Tuesday, March 31, 2009

ကံ ကံ၏အကျိုး ( ၄၁ )

( ပေးလှူတတ်သော ကုသိုလ်ရှင် ဇနီးမောင်နှံ )

ကျောက်ကာရွာသည် မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်း ပါဝင်ပြီး ၀ဲလောင်ရွာ၏ အရှေ့မြောက်ဘက် ၁-မိုင်ခန့်အကွာ ဆင်တဲဝချောင်းမကြီး၏မြောက်ဘက် ကပ်လျက် တည်ရှိပါသည်၊ ထိုရွာ၏မြောက်ဘက် ၄-ဖာလုံခန့် အကွာတွင် ဦးသိန်းကြီး+ဒေါ်မမကြီးတို့ တည်ထောင်ဖွင့်လှစ်ထားသည့် ကျောက်ကာမဟာဗောဓိ စာသင်တိုက်ကြီးရှိသည်။

စာသင်တိုက်တွင် စာသင်သား ရဟန်းသံဃာ အပါး ၄၀-ခန့်နှင့် သီလရှင် အပါး ၅၀-ခန့်ကို သီးခြားကျောင်းဆောင် များဖြင့် စနစ်တကျ စီမံထားရှိသည်၊ စာသင်သား ရဟန်းသံဃာများကို နာယကဆရာတော် ဦးတေဇိန္ဒ-က အုပ်ချုပ်ပြီး သီလရှင်များကို ဆရာကြီးဒေါ်ကေသာစာရီ-က ကြီးမှူး၍ စာပေပရိယတ္တိများ သင်ကြားပို့ချပေးခဲ့ပါသည်။

စာသင်တိုက်ရှိ ရဟန်းသံဃာများနှင့် သီလရှင်များကို ဦးသိန်းကြီး+ဒေါ်မမကြီးတို့က တဦးတည်း ကျောင်း သင်္ကန်း ဆွမ်း ဆေး ပစ္စည်း၎-ပါးဖြင့် အမြဲတာဝန်ယူ ထောက်ပံ့ခဲ့သည်။ ထို့ကြောင့် ရဟန်းသံဃာများနှင့် သီလရှင်များအားလုံး နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးတို့မှာ အထူး ကောင်းမွန်လှပါသည်။

သို့သော် ထိုစာသင်တိုက်သည် မြို့နှင့်မနီးသော တောရွာတရွာတွင် တည်ထောင်ဖွင့်လှစ်ထားသဖြင့် တချိန်က လျှပ်စစ်မီး မရှိခဲ့ပေ၊ ရဟန်းသံဃာများနှင့် သီလရှင်များ စာကျက်ရန် ဖယောင်းတိုင်နှင့် မီးအိမ်တို့ကိုသာ အားကိုးနေခဲ့ရပါသည်။ ထိုအဖြစ်ကိုသိသော ၀ဲလောင်ရွာမှ ဘက်ထရီလုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦးကျော်မောင်+ဒေါ်သန်းအေး ဇနီးမောင်နှံတို့သည် စိတ်တူကိုယ်တူ သဒ္ဓါတူစွာဖြင့် ရဟန်းသံဃာများနှင့် သီလရှင်များထံ ဘက်ထရီအိုးများ ပြုလုပ်လှူဒါန်းခဲ့သည်။

ထို့အပြင် ဓာတ်အားသွင်းပေးခြင်း၊ အက်ဆစ်မိုးရေ ထည့်ပေးခြင်းနှင့် ပျက်လျှင် ပြင်ပေးခြင်းတို့ကိုပါ ဒါနပြုခဲ့သည်၊ ထိုဒါနကုသိုလ်၏ သက်တမ်းမှာ ၁၀-နှစ် ကျော်ခန့် ရှိပါသည်။ သူတို့တွင် ၀ဲလောင်ရွာတွင်လက်ရှိနေထိုင်ကြသော်လည်း ၀ဲလောင်ရွာဇာတိများ မဟုတ်ကြပါ၊ လွန်ခဲ့သော ၁၀-နှစ်ကျော်ခန့်ကမှ မလှိုင်မြို့နယ် ဆည်တိုကျေးရွာမှ ပြောင်းရွှေ့လာခဲ့ကြသူများ ဖြစ်သည်။

သူတို့သည် ရောက်စတွင် မော်တော်ကားလမ်းကြီး၏ မြောက်ဘက်တွင်ရှိ (ဦးဘညီ) ဒေါ်ကြည်ကြည်တို့အိမ်တွင် အိမ်ခန်းငှါးဘ၀ဖြင့် နေထိုင်ခဲ့ရသည်၊ ၃-နှစ်ခန့်ကြသောအခါ မော်တော်ကားလမ်းမကြီး၏ တောင်ဘက်ကပ်လျက်တွင်ရှိ ၀ိုင်းတ၀ိုင်းကို ၀ယ်ယူနိုင်ခဲ့သည်၊ မကြာမီ ကိုယ်ပိုင်အိမ်ဖြင့် လွတ်လပ်စွာ နေထိုင်ခဲ့ကြသည်၊ စီးပွားဥစ္စာရတနာများလည်း တနေ့တခြား တိုးပွားလာခဲ့ပါသည်။

ဤသို့ မကြာမြင့်သောကာလအတွင်း အဘက်ဘက်မှ ကောင်းကျိုးချမ်းသာ အဖြာဖြာတို့နှင့် အစစပြည့်စုံလာခဲ့ခြင်းသည် သူတို့၏ပေးလှူတတ်သော ကုသိုလ်အကျိုးက သူတို့ထံ ပြန်လည်အကျိုးပေးခြင်း ဖြစ်ကြောင်း တရွာလုံးက ပြောဆိုနေခဲ့ကြပါသည်။

( ခင်မောင်တင်-၀ဲလောင် )
*********************************************************************************

(အသက်ကြီးသူ ဖေးမကူ အန္တရာယ်ဟူက မခရ )

လွန်ခဲ့သော ၆-နှစ်က ဖြစ်ပါသည်၊ ကျောင်းနေဘက် သူငယ်ချင်းတယောက်၏ ရွာသို့ အလည်လိုက်သွားခဲ့ပါသည်၊ ထိုရွာလေးသည် ရေကာတာကြီး၏ ဘေးတွင် တည်ရှိပါသည်၊ ရွာထဲသို့ဆင်းရမည့်လမ်းမှာ တာကိုလှေခါးထစ်ပြုလုပ်၍ ကျောက်ပြားများ ခင်းထားသည်၊ အထစ်ပေါင်း ၁၂-ထစ်ရှိပါသည်၊ ကျွန်မတို့ သူငယ်ချင်းသုံးယောက် တာအောက်သို့ဆင်းမည်အပြု အဘွားအိုတယောက်သည် အထုပ်တထုပ် ခေါင်းပေါ်တွင်ရွက်၍ တောင်ဝှေးကိုအားပြုကာ တာပေါ်သို့တက်ရန် ဟန်ပြင်နေပါသည်၊

ကျွန်မတို့သုံးယောက်ကိုမြင်သည်နှင့် ဘေးဖယ်ကာ လမ်းရှောင်ပေးနေပါသည်၊ ပူပြင်းလှသော နေရောင်အောက်တွင် ခရီးရှည်မည်မျှ ဖြတ်သန်းခဲ့ရသည် မသိ၊ ချွေးသီးချွေးပေါက်ကျ၍ တုန်ယင်နေပါသည်။ ကျွန်မ၏သူငယ်ချင်းနှစ်ယောက်မှာ စကားတပြောပြောနှင့် တာအောက်သို့ ဆင်းသွားကြပါပြီ၊ ကျွန်မသည် အဘွားအိုအား ဥပေက္ခာမပြုနိုင်ပါ၊ ဖေးမကူညီတွဲခေါ်၍ တာပေါ်သို့ တွဲတင်ခဲ့ပါသည်။

အဘွားအိုက ကျွန်မအားကျေးဇူးတင်စကားများပြော၍ ဆုများပေးနေပါသည်၊ ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ-စသည်ဖြင့် ဆုတောင်းမေတ္တာပို့ပါသည်၊ အဆုံးတွင် သွားလေရာ လာလေရာ အန္တရာယ်ကင်းပါစေ၊ ကူညီဖေးမသူနှင့် တွေ့ပါစေ၊ သူယုတ်မာများ၏ အန္တရာယ်ကို ကျော်လွှားနိုင်၍ သူတော်ကောင်းတို့၏ ကူညီစောင့်ရှောက်မှုကို အမြဲရရှိပါစေ-အဘွားအို၏ စကားအဆုံးတွင် ကျွန်မလည်း ပေးသည့်ဆုနှင့် ပြည့်ပါစေ-ဟု ကျေကျေနပ်နပ် ခံယူမိပါသည်။ စိတ်ထဲတွင်လည်း တန်ဖိုးမဖြတ်နိုင်သော မိမိကိုယ်ကို လုံခြုံသည့် အရာတခုနှင့် ကာကွယ်ထားသလို ခံစားလိုက်ရပါသည်၊

၎င်းနောက် ကျွန်မတယောက်တည်း ခရီးသွားသည့်အခါတွင်၎င်း၊ အဖွဲ့အစည်းနှင့် သွားသည့်အခါတွင်၎င်း၊ အန္တရာယ်ကြုံဖူးပါသည်၊ ထိုအချိန်မျိုးတွင် အဘွားအို၏ ဆုတောင်းမေတ္တာသံကို ပြန်လည်ကြားယောင်မိပါသည်၊ အမှန်တကယ်ပင် အန္တရာယ်မှ လွတ်မြောက်ခဲ့ရပါသည်၊ ကူညီသူများနှင့် ကြုံတွေ့ရပါသည်၊ လှိုင်းကြီးလေထန်သော မြစ်အတွင်း၌ပင် သေကံမရောက် သက်မပျောက်ဘဲ လွတ်မြောက်ခဲ့ရပါသည်၊ ထိုအကျိုးဆက်တို့သည် အဘွားအို၏ အမှန်တကယ်ရင်တွင်းမှ ဖြစ်ပေါ်ပေးဝေသော မေတ္တာများ၏ အကျိုးသက်ရောက်မှု-ဟု ကျွန်မလက်ခံယုံကြည်ပါသည်။

( ခင်သိက္ခာ )

( မြတ်မင်္ဂလာ ၁၉၉၅-ခု ဇန်န၀ါရီလ )

ဘာသာရေး ပြဿနာ ( ၄၄ )

( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )

(မေး ) ( ရှင်စူဠပန် ဉာဏ်ကောင်းဂါထာ )
မြတ်စွာဘုရားလက်ထက်က အလွန်ဉာဏ်လေးသော စူဠပန်ထေရ်အား ဉာဏ်ကောင်းစေရန် မြတ်စွာဘုရားက ဂါထာတပုဒ်ပေးသည်ဟု သိရပါသည်၊ အရှင်စူဠပန်ထေရ်သည် ထိုဂါထာကို အကြိမ်ကြိမ်ရွတ်၍ ပုတီးစိပ်သောအခါ ဉာဏ်ကောင်းကာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်သွားသည်ဟု ဆိုပါသည် ထိုမြတ်စွာဘုရားပေးသော ဂါထာကို ကျက်မှတ်လိုပါသဖြင့် ဖော်ထုတ်ရေးသား ချီးမြှင့်တော်မူပါရန် လျှောက်ထားအပ်အပ်ပါသည် ဘုရား။
( ကိုထွဋ်-ဆေးတက္ကသိုလ် )

( ဖြေ )
စူဠပန္ထကမထေရ်သည် ၀ဋ်ကြွေးကြောင့် ဂါထာတပုဒ်ကိုပင် လေးလကျက်၍ မရနိုင်လောက်အောင် ဉာဏ်လေးသဖြင့် နောင်တော် မဟာပန္ထက မထေရ်က ကျောင်းတိုက်မှ နှင်ထုတ်လိုက်ပါသည်။
ရဟန္တာဖြစ်နိုင်သည့် အကြောင်းပါရမီကို မြင်တော်မူ၍ မြတ်စွာဘုရားက ခေါ်တော်မူကာ ဖြူဖွေးသော အ၀တ်စ တစကိုပေး၍ ရဇော ဟရဏံ, ရဇော ဟရဏံ-ဟု အကြိမ်ကြိမ်ရွတ်ဆိုစေခဲ့ပြီး အ၀တ်ဖြူစကို ပွတ်သပ်စေ ဆုပ်နယ်စေပါသည်၊

ရဇော ဟရဏံ-ဟူသောပါဠိမှာ မြူအညစ်အကြေးကို ဆောင်သည်-ဟုဆိုလိုပြီး ဖြူစင်သောအရာဝတ္ထုမှန်သမျှ မမြဲ၊ ညစ်မည်းရမည်သာ-ဟု ထင်မြင်အောင် ကြံဆောင်တရားပြလိုက်ခြင်းပင် ဖြစ်ပါသည်။
ဂါထာပေးခြင်း ပုတီးစိပ်စေခြင်း မဟုတ်ပါ၊ သို့သော် ရဇော ဟရဏံ-ကို ပုတီးစိပ်သည့်ပမာ အထပ်ထပ် ရွတ်ဆိုနေစဉ်ပင် အ၀တ်ဖြူစ ညစ်မည်း၍ ဤအ၀တ်စသည် အလွန်ဖြူစင်၏၊ ဤငါ၏ အတ္တဘောခန္ဓာကိုယ်ကို မှီ၍ ရှေးသဘောကို စွန့်ကာ ဤနှယ် ညစ်နွမ်းသွားရပါတကား၊ သင်္ခါရတရားတို့ကား မမြဲပါတကား-ဟု တရားမြင်ကာ ၀ိပဿနာပွား၍ ပဋိသမ္ဘိဒါပတ္တရဟန္တာအဖြစ်သို့ ရောက်သွားရပါသည်။

ထိုရဇော ဟရဏံကိုပင် ဂါထာအဖြစ် ရွတ်ဆိုလိုပါက အ၀တ်ဖြူစငယ်ကို ဆုပ်နယ်သုံးသပ်၍ အထပ်ထပ် ရွတ်ပွားရန်ပင် ဖြစ်ပါသည်။
*********************************************************************************

(မေး ) ( ဘုရားပန်းများကို ပြုပြင်ပူဇော်ခြင်း )
ဆရာတော်ဘုရား၊ ဘုရားတွင် ပန်းများဖြင့် ရှိခိုးပူဇော်၍ ၄င်းပန်းများကို တန်ဆောင်းကြီးအတွင်းက ပြည့်ကျပ်နေသော ပန်းအိုးများတွင် မထိုးဘဲ မပြည့်မကျပ်သော အခြားတန်ဆောင်းငယ်များရှိ ပန်းအိုးများသို့ သွားရောက်ထိုးထည့် ပူဇော်ခြင်းသည် အပြစ်ဖြစ်ပါသလား ဘုရား။
( မမာမာ-စံရိပ်ငြိမ်၊ ကမာရွတ် )

( ဖြေ )
ပြည့်ကျပ်ရှုပ်ထွေးနေသော ပန်းအိုးများမှ ပန်းများကို (မိမိလှူမည့်ပန်းကို ဖြစ်စေ၊ အခြားသူ လှူထားသည့် ပန်းကိုဖြစ်စေ) ကောင်းမွန်စွာ ပြုပြင်၍ ပန်းနည်းသော ပန်းအိုးများ၌ မျှ၍ပူဇော်ခြင်း၊ များပြားနေသော တန်ဆောင်းမှပန်းများကို ပန်းနည်းပါးသော တန်ဆောင်းသို့ ရွှေ့ပြောင်းပြုပြင်၍ ကြည်ညိုဖွယ်ဖြစ်အောင် လှူဒါန်းခြင်းတို့မှာ အပြစ်မဖြစ်သည့်ပြင် ကုသိုလ်ဖြစ်ပါသည်။

ဝိမာန၀တ္ထု ပါဠိတော် (သုနိက္ခိတ္တ ၀ိမာန၀တ္ထု ခု-၂၊ ၁၂၄)၌ ဒါယကာတဦးသည် ကဿပမြတ်စွာဘုရား စေတီတော်၌ ပရိသတ်လေးပါးတို့ လှူထားခဲ့၍ ဖရိုဖရဲဖြစ်နေသော ပန်းများကို ကြည်ညိုဖွယ်ဖြစ်အောင် ပြုပြင်လှူဒါန်းခဲ့ဖူးသော ကောင်းမှုကံကြောင့် တာဝတိံသာ နတ်ပြည်၌ ရွှေဗိမာန်ဖြင့် အခြံအရံ၊ တန်ခိုးဂုဏ်ကြီးမားသော နတ်သားဖြစ်ရကြောင်း ဒုန္နိက္ခိတ္တံ မာလံ သုနိက္ခိပိတွာ-ပ-ဒိဗ္ဗေဟိ ကာမေဟိ သမင်္ဂီဘူတော-စသည်ဖြင့် ဟောတော်မူထားချက် ရှိပါသည်။

ထို့ကြောင့် ဘုရားတန်ဆောင်းများအတွင်းရှိ ပန်းအိုးများတွင် ပန်းများ ပြည့်ကျပ်နေခြင်း။ အနေအထား မလှပခြင်း၊ ဖရိုဖရဲဖြစ်နေခြင်းတို့ကို တွေ့လျှင် ပြင်ဆင်ပူဇော်ခြင်း၊ အခြားနေရာရှိ လွတ်နေသော ပန်းအိုးများတွင် ခွဲ၍ပူဇော်ခြင်း။ စွန့်တန်က စွန့်ပစ်ခဲ့ခြင်းတို့ကို ပြုလုပ်သင့်သည်သာ ဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။
********************************************************************************

( မေး ) ( အရပ်မျက်နှာ ဘုရားစင်ထားစရာ )
ဆရာတော်ဘုရား၊ တပည့်တော်မတို့ ဗုဒ္ဓဘာသာအိမ်များတွင် ဘုရားစင်ကို အိမ်၏အရှေ့အရပ်၊ တောင်အရပ်တို့တွင် အများဆုံးထား၍ ကိုးကွယ်ကြပါသည်ဘုရား၊ သို့သော်လည်း တပည့်တော်များတို့ နေသောနေရာမှာ အိမ်အချို့သည် ဘုရားစင်ကို မြောက်အရပ်၊ အနောက်အရပ်တို့တွင် ထား၍ ကိုးကွယ်နေကြပါသည်ဘုရား၊
(၁) ဤသို့ ဘုရားစင်ကို မည်သည့်အရပ်တွင်မဆို ထား၍ ကိုးကွယ်နိုင်ပါသလားဘုရား၊
(၂) မည်သည့်အရပ်တွင်ထား၍ ကိုးကွယ်သင့်ပါသလဲဘုရား
ပြန်လည်ရှင်းလင်းဖြေကြားပေးစေလိုပါသည် ဘုရား။
( သရဖီ-သုဝဏ္ဏမြို့ )

( ဖြေ )
..........ထိုအခါမြတ်စွာဘုရားသည် ခြေဆေး၍ မင်းကွန်း (လွှတ်ရုံးအဆောက်အအုံ) သို့ ၀င်ပြီးလျှင် အရှေ့အရပ်သို့ မျက်နှာမူကာ ထိုင်နေတော်မူ၏၊ ပါဝါပြည်သား မလ္လာမင်းတို့သည်လည်း ခြေဆေးကုန်၍ မင်းကွန်းသို့ ၀င်ကုန်ပြီးသော် အနောက်အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်ကြကုန်၏။
(ပါထိက-မြန်မာပြန်၊ သင်္ဂီတိသုတ်-၁၆၉)

ဖော်ပြပါ ကောက်နုတ်ချက်မှာ ပါဠိတော်လာ မြတ်စွာဘုရားနှင့် မလ္လာမင်းတို့ ထိုင်ပုံကိုပြ၏၊ မြတ်စွာဘုရားက အနောက်ဘက်က လူပုဂ္ဂိုလ်များက အရှေ့ဘက်က နေပုံဖြစ်၏၊
ထို့အတူ မြတ်စွာဘုရား ပွင့်တော်မူသည်မှာလည်း ဗောဓိပင်ကိုမှီလျက် အရှေ့(ယွန်းယွန်း)သို့ မျက်နှာမူ၍ ပွင့်တော်မူ၏၊ ပရိသတ်များက အရှေ့ဘက်မှ အနောက်ဘက် ဘုရားရှိရာသို့ မျက်နှာမူကြရကုန်၏၊

ဆိုလိုသည်မှာ အရပ်မျက်နှာသည် ပဓာနမဟုတ်၊ မြတ်စွာဘုရားရှိရာသည်သာ အထွတ်အမြတ် ပဓာနဖြစ်၏၊ အိမ်မှာလည်း အထွတ်အမြတ် အသင့်လျော်ဆုံးနေရာ ဘုရားဆောင် ဘုရားခန်းထား၍ ယင်းဘုရားရှိရာကိုပင် အထွတ်အမြတ် ပြုထိုက်ပါသည်။
မည်သည့်အရပ်ဟူ၍ မဆိုသာပါ၊ သင့်လျော်သလိုပင် ထားနိုင်ပါသည်၊ ရန်ကုန်မြို့တွင် အနောက်ဘက်၊ မြောက်ဘက်တို့၌ ဘုရားထားသော ကျောင်း၊ တန်ဆောင်း၊ ဓမ္မာရုံများ များစွာပင် ရှိနေကြပါသည်။
*********************************************************************************

( မေး ) ( စေတီပုထိုး တည်ခြင်း )
အရှင်ဘုရား တပည့်တော် လျှောက်ထားမေးမြန်းလိုသည်မှာ စေတီပုထိုး၊ တည်ထားရာတွင် အသစ်တည်ထားရာ၌ဖြစ်စေ၊ အဟောင်းပြုပြင်ရာ၌ဖြစ်စေ၊ လုပ်ဆောင်ပုံများကို လောကီ လောကုတ္တရာ နည်းဥပဒေ ပုံသေ ရှိ-မရှိနှင့် စေတီပုထိုးတည်မှုမှာ အချည်းနှီး အကျိုးမရှိ-ဟု အချို့ဆိုကြသည်မှာ ဟုတ်-မဟုတ် ဖြေကြားပေးစေလိုပါသည် ဘုရား။
( ကိုအောင်ချို+မသန်းနှစ်၊ ၀င်မနားရွာ၊ ကနီမြို့နယ် )

( ဖြေ )
စေတီပုထိုးတည်ထားမှုနှင့် စပ်၍ လောကုတ္တရာနည်း ဟူ၍ကား မရှိ၊
လောကီနည်းအားဖြင့်ကား ကူခမ်းမြို့ မြောက်မျက်နှာ၊ ရွှေဥမင်ဆရာတော်ဘုရားကြီး စီရင်သော ထုံးကိုမှီ၍ ပြုစုထားသော သတ္ထုရူပက ၀ိလာသနီကျမ်းတွင် အကျယ်ဖော်ပြပါရှိသည်ကို ဖတ်ရှုရသည်။
လိုရင်းမျှ ထုတ်နုတ်ဖော်ပြရသော်-

ဧကောဇေယျော ဒွေသိဒ္ဓိ-စသောဂါထာဖြင့် မိမိတည်လိုသော စေတီ၏ ဉာဏ်တော်အတောင်ကို
မိုက်ဖွဲ့၍ ၇-ခြင့်စားပါ၊
၁-ကြွင်းလျှင် ဇေယျ၊
၂-ကြွင်းလျှင် သိဒ္ဓိ၊
၃-ကြွင်းလျှင် ဒုက္ခ၊
၎-ကြွင်းလျှင် လာဘ၊
၅-ကြွင်းလျှင် မရဏ၊
၆-ကြွင်းလျှင် သုခသမ္ပတ္တိ၊
၇-(သုည) ကြွင်းလျှင် သုည၊ (သုဉ်း-ပျက်စီး) နှင့် ကလဟ-ဟု ဆိုပါသည်။

ထို့အတူ အ၀န်းကို ၈-ဖြင့်စား၍
၁-ကြွင်းလျှင် တံခွန်၊ ကုန်သည်တို့နှင့်သင့်။ ( ကုန်သည်တို့ ကိုးကွယ်သင့် )
၂-ကြွင်းလျှင် အခိုး-ရဟန်း-ပုဏ္ဏား၊
၃-ကြွင်းလျှင် ခြင်္သေ့ ပြည့်ရှင်မ၊
၎-ကြွင်းလျှင် ခွေး-တောသား၊ မုဆိုး၊
၅-ကြွင်းလျှင် နွား-သူဆင်းရဲ၊
၆-ကြွင်းလျှင် မြည်း-သူဋ္ဌေးသူကြွယ်၊
၇-ကြွင်းလျှင် ဆင်-အမတ်စစ်သူကြီး၊
၈-(သုည) ကြွင်းလျှင် ကျီး-ပြည့်တန်ဆာမတို့နှင့် ဆိုင်ကြောင်း ဖော်ပြထားသည်။

ထို့အတူ ပန်းလည်တိုင် ( ပိန္နဲတိုင် ) ကိုလည်း မိုက်ဖွဲ့၊ ၇-ဖြင့်စား၍ အကြွင်းကို ကြည့်ပြီးဟောပုံ၊ အုတ်မြစ်ချပုံ၊ ဌာပနာပုံများ၊ ပါရှိသေးသည်၊ ဤတွင် မဖော်ပြသာပါ၊

အဟောင်းကို ပြင်ဆင်ရာ၌ကား မူလဉာဏ်တော်ထက် အနည်းငယ်မြှင့်၍ တည်ရကြောင်း အဆိုရှိပါသည်၊ ဤသို့ စေတီ ပုထိုးများ တည်ထားကိုးကွယ်မှုမှာ မြတ်စွာဘုရား၏ ဓာတ်တော် မွေတော် ဥဒ္ဒိဿစေတီတော်များကို ဌာပနာ၍ ကိုးကွယ်ခြင်းဖြစ်သဖြင့် ဓာတုစေတီ ပရိဘောဂစေတီတော်ကို ပူဇော်ရခြင်းဖြစ်၍ သက်တော်ထင်ရှား မြတ်စွာဘုရားအား ပူဇော်ရခြင်းနှင့် ထပ်တူပင်ဖြစ်ကြောင်း ၀ိမာန၀တ္ထုပါဠိတော်၊ အပါဒါန်ပါဠိတော်များ၌ ဟောတော်မူထားပါသည်၊ အချည်းနှီး အကျိုးမရှိ-ဟု မဆိုထိုက်၊ လွန်စွာပင် အကျိုးရှိကြောင်း မှတ်သားသင့်ပါသည်။

( မြတ်မင်္ဂလာ ၁၉၉၅-ဇန်န၀ါရီလ )

