါး ဖွင့်လျှင်ဖွင့်ချင်း ထွက်ဖို့ အဆင်သင့်ပဲကွယ့်၊
အဲဒါကြောင့် လောကုတ် လောကီ နှစ်လီလုံး အကျိုးပေးချင်သူ၊ ကြီးပွားချင်သူမှန်သမျှ ပစ္စုပ္ပန်တံခါးကို ပိတ်မထားနဲ့ကွယ့်။ ပစ္စုပ္ပန်တံခါး ဖွင့်နိုင်ရန် လုံ့လ၀ီရိယ ထက်သန်စွာ ကြိုးစားရမယ်ကွယ့်-ဟူ၍
သြ၀ါဒ ပေးတော်မူခဲ့သည်။
မှတ်သားလိုက်နာဖွယ် ဖြစ်ပေသည်။

သြ၀ါဒ
စည်းကမ်းမရှိဘဲ လုပ်တဲ့အလုပ်ဟာ ဘယ်တော့မှ တိုးတက်တယ်လို့ မရှိဘူး။
လောကီအာရုံတွေက ဆန်းပြားသလောက် သတ္တ၀ါတွေရဲ့ စိတ်ဓာတ်ဟာ အဲဒီအာရုံတွေနောက် လိုက်ပြီးတော့
အကုသိုလ်တွေ ပိုပြီးတော့ များနေကြတယ်။
ပရိယတ် ပဋိပတ် ထွန်းကားလာမှ ပဋိဝေဓ ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်ကြလိမ့်မယ်၊
ပရိယတ် ပဋိပတ်ကိုသာ ကြိုစားကြပါ။
အများနဲ့လုပ်တဲ့အခါ တယောက်နဲ့ တယောက်ဆိုတာ သည်းခံမှု အပြည့်အ၀ ထားရမယ်၊
မေတ္တာလဲ ထားရမယ်၊ သစ္စာလဲ ရှိရမယ်။
( ပန်းကုံးဆရာတော် ဘဒ္ဒန္တကုမာရ မဟာထေရ် )

Sunday, February 22, 2009
ပုံပြင် ( ၁၁ )
( ကျေးဇူးသစ္စာကို စောင့်သိခြင်း၏ အကျိုး )
ရှေးအခါက တိုင်းပြည်တပြည်တွင် ပညာရှိပုရောဟိတ် အမတ်ကြီးတဦး ရှိသည်၊ တခါသော် ထိုပုရောဟိတ်နှင့် ရှင်ဘုရင်တို့ တခုသောပြဿနာအတွက် သဘောကွဲလွဲကြ၏၊
မင်းကြီးကလဲ ငါ-ဘုရင်ပဲ ဟု မင်းမာန်ဖြင့် အလျှော့မပေးချေ၊
ပုရောဟိတ်ကလည်း ငါ ပြောတာအမှန်ပဲ၊ သူလဲ ကောင်းဖို့၊ နိုင်ငံလဲ ကောင်းဖို့ ပြောတာပဲ-ဟု အလျှော့မပေးချေ၊
ဘုရင်က ရာဇမုန်ပွားကာ ပုရောဟိတ်အမတ်ကြီးကို ရာထူးမှ ချ၊ အဆောင်အယောင်များကို သိမ်း၊ ပင်ကိုယ်က ပါလာတဲ့ ပစ္စည်းလောက်နှင့် မြို့ပြင်မှာနေစေ-ဟု အမိန့်တော် ချလိုက်သည်။
ပုရောဟိတ်ကြီးသည် မြို့ပြင်မှာ တဲထိုး၍ ဆင်းရဲစွာ နေရသော်လည်း မိမိ၏၀တ္တရားကို မပျက်ကွက်စေဘဲ ညစဉ် ကောင်းကင်နက္ခတ်တို့ကို ကြည့်ရှုလေ့ရှိပေသည်၊ ထိုစဉ် ရှင်ဘုရင်ဖြစ်သူက ဆင်ခြင်မိသည်မှာ- ငါမေးတိုင်း လက်အောက်မှူးမတ်များ၊ မင်းချင်းများက တိုင်းပြည်သာယာပါတယ်၊ မုဒိန်း ဒန္တ-စသည်တို့ ကင်းရှင်းပါတယ်-လို့ လျှောက်တင်ကြတယ်၊ ယင်းတိုပပြောတဲ့အတိုင်း မှန်-မမှန် သိရအောင် ငါကိုယ်တိုင်ထွက်၍ စုံစမ်းမည်-ဟု ကြံစည်မိ၏။
သို့ဖြင့် ညအခါ တဦးတည်း ရုပ်ဖျက်ကာ လက်နက်ကိုင်၍ လမ်းကြိုလမ်းကြား သွားနေလေသည်၊ ထိုသို့သွားလာနေစဉ် မိမိနှင့် မျက်နှာချင်းဆိုင်မှလာကြသော လူတစုနှင့် တွေ့မိရာ ထိုလူများက
ဟေး---ရှေ့ကလာတာ ဘယ်သူလဲ-ဟု မေး၏၊ မင်းကြီးက ကျွန်တော် ညလူပါ-ဟုဖြေ၏၊
သူခိုးများက တယောက်တည်းလား၊ အများနဲ့လား-ဟု မေးရာ
မင်းကြီးက မခိုးတတ် ခိုးတတ်ဆိုတော့ တယောက်တည်းပါပဲ-ဟု ဖြေပြီးလျှင်
ဆရာတို့လက်ခံရင် တပည့်အဖြစ် လိုက်လိုပါတယ်-ဟု ပြော၏၊
သူခိုးအုပ်စုက လက်ခံသဖြင့် လိုက်သွားရ၏၊
မြို့ပြင်ရှိ ပုရောဟိတ်ဟောင်း၏ တဲအနီး သစ်ပင်အောက်တွင် အချိန်ကို ငံ့လင့်ကာ စောင့်ဆိုင်းနေကြသည်။
ထိုစဉ် ပုရောဟိတ်ဟောင်း အမတ်ကြီးလည်း တဲမှထွက်ကာ ကောင်းကင်နက္ခတ်ကို ကြည့်ပြီးလျှင် သူ၏ဇနီးအား ဤသို့ပြော၏။ ရှင်မရေ၊ ငါတို့ဘုရင်ဟာ ခိုးသူတွေ လက်ထဲ ရောက်နေခဲ့တယ်၊ သို့ပေမဲ့ စိုးရိမ်စရာမရှိပါ၊ သုံးနာရီအကြာမှာ ခိုးသူတွေလက်ထဲက လွတ်မှာပဲ-ဟု ပြော၏၊ ထိုအခါ ဇနီးက ရှင်ဟာ အမှတ်သည်းခြေ မရှိဘူး၊ ရှင်ဘုရင်က ရာထူးချထားလို့ ကျွန်မတိုပ မြို့ပြင်မှာ တဲပုတ်နဲ့ နေနေရတယ်၊ အခု ရှင်ပြောတဲ့စကား မင်းကြီးနား ရောက်သွားရင် ရှင်တော့ အသတ်ခံရတော့မှာပဲ-ဟု ပြောရာ ပုရောဟိတ်ဟောင်းက ရှင်မရယ်-ဒီလိုမပြောပါနဲ့၊ ခုလို ဆင်းရဲစွာနေရတာ ဘ၀ ဘ၀က ပြုခဲ့တဲ့ မကောင်းမှုကံကြောင့်ပါ၊ မင်းကြီးရဲ့ ကျေးဇူးသစ္စာကို စောင့်သိရမယ်၊ တို့ကို မသတ်ဘဲထားတာကို များစွာ ကျေးဇူးတင်ရမယ်၊ မင်းကြီးရဲ့ ဘုန်းရိပ် ကံရိပ်ကြောင့် တို့ဆင်းရဲပေမယ့် အေးအေးချမ်းချမ်း နေရတယ်၊ ဒါကြောင့် မင်းကြီးအပေါ် သစ္စာရှိရမယ်-ဟု ပြော၏။
ဘုရင်ကြီးလည်း ထိုစကားများကို ကြားသိရလျှင် ငါ-ပုရောဟိတ်ကြီးကို ရာထူးချမိတာ မှားသွားလေပြီ-ဟု သတိသံဝေဂရ၍ စိတ်မချမ်းမသာ ဖြစ်မိသည်။ အချိန်ကျလျှင် ခိုးသူတို့လည်း တိုက်တတိုက်ကို ၀င်ရောက်ခိုးယူကြ၍ ဝေစုခွဲကာအသီးသီး မိမိတို့လိုရာ သွားကြ၏၊ ဘုရင်ကြီးလည်း ထိုက်တန်သည့်ဝေစုရကာ နန်းတော်သို့ ပြန်လာခဲ့၏။ နောက်တနေ့ ညီလာခံသဘင်၌ မင်းကြီးက အသစ်ခန့်ထားသော ပုရောဟိတ်အား ညက နက္ခတ်တာရာများကို ကြည့်ပါရဲ့လား-ဟု မေး၏၊ ပုရောဟိတ်အသစ်က ညက နက္ခတ်တာရာများကို ကြည့်ပါတယ်၊ တိုင်းပြည် ၀ပြောသာယာပြီး မင်းကြီးလဲ ဘုန်းတန်ခိုး တိုးတက်ပါလိမ့်မယ်-ဟု လျှောက်ထား၏။
မင်းကြီးက ပုရောဟိတ်အသစ် လျှောက်တင်ချက်ကို မှတ်ထားလိုက်၏၊ ထို့နောက် မင်းချင်းတယောက်ကို စေလွှတ်၍ မြို့ပြင်မှ ပုရောဟိတ်ဟောင်းကို ခေါ်စေ၏။ ပုရောဟိတ်ဟောင်း၏ ဇနီးက မင်းကြီးထံမှ အခေါ်လွှတ်ကြောင်းသိရသော် ၄င်း၏ခင်ပွန်းအား ကျွန်မမပြောဘူးလား၊ ရှင် ညကပြောတာကြောင့် မင်းပြစ် မင်းဒဏ် သင့်တော့မယ်-ဟု ငိုယိုပြောဆို၏၊ ထိုအခါ ပုရောဟိတ်ကြီးက ရှင်မရယ် အခေါ်လွှတ်ရုံနှင့် မင်းပြစ်မင်းဒဏ် သင့်ရမှာလား၊ ကျုပ်ကို ဒဏ်ခတ်ချင်ရင် လက်မရွ့အာဏာသားတွေနဲ့ ခေါ်မှာ၊ မပူပါနဲ့-ဟု ပြော၍ နန်းတော်သို့ လိုက်သွားလေ၏။
မင်းကြီးက ညက ကောင်းကင်နက္ခတ်များ ကြည်မိသလား၊ ဘယ်လိုနိမိတ်များ မြင်ပါသလဲ-ဟု မေးရာ ပုရောဟိတ်ဟောင်းက ညက ကောင်းကင်နက္ခတ်များကို ကြည့်ပါတယ်၊ မင်းကြီးဟာ ခိုးသူများလက်ထဲကို ခေတ္တမျှ ကျရောက်နေတာကို တွေ့ရပါတယ်၊ သို့ပေမယ့် သုံးနာရီခန့်ကြာရှိတော့ ခိုးသူများထံမှ လွတ်မြောက်ခဲ့ပါတယ်-ဟု လျှောက်တင်၏။ ထိုအခါ မင်းကြီးက ပုရောဟိတ်ဟောင်း ပြောတာနဲ့ ညက ငါကိုယ်တိုင်ဖြစ်ခဲ့တာ တထပ်တည်းပဲ၊ အံကိုက်ပဲ ပုရောဟိတ်ဟောင်းကြီးက ငါ့အပေါ်မှာ သစ္စာရှိတယ်၊ ကျေးဇူးတရားကို သိတတ်တယ်၊ ပြုနေကျဝတ္တရားကို မပျက်မကွက်ပြုပေတယ်-ဟု ပြောဆိုပြီးလျှင် လိမ်လည်ပြောဆိုသည့် ပုရောဟိတ်အသစ်ကို ရာထူးမှချ၍ ပုရောဟိတ်အဟောင်းအား ရာထူးဌာနန္တရ စည်းစိမ်ဥစ္စာတို့ကို ပြန်လည်ပေးအပ်ပြီး ချီးမြောက်လေသည်။
(အကိုး။ နာနာဆန္ဒဇာတ်တော်ကို မှီးပါသည်)
( တက္ကသိုလ်ခေမာ-ကျိုက်လတ် )
********************************************************************************
( မတူညီသော ခံစားချက်များ )
ကိုဖိုးသောင်းကြီး လေဖြတ်သွားလို့တဲ့တော့
ဟဲ့ ဘယ်ကိုဖိုးသောင်းလဲ၊ အရှေ့ပိုင်းက ဖိုးသောင်းလား၊ အနောက်ပိုင်းက ဖိုးသောင်းလား၊
အရှေ့ပိုင်းက ငှက်ထောင်မုဆိုး ကို ဖိုးသောင်းလေ၊ မနေ့က လေဖြတ်သွားတာတဲ့၊ ခြေထောက်ရော လက်တွေပါ ကွေးကောက်ပြီး လှုပ်လို့မရတော့ဘူးတဲ့။
အေးဟယ်၊ သနားစရာ၊ အင်း-ကာလ၀ိပါက် နောက်ပိုးတက်ပြီ ထင်ပါရဲ့၊
နေပါဦး ကြီးဒေါ်စိန်ရဲ့၊ ဘာရယ် ကာလ၀ိပါက် နောက်ပိုးတက် ဟုတ်လား၊
အေးပေါ့အေ၊ ဖိုးသောင်းက ငှက်တွေထောင်ဖမ်းပြီး စီပွားရှာနေတာမို့လား၊ ငှက်တွေ အများကြီးမိတဲ့နေ့ဆို တယောက်တည်း မနိုင်မနင်းဆိုတော့ မပျံနိုင်အောင် အတောင်တွေချိုး၊ ခြေတွေချိုးပြီး ထားတယ်မို့လား၊ အခုလဲ သူ့ခြေထောက်တွေ ချိုးထားသလို ကွေးကောက်ပြီး မလှုပ်နိုင်တာနေမှာပေါ့၊ အင်း-ဒုက္ခ ဒုက္ခ၊
ဝဋ်တွေများ ကြောက်စရာ တယ်ကောင်း၊ ဘ၀မခြားဘဲ ခံစားရတယ်၊ တို့များတော့ ကြောက်တယ်ဟေ့၊ ဒါကြောင့် ဒီဘ၀မှာ ငယ်ငယ်လေးထဲက သူများအသက်ကို မသတ်ရဲဘူး၊ သူများကို နာကျင်အောင် မလုပ်ခဲ့ဖူးဘူး။
ဒါကြောင့်ထင်တယ်နော်၊ ကြီးဒေါ်စိန်က အသက်ကြီးနေပေမယ့် သန်သန်မြန်မြန် ဖြစ်နေတုန်းပဲ၊ ရောဂါလဲ ကြီးကြီးကျယ်ကျယ် မရှိဘူး၊
အေးပေါ-အေးပုံရယ်၊ ဒါလဲ ပါမှာပေါ့၊
အင်း ဒီနေ့ထိတော့ ကျန်းမာနေပါသေးတယ်၊ မနက်ဖြန်တော့ မပြောတတ်ဘူးပေါ့ကွယ်၊
အင်း-ညနေစောင်း အေးပုံအားရင် တို့ဖိုးသောင်းကို သွားပြီး မေးကြရအောင်ကွယ်၊ သနားစရာပါ၊
အသက်ကဖြင့် ဘာရှိသေးတုန်း၊ အလွန်ဆုံးရှိမှ လေးဆယ့်ငါး၊ ငါးဆယ်ပေါ့။
ဟုတ်ကဲ့ပါ-ကြီးဒေါ်စိန်၊ ညနေ ကျွန်မအားပါတယ်၊ သွားကြတာပေါ့နော်၊
ညနေပိုင်းတွင် ကြီးဒေါ်စိန်နှင့် အေးပုံတို့ နှစ်ယောက် ရွာအရှေ့ပိုင်းရှိ ကိုဖိုးသောင်း၏ အိမ်သို့ လူနာမေး သွားကြသည်။ ကိုဖိုးသောင်းကတော့ ခုတင်ပေါ်တွင် ပက်လက်၊ စကားမပြောနိုင်၊ ၀ူးဝူးဝါးဝါးနှင့်သာ အော်နေသည်၊
ကိုဖိုးသောင်း၏ လူမမည်အရွယ် ကလေးများမှာလည်း သူ့တဲလေးထဲတွင် ဟိုတယောက် ဒီတယောက်၊ မိန်းမဖြစ်သူ မတုတ်ကတော့ သူ့ဘေးနားမှာထိုင်ပြီး စိတ်ဓာတ်ကျနေပုံရသည်၊ ဒေါ်စိန်တို့ကိုမြင်တော့-
သြော်-ဒေါ်ကြီးစိန် လာလာ၊ ထိုင်ပါ၊ ကိုဖိုးသောင်း အဖြစ်ကတော့ ဒါပါပဲတော်၊ ဒီနေ့ပါဆို နှစ်ရက်ရှိပြီ။
ဟဲ့-ဘယ်လိုဖြစ်တာလဲ မတုတ်ရဲ့၊ ဖိုးသောင်းက မာမာချာချာ သန်သန်မြန်မြန်ကြီးပဲ၊
ဟုတ်တယ် ဒေါ်ကြီးစိန်ရေ၊ ဟိုနေ့ညက အိုက်တယ်ဆိုပြီး အင်္ကျီချွတ်အိပ်တယ်၊ လေက တဟူးဟူးတိုက်နေတဲ့ အိမ်ရှေ့ကွပ်ပျစ်မှာ အိပ်တယ်လေ။ သန်းခေါင်ကျော်လောက်တော့ ဒီလိုဖြစ်သွားတာပဲ၊ ကျုပ် သူ့ကို ပြောပါသေးတယ်၊ မရဘူး၊ အပူဒဏ်မခံနိုင်ဘူးတဲ့လေ၊ ခုတော့ ကြည့်ပါဦး။
ထိုစဉ် ကိုဖိုးသောင်း သူ့မိန်းမကို စကားပြောချင်ပုံရသည်၊ ၀ူးဝူးဝါးဝါးအော်နေသည်၊ သွးရည်တွေကလည်း တများများ ကျနေ၏၊ ကိုဖိုးသောင်းအဖြစ်က မကြည့်ရက်စရာ၊
ကြီးဒေါ်စိန်က မျက်နှာလွှဲကာ အိမ်အတွင်းသို့ ဟိုဟိုဒီဒီ မျက်လုံးရောက်သွား၏၊ မီးဖိုပေါ်ရှိ ကျပ်ခိုးစင်ပေါ်တွင် အသားကင်၊ အသားခြောက် အချို့ကို တွေ့ရသည်။
ဟို တစို့ထိုးထားတဲ့ အကင်တွေက ဘာတွေတုန်း မတုတ်ရဲ့၊ သြော်-ကြီးဒေါ်စိန် ဒါလေ လမိုက်ရက်တုန်းက ကိုဖိုးသောင်း ငှက်တွေ အများကြီးရလာလို့ တချို့လဲရောင်း၊ တချို့လဲ ကင်ထားတာ၊ တခါတည်း ရောင်းမကုန်လို့လေ။
ဟင်-ဟုတ်လား၊ ငှက်အရှင်လေးတွေရော ကျန်သေးလား မတုတ်၊
ဟုတ်ကဲ့-အတောင် မချိုးရသေးတဲ့ ငှက်အငယ်လေးတွေတော့ ကျန်သေးတယ်၊
ကြီးဒေါ်စိန် လိုချင်လို့လား။
အေးကွယ်-ကြီးဒေါ်စိန် လိုချင်လို့ ဘယ်နှစ်ကောင်လောက် ရှိလဲဟင်၊ သိပ်တော့ များများ မရှိပါဘူး၊
ငါးကောင်ပဲ ရှိတော့တယ်၊ ရေဘဲလေးတွေလေ၊ ကြီးဒေါ်ယူရင် လျှော့ပေးပါ့မယ်၊
အေး-အေး လှောင်ချိုင့်လေးနဲ့လား၊
မဟုတ်ဘူး ကြီးဒေါ်ရဲ့၊ ခြေထောက်တွေ ကြိုးနဲ့ချည်ထားတာ၊ ငါးကောင် တခါတည်း တွဲပေးလိုက်မယ်၊ စားဖို့ဆိုရင်တော့ ကျုပ်တခါတည်း ကိုင်ပေးလိုက်မယ်လေ။
အို-အို နေပါစေ၊ မလိုပါဘူးကွယ်၊ ကြီးဒေါ်စိန် ဘာသာဟိုကျမှ လုပ်ခိုင်းပါ့မယ်၊ ပြပါဦး၊ အကောင်လေးတွေ ကြည့်ရအောင်၊ မတုတ်က အိမ်နောက်ဖေးရှိ ပုတ်ခြင်းကြီးထဲမှ ရေဘဲအငယ် ငါးကောင်ကို ကြိုးချည်းလျက်သား ထုတ်ပေးသည်။ ငါးကောင် တထောင်ပဲ ပေးခဲ့ပါတော်၊ ကြီးဒေါ်စိန်ဆိုတော့ လျှော့ပေးရမှာပေါ့။
အေး-အေး-ရော့ ဒီမှာပိုက်ဆံ၊
ကြီးဒေါ်စိန်က အတွင်းခံအင်္ကျီအိတ်ကပ်ထဲမှ ငွေတထောင်ကျပ်တန်ကို ထုတ်ပေးလိုက်သည်၊
ပြီးမှ သတိရဟန်နှင့်-
သြော်-မေ့နေလို့ပါအေ၊ ရော့ ရော့ နှစ်ရာ၊ ဖိုးသောင်းအတွက် ဓာတ်စာဖိုး၊ ဆေးဖိုးပေါ့အေ၊ တို့များလဲ မချမ်းသာလို့ များများ မကူညီနိုင်ဘူး။
ကျေးဇူးပါပဲ ကြီးဒေါ်စိန်ရယ်၊ ဆေးဖိုးကတော့ အတော်ကုန်မှာ၊ မနက်က ရွာနောက်ပိုင်းက ဒေါ်မြကြီး လာပြီး နှိပ်သွားတယ်၊ ထူးမခြားနားပါပဲတော်။
ညရော-အိပ်ရရဲ့လားဟဲ့။
ဘယ်အိပ်နိုင်မလဲ၊ ကြီးဒေါ်စိန်ရယ်၊ အော်နေတာပဲ၊ ကျုပ်လဲ စိတ်ပျက်တယ်၊ လူမမာရှိတော့ အလုပ်လဲ သွားပြီးမလုပ်ရ၊ ငွေလဲ မရှာနိုင်၊ ကလေးတွေကလဲ များတော့ ဒုက္ခရောက်တယ်။
အေးပေါ့ကွယ်၊ ဒီလိုပေါ့၊ ဒုက္ခဆိုတာ လူတိုင်းမှာ အနည်းနှင့်အများ ရှိကြတာပေါ့၊ တတ်နိုင်သမျှတော့ ပြုစုကုသ ပေါ့အေ၊ ကဲ ကဲ တို့သွားဦးမယ်၊
ဟုတ်ကဲ့ ဟုတ်ကဲ့
ဒေါ်စိန်နှင့် အေးပုံ စိတ်မကောင်းစွာနဲ့ အိပ်ရာပေါ်က ဖိုးသောင်းကို တချက်ကြည့်ပြီး ထွက်လာကြသည်၊ ဒေါ်စိန်နှင့် အေးပုံတို့ နှစ်ယောက်သား ရေဘဲလေးများကို တယုတယပွေ့ပြီး ယူလာကြသည်၊ အိမ်ရောက်တော့ တကောင်ချင်း ကြိုးဖြေ၍ ဒဏ်ရာရနေသောနေရာသို့ နနွင်းသိပ်ပေးပြီး ပျံနိုင်သောရေဘဲလေးများကို လွှတ်ပေးလိုက်သည်။
ကောင်းကင်ယံသို့ လွတ်လပ်စွာ ပျံတက်သွားသော ရေဘဲငှက်လေးများကို ကြည့်ရင်း မိမိကုသိုလ်အတွက် ကြည်နူးနေသော ဒေါ်စိန်နှင့် အိပ်ရာထဲတွင် မလှုပ်နိုင် မယှက်နိုင်ဘဲ ခံစားနေရသော ကိုဖိုးသောင်းတို့၏ ခံစားချက်တို့ကား မည်မျှခြားနားလေစွတကား-ဟု အေးပုံ တွေးနေမိသည်။
ငှက်များစွာရလေ့ရှိသော လကွယ်ည သန်းခေါင်တွင် ကိုဖိုးသောင်း ကွယ်လွန်သည်၊ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုလျှင် ကိုဖိုးသောင်း ကောင်းရာသုဂတိ လားပါစေ-ဟု လူတိုင်း ဆုတောင်းပေးမည်သာ။
သို့သော် သို့သော် - - - - ။
( ချယ်ရီ-ရွှေခြံ )
( မြတ်မင်္ဂလာ ၂၀၀၁-နိုဝင်ဘာ )

