Sunday, June 28, 2009

ဘာသာရေး ပြဿနာ ( ၇၀ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( အနက်အဓိပ္ပါယ်မသိဘဲ ပရိတ်ရွတ်ခြင်း )
အရှင်ဘုရား၊ ပရိတ်ကြီး ၁၁-သုတ်ကို အနက်အဓိပ္ပါယ်မသိဘဲ ရွတ်ဆိုလျှင် အကျိုးအာနိသင် ရှိပါ့မလား ဘုရား။ ပါဠိများကို နှိုက်နှိုက်ချွတ်ချွတ် တလုံးအကျန် အနက်အဓိပ္ပါယ်သိအောင် မည်သည့်စာအုပ်များတွင် ရှာဖွေကျက်မှတ်ရမည်ကို သိလိုပါသည်ဘုရား။

( ဖြေ )
ပါဠိဘာသာမသင်ကြားဘူးသော လူပုဂ္ဂိုလ်တဦးအနေဖြင့် ပရိတ်ကြီး ၁၁-သုတ်ပါဠိများကို တလုံးမကျန် အနက်အဓိပ္ပါယ်သိဖို့ရာ မလွယ်ကူပါ။ ၀ါသနာရှိပါက ပရိတ်ကြီး နိဿယကျမ်းများကို ကြည့်ရှု ကျက်မှတ်၍ လေ့လာပါလျှင် အသင့်အတင့် အနက်အဓိပ္ပါယ် သိလာနိုင်ပါသည်။

သံဃာတော်များ ပရိတ်ရွတ်ရာ၌-ပါဌ်မှန်, နက်ထင်, မေတ္တာဝင်-ဤအင်္ဂါသုံးချက်နှင့်အညီ ရွတ်ဆိုကြ၍ ဒါယကာ ဒါယိကာမများက အန္တရာယ်ကင်းခြင်း၊ ကျက်သရေမင်္ဂလာ စီးပွားဥစ္စာတိုးတက်ခြင်း အကျိုးကျေးဇူးများရရန် ပင့်ဖိတ်ရွတ်ဆိုလေ့ရှိကြပါသည်။ မိမိတို့ကိုယ်တိုင် ရွတ်ဆိုပါက အနက်အဓိပ္ပါယ် မထင်သော်လည်း ပုဒ်ပါဌ်မှန်ကန်စွာဖြင့် မြတ်စွာဘုရားဂုဏ်တော်၊ ကျေးဇူးတော်တို့ကို အာရုံပြု၍ ရွတ်ဆိုလျှင် အကျိုးရှိပါသည်။

ရတနသုတ်နိဒါန်းတွင် မြတ်စွာဘုရား နိယတဗျာဒိတ် ခံယူခဲ့သည်မှစ၍ ပါရမီတော် ၁၀-ပါး အပြား ၃၀-တို့ကို ဖြည့်ကျင့်တော်မူပုံ၊ နောက်ဆုံး ဓမ္မစကြာတရား ဟောတော်မူသည်အထိ မြတ်စွာဘုရား ဂုဏ်တော်တို့ကို အာရုံပြု ရွတ်ဆိုလျှင် အကျိုးရှိကြောင်း ဆိုပါသည်။ ဖြစ်သင့်သလို ကြိုးစားအားထုတ် ရွတ်ဆိုပါ-ဟု တိုက်တွန်းလိုပါသည်။

************************************************************************


( မေး ) ( စေတနာဒေါသဖြင့် ပြုမူခြင်း )
အရှင်ဘုရား။ တပည့်တော်၏ ဖခင်ကြီး မကွယ်လွန်မီက ခြေဆုပ်လက်နယ် ပြုစုခြင်း၊ မေ့လျော့နေမည့် တရားဓမ္မများကို မမေ့မလျော့စေရန် သတိပေးခြင်းနှင့် ဆေးသောက်ရာတွင် ပြောဆိုခြင်းတို့အပြင် ဆေးမသောက်လိုသောအခါ ဆူပူပြောဆိုရခြင်း စသည်တို့အား စေတနာဒေါသဖြင့် ပြုမူမိပါသည်။ မှန်ကန်သောစေတနာဖြင့် ပြုမူပြောဆိုမိကြောင်း သစ္စာဆိုဝံ့ပါသည်၊ ဤအတွက် တပည့်တော်မမှာ အပြစ် ရှိ-မရှိ၊ ရှိခဲ့ပါလျှင် မည်ကဲ့သို့ ဖြေဖျောက်ရပါနည်မည်း တပည့်တော်မ မအိပ်နိုင်-မစားနိုင်ဖြစ်ပြီး စိတ်ဒုက္ခရောက်နေရပါ၍ ဖြေကြားပေးပါအရှင်ဘုရား။
( မကျော့ကျော့ခင်-မြောက်ဥက္ကလာပ )

( ဖြေ )
ရိုသေလေးစားစွာဖြင့် ဆရာမိဘတို့အား ပြုစုကြရာ၌ လူမမာ ဆရာမိဘတို့သည် လူမမာပီပီ ရံဖန်ရံခါ ဆေးမသောက်လိုခြင်း၊ အစားအစာ မစားလိုခြင်းတို့ကြောင့် ပြုစူသူနှင့် ဆန့်ကျင်ဘက် ဖြစ်တတ်ကြပါသည်။ ထိုအခါ ပြုစုသူ တပည့်သားသမီးများက စေတနာကောင်းဖြင့် ဆေးဝါးများ စားသောက်ရန် အတင်းကျပ် ကျွေးခြင်း၊ ဆူပူပြောဆိုမိခြင်းတို့လည်း ရှိတတ်ပါသည်။ စေတနာကောင်းဖြင့် ပြုမူပြောဆိုခြင်းဖြစ်၍ အပြစ်မရှိပါ။ စေတနာကောင်းကြောင့် ကုသိုလ်ပင် ဖြစ်ပါသည်။

ကျမ်းဂန်တို့တွင် အမိသည် ပြောစကား နားမထောင်ဘဲ ထွက်ခွါသွားသော သားအား-ဟဲ့သားမိုက်၊ တောထဲက ကျွဲရိုင်းမကြီး ထွက်လာပြီး ခတ်၍ သေစမ်းပါစေ-ဟု ပြောရာ၌ စကားသံကြမ်းသော်လည်း စေတနာဖြူစင်သည်ဖြစ်၍ ဖရုသ၀ါစာမဖြစ်ကြောင်း။

ှင်ဘုရင်က ရာဇ၀တ်သားအား သေမိန့်ပေးရာ၌ -ကဲ သူ့ကို ချမ်းချမ်းသာသာ အိပ်ပါစေ-ဟု ဆိုရာတွင် စကားသံနူးညံ့သော်လည်းစေတနာကြမ်းသဖြင့် ဖရုသ၀ါစာဖြစ်ကြောင်းတို့ကို ထောက်ဆ၍ စေတနာသာ ပဓာနဖြစ်သည်ကို သာဓကယူနိုင်ပါသည်။
**************************************************************************

( မေး ) ( မနောဆွမ်း အလှူ )
အရှင်ဘုရား၊ ယခုခေတ်အခါ၌ ပေါ်ပေါက်ခေတ်စားနေသည်မှာ မနောဆွမ်း ကပ်လှူသည်ဟုဆိုကာ နာမည်ကြီးသော ဆရာတော်တပါးကို ကိုယ်တိုင်သွားရောက် လှူဒါန်းခြင်းမပြုဘဲ မိမိအိမ်မှာ ဆွမ်းပွဲပြင်၍ စိတ်ထဲကမှန်းပြီး ကပ်လှူပါသည်။ ထိုကပ်လှူခြင်း (မနောဆွမ်း) သည် ထိုဆရာတော့်ထံ ရောက်နိုင်-မရောက်နိုင်။ အကျိုး ရ-မရ သိလိုပါသည်။
ိုမနောဆွမ်းဟူသည် မြတ်စွာဘုရားလက်ထက်က ရှိ-မရှိ သာဓကနှင့် ဖြေကြားပေးတော်မူပါဘုရား။
( မောင်လူအေး-မြန်အောင် )

( ဖြေ )

ဒါန-ဟူသည် လှူဖွယ်ဝတ္ထုကို အလှူခံပုဂ္ဂိုလ်၏ လက်ရောက် ဆက်ကပ်လှူဒါန်းမှသာ အလှူမြောက်ပါသည်။ စိတ်ထဲက လှူရုံမျှဖြင့် မရောက်။

လက်ရောက်ဆက်ကပ်လှူဒါန်းဖြင်းမပြုဘဲ လှူပါသည်ဟု နှုတ်က မြွက်ရုံဖြင့်လည်း လှူသည် မမည်။

စိတ်ဖြင့်လှူပါသည်ဟု ကြံတွေးရုံမျှဖြင့် ကုသိုလ်ဖြစ်ပါသည်- လက်ဖြင့်လှူစရာမလိုဟု တရားသဘောကို လွန်ကျူးပြေးထွက်၍ နွားတဘက်သာ က,သကဲ့သို့ သဒ္ဓါမပါ၊ ဉာဏ်ရှာပြောကြား၊ အယူမှားသူများလည်း ဘုရားလက်ထက်ကပင် ရှိခဲ့ဖူးလေသည်။

ထို့ကြောင့် စိတ္တုပ္ပါဒမတ္တေနေ၀ ကုသလံ ဟောတီတိ အတိဓာဝိတွာ ဒါနာဒီနိ ပုညာနိ အကရောန္တော နိရယေ ဥပပဇ္ဇတိ။ ( အဘိ-ဋ္ဌ ၂-၂၆၄ )

စိတ္တုပ္ပါဒမတ္တေနေ၀ -လှူလိုသောစိတ် ဖြစ်ခါမျှဖြင့်သာလျှင်။

ကုသလံ-ကုသိုလ်သည်။ ဟောတီတိ-ဖြစ်၏ဟူ၍။ အတိဓာဝိတွာ-တရားသဘောမှ လွန်ကျူးပြေးထွက်၍။ ဒါနာဒီနိ-ဒါနအစရှိကုန်သော။ ပုညာနိ-ကုသိုလ်ကောင်းမှု တို့ကို။ အကရောန္တော-မပြုသည်ဖြစ်၍။ နိရယေ-ငရဲ၌၊ ဥပပဇ္ဇတိ-ဖြစ်ပွားကျရောက်ရလေ၏။ ဟူသော သမ္မောဟ၀ိနောဒနီ အဋ္ဌကထာစကားအတိုင်း မှတ်သား၍ ထိုမနောဆွမ်းလှူသမားတို့သည် ကုသိုလ်မရ၊ ငရဲကျမည့်သူများသာ ဖြစ်ကြောင်း သိထားစေလိုပါသတည်း။

*********************************************************************************


( မေး ) ( ပါယ်မပြန် )

အရှင်ဘုရား၊ တိသရဏ၊ ငါးသီလ၊ မဲချစာရေးတံ။

ဆယ့်ငါးရက်ဆွမ်း၊ ၀ါသင်္ကန်း၊ လှူဒါန်းသောက်ရေကန်။

ကျောင်းလှူတ၀၊ နိဗဒ္ဓ၊ ပုညရှိသူမှန်။

သောတာ(ပန်)လိုပဲ၊ ဂတိမြဲ၊ သူလဲပါယ်မပြန်။ ဟူသောစကားကို ကြားဖူးပါသည်။ ပါယ်မပြန်ဆိုသည်မှာ ဒုတိယ တဘ၀တည်းကိုသာ ဆိုလိုပါသလား၊ သို့မဟုတ် ဘ၀တိုင်းကို ဆိုလိုပါသလား ဘုရား။

( မောင်မြင့်ကြည်-မိတ္ထီလာ )


( ဖြေ )

အင်္ဂုတ္တိုရ် အဋ္ဌကထာတွင် ယေသံ ကုလာနံ-ပ-သောတာပန္နသဒိသမေ၀-ဟူသော နိဗဒ္ဓပုည ၇-ပါးပြပါဠိအရ ဖော်ပြပါ ကုသိုလ် ၇-မျိုး ပြုသူသည် သေသည့်နောက် အပါယ်မရောက်၊ ဂတိမြဲသည်၊ သုဂတိဧကန်ဖြစ်သည် ဆိုရာ၌ ပုထုဇဉ် သာမန်မျှသာဖြစ်၍ ဒုတိယဘ၀တခုကိုသာ ဆိုပါသည်။ သို့သော် ဒုတိယဘ၀တွင် တာဝတိံသာ-စသော နတ်ပြည်တို့၌ အရိယာနတ်သားများနှင့် ဆုံတွေ့နိုင်သော ကောင်းမှုကံရှိသူ ဥပနိဿယရှင်ဖြစ်၍ တရားများနာယူကာ မဂ်ဖိုလ်ရသွားလျှင်ကား အပါယ်သို့ လုံးဝသွားတော့်မည် မဟုတ်ပါ။

************************************************************************


( မေး ) ( ပေတငါးမျိုးနှင့် အမျှဝေခြင်း )

အရှင်ဘုရား၊ လူ့ဘ၀မှ ကွယ်လွန်သွားရာတွင် ပေတဂတိသို့ ရောက်သွားသူသည် ပေတငါမျိုးဖြစ်၍ ကျန်ရစ်သူတို့ ကုသိုလ်ကောင်းမှုပြု၍ အမျှဝေသောအခါ ပေတတမျိုးသာလျှင် သာဓုခေါ်နိုင်၍ ကျန်လေးမျိုးမှာ သာဓုမခေါ်နိုင်ဟု သိရပါသည်။ ယင်းပေတငါးမျိုးနှင့် လေးမျိုးမှာ အဘယ်ကြောင့် သာဓုမခေါ်နိုင်၍ တမျိုးမှာ အဘယ်ကြောင့် သာဓုခေါ်နိုင်ကြောင်း ရှင်းပြစေလိုပါသည်ဘုရား။

( ဦးညိုမောင်-ရန်ကုန် )


( ဖြေ )

ပေတဘ၀ ( ပြိတ္တာအဖြစ် ) သည် ဆဂတိဒီပနိကျမ်း၊ လောကပညတ္တိကျမ်းတို့အရ ပြိတ္တာ ၁၂-မျိုးပြသည်။ အဋ္ဌကထာ ဋီကာကျမ်းတို့အရ ပြိတ္တာ ၄-မျိုး ပြသည်။ ပြဿနာရှင် စာအရ ၅-မျိုး ဆိုရာ၌ ဖောပြပါ ဆဂတိဒီပနီနှင့် လောကပညတ္တိကျမ်းလာ ၁၂-မျိုးကို တမျိုးယူ၍ အဋ္ဌကထာ ဋီကာလာ ၄-မျိုးနှင့်ပေါင်းသော် ၅-မျိုးဖြစ်နိုင်ပါသည်။

ဆဂတိ စသည့် ကျမ်းတို့၌ ၀န္တာသ စသည် ၁၂-မျိုးနှင့် အဋ္ဌကထာဋီကာလာ

(၁) ပရဒတ္တူပဇီဝိက ပြိတ္တာ

(၂) ခုပ္ပိပါသိက ပြိတ္တာ

(၃) နိဇ္ဈာမတဏှိက ပြိတ္တာ

(၄) ကာလကဉ္စိက (အသုရာ) ပြိတ္တာ ဟူ၍ ရှိရာ ပရဒတ္တူပဇီဝိက ပြိတ္တာတမျိုးသာ အမျှဝေသည်ကို သာဓုခေါ်နိုင်ပါသည်။


၎င်းမှာ အခြားပြိတ္တာများထက် အဆင်းရဲ သက်သာခြင်း၊

လူတို့နှင့် နီးစပ်သွားလာနိုင်ခြင်း၊

လှူဒါန်း၍ အမျှပေးဝေသည်ကို စောင့်မျှော်နေခြင်း၊

အမျိုးဇာတိအနေဖြင့် သူတပါး (အဆွေအမျိုး) တို့ ပေးအပ်သော အစာကို မှီ၍ အသက်ရှင်သော အမျိုး ဖြစ်ခြင်းတို့ကြောင့် သာဓုခေါ်နိုင်ခြင်း ဖြစ်ပါသည်။

ယခုခေတ် တစ္ဆေခေါ်သော အမျိုးပင်ဖြစ်ပါသည်။

အခြားလေးမျိုးမှာ အလွန်ဒုက္ခကြီးမား၍ နေ့ညမစဲ အမြဲပူလောင်ခံစား၍ နေကြရသဖြင့် သာဓုမခေါ်နိုင်ကြခြင်း ဖြစ်ကြသည်။ နိယတဗျာဒိတ်ရပြီးသော ဘုရားလောင်းတို့သည် ထိုပြိတ္တာမျိုးတို့၌ မဖြစ်၊ ပရဒတ္တူပပေတမျိုး၌ကား ဖြစ်သေးသည်ဟု ဆိုပါသည်။

***********************************************************************


( မေး ) ( သားရွှေအိုးထမ်း )