မြတ်ဗုဒ္ဓ၏ ဥဒါန်းကျူးရင့်သန်

ဂေါတမအနွယ်တော်ဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့် မာယာဒေ၀ီတို့မှ ဖွားမြင်သော သိဒ္ဓတ္ထမင်းသားသည် ယသောဓရာမင်းသမီးနှင့် လက်ထပ်ပြီးနောက် ရာဟုလာသားတော်ကို မွေးဖွားပြီးစ သက်တော် ၂၉-နှစ်အရွယ်တွင် နန်းစည်းစိမ်ကိုစွန့်၍ တရားထူးရှာရန် တောထွက်တော်မူ၏၊

ရှေးအစဉ်အဆက် ထင်ရှားခဲ့သော ဂိုဏ်းဆရာကြီးများထံ ချဉ်းကပ်လျက် နည်းနာယူကာ တရားကျင့်၏၊ အမှန်တရားကို မရသဖြင့် ဂိုဏ်းဆရာကြီးများကို စွန့်ပယ်လျက် ပဉ္စ၀ဂ္ဂီရသေ့ငါးပါး၏ ပြုစုမှုကိုခံယူကာ မိမိဘာသာကျင့်လေသည်၊ တောထွက်၍ ခြောက်နှစ်ကြာသောအခါတွင် အစွန်းတရားနှစ်ပါးကို ပယ်၍ မဇ္ဈိမလမ်းစဉ်ကိုလိုက်ကာ ကျင့်သောအခါမှ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတရားကို သိမြင်လျက် မြတ်ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူ၏၊

ဗောဓိပင်ရင်း ရွှေပလ္လင်တွင် သီတင်းသုံးနေတော်မူစဉ် နေမ၀င်မီ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူပြီးနောက်
ပထမယံ၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊
မဇ္ဈိမယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊
ပစ္ဆိမယံ၌ အာသ၀က္ခယဉာဏ်ကို ရတော်မူ၏။
ထို့နောက် သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓအဖြစ် ရောက်တော်မူ၏၊
ထိုစဉ် နှစ်သက်ဝမ်းမြောက်တော်မူသော ရွှေစိတ်တော် လှုံ့ဆော်သဖြင့် ရှေးရှေးသော နောင်တော်ဘုရားရှင်များ နည်းတူ ဥဒါန်းကျူးရင့်တော်မူလေသည်။

( ပါဠိဂါထာ )
အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ ။
ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ ။

( မြန်မာပြန် )
အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ
တဏှာလက်သမားကို ရှာဖွေနေသောငါသည် ထိုတဏှာကို မြင်နိုင်သော ဉာဏ်ကို မရသေးသောကြောင့်
ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။

ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ်-တဏှာလက်သမား၊ ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ၊ ခန္ဓာအိမ်ကို နောက်တဖန် သင်ဆောက်လုပ်ရတော့မည် မဟုတ်။
သင်၏ ကိလေသာ အခြင်ရနယ် အားလုံးကို ငါချိုးဖဲ့အပ်ပြီ။ အ၀ိဇ္ဇာတည်းဟူသော အိမ်ခေါင်ထွဋ်ကို ဖျက်ဆီးအပ်ပြီ။ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ။ တဏှာ၏ ကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကို ရပြီ။

( ဆောင်ပုဒ် )
ပဋိသန္ဓေ၊ ဖန်ဖန်နေရ၊ ဆင်းရဲရအောင်၊ ပြုလှကြိမ်ကြိမ်၊ နှောင်အိမ်ခန္ဓာ၊ ဖန်တီးလာသည့်၊ တဏှာလုပ်သား၊ လက်သမားကို၊ ငါကားရှေးက၊ မမြင်ရ၍၊ ရှည်လှသံသရာ၊ လှည့်လည်ကြာပြီ၊
ခုအခါဝယ်၊ ခန္ဓာငါ့အိမ်၊ ကြိမ်ဖန်များစွာ၊ ဆောက်လုပ်လာသည့်၊ တဏှာယောက်ျား၊ လက်သမားကို၊ မျက်ဝါးထင်ထင်၊ ငါတွေ့မြင်ပြီ၊ သင်နောက်တဖန်၊ ဆောက်ရန်ခွင့်ပိုင်၊ မရနိုင်တော့၊ မြဲခိုင်အခြင်၊ များဖြင်ရနယ်၊ အသွယ်သွယ်ကို၊ ပယ်သတ်လွှမ်းမိုး၊ ငါရိုက်ချိုးပြီ၊ ခေါင်မိုးအ၀ိဇ္ဇာ၊ အထွတ်ပါကုန်၊ လုံးစုံမကြွင်း၊ အကုန်ရှင်း၍၊ လွတ်ကင်းတဏှာ၊ အရဟတ္တာ မဂ် ဖိုလ်၊ ငါကိုယ်တိုင်သာ၊ ရရှိလာပြီ၊ ခန္ဓာအဆုံး နိဗ္ဗာန်တည်း။

( ဧရာဝဂ်၊ ဥဒါန၀တ္ထု )

သတိ-သတိ-သတိ-အစဉ်ရှိပြီး အမြဲသိနေပါ

နံနက်စောစော အိပ်ရာမှ နိုးလာသည်၊ လူးလွန့်ပြီး အိပ်ရာမှ ထသည်၊ ရေရှိရာသို့ သွားသည်၊
ဘယ်လက်ဖြင့် ရေခွက်ကို ကိုင်သည်၊ ရေခပ်သည်၊ ရေကို ညာလက်ပေါ် လောင်းသည်၊ ဆပ်ပြာကို ကိုင်သည်၊
မျက်နှာကို ဆပ်ပြာနှင့် ပွတ်တိုက်သည်၊ ရေနှင့် မျက်နှာသစ်သည်၊ သွားပွတ်တံ ယူသည်၊ သွားတိုက်ဆေး ယူသည်၊ သွားပွတ်တံပေါ် သွားတိုက်ဆေး တင်သည်၊ ပါးစပ်ရှေ့ ယူလာသည်၊ ပါးစပ်ဟသည်၊ သွားပွတ်တံကို ပါးစပ်ထဲ ထည့်သည်၊ သွားတိုက်သည်၊ ရေငုံသည်၊ ပလုပ်ကျင်းသည်၊ စသည်-----စသည်ဖြင့် လှုပ်ရှားပြုလုပ်သမျှကို သတိကပ်၍ သိနေပါ။

ထို့နောက်လည်း မြင်သမျှ ကြားသမျှ ထိသမျှ သိသမျှ စားသမျှ သောက်သမျှ သွား,ရပ်,ထိုင်,လျောင်း လှုပ်ရှားပြုလုပ်သမျှကို အမှတ်မလွတ်စေဘဲ သတိကပ်၍ သိနေပါစေ၊ ဤသည်မှာ မြတ်ဗုဒ္ဓ၏ အဆုံးအမကမ္မဋ္ဌာန်း ဖြစ်ပါသည်။

သတိသည် ဘ၀တလျှောက်လုံးတွင် အရေးကြီးလှ၏၊ သာမည လောကီကိစ္စငယ်လေးတွေ၌ပင် သတိအမြဲယှဉ်နေလျှင် အကျိုးများပါလိမ့်မည်၊ နေ့စဉ် သွားလာလုပ်ကိုင်နေစဉ် သတိရှိခြင်းဖြင့် မတော်တဆ ချော်လဲခြင်း၊ လက်ခြေကျိုးခြင်း၊ ဒဏ်ရာရခြင်း၊ လိမ့်ကျခြင်း။ ထိခိုက်အနာတရ ဖြစ်ခြင်း၊ ခါးပိုက်နှိုက်ခံရခြင်း၊ လုယက်ခံရခြင်း၊ လွတ်ကျကွဲရှခြင်း၊ ပျောက်ဆုံးခြင်း စသော မလိုလားအပ်ဖွယ်များ နည်းပါးပါလိမ့်မည်။
သံသရာရေးတွင် မဂ်ဖိုလ်နိဗ္ဗာန်အထိ အကျိုးပေးနိုင်ပါသည်၊

သတိပဋ္ဌာန်တရားတော်တွင် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ-ဟူ၍ လေးမျိုးပြထားရာ အားလုံးသောတရားများသည် သတိကိုယှဉ်စေ၍ ထိန်းသိမ်းဆင်ခြင်ရသော အလုပ်များခြည်း ဖြစ်ပါသည်၊ ထိုထိုဤဤ ပြေးသွားတတ်သောစိတ်ကို သတိနှင့်ထိန်း၍ ရှုမှတ်နေသော တရားပေါ်တွင် တည်ငြိမ်စွာ ရှိနေရန် ကြိုးစားဆောင်ရွက်ရခြင်းသာ ဖြစ်ပါသည်၊

တရားတော်တွင် အကျယ်တ၀င့် ရှင်းလင်းပြထားရာ ဖတ်ကြား၊ နာကြား၊ လေ့လာ၊ မေးမြန်း မှတ်သား၍ ကျင့်သုံးကြရန် ဖြစ်ပါသည်၊ မဂ် ဖိုလ် နိဗ္ဗာန်သို့သွားရန် တခုတည်းသော လမ်းကြောင်းသည် သတိပဋ္ဌာန်တရားတော်ပင် ဖြစ်သည်ဟု အထင်အရှား ဟောတော်မူခဲ့သည်။

အရည်အချင်း ဂုဏ်တော် ၆-ပါးနှင့်ပြည့်စုံသော တရားတော်များ တပြောင်ပြောင် ထွန်းလင်း၍ ဒေသနာမိုးများ တဖြိုင်ဖြိုင် ရွာသွန်းဖြိုးနေသော ယခုလို အခါကောင်းကြီးတွင် သံသရာဝဋ်မှ လွတ်မြောက်ရေးကို ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။

သြ၀ါဒ

၁။ ဓမ္မ အဓမ္မ၊ ဤနှစ်ဝ၊ မိန့်ဟ မြတ်ဗုဒ္ဓါ ။
၂။ ကောင်းမှု ကုသိုလ်၊ တရားကို၊ ခေါ်ဆို ဓမ္မသာ။
၃။ မကောင်းမှုမျိုး၊ တရားဆိုး၊ ခေါ်ရိုး အဓမ္မာ။
၎။ ဓမ္မ အဓမ္မ၊ မတူကြ၊ ကွဲရ အကျိုးမှာ။
၅။ အဓမ္မဆိုး၊ မကောင်းကျိုး၊ ပေးရိုးဧကန်သာ။
၆။ ဓမ္မခေါ်ရိုး၊ ကုသိုလ်မျိုး၊ ကောင်းကျိုးပေးမည်သာ။
၇။ အဓမ္မ ရှား၊ ဓမ္မ များ၊ ကြိုးစားအားထုတ်ပါ။
၈။ ကုသိုလ်ဓမ္မ၊ ရှိသူမှ၊ ဒုက္ခ ကင်းလွတ်ကွာ။
၉။ ထို့ကြောင့် ဓမ္မ၊ ကုသလ၊ မုချပြုလုပ်ပါ။

( တိပိဋကဓရ ဆရာတော် ဦးနေမိန္ဒ )

Sunday, March 29, 2009

မဆုံးနိုင်သော ရန်ငြိုးသံသရာ

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကာဠီမည်သော ဘီလူးမတဦးသည် အမျိုးသမီးတယောက်၏ သားငယ်ကို ဖမ်းယူစားသောက်ရန် အတင်းလိုက်ရာ အမျိုးသမီးသည် ဘုရားရှင် တရားဟောနေသော ကျောင်းတော်တွင်းသို့ ၀င်ပြေးကာ သားငယ်ကို ဘုရားရှင်၏ခြေတော်ရင်းတွင် ချထားပြီး ကာကွယ်လေသည်။

ဘီလူးမသည် ကျောင်းတွင်းသို့ ၀င်ရောက်ရန် မတတ်နိုင်၊ ဘုရားရှင် သိတော်မူ၍ ၀င်ခွင့်ပြုမှ ဘီလူးမ ၀င်ရောက်လာလေသည်၊ ရှင်တော်ဘုရားက ဘီလူးမနှင့် အမျိုးသမီးတို့၏ ဘ၀ဟောင်းက ရန်ငြိုးကို ညွှန်ပြတော်မူ၍ ရန်ပြေငြိမ်းရေးတရားကို ဟောတော်မူလေသည်၊
သင်တို့သည် တခုသောဘ၀တွင် အမျိုးသားတဦး၏ဇနီး ဖြစ်ခဲ့ကြသည်၊ တဦးက အမြုံမဖြစ်ပြီး သားသမီးမရနိုင်ဘဲရှိစဉ် တဦးက ကိုယ်ဝန်တည်ရာ အမြုံမက သုံးကြိမ်တိုင်တိုင် ကိုယ်ဝန်ဖျက်ချစေခဲ့သည်၊ ထိုအဖြစ်ကို အခဲမကျေနိုင်သော အမျိုးသမီးက နောက်ဘ၀များတွင် လက်စားချေနိုင်ရပါလို၏-ဟု ဆုတောင်းခဲ့သည်။

နောက်ဘ၀တွင် တဦးက ကြောင်ဖြစ်ပြီး တဦးက ကြက်မဖြစ်ရာ ပေါက်ဖွားသမျှ ကြက်ကလေးများကို ကြောင်က စားပစ်သည်၊
နောက်ဘ၀တွင် ကြောင်က သမင်မဖြစ်ပြီး၊ ကြက်မက ကျားသစ်ဖြစ်ရာ ကျားသစ်သည် သမင်လေးများကို စားလေသည်။
ယခုဘ၀တွင် ကျားသစ်က လူဖြစ်၍ သမင်မက ဘီလူးမ ဖြစ်နေကြသည်၊
ဤအတိုင်း တလှည့်စီဖြစ်နေကြလျှင် ဘယ်အခါမှ ရန်ပြေငြိမ်းမည်မဟုတ်၊ သည်းခံ၍ မေတ္တာတရား ထားကြလေ-ဟု ညွှန်ပြကာ အောက်ပါဂါထာကို ဟောတော်မူရာ ဘီလူးမနှင့် အမျိုးသမီး တဦးနှင့်တဦး မေတ္တာထား၍ ကလေးကို ချစ်ခင်ယုယစွာ ကိုင်ယူပြီး ရန်ပြေငြိမ်းကြသည်။

( ပါဠိဂါထာ )
န ဟိ ဝေရေန ဝေရာနိ ၊ သမ္မန္တီဓ ကုဒါစနံ ။
အဝေရေန စ သမ္မန္တိ ၊ ဧသ ဓမ္မော သနန္တနော ။

( မြန်မာပြန် )
ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်။
ရန်မတုံ့မူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏။
ဤသဘောကား အစဉ်အလာ ဓမ္မတာသဘောတည်း။

( ဆောင်ပုဒ် )
တဦးဦးက၊ ရန်လာစသော်၊
စသည့်ရန်လျှင်၊ မပွားခင်က၊
ခုတ်ထွင်ပယ်သတ်၊ အမြန်ဖြတ်မှ၊
ရန်ထပ်မရှိ၊ အေးငြိမ်းဘိ၏။

ရှိသည့်ရန်ငယ်၊ မပယ်ကြွင်းကျန်၊ ရန်တုံ့ပြန်လျှင်၊
ထိုရန် ခက်လက်၊ မကျေပျက်ဘဲ၊
ဆက်ကာဆက်ကာ၊ ပွားများလာသည်၊
စဉ်လာရှေးရိုး သဘောတည်း။

( ယမက၀ဂ်၊ ကာဠယက္ခိနီဝတ္ထု )

ရတနာမြတ်သုံးပါး ဂုဏ်တော်အာရုံ

ဘုရားကို စေတီပုထိုး ဆင်းတုတော်များက ကွယ်နေတတ်သည်။
တရားကို ဓမ္မကထိကများက ကွယ်နေတတ်သည်။
သံဃာကို ဘုန်းကြီး ရဟန်းများက ကွယ်နေတတ်သည်။
ဟူသော သတိပေးညွှန်ပြချက်ကို ဆရာတော်ကြီးများထံမှ ကြားနာရပါသည်၊ ရုတ်တရက်သော် နားလည်သဘောပေါက်ရန် မလွယ်ကူ၊ ရင့်သီးသောစကားများလိုလို ထင်ရသည်၊
ဗုဒ္ဓဘာသာအများစုတို့သည် စေတီပုထိုးများသို့သွား၏၊ ဘုရားမှန်မှန် ရှိခိုး၏၊ တရားနာကြ၏၊ ဘုန်းကြီးရဟန်းများကို လှူဒါန်းပူဇော်ကြ၏၊ ဤလုပ်ဆောင်ချက်များတွင် အပြစ်တစုံတရာ ဆိုဖွယ်ရှိပါသလားဟု တွေးတောမိစရာပင်၊
အထက်ပါ ညွှန်ပြချက်၏ ဆိုလိုရင်းမှာ ရတနမြတ်သုံးပါးကို ဆည်းကပ်ကိုးကွယ်ရာ၌ အရင်းအမြစ် အဓိကဖြစ်သော မူလဂုဏ်တော်များကို အာရုံစိုက်ရန် စိတ်ထဲတွင် ရှင်းလင်းပြတ်သားစွာ အာရုံယူကြည်ညိုရန် ဖြစ်ပေသည်။

များစွာသောသူတို့သည် ရွှေတိဂုံ မဟာမြတ်မုနိ ရွှေဆံတော်-စသော စေတီ ပုထိုး ဆင်းတုတော်များကို ရှိခိုးဝတ်ပြုရာ၌ တောက်ပြောင်သော ရွှေရောင် လင်းထိန်သောမီးရောင် နှစ်သက်ကြည်နူးဖွယ်သောပန်းရနံ့ အမွှေးနံ့သာတို့ကို ကျေနပ်ကြည်ညိုရာ၌ လမ်းဆုံးနေကြသည်၊ ထိုကုသိုလ်စိတ်များအတွက် အကျိုးကျေးဇူးများပါ၏။ သို့သော် အဓိကစိတ်ရင်းတွင် လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီများ ဖြည့်ကျင့်တော်မူ၍ ဘုရားဖြစ်ပြီးနောက် လေးဆယ့်ငါးဝါပတ်လုံး လူနတ်ဗြဟ္မာတို့အား သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းတရားတို့ကို မနေမနား ဟောကြားတော်မူခဲ့သော သက်တော်ထင်ရှား မြတ်ဘုရား၏ ဂုဏ်တော် ကျေးဇူးတော်များသို့ရောက်အောင် ဉာဏ်ဖြင့်ဆင်ခြင်စူးစိုက်ကာ ပူဇော်မှ အကျိုးကြီးမြတ်မည်ဖြစ်ကြောင်း သတိပြုရပါမည်။

ထို့အတူ တရားတော်မြတ်ကို ပူဇော်ရာ၌လည်း ဓမ္မကထိက၏ ကြည်ညိုဖွယ်သော ဥပဓိရုပ် သာယာနာပျော်ဖွယ်သောအသံ နှစ်သက်ဖွယ်သော လေယူလေသိမ်းတွင် နစ်မြောမနေစေဘဲ သန္ဒိဋ္ဌိကော အကာလိကော စသော ဂုဏ်တော်ခြောက်ပါးအထိ စိတ်ကိုညွတ်ပျောင်းစေလျက် လိုက်နာရန် ကျင့်ကြံအားထုတ်ရန် တရားပေ-ဟု ကြည်ညိုတတ်ရန် သတိပြုရပါမည်။

သံဃာတော်များကို ကြည်ညိုပူဇော်ရာ၌လည်း မိမိရှေ့တွင်ရှိသော ရဟန်းတော်၏ ရုပ်အဆင်းကို ကြည်ညိုမှု ခင်မင်ရင်းနှီး၍ ကြည်ညိုမှု အဟောအပြောကောင်း၍ ကြည်ညိုမှုများတွင် မဆုံးစေဘဲ သုပ္ပဋိပ္ပန္န-စသော ဂုဏ်တော်ကိုးပါးကို အာရုံပြုလျက် ဤအရှင်များသည် အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ-စသော အဂ္ဂသာဝက ကြီးများမှ ဆင်းသက်၍ သာသနာတော်ကို ရှင်သန်တည်တံ့အောင် ယူဆောင်လာကြသော အရိယာနွယ်ဝင် ပုဂ္ဂိုလ်မြတ်များ ဖြစ်ပေသည်-ဟု စိတ်ထားကာ အရိယာသံဃာတော်များကို ရည်ညွှန်း၍ လှူဒါန်းပူဇော်နိုင်ကြပါစေ-ဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

Saturday, March 28, 2009

( ၈-၁၉၉၀ ) မြတ်မင်္ဂလာ

( 8-1990 ) Myat Mingala

( ၇-၁၉၉၀ ) မြတ်မင်္ဂလာ

( 7-1990 ) Myat Mingala

သြ၀ါဒ

( ---------------------) အထုပ်ကလေးကို တပြင်ပြင်
အထုပ်ရှင်မှာ သေလို့သွား၊ ကျန်တဲ့သူတွေ ဝေလို့စား။
အထုပ်ရှင်မှာ အလကား၊ ဘာကမှလဲ ပါမသွား။
သေရွာကျတော့ အပယ်သွား၊ နိဗ္ဗာန်ရောက်ဖို့ အခက်သား။

ကုသိုလ်ပုည ပြုမှတော်
အဖော်ပါမှ စိတ်မှာအေး၊ ဘ၀ဖန်ခါ ရိက္ခာဆေး။
ရုပ်နာမ်နှစ်ဖြာ ဒုက္ခပေး၊ သက်တမ်းလေးက အတိုလေး။
အိုဘေးနာသေ မကင်းသေး၊ နိဗ္ဗာန်ရောက်မှ ဒုက္ခအေး။

( တိပိဋက ဆရာတော် ဘဒ္ဒန္တကောသလ္လ )

Friday, March 27, 2009

ကံ ကံ၏အကျိုး ( ၃၉ )

( စေတနာမှန်၍ ကံကောင်းခြင်း )

ဦးမြသည် တိရစ္ဆာန်များကို ချစ်တတ်သူဖြစ်၏၊ သူ့အိမ်တွင် အိမ်မွေးတိရစ္ဆာန်များ စုံလှ၏၊ အထူးသဖြင့် ကြောင်နှင့်ခွေး တိရစ္ဆာန်များကို အထူးအရေးပေးလှ၏၊ သန့်ရှင်းစွာ ကျွေးမွေးလေ့ရှိ၏၊ သောက်ရန် ရေတို့ကိုလည်း အမြဲတစေ ထည့်ပေးတတ်၏၊ ၄င်းအပြင် သူ၏မွေးနေ့တိုင်း၌ ရပ်ကွက်ထဲရှိ ကြောင်နှင့်ခွေးတို့အား ဒါနပြုတတ်သေးသည်၊ ထို့ကြောင့် သူသွားလေရာ ခွေး ၃-၄ ကောင် အမြဲ တကောက်ကောက် လိုက်ပါတတ်သည်၊ သူသည် တိရစ္ဆာန်များကို အစာကျွေးပြီးတိုင်း ၃၁-ဘုံရှိ ဝေနေယျအားလုံးအား အမျှပေးဝေလေ့ ရှိ၏၊ ပုံမှန်အားဖြင့် မနက်နှင့်ည တကြိမ်စီ ကျွေးမွေး၏။

တနေ့သောအခါ သူ၏ခွေး လေးလုံး-သည် ငှက်ပျောပင်နား၌ ကြွက်တွင်းကို ယက်နေသည်ကို တွေ့ရ၏၊ ဦးမြသည် ငှက်ပျောပင်ခြေ ပေါ်မည်စိုးသဖြင့် သွား၍ကြည့်ရာ မြေခဲများ၏အောက်၌ နှစ်ကျပ်သားခန့်ရှိ ပန်းလက်ကောက် တကွင်းကို ရရှိခဲ့လေသည်၊ ရှေးဟောင်းလက်ရာ ဖြစ်သဖြင့် သက်ဆိုင်ရာပို့ရာ ကာလပေါက်ဈေး ဆုငွေငါးသောင်းခန့် ရရှိခဲ့လေသည်။

ထိုနှစ် သူ၏မွေးနေ့ ကျရောက်သောအခါ သံဃာ ၁၀-ပါးတို့အား ဆွမ်းကျွေးလျက် ဆွေမျိုးမိတ်သင်္ဂဟများကို ဖိတ်ကာ ဒါနပြုတော့၏၊ ထို့ပြင် အထူးခြားဆုံးသောပွဲကား ရပ်ကွက်ထဲရှိ ခွေးများကို ငှက်ပျောဖက်ခင်းပြီး ထမင်းကျွေးပွဲကြီးပင် ဖြစ်တော့သည်၊ ရဟန်းရှင်လူတို့သည် ဦးမြ၏ ထူးခြားသော ဒါနကို ၀မ်းမြောက်စွာ သာဓုခေါ်ကြလေတော့၏။

( ခင်မေ-ရွှေတောင် )
********************************************************************************

( ကံထိုက်သူ )

ဈေးဝယ်စရာရှိသည်များ ၀ယ်ပြီး ဆိုက်ကားငှါး၍ ကျောင်းပြန်ခဲ့သည်၊ ဆိုက်ကားသမားကား စမ်းချောင်းဘက်မှ နင်းလာသဖြင့် အမှတ် ၅-အ.ထ.က ကျောင်းရှေ့သို့ ရောက်လာသည်၊ ကျောင်းရှေ့လမ်းတဘက်တွင် ညစ်ပေ စုတ်ပြဲသော ပုဆိုးပိုင်းလေးခင်း၍ တောင်းနေသော သူတောင်းစားတယောက်ကို တွေ့ရသည်၊ အသက်အားဖြင့် သုံးဆယ်ကျော် လေးဆယ် ၀န်းကျင်သာရှိမည်၊ ခြေလက်အင်္ဂါ အကောင်းပကတိ၊ အင်အားချည့်နဲ့သည့် ပုံစံမျိုးလည်း မရှိ၊ အလုပ်လုပ်၍ ဘ၀ကို ရပ်တည်နိုင်ပါလျက် သူတပါး၏ စွန့်ကျဲပေးကမ်းမှုကို မျှော်ပြီး တောင်းစား၏။ ရရှိလာပြန်တော့ အရည်ဖျော်ပစ်တတ်သည်။

ဒီလူ တော်တော်မိုက်တာ ဆရာလေးရဲ့ ကံထိုက်တာ။
ဟင်-ဟုတ်လား၊ ပြောပါဦး၊

ထိုလူကို လွန်လာသောအခါ ဆိုက်ကားသမားလေးက စကားစလိုက်သဖြင့် စာရေးသူလည်း စိတ်ဝင်စားစွာဖြင့် မေးမိ၏။ ဒေါ်ခလေးမသည် ဆယ်နာရီကျော်မှ အိမ်ပြန်ရောက်လာ၏၊ ခေါင်းပေါ်မှ ဟင်းရွက်ဗျပ်ကြီး ချလျက် ရေတခွက် ခပ်သောက်နေသည်၊ ရေသောက်ရင်း အမောဖြေပြီးလျှင် ထမင်းချက်ရဦးမည်။