Saturday, February 21, 2009
ကံ ကံ၏အကျိုး ( ၂၀ )
( ရေကုသိုလ် )
လွိုင်ကော်မြို့ ပန်ကန်းကျေးရွာအုပ်စုတွင် အလွန်ဆင်းရဲလှသော ဦးဖိုးမြနှင့် ဒေါ်စိန်တို့ မိသားစု နေထိုင်ကြသည်။ သူတို့မိသားစုသည် တနေ့လုပ်မှ တနေ့စားရသည်၊ သူတို့တွင် မိသားစု ၅-ဦးရှိသည်၊ သား ၃-ဦး၊ သမီး ၂-ဦး ဖြစ်သည်။
ဦးဖိုးမြသည် အိမ်စဉ်လှည့်လည်ကာ ရေထမ်းရောင်း၍ ဇနီးဖြစ်သူက အိမ်တွင် မောင်းဆုံတလုံး၌ ဆန်မှုန့်ထောင်းသောလုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရရှာသည်၊ ထိုမိသားစုသည် ဆင်းရဲသော်လည်း စိတ်ထားဖြူစင်ကြသည်။
ဦးဖိုးမြ ရေထမ်းရောင်းသော အိမ်များက ဦးဖိုးမြကို ရေဖိုးငွေ ပေးသည်လည်းရှိသည်၊ အချို့ မပေးဘဲ နေသည်လည်းရှိသည်၊ သို့သော် ဦးဖိုးမြသည် ရေဖိုးငွေများကို အတင်းအဓမ္မ မတောင်း၊ ရေအလှူပေးရသည်ဟု သဘောထားလေသည်၊ ဦးဖိုးမြတို့ ဇနီးမောင်နှံသည် ညနေပိုင်း အလုပ်သိမ်းချိန်၌ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားကာ တံမြက်လှည်းခြင်း၊ သောက်ရေအိုးများ ရေဖြည့်ခြင်းတို့ကို နေ့စဉ် ၀တ်မပျက်ခဲ့ပေ၊ ဥပုသ်နေ့များတွင်လည်း ဆွမ်းချိုင့်ဆွဲကာ ဇနီးမောင်နှံနှစ်ဦး ဥပုသ်သီလ ဆောက်တည်ကြသည်။
တခါတရံ အိမ်၌စားဝတ်နေရေး မပြေလည်သော်လည်း မိမိတို့နေ့စဉ် ပြုလုပ်နေကျ ရွာဦးကျောင်း၌ ရေလှူခြင်း အလုပ်များကိုတော့ ၀တ်မပျက်ခဲ့ပေ၊ ထိုကုသိုလ်ဒါနမျိုးကို ဦးဖိုးမြတို့ ဇနီးမောင်နှံ ၈-နှစ်တိုင်တိုင် ပြုလုပ်လာခဲ့ကြသည်။
တနေ့ ဦးဖိုးမြတယောက် ရေထမ်းရောင်းရသောငွေဖြင့် ထီလက်မှတ်တစောင် ထိုးခဲ့ရာ ၅၀၀၀-ဆု ပေါက်ခဲ့ပါသည်။ အရင်းစစ်တော့ အမြစ်မြေက ဆိုသကဲ့သို့ ဦးဖိုးမြတို့ မိသားစုသည် စိတ်ထားဖြူစင်ခြင်း၊ ရွာဦးဘုန်းတော်ကြီး ကျောင်းများသို့ နေ့စဉ်သွားရောက်၍ တံမြက်လှည်းခြင်းနှင့် ရေအလှူဒါန ပြုလုပ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း စသော ကုသိုလ်ကောင်းမှုတို့ကြောင့် ယခုကဲ့သို့ ထီပေါက်ခြင်းဖြစ်သည်-ဟု ယူဆနေကြပါသည်။
ယခုအခါ ဦးဖိုးမြနှင့် ဒေါ်စိန်တို့ မိသားစုသည် ကိုယ်ပိုင် အမှုန့်ကြိတ်စက် တလုံးဖြင့် စီးပွားဖြစ်ထွန်းနေပြီ ဖြစ်ပါသည်။ ( လွန်ခဲ့သော ၈-နှစ်ခန့်က တကယ့်ဖြစ်ရပ်မှန် ဖြစ်ပါသည်။)
( မောင်ချစ်ကြည်-ကန္ဒရ၀တီ )
********************************************************************************
( မေတ္တာရောင်ပြန် )
ကျွန်မသည် ပညာရေးဌာနမှ ၀န်ထမ်းတဦးဖြစ်ပါသည်၊ မိသားစု၏ စားဝတ်နေရေး သားသမီးများ၏ ပညာရေးအတွက် အထောက်အကူ ရရှိရန် နွေရာသီကျောင်းပိတ်ရက်များတွင် ဈေးရောင်းလေ့ရှိပါသည်။ ဈေးရောင်းရာတွင် မြို့မှအထည်များကို ၀ယ်၍ ကျွန်မနေထိုင်သော ဒေသနှင့် ၅-မိုင် ၆-မိုင်ခန့် ဝေးသော ကျေးရွာများသို့ စက်ဘီးဖြင့် သွား၍ ရောင်းချခြင်း ဖြစ်သည်။
ထိုကျေးရွာ၌ နွေရာသီ သီးနှံပေါ်ချိန်ဖြစ်သောကြောင့်၎င်း၊ အလှူအတန်းနှင့် မင်္ဂလာဆောင်များလည်း ရှိသောကြောင့်၎င်း၊ ကျွန်မ၏အထည်များ ရက်အနည်းငယ်ဖြင့် ကုန်သွားပါသည်၊ အထည်များကို လက်ငင်းပေး၍ ၀ယ်သူများ ရှိသလို ဆေးရောင်းပြီးမှ မြေပဲရောင်းပြီးမှ ယူပါဟု ပြောသူများလည်း ရှိပါသည်။
အထည်ဝယ်သူ အားလုံးပင် အထည်ဖိုးများကို အလွယ်တကူ ပေးကြသော်လည်း ဒေါ်----ဟူသော အမျိုးသမီး ကြီးကား ကျွန်မအခေါက်ခေါက် အခါခါ သွား၍တောင်းသော်လည်း မရပါ၊ ရွာမှ လူအချို့ကလည်း ဒီမိန်းမကြီးက အရမ်း လက်ခက်တာပဲ၊ ဆရာမကတော့ ဒုက္ခပဲ-ဟု တယောက်တပေါက် ပြောဆိုကြပါသည်၊ သူတို့ပြောစကားအရ ကျွန်မလည်း စိတ်တိုလာမိပါသည်။
မှတ်မှတ်ရရပင် ဖြစ်ပါသည်၊ တနေ့သော နံနက်တွင် ကျွန်မဒေါပွပွဖြင့် ဒေါ်ကြီး ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေ၊ စသည်ဖြင့် စကားလုံးကြမ်းကြမ်းများကို ပြောဆိုကာ ဒေါ်ကြီးထံ ကြွေးတောင်းရန် စက်ဘီးဖြင့် ထွက်လာခဲ့သည်၊ သူဈေးရောင်းသောဆိုင်သို့ ရောက်သောအခါ အဒေါ်ကြီးက ခပ်တည်တည်ဖြင့်ပင် မပေးနိုင်ကြောင်း ပြောပါသည်၊ ကျွန်မလည်း စကားဆက်မပြောဘဲ ပြန်လာခဲ့ပါသည်။
တပန်ခန့်ကြာသောအခါ ကျွန်မထပ်သွားရန် တွေးမိပါသည်၊ သွားမည့်နံနက်တွင် ကျွန်မဘုရားရှိခိုးပြီး ငါးပါးသီလခံယူပါသည်၊ ထို့နောက် ဒေါ်ကြီး ကျန်းမာပါစေ၊ ဈေးရောင်းကောင်းပါစေ၊ အားလုံးအဆင်ပြေပါစေ-ဟု ဒေါ်ကြီးကို စိတ်ကမှန်းပြီး မေတ္တာပို့ပါသည်၊ လမ်းတလျှောက်လုံးလည်း ကြွေးများ အဆင်ပြေပါစေ-ဟု ဆုတောင်းမိပါသည်။
သူ့ထံသို့ ကျွန်မရောက်သောအခါ ကျွန်မပင် မတောင်းရသေးဘဲ အထည်ဖိုးများကို အလွယ်တကူပင် ထုတ်ပေးပါသည်၊ နောက်နောင်လည်း လာရောင်းဖို့ ပြောပါသည်၊ ကျွန်မလည်း အလိုက်သင့်ပင် ပြန်ပြောခဲ့ပါသည်၊ မည်သို့ပင်ဖြစ်စေ အဒေါ်ကြီးထံမှ ကျွန်မအထည်ဖိုးများကို ရရှိခဲ့ပါသည်။
မေတ္တာပေးလျှင် မေတ္တာပြန်ရတတ်ကြောင်း ကျွန်မသိခဲ့ရပါသည်၊ ဤသည်ကား မေတ္တာရောင်ပြန်ပင် ဖြစ်သည်-ဟု ကျွန်မ ယုံကြည် ယူဆမိပါသည်။
( မချို-ကနောင် )
( မြတ်မင်္ဂလာ ၂၀၀၁-နိုဝင်ဘာလ )

ဘာသာရေး ပြဿနာ ( ၂၁ )
( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )
( မေး ) ( ဒါနသုံးမျိုး )
အရှင်ဘုရား၊ ၀ိနယဒေသနာအလို၊ အဘိဓမ္မာဒေသနာအလိုနှင့် သုတ္တန်ဒေသနာအလိုအားဖြင့် မည်သို့ ဒါနပြုရမည်ကို အသီးသီးဖော်ပြပေးတော်မူပါဘုရား။
ထိုသုံးမျိုးတွင် မည်သည့်ဒေသနာအလိုအားဖြင့် အမြတ်ဆုံး ဒါန ဖြစ်ပါသလဲဘုရား။
( ရွှေစင်သန်းရွှေ-ကလေးမြို့ )
( ဖြေ )
ဒါနသည် ၀ိနည်းဒေသနာအလို
၁။ ဆွမ်း ၂။သင်္ကန်း ၃။ ကျောင်း ၄။ ဆေး-ဟူ၍ ၄-ပါးရှိပါသည်။
အဘိဓမ္မာဒေသနာအလို
၁။ ရူပဒါန ၂။ သဒ္ဒဒါန ၃။ ဂန္ဓဒါန ၄။ ရသဒါန ၅။ ဖောဋ္ဌဗ္ဗဒါန-ဟူ၍ ၅-ပါးရှိပါသည်။
သုတ္တန်ဒေသနာအလို
၁။ အန္န-ဆွမ်းအလှူ ၂။ ပါန-အဖျော်အလှူ ၃။ ဃရ-ကျောင်းအလှူ ၄။ ၀တ္ထ-အ၀တ်ပုဆိုးအလှူ
၅။ ယာန-ယာဉ် အစီးအနင်းအလှူ ၆။ မာလာ-ပန်းအလှူ ၇။ဝိလေပန-နံ့သာပျောင်းအလှူ
၈။ ဂန္ဓ-အနံ့အလှူ ( အမွှေးတိုင်စသည် ) ၉။ သေယျာ-အိပ်ရာနေရာအလှူနှင့် ၁၀။ ပဒီပ-ဆီမီးအလှူတို့ ဖြစ်ပါသည်။
ဆွမ်းတမျိုးကိုပင် ၀ိနည်းဒေသနာ အလို-ဆွမ်း
အဘိဓမ္မာဒေသနာ အလို-ရသဒါန
သုတ္တန် အလို-အန္န-ဟူ၍ ဖြစ်ပါသည်။
အကျိုးအမြတ်အနေဖြင့်မူ မည်သည့်ဒေသနာအလိုပင်ဖြစ်စေ နိဗ္ဗာန်ကို ရည်စူး၍ ၀ိဝဋ္ဋဒါနဖြစ်အောင် ဆုတောင်း၍ လှူဒါန်းကြရန်သာ အရေးကြီးပါသည်။
*********************************************************************************
( မေး ) ( အဂတိတရား လေးပါး )
အရှင်ဘုရား၊ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ အဂတိတရား လေးပါးတွင် ဘယာဂတိနှင့် မောဟာဂတိ နှစ်မျိုးကို သက်ကြီးဝါကြီး၊ ဘုန်းတော်ကြီးများ လိုက်စားပြုမှားပါက အပြစ်မရှိ၊ အပျယ်မကျ-ဟု ဟောပြောနေကြသည်ကို တွေ့နေရပါသည်၊
လေးစားအပ်သူများကမူ အဂတိလေးပါးလုံးပင် အပြစ်ရှိသည်၊ အပျယ်ကျသည်-ဟု ဆိုပါသည်၊
မည်သည်က မှားသည်၊ မည်သည်က မှန်သည်ကို ဖြေကြား၍ အဂတိတရား လေးပါး အဓိပ္ပါယ်ကိုလည်း ဖြေကြားပေးပါဘုရား။
( ခင်ချို-မြ၀တီမြို့ )
( ဖြေ )
သုတ်သုံးကျမ်း အပါအ၀င် ပါထိက၀ဂ် သိင်္ဂါလောဝါဒသုတ်တွင် ဆန္ဒာ ဒေါသာ ဘယာ မောဟာ၊ ယော ဓမ္မံ အတိဝတ္တတိ၊ နိဟီယတိ ယသော တဿ၊ ကဠပက္ခေ၀ စန္ဒိမာ။
ဆန္ဒာဂတိ ဒေါသာဂတိ ဘယာဂတိနှင့် မောဟာဂတိတို့ လွှမ်းမိုးခံရသူသည် လဆုတ်ပက္ခ၌ လမင်းကဲ့သို့ အခြံအရံ စသည်တို့မှ ဆုတ်ယုတ်ရလေသည်-ဟု ဟောတော်မူထားသည်။
ထိုဂါထာ၏အဖွင့် အဋ္ဌကထာတွင် ယော စတုဗ္ဗိဓောပိ ယထာနုက္ကမေန ဆန္ဒာဂတိ အာဒီနိ ဂစ္ဆန္တော ပါပကမ္မံ ကရောတိ နာမ-ဟု အဂတိလေးပါးလုံးသည်ပင် အကုသိုလ်ကံများဖြစ်၍ အပါယ်ကျနိုင်ကြောင်း ဖွင့်ဆိုပါသည်။
( ဒီ=ဋ္ဌ ၃-၁၂၇ )
အဂတိလေးပါး အဓိပ္ပါယ်မှာ-
၁။ ချစ်၍ အနိုင်ပေးခြင်း။
၂။ မုန်း၍ အရှုံးပေးခြင်း။
၃။ ကြောက်၍ အနိုင်ပေးခြင်း။
၎။ တွေဝေမှိုင်းမိ အသိတရားမရှိ၍ အရှုံးအနိုင် ထင်သလို ပေးခြင်းမျိုးကို
အဂတိလိုက်သည်-ဟု ဆိုပါသည်။
********************************************************************************
( မေး ) ( ကောတုဟလမင်္ဂလာ )
အရှင်ဘုရား၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ပဉ္စကနိပါတ် စဏ္ဍာလသုတ်တွင်
ရဟန်းတို့၊ တရားငါးမျိုးနှင့် ပြည့်စုံသော ဥပါသကာသည်
ဥပါသကာဒွန်းစဏ္ဍာလည်း မည်၏။
ဥပါသကာညစ်လည်းမည်၏။
ဥပါသကာ ညံ့လည်းမည်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ -ဟုဆိုကာ ကောတုဟလမင်္ဂလာကို ယုံကြည်မှု ရှိ၏-ဟု တပါးပါရှိပါသည်။
ကောတုဟလမင်္ဂလာကို ကွဲကွဲပြားပြား သိလိုပါသည်ဘုရား။
( ကိုဟန်ဝင်း-အင်းစိန်မြို့သစ် )
(ဖြေ )
ပါဠိအမှန် ကောတူဟလ-ဖြစ်၍ အုတ်အုတ်ကျက်ကျက် အသံဟု ဆိုလိုပါသည်။
ဤသူသည် လူအများ အုတ်အုတ်ကျက်ကျက် ဖြစ်လောက်အောင် ထူးဆန်းသောအမူအရာ ( အတတ်ပညာ )၊ အပြုအမူ အပြောအဆိုရှိသည်။
ဤသူကို ဆည်းကပ်လျှင် လာဘ်လာဘပေါများမည်၊ စည်းစိမ်ဥစ္စာတိုးတက်မည်-ဟု ယူဆ၍ အုတ်အုတ်ကျက်ကျက် ဖြစ်စေသူအား ကိုးကွယ်ဆည်းကပ်ခြင်းမျိုး ဖြစ်သည်။
ဤခေတ်တွင် ရိုးရိုးသံဃာတော်ထက် ဘိုးတော် ၀ိဇ္ဇာ ထွက်ရပ်ပေါက်ဆိုသူများကို ကိုးကွယ်ခြင်းမျိုးကို ဆိုလိုပါသည်။