အရှင်ဘုရား၊ သုဝဏ္ဏသာမဇာတ်တွင် သားရွှေအိုးထမ်းလာတာကို မြင်လိုပါသည်-ဟု ပြော၍ သုဝဏ္ဏသာမလည်း အသက်ရှင်၊ ဒုကူလ ပါရိကာတို့လည်း မျက်စိမြင်၊ ရွှေအိုးလည်း ရသည်ဟု ပြောစဉ်ရှိပါသည်။ သုဝဏ္ဏသာမ ဇာတ်ဝတ္ထုမှာ ပါသည်ကို မတွေ့ပါ၊ ထိုပြဿနာကို ရှင်းပေးပါဘုရား။

( မောင်ထက်အောင်-ရွှေဘို )


( ဖြေ)

စာပေကျမ်းဂန်တို့တွင် မပါဘဲ ပြောစဉ်ရှိ၍ တွင်ကျယ်နေသော စကားများ ဗုဒ္ဓဘာသာ မြန်မာမှုနယ်ပယ်တွင် များပြားစွာ ရှိပါသည်။ ဖော်ပြပါ သားရွှေအိုးထမ်း စကားကဲ့သို့ပင် ၀သုန္ဓရေ-ဆံရေညှစ်၍ မာရ်နတ် စစ်ပျက်ရသည် ဆိုသောစကား၊

မြတ်စွာဘုရား ဒုက္ကရစရိယာကျင့်စဉ် သိကြားမင်း စောင်းတီး၍ သတိပေးသည် ဆိုသောစကား၊

အရှင်သာရိပုတ္တရာ ၀ါသနာအရ မြောင်းခုန်သည် ဆိုသောစကား၊

ဝိသာခါအား မြတ်စွာဘုရားက ငါ့ကို ဘယ်အခါ မေ့သလဲ-ဟု မေးသည်ဆိုသောစကား၊

အရှင်မဟာမောဂ္ဂလာန်အား ငရဲမီးလိုက်၍ ဘုရားဆီ ပြေးလာရသည်-ဆိုသောစကား၊

မြတ်စွာဘုရားပင် မယ်တော်နတ်သားအား အဘိဓမ္မာတရား ဟောသော်လည်း နို့တလုံးဖိုးသာ ကျေသည်ဆိုသော စကား၊

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးတွင် မြတ်စွာဘုရားက သိကြားမင်းအား သာသနာတော်ကို ကြည့်ရှုစောင့်ရှောက်ရန် အပ်နှံ တာဝန်ပေးထားခဲ့သည် ဆိုသောစကားများမှာ ဗုဒ္ဓဘာသာများ အပြောများ၍ မကြာမကြာ ဆရာတော်များထံ မေးလေ့ရှိကြသည်။ အချို့စကားများမှာ ဇာတ်စကားများမှ ပြန့်ပွားလာဟန် ရှိ၏။ ပါဠိ အဋ္ဌကထာ ဋီကာ တည်းဟူသော ခိုင်ခံ့သော ကျမ်းစာများတို့တွင် လုံးဝမပါရှိသော စကားများ ဖြစ်ကြပါသည်။

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဧပြီလ )

Saturday, June 27, 2009

ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်

တဏှာဟူသည် ပရမတ္ထစေတသိက်တရား ၅၂-ပါးတွင် ပါဝင်သော လောဘစေတသိက်ပင် ဖြစ်သည်။ လောဘစေတသိက်သည် အာရုံခြောက်ပါးကို တပ်မက်တတ်၊ ဆာလောင်တတ်၊ တောင့်တတတ်၊ မရောင့်ရဲ၊ မတင်းတိမ်တတ်သော သဘောသတ္တိရှိလေသည်။ တဏှာသည် ဆင်းရဲခြင်း၏ အကြောင်းတရားဖြစ်၏။ လူအများတွေ့ကြုံနေရသော ဒုက္ခမျိုးစုံသည် တဏှာ၏ လက်ချက်ကြောင့်သာ ဖြစ်ပေါ်လာရသည်။ သတ္တ၀ါတို့သည် သံသရာခရီးတလျှောက်တွင် တဏှာကို အဖော်ပြုကာ ပျော်ပျော်ကြီး ခရီးနှင်လျက်ရှိကြ၏။ သတ္တ၀ါတို့အား ထိုထိုအာရုံ၌ဖြစ်စေ၊ မိမိခန္ဓာကိုယ်၌ဖြစ်စေ တွယ်တာမက်မောစေ၍ သံသရာဝဋ်ဆင်းရဲ၌ မငြီးငွေ့ရအောင် ပြုလုပ်ပေးတတ်သည်။ တဏှာစေရာကို မနေသာဘဲ တနေ့ပြီးတနေ့၊ တလပြီးတလ၊ တနှစ်ပြီးတနှစ်၊ တဘ၀ပြီး တဘ၀ ဆောင်ရွက်ပေးနေကြရသည်။

သတ္တ၀ါတို့သည် လိုချင်တပ်မက်မှု တဏှာကြောင့် မိမိတို့လိုချင်သော ပစ္စည်းဝတ္ထုအာရုံတို့ကို ရရှိအောင် အလုပ်မျိုးစုံကို ပြုလုပ်နေကြရသည်။ ယင်းအလုပ်မျိုးစုံကို အကျဉ်းချုပ်လိုက်လျှင် အပြစ်ကင်းသော ကုသိုလ် အလုပ်နှင့် အပြစ်မကင်းသော အကုသိုလ်အလုပ်ဟူ၍ နှစ်မျိုးတွေ့ရသည်။ ယင်းအလုပ်နှစ်မျိုးသည် တဏှာတည်းဟူသော ကိလေသ၀ဋ်ကြောင့် ဖြစ်ပေါ်လာသော ကမ္မ၀ဋ်ပင် ဖြစ်သည်။ ယခုလက်ရှိ ဘ၀ခန္ဓာ ပြတ်စဲသောအခါ၌ ယင်းကမ္မ၀ဋ်ကြောင့် ရုပ်သစ် နာမ်သစ် ဖြစ်လာကာ ၀ိပါက၀ဋ်တည်းဟူသော ဘ၀သစ်တခု ဖြစ်ပေါ်လာရပြန်သည်။ ဘ၀သစ်၌လည်း တဏှာသည် အတိတ်ဘ၀နည်းတူ ကုသိုလ်၊ အကုသိုလ် အလုပ်များကို လည်စေ၍ သတ္တ၀ါတို့အား သံသရာဝဋ်ဆင်းရဲတွင် ကျင်လည်စေရန် ဆောင်ရွက်ပြန်လေသည်။ ဤနည်းဖြင့် သတ္တ၀ါတို့သည် အထက်အောက် စုန်ကာ ဆန်ကာ ကျင်လည်နေရတော့သည်။

ဗုဒ္ဓမြတ်စွာသည် ဘုရားအဖြစ်သို့ရောက်သည်နှင့် တပြိုင်နက် ရှေးရှေးသော ဘုရားရှင်တို့ ကျူးရင့်မြဲဖြစ်သည့် ဥဒါန်းကို ၀မ်းမြောက်စွာ ကျူးရင့်တော်မူခဲ့လေသည်။
အဖန်တလဲလဲ ပဋိသန္ဓေနေရခြင်း (ဘ၀သစ် ဖြစ်ရခြင်း) သည် အို-နာ-သေ ဒုက္ခဘေးတို့နှင့် ရောထွေးနေသောကြောင့် ဆင်းရဲလှပေသည်။
ဤအတ္တဘောခန္ဓာအိမ်ကို အကြိမ်ကြိမ်အဖန်ဖန် ဆောက်လုပ်နေသော တရားခံလက်သမားကား တဏှာတရားတည်း။
ထိုတရားခံကိုတွေ့ရန် ငါသည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် သဲသဲမဲမဲ ရှာဖွေခဲ့ရ၏။
အို-ခန္ဓာအိမ် အတ္တဘောကို ဆောက်လုပ်တတ်သော တဏှာယောက်ျား လက်သမား၊
ယခုအခါ ငါသည် သဗ္ဗညုတဉာဏ်တော်ဖြင့် သင့်ကို တွေ့မြင်ရပြီ။
သင်သည် ငါ၏ခန္ဓာအိမ်ကို နောက်ထပ်တဖန် ဆောက်လုပ်ရတော့မည်မဟုတ်။
သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်လိုက်လေပြီ။
ခန္ဓာအိမ်၏ အ၀ိဇ္ဇာဟူသော အထွတ်ကိုလည်း ဖျက်ဆီးဖြုတ်ချလိုက်လေပြီ။
ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် ရောက်ခဲ့ပြီ။
ငါသည် သင် တဏှာမရှိရာဖြစ်သော အရဟတ္တဖိုလ်ကို ရရှိခဲ့ပြီ။

ထိုတဏှာ၏ စွမ်းဆောင်မှုကို အာရုံပြုမိရန် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ ဆုံးမထားတော်မူခဲ့ပုံကို သတိပြုတော်မူနိုင်ကြပါစေ။
ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။
တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်။

သြ၀ါဒ

စေတနာကောင်းလျှင် ကံကောင်းသည်။
စေတနာဆိုးလျှင် ကံဆိုးပါလိမ့်မည်။

ရှေးကကောင်းလို့ ခုကောင်းသည်။
ယခုကောင်းမှ နောင်ကောင်းပါလိမ့်မည်။

ရှေးကဆိုးလို့ ခုဆိုးသည်။
ယခုဆိုး နောင်ဆိုးပါလိမ့်။

( ဘဒ္ဒန္တဇ၀န-ဟံသာဝတီကမ္မဋ္ဌာန်းတိုက် ဆရာတော် )

Friday, June 26, 2009

ကရုဏာအကြောင်း

ကရုဏာဆိုတာ တဖက်သား ဆင်းရဲဒုက္ခရောက်နေတာကို မကြည့်ရက်တဲ့ ကြင်နာသနားစိတ်ကို ခေါ်တယ်။ စိတ်ကောင်းရှိသူမှာ ဖြစ်ပေါ်လေ့ရှိတဲ့ တရားမျိုးပါပဲ။ ကရုဏာရဲ့ လက္ခဏာကတော့ တဖက်သားကို ဒုက္ခက လွတ်မြောက်စေလိုတဲ့ ဆန္ဒပဲ။ ကိစ္စအနေနဲ့ပြောရင် ရက်စက်ယုတ်မာတဲ့စိတ်ထားကို ပယ်စွန့်နိုင်ခြင်းပဲ။ ကရုဏာထားတဲ့ကိစ္စဟာ သနားစိတ် ထားရုံနဲ့ မပြီးဘူး။ ဒုက္ခရောက်သူကို တတ်နိုင်သလောက် ဖေးမကူညီတဲ့ လက်တွေ့လုပ်ရပ်ပါ ပါရတယ်။ ကရုဏာစစ် ထားနိုင်ရင် စောင်မကူညီမှုနှင့်တကွ လူသားအားလုံး ကောင်းကျိုးချမ်းသာရေးကို ရှေးရှုပြီးတော့ မိမိအကျိုး အခွင့်အရေးများကို စွန့်လွှတ်နိုင်မှုပါ ပါရှိတယ်။

ဆင်းရဲဒုက္ခရောက်သူကို တွေ့တဲ့အခါ သြော်-သနားစရာ၊ ဖြစ်မှ ဖြစ်ရပလေကွယ်-လို့ စိတ်ထဲမှာ ၀မ်းနည်းကြေကွဲမှု ဖြစ်ပေါ်တာဟာ ကရုဏာစိတ် မခေါ်ဘူး။ ကရုဏာစိတ်ကို သွယ်ဝိုက်ဖျက်ဆီးတတ်တဲ့ စိတ်ညံ့မျိုးသာ ဖြစ်တယ်။ သောကတို့၊ ၀မ်းနည်းမှုတို့ဆိုတာ စင်စစ်တော့ အကုသိုလ်စိတ်တွေပဲ။ ကရုဏာဆိုတာက ကုသိုလ်စိတ်။ ဒါကြောင့် သောကနဲ့ ကရုဏာဆိုတဲ့ သဘောတရားတွေဟာ ( ပြဒါးတလမ်း သံတလမ်း ) လို့ မှတ်ရမယ်။ ကရုဏာပြည့်သူဟာ သူတော်ကောင်းစင်စစ် ဖြစ်တယ်။ ကရုဏာစိတ်ကို မွေးမြူခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားကတော့ ရက်စက်ယုတ်မာတဲ့ စိတ်ကို ကင်းစင်စေခြင်းပဲ ဖြစ်တယ်။ အဲဒီ သန့်စင်မွန်မြတ်တဲ့ နှလုံးသားကို မွေးမြူရာက ပညာစခန်းသို့ တိုင်အောင် ပေါက်မြောက်နိုင်စေ တတ်တယ်။ ဒီတော့ ကရုဏာရဲ့ အဆုံးစွန်သော ရလဒ်ဟာ ပညာပဲလို့ နားလည်ကြရမယ်။

ဗြဟ္မ၀ိဟာရတရားလေးပါး ( ဗြဟ္မစိုရ်တရား လေးပါး ) ဆိုတာ မေတ္တာ-ကရုဏာ-မုဒိတာ-ဥပေက္ခာတို့ပဲဖြစ်တယ်။ ဒီတရားများဟာ လူသားတို့အတွက် စာရိတ္တရေးရာနဲ့ သူတော်စင်ဘ၀ကို တက်လှမ်းရောက်စေနိုင်ဖို့ ကိစ္စမှာ အခြေခံကျတဲ့ တရားကြီးလေးပါး ဖြစ်တယ်။ ဒါတွင်မကသေးဘူး။ ဘ၀မှာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ ရေသောက်မြစ်ကြီးများလဲ ဖြစ်တယ်။ သာမန်ပုထုဇဉ်တို့ အနေနဲ့ ဒီမြင့်မြတ်တဲ့ စိတ်ဓာတ်မျိုးကို ဘယ်ပုံဘယ်နည်း ရရှိနိုင်သလဲ။ လူသာမန်အဖို့တော့ မဖြစ်နိုင်ပါဘူး။ မြင့်မားလွန်းလှပါတယ်-လို့ ဆိုရင်ဖြင့် အဲဒီလိုဆိုတဲ့ လူဟာ ဒီစိတ်ဓာတ်မျိုး ရရှိအောင် အားထုတ်ကြည့်ချင်စိတ်ကို မရှိလို့ဖြစ်လိမ့်မယ်။

မှန်တာပေါ့ ကိုယ့်တဘ၀တာကလေးကို ကိုယ်ကွက်ပြီး စိတ်ဝင်စားလွန်းသူအဖို့မှာတော့ ကိုယ်တဦးတည်းရဲ့ သောကတွေနဲ့ ဖြစ်စေ၊ ၀မ်းသာစရာတွေနဲ့ဖြစ်စေ၊ စိတ်ဇောတွေ ဖုံးလွှမ်းနေလေတော့ ဘေးလူမှာ အတိဒုက္ခရောက်လို့ ကယ်ပါ ယူပါ တစာစာဖြစ်နေတဲ့ အသံတွေကို ဘယ်ကြားနိုင်ပါ့မလဲ။ ကိုယ့်အကြောင်းကိုပဲ ကိုယ်စိတ်ဝင်စားလေ့ရှိသူဟာ ဘေးလူရဲ့ဒုက္ခကို မခံစားတတ်ဘူးပေါ့။ ကရုဏာစိတ် မ၀င်နိုင်ဘူးပေါ့။ ကရုဏာထားနိုင်သူ ရှိတန်သလောက် ရှိတယ် ဆိုနိုင်သော်လည်း အများအားဖြင့်တော့ ဒီစိတ်ဓာတ်မျိုး ရရှိနိုင်ဖို့ဟာ မဖြစ်နိုင်တဲ့ကိစ္စလို့ကို ပြောရမလို ဖြစ်နေတယ်။

ကရုဏာဖြစ်တယ်ဆိုတာ သူတပါးအပေါ်မှာပဲ ဖြစ်ရတယ်လို့ နားလည်ထားတတ်ကြတယ်။ တကယ်ကတော့ မိမိရဲ့ အတွင်းသန္တာန်မှာ ယုတ်မာရက်စက်တဲ့စိတ်မျိုး လျော့ပါးကင်းစင်စေဖို့အတွက် မိမိအပေါ်မှာ မိမိကရုဏာစိတ် ရှေးဦးစွာ မွေးမြူရမှာ ဖြစ်တယ်။ ကရုဏာဘာဝနာပွားတဲ့အလုပ်မှာ ကိုယ့်ကိုယ်ကို ပထမဦးစွာ ကရုဏာတရား ဖြစ်ပေါ်စေရတယ်။ မိမိကိုယ်တိုင်က မေတ္တာ ကရုဏာစိတ်များ မရှိသေးဘဲနဲ့ တပါးသူ့အပေါ်မှာ ဒီစိတ်မျိုးတွေ ဖြန့်ဝေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ့်ကိုယ်ကို ချစ်ပါတယ်။ ကရုဏာထားပါတယ်လို့ ဆိုနိုင်ဖို့ရာ ကရုဏာဘာဝနာ ပွားခြင်းအားဖြင့် မိမိရဲ့သန္တာန်မှာ သန့်စင်မွန်မြတ်တဲ့ စိတ်ဓာတ် ထာဝစဉ်ကိန်းအောင်း နေအောင် အားထုတ်ရတယ်။ ဒါမှသာ ကိုယ်အမူအရာ နှုတ်အမူအရာတွေဟာ အဲဒီသန့်စင် မွန်မြတ်တဲ့ စိတ်ထားကို ထင်ရှားပေါ်လွင်နိုင်ပေလိမ့်မယ်။