အမေ-ပိုက်ဆံငါးကျပ်လောက်။
ဟယ်-ဈေးရောင်းလို့မကောင်းရတဲ့အထဲ နင်လေ အတော်မသိတတ်တဲ့ အကောင်၊ တနေ့တနေ့ သောက်ဖို့ စားဖို့ မူးဖို့ ရူးဖို့ပဲ သိတယ်၊ ငါ့မှာ တလမ်းဝင် တလမ်းထွက်နဲ့ ထမင်းနပ်မှန်အောင် စားရဖို့တောင် မလွယ်ကူ။

ဟာဗျာ ခင်ဗျားကြီး ဒီစကားတွေပဲ မကြာမကြာပြောနေတာပဲ၊ ရိုးနေပြီ၊ ဒါတွေ ရိုးနေပြီ၊ ခင်ဗျားကြီး အဲလို ပင်ပင်ပန်းပန်း ဈေးရောင်းစားမယ့်အစား လမ်းဘေးမှာထိုင် ခွက်တခု ရှေ့ချပြီး သနားကြပါ၊ ပေးကြပါ။ ကမ်းကြပါ ဆိုရင်တောင်လေ ဒိထက်ဒိထက် အများကြီး ရနိုင်တယ် သိလား - ဟား - ဟား။

အဲဒါပဲ ဆရာလေး၊ မိခင်ကြီးကို စော်ကား မော်ကား ပြောခဲ့တဲ့ကံ အခု သူခံနေရပြီ၊ ဒါပေမယ့် ဒီကောင်တွေက ဒီလိုနဲ့ပဲ သေမထူး နေမထူး နေသွားမယ့် အကောင်တွေပါ ဆရာလေးရယ်။

ဘ၀သံသရာအတွက် ၀န်လေးသော ကံသုံးပါးကို မကျုးလွန်မိကြပါစေနဲ့ဟုသာ ဆန္ဒပြုရပါတော့သည်။

( မြောင်းမြ-မဥတ္တရစာရီ )

( မြတ်မင်္ဂလာ ၁၉၉၄-စက်တင်ဘာလ )

ဘာသာရေး ပြဿနာ ( ၄၁ )

( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )

( မေး ) ( ဘုရားလောင်းကွဲပြားပုံ စသည် )
ဆရာတော် အရှင်သူမြတ်ဘုရား
၁။ ပညာဓိက သဒ္ဓါဓိက ၀ီရိယာဓိက ဘုရားလောင်း ၃-မျိုး ကွဲပြားရခြင်းအကြောင်း
၂။ ဘုရားလောင်းများ၏ နောက်ဆုံးဘ၀တွင် အဖေတူ အမေတူ ညီအကိုမောင်နှမ ရှိ-မရှိ
၃။ မြတ်စွာဘုရားသည် ပါဠိဘာသာဖြင့် တရားဟောသည်-ဟု သိရပါသည်၊ သို့သော် မာဓဂဘာသာကို ပြောဆိုသူများတွင် မြတ်စွာဘုရားလည်း ပါနေကြောင်း သိရပါသဖြင့် ရှင်းလင်းပါရန်
ဤပြဿနာများကို ဖြေကြားပါရန် တောင်းပန်အပ်ပါသည်။
( ဦးသန်းညွှန့်-ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်း )

( ဖြေ )
၁။ ဘုရားလောင်း နိယတဗျာဒိတ် ခံယူစဉ်က ဉာဏ်အထက်မြက်ဆုံးဖြစ်လျှင် ပညာဓိက
အလတ်ဖြစ်လျှင် သဒ္ဓါဓိက
အနုံ့ဖြစ်လျှင် ၀ီရိယာဓိက ဘုရားဖြစ်ကြောင်း ဆိုပါသည်။

ဥပမာ-ထိုစဉ်က ဂါထာတပုဒ်ကို ကြားနာရရုံနှင့် မဂ်ဖိုလ်ရနိုင်လောက်သော ဉာဏ်ရှိလျှင် ပညာဓိက ဘုရားလောင်းဖြစ်၍ -
ဂါထာတပုဒ်ကို အဓိပ္ပါယ်ရှင်းပြမှ မဂ်ဖိုလ်ရလောက်လျှင် သဒ္ဓါဓိက
ဂါထာတပုဒ်ကို လေ့လာကျင့်သုံးပြီးမှ မဂ်ဖိုလ်ရလောက်လျှင် ၀ီရိယာဓိက ဖြစ်ကြောင်း ဆိုပါသည်။
ပညာဓိက ဖြစ်ရပါလို၏-ဟု အထူး ဆုမတောင်းရပါ။

၂။ ဘုရားလောင်းတို့၏ မယ်တော်သည် တတိယအရွယ်ရောက်မှ ဘုရားလောင်းကို ဖွားရမြဲဓမ္မတာ ရှိပါသည်။
ဖွားမြင်ပြီးနောက်လည်း ၇-ရက်ကြာလျှင် စုတေမြဲဖြစ်၏၊
ထို့ကြောင့် အမိတူ ညီအကို မောင်နှမ မရှိနိုင်ပါ။

၃။ မာဂဓဘာသာကိုပင် မြတ်စွာဘုရား၏ တရားတော်အစဉ် တည်ရာ (ပိဋကတ်တော်တည်ရာ) ဖြစ်သဖြင့် ပါဠိဟု ခေါ်ဝေါ်သည်၊ ထို့ကြောင့် ပါဠိနှင့် မာဂဓ ကွဲပြားမှုမရှိပါ။
********************************************************************************

( မေး ) ( အသုဘပို့ )
ကွယ်လွန်သောသူ၏ အလောင်းကို သင်္ချိုင်းသို့ သယ်ယူထမ်းဆောင် ချပို့သူ လူပုဂ္ဂိုလ်တို့ အဘယ်ကဲ့သို့ ကုသိုလ်အကျိုးတရားများကို ရရှိနိုင်ပါသနည်း၊ သာဓကများဖြင့် ရှင်းလင်းဖြေကြားပေးပါဘုရား။

( ဖြေ )
အသုဘအလောင်းကို သုသာန်သင်္ချိုင်းသို့ ပို့ဆောင်ရာ၌ အသုဘရှုဟူသည်နှင့်အညီ မိမိခန္ဓာကိုယ် အပါအ၀င် မည်သည့်ခန္ဓာမဆို အသုဘဖြစ်ပုံကို နှလုံးသွင်းလျက် ထိုအသုဘကို အိမ်တွင်း၊ ရွာတွင်း၊ မြို့နယ်တွင်းမှ ထုတ်ဆောင်ရှင်းလင်း၍ သန့်ရှင်းအောင် ပြုလုပ်ရသည်ဟု သဘောထားလျှင် ကုသိုလ်ထူးစွာ ဖွံ့ဖြိုးကြီးကျယ်လှသည်၊

ပဉ္စ၀ဂ္ဂီတို့နောက် တရားထူးရသော ယသ သတို့သားနှင့် သူငယ်ချင်း ၅၅-ဦးတို့ ဦးဦးဖျားဖျား ဧဟိဘိက္ခု ရဟန္တာပုဂ္ဂိုလ်များ ဖြစ်ရသည်မှာ ရှေးဘ၀က ဇရပ်တွင် သေနေသော ခရီးသွားတဦး၏ ပုပ်စပြုနေသော အလောင်းကို စိတ်တူ၊ သဘောတူ၊ သုသာန်သင်္ချိုင်းသို့ ပို့ဆောင်ခဲ့ရသော ကုသိုလ်ကြောင့်ပင် ဖြစ်လေသည်၊ ထို့ကြောင့် လူမှုရေးအရ မလွဲသာ၍ အသုဘပို့ဆောင်ရသည့်တိုင်အောင် ကုသိုလ်ဖြစ်အောင် ယောနိသောမနသိကာရ ထားရှိသင့်သည်ဟု ဖြေကြားလိုပေသည်။
*********************************************************************************

( မေး ) ( အမျှဝေတိုင်း ရ-မရ )
အရှင်ဘုရား၊ ကုသိုလ်ကောင်းမှုပြုတိုင်း အမျှဝေကြခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးစံ ဖြစ်ကြသည့်အတိုင်း မိမိပြုသော ကုသိုလ်ကောင်းမှုကို တဦးတယောက်အား အမျှပေးဝေရာ ထိုအမျှပေးဝေခံရသော သူ၌ ကုသိုလ်အကျိုး ခံစားခွင့် ဧကန် ရှိနိုင်ပါမည်လား၊ ရှင်းလင်းဖြေကြားတော်မူပါရန်။
( ကျော်မင်းနိုင်-ဆည်မြောင်းဦးစီးဌာနရုံး၊ မင်းပြားမြို့ )

( ဖြေ )
ကုသိုလ်ကောင်းမှုပြု၍ အမျှပေးဝေခြင်းသည် ပတ္တိဒါနပုညကိရိယာဝတ္ထုဖြစ်၍ ကုသိုလ်ရှင်အား လက်ရှိပြုနေသော ကုသိုလ်အပြင် ကုသိုလ်တမျိုး တိုးပါသည်၊
တစုံတယောက်အား ၀ါ-ကွယ်လွန်သူ မိဘဆွေမျိုးတို့အား အမျှဝေရာ၊ ထိုအမျှပေးဝေခံရသောပုဂ္ဂိုလ်က သာဓုခေါ်နိုင်မှသာ အကျိုးခံစားခွင့် ရှိပါသည်။
သက်ရှိပုဂ္ဂိုလ်ဖြစ်ကလည်း အမျှဝေသော ကုသိုလ်ရှင်အပေါ်၌ ဣဿမစ္ဆရိယ ငြူစူဝန်တိုမှု ကင်းရှင်းစွာ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်မှသာ အကျိုးခံစားခွင့် ဧကန်ရှိနိုင်ကြောင်း ဆိုပါသည်။
********************************************************************************

( မေး ) ( ပဋိသမ္ဘိဒါခေတ်အကြောင်း )
ဆရာတော်ဘုရား၊ အနာဂတ၀င်ကျမ်း၌ သာသနာခေတ် ကွယ်ခြင်းကြီး ငါးရပ်တွင် ဘုရားပရိနိဗ္ဗာန်စံပြီး
နှစ် ၁၀၀၀-အတွင်း ပဋိသမ္ဘိဒါခေတ် ကွယ်မည်ဟု ပါရှိပါသည်၊
ပဋိသမ္ဘိဒါဆိုသည်မှာ မဂ်ဖိုလ်လေးပါးနှင့် ပြည့်စုံသော ရဟန္တာသူမြတ်များဟု ထင်မြင်မိပါသည်၊ ထိုအချိန်တွင် ရဟန္တာများ ကွယ်ပြီဟု ဆိုနိုင်ပါသလားဘုရား။
( မြသွေးခိုင်-သဲအင်းယောဂီ )

( ဖြေ )
ပဋိသမ္ဘိဒါလေးပါး ဆိုသည်မှာ မဂ်ဖိုလ်လေးပါးကို မဆိုလို။
၁။ အတ္ထ ပဋိသမ္ဘိဒါ-အနက်အဓိပ္ပါယ် အကျိုးတရားကို သိသောဉာဏ်
၂။ ဓမ္မ ပဋိသမ္ဘိဒါ-ပါဠိဓမ္မအကြောင်းကို သိသောဉာဏ်
၃။ နိရုတ္တိ ပဋိသမ္ဘိဒါ-သဒ္ဒါကို သိသောဉာဏ်
၎။ ပဋိဘာန ပဋိသမ္ဘိဒါ-နက်နဲစွာထိုးထွင်း၍ သိတတ်သောဉာဏ်-ဟူ၍ ဖြစ်သဖြင့်
ထိုဉာဏ်လေးပါးနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်များ အဆင့်အမြင့်ဆုံး၊ ပညာအထက်မြက်ဆုံး ရဟန္တာမျိုးပင် ဖြစ်သည်။ ထိုရဟန္တာမျိုးမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး အနှစ် ၁၀၀၀-အတွင်းမှာသာ ရှိ၍ ထိုနောက်၌ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ မရှိတော့ဘဲ ဆဠာဘိည-အဘိညာဉ် ၆-ပါးနှင့်ပြည့်စုံသော ရဟန္တာမျိုး၊
သုက္ခ၀ိပဿက-ဈာန်မရသော ရဟန္တာမျိုးများသာရှိမည်-ဟု ဆိုလိုပါသည်။
*******************************************************************************

( မြတ်မင်္ဂလာ ၁၉၉၄-ခု စက်တင်ဘာလ )

မမြင်ရသေးသော အာရုံကို စွဲလမ်းသူ

သာဝတ္ထိမြို့တော် သူဋ္ဌေးတဦး၏သားသည် ဗြဟ္မာ့ပြည်မှ ဆင်းသက်လာသူဖြစ်၍ အသန့်အပြန့် အလွန်ကြိုက်၏၊
မိန်းမအနံ့၊ မိန်းမ အချီအပွေ့ကို မခံနိုင်၊ အရွယ်ရောက်လာသောအခါ မိဘများက လက်ထပ်ပေးရန် စီမံသော်လည်း လက်မခံပေ။ အကြိမ်ကြိမ် တိုက်တွန်းဖန် များလတ်သော် အလွန်လှပ ပြေပြစ်ချောမောသော ရွှေရုပ်တခုကို စိတ်တိုင်းကျ ထုလုပ်စေ၍-

ဒီလို ချောလှရင် ယူမယ်-ဟု အကျပ်ကိုင်၏။ မိဘများက စိတ်မပျက်၊ ငါ့သားဘုန်းကံနဲ့ ဒီလို ကျက်သရေရှိတာ တွေ့မှာပါ-ဟု ယုံကြည်ကာ အရပ်ရပ်သို့ သတို့သမီး ရှာဖွေရန်စေလွှတ်၏၊

မဒ္ဓရာဇ်တိုင်း သာဂလမြို့သို့ ရောက်သောအခါ ရှာဖွေသူများသည် ရွှေစင်ရုပ်တုထက် ပိုမိုလှပသော ဣနြေ္ဒရှင် ၁၆-နှစ်အရွယ် သူဋ္ဌေးသမီးတယောက်ကို တွေ့ရသည်၊ ထိုအခါ သူဋ္ဌေးထံဝင်၍ အနိတ္ထိဂန္ဓ သူဋ္ဌေးသားအကြောင်းကို ပြောဆိုစေ့စပ်၏၊ သဘောတူလက်ခံ၍ အကျိုးအကြောင်းကို သတင်းပို့လိုက်ရာ သူဋ္ဌေးသားသည် ရွှေရုပ်ထက် အလှပိုသည်ဆိုလျှင် အလွန်ချစ်ခင်မြတ်နိုးဖွယ် ဖြစ်ပေလိမ့်မည်ဟု တွေးတောကာ မမြင်ရခင်ကပင် စွဲလမ်းတမ်းတနေလေသည်။

သတို့သမီးကို အကောင်းဆုံးဝေါယာဉ်တို့ဖြင့် ဆောင်ယူခဲ့ရာ နုနယ်သိမ်မွေ့လှသော သတို့သမီးသည် ယာဉ်တောက်ရာမှ တဖြည်းဖြည်း ရောဂါပြင်းထန်လာပြီး လမ်းခရီးတွင်ပင် သေဆုံးရှာလေသည်။ အနိတ္ထိဂန္ဓသည် သတင်းကိုကြားရသောအခါ အချစ်စိတ် လွှမ်းမိုးသည့် သောကမီး ဖိစီးနှိပ်စက်ပြီး အစာမစားနိုင်တော့ဘဲ အိပ်ရာထဲ ဗုန်းဗုန်းလဲလေတော့သည်။ ဘုရားရှင်သည် သတို့သား၏ ကျွတ်တမ်းဝင်မည့် အရေးကို မြင်တော်မူသဖြင့် ဆွမ်းခံကြွလာတော်မူကာ သတို့သားကို ရှေ့သို့ခေါ်ယူတော်မူပြီးလျှင် အောက်ပါဂါထာတော်ကို ဟောတော်မူလေသည်။ ဒေသနာတော်ကြီး ကြားနာပြီးနောက် အနိတ္ထိဂန္ဓ သတို့သားသည် သောတာပန် တည်လေသည်။

( ပါဠိဂါထာ )
ကာမတော ဇာယတီ သောကော ၊ ကာမတော ဇာယတီ ဘယံ ။
ကာမတော ၀ိပ္ပမုတ္တဿ ၊ နတ္ထိ သောကော ကုတော ဘယံ ။

( မြန်မာပြန် )
ကာမဂုဏ်ကြောင့် စိုးရိမ်မှု ရ၏။
ကာမဂုဏ်ကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏။
ကာမဂုဏ်မှ ကင်းလွတ်သောသူမှာ စိုးရိမ်ရခြင်း မရှိ။
အဘယ်မှာ ကြောက်ရွံ့မှု ရှိအံ့နည်း ။

( ဆောင်ပုဒ် )
ဝတ္ထု ကိလေသ၊ ကာမနှစ်မျိုး၊ တရားဆိုးကြောင့်၊
စိုးရိမ်ရခြင်း၊ ကြောက်လန့်ခြင်းတို့၊
မယွင်းသေချာ၊ ပွားတိုးလာ၏။

ကိလေသာဆိုး၊ ပယ်ချိုးနှိမ်နင်း၊ လွန်သန့်ရှင်းက၊ ကြောက်ခြင်းကင်းကွာ၊ စိုးရိမ်ရာသည်၊
ဘယ်မှာရှိနိုင်တော့မည်နည်း။

( ပိယ၀ဂ်-အနိတ္ထိဂန္ဓကုမာရ၀တ္ထု )

ဓမ္မ၀ိဟာရီ ပုဂ္ဂိုလ် ဖြစ်ပါစေ

ကံကောင်းထောက်မသဖြင့် မွေးကတည်းက ဗုဒ္ဓဘာသာ ဖြစ်လာခဲ့ကြသော ကျွန်ုပ်တို့သည် ကလေးဘ၀ကစ၍ ဗုဒ္ဓ၏ဓမ္မနှင့် နီးစပ်ရင်းနှီးခွင့် ရခဲ့ကြပါသည်။ ငယ်ရွယ်ချိန် မိဘ ဆရာတို့၏ သွန်သင်မှုကို ရခဲ့ခြင်း၊ ကျောင်းတွင် နာယူသင်ကြားရခြင်း၊ သင်တန်းများ တက်ရောက်ရခြင်း၊ တရားပွဲများသွား၍ နာယူရခြင်း၊ တရားစာအုပ်များ ဖတ်ရှု လေ့လာရခြင်း စသော လုပ်ရပ်များဖြင့် တလျှောက်လုံး ဗုဒ္ဓ၏ဓမ္မကို ဆည်းပူးခွင့် ရရှိခဲ့ကြပါသည်။

ဤသို့ ရှင်တော် ဟောကြားညွှန်ပြ ဆုံးမတော်မူခဲ့သောဓမ္မကို သင်ယူမှု၊ မှတ်သားမှု၊ ဆင်ခြင်မှုနှင့် ပတ်သက်၍ မြတ်ဗုဒ္ဓက ပုဂ္ဂိုလ်အမျိုးမျိုး ခွဲခြား၍ ပြတော်မူခဲ့ပါသည်။

၁။ သင်ရုံသာ သင်ယူပြီး အကျင့်မပါသော ပရိယတ္တိဗဟုလာ ပုဂ္ဂိုလ်
၂။ တတ်သိနားလည်သဖြင့် ဟောကြားပြသပြီး အကျင့်မပါသော ပညတ္တိဗဟုလာ ပုဂ္ဂိုလ်
၃။ တရားတော်များကို ရွတ်အံ သရဇ္ဈာယ်နေပြီး အကျင့်မပါသော သရဇ္ဈာယဗဟုလာ ပုဂ္ဂိုလ်
၎။ မှတ်သားသိရှိသော တရားများကို ကြံစည်တွေးတော ဆင်ခြင်နေတတ်ပြီး အကျင့်မပါသော ၀ိတက္ကဗဟုလာ ပုဂ္ဂိုလ်

မြတ်ဗုဒ္ဓသည် ပရိယတ္တိ သင်ကြားမှု၊ ရွတ်အံမှု၊ ကြံစည်ဆင်ခြင်မှုတို့ကို လိုလားတော်မူပါသည်။ အားပေးတော်မူပါသည်။ သို့သော် ထိုထိုစခန်းတွင် လမ်းဆုံးသွားမည်ကို စိုးရိမ်တော်မူသဖြင့် သတိပေးတော်မူခြင်း ဖြစ်ပါသည်၊ ထို့ကြောင့် ပရိယတ္တိဗဟုလာ ပုဂ္ဂိုလ်၊ ပညတ္တိဗဟုလာ ပုဂ္ဂိုလ်၊ သရဇ္ဈာယ ဗဟုလာ ပုဂ္ဂိုလ်၊ ၀ိတက္ကဗဟုလာ ပုဂ္ဂိုလ်အဆင့်တွင် ရပ်တန့်မနေဘဲ ၀ိမုတ္တိရသ စခန်းရောက်အောင် ကြိုးစားကျင့်ကြရန် လိုပါသည်။

မြတ်ဗုဒ္ဓ၏ ဆွေးနွေးခြင်း၊ တွေးတောဆင်ခြင်ခြင်း ပြုလုပ်ရုံသာမက မိမိစရိုက်နှင့် လိုက်လျောညီသော ကမ္မဋ္ဌာန်းတရား တခုခုကို လက်တွေ့ကျင့်သုံး စွဲမြဲအားထုတ်ကာ ဗဟုလာ ပုဂ္ဂိုလ်အဆင့်ကို လွန်မြောက်ပြီး ဓမ္မ၀ိဟာရီ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားတော်မူကြရန် အရေးကြီးပါကြောင်း သတိပေး နှိုးဆော်လိုက်ရပါသည်။

သြ၀ါဒ

လောက၌ အနှစ်သာရကိုလို၍ အနှစ်သာရကိုရှာသော အမျိုးကောင်းသားသည် အနှစ်သာရနှင့် ပြည့်စုံသော သစ်ပင်ကြီးကို တွေ့ရပါလျက် အနှစ်သာရကို မသိသဖြင့် ထိုအပင်၏ အကိုင်း အခက် အပွေး အခွံ အခေါက် အကာများကိုသာ အနှစ်သာရဟု မှတ်ထင်နေ၏။

၎င်းတို့ကိုသာ ဖြတ်တောက်ယူငင် သုံးဆောင်၏၊ ထိုအမျိုးသားသည် အနှစ်သာရကို လိုလားပါလျက် အနှစ်သာရကို မသုံးဆောင်ရ၊

ထို့အတူ မဖြစ်ရအောင် အမျိုးကောင်းသားများသည် လောကီ လောကုတ္တရာ နှစ်ဖြာတို့၌ အနှစ်သာရဖြစ်သော လိုရင်းပန်းတိုင်သို့တိုင်အောင် ကြိုးစားအားထုတ်ကြရမည် ဖြစ်ပေသည်။

( မြင်းခြံ ကိုးဆောင်တိုက် ဆရာတော် ဘဒ္ဒန္တ သောဘိတ )

Thursday, March 26, 2009

ကံ ကံ၏အကျိုး ( ၃၈ )

( သူ့ အသက် )

ဦးဖိုးမောင်သည် ရွာသာကုန်း ရွာသားဖြစ်သည်၊ အနေအထိုင် အစားအသောက် ကြမ်းတမ်းသူဖြစ်သည်၊ သူ၏မိန်းမ မလှကြည်မှာ အေးဆေးတည်ငြိမ်၍ ဘုရားတရား ရိုသေသူတဦးဖြစ်သည်၊ တနေ့တွင် မိန်းမဖြစ်သူက ကိုဖိုးမောင် ကျွန်မ အိပ်မက်တွေမကောင်းဘူး၊ အိပ်မက်ထဲမှာ ရှင့်ကို မြွေကြီးတကောင်လိုက်လို့ ရှင်ပြေးနေရတယ်လို့ ကျွန်မအိပ်မက်မက်တယ်၊ ရှင် သွားတာ လာတာ သတိထားသွားနော်။

အမလေး၊ မလှကြည်ရာ အပိုစကားတွေ ပြောမနေစမ်းနဲ့၊ အိပ်မက်နဲ့ အပြင်နဲ့ ပြောင်းပြန်စီပါကွာ၊ မင်းမလဲ ပေါက်ပေါက်ရှာရှာ မက်တတ်တယ်-ဟု ပြန်ပြောလေသည်။

ကဲ မလှကြည် ငါ-လယ်ထဲကိုဆင်းမယ်၊ ငါကို နေ့လယ်ထမင်းလာပို့-ဟု ပြောပြီးသည်နှင့် နွားနှစ်ကောင်ကို ဆွဲကာ လယ်ထဲသို့ ထွက်သွားလေသည်၊ ဦးဖိုးမောင်၏ လယ်သည် သူ့အိမ်နှင့် မနီးမဝေး ဖြစ်သည်၊ လယ်ထဲသို့အရောက် ကန်ဘောင်ရိုးပေါ်တွင် မြွေတကောင်ဖြတ်သွားသည်ကို မြင်လိုက်သဖြင့် အနီးရှိ ၀ါးရင်းတုတ်နှင့် ခေါင်းကို ရိုက်ချလိုက်သည်၊ တချက်တည်းနဲ့ပင် မြွေသည် မလှုပ်တော့၊ ကြည့်လိုက်သောအခါ သူ၏ လက်ကောက်ဝတ်လောက် ရှိသည့် မြွေဟောက်ကြီး ဖြစ်နေလေသည်။

ဦးဖိုးမောင်၏ မျက်နှာမှာ ချက်ချင်း ၀င်းလက်သွားသည်၊ မြွေကို ခါးပိုက်ထဲထည့်ကာ မိန်းမဟင်းချက်အမီ ပြန်ပို့လေသည်၊ လမ်းတွင် ဗိုက်မှ စစ်ကနဲ စစ်ကနဲ-ပုရွက်ဆိတ် ကိုက်သလို နာနေသည်၊ သူ၏စိတ်ထဲတွင်လည်း သိပ်အလေးမထားမိ၊ အိမ်တံခါးဝသို့ ရောက်သော် မလှကြည်-ဟုခေါ်ကာ ဗိုက်ကိုလက်ဖြင့် အုပ်လျက် လဲကျသွားလေသည်၊ သူ့ယောက်ျား ခေါ်သံကြား၍ မလှကြည် အိမ်နောက်ဖေးမှ ပြေးထွက်လာကာ ကြည့်လိုက်သောအခါ ဦးဖိုးမောင် အသက်မရှိတော့၊ အိမ်နီးနားချင်းများက လာရောက်ကြည့်ကြသည်၊ အိမ်နီးချင်းများက တယောက်တပေါက်နှင့် ကျတ်ဖမ်းတာ၊ ပိုးထိတာ-ဟု ပြောနေကြသည်၊ ဦးဖိုးမောင်တို့ အိမ်ဘေးမှ ကိုစံမြက-

