Thursday, April 23, 2009

အောင်ခြင်းရှစ်ပါး ဂါထာတော်

အောင်ခြင်းရှစ်ပါး ဂါထာတော်ကို ရွတ်ဖတ်သရဇ္ဈာယ်လျှင် အကုန်လုံး အောင်မြင်နိုင်သည်။ ဒါကြောင့် သူ့ကို သိဒ္ဓိရှင်-ဟု ခေါ်သည်။
အောင်ခြင်းရှစ်ပါးကို ဗုဒ္ဓဘာသာဝင်တိုင်း သိနားလည်ပြီး ဖြစ်မည်။ အောင်ခြင်းရှစ်ပါးဇာစ်မြစ် အခြေအနေကို လေ့လာကြည့်လျှင် လူမှုရေး ထိုးနှက်ချက်များ ပါဝင်နေသည်။ မလိုတမာ ဣဿာ မစ္ဆေရများ ပါဝင်နေသည်ကို တွေ့ရမည်။
မာရ်နတ်မင်းသည် ဘုရားရှင်အား သုံးလောက၏ ညွှတ်ရုံးဦးခိုက်မည့် အဖြစ်ကို မလိုလား၍ အနှောက်အယှက် ပြုသည်မှာ အထင်အရှား ရှိပါသည်။
နာဠာဂိရိဆင်မင်း၏ ရန်မူခြင်း နောက်ကွယ်မှာ အရှင်ဒေ၀ဒတ်က မလိုတမာ ဣဿာ မစ္ဆေရ ထားသည်မှာလည်း အထင်အရှား ပါရှိသည်။
စိဉ္စမာဏ၏နောက်ကွယ်တွင် တိတ္ထိတို့၏ လူမှုရေး ထိုးနှက်ချက်ကို ပြက်ပြက်ထင်ထင် မြင်သာလှပါသည်။
အာဠာဝက ဘီလူး၊ သစ္စက ပရိဗိုဇ်၊ နန္ဒောပနန္ဒ နဂါးမင်း၊ ဗကဗြဟ္မာတို့မှာမူ ငါသာ အတတ်၊ ငါ အမြတ်-ဟု ငါဇာတ်ခင်း နေကြသူတွေ ဖြစ်ပေသည်။
နှယ်နှယ်ရရ မဟုတ်သော သည်လိုပုဂ္ဂိုလ်မျိုးတွေကို သဗ္ဗညုတဘုရားရှင် ကိုယ်တော်မြတ်ကြီးသာ မေတ္တာစွမ်းအားဖြင့် အောင်ပွဲဆင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ဤသို့သော ရန်ပြုမှုများကို သဗ္ဗညုတဘုရားရှင်သော်မှ တွေ့ရ ကြုံရသေးလျှင် သာမန်ပုဂ္ဂိုလ်ဆိုလျှင် ဆိုဖွယ်၇ာ မရှိတော့ပေ။ ဤတွင် ဘုရားရှင် ကိုယ်တော်မြတ်ကြီး အောင်မြင်ခြင်းကို ပူဇော် သစ္စာပြုခြင်းဖြင့် မိမိတို့လည်း ဘုရားရှင်နည်းတူ အောင်မြင်သော အကျိုးအများကို ထပ်တူခံစားရရှိကြမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားရှင် အောင်မြင်ခဲ့သည့် အောင်ခြင်းရှစ်ပါးကို ဖွဲ့ဆိုထားသော အောက်ဖော်ပြပါ ဂါထာကို ရွတ်ဆိုလျှင် အကုန်လုံး အောင်မြင်နိုင်သည်။

ထို့ပြင် လုပ်ငန်းများ၊ ရာထူးများ၊ တိုးတက်လိုလျှင်၊ အလုပ်အကိုင်တွင် နှောင့်ယှက်သူများ ပေါ်ပေါက်လာလျှင် သူခိုး ဓားပြ အန္တရာယ်နှင့် ကြုံတွေ့ရလျှင်၊ ခရီးသွားလျှင် ဤဂါထာကို ရွတ်ဆိုပါက အခက်အခဲဟူသမျှကို ကျော်လွှားနိုင်ပြီး အောင်မြင်မှုကို ရရှိမည် ဖြစ်ပါသည်။

မြတ်စွာဘုရား၏ ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တတို့ကို အာရုံပြု၍ ယုံကြည်စွာ ရွတ်ဆိုပါက အကျိုးထူး ခံစားရမည် ဖြစ်ပါသည်။

( အောင်ခြင်းရှစ်ပါး ဂါထာတော် )
မာရံ ယက္ခံ ဂဇံ စောရံ ၊
စိဉ္စမာဏဉ္စ သစ္စကံ ။
နာဂံ ဗကံ ဇိနော ဇိနိ ၊
ဟောတု မေ ဇယမင်္ဂလံ ။

ဇိနော-အောင်သူတကာတို့၏ အထွတ်၊ တမွတ်ဥသျှောင်၊ ဘုန်းခေါင်းဘုန်းဖျား၊ မြတ်ဘုရားသည်။
မာရဉ္စ-ဂိရိမေခလာ, ဆင်မဟာကို, လျင်စွာတက်စီး, ပလ္လင်နီးဝယ်, လေကြီး မိုးကြီး, ပြာပူမီးနှင့်, မှောင်ကြီး တတန်, ဓားလှံ မကြွင်း, ပစ်ခတ်ခွင်းလျက်, အချင်းသိဒ္ဓတ်, ပလ္လင်မြတ်မှ, အမြန်ထလော့, စိမ်းမြညိုလွင်, ဗောဓိပင်နှင့်, ပလ္လင်တော်ကား, ထင်အရှားပင်, သင်ကားမဆိုင်, ငါသာပိုင်ဟု, စွဲကိုင်လက်နက်, ရဲစစ်မက်ဖြင့်, အောက်ထက်ဝန်းရံ, သောသောညံအောင်, အသံဟစ်ကြွေး, မယဉ်ကျေးသည့်, ရန်ဘေးတသင်း, မာရ်နတ်မင်းကို၎င်း။

ယက္ခဉ္စ-ဓားမိုး လှံမိုး, မီးကျီး မိုးကို, ရွာဖြိုးသွန်ချ, ယမ်းမီးကျသို့, ကောဓပြင်းထန်, ငါ့ဗိမာန်မှ, အမြန်ထွက်သွား, နှင်ရက်အားသည့်, တရားကင်းကွာ, ကြမ်းကြုတ်စွာသား, အာဠာဝက, တေဇထန်ုပြင်း, ဘီလူးမင်းကို၎င်း။

ဂဇဉ္စ-အစွယ်ထက်ချွန်, အရက်မွန်လျက်, အလွန်ဆိုးညစ်, အမုန်ယစ်၍, ရှင်ချစ်သေဌ်နင်း, သုံးလူ့မင်းကို, အတင်းအကျပ်, ၀ိညာဉ်ပြတ်အောင်, ထိုးသတ်အံ့ငှါ, ရှေးရှုလာသည့်, နာဠာဂီရိ, တောင်ရှိနီးနီး, ဆင်ပြောင်ကြီးကို၎င်း။

စောရဉ္စ-ခရီးဝေးကွာ, ယူဇနာကို, လျင်စွာပြေးစွမ်း, တောမြိုင်တန်းက, လူဖမ်းလက်ဖြတ်, သေအောင်သတ်၍, နန်းရပ်ကကျော်, မွေးမယ်တော်ကို, မြင်သော်စိုက်စိုက်, ဓားဖြင့်လိုက်၍, မကိုဋ်ထွတ်တင်, ဘုရားရှင်ကို, အသင်ရှောင်ဝေး, ဘယ်ကြောင့်ပြေးဟု, ဓားရေးပြကာ, သတ်မည်လာသား, လွန်စွာဆိုးဘိ, အင်္ဂုလိခေါ်, သူခိုးကျော်ကို၎င်း။

စိဉ္စမာဏဉ္စ-အလွန်ကောက်ကျစ်, တိတ္ထိညစ်တို့, အပြစ်ရှာကြံ, မကောင်းဉာဏ်ဖြင့်, စီမံဆုံးဖြတ်, စေလွှတ်လတ်၍, ပရိသတ်ထဲ, အရှက်ကွဲအောင်, စွပ်စွဲတတ်စွာ, စိဉ္စမာဟု, သညာဖော်ထုတ်, မိန်းမယုတ်ကို၎င်း။

သစ္စကံ-မစင်မဖြူ, မိစ္ဆာယူဖြင့်, မည်သူ့ကိုမျှ, မာန်မချဘဲ, ၀ါဒချင်းပြိုင်, သူကပိုင်အောင်, အနိုင်လွှမ်းမိုး, အယူဆိုးသည့်, တိတ္ထိမျိုးမိုက်, သစ္စကပရိဗိုဇ်ကို၎င်း။

နာဂဉ္စ-ဒေါသလွှမ်းမိုး, မျက်စောင်းထိုးက, အရိုးကြေမွ, ဖွဲပြာကျသို့, တေဇ ထန်ပြင်း, နန္ဒောပနန္ဒ နဂါးမင်းကို၎င်း။

ဗကဉ္စ-ဉာဏ်မြင်ကင်းကွာ, နိစ္စသာဟု, မိစ္ဆာလွှမ်းမိုး, အယူဆိုးသည့်, တန်ခိုးအရောင်, ထိန်ပြောင်ညီးညီး, ဗကဗြဟ္မာကြီးကို၎င်း။

အဇိနိ-ဒိဋ္ဌိကိုချ, ဒေါသကိုပယ်, မာန်စွယ်ကိုချိုး, သဒ္ဓါဖြိုးလျက်, ရှိခိုးတုပ်ကွ, ပြားပြားကျအောင်, ဆုံးမသွန်သင်, အောင်ပွဲတော် ဆင်ခဲ့လေပြီ။

ဧတေနသစ္စ၀ဇ္ဇေန-အောင်ခြင်းရှစ်ချက်, ဂုဏ်တော်နက်ကို, နှုတ်မြွက်ဖော်ကြား, ဤသစ္စာစကားကြောင့်, မေ-မအောင်သေးခင်, အောင်ကြွေးတင်၍, အောင်မြင်ရန်မျှော်, တပည့်တော်၏၊ ဇယမင်္ဂလံ-အောင်ရန်အတိတ်, အောင်နိမိတ်နှင့်, အောင်ဘိသိက်သွန်း, အောင်ဟိတ်ကျင်းလျက်, အောင်ခြင်းစဉ်ကာ, မင်္ဂလာသည်၊ ဟောတု-တက်သစ် နေ၀န်း, ထွန်းသစ် လစန်း, ပွင့်သစ် ပန်းသို့, ဆန်းအဖုံဖုံ, စခန်းစုံအောင်, အစွမ်းကုန်မသွေ, ဖြစ်ပေါ်ပါစေသတည်း။

Wednesday, April 22, 2009

ဘာသာရေး ပြဿနာ ( ၅၄ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( အရိမေတ္တေယျ မြတ်စွာဘုရားကို ဖူးတွေ့ရန် )
အရှင်ဘုရား၊ နောင်ပွင့်မည့် အရိမေတ္တေယျ ဘုရးရှင်အား ဖူးတွေ့ခွင့်ရရန် ယခုဘ၀က ဆုတောင်းထား၍ ရနိုင်ပါသလားဘုရား။
( မအေးအေးမြင့်-ပေါင်းတလည်မြို့ )

( ဖြေ ) အရိမေတ္တေယျ မြတ်စွာဘုရားသည် ဤကမ္ဘာ၌ ပွင့်မည်ဟုဆိုသော်လည်း အန္တရကပ် တကပ်ကျော်မျှ အချိန်ဝေးလှသေး၏။
ယခု အနှစ်တရာတမ်းမှ ၁၀-နှစ်တမ်းအထိ လူတို့အသက် ကျဆင်းသွားဦးမည်။
ထို ၁၀-နှစ်တမ်း ရောက်အောင်ပင် နှစ်အသိန်း အသန်းမက ကြာဦးမည်။
ထို ၁၀-နှစ်တမ်းမှ တစတစတက်၍ အသင်္ချေယျတမ်းအထိ တက်ဦးမည်။
ယင်း ၁၀-နှစ်မှ အသင်္ချေယျအထိကို အန္တရကပ်-တကပ်ဟု ဆို၏။
ထိုမှ အသက်တမ်း ယုတ်လျော့လာပြီး အသက်တမ်း တသိန်းတမ်းအောက် ရောက်မှ အရိမေတ္တေယျဘုရား ပွင့်မည်ဖြစ်ရာ မည်မျှကြာဦးမည်ကို ခန့်မှန်းကြည့်ပါလေ။

ထိုမျှ သံသရာရှည်မျောစွာ နှစ်ပေါင်းကြာအောင်စောင့်၍ အရိမေတ္တေယျဘုရားကို ဖူးတွေ့လိုပါသည်-ဟု ဆိုသည်မှာ ဤစကြာဝဠာမှ အခြားစကြာဝဠာတခုသို့သွား၍ မင်းအဖြစ်ကို ရလိုပါသည် ဆိုသူနှင့်မခြား-ဟု ရှေးဆရာတို့ ဆိုကြပါသည်။ ထို့ကြောင့် သံသရာကို ငြီးငွေ့ကြသော သမ္မာနွယ်ဝင် သူတော်စင်တို့အဖို့ လက်ရှိဘ၀တွင်ပင် ကျွတ်တမ်းဝင်နိုင်အောင် ကြိုးစားသင့်ကြပါသည်။ ဆုတောင်းခြင်း ဟူသည်မှာလည်း
မိမိ၌ သဒ္ဓါ သီလ သုတ စာဂ ပညာ ဤငါးဖြာနှင့် ပြည့်စုံလျှင် ပြည့်နိုင်သည်ဟု ဆိုသဖြင့် ဆုမတောင်းမီ ထိုတရားငါးပါး ပြည့်စုံအောင် ကြိုးစားသင့်ကြောင်း ပြောလိုပါသည်။
*********************************************************************************

( မေး ) ( ပါရာဇိက ကျခဲ့သူ )
အရှင်ဘုရား၊ လူငယ်တယောက် ရဟန်းဘောင်တက်ပြီး ပါရာဇိကကျ၍ လူပြု အိမ်ထောင်ကျခဲ့ပါသည်။
လူငယ်ဟာ နောင်တရပြီး ပုတီးစိပ်၊ တရားထိုင် လုပ်ငန်းများကို အမြဲမပြတ် လုပ်နေပါသည်၊ ၄င်းလူငယ် တရားထူး ရနိုင်-မရနိုင်၊ ငရဲ လွတ်-မလွတ် ဖြေကြားပေးတော်မူပါ။
( ကိုကိုအောင်-မင်္ဂလာဒုံမြို့နယ် )

( ဖြေ )
ပါရာဇိကကျပြီး ရဟန်းဘောင်မှာ မနေဘဲ လူပြုလိုက်လျှင် ပါရာဇိကပြစ် မရှိတော့ပေ။
၎င်းမှာ နောက်တဖန် ရဟန်းဘ၀ကို ပြန်မရနိုင်ခြင်းသာ အပြစ်ဟူ၍ ပြောစရာ ရှိတော့သည်။
ပါရာဇိကကျသော ရဟန်းများ၏ ထွက်ရပ်လမ်း (အပြစ်ဖြေဖျောက်မှုမှာ) လူ့ဘ၀သို့ ပြောင်းရွှေ့ထွက်ခွါသွားရခြင်းပင် ဖြစ်ပါသည်။
လူ့အဖြစ်နှင့် တရားအားထုတ်၍ တရားထူးများလည်း ရနိုင်ပါသည်။ ကုသိုလ်ကောင်းမှုများ ပြု၍လည်း ကုသိုလ်ရနိုင်ပါသည်။
*********************************************************************************

( မေး ) ( ထေရဿင်္ဂုလိမာလဿ )
အရှင်ဘုရား၊ အင်္ဂုလိမာလသုတ်၏ ဒုတိယစာပိုဒ် စာကြောင်းရေ ၃-တွင် ထေရဿင်္ဂုလိမာလဿ-တွင် အချို့က သအက္ခရာအသံထွက်ပြီး ထေရဿ အင်္ဂုလိမာလဿ-ဟု ရွတ်ဆိုပြီး
အချို့က စာအတိုင်း ထေရဿင်္ဂုလိမာလဿ-ဟု ရွတ်ဆိုကြပါသည်။
မည်သို့ရွတ်ဆိုခြင်းက မှန်ကန်ကြောင်း ဖြေကြားပေးတော်မူပါဘုရား။
( မောင်လှဌေး-အင်းလေး၊ ခေါင်တိုင် )

( ဖြေ )
ထေရဿင်္ဂုလိမာလဿ ပါဠိပုဒ်ကို ဂါထာဖြစ်၍ အက္ခရာ ၈-လုံး ဖြစ်စေရန် ထေရဿင်္ဂုလိမာလဿ-ဟု သန္ဓိ ပုဒ်စပ်၍ စီကုံးထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပရိတ်စာမူတိုင်းမှာပင် ထေရဿင်္ဂုလိမာလဿ-ဟု ရှိပါသည်။
ထိုသို့ သန္ဓိစပ်ရသည်မှာ ပါဠိတော်များ၌ အစဉ်တွေ့ရသည့် သဒ္ဒါထုံးစံများပင် ဖြစ်ပါသည်။

အာဋာနာဋိယသုတ်တွင် ၀ိပဿိဿ စ နမော အတ္ထု-ဟု ဆိုရမည် ဖြစ်သော်လည်း နမတ္ထု-ဟု ဆိုသည်ကို သတိပြုရန် ဖြစ်ပါသည်။
ထို့အတူ သိခိဿာပိ စ နမတ္ထု ၊ ဝေဿဘုဿ စ နမတ္ထု-စသည် သန္ဓိစပ်၍ ရွတ်ဆိုရပါသည်။ ထို့ကြောင့် ထေရဿင်္ဂုလိမာလဿ-ဟု ရွတ်ဆိုလျှင် ပိုမိုသင့်မြတ်ပါသည်။
********************************************************************************

( မေး ) ( ဂင်္ဂါဝါဠု သဲစုမက )
အရှင်ဘုရား၊ ဗုဒ္ဓမြတ်စွာတို့သည် ဂင်္ဂါမြစ်အတွင်းရှိ သဲပွင့် အရေအတွက်မျှ ရှိသည်-ဟု အချို့က ပြောကြပါသည်။
အချို့ကမူ ဘုရားများမှာ ၂၈-ဆူသာရှိကြောင်း ဂင်္ဂါမြစ်ထဲရှိ သဲပွင့်တို့သည် ရဟန္တာများ၏ အရေအတွက်သာဖြစ်ကြောင်း ပြောပါသည်။ အဘယ်စကားကို မှတ်သားရမည်နည်း ဖြေကြားတော်မူပါဘုရား။
( မောင်တိုး-မြောက်ဥက္ကလာပမြို့နယ် )

( ဖြေ )
၂၈-(နှစ်ကျိပ် ရှစ်ဆူ) မှာ ဂေါတမမြတ်စွာဘုရား အလောင်းတော် နိယတဗျာဒိတ်ရသည့် ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တသိန်း အတွင်း၌ ပွင့်တော်မူသော မြတ်စွာဘုရား အရေအတွက်ကို ဆိုခြင်းဖြစ်ပါသည်။

သံသရာသည် အစမထင် ရှည်လျားခဲ့သဖြင့် ထိုရှည်လျားခဲ့သော အတိတ်သံသရာအတွင်း၌ ပွင့်တော်မူခဲ့သော ဘုရားများမှာ လွန်စွာများပြားလှပြီဖြစ်ကြောင်း၊ မည်မျှများပြားခဲ့သည်ကို ဥပမာ ပြဆိုရလျှင် ဂင်္ဂါမြစ်အတွင်း၌ရှိသော သဲပွင့်များပမာ အသင်္ချေ အသင်္ချာ မရေတွက်နိုင်စရာပင် ဖြစ်ကြောင်း ပြောဆိုလိုရင်းပင် ဖြစ်ပါသည်။
သမ္ဗုဒ္ဓေ ဂါထာလာ အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ-ဆိုသည်မှာ ယင်းအဓိပ္ပါယ်ပင် ဖြစ်ပါသည်။
*********************************************************************************

( မေး ) ( သင်္ကန်း စီစဉ်ခြင်း )
ဆရာတော်ဘုရား၊ အချို့သော ဓမ္မရိပ်သာကျောင်းများတွင် ၀ါတွင်းသင်္ကန်း၊ ကထိန်သင်္ကန်း၊ ၀တ္ထုပစ္စည်း၊ ကပ်လှူရာတွင် ထိုဓမ္မရိပ်သာကျောင်းမှပင် သင်္ကန်း၊ ထီး၊ ဖိနပ်၊များကို ဆရာတော်ကြီးနှင့် အကျိုးဆောင်အဖွဲ့များ၏ အစီအစဉ်နှင့် ခွင့်ပြုချက်အရ ကျသင့်သော အဖိုးနှုန်းများဖြင့် ၀ယ်ယူပြီး ထိုကျောင်းမှာပင် ၀ါဆိုသင်္ကန်း၊ ကထိန်သင်္ကန်း ကပ်လှူရပါသည်။ ထိုကျောင်းမှ ၀ယ်ယူလာသော ၀တ္ထုပစ္စည်းများ ကပ်လှူခြင်းနှင့် အခြား အပြင်ဆိုင်မှ ၀ယ်ယူ ကပ်လှူသော ၀တ္ထုပစ္စည်းတို့သည် အတူတူပင် ဖြစ်ပါသလား၊ ကုသိုလ်အကျိုး ခြားနားမှု-တူညီမှု ရှိ-မရှိ သိလိုပါသည်၊ ဖြေကြားပေးတော်မူပါဘုရား။
( နိုင်ကျော်လှိုင်-အငြိမ်းစား၊ မင်္ဂလာဒုံ )

( ဖြေ)
အချို့ သံဃာများသော ရိပ်သာကျောင်းတိုက်များ၌ လှူဒါန်းသူများ သက်သာမှုရှိအောင် ဂေါပကအကျိုးဆောင်အဖွဲ့များက သင်္ကန်းများကို စုပေါင်း၍ ၀ယ်ယူခြင်း၊ ဆိုင်ရာမှ ထုတ်ခြင်း၊ ပိတ်အုပ်ဝယ်၍ ဆိုးချုပ်ခြင်းများကို ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ပြုလုပ်သဖြင့် တစုံချင်း အပြင်ဆိုင်မှာ ၀ယ်ယူသည်ထက် များစွာ သက်သာပါသည်၊

ထီး ဖိနပ် စသည်များကိုလည်းသံဃာဦးရေနှင့်ကိုက်၍ ကြိုတင် မှာထားခြင်းလည်း ပြုလုပ်ကြပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းကို သံဃာများက လုပ်လေ့မရှိ၊ လုပ်လည်း မလုပ်အပ်ပါ၊ ဝေယျာဝစ္စအဖွဲ့၊ ဂေါပကအဖွဲ့ အကျိုးဆောင်သူများကသာ အလှူထမြောက်ရန် လှူဒါန်းလိုသူများ သက်သက်သာသာဖြင့် စိတ်အေးချမ်းသာစွာ လှူဒါန်းနိုင်ရန် ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။

သံဃာတော်များ ဝေယျာဝစ္စအဖွဲ့နှင့် ကုသိုလ်ရှင်များအားလုံး အကျိုးရှိသော လုပ်ဆောင်မှုများဖြစ်၍ ကုသိုလ်ရရန် ချမ်းသာစွာ လှူဒါန်းနိုင်သောကြောင့် ကောင်းသောလုပ်ဆောင်ခြင်းပင် ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
*********************************************************************************

( မေး ) ( ၀ိပဿနာ၊ ပုတီးနှင့် ၀ဋ္ဋသုတ်ပါဠိ )
(က) ၀ိပဿနာတရားအလုပ်ကို အားထုတ်နေသူ ပုတီးစိပ်ခြင်း၊ ပရိတ်တရားတော်များ၊ ဂါထာတော်များ ရွတ်ဖတ်ခြင်း၊ စသည် ပြုလုပ်နိုင်ပါသလားဘုရား။
(ခ) ၀ဋ္ဋသုတ် အပိုဒ် ၃-ပါ သစ္စကိရိယ မနုတ္တရံ-၌ သစ္စကိရိယ မုတ္တမံ-ဟူ၍လည်း ရှိရာ မည်သည်က မှန်ပါသလဲဘုရား။
( ဦးထွန်းအောင်တင်-မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း )

( ဖြေ )
(က) ၀ိပဿနာတရားအလုပ်ကို အားထုတ်နေသူသည် ကမ္မဋ္ဌာနာစရိယ ဆရာတော် ညွှန်ကြားပြသသော ၀ိပဿနာအလုပ်မှတပါး အခြားသော ပုတီးစိပ်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဆိုခြင်း၊ ဂါထာတော်များ ရွတ်ဆို ခြင်းတို့ကို ပြုလုပ်နေရန် မလိုပါ။
အချိန်ရှိသမျှ ၀ိပဿနာတရားကိုသာ မပြတ်မလပ် အားထုတ်နေရပါမည်။ ထိုပုတီးစိပ်ခြင်း စသည်တို့သည် ကောင်းသောအလုပ်များ ဖြစ်သော်လည်း ၀ိပဿနာအားထုတ်ရာ၌ သမာဓိပျက်ပြားစရာ အာရုံများဖြစ်၍ ရှောင်ကြဉ်ရပါမည်။

(ခ) အနုတ္တရံ နှင့် ဥတ္တမံ ပုဒ်တို့မှာ အလွန်မြတ်သော၊ မြတ်သော-အနက်များဖြစ်၍ မထူးခြားလှ၊
ပါဠိဂါထာ ၈-လုံးဖွဲ့၌ အနုတ္တရံ-ဆိုလျှင် ၉-လုံးဖြစ်၍ ဥတ္တမံ-၈-လုံးက သဘာဝကျပါသည်။
မူရင်း စရိယာပိဋက ပါဠိတော် (၄၁၅) ၌လည်း သစ္စကိရိယ မုတ္တမံ-ဟူ၍ပင် ရှိပါသည်။ ဆဋ္ဌမူ ပရိတ္တပါဠိတွင်လည်း ထိုအတိုင်းပင် တင်ထားသည်ကို တွေ့နိုင်ပါသည်။
********************************************************************************

( မေး ) ( ရဟန်းခံနှင့် ပရိက္ခရာ ၈-ပါး )
ဆရာတော်ဘုရား၊ တပည့်တော်တို့သည် အချို့သော မြို့ရွာဒေသများတွင် ရဟန်းခံ သိမ်ဝင်ရာ၌ ရဟန်းလောင်းအဖို့ ပရိက္ခရာ ၈-ပါးတို့တွင် အပ်-သည် ယခုခေတ်၌ ချုပ်စရာမလိုသောကြောင့်-ဟု ဆိုကာ
အပ်-မပါပါ၊
ထို့နောက် ရေစစ်-လည်း မပါကြတော့ပါ၊ ရဟန်းဖြစ်ဖို့ရာ အင်္ဂါ ၅-ပါးတို့တွင် ၀တ္ထု၏ပြည့်စုံခြင်း အင်္ဂါ၌ ပရိက္ခရာ ၈-ပါး ပါ-မပါ၊ ထိုတွင် အပ်-ရေစစ် မပါက ရဟန်းဖြစ်-မဖြစ် ရှင်းပြပေးတော်မူပါဘုရား။
( ရှင်ဝေရောစန-သန်လျင်မြို့ )

( ဖြေ )
ရဟန်းခံရာ၌ သာမန်အားဖြင့် ပရိက္ခရာ ၈-ပါး ပြည့်စုံရမည်ဟု ဆိုသော်လည်း မရှိမဖြစ်၊ မပါမပြီးကား မဟုတ်ပါ၊
မေးစိစစ်ရာ၌ ပရိပုဏ္ဏံ တေ ပတ္တစီဝရံ=သင့်မှာ သပိတ် သင်္ကန်း ပြည့်စုံပါပြီလား-ဟုသာ မေးစိစစ်၍ သပိတ်တလုံး၊ သင်္ကန်းသုံးထည်သာ လိုရင်း ဖြစ်ပါသည်၊ ကိုယ်ပိုင် သပိတ် သင်္ကန်းဖြစ်ရန် လိုအပ်ပါသည်။
အငှါး သပိတ် သင်္ကန်းဖြင့် ရဟန်းမခံအပ်ပါ၊

ပြဿနာရှင်၏ စာတွင်ပါသော ၀တ္ထု၏ပြည့်စုံခြင်း ၀တ္ထုသမ္ပတ္တိ-ဟူသည်မှာလည်း ပရိက္ခရာ ၈-ပါးကို မဆို၊
ပဉ္စင်္ဂ-ဟူသော ပြည့်စုံခြင်း ၅-မျိုး၌ ၀တ္ထုသမ္ပတ္တိကား ရဟန်းလောင်းသည် နပုန်း, ပဏ္ဍုက်, မာတုဃာတက, ပိတုဃာတက, အစရှိသည်မှ ကင်းသော၊ သန့်ရှင်းစင်ကြယ်သော အသက်နှစ်ဆယ်ရှိ ရဟန်းလောင်း ဖြစ်ရမည်ကို ဆိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် အပ်-ရေစစ် မပါသော်လည်း ရဟန်းဖြစ်ပါကြောင်း ဖြေဆိုအပ်ပါသည်။

( မြတ်မင်္ဂလာ ၁၉၉၅-ခု ဒီဇင်ဘာလ )

ကိုယ်တွင်းတိုက်ပွဲ အောင်နိုင်သူ

သာဝတ္ထိမြို့တော်မှ ပုဏ္ဏားလင်မယားနှစ်ယောက်သည် အလွန်ဆင်းရဲ၏။ ခါးဝတ်ပုဆိုး တထည်စီသာရှိပြီး အပေါ်ရုံပုဆိုးကား တထည်သာရှိသည်။ အပြင်သွားရန်ရှိလျှင် တလှည့်စီ ၀တ်ရုံပြီး သွးရ၏။ ဇေတ၀န်ကျောင်းတော်သို့ တရားနာ သွားချင်ရာ ပုဏ္ဏေးမက နေ့ခင်းတွင်သွား၍ ပုဏ္ဏားက ညအချိန်ကျမှ သွားနိုင်၏။ တညသောအခါ ပုဏ္ဏားသည် တရားနာယူရင်း စေတနာပေါက်လာ၍ တထည်တည်းသော အပေါ်ရုံပုဆိုးကို လှူရန် ကြံ၏။ သို့သော် အမျိုးမျိုး စဉ်းစားကာ မလှူရက်နိုင် ဖြစ်လာသည်။ ညဥ့်ဦးယံ ကျော်ခဲ့၏။