ဒီတော့ စဉ်းစားကြည့်ကြပါ။ မိမိဟာ မိမိအပေါ်မှာ စစ်မှန်တဲ့ မေတ္တာကရုဏာ ထားပါတယ်လို့ အာမခံနိုင်ကြရဲ့လား။ အာမခံနိုင်တယ်ဆိုတာ တဏှာ ဒေါသနဲ့ မောဟစိတ်တွေ မိမိသန္တာန်မှာ ၀င်ရောက်လာစေပြီးတော့ မိမိရဲ့ ဘေးအန္တရာယ်ကို မိမိအဖြစ်ခံတဲ့သူများ ဖြစ်နေသလား။ မနေဘူးလား။ အဲဒီလို မှတ်ကျောက်တင်-ကြည့်ရမယ်။ အဲဒီ အကုသိုလ်စိတ်တွေ ၀င်လာပြီဆိုရင် ကိုယ်အမူအရာ နှုတ်အမူအရာ တွေဟာလဲ တဏှာ ဒေါသ မောဟ တရားတွေနဲ့ ယှဉ်တွဲလျက် ရှိနေမှာပဲ။ အဲဒီလိုဖြစ်ရင် ကိုယ့်အန္တရာယ်ကို ကိုယ်ဖြစ်စေပြီလို့ မှတ်ယူရမယ်။ ဒါကြောင့် ကိုယ့်အရည်အချင်းကို ကိုယ်မြင့်တင်လိုသူဟာ မိမိရဲ့သန္တာန်မှာ စစ်မှန်တဲ့ မေတ္တာ ကရုဏာစိတ်များ ကိန်းအောင်းနေအောင် ရှေးဦးစွာ ကျင့်ကြံအားထုတ်ရတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ အလိုတော်ကျ ပြုကျင့်ရမယ့် ကိစ္စကတော့ ရှေးဦးစွာ မိမိကိုယ်ကို မိမိ ဆုံးမရတဲ့ ကိစ္စပဲ။ ဒီလို လုပ်တဲ့အတွက် သူတပါးရဲ့ အခက်အခဲတွေကို နားလည်နိုင်ပြီး ကူညီမစတဲ့ အလုပ်ဟာ ခရီးရောက်စေနိုင် တာကြောင့် ကိုယ့်အရည်အသွေးကို ကိုယ်တိုင် မြှင့်တင်ရတဲ့ သဘောပဲ။ မိမိကိုယ်တိုင်က တကိုယ်ကောင်းစိတ်တို့ ဒေါသစိတ်တို့ တပါးသူ့အပေါ် အမြင်လွဲမှားမှုတို့ ရှိနေရင် အဲဒါ ကိုယ့်အဖို့လဲ အန္တ့ာယ်ပဲ။ တပါးသူတွေအဖို့လဲ အန္တရာယ်ပဲ။

တချို့ကတော့ သူများတွေနဲ့ ပြောဟောဆက်ဆံပြီး ပြင်ပကကိစ္စတွေနဲ့ နေနေကျဖြစ်တော့ အဲဒီလို ဘေးလူကို ကူညီမစရတဲ့ ကိစ္စဟာ ကိုယ့်ကိုယ်ကို ကူညီမစရတာထက် လွယ်တယ်လို့ ထင်တတ်ကြတယ်။ အမှန်ကတော့ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်နိုင်စွမ်း ကောင်းကောင်းမရှိသူဟာ သူများကို တိုးတက်အောင် ကောင်းကောင်း မလုပ်နိုင်ပါဘူး။ ဒါဟာ သေချာပါတယ်။ ကိုယ့်ကိုယ်ကို အကျိုးရှိအောင် နေတတ်သူဟာ သူများကိုလဲ အကျိုးများစေတတ်တယ်-လို့ ဆိုရိုးစကားတခု ရှိပါတယ်။ ဒါကြောင့် မြဲမြဲမှတ်ထားကြရမယ့် အချက်က ကိုယ့်ရဲ့စိတ်ယုတ်မာနဲ့ လောဘရမ္မက်ဆိုးတွေဟာ ကိုယ့်အတွက် အကြီးမားဆုံး အန္တရာယ်ပဲဆိုတဲ့ အချက်ပဲ။ အဲဒီစိတ်မိုက် စိတ်ရိုင်းတွေက နေ့ရော ညပါ အခါမရွေး ကိုယ်ထဲမှာ ၀င်ပူးပြီး အမှောင့်ပယောဂတွေ ဖြစ်နေတတ်တာမို့ အဲဒီစိတ်ရိုင်းတွေနဲ့ ကင်းအောင် ကိုယ့်ကိုယ်ကို ဆုံးမနိုင်ရမယ်။ လူတယောက်ဟာ ရင်တွင်းမှာ မချမ်းမြေ့ဘူး (ပူလောင်နေမယ်) ဆိုရင် ပြင်ပဘယ်နေရာမှာမှ ပျော်ရွှင်ချမ်းမြေ့မှုကို ရှာမတွေ့နိုင်ဘူး။

မိမိကိုယ်ကို ယဉ်ပါးအောင် မထိန်းကျောင်းနိုင်တဲ့သူဟာ သူတပါးအကျိုးတွေ ဆောင်ပါတယ်ဆိုပြီး ၀န်ထမ်းလုပ်ငန်းတွေ လျှောက်လုပ်နေသော်လဲ အဲဒီလို လုပ်နေရတာကို သူ-မပျော်ပိုက်ပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူ့စိတ်ကိုယ်တိုင်က ငြိမ်းအေးတည်ငြိမ်မှု မရှိတဲ့အတွက် သူ့ပတ်ဝန်းကျင်ကို ငြိမ်းအေးတည်ငြိမ်အောင် မလုပ်နိုင်တဲ့ သဘောပါပဲ။ အဲဒီ လူမှုဝန်ထမ်းသမားမျိုးဟာ သူများကိုတော့ ဘာလုပ်ပါ၊ ဘယ်လိုလုပ်ပါ-စသည်ဖြင့် ဟောပြောတတ်ကြပါရဲ့။ ဒါပေမယ့် သူတို့အလုပ်မှာ သူတို့ မပျော်ပိုက်နိုင်ကြဘူး။ သူတို့လုပ်ငန်းတွေ မထိရောက် မအောင်မြင်တာ တွေ့ရတဲ့အခါ သူများကိုပဲ လက်ညှိုးထိုးတတ်ကြတယ်။ ကျုပ်တို့ကတော့ အစွမ်းကုန် လုပ်ပေးကြတာပဲ၊ ဒါပေမယ့် ဒီလူတွေက ကျုပ်တို့လုပ်တာကို အကောင်းမထင်ကြဘူး။ အစရှိသဖြင့် ပြောတတ်ကြတယ်။ ဒီလိုလူမျိုးဟာ လူမှုဝန်ထမ်းလုပ်ငန်းလုပ်ဖို့ မထိုက်တာ အမှန်ပါပဲ။


ကရုဏာစိတ်အမှန်ရှိပြီးတော့ သူများအပေါ်မှာ နားလည်ခွင့်လွှတ်တတ်သူတဦးအဖို့မှာ သူတပါးကို ကူညီမစရတဲ့ အလုပ်ဟာ တဖက်သားကို စိတ်ချမ့်းမြေ့စေတဲ့အပြင် ကိုယ်တိုင်မှာလဲ စေတနာသန့်သန့်နှင့် ကူညီလိုက်ရတဲ့ အတွက် မိမိရဲ့ ငြိမ်းအေးတည်ငြိမ်မှုကြောင့် ကိုယ်တိုင်လဲပဲ စိတ်ကြည်လင်ရွှင်ပျခြင်းဆိုတဲ့ ကောင်းကျိုးမင်္ဂလာနဲ့ ပြည့်စုံနေပါတော့တယ်။ မိမိကိုယ်တိုင် ကရုဏာစိတ် မွေးမြူရတဲ့ကိစ္စဟာ သူများကို ဘာလုပ်ပါ၊ ညာလုပ်ပါ စသည်ဖြင့် ဆရာလုပ်ရတဲ့ကိစ္စထက် အပုံပဲပိုပြီး ခက်ခဲနက်နဲတယ်။ နိပါတ်တော်များ (ဇာတကပါဠိတော်) မှာ ဆိုရင် ဘုရားလောင်းဟာ လူ့လောကကြီး ကောင်းစားရေးအတွက် ရွက်ဆောင်နိုင်စွမ်း ထက်မြက်အောင် မိမိရဲ့နှလုံးရည် တိုးတက်မြင့်မားရေး (ပါရမီဖြည့်ကျင့် ဆည်းပူးမှု) တွေကို ဘယ်လောက်တောင် စွန့်စွန့်စားစား လုပ်ဆောင်ခဲ့ရသလဲဆိုတာ တွေ့နိုင်ကြတယ် မဟုတ်လား။

နောက်ပြီးတော့လဲ ကိုယ့်ကိုယ်ကို တရားနဲ့အညီ ကျင့်ကြံနေထိုင်မှု မရှိသူဟာ တလောကလုံးနဲ့ ဆက်ဆံရာမှာ တရားနှင့်အညီ ပြုမူဆက်ဆံနိုင်စွမ်း ဘယ်မှာရှိပါ့မလဲ။ အင်ဂျင်နီယာ တယောက်ဟာ အင်ဂျင်နီယာအတတ်ကို ပေါက်မြောက်အောင် သင်ယူပြီးမှသာ သူ့ပညာနှင့် ပြောင်မြောက်တဲ့ လက်ရာတွေကို ဖန်တီးနိုင်တယ်။

ဆရာဝန်လုပ်စားသူဟာ ဆေးပညာကို ကျကျနန မသင်ခဲ့ဘဲနဲ့ လူနာတွေကို လက်ခံကုသနေရင် သူ့စေတနာက မပြည့်ဝတဲ့အတွက် လူနာတွေ ဒုက္ခရာက်ကြရတာပေါ့။ ဒီသဘောအတိုင်းဘဲ။ လူမှုရေးဘက်မှာဖြစ်စေ၊ နိုင်ငံရေး ဘက်မှာဖြစ်စေ၊ ဘာသာရေးဘက်မှာဖြစ်စေ၊ ခေါင်းဆောင်လုပ်မဲ့သူဆိုတာ ကိုယ်တိုင်က နှလုံးရည်ပြည့်ဝမှု မရှိခဲ့ရင် သူ့နောက်လိုက်တွေဟာ လမ်းမှန် မရောက်နိုင်ဘဲ လမ်းလွဲကိုပဲ လိုက်မိနေကြရမှာပေါ့။

ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့ အလုပ်ဟာ စိတ်ဓာတ် ရင့်သန်ဖွံ့ဖြိုးအောင် လေ့ကျင့်တဲ့အလုပ် ဖြစ်ပါတယ်။ ဖွံ့ဖြိုးအောင် လေ့ကျင့်ထားတဲ့စိတ်က မှန်တဲ့တွေးကြံမှုများ၊ ပြောဆိုမှုများနဲ့ လုပ်ဆောင်မှုများကို ဖြစ်ပေါ်စေတတ်တယ်။ သူတပါးကို လေ့ကျင့်ပျိုးထောင်မှုတွေကိုသာ အာရုံစိုက်လွန်းကြတဲ့အတွက် မိမိကိုယ်တိုင် အတွင်းသန္တာန်မှာ ရင့်ကျက်မှုရှိအောင် လေ့ကျင့်ပျိုးထောင်ဖို့ ကိစ္စကို မေ့နေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို နှလုံးရည် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဘာကြောင့် မစဉ်းစားမိကြတာလဲ။

ဗုဒ္ဓလမ်းစဉ်မှာ ကိုယ့်ကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နည်းတွေ ညွှန်ပြထားတာပဲ။ ဘုရားဟောတရားတွေထဲမှာ လောကကြီး သာယာဝပြောပြီး အပြစ်အနာအဆာကင်းဖို့ အရေးမှာ လူတဦးစီမှာ အပြစ်အနာအဆာဆိုတဲ့ ဒုစရိုက်တရားများ ကင်းစင်စေရမယ်လို့ လမ်းညွှန်ထားတာတွေ အများကြီးပါပဲ။ ဆိုလိုရင်းကတော့ လောကဆိုတာ လောကသားတို့ရဲ့ အတွင်းသန္တာန်ကို ဖော်ညွှန်းနေတယ်ဆိုတဲ့ သဘောကို နားလည်ရမယ်။ လူတဦးစီရဲ့ စိတ်ထားသန့်စင်မွန်မြတ်မှသာ လောကကြီး အေးချမ်းသာယာ နိုင်ကြောင်း သဘောပေါက်ကြဖို့ ပါပဲ။ များသောအားဖြင့်ကတော့ ကိုယ့်မျက်ချေး ကိုယ်မမြင်-ဆိုတဲ့ စကားလိုပါပဲ မတော်မလျော်တာတွေ တွေ့ရရင် သူများအပေါ်မှာသာ အပြစ်ဖို့တတ်ကြတယ်။ ကိုယ်ကကော ဘယ်လောက် တရားသဖြင့် နေထိုင်ကျင့်ကြံပါသလဲ-လို့ စစ်တမ်းထုတ်ကြည့်လေ့ မရှိကြပါဘူး။

ဒါကြောင့် မိမိကိုယ်ကို မိမိ ကရုဏာပွားဖို့က ပထမကိစ္စဖြစ်တယ်။ ဒီလုပ်ငန်းအောင်မြင် ပေါက်မြောက်ဖို့ရာမှာ တွေးခေါ်မှု ကြည်လင်နေရမယ်။ ကိုယ်လိုက်နာဖို့ စည်းကမ်းကိုလဲ ကျိုးကျိုးနွံနွံ လိုက်နာရပေလိမ့်မယ်။ ဒီလုပ်ငန်း ပေါက်မြောက်ရေးမှာ ကိုယ့်ကိုယ်ကို လေ့ကျင့်ပျိုးထောင်မှု သာမက ကိုယ့်သားသမီးများကို လေ့ကျင့် ပျိုးထောင်မှုလဲ လိုတယ်။ ကလေးအရွယ်ကစပြီးတော့ စိတ်ကို လေ့ကျင့်ပေးလာမှသာ တွေးခေါ်မှု ကြည်လင်စေ တတ်တယ်။ သို့မှမဟုတ်လို့ ကြီးမှစပြီး လေ့ကျင့်ဖို့ဆိုတာ မလွယ်လှဘူး။ ကလေးဘ၀မှာ သင်အံလေ့ကျင့်ရတဲ့ ကဗျာလင်္ကာ ပုံပြင်ကလေးတွေဟာ တိရစ္ဆာန်တွေနဲ့ ပတ်သက်လာရင် ကရုဏာကင်းမဲ့တဲ့ သဘောတွေ ပါတတ်တယ်။

ပုံစံအားဖြင့်-
ကြွက်ကန်းသုံးကောင် ( Three Blind Mice ) ဆိုတဲ့ကလေးကဗျာမျိုး။
ဂျက်ဆောက်တဲ့အိမ် ( The House That Jack Built ) စတဲ့ ကလေးကဗျာမျိုးတွေပဲကြည့်ပါ။
နုနယ်တဲ့ကလေးသူငယ်ရဲ့ စိတ်ထဲမှာ အဲဒီကဗျာပါ အကြောင်းအရာတွေဟာ စိတ်အဆိပ်သင့်စေတတ်တယ်။
မှန်ကန်တဲ့ တွေးခေါ်မြော်မြင်မှုကို လုံးဝမဖြစ်စေနိုင်ဘူး။ ကိုယ့်ကိုယ်ကို စည်းကမ်းထားတတ်ဖို့ကိုလဲ အထောက်အပံ့ မပြုဘူး။ စိတ်ထားမွန်မြတ်မှုကို စတင်ညွှန်ပြရေးဆိုတဲ့ ရည်မှန်းချက်ဟာ ပပျောက်နေ တော့တယ်။

ရှင်တော်မြတ်ဘုရားရဲ့ ဟောပြောချက်များမှာ ရှေးဦးစွာ မိမိကိုယ်ကို မိမိ ကရုဏာထားရမယ်လို့ အလေးအနက် ပြဆိုထားပါတယ်။ ဒီလိုဆိုတာဟာ ကိုယ့်ကိုယ်ကို သနားနေတာ၊ ကိုယ့်အဖြစ်ကို တွေးပြီး ၀မ်းနည်းကြေကွဲနေတာ တို့ကို ပြောလိုတာ မဟုတ်ဘူးနော်။ အဲဒီ သနားစိတ်၊ ၀မ်းနည်းစိတ်တွေဟာ တကိုယ်ကောင်းဆန်တဲ့ သဘောသာ ဖြစ်တယ်။ အဲဒီစိတ်တွေ ၀င်လာပြီဆိုရင် သူများအပေါ်မှာ နားလည်ခွင့်လွှတ်နိုင်မှု မရှိတော့ဘဲ ဒေါသစိတ်တွေ ဖြစ်ပွားလာတတ်တယ်။ တချို့တလေကျတော့ အဲဒီလို မခံချင်စိတ် (ဒေါသ) ကိုပဲ ကျုပ်က ဘယ်ခံမလဲဗျ-အစရှိသည်ဖြင့် ကိုယ့်ဟာကိုယ် အဟုတ်ကြီးထင်ပြီး ပြောတတ်ကြတယ်။ ဒါပေမယ့် တရားသဘောနဲ့ကြည့်ရင် ဒေါသဆိုတဲ့စိတ်ဟာ တရားတဲ့ဒေါသ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဒေါသရယ်လို့ ဘယ်တော့မှ မရှိဘူးလို့ မှတ်ထားကြပါ။ ဒေါသဟာ ဒေါသစိတ် ၀င်တဲ့သူကိုရော၊ ဘေးလူတွေကိုရော ဆိုးကျိုးကိုသာ ပေးတတ်တဲ့ အဖျက်တရား သက်သက်ပါ။