ဟာ-ကိုဖိုးမောင် ခါးပုံထဲမှာ လှုပ်စိ လှုပ်စိနဲ့ ဘာလေးတွေလည်း မသိဘူး-ဟု ပြောလိုက်ကာ အနီးတွင်ရှိသော တုတ်နှင့် ခါးပုံစကို ထိုးဖြေလိုက်ရာ မြွေပေါက်ကလေးများ ထွက်လာသည်၊ ကိုဖိုးမောင်၏ ဗိုက်တွင် နီနီအကွက် လေးငါးကွက်နှင့် သွေးစို့နေသည်။

ကိုဖိုးမောင် ရိုက်သတ်လိုက်သော မြွေမှာ အကောင်ပေါက်တော့မည့် မြွေဟောက်မကြီးပေတည်း၊ သူတပါးအသက်ကို သတ်မိသောကြောင့် မိမိလည်း အကုသိုလ်ဖိစီးမှုကို ပြန်လည်ခံစားရခြင်း ဖြစ်သည်။

အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်၊ (ဖြစ်ရပ်မှန်)။

( ခိုင်ခိုင်ဝင်း-လေးမြေ )
********************************************************************************

( ၀စီကံ မြန်ပါဘိ )

ကျွန်တော်တို့ ရွာကလေးသည် ညောင်ပင်သာရွာဆိုသည့်အတိုင်း သာသာယာယာရှိပါသည်၊ ရွာ၏ပတ်လည်တွင် ဘုန်းတော်ကျောင်း ၄-ကျောင်းရှိသည်၊ ထို့ပြင် ရွာနှင့်မနီးမဝေးတွင် ၃-ကျောင်းရှိသေးသည်၊ အလှူအတန်း တရားပွဲ တရားထိုင် ဓမ္မတေးသံများ အစဉ်တစိုက် အခါမလပ် ကြားနာရသည်၊ ရတနာသုံးပါးကို မမေ့မလျော့နိုင်အောင် ဗြောသံ ကြေးစည်သံ ခေါင်းလောင်းထိုးသံများက အမြဲနှိုးဆော်သလို ဖြစ်နေပါသည်။

တနေ့ ကျွန်တော်၏ အိမ်အနီးနေ ဒေါ်စန်းရီ၏သား ရက်လည်ဆွမ်းသွပ်ရက် ဖြစ်သည်၊ ဒေါ်စန်းရီမှာ မုဆိုးမလည်း ဖြစ်၊ တဦးတည်းသော သားလေး ကွယ်လွန်သွားခဲ့သဖြင့် ပူဆွေးသောက လောင်မြိုက်နေသောကြောင့် ကျွန်တော်အပါအ၀င် ရပ်ကွက်သူ ရပ်ကွက်သားများ ၀ိုင်းဝန်းလုပ်ကိုင် ပေးကြသည်၊ သို့သော် ဒေါ်စန်းရီ၏ ညီမ သူဋ္ဌေးမကြီး ဒေါ်စန်းရှင်က နေရာတကာတွင် မောက်မာသော လေသံဖြင့် ပြောဆိုခိုင်းစေသောကြာင့် ၀ိုင်းဝန်းလုပ်နေသူ အချို့ ပြန်ပြေးကြသည်။

ဘုန်းကြီးကျောင်း တကျောင်းလျှင် ကျောင်းထိုင်ဆရာတော်နှင့် နောက်လိုက်တပါးစီ ပင့်ထားသည်၊ ရဟန်းသံဃာများကို အရုဏ်ဆွမ်း ကပ်မည်ဖြစ်သောကြောင့် နံနက် ၅-နာရီတွင် ရဟန်းသံဃာများ ကြွလာကြသည်။

ရဟန်းသံဃာများကို ကာယကံရှင် ဒေါ်စန်းရီ၏ ညီမ ဒေါ်စန်းရှင်က ဘာအလိုမကျသည်မသိ၊ မျက်နှာကြီးပုပ်ကာ နှုတ်ခမ်းစူလာသည်၊ ရဟန်းသံဃာများ ဆွမ်းစားနေသည့် စားပွဲအနီးသို့ ကပ်ကာ ကျောင်းထိုင်ဘုန်းကြီးတွေလည်း တပါးမှ မပါပါလား၊ ကိုယ်တော်တို့ ပြန်ရင် လျှောက်လိုက်စမ်းပါ၊ ကျောင်းထိုင်ဘုန်းကြီးတွေ ခြေကျိုး လက်ကျိုးနေသလားလို့-ဟု ပြောလိုက်ရာ ရဟန်းရှင်လူများ စိတ်မကောင်း ဖြစ်ကြရသည်၊ အချို့သော ရဟန်းများမှာ ဆွမ်းကိုပင် ပြီးစီးအောင် ဘုဉ်းမပေးတော့၊ မ၀ တ၀နှင့်ပင် ဖြတ်လိုက်ပုံရသည်။

အသုဘကိစ္စပြီးနောက် ၁၀-ရက်ခန့်အကြာ ဒေါ်စန်းရှင်နှင့် ခင်ပွန်း ဦးစိုးမြင့်-တို့ မန္တလေးရှိ နာမည်ကြီး ကျောင်းတကျောင်းသို့ တနှစ်စာ ဆွမ်းအလှူငွေ ကပ်လှူရင်း ပြင်ဦးလွင်မြို့သို့ အလည်သွားကြသည်၊ ထိုလမ်းခရီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်၊ ဒေါ်စန်းရှင် ပွဲချင်းပြီး ကွယ်လွန်သွားသည်၊ ခင်ပွန်း ဦးစိုးမြင့်မှာ ခြေတချောင်း ကျိုးသွားပြီး လက်တဖက် ဖြတ်ပစ်လိုက်ရသည်၊ ကျန်ခရီးအတူသွားများမှာ ပွန်းပဲ့ဒဏ်ရာလောက်သာ ရရှိခဲ့သည်ဟု သိရပါသည်။

ဒေါ်စန်းရှင်တယောက် ၀စီကံ ထိုက်ပြီ-ဟု ဒေါ်စန်းရီ-၏ သားရက်လည်ဆွမ်း ကပ်သူများက မှတ်ချက်တူညီစွာ ချလိုက်ကြပါသည်။

တဆင့်စကား တဆင့် ဖြစ်ရပ်မှန် ကြားလိုက်ရသူ အများကလည်း-
ဝစီကံ ထိုက်တာပဲပေါ့၊ ၀စီကံများ တယ်ကြောက်စရာကောင်းပါလားနော်-တဲ့ ။
( အမည်မှန်များကို ပြောင်းလဲထားပါသည် )

( ဦးသာသန-သုတေသီ၊ တောင်ငူ-သပြေစမ်း )

( မြတ်မင်္ဂလာ ၁၉၉၄-ခု သြဂုတ်လ )

ဘာသာရေး ပြဿနာ ( ၄၀ )

( မေး ) ( သံဃာဂိုဏ်းကွဲခြင်း )
စာတအုပ်တွင် မြတ်စွာဘုရားက သံဃာသင်းကွဲခြင်းကို လုံးဝ မနှစ်သက်-ဟု ဖတ်ရပါသည်၊ ယခုခေတ် ဂိုဏ်ဂဏတွေ ကွဲနေခြင်းကို မြတ်စွာဘုရား နှစ်သက်နိုင်မည်လား ဘုရား၊ သံဃာသင်းခွဲတာ သံဃဘေဒကကံ ထိုက်သည်ဆိုသည်မှာ ဟုတ်ပါသလားဘုရား။
( မောင်စိန်ကျော်-တံငါကျင်း၊ တောင်သာ )

( ဖြေ ) သံဃာသင်းခွဲခြင်းမှာ သံဃဘေဒကကံဖြစ်၍ အနန္တရိယကံပင်ဖြစ်သဖြင့် လွန်စွာအပြစ်ကြီးလှပါသည်၊ ယင်းသံဃဘေဒကကံမှာ ဒေ၀ဒတ်က သူကိုယ်တိုင် ဘုရားလုပ်၍ သံဃာကိုခွဲပြီး ခေါ်ဆောင်သွားခြင်းမျိုး ဖြစ်ပါသည်၊ ယခု ဂိုဏ်းဂဏများမှာ ယင်းကဲ့သို့ သံဃာသင်းကွဲမျိုး မဟုတ်၊ မြို့နယ် ဆရာသမား ပ၀ါရဏာဂိုဏ်း စသည်အမည်နာမ ကွဲခြင်းမျိုးသာ ဖြစ်၍ တရားဓမ္မ အယူဝါဒ ကွဲပြားမှုမျိုး မဟုတ်ပေ၊ ယခုခေတ် သုဓမ္မာ ရွှေကျင် ဒွါရ ဝေဠုဝန် စသည်တို့မှာ ထိုသဘောမျိုးသာ ဖြစ်သဖြင့် မြတ်ဗုဒ္ဓတရားတော် ဓမ္မက္ခန္ဓာ အယူအဆ သင်ကြား ကျင့်ကြံမှု အတူတူသာ ဖြစ်သည်၊

မြတ်စွာဘုရားလက်ထက်တော်မှာပင် ဒီဃဘာဏကဆောင်၊ မဇ္ဈိမဘာဏကဆောင် စသည် ကွဲလွဲမှုမျိုးရှိခဲ့ပေသည်၊ အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာဆရာ တပါးတည်းဖြစ်လျက် တခါတရံ ကွဲလွဲ၍ ဖွင့်ဆိုတတ်သည်မှာ ဤသို့ ဘာဏကဆောင်တို့ အယူအဆအလိုက် ဖွင့်ဆိုရခြင်းကြောင့် ဖြစ်ပေသည်။ သို့ သော် ယင်းအယူအဆ ကွဲပြားမှုတို့မှာ မြတ်ဗုဒ္ဓ၏ အယူဝါဒ တရားဓမ္မကိုမူ ထိခိုက်ခြင်းမရှိဟု မှတ်သားထားသင့်ပါသည်။
********************************************************************************

( မေး ) ( သံဃာတော်နှင့် ဇွန်းခက်ရင်း )
ဆရာတော်ဘုရား၊ အချို့ရဟန်း သံဃာတော်တို့သည် ဆွမ်းဘုဉ်းပေးရာ၌ ဇွန်းခက်ရင်းဖြင့် ဘုဉ်းပေးကြသည်ကို တွေ့ရပါသည်၊ ဇွန်းခက်ရင်းဖြင့် ဆွမ်းဘုဉ်းပေးကြခြင်းမှာ ၀ိနည်းတော်နှင့် ညီ-မညီ ဖြေကြားတော်မူပါဘုရား။
( ကျေးတောသား-ညောင်ပင်သာ )

( ဖြေ )
ရဟန်းတော်တို့ ဆွမ်းဘုဉ်းပေးမှုနှင့်စပ်၍ သေခိယသိက္ခာပုဒ်များတွင် သိက္ခာပုဒ်ပေါင်း ၂၆-ပုဒ်ရှိရာ နာတိမဟန္တံ ကဗဠံ ပရိမဏ္ဍလံ အာလောပံ န ဘုဉ္ဇမာနော သဗ္ဗဟတ္ထံ-သိက္ခာပုဒ်များ၌ ဆွမ်းလုတ်ပမာဏ ဆွမ်းလုပ်အနေအထား လက်အနေအထားတို့အကြောင်းကို ဆိုသဖြင့် ဆွမ်းဘုဉ်းပေးရာ၌ လက်ဖြင့် ကြည်ညိုဖွယ်ရာ ဆွမ်းဘုဉ်းပေးရန်သာသင့်ကြောင်း အထူးဆိုဖွယ် မလိုပါချေ။

မြန်မာနိုင်ငံ သာသနာတော်တလျှောက်လုံးလည်း လက်ဖြင့်သာ ဘုဉ်းပေးသုံးဆောင်ခဲ့ကြောင်း ထင်ရှားပါသည်၊ မင်းတုန်းတရားကြီး လက်ထက်တွင် သာသနာပိုင် ဆရာတော် ဦးဉေယျသည် ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံ၊ အနေအထိုင်လည်း အလွန်ကြည်ညိုဖွယ်ကောင်းလှ၍ ရွှေနန်းတော်၌ ဆွမ်းဘုဉ်းပေးလျှင် မင်းတုန်းမင်းတရားကြီးက မိဖုရားများ၊ သမီးတော်များကို ဖူးတွေ့အတုယူစေကြောင်း စကားစဉ်ရှိသည်၊ သာသနာပိုင်ဆရာတော် ဆွမ်းဘုဉ်းပေးပုံကို မိဖုရားများ၊ သမီးတော်များပင် အတုယူရအောင် ယဉ်ကျေးသိမ်မွေ့လှကြောင်း ဆိုသဖြင့် မြန်မာပီပီ လက်ဖြင့်ပင် ဘုဉ်းပေးကြောင်း သိသာပါသည်။

သို့သော် ဆိုဖွယ်ရှိသည်မှာ မြတ်စွာဘုရားလက်ထက်က သပိတ်အသုံးသာရှိ၍ ပန်းကန် ဇွန်း စသည် အသုံးမရှိသေးကြောင်း သတိပြုသင့်ပါသည်၊ မြန်မာနိုင်ငံ သာသနာတလျှောက်တွင် သပိတ်ဖြင့်ပင် တလျှောက်လုံး အသုံးပြုခဲ့သည်ဟု မပြောနိုင်ပေ၊ ပန်းကန် ဇွန်းများလည်း အတော်ရှေးကျကျအချိန်ကပင် အသုံးပြုခဲ့ကြောင်း ထင်ရှားခဲ့လေသည်၊ ရဟန်းသံဃာများ ဆွမ်းစားရာ၌ ဘုရားလက်ထက်တော်ကလို လက်ဖြင့်သာ စားသင့်ပါသည်ဟု ဆိုလျှင် သေခိယနှင့်ညီအောင် သပိတ်ကိုသာ သုံးရမည်၊

ပန်းကန်ခွက်ယောက်၊ ဇွန်းယောက်ချို စသည် မသုံးသင့်ဟူ၍လည်း ဆိုရာရောက်ပါသည်၊ ခေတ်နှင့်လျှော်စွာ ပန်းကန်စသည်ကို သုံးလျှင် ဇွန်း ခက်ရင်း စသည်ကိုလည်း အလျော်အားဖြင့် ယူသော် ရနိုင်ဖွယ်ပင် ရှိပေသည်၊ ထို့ကြောင့် ဇွန်း ခက်ရင်း ကိစ္စတွင် တဘက်စွန်းသို့ မရောက်သင့်ဟု ဆိုချင်ပါသည်။
*********************************************************************************

( မေး ) ( အကုသိုလ်နှင့် သေခါနီး )
ဆရာတော်ဘုရား၊ ယခုလူတွေအများ ပြောဆိုနေကြသည့်စကားမှာ အကုသိုလ်ကို ဘယ်လောက်ကြီးပဲလုပ်လုပ် သေခါနီး၌ ဘုရား တရားစသည့် အာရုံကောင်းကောင်းနှင့် သေသွားလျှင် သုဂတိ ကောင်းရာဘုံဘ၀သို့ ဧကန်မုချ ရောက်ရမည်-ဟု ဖြစ်ပါသည်၊ ထိုအယူအဆ မှန်-မမှန်နှင့် အကုသိုလ်ကံသည် ဘယ်အချိန်၌ အကျိုးပေးခွင့် ကြုံမည်ဆိုသည်ကို မိန့်ကြားဖြေဆိုတော်မူပါဘုရား။
( မောင်ကျော်ဝင်းအောင်-အင်းတော်မြို့ )

( ဖြေ )
အကုသိုလ်ကို မပြတ်ပြုလပ်နေသူအဖို့ သေခါနီး၌ ဘုရားတရားအာရုံ ကောင်းကောင်း ရရှိရန် လွန်စွာခက်လှပါသည်၊ ကုသိုလ်များစွာ ပြုလုပ်နေသူပင် အနည်းငယ်သော အကုသိုလ်က သေခါနီး၌ ထင်လာမြင်လာ ၀င်ရောက်လာတတ်ပါသည်၊ ပုထုဇဉ်သတ္တ၀ါတို့မှာ ပါပသ္မိံ ရမတိ မနော-ဆိုသည့်အတိုင်း အကုသိုလ် မကောင်းမှု၌သာ စိတ်ပျော်ရွှင်ဝင်စားတတ်သဖြင့် အကုသိုလ်ဝါသနာ စွဲနေသူအဖို့ သေခါနီး၌ အကုသိုလ်နိမိတ်အာရုံများသာ ၀င်လာဖို့များပေသည်၊

အကုသိုလ်အကျိုးပေး၍ အပါယ်ငရဲ၌ ဖြစ်နေရလျှင်လည်း ပြုခဲ့သောကုသိုလ်ကံ ကြားဝင်နိုင်ဖို့ မလွယ်ပါ၊ ထို့ကြောင့် အကုသိုလ်နည်းပါး ကုသိုလ်များရန် ကြိုးစားသင့်ကြပါသည်၊ ကုသိုလ်ရေး၌ ဒါန သီလ ဘာဝနာ တတ်နိုင်သမျှပြုလုပ်ရန် လိုပါသည်၊ ဗုဒ္ဓဘာသာပီပီ ဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်း၊ ငါးပါးသီလမြဲခြင်း စသည့် နိဗဒ္ဓ (မပြတ်) ကုသိုလ်ရေးမျှလောက် အစဉ်ကျင့်သုံးနေကြရန် သင့်ကြောင်း ပြောလိုပါသည်။
********************************************************************************

( မေး ) ( ရောင်တော်ပျံဘုရား ရှိသေးသည်ဆိုလျှင် )
ဆရာတော်ဘုရား၊ သာသနာငါးထောင် ကုန်ပြီးသည့်နောက်၌ ကမ္ဘာပေါ်တွင် ရှိသမျှသော ဂေါတမမြတ်စွာဘုရား ဓာတ်တော် မွေတော်များသည် ကောင်းကင်နတ်ပြည်သို့ ကြွတော်မူပြီးနောက် ရောင်တော်ပျံဘုရား ပွင့်တော်မူပြီး တရားဟောမည်ဆိုတာ ဟုတ်ပါသလား၊ ထိုသို့ဆိုလျှင် ဗုဒ္ဓမြတ်စွာဘုရားမှာ ရုပ်နာမ်ချုပ်ငြိမ်းပြီး ပရိနိဗ္ဗာန် စံတော်မူသည်မှာ မဟုတ်သေးဘဲ ဘုရားရှိနေသေးသည်ဟု ယူဆ၍ ရပါမည်လားဘုရား။
( နှင်းဆီမေ-တိုက်ကြီး )

( ဖြေ )
ဓာတ်တော် မွေတော်များ သာသနာတော်ကုန်ဆုံးချိန်တွင် လူ့ပြည်နတ်ပြည်ဒေသအသီးသီးမှ ဗောဓိမဏ္ဍိုင်သို့ကြွ၍ ဘုရားအသွင်တော်ဖြင့် နောက်ဆုံးတေဇောဓာတ်လောင်သွားခြင်းမှာ ဗုဒ္ဓမြတ်စွာဘုရား ရုပ်နာမ်ကျန်ရှိနေ၍ မဟုတ်၊ ပရိနိဗ္ဗာန် စံတော်မမူမီကပင် ထိုကဲ့သို့ဖြစ်ရန် အဓိဋ္ဌာန်ထားတော်မူခဲ့သောကြောင့် ဖြစ်ပါသည်၊ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ၀င်စံတော်မမူမီက ငါ-ပရိနိဗ္ဗာန်စံလျှင် ငါ့အလောင်းတော်ကို အလိုလို တေဇောဓာတ်လောင်စေ၊ ဓာတ်တော်မွေတော်ကို အဆင့်အားဖြင့် သုံးသွယ်၊ အရွယ်အားဖြင့် သုံးစား၊ အခြင်အားဖြင့် ရှစ်စိတ် ဖြစ်စေ-ဟု အဓိဋ္ဌာန်ထားတော်မူသကဲ့သို့ပင် သာသနာကုန်ဆုံးချိန်၌လည်း မုန်ညင်းစေ့သဏ္ဍာန် ဓာတ်တော်အသေးအမွှားမကျန် တေဇောဓာတ်လောင်ရန် အဓိဋ္ဌာန်တော်မူခဲ့ပါသည်၊ ထိုအချိန်၌ လူများ ဖူးတွေ့နိုင်ခြင်း၊ တရားဟောခြင်း မရှိ-ဟု ဆိုပါသည်။

( မြတ်မင်္ဂလာ ၁၉၉၄-ခု သြဂုတ်လ )

လူအများ ချစ်မြတ်နိုးသော အရှင်မဟာကဿပ

မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တနေ့၌ ရာဇဂြိုဟ်မြို့တွင်းသို့ သာဝကရှစ်ကျိပ်နှင့်အတူ ရဟန်းတော်ငါးရာ ခြံရံလျက် ဆွမ်းခံကြွတော်မူ၏။ ထိုစဉ် မုန့်အပြည့်ထည့်ထားသော တောင်းများကိုထမ်းလျက် ဥယျာဉ်သို့ ပျော်ပွဲစားသွားကြမည့် သူငယ်ငါးရာတို့နှင့် လမ်းတွင် ဆုံမိ၏။ သူငယ်တို့သည် ဘုရားကိုရှိခိုး အရိုအသေပြုပြီး သွားမြဲဆက်သွားကြသည်၊ ပါလာသောမုန့်ကို မလှူကြပေ၊

ဘုရားရှင်က ရဟန်းတို့ သစ်ပင်ရိပ်တွင် နားကြစို့၊ သူငယ်များ၏မုန့်ကို စားပြီးမှ ဆက်လက်သွားကြမည်၊ မုန့်ရှင်ဖြစ်သော ရဟန်းသည် နောက်တွင်လာနေပြီ-ဟု မိန့်ကြားတော်မူ၏၊ ရဟန်းတော်တို့သည် အဓိပ္ပါယ်ကို နားမလည်နိုင်ကြပေ၊ ဘုရားရှင်နှင့်အတူ သစ်ပင်ရိပ်တွင် နားနေကြစဉ် မကြာမီ အရှင်မဟာကဿပ ရောက်လာ၏၊

သူငယ်တို့သည် အရှင်မဟာကဿပအား ချဉ်းကပ်၍ မုန့်များလှူကြ၊ အရှင်ကဿပ-က ဘုရားရှင်နှင့်တကွ ရဟန်းတော်များအား ဆက်ကပ်ရန် ညွှန်ကြားရာ သူငယ်များက လိုက်နာကပ်လှူကြ၏၊ ပြီးသော် သောက်ရေ စသည် ကပ်လှူကြသေးသည်၊ ရဟန်းတော်များက သူငယ်တို့သည် ဘုရားရှင်အား မကပ်လှူဘဲ အရှင်မဟာကဿပကိုသာ မျက်နှာလိုက်၍ လှူဒါန်းသည်-ဟု ကဲ့ရဲ့ကြရာ ဘုရားရှင်က ရဟန်းတို့စကားကို ငြင်းပယ်တော်မူပြီးလျှင် ရဟန်းတို့ ငါ၏သားတော် ကဿပကဲ့သို့ ကျင့်သောရဟန်းကို လူရောနတ်ပါ ချစ်မြတ်နိုးကြသည်-ဟု မိန့်ကြားကာ အောက်ပါဂါထာကို ဟောတော်မူ၏။

( ပါဠိဂါထာ )
သီလဒဿန သမ္ပန္နံ ၊ ဓမ္မဋ္ဌံ သစ္စဝေဒိနံ ။
အတ္တနော ကမ္မ ကုဗ္ဗာနံ ၊ တံ ဇနော ကုရုတေ ပိယံ ။

( မြန်မာပြန် )
သီလနှင့်လည်း ပြည့်စုံ၊ ဉာဏ်အမြင်နှင့်လည်း ပြည့်စုံ၊ တရား၌တည်၍ အမှန်ကိုလည်း ပြောဆိုတတ်၊ မိမိပြုအပ်သည့် ကျင့်ဝတ်နှင့်လည်း ပြည့်စုံသောသူကို လူအပေါင်းသည် ချစ်မြတ်နိုး၏။

( ဆောင်ပုဒ် )
သီလဉာဏ်မြင်၊ ပြည့်စုံလင်၍၊ ဖြူစင်မွန်မြတ်၊ တရားဓာတ်ကို၊ ရလတ်တဖန်၊ အမှန်ပြောတတ်၊ ကိုယ်ပြုအပ်သည့်၊ သုံးရပ်သိက္ခာ၊ ဖြည့်ကျင့်လာတတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ လူနတ်မျိုးမျိုး၊ ချစ်မြတ်နိုး၏။

( ပိယ၀ဂ်-ပဉ္စသတဒါရက၀တ္ထု )

ရတနာသုံးပါး ကျေးဇူး

ရုပ်ပိုင်းဆိုင်ရာ အဘက်ဘက်မှ တိုးတက်နေသောခေတ်ကြီးတွင် တကမ္ဘာလုံး နေ့စဉ် ဖြစ်ပျက်နေသမျှကို နေ့ချင်း ညချင်း တွေ့မြင်သိရှိနေရသည်၊ ရေဒီယို ရုပ်သံ သတင်းစာတို့တွင် အမြဲမြင်တွေ့နေရသော အရေးအရာများမှာ လောဘ ဒေါသ မောဟ အခြေခံသော နယ်မြေလုစစ်ပွဲ၊ အာဏာလုစစ်ပွဲ၊ လူမျိုးစုစစ်ပွဲ၊ စီးပွားကုန်သွယ်ရေး နယ်ချဲ့စစ်ပွဲများနှင့် ရေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ လေမုန်တိုင်းဘေး၊ အစာရေစာ ခေါင်းပါးခြင်းဘေးများသာ အများအပြား ပါဝင်နေသည်။

ထိုမျှ ဆိုးဆိုးရွားရွား ဖြစ်ပွားနေသော ကမ္ဘာကြီးတွင် မြန်မာနိုင်ငံသည် အထိုက်အလျောက် အေးချမ်းသာယာလျက်ရှိသည်၊ အခြားတိုင်းပြည်များတွင် ဖြစ်ပွားနေသော ဘေးဒုက္ခများနှင့် နှိုင်းစာလျှင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု အခြေအနေသည် အထိုက်အလျောက် ထင်ရှားပေသည်၊ ယင်းအဖြစ်ကို အရင်းအမြစ် စိစစ်ပါက ဗုဒ္ဓဘာသာ အများစုပါဝင်သော မြန်မာနိုင်ငံတော်သည်-
ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မော လောကေ သမုပ္ပန္နော သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော ပုညာယ သဗ္ဗပါဏိနံ။ ၏ဟူသော ဒေသနာတော်ကို မမှိတ်မသုန် ယုံကြည်စွာ လိုက်နာကျင့်သုံးနေကြသောကြောင့် ဖြစ်သည်ကို အထင်အရှား တွေ့မြင်ရပေသည်။