( မေး ) ( မနောဒွါရ မနောကံ )
အရှင်ဘုရား၊ ကင်္ခါအဋ္ဌကထာ၌ မနောဒွါရေ အာပတ္တိနာမ နတ္ထိ၊ မနောဒွါရ၌ အာပတ်မသင့်-ဟု ဆိုပါသည်။ အချို့ကျမ်းစာများတွင် ကံသုံးပါးတို့တွင် မနောကံသာ အပြစ်အကြီးဆုံးဟု ဆိုပြန်ပါသည်။
ထိုနှစ်ချက်၏ ကွားခြားမှုကို ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
ထို့ပြင် သိလိုသောပြဿနာတရပ်မှာ ကမ္ဘာဦးအစက ယောက်ျားနှင့် မိန်းမ ဘယ်သူက အစ ဖြစ်ပါသလဲဘုရား။ ဖြေကြားပေးတော်မူစေလိုပါသည်။
( အရှင်ဣန္ဒ၀ံသ-ကောလင်းမြို့ )
( ဖြေ )
ဝိနည်း (သီလ) အရာ၌ ကာယဒွါရ၊ ၀စီဒွါရသာလျှင် ပဓာနဖြစ်သည်။
ကာယဒွါရ ၀စီဒွါရကို ထိမ်းသိန်းနိုင်လျှင် အပြစ်အာပတ် မဖြစ်နိုင်၊ မနောဖြင့် လွန်ကျူးခြင်းသည် အပြစ်မရှိ၊
ထို့ကြောင့် မနောဒွါရေ အနာပတ္တိဟု ဟောတော်မူသည်။
သို့သော် ၀ိနည်းကိစ္စ သီလစောင့်ထိန်းမှုမျိုးမှတပါး ပြစ်မှားလုပ်ဆောင်မှုမျိုး၌ကား မနောကံ ပါမှသာလျှင် အပြစ်ရှိသည်။
ရဟန္တာဖြစ်သော အရှင်စက္ခုပါလမထေရ်သည် မျက်စိမမြင်၍ စင်္ကြံလျှောက်ရာ၌ ပိုးကောင်များကို နင်းမိ၍ သေကျေကြသော်လည်း သေစေလိုသောစိတ်မရှိ၊ မနောကံမပါ၍ အပြစ်မရှိ၊ သေစေလိုသောစိတ် (၀ဓက) စေတနာ မနောပါမှသာ အပြစ်ရရှိပေသည်။
ကမ္ဘာဦးအစက ယောက်ျားနှင့် မိန်းမ ဘယ်သူက အစဖြစ်ပါသလဲ-ဟူသော အမေး၌ ဇာတက အသီတိနိပါတ် မဟာဟံသဇာတ်၌ မဟာဘူတိတ္ထိယောနာမ လောကသ္မိံ ဥဒပဇ္ဇိသုံ-ကမ္ဘာဦးအခါ၌ ဣတ္ထိလိင် (မိန်းမသွင်ပြင်)က ရှေးဦးစွာ ထင်ရှားဖြစ်ကြောင်း ထင်ထင်ရှားရှား ဟောကြားတော်မူထားချက်ရှိတယ်။(ဇာ-ဋ္ဌ၊ ၅-၃၉၁ )
ထို့ကြောင့် သတပဒိကပုစ္ဆာတွင် မန်လည်ဆရာတော်မေး၍ မင်းကွန်းဆရာတော် ဖြေရာ၌လည်း
ဣတ္ထိတဲ့ ပုရိသာ၊ ပေါ်စအခါက၊ မိန်းမမှာ အစထူး၊ ရှေးဦးဖြစ်လာ-ဟူ၍ ဖြေကြားတော်မူထားပေသည်။

( မေး ) ( ပရိတ်ရွတ်ရာ၌ နတ်ဖိတ်ခြင်း )
အရှင်ဘုရား၊ ပရိတ်မရွတ်မီ နတ်များကို ပင့်ဖိတ်ကြပါသည်၊ ပရိတ်တရား နာယူရန် နတ်များကြွရောက်ကြပါသလား၊ မမြင်ဖူး၍ ကိုယ်ထင်ပြပေးရန် တောင်းဆိုလျှင် ရပါသလား။
ပရိတ်ရွတ်ဖတ်သူတို့က မည်သည့်အင်္ဂါမျိုးနှင့် ပြည့်စုံရပါမည်နည်း။ ဖြေကြားပေးတော်မူပါဘုရား။
( မောင်ဋ္ဌေးဝင်း-မန္တလေးတိုင်း )
( ဖြေ )
လူတို့ပြည်သည် နတ်တို့အနေဖြင့် အညစ်အကြေးများ စုဝေးရာ ဌာနကဲ့သို့ ဖြစ်သည်။
လူတို့၏အနံ့သည် နတ်တို့အဖို့ မိုင်ပေါင်းများစွာ ဝေးကွာသောဌာနမှပင် မခံသာအောင် နံစော်လှသည်-ဟု ဆိုပါသည်။
သို့သော် လူတို့က ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးသီလနှင့် ပြည့်စုံလျှင်
ရဟန်းတော်များက သီလကြီး လေးပါးနှင့် ပြည့်စုံလျှင် ထိုသီလရနံ့တို့က နံစော်မှုတို့ကို ဖုံးလွှမ်း၍သွားသည်။
ထို့ကြောင့် ပရိတ်ရွတ်သူသည် ပရိတ်မရွတ်မီ ကိုယ်လက်သန့်စင်စေလျက် ၀တ်ကောင်းစားလှများကို ၀တ်ဆင်ကာ သရဏဂုံသီလတို့ကို ခံယူဆောက်တည်ပါ။ ထို့နောက် ဘုရားပုထိုး ရှိခိုးလျက် နတ်များကို ဖိတ်ပြီးလျှင် ပရိတ်တော်များကို ဌာန်ကရိုဏ်းကျနစွာ ရွတ်ဖတ်လျှင် နတ်များလာရောက်နာယူတတ်ကြပါသည်။
နတ်တို့သည် ပရိတ်တရားတော်များကို နာယူလို၍ လူ့ပြည်တွင် လာရောက်လှည့်လည်ရှာဖွေ၍ နေကြသည်-ဟု ဆိုပါသည်။ အနည်းဆုံး-ဘုမ္မစိုး၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်များ နာယူကြပါသည်။ အထူးအားဖြင့် အထက်ပါ ပရိကံများကို ပြုလုပ်၍ ပဋ္ဌာန်းပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသများကို နေ့စဉ်ရွတ်ဆိုသူများထံ နတ်များ လာရောက်နာယူကြကြောင်း ပြောကြပါသည်။
နတ်များသည် ၄င်းတို့လာသည်ကို သိရန် ထူးခြားသော အမွှေးနံ့များကို ပေးတတ်ပါသည်၊
ကြာသော် လူ့အသွင်ဖြင့် ရွတ်ဆိုသူ၏နောက်ပါးတွင် ထိုင်၍ နာယူတတ်ကြပါသည်။ ထိုကဲ့သို့ နာယူတတ်ကြောင်း ရွတ်ဆိုနေကျ ဆရာတော်ကြီးများ မိန့်တော်မူသည်ကို နာခံရဖူးပါသည်။

( မေး ) ( အကျဉ်းဟော၍ သိသူ )
အရှင်ဘုရား၊ အကျဉ်းဟောရုံမျှဖြင့် မဂ်ဖိုရသူ၊
အကျယ်ဟောရုံမျှဖြင့် မဂ်ဖိုလ်ရသူ-ဟူ၍ ဒီခေတ် ဒီအခါ ဒီကာလ၌ ရှိပါသေးသလားဘုရား။
( ယောဂီတဦး-မြိတ် )
( ဖြေ )
အကျဉ်းဟောရုံဖြင့် မဂ်ဖိုလ်ရသူ ဥဂ္ဃါတိတညူပုဂ္ဂိုလ်၊
အကျယ်ဟောပြမှ မဂ်ဖိုလ်ရသူ ၀ိပဉ္စိတညူပုဂ္ဂိုလ်များမှာ မြတ်စွာဘုရားလက်ထက် ရှေ့ပိုင်းမှာမှ ရှိနိုင်ပါသည်။
ဤခေတ်တွင်မူ တရားတပုဒ်ကို အကျယ်ဝေဖန် ဆန်းစစ်ခွဲစိတ်ပြမှ မဂ်ဖိုလ်ကို ရနိုင်သော နေယျပုဂ္ဂိုလ်များသာ အမြတ်ဆုံး ဖြစ်ပါသည်။
ထို့ကြောင့် ဤခေတ် ဤအခါ ဤကာလတွင် ဥဂ္ဃါတိတညူပုဂ္ဂိုလ်၊ ၀ိပဉ္စိတညူပုဂ္ဂိုလ်များ မရှိနိုင်တော့ပါ။

( မေး ) ( ဘုရားမီးလှုံပွဲ )
အရှင်ဘုရား၊ တပို့တွဲလပြည့်နေ့ကို ဘုရားမီးလှုံပွဲနေ့-ဟု ဆို၍ အချို့ဒေသတွင် နံ့သာ၊ ဒန္ဒကူး၊ မှက်၊ ဖွတ်၊ ချဉ်၊ တောင်တမာင်ပင်တို့ကို အခွံခြစ်၍ စင်ကြယ်စေပြီး ညမိုးချုပ်လျှင် ဘုရားကို မီးပူဇော်ကြပါသည်။
ဘုရားအချစ်ဆုံးနေ့ ဟူ၍လည်း ဆိုကြပါသည်။ အထောက်အထား ကျမ်းဂန်လာ မှန်ပါသလား၊ တပည့်တော်များ လေ့လာနိုင်ရန် ညွှန်ပြပေးတော်မူပါဘုရား။
( အရှင်သုခ-မန္တလေး )
( ဖြေ )
တပို့တွဲလဘွဲ့ တေးထပ်တပုဒ်တွင် ချမ်းဆိုသမျှ စံမတူသည်၊ သယမ္ဘူသော်မှ၊ မီးမယ်ဖျူး၊ ရွှေလက်ကင်သည်၊ ရေစက်သွင်အေးသည့်ကာလ-စသည် ရေးစပ်ထားသော ကဗျာမဆားအရ မြတ်စွာဘုရား မီးလှုံကြောင်းယူဆ၍ မီးပူဇော်ပွဲများ၊ မီးပုံပွဲများ အချို့ဒေသတို့တွင် ပြုလုပ်ကြောင်း ကြားသိရပါသည်။ ပါဠိ အဋ္ဌကထာတို့တွင် လာရှိသည်ဟု မသိရပါ။

( မေး ) ( ရေသပ္ပါယ်ခြင်း )
အရှင်ဘုရား၊ မြတ်စွာဘုရား ဆင်းတုတော်များ၊ ရေလောင်းသပ္ပါယ်နေသည်ကို ရွှေတိဂုံဘုရားပေါ်၌ အများဆုံး တွေ့ရပါသည်၊
တချို့က ဦးခေါင်းပေါ်မှစ၍သော်၎င်း၊လည်ပင်းနားမှစ၍သော်၎င်း၊ ရေလောင်းကြပါသည်။
မည်သည့်နေရာမှ ရောလောင်းသပ္ပါယ်လျှင် မည်သို့စိတ်ထားရမည်။ မည်သို့သော အကျိုးရမည်ကို ဖြေကြားပေးတော်မူပါဘုရား။
( မဉာဏ်လွန်-ကမာဝက်၊ မုဒုံ )
( ဖြေ )
ရွှေတိဂုံဘုရားပေါ်၌ ဘုရားရေသပ္ပါယ်ကြသူများမှာ အချိန်အခါဟူ၍မရှိ၊ ဗေဒင်ဆရာက ယတြာချေခိုင်းလျှင် ဘုရားရုပ်ပွားတော်များကို စင်္ကြန်ရေလောင်းသကဲ့သို့ လောင်းနေကြသည်မှာ ကုသိုလ်မရ။ အပြစ်ရဖွယ်သာ ဖြစ်စရာရှိပါသည်။
တကယ်ရေသပ္ပါယ်လိုသော စေတနာရှင်များမှာ ရွှေတိဂုံဘုရားပေါ်သို့ပင် သွားနေစရာမလိုပါ၊ ကိုယ့်အိမ်ရှိ ဘုရားရုပ်ပွားတော် (ကြေးဆင်းတု၊ကျောက်ဆင်းတု)ကို နွေလအခါ ပူသောအချိန်တွင် ကျောင်းဆောင်မှပင့်၍ အိမ်ဦးတွင် ချေးညှော်စင်အောင် ချေးချွတ်ဆေး၊ ဆပ်ပြာ၊ အ၀တ်သန့်သန့်၊ ရေသန့်သန့်ဖြင့် သင့်လျော်ရာနေရာမှ လောင်း၍ ရိုသေလေးစားစွာ ရေသပ္ပါယ်ကုသိုလ်ယူသင့်ပါသည်။
စင်္ကြန်အခါ နှစ်သစ်ကူးအခါတို့တွင် ကျောင်းကန် ဘုရားတို့၌ ဥပုသ်စောင့်ကြသော ဥပုသ်သည် ကျား, မ, မဟူ ညနေပိုင်းတို့တွင် ကျောင်းရှိ ကြေးဆင်းတု၊ ကျောက်ဆင်းတုများကို ရိုသေစွာ ရေသပ္ပါယ်ကြသည်ကို တွေ့ရ ကြုံရလေ့ရှိပါသည်။ အချို့ရေအေးအေးတွင် အမွှေးနံ့သာများထည့်၍ ရေသပ္ပါယ်ကြသည်ကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ ကုသိုလ်ဖြစ်အောင် ရေသပ္ပါယ်သင့်ပါသည်။
( မြတ်မင်္ဂလာ ၂၀၀၁-ခု နိုဝင်ဘာလ )

ရှောင်ပါ-ဆောင်ပါ
တခဏတာမျှ ပျော်ရွှင်ချမ်းသာမှုရသော အလုပ်မျိုးကို ရှောင်ပါ။
ရေရှည် ပျော်ရွှင်ချမ်းသာသော အကျိုးရှိသော အလုပ်မျိုးကို ရွေးချယ် ဆောင်ပါ။
အမြဲမပြတ် ဇွဲလုံ့လဖြင့် ပြုလုပ်ပါ။
ဆုတ်နစ်သော စိတ်ဆန္ဒကို ပယ်ရှား၍၊
ထက်သန်တက်ကြွသော စိတ်ဆန္ဒ ရှေ့သွားဖြင့် အမြဲပြုလုပ်ပါ။
( ဘဒ္ဒန္တ ပဏ္ဍိတ မဟာထေရ် )