ကရုဏာစိတ်ထားကို မိမိအပေါ်မှာ မိမိမွေးမြူပျိုးထောင်လို့ ပေါက်မြောက်ပြီးသူဟာ သူရဲ့ပတ်ဝန်းကျင်ကို ကရုဏာစိတ်တွေ ဖြန့်ဝေနိုင်တဲ့ အနေအထားသို့ ရောက်ရှိလာတော့တာပါပဲ။ ဖြန့်ဝေတဲ့ အလေ့အထကိုလဲ နီးစပ်ရာ ပတ်ဝန်းကျင်ကို အစပြုပြီးတော့ တနိုင်ငံလုံးအထိ ရည်မှန်းပြီး ပျံ့နှံ့အောင် ပို့လွှတ်ပါ။ တကမ္ဘာလုံးကို လွှမ်းခြုံမိအောင် ပို့လွှတ်ပါ။ ကရုဏာပို့လွှတ်တဲ့နေရာမှာ ပုဂ္ဂိုလ်အမျိုးအစား၊ အဆင့်အတန်း၊ အယူဘာသာ၊ အသားရောင် စတဲ့ခွဲခြားမှု လုံးဝ ကင်းစင်ရပါမယ်။ မိမိထားရှိတဲ့ ကရုဏာတရားကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့ တောင်းဆိုမယ် ဆိုခဲ့ရင် အဲဒါ ကရုဏာစိတ်အစစ် မဟုတ်တော့ဘူး။

ကမ္မဋ္ဌာန်းပွားများတဲ့ အလုပ်ဟာ စိတ်လေ့ကျင့်မှုကို စတင်ပေးတဲ့အနေနဲ့ ကောင်းမြတ်တဲ့အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ကရုဏာအကြောင်းကို ဒီသင်တန်းသူ သင်တန်းသားများ စဉ်းစားကြည့်ကြဖို့လဲ တိုက်တွန်းချင်တယ်။ သင်တန်းတက်လာသူဆိုတာ သင်တန်းမှာသင်တဲ့ အကြောင်းအရာတွေဟာ ဘာကိုဆိုလိုတာလဲလို့ လေးလေးနက်နက် တွေးကြည့်ပြီးတော့ ကရုဏာအကြောင်း ပို့ချချက်ကို သဘောပေါက်ပြီးရင် လက်တွေ့ ကရုဏာစိတ်ကို ထားကြည့်သင့်ကြတယ်။ အဲဒီလို စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်မိအောင်လုပ်ဖို့ စိတ်ထဲမှာ ပြဋ္ဌာန်းထားရကြရမယ်။ ဟာ-ဒါလောက်တော့ နားလည်ပါတယ်-လို့ ခပ်ပေါ့ပေါ့ သဘောထားမယ်ဆိုရင် သင်ကြားထားသမျှကလေးတွေဟာ မစွဲမြဲသေးတဲ့အတွက် မေ့ပျောက်သွားတတ်တယ်။

ဒီတော့ ပထမဦးဆုံး မိမိကိုယ်ကို မိမိ ကရုဏာစိတ် ဖြစ်နေအောင် ရှုမှတ် နှလုံးသွင်းကြပါ။ နှလုံးသားထဲမှာရော၊ စိတ်ကူးထဲမှာရော ကရုဏာတွေ ပြည့်ဝလာသည်အထိ ပွားများအားထုတ်ကြပါ။ ဒီနောက်မှာတော့ ဒီကရုဏာဓာတ်ဟာ စကြာဝဠာတတိုက်လုံးမှာရှိကြတဲ့ သတ္တ၀ါအားလုံးကို လွှမ်းခြုံမိတဲ့အထိ ဖြန့်ဝေပို့လွှတ်ပါ။

( အရှင်သေဋ္ဌိလ-အဂ္ဂမဟာပဏ္ဍိတ-အဘိဓဇမဟာရဋ္ဌဂုရု )

သံဃာတော်များနှင့် သွေးတိုးရောဂါ

တနေ့သော် ကျွန်တော်၏ ဆေးခန်းသို့ ကပ္ပိယတဦး လာရောက်၍ လူနာကြည့်ရန် ပင့်ပါသည်။ လူနာမှာ ရဟန်းတော်ဖြစ်ပါသည်။ သံဃာ ၆-ပါး သီတင်းသုံးနေသော ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဖြစ်ပါသည်။ သက်တော် ၄၆၊ ၀ါတော် ၂၆-၀ါ ဖြစ်ပါသည်။

ဆရာတော့်မှာ ရင်ဘတ်အောင့် ဝေဒနာ ခံစားရသဖြင့် ဆရာဝန် လာရောက်ခေါ်ခြင်းဖြစ်၏။ ဆရာတော်အား သေချာစွာ စစ်ဆေးရာ သွေးတိုးရောဂါ ရှိကြောင်း တွေ့ရသည်။ ဆရာတော်၏ နှလုံးကို နှလုံးစမ်းကိရိယာ (အီးစီဂျီ) စက်ဖြင့် စမ်းစေရာ နှလုံးသွေးကြောကျဉ်း ရောဂါပါ ရှိကြောင်း သိရသည်။

ထိုကျောင်းနေ အခြားသံဃာ ၅-ပါးမှာ သက်တော် ၈၀-အရွယ် ၂-ပါးနှင့် ၃၀-ကျော်အရွယ် ၂-ပါးဖြစ်ပါ၏။ ကျွန်တော်သည် သက်တော် ၈၀-ကျော် ၂-ပါးကိုလည်း ကျန်းမာရေးစစ်ဆေးကြည့်ရာ သွေးတိုးနှင့် နှလုံးရောဂါများ မရှိ၊ ကျန်းမာဖျတ်လတ်လျက် ရှိပါသည်။

ထို့ကြောင့် အံ့သြစိတ်ဖြင့် ဆက်လက်စူးစမ်းရာ ထိုအသက် ၈၀-ကျော် ၂-ပါးမှာ အသက် ၇၀-ကျော်မှ သာသနာ့ဘောင်သို့ ၀င်ကြသည်။ လူ့ဘ၀က လယ်သမားများ ဖြစ်သည်။ ကာယလုပ်သားများဖြစ်ပြီး အလွန်သန်စွမ်းကြသည်။ ယခုအခါ သက်တော် ၈၀၊ ၀ါတော် ၁၀-၀ါရပြီဖြစ်သည်။ ၁၀-နှစ်လုံးလုံး သင်္ကန်းဝတ်ဘ၀နှင့် နေစဉ် နေ့စဉ်မပျက် တနေ့လျှင် ၅-မိုင်ခန့် ဆွမ်းခံထွက်ကြကြောင်း သိရပါသည်။

ထို့ကြောင့် ဆွမ်းခံထွက်ခြင်းသည် ကိုယ်လက်လှုပ်ရှား အားကစားလို ဖြစ်နေပြီး သွေးတိုးရောဂါ၊ နှလုံးရောဂါများ ၀င်မလာခြင်း ဖြစ်ပါသည်။ ၄င်းသံဃာတော်များ၏ ပြောပြချက်အရ သူတို့ကို ဒကာ ဒကာမတို့က အသက်အရွယ်ကြီး၍ ဆွမ်းခံမထွက်ရန် ပြောသော်လည်း လက်မခံခဲ့ကြပါ။ ဆွမ်းမခံရလျှင် မနေနိုင်ကြောင်း ပြောပါသည်။

ကျောင်းထိုင်ဘုန်းတော်ကြီးမှာ သက်တော် ၄၆-နှစ်သာ ရှိသေးသော်လည်း ကိုယ်လက်လှုပ်ရှုားမှု နည်းပါး၍ အနည်းငယ် ၀နေပါသည်။ ကျွန်တော်သည် ကျောင်းထိုင်ဆရာတော်အား လိုအပ်သော ဆေးဝါးနှင့် အစားအသောက်များကို ညွှန်းခဲ့ပါသည်။ ကျောင်းတွင်း၌ လမ်းလျှောက်ခြင်းကို တနေ့လျှင် ၂-နာရီခန့် ပြုလုပ်ရန် အကြံပြုလျှောက်ထားခဲ့ပါသည်။

ထို့ပြင် အချို လုံးဝမစားတော့ရန်နှင့် အဆီ အဆိမ့်များ မစားတော့ရန် အကြံပြုလျှောက်ထားခဲ့ပါသည်။
နောက်ထပ် ၁-လခန့်ကြာသော် ထိုဘုန်းတော်ကြီးကျောင်းသို့ ကျွန်တော် သွားရောက်ရာ ကျောင်းထိုင် ဆရာတော်မှာ လမ်းလျှောက်ခြင်း၊ အဆီ အဆိမ့် အချိုတို့ကို လျှော့စားခြင်းတို့ကြောင့် ကိုယ်ရေစစ်သွားသည်ကို တွေ့ရပါသည်။ သွေးတိုးရောဂါမှာလည်း အလွန်သက်သာသွားပါသည်။ ရင်ဘတ်အောင့် ဝေဒနာလည်း သက်သာသွားသည်ကို တွေ့ရပါသည်။

ထို့ကြောင့် ဆွမ်းခံခြင်းသည် သံဃာတော်များ၏ ကျန်းမာရေးအတွက် အလွန်အရေးပါကြောင်း တွေ့ရပါသည်။ ဆွမ်းမခံသော သံဃာတော်များမှာ စင်္ကြန်လျှောက်ရန် လိုပါသည်။ စင်္ကြန်လျှောက်ခြင်းသည် ဆွမ်းခံခြင်းလောက် ခြေလှမ်းမသွက်ပါ။ ထို့ကြောင့် အချိန်ပိုယူ၍ စင်္ကြန်လျှောက်ရန် လိုပါသည်။

အစားအသောက်လျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်သည့်ကြားမှ မသက်သာသောအခါ၌ နှလုံး၊ သွေးတိုးဆိုင်ရာ ဆေးများကို စားသင့်ပါသည်။
အသုံးအများဆုံး ဆေးတို့မှာ-
ဘုမ္မရာဇာ-( Reserpine )
ဆီးဆေးများ-(Diuretics ) တို့ဖြစ်ပါသည်။

ဘုမ္မရာဇာ (Reserpine ) မှာ ဦးနှောက်လုပ်ငန်းစဉ်များကို နှေးကွေးစေခြင်းဖြင့် သွေးတိုးကို သက်သာအောင်လုပ်ခြင်း ဖြစ်၏။ ထို့ကြောင့် အိပ်ငိုက်ခြင်း၊ ထိုင်းမှိုင်းခြင်းတို့ ဖြစ်နိုင်သည်။ ထို့ကြောင့် ယခုအခါ အသုံးနည်းလာပါ၏။
ဆီးဆေးများမှာ သွေးတိုးရောဂါကို သက်သာစေသော်လည်း ဆီး-မကြာခဏ သွားရသောဒုက္ခ ရှိပါသည်။

( နောက်ဆုံးပေါ်ဆေး-သွေးလွှတ်ကြောကို ကျယ်စေသော ဆေးများ )
၎င်းဆေးများမှာ သွေးတိုးရောဂါကို သက်သာစေသည့်အပြင် သွေးကြောကို ကျယ်စေသဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါကိုပါ သက်သာစေပါသည်။
-Adalat-LA ( ၃၀ ) မီလီဂရမ် ( အယ်ဒလတ် LA ( ၃၀ ) မီလီဂရမ်။
၎င်းဆေးမှာ သွေးလွှတ်ကြောများကို ကျယ်စေသော ဆေး ဖြစ်၏။
၎င်းဆေးမှာ မကြာခဏ ဆီးသွားရသော ဒုက္ခမှ ကင်းဝေးသည်။
ဦးနှောက်အပေါ် သက်ရောက်မှုမရှိ၍ လေးလံထိုင်းမှိုင်းခြင်းတို့မှလည်း ကင်းဝေး၏။

တနေ့တကြိမ်သာ စားရန်လိုသဖြင့် တာဝန်ပေါ့ပါသည်။ သွေးတိုးရောဂါရှိစဉ် မှီဝဲနေပါက နှလုံးသွေးကြောကျဉ်း ရောဂါကိုပါ ကာကွယ်ပြီးဖြစ်ပါသည်။ ထို့ကြောင့် ၄င်းဆေးမှာ တရားထိုင်ပုဂ္ဂိုလ်များ တရားထိုင်စဉ် ဆီးမကြာခဏ သွားရသောဒုက္ခမှ ကင်းဝေးပါ၏။

ကာကွယ်ဆေးနည်း ၂-မျိုးမှာ
( ၁ ) ကိုယ်လက်လှုပ်ရှားခြင်းနှင့်
( ၂ ) အဆီ၊ အဆိမ့်၊ အချို လျှော့စားခြင်းတို့ ဖြစ်ပါသည်။
သံဃာတော်များအတွက် အကြံပြုရပါသော် ဆွမ်းခံခြင်းသည် သွေးတိုး၊ နှလုံးရောဂါများကို တားဆီးနိုင်ပါသည်။ ဆွမ်းမခံသောပုဂ္ဂိုလ်၊ တရားထိုင်သော ပုဂ္ဂိုလ်များတွင် စင်္ကြန်လျှောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုစေပါသည်။

ကျင့်ဝတ်ဆရာဝန်

ထူးဆန်းထွေလာ လေရောဂါ ( ၁ )

လေရောဂါသည် ရောဂါအထွေထွေတို့၏ အခြေခံအကြောင်းတရပ် ဖြစ်ပါသည်။ လေရောဂါ မဖြစ်ဘူးသူဟူ၍ လောကတွင် မရှိဆိုလျှင် ဆိုသင့်သောအဆိုတရပ် ဖြစ်ပါသည်။ မှန်ပါ၏။
အကြောင်းမှာ-မိမိဘ၀တလျှောက် အောက်ပါလေရောဂါ တမျိုးမျိုး ခံစားဖူးမည်မှာ သေချာပါသည်။ ခံသာသည် (သို့မဟုတ်) မခံသာအောင် ပြင်းပြင်းထန်ထန် ခံစားရသည်မှာ ကွာခြားပေလိမ့်မည်။ တချို့ဆိုလျှင် အသက်ပင် စွန့်သွားကြရလေပြီ။

လူအများစု ဖြစ်လေ့ရှိသော လေရောဂါများမှာ-
၁။ လေထိုးခြင်း။
၂။ လေနာခြင်း။
၃။ လေအောင့်ခြင်း။
၎။ လေပွခြင်း။
၅။ လေကျစ်ခြင်း။
၆။ လေကျပ်ခြင်း။
၇။ လေညှပ်ခြင်း။
၈။ လေထန်ခြင်း။
၉။ လေအန်ခြင်း။
၁၀။ လေဆန်ခြင်း။
၁၁။ လေနင့်ခြင်း။
၁၂။ ကြို့ထိုးခြင်း။
၁၃။ ချေဆတ်ခြင်း။
၁၄။ သမ်းဝေခြင်း။
၁၅။ နားလေထွက်ခြင်း။
၁၆။ ၀မ်းလေယုတ်ခြင်း စသည်ဖြင့် လေအကြောင်းခံသည့် ရောဂါများမှာ အလွန်များပြားလှပါသည်။ ဗိန္ဒော ဆေးကျမ်းအလိုအားဖြင့် လေမျိုး ၈၀-ဟူ၍ပင် ဆိုချေသေး၏။

သတ္တလောကမှာသာ လေသည် ပဓာနကျသည်မဟုတ်သေး။ သြကာသလောကတွင်လည်း လေပြည် လေညင်း၊ လေပူ၊ လေအေး၊ လေနီကြမ်း၊ လေဆင်နှာမောင်း၊ လေမုန်တိုင်း၊ ညစ်ညမ်းသော လေ၊ စက်ရုံ၊ အလုပ်ရုံပေါင်း မြောက်များစွာမှ စွန့်ပစ်ပစ္စည်း အခိုးအနံ့ဆိုးများ ပါဝင်သောလေ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ မျိုးစုံတွင် စမ်းသပ်အသုံးပြုသည့် ဓာတုဓာတ်ငွေ့မျိုးစုံ ပါဝင်သည့်လေ-စသည်ဖြင့် အရေးကြီးလှပေသေး၏။