ဘုရားရှင် ပွင့်တော်မူလာခြင်းသည် အလုံးစုံသော သတ္တ၀ါတို့၏ အကျိုးစီးပွားအလို့ငှါ ဖြစ်၏။
ဓမ္မတရားတော် ဖြစ်ပေါ်လာခြင်းသည် အလုံးစုံသော သတ္တ၀ါတို့၏ ချမ်းသာရေးအတွက် ဖြစ်၏။
သံဃာတော် ပေါ်ပေါက်လာခြင်းသည် အလုံးစုံသော သတ္တ၀ါတို့၏ ကောင်းမှုအလို့ငှါ ဖြစ်၏။

ယခုအခါ ထေရ၀ါဒဗုဒ္ဓသာသနာ ပြန့်ပွားလာသည်နှင့်အမျှ ကမ္ဘာအရပ်ရပ်တွင် ဗြဟ္မစိုရ်တရား ကြီးထွားတည်မြဲလျက် အေးချမ်းသာယာလာလိမ့်မည်ဟု မျှော်လင့် ၀မ်းမြောက်ရပေသည်။
ရတနာမြတ်သုံးပါး၏ ကျေးဇူးသည် ကြီးမားလှပါသည်၊ ရတနာမြတ်သုံးပါး၏ ကျေးဇူးကို ကမ္ဘာသူ ကမ္ဘာသားများ ခံစားနိုင်ကြပါစေ။

သြ၀ါဒ

မှားယွင်းမှုဟူသည် မောဟ-မကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။
သူတပါးမှားလျှင် အမှန်ရောက်အောင် ငါပြင်မည်။
ငါမှားလျှင် သူတပါးအပြင်ကို ငါခံမည်။
ငါ့ကို ပြုပြင်သူကို ငါ့ဆရာဟု အမှတ်ပြုမည်။
သူတပါးအကျိုးကို ငါလိုလားမှ ငါအကျိုးကို သူတပါးက လိုလားမည်။
ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ဆောင်ရွက်မည်။
ငါ့အလိုသို့သာ တဖက်သတ်လိုက်သူမှာ ငါ့မိတ်ဆွေမဟုတ်။
သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို ရဲဝံ့စွာ ငါခံယူမည်။
ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို ရဲဝံ့စွာ ငါရှောင်ရှားမည်။
ငါ့အလုပ်နှင့်တူသော အကျိုးကို မချွတ် ငါရမည်။

( ညောင်တုန်း ရွှေဟင်္သာ စတုတ္ထစံကျောင်းဆရာတော် ဘဒ္ဒန္တ၀ိမလ )

( ၆-၁၉၉၂ ) မြတ်မင်္ဂလာ

( 6-1992 ) Myat Mingala

ဆုံးမစာ

မျက်လုံးပမာ၊ သားသည်းချာတို့၊ ကောင်းပါစေလို၊ ပညာကိုလည်း၊ နုပျိုငယ်က၊ သင်ချေမှတည့်။
ထိုမှရွယ်ရောက်၊ တံခွန်ဆောက်သို့၊ တယောက်ထင်ပေါ်၊ နှံ့သိကျော်လိမ့်။
ငယ်သော် ငယ်က၊ များသိပ္ပကို၊ တစ မသင်၊ လေးဖင်၍သာ၊ ပိမ်မှာလည်းပျော်၊ နေချေသော်မူ၊
လူမဟူရ၊ လူအ လူကန်း၊ လူနှမ်း လူရူး၊ သည်ထက်ထူး၏။

( ဆားတုံဆရာတော် )

သူ့ကျေးဇူး

ရှေးက စွန့်ကြဲ၊ ကံရင်း နည်း၍၊ ဆင်းရဲခဲ့တုံ၊
ကိုယ် မလုံ၍၊ သူ့ဂုဏ် ပိုင်ပိုင်၊ မဆပ်နိုင်သော်၊
ကိုယ်တိုင် သူ့အိမ်၊ ရောက်ခိုက်ကြိမ်က၊ မထိမ်မမြူး၊
ဘုရားဖူးသို့၊ ကျေးဇူးရှိထွေ၊ သိတတ်စေ။

( ရှင်မဟာရဋ္ဌသာရ )

ကံ ကံ၏အကျိုး ( ၃၇ )

( မပြေ သူ့ဝဋ်ကြွေး )

ကျွန်ုပ်တို့လမ်းရှိ အိမ်သားအားလုံး သားရေခွဖြင့် နေ့ညမရွေး အပစ်အခတ်ခံနေရသည်မှာ တလနီးပါးရှိခဲ့ပြီ ဖြစ်ပါသည်၊ အချို့အိမ်များ၌ မှန်ဗီရိုများ၊ မှန်ကောင်တာများ၊ တံခါးကပ်မှန်များ လောက်စာလုံးထိမှန်၍ ကွဲပျက်ခံကြရပါသည်၊ မည်သူက မည်သည့်နေရာမှ မည့်သည့်မကျေနပ်ချက်ကြောင့် ယခုကဲ့သို့ ရမ်းရမ်းကားကား ပစ်ခတ်နေမှန်း မသိနိုင်အောင်ဖြစ်နေ၏။ သားရေခွဖြင့် လျှောက်ပစ်နေခြင်းမှာ အချိန်ကန့်သတ်ချက်မရှိ၊ လူအလစ်ကိုကြည့်၍ ပစ်ခတ်နေသည်မှာ ထင်ရှားလှပါသည်။ အချို့အိမ်များကို
ည ၁၀-နာရီ၊ ည ၂-နာရီ၊ နံနက် ၄-နာရီ အချိန်များအထိ အပစ်ခံကြရ၏၊ နေ့လယ် နေ့ခင်း၌ ပိုဆိုး၏၊ ဟိုအိမ် သည်အိမ် အချိန်မရှိ အပစ်ခံရပါသည်။

ထိုသူကို စိတ္တဇ သားရေခွသမား-ဟု အမည်တပ်၍ ရနိုင်၏၊ ရပ်ကွက်တွင်းရှိ အိမ်သားများသည် အမြဲထိတ်လန့်နေရ၏၊ တရက်တွင် ရပ်ကွက်တွင်းရှိ အိမ်တအိမ်မှ သံဃာ့ဒါ ဆွမ်းကပ်၊ ပရိတ်တရားနာပွဲပြုလုပ်ပါသည်၊ ဆွမ်းကပ်ပွဲ၌ သံဃာတော် ၂၅-ပါးနှင့် ရပ်မိရပ်ဖ ၅၀-ယောက်ခန့်ကိုသာ ပင့်ဖိတ်၍ ဒါနပြုလုပ်ပါသည်။

သံဃာတော်များသည် ဆွမ်းကိစ္စပြီး၍ ပရိတ်တရားရွတ်ဖတ်၊ ရေစက်ချ တရားဟော၏၊ ထို့နောက် သံဃာတော်များ ပြန်ကြွတော်မူရန် အိမ်ပေါ်မှဆင်းကြွတော်မူကြသည်၊ ထိုအချိန်တွင် မည်သည့်နေရာက ပစ်လိုက်သည် မသိရသော လောက်စာလုံးတလုံးသည် ရှေ့ဆုံးမှ ဦးစွာကြွတော်မူသော ကန်ဦးကျောင်းဆရာတော်ကြီး၏ ခါးကိုထိမှန်ပါသည်၊ ဆရာတော်ကြီးသည် တရားရှင်ပီပီ နာကျင်သောနေရာကို အသာအယာပွတ်တော်မူ၍ နှုတ်တော်မှ-

ဝဋ်ကြွေးရှိလျှင် ဒီဘ၀ဒီမမျှသာ ခံစားမှုနှင့် ပြေကြပါစေ-ဟု တီးတိုးမိန့်တော်မူကာ ကြွတော်မူပါသည်။

ပရိတ်သတ်များသည် ပုထုဇဉ်များပီပီ ဒေါသဖြစ်ကာ တုတ်ဆွဲ၊ ဓားကိုင်ဖြင့် အနီးအနားပတ်ဝန်းကျင်၌ သားရေခွပစ်သူကို လိုက်ရှာကြ၏၊ မသင်္ကာသူဟူ၍ တဦးယောက်မျှ မမြင်ကြရပါ။

ထိုသို့ဖြစ်၍ ၄-ရက်ခန့် အကြာတွင် ကို------တယောက် အိမ်သာတက်ရင်း သားရေခွ၊ လောက်စာလုံးအိတ်လွယ်လျက် လေသင်ဓုန်းဖြတ်ကာ ကွယ်လွန်သွားပါတော့သည်၊ ထိုအခါကျမှ သားရေခွသမား လူရမ်းကားမှာ ကို-----ဖြစ်မှန်း သူ၏ဇနီးငိုသံကြားမှ တရပ်ကွက်လုံး သိရှိရပါတော့သည်။

ငိုကြွေးပုံမှာ-
သူများတကာကို အနှောက်အယှက်ပေးရမှ ထမင်းစားဝင်တဲ့သူကြီး -----ရေ၊ သန်းခေါင်၊ သန်းလွဲ အိမ်တကာကို သားရေခွနဲ့ လိုက်ပစ်တဲ့အကျိုးကို အခုကောင်းကောင်းကြီး ခံသွားရပြီ မဟုတ်လား-----ရဲ့။

( ထီးချိုင့်-ခွန်ကျော်နိုင် )

( မြတ်မင်္ဂလာ ၁၉၉၄-ခု ဇူလိုင်လ )

Wednesday, March 25, 2009

( ၅-၁၉၉၂ ) မြတ်မင်္ဂလာ

( 5-1992 ) Myat Mingala

ဘာသာရေး ပြဿနာ ( ၃၉ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( ဂါထာပရိတ်ရွတ်ခြင်း )
အရှင်ဘုရား၊ တပည့်တော်မသည် နေ့စဉ် ဘုရားရှိခိုး ၀တ်ပြုပြီးတိုင်း ဂါထာ ၆-ပုဒ်လောက်ကို ရွတ်ဆိုလေ့ရှိပါသည်၊ နေ့စဉ် အားလပ်ချိန်များတွင်လည်း အမြဲရွတ်ဆိုနေပါသည်၊ အချို့က ဂါထာကို မိမိအနှစ်သက်ဆုံး တပုဒ်သာ ရွေးချယ်ရွတ်ဖတ်သင့်သည်၊ သို့သော် ဓာတ်တွေရော၍ အစွမ်းမထက်ဟု ဆိုပါသည်၊ ထိုစကား မှန်မမှန်ဖြေကြားပေးပါ အရှင်ဘုရား။
( နန်းမေဖဲ-ကျောက်မဲမြို့၊ ရှမ်းပြည်မြောက်ပိုင်း )

( ဖြေ )
ဂါထာတော် ပရိတ်တော်များကို ရလေကောင်းလေ၊ များများရွတ်လေ များများအကျိုးရှိလေ-ဟု မှတ်သင့်ပါသည်၊ ပရိတ်တော်အားလုံးပင် အန္တရာယ်ကင်းသည်ချည်း ဖြစ်သော်လည်း
ကျက်သရေမင်္ဂလာ တိုးပွားရန်အတွက် မင်္ဂလသုတ်၊
ရောဂါကင်းရန်အတွက် ရတနသုတ်၊
အချောက်အလှန့်ကင်းရန်အတွက် မေတ္တသုတ်၊
မြွေဘေးကင်းရန်အတွက် မောရသုတ်၊
မီးဘေးကင်းရန်အတွက် ၀ဋ္ဋသုတ်၊ စသည်ဖြင့် သူ့ဆိုင်ရာဆိုင်ရာ ပိုမိုအစွမ်းထက်ရာများ ရှိသကဲ့သို့ ဂါထာများမှာလည်း ထို့အတူ ပိုမိုအစွမ်းထက်ရာ သတ္တိထူးများ ရှိကြပါသည်။

( မောရသုတ်တော်တွင် ဗြဟ္မမန္တန္တိ-ထူးမြတ်သော မန္တန်တော်ဟူ၍-ပင် ပရိတ်တော် ဂါထာမန္တန်တော်များကို အတူထား၍ ဆိုပါသည် ) ထို့ကြောင့် ရတနာသုံးပါးနှင့်ဆိုင်ရာ ဂါထာများကို ကြိုးစားကျက်မှတ်၍ မပြတ်မစဲ အမြဲရွတ်ဖတ်သင့်ကြောင်း ဖြေကြားအပ်ပါသည်။
********************************************************************************

( မေး ) ( နိဗဒ္ဓကုသိုလ်ရှင် )
ဆရာတော်ဘုရား၊ နိဗဒ္ဓကုသိုလ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် သောတာပန်ကဲ့သို့ပင် အပါယ်သို့ မကျနိုင်-ဟု တပည့်တာ် နာကြားရဖူးပါသည်၊ ၄င်းကုသိုလ်ရှင်များသည် သောတာပန်ကဲ့သို့ပင် ၇-ဘ၀ပြီးလျှင် နိဗ္ဗာန်ဝင်နိုင်ပါသလားဘုရား။
( ဒေါ်မြသွေး-ခြံနံပါတ် ၂။ ၁၀-ရပ်ကွက်၊ မရမ်းကုန်း-ရန်ကုန်မြို့ )

(ဖြေ )
ယေသံ ပန ကုလာနံ တီဏိ သရဏာနိ-စသည်ဖြင့် သရဏဂုံတည်သူမှ စ၍ ဧကော အာဝါသော-ကျောင်းတဆောင် ဆောက်လုပ်လှူဒါန်းသူအထိ သူ-၇ ဦးမှာ နိဗဒ္ဓ-မြဲသောကုသိုလ်ရှင်များဖြစ်၍ အပျယ်မကျ, အပျယ်မကြောက် ၇-ယောက်ဟူ၍ အင်္ဂုတ္တရဋ္ဌကထာ (အံ-ဋ္ဌ ၃-၂၆၇) တွင် ဆိုသည်မှာ ၄င်းတို့သည် အမြဲမပြတ် ကုသိုလ်စိတ္တုပ္ပါဒ် ဖြစ်နေသူများဖြစ်၍ ဤဘ၀မှ ကွယ်လွန်လျှင် တမလွန်ဘ၀၌ အပျယ်မရောက်နိုင်ဟု ဆိုပါသည်၊ သောတာပန်ပုဂ္ဂိုလ်သည် ဂတိမြဲသူဖြစ်၍ ဤဘ၀မှ ကွယ်လွန်လျှင် တမလွန်ဘ၀၌ သုဂတိသာ လားရာရှိပြီး ဒုဂ္ဂတိသို့ လားစရာအကြောင်း မရှိသည်နှင့် တစိတ်တူသည်ကိုသာစွဲ၍ သောတာပန်နှင့် အလားတူသည်ဟု ဆိုခြင်းဖြစ်ပါသည် သောတာပန်ပုဂ္ဂိုလ်ကဲ့သို့ ၇-ဘ၀နှင့် နိဗ္ဗာန်ဝင်နိုင်ခြင်း မရှိသေးပါ။
********************************************************************************

( မေး ) ( အသုဘ ရှုခြင်း )
ဆရာတော်ဘုရား၊ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ အသုဘကမ္မဋ္ဌာန်းရှုသော ယောဂီပုဂ္ဂိုလ်သည် ၀ိသဘာဂဖြစ်သော သူသေကောင်ကို မရှုပွားရဟု မှတ်သားခဲ့ဖူးပါသည်။
လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူသော ကမ္မဋ္ဌာန်းကျမ်းကြီး စာအုပ်၌မူ ၀ိသဘာဂဖြစ်သော သူသေကောင်ကို ရှုပွားရမည်ဟု မှတ်သားရပြန်ပါသည်။
မည်သည့်အယူအဆက မှန်မည်ဆိုသည်ကို ဘုရားရှင်အလိုတော်ကျ ဆုံးဖြတ်ပေးတော်မူပါဘုရား။
( မောင်ဉာဏ်မော်-အရှေ့ငယ်တိုးရွာ၊ ကျောက်ဆည်မြို့ )

( ဖြေ )
မဟာကာဠ မထေရ်သည် ရဟန္တာမဖြစ်မီ သုဿာန်၌ သေလွန်ခါစဖြစ်သည့် ၀ိသဘာဂ သူကောင်ကိုကြည့်ရှု၍ အသုဘရှုပွားရာ အသုဘမထင်နိုင်ဘဲ ရာဂသာ ပွားနေ၍ အခက်အခဲ ဖြစ်နေကြောင်း၊
ထိုဝိသဘာဂ သူကောင်ကို မီးသဂြိုဟ်နေခိုက် ထပ်မံရှုပွားရာ ရုပ်ဆင်းပျက်၍ နှစ်သက်ဖွယ်မရှိမှ အသုဘထင်ကာ ရဟန္တာဖြစ်ရကြောင်း ၀တ္ထုနှင့်

အလွန်လှပသော သီရိမာ ကွယ်လွန်၍ ၄-ရက်ခန့် မီးမသဂြိုဟ်ရသေးဘဲ ထားစေ၍ အလွန်ရုပ်ပျက် ပုပ်ပွ အသုဘလုံးလုံးဖြစ်မှ လူအများကို ကြည့်ရှုစေရာ သီရိမာအား စွဲမက်နေသူ ရဟန်းတပါး ထိုအခါမှ အသုဘထင်၍ တရားရ ရဟန္တာဖြစ်သွားကြောင်း ၀တ္ထုကို နှိုင်းယှဉ်သုံးသပ်၍ အခြေအနေအရ နှစ်မျိုးစလုံးပင် မှန်ကန်ကြောင်း သိနိုင်ပါသည်။
********************************************************************************

( မေး ) ( ကမ္ဘာပျက်ခြင်း )
အရှင်ဘုရား၊ သာသနာကုန်၍ ကမ္ဘာလဲသောအခါ လူနတ်ဗြဟ္မာ သုံးဘုံစလုံး လဲပါသလားဘုရား၊ လူ့ဘုံတခုသာ လဲပြီး ကျန်နတ်ဗြဟ္မာဘုံတို့ မူလအတိုင်း တည်နေပါသလားဘုရား။
တပည့်တော်မနှင့် အခြားမသိသေးသူများ နားလည်အောင် ရှင်းပြပေးတော်မူပါဘုရား၊
တဆက်တည်း မေးလိုသည်မှာ တော်လဲ-သည်ဆိုသည်မှာ မည်သည်ကိုခေါ်ဆိုပါသနည်း ဘုရား။
လူကြီးသူမများကို မေးကြည့်ရာ ကောင်းကောင်း မပြောနိုင်ပါ၍ မေးရခြင်းဖြစ်ပါသည်ဘုရား။
( မအေးဝင့်ဖြူ-တန်ဆည်မြို့၊ စစ်ကိုင်းတိုင်း )

(ဖြေ )
သာသနာကုန်သော်လည်း ကမ္ဘာလဲ (ကမ္ဘာအသစ်လဲ ကမ္ဘာပျက်) ခြင်း မရှိနိုင်သေး။
ကမ္ဘာသက်တမ်းမှာ အန္တရကပ် (တက်ကပ်-ဆုပ်ကပ်-တစုံ) ပေါင်း ၆၄-ကပ်ရှိရာ ၁-မှ ၇-ကပ်အထိ ဘုရားတဆူမျှ မပွင့်သေး။

၈-ကပ်မြောက်ကျမှ ကကုသန် ပထမဆုံး ဘုရားပွင့်၍
၉-ကပ်တွင် ကောဏာဂုံဘုရား။
၁၀-ကပ်တွင် ကဿပဘုရားပွင့်ပြီးနောက်
၁၁-ကပ်မြောက်ကျမှ ဂေါတမမြတ်စွာဘုရား ပွင့်ကာ
၁၂-ကပ်မြောက်တွင် အရိမေတ္တေယျ မြတ်စွာဘုရား ပွင့်တော်မူမည်ဖြစ်ပေသည်။

၁၃-ကပ်မြောက်မှ ၆၄-ကပ်အထိ ဘုရားတဆူမျှ ပွင့်တော်မမူတော့ဘဲ ၆၄-ကပ် ကုန်ဆုံးပြီးလျှင်
မီးဖျက်သောကမ္ဘာ၌ ၃၁-ဘုံတွင် ကာမဘုံအားလုံးနှင့် အာဘဿရ ရူပဘုံအောက်။
ရေဖျက်သောကမ္ဘာတွင် သုဘကိဏှာဘုံအောက်၊
လေဖျက်သောကမ္ဘာတွင် ဝေဟပ္ဖိုလ်ဘုံအောက် ရူပဗြဟ္မာဘုံများပါ ပျက်ပါသည်။

ထိုအချိန်တွင် သတ္တ၀ါအားလုံး ယင်းတို့၏ အထက်အထက်ဘုံများမှာ ဖြစ်ကြရပါသည်၊

အကျယ်မရေးသာပါ၊ နီးစပ်ရာ ဆရာတော်များကို လျှောက်ထားမှတ်သားစေလိုပါသည်။

တော်လဲ-( တော်လည်း )သည် ဟူသည်မှာ မြေကြီးမြည်ဟည်းခြင်းကို ခေါ်သည်၊ များသောအားဖြင့် ငလျင်ပြင်းစွာ လှုပ်လျှင် တော်လဲခြင်းလည်း ဖြစ်တတ်လေသည်၊ ရံဖန်ရံခါ ငလျင်လှုပ်ခါနီးတွင် မြေကြီးကသာမဟုတ် ကောင်းကင်ကလည်း မြည်ဟည်းတတ်သည်ဟု ဆိုပါသည်။
********************************************************************************

( မေး ) ( ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာ )
အရှင်ဘုရား၊ မြတ်စွာဘုရား သီတင်းသုံးရာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်ကို ရှဥ့်နက်တို့ကို အစာပေး၍ မွေးမြူရာဖြစ်သော-ဟု ၀ိသေသနတပ်၍ ဆိုသည်မှာ အဘယ်သူသည် အဘယ်အခါက ရှဥ့်နက်တို့ကို အစာပေး၍ မွေးမြူထားခြင်း ဖြစ်ပါသလဲဘုရား။
( ဦးစိန်ထွန်း-ဆင်တဲ )

( ဖြေ )
ကလန္ဒ နိဝါပ-( ကလန္ဒ-ရှဥ့်နက်တို့ကို၊ နိဝါပ-အစာပေးရာ ) ရှဥ့်နက်တို့ကို အစာပေးရာဌာန။
အဋ္ဌကထာတို့တွင် ရှေးအခါက မင်းတပါးသည် ထိုဌာနဥယျာဉ်၌ ကစားရန်လာသော် သေရည်ယစ်မူး၍ သစ်ပင်ရင်းတခုဝယ် အိပ်လေ၏၊ နောက်လိုက်နောက်ပါတို့သည် ဟိုဟိုသည်သည် သွားကုန်၏၊
ထိုအခါ သေနံ့ကိုရ၍ သစ်ခေါင်းတွင်နေသော မြွေဟောက်တကောင်သည် ထွက်၍လာပြီးသော် အိပ်နေသောမင်းကြီးအထံသို့ သွားလေ၏။

ထိုအခြင်းအရာကို ရုက္ခစိုးနတ်မြင်လျှင် မင်းကြီးအား အသက်ကိုပေးအံ့-ဟူ၍ ရှဥ့်နက်အသွင် ဖန်ဆင်းကာ မင်းကြီး၏ နားအနီး၌ မြည်လေ၏၊ မင်းကြီးနိုးလတ်သော် မြွေဟောက်သည် ဆုတ်ခွါသွားလေ၏၊ မင်းကြီးသည် ရှဥ့်နက်ကိုမြင်၍ ဤရှဥ့်နက်သည် အသက်ကိုပေး၏-ဟု ကျေးဇူးတင်လျက် ဥယျာဉ်၌ ရှဥ့်နက်တို့ကို အစာကျွေးစေလျက် ဘေးမဲ့ပေးလေ၏၊ ထိုနေရာ၌ ဝေဠုဝန်ကျောင်းတော်ဖြစ်၍ ကလန္ဒ နိဝါပ-ရှဥ့်နက်တို့ကို အစာပေးရာဌာန-ဟု ခေါ်သည်-ဟု ဖွင့်ဆိုထားသည်ကို မှတ်သားနိုင်ပါသည်။

( မြတ်မင်္ဂလာ ၁၉၉၄-ခု ဇူလိုင်လ )

ဓမ္မဂီတ ကျူးရင့်သူ

ဝိသာခါသည် ခုနစ်နှစ်အရွယ်ကပင် သောတာပန်ဖြစ်ခဲ့၏၊ အရွယ်ရောက်သည့်အခါ ပုဏ္ဏ၀ဍ္ဎန သတို့သားနှင့် ထိမ်းမြားသည်၊ မြတ်စွာဘုရားသခင် သာဝတ္ထိပြည်၌ သီတင်းသုံးတော်မူသောအခါ ၀ိသာခါသည် ၂၇-ကုဋေသော ဥစ္စာတို့ဖြင့် ပုဗ္ဗာရုံကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သည်၊ ကျောင်းရေစက်ချပွဲတွင် ၀ိသာခါသည် သားသမီးမြေးမြစ်များခြံရံလျက် ယခုအခါ ငါသည် တောင့်တတိုင်း ပြည့်စုံပြီး၊ ဆွမ်းသင်္ကန်းဆေးတို့ကို စိတ်တိုင်းကျ လှူခဲ့ရပြီ၊

တထပ်တထပ်၌ တိုက်ခန်း ငါးရာစီပါသော နှစ်ထပ်တိုက်ကျောင်းကြီးကိုလည်း ဆောက်လုပ်လှူဒါန်းရပြီး ကျောင်းတော်ကြီး၏ ပတ်ဝန်းကျင်တွင် ကမ္မဋ္ဌာန်းကျောင်းငယ် ငါးရာကိုလည်း ဆောက်လုပ်လှူဒါန်းရပြီး ဒါနကုသိုလ် သရဖူဆောင်း၍ ကောင်းမှုအထွတ်ရောက်ခဲ့ပြီ-ဟု အားရကျေနပ်ကာ ကျောင်းတော်ကိုလှည့်ပတ်၍ သာယာနာပျော်ဖွယ်သောအသံဖြင့် ၀မ်းမြောက်ဝမ်းသာ သီဆိုလျက် ဥဒါန်းကျူးရင့်လေသည်။