ဆက်လက် တရားနာယူရင်း လှူချင်စိတ် ပေါ်လာပြန်၏။ သို့သော် မလှူဖြစ်။ ချီတုံချတုံနှင့်ပင် သန်းခေါင်းကျော် ရောက်လာ၏။
သို့နှင့် ပစ္ဆိမယံ ရောက်လာရာ ဖြစ်လိုရာ ဖြစ်စေ၊ လှူလိုက်တော့မည်-ဟု ဆုံးဖြတ်ကာ မြတ်စွာဘုရား၏ ခြေတော်ရင်းသို့ ချပြီး လှူဒါန်းလိုက်လေသည်။လှူပြီးသောအခါ အလွန်ကျေနပ် ၀မ်းမြောက်သွားပြီး
ငါ-အောင်ပြီ၊ ငါ-အောင်ပြီ-ဟု အော်လိုက်မိသည်။

ထိုတရားပွဲတွင် ကောသလမင်းကြီးလည်း တရားနာယူလျက်ရှိရာ ပုဏ္ဏားအား အကြောင်းကိုမေးလေသည်။ ပုဏ္ဏားကြီးသည် သူတညခင်းလုံး အတွင်းစိတ် ဖောက်ပြန်နေ၍ လှူရန်တွန့်ဆုတ်နေခဲ့ပါသည်။ ယခုမှ အောင်မြင်သဖြင့် ၀မ်းမြောက်စွာ ကြွေးကြော်မိကြောင်း ပြော၏။ ဘုရင်ကြီးက နှစ်သက်ချီးကျူးပြီး ပုဆိုးတစုံ ဆုချသည်။ ပုဏ္ဏားကြီးက ဘုရားရှင်အား လှူပြန်၏။
ဘုရင်ကြီးက တိုး၍ တိုး၍ ဆုချရာ ပုဏ္ဏားကြီးက ဘုရားရှင်အားချည်း လှူ၏။
နောက်ဆုံး ဆင်လေးစီး၊
မြင်းလေးစီး၊
ကျွန်မ လေးယောက်-စသော လေး ခုနစ်လီ ဆုတော်များ ပေးကမ်း၏။

တရားသဘင်၌ ရဟန်းတော်တို့သည် ပုဏ္ဏားကြီး၏ လက်ငင်းအကျိုးရပုံကို ပြောနေကြ၏။
ဘုရားရှင်က ပုဏ္ဏားသည် အကယ်၍သာ ပထမယံက လှူပါမူ ဤမျှသာမက အကျိုးရမည်။
ထို့ကြောင့် ကုသိုလ်ကောင်းမှု ပြုရာ၌ စေတနာသန်သန်နှင့် အမြန်ပြုလုပ်သင့်သည်။ နှောင့်နှေး အချိန်ဆွဲနေလျှင် အကျိုးပေးလည်း နည်းတတ်သည်-ဟု အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
အဘိတ္ထရေထ ကလျာဏေ ၊ ပါပါ စိတ္တံ နိဝါရယေ ။
ဒန္ဓံ ဟိ ကရောတော ပုညံ ၊ ပါပသ္မိံ ရမတီ မနော ။

( မြန်မာပြန် )
ကုသိုလ်ကောင်းမှုကို အလျင်အမြန် ပြုရာ၏။
စိတ်ကို မကောင်းမှုမှ တားမြစ်ရာ၏။
ကောင်းမှုပြုရန် နှေးသောစိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်၏။

( ဆောင်ပုဒ် )
ကုသိုလ်ကောင်းမှု၊ အမြန်ပြုလော့၊
ညစ်ကျုထိုထို၊ အကုသိုလ်မှ၊ စိတ်ကိုဝေးစွာ၊ တားမြစ်ရာ၏၊
နှေးစွာကုသိုလ်၊ ပြုလုပ်လိုသူ၊ ထိုထိုလူ၏၊ စိတ်မူ အ,ကု၊ မွေ့လျော်ပြု၏။

( ပါပ၀ဂ်-စူဠေကသာဋက ၀တ္ထု )

ဘုန်းတော်ကြီး ဦးသီလနှင့် ညွှတ်ကွင်း

၁၂၄၄-ခုနှစ်ခန့်တွင် ဘုန်းတော်ကြီး ဦးသီလသည် ရွှေကျင် ဆိတ်ကလေး တောကျောင်း၌ သီတင်းသုံးနေတော် မူသည်။ ထိုစဉ် ၀မ်းခနိမ်ရွာသို့ နံနက်စောစော ဆွမ်းခံကြွသွားရာ တောလမ်းအတွင်း ခြေတော်သည် ညွှတ်ကွင်းတခုတွင် မိသွားသည်၊ ထိုအခါ ဘုန်းတော်ကြီးသည် ထိုနေရာမှ မကြွဘဲ ရပ်တန့်နေသည်။ ညွှတ်ကွင်းရှင် မြင်သောအခါ အကြောက်လွန်၍ အနီးမကပ်ဘဲ ရှောင်တိမ်းနေ၏၊ အတန်ကြာ၍ တဖန် လာကြည့်သောအခါ၌လည်း ဘုန်းတော်ကြီးကို ရပ်တော်မူလျက်သာ တွေ့ရ၏။ ဤနည်းဖြင့် သုံးလေးကြိမ် လာကြည့်ပြီးလျှင် အလွန်ပူပန်စိုးရိမ်မိသဖြင့် အခြားသူတယောက်ကို အကျိုးအကြောင်း ပြောပြ၍ ညွှတ်ကွင်း သွားဖြုတ်ပေးပါ-ဟု တောင်းပန်၏။

ထိုသူလည်း လျင်မြန်စွာ သွား၍ ဖြုတ်သောအခါ ဘုန်းတော်ကြီးက
ဒါယကာ၊ သင်၏ ညွှတ်ကွင်းလား-ဟု မေး၏။
မဟုတ်ပါ-ဟု လျှောက်သော် သူတပါး၏ ညွှတ်ကွင်းကို မဖြုတ်နဲ့-ဟု ဆို၏။

ထိုသူလည်း ပြန်သွား၍ ညွှတ်ကွင်းရှင်အား ကိုယ်တိုင်သွားဖြုတ်ရန် ပြောသည်၊ ညွှတ်ကွင်းရှင်သည် မသွားဝံ့၊ မကြာမီ နေမွန်းတည့်လုနီးအချိန်သို့ ရောက်လာ၏။ အဖော်ဖြစ်သူက ညွှတ်ကွင်းရှင်အား ဘုန်းတော်ကြီးသည် ညွှတ်ကွင်းကို ကိုယ်တိုင်လည်း မဖြုတ်၊ ညွှတ်ကွင်းရှင် မဟုတ်သူကိုလည်း အဖြုတ်မခံ၊ မွန်းတည့်ချိန်လည်း နီးပြီ၊ ဆွမ်းမစားရ၍ ပျံတော်မူသွားလျှင် မင်း အ၀ီစိလောက်တော့ သေချာပြီ-ဟု သတိပေးသည်။

ဤတွင်မှ ညွှတ်ကွင်းရှင်သည် ဘုန်းတော်ကြီးထံ စွန့်စား၍ သွားသည်။ အနီးသို့ရောက်သောအခါ တပည့်တော် တောကြက်ထောင်တဲ့ ညွှတ်ကွင်းပါ၊ နောက် တသက်လုံး ဤအမှုကို ရှောင်ကြဉ်ပါတော့မယ်-ဟု ငိုယိုလျှောက်ထား၍ ညွှတ်ကွင်းကို ဖြုတ်သည်။ ညွှတ်ကွင်းအနီးရှိ တည်ကြက်နှင့် ညွှတ်ကွင်းကိုလည်း လှူလိုက်သည်။ ထိုအချိန်မှာ မွန်းတည့်ချိန် ရောက်နေပြီဖြစ်၍ ဘုန်းတော်ကြီးသည် ဆွမ်းမဘုဉ်းပေးရတော့ပေ။

ဘုန်းတော်ကြီး ဦးသီလသည် ရဟန္တာ-ဟု ကျော်စောခဲ့သော ရဟန်းမြတ်ကြီး ဖြစ်သည်။ ဒကာ-ဒကာမများက ဆရာတော်-ဟု ခေါ်သည်ကို လက်မခံပေ။ သည်လိုမခေါ်နဲ့ ငါဟာ မင်းဆရာမဟုတ်ဘူး-ဟု မိန့်တော်မူလေ့ရှိသည်။ ထို့ကြောင့် ဆရာတော် ဦးသီလ-ဟု မတွင်ဘဲ ဘုန်းတော်ကြီး ဦးသီလ-ဟု တွင်ပေသည်။

( ၀င်းဝင်းမြတ် )
( ညောင်လေးပင်တောရ ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဦးအရိယ-ရေး
ဘုန်းတော်ကြီး ဦးသီလ ထေရုပ္ပတ္တိ-မှ )

အစုန်တရားနှင့် အဆန်တရား

ယေ ကေစိ အကုသလာ ဓမ္မာ၊ သဗ္ဗေ တေ အဓောဘာဂံ ဂမနီယာ ။
ယေ ကေစိ ကုသလာ ဓမ္မာ ၊ သဗ္ဗေ တေ ဥပရိဘာဂံ ဂမနီယာ ။
မူလပဏ္ဏာသပါဠိတော် သလ္လေခသုတ်တွင် ဟောတော်မူခဲ့သော ဒေသနာတော်တခု ဖြစ်၏၊
အဓိပ္ပါယ်ကား အလုံးစုံသော အကုသိုလ်တရားတို့သည် အောက်သို့ စုန်မျောသက်ဆင်းစေတတ်၏။
အလုံးစုံသော ကုသိုလ်တရားတို့သည် အထက်သို့ ဆန်တက် မြင့်မားစေတတ်ကုန်၏။

ကြုံတောင့်ကြုံခဲ ရနေကြသော ဘ၀ကောင်းတွင် ဤတရားများကို စွမ်းအားရှိသလောက် လိုက်နာကျင့်သုံးနေကြသူ အများအပြား ရှိပါ၏၊ သို့ရှိလင့်ကစား မေ့မေ့လျော့လျော့ ရှိနေပြီး လစ်ဟင်းနေကြမည်ကို စိုးရိမ်တော်မူသော လယ်တီဆရာတော်ဘုရားကြီးသည် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်တရားဟောစဉ် ပထမလက်ဦး တရားပွဲတွင် ဤတရားကို ဟောကြားတော်မူလေ့ရှိသည်-ဟု မှတ်သားရဖူးပါသည်။ ဆရာတော်ကြီးသည် ထင်ရှားသိသာစေရန်အတွက် ဧကာဒသနိပါတ် ဓမ္မဒေ၀ဇာတ်တော်ကို ရှင်းလင်းဟောကြားလေ့ရှိပါသည်။

ဤနေရာတွင် ထိုဇာတ်တော်၏ လိုရင်းအတိုချုပ်ကို ဖော်ပြရသော် ဘုရားအလောင်းတော်သည် တချိန်က ဓမ္မဒေ၀မည်သော သူတော်ကောင်းနတ်သား ဖြစ်တော်မူ၏၊ ဇမ္ဗူဒီပါကျွန်းကို လှည့်လည်၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ရန် တိုက်တွန်းဟောကြားတော်မူလေ့ရှိ၏။
ဒေ၀ဒတ်အလောင်းသည်လည်း အဓမ္မဒေ၀ မည်သော နတ်ဆိုးဖြစ်နေပြီး မကောင်းမှုများ ပြုလုပ်ရန် ပြောဟောတိုက်တွန်းနေ၏။

တနေ့သောအခါ နတ်နှစ်ပါး လမ်းခရီးတွင် ရင်ဆိုင်တွေ့ဆုံကြ၏၊ ထိုနေရာတွင် တပါးနှင့်တပါး အပြန်အလှန် ပြောဆိုပုံများသည် အလွန်မှတ်သားဖွယ် ကောင်းလှသည်၊ အကျယ်ကို ဧကာဒသနိပါတ်၊ ဓမ္မဒေ၀ဇာတ်ကို ဖတ်ပါ-ဟုသာ ညွှန်ပြရပါတော့မည်။ နောက်ဆုံးတွင် အဓမ္မနတ်သားသည် နတ်ရထားပေါ်မှ မြေပြင်သို့လိမ့်ကျပြီး မြေမျိုခံရပေတော့သည်။

ဗုဒ္ဓဘာသာအများစု သိပြီးဖြစ်သော ကောင်းမှု မကောင်းမှုများကို မျက်ခြည်မပြတ်ကြစေရန်နှင့် ကောင်းကျိုးချမ်းသာ ဧကန်ပေးနိုင်သော အဆန်တရားများကို ပွားများနိုင်ကြပါစေ-ဟူသော စေတနာဖြင့် နှိုးဆော် သတိပေးလိုက်ရပါသည်။

Tuesday, April 21, 2009

သြ၀ါဒ

ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
ရခဲတဲ့လူ့ဘ၀ကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ့။
ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
သက်တမ်းတိုတဲ့ ဘ၀ကလေးမှာ တရားအားမထုတ်ဘဲ ချောင်ခိုနေရင်
အသေစောကာ ကိုယ်ကျိုး နည်းလိမ့်မယ်။
မနေ့ကထက် ယနေ့ သေဖို့ တရက်နီးသွားပြီ။
မမျှော်လင့်ဘဲ ဖြုန်းခနဲ နာလည်း နာနိုင်သည်။
မမျှော်လင့်ဘဲ ဖြုန်းခနဲ သေလည်း သေနိုင်သည်။
ခန္ဓာ၏ ၀တ္တရားက အသေရှာတာ။
ဉာဏ်၏၀တ္တရားက အသေရှောင်တာ။
အသေမဦးမီ ဉာဏ်ဦးစီးပြီး ၀ိပဿနာတရား အားထုတ်ပါ။

( မိုးကုတ်ဆရာတော် ဘဒ္ဒန္တ ၀ိမလ )

ကံ ကံ၏အကျိုး ( ၄၉ )

( သည်းခံခြင်းသည် မင်္ဂလာ )

နယ်ချဲ့ဗြိတိသျှတို့ အုပ်စိုးချိန်က ဖြစ်သည်၊ လွတ်လပ်ရေးကို အလိုရှိနေကြသော မြန်မာနိုင်ငံသားတို့ကို အင်္ဂလိပ် အစိုးရက ဒိုင်အာခီ အုပ်ချုပ်ရေးသာ ပေးလိုသည်၊ ထိုအုပ်ချုပ်ရေးကို အထက်တန်း အစိုးရအရာရှိများနှင့် ငွေကြေးချမ်းသာသော သူဋ္ဌေးများသာ အလိုရှိသည်။ ဆင်းရဲသား အများကမူ ကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်သော ဟုမ်းမရူးကိုသာ လက်ခံချင်ကြသည်။

မော်လမြိုင်မြို့မှ ၀ံသာနုစိတ်ဓာတ် ပြင်းထန်သူ ဦးချစ်လှိုင်က ဟုမ်းမရူးအသင်းကို စတင်ဖွဲ့လိုက်သည်။ ထို့ကြောင့် ဒိုင်အာခီနှင့် ဟုမ်းမရူးအသင်း အဖွဲ့နှစ်ခု ကွဲကြသည်။ အခြားမြို့များထက် မြိတ်မြို့၌ ထိုနှစ်သင်းသည် ပို၍ ပြင်းထန်ပြီး ဆွေမျိုးရင်းချာ အချင်းချင်းပင် တဦးနှင့်တဦး မခေါ်မပြောနိုင် ရန်သူကဲ့သို့ ရှိကြသည်။

လူထုကွဲသကဲ့သို့ ဘုန်းတော်ကြီးကျောင်းများလည်း ဒကာများဘက် လိုက်ပြီး ကွဲကြရပြန်သည်။ ယခင်က ကျောင်းဝင်းအကျယ်ကြီးထဲ၌ ကျောင်းကြီး နှစ်ဆောင်ပြိုင် ဆောက်ထားကြရာ ယခုကဲ့သို့ အသင်းအဖွဲ့များ ကွဲသောအခါ ဒိုင်အာခီကျောင်းက အားကောင်းလျှင် ဟုမ်းမရူးကျောင်းကို နှင်ထုတ်လေ့ရှိသည်။ အနှင်ခံရသော ကျောင်းအဖို့ ချက်ချင်း ပြောင်းရန် မြေမရှိ။ ထို့ကြောင့် မြေအသစ် ရှာကြရသည်။

ဤကဲ့သို့သောအချိန်တွင် မြိတ်မြို့မှ ဟုမ်မရူးအသင်းဥက္ကဋ္ဌ ဦးရိုး-ကို အားကိုးကြရသည်။ ဦးရိုးသည် မြိတ်မြို့ ထားဝယ်စုရပ်၌ ပန်းတိမ်ဆရာဘ၀မှ (သူလေးစား ကိုးကွယ်သောဆရာတော်က ဆေးကျမ်းများ ပေးကမ်းပြီး မြန်မာသမားတော်ဖြစ်အောင် တိုက်တွန်းသောကြောင့်) သမားတော် ဖြစ်လာသူ ဖြစ်သည်။ နေ့စဉ်ပင် သံဃာတော်များ၊ သီလရှင်များနှင့် ဆင်းရဲသား၊ ဆွေမျိုး၊ မိတ်ဆွေများကို အခလွတ် စေတနာသမားတော်အဖြစ် ကုသိုလ်ပြု ဆေးကုပေးနေသူဖြစ်သည်။ သီတင်းဝါလ ကျွတ်ချိန်၌ ကျေးဇူးသိတတ်သူများက နိုင်သမျှ ကန်တော့ကြသော ပစ္စည်းများဖြင့်သာ ရောင့်ရဲလျက် နေထိုင်လေ့ရှိသည်။

သူသည် ဗုဒ္ဓစာပေကျမ်းဂန်များကို အသင့်အတင့် တတ်သိနားလည်သည်။ ရှေးခေတ်က အသုဘအိမ်များ၌ အသုဘချပြီးလျှင် မိတ်ဆွေနှင့် ဆွေမျိုးများက အသုဘအိမ်သို့ လာကြလေ့ရှိသည်။ ထိုခေတ်က ဖဲဝိုင်းမရှိသောကြောင့် ညပိုင်း၌ ဦးရိုးက တရားဓမ္မများကို သူနားလည်သမျှ ဟောပြောလေ့ရှိသည်။

အရပ်ထဲ၌ သူ့အား ကြည်ညိုလေးစားကြသည်။ ရတနာသုံးပါးကို ကြည်ညိုသဒ္ဓါတရား ပွားသည့်အတိုင်း ကထိန်ခင်းလျှင် ဆင်းရဲသားများလည်း ကုသိုလ်ပါဝင်နိုင်အောင် စုဘူးများလုပ်ပြီး အလှူခံ၍ ငွေစုပေးသည်။ ကထိန်ခင်းသောအခါ မမျှော်လင့်ဘဲ ငွေများစွာ ရရှိသည်။ ဆင်းရဲသား၊ ဆွေမျိုး၊ မိတ်သင်္ဂဟများလည်း ၀မ်းမြောက်ဝမ်းသာ အလှူပါဝင်နိုင်ကြသဖြင့် သူ့ကို အားကိုး၍ ကျေးဇူးတင်ကြသည်။ ရပ်ရွာ၌ ကူညီစရာရှိလျှင်လည်း မဆိုင်းမတွ ကူညီတတ်သည်။ ကိစ္စတရပ်ရပ်ပေါ်၍ ဆုံးဖြတ်စရာရှိလျှင် ကျေနပ်အောင် ဆုံးဖြတ်ပေးတတ်သည်။ ရပ်ကွက်၌ အားလုံး ရိုသေ လေးစား ခံရသည်။ သူ၏ ဖြောင့်မတ် တည်ကြည်ခြင်း၊ စိတ်နှလုံး နူးညံ့ကောင်းမွန်ခြင်း၊ သဒ္ဓါတရားကောင်းခြင်းကြောင့် သူ့ကို သိသူ များကြသည်။ ဤသို့လျှင် မြိတ်မြို့၌ ဟုမ်မရူးအသင်း ဖွဲ့သောအခါ သူ့ကို ဥက္ကဋ္ဌ မြှောက်ကြသည်။

ဦးရိုးတို့ ကိုးကွယ်သော ဆရာတော်၏ ကျောင်းမှာ ဟုမ်းမရူးကျောင်းဖြစ်သောကြောင့် ဒိုင်အာခီတပည့်များက သူတို့အား တ၀င်းတည်း မထားလို။ ကျောင်းနှင့်အတူပြောင်းရွှေ့ပေးရန် ပြောကြသည်။ ထို့ကြောင့် ဦးရိုးသည် မြိတ်ဒိစတြိတ်အရေးပိုင်ထံသို့ အကျိုးအကြောင်း ပြောပြပြီး ကျောင်းဆောက်ရန် နေရာအသစ်တောင်းခံသည်။ အရေးပိုင်ကလည်း အလွယ်တကူ မြေနေရာကို ပေးလိုက်သည်။ ယင်းနေရာကို ဒိုင်အာခီများကလည်း သူတို့အလိုရှိနေကြသဖြင့် အရေးပိုင်ထံ လျှောက်ထားကြသည်။ ဟုမ်းမရူးကျောင်းအတွက် ပေးလိုက်ပြီး ဖြစ်ကြောင်း ပြောပြသည်။ သူတို့မရတော့ပေ။

ထိုနေ့မှစ၍ ဦးရိုးကို ဒိုင်အာခီများက မကျေနပ်ကြ။ အခွင့်ကောင်းရအောင် အရေးပိုင်ထံ ၀င်လျှောက်ရသလားဟု အပြစ်တင်ကြသည်။ မနာလို ရှိကြသည်။ ထိုခေတ်က မြိတ်မြို့တွင် မော်တော်ကားများ မရှိသေး၊ လန်ချားများသာ ရှိသည်။ ဦးရိုးသည် နံနက်ပိုင်း ဆေးကုပြီး ညနေ ၄-နာရီအချိန်တွင် အိမ်မှဘုရားသို့ သွားလေ့ရှိသည်။ ဘုရားပန်းများမှာ အုန်းလက်ကြောများဖြင့် သီထားသောကြောင့် ပန်းသီများကိုင်၍ သွားရသည်။ လမ်းတလျှောက် ဘုရားဖူးသူ များသဖြင့် အိမ်တချို့က ဘုရားသွားသူများအား ဘုရားပန်းသီများ ထွက်ပေးလေ့ရှိကြသည်။

ဦးရိုးသည် ပန်းများနှင့် ဖယောင်းတိုင်များကို ဘုရား သိမ် အသီးသီး၌၀င်၍ ဆက်ကပ်ပူဇော်ပြီးမှ နောက်ဆုံး သူ၏မိခင် ပူဇော်ထားသော ဘုရားရှိရာသိမ်သို့ ၀င်၍ ရှိခိုးလေ့ရှိသည်။ ဤကဲ့သို့ ညနေတိုင်း မပျက်မကွက် ဦးရိုး ဘုရားသွားချိန်တွင် ထိုလမ်းမကြီးရှိ တိုက်အိမ်တလုံးတွင်နေသော သူဋ္ဌေးတဦးသည် တိုက်ရှေ့သို့ထွက်လာ ပြီးလျှင် ဟုမ်းမရူး ဥက္ကဋ္ဌကြီး လာပြီ၊ တန်ခိုးကြီးလို့ ချေးရေတိုက်ဖို့ ကောင်းတယ်ဟေ့-ဟူ၍ အသံကျယ်လောင်စွာ အော်ပြောလေ့ရှိသည်။

ဦးရိုးကား ဣနြေ္ဒမပျက်၊ မကြားယောင်ဆောင်ကာ သွားမြဲတိုင်း သွားလျက်ပင်။ သူ့အား ရန်သူဟူ၍ သဘောမထား၊ သည်းခံသည်။ နေ့စဉ် ဦးရိုးအား ဤကဲ့သို့ စော်ကားနေသဖြင့် အိမ်နားနီးချင်း မိတ်ဆွေများက ဦးရိုး၏ တူသားများအား သွားတိုင်ကြသည်။ လူငယ်များက ဒေါသ ထောင်းထောင်းထွက်၍ သူတို့ သွားရောက် ဆုံးမမည်ဟု ဦးရိုးအား လာပြောကြသည်။

ဦးရိုးက ရန်ရန်ချင်း မတုံ့နှင်းကြနဲ့၊ ငါ့မှာ ဘာမှမထိခိုက်၊ သူမောတဲ့အခါ တိတ်သွားလိမ့်မယ်-ဟု ဆုံးမထားလိုက်သည်။ လူငယ်များကား မကျေနပ်ကြ။ စိတ်ထဲ မခံချင် ဖြစ်ကြသည်။ ဤသို့ဖြစ်ရာမှ နှစ်ပတ်ခန့် ကြာသောအခါ သူဋ္ဌေးထွက်မလာသဖြင့် ဦးရိုးက အံ့အားသင့်မိသည်။ ထို့နောက် သူဋ္ဌေးကြီး ၀မ်းတွေသွားပြီး ရေကိုသာအငမ်းမရ တောင်းသောက်နေရကြောင်း၊ ဆရာဝန်တွေလည်း မကယ်နိုင်တော့ကြောင်း သတင်းကြားရသည်။

များမကြာမီ ထိုသူဋ္ဌေး အနိစ္စရောက်သွားကြောင်း သိရှိရသည်။ အစောကားခံရသူ ဒုက္ခမတွေ့။ စောကားသူသာ ဒုက္ခတွေ့သွားသည်။ သည်းခံခြင်းကား မင်္ဂလာပင်။

( ဒေါ်စောရင် )
*********************************************************************************

( ပဋ္ဌာန်းတရားဖြင့် ကုသခြင်း )

စာရေးသူသည် တနေ့တွင် ရွှေတောင်မြို့ ဂန္ဓာရုံဆရာတော်ကြီး ဘဒ္ဒန္တ အဂ္ဂ၀ံသ ( အဂ္ဂမဟာပဏ္ဍိတ ) ထံတော်သို့ ကန်တော့ဖူးမြော်ရန် ရောက်ရှိသွားပါသည်။ ဆရာတော်ကြီးက ကန်တော့ခံတော်မူ၍ ဆုများပေးပြီး စာရေးသူ၏ ကျန်းမာရေး အခြေအနေကို မေးမြန်းတော်မူသည်။ စာရေးသူက မိမိ၏ ကျန်းမာရေး ချွတ်ယွင်းချက်ကို လျှောက်ထားသည်။ ထိုအခါ ဆရာတော်ကြီးက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို ရွတ်ဖတ်ပူဇော်၍ မိမိရောဂါကို ကုသကြည့်ရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် ရွတ်ဖတ်ပုံ ရွတ်ဖတ်နည်းပါ အမိန့်ရှိပါသည်။

စာရေးသူသည် ဆရာတော် အမိန့်ရှိလိုက်သည့် နေ့မှစ၍ နေ့စဉ် ပြုလုပ်နေကျဖြစ်သော ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ မေတ္တာပို့ပါသည်။ ထို့နောက် ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို အာရုံစူးစိုက်၍ လေးလေးနက်နက် ရွတ်ဖတ်ပူဇော် ပါသည်။ ၅-ရက်မြောက်သောနေ့တွင် ထူးခြားသော အိပ်မက်များ မြင်မက်ပါတော့သည်။

အိပ်မက်ထဲတွင် စာရေးသူ၏ ၀မ်းဗိုက်တွင်းမှ ဆံပင်ချည်ထွေး ၅-ထွေးသည် အတွဲလိုက် ထွက်ကျသည်ဟု မြင်မက်ပါသည်။ တဆက်တည်းမှာပင် ညာဘက်နားတွင်းမှ နဖာချေးများ အလိပ်လိုက်၊ အခွေလိုက် များစွာ ထွက်ကျသွားသည်ဟု မြင်မက်ပါသည်။

ထိုကဲ့သို့ အိပ်မက်မြင်မက်ပြီးသည့် နောက်ပိုင်းမှစ၍ ကျန်းမာရေး တစတစ ကောင်းမွန်လာပါတော့သည်။ ယခင်ကဆိုလျှင် စိတ်ထိခိုက်စရာ ပေါ်ပေါက်လာသည့် အခါမျိုးနှင့် ကြုံကြိုက်လာလျှင် ပုံလျက်သားကျပြီး သတိလက်လွတ် မလှုပ်နိုင် မရှားနိုင် ဖြစ်သွားသည်။ ရင်တွင်းမှလည်း မချိအောင် ဝေဒနာခံစားရတတ်ပါသည်။

ဤကဲ့သို့ ဝေဒနာဆိုးများ ၂-ကြိမ် ၃-ကြိမ် ဖြစ်ခဲ့ဖူးပါသည်။ ယခုနောက်ပိုင်းတွင် ဤလို ဝေဒနာမျိုး လုံးဝမဖြစ်တော့ပါ။ ရင်တုန်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူမ၀ခြင်းတို့ပင် ပျောက်ကင်းသလောက် ဖြစ်ပါသည်။

စာရေးသူသည် နှလုံးအထူးကု ဆရာဝန်ကြီး ၂-ဦး၊ မြန်မာသမားတော်ကြီးများနှင့် နှစ်စဉ်ပြ၍ ကုသနေရသူ ဖြစ်ပါသည်။ ယခုမူ ဆရာတော်ညွှန်ကြားချက်အတိုင်း ယုံကြည်လေးနက်စွာ ကျင့်သုံး၍ ပဋ္ဌန်းတရားတော်ကြီးအား ပူဇော်ရသည့် အကျိုးကြောင့် စွဲကပ်နေသော ရောဂါဝေဒနာမှ ထမြောက် အောင်မြင်ခဲ့ရပါသည်။

ရောဂါဝေဒနာရှင်များ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေရန်၊ ရောဂါပျောက်ကင်း ချမ်းသာခြင်းဖြင့် အောင်မြင်မှု ရယူကြပါစေရန် အတုယူ၍ လိုက်နာကျင့်သုံးကြစေလိုသော စေတနာရင်းဖြင့် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ရောဂါပျောက်ကင်း ချမ်းသာစေရေးအတွက် ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော်ကို ရွတ်ဖတ်ပူဇော်နည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရှေးဦးစွာ မိမိတို့နေရာဌာနတွင် ကိုးကွယ်ပူဇော်ထားသော ရုပ်ပွားဆင်းတုတော်ရှေ့၌ မတ်မတ်ခြေစုံ ရပ်၍ လက်အုပ်ချီပြီးလျှင်-
၁။ နမော အနန္တနယ ဒေသကဿ သမ္မာသမ္ဗုဒ္ဓဿ-ဟု ၃-ခေါက် ရွတ်ပါ။
၂။ ဟေတုပစ္စယော-မှစ၍ အ၀ိဂတပစ္စယော အဆုံး ၂၄-ပစ္စည်း ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို မိမိခန္ဓာကိုယ် ဆံဖျားမှ ခြေဖျားတိုင်အောင် အထက်မှ အောက်သို့ စိတ်ကညွတ်၍ ရွတ်ဖတ်ပါ။
၃။ တဖန် အောက်ခြေဖျားမှ အထက်ဆံဖျားတိုင် အောက်မှ အထက်သို့ စိတ်ကညွတ်၍ ရွတ်ဖတ်ပါ။
၎။ မိမိခန္ဓာကိုယ်ကို လက်ျာရစ် လှည့်၍ (စိတ်ဖြင့်) ရွတ်ဖတ်ပါ။
၅။ မိမိခန္ဓာကိုယ်ကို လက်ဝဲရစ် လှည့်၍ (စိတ်ဖြင့်) ရွတ်ဖတ်ပါ။
၆။ နောက်ဆုံး မြှောက်ချီထားသော လက်အုပ်ကို ဦးထိပ်ထက်တင်၍ မိမိရောဂါရှိရာ (နှလုံးသား) ကို စိတ်ကညွတ်၍ ရွတ်ဆိုရန် ဖြစ်ပါသည်။