Friday, February 20, 2009
ကံ ကံ၏အကျိုး ( ၁၉ )
( အကြင် မျိုးစေ့ )
နှစ်ပေါင်း ၃၀-ခန့် ရှိခဲ့ပါပြီ၊ ခံစားခဲ့ရသော ကြေကွဲဖွယ် အဖြစ်အပျက်သည် မနေ့တနေ့ကကဲ့သို့ မြင်ယောင်နေဆဲပင်။ ထိုအချိန်က ကျွန်မ တာဝန်ထမ်းဆောင်ရသော ဒေသမှာ တာချီလိတ်မြို့နှင့် အနည်းငယ် ကွာလှမ်းသော အ-လ-က စာသင်ကျောင်းဖြစ်သည်။ ထိုစာသင်ကျောင်းသည် ဆေးရုံနှင့် လမ်းတလမ်းသာခြားသည်၊ ထို့ကြောင့် ကျန်းမာရေးနှင့်ပတ်သက်၍လည်း မပူခဲ့ပါ၊
အလှူဒါနဆိုသည်မှာလည်း မိမိရှိသောပစ္စည်း လျော့ပါးမည်စိုး၍ မလှူရက်၊ မပေးရက်ခဲ့ပါ၊ ကလေးငယ်များကို စာသင်ရာတွင်လည်း စေတနာမပါပါ၊ သားသမီးချင်း ကိုယ်ချင်းစာစိတ်လည်း မထားတတ်ပါ၊ တနေ့တွင် ကျွန်မတို့ကျောင်းက ဆရာမတဦး၏ သမီးကလေး တယောက်သည် တက်၍ မေ့မြောသွားသဖြင့် ဆေးရုံသို့ ကမန်းကတန်း ယူပြေးသည်ကို ကျွန်မမြင်လိုက်ရသည်၊
အမှန်အတိုင်းဝန်ခံရလျှင် ကျွန်မ ထိုကလေးကို မသနားသည့်အပြင် ထိုကလေး အသက်ပြန်မရှင်ပါက ထိုဆရာမ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်တော့မည်ကို ကြိတ်၍ ၀မ်းသာသလိုဖြစ်ခဲ့ပါသည်၊ သို့ရာတွင် မကြာမီ ထိုကလေးငယ် နေကောင်းပြီး မိသားစု ပျော်ပျော်ရွှင်ရွှင် ဆေးရုံမှ ဆင်းလာသည်ကို တွေ့ရသည်။
မကြာမီကာလအတွင်း ကျွန်မ၏ ယုတ်မာသော စိတ်များ အပြောင်းလဲကြီး ပြောင်းလဲမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။
ကျွန်မသည် သားကလေး ၅-နှစ်အရွယ်နှင့် သမီးကလေး ၃-နှစ်အရွယ်တို့အား အလွန်ချစ်၍ လိုလေသေးမရှိ ထားခဲ့သည်၊ သို့သော်လည်း စည်းကမ်းရှိရန် လိမ္မာရေးခြားရှိရန်ကိုတော့ ကျွန်မသွန်သင်ဆုံးမသည်။
တရက်သော ညနေပိုင်း၌ တနေကုန်ဆော့နေသော သားကလေးသည် မျက်စိမျက်နှာပျက်ကာ အိပ်ရာတွင်းသို့ စောင်ခြုံ၍ ၀င်အိပ်နေသည်၊ ကျွန်မသည် သားကို မမေးမစမ်းဘဲ အမှတ်တမဲ့ပင် နေမိသည်။
ငါ့မှာ ငွေရှိတယ်၊ ဆရာဝန်ကို ငွေပေးရင် ဘာရောဂါမဆို ပျောက်မှာပဲ-ဟု ယူဆကာ သူ့အဖေပြန်လာမှ ဆေးကုခိုင်းမယ်ဟု ပေါ့ပေါ့ပင်နေခဲ့သည်။
ခင်ပွန်းသည် ပြန်ရောက်လာသောအခါ သားငယ် နေမကောင်းဘူးဆိုသဖြင့် ဆရာဝန်ထံ ဆေးသွားထိုးခိုင်းပါသည်၊ ခါတိုင်း နေမကောင်းလျှင် ဆေးသွားထိုးပြီးပါက ပြန်လည်ကောင်းလာပါသည်၊ ထိုညတွင်မူ သားကလေးသည် တညလုံး ရေတောင်းသောက်ပြီး ငြိမ်နေသည်၊ ကျွန်မကို မပြောရဲဘဲ သူ့ညီမငယ်ကို ညီမလေးရေ အိမ်ရှေ့ခြင်းထဲက မန်ကျည်းသီးလေး တတောင့်လောက် အကိုကြီးကို ယူကျွေးပါ-ဟု ပြောပါသည်။
ထိုစကားကိုကြားရသော ကျွန်မမှာ မည်သို့ဖြစ်သွားမှန်းမသိပါ၊ သားရင်တွေ တအားပူနေမှန်းလည်း မရိပ်မိခဲ့ပါ၊ နောက်တနေ့မနက်တွင် သားသည် သတိလစ်ပြီး ပျော့ခွေလျက်ရှိသည်။ ခင်ပွန်းသည်က သား သတိလစ်နေမှန်း မသိ၊ အိပ်ပျော်နေသည်ဟု ထင်ကာ ဈေးသို့ မော်တော်ဆိုင်ကယ်ဖြင့် ထွက်သွားပါသည်၊ ကျွန်မနှင့် ဆရာတဦး ကလေးကိုပွေ့၍ ဆေးရုံသို့ပြေးကာ ဆရာဝန်သွားပြပါသည်၊
သား၏အဖေ အပြေးအလွှား ရောက်ရှိလာချိန်တွင် သားသည် သွေးညိုညိုများ ၀ူးခနဲ တချက် ထအန်ကာ ကျွန်မကို ကြည့်၍ စကားများ ဗလုံးဗထွေး ပြောပါသည်။ သား၏ မျက်နက်ဝန်းကလေးတို့ ကျယ်လာသည်ကို ကြည့်၍ ကျွန်မသား အခြေအနေကို ရိပ်မိပါပြီ၊ ဆရာဝန်ကလည်း ကြိုးစား၍ ကုပါသည်၊ သားကလေးသည် မျက်ရည်စက်တစက်မျှမကျဘဲ ခုတင်တဖက်တချက်ရှိ ကျွန်မတို့အား အဖေကြီး၊ အမေကြီး-ဟု ခေါ်ကာ ငြိမ်သက်သွားပါသည်၊ ကျွန်မ ဘုရား တမိပေပြီ။
သားကလေးသည် မိခင်ဒဏ် ခံသွားရသည်ဟု ကျွန်မ ယူဆပါသည်။ ထိုအချိန်က ကျွန်မသည် ကိုယ်ချင်းစာတရား ထားခဲ့ပါမူ ဘုရား တရားကို ကိုးကွယ်ဆည်းကပ်ခဲ့ပါမူ ထိုကဲ့သို့ ဆိုးဝါးသောအဖြစ်အပျက်နှင့် မကြုံနိုင်ပါ။
ယခုသော် ကျွန်မစိုက်ခဲ့သော ခါးသီးသော မျိုးစေ့၏အရသာကို ကောင်းကောင်းကြီး ခံစားလိုက်ရပါချေပြီတကား။
( စန္ဒာခမ်းလွန်း )
( မြတ်မင်္ဂလာ ၂၀၀၀-ခု ဧပြီလ )

ပုံပြင် ( ၁၀ )
( ထူးခြားသော စကားလက်ဆောင် )
အခါတပါး၌ မြို့တမြို့တွင် ကုဋေကြွယ် ကုံလုံကြွယ်ဝချမ်းသာသော သူဌေးကြီးတဦးရှိ၏။ တနေ့သောအခါ ထိုသူဋ္ဌေးကြီး နေသောမြို့သို့ ရသေ့တပါးကြွလာသည်။ ရတနာသုံးပါး ရိုသေဆည်းကပ်သူ သူဋ္ဌေးကြီးသည် ထိုသတင်းကိုကြားလျှင်ကြားချင်း ရသေ့ဆရာကြီးအား မိမိနေအိမ်သို့ ပင့်ဖိတ်ပြီး ဆွမ်းကပ်သည်။ ဆွမ်းဘုဉ်းပေးပြီး၍ ရသေ့ကြီး ပြန်ကြွမည်အပြုတွင် ကုန်သည်သူဋ္ဌေးကြီးက ရသေ့ကြီးအား
အရှင်ရသေ့၊ ပြန်မကြွမီ တပည့်တော်အား တန်ဖိုးရှိသော အဆုံးအမသြ၀ါဒ စကားလေးများ ပြောကြားတော်မူပါ-ဟု ပန်ကြားသည်။
ရသေ့ကြီးက-သူဋ္ဌေးမင်း၊ နောက်တပတ် ဒီလိုအချိန်တွင် ကျွန်ုပ်ကို စောင့်ပါ၊ ထိုအခါ သင်လိုချင်သော တရားအဆုံးအမစကားကို ကျွန်ုပ်မြွက်ကြားမည်။ ယခုသော် ကျွန်ုပ်အတွက် ခရီးဆက်ရန် တာဝန်ရှိ၍ ခွင့်ပြုပေဦးလော့-ဟု ဆိုကာ ကြွသွားလေသည်။
ထိုနေ့မှစ၍ သူဋ္ဌေးကြီးလည်း ရသေ့ကြီး မှာကြားသည့်ရက်ကို လက်ချိုးရေတွက်၍ စောင့်၏၊ တပတ်ကြာသော် ရသေ့ကြီးသည် သူဋ္ဌေးကြီးအိမ်သို့ ဆိုက်ရောက်လာသည်၊ သူဋ္ဌေးကြီးလည်း ကောင်းမွန်သော ချိုချဉ်ခဲဘွယ် ဘောဇဉ်များ လောင်းလှူရန် အထူးစီစဉ်ထားသည်။
ရသေ့ကြီးကြွလာသော် ဆွမ်းလောင်းရန် သပိတ်ကို ဖွင့်လိုက်၏၊ ထိုအခါ ရသေ့ကြီး၏ သပိတ်ထဲတွင် နွားချေးခြောက်များ၊ အမှိုက်သရိုက်များနှင့် ရှုပ်ထွေး ညစ်ပေနေသည်ကို တွေ့ရ၏။ သူဋ္ဌေးကြီးက ရွံရှာလျက်-
ရှင်ရသေ့၊ သပိတ်ထဲမှာ အမှိုက်သရိုက်နဲ့ အညစ်အကြေးများ ပြည့်နှက်နေလို့ပါလား-ဟု ဆို၏။
ထိုအခါ ရသေ့ဆရာကြီးက-သူဋ္ဌေးကြီး၊ သင့်ရဲ့ ဆန္ဒအရ လောင်းလှူစရာရှိတာကိုသာ လောင်းလှူပါ၊ ကျန်သည့်အရေးအတွက် သင်မှာ တာဝန်မပိုသင့်ပါ-ဟု ဆို၏။
သူဋ္ဌေးကြီးက အို-ဒီလိုအညစ်အကြေးတွေနဲ့ ပြည့်နက်နေတဲ့ သပိတ်ထဲကို တပည့်တော် အလွန်ကောင်းမွန်သော ဆွမ်းခဲဘွယ်တွေ လောင်းလှူလိုက်လျှင် အညစ်အကြေးတွေ ဖြစ်သွားမှာပေါ့၊ အရှင်ဘုရား သပိတ်တော်ကို ဆေးကြောသုတ်သင်ပြီးမှ တပည့်တော်ရဲ့ ဆွမ်းခဲဘွယ်ကို လောင်းလှူပါရစေ-ဟု ဆို၏။ ထို့နောက် ရသေ့ဆရာကြီး၏ သပိတ်ကို ရေဖြင့်စင်ကြယ်စွာ ဆေးပြီး ဆွမ်းခဲဘွယ် ချိုချဉ်များကို လောင်းလှူလိုက်သည်။
သူဋ္ဌေးကြီး ဆွမ်းလောင်းလှူပြီးသောအခါ ရသေ့သည် သူ၏သပိတ်ကိုပိုက်ကာ ကြွသွားမည်ပြု၏။
သူဋ္ဌေးကြီးက အရှင်ရသေ့ကြီး၊ ဟိုတခါက ဆိုခဲ့သောစကားကို မေ့လျော့နေပြီ ထင်ပါတယ်၊ တပည့်တော်ကို အဆုံးအမစကား ပြောမယ်ဆိုလို့ တပည့်တော်စောင့်နေတာ တပတ်တိတိ ရှိနေပါပြီ-ဟု ဆို၏။
သြော်-ဒါများလား၊ သင့်ကို ကျွန်ုပ်ပေးခဲ့တဲ့ စကား အဆုံးအမလက်ဆောင် မရသေးဘူးလား၊ ကျွန်ုပ် သင်လိုချင်တဲ့ အဆုံးအမ စကားလက်ဆောင်ကို မကြာသေးခင်သောအချိန်ကပဲ ပေးခဲ့ပြီးပါပြီ၊ အသင် သတိမမူ၍ ဂူမမြင်ခြင်းသာ ဖြစ်ပါလိမ့်မယ်။
ကျွန်ုပ်ရဲ့ သပိတ်မှာ အညစ်အကြေး အမှိုက်သရိုက်တွေရှိလို့ ကောင်းမွန်တဲ့ ဆွမ်းခဲဘွယ်များကို သင်မလောင်းခဲ့ဘူး မဟုတ်လား။ ဒီလိုပဲ သင့်ရဲ့အတွင်းစိတ်မှာ လောဘ၊ ဒေါသ၊ မောဟ မာန်မာနတွေ ပြည့်လျှံနေတယ်၊ ဒါတွေကို အရင် စင်ကြယ်အောင်လုပ်ပါ၊ ဒါမှ သင်-ကောင်းကျိုးတွေ ရလိမ့်မယ်။
ဤသို့ဆိုကာ ရသေ့ကြီး ထွက်ခွါသွားပါတော့သည်။ ထိုအခါမှ သူဋ္ဌေးကြီးသည် ရသေ့ကြီး၏ အဆုံးအမကို ကောင်းစွာနားလည်သဘောပေါက်သွားသည်၊ ရသေ့ကြီးအား များစွာ ကြည်ညိုလေးစားသွားလေသည်။
( ဟံသူရစော ) ( ဗောဓကထာကို ပြန်ဆိုသည် )

မြတ်ဗုဒ္ဓ၏ အရာသာဖြစ်သောကိစ္စ
တနေ့သ၌ အရှင်မဟာကဿပမထေရ်သည် ရာဇဂြိုဟ်မြို့တော်တွင်း ဆွမ်းခံပြီး ဆွမ်းစားခြင်းကိစ္စ ပြီးသောအခါ ပိပ္ပလိလိုဏ်ဂူသို့ သွားရောက်၍ အာလောကကသိုဏ်းကို ပွားများသည်၊ ထိုသို့ပွားများပြီး ဒိဗ္ဗစက္ခုအဘိညာဉ်ကို ၀င်စား၍ မေ့လျော့ပေါ့ဆစွာနေကြသော သတ္တ၀ါတို့ကို၎င်း၊ စုတိဆဲ၊ ပဋိသန္ဓေနေဆဲ၊ သတ္တ၀ါတို့ကို၎င်း၊ မမေ့မလျော့သော သတ္တ၀ါတို့ကို၎င်း၊ ဆင်ခြင်နေသည်။
ထိုသို့ ဆင်ခြင်နေစဉ် ဇေတ၀န်ကျောင်းတော်မှ ဘုရားရှင်သည် ရောင်ခြည်တော်လွှတ်ပြီးလျှင် ရှေ့တူရူသို့ ကိုယ်တော်တိုင် ကြွလာသကဲ့သို့ တန်ခိုးတော်ဖြင့် ဖန်ဆင်း၍
ချစ်သားကဿပ၊ သတ္တ၀ါတို့၏ မွေးဖွားခြင်း၊ သေဆုံးခြင်းတို့သည် ရေတွက်မကုန်နိုင်အောင် များပြားလှ၏။ ထိုအခြင်းအရာတို့ကို သိမြင်ခြင်းငှါ သင်၏အရာမဟုတ်၊
ဘုရားရှင်တို့၏ အရာသာဖြစ်၏။
မမေ့မလျော့ နေခြင်းသာ သင်၏အရာဖြစ်သည်-ဟု ဆုံးမကာ အောက်ပါဂါထာကို ဟောတော်မူသည်။
( ပါဠိ )
ပမာဒံ အပ္ပမာဒေန ၊ ယဒါနုဒတိ ပဏ္ဍိတော ။
ပညာပါသာဒ မာရုယှ ၊ အသောကော သောကိနိံ ပဇံ ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ ၊ ဓီရောဗာလေ အဝေက္ခတိ ။
( မြန်မာပြန် )
ပညာရှိသူသည် မေ့လျော့မှုကို မမေ့လျော့မှုဖြင့် ပယ်ဖျောက်၏။
စိုးရိမ်မှုကင်းသော ရဟန္တာသည် ဒိဗ္ဗစက္ခုဟု ဆိုအပ်သော ပညာပြာသာဒ်ထက်သို့တက်၍ စိုးရိမ်မှုရှိသော သတ္တ၀ါအပေါင်းကို ရှုကြည့်၏။
တောင်ထိပ်၌ တည်သောသူသည် မြေပြင်၌ တည်သောသူတို့ကို ရှုကြည့်သကဲ့သို့ ပညာရှိ ရဟန္တာသည် (ပုထုဇဉ်) သူမိုက်တို့ကို ရှုကြည့်၏။
( ဆောင်ပုဒ် )
ကြေင်းကျိုးသိမြင်၊ ပညာရှင်သည်၊ အစဉ်သတိ၊ ဆင်ခြင်ကြည့်လျက်၊ မေ့သည့်တရား၊ ကုန်ပယ်ရှား၏။
တရားလိမ္မာ၊ မြတ်ဆရာသည်၊ ပညာပြာသာဒ်၊ အပေါ်ထပ်မှ၊ သောကကင်းစင်၊ စိတ်ကြည်လင်ဖြင့်၊ မြေပြင်ရွေ့လျား၊ သတ္တ၀ါများကို၊ သနားကြင်နာ၊ စေတနာဖြင့်၊ စိတ်ဖြာခွဲဝေ၊ ရှုကြည့်နေ၏။
တောင်မြေကုန်းထက်၊ အပေါ်တက်၍၊ အောက်ဖက်ကသွား၊ လူအများကို၊ ခွဲခြားဝေဖန်၊ ကြည့်နေဟန်တည်း။
( အပ္ပမာဒ၀ဂ် မဟာကဿပတ္ထေရ၀တ္ထု )