ထိုအသံကို ကြားရသော ရဟန်းများက အံ့အားသင့်ကာ ကျောင်းအမကြီးသည် သူ့မြေးမြစ်တွေ တစုတဝေးကြီးခြံရံလျက် ကျောင်းပတ်လည်လျှောက်ပြီး သီချင်းဆိုနေသည်၊ ရူးသွပ်သွားလေပြီလား-ဟု ပြောဆိုနေကြ၏၊ ဘုရားရှင်သိတော်မူသောအခါ ငါ၏သမီး ၀ိသာခါသည် သီချင်းဆိုခြင်းမဟုတ်၊ ကောင်းမှုကုသိုလ်များအတွက် ၀မ်းမြောက်ပီတိဖြစ်လျက် ဥဒါန်းကျူးရင့်ခြင်းသာဖြစ်သည်-ဟု မိန့်တော်မူကာ အောက်ပါဂါထာကို ဟောတော်မူသည်။

( ပါဠိဂါထာ )
ယထာပိ ပုပ္ဖရာသိမှာ ၊ ကယိရာ မာလာဂုဏေ ဗဟူ ။
ဧ၀ံ ဇာတေန မစ္စေန ၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ ။

( မြန်မာပြန် )
လိမ္မာသော ပန်းသည်သည် အထူးထူးအပြားပြား များစွာသော ပန်းပွင့်အပေါင်းမှ ပန်းကုံးများစွာကို ပြုရာသကဲ့သို့ လိမ္မာသောသူသည် ဥစ္စာတည်းဟူသောပန်း၊ သဒ္ဓါတရားတည်းဟူသောပန်းအစုမှ ကျောင်း သင်္ကန်း ဆွမ်း ဆေး စသော များစွာသောကုသိုလ်ကောင်းမှု တည်းဟူသော ပန်းကုံးတို့ကို ပြုရာ၏။

( ဆောင်ပုဒ် )
ပန်းမျိုးစုံပြီး၊ ပန်းပုံကြီးမှ၊ ရွေးပြီးစီရီ၊ ပန်းကုံးသီသို့၊
လူ့ပြည်မွေးသေ၊ လူတတွေလည်း၊ များထွေဥစ္စာ၊
သဒ္ဓါပန်းစုံ၊ ပန်းအပုံမှ၊ ဒါနကောင်းမှု၊ ကုသိုလ်စုကို၊
ရှေးရှုကြိုက်ရာ၊ ပြုလုပ်ရာ၏။

( ပုပ္ဇ၀ဂ်-၀ိသာခါဝတ္ထု )

( ၇-၂၀၀၃ ) ဂမ္ဘီရ

( 7-2003 ) Ganbira )

ကံ ကံ၏အကျိုး ( ၃၆ )

( ကျေးဇူးတရားကြောင့် )

ကိုမြင့်ဆိုသူ လူပျိုးကြီးတယောက်သည် မန္တလေးတိုင်း စဉ်းကူးမြို့နယ် တောင်ဘက်ကျေးရွာတွင် နေထိုင်လျက်ရှိသည်၊ မိခင်အိုကြီး ဒေါ်သောင်းရင်ကို လုပ်ကိုင်ကျွေးမွေး စောင့်ရှောက်လျက် ရှိသည်၊ သူသည် လူရိုး လူအေးဖြစ်သည်၊ သဘောထားပြည့်ဝသည်၊ ဘုရားကို ရိုသေကိုင်းရှိုင်း၏၊ လိမ္မာယဉ်ကျေးပြီး သိမ်မွေ့စွာ နေထိုင်တတ်သည်၊ သူတပါးအပေါ် စေတနာထားသည်၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားတတ်သည်။

ကိုမြင့်သည် တောင်သူအလုက်ဖြင့် အသက်မွေးဝမ်းကျောင်းပြုရင်း မိခင်အိုကြီးကို လုပ်ကိုင်ကျွေးမွေး ပြုစုစောင့်ရှောက် နေရသည့်အတွက် ၀မ်းသာမဆုံး ဖြစ်နေ၏၊ တနေ့တွင် မြေပဲခင်းရှိ ပေါင်းပင်များကို ရှင်းလင်းသုတ်သင်ရန်အတွက် တောင်ဘက်ရွာမှ မြေပဲခင်းရှိရာသို့ ရောက်ရှိခဲ့သည်၊ ရောက်ရောက်ချင်း ပေါင်းပင် မြက်ပင်များကို ရှင်းလင်းပါသည်၊ ထိုသို့ အလုပ်လုပ်နေဆဲမှာပင် မြေပဲခင်းထဲက မြွေပွေးကိုက်ခံလိုက်ရပါသည်၊ သိသိချင်း အော်ဟစ်ကာ လဲကျသွားသည်၊ သူ၏အော်သံကြောင့် အနီးပတ်ဝန်းကျင်ရှိလူများ အားလုံး အပြေးရောက်ရှိလာကြပါသည်၊ ကိုမြင့်သည် မျက်လုံးများပြာဝေပြီး စကားမပြောနိုင်တော့ပါ၊ ကိုမြင့်၏စိတ်ထဲမှ ငါတော့ အကောင်ကိုက်ခံရပြီ၊ ငါ မသေနိုင်ပါဘူး၊ သေလည်း ငါ့မိခင်အတွက် သေရကျိုးနပ်တယ်-ဟု မိမိကိုယ်ကို အားပေးစကား ပြောနေပါသည်၊ အနီးပတ်ဝန်းကျင်မှ လူများက ဆေးရုံသို့ပို့ပေးကြသည်၊ ဆေးရံသို့ ရောက်သောအခါ ဘုရားကိုတမ်းတရင်း မိခင်အိုကြီးကို တမ်းတရင်းဖြင့် သတိလစ်ပြီး မေ့မြောသွားပါသည်၊ သို့သော်လည်း ဆရာဝန်များ၏ စေတနာအပြည့်အ၀နှင့် ဂရုစိုက်ကြိုးစားပြီး ကုသမှုကြောင့် ကိုမြင့်မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါသည်။

၁၉၈၆-ခုနှစ်အတွင်းကလည်း ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပါသေးသည်၊ ရွှေထွက်ရာဒေသဖြစ်သော မန္တလေးတိုင်း စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာ၏ မြောက်ဘက်နားရှိ လသာစခန်း ဆယ်ပြာဘေစခန်း ကျီးတောက်ပေါက်စခန်း ရုံးကင်ချပ်စခန်းများတွင် ရွှေတွင်းသွားတူစဉ်က ဖြစ်သည်၊ မိုးရာသီအချိန်ဖြစ်၍ အင်းများပျိုကျတတ်ပါသည်၊ ကိုမြင့် ဆင်းပြီးတူးသည့် အင်းမှာ စတုရန်းပုံလေးထောင့်ဖြစ်သည်၊ ၂-တောင်ပတ်လည်ကျယ်သည်၊ အတောင် ၂၀-နီးပါးခန့် နက်ပါသည်၊ ကိုမြင့်သည် အင်းထဲသို့ဆင်းပြီး ကျောက်ဖြုန်းများကို သံတူးရွင်း ပေါက်ပြား ချွန်းများဖြင့် တူးဆွနေစဉ် မြေကြီးတွေ အက်ကွဲလာပြီး အင်းကြီးပျက်စီးသွားပါသည်၊ မြေကြီးများအားလုံး ကိုမြင့်အပေါ် ဖိမိသည်၊ ကိုမြင့်သည် တွင်းထဲမှာ ဒူးတုပ်ပြီး လက်နှစ်ဖက်ကို နဖူးနှင့်ထောက်ထားရသည်၊ မြေကျင်းပေါ်က လူတွေရဲ့ ပြောသံဆိုသံတွေ ကြားရသည်၊ သို့သော် ပြန်မပြောနိုင်တော့ပါ၊ ဖိထားသည့်မြေကြီး ကျောက်စရစ် ကျောက်ခဲများ ဒဏ်ကြောင့် နာကျင်စွာ ခံစားနေရရှာသည်။

ကိုမြင့်သည် ဘယ်လိုပင်ခံစားနေရသော်လည်း ပထမကြုံခဲ့ရသည့် မြွေပွေးအန္တရာယ် တွေ့စဉ်ကလိုပင် ဘုရားကို တမ်းတ၊ မိခင်အိုကြီးကို တမ်းတပြီးသာ နေရရှာသည်၊ မြေစပိသည့်အချိန်လောက်အထိ ကျင်းထဲမှာပင် နေရပါသည်။

နောက်မှ လုပ်ကိုင်ဖက်ဖြစ်သော ကိုချစ်မဲဆိုသူ လူပျိုကြီးက ဦးဆောင်ပြီး တူးဖော်ကြပါသည်။ နောက်ဆုံး တူးဖော်အောင်မြင်ကြ၍ ကိုမြင့်သည် အသက်ဘေးမှ ဒုတိယအကြိမ် လွတ်မြောက်ပြီး ဆေးရုံသို့ ရောက်ရှိသွားပါသည်။

ကိုမြင့်နေကောင်းသောအခါ သူ၏အဖျစ်အပျက်ကိုမေးကြည့်ရင်း ဘာကြောင့် အသက်အန္တရာယ်က လွတ်တာလည်းမေးရာ ကျွန်တော်ဟာ ရတနာသုံးပါးကို ဆည်းကပ်တယ်၊ မိခင်အိုကြီးကို လုပ်ကျွေးတယ်၊ မိခင်ရဲ့စကားကို မြေ၀ယ်မကျ နားထောင်တယ်၊ လူသားအားလုံးအပေါ်လည်း စေတနာ မေတ္တာထားတယ်၊ အဲဒီမေတ္တာ စေတနာတွေက ချက်ချင်းအကျိုးပေးတယ်လို့ ထင်တာပဲ-ဟု ဖြေကြားပါသည်၊

ထို့ကြောင့် ကိုမြင့်ကဲ့သို့ ရတနာသုံးပါး ဆည်းကပ်ပြီး မိဘတို့အား ပြုစုလုပ်ကျွေးလျက် သက်ရှိသတ္တ၀ါအားလုံးအပေါ် မေတ္တာတရားပွားများနိုင်ကြစေရန် အဖြစ်မှန်ကို တင်ပြအပ်ပါသည်။

( အောင်ကျော်သက်-မန္တလေး )
********************************************************************************

( ( ရက်စက်သူ၏ ကံ )

လွန်ခဲ့သော ၂-နှစ်ခန့်က ဖြစ်ပါသည်၊ ကျွန်မတို့ ညီအမနှစ်ယောက်သည် တောင်တွင်းကြီး တောင်ပြင်ရပ်သို့ အလည်သွားခဲ့ပါသည်၊ ကျွန်မတို့ သွားလည်သောအိမ်တွင် ကိုသောင်း+မသန်းဝင်း ဆိုသော လင်မယားနှစ်ယောက်ရှိပြီး သူတို့တွင် သားသမီးနှစ်ယောက် ရှိပါသည်၊ ယောက်ျားဖြစ်သူမှာ စိတ်ကောင်းရှိသလောက် မိန်းမဖြစ်သူသည် ရက်စက်ယုတ်မာသူဖြစ်သည်၊ သူတို့သည် အစိုးရ၀န်ထမ်းများ ဖြစ်ကြသည့်အတွက် မအားလပ်ကြပါ၊ ထိုအခါ မိန်းမဘက်မှ ဆွေမျိုးနီးစပ်တော်သော ဘုတ်ဆုံဆိုသည့် ၁၀-နှစ်အရွယ် ကောင်မလေးတယောက်ကို ကျောင်းထားပေးမည်ဆိုကာ ခေါ်ယူမွေးစားခဲ့ပါသည်။

ဘုတ်ဆုံသည် ရုပ်ဆိုးသူဖြစ်သော်လည်း စိတ်ကောင်းအလွန်ရှိသူလေး ဖြစ်သည်၊ ကျောင်းထားပေးမည်ဆိုသော်လည်း ကျောင်းမနေရဘဲ အိမ်ရှိအလုပ်များကို မနားမနေလုပ်ကိုင်ရသည့်ပြင် ကလေးနှစ်ယောက်၏ ကိစ္စအ၀၀၊ ဘုရားဝေယျာဝစ္စများကိုပါ တာဝန်ယူရသည်၊ ညကျလျှင် မသန်းဝင်းကို နှိပ်တန်နှိပ်၊ နင်းတန်နင်း နှင့် ၀တ်ကြီးဝတ်ငယ် ပြုစုရသည်မှာ အရွယ်နှင့်မမျှအောင်ပင် ဖြစ်ပါသည်။

ထိုသို့ ပြုစုသည့်ကြားမှပင် စိတ်မထင်လျှင် မထင်သလို ဆဲရေးတိုင်းထွာကာ ရိုက်နှက်ညှဉ်းပန်းသည်မှာ လမ်းမလျှောက်နိုင်သည်အထိပင် ဖြစ်သည်၊ အိမ်ရှင်၏ ကလေးနှစ်ယောက်ကလည်း ရိုက်နှက်ဆဲဆိုတတ်ကြသေးသည်၊ အစာကိုလည်း ၀အောင် မကျွေး။ ဆွမ်းတော်စင်မှ စွန့်ပြီးမှသာ မနက်စာ ကျွေးပါသည်၊ ထမင်းသိုး ဟင်းသိုးများကိုလည်း ဘယ်တော့မှ လွင့်မပစ်ဘဲ ကျွေးသဖြင့် ကလေးမလေးမှာ ကြောက်ကြောက်နှင့် စားနေရပါသည်၊ အခြားသရေစာများကို ဘေးအိမ်များမှ သနားလို့ကျွေးမှသာ စားရပါသည်၊ ဘုတ်ဆုံလေးမှာ ဧည့်သည်လာသမျှ ညည်းညူတိုင်တန်းရှာသည်၊ ဤသည်ကို ယောက်ျားဖြစ်သူ ကိုသောင်းသည် လုံးဝမသိရှာပေ၊ ကလေးမလေးကိုလည်း မသန်းဝင်းက ကြိမ်းမောင်းထားသဖြင့် မတိုင်ရဲပေ၊ ဤမျှ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့် ကောင်မလေးမှာ ထိုအိမ်မှ ထွက်ပြေးသွားပါသည်။

တနှစ်ခန့်ကြာသောအခါ မသန်းဝင်းသည် သူတပါးကို ရက်စက်စွာ နှိပ်စက်သဖြင့် အချိန်မဆိုင်းဘဲ စေတနာကံ၏ အကျိုးကို တန်ပြန်ခံရသည်။

တတိယမြောက် သူ့ရင်သွေး ရတနာကို ဖွားမြင်ရာ မဖွားမြင်နိုင်ဘဲ အခက်အခဲအမျိုးမျိုး ကြုံတွေ့ခံရပြီး ရင်သွေးလေးမှာလည်း အသက်မရှင်ဘဲ သေဆုံးသွားခဲ့လေသည်၊ ထိုရင်သွေးလေး သေဆုံးသွားပြီးနောက် မကြာမီတွင် မသန်းဝင်မှာ အနာများပေါက်ပြီး ဖျား၍ အိပ်ရာထဲတွင် လဲလေသည်၊ ဖျားနာရာမှ နာတာရှည် လေးဘက်နာ ဖြစ်လာသည်၊ ခြေတွေ လက်တွေ မသယ်နိုင်ဘဲ ရှိလေသည်၊ ဆရာအမျိုးမျိုးနှင့် ကုသော်လည်း သက်သာမှု မရှိသည့်အပြင် ရောဂါဒေ၀နာ ပို၍သာ ဆိုးဝါးလာလေသည်၊ မသန်းဝင်းသည် နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားရာ ဘေးအိမ်မှ လူများပင် နာမခံနိုင်အောင် ဖြစ်ရသည်၊ လူမသေဘဲ ခြေတွေ လက်တွေ မလှုပ်နိုင်၊ မရှားနိုင်ဘဲ ဖြစ်နေသည်ကို တွေ့မြင်ရပါသည်။

ဤသို့ ဘုတ်ဆုံဆိုသည့် ကလေးမလေးကို ကြင်နာမှုကင်းကာ ရက်စက်ပြုမူသည့်ဒဏ်ကို မျက်မှောက်မှာပင် ဆိုးဝါးစွာ ခံစားနေရသည့်အဖြစ်မှာ လက်တွေ့သာဓက တရပ်ပင်ဖြစ်ပါသည်။

( မရှင်နှောင်းမြတ်-တောင်တွင်းကြီး )

( မြတ်မင်္ဂလာ ၁၉၉၄-ခု ဧပြီလ )

ဘာသာရေး ပြဿနာ ( ၃၈ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( ကြေးစည်နှင့် အသုဘ )
အရှင်ဘုရား၊ ကြေးစည်ခေါင်းလောင်းတို့ကို ဘာသာရေးကိစ္စ၌ သုံးရသည်၊ အမျှအတန်းဝေရာ၌ ထိုးခေါက်ရသည်-ဟု နားလည်ပါသည်၊ သို့သော် အသုဘချရာ၌ ကြေးစည်တီးသည်ကို မြင်တွေ့နေရပါသည်၊ ဘာသာရေး-သုံး ကြေးစည်ကို အဘယ်ကြောင့် အသုဘတွင် တီးသည်ကို သိလိုပါသည်၊ ရှင်းလင်းဖြေကြားပေးပါ ဘုရား။
( မိုးလေး-ကြံခင်း )

( ဖြေ )
ခေါင်းလောင်း၊ ကြေးစည်၊ ထိုးစည်များကို ဘာသာရေးကိစ္စများတွင် သုံးစွဲကြရာ၌ခေါင်းလောင်းသံ၊ ကြေးစည်သံကြားလျှင် သာဓုအနုမောဒနာ ပြုကြရန် ရည်ရွယ်ပါသည်၊
ဒါနပြုရာ၌ ဒါန၏အဖို့ကို ရယူနိုင်စေရန် ကြေးစည် ခေါင်းလောင်းဖြင့် အမျှဝေကြသည်၊ ကြေးစည် ခေါင်းလောင်းသံ ကြား၍ သာဓုခေါ်လျှင် ဒါနကောင်းမှု၏ အဖို့ဘာဂကို အမျှရသည်။
သီလ၌လည်း ထို့အတူပင်။

အသုဘ၌ အသုဘသို့ လာသူ၊ မသာပို့သူတို့သည် ငါလည်း ဤကဲ့သို့ သေရဦးမည်-ဟု မရဏာနုဿတိ ဘာဝနာကို ပွားကြရသည်၊ မသာပို့သူတိုင်း၏ တာဝန်မှာ ထိုသို့ မရဏာနုဿတိ ဘာဝနာပွားခြင်း၊ အသုဘကမ္မဋ္ဌာန်း နှလုံးသွင်းခြင်း စသည်ဖြင့် ရှုပွားရသည်မှာ ဗုဒ္ဓဘာသာတိုင်း ပြုရမည့်တာဝန်ဝတ္တရားပင် ဖြစ်သည်၊

အောက်ထစ်ဆုံး သုဘလုလင်နှင့် သူငယ်ချင်း သူဋ္ဌေးသား ၅၅-ဦးအလောင်းအလျာများကဲ့သို့ ဤအသုဘ အပုပ်ကောင်ကြီး လူကြားသူကြားထဲမှာ ထား၍မလျော်၊ သုသာန်သင်္ချိုင်းသို့ ပို့ဆောင်ကြကုန်အံ့-ဟူသော လူမှုရေး ကုသိုလ်စိတ် ထားရှိကြရသည်၊ ထိုကုသိုလ် ကောင်းမှုများကို ကြားသူ မြင်သူတို့ သာဓုခေါ်၍ ကုသိုလ်အမျှယူနိုင်ရန် အသုဘများတွင် ကြေးစည်တီး၍ ချပို့ကြရခြင်း ဖြစ်ပါသည်။
********************************************************************************

( မေး ) ( သဘင်သည်နှင့် ဈေးသည် )
ဆရာတော်ဘုရား၊ သဘင်သည်၊ ဈေးသည်များသည် ငရဲ (သို့) ပြိတ္တာဘ၀သို့ ရောက်ကြသည်-ဟု ကြားဖူးပါသည်။ သဘင်သည် ဈေးသည်တိုင်း ငရဲသို့ ကျရောက်ပါသလားဘုရား၊ ထိုဘ၀များသို့ မကျရောက်ရအောင် မည်ကဲ့သို့ ပြုလုပ်ရမည်ကို သနားသဖြင့် ဖြေကြားပေးပါဘုရား။
( ခင်မိုးဝေ-ချောင်းဆုံ (တ)၊ တန်ဆည်မြို့နယ် )

( ဖြေ )
ပွဲကြည်သူများ ရာဂတရား ပွားသည်ထက်ပွားအောင် နှိုးဆွတတ်သော သဘင်သည်များ ပဟာသငရဲ၌ ကျရောက်တတ်ကြောင်း ဆိုပါသည်။
ထိုကဲ့သို့ မဟုတ်ဘဲ လူအများ ပညာဗဟုသုတ တိုးပွား၍ ကုသိုလ်တရား၌ ပွားများစေရန် ပြုသော သဘင်သည်များဆိုလျှင် တမျိုးဖြစ်နိုင်ပါသည်၊

ဈေးသည်များမှာ တောင်းစဉ်းလဲ၊ ချိန်စဉ်းလဲ အမြဲနိစ္စ မုသာဝါဒဗန်းတင်၍ မစင်မကြယ် ရောင်းဝယ်ဖောက်ကား နေသူများအဖို့ ငရဲ ပြိတ္တာ ဘ၀တို့သို့ ရောက်ရန် လမ်းကြောင်းဖြောင့်တန်းနေပါသည်၊ ဈေးသည်ဘ၀က မမှန်မကန် စီးပွားရှာခဲ့၍ ပြိတ္တာဖြစ်ကြရသော ဈေးသည်မများအကြောင်း ပေတ၀တ္ထုတွင် ပါရှိသည်ကို တွေ့ရသည်၊

သမ္မာအာဇီဝဖြစ်ကြောင်း ကောင်းကောင်းမွန်မွန် စီးပွားရှာကြသည့် ဈေးသည် ကုန်သည်များအဖို့ ငရဲ ပြိတ္တာ ဖြစ်စရာအကြောင်း မရှိပါ။
********************************************************************************

( မေး ) ( သောတာပန်ဖြစ်ရန် )
သောတာပန်ဖြစ်ရန် မည်သည့်အင်္ဂါရပ်များနှင့် ပြည့်စုံရပါမည်နည်း ဘုရား၊
တပည့်တော် ရထားသောလင်္ကာမှာ-
သက်သတ် ခိုးမှု၊ ကာမေသု၊ မုသား သုရာ၊ ကင်းပြတ်ကွာ၊ မှတ်ပါ သောတာပန်-ဟု ဖြစ်ပါသည်၊ သည်လောက်နှင့် မပြည့်စုံသေး ဆို၍ မေးလျှောက်ရခြင်း ဖြစ်ပါသည် ဘုရား။
( ဦးမှတ်ကြီး-တာယာစက်ရုံ၊ သထုံမြို့ )

( ဖြေ )
သောတာပန်ဖြစ်ရန်အတွက် သောတာပတ္တိမဂ်ရရန် ရှေ့အဖို့က ပြည့်စုံစေရမည့် အကြောင်းအင်္ဂါများမှာ-
သပ္ပုရိသသံသေ၀-သူတော်ကောင်းတို့နှင့် ပေါင်းသင်းခြင်း။
သဒ္ဓမ္မဿဝန-တရားနာခြင်း။
ယောနိသောမနသိကာရ-သင့်တင့်အောင် နှလုံးသွင်းခြင်း။
ဓမ္မာနုဓမ္မပဋိပတ္တိ-မဂ်ဖိုလ်အားလျော်သော အကျင့်တရားကို ကျင့်ခြင်း။
သောတာပတ္တိယင်္ဂတရား လေးပါးတို့ ဖြစ်သည်။

ထို့ပြင် ဗုဒ္ဓေ အ၀စ္စပသာဒ စသည့် ဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း။
တရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း။
သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း။
အရိယကန္တဟု ဆိုအပ်သော ငါးပါးသီလနှင့် ပြည့်စုံခြင်း
ဤတရားလေးပါးနှင့်လည်း ညီညွတ်ကုံလုံစေရမည် ဖြစ်ပေသည်။

ဤသောတာပတ္တိယင်္ဂ တရားများနှင့် ပြည့်စုံသူသာ သောတာပန်ပုဂ္ဂိုလ် ဖြစ်နိုင်ပါသည်၊
ပြဿနာရှင်ဖော်ပြသောလင်္ကာမှာ- သောတာပန်ပုဂ္ဂိုလ် ငါးပါးသီလ လုံခြုံကြောင်းကို ပြသည့်လင်္ကာဖြစ်၍ အောက်ဖော်ပြလတံ့သော ဆောင်ပုဒ်ကလေးများကို ဆောင်ယူထားသင့်ပါသည်။

သူတော်ကောင်းခို၊ တရားကိုနာ၊ သင့်စွာစိတ်ထား၊ တရားကျင့်ကာ၊ ညီလေးဖြာ၊ သောတာပတ္တိယင်။
ဗုဒ္ဓ ဓမ္မ၊ သံဃကိုယုံ၊ မတုန်လှုပ်ဘိ၊ အရိယကန္တ၊ သီလငါးဖြာ၊ စုံညီညာ၊ သောတာပတ္တိယင်။
********************************************************************************

( မေး ) ( နိဗ္ဗာန် နှင့် ပရိနိဗ္ဗာန် )
နိဗ္ဗာန် နှင့် ပရိနိဗ္ဗာန်ကို ရှင်းလင်းဖြေကြားပေးပါဘုရား။
( ဦးသိန်းဖေ-ဗဟိုကွက်သစ်၊ ချောက်မြို့ )

( ဖြေ )
နိဗ္ဗာန်ဟူသည် အမြဲနိစ္စတည်ရှိနေသော သန္တိသုခ အသင်္ခတ ဓာတ်သဘောကြီးဖြစ်သည်၊
ပရိနိဗ္ဗာန်မှာ ဘုရား ရဟန္တာ ပုဂ္ဂိုလ်တို့ ရုပ်နာမ်ခပ်သိမ်း အကြွင်းမဲ့ ချုပ်ငြိမ်းသွားခြင်းပင် ဖြစ်ပါသည်။
********************************************************************************

( မေး ) ( တထောင့်ငါးရာ ကိလေသာ နှင့် ၀ိပဿနာတရား )
ဆရာတော်ဘုရား၊ တထောင့်ငါးရာ ကိလေသာဆိုတာ ဘယ်လိုနည်းနှင့် တွက်၍ တထောင့်ငါးရာ ဖြစ်လာပါသလဲ ဘုရား။
ထို့ပြင် ၀ိပဿနာ ရှုနည်း အမျိုးမျိုးဖြစ်သော ကသစ်ဝိုင်နည်း၊ မဟာစည်နည်း၊ မိုးကုတ်နည်း စသည်ရှိရာ ဘယ်နည်း အထိရောက်ဆုံးဖြစ်ကြောင်း အကြံပေးဖြေကြားတော်မူစေချင်ပါသည် ဘုရား။
( စိုးဝင်း-ကျောင်းဆရာ၊ ဘုရားပြို အ-လ-က၊ ဝေါမြို့နယ် )