မှတ်ချက်။ စာရေးသူမှာ နှလုံးသွေးကြောကျဉ်းသော ရောဂါရှင်ဖြစ်၍ နှလုံးသားကို စိတ်စိုက်၍ ရွတ်ဖတ်ခြင်း ဖြစ်သော်လည်း အခြားသော ဝေဒနာရှင်များမှာ မိမိတို့ ရောဂါရှိရာသို့ မှန်းဆ၍ ရွတ်ကြရန် ဖြစ်ပါသည်။

အမှန်မှာ မိမိခန္ဓာကိုယ် တခုလုံးအား အသည်းနှလုံးပါမကျန် ပဋ္ဌာန်းဒေသနာတော်ဖြင့် စည်းချ ကာကွယ်၍ ထုံမွှမ်းထားခြင်းပင် ဖြစ်ပါသည်။
အားလုံးသော ရောဂါဝေဒနာရှင်များ ပဋ္ဌာန်းတရားတော်ကြီးကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ပျောက်ကင်း ချမ်းသာကြပါစေ။

( ရှင်ထွေး-ရွှေတောင် )

( မြတ်မင်္ဂလာ-၁၉၉၅-ခု နိုဝင်ဘာလ )

Monday, April 20, 2009

ဘာသာရေး ပြဿနာ ( ၅၃ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( သောတာပန်နှင့် လူ့ဘ၀ )
ဤဘ၀တွင် သောတာပန်ဖြစ်ပြီး၍ စုတေခဲ့ပြီး နောက်ဘ၀တွင် လူ့ဘ၀တွင် ပြန်ရောက်နိုင်ပါသေးသလား၊ ယခင်ဘ၀တွင် မည်သည့်တရားမျှ မကျင့်ကြံရသေးမီ မိမိကိုယ်ကို သောတာပန်ဟု သိရှိနိုင်ပါသလား၊ နတ် ဗြဟ္မာ ဘ၀တွင် အရိယာအဖြစ် ကျင့်ကြံ၍ ရနိုင်ပါသလား၊ ဖြေကြားပေးတော်မူပါဘုရား။
( မသန်းရွှေ-မြို့သစ်ရပ်၊ စစ်ကိုင်းမြို့ )

( ဖြေ )
သောတာပန်ပုဂ္ဂိုလ်သည် အများဆုံး ၇-ဘ၀ ကာမဘုံတွင် ဖြစ်နိုင်ရာ လူ့ဘ၀တွင် ၃-ဘ၀ထက်မနည်း ဖြစ်နိုင်ခွင့် ရှိကြောင်း ဆိုပါသည်။ သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိဂတသမ္ပယုတ် ၄-နှင့် ၀ိစိကိစ္ဆာ-ဟူသော အကြမ်းစား ကိလေသာတို့ကို ပယ်ခဲ့ပြီး ဖြစ်သည်၊ လူ့ဘ၀၌ ဖြစ်လျှင်လည်း ၄င်းဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ တရားတို့ မဖြစ်ခဲ့သဖြင့် အလွန်ယဉ်ကျေးသိမ်မွေ့သည့် ဗုဒ္ဓသာဝက အရိယာဖြစ်နေ၍ သူကိုယ်တိုင် သောတာပန်ပုဂ္ဂိုလ်ဖြစ်ကြောင်း မသိနိုင်စရာ အကြောင်းမရှိပါ။

လူ့ပြည်က ကုသိုလ်ကောင်းမှုပြု၍ နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်လျှင် ဘုရားလောင်းနတ်သားများ၊ သောတာပန်စသော အရိယာနတ်များက တရားဟော၍ ထိုနတ်သားများထံမှ တရားနာယူပြီး မဂ်ဖိုလ် ရနိုင်ကြ ပါသည်၊ နာမ်သာရှိသော အရူပဗြဟ္မာဘုံတွင် သောတာပတ္တိမဂ်မှတပါး အခြားမဂ်ဖိုလ် တရားများကို အားထုတ်၍ ရနိုင်ခွင့်ရှိကြောင်း အဘိဓမ္မာတွင် ဆိုပါသည်။
*********************************************************************************

( မေး ) ( ငါးပါးသီလ ခံယူပုံ )
ဆရာတော်ဘုရား၊ ငါးပါးသီလကို ခံယူဆောက်တည်ရာတွင် ဘုရားရှေ့၌ အာမဘန္တေခံပြီး ရွတ်ဆိုမှ ရပါသလားဘုရား။ ထိုသို့ အာမဘန္တေခံ၍ မရွတ်ဘဲ မိမိဘာသာ ငါးပါးသီလနှင့်အညီ လိုက်နာနေထိုင်လျှင်လဲ ရပါသလား၊ ရရှိသည့် အကျိုးကျေးဇူးများ မည်ကဲ့သို့ ခြားနားကြောင်း သိလိုပါသည်ဘုရား။
( မမင်းမင်းမြင့်သူ-ဗိုလ်တထောင် )

( ဖြေ )
အကုသိုလ်မှ ကြဉ်ခြင်း ၀ိရတီ ၃-ပါးရှိသည်၊
၁။ သမ္ပတ္တ၀ိရတီ-သိက္ခာပုဒ်ကို မဆောက်တည်ဘဲ ကြုံတွေ့သောအခါ ရှောင်ကြဉ်ခြင်း။
ဥပမာ-ငါးပါးသီလကို ခံယူထားသည်မဟုတ်၊ သို့သော် သွားရင်း လာရင်း မြွေဆိုး စသည်ကို တွေ့ရသော်လည်း မသတ်ဘဲ ရှောင်ကြဉ်သည်။

၂။ သမာဒါန၀ိရတီ- ငါးပါးသီလကို ခံယူထားသည်။
သို့ဖြစ်၍ မြွေဆိုးစသည်ကို မသတ်ဘဲ ရှောင်ကြဉ်သည်။

၃။ သမုစ္ဆေဒ၀ိရတီ-မဂ်တရား ဖိုလ်တရား ရရှိပြီးဖြစ်၍ သူ့အသက်သတ်မှု စသည်ကို လုံးဝရှောင်ကြဉ်သည်။

ဤ ၃-ပါးတွင် ပြဿနာရှင်၏ အမေး၌ ရှေ့ ၂-ပါးနှင့် သက်ဆိုင်ရာ သီလမခံယူဘဲ မိမိဘာသာ ငါးပါးသီလနှင့်အညီ လိုက်နာနေထိုင်ပါသည် ဆိုလျှင် သမ္ပတ္တ၀ိရတီ-သာဖြစ်၍ မိမိသဏ္ဍာန်၌
အမြဲ သီလ တည်နေခြင်း မရှိ၊ မသတ်ဘဲ ရှောင်၍ ကုသိုလ်အခိုက်အတန့် ရမှုလောက်သာဖြစ်သည်။

အမှတ် ၂-သမာဒါန၀ိရတီဖြစ်အောင် သီလခံယူဆောက်တည်ကာ အာမဘန္တေ-ဟု ၀န်ခံ၍နေလျှင် သတ်အပ်သောမြွေဆိုး စသည့် ၀တ္ထုကိုတွေ့၍ ရှောင်သည်ဖြစ်စေ၊ မတွေ့ဘဲ အိမ်မှာနေနေဆဲမှာ ဖြစ်စေ၊ ငါးပါးသီလ အမြဲတည်နေပါသည်။ ထို့ကြောင့် သီလဟူသည် နှုတ်မြွက်ခံယူ ဆောက်တည်ရပါသည်၊ သို့မှ သမာဒါန၀ိရတီဖြစ်၍ အမြဲနိစ္စသီလ တည်နေသူ ဖြစ်နိုင်ပါသည်။
*********************************************************************************

( မေး ) ( အဖျော်ရည် )
ရဟန်းတော်များသည် ရေနှင့် ဒန်ပူကို အကပ်မခံဘဲ သုံးဆောင်ကောင်းသည်ဟု သိရပါသည်၊ ဆီးဖျော်ရည် စသော ဖျော်ရည်များကို မကပ်ဘဲ သုံးဆောင်နိုင်ပါသလား၊ သာဓကသွင်း၍ ရှင်းလင်းဖြေကြားတော်မူပါဘုရား။
( ၀င်းနိုင်-တောင်ငူမြို့ )

( ဖြေ )
ဆီးဖျော်ရည် စသော အရည်တို့မှာ ရေမဟုတ်၊
ယာမကာလိက အဖျော်ရည်မျိုးထဲတွင် ပါဝင်၍ အကပ်ခံ၍ သုံးဆောင်ရရုံသာမက တနေ့မျှသာအပ်သော
အဖျော်ရှစ်မျိုး၏ အနုလောမမျိုး အ၀င်အပါ ဖြစ်သည်။

၎င်း၏ သာဓကမှာ
သပြေ, သရက်၊ မုဒရက်၊ ဖက်သက် သစ်မည်စည်။
တော, အိမ်, ငှက်ပျော၊ ကြာစွယ်နှော၊ မှတ်လောရှစ်ဖျော်ရည်။

ရှောက်မန်ကျည်းစ၊ နုလောမ၊ လျော်လှ အဖျော်ရည်။
ဆီး, သံပုရာ၊ ဥသျှစ်ပါ၊ ဖျော်ကာ သုံးနိုင်သည်။
ဟု-သုံးနိုင်သော ဖျော်ရည်များကို ဆိုသည်။

မသုံးနိုင်သော ဖျော်ရည်အဖြစ်
( ထန်း, အုန်း, နှစ်တွဲ၊ ပိန္နဲနှစ်စုံ၊ ဘူး, ဖရုံ၊ မှတ်တုံ သုံးသခွါး ) ဟု ဆိုပါသည်။
ပါဠိဖြင့် လိုပါမူ-ယာမကာလိကေသု ပန-စသည်ဖြင့် အကျယ်ပြသော ၀ိနယသင်္ဂဟ အဋ္ဌကထာ (၀ိသင်ဋ္ဌ-၉၉) တွင် ကြည့်နိုင်ပါသည်။
*********************************************************************************

( မေး ) ( တရားဟောပလ္လင်ကိစ္စ )
ဆရာတော်ဘုရား၊ တပည့်တော်၏ မိတ်ဆွေတဦးသည် ကမ္မဋ္ဌာန်းဌာနတခု၌ ခြေတွင် နယားရုပ်ပါသော
တရားဟောပလ္လင် လှူပါသည်။ ဆရာတော်တပါးက နယားရုပ်ပါသော ပလ္လင်တွင် တက်ထိုင်ပြီး တရားမချီးမြှင့်ကောင်း၊ တရားချီးမြှင့်လျှင် အာပတ်သင့်သည်ဟု ဟောပါသည်၊ ထိုစကား မှန်-မမှန် ရှင်းလင်းတော်မူပါဘုရား။
( ဦးလှအောင်-ကချင်ပြည်နယ် )

( ဖြေ )
ဥစ္စာသယန မဟာသယန-ဆိုင်ရာ၌ အခြေတွင် သားရဲရုပ် (နယားရုပ်-ခြင်္သေ့ရုပ်စသည်) ရှိသော ညောင်စောင်း၊ အင်းပျဉ်၊ ဓုတင်၊ ပလ္လင်တို့တွင် မအိပ်ကောင်း၊ မထိုင်ကောင်း စသည့် ဆုံးဖြတ်ချက်များ ၀ိနည်းအဋ္ဌကထာ ဋီကာ တို့တွင် များစွာ ပါရှိပါသည်။
လယ်တီဆရာတော် ဘုရားကြီးသည် မဟာသယန ဒီပနီဟူသော အမည်ဖြင့် ကျမ်းတစောင် ပြုစုထားခဲ့သေး သည်၊ ထိုကိစ္စမှာ လွန်စွာကျယ်ဝန်းသဖြင့် စုံလင်အောင် မတင်ပြနိုင်ပါ။ အမှန်အားဖြင့် ခုတင်၊ ညောင်စောင်း တို့တွင် အခြေ၌ အရုပ်ပါသော မဟာသယနများ၌ အိပ်စက်နေထိုင်ခြင်း ပြုသော်သာ အာပတ်သင့်ခြင်းဖြစ်သည်။

သို့သော်လည်း ဝေနေယျများစွာ ဒကာ ဒကာမ သာဝက ယောဂီအလီလီတို့အား ကမ္မဋ္ဌာန်းပြခြင်း၊ တရားဓမ္မ ဟောခြင်း စသည်တို့၌ကား အပြစ်မရှိနိုင်ပါ။ အရှင်အာနန္ဒာ အရှင်ကစ္စာယနတို့ ရွှေ ငွေ စိန် ကျောက် ထိန်ထိန်တောက်နေသော ရာဇပလ္လင်ပေါ်မှ ကောသလမင်းကြီး၊ ဥတေနမင်းကြီးတို့အား တရားဟောခြင်း၊ နိဂြောဓသာမဏေတို့ ၊ ပုဂံ ရှင်အရဟံတို့ ထိုက်တန်သော နေရာမှာ နေပါဆိုလျှင် ရာဇပလ္လင်ပေါ်သို့ တက်၍ထိုင်ကာ အသောကမင်းကြီး၊ အနောရထာမင်းကြီးတို့အား သာသနာပြုခြင်း တရားဟောခြင်းတို့ကို သာဓကမူနိုင်ပါသည်။
*********************************************************************************

( မေး ) ( လိပ်ပြာကောင်လား ၀ိညာဉ်လား )
ဆရာတော်ဘုရား အချို့စာအုပ်များတွင် တပည့်တော်ဖတ်ရသည်မှာ မိမိကိုယ်ခွဲဖြင့် သွားလိုရာသို့ သွားနိုင်ခြင်း၊ သတိမေ့မြောနေစဉ် မိမိကိုယ်ကိုမိမိ အပေါ်စီးမှ မြင်နေရပြီး အခြားသူများကိုလည်း မိမိခန္ဓာကိုယ်အနီး၌ မြင်နေရခြင်း စသည်တို့ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာအရ ၀ိညာဉ်ခန္ဓာမရှိ၊ လိပ်ပြာကောင် မရှိ၊ ရုပ်သက်သက်၊ နာမ်သက်သက် မရှိ-ဟု ဆိုသဖြင့် ( အထက်ပါတို့ကို ) ဗုဒ္ဓဘာသာဝင် တဦးအနေဖြင့် မည်သို့ ဆင်ခြင်သုံးသပ် ရမည်ကို ဖြေကြားပေးပါဘုရား။
( နေထွန်းခိုင်-ပြည်မြို့ )

( ဖြေ )
လူသတ္တ၀ါတို့ သေခါနီးတွင် ကံ, ကမ္မနိမတ်, ဂတိနိမိတ်ဟူ၍ နိမိတ်သုံးမျိုး ထင်မြဲဖြစ်သည်။
ကျောင်းလှူဖူးသူဆိုလျှင် ကျောင်းလှူရန် ဖြစ်ပေါ်သော စေတနာ၊ သေခါနီးတွင် ပေါ်သည်။ ၄င်းမှာ ကံနိမိတ် ဖြစ်သည်။

ကျောင်းအဆောက်အအုံ လှူဒါန်းနေပုံ စသည်တို့မှာ ကမ္မနိမိတ် ဖြစ်သည်။
ထို့နောက် လားရမည့် ဂတိနိမိတ် ပေါ်သည်။

ဂတိနိမိတ်မှာ သွားလိုရာ သွားနေပုံ မိမိကိုယ်ကို၎င်း၊ အခြားသူများကို၎င်း မြင်ရပုံ၊
လားရောက်ရမည့် ဂတိသို့ သွားလာရပုံ၊ တွေ့ရှိရပုံများကို မြင်ရသည်။
သောဏရဟန္တာမြတ်၏ ဖခင် မုဆိုးကြီးကို သားရဟန္တာက ရဟန်းဝတ်ပေးထားသည်။
ထိုမုဆိုး တောထွက်ရဟန်းကြီး သေခါနီးတွင် တသက်လုံး မုဆိုးလုပ်လာခဲ့၍ ငရဲဂတိနိမိတ်များ ထင်သည်၊ ငရဲခွေးကြီးများ ၀ိုင်းလိုက်ကိုက်ခဲနေ၍ အော်ဟစ်နေသည်ကို သားရဟန္တာက သူ့ဖခင်ရဟန်းကြီး ငရဲဂတိနိမိတ် ထင်နေပြီဖြစ်ကြောင်း သိသည်။

ခုတင် ညောင်စောင်းနှင့်တကွ စေတီတော်ရှိရာသို့ ယူဆောင်လာစေပြီး သာမဏေတို့အား ပန်းများစွာစုဆောင်းစေ၍ ရဟန်းကြီးအား စေတီတော်ကို ပန်းပူဇော်လော့၊ ဘုရားရှိခိုးလော့-စသည့် ကုသိုလ်အာရုံသို့ ပြောင်းပေးလိုက်သည်။ ထိုအခါမှ ငရဲဂတိနိမိတ်များ ပျောက်ကာ ဒေ၀ဂတိနိမိတ်များ ဖြစ်သည့် နတ်ဗိမာန်၊ နတ်သမီး၊ နတ်သားများကို မြင်ရကြောင်း ပြောလေသည်။ ဂတိနိမိတ်ထင်ပြီး မကွယ်လွန်သေးဘဲ အတန်ကြာနေနိုင်သေးခြင်း၊ ငရဲနိမိတ်မှ သုဂတိနိမိတ်သို့ ပြောင်းလဲဖြစ်ပေါ်စေနိုင်ခြင်းတို့ကို စဉ်းစား၍ အသက်ဝိညာဉ် လိပ်ပြာကောင် ထွက်ဝင်နေသယောင်ကိစ္စမှာ ဂတိနိမိတ်ဖြစ်ကြောင်း မှတ်သားထားစေလိုပါသည်။
*********************************************************************************

( မေး ) ( သီလရှင် သီလပေး )
ဆရာတော်ဘုရား၊ ကိုးပါးသီလ စောင့်ထိန်းထားသော သီလရှင် ဆရာလေးများက ရှစ်ပါးသီလ ခံယူရန် တောင်းခံလာသည့် ဒကာ ဒကာမများကို သီလပေးကောင်းပါသလား ဘုရား။
( မင်းမင်း-ဒဂုံတောင်ပိုင်း ၂၁ )

( ဖြေ )
ဥပုသ်သီလ ( ရှစ်ပါးသီလ ) ခံယူဆောက်တည်သူတို့အဖို့
ဥပုသ်နေ့များတွင် နံနက်ပိုင်းတွင် ရဟန်းတော်များထံ၌ ဖြစ်စေ၊ ရဟန်းမိန်းမ (ဘိက္ခုနီ) တို့ထံမှာဖြစ်စေ သီလပေးနိုင်စွမ်းရှိသူ၊ သီလ၏လက္ခဏာ၌ သိကျွမ်းနားလည်သူ၊ လူယောက်ျား လူမိန်းမ ဥပါသကာ ဥပါသိကာတို့ထံမှာဖြစ်စေ ခံယူနိုင်သည်-ဟု အင်္ဂုတ္တိုရ်အဋ္ဌကထာတွင် ဖွင့်ဆိုသဖြင့် သီလကို မည်သူ့ထံမှာမဆို ခံယူနိုင်သည်။

သီလပေးမည့်သူ မရှိလျှင်လည်း ကိုယ့်အိမ်ရှိ ဘုရားခန်း၊ ဘုရားရှေ့တော်တွင် နှုတ်မြွက်ရွတ်ဆို၍ သီလခံယူနိုင်ပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည် ဥပုသ်နေ့များ၌ ကျောင်းသို့သွား၍ ဥပုသ်စောင့်ကြရာ အများစုံညီအောင် စောင့်ရ၍ နံနက် ၉-နာရီခန့်မှ သီလခံယူကြရသည်။

နံက်ပိုင်းတွင် သီလမရှိဘဲ လပ်ဟာနေသဖြင့် နံနက်အိပ်ရာထ မျက်နှာသစ်ပြီးစကတည်းက ဘုရားရှေ့တွင် မိမိဘာသာ သီလခံယူထားကြသည်၊ ကျောင်း၌ အများနှင့်လည်း အတူထပ်မံ ခံယူကြသေးသည်၊ ဘုရားလက်ထက်ကလည်း အနာထပိဏ်သူဋ္ဌေးကြီး စသည့် ဥပါသကာတို့သည် နံနက်စောစော အိမ်၌ မိမိဘာသာ သီလခံယူလေ့ရှိကြကြောင်း စာများတွင် တွေ့ရသည်။ ထို့ကြောင့် ဥပုသ်သီလကို မည်သူ့ထံတွင်မဆို ခံယူနိုင်ကြောင်း ဖြေကြားလိုက်ပါသည်။

( မြတ်မင်္ဂလာ ၁၉၉၅-ခု နိုဝင်ဘာလ )

Saturday, April 18, 2009

ကျောင်းဆောက်လှူ၍ နူနာပျောက်ကင်းသော ရောဟိနီ မင်းသမီး

ကပိလ၀တ္ထုမြို့ နိဂြောဓာရုံ ကျောင်းတော်တွင် မြတ်စွာဘုရား သီတင်းသုံးနေတော်မူစဉ် ဖြစ်၏၊ အရှင်အနုရုဒ္ဓါ မထေရ်သည် ကပိလ၀တ္ထုမြို့သို့ ရောက်လာရာ ဆွေတော်မျိုးတော်များ လာရောက်၍ ဖူးမြော်ကန်တော့ကြ၏၊ နှမတော် ရောဟိနီမင်းသမီးကား ကိုယ်ရေပြားရောဂါ ကပ်ရောက်လျက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေရာ ရောက်မလာပေ၊ အရှင်အနုရုဒ္ဓါက နှမတော်အား လာရောက်စေလျက် နှမတော် ၀တ်ဆင်သည့် အ၀တ်အထည် များနှင့် ရတနာပစ္စည်းများကို ရောင်ချပြီး ရဟန်းသံဃာတော်များအတွက် ဆွမ်းစားကျောင်း ဆောက်လုပ် လှူဒါန်းရန် ဟောပြောအကြံပေး၏။

ကျောင်းဆောက်လုပ်နေစဉ်အတွင်းတွင်လည်း တံမြက်စည်းလှည်းခြင်း၊ သောက်ရေ၊ သုံးရေတည်ခြင်း၊ စသော သေနာသန ၀တ်များကို နေ့စဉ် ပြုလုပ်စေ၏၊ မင်းသမီးလည်း အကြံပေးချက်အတိုင်း ကောင်းစွာပြု၏၊ ထိုအခါ လက်ငင်းအကျိုး နူနာရောဂါ သက်သာသွားသည်၊ ဆွမ်းစားကျောင်းပြီးသောအခါ မြတ်စွာဘုရားနှင့် သံဃာတော်များအား ဆွမ်းဘောဇဉ် ဆက်ကပ်၏၊ နူနာလုံးဝ မပျောက်ကင်းသေးသဖြင့် ရှက်သောကြောင့် ရောဟိနီ မင်းသမီး ထွက်မလာဘဲနေရာ ဘုရားရှင်က ရှေ့တော်သို့ခေါ်ယူ၍
ရောဟိနီ၊ သင် ဤနူနာ စွဲကပ်ရခြင်းမှာ ရှေးဗာရာဏသီမင်း၏ မိဖုရားကြီးဖြစ်စဉ်က ကချေသည် မောင်းမငယ်တဦးအား မနာလိုဝန်တို စိတ်ဖြင့် အိပ်ရာ၊ ပ၀ါ၊ အခင်းစသည်တို့ကို ခွေးလှေးယားသီးမှုန့်ဖြင့် ပက်ဖြူးပြီး အဖုအပိမ့်များ ဖြစ်စေကာ ယားယံ နာကျင်စေသော မကောင်းမှုကံ၏ အကျိုးဆက်ကြောင့် ဖြစ်သည်-ဟု အတိတ်ကို ဆောင်တော်မူကာ ယခုဘ၀တွင် အမျက်ဒေါသ မရှိရန်၊ ငြူစူခြင်း မပြုရန်၊ မေတ္တာတရားထားရန် ဟောတော်မူ၏၊ ဒေသနာအဆုံး၌ ရောဟိနီမင်းသမီးသည် သောတာပန် ဖြစ်သွား၏၊ နူနာရောဂါလည်း ပျောက်ကင်း၍ ချောမောလှပသော ရုပ်ဆင်းအင်္ဂါ ရရှိလာလေသည်။ ဘုရားရှင်က အောက်ပါ ဂါထာကို ဆက်လက် ဟောကြားလေသည်။

( ပါဠိဂါထာ )
ကောဓံ ဇဟေ ၀ိပ္ပဇဟေယျ မာနံ ၊ သံယောဇနံ သဗ္ဗမတိက္ကမေယျ ။
တံ နာမရူပသ္မိမသဇ္ဇမာနံ ၊ အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ ။

( မြန်မာပြန် )
အမျက်ဒေါသကို စွန့်ရာ၏၊
မာနကို ပယ်ရာ၏၊
သံယောဇဉ် အနှောင်အဖွဲ့အားလုံးကို လွန်မြောက်ရာ၏၊
နာမ်ရုပ်၌ ငါ၏ ကိုယ်ဟူ၍ မငြိမတွယ် မကြောင့်ကြသောသူ့ထံသို့ ဆင်းရဲဒုက္ခတို့သည် မလာကုန်။

( ဆောင်ပုဒ် )
အမျက်ဒေါသ၊ မာန်မာနကို၊ စွန့်ချပယ်ခွါ၊ ပြုကြရာ၏။
ဝဋ်မှာ စပ်ယှဉ်၊ သံယောဇဉ်ကို၊ ကုန်စင်ပယ်ခွါ၊ လွန်မြောက်ရာ၏။
နှစ်ဖြာကွဲပြန်၊ ရုပ်နှင့်နာမ်ဝယ်၊ ငါ့နာမ် ငါ့ရုပ်၊ အစွဲဖြုတ်လျက်၊ ပယ်နုတ်ကြောင့်ကြ၊ လုံးဝဖျက်ဖြို၊ ထိုပုဂ္ဂိုလ်အား၊ ငြိုငြင်ဒုက္ခ၊ မရောက်ရတည့်။

( ကောဓ၀ဂ်၊ ရောဟိနီ ခတ္တိယကညာ ၀တ္ထု )

အသက်ရှည်၍ အနာကင်းခြင်း

ဘုန်းကြီးတို့ကတော့ ဘုရား ပညတ်တော်မူထားခဲ့တဲ့ ဥပဒေသအတိုင်း လိုက်နာပြီး ဘုရားကြိုက်တဲ့ ပရိယတ်၊ ပဋိပတ် အလုပ်ကို မှန်မှန်လုပ်ပြီး ဘုရားရှင်ကို ပူဇော်တယ်။
နတ် လူ သတ္တ၀ါတွေကို မေတ္တာပို့တယ်။ အထူးသဖြင့်တော့ ဘုန်းကြီးပြုသမျှ ဒါန သီလ ဘာဝနာကုသိုလ်များကို ကိုယ်စောင့်နတ်၊ ကျောင်းစောင့်နတ်၊ တောတောင်စောင့်နတ်၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ စတုလောကပါလနတ်၊ သာသနာစောင့်နတ်များကို အမျှပေးဝေတယ်၊ မေတ္တာပို့သတယ်၊ နတ် လူ သတ္တ၀ါတွေ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေ-လို့ အချိန်ရှိတိုင်း စွဲစွဲမြဲမြဲ မေတ္တာပို့တာပဲ။
ဒီမေတ္တာတန်ခိုးတွေကြောင့် ဘုန်းကြီး အသက်ရှည်နေတာ ဖြစ်ပါလိမ့်မယ်။
ရောဂါလည်း ကြီးကြီး မားမား တခါမျှ မဖြစ်ဖူးပါဘူး။
ဘယ်ဆေးမှလည်း စွဲစွဲမြဲမြဲ မမှီဝဲရပါဘူး။
ယနေ့အထိ မျက်စိလည်းကြည်၊
နားလည်းကြည်၊
သွားလည်းကောင်း၊
ခါးလည်းမတ်၊
တောင်ဝှေးတောင် မကိုင်ရသေးပါဘူး။
( ဆရာတော်ကြီး သက်တော် ၉၅-နှစ်အရွယ်တွင် မြွက်ကြားသော သြ၀ါဒ )

( စစ်ကိုင်း ရွှေဟင်္သာဆရာတော် ဘုရားကြီး )

ကံ ကံ၏အကျိုး ( ၄၉ )

( ခွေးနက်ကြီးနှင့် ကျွန်မ ဖခင် )

ကျွန်မသည် အသက် ၇၀-ကျော်ရှိပါပြီ၊ သိတတ်သောအရွယ်မှစ၍ ရတနာသုံးပါးကို ယုံကြည်လေးမြတ်စွာ ကိုးကွယ်ခဲ့ပါသည်၊ ဘာသာရေးမဂ္ဂဇင်းများကိုလည်း လစဉ်မပြတ် ဖတ်ရှုနေသူတဦး ဖြစ်ပါသည်၊ ထိုစာစောင်များမှ ကိုယ်တွေ့ဖြစ်ရပ်များကို ဖတ်ရသဖြင့် ကျွန်မ၏ ကိုယ်တွေ့ဖြစ်ရပ်ကိုလည်း တင်ပြအပ်ပါသည်။

အကြောင်းမှာ ကျွန်မ၏ဖခင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာပုံ ဖြစ်ပါသည်၊ ကျွန်မ၏ဖခင် ကွယ်လွန်ခဲ့သည်မှာ နှစ် ၅၀-ခန့်ရှိပါပြီ၊ ကျွန်မ၏ဖခင်သည် အသက် ၁၅-နှစ်ခန့်က အကိုနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ်နိုင်ငံသား တဦးဖြစ်ပါသည်၊ အသက် ၂၅-နှစ်အရွယ်တွင် ကျွန်မ၏မိခင် မြန်မာအမျိုးသမီးနှင့် အိမ်ထောင်ကျပါသည်၊ မိခင်က ဗုဒ္ဓဘာသာဖြစ်၍ ဘာသာရေးကို လေးစားကိုးကွယ်ပါသည်၊ ဖခင်မှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်မှု မရှိခဲ့ပါ၊ သားသမီးများ ထွန်းကား၍ ကျွန်မအသက် ၁၅-နှစ်အရွယ်သို့ ရောက်မှ ဗုဒ္ဓဘာသာကို လေးလေးစားစားနှင့် ကိုးကွယ်လာသည်၊ ထိုအခါ မိခင်ထက် လွန်ကဲသွားပါသည်။