သတ္တလောက၏ အဇ္ဈတ္တသန္တာန် ကိုယ်တွင်းရှိ လေတို့သည် မဖောက်မပြန် ကျေးဇူးပြုသည်ရှိသော် ဓာတ်တို့ကို ကောင်းစွာသွားစေခြင်း၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် စသော ဣနြေ္ဒအကြည်ဓာတ်တို့၏ ကိစ္စကို ပြီးစေခြင်း၊ ၀မ်းမှန်၊ ဆီးမှန်ခြင်း၊ ရာသီသွေးမှန်ခြင်း၊ သားသမီးဖွားမြင်ရာ၌ လွယ်ကူစေခြင်း၊ လျောင်း၊ ထိုင်၊ ရပ်၊ သွား ၎င်းရိယာပုထ် လေးပါးလုံး ပေါ့ပါးလျင်မြန် သွက်လက်စေခြင်း။ ထွက်သက်၊ ၀င်သက် ရှူရှိုက်ရာတွင် မောပန်းခြင်းမရှိ ချမ်းသာလွယ်ကူစေခြင်း၊ ခြေဖျား လက်ဖျားများ မအေး၊ နွေးထွေးစွာရှိခြင်း၊ ကျင်ကြီး ကျင်ငယ် သုက်သွေးတို့ကို အောက်သို့ ဆွဲငင်နှင်ထုတ်တတ်ခြင်း၊ ခြေသည်း လက်သည်းခွံ သွေးရောင် ကြည်လင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ထို့အတူပင် သြကာသလောက၊ ဗဟိဒ္ဓသန္တာန်အတွင်းရှိ လေတို့သည်လည်း မဖောက်မပြန် ကျေးဇူးပြု သည်ရှိသော် စပါးလှေ့ခြင်း၊ စိုစွတ်သည်များကို ခြောက်သွေ့စေတတ်ခြင်း၊ နူးညံ့သိမ်မွေ့စေခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

သြကာသလောကဓာတ်အတွင်းမှ လေကောင်းလေသန့် မှန်မှန်ပြည့်ပြည့်၀၀ လုံလုံလောက်လောက် ရရှိပါမှ သတ္တလောကအတွင်း လေတို့သည် အကျိုးပြုသောလေများကို ဖြစ်ထွန်းစေနိုင်ပါသည်။ အသက်ရှည်ခြင်းနှင့် ကျန်းမာခြင်းအတွက် လေကောင်းလေသန့်သည် သက်ရှိသတ္တ၀ါအားလုံး၏ သော့ချက်ပင် ဖြစ်ပါသည်။ အနည်းငယ်မျှ လျှော့မတွက်သင့်ပါ။

မြန်မာမှုနယ်ပယ်တွင်-( လေမစုံလျှင် ငွေကုန်သည် )-ဆိုသောစကားတရပ် အခိုင်အမာရှိပါသည်။ လောကအတွေ့အကြုံပေါင်းများစွာက ပေးခဲ့သော သင်ခန်းစာပင် မဟုတ်ပါလော။ အလေးအနက်ထား စဉ်းစားသင့်ပါ၏။ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျ မတန်တဆ များနေကြရသည်မှာ လေမစုံ၍သာ ဖြစ်ပေလိမ့်မည်။ လေပြည့်စုံသည်ဟု ဆိုနိုင်ဖို့ရာ ဘေသဇ္ဇနယ (ဗိန္ဒော) ဆေးပညာရှုထောင့်မှ အနည်းဆုံး ၅-ချက်ခန့် သိထားသင့်ပေသည်။ ဒေသနာနယ (ဗုဒ္ဓနည်းကျ) ဆေးပညာရှုထောင့်မှ ၆-ချက်ခန့်သာ သိထားရပေမည်။

ဘေသဇ္ဇနယ (ဗိန္ဒော) ဆေးပညာရှုထောင့်မှ သိသင့်သည့်အချက်များကို ရှေးဦးစွာ တင်ပြသွားပါမည်။
( ၁ ) ဦးခေါင်း၌ တည်သောလေ (ပါဏလေ)၊
ထိုလေသည်ကား တံတွေးထွေးခြင်း၊ ချေဆတ်ခြင်း၊ ချောင်းဆိုးခြင်း၊ အော့အန်ခြင်း၊ အစာသွင်းခြင်း ဟူသော ကိစ္စတို့ကို ဆောင်ရွက်၏။
ဤလေဖောက်ပြန်ခဲ့သည်ရှိသော်-ကြို့ထိုး ပြင်းထန်ခြင်းနှင့် ပန်းနာလေရောဂါတို့ကို အထူးဖြစ်စေတတ်၏။

( ၂ ) ရင်ခေါင်း၌ တည်သောလေ (ဥဒါနလေ)၊
ထိုလေသည် အင်အား၊ သတိတရား စကားပြောခြင်း၊ ထိုင်ခြင်း၊ ထခြင်းဟူသော ကိစ္စတို့ကို ဆောင်ရွက်၏။
ဤလေ ဖောက်ပြန်ခဲ့သည်ရှိသော်-ကုပ်ဆက်၌ဖြစ်သော ရောဂါမျိုးစုံကို ဖြစ်စေတတ်၏၊ ယခုအခါ လည်ပင်းရိုး ကျီးပေါင်းတက်ခြင်း၊ လက်ပြင်ငုပ်ခြင်း၊ ကပ်ခြင်း၊ အုံးလွဲခြင်း၊ ပြင်းပြင်းထန်ထန် ဇက်ကြောတက်၊ ခေါင်းကိုက်ခဲခြင်းတို့ ဖြစ်စေတတ်၏။

( ၃ ) နှလုံး၌ တည်သောလေ (ဗျာနလေ)၊
ထိုလေသည်ကား သွားခြင်း၊ လာခြင်း၊ အထက်သို့မြှောက်ခြင်း၊ အောက်သို့ချခြင်း၊ မျက်စိမှိတ်ခြင်း၊ ဖွင့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း-ဟူသော ကိစ္စတို့ကို ဆောင်ရွက်၏။
ဤလေဖောက်ပြန်သည်ရှိသော်-အသွားအလာ အလွန်နှေးကွေး လေးလံပင်ပန်းတတ်၏၊ လက်များ မြှောက်မရဘဲ လနှင့်ချီ၍ ကပ်နေတတ်၏၊ မျက်စိနှစ်လုံး မှိတ်-ဖွင့် မညီမညွတ် ဖြစ်တတ်၏၊ တဖက်သတ်ကျဉ်း၍ နေတတ်၏၊ အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍ဖြစ်တတ်၏။

( ၄ ) ၀မ်းမီးအနီး၌ တည်သော လေ (သမာနလေ)၊
ထိုလေသည်ကားဝမ်းမီး၏ အဖော်သဟဲအဖြစ် ကူညီ၏။ အစာကို ကြေညက်နူးနပ်စေ၏၊ စားလိုက်သော အစာတို့ကို ကျင်ကြီးတပုံ၊ ကျင်ငယ်တပုံ၊ ရသဓာတ် တပုံ-စသည်ဖြင့် ခွဲခြားဝေဖန်ပေး၏။
ဤလေဖောက်ပြန်ခဲ့သည်ရှိသော်-၀မ်းမီးညံ့ခြင်း၊ နူးခြင်း၊ ၀မ်းပျက်၊ ၀မ်းကိုက် မကြာမကြာ ဖြစ်ခြင်း၊ လေချုပ်လေအောင့်ခြင်းတို့ကို ဖြစ်စေတတ်၏။

( ၅ ) အစာဟောင်းအိမ်၌ တည်သောလေ ( အပါနလေ)၊
ထိုလေသည် ခါး၊ ပေါင်၊ အကြော၊ အရိုး၊ အရေ ဤငါးဌာနသို့ ပျံ့နှံ့တည်နေ၏။ အစာဟောင်းအိမ်သည် အထူးသဖြင့် လေ၏ဌာနချုပ် ဟူလို။
ထိုလေသည်ကား ဣနြေ္ဒ ၁၄-ပါးဖြစ်သည့် ၁-မျက်စိ ၂-နား ၃-နှာခေါင်း ၄-လျှာ ၅-အရေ (ဉာဏိနြေ္ဒငါးပါး) ၆-ခံတွင်း ၇-လက် ၈-ခြေ ၉-၀စ္စမဂ်(စအို) ၁၀-အင်္ဂါဇာတ် (ကမ္မိနြေ္ဒငါးပါး)
၁၁-၀ိညာဏ် ၁၂-ပညာ ၁၃-မာန ၁၄-စိတ် (အတွင်းဣနြေ္ဒလေးပါး) စသည်တို့ကို တွေ့ထိမှု အာရုံယူတတ်ခြင်း သဘောဖြင့် ကျေးဇူးပြုစောင့်ရှောက်ကြကုန်၏။

ဤလေဖောက်ပြန်ခဲ့သော်ကား ခါး-ပေါင် အစရှိသော ငါးဌာနနှင့် ဣနြေ္ဒ ၁၄-ပါးတို့တွင် ရောဂါမျိုးစုံ ကျရောက်တော့မည်ဖြစ်၏။ တချို့ရောဂါများသည် အသက်ရှင်လျက်နှင့် ဘ၀သေနေရသည်အထိ ဆိုးဆိုးရွားရွား ရောဂါမျိုးလည်း ဖြစ်တတ်ပေ၏။ တချို့ စုန်းယောင်ယောင် နတ်ယောင်ယောင် ထင်ယောင်ထင်မှား ရောဂါဆန်းများလည်း ဖြစ်တတ်ချေသေး၏။

ယခုဆက်လက်၍ ဒေသနာနယ (ဗုဒ္ဓနည်းကျ) ဆေးပညာရှုထောင့်မှ သိသင့်သည့်အချက်များကို ဖော်ပြပါဦးမည်။ ဉာဏ်ယှဉ်၍ ဖတ်ရှုပါကုန်။
ဗုဒ္ဓအဘိဓမ္မာအသုံးအားဖြင့် လေကို ၀ါယောဓာတ်ဟူ၍ ခေါ်၏။ ထိုဝါယောဓာတ်သည်ကား သဘောလက္ခဏာ အားဖြင့် တပါးတည်းဖြစ်သော်လည်း တည်ရာဌာနနှင့် ပြုလုပ်ဆောင်ရွက်ပုံ အခြင်းအရာတို့ကို လိုက်၍ ၆-မျိုး ကွဲပြားခြားနားသွားတော့၏။

( ၁ ) အထက်သို့ ဆန်တက်သောလေ (ဥဒ္ဓင်္ဂမ၀ါယော) ကြို့ထိုးခြင်း၊ သမ်းဝေခြင်း၊ ချေဆတ်ခြင်းတို့ကို ဖြစ်စေ၏။
( ၂ ) အောက်သို့ စုန်သက်သောလေ (အဓောဂမ၀ါယော) ကျင်ကြီး၊ ကျင်ငယ် စွန့်ပစ်ခြင်း၊ လေသက်ခြင်းတို့ကို ဖြစ်စေ၏။
( ၃) အူပြင်ပ ၀မ်းဗိုက်ခေါင်း၌ တည်သောလေ (ကုစ္ဆိသယ၀ါယော) နှလုံးတုန်ခြင်း၊ ရင်ခုန်ခြင်း၊ မောပန်းခြင်းတို့ကို ဖြစ်စေ၏။
( ၄ ) အူတလျှောက် တည်သောလေ (ကောဋ္ဌာသယ၀ါယော) လေထိုးခြင်း၊ လေအောင့်ခြင်း၊ လေပွခြင်း၊ လေကျပ်ခြင်း စသည်တို့ကို ဖြစ်စေ၏။
( ၅ ) အင်္ဂါကြီးငယ် သွားသောလေ (အင်္ဂမင်္ဂါနုသာရီဝါယော) အင်္ဂါကြီးငယ် အစွန်အဖျားသို့ ပျံ့နှံ့စေခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်းကို ပြုလုပ်စေခြင်း၊ မြှောက်ခြင်း၊ ချခြင်း၊ ထိုင်ခြင်း၊ ထခြင်းတို့ကို ဖြစ်စေ၏။
( ၆ ) ၀င်လေ ထွက်လေ (အဿာသပဿာသ၀ါယော) သက်ရှိသတ္တ၀ါအားလုံးအတွက် အရေးအကြီးဆုံး တန်ဖိုးအရှိဆုံး အသုံးအ၀င်ဆုံးနှင့် ပဓာနအကျဆုံးသည် လေဖြစ်၏။
ထိုလေသည်ကား မွေးစမှ သေသည့်တိုင် နေ့နေ့ညည ရပ်သည်မရှိ၊ အသက်နှင့်ခန္ဓာ တည်နေသမျှ အလုပ်လုပ်နေရသော လေ ဖြစ်၏။ ကျန်လေအလုံးစုံတို့ကိုကား ဤလေကသာ ပံ့ပိုးထောက်ပံ့ပေးနေရ၏။ ထိုလေသည် ဘ၀အတွက် ကျန်းမာရေးမျက်နှာစာမှာသာ အရေးပါလှသည်မဟုတ်။ ဘ၀လွတ်မြောက်ရေးအတွက် အာားထုတ်ရာတွင်လည်း အရင်းအနှီးတရပ်အဖြစ် ပါဝင်လျက်ပင်။

ထိုဝင်လေ ထွက်လေကို လျှော့တွက်မိလျှင် ခြင်္သေ့ကို ကြောင်ထင်မိသည်ထက် ဆိုးဝါးပေမည်။ မြန်မာစကားပုံ အရ-( ရေတိမ်မနစ်စေနှင့် )-ဟု သတိပေးသကဲ့သို့ ကျန်းမာရေးရှုထောင့်မှ ( လေတိမ်မနစ်ပါစေနှင့်) ဟု သတိပေးလိုပါသည်။

ရောဂါအားလုံးတို့အတွက် လေသည် မင်း-ဖြစ်၏-ဟူ၍ပင် ရှေးဆရာမြတ်တို့ မိန့်ဆိုခဲ့ကြသည် မဟုတ်ပါလော။

အစာဝ အနာကင်း ဘယာရှင်းကြပါစေ။
ဆရာ-ဦးရန်အောင်

ကံ ကံ၏အကျိုး ( ၆၄ )

( ရေချမ်းစင် )

ကျွန်မတို့အိမ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သော ဦးမောင်နှင့် ဒေါ်လှတို့၏ အိမ်ရှေ့တွင် ရေချမ်းစင်ကလေး ရှိသည်။ ထိုရေချမ်းစင်ကလေးသည် နွေ-မိုး-ဆောင်း ရာသီအလိုက် အမြဲ ရေပြည့်လျက်ရှိသည်။ ဦးမောင်တို့မိသားစုသည် ရေချမ်းစင် ရေမပြတ်အောင် အမြဲဂရုပြုကြသည်။ ရေချမ်းစင်ကလေးမှာ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ရှိသဖြင့် ရေချမ်းစင်နားသို့ ရောက်သူတိုင်း ရေသောက်ပြီးမှ သွားကြသည်။ အိမ်ရှိမိသားစုကလည်း အယုတ်-အလတ်- အမြတ် မရွေး မည်သူမဆို သောက်သုံးရန်အတွက် စေတနာသန့်သန့်ဖြင့် တည်ထားခြင်းဖြစ်ပါသည်။

ကျွန်မတို့ရွာလေးသည် နွေရာသီရောက်တိုင်း ရေဒုက္ခနှင့် တွေ့ကြုံရစမြဲပါ။ သို့သော် ဦးမောင်တို့ အိမ်ရှေ့ရှိ ရေချမ်းစင်ကလေးသည် ဘယ်သောအခါမှ ရေပြတ်သည်ဟူ၍ မရှိခဲ့ဘူးပါ။ ရေလှူရသော ကုသိုလ်ကံ စေတနာကြောင့် ရေအကျိုး ၁၀-ပါး ရသည်ကိုတော့ လူတိုင်းသိကြပြီး ဖြစ်ပါသည်။ ရဟန်း-သံဃာတော်များနှင့် လူကြီးသူမများက လူငယ် လူရွယ်များအား ပြောပြပေးကြသဖြင့် ရေအကျိုး ၁၀-ပါး၊ ဆွမ်းအကျိုး ၅-ပါး စသည့် ကုသိုလ်များ ရတတ်ကြောင်းကို သိကြသော်လည်း ရေချမ်းစင်ကိုဖြင့် အိမ်အများတွင် မတွေ့ရပါ။ ယခုဘ၀ မိမိပြုလိုက်သော ကုသိုလ်ကံ စေတနာအကျိုးသည် နောင်ဘ၀မှ ခံစားရမည်ဟု ကျွန်မ ထင်မိပါသည်။

ယခုကား ဤသို့မဟုတ်ပါ။ နောင်ဘ၀ရော ယခုဘ၀ပါ အကျိုးထူးကို ခံစားရပါသည်။ မိမိပြုလိုက်သောကုသိုလ်ကံ အကုသိုလ်ကံသည် မိမိနောက်သို့ အရိပ်လို လိုက်ပါနေပါလား-ဟု ကျွန်မခံယူမိပါသည်။ ဦးမောင်တို့ မိသားစုသည် ယခုဘ၀၌ပင်လျှင် ကောင်းကျိုးချမ်းသာကို ခံစားနေရသည်မှာ ကျွန်မတို့ မျက်စိရှေ့မှောက်၌ပင် ဖြစ်ပါသည်။