( ဖြေ )
စိတ် ၁-ပါး၊ စေတသိက် ၅၂-ပါး၊ ဟူသော နာမ်တရား ၅၃-ပါး၊
ရုပ် ၂၈-ပါးမှ နိပ္ဇန္နရုပ် ၁၈-ပါးနှင့် လက္ခဏရုပ် ၄-ပါးကို ယူ၍ ရုပ် ၂၂-ပါး။
၎င်း ရုပ်နာမ်နှစ်မျိုးပေါင်း ၇၅-ပါးကိုမူတည်ကာ မိမိနှင့် သူတပါးဟူသော အဇ္ဈတ္တ-ဗဟိဒ္ဓ သန္တာန် ၂-ပါးနှင့် မြှောက်လျှင် ၁၅၀-ရသည်။
ယင်းကို ကိလေသာ ၁၀-ပါးနှင့် မြှောက်သော် ၁၅၀၀-ကိလေသာ ရလေသည်။

ယင်းကို-
နာမ်တေပညာ၊ နိပ္ဇန္နာ၊ တည်ပါလက္ခဏ။
သန္တာန် နှစ်ဖြာ၊ မြှောက်ပွားကာ၊ တရာ ငါးဆယ်ရ။
ယင်းကိုတဖြာ၊ ကိလေသာ၊ ဆယ်ဖြာ မြှောက်ပြန်က။
တထောင့်ငါးရာ၊ ကိလေသာ၊ ထိုခါ ဖြစ်သည်ပ။

တနည်း လင်္ကာ-
နာမ်တေ ပညာ၊ ရုပ်နိပ္ဇန်၊ လက္ခဏရုပ်လေး။
သန္တာန် နှစ်ဝ၊ မြှောက်ဆင့်က၊ တရာ့ငါးဆယ်ရေး။
ဆယ်ကိလေသာ၊ မြှောက်ပွားကာ၊ ငါးရာတထောင်တွေး။

ဒုတိယအမေးပြဿနာနှင့် စပ်၍ကား ၀ိပဿနာကမ္မဋ္ဌာန်းတရားနည်းများမှာ သူ့နည်းနှင့်သူ ကောင်းကြသည်ချည်းဖြစ်၍ မေးမြန်းစုံစမ်းနေသည်ထက် လက်တွေ့ တနည်းနည်းကို ၀င်ရောက် အားထုတ်ခြင်းသာ နည်းမှန်လမ်းမှန်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
********************************************************************************

( မေး ) ( အစောင့်အရှောက် အကူအညီ )
ဆရာတော်ဘုရား၊ ည ၉-နာရီ အချိန်လောက်မှာ ဆရာလေးတို့ တိုက်တာအတွင်းသို့ လူမှုရေးကိစ္စများဖြင့် ၀င်ရောက်ပြီး ခြိမ်းခြောက်ကြိမ်းမောင်းရာ နောင်အနာဂတ်ကို ရည်မျှော်၍ မနှောင့်ယှက်ရန် အကြောင်းပြုပြီး ဆိုင်ရာသို့ တိုင်တန်းပါက ဆရာလေးများမှာ အပြစ်ဖြစ်ပါမည်လား ဘုရား။
( သိလိုသူ-လ-တ-မုံရွာ )

( ဖြေ )
ရက္ခံ ယာစတီတိ ဓမ္မိကံ၊ ရက္ခံ ယာစတိ အနာပတ္တိ-ဟူ၍ အဋ္ဌကထာ (၀ိ-ဋ္ဌ၊ ၃-၁၈၂) တွင် ဆိုသဖြင့် တရားသောအစောင့်အရှောက်ကို ရဲဘက်ဆိုင်ရာမှာဖြစ်စေ၊ ရပ်ကွက်မြို့နယ်ဆိုင်ရာ လူကြီးတို့ထံမှာဖြစ်စေ၊ တရားရုံးများမှာဖြစ်စေ၊ တောင်းကောင်းပါသည်၊
ထိုသို့တောင်းခြင်းကြောင့် ရဟန်းသံဃာတော်များမှာလည်း အပြစ်မဖြစ်ပါ။

အစောင့်အရှောက်အကူအညီကို တောင်းခံရာ၌ မည်သူနှောင့်ယှက်နေပါသည် စသည်ဖြင့် အမည်ကိုမူ မဖော်ပြောသင့်ပါ၊ မိမိက အမည်ကို ဖော်လိုက်လျှင် ထိုသူအား ဒဏ်ရိုက်ခြင်းစသည် ပြုလျှင်ကား မိမိမှာ အပြစ်ဖြစ်ပါသည်။

အကျယ်ကို ဖော်ပြပါ သိက္ခာပုဒ် အဋ္ဌကထာ၌၄င်း၊ ခုဒ္ဒသိက္ခာ ဘာသာဋီကာ ၄၄၉-၌၄င်း၊ စံကင်းဆရာတော် ၅၀၄-၌၄င်း ကြည့်ရှုပါ။ ဤ၌အကျယ်မရေးသာပါ။

( မြတ်မင်္ဂလာ ၁၉၉၄-ခု ဧပြီလ )

စိုက်ပျိုးရေးနှင့် အသက်မွေးနေသော ရဟန်းများ

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် အဂ္ဂသာဝကကြီးတို့၏ တပည့်ဖြစ်သော အဿဇိရဟန်းနှင့် ပုနဗ္ဗသုကရဟန်းနှစ်ပါးရှိကြ၏၊ သူတို့သည် အခြံအရံ ရဟန်းများနှင့်တကွ သစ်သီးပန်းမာလ် စိုက်ပျိုးခြင်း၊ ရောင်းချခြင်း စသော ရဟန်းနှင့် မလျော်သည့် အလုပ်များကို လုပ်လျက် အသက်မွေးနေကြသည်၊

ဘုရားရှင်သည် ထိုအကြောင်းကို ကြားတော်မူရာ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်တို့ကို ခေါ်တော်မူ၍ ဒကာ ဒကာမများ၏ သဒ္ဓါတရားကို ဖျက်ဆီးသော ထိုရဟန်းဆိုးများကို သွားရောက်ဆုံးမချေ။ မနာယူသူများကို ကျောင်းမှ နှင်ထုတ်လေ-ဟု စေခိုင်းတော်မူ၏၊ အဂ္ဂသာဝကကြီးများက သွား၍ဆုံးမရာတွင်
အချို့က အဆုံးအမကို ကောင်းစွာနာယူကြကုန်၏၊
အချို့က လူထွက်ကြကုန်၏၊
အချို့က ပဗ္ဗာဇဇနိယကံသို့ ရောက်ကုန်၏၊
ဤအဖြစ်နှင့်စပ်၍တရားသဘင်တွင် အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
သြ၀ဒေယျာ,နုသာသေယျ ၊ အသဗ္ဘာ စ နိဝါရယေ ။
သတံ ဟိ သော ပိယော ဟောတိ ၊ အသတံ ဟောတိ အပ္ပိယော ။

( မြန်မာပြန် )
အပြစ်ရောက်သောအခါ အပြစ်ကိုပြ၍ အပြစ်နှင့်လျော်စွာ ဆိုဆုံးမရာ၏၊
အမှုမရောက်မီ မကောင်းမှု မပြုမိလေအောင် ကြိုတင်ဆုံးမတားမြစ်ရာ၏၊
ထိုသို့ ဆုံးမတတ်သူကို လူကောင်းများက ချစ်မြတ်နိုး၏၊
လူမိုက်များကား နားမ၀င်နိုင်၊ မနှစ်သက်နိုင်။

( ဆောင်ပုဒ် )
ကျူးလွန်မိငြား၊ အပြစ်များကို၊ မပွားစေရန်၊ ဖန်ဖန်ထပ်ထပ်၊ ဆုံးမအပ်၏။
နောက်ထပ်မှားပြစ်၊ မဖြစ်စေလို၊ ကြိုတင်နားချ၊ ဆိုဆုံးမ၏။
လမ်းပြညွှန်သူ၊ ဤသို့သူကို၊ လူတော်လူကောင်း၊ နာယူငြောင်း၏။
မကောင်းစိတ်ထား၊ လူမိုက်များကား၊ နားမ၀င်ချင်၊ မုန်းစိတ်ယှဉ်၏။

( မဏ္ဍလ၀ဂ်၊ အဿဇိ ပုနဗ္ဗသုက ၀တ္ထု )

Tuesday, March 24, 2009

အလိမ္မာတရား

အလိမ္မာ စာမှာရှိသည်-ဟူသော စကားအရ
စာမှာရှိသော အလိမ္မာကို ကိုယ့်ကိုယ်သို့ ရောက်စေ၍
ကိုယ့်ကိုယ်မှာ အလိမ္မာတရားရှိရန် လိုအပ်ပေသည်။

( ကမ္ဘာ့သာသနာပြု ဆရာတော် အရှင်သေဋ္ဌိလာဘိဝံသ )

ကံ ကံ၏အကျိုး ( ၃၅ )

( မေတ္တာအကျိုး )

ကျွန်မသည် အမရပူရမြို့နယ် ခရေတောကျေးရွာ ( အ-မ-က ) မှ အလယ်တန်းပြ ဆရာမတဦး ဖြစ်ပါသည်။
ကျွန်မသည် မေတ္တသုတ်ပရိတ်တော်ကို အမြဲရွတ်ဖတ် ပွားများလေ့ ရှိပါသည်၊
ထို့ပြင် ဗုဒ္ဓဂုဏော အနန္တော၊
ဓမ္မဂုဏော အနန္တော၊
သံဃဂုဏော အနန္တော၊
မာတာပိတုဂုဏော အနန္တော၊
အာစရိယဂုဏော အနန္တော-ဟူ၍လည်း
အနန္တောအနန္တ ငါးဖြာကို ရည်မှန်းပူဇော်လေ့ ရှိပါသည်၊
ဘုရားဂုဏ်တော်ဖြစ်သော အရဟံ-ကိုလည်း ၁၉-ကြိမ် ရွတ်ဆိုပါသည်၊
ထို့နောက် သတ္တ၀ါအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာကြပါစေ-ဟု ၃-ကြိမ် မေတ္တာပို့ပါသည်။

ကျွန်မသည် ယင်းတို့ကို နေ့စဉ်အလေးအနက်ထား၍ ရွတ်ဖတ်ပွားများပါသည်၊ ကျောင်း၌ အားလပ်သည့်အချိန်တိုင်း ရွတ်ဖတ်ပွားများပါသည်၊ ကျွန်မသည် အရဟံ ၁၉-ကြိမ် ရွတ်ဆိုသည့်အခါ မြတ်စွာဘုရားထံ လေးလေးနက်နက် အာရုံပြုထားပါသည်၊ ဤအကျိုးကျေးဇူးတို့ကြောင့် ကျွန်မသည် မြွေအန္တရာယ်မှ ၂-ကြိမ် လွတ်မြောက်ခဲ့ရပါသည်။

မကြာမီကမူ ကလေးငယ်တဦး၏ အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်၊
ကျွန်မတို့ကျောင်းနှင့် ရွာကြားတွင် ပေ ၈၀-ခန့်ကျယ်သော ချောင်းတခုရှိပါသည်၊ ချောင်းကူးတံတားသည် ရှေးခေတ်က ဆောက်လုပ်ခဲ့သော တံတားဖြစ်၍ ယိုယွင်းနေပါသည်၊ ထို့ကြောင့် ချောင်းရေပြည့်ချိန်တွင် ကျောင်းဆင်းချိန်၌ အထူးဂရုစိုက်ရပါသည်၊ ကျောင်းအုပ်ဆရာကြီးနှင့် မူလတန်းပြ ဆရာတဦး ပြောင်းရွှေ့သွားသဖြင့် ကျောင်း၌ ဆရာအင်အား နည်းနေပါသည်၊ ကျွန်မနှင့် ပညာရေးလုပ်သား ၂-ဦးသာရှိပါသည်။

ရေကျနေချိန် ကျောင်းဖွင့်သည့်တရက်၌ တံတားပေါ်မှ ၀ုန်း-ဟူသောအသံကို ကျွန်မ ထူးခြားစွာ ကြားလိုက်သဖြင့် ကျောင်းပေါ်မှ ကျွန်မလှမ်းကြည့်လိုက်ပါသည်၊ ထိုအချိန်တွင် ကလေးတယောက် ရေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေသည်ကို တွေ့လိုက်ရပါသည်၊ ချက်ချင်းပင် ကျွန်မသည် ပညာရေးလုပ်သားနှင့် ကလေးများအား လှမ်းအော်ကာ ချောင်းဆီသို့ ပြေးသွားကြပါသည်၊ ပညာရေးလုပ်သားနှင့် ကျောင်းသားကြီး နှစ်ယောက်သည် ချောင်းထဲသို့ ခုန်ချကာ အမြန်ကူး၍ ကလေးကို ဆယ်ယူခဲ့ကြပါသည်၊ ကျွန်မသည် ယခုကျောင်း၌ လုပ်သက် ၇-နှစ်ကျော်ရှိခဲ့ပါသည်၊ ဤအဖြစ်အပျက်မျိုးကို ယခုတကြိမ်သာ တွေ့ကြုံခဲ့ရပါသည်။

လိမ့်ကျသည့်ကလေးသည် ကျောင်းတက်နေသူမဟုတ်ပါ၊ ကျောင်းသို့ အပျော်လိုက်လာသော ကလေးဖြစ်ပါသည်၊ ၄-နှစ်သားအရွယ်ဖြစ်၍ ရေမကူးတတ်သေးပါ၊ အမြင့်တခုမှ ရေထဲသို့လိမ့်ကျလျှင် ရေထဲသို့ မြုပ်သွားပြီးမှ ပြန်ပေါ်လာတတ်ပါသည်၊ ယခုကလေးမှာ မြုပ်သွားပြီးမှ ပြန်ပေါ်လာခြင်းမဟုတ်ပါ၊ ရေပေါ်မှာပင် ယက်ကန်ယက်ကန် ဖြစ်နေပြီး သူ့ကုပ်ပေါ်ဝဲနေသည့် ဆံပင်များသာ ရေစိုခဲ့ပါသည်၊ လိမ့်ကျသည့်နေရာသည် ချောင်း၏အလယ်တည့်တည့် ရေအနက်ဆုံးနေရာ ဖြစ်ပါသည်၊ ရေကျစ ချောင်းလုံးရေပြည့်ချိန်ဖြစ်၍ ရေအနက်မှာ ၀ါးတပြန်သာသာ ရှိပါသည်၊

အကယ်၍ ကလေး၏အသက် တစုံတခုဖြစ်ခဲ့ပါလျှင် အသက်ဆုံးရှုံးရုံတင်မကပါ ဆရာမ၏ တာဝန် ပေါ့ဆမှုကြောင့် ဟူသော အပြစ်တင်မှုကို ကျွန်မ မလွဲမသွေ ခံရမည်ဖြစ်ပါသည်၊ ယခုမူ မေတ္တာတန်ခိုး ဂုဏ်တော်တန်ခိုးကြောင့် ကလေးလိမ့်ကျသွားသည်ကို ကျွန်မသိရှိကာ အချိန်မီ ကလေး၏အသက်ကို ကယ်နိုင်ခဲ့ပါသည်၊ ကျရောက်လာသော အန္တရာယ်အပေါင်းသည်လည်း မေတ္တာဖြင့် ပပျောက်ခဲ့ရပါတော့သည်။

( လွင်လွင်ဦး )
********************************************************************************

( ၀ဋ်လည်သူ )

စာရေးသူ ၇-နှစ်သမီးအရွယ်တွင် အသက် ၇၀-ကျော် အဘွားတယောက် အိမ်သို့ မကြာခဏ ရောက်လာတတ်ပါသည်၊ ထူးခြားသည်မှာ အဘွား၏ လက်ချောင်းအားလုံးရှိ လက်ဆစ်ဖျားကလေးများသည် ရှေ့သို့ငိုက်ပြီး ကျိုးနေကြပါသည်။

ကျွန်မသည် အဘွား၏ လက်ချောင်းကလေးများကို မြင်သည့်အခါ အဘွားလက်ချောင်းကလေးများနှင့်တူအောင် မိမိလက်ဆစ်ကလေးများကို အားစိုက်ချိုးပြီး အဘွား၊ အဘွား ဒီမှာကြည့်ပါဦး အဘွားလက်ချောင်းနှင့် တူတယ် မဟုတ်လား-ဟု လုပ်ပြပါသည်၊ ထိုအခါ အဘွားက ငါ့မြေးလေး လုပ်မပြကောင်းဘူး၊ ၀ဋ်လည်တတ်တယ်၊ နောက် လုပ်မပြနဲ့-ဟု ဆုံးမပါသည်၊ ကလေးဘ၀အရွယ် ၀ဋ်လည်တတ်သည်ဟု ပြောသည်ကို ကျွန်မ မသိနားမလည်ပါ၊ ထို့ကြောင့် ကျွန်မက ၀ဋ်လည်ပါစေ-ဟု အဘွားကို ပြန်ပြောပြီး ပြက်ရယ်ပြုလုပ်ပါသည်။

ထိုအခါ အဘွားက ငါ့မြေးလေး ငါ့လို လက်ကလေးတွေ မကျိုးပါစေနဲ့၊ ၀ဋ်လည်တာကို မသိနားမလည်လို့ လုပ်ပြတာပဲ၊ အဘွားခွင့်လွှတ်ပါတယ်-ဟု တိုးတိုးလေးပြောလေ့ ရှိပါသည်။

ကျွန်မအသက် ၄၀-ကျော်မှ စပြီးလက်ဆစ်ကလေးများ ရောင်ခြင်း၊ နာခြင်း၊ မကြာခဏ ဖြစ်လာပါသည်၊ ယခုအသက် ၅၄-နှစ်တွင် ကျွန်မ၏လက်ချောင်းကလေးများ ကော့နေပြီး လက်ဖျားကလေးများ ကျိုးနေပါသည်၊ ဤကဲ့သို့ ကျွန်မ၏ သေးသွယ် နုနယ်သော လက်ချောင်းကလေးများ ကော့နေခြင်း၊ ကျိုးနေရခြင်းသည် အဘွား၏ ဆုံးမစကားကို နားမထောင်ခဲ့သည့်အတွက် ၀ဋ်လည်သည်-ဟု ကျွန်မ ယုံကြည်မိပါသည်။

( ဒေါ်သန်းနွယ်-ကြံခင်းမြို့ )

( မြတ်မင်္ဂလာ ၁၉၉၄-ခု ဖေဖော်ဝါရီလ )

ဗဟုဘဏ္ဍိက ရဟန်း

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ နေစဉ် သာဝတ္ထိမြို့မှ သူကြွယ်တဦးသည် မယားသေဆုံးပြီးနောက် ရဟန်းဘောင်သို့ ၀င်ခဲ့သည်၊ သူသည် ဇေတ၀န်ကျောင်းတော် အနီးတွင် သီးသန့်ကျောင်းတဆောင် ဆောက်ကာ အိမ်ထောင်ပရိဘောဂ အိုးခွက်အစုံအလင်နှင့် ဆန် ဆီ ဆား ထောပတ် ပစ္စည်းစုံ ယူလာပြီး အခိုင်းအစေ အစုံအလင် ခေါ်လာကာ ခမ်းခမ်းနားနားနေထိုင်ပြီး ကြိုက်နှစ်သက်ရာ အစာအာဟာရ ကောင်းများကို ချက်ပြုတ်စေ၍ စားသုံးနေ၏။ အ၀တ်သင်္ကန်း စသည်တို့ကိုလည်း အမျိုးမျိုးလဲလှယ်၍ သာယာနေ၏၊

တနေ့သောအခါ သူ၏များပြားလှစွာသော အ၀တ် သင်္ကန်း မွေ့ရာ စောင် စသည်တို့ကို နေလှန်းစဉ် အခြားရဟန်းတော်များက မြင်သွားကြသည်၊ ထိုအခါ ဘုရားရှင်ရှေ့တော်သို့ ထိုရဟန်းအား ခေါ်ဆောင်သွားပြီး အကြောင်းကို လျှောက်ထားကြကုန်၏။

ဘုရားရှင်က သင်သည်-ရဟန်းဟူသည် အလိုနည်းရမည်၊ ခေါင်းပါးစွာ ကျင့်ရမည်-ဟု ငါဟောကြားနေပါလျက် အဘယ်ကြောင့် ဤမျှများပြားစွာ သိုမှီးသုံးဆောင်ရသနည်း-ဟု မေးမြန်တော်မူသည်၊ ထိုရဟန်းသည် စိတ်ဆိုးသွားကာ ပရိသတ်အလယ်တွင် မတ်တတ်ရပ်လျက် ဧကသီကို ချွတ်၍ ပုံချလိုက်ပြီးလျှင် ဒါဖြင့် ဒီလိုပဲ နေရတော့မှာလား-ဟု ဆိုလျက် သင်းပိုင်တထည်တည်းဖြင့် ရပ်၍နေ၏၊

ဘုရားရှင်က သင်သည် ရှေးယခင် ဘီလူးဘ၀ ဖြစ်စဉ်က ဟိရိသြတ္တပ္ပ တရားရှိသူဖြစ်ခဲ့ပါလျက် ယခု အဘယ်ကြောင့် ဤသို့ မအပ်မရာ ပြုရသနည်း-ဟု မိန့်တော်မူကာ ထိုရဟန်း၏ အတိတ်ဇာတ်ကို ဟောကြားတော်မူ၏၊ ထို့နောက် အောက်ပါဂါထာကို ဟောကြားတော်မူရာ ဗဟုဘဏ္ဍိက ရဟန်းသည် သတိသံဝေဂရပြီးလျှင် ဘုရားရှင်အား ရှိခိုးတောင်းပန်လေသည်။

( ပါဠိဂါထာ )
န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ ၊ နာနာသကာ ထဏ္ဍိလသာယိကာ ၀ါ ။
ရဇောဇလ္လံ ဥက္ကုဋိကပ္ပ ဓာနံ ၊ သောစန္တိ မစ္စံ အ၀ိတိဏ္ဏကင်္ခံ ။

( မြန်မာပြန် )
အ၀တ်မ၀တ်ဘဲ ကျင့်ခြင်းတို့သည်၎င်း၊ ဆံကျစ် အကျင့်တို့သည်၎င်း၊
ရွှံ့ညွန် အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်၎င်း၊ အစာဖြတ်၍ အငတ်ကျင့်ခြင်းတို့သည်၎င်း၊
မြေ၌အိပ်၍ ကျင့်ခြင်းတို့သည်၎င်း၊ ပြာဖြူမှုန့် အလိမ်းလိမ်း တင်စေလျက် ကျင့်ခြင်းသည်၎င်း၊
ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်းသည်၎င်း၊ ၀ိစိကိစ္ဆာမှ မလွတ်မြောက်သေးသော သတ္တ၀ါကို မစင်ကြယ်စေနိုင်ကုန်။

( ဆောင်ပုဒ် )
အ၀တ်မဖုံး၊ ကိုယ်တုံးလုံးဖြင့်၊ ဖွဲ့ထုံးဆံကျစ်၊ ရွှံ့နှစ်လိမ်းကာ၊ အစာဖြတ်လျက်၊ အိပ်စက်မြေပေါ်၊ ချေးညှော်မပျောက်၊ ထက်အောက်မဖြောင့်၊ ဆောင့်ကြောင့်ထိုင်မှု၊ စသည်ပြုကာ၊ ကျင့်နေပါလည်း၊ ရှစ်ဖြာကြောင်းများ၊ ယုံမှားမကွာ၊ သတ္တ၀ါသည်၊ ဘယ်မှာညစ်ကြေး စင်မည်နည်း။

( ဒဏ္ဍ၀ဂ်၊ ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု )

ဘာသာရေး ပြဿနာ ( ၃၇ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( ဆံပင်ကို လှူခြင်း )
ဆရာတော်ဘုရား၊ အမျိုးသမီးများ ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရသည်ကို သိလိုပါသည်ဘုရား၊
ထို့ပြင် ငယ်ရွယ်စဉ် လှူခြင်း၊ အရွယ်ကြီးမှ လှူခြင်းနှင့် ကျန်ရစ်သူများအား မှာကြား၍ သေခါမှလှူခြင်းတို့ မည်သို့ ကွားခြားပါသလဲဘုရား။
( တင်တင်မိုး-က-ပ-စ ကမ္ဘာအေး )

( ဖြေ )
ဆံပင်ကို လှူခြင်းဟု ဆိုရာ၌ ဆံပင်ကိုဖြတ်၍ ဘုရား၌ ဆွဲချိတ်လှူဒါန်းခြင်းလော၊ ဆံပင်ကိုဖြတ်၍ ရောင်းကာ ရလာသောငွေဖြင့် တစုံတရာ လှူဒါန်းခြင်းလော-ဟု စိစစ်ဖွယ် ရှိသည်၊
ဆံပင်ကိုဖြတ်၍ ဆွဲချိတ်လှူဒါန်းခြင်းမှာအကျိုးမများပါ။
စေတနာအလျောက် ဆုတောင်း၍ ရနိုင်စရာ ရှိသော်လည်း အလှူခံ (ဌာန) ၌ အကျိုးရှိဖို့လည်း လိုပါသည်။
ဆံပင်ကိုဖြတ်ရောင်း၍ ရသောငွေကြေးဖြင့် လိုအပ်ရာရာကို လှူခြင်းက ပို၍ အကျိုးရှိနိုင်ပါသည်။

ဘုရားလက်ထက်က ဥဇ္ဇေနီပြည်ရှိ ဆံပင်အလွတ်ကောင်းသော အမျိုးသမီးသည် သူ့ဆံပင်ကို လိုချင်သူက ငွေတထောင်ပေးသော်လည်း မရောင်းခဲ့၊ တနေ့ ရဟန္တာအရှင်မြတ်များ ဆွမ်းခံချိန်၌ ဆွမ်းမရသည်ကို တွေ့ရ၍ သူ့ဆံပင်အားလုံးကို ဖြတ်ရောင်းရာ ငွေ ၈ိ/သာရသည်၊ ထိုငွေဖြင့် ဆွမ်းဝယ်၍ ရဟန္တာများအား လှူဒါန်းသည်၊ ရဟန္တာအရှင်မြတ်များ ဆွမ်းစားပြီး အနုမောဒနာပြုစဉ် စေတနာအလျောက် သူ့ဆံပင်အားလုံး နဂိုအတိုင်း ပြန်ဖြစ်သွားသည်။