ထိုသို့ ထူးဆန်းစွာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းပုံကို အနည်းငယ်ဖော်ပြပါမည်၊
ဖခင်သည် မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုသည်၊ ရွာနှင့် ၂-မိုင်ခန့်ဝေးသော လယ်ကွင်းထဲတွင် အလုပ်သမားများနှင့်အတူ နေထိုင်၍ အလုပ်လုပ်ပါသည်၊ တနေ့ ည ၉-နာရီခန့်၊ လ၀န်းမှုန် ပြပြတွင် ဖခင်တဦးတည်း ရွာသို့ပြန်လာပါသည်၊ လမ်းတ၀က်သို့ရောက်သောအခါ ခွေးနက်ကြီးတကောင်သည် အဝေးမှပြေးလာပြီး ဖခင်၏ရှေ့တွင် ပါးစပ်ကြီးဖြဲ၍ ရန်မူမည့်ဟန် ပြင်နေပါသည်၊ ဟိုဘက်ရှောင် ဟိုဘက်လိုက်၊ သည်ဘက်ရှောင် သည်ဘက်လိုက်နဲ့ ပြုနေပါသည်၊ ထိုအခါ ဖခင်က ဒီလောက်ကြီးတဲ့ ခွေး၊ ရိုးရိုးခွေးတာ့ မဖြစ်နိုင်ဘူး၊ သရဲခြောက်တာနဲ့ တူတယ်၊ မြန်မာတွေက သရဲခြောက်ရင် ဘုရားရှိခိုးရတယ်လို့ ပြောသံကြားဖူး တယ်၊ ဤကဲ့သို့တွေးမိပြီး ဘုရားကယ်ပါ-ဟု မတ်တတ်ရပ်လျက် လက်အုပ်ချီလိုက်သည်၊ ထိုအခါ ခွေးကြီးသည် တဦးတယောက်က ရိုက်လိုက်သကဲ့သို့ အသံကုန်အော်ပြီး ထွက်ပြေးသွားပါသည်။

အိမ်သို့ရောက်သောအခါ အမေ့ကို ထိုအဖြစ်အပျက်များ ပြန်ပြောပြီး ဗုဒ္ဓဘာသာဘုရား အလွန်တန်ခိုးကြီးတယ်-ဟု ဆိုပါသည်။ ထိုအချိန်မှစ၍ ရတနာသုံးပါးကို ယုံကြည်လေးစားသူ တဦးအဖြစ်သို့ လုံးဝကူးပြောင်းခဲ့ပါတော့သည်၊ သေသည်အထိ သာသနာ့အကျိုးကို တတ်နိုင်သမျှ ထမ်းဆောင်သွားသူ ဖြစ်ပါသည်။

( ဒေါ်ကြင် )
*********************************************************************************

( မှန်သောသစ္စာ ဆိုခြင်းအကျိုး )

လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်ပါသည်၊ ကျွန်မတို့ မိသားစုသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် နေထိုင်ကာ မြန်မာ ပရဆေး ရောင်းဝယ်ရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုပါသည်။

တနေ့တွင် ကျွန်မတို့နေထိုင်ရာ အိမ်သို့ အသက် ၂၀-ခန့်ရှိသော အမျိုးသမီးတဦးသည် တောင်ဝှေးတချောင်းကို ထောက်၍ ယိမ်းယိုင်စွာ ဖြည်းဖြည်းချင်း လျှောက်လာနေပါသည်၊ သူမသည် ကျွန်မတို့အိမ်ရှေ့အရောက်တွင် အလွန်မောပန်းဟန်ဖြင့် ထိုင်ချလိုက်ပါသည်၊ ကျွန်မကလည်း အမ-ဘာဆေးဝယ်ချင်လို့လဲ-ဟူ၍ မေးပါသည်၊ ထိုအခါ သူမက မပီသသောလေသံဖြင့် ( ရင်းပြား )-ဆေးမြစ် လိုချင်ကြောင်း ပြောပါသည်၊ ကျွန်မကလည်း ဆေးမြစ်များအကြောင်း နားမလည်သဖြင့် ဖေဖေ့ကိုခေါ်၍ ရင်းပြား-ဆေးမြစ် လာဝယ်ကြောင်း ပြောလိုက်ပါသည်။

ဖေဖေသည် ထိုကလေးမ၏ ရောဂါမှာ အတော်ပင် ဆိုးရွားနေဟန်ရှိသောကြောင့် ရင်းပြားဆေးမြစ်သောက်၍ မပျောက်ကင်းနိုင်ကြောင်း သိရှိဟန်တူပါသည်၊ ထို့ကြောင့် ကလေးမ၊ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ-ဟု ဖေဖေက မေးပါသည်၊ သူမက ရေထမ်းရောင်ရသူ ဖြစ်ကြောင်း၊ ယခုလဲ သွေးနုနုဖြင့် ရေထမ်းရောင်းရသည့် အတွက် ယခုလို ထုံကျဉ်ကိုက်ခဲခြင်း ဝေဒနာကို ခံစားရကြောင်း ပြောပါသည်၊ ထိုအခါ ဖေဖေက ကလေးမရဲ့ ရောဂါဟာ မီးယပ်နာ ဖြစ်နိုင်ကြောင်း၊ သောက်ဆေးနှင့် လိမ်းဆေး နှစ်မျိုးစလုံး လုပ်နိုင်မှ ပျောက်ကင်းနိုင်မည်ဖြစ်ကြောင်း ပြောပါသည်၊ ထိုအခါ ဈေးဝယ်အမသည် ချုံးပွဲချ၍ ငိုပါသည်၊ ဖေဖေက ကလေးမ၊ ဘာကြောင့် ငိုရတာလဲ ဆေးလိမ်း ဆေးစားရင် ပျောက်ကင်းမှာပေါ့-ဟု ပြောသောအခါ သူမက သောက်ဆေးနှင့်လိမ်းဆေး နှစ်မျိုးစလုံး ၀ယ်ရန် ပိုက်ဆံမရှိကြောင်း၊ ထို့ကြောင့် ၀မ်းနည်း၍ ငိုခြင်းဖြစ်ကြောင်း ပြောပါသည်။

ဖေဖေသည် သနားကရုဏာဖြစ်သွားပုံ ရပါသည်၊ ထို့ကြောင့် ကျွန်မတို့အိမ်တွင် ဖော်စပ်သော သောက်ဆေးနှင့် လိမ်းဆေးမှုန့်ကို စက္ကူဖြင့်ထည့်ပြီး ထုပ်ပိုးနေစဉ် ဘုရားရှင်ကို အာရုံပြု၍ သစ္စာဆိုခဲ့ပါသည်။ ကျွန်မ၏ဖေဖေ ဆိုသော သစ္စာစကားမှာ ( ဤကလေးမသည် ကျွန်ုပ်၏ သမီးအရွယ် ဖြစ်ပါသည်၊ သားသမီးချင်း ကိုယ်ချင်းစာ၍ ကျွန်ုပ်ပေးသော ဆေးဖြင့် ဤကလေးမ ခံစားနေရသော ရောဂါဝေဒနာများ အမှန်တကယ် ပျောက်ကင်းပါစေ သတည်း-) ဟူ၍ ဖြစ်ပါသည်။

ဖေဖေသည် ထိုကလေးမအား သောက်ဆေးနှင့် လိမ်းဆေးကို သောက်နည်း လိမ်းနည်း ပြောပြပြီး ပိုက်ဆံမယူဘဲ ပေးလှူလိုက်ပါသည်။ ထို့နောက် ၇-ရက်တပတ်ကြာလျှင် အကျိုးအကြောင်း လာပြောရန် မှာကြားလိုက်ပါသည်၊ ဤသို့ဖြင့် တပတ်ခန့်ကြာသောအခါ တောင်ဝှေးမပါဘဲ လမ်းလျှောက်နိုင်ပြီး သက်သာကြောင်း လာပြောပါသည်၊ တဖန် ထပ်မံ၍ ဆေးများ ပေးလှူပြန်ရာ ၃-ပတ်ခန့် အကြာတွင် စကားသံလည်း ပီပြင်၍ ပကတိ ပျောက်ကင်း သွားသည်ကို တွေ့ရပါသည်။

ဤဖြစ်ရပ်ကို ကြည့်၍ ကျွန်မတို့ မိသားစုသည် မှန်သောသစ္စာဆိုခြင်း၏ အကျိုးကျေးဇူးကို သဘောပေါက် နားလည်ခဲ့ရပါသည်။

( ခိုင်စပယ်-ရူပဗေဒ )
*********************************************************************************

( ကြက်ဥကြိုက် အသုဘ )

အနောက်ရိုးမထဲမှ အရှေ့ဧရာဝတီမြစ်ထဲသို့ ဦးတည်၍ စီးဆင်းနေသော ပေချောင်း-ချောင်းနံဘေးတွင် စမ်းရွာ-တည်ရှိ၏၊ ထိုရွာသူရွာသားတို့သည် လယ်ယာစိုက်ပျိုး မွေးမြူရေးကို အဓိကထားကာ လုပ်ကိုင် စားသောက် ကြ၏၊ ထိုစမ်းရွာတွင် ကိုပေတေး-ဆိုသူသည် သူရင်းငှါးအဖြစ်ဖြင့် လုပ်ကိုင်လျက် ရှိသည်။

ကိုပေတေး လုပ်ကိုင်ရသော လယ်သည် ရွာနှင့်တမိုင်ခွဲသာသာ ဝေး၍ အိမ်သို့ နေ့တိုင်း ပြန်မလာနိုင်၊ ထို့ကြောင့် လယ်ထဲတွင် တဲထိုးကာ လယ်မပြီးမချင်း နေရမည် ဖြစ်သည်၊ ကိုပေတေးသည် လယ်နီးတဲများမှ အဖော်တွေက လွဲလျှင် သူမွေးထားသော ကြက်မကြီးတကောင်သာ ရှိသည်၊ ကြက်မကြီးတကောင်ကိုမူ ရွာထဲ ပို့ထား၏။

ကိုပေတေးသည် ကြက်ဥ အလွန်ကြိုက်သူ ဖြစ်သည်၊ လယ်ကွင်းထဲမှ ငါး၊ ငါးရှဥ့်၊ ပုဇွန်လုံးများ ရှာဖွေ၍ မရခဲ့လျှင် တဲအောက်မှ ကြက်မကြီးကို ဥ,ဥခိုင်း၏၊ ကြက်မကြီးကို သူအလိုရှိချိန် ဥ,ဥပေးနိုင်အောင် စွမ်းဆောင်နိုင်သော ဉာဏ်ရည်တခု ကိုပေတေး တီထွင်ထားသည်။

တနေ့ ထိုနေ့သည် ဟင်းလျာရှာမရ၍ ကြက်ဥတလုံးနှင့် ကြက်သွန်နီ နိုင်နိုင်ကြော်စားရန် ကြက်ဥ,ဥခိုင်းမည့်နေ့ ဖြစ်သည်၊ ကိုပေတေးသည် တဲအောက်ရှိ ကြက်မကြီးကို ဆန်ပက်ကျွေး၍ခေါ်၏။ ကြက်မကြီးထွက်လာသောအခါ ကြက်မကြီးကို တဲရှေ့ လယ်ထဲရှိ ရေထဲတွင် နှစ်လိုက်၊ ဖော်လိုက် အကြိမ်ကြိမ် လုပ်နေ၏၊ ကြက်အမွေးများကို လှန်လှော၍လည်း ရေများ ကိုယ်ထဲဝင်အောင် ရိုက်ပုတ် ပက်သွင်းနေ၏၊ ကြက်မကြီး ရေများ ရွှဲစို၍ စိတ်ကြိုက်ဖြစ်မှ တဲထဲ ပြန်ယူလာပြီး တောင်းနှင့်အုပ်၊ တုံးတို ဖိထားလိုက်သည်၊ တနာရီခန့်ကြာသော် ကြက်မကြီးက ဥ,ဥထားပြီး ဖြစ်သည်၊ ဤနည်းဖြင့် ကြက်ဥကို စားနေသူ ဖြစ်သည်။

ကြက်မကြီးကို ဒုက္ခပေးနေသော ကိုပေတေးအား တဲနီးနားချင်းဖြစ်သော ဘကြီးမှိန်က-
ပေတေးရယ် မင်းကတော့ မကြာခဏ ကြက်မကြီးကို ဒုက္ခပေးနေတာပဲ၊ အခု မင်းလုပ်နေတဲ့ မကောင်းကံကြီးကို လျှော့ဖို့ ကောင်းနေပြီကွာ၊
အင်းပါ အဘ၊ နောက်မလုပ်တော့ပါဘူး၊
နောက်မလုပ်တော့ပါဘူး ဆိုသော်လည်း ရှေ့ဆက်လုပ်သည့် ကိုပေတေးပင် ဖြစ်သည်။

သားများမဖောက်ပဲ ကြက်မတကောင်ကို ဥ,သုံးလေးဆယ် ရအောင် ဥခိုင်းပြီး စားနေသော ကိုပေတေး၊
တဲမှ ကြက်မကြီးကို နားစေပြီး ရွာပို့ထားသည့် ကြက်မကြီးနှင့် လဲလှယ်ရန် တဲမှ ကြက်မကြီးကိုယူ၍ ရွာကိုပြန်လာခဲ့သည်၊ ထိုနေ့သည် မိုးသည်းထန်စွာ ရွာနေ၏၊ လယ်ကွင်းများ ရေလျှံပြီး တောင်ကျရေများသည် ပေချောင်း ချောင်းထဲ အရှိန်ပြင်းပြင်း စီးဝင်နေသည်၊ မကြာမီ ပေချောင်း ချောင်းရေသည် ကမ်းလျှံကာ ဒလဟော စီးဆင်းနေတော့သည်။ ကမ်းပြည့်ကမ်းလျှံ စီးနေသော ပေချောင်း ချောင်းကို ကိုပေတေး ဖြတ်ကူးရန် ဟန်ပြင်လိုက်သည်။

ရေကျကို အတူစောင့်နေသော ကောက်စိုက်သမများက ဖြတ်မကူးရန် တားကြသော်လည်း ကိုပေတေး နားမထောင်၊ ဒါလောက်တော့ အပျော့-ဟုဆိုကာ ကြက်မကြီးနှင့်အတူ ဖြတ်ကူးသွားသည်၊ ကူးသွား၍ မကြာလိုက်ချေ၊ ကိုပေတေးတယောက် ရေထဲမြုပ်လိုက် ပေါ်လိုက်နှင့် နှစ်ခါသုံးခါသာ ကောက်စိုက်သမများက မြင်လိုက်ရသည်၊ ထို့နောက် လုံးဝ ပေါ်မလာတော့ချေ။

ကိုပေတေး ရေနစ်ပြီး သေဆုံးခဲ့ပါပြီ၊ သူနှင့်အတူ ကြက်မကြီးပင် အဆစ်ပါသွားသည်၊ ရွာသားများက အလောင်းကို ရှာဖွေရာ သုံးရက်မြောက်နေ့မှ ကုက္ကိုပင်အမြစ်ထဲ အမှိုက်ဒိုက်များကြားမှ ဆွဲထုတ်ယူရ၏။ ထိုအနီးအနား မြေကွက်လပ်မှာပင် ပုပ်ပွနေသော ကြက်ဥကြိုက် အသုဘ-ကိုပေတေး၏ ရုပ်အလောင်းကို မြှုပ်နှံထားခဲ့ကြပါတော့သည်။

( အရှင်ဝါယာမိန္ဒ )

( မြတ်မင်္ဂလာ ၁၉၉၅-ခု အောက်တိုဘာလ )

Thursday, April 16, 2009

ဘာသာရေး ပြဿနာ ( ၅၂ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( ကျိုး, ပေါက်, ပြောက်, ကျား )
အရှင်ဘုရား၊ တပည့်တော်တို့ သီလခံယူရာ၌ မကျိုး, မပေါက်, မပြောက်, မကျားရအောင် အထူးသတိထား၍ စောင့်ရှောက်ကြပါကုန်လော့-ဟု သတိပေးကြပါသည်၊ ထိုသီလ ကျိုး, ပေါက်, ပြောက်, ကျား၏ အဓိပ္ပါယ်ကို ရှင်းလင်း မိန့်ကြားတော်မူပါဘုရား။
( ဦးထွန်းရွှေ-သထုံ )

( ဖြေ )
ကျိုး၊ ပေါက်၊ ပြောက်၊ ကျားကို ပါဠိလို ခဏ္ဍံ၊ ဆိဒ္ဒံ၊ သဗလံ၊ ကမ္မာသံ-ဟု ဆိုပါသည်။
( ၀ိသုဒ္ဓိမဂ် ၁-၄၈ )တွင် ယင်းအဓိပ္ပါယ်များကို အကျယ်ရှင်းပြထားပါသည်၊
ရှစ်ပါးသီလ ဆိုကြပါစို့ အစသီလ ပါဏာတိပါတ ဖြစ်စေ၊ အဆုံးသီလ ဥစ္စာသယန မဟာသယန ဖြစ်စေ၊ သိက္ခာပုဒ် တပါးပါး ပျက်သွားက တုတ်တောင်ဝှေးတွင် အဖျားပိုင်းက၄င်း၊ အဆုံးပိုင်းက၄င်း၊ ကျိုးသွားသကဲ့သို့ ဖြစ်၍ ကျိုးသည်-ဟု ဆိုပါသည်။

အလယ်မှ သိက္ခာပုဒ်တပါး ပျက်သွားက ( ဥပမာ-အဒိန္နာဒါန )။
ဝတ်ထားသောပုဆိုး၌ အပေါက်တပေါက် ပေါက်သွားသကဲ့သို့ဖြစ်၍ ပေါက်သည်ဟု ဆိုပါသည်။

အလယ်မှပင် တပါးကျော်၊ နှစ်ပါးကျော် နှစ်ခု၊ သုံးခု ( ဥပမာ-အဒိန္နာဒါန၊ မုသာဝါဒ၊ ၀ိကာလဘောဇန ) ပျက်သွားလျှင် နွားမပြောက်၏ ခန္ဓာကိုယ်မှ အပြောက်ပြောက်များကဲ့သို့ဖြစ်၍ ပြောက်သည်ဟု ဆိုပါသည်။

အလယ်မှ နှစ်ပါးစီ သုံးပါးစီ ဆက်တိုက် ( ဥပမာ-အဒိန္နာဒါန-ကာမေသုမိစ္ဆာစာရ။
သုရာမေရယ-၀ိကာလဘောဇန ) ပျက်လျှင် ကျား၏ ခန္ဓာကိုယ်၌ အစင်းကြောင်းကြီးပမာ ဖြစ်၍ ကျားသည်ဟု ဆိုပါသည်။

ဤသို့လျှင် ကျိုး၊ ပေါက်၊ ပြောက်၊ ကျား၏ အဓိပ္ပါယ်ကို မှတ်သား၍ သီလကို မကျိုး၊ မပေါက်၊ မပြောက်၊ မကျားအောင်၊ ၀ါ-တပါးမှ ညှိုးနွမ်းကျိုးပျက်ခြင်း မရှိအောင် စောင့်ရှောက်ရန် သတိပြုရပါမည်။
*********************************************************************************

( မေး ) ( ကိုးပါးသီလ ၀ိဝါဒ )
ကျမ်းဂန်များ၌ လူတို့ ခံယူဆောက်တည်အပ်သော သီလသည် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလသာ ရှိသည်ဟု သိရပါသည် အရှင်ဘုရား၊ ယခု ကိုးပါးသီလဟု ထင်ရှားလျက် ရှိပါသည်၊ န၀င်္ဂုပေါသထသုတ်တော်၌ ကိုးခုမြောက် မေတ္တာသဟဂတေန စေတသာ-စသော အဆုံးအင်္ဂါကို ခံယူဆောက်တည်ရမည်မဟုတ်၊ ပွားများရမည်ဟုသာ ဆိုပါသည်၊ ထို့ကြောင့် တပည့်တော်တို့ မှတ်သားနိုင်အောင် ရှင်းလင်းဖြေကြားတော်မူပါ ဘုရား။
( ဖေမောင်တင်-အောင်သိဒ္ဓိ၊ သမိုင်း )

( ဖြေ )
ဤန၀င်္ဂ ဥပုသ်သည် ( ရဟန်းတို့ အင်္ဂါကိုးပါးနှင့် ပြည့်စုံသည်ဖြစ်၍ ကျင့်သုံးအပ်သော ဥပုသ်သည် ကြီးမြတ်သော အကျိုးရှိ၏) -စသည်ဖြင့် အင်္ဂုတ္တရနိကာယ န၀ကနိပါတ်၌ လာ၏၊ အဋ္ဌကထာ၌လည်း ဝေနေယျတို့ အလိုဆန္ဒ၏ အစွမ်းဖြင့် မေတ္တာဘာဝနာကိုထည့်၍ အင်္ဂါကိုးပါးနှင့် ပြည့်စုံသည်ဟူ၍ ဟောတော်မူ၏ ဟူ၍လာသည်။

ထိုမေတ္တာဘာဝနာကို အသီးအခြား ဆောက်တည်ရခြင်းမရှိ၊ ထိုမေတ္တာဘာဝနာကို တခုသော အစိတ်အင်္ဂါပြု၍ ဝေနေယျတို့ အလိုဆန္ဒ၏အစွမ်းဖြင့် န၀င်္ဂဥပုသ်ဟူ၍ ဟောတော်မူသကဲ့သို့ ဗုဒ္ဓါနုဿတိ စသည်တို့တွင်လည်း တပါးပါးကို အစိတ်အင်္ဂါပြု၍ ဗုဒ္ဓါနုဿတိဖြင့် မှတ်သားအပ်သော န၀င်္ဂဥပုသ် စသည်ကိုလည်း ဆိုသင့်၏။

ထိုကိုပင် ရည်ရွယ်၍ အဋ္ဌကထာ၌ ဝေနေယျတို့ အလိုဆန္ဒ၏ အစွမ်းဖြင့် မေတ္တာဘာဝနာကိုထည့်၍-ဟု မိန့်ဆို၏၊ မေတ္တာသည် အဗျာပါဒ မနောကံ ဖြစ်သည့် ၀ိရတီမဟုတ်သော (စေတသိက) သီလတည်း။ ထို့ကြောင့် ဆောက်တည်ခြင်းကို မပြုမူ၍လည်း မေတ္တာဘာဝနာဖြင့် တန်ဆာဆင်အပ်သော ဥပုသ်ကို န၀င်္ဂဥပုသ်ဟူ၍ ဆိုသင့်သည်သာဟု မှတ်အပ်၏။ အကယ်၍ ရိုသေလေးစားခြင်းငှါ အလေးအမြတ်ပြုအပ်သောသူ၏ အထံ၌ နှုတ်ဖြင့် ၀န်ခံလိုသည်ဖြစ်အံ့ (သဗ္ဗသတ္တေသု ယထာဗလံ မေတ္တာသဟဂတေန စေတသာ ဖရိတွာ ၀ိဟရာမိ) -အလုံးသောသတ္တ၀ါတို့၌ အစွမ်းသတ္တိအားလျော်စွာ မေတ္တာနှင့်တကွ ဖြစ်သောစိတ်ဖြင့် ဖြန့်၍နေပါအံ့-ဟုဆိုလျှင် အပြစ်တစုံတရာမရှိ၊ စင်စစ်သော်ကား ချီးမွမ်းသင့်သည်သာတည်း။
(အဘယာရာမ ဆရာတော်ဘုရားကြီး၏ အဆုံးအဖြတ်မှ လိုရင်းကောက်နုတ် ဖော်ပြချက်)
*********************************************************************************

( မေး ) ( အခြားစကြာဝဠာနှင့် မြတ်စွာဘုရား )
၁။ ဤစကြာဝဠာမှတပါး အခြားစကြာဝဠာတွင် ဘုရားရှင်များ မပွင့်ဟူ၍ ကြားသိရဖူးပါသည်၊ ကျမ်းအထောက်အထား သိလိုပါသည်ဘုရား။

၂။ ဂေါတမဘုရားရှင်သည် အခြားစကြာဝဠာသို့ ကြွရောက်၍ တရာဟောတော်မူခြင်း ရှိ-မရှိနှင့် ရှိလျှင် ကျမ်းစာအထောက်အထား သိလိုပါသည်ဘုရား။
( ကိုတင်အေး-စစ်တွေမြို့နယ် )

( ဖြေ )
၁။ ဤစကြာဝဠာမှတပါး အခြားမည်သည့် စကြ၀ဠာတွင်မှ ဘုရားမပွင့်ပါ။
ထိုအကြောင်းကို ၀ိဘင်းပါဠိတော် (အဘိ ၂၊ ၃၄၉) ၄င်းအဖွင့် သမ္မောအဋ္ဌကထာ (အဘိ-ဋ္ဌ ၂၊၄၁၈) တို့နှင့်
မိလိန္ဒပဥှာ ပါဠိတော် ( ဥှ-၁၁၊၂၃)တို့တွင် ပါဠိအထောက်အထားများ အကျယ်သိနိုင်ပါသည်။

၂။ အခြားစကြ၀ဠာသို့ ဂေါတမမြတ်စွာဘုရား ကြွ၍ တရားဟောတော်မူလေ့ရှိကြောင်း၊ သို့သော် အကျွတ်တရားကား မရနိုင်၊ ၀ါသနာမျှသာဖြစ်၍ နောင်ဘ၀တွင် ဤစကြ၀ဠာ၌ဖြစ်၍ အကျွတ်တရား ရနိုင်ကြောင်း စာများတွင် ဆိုပါသည်၊
၎င်းအကြောင်းအရာများကို ဒီဃနိကာယ် မဟာဝဂ္ဂပါဠိ (ဒီ ၂၊ ၉၂) ၄င်းအဖွင့် (ဒီ-ဋ္ဌ ၂၊ ၁၅၀)။
မူလပဏ္ဏာသပါဠိ (မ ၁၊ ၁၀၄) ၄င်းအဖွင့် (မ ၂၊ ၁-၃၃၉)။
အင်္ဂုတ္တရပါဠိ (အံ ၃၊ ၁၂၇) ၄င်းအဖွင့် (အံ-ဋ္ဌ ၃၊ ၂၄၆) တို့၌ ကြည့်ရှုပါ။
********************************************************************************

( မေး ) ( သံတွဲနှင့် စက်တော်ရာ )
၁။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တောင်ပိုင်း ယခင်အခေါ် ဒွါရာဝတီ၊ ယခု သံတွဲမြို့သည် ဃဋပဏ္ဍိတဇာတ်တော်လာ ဒွါရာဝတီ ဟုတ်-မဟုတ်

၂။ မြန်မာနိုင်ငံ မင်းဘူးနယ်တွင်ရှိသော စက်တော်ရာနှစ်ဆူသည် သစ္စဗန္ဓ မုဆိုးတောင်းပန်၍ ချပေးသော ဗုဒ္ဓစက်တော်ရာများ ဟုတ်-မဟုတ် ဖြေကြားပေးပါရန် တောင်းပန်ပါသည်ဘုရား။
( အေးဖေ-သံတွဲ )

( ဖြေ )
၁။ သူ့ရန်သူကြံ၊ မိုးသို့ပျံ၊ နာမံ ဘယ်မြို့ ဘယ်ကြောင့်နည်း-ဟူသော စွယ်စုံကျော်ထင် ပုစ္ဆာကို ကျီးသဲလေးထပ် ဆရာတော် ဖြေဆိုရာတွင် ဃဋပဏ္ဍိတဇာတ်ကို ဖော်ပြ၍ ယခု သံတွဲမြို့ပင်ဖြစ်ကြောင်း ဖြေဆိုထားပါသည်။

၂။ စက်တော်ရာနှစ်ဆူနှင့် ပတ်သက်၍ မြန်မာ့သာသနာဝင်ကျမ်းများ၊ ရာဇ၀င်ကျမ်းများ၊ သမိုင်းကျမ်းများတွင် မင်းဘူးနယ်ရှိ မန်းစက်တော်ရာကိုပင် အညီအညွတ် ပြဆိုထား၍ မြန်မာလူမျိုးများစွာပင် ထိုအတိုင်း မှတ်ယူထားကြပါသည်။
သို့သော် သုတေသနကျမ်းများတွင်မူ တိုင်းအမည် အပရန္တ၊ သို့မဟုတ်-သုနာပရန္တတိုင်း၊ ရှေးမြို့တော်ဟောင်းအမည် သုပ္ပါရက၊
ရှေးအရံမြို့အမည် ၀ါဏိဇဂါမ၊
တည်ရာဌာနကား နမ္ပဒါမြစ်နှင့် ပစ္ဆိမဃာဋ် တောင်အတွင်း ဘုံဘေမြို့မြောက် ထာနာ (သာန) စီရင်စုနှင့်
သုရထ (စုရတ်) စီရင်စုနယ်ပယ်များ၌ တည်သည်-ဟု (ဗုဒ္ဓသာသန ပထ၀ီဝင်ကျမ်း၌) ဆိုလေသည်။
*********************************************************************************

( မေး ) ( သီလတပါးပါး ပျက်ခဲ့သော် )
အရှင်ဘုရား၊ ငါးပါးသီလနှင့် အခြားသီလများ ဆောက်တည်ရာတွင် သီလတပါးပါး ပျက်ခဲ့သော် ယင်းသီလတပါးသာလျှင် ပျက်ပါသလား၊ သို့မဟုတ် အားလုံး ပျက်ပါသလား သိလိုပါသည်ဘုရား။
( ဦးစောထွန်း-ဇီဇ၀ါရပ်-ကျိုက္ခမီ )

( ဖြေ )
ငါးပါးသီလ၊ ရှစ်ပါးသီလ တို့ကို ခံယူရာ၌ တပါးစီမခံယူဘဲ ပေါင်း၍ ( ပဉ္စသီလံ သမာဒိယာမိ-
အဋ္ဌင်္ဂသီလံ သမာဒိယာမိ-) ဟူ၍ တပေါင်းတည်း ခံယူဆောက်တည်လျှင် သိက္ခာပုဒ်တပါး ပျက်ပြားခဲ့သည်ရှိသော် အားလုံးပင် ပျက်ကုန်တော့သည်။
အဘယ်ကြောင့်ဆိုသော် ဆောက်တည်ခြင်း မပြားသောကြောင့်ပင်။