ဦးမောင်တို့ မိသားစုသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည်။ ယခင်က တနှစ်လျှင် တသီးစား စိုက်ပျိုးခဲ့ရာမှ ယခုအခါ နှစ်သီးစား စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက် ရှိပါသည်။ လယ်လုပ်ငန်းပြီး၍ အားလပ်သောအချိန်တွင် ဦးမောင်၏သား တယောက်သည် ရွှေကျင်ခြင်းအလုပ်ကို လုပ်ကိုင်သည်။ လုပ်ငန်းတိုင်း အဆင်ပြေသဖြင့် ဦးမောင်တို့ မိသားစုကို ကြည့်ရသည်မှာ အားကျစရာပင် ကောင်းလှသည်။ အဆင်ပြေလို့လုပ်၊ လုပ်လို့ အဆင်ပြေ ဆိုသလို ဖြစ်နေပါသည်။

ယခုအခါတွင် ဦးမောင်တို့အိမ်မှာ စပါးကြိတ်စက် (ကျွန်မတို့အရပ်ဒေသခေါ် ဟာလာစက်) ရေစုတ်စက်တို့ ပိုင်နေပြီ။ အိမ်တွင်းပစ္စည်းများလည်း ပြည့်စုံနေပြီ။ ဦးမောင်ရဲ့သား ရွှေပြန်ရပြီတဲ့-ဟူသော သတင်းကောင်းကိုလည်း မကြာခဏကြားရသည်။ ဦးမောင်တို့ စီးပွားရေးသည် တနေ့တခြား ဒီရေအလား တိုးတက်လာသည်။ ယခင်က အခြေအနေနှင့် ယခုအခြေအနေသည် ကွာခြားနေပေပြီ။ ဦးမောင်တို့ မိသားစုသည် ကျွန်မတို့ရွာတွင် လူချမ်းသာစာရင်းဝင် ဖြစ်နေပါသည်။

ရွာထဲမှ အသက်အရွယ်ကြီးရင်းသူများက ငမောင်တို့ မိသားစုကတော့ အားကျစရာပါပဲကွာ။ သူတို့မိသားစု စေတနာသန့်သန့်နှင့် လှူထားတဲ့ ရေချမ်းစင်ကလေးက သူတို့ကို ကောင်းကျိုးပေးနေပြီလေ။ ရေချမ်းစင်က ရေလေးအေးမြသလို သူတို့မိသားစုရဲ့ ရှေ့ရေးဟာလဲ စိတ်အေးရပြီပေါ့ကွာ-ဟု ပြောဆိုတတ်ကြသည်။
မိမိပြုလိုက်သော ကိုသုလ်ကံသည် ကောင်းကျိုးကို ပေးတတ်၏။ လှူတာခြင်းတူသော်လည်း စေတနာပါပါနှင့် လှူဖို့က အရေးကြီးပါသည်။ ဦးမောင်တို့ စေတနာသန့်သန့်နှင့် လှူသောအလှူသည် ငွေကုန်သောအလှူ မဟုတ်သော်လည်း အလှူ၏အကျိုးကို လက်ငင်းပင် ခံစားရပါသည်။

( သင်း-မြန်မာစာ )
*********************************************************************************

( ဒါနကုသိုလ် )

ကလေးမြို့နယ် အာဝါးရွာတွင် နေထိုင်သော ဦးဘသောင်းနှင့် ဒေါ်အုံးခင်တို့ ဇနီးမောင်နှံတွင် သားသမီး ၆-ယောက် ထွန်းကား၏။ မိသားစု ၈-ယောက်လုံးစုံမှ ထမင်းဝိုင်းဖွဲ့ စားလေ့ရှိသည်။ ပစ္စည်းဥစ္စာ မချမ်းသာသော်လည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာ ကြသည်။

၁၉၉၃-ခုနှစ်က ဖြစ်ပါသည်။ သားလတ်သည် ၆-တန်းအရွယ် ရောက်ပြီဖြစ်သော်လည်း ရှင်မပြုရသေးပါ။ ထို့ကြောင့် ရှင်ပြုနိုင်ရေးအတွက် တမိသားစုလုံး လယ်ယာလုပ်ငန်းကို ယခင်ကထက် ကြိုးစား၍ ဆောင်ရွက်ကြသည်။ ရွာနှင့်နီးသော မိမိပိုင်လယ်ကွက်များမှ စပါးရိတ်သိမ်းပြီးလျှင် သားကို ရှင်ပြုမည်ဟု မှန်းထားသည်။ ရွာနှင့် ၁-မိုင်ခန့်ဝေးသော သဖန်းအိုင်ရွာ အနီး၌လည်း သူတို့ပိုင်သော လယ် ၂-ကွက်ရှိသည်။ ထိုလယ်ကွက်များတွင် စားတော်ပဲများ စိုက်ပျိုးထားသော်လည်း အလုပ်များနေသောကြောင့် အပင်များ အညွှန့်တလူလူ ဖြစ်သည်အထိ လယ်ထဲသို့ မရောက်ဖြစ်ကြပေ။

သူတို့၏ လယ်နီးချင်း ဦးကြီးတယောက်က ဦးဘသောင်းနှင့် တွေ့သောအခါ-
မင်းတို့ ပဲစိုက်ခင်းကို လူတွေဝင်ခူးတာ ပဲညွှန့်တွေ ကုန်တော့မယ်၊ လယ်တဲအစောင့်ချထားပေါ့ကွ-ဟု ပြောလျှင်
သဘောကောင်းသော ဦးဘသောင်းက-
တအိုးစာ၊ တနပ်စာ ကြော်စားဖို့ ခူးကြတာနေမှာပါ၊ ခူးကြပါစေ-ဟု ပြန်ပြောလေသည်။

တနေ့ သူတို့မိသားစုအတွက် ပဲလုံးသီး (စားတော်ပဲအနုသီး) ဟင်းချက်စားရန် သူ့သမီးအား အဆွတ်ခိုင်းသည်။ ပဲသီးများဆွတ်နေချိန် လယ်နီးချင်း ဦးကြီးတယောက်က ဦးဘသောင်း၏ သမီးမှန်မသိ၍ လှမ်းအော်ငေါက်၏။ အကျိုးအကြောင်း ရှင်းပြမှ ငြိမ်သွားသည်။ ထို့နောက် သူမက အိမ်ပြန်ရန် ပြင်နေစဉ် စောစောက ဦးကြီး-ရောက်လာပြီး-
အေး-ညဉ်းကို ငါက ပိုင်ရှင်မှန်းမသိလို့ အော်မိတာပါ။ ညဉ်းအဖေကိုလည်း ပြောလိုက်ပါ။ လယ်ကွက်က လူသွားလမ်းနဲ့နီးတော့ တချို့က တအိုးစာ၊ တနပ်စာ မက၊ ရောင်းဖို့အတွက်ပါ ခိုးဆွတ်နေတဲ့အကြောင်း ပြောဖြစ်အောင် ပြောပြပါ-ဟု ဆို၏။

အိမ်ပြန်ရောက်သောအခါ သမီးဖြစ်သူက လယ်နီးချင်း ဦးကြီး မှာကြားသည့်အတိုင်း သူမ၏အဖေကို ပြန်ပြောလျှင်-သမီးရယ်၊ ပဲကောက်တဲ့သူတွေကို မေတ္တာမပျက်ပါနဲ့၊ ဒါလဲ ဒါနတမျိုးပဲပေါ့၊ အဖေတို့မှ မစောင့်အားတာ၊ ကျန်တာ ကိုယ့်အတွက်ပဲလို့ အောက်မေ့လိုက်ပါ။

စပါးကိစ္စပြီး၍ စားတော်ပဲခင်း ရိတ်သိမ်းပါသည်။ လယ်ကွက်ကျဉ်းသော မြေများတွင် တကွက်လျှင် သာမန်အားဖြင့် ၆-တင်း၊ ၇-တင်း ထွက်သည်။ ၁၀-တင်းထွက်လျှင် ရာနှုန်းပြည့်ထွက်ခြင်း ဖြစ်ပါသည်။
လယ်နီးချင်းများက ဦးဘသောင်း၏ ပဲစိုက်ခင်းအား တကွက်လျှင် လေးငါးတင်းလောက်သာ ထွက်လိမ့်မည်ဟု ခန့်မန်းကြသည်။ သို့သော် ၂-ကွက်ပေါင်း တင်း ၂၀-ရာနှုန်းပြည့်ထွက်သောအခါ လယ်ပိုင်ရှင် ဦးဘသောင်း မိသားစုနှင့်တကွ လယ်နီးချင်းအားလုံးက အံ့သြကြရသည်။

ဦးဘသောင်း၏ မိသားစုလည်း စပါးအပြင် လုံးဝမျှော်လင့်မထားသော ပဲခင်းကပါ အထွက်တိုးနေ၍ သားရှင်ပြုပွဲကို တရွာလုံး မီးခိုးတိတ် ခြိမ့်ခြိမ့်သဲ ဆင်နွှဲနိုင်ခဲ့သည်။

( သင်းသင်းပျံ့-ကလေးမြို့ )

( မြတ်မင်္ဂလာ ၁၉၉၈-ခု မတ်လ )

နတ်ရထားဖြင့် အခေါ်ခံရသူ

ပြည်မြို့ ပွဲစားတန်းလမ်းနေ ဦးချစ်သည် ကောင်းမှုပြုရန် စေတနာထက်သန်သူ ဖြစ်၏။ ပြည်မြို့ရှိ အရုဏ်ဆွမ်းလောင်းသင်း ခုနစ်သင်းတွင် တနင်္လာဆွမ်းလောင်းသင်း ဥက္ကဋ္ဌ ဖြစ်၏။ အခြားအရုဏ်ဆွမ်းအလှူရှင် မရှိသည့်အခါတွင် သူတို့မိသားစု လောင်းလှူပူဇော်၏။

ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ် နယာကဆရာတော်များကိုလည်း ပစ္စည်းလေးပါးဖြင့် ထောက်ပံ့၏။ နှစ်စဉ်ကျောင်း၌ တနှစ်-နှစ်ကြိမ် ဆွမ်းကျွေးအလှူဒါန ပြုတတ်၏။ အိမ်တွင်လည်း နေ့စဉ်သံဃာ ၁၅-ပါးကို နေ့ဆွမ်းလောင်းလှူ၏။ ဇနီးဖြစ်သူ ဒေါ်မြရီကလည်း သဒ္ဓါတရားပြည့်ဝသူ ဖြစ်သဖြင့် ဇနီးမောင်နှံတို့ လိုက်ဖက်လှ၏။ အလှူဒါနတွေ ပြုနေလျက်ပင် အရောင်းအ၀ယ်များ ကောင်းသဖြင့် စီးပွားဥစ္စာလည်း တိုးတက်လျက်ရှိ၏။

ဆွမ်းလောင်းသင်းဥက္ကဋ္ဌများ၊ အကျိုးဆောင်များနှင့် ဆရာတော်များ တနှစ်-တကြိမ် သံဃာ့အခြေအနေ၊ လှူဒါန်းသူတို့၏ အခြေအနေများကို ဆွေးနွေးတတ်ကြ၏။ ထိုသို့ ဆွေးနွေးပွဲများတွင် ဦးချစ်က-ကျုပ်ကတော့ အလှူဒါနရဲ့ အကျိုးတရားကို ယုံကြည်တယ်။ လှူမယ်ဆိုတဲ့ စိတ်ကလေး ဖြစ်လာတာကစပြီး စိတ်ချမ်းသာတယ်။ လှူဒါန်းနေစဉ် အလှူခံသံဃာတွေကို ကြည်ညိုတာ။ ပေးလှူပူဇော်ရတာဟာ ဘယ်ချမ်းသာနဲ့မှ မတူပါဘူး။ သိပ်ပြီး ကိုယ်စိတ်တွေ အေးချမ်းတာပဲ။ ဒီလို ကိုယ်စိတ်တွေ ချမ်းသာတာဟာ ဒါနရဲ့ ပစ္စုပ္ပန်အကျိုးတွေ ဖြစ်မှာပါပဲ-ဟု အားရ၀မ်းသာ ပြောဆိုတတ်၏။

၁၉၈၇-ခုနှစ်တွင် ဦးချစ် အသက် ၇၅-နှစ်ရှိပြီဖြစ်၏။ မကန်းမမာလည်း ဖြစ်လာ၏။ အိမ်မှာပင် ဆေးကုသမှုခံယူနေရ၏။ သို့သော် ရောဂါမှာ ပြင်းပြင်းထန်ထန် ဝေဒနာကို ခံစားနေရသည်တော့ မဟုတ်ပါချေ။ တည ၁၀-နာရီလောက်အချိန်တွင် အိပ်ရာထဲမှ နေ၍ ဦးချစ်က အနီး၌ ပြုစုနေကြသော ဇနီးနှင့်သားသမီးတို့အား မမြရီနှင့် သားတို့၊ သမီးတို့ အဖေ့ဆီကို နတ်ပြည်က နတ်ရထားတွေ လာနေပြီ။ အဖေတော့ နတ်ပြည်ကို လိုက်ရတော့မယ်။ သားတို့ သမီးတို့ ကောင်းမှုပြုရန်မမေ့ကြနဲ့-ဟု ပြောဆို၏။

သားသမီးတို့က ကောင်းကင်သို့ မော့ကြည့်ကြ၏။ ဘာကိုမျှ မတွေ့မြင်ကြချေ။ ထို့ကြောင့် သူတို့အဖေ ထင်ရာမြင်ရာကို ယောင်ယမ်းပြီး ပြောဆိုနေသည်ဟု မှတ်နေကြ၏။ ဦးချစ်သည် စကားပြောပြီး ဆယ်မိနစ်ခန့်အကြာတွင် ပြုံးရွှင်စွာ သေဆုံးသွားပါတော့၏။

ထိုအကြောင်းကို သားသမီးတို့က ဆရာတော်တို့အား လျှောက်ထားကြည့်ရာ ဆရာတော်တို့က နတ်ရထားကို သေမည့်ပုဂ္ဂိုလ်သာ မြင်ရကြောင်း၊ ရှေးအခါက ဓမ္မိကဥပါသကာကြီးသည်လည်း ဤသို့ပင် ပြောဖူးကြောင်း၊ သူ့သားသမီးတွေက မယုံသဖြင့် ပန်းကုံးများယူခိုင်း၍ ပစ်တင်သည်တွင်ကောင်းကင်၌ နတ်ရထားတို့နှင့် ငြိသဖြင့် ပန်းကုံးများ ကောင်းကင်၌ လှုပ်ရမ်း၍နေကြကြောင်း ရှင်းလင်းဟောပြကြ၏။ ထိုအခါမှ သားသမီးတို့သည် အားရ၀မ်းသာ ဖြစ်သွားကြပါသည်။

( သက်ထားဖြူ )
*********************************************************************************

( အမြင်မှန် )

အခါတပါး၌ စေတိယတောင်တွင် သီတင်းသုံးသော မဟာတိဿမထေရ်သည် အနုရာဓမြို့သို့ ဆွမ်းခံကြွ၏။ ထိုစဉ် လမ်းခရီး၌ တခိခိ ရယ်သံကို ကြားရသည်။ ထိုရယ်သံပြုသူကား လင်ယောက်ျားနှင့် ရန်ဖြစ်၍ မိဘရပ်ထံ ပြန်မည်-ဟု လှပတင့်တယ်စွာ ဆင်မြန်းပြီး အနုရာဓမြို့မှ ထွက်လာသော အမျိုးသမီးတယောက်ဖြစ်၏။ သူမသည် မထေရ်ကိုမြင်၍ အသံပေးကာ ရယ်ခြင်းဖြစ်သည်။ ထိုရယ်သံကို ကြားရသဖြင့် အဘယ်အရာနည်း-ဟု ကြည့်လတ်သော် အမျိုးသမီး၏သွားတို့ကို မြင်လိုက်၏။

မထေရ်သည် ဘာဝနာအလေ့အလာများသောကြောင့် ဤရယ်သံသည် သာယာလှလေစွ-ဟု မယူ။ ကိလေသာမပွား။ ငါယခုမြင်ရသော အာရုံကား သွားရိုး အရိုးစု ဖြစ်၏။ စက်ဆုပ်ဖွယ်ဖြစ်၏-ဟုသာ နှလုံးသွင်း၍ ယူ၏။
ထိုသို့ ဟုတ်တိုင်းမှန်စွာ ယူသောကြောင့် အမျိုးသမီးတကိုယ်လုံးကို အရိုးစုအဖြစ် ထင်လာ၍ မထေရ်သည် ပထမဈာန်ရ၏။ ထိုဈာန်သမာဓိကို အခြေခံ၍ ၀ိပဿနာပွားများရာ မဂ်အဆင့်ဆင့်တက်၍ ရဟန္တာဖြစ်သွား လေသည်။

မကြာမီ ထိုလမ်းခရီးသို့ ယောက်ျားတယောက် ရောက်လာသည်။ သူသည် ယခင်က ဖြတ်သန်းသွားသော အမျိုးသမီး၏ ခင်ပွန်းဖြစ်၏။ အမျိုးသမီးနောက်သို့ လိုက်လာခြင်းဖြစ်သည်။ ထိုယောက်ျားက အရှင်ဘုရား-မိန်းမတယောက် ဤလမ်းမှ ဖြတ်သန်းသွားသည်ကို မြင်မိပါသလော-ဟု မေး၏။
ထိုအခါ မထေရ်က ဒါယကာ-ဤအရပ်မှ သွားသောသူသည် ယောက်ျားဖြစ်သည်ဟူ၍၄င်း၊ မိန်းမဖြစ်သည်ဟူ၍၄င်း၊ ငါမသိ။ စင်စစ် ငါသိသည်ကား ဤလမ်းမှ သွားသောသူသည်ကား အရိုးစုတခုသာ ဖြစ်ပေသည်-ဟူ၍ ဖြေကြားတော်မူလိုက်လေ၏။