ဥဇ္ဇေနီဘုရင်သိ၍ ခေါ်ယူပြီး မိဖုရားမြောက်ရသည်အထိ ဒိဋ္ဌဓမ္မ အကျိုးပေးကာ တမလွန်၌လည်း ကောင်းရာသုဂတိဘ၀၌ ဖြစ်ရကြောင်း ၀တ္ထုရှိပါသည်။ ထို့ကြောင့် ဆံပင်ကို လှူရာ၌ ဆံပင်အတိုင်း ဘုရားရှေ့ စသည်၌ ချိတ်ဆွဲ လှူဒါန်းခြင်းကို ဆင်ခြင်သင့်ပါသည်။

အရွယ်အားလျော်စွာ လှူဒါန်းခြင်းမှာ စေတနာ ပေါ်ပေါက်ချိန် အတိုင်းအတာအရ ဖြစ်၍ ဆိုဖွယ်မရှိပါ၊
သေမှ လှူရစ်ပါ-ဟု မှာကြား၍ လှူဒါန်းမှုမှာလည်း အကျိုးများဖွယ် မရှိဟု ထင်ပါသည်။
********************************************************************************

( မေး ) ( ၀ိဇ္ဇာစရဏသမ္ပန္န )
ဆရာတော်ဘုရား၊ ဘုရားဂုဏ်တော် ကိုးပါးတွင်ပါသော ၀ိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော် အဓိပ္ပါယ်မှာ
ဝိဇ္ဇာ-အသိဉာဏ်၊ စရဏ-အသိဉာဏ် ဖြစ်ရန် အကျင့်တရားဖြစ်၍ စရဏ-က ပထမ၊ ၀ိဇ္ဇာက-က ဒုတိယ၊
စရဏ၀ိဇ္ဇာသမ္ပန္န-ဟု ဆိုသင့်လျက် အဘယ်ကြောင့် ဤသို့ ၀ိဇ္ဇာစရဏသမ္ပန္န-ဟု ဆိုရပါသနည်းဘုရား။
( မောင်ဉာဏ်မြင့်-ကန္နီ )

( ဖြေ )
သဘောတရားအားဖြင့် စရဏ အကျင့်က ရှေ့၊ စရဏအကျင့်ကြောင့် သိအပ်သော ၀ိဇ္ဇာက နောက် ဖြစ်သော်လည်း အမည်ကိုမှည့်ခေါ်ရာ၌ သဒ္ဒါနည်း ဒွန်သမာသ်တွဲစပ်ပြုလုပ်၍ မှည့်ခေါ်ခြင်းဖြစ်ရာ ဒွန်သမာသ်တွဲစပ်ရာတွင် အက္ခရာ အနည်းအများ လိုက်၍ အက္ခရာနည်းသော ၀ိဇ္ဇာပုဒ်ကို ရှေ့က ထားပြီး အက္ခရာများသော စရဏပုဒ်ကို နောက်ကထား၍ ၀ိဇ္ဇာစရဏသမ္ပန္န-ဟု တွဲစပ်မှည့်ခေါ်ရပါသည်။
*********************************************************************************

( မေး ) ( ပရိတ်တော်နှင့် အမနုဿများ )
အရှင်ဘုရား၊ ပရိတ်တော်များကို ရွတ်ဖတ်၍၄င်း၊ ပဗ္ဗာဇနိယ ကမ္မ၀ါစာ ဖတ်၍၄င်း၊ အမနုဿပေတများ ဝေးရာသို့ ထွက်ပြေးခြင်း၊ ကျွတ်တမ်းဝင်ခြင်းတို့မှာ ၄င်းတို့က ပါဠိဘာသာကို နားလည်ကြလို့ပါလား၊ ဤသိုပ နှင်ထုတ်၍ ထွက်ပြေးကြခြင်းအတွက် နှင်ထုတ်သူတို့မှာ အပြစ်ရှိပါသလားဘုရား။
( မောင်တင်ကိုလွင်-အမှတ် ၃-ရပ်ကွက်၊ ရမ်းဗြဲ ) ( ကျော်ထူးနိုင်-ကွင်းတောင်ရပ်၊ ကျောက်တံခါး )

( ဖြေ )
ပရိတ်တော်များ ပဗ္ဗာဇနိယကမ္မ၀ါစာ စသည်များကို သံဃာတော်များက ပုဒ်ပါဌ်အက္ခရာ ဒီဃရသ ဂရုလဟု စသည် မှန်ကန်စွာ ရွတ်ဖတ်လျှင် ပရိတ်တော်၏ တန်ခိုး၊ ကမ္မ၀ါစာ၏ အစွမ်းသတ္တိကြောင့် အမနုဿ ပေတ ယက္ခ ရက္ခသ မကောင်းဆိုးဝါးများ ထွက်ပြေးကြရခြင်း၊ အန္တရာယ်မပြုနိုင်ကြခြင်း ဖြစ်ရသည်၊
၎င်းတို့က ပရိတ်တော် ကမ္မ၀ါစာတို့၏ အဓိပ္ပါယ်ကို နားလည်ခြင်း၊ နားမလည်ခြင်းမှာ ပဓာနမဟုတ်ပါ၊
၎င်းတို့မှာ လူတို့အား အန္တရာယ် အနှောက်အယှက်ပြုကြသူများဖြစ်၍ နှင်ထုတ်ခြင်းအတွက် အပြစ်ရှိစရာ မမြင်ပါ၊
လူတို့၏ချမ်းသာရေးအတွက် ဆောင်ရွက်ပြုလုပ်ရခြင်းသာ ဖြစ်၍ ကုသိုလ်ဖြစ်စရာသာ ရှိပါသည်။
********************************************************************************

( မေး ) ( ခေါင်းလောင်း )
ဆရာတော်ဘုရား၊ မင်းကွန်းခေါင်းလောင်းကြီးသည် ကမ္ဘာတွင် တတိယ အကြီးဆုံး ခေါင်းလောင်းကြီး-ဟု သိရပါသည်။
ကမ္ဘာ ပထမနှင့် ဒုတိယ ခေါင်းလောင်းများ ဘယ်မှာရှိ၍ ဘယ်မျှကြီးမားသည်ကိုလည်း ဘယ်တုန်းကစ၍ ခေါင်းလောင်းများ သွန်းခဲ့ရှိခဲ့သည်ကို၎င်း သိလိုပါသည်ဘုရား။
( မောင်သောင်းမြင့်-အ-ထ-က မလှိုင်မြို့ )

( ဖြေ )
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းမှာ ရုရှားနိုင်ငံ မော်စကိုမြို့မှ ဇာကိုလိုကော ခေါင်းလောင်းကြီးဖြစ်၍ တန်ချိန် ၂၀၀-ကျော်ရှိပြီး အမြင့် ၁၉-ပေ ၃-လက်မရှိသည်။

ဒုတိယအကြီးဆုံး ခေါင်းလောင်းမှာလည်း ရုရှားနိုင်ငံ မော်စကိုမှာပင် ရှိသည်၊ တန်ချိန် ၁၂၈-တန် ရှိသည်ဟု ဆိုသည်၊ သို့သော် ယင်းခေါင်းလောင်း နှစ်လုံးစလုံးပင် ကွဲပဲ့ပျက်စီးနေကြသည်။

မင်းကွန်းခေါင်းလောင်းကြီးကား အကောင်းပကတိ အနေဖြင့် ကမ္ဘာတွင် အကြီးဆုံးခေါင်းလောင်းဟုပင် ဆိုနိုင်ပါသည်။
အမြင့် ၁၂-ပေ ရှိ၍ မြန်မာကြေးချိန် ၅+၅ လုံး ( ၅၅၅၅၅ ) ဖြစ်ပြီး တန်ချိန် ၉၀၅၂-ရှိသည်ဟု ဆိုပေသည်။

ခေါင်းလောင်းသမိုင်းအရ လွန်ခဲ့သည့် နှစ်လေးထောင်လောက်က စ၍ အဦးဆုံး ခေါင်းလောင်းကို တရုတ်ပြည်တွင် သွန်းခဲ့သည်ဟု ဆိုသော်လည်း သေချာသော အထောက်အထား မရှိဟု ဆိုပါ၏။
မြန်မာမှာ သရေခေတ္တရာခေတ်ကပင် ခေါင်းလောင်းများ ရှိခဲ့သည်၊ သို့သော် ကျောက်စာတို့တွင် သက္ကရာဇ် ၅၉၈ ( ပုဂံကျစွာမင်း လက်ထက် ) မင်းမတ် ဉာဏပိစည်း ကောင်းမှု၊ ရှင်ပင်ဗောဓိဘုရား ကျောက်စာကြောင်းရေ ၉-တွင် ခေါင်လောင်ကြိယ် အပိသာ ၁၆၀-ပိသာခွယ်ဧအ်၊ သွန်ဧအ် ( ခေါင်းလောင်း ကြေးအပိဿာ ၁၆၀-ပိဿာခွဲ၏၊ သွန်း၏ )-ဟု ပါရှိ၍ ကြေးပိဿာ ၁၆၀-ကျော် ခေါင်းလောင်းသွန်းကြောင်း အဦးဆုံး တွေ့ရပါသည်။
********************************************************************************

( မေး ) ( အရှင်လတ်လတ် မြေမျိုခံရသူများနှင့် နတ်ပြည်ရောက်သူများ )
ဆရာတော်ဘုရား၊ ဘုရားလက်ထက်က မြေမျိုခံရသူနှင့် လူသားစင်စစ်က နတ်ပြည်ရောက်သော ပုဂ္ဂိုလ်များ၏ အကြောင်းရင်းများကို ဖြေကြားရှင်းလင်းပေးစေလိုပါသည် ဘုရား။
( မောင်တင့်လွင်-အောင်နန်းရပ်၊ မိုးကုတ်မြို့ )

( ဖြေ )
ဘုရားလက်ထက်က မြေမျိုခံရသူတို့မှာ-
၁။ ယောက္ခမတော် သုပ္ပဗုဒ္ဓမင်း
၂။ ယောက်ဖတော် ဒေ၀ဒတ်
၃။ စိဉ္စမာန၀ိကာ ပရိဗိုဇ်မ
၎။ ဥပ္ပလ၀ဏ်ထေရီမကို ကျူးလွန်သော နန္ဒလုလင် တို့ ဖြစ်ကြ၏။

သုပ္ပဗုဒ္ဓမင်း စသည်တို့ကား မြတ်စွာဘုရားအား အကျိုးမဲ့ ပြစ်မှား စွပ်စွဲကြ၍ ဖြစ်ပါသည်။

လူသားစင်စစ်က နတ်ပြည်ရောက်ကြသူ လေးဦးကား-
၁။ ဘုရားလောင်း ဂုတ္တိလ စောင်းသမား
၂။ ဘုရားလောင်း သာဓိနမင်း
၃။ ဘုရားလောင်း နေမိမင်းကြီး
၎။ ဘုရားလောင်း မန္ဓာတုစကြာမင်းတို့ ဖြစ်ကြပါသည်။

ရှေ့ ၃-ဦးမှာ တပည့်သားဖြစ်ဖူးသော နတ်အများက ကြည်ညို၍ သိကြားမင်းအား ပင့်ဆောင်ပေးရန် လျှောက်ထား၍ သိကြားမင်းက ပင့်ဆောင်ပေးခြင်း ဖြစ်သည်။

မန္ဓာတု စကြာမင်းကား စကြာရတနာဖြင့် စည်းစိမ်ခံစားရန် ကိုယ်တိုင်သွားခြင်းဖြစ်ကြောင်း
ဆိုင်ရာ ဇာတ်တော်များအရ သိရပါသည်။

( မြတ်မင်္ဂလာ ၁၉၉၄-ခု ဖေဖော်ဝါရီလ )

စိတ်ချမ်းသာရန် နည်းကောင်းများ

ကမ္ဘာပေါ်တွင် ချမ်းသာသောနိုင်ငံ ဆင်းရဲသော နိုင်ငံဟူ၍ နိုင်ငံအမျိုးမျိုး ရှိကြသည်၊ ၀တ္ထုပစ္စည်းအနေဖြင့် လိုလေသေးမရှိ ပြည့်စုံပြီး စည်းစိမ်ချမ်းသာ စိတ်ကြိုက်ခံစားနိုင်သူ အများအပြား ရှိသည်၊ စားဝတ်နေရေး မပြည့်စုံဘဲ ဆင်းရဲ ချို့တဲ့စွာ အသက်မွေးနေထိုင်ရသူများလည်း မရေမတွက်နိုင်အောင် ရှိသည်၊ သူတို့အားလုံးတွင် အရေးကြီးဆုံးအရာကား စိတ်ချမ်းသာမှုရှိရန် အရေးပင်ဖြစ်သည်၊ လူအနေဆင်းရဲသော်လည်း စိတ်ချမ်းသာနေသူများ ရှိသည်၊ စိတ်ဆင်းရဲမှုဒဏ်ကြောင့် မခံမရပ်နိုင်ဘဲ လူ့ဘ၀ကို အဆုံးစီရင်သွားကြသော ကမ္ဘာကျော် ပုဂ္ဂိုလ်များ၊ လူချမ်းသာများ အများအပြား အကြောင်းကိုလည်း ကြားသိနေရသည်။ ထို့ကြောင့် စိတ်ချမ်းသာရေးဟူသည် ၀တ္ထုပစ္စည်းပေါ်တွင် မတည်ဘဲ စိတ်နေစိတ်ထား သဘောပေါ်တွင် တည်နေသည်ဟု သတိပြုကြရပေမည်။ အောက်ပါ နည်းလမ်းများ လိုက်နာကျင့်သုံးပါလျှင် စိတ်ကျေနပ် ချမ်းသာမှု ရရှိ၍ လောကသံသရာ နှစ်ဖြစ်သော အကျိုးကို ဆောင်ရွက်နိုင်ကြပါမည်ဟု ယုံကြည်ပါသည်။

၁။ ငါကြီးပွားဖို့၊ ငါချမ်းသာဖို့ဟူသော အတ္တစိတ်ကို အရင်းမပြုဘဲ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဟူသော စိတ်ကောင်းထားပါ။
၂။ ကြံစည်သော်လည်း မဖြစ်၊ မကြံစည်သော်လည်း ဖြစ်တတ်သည်ဟူသော သဘောကို နှလုံးသွင်းတတ်ပါစေ။
၃။ ဣဿ မစ္ဆရိယ ဟူသော အယုတ်တရားနှစ်ပါးကို ကယ်ထုတ်၍ ဒေ၀ဓမ္မဖြစ်သော ဟိရိ၊ သြတ္တပ္ပ တရားနှစ်ပါးကို လက်ကိုင်ထားပါ။
၎။ သက်ရှိသတ္တ၀ါများ အပေါ်၌ ဖြစ်စေ၊ သက်မဲ့ဝတ္ထု ပစ္စည်းများ အပေါ်၌ဖြစ်စေ ပြင်းထန်စွာ စွဲလမ်းနှစ်သက် တပ်မက်ခြင်းကို ပယ်ခွါပါ။
၅။ လောကဓံတရား ရှစ်ပါးကို လူတိုင်းကြုံတွေ့ရစမြဲ ဖြစ်သည်၊ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ဖြစ်သည်ဟူသော သဘောကို အစဉ်သတိရပါ။

ဤသို့သော သဘောတရားများကို ကျင့်သုံးပြီး ပတ်ဝန်းကျင်ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းများအပေါ်တွင် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရား လက်ကိုင်ထားကာ သင့်တင့်စွာ နှလုံးသွင်း၍ ပေါင်းသင်းပါက စိတ်ချမ်းသာမှုရရန် သေချာပါသည်။

စကားဟူသည်

တနေ့သ၌ မြတ်စွာဘုရားသခင်သည် စကားပြောခြင်းနှင့် ပတ်သက်၍ အကျိုး-အပြစ်တို့ကို
ဤသို့ မိန့်ကြားတော်မူ၏။

ရဟန်းတို့-စကားများသော ပုဂ္ဂိုလ်သည် အပြစ် ၅-မျိုးရှိ၏၊ ယင်းတို့မှာ-
၁။ မဟုတ်မမှန် ပြောမိတတ်၏။
၂။ အခင်အမင်ပျက်အောင် ပြောမိတတ်၏။
၃။ ကြမ်းတမ်းစွာ ဆိုမိတတ်၏။
၎။ အကျိုးမဲ့စကားကို ဆိုမိတတ်၏။
၎။ သေသည့်အခါ ငရဲသို့ ကျရောက်ရတတ်၏။

ရဟန်းတို့-ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုတတ်သူသည် အကျိုး ၅-မျိုး ရှိ၏။ ယင်းမှာ-
၁။ မဟုတ်မမှန် မပြောမိတတ်။
၂။ အခင်အမင်ပျက်အောင် မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကား မဆိုမိတတ်။
၎။ အကျိုးမဲ့စကား မဆိုမိတတ်။
၅။ သေသည့်အခါ နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့-စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုး-အပြစ်တို့သည် ဤ ၅-မျိုးတို့တည်း-ဟု မိန့်တော်မူ၏။

( အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ် ဗဟုဘာဏိသုတ် )

ကံ ကံ၏အကျိုး ( ၃၄ )

( ရေနွေးပူလောင် ကိုဖိုးထောင် )

တနေ့တွင် တဖက်ခြံမှ ခွေးတကောင်သည် သူ၏ကြက်ခြံမှ ကြက်နှစ်ကောင်ကို ကိုက်သတ်လိုက်သည်၊ သို့ဖြင့် ဖိုးထောင်သည် ထိုခွေးကိုသတ်ရန် အမြဲချောင်းမြောင်းနေခဲ့သည်။
တနေ့သောအခါ ဖိုးထောင်တို့အိမ်၌ ဘဲငန်းသားဟင်း ချက်ရန် ရေနွေးကြိုနေခိုက် မမျှော်လင့်ဘဲ ထိုခွေးရောက်လာသည်၊ ဤတွင် ဖိုးထောင်သည် ခွေးကို ရေနွေးပူအိုးဖြင့် လောင်းကာ လက်စားချေလိုက်တော့၏၊ ခွေးမှာ ဆောက်တည်ရာမရဘဲ ပြေးလွှားဝေဒနာခံစားရပြီး ၄-ရက်ခန့်အကြာ၌ သေဆုံးသွားတော့သည်။

များမကြာမီ ဖိုးထောင်၏ အရေပြားပေါ်တွင် အဖုကလေးများ ပေါက်ခဲ့ပြီး ပူလောင်သော ဝေဒနာကို ခံစားရတော့၏၊ ၂-လခန့် ကြာသောအခါ အဖုလေးများ နေရာတွင် အဖြူကွက်များ တကွက်ပြီးတကွက် ပေါ်လာတော့၏၊ တကိုယ်လုံး အဖြူကွက်များ အနှံ့ဖြစ်နေတော့၏၊ သမားတော်များနှင့် ပြသပါသော်လည်း မပျောက်ဘဲ ရှိတော့သည်။

ရပ်ရွာမှ လူကြီးများက ဖိုးထောင်တယောက် တိရစ္ဆာန်ကို ညှင်းပန်းမှုကြောင့် တူသောအကျိုးပေးခြင်းဟု ပြောစမှတ် ပြုကြလေသည်။

( ဖျာပုံ-ဇော်တ )
********************************************************************************

( ကျန်းမာ၍ ချမ်းသာလိုပါလျှင် )

စာရေးသူ လက်ရှိနေထိုင်ရာ ၀ဲလောင်ရွာ၏ ရွာဦးပိုင်းတွင် ဦးဉာဏ်ထွန်း+ဒေါ်တင်ရီတို့ ဇနီးမောင်နှံ နေထိုင်ကြသည်၊ သူတို့တွင် အသက် ၂၅-နှစ်ခန့်အရွယ် မခင်စန်းဦး ဆိုသည့် သမီးကလေးတဦးသာရှိပါသည်။
ဦးဉာဏ်ထွန်းသည် အငှါးဒရိုင်ဘာ လုပ်ခြင်းဖြင့် ဦးဆောင်ရှာဖွေခဲ့သည်၊ ဇနီးဖြစ်သူ ဒေါ်တင်ရီလည်း အလကားမနေဘဲ ဈေးတောင်း ခေါင်းပေါ်ရွက်ကာ တဖက်တလမ်းမှ ပါဝင်လုပ်ကိုင်ခဲ့သည်။

ဤသို့ မောင်တထမ်း မယ်တရွက် အလုပ်ကို ကြိုးစားလုပ်ကိုင်ခြင်း၊ ချွေတာစုဆောင်းခြင်း စားအိုးငယ်ခြင်းတို့ကြောင့် သူတို့ စီးပွားရေးမှာ ထူးကဲစွာ တက်လာခဲ့ပါသည်။
သို့သော် ထိုအချိန်က သူတို့နှစ်ဦးစလုံး ဒါနမှု၊ သီလမှုနှင့် ဘာဝနာမှုတို့အပေါ် မေ့လျော့ခဲ့ကြသည်၊
ကျန်းမာမှ ချမ်းသာမည်-ဟု ဆို၍ ကျန်းမာရေးကိုသာ အထူးဂရုပြု နေထိုင်ခဲ့ကြသည်။

ဤသို့ နေလာသည့်ကြားမှ တနေ့တွင် ဦးဉာဏ်ထွန်းသည် အသည်းရောင်အသားဝါ ရောဂါ ပြင်းထန်စွာ စွဲကပ်လာခဲ့သည်၊ နီးစပ်ရာ ဆရာဝန်ကြီးများ၊ မြန်မာသမားတော်ကြီးများနှင့် အမျိုးမျိုး ကုသခဲ့သော်လည်း မသက်သာ ဖြစ်နေသည်၊ ထိုအခါ ဇနီးဖြစ်သူ ဒေါ်တင်ရီသည် ကြံရာမရသည့်အဆုံး ခင်ပွန်းဖြစ်သူ၏ ဇာတာကို ဗေဒင်ဆရာကြီးတဦးထံ ပြသစစ်ဆေးကြည့်ခဲ့သည်၊ ဆရာကြီးက ရှားမီးကိန်းကျနေသည်ဆို၍ ယတြာချေသည့်အနေဖြင့် ဘုရားကိုးဆူ ဆွမ်းကပ်စေပါသည်။

ဇနီးဖြစ်သူ ဒေါ်တင်ရီသည် ချက်ချင်းပင် ခင်ပွန်းဖြစ်သူအတွက် ဘုရားကိုးဆူ ဆွမ်းကပ်ခဲ့သည်၊ ဆွမ်းကျွေးပြီး မကြာမီပင် ဦးဉာဏ်ထွန်း၏ ရောဂါဝေဒနာမှာ အံ့သြဖွယ်ရာ ပျောက်ကင်းသွားခဲ့သည်။
ထိုအချိန်မှစ၍ သူတို့နှစ်ဦးစလုံး ဘုရားရှင်ဂုဏ်ကျေးဇူးကို ကောင်းစွာသိရှိလာခဲ့သည်၊ ရတနာသုံးပါးကို အားထားယုံကြည်သည့်စိတ်ဖြင့် ညစဉ် ဘုရားရှိခိုးခြင်း၊ နေ့စဉ် ဆွမ်းအိုးတည်ခြင်း၊ ဥပုသ်နေ့တိုင်း သီလစောင့်ထိန်းခြင်းနှင့် စခန်းရက်များတွင် တရားထိုင်ခြင်းတို့ကိုပါ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ၁၃၄၀-ခုနှစ် တပေါင်းလပြည့်ကျော် ၇-၈-ရက်များတွင် သူတို့၏ နှစ်ဖက်ရှိ တူကလေးများကို သာသနာ့ အမွေခံယူပေးခဲ့သည်၊ ၁၃၄၄-ခုနှစ် နတ်တော်လပြည့်ကျော် ၈-ရက်နေ့နံနက်တွင် တောင်သာမြို့ တိုက်သစ်ကျောင်းတွင် သီတင်းသုံး နေထိုင်လျက်ရှိသော သာမဏေ ရှင်ကောသိယအား ရဟန်းဘောင်သို့ သွတ်သွင်းချီးမြှောက်ခဲ့ပါသည်။

ထို့နောက် ၁၃၅၄-ခုနှစ် ၀ါခေါင်လပြည့်ကျော် ၈-ရက်နေ့တွင် ရွာဦးရှိ ပြည်လုံးချမ်းသာ စေတီတော်ကြီးအား ထီးတော် စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ထုံးသင်္ကန်းတော်တို့ကို အသစ်တဖန် လှူဒါန်းပူဇော်ခဲ့ကြသည်။
ထိုစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် ၀ါခေါင်လပြည့်ကျော် ၈-ရက်နေ့ရောက်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပင့်သံဃာတော်ပေါင်း ၄၀-ခန့်ရှိသည်၊ ထိုသံဃာတော်အရှင်သူမြတ်တို့အား ၁၃၃၀-ခုနှစ်မှစ၍ သူတို့တဦးတည်း ဆက်တိုက် ဆွမ်းကျွေးလာခဲ့ရာ ယခုအခါ နှစ်ပေါင်း ၂၅-နှစ်ရှိပြီဖြစ်ပါသည်။

ဤသို့ အလှူရေစက် လက်နှင့်မကွာ လှူဒါန်းလာခဲ့သည့်အချိန်မှစ၍ သူတို့၏ ကျန်းမာရေးမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်၊ စီးပွားရေးမှာလည်း ကိုယ်ပိုင် ကုန်တင်ကားကြီးတစီး ပိုင်ဆိုင်လာခဲ့သည်၊ ဦးဉာဏ်ထွန်းသည် ကိုယ်ပိုင်ကားကြီးကို ကိုယ်တိုင် မောင်းနှင်လျက် ဇနီးဖြစ်သူ ဒေါ်တင်ရီမှာ အိမ်တွင် ထန်းလျက်ပွဲရုံဖွင့်၍ လက်လီလက်ကား ရောင်းဝယ်ဖောက်ကားနေသည်၊ အားကျစရာပင် ဖြစ်ပါသည်။

ထို့ကြောင့် မြတ်မင်္ဂလာ စာဖတ်ပရိသတ်များ ယခုဘ၀မှာပင် ကျန်းမာ၍ ချမ်းသာလိုပါလျှင် ဦးဉာဏ်ထွန်း ဒေါ်တင်ရီတို့ ဇနီးမောင်နှံကို နမူနာယူ၍ ဒါနမှု သီလမှု ဘာဝနာမှုတို့ကို မနှေးအမြန် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြစေရန် မေတ္တာရှေ့ထား ရေးသားဖော်ပြအပ်ပါသည်။

( ခင်မောင်တင်-၀ဲလောင် )

( မြတ်မင်္ဂလာ ၁၉၉၄-ခု ဇန်န၀ါရီလ )