ဘာသာရေး ပြဿနာ ( ၂၀ )
( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )
( မေး ) ( မရဏာနုဿတိ )
အရှင်ဘုရား မရဏာနုဿတိကို စီးဖြန်းပုံများကို ဖြေကြားပေးစေလိုပါသည်။
( သုတမောင်-ရမ်းဗြဲ )
( ဖြေ )
မရဏာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုသူသည်
၁။ ချစ်ခင်သူ၏ သေခြင်း၊ မုန်းသောသူ၏ သေခြင်းတို့ကို အောက်မေ့လျှင် သောက-ဟူသော စိုးရိမ်ပူဆွေးခြင်း၊
ပါမောဇ္ဇ-ဟူသော ၀မ်းမြောက်ခြင်းတို့ ဖြစ်တတ်သဖြင့် မချစ် မမုန်း လျစ်လျူရှုလေ့ရှိသောသူ၏ သေခြင်းကို အောက်မေ့၍ ဤသူကဲ့သို့ ငါလည်း သေရအံ့။
မရဏံ မေ ဘ၀ိဿတိ၊ ဇီဝိတိန္ဒြိယံ နိရုစ္ဆိဇ္ဇိဿတိ-ငါ့အား သေခြင်းသည် ဖြစ်လတံ့။
အသက်ဇိဝိတိနြေ္ဒသည် ပြတ်လတံ့-ဟု အကြိမ်ကြိမ်နှလုံးသွင်း၍ မရဏာနုဿတိ ထင်သည့်တိုင်အောင် ပွားများရပါမည်။
သေခြင်းတရား၊ ဤတပါးကား၊ များပြားလူ့ဘောင်၊ အကျိုးဆောင်သည်၊ အိုအောင် အောက်မေ့ စီးဖြန်းကြ-ဟူသောစကားအတိုင်း ဤသေခြင်း မရဏာနုဿတိကို အောက်မေ့စီးဖြန်းနေသူသည် မကောင်းမှုတို့ကို ပြုလုပ်ရန် ကြောက်လန့်လာသဖြင့် အစဉ် ကုသိုလ်ဖြစ်နေသောကြောင့် သေခြင်းတရားသည် လူတို့၏ အကျိုးဆောင်တရား-ဟု အဆိုရှိပါသည်။ ထို့ကြောင့် အမြဲပွားများ၊ အားထုတ်ရန် သင့်ကြောင်း ဖြေကြားလိုက်ပါသည်။
*********************************************************************************
( မေး ) ( အနုဂါမိက ဥစ္စာ-မြှုပ်နှံရာ )
အရှင်ဘုရား၊ အနုဂါမိကဥစ္စာ၏ အဓိပ္ပါယ်နှင့် ၄င်းဥစ္စာ မြှုပ်နှံရာဌာနတို့ကို ဖြေကြားပေးတော်မူပါဘုရား။
( မောင်မြင့်ကြည်-မိတ္ထီလာမြို့ )
( ဖြေ )
ပြဿနာရှင် သိလိုသော အနုဂါမိကဥစ္စာနှင့် မြှုပ်နှံရာဌာနအကြောင်းကို နိဓိကဏ္ဍသုတ် ( ခု-၁-၉ ) တွင် ပါရှိပါသည်။ ၄င်းသုတ်မှာ ဂါထာ ၁၆-ဂါထာ ပါရှိ၍ ဂါထာနံပါတ် ၇-တွင်
စေတိယမှိ စ သံဃေ ၀ါ ၊ ပုဂ္ဂလေ အတိထီသု ၀ါ ။
မာတရိ ပိတရိ စာပိ ၊ အထော ဇေဋ္ဌမှိ ဘာတရိ ။ ဟု ရှိရာ အဓိပ္ပါယ်မှာ
စေတီသုံးမျိုး၊
သံဃာ၊
မြတ်သောပုဂ္ဂိုလ်၊
အဝေးရောက်ဧည့်သည်၊
အမိ အဖ နှင့်
မိမိထက်ကြီးသော အကိုကြီး အမကြီးတို့၌
အနုဂါမိက ရွှေအိုးကို မြှုပ်နှံရာ၏-ဟု ဆိုလိုပါသည်။
အနုဂါမိက ရွှေအိုးဟူသည်မှာ သံသရာ၌ အရိပ်ကဲ့သို့ မိမိ သွားလေရာ ထက်ကြပ်လိုက်ပါတတ်သော ဒါန၊ သီလ၊ သံယမ စသော ကုသိုလ်ကောင်းမှုများကို ဆိုလိုသည်ဟု ဟောတော်မူထားပါသည်။
( အကျယ်ကို ဖော်ပြပါ သုတ်အဖွင့်တို့တွင် ကြည်နိုင်ပါသည် )
********************************************************************************
( မေး ) ( ပါရာဇိက အမျိုးမျိုး )
အရှင်ဘုရား၊ ရဟန်းပါရာဇိက၊ ရှင်သာမဏေပါရာဇိက၊ ဘိက္ခုနီပါရာဇိက၊ သာမဏေရီပါရာဇိက နှင့် လူပါရာဇိကတို့ ဆုံးရှုံးပုံကို ရှင်းပြပေးပါဘုရား။
တဖန် ထိုပါရာဇိက ကျသူများ၊ မဂ်ဖိုလ်မှ မတားမြစ်၊ ( မဆုံးရှုံးရ ) အောင် မည်သို့ဆောင်ရွက်နိုင်ပုံနှင့် သီလရှင်များ ပါရာဇိက ကျနိုင်-မကျနိုင် ဖြေကြားပေးတော်မူပါ အရှင်ဘုရား။
( စောရန်နိုင်ထွန်း-တာချီလိတ် )
( ဖြေ )
ပါရာဇိက ဟူသည် မဂ်ဖိုလ်မှ ဆုံးရှုံးခြင်းဖြစ်၍ ရဟန်း၏ ပါရာဇိက လေးပါးမှာ-
၁။ မေထုန်မှု ပြုခြင်း။
၂။ လူဇာတ်ရှိသူကို သတ်ခြင်း။
၃။ တမတ်နှင့် အထက် ငွေကြေး၊ ၄င်းတမတ်နှင့် အထက် ထိုက်တန်သော ၀တ္ထုကို ခိုးယူခြင်း။
၎။ မရှိသော မရသေးသော ဈာန်မဂ်ဖိုလ်ကို ပြောခြင်းတို့ ဖြစ်သည်။
သာမဏေ၌ လိင်ဆယ်ပါးကို ကျူးလွန်ခြင်း ဖြစ်သည်။
ဘိက္ခုနီ၌ ရဟန်းဆိုင်ရာ ဖော်ပြပါလေးပါးနှင့် ဘိက္ခုနီဆိုင်ရာ အခြားလေးပါး ပေါင်းသော် ရှစ်ပါး ဖြစ်သည်။
သာမဏေရီ (သာမဏေမ)မှာ သာမဏေနှင့်အတူ ဖြစ်သည်။
လူတို့မှာ ပါရာဇိက-ဟု အမည်မတပ်သော်လည်း သဂ္ဂန္တရာယ် မဂ္ဂန္တရာယ်ဖြစ်သော ပဉ္စာနန္တရိယ ကံငါးပါးကို ကျူးလွန်ခြင်းတို့ ဖြစ်သည်။
(ရဟန်း ) ဘိက္ခှုနှင့် ဘိက္ခုနီတို့အဖို့ ဘိက္ခု ဘိက္ခုနီဘ၀တို့မှ လူထွက်၊ လူဝတ်လဲလိုက်လျှင်၎င်း။
သာမဏေ သာမဏေရီတျို့မှာ သရဏဂုံသီလ ထပ်မံခံယူလိုက်လျှင်၎င်း၊
ဈာန်မဂ်ဖိုလ်မှ မတားမြစ်၊ ( မဆုံးရှုံး ) နိုင်။ ဤသည်တို့မှာ ပါရာဇိက ကုစားနည်း ဖြစ်သည်။
လူပါရာဇိက-ဟု ဆိုအပ်သော အမိ၊ အဖ သတ်ခြင်းစသော ကံကြီးများမှာမူ ဂရုကံကြီးများ ဖြစ်၍ မည်သည့်ကုသိုလ်ကောင်းမှုနှင့်မျှ အပါယ်ငရဲသို့ ကျရောက်ခြင်းမှ မတားမြစ်နိုင်တော့ပါ။
အဇာတသတ်မင်းသည် ဘုရားကို ရာသက်ပန် ကြည်ညိုလျက် မပြတ်လှူဒါန်း၍ သီလဆောက်တည်ကာ နေခဲ့သည်။ ထို့အပြင် ပထမသံဂါယနာတင်သည်အထိ သာသနာပြု လုပ်ငန်းများကိုလည်း လုပ်ခဲ့သည်။
ဤကဲ့သို့ ကုသိုလ်ကြီးများကို ပြုလုပ်ခဲ့ပါသော်လည်း ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ခဲ့မိသဖြင့် လောဟကုမ္ဘီငရဲ၌ ကျရောက်ရသေးသည်။
ယခုကာလ သီလရှင်များအတွက်ကား လူတို့ ပါရာဇိကအတိုင်းသာ မှတ်သားသင့်ပါသည်။

( မေး ) ( ရဟန်း နှင့် မာတုဂါမ အဘိဓမ္မာအမေး အဖြေ )
အရှင်ဘုရား၊ အဘိဓမ္မာအမေး အဖြေများကို ရဟန်းငယ်နှင့် မာတုဂါမ (မိန်းမ) အမေး အဖြေ ပြုလုပ်ကောင်းပါသလား ဘုရား။
မေးမည် ဖြေမည်ဆိုပါက မည်သည့်အကျိုးအပြစ်များ ရရှိနိုင်ပါသလဲဘုရား။
မည်သို့ မေးနိုင် ဖြေနိုင်ကြောင်းကိုလည်း ဖြေကြားပေးတော်မူပါဘုရား။
( ဒေါ်ညွန့်ညွန့်မြိုင်-တရော်မြေ )
( ဖြေ )
သုတ်၊ အဘိဓမ္မာ၊ ၀ိနည်း ပိဋကတ်ဆိုင်ရာများ ဗုဒ္ဓဘာသာရေးရာများကို ပညာတတ်ရဟန်းတော်များအား မာတုဂါမများအနေဖြင့် မေးမြန်းလေ့လာသင်ကြားမှု ပြုနိုင်ပါသည်။
မြတ်စွာဘုရားလက်ထက်တော်ကပင် အရှင်အာနန္ဒာသည် သာဝတ္ထိပြည် ကောသလမင်းကြီး နန်းတော်ဆောင်အတွင်း၌ မလ္လိကာ၊ ၀ါသဘခတ္တိယ၊ စသော မိဖုရား မောင်းမမိဿံများအား ပိဋကတ်စာပေ သင်ကြားပေးခြင်း၊ ပြဿနာဖြေခြင်းများကို မြတ်စွာဘုရား၏ စေခိုင်းချက်ကြောင့် ပြုလုပ်ပေးခဲ့ကြောင်း ဓမ္မပ၏ အဋ္ဌကထာတွင် ပါရှိပါသည်။
ထို့အတူ ကောသမ္ဘီပြည် ဥတေနမင်းကြီး၏ နန်းတော်တွင်းမှာလည်း ပြုလုပ်သင်ကြားပေးကြောင်း တွေ့ရသည်၊
သို့သော် ၀ိနည်းတော်အရ မာတုဂါမချည်းရှိသော ပရိသတ်၌ ဟောကြား ဖြေကြားလျှင် အာပတ်သင့်နိုင်သဖြင့် ယောက်ျားကလေး တဦးတလေ အနီးတွင် ရှိသင့်သည်ကိုမူ သတိပြုသင့်ပါသည်။

( မေး ) ( သိက္ခုာပုဒ်မညီသော ရဟန်းများ )
အရှင်ဘုရား၊ ၀ိနည်းသိက္ခာပုဒ်နှင့်မညီသော ရဟန်းသံဃာများကို ဝေဖန်ပြောဆို ပြစ်တင်ရှုတ်ချလျှင် အပြစ်ဖြစ်ပါသလား၊
( ဥပမာ ) ဓားပြတိုက်ရာတွင် လက်ထောက်ချခြင်း၊ ဆင်းရဲ ချမ်းသာမကြည့်၊ မတရား ဘက်လိုက်သဖြင့် မှန်ကန်သော ဆင်းရဲသား ပိုမို နစ်နာဆုံးရှုံးခြင်း )
( ဥိးခင်မောင်သိန်း-ညောင်ရွှေမြို့ )
( ဖြေ )
ဘုန်းတော်ကြီး ဦသီလ ထေရုပ္ပတ္တိ-၌
ဟဲ့-ငတိုး၊ ရှင်ဘုရင်ကြီးတဦးမှာ သားတော် ၂-ပါးရှိတယ်။
အကြီးက တရားရှိတယ်၊ ခင်မင်ကြည်ညိုသူ များတယ်၊
အငယ်က တရားမရှိဘူး၊ မုန်းတီးသူတွေ များတယ်၊
ထိုလူယုတ်မာလေးကို လက်ဖြင့်သွားလုပ်လျှင် ဘယ်လိုဖြစ်မလဲ။
( သူ့အဖေ ရှင်ဘုရင်ကြီးက လက်ဖြတ်ပါလိမ့်မယ် ဘုရား။)
ဆဲရေးတိုင်းထွာလျှင်ကော၊
( အာဟက်ခံရပါလိမ့်မယ်ဘုရား )
အေးအေး၊ မင်းတို့ ဒီလိုသိရင်တော်ပြီ။
ဘုရားရှင် သားတော်တွေအပေါ်လဲ နင်တို့ သတိထားတတ်ရော့ပေါ့-ဟု မိန့်တယ်။
ဆူးပေါ်ဖက်ကျမို့ ငါဖြင့် လန့်လိုက်လေကွယ်၊ မောင်ဘိုးအင်ရယ်-ဟု
ညောင်လေးပင်မြို့၌ ဦးဘိုးအင် ဆိုသည့် သူ၏မိတ်ဆွေအား ရှေ့နေ ဦးတိုးကြီးက ပြန်၍ ပြောပြဖူးသည်ဆို၏။-ဟု ပါရှိသည်။ ထိုဘုန်းတော်ကြီး ဦးသီလ စကားတော်အတိုင်း မှတ်သားအပ်ပါသည်။

( မေး ) ( သိက္ခာပုဒ်အကျယ် )
အရှင်ဘုရား၊ ၀ိနည်းတဲ့ သိက္ခာ၊ နှစ်ရာ့နှစ်ဆယ့်ခွန်မှ၊ ချဲ့ပြသောအခါ၊ ကုဋေလာ၊ ကိုးထောင်ကျော်သာ၍၊ ဘယ်သိက္ခာ ဘယ်မှပွားသည်ဟု၊ အကျဉ်းသာ သွင်းကာကြားလို့ရယ်၊ ပွားပြစေကြောင်း။
( အရှင်တေဇောဘာသ-မူလမင်းကွန်း သတိပဋ္ဌာန်ကျောင်း၊ မုဒုံမြို့ )
( ဖြေ )
ကိုးထောင်တရာ၊ ရှစ်ဆယ်သာ၊ သင်္ချာကုဋေထုတ်၊
ငါးသန်းသုံးသောင်း၊ ခြောက်ထောင်ပေါင်း၊ များတောင်း သိက္ခာပုဒ်။
ပါတိမောက်သာ၊ မဆိုရာ၊ လေးဖြာ သီလချုပ်။
ပေယျာလလျှင်၊ အမြွက်တင်၊ ချုံးလျှင် ပြဆောင်လုပ်။
မည်သည့်သိက္ခာ၊ ပုဒ်မှလာ၊ ပြောသာမည်မဟုတ်။
အပရိယန္တ၊ မြတ်သီလ၊ ဟောပြသိက္ခာပုဒ်။

( မေး ) ( ဘုရားတဆူ ချွတ်သောသူနှင့် ဘုရားပစ္စေကဗုဒ္ဓါတို့ ဈာန်တန်ခိုး )
အရှင်ဘုရား၊
၁။ ဘုရားရှင်တဆူလျှင် ဘုရားရှင်နှင့်အတူ ကျွတ်တမ်းဝင်နိုင်မည့်သူ ပုဂ္ဂိုလ်အရေအတွက် ပိုင်းခြားပြီးဖြစ်သည်မှာ ဟုတ်ပါသလား၊ မည်မျှပါနည်း၊ မည်သို့သောပုဂ္ဂိုလ်များ ပါဝင်ပါသနည်း။
၂။ ဘုရားအဖြစ်သို့ ရောက်တော်မူရန် ရက်အနည်းငယ်သာ ကျင့်တော်မူသော မြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓါ တို့သည် သစ္စာလေးပါးကို သိတော်မူသည်နှင့် ဈာန်တန်ခိုးများ အလိုအလျောက် ရရှိပါသလား၊ သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။
( သူရငယ်-ပွင့်ဖြူ )
( ဖြေ )
စတုဝီသတာ သင်္ချေယျော-စသော ဂါထာဖြင့် ဘုရားတဆူလျှင် ကျွတ်တမ်းဝင်မည့်သူ ၂၄-သင်္ချေနှင့် ကုဋေ ၆၀ ဗိုလ်ခြေ တသိန်း ဖြစ်ကြောင်း တထာဂတုပ္ပတ္တိကျမ်းတွင် ဆိုသည်။
ထို့အတူ ဇိနာလင်္ကာရကျမ်းကလည်း ဆိုသည်။
သို့သော် ခိုင်ခံ့သော ပါဠိအဋ္ဌကထာကျမ်းတို့တွင် မလာရှိသည့်အပြင် ဓမ္မပဒကျမ်းတို့၌ တဂါထာ တဂါထာကို ဟောတော်မူလျှင် ကျွတ်တမ်းဝင်သော သတ္တ၀ါဝေနေယျတို့ မရေတွက်နိုင် ဟူ၍၄င်း။
မဟာသမယသုတ်၊ မင်္ဂလသုတ်၊ စူဠရာဟုလောဝါဒသုတ်၊ သမစိတ္တပဋိပဒါသုတ်၊ ဓမ္မစက္ကသုတ်၊ ပရာဘ၀သုတ်တို့ကို ဟောရာ၌ ကျွတ်တမ်းဝင်သူ အပၸေမယ် အသေခ်ၤယ် အနႏၲရွိသည္ဟု ဆိုသောကြောင့်၎င်း၊
ဘုရားတဆူ တဆူ၌ ကျွတ်တမ်းဝင်သူ မည်မျှဟု မပြောနိုင်ကြောင်း သိရပါသည်။
၂။ ပဋိသမ္ဘိဒါပတ္တ၊ ဆဠာဘိည ရဟန္တာတို့သည်ပင် ရဟန္တာဖြစ်လျှင်ဖြစ်ချင်း ဈာန်အဘိညာဉ် တန်ခိုးများ ဖြစ်ပေါ်လာသဖြင့် ရဟန္တာထက် အဆင့်မြင့်သော ဘုရားပစ္စေကဗုဒ္ဓါတို့၌ သစ္စာလေးပါးကို သိလျှင်သိချင်း ဈာန်တန်ခိုးများ အလိုအလျောက် ရလာနိုင်ကြောင်းကို အထူးပြောဖွယ်ပင် လိုတော့မည်မဟုတ်ပါ။

( မေး ) ( ရဟန်း နှင့် သံဃာ )
အရှင်ဘုရား၊ ရဟန်းနှင့် သံဃာ ကွာခြားမှု ရှိပါသလားဘုရား၊
အချို့က ရဟန်းသံဃာ-ဟု တွဲခေါ်ပါသည်၊
ရဟန်းခံပွဲဟုသာ ခေါ်ကြပြီး သံဃာခံပွဲ-ဟု မခေါ်ကြပါ၊
သံဃာတော်များအား ဆွမ်းခဲဘွယ်ဘောဇဉ် ပစ္စည်းဝတ္ထု လှူသည်ဟုသာ သုံးကြပါသည်၊ ရှင်းပြတော်မူပါဘုရား။
( တင်တင်ယု-ရွှေပြည်သာမြို့နယ် )
( ဖြေ )
ပုဂ္ဂိုလ်တပါးချင်းကို ရဟန်း-ဟုခေါ်၍ လေးပါးနှင့် လေးပါးမှအထက်ကို သံဃာ-ဟု ခေါ်ပါသည်။
သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟု မှတ်သား၍ မြတ်စွာဘုရားလက်ထက်က အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပမှစ၍
သာသနာ တလျှောက်လုံးနှင့် ယခုမျက်မြင်ထင်ရှားရှိသော ရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည်။
ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟုဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ၊ သံဃဿ ဒေမ-ဟု ဆို၍ လှူလျှင် သံဃာတော်အားလုံးကို လှူရာရောက်ပါသည်။ ယင်းသို့ သံဃာတော် အားလုံးကို အာရုံပြု၍ လှူရာ၌ ဒုဿီလ၊ အလဇ္ဇီ-ဟူ၍ မရှိတော့ပါ၊ ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း သံဃာတော်အား လှူဒါန်းပူဇော်တတ်ရန်နှင့် ရဟန်းနှင့်သံဃာကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည်။