( ၀င်းဝင်းမြတ် )

အမည်သည် လိုရင်းမဟုတ်၊ အကျင့်သည်သာ အဓိကဖြစ်သည်

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်မှ ရဟန်းပေါင်းခြံရံလျက် ဆွမ်းခံထွက်တော်မူပြီးနောက် အပြန်တွင် တံငါသည်တယောက် ကျွတ်တမ်းဝင်မည်ကို မြင်တော်မူ၏။ ထို့ကြောင့် တံငါသည်ရှိရာအရပ်သို့ ကြွရောက်တော်မူလာ၏။
ဘုရားအမှူးပြုသော သံဃာတော်များ ကြွလာတော်မူသည်ကို မြင်သောအခါ တံငါသည်သည် ငါးမျှားတံကို ပစ်ချကာ ရိုသေစွာ စောင့်နေ၏။ ဘုရားရှင်က တံငါသည်၏အမည်ကို မေးတော်မူရာ-တပည့်တော်၏အမည် အရိယာ ခေါ်ပါသည်-ဟုလျှောက်ထား၏။ ထိုအခါ ဘုရားရှင်က ဒကာ-သူတပါးအသက်ကို သတ်သောသူသည် အရိယာမမည်၊ အားလုံးသော သတ္တ၀ါတို့ကို မညှဉ်းဆဲမှသာ အရိယာမည်၏-ဟု အောက်ပါဂါထာကို ဟောတော်မူရာ တံငါသည်သည် သောတာပန် တည်လေသည်။

( ပါဠိဂါထာ )
န တေန အရိယော ဟောတိ ၊ ယေန ပါဏာနိ ဟိံသတိ ။
အဟိံသာ သဗ္ဗ ပါဏာနံ ၊ အရိယော-တိ ပ၀ုစ္စတိ ။

( မြန်မာပြန် )
သတ္တ၀ါတို့ကို ညှဉ်းဆဲတတ်သော အကြောင်းကြောင့် အရိယာမဖြစ်ချေ။
သတ္တ၀ါတို့ကို မညှဉ်းဆဲခြင်းကြောင့် အရိယာဟူ၍ ဆိုအပ်၏။

( ဆောင်ပုဒ် )
သတ္တ၀ါကို၊ ဆင်းရဲပိုအောင်၊ ထိုထိုပုတ်ခတ်၊ ညှဉ်းဆဲတတ်မူ၊ ထိုသူအရိယာ၊ မမည်ပါတည်း၊
သတ္တ၀ါခပင်း၊ ညှဉ်းဆဲကင်းလျက်၊ မေတ္တာသက်မူ၊ ထိုသူကိုသာ၊ အရိယာဟု၊ မြဲစွာသတ်မှတ်၊ ခေါ်ဆိုအပ်၏။

( ဓမ္မဋ္ဌ၀ဂ်-ဗာဠိသိက၀တ္ထု )

Wednesday, June 24, 2009

ဘာသာရေး ပြဿနာ ( ၆၉ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( ဆံပင် မွေးညင်း )
အရှင်ဘုရား၊ လူ၏ခန္ဒာကိုယ်တွင် ဆံပင် မွေးညင်း စသည်ဖြင့် ရှိရာ ဆံပင်ပေါင်းမည်မျှ၊ မွေးညင်းပေါင်းမည်မျှဟု ဟောထားသောပါဠိတော်ရှိသည်ဟု သိရပါသည်။ ထိုဆံပင် မွေးညင်းတို့၏ အရေအတွက်ကို သိလိုပါသည်ဘုရား။
( ဦးထွန်းကို-တောင်ကြီး )

( ဖြေ )
လယ်တီဘုရားတော်ဘုရားကြီး ပြုစီရင်တော်မူသော ဘာဝနာဒီပနီတွင် ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌-ကေသကာယံ၊ လောမကာယံ၊ နခကာယံ၊ ဒန္တကာယံ-အစရှိသည်ဖြင့် ဟောတော်မူသောကြောင့် တယောက်သောသူ၏ ကိုယ်သန္တာန်၌ ကေသကာယ၊ လောမကာယ၊ အစရှိသည်ဖြင့် ကာယပေါင်း ၃၂-ပါးရှိ၏။ (ကိုယ်ခန္ဓာပေါင်း ၃၂-ပါး ရှိ၏ဟူလို)။

၁။ ဆံပင်ပေါင်း ၂-ကုဋေ ၄-သန်း ရှိသည်ဆိုသောကြောင့် ကောသကာယပေါင်း ၂-ကုဋေ ၄-သန်းရှိ၏။
၂။ ထို့အတူ မွေးညင်းခေါ်သော ကိုယ်ခန္ဓာပေါင်း ၉-သောင်း ၄-ထောင် ရှိ၏။
၃။ ခြေသည်း လက်သည်း ခေါ်သော ကိုယ်ခန္ဓာပေါင်း ၂၀-ရှိ၏။
၎။ သွားခေါ်သော ကိုယ်ခန္ဓာပေါင်း ၃၂-ပါးရှိ၏။
၅။ အရေခေါ်သော ကိုယ်ခန္ဓာပေါင်း ၂-ပါးရှိ၏။( အရေထူ အရေပါး ဟူလို )။
၆။ အသားခေါ်သော ကိုယ်ခန္ဓာပေါင်း ၉-ရာရှိ၏။
၇။ အကြောခေါ်သော ကိုယ်ခန္ဓာပေါင်း ၉-ရာရှိ၏။
၈။ အရိုးခေါ်သော ကိုယ်ခန္ဓာပေါင်း ၃-ရာရှိ၏။ စသည်ဖြင့် ဖော်ပြထားသည်။ ( ယင်းကျမ်း ၃၂ )။


ဆံပင် မွေးညင်းတို့ကား ယေဘုယျအားဖြင့် ဖော်ပြပါ အရေအတွက်အတိုင်း မှတ်ပါ။ လူမျိုးအလိုက် ပုဂ္ဂိုလ်အလိုက် ကွာခြားမှုကား ရှိနိုင်ပါသည်။
*********************************************************************************

( မေး ) ( ပတ္တာနုမောဒနကုသိုလ် )
အရှင်ဘုရား၊ သူတပါးပြုသော ကုသိုလ်ကောင်းမှုကို သာဓုခေါ်လျှင် ကုသိုလ်ပြုသူနှင့် ထပ်တူရနိုင်ကြောင်း သိရပါသည်။ သိန်းပေါင်းလေးငါးဆယ်ကုန် လှူသောသူ၏အလှူကို သာဓုခေါ်လျှင် ထိုလှူသူနှင့် ထပ်တူ ရနိုင်-မရနိုင်၊ ရနိုင်သည်ဆိုလျှင် မိမိက တကျပ်တပြားမျှ မလှူဘဲ အချောင်ကုသိုလ်ယူနေသည်နှင့် မတူပါလား၊ ထိုပတ္တာနုမောဒန ကုသိုလ်ဟူသည်မှာ ဘုရားဟော ဟုတ်ပါသလား၊ ဖြေကြားပေးတော်မူပါဘုရား။
( သိလိုသူ-ရွှေတောင်မြို့ )

( ဖြေ )
ပတ္တာနုမောဒန ကုသိုလ်ဟူသည်မှာ ပုညကိရိယ၀တ္ထုဆယ်ပါးတွင် အပါအ၀င်ဖြစ်၍ ဘုရားဟောစစ်စစ်ပင် ဖြစ်ပါသည်။ ၄င်းမှာ ပုညကိရိယ ၀တ္ထုဆယ်ပါးတွင် မိမိ ( ပတ္တာနုမောဒန ) မှတပါး အခြားကိုးပါးသော ဒါန၊ သီလ။ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ဓမ္မသ၀န၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ တို့ကို သာဓုခေါ်ခြင်းဖြစ်၏။

ဒါန၌ ပတ္တာနုမောဒနကုသိုလ် ဖြစ်ပုံကို ပုံစံထုတ်၍ပြရသော်-
သူတပါးလှူဒါန်းသည်ကို တွေ့ရလျှင် မိမိက ဣဿာ,မစ္ဆေရ ဟူသော ကဲ့ရဲ့ပြောဆို မနာလိုနှင့် ၀န်တိုခြင်း ကင်းရှင်းစွာဖြင့် ၀မ်းမြောက်နိုင်ဖို့ လိုပါသည်။
ထိုသို့ဝမ်းမြောက်နိုင်ရန်မှာလည်း မိမိကိုယ်တိုင်က ဒိဋ္ဌိဇုကမ္မခေါ် သမ္မာအယူ ဖြူစင်သန့်ရှင်း နှလုံးသွင်းကောင်း ရှိမှသာဖြစ်ရာ သာမန်သာဓုခေါ်ရုံဖြင့် ပတ္တာနုမောဒနခေါ် ကုသိုလ်ကို ရနိုင်မည်မဟုတ်ပေ။

လှူဒါန်းသူ၏စိတ်နှင့် ထပ်တူတပ်မျှ သဒ္ဓါတရားရှေ့သွားပြုနိုင်ရန် လွန်စွာအရေးကြီးလှသဖြင့် ဤကုသိုလ်ကို လွယ်လွယ်နှင့်မရနိုင်သည်ကို သိသင့်ပါသည်။ ကျောင်း-ဘုရားတို့တွင် ဝေယျာဝစ္စပြုနေသူကို တွေ့မြင်က တကယ်တမ်း ဣဿာ မစ္ဆေရ ကင်းကင်းဖြင့် ၀မ်းမြောက်ခြင်းဖြစ်သူ ရှားလှသည်။ နှုတ်မြွက်၍ မကဲ့ရဲ့မိသည့်တိုင်အောင် စိတ်ထဲက အပြစ်တင်လျက် ပြင်ပန်းဟန်လုပ်၍ နှုတ်ကသာဓုခေါ်သူသာ များတတ်လေသည်။

အခြားပုညကိရိယ၀တ္ထုတို့တွင်လည်း ထို့အတူ နှိုင်းယှဉ်လျက် သာဓုခေါ်သူအဖို့ အချောင်ကုသိုလ်ယူခြင်း ဖြစ်-မဖြစ် စဉ်းစားနိုင်စရာ ရှိပါသည်။
*********************************************************************************
( မေး ) ( ငါးထပ်ကြီး-ခြောက်ထပ်ကြီး )
အရှင်ဘုရား၊ ဆရာတော်ဘုရားသည် ခြောက်ထပ်ကြီးတိုက်၌ သီတင်းသုံးသည်ဟု သိရပါသည်။ ၄င်းခြောက်ထပ်ကြီး ငါးထပ်ကြီးဟူသော အမည်များကို တပည့်တော်များသိလိုပါသည်။ ဆရာတော်သိပါက ထိုအမည်များ၏ အဓိပ္ပါယ်ကို ရေးသားမိန့်ကြားပါရန် ရိုသေစွာ တောင်းပန်ပါသည်ဘုရား။
( ဦးဝင်း-ကျောက်မြောင်း )

( ဖြေ )
ငါးထပ်ကြီးကိုစွဲ၍ ခြောက်ထပ်ကြီး ဖြစ်လာရသည်။ မူလငါးထပ်ကြီးမှာ စစ်ကိုင်းမြို့မှာရှိ၍ ရန်ကုန်ငါးထပ်ကြီးကို စစ်ကိုင်းငါးထပ်ကြီး အချိုးအစားအတိုင်းယူ၍ တည်သည်။ အင်းဝဘုရင် မင်းရဲရန္တမိတ်ခေါ် ငါးထပ်ဒါယကာ (၁၀၁၀-၁၀၂၃) ကောင်းမှုဖြစ်သည့် စစ်ကိုင်းငါးထပ်ကြီး၏ အမည်တော်မှာ ဝေဠုဝန်ဟူ၍ ဖြစ်သော်လည်း တန်ဆောင်းတော်ကြီး အမိုးငါးထပ် ရှိသည်ကိုစွဲ၍ ငါးထပ်ကြီးအမည်တွင်ပါသည်။

၎င်းငါးထပ်ကြီး အချိုးအစားအတိုင်း တည်၍ ရန်ကုန်ငါးထပ်ကြီးမှာ မဟာသကျအတုလမာရ်အောင် သမုတ်သော်လည်း ငါးထပ်ကြီးဟူ၍ပင် ခေါ်ကြပါသည်။ ငါးထပ်ကြီးဘုရား တည်သောနေရာမှာ အရှေ့တောရဖြစ်၍ ဘုရားဖူးသွားရန် မလွယ်ပါ။ ရွှေတိဂုံမှ အရှေ့မြောက် တောလမ်းအတိုင်း သွားရပါသည်။ ရွှေဂုံတိုင်လမ်းလည်း မရှိသေး။ နောက်ခြောက်ထပ်ကြီးကို လျောင်းတော်မူပုံ တည်သည်။ တောဖြစ်၍ အရောက်သွားဖူးသူနည်းသည်။ ငါးထပ်ကြီးရောက်သူတို့သည် ငါးထပ်ကြီးကုန်းပေါ်မှမျှော်၍-သည်က ငါးထပ်ကြီး ဟိုက ခြောက်ထပ်ကြီး-ဟု ဘုရားဖူးများ နာမည်ပေး၍ ခြောက်ထပ်ကြီးဟု အလိုလို တွင်သွားသည်။

ဤငါးထပ်ကြီး ခြောက်ထပ်ကြီးများကို စွဲ၍ ထိုင်တော်မူဟန် ရုပ်ပွားတော်ကြီးများ အမြို့မြို့အနယ်နယ်တွင် တည်ကြရာ ကိုးထပ်ကြီး၊ ဆယ်ထပ်ကြီး စသည့် နာမည်များတွင်နေကြပါသည်။
*********************************************************************************

( မေး ) ( မိဘကို သတ်ခြင်း )
အရှင်ဘုရား၊ အမိအဖကိုသတ်လျှင် ပဉ္စာနန္တရိယကံ ထိုက်သည်ဟု ကြားဖူးပါသည်။ လူသားစင်စစ်ကို ဆိုတာလားဘုရား၊ အမိအဖတို့ကို သတ်သောသူ၌ အမိအဖတို့သည် တိရစ္ဆာန်ဖြစ်ခဲ့သော် ထိုတိရစ္ဆာန် အမိအဖတို့ကို သတ်သော လူသားစင်စစ်သည် ပဉ္စာနန္တရိယကံ ထိုက်-မထိုက် နှင့် ထိုပဉ္စာနန္တရိယကံ လွန်ကျူးမိပါက မည်မျှအပြစ်ကြီးပါသလဲဘုရား။ သည်းခံ၍ ဖြေကြားပေးတော်မူပါဘုရား။
( အောင်စိုးမိုး-ပဲခူး )

( ဖြေ )
လူသားစင်စစ်ဖြစ်သော အမိအဖတို့ကို သတ်မှသာ ပဉ္စာနန္တရိယကံ ထိုက်ပါသည်။
ဇာတ်ကွဲသော (တိရစ္ဆာန်ဖြစ်သော) အမိအဖတို့ကို သတ်သော သားသမီး အနန္တရိယကံ မထိုက်။
ဤသို့ ကံမထိုက်သော်လည်း အလွန်ဝန်လေးသောကံ ဖြစ်၏။ အနန္တရိယကံကို မမီ့တမီ (မီလုနီးပါး) စွဲ၍ တည်သည်။ ၄င်းကံနီးပါး အပြစ်ကြီးသည်ဟု ဆိုပါသည်။
ဘာရိယံ ပန ဟောတိ၊ အနန္တရိယံ အာဟစ္စေ၀ တိဋ္ဌတိ။

သားသည် လူသားဖြစ်လျက် တိရစ္ဆာန်အမိအဖကို သတ်သော်၎င်း၊
သားသည် တိရစ္ဆာန်ဖြစ်လျက် လူသားဖြစ်သော အမိအဖကို သတ်သော်၎င်း၊
သားသည် တိရစ္ဆာန်ဖြစ်လျက် တိရစ္ဆာန်ဖြစ်သော အမိအဖကို သတ်သော်၎င်း၊ အနန္တရိယကံ မထိုက်။
အလွန်ဝန်လေးစွာသော အတိဘာရိယ ကံသာတည်းဟု သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ၌ ဆိုထားချက်ရှိသည်။

လူသားမိဘကို သတ်သူသည် အနန္တရိယကံ ထိုက်၍ အ၀ီစိငရဲ၌ တကမ္ဘာပတ်လုံး ခံရသည်ဟုဆိုသည်။ အမိနှင့်အဖသည် အမိက အဖထက် ပို၍ကျေးဇူးကြီးသဖြင့် အဖသတ်သောကံထက် အမိသတ်သောကံက ပို၍ အပြစ်ကြီး၏။ ထိုမိဘကိုသတ်သောကံသည် ဂရုကံတွင်ပါဝင်၍ မည်သည့်ကုသိုလ်ကိုပင် လုပ်စေကာမူ ငရဲမှ မလွတ်နိုင်တော့ပေ။