သို့သော် ထိုသို့ တပါးကို လွန်ကျူး၍ အကုန်လုံးပင် ပျက်သော်လည်း လွန်ကျူးရာသိက္ခာပုဒ် တပါးသာလျှင် ကမ္မပထသို့ရောက်၍ ကံထိုက်၏။ တခြားသိက္ခာပုဒ်များ ကံမထိုက်ဟု မှတ်သင့်သည်၊

ဥပမာ-
ငါးပါးသီလကို တပေါင်းတည်း ဆောက်တည်ထားပြီး သူ့အသက်ကို သတ်မိရာ၌ ငါးပါးလုံးပျက်သော်လည်း ပါဏာတိပါတသာ ကမ္မပထ မြောက်၍ အသက်သတ်မှုအတွက်သာ ငရဲကြီးနိုင်၏။
ကျန်လေးပါး ကမ္မပထ မမြောက်။( ခုဒ္ဒကပါဌ ၁၊ ၁၉ ) ထို့ကြောင့် ငါးပါးသီလဖြစ်စေ၊ ရှစ်ပါးသီလဖြစ်စေ၊ ယခုခေတ် အသုံးအတိုင်း တပါးစီဆို၍ ခံယူဆောက်တည်ခြင်းသာ အကောင်းဆုံး ဖြစ်ပါသည်။
*********************************************************************************

( မေး ) ( သွားရောဂါရှင်တို့အတွက် )
ဆရာတော်ဘုရား၊ မြတ်မင်္ဂလာစာစောင်တွင် မျက်စိရောဂါရှင်တို့ ဘုရားရှိခိုးရန် စက္ခုတော်ငါးပါး ဘုရားရှိခိုး ဂါထာ၊ နားရောဂါရှင်တို့ ဘုရားရှိခိုးရန် ဒိဗ္ဗသောတ အဘိညာဉ် ရှိခိုးဂါထာများကို ချီးမြှင့်ထားပါသည်၊
တပည့်တော်မသည် သွားရောဂါကို အမြဲခံစားနေရ၍ သွားတော်လေးဆယ် ရှိခိုးသောဂါထာတပုဒ် ဤစာစောင်မှ ဖော်ပြချီးမြှင့်ပေးတော်မူပါ ဆရာတော်ဘုရား။
( မဇင်သူ-မော်လမြိုင်၊ မစန်းစန်းဝင်း-တနင်္သာရီတိုင်း )

( ဖြေ )
ရှေးဆရာကြီးတို့ ပြုစုထားသော သွားတော်လေးဆယ် ဘုရားရှိခိုး ဂါထာကို ဖော်ပြလိုက်ပါသည်။
နံနက်အိပ်ရာထနှင့် ည အိပ်ရာဝင် တခေါက်စီ ဘုရားရှိခိုးပါ။

သတိ ဂတိ ဓီတိမန္တံ ၊ သန္တံ ဒန္တံ သုခါဝဟံ ။
စတ္တာလီသ သမဒန္တံ ၊ ဗုဒ္ဓံ ၀န္ဒာမိ သာဒရံ ။

သတိ ဂတိ ဓီတိမန္တံ-သတိမြဲအင်၊ ဉာဏ်ထူးလျင်၍၊ ကြည်လင်စွာဘိ၊ တည်ကြည်သော သမာဓိတော်လည်း ရှိတော်မူထသော၊
သန္တံ-ငြိမ်သက်အေးချမ်း၊ စိတ်ဝမ်းကြည်လင်တော်မူသော၊
ဒန္တံ-ယဉ်ကျေးသိမ်မွေ့၊ ပြကတေ့ နူးညံ့သော၊ စိတ်ရှိတော်မူသော၊
သုခါဝဟံ-လူနတ်ဗြဟ္မာ၊ သတ္တ၀ါတို့၊ ချမ်းသာလေအောင်၊ အစဉ်ရွက်ဆောင်တော်မူတတ်သော၊
စတ္တာလီသ သမဒန္တံ-စွယ်တော်လေးဆူ၊ ပါဝင်မူ၍၊ စင်ဖြူတင့်တယ်၊ အမျှလေးဆယ်သော၊ ပြည့်ကြွယ်ကြံ့ခိုင်၊ ပုလဲဆိုင် ပုလဲသွေးကဲ့သို့၊ ဖြူဖွေးသော သွားတော်မြတ်တို့နှင့် ပြည့်စုံတော်မူသော၊
ဗုဒ္ဓံ-သစ္စာလေးပါး၊ တရားသိမြင်၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို၊
အဟံ-(သွားဝေဒနာ၊ ခံရပါ၍၊ ကျင်နာခံခက်၊ ဆင်းရဲဖက်၍၊ နေရပါသော) ဘုရားတပည့်တော်သည်။
သာဒရံ-ရိုသေလေးစား ဦးညွတ်တွားလျက်၊ စိတ်ထားကြည်လင်၊ ဦးတော်တင်လျက်၊
ဝန္ဒာမိ-လက်ဆယ်စုံမိုး ပျပ်ဝပ်ကျိုးလျက် ရှိခိုးပါ၏ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

( မြတ်မင်္ဂလာ ၁၉၉၅-ခု အောက်တိုဘာလ )

မြတ်ဗုဒ္ဓ၏ ဒုတိယခမည်းတော်နှင့် မယ်တော်

မြတ်စွာဘုရားသည် ရဟန်းအပေါင်းနှင့်တကွ သာကေတမြို့တွင်းသို့ ဆွမ်းခံကြွတော်မူ၏၊ ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမ ကြီးတို့သည် မြတ်စွာဘုရားကိုမြင်လျှင် ရွှင်လန်းဝမ်းမြောက်စွာ အနီးသို့ ချဉ်းကပ်လာပြီး သားကြီးနှင့် မတွေ့ရတာ ကြာပြီ၊ ယခု အိမ်သို့ ကြွရောက်တော်မူပါ-ဟု ပင့်လျှောက်ပြီးလျှင် ဆွမ်းလုပ်ကျွေး၏၊ သားသမီးများကိုလည်း သားတို့ သမီးတို့ လာကြ၊ သင်တို့အကိုကြီး ရောက်နေတုန်း လုပ်ကျွေးပြုစုကြ-ဟု ခေါ်ယူ၍ အရိုအသေပြုစေ၏၊

မြတ်စွာဘုရားအားလည်း သားကြီး အခြား ဆွမ်းပင့်ဖိတ်သူ မရှိပါလျှင် ၀ါတွင်းသုံးလပတ်လုံး အမြဲ ဆွမ်းစားကြွတော်မူပါ-ဟု လျှောက်ထားရာ မြတ်စွာဘုရား လက်ခံတော်မူ၏၊ အခြားသူများ ဆွမ်းစားပင့်လိုလျှင် ပုဏ္ဏားကြီးမှတဆင့် ပင့်လျှောက်ကြရ၏၊ ပုဏ္ဏားကြီး ဇနီးမောင်နှံတို့သည် မြတ်ဘုရား၏ တရားတော်ကို ကြားနာရပြီး အနာဂါမိဖိုလ် ဆိုက်ရောက်ကြလေသည်၊ တရားသဘင်တခုတွင် ရဟန်းများသည် ပုဏ္ဏားကြီး လင်မယား၏ ထူးခြားစွာ ခေါ်ဝေါ်ပြောဆို ဆက်ဆံပုံကို နားမလည်နိုင်ကြောင်း ပြောဆိုနေကြသည်။

ထိုအခါ မြတ်စွာဘုရားက ရဟန်းတို့ ဤပုဏ္ဏားလင်မယားသည် ရှေးယခင်ဘ၀များက အမိအဖအဖြစ် ဘ၀ငါးရာ၊ ဘကြီး ဘထွေးအဖြစ် ဘ၀ငါးရာ၊ မိကြီးမိထွေးအဖြစ် ဘ၀ငါးရာ၊ ဤသို့လျှင် ဘ၀ပေါင်း တထောင့်ငါးရာတိုင် သူတို့လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်။

ထို့ကြောင့် သား-ဟူသော အမှတ်သညာ စွဲလမ်းနေကြသည်-ဟု မိန့်ကြားတော်မူလေသည်၊ ဘုရားရှင်သည် တ၀ါတွင်းလုံး ပုဏ္ဏားကြီး လင်မယား၏ ပြုစုမှုကို ခံယူခဲ့သည်၊ ၀ါကျွတ်သောအခါ ပုဏ္ဏားကြီး လင်မယားတို့လည်း အရဟတ္တဖိုလ် မျက်မှောက်ပြု၍ ပရိနိဗ္ဗာန် စံဝင်ကြလေသည်၊ သာကေတမြို့သူ မြို့သားတို့သည် ပုဏ္ဏားကြီးတို့ လင်မယားအား ဘုရားရှင်၏ ခမည်းတော်၊ မယ်တော်အမှတ်ဖြင့် ခမ်းနားသိုက်မြိုက်စွာ သင်္ဂြိုဟ်ခြင်း ပြုကြလေသည်၊ သူတို့၏ လားရာဂတိကို သိလို၍ ရဟန်းများက မေးလျှောက်ရာ အောက်ပါဂါထာကို ဟောကြားတော်မူလေသည်။

( ပါဠိဂါထာ )
အဟိံသကာ ယေ မုနယော ၊ နိစ္စံ ကာယေန သံဝုတာ ။
တေ ယန္တိ အစ္စုတံ ဌာနံ ၊ ယတ္ထ ဂန္တွာ န သောစရေ ။

( မြန်မာပြန် )
သူတပါးတို့ကို မညှဉ်းဆဲတတ်၊ ကာယဒွါရ စသည်တို့ဖြင့် အမြဲစောင့်စည်းတတ်ကုန်သော
ရဟန္တာပုဂ္ဂိုလ်တို့သည် စိုးရိမ်ခြင်းကင်းရာ သေခြင်းကင်းရာ ဖြစ်သော နိဗ္ဗာန်အရပ်သို့ ရောက်ကြရကုန်၏။

( ဆောင်ပုဒ် )
ပေါင်းစုများစွာ၊ သတ္တ၀ါကို၊ ကြင်နာစိတ်စွဲ၊ မေတ္တာမြဲလျက်၊ ညှဉ်းဆဲကင်းကွာ၊ သုံးဖြာဒွါရ၊ စောင့်စည်းကြသည့်၊ ကိစ္စပြီးလတ်၊ ရဟန်းမြတ်ကား၊ ကင်းလွတ်သေခြင်း၊ စိုးရိမ်ကင်းသည့်၊ မြူရှင်းနိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏။

( ကောဓ၀ဂ်၊ ဗုဒ္ဓပိတုဗြာဟ္မဏ၀တ္ထု )

Wednesday, April 15, 2009

ကုသိုလ်ကောင်းမှု ပြုရာဝယ် သတိပြုဖွယ်

အလှူရေစက် လက်နှင့်မကွာ နေလာကြသော မြန်မာတို့သည် ဆွမ်းတဇွန်း၊ ဆန်တဆုပ်၊ ငွေတကျပ်၊ အုတ်တချပ်မှစ၍ ရာ၊ ထောင်၊ သောင်း၊ သိန်း-အထိ ကုသိုလ်ကောင်းမှုအမျိုးမျိုးအတွက် ပေးကမ်းလှူဒါန်းနေကြသည်၊ ထိုထိုကုသိုလ်တို့ကြောင့် ကောင်းကျိုးချမ်းသာ ရမည်မှာ ဧကန်ဖြစ်၏၊ ကောင်းကျိုး၏ပမာဏ အကြီးအသေးမှာ စိတ်ထားနှင့် ပြုလုပ်မှု မှန်ကန်ခြင်းအပေါ် တည်နေရာ လှူဒါန်းမှုနှင့် စပ်လျဉ်း၍ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး ဟောကြားတော်မူသော သတိပြုဖွယ်အချက်များကို ဖော်ပြလိုက်ပါသည်။

၁။ လယ်ယာမြေ ကောင်း-မကောင်းကို လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့
အလှူခံပုဂ္ဂိုလ် ကောင်း-မကောင်းကို လိုက်၍ အကျိုးပေး ကွာခြားသည်။

၂။ လယ်ယာလုပ်သူ နားလည်-မလည်၊ လုံ့လ၀ီရိယ ရှိ-မရှိကို လိုက်၍ အပင်အသီး ကွားခြားသကဲ့သို့
အလှူရှင်၏ ဉာဏ်ရှိ-မရှိ၊ အားတက်သရော ၀မ်းမြောက်ဝမ်းသာ ရှိ-မရှိကို လိုက်၍ အကျိုးပေး ကွာခြားသည်။

၃။ မျိုးစေ့ အောင်-မအောင်ကို လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့
လှူဖွယ်ပစ္စည်း တရားသဖြင့် ဟုတ်-မဟုတ်ကို လိုက်၍ အကျိုးပေး ကွာခြားသည်။

၎။ မစိုက်ပျိုးမီ မျိုးစေ့တို့ကို ပြုပြင်-မပြုပြင်ကို လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့
အလှူရှင်၏ ပုဗ္ဗစေတနာ ထက်သန်အောင် ပြု-မပြုကို လိုက်၍ အကျိုးပေး ကွာခြားသည်။

၅။ မျိုးစေ့ကို စိုက်ပျိုးပြီးနောက် ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း၊ ပြု-မပြုကို လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့
လှူဒါန်းပြီးနောက် ထိုကုသိုလ်မှုကို ထပ်မံသတိရမှု၊ ၀မ်းမြောက်မှု ထက်သန်-မသန်ကို လိုက်၍ အကျိုးပေး ကွာခြားသည်။

၆။ လှူမိတာ မှားသွားတယ်၊ များသွားတယ် စသည့်စိတ်များ ဖြစ်မိလျှင်လည်း အကျိုးပေး ကွာခြားသည်။

၇။ လယ်ယာ မျိုးစေ့ စသည် အားလုံး အဆင်သင့် ကောင်းမွန်သော်လည်း စိုက်ပျိုးသင့်သော အချိန်မှာ စိုက်ပျိုးမှ အပင်အသီး ဖွံ့ထွား အားကောင်းသကဲ့သို့
အလှူနှင့် လှူဖွယ်ဝတ္ထု အဆင်သင့်သော်လည်း လှူသင့်သောအခါ လှူမှသာ ဖွံ့ဖွံ့ထွားထွား အကျိုးပေးဖွယ် ရှိသည်။

ဒါန သီလ ဘာဝနာများဖြင့် သံသရာ ဘ၀အဆင့်အတန်း မြင့်မားရေးကို ကြိုးစားနေကြသော သူတော်ကောင်းများသည် ဤအချက်များကို သတိပြုမိကြပါစေ။

သြ၀ါဒ

၁။ ငါးပါးသီလ မြဲအောင်နေပါ။
၂။ ဘယ်အရာမဆို ငါဟု မစွဲနဲ့၊ ဘယ်ဟာမှ ကိုယ့်အလိုမလိုက်၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ တဲ့၊
၃။ မြတ်စွာဘုရား၏ ဂုဏ်တော် ပရိတ်တော် ပဋ္ဌာန်းများကို အချိန်ပြည့်ပွားပါ။
၎။ ဒါန သီလ ဘာဝနာ အားကောင်းအောင် အမြဲဖြည့်ပါ။
၅။ တနင်္ဂနွေထောင့်မှစ၍ တထောင့်လျှင် ၃-ပစ္စည်း ပဋ္ဌာန်းဒေသနာဖြင့် စည်းချမေတ္တာပွားပါ။
၆။ မိဘနှစ်ပါးကို ရိုသေကြ၊ ရှိခိုးကြ။
၇။ အသက်ရှည်ချင်လျှင် နေ့ခင်းပိုင်း မအိပ်နဲ့၊ ထိနမိဒ္ဓ မ၀င်အောင် အကျိုးရှိမည့် အလုပ်တခုခုလုပ်ပါ။
၈။ ကိစ္စတခုခုကို ဖြစ်အောင်လဲ မတောင့်တနဲ့၊ မဖြစ်မည်ကိုလဲ မကြောင့်ကြနဲ့၊ ပစ္စုပ္ပန်တည့်တည့်ကြည့်။
၉။ အကောင်းလောကဓံ အဆိုးလောကဓံ တို့ကို မလွတ်ကင်းနိုင်ကြ၊ ဒါကြောင့် မိမိနှင့် မျှတမည့် စိတ်ထား၊ နေထိုင်မှုဖြင့် နေပါ၊ ချမ်းသာလိမ့်မည်။

၁၀။ စိတ်ညစ်စရာ ၀မ်းသာစရာတွေ့လျှင် မတုန်လှုပ်နဲ့၊ တနေ့ ပျက်စီးရပေမည်၊ အနိစ္စသဘောကို ဆင်ခြင်ပါ။
၁၁။ ယခုခေတ် အချဉ်ကို အချိုဖြစ်အောင်၊ အခါးကို အချိုဖြစ်အောင်၊ အငန်ကို အဆိမ့်ဖြစ်အောင်၊ သဘာဝကို ပြုပြင်ပြီး စားသောက်ကြတယ်၊ အစားဆန်းလျှင် ရောဂါဆန်းမယ်၊ အစားစုံလျှင် ရောဂါစုံမယ်။

၁၂။ မှန်မှန် စား၊ မှန်မှန် အိပ်၊ မှန်မှန် ပြော၊ မှန်မှန် ကြံစည်၊ မှန်မှန် လုပ်၊ မှန်မှန် ကြိုးစား၊
အေး-မမှန်ဘူးဆိုလျှင်တော့ ပျက်ပြီ။

၁၃။ အသက်ရှည်ခြင်း၊ အသက်တိုခြင်းသည် ကံ-ကံ၏အကျိုးသာ ဖြစ်သည်၊ ကောင်းကောင်းလုပ်လျှင် ကောင်းကောင်းဖြစ်မည်၊ မဟုတ်တာလုပ်လျှင် မဟုတ်တာ ဖြစ်မည်။

၁၄။ တိုက်တာတွေ ဘယ်လောက် ခမ်းနားထည်ဝါပြီး ချမ်းသာနေပေမယ့် တစစီဖြုတ်လိုက်ရင်တော့ ဘာမှ သုံးမရတော့ဘူး၊ အလကားပဲ။

( သီပေါ အောင်မင်္ဂလာ ဘိုးတော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ လာဘ၀ံသ )

ကံ ကံ၏အကျိုး ( ၄၈ )

( မုဆိုးကြီး ဦးသန်း ကျွတ်တမ်းဝင်ပြီ )

ပုလဲမြို့နယ် အစွန်ဖျားရှိ ရွာတရွာတွင် ဦးသန်းဆိုသော မုဆိုးကြီးတယောက် ရှိ၏၊ သူသည် တောလိုက် ၀ါသနာထုံသူဖြစ်သည်၊ တောဝက်၊ ချေ၊ မျောက် စသော သားကောင်များကို လူများ၊ ခွေးများဖြင့်လည်း လိုက်သည်၊ ထို့ပြင် ထောင်ကွင်းများကိုလည်း အများအပြား ထောင်သည်၊ ရသောသားကောင်များကို အရက်နှင့် သောက်စားလေ့ရှိသည်၊ ဦးသန်းသည် ငယ်စဉ်ကတည်းက တောလိုက်ခဲ့သည်မှာ အသက် ၅၀-ကျော် အရွယ် အထိ ဖြစ်သည်။

တနေ့တွင် ဦးသန်းသည် သူ၏ ယာတောစပ်အနှံ့အပြားတွင် ချေထောင်ကွင်းများကို ရာချီထောင်ထားသည်၊ ထောင်ထားရုံမျှမက အခြားရွာမှ မုဆိုးကြီးတဦး၏ တူမီးသေနတ် တလက်ကိုပါ သားကောင်များပစ်ရန် ငှါးခဲ့သည်။
ငှါးခဲ့သော တူမီးသေနတ်ဖြင့် ဦးသန်းက ကျွန်းငုတ်တိုကြီးကို ပစ်စမ်းကြည့်သည်၊ ကျည်မှာ ထွက်မလာပါ၊ သားနှင့်သမက်တို့ကပါ တယောက်တလှည့် ပစ်စမ်းကြည့်ကြသည်၊ ကျည်လုံးဝမထွက်ဟု ဆိုပါသည်၊ ထို့ကြောင့် ပစ်၍ ကျည်မထွက်သော တူမီးသေနတ်ကို ယာတောထဲရှိ တဲခေါင်မိုးတွင် ထိုးထားလိုက်သည်။

ဦးသန်း၏ သမီးငယ်တယောက်က တဲခေါင်မိုးတွင် ထိုးထားသော တူမီးသေနတ်ကို ယူကိုင်ကြည့်ပြီး တဲနံရံတွင် ထောင်ထားခဲ့ကာ တဲပေါ်မှဆင်းသွားသည်၊ တဲနံရံတွင် ထောင်ထားခဲ့သော တူမီးသေနတ်သည် တဲနံရံမှ ကြမ်းပြင်ပေါ်သို့ လဲကျကာ အလိုအလျောက် မောင်းပြုတ်ပြီး ကျည်ဆန်ထွက်လာ၏၊ တဲရှေ့ကြမ်းပြင် တနေရာတွင် ထိုင်နေသော ဦးသန်း အချစ်ဆုံးသော မြေးအငယ်မလေး၏ နောက်စေ့ကို ဖောက်သွားသည်၊ မြေးမလေးမှာ နေရာတွင် သေဆုံးသွားသည်။

ဦးသန်းအပါအ၀င် လူသုံးယောက် တယောက်တလှည့် ပစ်စမ်းကြည့်တုန်းက လုံးဝကျည်မထွက်ခဲ့သော တူမီးသေနတ်သည် အလိုအလျောက် ကျည်ထွက်၍ သူ၏မြေးငယ်မလေးကို ထိမှန်သေဆုံးခဲ့ရခြင်းမှာ အံ့သြစရာ ကြောက်စရာ လန့်စရာလည်း ဖြစ်ပါသည်။

ထို့ကြောင့် ဦးသန်းသည် သူ့အသက်သတ်သည့် အကုသိုလ်အလုပ်ကို လုံးဝမလုပ်တော့-ဟု ဆုံးဖြတ်ကာ မုဆိုးအလုပ်ကို စွန့်လွှတ်လိုက်လေတော့သည်။

( တသက်လှ-ပခုက္ကူ )
********************************************************************************

( ကျွန်မ၏ အသက်ကယ် နေ-လ ဘုရား )

ကျွန်မသည် ရန်ကုန်တက္ကသိုလ်မှ ဆရာမတဦးဖြစ်ပါသည်၊ ဇာတိမှာ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှဖြစ်သည်၊ ဖေဖေသည် ဆောက်လုပ်ရေး အင်ဂျင်နီယာဖြစ်၍ အမြို့မြို့အနယ်နယ်သို့ လှည့်လည်တာဝန်ထမ်းဆောင်ရင်း ဟင်္သာတမြို့တွင် အခြေချခဲ့သည်၊ သမီးဖြစ်သူ ကျွန်မမှာမူ ရန်ကုန်တွင် တာဝန်ထမ်းဆောင်နေပါသည်။

ကျွန်မသည် (ဥပုသ်နေ့) တနေ့တွင် ပဋ္ဌာန်းကျောင်း၌ သီလဆောက်တည်ရန် သွားခဲ့သည်၊ ဆရာတော်သီလပေးရန် အချိန်လိုနေသေးသည်၊ သီလခံယူမည့် လူအများစုမှာ ပညာရေး အသိုင်းအ၀ိုင်းမှ မိသားစုများဖြစ်ကြသည်၊ သီလယူရန် အချိန်လိုနေသောကြောင့် ကြုံရာဆုံရာ စကားများ ပြောနေကြရာမှ ဆရာတဦးက ဘတ်(စ်)ထဲမှ လူနှစ်ဦးပြောခဲ့ကြသော အဓိဋ္ဌာန်အကြောင်းကို အောက်ပါအတိုင်း ပြောခဲ့သည်။

အမျိုးသားကြီးတဦးက ဒေါ်အေးရဲ့အိမ် ရောင်းပြီးပြီလား-ဟု မေးရာ ဒေါ်အေးဆိုသူ အမျိုးသမီးက တသိန်းပိုရလို့ ရောင်းလိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ စနေထောင့်မှာ ရှိနေတဲ့ နေ-လ ဘုရားရှေ့မှာ ငါးပါးသီလခံယူပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ တလုံးချ။
ပုတီး တနေ့ ၉-ပတ်၊ ဆက်တိုက် ၉-ရက်စိပ်ရင်း သက်သတ်လွတ်စားပြီး အဓိဋ္ဌာန်ပြုခဲ့လို့ပါပဲ-ဟု ဆို၏။

ကျွန်မလည်း ထိုစကားကိုကြားရသောအခါ အလွန်စိတ်ဝင်စားမိသည်၊ ထို့ကြောင့် ဥပုသ်ယူပြီး နောက်တနေ့တွင် ဤအဓိဋ္ဌာန်ကို ပြုခဲ့ပါသည်၊ အချိန် နေ့-ည မကန့်သတ်ပါ။ ဟင်္သာတတွင် နေထိုင်နေသော ကျွန်မ၏ညီမ အလတ်သည် ရန်ကုန်သို့ တလလျှင်တကြိမ် ဆိုသလို ရောက်လာတတ်ပါသည်၊ ယခုလည်း ရောက်လာပြီး နောက်တနေ့တွင် ဟင်္သာတသို့ပြန်မည် ဖြစ်ပါသည်၊ အင်းစိန်ဘူတာမှ သာရဝေါသို့ ရထားစီးရသည်။

ကျွန်မသည် ညီမကို ဘူတာလိုက်ပို့ရန် ကျွန်မနေထိုင်သော တက္ကသိုလ်ဝင်းမှ အင်းစိန်ဘူတာသို့ နံနက် ၅-နာရီတွင်ထွက်ပါမှ ရထားမီမည် ဖြစ်ပါသည်၊ နံနက် ဘူတာဆင်းရမည်ကို စိတ်စော၍၄င်း၊ ကျွန်မ၏ ကိုယ်ရေးကိုယ်တာ အဆင်မပြေစရာ စိတ်အနှောက်အယှက်ဖြစ်စရာ ပြဿနာတခုကို ကြုံခဲ့ရ၍၄င်း၊ ညက ကျွန်မကောင်းစွာ မအိပ်နိုင်ခဲ့ပါ။ မွေးရာပါ နှလုံးအားနည်းရောဂါနှင့် ညက ကောင်းစွာ မအိပ်ခဲ့မိခြင်းတို့ကြောင့် နံနက်ဘူတာဆင်းချိန်တွင် ကျွန်မမှာ လန်းဆန်းခြင်း မရှိပါ။

အင်းစိတ်ဘူတာသို့ ပုံမှန် သာရဝေါရထား ၀င်လာချိန် နံနက် ၆-၂၀ နာရီတွင် ညီမကို ရထားပေါ်သို့ တင်ပေးလိုက်သည်၊ မကြာမီ ရထားထွက်သွားပါသည်၊ ထိုအချိန်တွင် အင်းစိန်ဘူတာသို့ မြို့ပတ်ရထား လာနေပါပြီ။

စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များမှ ကျယ်လောင်သော ကက်ဆက်သံများကို ကြားနေရပါသည်၊ ညက ကောင်းစွာမအိပ်ခဲ့မိသောကြောင့် တကြောင်း၊ နှလုံးရောဂါဒဏ်ကြောင့်တကြောင်း ကျွန်မမှာ ငေးငိုက်လျက် ရထားသံလမ်းပေါ် ကျောခိုင်းရပ်ပြီး ဆူသံများကြောင့် မြို့ပတ်ရထားလာသံကို လုံးဝ မကြားခဲ့မိပါ၊

ထိုစဉ် တခါမှမမြင်ဖူးသော လူငယ်တယောက်သည် ရထားလမ်းဘေးရှိ လူသွားစင်္ကြံပေါ်သို့ ကျွန်မအား လျင်မြန်စွာ အတင်းမယူပြီး တင်ပေးလိုက်ပါသည်၊ ဤအဖြစ်အပျက်မှာ စက္ကန့်ပိုင်းအတွင်း ဖြစ်ခဲ့ပါသည်၊ ကျွန်မသည် ခေတ္တ သတိမေ့သွားပါသည်၊ သတိပြန်ရလာချိန်တွင်တော့ ကျွန်မအား အံ့သြစွာဖြင့် ငေးကြည့်နေကြသော ခရီးသွားများ ဈေးသည်များ မီးရထားဝန်ထမ်းများကို တွေ့ရပါသည်၊ ကျွန်မအား ကယ်တင်ခဲ့သော သူငယ်လေးကိုမူ မတွေ့ရတော့ပါ၊ ကျွန်မ၏ အဖြစ်အပျက်မှာ မတွေးဝံ့စရာ၊ သွေးအေးအေးနှင့် ပြန်လည်ဆန်းစစ်ကြည့်သောအခါ နေ-လ ဘုရားတွင် ၉-ရက် အဓိဋ္ဌာန်ဝင်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ယခုကဲ့သို့ ကျွန်မပြန်လည်အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ယူဆရပါသည်။

( မေစပယ်ပွင့် )

( မြတ်မင်္ဂလာ ၁၉၉၅-ခု စက်တင်ဘာလ )

Tuesday, April 14, 2009

နေထွက်ချိန်-အရုဏ်တက်ချိန် အမှတ်အသား

ရှေးမြန်မာတို့သည် နေထွက်ချိန် အရုဏ်တက်ချိန်တို့ကို အလွယ်တကူ မှတ်သားနိုင်ရန် ကဗျာလင်္ကာ ရေးစပ်၍ စနစ်တကျ တွက်ချက်တတ်ကြသည်၊ ထိုတွက်ချက်သည့် အချိန်အတိုင်းပင် အရုဏ်ဆွမ်းကပ်ခြင်း၊ နေထွက်ချိန် သတ်မှတ်ခြင်း စသည်တို့ပြုကာ ကုသိုလ်ကောင်းမှုများ လုပ်လေ့ရှိကြသည်။

ယခု ရှေးမြန်မာတို့၏ ကဗျာလင်္ကာဖြင့် သတ်မှတ်ထားသည့် နေထွက်ချိန်၊ အရုဏ်တက်ချိန်ကို တင်ပြပါမည်။

ခူး=သောင်း-နှေး-တုံ၊
ဆုန်=ပေါ်-ဖိ-နင်း၊
ယုန်=မြင်း-လှ-တန်၊
ဆို=ပြန်-ဆယ်-ထပ်၊
ခေါင်=ပြတ်-လည်-တို၊
တော်=ဗျို-ပြန်-နှက်၊
ကျွတ်=ဟိန်း-ထက်-တွင်၊
မုန်း=သက်-အောင်-ထိပ်၊
နတ်=သား-ချိတ်-တည်း၊
သို=သိပ်-စို-နှံ၊
တွဲ=သန့်-ကောင်း-တွင်၊
ပေါင်း=သင်း-အင်-ထွေ။
စနေနံမှ၊ သုညပြလျက်၊ နေထွက်ဗဟို အချိန်တည်း။
တနာရီကို၊ နောက်ဆုတ်ဆိုလျှင်၊ ဗဟို အရုဏ်တက်ချိန်တည်း။