( မေး ) ( စိတ်တခုယုတ် ကိုးဆယ် နှင့် စိတ်ကုဋေတသိန်း )
အရှင်ဘုရား၊ စိတ် ၈၉-ပါး၊ ( စိတ်တခုယုတ် ကိုးဆယ် ) ရှိသည်ဟု သင်္ဂြိုဟ်တွင် ဆိုထားပါသည်၊
လက်ဖျစ်တတွက်အတွင်း စိတ်ပေါင်း ကုဋေတသိန်းဖြစ်သည်ဟုလည်း ဆိုထားပါသည်၊
ဘာကိုအမှန်ယူရပါမည်နည်း ဘုရား။
( မသင်းသင်းအေး-ဒဂုံမြို့သစ် မြောက်ပိုင်း )
( ဖြေ ) စိတ် ၈၉ ( စိတ်တခုယုတ် ကိုးဆယ် )ဆိုသည်မှာ စိတ်အမျိုးအမည်တို့ကို ဖော်ပြခြင်းသာ ဖြစ်သည်။
ထိုစိတ်တခုယုတ် ကိုးဆယ်ထဲမှ (၀ါ) စိတ်၈၉-ထဲမှ စိတ်တခုတခုတို့၏ ဖြစ်မှု ပျက်မှုမှာ လက်ဖျစ်တတွက်၊ လျှပ်တပြက်အတွင်းတွင် ကုဋေတသိန်း(မက) ဖြစ်ပျက်၍နေပါသည်၊
ဥပမာ-မိုးသားကင်းစင်သော ညအခါတွင် ကောင်းကင်ကိုမော့ကြည့်လျှင် ကြယ်ပေါင်းမြောက်မြားစွာကို တပြိုင်နက် မြင်ရပါလိမ့်မည်။ အမှန်မှာ ကြယ်တလုံးကို ၀ီထိစိတ် ၃-၄ကြိမ် ဖြစ်ပြီးမှ မြင်ပြီး၊ နောက်တလုံးကို ပြောင်း၍ ၀ီထိများကျ၍ မြင်ရပါသည်၊ ကြယ်ပေါင်းများစွာကို တလုံးပြီးတလုံး ၀ီထိများကျ၍ မြင်ရသော်လည်း ၀ီထိစိတ်များ ဖြစ်ပျက်မြန်လှ၍ တပြိုင်တည်း မြင်ရသကဲ့သို့ ဖြစ်နေပါသည်။
ဤသို့ဖြင့် လက်ဖျစ်တတွက် လျှပ်တပြက်အတွင်း စိတ်ပေါင်း ကုဋေတသိန်းမက ဖြစ်ပျက်နေသည်ကို သဘောပေါက်လိမ့်မည်ဟု ယူဆပါသည်။

( မေး ) ( ဆွမ်းဟင်းလောင်းလှူခြင်း )
အရှင်ဘုရား၊ အချို့အိမ်များ၌ ဆွမ်းခံသံဃာ အပါးရေ လွန်စွာများပြားသဖြင့် ဆွမ်းဟင်းလောင်းလှူရာ၌
ဥပမာ-ခရမ်းသီးနှပ်၊ ကန်ဇွန်းရွက်ကြော် စသည့် ဒုတိယတန်းစား ဟင်းများနှင့် လောင်းလှူကြပါသည်။
၎င်းတို့စားသောအခါ ဥပမာ-ကြက် ၀က် စသည့် ပထမတန်းစားဟင်းများနှင့် စားကြပါသည်၊ ဤကဲ့သို့ လောင်းလှူကြသဖြင့် မည့်သည့်အကျိုး အပြစ်များရှိသည်ကို သိလိုပါသည်အရှင်ဘုရား။
( မချို-အလုံ )
( ဖြေ )
ဆွမ်း ခဲဘွယ် ဘောဇဉ် စသည် လှူဒါန်းရာ၌
၁။ ဒါန ဒါသ-မိမိသုံးဆောင်သည်ထက် ယုတ်ညံ့သော ၀တ္ထုကို လှူဒါန်းခြင်း။
၂။ ဒါန သဟာယ-မိမိသုံးဆောင်သည်နှင့် အလားတူဝတ္ထုကို လှူဒါန်းခြင်း။
၃။ ဒါန သာမိ-မိမိသုံးဆောင်သည်ထက် ကောင်းမွန်သော ၀တ္ထုကို လှူဒါန်းခြင်း-ဟူ၍ သုံးမျိုးရှိသည်။
ထိုတွင် ၁-မှာ ကျွန်တို့ကို ကျွေးသကဲ့သို့ဖြစ်၍
၂-မှာ မိတ်ဆွေ အပေါင်းအသင်းများကို ကျွေးသကဲ့သို့ ဖြစ်သည်။
၃-မှာ အစိုးတရပုဂ္ဂိုလ် မိမိအရှင်သခင်တို့အား ကျွေးမွေးဧည့်ခံသကဲ့သို့ ဖြစ်ပါသည်။
စေတနာကိုလည်း အစဉ်အတိုင်း ဟီန၊ မဇ္ဈိမ၊ ပဏီတ-ဟု ဆိုသဖြင့် အကျိုးပေးရာတွင်လည်း အယုတ်၊ အလတ်၊ အမြတ် အကျိုးပေးနိုင်ပါသည်။

နေတတ်မှ အကျိုးရှိ
ရွှေရှိတယ် ပြောပြော ၊ ငွေရှိတယ် ပြောပြော၊
ပစ္စုပ္ပန်မှာ အေးချမ်းတည်ငြိမ်ရင့်ကျက်စွာ မနေတတ်ဘူးဆိုရင်
လူ့ဘ၀ဟာ ဘာမှကို အဓိပ္ပါယ် မရှိပါ။
ဒါကြောင့် ဘယ်အာရုံနဲ့ တွေ့တွေ့၊
တွေ့သမျှအာရုံနှင့် အဆင်ပြေအောင်
တည်ငြိမ်ရင့်ကျက် အေးချမ်းပျော်ရွှင်စွာ နေတတ်ရမယ်။
( တိပိဋကဓရ ယော-ဆရာတော် အရှင်သိရိန္ဒာဘိဝံသ )

မိမိကိုယ်ကို ကြည့်ပါ
သူတပါး၏ ဆန့်ကျင်မဖွယ်သော အကျင့်များကို မကြည့်ရှုပါနဲ့၊
သူတပါးတို့၏ ပြု-မပြု ကိုလည်း မကြည့်ရှုပါနဲ့၊
မိမိအတွက် မိမိလုပ်-မလုပ်တို့ကို ကြည့်ပါ။
( တိပိဋကဓရ အရှင်သုမင်္ဂလာလင်္ကာရ )

Thursday, February 19, 2009
မေတ္တာ ကရုဏာ
သတ္တ၀ါများ၊ မေတ္တာထား၊ အများချမ်းသာသည်-ဟု ဆိုသည့်အတိုင်း
အားလုံးသောသတ္တ၀ါတို့ကို အမြဲတမ်း ချမ်းသာစေလိုသော မေတ္တာ။
သနားကြင်နာသည့် ကရုဏာ။
ထိုတရားများ လက်ကိုင်ထားပြီး ကျင့်သုံးနေထိုင်သွားကြပါလျှင် သူရော ကိုယ်ပါ သတ္တ၀ါများအားလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြမည် ဖြစ်ပေသည်။
( ဆရာတော် ဘဒ္ဒန္တသုမနသာဂရ )

Wednesday, February 18, 2009
ဘာသာရေး ပြဿနာ ( ၁၉ )
( ဘဒ္ဓန္တ တိလောကသာရ ဖြေသည် )
( မေး )
လူနှစ်ဦးတို့သည် ဤလူ့ပြည်က တပြိုင်နက်သေ၍ တဦးက ဗြဟ္မာ့ပြည့်၌ ဖြစ်၍
တဦးက ဤလူ့ပြည်၌ ဖြစ်ကြရာ အဘယ်သူက အလျင်ဖြစ်နိုင်ပသနည်း။
( ဖြေ )
မည်သည့်ဘ၀၌ပင်ဖြစ်စေ အဘိဓမ္မာအရ စုတိစိတ် နောင်-ပဋိသန္ဓေစိတ် ဖြစ်ရ၍ ဗြဟ္မာပြည်နှင့် ဤလူ့ပြည် နှစ်ရပ်၌ တပြိုင်နက်ပင် ပဋိသန္ဓေယူနိုင် ဖြစ်နိုင်ကြပါသည်။
ရှင်းလင်းချက်။ ။ ဤအကြောင်းကို ထင်ရှားရန် မိလိန္ဒပဥှာမှ လောကနှစ်ခု ဖြစ်ရမှု၌ တူမျှပုံ ပြဿနာကို ဖော်ပြပါမည်။
မိလိန္ဒမင်းသည် -အရှင်ဘုရား နာဂသေန ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊
ဤလူ့ပြည်၌ သေလွန်၍ ကသ္မီရတိုင်း၌ ဖြစ်သောသူ
ဤသူနှစ်ဦးတို့တွင် အဘယ်သူက ကြာမြင့်၍ အဘယ်သူက လျင်မြန်ပါသနည်း-ဟု မေးလျှောက်သော်
မင်းမြတ်-ထိုသူနှစ်ယောက်တို့သည် အညီအမျှပင် အတူတူပင် ဖြစ်ပါ၏-ဟု မိန့်တော်မူ၏။
အရှင်ဘုရား၊ ဥပမာပြုတော်မူပါဦးလော့
မင်းမြတ်၊ သင်သည် အဘယ်မြို့၌ မွေးဖွားပါသနည်း၊
အရှင်ဘုရား၊ ကလသိမည်သော ရွာ၌ မွေးဖွားပါသည်။
မင်းမြတ်၊ ၄င်းကလသိရွာသည် ဤသာဂလမြို့မှ အဘယ်မျှလောက် ဝေးကွာပါသနည်း။
အရှင်ဘုရား၊ ယူဇနာအားဖြင့် နှစ်ရာတိုင်တိုင် ဝေးကွာပါသည်။
မင်းမြတ်၊ ကသ္မီရတိုင်းသည် ဤသာဂလပြည်မှ အဘယ်မျှလောက် ဝေးကွာပါသနည်း၊
အရှင်ဘုရား၊ တဆယ့်နှစ်ယူဇနာ ဝေးကွာပါသည်။
မင်းမြတ်၊ တိုက်တွန်းပါ၏၊ သင် မင်းမြတ်သည် ကလသိရွာကို ကြွစည်အောက်မေ့ပါလော့။
အရှင်ဘုရား၊ ကြံစည်အောက်မေ့၍ ပြီးပါပြီဘုရား။
မင်းမြတ်၊ တိုက်တွန်းပါ၏၊ သင်မင်းမြတ်သည် ကသ္မီရတိုင်းကို ကြံစည်အောက်မေ့ပါလော။

မင်းမြတ်၊ အဘယ်အရပ်ကို ကြာမြင့်စွာ ကြံစည်အောက်မေ့ရသနည်း။
အဘယ်အရပ်ကို လျင်မြန်စွာ ကြံစည်အောက်မေ့ရသနည်း။
အရှင်ဘုရား၊ အညီအမျှပင် ကြံစည်အောက်မေ့ရပါသည်ဘုရား။
မင်းမြတ်၊ ဤအတူသာလျှင် ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊ ဤလူ့ပြည်၌ သေလွန်၍ ကသ္မီရတိုင်း၌ ဖြစ်သောသူ၊ ဤသူနှစ်ဦးတို့သည် အညီအမျှပင် (အတူတူပင်) ဖြစ်ကြရပါကုန်၏-ဟု ဖြေတော်မူလေ၏။
ဤအမေးအဖြေ၌ မိလိန္ဒမင်းက အချို့လူများ ယူဆသကဲ့သို့ သေသူ၏အသက်ဝိညာဉ်သည် ဤဘ၀က သေဆုံးပြီးလျှင် မိမိပဋိသန္ဓေတွယ်နေရမည့် ဘ၀သို့ ရှာဖွေ၍ သွားနေရသည်၊ ဘ၀တခုနှင့်တခု အကြား၌ ၀ိညာဉ်သည် တွယ်စရာမရှိ၊ လွင့်ပါးသွားလာနေရသေးသည်-ဟု ယူဆ၍ မေးခြင်းဖြစ်သည်။
အရှင်နာဂသေန-က အဘဓမ္မာအရ စုတိစိတ် အဆုံးသတ်ချုပ်လျှင် (သေဆုံးလျှင်) ထိုစုတိစိတ်၏ အခြားမဲ့၌သာလျှင် ပဋိသန္ဓေစိတ် ဆက်ဖြစ်သည်။ မည်သည့်ဘ၀ မည်မျှလောက် ဝေးသည့် ဘုံသို့ပင် ဖြစ်ရမည် ဖြစ်စေ၊ သာဂလနေပြည်တော်မှ ကလသိရွာကို စိတ်ကူး၍ ချက်ချင်းထင်မြင်ရသလိုပင် စိတ်မြန်သလောက် အမြန်ပင် ဖြစ်ရကြောင်း ဥပမာပြ၍ ဖြေဆိုတော်မူလေသည်။
ဤအမေးအဖြေကို ထောက်ဆ၍ သေလွန်သူသည် ဘ၀တခုသို့ မရောက်မီ ကြားဘ၀တခုရှိနေသေးသည်၊ ခုနှစ်ရက်ခန့် လွင့်ပါးနေရသေးသည်၊ အိမ်အနီးမှာပင် စောင့်ဆိုင်းနေရသေးသည်၊ ထိုအခိုက်တွင် တန်ခိုးရှင်တို့ကဲ့သို့ အရာခပ်သိမ်းကို မြင်နိုင်သည်။
မိမိအလောင်းအနီး၌ ဆွေမျိုးတို့ ငိုနေသည်ကိုပင် တွေ့နေရသည်၊ လိုရာအရပ်သို့ ခဏချင်း သွားရောက်နိုင်သည်ဟူသော ၀ိညာဉ်ဝါဒ ရှိသူတို့၏ အယူကို ပယ်ဖျောက်နိုင်ပေတော့သည်။
********************************************************************************
( မေး ) ၀ိဓူရဇာတ်လာ ပုဏ္ဏက-၏ သိန္ဓောမြင်းသည် လူ့စိတ်ထက် မြန်သည်-ဟု ဆိုပါသည်၊ နတ်မြင်းဖြစ်သော်လည်း လူ့စိတ် မြန်သည်ထက် ပို၍ မြန်နိုင်ပါမည်လော။
( ဖြေ )
နတ်က ဖန်ဆင်းထာေးသာ မြင်းဖြစ်၍ လူ့စိတ်ထက်မြန်အောင် သွားနိုင်သည်ဆိုသည်မှာ မှန်ပါသည်။
ရှင်းလင်းချက်။ ။ နတ်ပြည်၌ တိရစ္ဆာန်မရှိ၊
သိကြားမင်း၏ ဧရာဝဏ်ဆင်၊
မာရ်နတ်၏ မဏိမေခလာဆင်၊
ဝေဇယန္တာရထား၌ ကထားကြသော သိန္ဓောမြင်း၊
ပုဏ္ဏက-၏ မနောမယ သိန္ဓောမြင်းတို့မှာ နတ်သားများဖြစ်ကြသည်။
ဆိုင်ရာနတ်မင်းများ ဆင်မြင်းတို့နှင့် သွားလာရန်ကိစ္စပေါ်မှ ဆင်၊ မြင်း သဏ္ဍာန် ဖန်ဆင်းကြခြင်း ဖြစ်လေသည်။ ၄င်းနတ်ဆင် နတ်မြင်းတို့ သွားကြသည် ဆိုရာမှာလည်း ပကတိခြေဖြင့် သွားကြသည်မဟုတ်၊ စိတ်ဖြင့်သွား၍ စိတ်မြန်သလောက် မြန်စွာရောက်ကြသည်။
ဤ၌ စိတ်သွားသည် ဆိုရာမှာလည်း တင်စား၍ဆိုခြင်းပင် ဖြစ်သည်၊ စိတ်က သွားသည်မဟုတ်၊ အဝေး၌ရှိသော အာရုံကို ယူခြင်း၊ တွေးဆခြင်း၊ တွေးဆတိုင်း စိတ်ကရောက်ခြင်းကိုပင် စိတ်သွားသည်-ဟု ဆိုရပါသည်။
ပုဏ္ဏက-နတ်မြင်းမှာ မနောမယ သိန္ဓ၀မြင်းဟု ဆိုပေရာ စိတ်ဖြင့်ပြီးသော သိန္ဓောမြင်းဟု ဆိုသဖြင့် လူ့စိတ်ထက် အဆများစွာမြန်သော နတ်တို့စိတ်ဖြင့်သွား၍ သိန္ဓောမြင်း ဖြစ်လျက် လူ့စိတ်ထက် မြန်သည်-ဟု ဆိုရခြင်း ဖြစ်ပါသည်။
*********************************************************************************
( မေး ) ကြယ် လ နက္ခတ်များ စုံချိန်တွင် ကောင်းကင်ကို ကြည့်ရာ ကြယ် လ နက္ခတ် အများအပြားကို မြင်ရာ၌ တပြိုင်နက်ပင် မြင်လေသလော၊ တခုပြီးတခု မြင်လေသလော။
( ဖြေ )
တခုပြီးမှ တခုကို မြင်ခြင်းဖြစ်သည်။
စိတ် အဖြစ်-အချုပ် မြန်သဖြင့် တပြိုင်နက် မြင်သည်-ဟု ထင်ရပါသည်။
ရှင်းလင်းချက်။ ။ အဘိဓမ္မာသဘောအရ စက္ခုပသာဒ (မျက်စိ) က အဆင်းအာရုံ တခုခုကို ကြည့်ရှုလျှင်
ဦးစွာ စက္ခုဒွါရ၀ီထိကျ၍ ဘ၀င်စိတ်များ ထိုက်သင့်သရွေ့ ဖြစ်ပြီး မနောဒွါရ၀ီထိများ လေးဝီထိမျှ ဘ၀င်ခြား၍ ဖြစ်ပြီးမှ မိမိကြည့်ရှုသော ရုပါရုံတခု (ကြယ်တလုံး) ကို သိမြင်နိုင်သည်။
ထိုဝီထိများ ချုပ်ပြီးနောက်မှ နောက်ထပ် ကြယ်တလုံးအတွက် ရှေးနည်းတူ ၀ီထိများဖြစ်ရသည်။
စိတ်၏ ဖြစ်မှု ချုပ်မှုမှာ လျင်မြန်လွန်းလှသည်၊ ကြယ်-တလုံးပြီးမှ တလုံး မြင်ရသည်ကို တပြိုင်နက် တချက်တည်း မြင်သကဲ့သို့ ထင်ရလေသည်။
မျက်စိတမှိတ် လျှပ်တပြက် အချိန်အတွင်း၌ စိတ် စေတသိက် နာမ်တရားများ ကုဋေတသိန်းမက ဖြစ်ပျက်နေကြသည်ကို သတိပြု၍ အထက်ဖော်ပြပါ သဘောတရားများကို သဘောကျနိုင်စရာ ရှိပေသည်။
( မြတ်မင်္ဂလာ ၁၉၈၉-ခု သြဂုတ်လ )

အအိပ်ကြမ်းသော မယားကိုမြင်ပြီး တရားရသူ
သာဝတ္ထိပြည်မှ အမျိုးသားတယောက်သည် ကျောင်းတကျောင်းသို့ ရောက်သွားရာ ကျောင်းမှကျွေးမွေးသော စားကောင်းသောက်ဖွယ်များကို စားရပြီး ဤသို့ စဉ်းစားမိ၏။ ငါသည် ပင်ပင်ပန်းပန်း အလုပ်လုပ်သော်လည်း ဤသို့သော ဘောဇဉ်မျိုး မစားရပေ။ ရဟန်းတွေကား မပင်မပန်းဘဲ အကောင်းတွေ စားရ၏-ဟု စိတ်ကူးပြီး ရဟန်းပြုလေ၏။
သံဃာတော်များ ထုံးစံအတိုင်း နံနက်ချိန်တွင် နေပူမိုးရွာမရှောင် ဖိနပ်မပါ၊ သပိတ်ပိုက် ဆွမ်းခံထွက်ရသည်၊ ထိုအခါ ဤအလုပ် ပင်ပန်းလှသည်-ဟု စိတ်ပေါက်ကာ လူထွက်ပြန်၏။ အတန်ကြာသော် စိတ်ပြောင်းပြီး ရဟန်းဝတ်ပြန်၏၊ တဖန် စိတ်ပျက်ပြီး လူထွက်၊ တဖန် စိတ်ပြောင်းပြီး ရဟန်းဝတ်နှင့် သုံးကြိမ်ဝတ်၊ သုံးကြိမ်တိုင် လူထွက်လေသည်။
တတိယအကြိမ် လူထွက်ပြီး တနေ့သောအခါ လယ်ထွန်ရာမှအပြန် သင်္ကန်းဝတ်ချင်စိတ် ပေါ်လာပြန်သည်၊ အရန်သင့်ထားသော သင်္ကန်းထုပ်ကိုယူရန် အိမ်ပေါ်တက်သွား၏၊ အိပ်ရာပေါ်တွင် ၀တ်လစ်စလစ် ကိုးရိုကားယား အိပ်မောကျနေသော မယားကိုမြင်၏။ ပါးစပ်မှ အပုပ်ရည်ကျဆင်းကာ တဂူးဂူး ဟောက်လျက် အိပ်နေသော မယားကိုကြည့်ပြီး အပုပ်ကောင်ပါတကား-ဟု မြင်လာ၏၊ လက္ခဏာယဉ်သုံးပါး တင်ပြီး ကမ္မဋ္ဌာန်းရှုရာ သင်္ကန်းထုပ်ပိုက်ရင်း သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်လေသည်။ ကျောင်းသို့ အမြန်သွားလျက် ရဟန်းပြုကာ တရားအားထုတ်သည်၊ မကြာမီ ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်၊ ဤရဟန်းနှင့်စပ်လျဉ်း၍ ဘုရားရှင်က အောက်ပါဂါထာတို့ကို ဟောတော်မူသည်။
( ပါဠိ )
အန၀ဋ္ဌိတ စိတ္တဿ ၊ သဒ္ဓမ္မံ အ၀ိဇာနတော ။
ပရိပ္လ၀ ပသာဒဿ ၊ ပညာ န ပရိပူရတိ ။
အန၀ဿုတ စိတ္တဿ ၊ အန နွာဟတစေတသော ။
ပုညပါပ ပဟီနဿ ၊ နတ္ထိ ဇာဂရတော ဘယံ ။
( မြန်မာ )
တည်တံ့သော စိတ်လည်းမရှိ၊ သူတော်ကောင်းတရားလည်း မသိ၊ ယုံကြည်ခြင်း သဒ္ဓါတရားလည်း မခိုင်မာသောသူမှာ လောကုတ္တရာပညာ မပြည့်စုံပေ။
ရာဂဖြင့် မစိုစွတ်သော စိတ်လည်းရှိ၊ ဒေါသဖြင့် မထိပါးသော စိတ်လည်းရှိ၊ ကောင်းမှု မကောင်းမှုကို ပယ်ပြီး၍ မောဟကင်းသောစိတ်လည်း ရှိသူမှာ ကြောက်စရာ ဘေးမရှိ။
( ဆောင်ပုဒ် )
စိတ်မတည်ငြား၊ တရားမငဲ့၊ သဒ္ဓါမဲ့သည့်၊ ချို့တဲ့သူမှာ၊ ပညာနတ္ထိ၊ ဉာဏ်မရှိတည့်။
ကင်းဘိရာဂ၊ ဒေါသမတွယ်၊ ပယ်ပြီးအကု၊ ကုသိုလ်မှုကင်း၊ မောဟရှင်းသော်၊ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၏။
( စိတ္တ၀ဂ် စိတ္တဟတ္ထတ္ထေရ၀တ္ထု )

သူတော်ကောင်း ယောက်ျားမြတ်
၁။ ဤလောက၌ သူတော်ကောင်း ယောက်ျားမြတ်သည် သူတပါး၏ ဂုဏ်မဲ့စကား (မကောင်းကြောင်း)ကို မေးသော်လည်း ထင်ရှားစွာပြု၍မပြော။
မမေးလျှင်ကား အထူးဆိုဖွယ်ရာမရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင် (သူ့စကားကို အခြေတည်၍ စဉ်းစားဖို့မေးလျှင်) သူတပါး၏ ဂုဏ်မဲ့ကို လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့် မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏။
ဤသည်ကား ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။
၂။ နောက်တမျိုးကား သူတော်ကောင်းယောက်ျားမြတ်သည် သူတပါး၏ ဂုဏ်ရှိစကားကို မမေးသော်လည်း ထင်ရှားစွာပြု၍ ပြောတတ်၏။
မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင် သူတပါး၏ဂုဏ်ကို မလျှော့မဖော့ဘဲ မဆိုင်းမတွပင် ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင်ဖြစ်၏။
၃။ နောက်တမျိုးကား သူတော်ကောင်း ယောက်ျားမြတ်သည် မိမိ၏ ဂုဏ်မဲ့စကားကို မမေးသော်လည်း ထင်ရှားစွာပြု၍ ပြော၏၊ မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင် မိမိ၏ဂုဏ်မဲ့ကို မလျှော့မဖော့ဘဲ မဆိုင်းမတွပင် ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊

၎။ နောက်တမျိုးကား ပညာရှိ ယောက်ျားမြတ်သည် မိမိ၏ဂုဏ်ကို မေးသော်လည်း ထင်ရှားစွာပြု၍ မပြော၊ မမေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင် မိမိ၏ဂုဏ်ကို လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့် မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏၊
ဤသည်ကား အသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။
( စတုက္က အင်္ဂုတ္တိုရ်၊ ဒု ပဏ္ဏာသက ၊ ၃-အပဏ္ဏက၀ဂ်၊ ၃-သပ္ပုရိသသုတ်။ )

ပုံပြင် ( ၉ )
( လူစင်စစ်က မျောက်ဖြစ်သူ )
ဘုန်းတော်ကြီးတပါးထံတွင် ရာဟုလာအမည်ရှိသော သာမဏေငယ် တပါး ပညာသင်ကြားနေ၏။ ရှင်ရာဟုလာ၏ မိဘနှစ်ပါးတို့သည် ဘုန်းတော်ကြီးနှင့် အကျွန်းဝင်နေကြသည်၊ ဘုန်းတော်ကြီးသည် ရှင်ရာဟုလာကို အကြောင်းပြု၍ မိဘမှားနှင့် တစထက်တစ ရင်းနှီးလာ၏၊ ယုံကြည်စိတ်ချလာ၏၊
တနေ့တွင်ဘုန်းတော်ကြီးက ရာဟုလာ၏ မိဘများအား ရွှေထည်ပစ္စည်းများ ထုပ်ထားသည့် အထုပ်တထုပ်ကို အပ်နှံထား၏။ ဤသို့ဖြင့် ကာလအတန်ကြာမြင့်ခဲ့သည်၊ ရာဟုလာ၏ မိဘများလည်း ဘုန်းတော်ကြီးနှင့် ယခင်ကထက် တိုး၍ပင် ရင်းနှီးကျွမ်းဝင်လာကြသည်။
တနေ့တွင် ဘုန်းတော်ကြီးက သုံးစွဲရန်ကိစ္စ ပေါ်ပေါက်လာသည်၊ ထို့ကြောင့် ရာဟုလာ၏ မိဘများအိမ်သို့ သွားပြီး မိမိ၏ရွှေထုပ်ကို ပြန်လည်ရရှိလိုကြောင်း ပြောကြားသည်။ ရာဟုလာ၏ မိဘတို့သည် ဘုန်းတော်ကြီး အပ်နှံထားသော ရွှေထည်ပစ္စည်းများ အစား ကြေးနီပစ္စည်းများဖြင့် လဲလှယ်လိုက်သည်၊ ထို့နောက် ဘုန်းတော်ကြီးအား အထုပ်ကို ပြန်ပေးလိုက်သည်။
ဘုန်းတော်ကြီးသည် ကျောင်းသို့ရောက်၍ မိမိအထုပ်ကို ဖြေလိုက်သောအခါ ရွှေကို မတွေ့ရဘဲ ကြေးနီ ပစ္စည်းများကိုသာ တွေ့ရသည်။ ဘုန်းတော်ကြီးက ချက်ချင်းပင် ရာဟုလာ၏ မိဘများထံ သွားပြီး မိမိ၏ရွှေထည်ပစ္စည်းများကို တောင်းသည်၊ ရာဟုလာ၏ မိဘများက တရားစွဲလိုက စွဲနိုင်ပါတယ်၊ တပည့်တော်တို့ကတော့ အရှင်ဘုရား အပ်နှံထားတဲ့အတိုင်း ပြန်ပေးလိုက်တာပါပဲဘုရား-ဟု လိမ်ညာ လျှောက်တင်ကြသည်။
ဘုန်းတော်ကြီးသည် အကြံတခုပေါ်လာ၏၊ မျောက်တကောင်ကို ရအောင်ရှာ၍ ရာဟုလာ-ဟု ခေါ်လိုက်လျှင် လာစေရန် သင်ကြားပေးသည်။
ထို့နောက် ဘုန်းတော်ကြီးသည် တပည့်ရှင်ရာဟုလာကို တနေရာ၌၀ှက်ထားပြီး မိဘများအား အခေါ်လွှတ်လိုက်၏၊ မိဘများရောက်လျှင် ရာဟုလာ-ဟု ဘုန်းတော်ကြီးက ခေါ်လိုက်၏၊ ထိုအခါ သင်ကြားထားသည့် မျောက်က ပြေးထွက်လာ၏၊ ဘုန်းတော်ကြီးနားတွင် ပွတ်သီးပွတ်သပ် လုပ်နေ၏၊ မိဘများက-
အရှင်ဘုရား တပည့်တော်တို့၏သား ရာဟုလာ ဘယ်မှာလဲဘုရား-ဟု မေးလျှောက်၏၊ ဘုန်းတော်ကြီးက ဒကာတို့၏သား ရာဟုလာသည် မျောက်ဖြစ်သွားပြီ၊ ဤမျောက်သည် သင်တို့သားပင်တည်း-ဟု မိန့်လိုက်လေ၏။
အရှင်ဘုရား တပည့်တော်တို့ရဲ့သား ရာဟုလာဟာ လူစင်စစ်ဖြစ်ပါတယ်ဘုရား၊ မျောက်မဟုတ်ပါ ဘုရား။
ဒကာတို့ဆီမှာ ဘုန်းကြီးအပ်နှံခဲ့တဲ့ ရွှေတွေဟာ ကြေးနီဖြစ်သွားတယ်၊ အဲသည်လိုပဲ ဒကာတို့ရဲ့သားကလည်း လူစင်စစ်က မျောက်ဖြစ်သွားပြီ။
ဤသို့ဖြင့် ဆရာနှင့်ဒကာ အငြင်းအခုံ ဖြစ်ကြပြီး တရားသူကြီးထံ အဆုံးအဖြတ်ခံယူရန် သွားကြသည်။
ထိုအခါ တရားသူကြီးက အမှုသွား အမှုလာကို အပြန်အလှန် စစ်ဆေးမေးမြန်းပြီး အောက်ပါစီရင်ချက်ကို ချမှတ်လိုက်သည်။
လူသည် မျောက်မဖြစ်နိုင်၊ လူ ပြန်ဖြစ်စေ။
ရွှေသည် ကြေးနီမဖြစ်နိုင်၊ ရွှေပြန်ဖြစ်စေ။
ထို့ကြောင့် ဘုန်းတော်ကြီးသည် ၀ှက်ထားသော ရာဟုလာကို မိဘများအား အပ်နှံလိုက်သည်၊ ရာဟုလာ၏ မိဘများကလည်း ဘုန်းတော်ကြီး၏ ရွှေထည်ပစ္စည်းများကို ပြန်လည် ပေးအပ်လိုက်ရလေတော့သည်။
( မနုဓမ္မသတ် ) စိတြ
( မြတ်မင်္ဂလာ ၁၉၉၂-ခု ဒီဇင်ဘာလ )

Tuesday, February 17, 2009
ကံ ကံ၏အကျိုး ( ၁၈ )
( ရွှေအိုးမြှုပ်နှံခြင်း )
ရန်ကုန်မြို့ ကမ္ဘာအေးဈေးနှင့် ပတ်ဝန်းကျင်တွင် အသက် ၈၀-ခန့်ရှိ အဘိုးအိုတယောက်သည် တဆိုင်ဝင် တဆိုင်ထွက်ဖြင့် ဈေးအနှံ့လှည့်လည် အလှူခံစားသောက်လျက်ရှိ၏။
အဘိုးအိုကို ကြည့်ရသည်မှာ လွန်စွာသနားစရာကောင်းလှ၏။ ခါးကလည်း ကိုင်းလှ၏၊ အစာအာဟာရ ချို့တဲ့မှုကြောင့် ခွန်အားဗလလည်း လွန်စွာချိနဲ့လျက်ရှိ၏၊ ကားလမ်းမကြီးဘေးရှိ မုန့်ဟင်းခါဆိုင်မှ စားစရာ ထည့်လိုက်သောအခါ ထိုဆိုင်နှင့် မလှမ်းမကမ်းမှာပင် ထိုင်လျက် အားရမြိန်ရှက်စွာ စားသောက်နေသည်ကို သနားစဖွယ် တွေ့မြင်ရလေ၏။ အဘိုးအို၏ သနားစဖွယ်အဖြစ်ကို စာရေးသူ မကြာခဏ တွေ့မြင်ရသည်။
ဤသို့တွေ့မြင်ရဖန် များလာသောအခါ ထိုအဖိုးအိုအပေါ် ကရုဏာသက်မိ၏၊ စားစရာ သောက်စရာများ ပေးလှူချင်သည့်စိတ်များ တဖွားဖွားဖြစ်ပေါ်မိ၏၊ တနေ့တွင် နို့မုန့်နှင့် နို့ဆီဘူး လှူမည်-ဟု စိတ်ကူးပြီးနောက် အဘိုးအို၏ အနားသို့ သွား၍ အဘိုး-ဘုရားဝင်းထဲ ခဏ လိုက်ခဲ့စမ်းပါ၊ အဘိုးကို စားစရာလှူချင်လို့ပါ-ဟု ပြောရာ အဘိုးအိုမှာ နားလေးနေရော့သလား မပြောတတ်။ ဘယ်မှ မလိုက်နိုင်ဘူး၊ သွားစရာရှိသေးတယ်-ဟု ပြန်ပြောသဖြင့် စာရေးသူလည်း လှည့်ပြန်ခဲ့ရလေ၏။ စာရေးသူတွင် လှူဖွယ်ပစ္စည်းများမှာ တခါတည်း ပါမလာသဖြင့် မလှူလိုက်ရခြင်း ဖြစ်လေသည်။
တနေ့တွင် စာရေးသူသည် ကမ္ဘာအေး ဘောဂလမ်းထဲသို့ လမ်းလျှောက်သွားစဉ် လမ်းဘေး၌ တဲငယ်တလုံးကို မြင်သဖြင့် တဲငယ်အတွင်းသို့ လှမ်းကြည့်လိုက်ရာ လူတယောက် ခွေခွေကလေး အိပ်နေသည်ကို တွေ့ရလေ၏။ သေချာစွာကြည့်ပြန်ရာ ဈေးထဲ၌ အလှူခံ စားသောက်နေသော အဘိုးအိုဖြစ်မှန်း သိရလေ၏၊ အစားအစာအတွက် ဒုက္ခရောက်နေသည်ကို မြင်ရသဖြင့် သနားနေမိရာမှ နေရသည့်အိမ်ကိုပါ မြင်ရပြန်သောအခါ အဘိုးအိုအပေါ် ပို၍ပင် သနားမိပြန်၏။
သို့နှင့် နောက်တနေ့ နံနက်တွင် နို့မုန့် တထုပ်၊ သကြား တထုပ်၊ ဘီစကစ်တထုပ်၊ ကိတ်ခြောက်တထုပ်၊ အစာကြေဆေး တပုလင်းတို့ကို ၀ယ်ယူ၍ ကြွပ်ကြွပ်အိတ်တွင် ထည့်ကာ ထိုအဘိုးအို အိမ်သို့သွား၏။ သို့သော် အဘိုးအိုကိုမတွေ့ရပေ၊ အနီးပတ်ဝန်းကျင်တွင် ရှာကြည့်ပြန်ရာ မတွေ့သဖြင့် ပြန်လာခဲ့ရာ ဘုရားလမ်းမှတ်တိုင်အနီး ကွမ်းယာဆိုင်တဆိုင် ထိုင်ခုံပေါ်တွင် ထိုင်နေသည်ကို တွေ့ရလေ၏။
စာရေးသူလည်း လူငယ်တဦးကို လှူဖွယ်ပစ္စည်းများကို ပေးပြီး အဘိုးအိုအား လှူခိုင်းလိုက်လေ၏။ အဘိုးအိုက ဒါကဘာလဲ-ဟု မေးရာ လူငယ်က ဟိုဦးပဉ္စင်းက အဘိုးကို လှူခိုင်းလို့ပါ-ဟု ပြန်ပြောလေရာ အဘိုးအိုသည် စာရေးသူကို မော်ကြည့်လျက် ကြည်လင်ရွှင်ပြသောမျက်နှာဖြင့် လက်အုပ်ချီရှိခိုးလျက် ပါးစပ်မှလည်း တတွတ်တွတ်နှင့် ဆုတောင်းနေလေ၏၊
စာရေးသူလည်း အဘိုးအိုကို ခဏမျှကြည့်ရှုပြီးနောက် ၀မ်းသာကြည်နူးသော စိတ်ဖြင့် မိမိကုသိုလ်ကို ဆင်ခြင်အောက်မေ့လျက် ပြန်လာခဲ့လေသည်။
စာရေးသူသည် ဤကုသိုလ်ကြောင့် မျက်မှောက်ဘ၀မှာပင် အစားအစာပေါများခြင်း၊ ဆေးဝါးပစ္စည်း လှူဒါန်းမည့်သူ ပေါ်ပေါက်ခြင်း၊ ကျန်းမာခြင်း စသော အကျိုးများကို ရရှိခံစားနေရပါသည်။
( တက္ကသိုလ် သောတုဇန )
********************************************************************************
( တူသောအကျိုး )
ဦးမဲကြီးသည် တောရွာလေးများသို့ ဆင်း၍ ကြက်ဝယ်ပြီး မြို့တွင် ပြန်ရောင်းသူဖြစ်သည်။ ဈေးထဲတွင် ကြက်သားရောင်းသူများက ဦးမဲကြီးထံမှ တဆင့် ၀ယ်ကြရသည်။ ဦးမဲကြီးသည် အမြတ်များများကျန်အောင် မသမာနည်းကိုသုံးကာ ရောင်းဝယ်မြဲဖြစ်သည်။ ၀ယ်လျှင် အလေးတမျိုး၊ ရောင်းလျှင် အလေးတမျိုး ထားတတ်သည်။ ဦးမဲကြီးသည် တောမှဝယ်လာသော ကြက်များကို မြို့သို့မရောက်မီ ပြောင်းဖူးစေ့များ ကျွေးသည်၊ ရိုးရိုးချကျွေးသည်တော့ မဟုတ်၊ ကြက်များကို တကောင်ချင်း နှုတ်သီးဖြဲကာ ထိုးသွတ်ထည့်ခြင်းသာ ဖြစ်သည်၊ ကြက်များကို စလုတ်များ ဖောင်းတင်းပြီး မခံချိမခံသာ တစ်ဆို့နေအောင် ထည့်ခြင်းဖြစ်သောကြောင့် ကြက်များမှာ မလှုပ်မယှက်နိုင်လောက်အောင် ဝေဒနာဆိုးကို ခံစားကြရသည်။ ဤနည်းဖြင့် ဦးမဲကြီးမှာ အမြတ်အစွန်း ကောင်းကောင်းရနေခဲ့သည်။
မကြာမီက ဦးမဲကြီးတယောက် တောဆင်းပြီး ကြက်မ၀ယ်နိုင်တော့-ဟု သတင်းကြားရသည်။ နာတာရှည် ရောဂါဖြင့် အိပ်ရာထဲ လဲနေသည်-ဟု ပြောကြသည်။ ဦးမဲကြီးခမျာ အစာမစားရဘဲ လည်မျိုတွင် တခုခု ဆို့ထားသလို တစ်ဆို့ဆို့ကြီး ဖြစ်နေသဖြင့် အစာမ၀င်သည်မှာ တပတ်ခန့်ရှိပြီ-ဟု ကြားရပြန်သည်။ တလခန့်အကြာတွင် ဦးမဲကြီး ဆုံးသည်၊ တချို့က လည်ချောင်းကင်ဆာ-ဟု ဆိုကြသည်။
ကြက်များ၏စလုတ်ထဲသို့ ပြောင်းဖူးစေ့များ မတန်တဆ ထိုးသွင်းခဲ့သော လောဘဇောတိုက် ရက်စက်မှုကြောင့် သူ့ဘ၀နိဂုံးတွင်လည်း ကြက်များနည်းတူ ဝေဒနာဆိုး ခံစားရကာ သေဆုံးရတော့မည်ဖြစ်ကြောင်း နောက်ဆုံးစကား ပြောသွားခဲ့သည်-ဟု သိရှိရပါသည်။
( မေရည်မွန်-မြန်မာစာ )