မှတ်ချက်။
ခူး=တန်ခူးလ။
ဆုန်=ကဆုန်လ။
ယုန်=နယုန်လ။
ဆို=၀ါဆိုလ။
ခေါင်=၀ါခေါင်လ။
တော်=တော်သလင်းလ။
ကျွတ်=သီတင်းကျွတ်လ။
မုန်း=တန်ဆောင်မုန်းလ။
နတ်=နတ်တော်လ။
သို=ပြာသိုလ။
တွဲ=တပို့တွဲလ။
ပေါင်း=တပေါင်းလ။ တို့ကို အကျဉ်းချုပ် ညွှန်းဆိုထားခြင်း ဖြစ်ပါသည်။

ထို့နောက် ရှေးမြန်မာတို့၏ ဗျည်းအက္ခရာကို သင်္ချာဖြင့် တွက်ချက် သတ်မှတ်ရာ၌
အ-အာ-ဣ-ဤ- ဥ-ဥူ-ဧ-သြ=တနင်္ဂနွေ ( ၁ )
က-ခ-ဂ-ဃ-င=တနင်္လာ ( ၂ )
စ-ဆ-ဇ-စ်-ည=အဂၤါ ( ၃ )
ယ-ရ-လ-၀=ဗုဒၶဟူး ( ၄ )
ပ-ဖ-ဗ-ဘ-မ=ၾကာသပေတး ( ၅ )
သ-ဟ=ေသာၾကာ ( ၆ )
တ-ထ-ဒ-ဓ-န=စနေ ( ၇ ) ကို ( ၀-သုည ) မှတ်သားတွက်ချက်ရပါသည်။

ထို့ပြင် လများနှင့်တွဲသော အက္ခရာသုံးလုံးတွင် ပထမအက္ခရာကို=နာရီ ဟု သတ်မှတ်ရပါသည်။
နောက်နှစ်လုံးကို=မိနစ် ဟု သတ်မှတ်ရပါသည်။

ဥပမာ=
ခူး=သောင်း-နှေး-တုံ ။
ခူး=တန်ခူးလတွင် ၊ သောင်း=( ၆ )၊ နှေး=( ၀ ) တုံ=( ၀ ) ဟုတွက်ချက်၍
တန်ခူးလတွင် ၆-၀၀ နာရီ နေထွက်သည်ဟု သတ်မှတ်ရပါသည်။
တနာရီနောက်ဆုတ်လျက် ၅-၀၀ နာရီ အရုဏ်တက်သည်-ဟု မှတ်သားရပါသည်။

ဆို=ပြန်-ဆယ်-ထပ် ။
ဆို=၀ါဆိုလတွင် ၊ ပြန်=( ၅ )၊ ဆယ်=( ၃ )၊ ထပ်=( ၀ ) တွက်ချက်၍
ဝါဆိုလတွင် ၅-၃၀ နာရီ နေထွက်သည်။
တနာရီ နောက်ဆုတ်လျက် ၄-၃၀ နာရီ အရုဏ်တက်သည်။

မုန်း=သက်-အောင်-ထိပ် ။
မုန်း=တန်ဆောင်မုန်းလတွင်၊ သက်=( ၆ )၊ အောင်=( ၁ )၊ ထိပ်=( ၀ ) တွက်ချက်၍
တန်ဆောင်မုန်းလတွင် ၆-၁၀ နာရီ နေထွက်သည်။
တနာရီ နောက်ဆုတ်လျက် ၅-၁၀ နာရီ အရုဏ်တက်သည်။

ပေါင်း=သင်း-အင်-ထွေ ။
ပေါင်း=တပေါင်းလတွင်၊ သင်း=( ၆ )၊ အင်=( ၁ )၊ ထွေ=( ၀ ) တွက်ချက်၍
တပေါင်းလတွင် ၆-၁၀ နာရီ နေထွက်သည်။
တနာရီ နောက်ဆုတ်လျက် ၅-၁၀ နာရီ အရုဏ်တက်သည်-ဟု မှတ်သားရပါသည်။

ဤနည်းအတိုင်းပင် မြန်မာဗျည်း အက္ခရာကို သင်္ချာပြု၍ ကျန်သည့်လများ၌လည်း တွက်ချက်၍ အရုဏ်ဆွမ်းကပ်ခြင်း၊ အဓိဋ္ဌာန်ပုတီးစိပ်ခြင်း၊ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်း စသည့် ဘာသာရေးဆိုင်ရာ ကုသိုလ်ကောင်းမှု ပြုကြရန်နှင့် လောကီရေးရာ အချိန်နှင့် သွားလာလုပ်ကိုင်လိုသူများအတွက်လည်း မှန်းဆ၍ ရနိုင်ကြမည်ဖြစ်ပေသည်။

( ကလျာဏ )

မှတ်ချက်
အလွယ်တကူ ကြည့်ရှုနိုင်စေရန် မော်လူး-မှ အောက်ပါအတိုင်း တွက်ချက်ပေးလိုက်ပါသည်။

ခူး=သောင်း-နှေး-တုံ၊( တန်ခူးလ-၆-၀၀ နာရီ နေထွက်၊ ၅-၀၀ နာရီ အရုဏ်တက် )
ဆုန်=ပေါ်-ဖိ-နင်း၊ ( ကဆုန်လ-၅-၅၀ နာရီ နေထွက်၊ ၄-၅၀ နာရီ အရုဏ်တက် )
ယုန်=မြင်း-လှ-တန်၊ ( နယုန်လ-၅-၄၀ နာရီ နေထွက်၊ ၄-၄၀ နာရီ အရုဏ်တက် )
ဆို=ပြန်-ဆယ်-ထပ်၊ ( ၀ါဆိုလ-၅-၃၀ နာရီ နေထွက်၊ ၄-၃၀ နာရီ အရုဏ်တက် )
ခေါင်=ပြတ်-လည်-တို၊ ( ၀ါခေါင်လ-၅-၄၀ နာရီ နေထွက်၊ ၄-၄၀ နာရီ အရုဏ်တက် )
တော်=ဗျို-ပြန်-နှက်၊ ( တော်သလင်းလ-၅-၅၀ နာရီ နေထွက်၊ ၄-၅၀ နာရီ အရုဏ်တက် )
ကျွတ်=ဟိန်း-ထက်-တွင်၊ ( သီတင်းကျွတ်လ-၆-၀၀ နာရီ နေထွက်၊ ၅-၀၀ နာရီ အရုဏ်တက် )

မုန်း=သက်-အောင်-ထိပ်၊ ( တန်ဆောင်မုန်းလ-၆-၁၀ နာရီ နေထွက်၊ ၅-၁၀ နာရီ အရုဏ်တက် )
နတ်=သား-ချိတ်-တည်း၊ ( နတ်တော်လ-၆-၂၀ နာရီ နေထွက်၊ ၅-၂၀ နာရီ အရုဏ်တက် )
သို=သိပ်-စို-နှံ၊ ( ပြာသိုလ-၆-၃၀ နာရီ နေထွက်၊ ၅-၃၀ အရုဏ်တက် )
တွဲ=သန့်-ကောင်းတွင်၊ ( တပို့တွဲလ-၆-၂၀ နာရီ နေထွက်၊ ၅-၂၀ နာရီ အရုဏ်တက် )
ပေါင်း=သင်း-အင်-ထွေ၊ ( တပေါင်းလ-၆-၁၀ နာရီ နေထွက်၊ ၅-၁၀ နာရီ အရုဏ်တက် )။

( မော်လူး )

ဘာသာရေး ပြဿနာ ( ၅၁ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( သီလရှင်အား ရှိခိုးငြားက )
၁။ ဆရာတော်ဘုရား-
သီလရှင်အား၊ လူယောက်ျားတို့၊ ၀ပ်တွားရိုကျိုး၊ ကောင်း အဆိုး၊ ကြောင်းကျိုး မည်သို့ရှိသနည်း။
၂။ မိန်းမအများ၊ ရှိခိုးငြား၊ ကျိုးကား ဘယ်သို့ရှိသနည်း။
သာဓကသွင်း၊ ယုံမှားကင်း၊ ဖြေရှင်းပေးပါဘုရား။
( ရှင်သိဒ္ဓိဗလ-မြောင်းမြမြို့ )

( ဖြေ )
မဟောသဓာ၊ ဇာတ်တော်မှာလျှင်၊ မဟောသဓာ၊ လောင်းအလျာက၊ ပရိဗ္ဗာဇက၊ ဘေရီမအား၊ ညွတ်ခ-၀ပ်လျှိုး၊ ရှိလျှင်ခိုးခဲ့။
စံထိုးသမှု၊ ထိုဝတ္ထုကို၊ စွဲရှုကြည့်က၊ ကျင့်သီလကို၊ ပဓာနထား၊ ရှိဝပ်တွား၏။
ကျားမ မရွေး၊ ရှိခိုးရေးကို၊ ဆတွေးကြံကာ၊ ကင်းသင်္ကာသည်၊ မြဲစွာမှတ်သားဖွယ်ပင်တည်း။
********************************************************************************

( မေး ) ( မေတ္တာပို့ )
ဆရာတော်ဘုရား၊ တပည့်တော်တို့ မေတ္တာပို့သရာ၌ အနက်အဓိပ္ပါယ်မသိဘဲ ပါဠိကိုသာ ရွတ်ဆို၍ မေတ္တာပို့ပါက ၄င်းပို့သသောမေတ္တာသည် အစွမ်းတန်ခိုး ထက်-မထက် ဖြေကြားပေးပါရန်နှင့် အစွမ်းတန်ခိုးထက်အောင် မည်ကဲ့သို့ ပို့သရမည်ကို ဆရာတော်ဘုရားက စေတနာမေတ္တာ ရှေ့ထား၍ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။
( မောင်မြတ်နိုး-မြောင်းမြ )

( ဖြေ )
မေတ္တာပို့သရာတွင် ပါဠိဘာသာ မတတ်ကျွမ်းသူတို့အဖို့ မိမိတို့မိခင်ဘာသာဖြင့် ပို့သသင့်ပါသည်။
မေတ္တာပို့ရာတွင် အနောဓိသ (မရည်ရွယ်ဘဲ ပို့သအပ်သူ) ၅-မျိုး။
သြဓိသ (ရည်ရွယ်ပို့သအပ်သူ) ၇-မျိုးကို မူတည်၍
တု (ပါစေ) ၄-မျိုးနှင့် စနစ်တကျ ပို့သရန် အရေးကြီးပါသည်။

( က ) သတ္တ၀ါအားလုံး။
သက်ရှိအားလုံး။
ထင်ရှားရှိအားလုံး။
ပုဂ္ဂိုလ်အားလုံး။
ခန္ဓာကိုယ်ရှိသူအားလုံး။ ( အနောဓိသ ၅-မျိုး )

( ခ ) အမအားလုံး။
အဖိုအားလုံး။
အရိယာအားလုံး။
ပုထုဇဉ်အားလုံး။
နတ်ဗြဟ္မာအားလုံး။
လူအားလုံး။
အပါယ်ဘုံသားအားလုံး။ ( သြဓိသ ၇-မျိုး ) တို့သည်

( ဂ ) ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
(တု-၄-မျိုး ) ဟု ရိုးရိုး (အရပ် ၁၀-မျက်နှာမပါ) မေတ္တာ ၄၈-ပါး။

ထို့နောက် ( ဃ ) အရှေ့မျက်နှာအရပ်။
အနောက်မျက်နှာအရပ်။
မြောက်မျက်နှာအရပ်။
တောင်မျက်နှာအရပ်။
အရှေ့မြောက်မျက်နှာအရပ်။
အရှေ့တောင်မျက်နှာအရပ်။
အနောက်မြောက်မျက်နှာအရပ်။
အနောက်တောင်မျက်နှာအရပ်။
အောက်မျက်နှာအရပ်။
အထက်မျက်နှာအရပ်။
ဤအရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ ဤစကြာဝဠာနှင့်တကွ စကြ၀ဠာအနန္တ၌ ရှိကြကုန်သော သတ္တ၀ါအားလုံး အထက်ပါအတိုင်း ဆိုပါ။

သြဓိသ၊ အနောဓိသ သတ္တ၀ါ ၁၂-မျိုး၊ မေတ္တာ ၄-မျိုးနှင့် မြှောက် ၄၈-မေတ္တာ။
အရပ် ၁၀-မျက်နှာနှင့်မြှောက် ၄၈၀-မေတ္တာ။
အရပ်မျက်နှာ မရည်ရွယ်သော မူလ ၄၈-ပါးနှင့် ထပ်ပေါင်း ၅၂၈-မေတ္တာ။
ဤသို့ ပါဠိမတတ်သူတို့အဖို့ မြန်မာဘာသာဖြင့် မေတ္တာပို့လျှင် အကောင်းဆုံးပင်ဖြစ်ကြောင်း လမ်းညွှန်အပ်ပါသည်။
*********************************************************************************

( မေး ) ( စွယ်တော်လေးဆူ )
အရှင်ဘုရား၊ စွယ်တော်လေးဆူအကြောင်း ဖတ်ရ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူမှ ရယူကြရကြောင်း ကြည်ညိုရပါသည်၊
ပရိနိဗ္ဗာန်စံတော်မမူမီ အခြား အံတော် သွားတော်များ ရနိုင်-မရနိုင် သိလိုပါသည်ဘုရား။
သက်တော် ၈၀-မှ ပရိနိဗ္ဗာန်ပြုသဖြင့် ရမည်ဆိုက ရနိုင်ရန်ရှိကြောင်း ကြံစည်မိ၍ မေးရပါသည်ဘုရား။
( ဦးစောဖြူ-စစ်တွေ )

( ဖြေ ) မြတ်စွာဘုရားတို့သည် ပါရမီ ၁၀-ပါး၊ အပြား ၃၀-တို့ကို ကမ္ဘာပေါင်းများစွာ ဖြည့်ဆည်းဖူးခဲ့သဖြင့် ပရိနိဗ္ဗာန်စံတော်မူသည်အထိ အသားအရေ တွန့်လိပ်ခြင်း၊ ဆံတော်ဖြူခြင်း၊ သွားတော် ကျိုးခြင်း မရှိ။
သက်တမ်း၏ ငါးပုံ လေးပုံအရောက် လူအပေါင်းတို့ ချစ်ခင်မြတ်နိုးနေစဉ်မှာပင် ပရိနိဗ္ဗာန်စံတော်မူကြောင်း
ဗုဒ္ဓါနာမ ခဏ္ဍိစ္စာဒိ ဘာဝံ အပ္ပတွာဝ ပဉ္စိမေ အာယုကောဋ္ဌာသေ ဗဟုဇနဿ ပိယမနာပကာလေယေ၀ ပရိနိဗ္ဗာယန္တိ။ ( သံ-ဋ္ဌ ၃-၂၈၃ ) ဟု အဋ္ဌကထာဆရာတို့ မိန့်ကြားတော်မူခဲ့ပါသည်။ ( အင်္ဂုတ္တရ-ဋ္ဌ၊ ဒီဃ-ဋ္ဌ တို့တွင်လည်း အလားတူ ဆိုပါသည်။)
********************************************************************************

( မေး ) ( ရုပ်ရှင်တော် )
ဆရာတော် အရှင်မြတ်ဘုရား၊ အချို့ ဗုဒ္ဓရုပ်ပွားတော်များကို ရုပ်ရှင်တော်မြတ်-ဟူသော ဝေါဟာရဖြင့် ဖော်ပြထားသည်ကို တွေ့ရပါသည်၊ ရုပ်ရှင်တော်-၏ အဓိပ္ပါယ်ကို သိလိုပါသည်ဘုရား။
( သန်းလွင်-ပြွန်တန်ဆာမြို့ )

( ဖြေ )
အလွန်သပ္ပါယ်တော်မူသော ရုပ်ပွားတော်များသည် မျက်နှာတော်က လှုပ်ရှားနေသယောင်၊ ဖူးမြော်သူတို့ အမြင်တွင် အမျိုးမျိုး ထင်မြင်ကြရပါသည်။
ဥပမာ-ခြောက်ထပ်ကြီး လျောင်းတော်မူကြီးသည် မျက်လုံးတော် ကြည်လင်လှသဖြင့် မျက်တောင်ပင် ခတ်နေသကဲ့သို့ ထင်ရသည်။

ရခိုင်ပြည် ကျောက်တော်မြို့ မဟာမုနိရုပ်ပွားတော်မှာ မျက်နှာတော်ပုံ အမျိုးမျိုး ပြောင်းနေသကဲ့သို့ ထင်ရသည်။
မဟာဿွံသာရ ရုပ်ပွားတော်သည်လည်း တခါဖူး တမျိုး၊ တပုံတော် ဖြစ်နေတတ်သည်-ဟု ဆိုပါသည်။
ကျိုက်ထိုမြို့ ကျိုက်ပေါလော ရုပ်ပွားတော်၏ ညာဘက်နားထင်တော်ရှိ မှည့်ရှင်တော်မှာ နေရာရွှေ့ပြောင်းနေတတ်သည်-ဟု ကြားသိရပါသည်။

ထိုကဲ့သို့ ထူးထူးခြားခြား သပ္ပါယ်တော်မူသော ရုပ်ပွားတော်များကို ရုပ်ရှင်တော်-ဟု ဝေါဟာရ ပြုကြပါသည်၊ ထိုကဲ့သို့ ရုပ်ရှင်တော်ဟု အမည်တော်ရသော ရုပ်ပွားဆင်းတု ဥဒ္ဒိဿစေတီတော်များ မြန်မာနိုင်ငံတွင် တော်တော်များများ ရှိနေကြကြောင်း သိရပါသည်။
********************************************************************************

( မေး ) ( သီလခံယူရာဝယ် )
ဆရာတော် ဖြေစေညွှန်းပါလို့၊ ဒကာတော်တွေ ဝေလွန်းသည်မို့၊ ရွှေပေခွန်းမြွက်စေလို၊
အများအကျိုးပေမို့၊ ပွားတိုးစေတနာဖြင့်၊ အဖြေလွှာ ဖြေကာရေးပါလို့၊ စာစောင်မှာ ပါအောင်ပေးကာပ၊ မေးနှင့်ဖြေကို။
ညီမျှမှန်စွာ ဆရာတပည့်တွေတို့၊ သီလခံရာ မကွာ အရှိပါဘဲ၊ ပါဠိလိုတဲ့ ရှေ့ကဆို၊ နောက်က ထိုသို့ လိုက်စေခြင်း။
ပါဠိဉာဏ်ရှင်၊ စာရှိ ပန်ဆင်လျက်၊ အမှန်ပင် ကုသိုလ်ပွားပေလိမ့်၊ အများပါဠိဝေးတို့မှာ၊ ကြက်တူရွေးစာပေသင်သို့၊ နက်မမြင် ကျိုးမှာနည်းကာပ၊ ချည်းနှီး ဖြစ်မည်လားရယ်လို့၊ ကြံများ တွေဝေမိတာမို့၊ အဖြေလွှာ ဖွေရှာမိသူသို့၊ ထေရ်ဆရာ ပြည်ရွာသိအောင်၊ ညှိ၍ဖြေရှင်း။
( ဦးမြင့်ဆွေ-ညောင်ဦး )

( ဖြေ )
ထုတ်ပြစရာ သုံးရန်မမှားစေဖို့၊ ဗုဒ္ဓဘာသာ ထုံးစံများကိုလ၊ ချုံးပြန်ကြားပါရ အဖြေလွှာ။
သေချာပြရလျှင်၊ စေတနာ ဓမ္မပေမို့၊ သရဏ သီလာ၌၊ ဤအခါ ခံယူမယ်ရယ်လို့၊ ညီအညာ သံတူဟ,ကာပ၊ အကြံယူ ကံဟူသမျှကိုလ၊ လုံးဝ ရှောင်ကြဉ်မည်ဟု၊ သံကြည်ကြည် ဆရာဆိုသို့၊ ပါဠိလို နှုတ်ဆိုညွှန်း၊ ခွန်းဟသေချာ။
သမာဒိယာမိဟု၊ ပါဠိကျု ဆိုကြပါသော်လဲ၊ စိတ်က ပဉ္စသီ-ကိုလ၊ မိမိခံယူတယ်လို့၊ အသိဝယ် ငြိတွယ် ထွန်းတာမို့၊ ပတ်ဝန်းကျင့်-ပြည့်စုံစွာ၊ တည်ပါ၏ သီလများ။
သီလဟူသည်၊ ကြည်မြ ဖြူစင်တည်၍၊ စိတ်တည်ကြည် ခံယူရေးပေမို့၊ နက်ပေး ဓိပ္ပါယ် မသိပေမယ့်၊ သမာဒိယာမိသာ ပဓာနပေမို့၊ ဒကာတော် အာဘော်မျှအောင်၊ သဘောကျ မမှားစေဖို့၊ ဟောပြတရား။
********************************************************************************

( မေး ) ( နတ်ကတော် )
ဆရာတော်ဘုရား၊ တပည့်တော်၏ ဇနီးမှာ တပည့်တော်က စားဝတ်နေမှု ဖူလုံအောင် ရှာဖွေပေးနိုင်ပါလျက် နတ်ကတော်အလုပ်ကို လုပ်ကိုင်လျက်ရှိပါသည်၊ ဘာကြောင့် သည်အလုပ်ကို လုပ်နေရသလဲ-ဟု မေးမြန်းသည့်အခါတွင် ဘ၀ကံအကြောင်းတရားပေါ့-ဟု ဖြေပါသည်၊ အတင်းအကျပ် မပြောလိုသဖြင့် သူတပါးအပေါ် လိမ်လည်လှညြ့်ဖြား၍ မစားရန်နှင့် ဆင်းရဲသားများအပေါ် ညှာတာရန်သာ ဆုံးမမှုပေးနိုင်ပါသည်၊ ၄င်းအလုပ်သည် အကုသိုလ်ဖြစ်စေ၍ အပါယ်ငရဲသို့ ကျနိုင်ပါသလားဘုရး၊ မလုပ်အပ်သော အလုပ် ဖြစ်ပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါရန် တောင်းပန်ပါသည်ဘုရား။
( ဦးခင်မောင်စိုး-တောင်ဥက္ကလာပ )

( ဖြေ ) နတ်ကတော်အလုပ်သည် မြတ်စွာဘုရား လက်ထက်ကပင် ရှိပါသည်၊ နတ်ပူးဝင်လေ့ရှိသော မိန်းမကို ၀ရုဏီ-ဟု ခေါ်သည်၊ ဗြဟ္မဇာလသုတ်တွင် ကုမာရိပဥှာ-ခေါ် မိန်းကလေးတို့ကိုယ်တွင်းသို့ နတ်ကိုပူးဝင်စေ၍ မေးမြန်းသော အတတ်တမျိုးရှိကြောင်း ဆိုပါသည်။( ဒီ-ဋ္ဌ ၁-၉၁ )။

သို့သော် နတ်ကောင်းနတ်မြတ်များ ၀င်လာလေ့မရှိ၊ နတ်ညံ့များသာ ၀င်လေ့ရှိကြောင်း၊ နတ်ကတော်တို့ကလည်း နတ်မ၀င်သော်လည်း နတ်ဝင်ဟန် ပြုလေ့ရှိကြောင်း ဆိုပါသည်။ သံယုတ္တနိကာယ် နိဒါန၀ဂ္ဂ အဋ္ဌကထာတွင် ဤမည်သော ဤမည်သော ပူဇော်မှုကိုပြုလျှင် သင်တို့အား ဤသို့ ဤသို့ ကြီးပွားချမ်းသာခြင်း ဖြစ်လတံ့-ဟု လူအပေါင်းကို လှည့်ပတ်၍ ပန်းနံ့သာစသည်ကိုယူကာ မဟုတ်မမှန်သည်ကို သိစေ၊ ကြားစေ၍ လိမ်လည်ခဲ့သဖြင့် အရုပ်ဆိုး အနံ့မကောင်း ကြောက်မက်ဖွယ်ရာ ပြိတ္တာဖြစ်တတ်ကြောင်း ဆိုပါသည်။( သံ-ဋ္ဌ ၂၊ ၂၀၄ )။

ထို့ကြောင့် နတ်ကတော်အလုပ်မှာ မှန်ကန်မှု နည်းပါး၊ လည်ဆယ်မှု များပြား၍ အပါယ်ငရဲနှင့် နီးစပ်နေသဖြင့် အထူးသတိထား၍ လုပ်သင့်သောအလုပ်ဖြစ်ကြောင်း သတိပေးလိုပါသည်။
********************************************************************************

( မေး ) ( မောက္ကလူ ပါလည်းကွေး-ရှေးစာအရေး )
ဆရာတော်ဘုရား၊ တပည့်တော်တို့အရပ်တွင် မွေးစ ကလေးများ ရောဂါဘယ ကင်းရန် ကလေးပုခက်တွင်
ဘုရားဟူက မောက္ကလူ-၂၄၊ တရားဟူက ပါလည်ကွေး-၄၅၊ သံဃာဟူက သံချပ်ဝတ်-၆၇၊
ဓုတင်တေရသကို ကျင့်ဆောင်တော်မူသော အရှင်မဟာကဿပ ကိန်းဝပ်တော်မူပါသည်၊ ဘေးရန်ဟူသမျှ လွဲစေ-ရှောင်စေ-ဟု ရေး၍ ဆွဲချိတ်လေ့ရှိပါသည်၊ ယင်းစာပါ မောက္ကလူ၊ ပါလည်ကွေး၊ သံချပ်ဝတ်တို့နှင့် သင်္ချာဂဏန်းတို့ အဓိပ္ပါယ်ကို ရှင်းပြပေးတော်မူပါဘုရား။
( သန်းထက်-ချင်းတွင်း )

( ဖြေ )
မောက္ကလူ-ဟူသည်မှာ မောက်လူဟု ဆိုသင့်လျက် က-ထည့်၍ ဆိုသည်။
မောက်လူမှာ ရှေးမြန်မာစစ်သူကြီးတို့ ဆောင်းရသော စစ်ခမောက်ဖြစ်သည်။
၂၄-မှာ ဒီပင်္ကရာမြတ်စွာဘုရားမှ ကဿပမြတ်စွာဘုရားအထိ ဂေါတမမြတ်စွာဘုရား တွေ့ကြုံဆုပန်ခဲ့သော ဘုရား ၂၄-ဆူ ဖြစ်ပါသည်။

ပါလည်ကွေး ဆိုသည်မှာ စစ်သူကြီးတို့ ပခုံးနှစ်ဖက်ကို အုပ်၍ လည်ကို ကွေးဝိုက်ဆင်သထားသော အဆင်တန်ဆာဖြစ်၍ ၄၅-မှာ ပထမဗောဓိ ၁၅-၀ါ၊ ဒုတိယဗောဓိ ၁၅-၀ါနှင့် တတိယဗောဓိ ၁၅-၀ါ
ပေါင်း ၄၅-၀ါတွင် ဟောတော်မူသော တရားတော်များဟု ဆိုလိုပါသည်။

သံချပ်ဝတ်မှာ ယင်းစစ်သူကြီးတို့ကိုယ်တွင် ၀တ်ဆင်ထားသော သံချပ်အင်္ကျီကို ဆိုလို၍
၆၇-မှာ မြတ်စွာဘုရား ပထမ၀ါတွင် အတူဝါဆိုကြသော ပဉ္စ၀ဂ္ဂီ ၅-ဦးနှင့် အရှင်ယသ စသော ရဟန္တာ ၅၅-ပါး၊ ပေါင်း ရဟန္တာ ၆၀၊ ထို့နောက် ဘုရားကိုးဆူကပ်ရာတွင် ပါသော ရဟန္တာ ၈-ပါးတွင် ပဉ္စ၀ဂ္ဂီ၌ ပါပြီးသော ရှင်ကောဏ္ဍညကို နုတ်၍ ၇-ပါးထည့်ကာ ၆၇-ပါးကို ဆိုပါသည်။

အိမ်တွင်လည်း အန္တရာယ်ကင်းအောင် နတ်ဆိုး, စုန်း, သရဲတို့ မ၀င်ဝံ့အောင် ထန်းရွက်ကို သန်လျက်ပုံလှီးကာ ၄င်းစာများကို ရေး၍ ဆွဲချိတ်ရုံမက ခရီးသွားရာတွင်လည်း ရှင်မဟာကဿပ ကြွလာတော်မူသည်-ဟု ပြင်၍ ဆိုရသည်ဟု ဝေါဟာရ၀ိပလ္လာသလက္ခဏဒီပကကျမ်းတွင် ဆိုပါသည်။

( မြတ်မင်္ဂလာ ၁၉၉၅-ခု စက်တင်ဘာလ )

မြတ်ဗုဒ္ဓကို ရှောင်နေခဲ့သော ရူပနန္ဒာထေရီ

သာကီဝင်မင်းသမီး ဇနပဒကလျာဏီသည် အလွန်တင့်တယ်လှပပြီး မိမိ၏ ရုပ်အဆင်းကို အလွန်သာယာနှစ်သက်ကာ အလှမာန်ယစ်နေသူဖြစ်၏၊ လှပသောဂုဏ်ကို အကြောင်းပြုပြီး ရူပနန္ဒာ-ဟူ၍လည်း အမည်တွင်၏။

မောင်တော်ကြီး သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ် ရောက်ပြီးနောက် တူတော် ရာဟုလာ၊ ချစ်သူ နန္ဒမင်းသား၊ မယ်တော် ပဇာပတိဂေါတမီတို့သည် အားလုံး ရဟန်းပြုကြကုန်၏၊ ထိုအခါ ငါလည်း ရဟန်းပြုမှ ကောင်းမည်-ဟု ကြံစည်ပြီး ရဟန်းဘောင် ၀င်ခဲ့၏၊ သာသနာတော်ကို ကြည်ညိုသော သဒ္ဓါတရားကြောင့် မဟုတ်ဘဲ ဆွေမျိုးများ သံယောဇဉ်ကြောင့် ဘိက္ခုနီဘ၀ ရောက်လာသော အရှင်မ မင်းသမီးသည် ရုပ်အဆင်း၏ အပြစ်၊ အပုပ်ကောင်အကြောင်း ဟောတတ်သော ဘုရားရှင်အနားသို့ မရောက်အောင် နေလေသည်။

ဘုရားရှင်၏ဂုဏ်တော် ကျေးဇူးတော်တို့ကို ကြားရဖန်များသောအခါ တနေ့တွင် တရားသဘင်သို့ ပုန်းလျှိုး ကွယ်လျှိုး လာရောက်၍ တရားနာ၏၊ ဤအကြောင်းကို သိတော်မူသော ရှင်တော်ဘုရားသည် ခြေတော်ရင်းတွင် လူမက နတ်တမျှ လှသော အမျိုးသမီးငယ်တဦးကို ဖန်ဆင်း၍ ယပ်လေခတ်ပေးနေစေ၏၊ ထိုဖန်ဆင်းသူ အမျိုးသမီးငယ်ကို အခြားသူများ မမြင်ရ၊ ဇနပဒကလျာဏီ အရှင်မသာ မြင်ရ၏၊ အရှင်မသည် နုပျိုချောမောလှပသော အမျိုးသမီးငယ်ကို တအံ့တသြ ငေးစိုက်ကြည့်နေမိသည်။