Monday, February 16, 2009
ဘာသာရေး ပြဿနာ ( ၁၈ )
( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )
( မေး ) ( ၀ိပါက်အမှန် ဇောအပြန် )
ဆရာတော်ဘုရား ၀ိပါက်မှာ အမှန်-ဇောမှာအပြန်-ဟူသော စကားကို ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
( လင်းထိုက်-လမ်းမတော် ရန်ကုန် )
( ဖြေ )
အဘိဓမ္မာသဘောအရ အလွန်လိုအပ်သော ဘုရားအစရှိသော အာရုံတို့ကို မြင်ရခြင်းသည် ကုသလ၀ိပါက်
( ကုသိုလ်၏ အကျိုးတရား ) ပင် ဖြစ်သည်။
သူတော်ကောင်းတို့အဖို့ ထိုဘုရား အစရှိသော အာရုံတို့ကို မြင်ရလျှင် မဟာကုသိုလ် သောမနဿဇောများ ဖြစ်ပွားကြသည်။ ၄င်းမှာ ၀ိပါက်အမှန် ဇောအမှန်ပင် ဖြစ်လေသည်။
သို့သော် မိစ္ဆာဒိဋ္ဌိအယူရှိသူတို့အဖို့ကား ကုသိုလ်အကျိုးကြောင့် တွေ့ကြုံဖူးတွေ့ရသော မြတ်စွာဘုရား၏ အဆင်းသဏ္ဍာန်၌ ကုသိုလ်ဇော မစောနိုင်ဘဲ အကုသိုလ် ဒေါသဇောများ စောရလေသည်။ ၄င်းမှာ ၀ိပါက်အမှန် ဇောအပြန်-ဖြစ်ခြင်းပင်တည်း။
မစင်ပုပ် စသော မကောင်းသောအာရုံကို တွေ့ကြုံရခြင်းမှာ အကုသလ၀ိပါက်ဖြစ်၍ အကုသိုလ် ဒေါသဇော စောရမည်ဖြစ်သော်လည်း ခွေးတို့အဖို့ကား နှစ်သက်ဝမ်းသာ သာယာမက်မော သောမနဿဇော ဖြစ်လေရာ ယင်းမှာလည်း ၀ိပါက်အမှန် ဇောအပြန်-ဖြစ်ခြင်းတမျိုးပင်။
*********************************************************************************
( မေး ) ( သိမ်ဝင် စိပ်ပုတီး )
အရှင်ဘုရား၊ ရိုးရိုး ပုတီတကုံးထက် သိမ်ဝင်ထားတဲ့ ပုတီးက ဘာအကျိုးကျေးဇူးတွေ ပိုပါသလဲဘုရား။
ဘာအတွက် ကောင်းပါသလဲ ဘုရား။
( မသန္တာဦး-ပုဏ္ဏားကုန်းတောင်ပိုင်း၊ တာမွေ-ရန်ကုန် )
( ဖြေ )
သိမ်ဝင် ပုတီး၊ သိမ်ဝင် အပ်၊ သိမ်ဝင် သပိတ်ကွဲ စသည်တို့မှာ အထက်ဂိုဏ်းဆရာတို့၏ အသုံးအနှုန်းများသာ ဖြစ်ပါသည်။ သိမ်ဝင်ပုတီးဖြင့် ပယောဂပူးဝင်နေသော လူနာအား စွပ်ပေးခြင်း၊ သိမ်ဝင်အပ်ဖြင့် နတ်ရဲ သစ်ပင်အား စိုက်ခြင်း၊ သိမ်ဝင် သပိတ်ကွဲ၌ အင်းချ၍ မြှုပ်ခြင်းတို့မှာ ယင်းဂိုဏ်းဆရာတို့၏ အလုပ်အဆောင်များဖြစ်ကြောင်း ကြားသိရဖူးပါသည်။
သာသနာဆိုင်ရာကိစ္စများ၌ သိမ်ဝင်ပုတီးစသည် မလိုအပ်ပါ၊ သိက္ခာကာမ သီလ၀န္တ လဇ္ဇီပေသလ ဆရာတော်ကြီးများကလည်း ဥပသမ္ပဒ ကံဆောင်ရာ၌ ပုတီးများထည့်ခြင်းတို့ကို အားပေးလေ့မရှိပါ၊ ဒါယကာတို့အလိုအားလျော်စွာ မဆန့်ကျင် လိုက်လျောသည့်သဘောဖြင့် တားမြစ်ခြင်းမပြုဘဲသာ နေကြပါသည်၊ ဂုဏ်တော်ပုတီးစိပ်ရာ၌ သိမ်ဝင်ပုတီးဖြစ်၍လည်း မည်သို့မှ အကျိုးကျေးဇူး ပိုမိုလာမည်မဟုတ်၊ ရိုးရိုးပုတီးပင် ဖြစ်လင့်ကစား ဘုရား တရား သံဃာ ရတနာသုံးပါး ဂုဏ်တော်၌ သမာဓိရအောင် ပွားများနိုင်လျှင် အကျိုးထူးလှပါသည်။

( မေး ) ( ရဟန်းဒါယိကာမနှင့် အသက်အရွယ် )
ဆရာတော်ဘုရား လာမည့်နှစ်တွင် ကိုရင်တပါးနှင့် မောင်လေးများကို ရဟန်းခံပေးခင်ပါသည်၊ ယခု တပည့်တော်မ အသက်မှာ ၂၈-နှစ်ပါ။ ၄၅-နှစ်မပြည့်လျှင် ရဟန်းအမ မလုပ်ရဘူး-ဟု ပြောကြပါသည်၊ အဲဒါ- ဟုတ်ပါသလား၊ တပည့်တော်မ ရဟန်းဒါယိကာမ သိပ်ဖြစ်ချင်ပါတယ်၊ ကျေးဇူးပြု၍ အမြန်ဖြေကြားပေးပါဘုရား။
( မနီနီအေး-ရွှေငါးကိတ်မုန့်တိုက်၊ ကန်ဦးရပ်-ကျောက်ဆည် )
( ဖြေ )
မည်သည့်အသက်အရွယ် ရောက်မှ ရဟန်းဒါယိကာမ၊ ကျောင်း-ဘုရား ဒါယိကာမ ဖြစ်ရမည်ဟု စာပေအထောက်အထားမရှိပါ။
ရှေးဘုရင်များသည် ပထမကျော် သာမဏေများ၊ စာပေတတ်ကျွမ်းသော ရဟန်းတော်များကို သမီးတော်လေး များအား ဒါယိကာမပြု၍ ရဟန်းခံစေ သိမ်ထပ်စေပါသည်။ ကျောင်းဆောက် လှူဒါန်းစေပါသည်၊
သာယာဝတီမင်း၏ သမီးတော်ကြီး ( နောင်-မင်းတုန်းမင်း၏ မိဖုရားကြီး ) စကြာဒေ၀ီ၊ မင်းတုန်းမင်း၏ ပင်တိုင်စံ သမီးတော် စလင်း မင်းသမီးတို့သည် မင်းသမီးငယ်ကလေး ဘ၀ကပင် ခမည်းတော်များက ချီးမြှောက်၍ ရဟန်းဒါယိကာမများ ဖြစ်ခဲ့ကြသည်။
သီပေါမင်း၏ မိဖုရား စုဖုရားလတ်သည်လည်း မင်းသမီးငယ်ဘ၀ကပင် ရဟန်းအမ ကျောင်းအမ ဖြစ်ခဲ့ပါသည်။
ဤကဲ့သို့ ငယ်စဉ်ကပင် သာသနာတော်ကို ချီးမြှောက်လိုစိတ် ပေါ်ပေါက်သည်မှာ ရှေးရှေးဘ၀များစွာက အထုံပါရမီ ပါခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ အကောင်းအထည်ပေါ်အောင် ကြိုးစားင သာသနာ့မိခင်တဦး ဖြစ်လာပါစေဟု တိုက်တွန်းအပ်ပါသည်။

( ငါးပါးသီလနှင့် သီလရှင်များ )
ဆရာတော်ဘုရား ရှစ်ပါးသီလ ကိုးပါးသီလတို့ကို စောင့်ထိန်းနေသော ပုဂ္ဂိုလ်တို့သည် ရဟန်းသံဃာများက ငါးပါးသီလပေးလျှင် လိုက်မဆိုရ၊ လိုက်ဆိုလျှင် သီလပြန်ဆေးရ၏၊ သီလပြန်မဆေးလျှင် ငါးပါးသာရတော့သည်-ဟု ကြားဖူးပါသည်၊ ဟုတ်ပါသလားဘုရား ဖြေကြားတော်မူပါ ဘုရား။
( ဇေယျာဉာဏီ-မဟာလယ်တီ၊ ဓမ္မေသက-မုံရွာ )
( ဖြေ )
ငါးပါးသီလ ဆယ်ပါးသီလတို့မှာ နိစ္စသီလများ ဖြစ်ပါသည်၊ ရှစ်ပါးသီလမှာ နေ့အထူး ရက်အထူးပြု၍ ဆောက်တည်ရသော (ဥပေါသထ) ဥပုသ်သီလဖြစ်သည်၊ သီခြားနေ့အထူးဖြင့် ကျင့်သုံးဆောက်တည်ရ၍ ဥပေါသထ-ဟု ခေါ်ရပါသည်။ နိစ္စသီလမဟုတ်ပါ။ သို့သော် နေ့ရက်ပိုင်းခြား အဓိဋ္ဌာန်ထားကာ ၄၅-ရက်၊ တလ စသည်ဖြင့်လည်း ဆောက်တည်နိုင်ပါသည်။
ငါးပါးသီလသည် လူတို့အတွက် နိစ္စသီလဖြစ်၍ ဆောက်တည်သည်ဖြစ်စေ၊ မဆောက်တည်သည်ဖြစ်စေ အမြဲကျင့်သုံးရသဖြင့် အလှူဒါနပြုတိုင်းပင် ရှေ့သွားအနေဖြင့် သရဏုံဂုံနှင့် ငါးပါးသီလကို ရဟန်းသံဃာတော်တို့က ဆောက်တည်စေပါသည်၊ ဆယ်ပါးသီလ ဆောက်တည်ထားစေကာမူ ဒါန၏ရှေ့ပြေး (ဒါနပုဗ္ဗင်္ဂမ) အနေဖြင့် သရဏဂုံနှင့် ငါးပါးသီလကို ပေးကြလေ့ရှိပါသည်၊ ရှစ်ပါး, ကိုးပါး, ဥပုသ်သီလ ခံယူထားသူ ဖြစ်လင့်ကစား နိစ္စသီလ ငါးပါးသီလမှာ ခံယူခြင်း၊ ကျင့်သုံးခြင်း၊ မပျက်ပြားရသဖြင့် ငါးပါးသီလကို ထပ်မံခံယူခြင်းကြောင့် ရှိရင်းသီလ မယုတ်လျော့ပါ။
သီလသည်, သီတင်းသည် အဓိဋ္ဌာန်ဥပုသ်ဝင်သူများ အနေဖြင့် နိစ္စသီလ ငါးပါးသီလကို လိုက်ဆိုပွားများခြင်းကြောင့် သီလဆေးစရာ မလိုပါ၊ သုံးပါး ပျက်မသွားပါ၊ သီလသည် လွန်ကျူးမှသာ ပျက်ပါသည်၊ ဥပုသ်သီလသည် မိမိနေ့ရက်ပိုင်းခြား အဓိဋ္ဌာန်ထားလျှင် ယင်းအဓိဋ္ဌာန်ရက် ကုန်ဆုံးလျှင် ပျက်သည်။
သီလရှင်များမှာလည်း သီလရှင်သိက္ခာ ကိုယ်၌တည်သရွေ့ ခံယူထားခြင်းတို့ကြောင့် သီလပျက်စရာ မရှိပါ။ ငါးပါးသီလကို ၀မ်းမြောက်ဝမ်းသာပင် လိုက်၍ ဆိုကြပါ-ဟု တိုက်တွန်းလိုပါသည်။
********************************************************************************
( မေး ) ( ဆရာ ဇီဝက၏ ဘ၀ )
ဇီဝက ဆေးသမားကြီးသည် မည်ကဲ့သို့ဘ၀မျိုးကို ခံယူ၍ ကံကုန်ပါသနည်း။ မြတ်စွာဘုရား၏ ဆေးသမား ဇီဝက၏ ဘ၀ဇာတ်လမ်းကို သိလိုပါသည်။ နိဗ္ဗာန်ဝင်သွားပါသလား၊ နတ်ဗြဟ္မာဘ၀နှင့် ရှိနေပါသလားဘုရား၊
( ဦးမောင်စောလှ-စစ်တွေမြို့ )
( ဖြေ )
မြတ်စွာဘုရား၏ ဆေးဆရာကြီး ဆရာဇီဝက၏ ဘ၀ဇာတ်လမ်းမှာ ၀ိနည်းမဟာဝါ ပါဠိတော်တွင် ပါသည့်အတိုင်း ဇိနတ္ထပကာသနီတွင် အကျယ်ရေးသားထား၏။
မွေးဖွားစ ဘ၀မှစ၍ ရဟန်းတော်တို့ ပံ့သကူသင်္ကန်းများကိုသာ ၀တ်ရုံနေကြရာမှ ပြည်သူတို့လှူဒါန်းသော ဂဟပတိ စီဝရကို ၀တ်ရုံနိုင်ခွင့် လျှောက်ထားတောင်းပန်သဖြင့် မြတ်စွာဘုရား ခွင့်ပြုတော်မူသည် အထိသာ ပါရှိပါသည်။
နောက်ပိုင်း ဇာတ်လမ်း မည်သို့ဖြစ်သည်ကို မည်သည့်ကျမ်းတွင်မျှ ဖော်ပြထားခြင်း မရှိတော့ပါ၊ သို့သော်လည်း ရှေးဘုရားတို့ လက်ထက်က မြတ်စွာဘုရား၏ သမားတော်အဖြစ် ဆုတောင်းခဲ့ခြင်း၊ မြတ်စွာဘုရားအား ပုဂ္ဂိုလ်စွဲ ကြည်ညိုမှု အရာ၌ ဧတဒဂ်ရခဲ့ခြင်းတို့ကို ထောက်က အခြားလူ ဥပါသကာ၊ ဧတဒဂ်ရ ပုဂ္ဂိုလ်တို့ ကဲ့သို့ မဂ်ဖိုလ် တဆင့်ဆင့်သို့ ရောက်စရာရှိပါသည်။
အနာထပိဏ်တို့ကဲ့သို့ သောတာပတ္တိမဂ်ဖိုလ်ကို ရခဲ့လျှင် တာဝတိံသာ စသော နတ်ပြည် တပြည်ပြည်၌၄င်း၊
စိတ္တသူကြွယ်တို့ကဲ့သို့ အနာဂါမိမဂ်ဖိုလ်ကို ရခဲ့လျှင် အကနိဋ္ဌကဲ့သို့သော ဗြဟ္မာပြည်၌၄င်း ဖြစ်နိုင်စရာရှိပါသည်။

Subscribe to:
Posts (Atom)