မိမိ၏ အလှအပသည် ထိုသူငယ်မနှင့် နှိုင်းစာလျှင် ရွှေဟင်္သာနှင့် ကျီးမည်းကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိ၏၊ သူငယ်မ၏ တကိုယ်လုံးကို တခုစီကြည့်ပြီး အားမရနိုင်အောင် ငေးမောကြည့်ရှုနေစဉ်ပင် သူငယ်မသည် တဖြည်းဖြည်း အိုမင်းရင့်ရော်လာသည်ကို တွေ့မြင်ရလေသည်။

နုပျိုပြေပြစ်သော ၁၆-နှစ်ရွယ် အမျိုးသမီးငယ်သည် တဖြည်းဖြည်း အသက် ၂၀-ရွယ်၊ ၂၅-နှစ်ရွယ်၊ ၃၀-ရွယ်၊ ၄၀-၅၀-ရွယ် ဖြစ်လာကာ အရေတွန့် ခါးကိုင်းပြီး အမယ်အိုဖြစ်လာသည်၊ ထို့နောက် ကိုင်နေသော ယပ်ကိုပစ်ချကာ သူနာဘ၀ရောက်သွားပြီး သေဆုံးသွားသည်ကို ထိတ်လန့်ဖွယ် တွေ့မြင်ရသည်။

တဖန် အလောင်းကောင်သည် တဖြည်းဖြည်း ပုပ်ပွဖူးရောင်ပြီး သွေးပြည်များ ယိုစီးကာ လောက်များ တဖွားဖွား တက်လာသည်ကို မြင်ရပြန်လေသည်၊ အရှင်မ ဇနပဒကလျာဏီ-ရူပနန္ဒာသည် ထိတ်လန့်တုန်လှုပ်ပြီး သံဝေဂတရားများ ဖြစ်ပေါ်လာသည်၊ ဤအချိန်တွင် မြတ်စွာဘုရားသည် ဖန်ဆင်းရုပ်ကို ကွယ်ပျောက်စေကာ အောက်ပါဂါထာကို ဟောတော်မူလေသည်၊ တရားတော်အဆုံးတွင် အရှင်မသည် အကျွတ်တရားရလျက် ရဟန္တာမ ဖြစ်သွားလေသည်။

( ပါဠိဂါထာ )
အဋ္ဌီနံ နဂရံ ကတံ ၊ မံသလောဟိတလေပနံ ။
ယတ္ထ ဇရာ စ မစ္စု စ ၊ မာနော မက္ခော စ သြဟိတော ။

( မြန်မာပြန် )
အရိုးတို့ကို စိုက်ထူ၍ အသားအသွေးတို့ဖြင့် လိမ်းကျံလျက် အတ္တဘောတည်းဟူသော မြို့ကို တဏှာလက်သမားသည် ဆောက်လပ်အပ်၏။
ယင်းမြို့၌ အိုခြင်း, သေခြင်း, မာန, ထောင်လွှားခြင်း, သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်သာ တည်ရှိလေ၏။

( ဆောင်ပုဒ် )
အရိုးသုံးရာ၊ တိုင်ထူကာဖြင့်၊ များစွာကြောများ၊ ယှက်တွယ်ထားလျက်၊ သွေးသားလိမ်းကျံ၊ အရေရံကာ၊ ပန်းရန်တဏှာ၊ ဆောက်လုပ်လာသည့်၊ ခန္ဓာမြို့တွင်း၊ ဤကိုယ်တွင်းကား၊ အိုခြင်း-သေခြင်း၊ မာန်မူခြင်းနှင့်၊ မှားယွင်းပေါ့သွမ်း၊ ကျေးဇူးကန်းသာ၊ သိုမှီးပါ၏။

( ဇရာဝဂ်၊ ဇနပဒကလျာဏီ-ရူပနန္ဒာဝတ္ထု )

Monday, April 13, 2009

သံသရာခရီးသည် ၇-ဦး

ကမ္ဘာပေါ်ရှိ လှုပ်လှုပ်ရွရွ မြင်တွေ့နေရသော သတ္တ၀ါအားလုံးနှင့် မမြင်မတွေ့ရသော သတ္တ၀ါအားလုံးတို့သည် သံသရာခရီးသည်များ ဖြစ်ကြပါသည်၊ သံသရာဆိုသည်မှာ ခန္ဓာ, အာယတန, ဓာတ်တို့ မပြတ်မလပ် မရပ်မနားဘဲ ဖြစ်ပျက်နေသော ဘ၀အစဉ်ကိုခေါ်သည်။

ထိုဘ၀အစဉ်သည် အဝေးကြီးတွင်ရှိနေသည်မဟုတ် အများအားဖြင့် သတ္တ၀ါတို့၏ မျက်စိ,နား, နှာ, လျှာ, ကိုယ်, စိတ် တည်းဟူသော ခြောက်ဒွါရမှာ တရစပ် အထပ်ထပ် ဖြစ်ပျက်နေသော သဘောတရားများပင် ဖြစ်သည်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအနေဖြင့် အဓိကရည်ရွယ်ချက်သည် သံသရာမှ လွတ်မြောက်ရေးပင်ဖြစ်၏၊ ထိုလွတ်မြောက်ရေးအတွက် မြတ်ဗုဒ္ဓသည် ၄၅-၀ါပတ်လုံး မနေမနား နည်းအမျိုးမျိုးပြပြီး လမ်းညွှန်တော်မူခဲ့၏၊ မြတ်ဗုဒ္ဓချမှတ်ခဲ့သော လမ်းစဉ်များအနက် မိမိစရိုက်အားလျှော်သော နည်းလမ်းကို စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးရန်သာ လိုပါသည်၊

ရှေးဦးစွာ မိမိသည် သံသရာခရီးသည် ၇-မျိုးတွင် မည်သည့်အမျိုးတွင် ပါဝင်သည်ကို သိထားရန်လိုပါသည်၊ ထို ၇-မျိုးကို စိစစ်ကြည့်ကြပါစို့၊ အင်္ဂုတ္တိုရ်နှင့် ပုဂ္ဂလပညတ် ပါဠိတော်တို့တွင် ပြဆိုချက်အရ သံသရာခရီးသည် ၇-မျိုးဆိုသည်မှာ-

၁။ ငုပ်ပြီး မြုပ်သွားသောသူ ( ဒုဂ္ဂတိဘုံသားများ )
၂။ ပေါ်ပြီး မြုပ်သွားသောသူ ( ပုထုဇဉ်များ )
၃။ ပေါ်ပြီး တည်နေနိုင်သောသူ ( ကလျာဏပုထုဇဉ်များ )
၎။ ပေါ်ပြီး မော်ကြည့်နိုင်သောသူ ( သောတာပန်များ )
၅။ ပေါ်ပြီး ကူးခတ်သွားသောသူ ( သကဒါဂါမ်များ )
၆။ ကူးပြီး ထောက်မိသောနေရာ ရောက်နေသူ ( အနာဂါမ်များ )
၇။ ထောက်မိပြီး ကမ်းတဘက်သို့ လှမ်းတက်သွားသောသူ ( ရဟန္တာများ )

ဤစာရင်းကိုကြည့်လျှင် မိမိသည် အဘယ်အမျိုးအစားတွင် ပါဝင်သည်ကို ရိပ်စားမိပါလိမ့်မည်။

မိမိသည် ၁-အမျိုးအစား=ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် အပါယ်လေးဘုံ ဒုဂ္ဂတိဘုံသား မဟုတ်သည်မှာ သေချာပါ၏။

၆-၇ အမျိုးတွင် မပါဝင်သည်မှာလည်း သေချာပါသည်။
ကျန်လေးမျိုးတွင် ပါဝင်သည်ဆိုပါစို့၊ အသေအချာစိစစ်လျှင် သောတာပန်နှင့် သကဒါဂါမ် နည်းပါးပါလိမ့်မည်၊ ပုထုဇဉ်နှင့် ကလျာဏပုထုဇဉ်များသာ များပါလိမ့်မည်။

မိမိတို့ရောက်ရှိနေသော အဆင့်မှ အထက်အဆင့်သို့ တက်လှမ်းရန် ကြိုးစားရန် လိုပါသည်၊ ယခုရရှိနေသော ဘ၀ကောင်း၊ သာသနာတော် ထွန်းတောက်နေသော အချိန်ကောင်းကို အရအမိ အခွင့်အရေးယူရန် အရေးကြီးပါ၏။
ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား-ဟူသော သတိပေးစကားကို သတိပြုရပါမည်၊ ထို့ကြောင့် သံသရာခရီးတလျှောက်တွင် ချမ်းသာလွယ်ကူစွာ သွားလာနိုင်ရေးအတွက် ဒါနကို နည်းလမ်းမှန်စွာ ပြုလုပ်၍၊ အထူးအရေးကြီးသော ကိုယ်ကျင့်သီလကိုလည်း အနည်းငယ်မျှ အတိမ်းအစောင်း မခံဘဲ၊ ၀ိပဿနာ ဘာဝနာကို စွဲစွဲမြဲမြဲ အားထုတ်ကာ သံသရာခရီးသည်ဘ၀မှ လွတ်မြောက်ရန် ကြိုးစားနိုင်ကြပါစေ။

သြ၀ါဒ

၁။ မိမိပြုဖွယ် လုပ်ငန်းကိစ္စတို့ကို အချိန်မှန်မှန် အိပ်ရာမှထ၍ ပြုလုပ်ရာ၏။
၂။ အချိန်မှန်မှန် အလုပ်ကို ရုတ်သိမ်းရာ၏။
၃။ ဘေးရန်မရှိဟု ထင်မှတ်ရသော အရပ်မှာပင် မဆင်ခြင် မစူးစမ်းဘဲ မသွားမလာ မပြုလုပ်ရ။
၎။ အကျိုးရှိမည်ထင်လျှင် မကန်း-မအသော်လည်း ကန်းသူ-အသူ,ပမာ သည်းခံကာ နေရာ၏။
၅။ အကျိုးရှိမည့်အလုပ်မှန်လျှင် မည်သူကပင် နှောင့်ယှက် ဖျက်ဆီးစေကာမူ စိတ်မပျက်၊ လက်မလျှော့ဘဲ စွဲမြဲစွာ လုပ်ကိုင်ရာ၏။

( မကွေးဆရာတော် ဘဒ္ဒန္တကုမာရ )

ကံ ကံ၏အကျိုး ( ၄၇ )

( စေတနာမှန်၏ အကျိုး )

တနေ့ မေမေက အမှိုက်များစွန်ပစ်ခိုင်းသဖြင့် လမ်းထိပ်အမှိုက်ပုံသို့ သွားရောက်စွန့်ပစ်ရလေ၏၊ ထိုစဉ် ကြက်အော်သံကြား၍ အနားတိုးကြည့်လိုက်ရာ ကြက်ငယ်ကလေးဖြစ်နေသည်၊ မျက်စိတွင်လည်း အဖုကြီးများ ပေါက်နေသည်၊ ပိုင်ရှင်က စွန့်ပစ်ထားသည်ဟုလည်း ထင်မိပါသည်။

ထို့ကြောင့် ကျွန်တော်သည် ကြက်ငယ်ကို သနားစိတ်ဝင်ပြီး ဖမ်းယူလာခဲ့သည်၊ အိမ်သို့ရောက်သော် မေမေက ဆူပါတော့သည်၊ ခြေနှစ်ချောင်းဝင်လျှင် မကောင်း၊ လူမှုရေးပြဿနာ ဖြစ်တတ်သည်၊ ငွေထွက်ကိန်းမြင်သည်-ဟု ဗေဒင်က ဟောထားသဖြင့် နယ်မှ ကျောင်းလာတက်နေသော သူ့တူအရင်းကိုပင် နေရာပြောင်းခိုင်းထားသည်၊ ထို့ကြောင့် ကျွန်တော့ကိုလည်း မာန်မဲကာ ကြက်ကလေးကို ပြန်လွှတ်ခိုင်းသည်။

ကျွန်တော်သည် ကြက်ကလေးကို မေမေမမြင်အောင် ခြင်ထောင်ထဲတွင် ၀ှက်ထားလိုက်သည်၊ မေမေ့အလစ်တွင် အိမ်အပေါ်ထပ် ကျွန်တော့အိပ်ခန်းထဲသို့ သွင်းထားလိုက်ပါသည်၊ ကြက်ကလေးအတွက် ဆန်ကွဲ၊ သောက်ရေ၊ အိပ်တန်းတို့ကို စနစ်တကျ ပြုလုပ်ပေးသည်၊ မျက်စိမှ အဖုကြီးနှစ်ခုကိုလည်း အုန်းဆီဆွတ်၍ ပင်အပ်ဖြင့် အသာအယာ ထိုးခွာပေးသည်၊ ထိုအခါ မျက်စိအထဲမှ ဖြူဖြူအဖတ်များ ထွက်လာပြီး မျက်လုံးပွင့်သွားလေသည်၊ နောက်ရက်များတွင် မျက်စိမြင်သွားသဖြင့် အစာကိုလည်း တ၀ကြီးစားနိုင်သည်၊ အိပ်တန်းလည်း သူ့အလိုလို တက်နိုင်သွားသည်။

ကြက်ကလေးသည် ကျွန်တော့ကို အတော်ခင်ပါသည်၊ ကျွန်တော် စာကျက်နေလျှင် ကျွန်တော့ပေါင်ပေါ်၊ ရင်ဘတ်ပေါ်သို့တက်၍ ငြိမ်နေတတ်သည်၊ တဖြည်းဖြည်း ကြီးထွားလာသောအခါ ကြက်မကလေး ဖြစ်နေသည်၊ ထိုကြက်မကလေးကို မေမေမြင်သွားသော်လည်း လုံးဝမဆူတော့ပါ။

သည်လိုနဲ့ ကျွန်တော်ဆယ်တန်းစာမေးပွဲ ဖြေဆိုသောနေ့သို့ ရောက်လေသည်၊ ထိုနေ့က မမျှော်လင့်ဘဲ အိပ်တန်းအဆင်း အတောင်ချင်းရိုက်၍ ထူးထူးခြားခြား အားရပါးရ ကြက်မကလေး တွန်ပါတော့သည်။

ထိုအခါ အယူသည်းသော မေမေက ကြက်မတွန်တယ်၊ အဲဒါမျိုး လူခိုက်တတ်တယ်-ဟု ဆိုကာ နှစ်အိမ်ကျော်မှ နိုင်နိုင်စိန်ကိုခေါ်ပြီး ခဲဖြင့်ပေါက်၍ မောင်းထုတ်ခိုင်းသည်၊ ထိုစဉ် ဖေဖေရောက်လာပြီး မေမေ့ကိုရှင်းပြမှ ကြက်မကလေး ချမ်းသာခွင့်ရသွားသည်။

ဖေဖေက ပြောသည်မှာ မအေကြီးရယ်၊ ဒါမျိုးကြုံခဲတယ်၊ သခင်ကို အားပေးတာဖြစ်မှာပါ၊ မင်းအသာစောင့်ကြည့်၊ ထူးခြားမှုတခု ကြုံလိမ့်မယ်-ဟူ၍ ဖြစ်ပါသည်၊ ကျွန်တော်သည် ထိုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ခဲ့ပါသည်၊ ယခုကဲ့သို့ အောင်မြင်ခြင်းသည် ကြက်မကလေးကို ကယ်တင်ပြီး မျက်စိနှစ်ကွင်း အလင်းရအောင် ပြုလုပ်ပေးခဲ့သော စေတနာ၏ အကျိုး-ဟု ကျွန်တော်ယုံကြည်ယူဆမိပါသည်။

( မောင်လွှမ်းသစ်-ဥသျှစ်ပင် )
********************************************************************************

( ကိုမြသာ၏ နောင်တ )

ကိုမြသာတယောက် လေးဂွတချောင်းနှင့် ရွာရိုးလျှောက်ကာ ဟိုပစ်သည်ပစ် လုပ်တတ်သည်၊ သည်ကနေ့လည်း ရွာအရှေ့ပိုင်းရှိ ဦးဖိုးလွှာခြံသို့ ဗျိုင်းပစ်ရန် ရောက်လာခဲ့သည်၊ ဦးဖိုးလွှာ၏ခြံသည် ဗျိုင်းငှက်များပျော်စံရာ ဂေဟာဖြစ်သည်၊ ခြံပိုင်ရှင်ကလည်း ဗျိုင်းငှက်များကို မပစ်ရန် တားမြစ်ထားသည်၊ သို့သော်လည်း ကိုမြသာသည် ခြံရှင်မသိအောင် ခိုးပစ်သည်၊ ထိုသို့ပစ်ရခြင်းမှာ ကျောင်းပိတ်ရက်တွင် မြို့မှပြန်လာမည့်သားအား ဗျိုင်းသားဟင်း ချက်ကျွေးရန် ဖြစ်သည်။

ဗျိုင်းငှက်များကလည်း သည်ကနေ့မှ ရှားရှားပါးပါး ဖြစ်နေသည်၊ နောက်ဆုံး သူ့လက်ချက်ဖြင့် ဗျိုင်းတကောင်ရသည်၊ ထိုဗျိုင်းအတောင် ကျိုးသွားသည်၊ သူသည် ဗျိုင်းကိုဆွဲလျက် အိမ်ပြန်လာခဲ့သည်။
သူတို့လယ်စပ်အရောက်တွင် ကွင်းလယ်၌ လူများဝိုင်းအုံနေသည်ကို တွေ့ရသည်၊ အကျိုးအကြောင်းသိချင်၍ ဘာဖြစ်ကြတာလဲ-ဟု မေးမြန်းကြည့်သည်၊ ထိုအခါ ထိုအထဲမှ ညီဖြစ်သူ ကိုဘ၀င်းက အကို့သား ကျွဲပေါ်ကကျလို့ လက်ကျိုးသွားတယ်-ဟုပြန်ဖြေသည်။

ကိုမြသာတယောက် သားကိုပြေးပွေ့ပြီး မြို့တက်ဆေးကုရန် ပဲ့ထောင်ရှိရာသို့ သွားလေသည်၊ ဗျိုင်းသားဟင်းဖြင့် ညစာကျွေးမည့် အစီအစဉ်လည်း ပျက်ခဲ့ရပေပြီ၊ သူ့ကြောင့် အတောင်ကျိုးသွားသော ဗျိုင်းငှက်နှင့် ကျွဲကြောင့် လက်ကျိုးသွားသော သူ့သားအဖြစ်ကို နှိုင်းယှဉ်၍ တွေးတောမိသည်၊ ထို့နောက် ဆုံးဖြတ်ချက်တခုကို ပိုင်နိုင်စွာ ချလိုက်သည်။

သူ၏ဆုံးဖြတ်ချက်ကား သူတပါးအသက်ကို သတ်ခြင်း, ညှင်းဆဲခြင်းမှ ရာသက်ပန် ရှောင်ကြဉ်တော့မည်-ဟူ၍ ဖြစ်သည်၊ သူ၏နောင်တကား မနှောင်းသေးသော နောင်တပါပေ။

( ခင်မေ-ရွှေတောင် )
********************************************************************************

( သူနာပြုခြင်း )

တနေ့သော နံနက်ခင်းက ဖြစ်ပါသည်၊ ကျွန်တော်တို့အိမ်ရှေ့ မန်ကျည်းပင်ကြီးအောက်မှာ စာငှက်ကလေးတကောင် လဲကျနေသည်ကို တွေ့ရပါသည်၊ စာငှက်ကလေး၏ ခြေထောက်နှစ်ချောင်းမှာ
နောက်သို့ပစ်လျက်သား ဖြစ်နေပြီး တောင့်တင်းနေပါသည်၊ ခြေတံကလေးများမှာလည်း လက်သီးဆုပ်ထားသကဲ့သို့ ဖြစ်နေသည်၊ တဆတ်ဆတ်လည်း တုန်နေပါသည်၊ လည်ကုပ်ကလည်း ပျော့ကျနေပါသည်၊ ခေါင်းလည်း မထောင်နိုင်တော့ပါ။

ကျွန်တော်သည် စာကလေးကို တွေ့တွေ့ချင်း အလွန်သနားမိသည်၊ အသက်ရှင်လိုရှင်ငြား ပြုစုစောင်ရှောက်ရန်လည်း ဆုံးဖြတ်ချက် ချလိုက်ပါသည်၊ ထို့ကြောင့် စာကလေးကိုကောက်ပြီး အိမ်ထဲသို့ ယူခဲ့ပါသည်။

အိမ်ထဲသို့ရောက်သောအခါ ကျွန်တော်သည် စာကလေး၏ နှုတ်သီးလေးကို ပရုတ်ဆီများများ လိမ်းပေပါသည်၊ စာကလေး ပရုတ်ဆီနံ့ကို ရှူရှိုက်မိရန် ဖြစ်ပါသည်၊ စာကလေးသည် အလွန်မောရှာလွန်း၍ နှာခေါင်းနှင့် အသက်မရှူနိုင်ဘဲ နှုတ်သီးကလေးကို ဟ,ကာ ဟ,ကာ ခက်ခက်ခဲခဲ ရှူရှိုက်နေရပါသည်။

ထို့နောက် ကျွန်တော်သည် ပရုတ်ဆီနှင့်ရေကို ဖျော်၍ စာကလေး၏ နှုတ်သီးကို အသာအယာဖြဲပြီး တစက်ချင်း ဖြည်းညှင်းစွာ ထည့်ပေးပါသည်၊ ငြင်းဆန်သည့်သဘောဖြင့် ခါမထုတ်ပါ၊ မျိုချရှာပါသည်။

စာကလေး၏ တောင့်တင်းနေသော ခြေထောက်ကလေး နှစ်ချောင်းကိုလည်း ပရုတ်ဆီများများ လိမ်းပေးကာ ညင်သာစွာ နှိပ်နယ်ပေးပါသည်၊ ပေါင်းရင်းနှင့် ခြေဆစ်ကလေးများကိုလည်း အသာအယာ ဆွဲဆန့်ပေးပါသည်၊ နွေးနွေးထွေထွေး ရှိစေရန်လည်း စာကလေးကို နေရောင်ခြည်ရသည့် နေရာတွင် အ၀တ်နှင့် ထွေးပေးထားပါသည်။

ကျွန်တော်သည် ထိုသို့ဂရုစိုက်ရင်း စာကလေး၏ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါသည်၊ သို့နှင့် ၁-နာရီကျော်ကျော်ခန့် အချိန်တွင် ထူးခြားမှုတခုကို စတွေ့ရပါတော့သည်၊ ထိုအခါမှ ကျွန်တော်သည် စာကလေးမသေနိုင်တော့-ဟု ယုံကြည်ပြီး အားတက်လာပါသည်၊ ၀မ်းလည်းသာရပါသည်။

ထူးခြားလာပုံမှာ မနက်က သူ့ကိုခွံ့ကျွေးဖို့ ယူထားသော ထမင်းလုံးကလေးများကို သူ့ကိုယ်သူ မနိုင်မနင်းဖြင့် ကောက်စားလာပါသည်၊ စာကလေး၏ အခြေအနေမှာ တိုးတက်နေပါပြီ၊ အိမ်ခန်းထဲမှာ ဟိုတိုး သည်တိုးနှင့် ပြန်ချင်နေရှာပါပြီ။

အစာဝအောင်ကျွေး၍ အိမ်ရှေ့မန်ကျည်းပင်ကြီးပေါ်သို့ ပြန်လွှတ်လိုက်ပါသည်၊ စာကလေးသည် တကျည်ကျည်နှင့် အသံပြုရင်း ပျော်ရွှင်စွာ ပျံတက်သွားပါသည်၊ သူ့ကို အခြားစာငှက်ကလေးများက တကျည်ကျည်နှင့် အော်ရင်း ပျောက်နေသူကို မမျှော်လင့်ဘဲ ပြန်တွေ့လိုက်ရ၍ ၀မ်းသာနေကြသည့်အလား ပျော်ရွှင်စွာ ကြိုဆိုနေကြသည် ထင်ပါသည်။

ကျွန်တော်သည် သူတို့ကို ကြည့်ရင်း တကြိမ်တခါမှ မခံစားဖူးသော ၀မ်းသာကြည်နူးမှုများကို ရင်မှာအတိုင်းမသိ ခံစားရပါ၏၊

( မောင်ဝေစည်-မလှိုင်၊ ကံကြီး )

( မြတ်မင်္ဂလာ ၁၉၉၅-ခု ဇူလိုင်လ )

Friday, April 10, 2009

ဘာသာရေး ပြဿနာ ( ၅၀ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( အံသကိုက် )
ဆရာတော်ဘုရား၊ ယခုခေတ် ကိုရင် ဦးပဉ္ဇင်းများသည် အံသကိုက်ခေါ် ချွေးခံအင်္ကျီများကို ၀တ်ကြပါသည်၊ ပရိက္ခရာဆိုင်တိုင်းတွင်လည်း ချုပ်၍ ရောင်းကြပါသည်၊ အများအားဖြင့် ဆရာတော်ကြီးများသည် ထိုအံသကိုက်ကို ၀တ်ကြသည်ကို မနှစ်သက်ကြပါ၊ ၀ိနည်းတော်အရ အပ်-မအပ် ဖြေကြားတောာ်မူပါ ဆရာတော်ဘုရား။
( ဦးသုမန-ပါဠိဗိမာန်ကျောင်းတိုက်၊ ပဲခူးမြို့ )

( ဖြေ )
အဋ္ဌကထာ၌ အံသကာသာဝ (အံသကိုက်) ကို ချွေးအထွက်လွန်သူတို့ အရုံသင်္ကန်းတို့ကို ချွေးစွန်းခြင်း၊ နံစော်ခြင်းမှ ကာကွယ်ရန် ရံခါကိုယ်ကိုပတ်၍ ၀တ်ဆင်ရန် ခွင့်ပြုသည်၊ အနံ တထွာ၊ အလျား သုံးတောင်မျှ အဓိဋ္ဌာန်မတင်လောက်သော သင်္ကန်းငယ်၊ လက်ဝဲဖက်ပုခုံးနှင့် ရင်ဝမ်းလုံရုံ ပတ်ဝတ်ရသည့်အ၀တ်ကို တိစိဝရဂိတ် ဓူတင်ဆောင်များပင် အပ်သည်ဟု ခွင့်ပြုထားပေသည်၊

ယခုခေတ်တွင် ချုပ်၍ ကိုယ်ကျပ်အင်္ကျီပမာ ၀တ်ဆင်ကြသည်ကို ၀ိနည်းလေးစားသော ဆရာတော်များ မနှစ်သက်သည်မှာ မှန်ပါသည်၊ ၀ိနည်းတော်အရ ၀တ်ရန်လည်း မအပ်ပါ၊ ၀တ်လိုက ဖော်ပြပါ အလျား အနံ ရှိသော အံသကာသာဝကို ပြုလုပ် အသုံးပြုသင့်ပါကြောင်း ဖြေကြားအပ်ပါသည်။
*********************************************************************************

( မေး ) ( အခြေအနေ ပေးသလို )
ဆရာတော်ဘုရား၊ လမ်းမလျှောက်နိုင်သော အမေအိုကြီးအား မပြတ်ပြုစုနေရသဖြင့် အချိန်ယူ၍ ဘုရားရှိခိုးခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်း။ ပုတီးစိပ်ခြင်း တို့ကို မပြုနိုင်ဘဲ ဈေးရောင်းရင်း အိမ်မှုကိစ္စတို့ကို ပြုရင်း ရွတ်ဆိုရ၊ ပုတီးစိပ်ရခြင်း၊ အချိန်ရသလို ပရိတ်စာအုပ်များကို ဖတ်၍ ရွတ်ဆိုရခြင်းတို့မှာ နည်းလမ်း မှန်-မမှန်၊ သင့်-မသင့် သိလိုပါသည် အရှင်ဘုရား။
( မချစ်ချစ်-မြင်းခြံမြို့ )

( ဖြေ )
လုံးဝမရွတ်ဆိုဘဲ၊ ပုတီးမစိပ်ဘဲ နေသည်ထက် အခြေအနေအရ ဘုရားရှိခိုးခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်း၊ ပုတီးစိပ်ခြင်းများ ပြုနိုင်သည်မှာ ချီးကျူးဖွယ်ပင် ဖြစ်ပါသည်၊
အချိန်မရသည့်တိုင်အောင် ရတနာသုံးပါး ဂုဏ်ရည်တို့ကို မပြတ်မလတ် အမှတ်ရနေနိုင်လျှင်ပင် အကျိုးကြီးလှ ပါသည်၊ ပရိတ်ကြီး ဓဇဂ္ဂသုတ်နိဒါန်းတွင် စေတိယင်္ဂဏ၀တ် ပြုနေသော သာမဏေကလေးသည် စေတီပေါ်တက်၍ သန့်ရှင်းရေးပြုနေစဉ် ခြေချော်ကျသည်၊ ထိုအခါ ရတနာသုံးပါး ဂုဏ်တော်များ ပါရှိသော ဓဇဂ္ဂ သုတ်တော်ကို အာရုံပြု၍ ဓဇဂ္ဂသုတ္တံ မံ ရက္ခတု=ဓဇဂ္ဂသုတ်တော်သည် ငါ့ကို စောင့်ရှောက်ပါစေသတည်း-ဟု ဆိုရုံမျှဖြင့် စေတီကိုယ်မှ အုတ်ချပ်များ ထွက်လာ၍ခံပေးသဖြင့် အောက်သို့မကျဘဲ ထောက်ရာ တည်ရာရပြီး ဘေးအန္တရာယ်ကင်းကြောင်း လာရှိပါသည်၊ ထို့ကြောင့် အချိန်မပေးနိုင်၍ မရွတ်မဖတ်ဘဲ နေသည်ထက် အခြေအနေပေးသလို ရွတ်ခြင်း ( စာအုပ်ကို ) ဖတ်ခြင်း၊ ပုတီးစိပ်ခြင်းများကို မပြတ်ပြုလုပ်နိုင်အောင် ကြိုးစားရန် သင့်ပါကြောင်း ဖြေကြားအပ်ပါသတည်း။
*********************************************************************************

( မေး ) ( ပဋ္ဌာန်း ပစ္စယုဒ္ဒေသ နှင့် နိဒ္ဒေသ )
ဆရာတော်ဘုရား၊ ၂၄-ပစ္စည်း ပဋ္ဌာန်းဒေသနာတော် ( ပစ္စယုဒ္ဒေသနှင့်နိဒ္ဒေသ ) ကို အိမ်တွင် အမြဲရွတ်ဆိုနိုင်ပါသလား၊ ၄င်းတို့ကို အမြဲရွတ်ဆိုက သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ လာရောက်နာကြားသဖြင့် အိမ်စောင့်နတ်များ အနေအထိုင်ခက်သည်ဟု ပြောဆိုကြပါသည်၊
ထိုစကား ဟုတ်မှန်ပါသလားဘုရား။
( မသိင်္ဂီ-ပွင့်ဖြူမြို့၊ မကွေးတိုင်း။ မမြတ်ဆုနှင်း-ဒဂုံမြို့သစ် မြောက်ပိုင်း။ ယုယု-သီရိမင်္ဂလာ၊ ရန်ကုန် )

( ဖြေ )
ဤပြဿနာ မေးသူများလှ၏။ ယခင်ကလည်း ဖြေခဲ့ဖူးပေပြီ။
ပဋ္ဌာန်းဒေသနာတော် စသော ဗုဒ္ဓဘာသိတ ဒေသနာ၊ ပရိတ်ဂါထာတော်များကို ရွတ်ဆိုခြင်းကြောင့် အန္တရာယ်ကင်းရှင်းကြောင်း သာဓကများစွာ ရှိပေသည်။
နတ်ကောင်းနတ်မြတ်များလည်း လာရောက် နာကြားကြကြောင်း စာပေများတွင် လာရှိပါသည်၊ နတ်ကောင်းနတ်မြတ်များ လာရောက်ကြ၍ အန္တရာယ်ကို ပြုတတ်ကြသော နတ်ဆိုးနတ်ဝါးများ၊ တန်ခိုးငယ်သော နတ်များ၊ ရှောင်ခွါသွားခြင်းကြောင့်လည်း အန္တရာယ်ကင်းရှင်းကြခြင်းဖြစ်သည်။

အကယ်၍ အိမ်စောင့်နတ်သည် နတ်ဆိုးနတ်ဝါးဖြစ်က ၄င်းရှောင်ခွါသွားခြင်းပင်လျှင် အန္တရာယ်ကင်းခြင်းပင်ဖြစ်၍ လိုလားအပ်ပေသည်၊ သို့သော် စာပေများတွင် တန်ခိုးကြီးနတ်များ လာရောက်ခြင်းကို တန်ခိုးသေးသောနတ်များက လိုလားကြောင်း၊ သာနုသာမဏေ ၀တ္ထုတွင် သာမဏေ၏ သုံးဘ၀မှ မိခင်ဖြစ်ဖူးသော နတ်ဘီလူးမသည် သာမဏေမယ်တော်-ဟူသော ဂုဏ်ဖြင့် တန်ခိုးကြီးနတ်များက လာတိုင်းနှုတ်ဆက်နေ၍ ဂုဏ်ရှိနေရာ သာမဏေ လူထွက်တော့မည်ဆိုသဖြင့် ထိုဂုဏ်ပျက်မည်စိုး၍ သာမဏေ လူမထွက်အောင် ပူးကပ်ပြောဆိုကြောင်း ၀တ္ထုရှိပါသည်။

ထိုကိုထောက်က မိမိရွတ်ဆို၍ နတ်ကောင်းနတ်မြတ်များ လာလျှင် အိမ်စောင့်နတ်များ ပို၍ပင် ၀မ်းမြောက်ဂုဏ်ယူဖွယ် ဖြစ်ပေလိမ့်မည်၊ မိမိအိမ်သို့ မင်းစိုးရာဇာများလာလျှင် ၀မ်းသာဂုဏ်ယူကြရသည်ကို သာဓကပြုသင့်ပေသည်။
*********************************************************************************

( မေး ) ( သာသနာ နှစ်ငါးရာ စကား )
အရှင်ဘုရား၊ အတွဲ-၉၊ အမှတ်-၁၂ ပါ သာသနာငါးထောင်အမေးကို ဖြေကြားရာတွင် အာနန္ဒာ မာတုဂါမတို့ သာသနာတွင်း ၀င်လာခြင်းကြောင့် အနှစ်တထောင်တည်မည့် သာသနာသည် အနှစ်ငါးရာသာ တည်လတံ့-ဆိုပါသည်၊ ဘာကြောင့် လျှော့နည်းသွားရပါသနည်း၊ ဘာကြောင့်အလျှော့ခံ၍ မာတုဂါမတို့အား ဘိက္ခုနီအဖြစ် ခွင့်ပြုရပါသနည်း၊ ရှင်းလင်းဖြေကြားတော်မူပါရန် လျှောက်ထားအပ်ပါသည်ဘုရား။
( မမာပျိုး-နမ္မတူ )

( ဖြေ )
မာတုဂါမအား အတားအဆီးမရှိ အလုံးအရင်းဖြင့် သာသနာသို့ ၀င်ခွင့်ပြုလိုက်လျှင် လောကလူ့ဘောင်မှာကဲ့သို့ ကိလေသာအနှောင်အဖွဲ့ဖြင့် ရစ်ပတ်ထုံးဖွဲ့၍ သာသနာတော် ခိုင်ခံ့ဖွယ်မရှိ၊ မဂ်ဖိုလ် ရနိုင်ဖွယ်မရှိ ဖြစ်ပေမည်။
ထို့ကြောင့် မာတုဂါမများ သာသနာဝင်ရောက်ခွင့်ပေးရာ၌ မာတုဂါမမှ ဖြစ်လာသော ဘိက္ခုနီ (ရဟန်းမိန်းမ) သည် ဘိက္ခု (ရဟန်းယောက်ျား) အား ကြီးငယ်မရွေး ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ အဆုံးအမခံခြင်း။ ၀တ်အကျင့်ပြုလုပ်ခြင်း၊ ပြစ်တင်ရေရွတ်တိုင်းထွာမှု မပြုရခြင်း စသည်များပါသော ဂရုဓမ်တရား ရှစ်ပါးကို ပဋိညာဉ်မှု ခံဝန်ပြုစေ၍ သာသနာဝင်ခွင့်ပေးခဲ့သည်။

ဤဂရုဓမ်တရားရှစ်ပါးသည် ကန်ဘောင်ကန်ရိုးကြီးပမာ သာသနာခိုင်ခံ့ကြောင်း တည်တံ့ကြောင်းဖြစ်သည်၊ မာတုဂါမများ သာသနာသို့ ၀င်ရောက်လာသော်လည်း အနှစ်တထောင်မှ နှစ်ငါးရာသို့ ယုတ်လျှော့၍ မသွားတော့ပေ။ ဂရုဓမ်တရားရှစ်ပါးကို မပညတ်ခဲ့လျှင်သာ ယုတ်လျော့သွားစရာရှိပေသည်၊ ဘိက္ခုနီအဖြစ် ခွင့်ပြုလက်ခံရခြင်းမှာလည်း မာတုဂါမတို့ အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ ရှေးဘုရားရှင်များလက်ထက်က ပါရမီဖြည့်ကျင့်လာခဲ့သော ရဟန္တာမလောင်းတို့ ရှိနေခြင်း၊ အမျိုးသမီးတို့လည်း အမျိုးသားတို့နှင့် တန်းတူ ဘုရားရှင်သာသနာတော်ကို ထမ်းဆောင်နိုင်ခွင့်ရှိခြင်းတို့ကြောင့် ခွင့်ပြုတော်မူခဲ့ရပါသည်။
*********************************************************************************

( မေး ) ( ဘုရား ရဟန္တာ )
အရှင်ဘုရား၊ ရည်မှန်းချက် ကြီးလွန်းပြီး ဇွဲကောင်းစွာ ထားရှိနိုင်သူတို့အဖို့
(က) ယခုဘ၀တွင်ပင် ရဟန္တာဖြစ်အောင် ကြိုးပမ်းခြင်းနှင့်
(ခ) သမ္မာသမ္ဗောဓိ ဘုရားဆုပန်ခြင်း နှစ်ခုတွင် မည်သည်ကို လုပ်ဆောင်သင့်ပါသနည်း ဘုရား။
( မောင်နေထွန်းခိုင်-ရွှေတောင်ကြား (၁) ရပ်ကွက်၊ ဗဟန်း )

( ဖြေ )
(က) မှာ သံသရာဘ၀များစွာ ခန္ဓာဒုက္ခတို့ ခံစားမနေလိုသော ရဟန္တာ သာဝကတို့ စိတ်ဓာတ်ဖြစ်သောကြောင့် မိမိတဦးတည်း အတ္တဟိတ အနေဖြင့် အကောင်းဆုံးပင်ဖြစ်၍ ကဲ့ရဲ့စရာမရှိပေ။
(ခ) မှာ မိမိတဦးတည်း နိဗ္ဗာန်သို့ ကူး၍ ချမ်းသာသုခကို အရယူသည်ထက် သတ္တ၀ါအားလုံးကိုပါ ခေါ်ဆောင်လိုသော ဘုရားလောင်းတို့၏ အတ္တ-ပရ နှစ်ဝအကျိုးပြုသော စိတ်ဓာတ်ဖြစ်သဖြင့် ပိုမို၍ ကောင်းသည်ဟု ဆိုစရာပင်ဖြစ်ပါသည်။

သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ရဟန္တာဘ၀ဖြင့် နိဗ္ဗာန်ကူးနိုင်သော်လည်း
ကိံ မေ ဧကေန တိဏ္ဏေန ပုရိသေန ထာမဒဿိနာ-စသည်ဖြင့် ငါတဦးတည်း နိဗ္ဗာန်ကို ကူးမြောက်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ မိမိအားအစွမ်းကို သိမြင်သူပီပီ ဘုရားဖြစ်၍ သတ္တ၀ါအပေါင်းကို ကယ်တင်ပေအံ့-ဟု အဓိဋ္ဌာန်၍ ဘုရားဆုပန်ခဲ့ပါသည်၊ ယခုပြဿနာရှင်၏ စာတွင်လည်း ရည်မှန်းချက် ကြီးလွန်းပြီး ကောင်းစွာထားရှိနိုင်သူအဖို့-ဟု ဆိုပေရာ ဖော်ပြပါ သုမေဓာစိတ်ဓာတ်မျိုးပင် ဖြစ်သည့်အားလျှော်စွာ ဘုရားဆုပန်ခြင်းကို လုပ်ဆောင်သင့်ကြောင်း အကြံပေးလိုပါသည်။
********************************************************************************

( မေး ) ( ဘုရားလက်ထက် အက္ခရာစာပေ )
လောက်ထားအပ်ပါသည်ဘုရား
(က) ဃောသကသူဋ္ဌေးသား ၀တ္ထုတွင် သူဋ္ဌေးကြီးက မွေးစားသားအား သတ်ရန် မိတ်ဆွေ သူကြွယ်ထံ စာရေးပေးသည်-ဟု ဖတ်ရပါသည်။ မြတ်စွာဘုရားလက်ထက်တွင် အက္ခရာစာပေ ပေါ်ပေါက်ပြီး ဖြစ်ပါသလား ဘုရား။
( ခ ) အက္ခရာစာပေ ပေါ်ပေါက်ပြီး ဖြစ်ပါလျှင် မြတ်စွာဘုရား၏ တရားတော်များကို အဘယ့်ကြောင့် ကျောက်ထက်အက္ခရာ၊ ပေထက်အက္ခရာ မတင်ထားခဲ့ဘဲ သံဃာတော်များက နှုတ်ငုံမှတ်သား လာခဲ့ရသည်ကို သိလိုပါသည်ဘုရား။
( ဒေါ်သင်းသင်း-ရန်ကုန် )

( ဖြေ )
( ၁ ) မြတ်စွာဘုရား လက်ထက်တော်၌ အက္ခရာစာပေ ရေးသားဖတ်ကြားမှုများ ရှိနေကြောင်း၊ ၄င်းဃောသက၀တ္ထုအပြင် ဥတ္တရာသူဋ္ဌေးသမီးဝတ္ထု၊ ပုက္ကုသာတိဝတ္ထု၊ စသည်တို့တွင်လည်း ထင်ရှားရှိပါသည်။
အထူးအားဖြင့် ပုက္ကုသာတိဝတ္ထုပြရာ ဓာတုဝိဘင်္ဂသုတ်အဖွင့် ( မ-ဋ္ဌ ၄၊ ၂၀၁ )၌ ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်းထံမှ တက္ကသိုလ်ပြည် ပုက္ကုသာတိမင်းထံသို့ ဘုရား တရား သံဃာ ရတနာသုံးပါး ပေါ်ပေါက်နေကြောင်း ရွှေပြားတွင် အက္ခရာစာပေ ရေးသား၍ ပေးပို့ကြောင်း ၄င်းအက္ခရာစာပေတို့မှာ သမသီသာနိ-အက္ခရာအပေါ်ထိပ် (ခေါင်း) ညီညာ၍၊
သမပန္တီနိ-လက်ဝဲမှ လက်ျာသို့ ညီညီညာညာ စီတန်းနေကြောင်း၊
စတုရဿာနိ-လေးထောင့်သဏ္ဍာန်ရှိကြောင်း၊ ဖော်ပြပါရှိပါသည်။
ဗြာဟ္မီအက္ခရာပုံ ဖြစ်ဟန်ရှိကြောင်း သိရပါသည်။

( ၂ ) ရဟန်းသံဃာတော်များသည် တရားတော်များကို လေးစားရိုသေသောအားဖြင့် အက္ခရာစာပေဖြင့် ရေးသားဖတ်ကြားခြင်းထက် အဆင့်ဆင့် နှုတ်တက်အာဂုံဆောင်၍ ရွတ်ဆိုလေ့ရှိကြောင်း၊ ထို့ပြင် သဒ္ဒါ ပညာ ထက်သန်သောခေတ်ဖြစ်၍ တပါးက နှုတ်ဖြင့် ရှေ့ကရွတ်ဆိုသွားလျှင် တပါးက နောက်မှလိုက်၍ ရွတ်ဆိုခြင်းဖြင့် နှုတ်တက်ရရှိသွားကာ ဤနည်းဖြင့် အဆင့်ဆင့် သင်ကြားဆောင်ရွက်ခဲ့ကြောင်း၊ ဤခေတ်ဂိုဏ်းဂဏများပမာ ဒီဃဘာဏကဂိုဏ်းမှ ဒီဃနိကာယ်ကို၎င်း၊ မဇ္ဈိမဘာဏကဂိုဏ်းမှ မဇ္ဈိမနိကာယ်ကို၎င်း၊ ထို့အတူ အင်္ဂုတ္တရနိကာယ် ၊ သံယုတ္တနိကာယ်စသည် ဂိုဏ်းအသီးသီးခွဲ၍ သူ့တာကိုယ့်တာ ခြားပြီး ဆောင်ခြင်း၊ ရွတ်ခြင်းတို့ဖြင့် ပိဋကတ်သုံးပုံကို ဆောင်ခဲ့ကြရာ သာသနာ ၄၅၀-အထိဖြစ်သည်။

ထိုသာသနာ ၄၅၀-သီရိလင်္ကာ သီဟိုဠ်ခေတ်တွင်မှ ဒုဗ္ဘိက္ခ ကပ်ဘေးကြီးများ တွေ့ရသဖြင့် ကြာလျှင် သဒ္ဓါ ပညာ ခေါင်းပါးပြီး ပိဋကတ်တော်များ ဆောင်ခြင်း၊ ရွတ်ခြင်း တတ်နိုင်တော့မည် မဟုတ်ဟုဆိုကာ ပေထက်အက္ခရာ တင်ခဲ့သည်ဟု ဆိုပါသည်။

( မြတ်မင်္ဂလာ ၁၉၉၅-ခု ဇူလိုင်လ )

ဝေးသော်လည်း နီးပါသည်

အနာထပိဏ်သူဋ္ဌေး၏သမီး စူဠသုဘဒ္ဒါသည် ဥဂ္ဂမြို့မှ သူဋ္ဌေးသားနှင့် လက်ထပ်ထိမ်းမြား၏၊
ထို့နောက် လင်ယောက်ျားအိမ်သို့ လိုက်နေရ၏၊ ယောက်ျားသည် တိတ္ထိများကို ကိုးကွယ်သူဖြစ်သည်၊
သူ၏အိမ်၌ မင်္ဂလာပွဲ ကျင်းပသောအခါ အ၀တ်မ၀တ်သော တိတ္ထိဆရာကြီးများကို ဖိတ်ခေါ်ကျွေးမွေး၏၊ ယောက္ခမများက စူဠသုဘဒ္ဒါအား ရှိခိုးရန်ခေါ်၏၊ စူဠသုဘဒ္ဒါသည် တိတ္ထိများကို ကြည့်ရန်ရှက်သဖြင့် အနားမလေပေ၊ ထို့နောက် ယောက္ခမများအား မြတ်ဗုဒ္ဓဂုဏ်တော်များကို ပြောပြသည်၊
အိမ်သို့ ပင့်ဖိတ်ခွင့်ပြုသဖြင့် စူဠသုဘဒ္ဒါသည် ဇေတ၀န်ကျောင်းတော်ရှိရာဘက်သို့ မျက်နှာမူ၍
အရှင်ဘုရား၊ မနက်ဖန် သံဃာတော်များနှင့်တကွ ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါ၊ ဤပန်းဖြင့် ပူဇော်ပင့်ဖိတ်ပါသည်-ဟု အဓိဋ္ဌာန်ပြု၍ မြတ်လေးပန်းရှစ်ဆုပ်ကို ကောင်းကင်သို့ လွှင့်တင်လိုက်၏။

ပန်းများသည် ဘုရားရှင်အထံ ရောက်သွားပြီး တရားပလ္လင်အထက်ဝယ် ပန်းမျက်နှာကြက်ဖြစ်၍ တည်၏၊ ထိုအချိန်တွင် အနာထပိဏ်သူဋ္ဌေးက နက်ဖြန် သူ၏အိမ်သို့ ဆွမ်းစားကြွပါ-ဟု လာပင့်ရာ ဘုရားရှင်က ဥဂ္ဂမြို့မှ စူဠသုဘဒ္ဒါ၏ ဖိတ်ကြားချက်ကို လက်ခံပြီးကြောင်း မိန့်ကြား၏၊
အနာထပိဏ်သူဋ္ဌေးက အရှင်ဘုရား စူဠသုဘဒ္ဒါသည် ဤအရပ်မှ ယူဇနာ တရာ့နှစ်ဆယ် ဝေးသောအရပ်၌ နေသည်မဟုတ်ပါလော-ဟု လျှောက်ထားသည်၊ ဒါယကာ သူတော်ကောင်းတို့သည် ဝေးသောအရပ်၌ နေသော်လည်း မျက်မှောက်အနီး၌ တည်သကဲ့သို့ ထင်ရှားရှိကုန်၏-ဟု မိန့်တော်မူပြီး အောက်ပါဂါထာကို ဟောတော်မူသည်။

နောက်နေ့တွင် နတ်သိကြားတို့၏ အကူအညီဖြင့် ဘုရားရှင်နှင့်တကွ သံဃာတော်များ ကြွရောက်၍ တရားဟောသည်၊ ဥဂ္ဂသူဋ္ဌေး ဇနီးမောင်နှံနှင့်တကွ ပရိသတ်အပေါင်းသည် သောတာပန်စသည် ဖြစ်ကြလေသည်။

( ပါဠိဂါထာ )
ဒူရေ သန္တော ပကာသေန္တိ ၊ ဟိမ၀န္တောဝ ပဗ္ဗတော ။
အသန္တေတ္ထ န ဒိဿန္တိ ၊ ရတ္တိံ ခိတ္တာ ယထာ သရာ ။

( မြန်မာပြန် )
ဟိမ၀န္တာတောင်သည် ဝေးသောအရပ်၌ တည်သော်လည်း ထင်ရှားသကဲ့သို့
သူတော်ကောင်းတို့သည် အဝေး၌ပင် နေသော်လည်း ထင်ရှားကုန်၏။
ညဥ့်အခါပစ်လိုက်သော မြားသည် မထင်ရှားကုန်သကဲ့သို့
သူယုတ်မာတို့သည် အနီး၌ ရှိနေကြကုန်သော်လည်း မထင်ရှားကုန်။

( ဆောင်ပုဒ် )
ဟိမ၀န္တာ၊ တောင်သေလာသည်၊ ဝေးကွာတည်ငြား၊ လွန်ထင်ရှားသို့၊
တရားခညောင်း၊ သူတော်ကောင်းသည်၊ ထောင်သောင်းယူဇနာ၊ ဝေးကွာနေငြား၊ လွန်ထင်ရှား၏၊
လေးပါးအင်္ဂါ၊ ပြည့်စုံလာသည့်၊ ညဥ့်ခါမှောင်မိုက်၊ ပစ်လွှတ်လိုက်မြား၊ မထင်ရှားသို့၊
တရားတိမ်းစောင်း၊ မကောင်းယုတ်မာ၊ သူတို့မှာကား၊ လွန်စွာနီးနား၊ ရှိနေငြားလည်း၊ မထင်ရှားပါ၊ ဝေးသည်သာတည်း။

( ပကိဏ္ဏက၀ဂ်၊ စူဠသုဘဒ္ဒါဝတ္ထု )

ဘာသာရေး ပြဿနာ ( ၁ )

( လယ်တီဆရာတော် အရှင်ဉာဏဓဇ ဖြေသည် )

( မေး ) ( ကံ ကမ္မ )
၁။ သားသမီးတို့၏ ကံ ကမ္မသည် ၄င်းမိဘတို့၏ ကံ ကမ္မနှင့် တူ-မတူ ၊
၂။ မိဘက နူသည်ဖြစ်စေ၊ ရောဂါဆိုး ကပ်သည်ဖြစ်စေ၊ ရူးသည်ဖြစ်စေ ထိုသူတို့မှ ပေါက်ဖွားသော သား သမီးတို့မှာ ဆေးကျမ်းပညာအရ ကူးတတ်သည်၊ ရူးတတ်သည်၊ ဆိုကြသည်၊ ကံ ကမ္မချင်း မတူကြလျှင် မည်သည့်အတွက်ကြောင့် နူနိုင် ရူးနိုင် ကူးနိုင်ကြပါသနည်း။
( ပြင်သစ် ပညာရှိများ )

( ဖြေ )
၁။ သား သမီးတို့၏ ကံ ကမ္မသည် ၄င်းမိဘတို့၏ ကံ ကမ္မ နှင့် တူသည်လည်း ရှိ၏၊ မတူသည်လည်း ရှိ၏၊
တူ မတူဆိုသည်ကား အားရှိ အားမဲ့ချင်း တူ-မတူကို ဆိုလိုသည်။
ငါတို့ဘုရားလောင်း သိဒ္ဓတ္ထမင်းသား၏ ကံ ကမ္မနှင့် အမိ မယ်တော်မာယာ၊ အဖ သုဒ္ဓေါဒနမင်းကြီးတို့၏ ကံ ကမ္မသည် မတူကြ။
သိဒ္ဓတ္ထမင်းသား၏ ကံ ကမ္မသည် အလွန်ကြီး၏၊ အလွန်အားရှိ၏၊ ၄င်းသိဒ္ဓတ္ထမင်းသား၏ ကံ ကမ္မနှင့် နှိုင်းယှဉ်သော် မယ်တော် ခမည်းတော်တို့၏ ကံ ကမ္မသည် အလွန်ငယ်၏၊ အလွန်အားမဲ့၏၊ ဤကား မတူရာ သက်သေတည်း။

တူရာ၌ သက်သေမူကား -
လောက၌ မြော်မြင်ဖွယ် အလွန်ပေါများလေပြီ၊ မျက်မြင်ဘ၀၌ အကျိုးပေးကြပုံချင်း တူ-မတူကို ထောက်မြော်၍ ကံ ကမ္မချင်း တူ-မတူကို ဆိုနိုင်ခွင့် ရှိလေသည်။

၂။ အမိ၏ ဥတုအတွက်၊ အဖ၏ ဥတုအတွက်ကြောင့် သားသမီးတို့မှာ နူနိုင်၊ ရူးနိုင်၊ ကူးနိုင်လေသည်။
ဤအရာ၌ ပန်းပင်ငယ် ဥပမာကို ထောက်ရှုရာ၏၊
အလွန်မြေသြဇာ၊ ရေသြဇာ ညံ့ဖျင်းလှသော မြေအရပ်တခု၊
အလွန်မြေသြဇာ၊ ရေသြဇာ ကောင်းမွန်လှသော မြေအရပ်တခု ရှိသည်ဆိုအံ့၊
တခုသော ပန်းမျိုးစေ့ကို ရရှိ၍ ညံ့ဖျင်းလှသော မြေအရပ်၌ စိုက်ပျိုးခဲ့ပါမူ တထွာခန့်မျှ ရှိလျှင် နာ၍၊ နူ၍ နေတတ်၏၊
ထိုမျိုးစေ့ကိုပင် ကောင်းမွန်သော မြေအရပ်၌ စိုက်ပျိုးခဲ့ပါမူ တတောင်ခန့်မျှ ကြီးပွား၍ နာမှု၊ နူမှု ကင်းရှင်းလျက် အလွန် လန်းရွှင်တတ်၏၊

မျိုးစေ့တခုတည်းဖြစ်ပါလျက် အဘယ့်ကြောင့် ပန်းပင်ချင်းမတူကြလေသနည်း၊ မြေအတွက် ရေအတွက်ကြောင့် ပန်းပင်ချင်း မတူ ရှိကြလေသည်။
အလားတူပင် ရှေးကံဟောင်းသည် ပန်းမျိုးစေ့နှင့်တူ၏၊
အမိ၏ အသွေးအသားစုသည် ပန်းမျိုးစေ့ စိုက်ပျိုးရာ မြေအရပ်နှင့်တူ၏၊
အဖ၏ သွေးသားစုသည် ထိုမြေအရပ်၌ ကျရောက်သော ရေနှင့်တူ၏၊
ပန်းမျိုးစေ့၏ အဖို့သည် ပန်းပင်ငယ်မှာ ၁၀-ဖို့တွင် ၁-ဖို့ခန့် ပါဝင်၏။
မြေ၏အဖို့သည် ပန်းပင်ငယ်မှာ ၁၀-ဖို့တွင် ၆-ဖို့ ပါဝင်၏။
ရေ၏အဖို့သည် ပန်းပင်ငယ်မှာ ၁၀-ဖို့တွင် ၃-ဖို့ခန့် ပါဝင်၏။
မြေအဖို့ ရေအဖို့ ဆိုသည်ကား ပန်းပင်ငယ်တို့၌ မြေ ရေ တို့မှ လိုက်ပါကြသော အဆင်း သဏ္ဍာန် ရသ သြဇာတို့၏ ကောင်းခြင်း-မကောင်းခြင်းတို့ ဖြစ်သည်၊ ကံ နှင့် မိဘ သားသမီးတို့မှာလည်း ထိုနည်းအတူ မှတ်ပါ။

မိဘတို့၏အဖို့ ဆိုသည်ကား မိဘတို့သည် လူဖြစ်ကုန်အံ့၊ သားသမီးတို့သည် လူသဏ္ဍာန် ဖြစ်ကြရကုန်၏။
မိဘတို့သည် နွားဖြစ်ကြကုန်အံ့၊ သားသမီးတို့သည် နွားသဏ္ဍာန် ဖြစ်ကြရကုန်၏။
လူတို့တွင်လည်း မိဘတို့တွင် တရုတ်လူမျိုးဖြစ်ကုန်အံ့၊ သားသမီးတို့သည် တရုတ်လူမျိုးသဏ္ဍာန် ဖြစ်ကြရကုန်၏၊
မိဘတို့သည် ကုလားလူမျိုး ဖြစ်ကြကုန်အံ့၊ သားသမီးတို့သည် ကုလားလူမျိုးသဏ္ဍာန် ဖြစ်ကြရကုန်၏။
အနာရောဂါတို့သည်လည်း ထိုမိဘအဖို့တွင် ပါဝင်လျက်ရှိကုန်၏။

ထို့ကြောင့် မိဘတို့၏ကံနှင့် သားသမီးတို့၏ ကံသည် မတူကြကုန်သော်လည်း အတန်ငယ်မျှ ကြီးမြတ်ကြကုန် ငြားသော်လည်း မိဘတို့၏အဖို့ကို မလွန်ဆန်နိုင်၊ မခုခံနိုင်။
မိဘနူလျှင် သားသမီး နူတတ်၏၊
မိဘရောဂါသည် ဖြစ်ခဲ့လျှင် သားသမီးလည်း ကြီးလျှင် ရောဂါသည် ဖြစ်တတ်၏။
မိဘရူးလျှင် သားသမီးလည်း ကြီးလျှင် ရူးတတ်၏။
မိဘတို့၏ကံထက် အလွန်အားကြီးသော ကံ ရှိမှသာလျှင် သားသမီးသဏ္ဍာန်၌ မိဘတို့မှ လိုက်ပါသော ဓာတ်ဆိုး ဓာတ်ဝါးတို့၏ ပွားစည်းခြင်းကို လွန်ဆန်နိုင်၏။ ခုခံနိုင်၏၊
ဆေးကောင်းဝါးကောင်းတို့ဖြင့် ကိုယ်သဏ္ဍာန်၌ ဓာတ်ကောင်းဓာတ်မွန်တို့ကို ပွားစည်းလေအောင် တည်ထောင်ပြုစုနိုင်ခဲ့ပါမူကား မိဘနူသော်လည်း မနူရအောင် တတ်နိုင်လေသည်။

အမိဝမ်း၌ ပဋိသန္ဓေကိန်းရသော သတ္တ၀ါတို့မှာ မျိုးစေ့ ၃-ပါးနှင့် ဖြစ်ပွားရကုန်၏။
ရှေးကံဟောင်းလည်း မျိုးစေ့ ၁-ပါး၊
အမိ၏ ရသဓာတ်လည်း မျိုးစေ့ ၁-ပါး၊
အဖ၏ ရသဓာန်လည်း မျိုးစေ့ ၁-ပါး ၏၊
ထိုတွင် အမိဓာတ်၊ အဖဓာတ် ၂-ပါးတို့သည်လည်း အားရှိ အားမဲ့ချင်း တူ-မတူ ၂-ပါးရှိပြန်၏။
မိဘ ၂-ပါးစုံ ကျန်းမာမှု၊ ဆူဖြိုးမှု တူကြလျှင် ရသဓာတ်၂-ပါး အားရှိချင်း တူကြ၏။

ထိုအခါ ပဋိသန္ဓေတည်နေသော သားသမီးတို့မှာ အဆင်းသဏ္ဍာန်စသည် နှစ်ဖက် မျှတလျက် ရှိတတ်ကြ၏၊ မိဘတို့မှာ ရသဓာတ်တဖက်က အားရှိ၍ တဖက်က အားနည်းသောအခါ ပဋိသန္ဓေတည်နေသော သားသမီးတို့မှာ အဆင်းသဏ္ဍာန်စသည် တဖက်ဖက်က သာလွန်တတ်ကြ၏။

( မြတ်မင်္ဂလာ ၁၉၉၅-ခု ဇူလိုင်လ )