အဇာတသတ်မင်းသည် ခမည်းတော်ဗိမ္ဗိသာရမင်းကြီးအား သတ်ခဲ့သည်။ ထို့နောက် ဘုရားရှင်အား အသက်တမျှကြည်ညိုလှူဒါန်း၍ ပထမသံဂါယနာတင်သည်အထိ ကုသိုလ်ကောင်းမှုများကို လုပ်သော်လည်း သုဂတိမရောက်။ အ၀ီစိငရဲမှလွဲ၍ လောဟကုမ္ဘီငရဲ၌ ဖြစ်ရလေသည်။
*********************************************************************************

( မေး ) ( တပါးသီလ )
အရှင်ဘုရား၊ ၇-၇-၉၁-နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ ဘာသာယဉ်ကျေးမှုကဏ္ဍ (စာမျက်နှာ ၈-) တွင် မဟာစည်ဆရာတော်ဘုရား၏ သူတော်စင်တို့ စံအိမ်-တရားတော်ကို ဖော်ပြထားပါသည်။ ထိုတရားတော်တွင် သုတ်အကြောင်းရှင်းလင်းရင်း ငါးပါး ရှစ်ပါးသီလများကို နုတ်ပယ်၍၄င်း၊ ဖြည့်စွက်၍၄င်း မခံယူသင့်ကြောင်း-ပါရှိပါသည်။ ဆရာဦးသုခ၏ တပါးသီလနှင့် ထိုအဆိုအမိန့်နှစ်ရပ်မှာ ဒွိဟ ပွားစရာဖြစ်ပါ၍ ရှင်းလင်းဖြေကြားပေးပါဘုရား။
( သိန်းမင်းဝင်း-ရွှေပြည်သာ )

( ဖြေ )
အချို့သူများက မုသာဝါဒကိုချန်၍ ငါးပါးသီလမှ လေးပါးသီလ၊ ဥပုသ်စောင့်ရာတွင် ညစာစားလို၍ ရှစ်ပါးသီလမှ ၀ိကာလဘောဇန-ကို ချန်၍ ခုစ်ပါးသီလ ခံယူကြကြောင်း ကြားသိရပါသည်။ ဘုရားဟောတရားတော်များကို ဖျက်ဆီးခြင်းပင်ဖြစ်၍ မလုပ်အပ်-မလုပ်သင့်သော အမှုများဖြစ်ပါသည်။ ထို့ကြောင့် ဆရာတော်ဘုရားကြီးများက မလုပ်ကြရန် သတိပေးခြင်း ဖြစ်ပါသည်။

တပါးသီလ-ဆိုသည်မှာ လုံးလုံးသီလမရှိသည်ထက် တပါးတလေရှိနေခြင်းက တော်သေးသည်ဟု ပုံပြင်ပမာ ပြောဆိုခြင်းသာဖြစ်၍ စာလာ ပေလာ ကျန်းဂန်လာ စကား မဟုတ်ကြောင်း သတိပြုစရာ ဖြစ်ပါသည်။
*********************************************************************************

( မေး ) ( ရတနာသုံးပါး၊ ငါးပါး )
အရှင်ဘုရား၊ ရတနာသုံးပါးဟူ၍ ကြားဖူးပါသည်၊ ဆိုရိုးလည်း ရှိပါသည်၊ သို့သော် မိဘနှင့် ဆရာသမားတို့သည် ဘုရားနှင့်တဂိုဏ်းတည်း အနန္တဂိုဏ်းဝင် ဖြစ်သည်ဟု ဆိုသည်။ သို့ပါလျက် အဘယ်ကြောင့် ရတနာငါးပါးဟု မဆိုဘဲ ရတနာသုံးပါးဟုသာ ဆိုရပါသလဲဘုရား။
( လှတင်-ကညင်မြိုင်-ရမ်းဗြဲ )

( ဖြေ )
ရတနတ္တယံ၊ ၀တ္ထုတ္တယံ စသည်ဖြင့် ရတနာသည် ဘုရား၊ တရား၊ သံဃာ ဤသုံးဖြာသာဖြစ်သဖြင့် ရတနာသုံးပါးဟု ဆိုပါသည်။ ဤသုံးပါးမှတပါး အခြား မြတ်သောရတနာ မရှိပါ။ မိဘနှင့် ဆရာသမားတို့မှာ ဂုဏ်ကျေးဇူးကြီးမားသူများဖြစ်၍ အနန္တဂိုဏ်းဝင်အဖြစ် အမှတ်ထား၍ ဘုရားနှင့်ဂုဏ်ကျေးဇူး တူတန်ကြောင်း ဆိုပါသည်။ ရတနာအဖြစ် မဆိုပါ။ အနန္တောအနန္တ ငါးပါးဟုသာ သတ်မှတ်သည်။ ရတနာငါးပါးဟု သတ်မှတ်ချက် မရှိပါ။ ဤသို့ ခွဲခြားမှတ်သားသင့်ကြောင်း ပြောလိုပါသည်။

( မြတ်မင်္ဂလာ ၁၉၉၈-ခု မတ်လ )

သံဝေဂ

အိုဘေး နာဘေး သေဘေးနှင့်ဆိုင်၊
သမီးနှင့်သား ကုစားမနိုင်၊
အမိအဖ ရှိက-လက်မှိုင်၊
မဂ္ဂင်ပွား တရားသူကနိုင်။

သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာရှုမှတ်ပွားများပုံ

( ၁ ) သွား၊ ရပ်၊ ထိုင်၊ လျောင်း၊ ကွေး၊ ဆန့်၊ စသော မိမိ၏ကိုယ်အမူအရာများ ဖြစ်တိုင်း ဖြစ်တိုင်းကို သိအောင် သတိကပ်၍ ရှုမှတ်နေခြင်းသည် ကာယာနုပဿနာ သတိပဋ္ဌာန် ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။
( ဆောင်ပုဒ် ) ကိုယ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာ သိရမည်။

( ၂ ) နာ၊ ကျင်၊ ကိုက်ခဲခြင်း စသော ဆိုးသည့်ဒုက္ခဝေဒနာ။
စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်ခြင်းဟူသော သုခဝေဒနာ။
ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်၊ အလယ်အလတ်ဖြစ်သည့် ဥပေက္ခာဝေဒနာများ
မိမိခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာသောအခါ ဒုက္ခဝေဒနာကို နာတယ်၊ ကျင်တယ်၊ ဆင်းရဲတယ်၊
သုခဝေဒနာကို ချမ်းသာတယ်-စသည်ဖြင့် ဝေဒနာများကိုသိအောင် သတိကပ်၍ ရှုမှတ်ပေးနေခြင်းသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။
( ဆောင်ပုဒ် ) ကောင်း-ဆိုး-လတ်ပါ၊ ဝေဒနာ၊ ပေါ်တာ သိရမည်။

( ၃ ) လိုချင်တပ်မက်ခြင်း လောဘနှင့်တကွဖြစ်သော စိတ်။
စိတ်ဆိုး အမျက်ထွက်ခြင်း ဒေါသနှင့်တကွဖြစ်သော စိတ်-စသည်ဖြင့်
မိမိ၏ စိတ်အမူအရာများကို သိအောင် သတိကပ်၍ ရှုမှတ်နေခြင်းသည် စိတ္တာနုပဿနာ သတိပဋ္ဌာန်ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။
( ဆောင်ပုဒ် ) စိတ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာ သိရမည်။

( ၄ ) မြင်ရသည့်သဘော၊ ကြားရသည့်သဘော၊ နံရသည့်သဘော စသည်များကို
မြင်ကာမျှမတ္တမှာတည်အောင်၊ ကြားကာမျှမတ္တမှာတည်အောင်၊ နံကာမျှမတ္တမှာတည်အောင် သတိကပ်၍ ရှုမှတ်နေခြင်းသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။
( ဆောင်ပုဒ် ) သဘောတရား၊ ထင်ပေါ်ငြား၊ ပိုင်းခြား သိရမည်။

ဤကဲ့သို့ သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများ အားထုတ်နေသောပုဂ္ဂိုလ်တို့သည် ၀ိပဿနာသမာဓိဉာဏ်များ ရင့်ကျက်ပြည့်စုံလာသောအခါ ကိုယ်ဆင်းရဲခြင်း ဘ၀ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဘ၀ဒုက္ခတို့မှ အပြီးတိုင် လွတ်မြောက်သွားကြမည် ဖြစ်ပေသည်။ ယင်းဘ၀ဒုက္ခတို့မှ အပြီးတိုင်လွတ်မြောက်ရာ နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားကြမည် ဖြစ်ပေသည်။

သတိပဋ္ဌာန် ၀ိပဿနာ အားထုတ်ဖို့ရာ အခွင့်အခါ

( ၁ ) သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား ပွားများ အားထုတ်ခြင်းအလုပ်ကို လူဖြစ်နေရသည့်အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။
( ၂ ) လူပင်ဖြစ်ရပါသော်လည်း အသက်မရှင်တော့လျှင် အားထုတ်၍ မရကြတော့ပေ။ အသက်ရှင်နေသည့် အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။
( ၃ ) အသက်ပင်ရှင်နေပါသော်လည်း သတိပဋ္ဌာန်ဝိပဿနာတရားများ မထွန်းကားသည့်အခိုက်မှာ အားထုတ်၍ မရကြပေ။ သတိပဋ္ဌာန်ဝိပဿနာတရား ထွန်းကားလာသည့်အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။
( ၄ ) သာသနာတော်ကြီးနှင့် တွေ့ကြုံရသည့်အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။

ဤကဲ့သို့ သတိပဋ္ဌာန်းတရား လေးပါးဖြင့် ၀ိပဿနာတရား အားထုတ်ဖို့ရာ အခွင့်အခါကို အလွန်ပင် ရခဲကြပေသည်။
သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား အားထုတ်ခြင်းအလုပ်ကို မိမိတို့ လူဖြစ်နေသည့်အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။

ငရဲဘုံဘ၀မှာ, တိရစ္ဆာန်ဘုံဘ၀မှာ, ပြိတ္တာဘုံဘ၀မှာ, ဖြစ်နေရသည့်အခိုက်၊
ရုပ်သာရှိ၍ နာမ်မရှိသည့် အသညသတ်ဘုံဘ၀မှာ ဖြစ်နေရသည့်အခိုက်၊
သာသနာမရှိသည့် ပစ္စန္တရစ်အရပ်မှာ ဖြစ်နေရသည့်အခိုက်၊
မိစ္ဆာဒိဋ္ဌိ ဖြစ်နေရသည့်အခိုက်၊
ဆွံ့အ ချို့တဲ့ ပညာမဲ့သည့်ဘ၀မှာ ဖြစ်နေရသည့်အခိုက်၊
သာသနာပ အခါမှာ လူဖြစ်နေရသည့်အခိုက်တို့၌ သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရားကို အားထုတ်၍ မရကြပေ။ ဤကဲ့သို့လည်း အားထုတ်ဖို့ရာ အခွင့်အခါကို အလွန်ပင် ရခဲကြပေသည်။

ဘ၀ဒုက္ခမှ လွတ်မြောက်လိုသူ ၃-မျိုး

( ၁ ) အသက်အရွယ်ကြီး၍ အိုမင်းမစွမ်း ဖြစ်လာသဖြင့် ဘ၀ဒုက္ခမှ လွတ်မြောက်လိုသူ။
( ၂ ) ပြင်းထန်သော ရောဂါဝေဒနာဆိုးများ၏ ဒဏ်ကို ခံနေရ၍ ဘ၀ဒုက္ခမှ လွတ်မြောက်လိုသူ။
( ၃ ) ရှေးရှေး ဘ၀ါဘ၀များထဲက သံသရာဝဋ်ဆင်းရဲဒုက္ခများကို မြင်ခဲ့သဖြင့် ဘ၀ဒုက္ခမှ လွတ်မြောက်ကြောင်း ကုသိုလ်ပါရမီများကို ဆည်းပူးခဲ့၍ ဘ၀ဒုက္ခမှ လွတ်မြောက်လိုသူ။
ဤကဲ့သို့ ဘ၀ဒုက္ခမှ လွတ်မြောက်လိုသူ ၃-မျိုး ရှိကြပေသည်။

( ၁ ) အသက်အရွယ် ငယ်သူတို့သည် အားအင်သန်စွမ်း၍ ခန္ဓာကိုယ်ခန့်ကျန်းနေကြသောကြောင့် ခန္ဓာကိုယ်၏ ဒုက္ခ, ဘ၀ဒုက္ခကို သိတာ နည်းကြပေသည်။
အသက်အရွယ် ကြီးရင့်အိုမင်းမစွမ်း ဖြစ်လာသူတို့သည် မျက်စိမှုန်, နားမကြား, သွားကျိုး, အရေတွန့်လိပ်, အားအင်ကလည်း ကုန်ခန်းနေကြသဖြင့် ထရ-ပင်ပန်း, ထိုင်ရ-ပင်ပန်း, သွားလာလှုပ်ရှားရတာ ပင်ပန်းလျက် ရှိကြပေသည်။ ထို့ကြောင့် ခန္ဓာ၏ဒုက္ခ, ဘ၀၏ဒုက္ခများကို အထူးသိလာကြပေသည်။ ထို့ကြောင့် ဘ၀ဒုက္ခမှ လွတ်မြောက်လိုကြပေသည်။

( ၂ ) အနာရောဂါကင်း၍ ကျန်းမာခြင်းနှင့် ပြည့်စုံသူတို့သည် ခန္ဓာ၏ဒုက္ခ, ဘ၀ဒုက္ခကို သိတာ နည်းကြပေသည်။
ပြင်းထန်သော ရောဂါဝေဒနာဆိုးများကို ခံစားနေရသူတို့သည် တနေ့ တရက် တနာရီ တခဏကလေးမျှ သက်သာခွင့်မရ၊ ချမ်းသာခွင့် မရကြ၍ ခန္ဓာ၏ဒုက္ခ, ဘ၀၏ဒုက္ခကို အထူးသိလာကြပေသည်။ ထို့ကြောင့် ဘ၀ဒုက္ခမှ လွတ်မြောက်လိုကြပေသည်။

( ၃ ) ရှေးရှေးဘ၀ါဘ၀များက ဘ၀ဒုက္ခမှ လွတ်မြောက်လိုကြောင်း ပါရမီကုသိုလ်များကို မဆည်းပူးခဲ့သူတို့သည် ဘ၀၏ဒုက္ခကို သိတာ နည်းကြပေသည်။
ရှေးရှေးဘ၀ါဘ၀များက ဘ၀ဒုက္ခမှ လွတ်မြောက်ကြောင်း ပါရမီကုသိုလ်များကို ဆည်းပူးခဲ့သူတို့သည် ဘ၀ဒုက္ခမှ လွတ်မြောက်လိုကြပေသည်။

ဘ၀ဒုက္ခဆိုသည်မှာ-ကိုယ်ဆင်းရဲခြင်း ဘ၀ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဘ၀ဒုက္ခ တို့ ဖြစ်ကြပေသည်။ ထိုဘ၀ဒုက္ခတို့မှ လွတ်မြောက်လိုသော ပုဂ္ဂိုလ်တို့သည် သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား အားထုတ်ကြရပေမည်။

ကိုယ်တိုင်ပြုလုပ်မှု နှင့် သူတပါးအား တိုက်တွန်းနှိုးဆော်မှု

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအတိုင်း ငယ်ရွယ်စဉ်ကစ၍ ကုသိုလ်ကောင်းမှု အစုစုကို ပြုလုပ်လာကြသူများဖြစ်သည်။ ထိုဓလေ့ကို ဝေးခေါင်ချောင်ကျသော ကျေးလက်တောရွာမှစ၍ မြို့ကြီးပြကြီးအထိ ယောက်ျား-မိန်းမ-လူကြီး-လူငယ် အားလုံး ကျေနပ်နှစ်သက်ပျော်ရွှင်စွာ ကျင့်သုံးလာကြသည်။

ဘုရားပွဲ, ၀ါဆိုပွဲ, ၀ါကျွတ်ပွဲ, ကထိန်ပွဲ စသည်တို့သည် လူအများရင်းနှီးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရင်း ကုသိုလ်ယူကြသော အခမ်းအနားအစီအစဉ်များ ဖြစ်သည်။ ဆောင်ရွက်မှုများမှာ ဒါကုသိုလ်နှင့် ပတ်သက်သည်သာ များကြ၏။ မှန်ပေသည်။ မြတ်စွာဘုရားသည် လူအများကို တရားပြရာ၌ ဒါနကထာ, သီလကထာ, သဂ္ဂကထာ, မဂ္ဂကထာ စသည်ဖြင့် အစီအစဉ်လိုက် ဆောင်ရွက်တော်မူမြဲဖြစ်သည်။

ထိုသို့ ဒါနမှုပြုရာ၌ ဆွမ်းတလုပ်, ပန်းတပွင့်သည်ပင် စေတနာမှန်ကန် ထက်သန်မှုအလျောက် အကျိုးပေးနိုင်သည်။ ထိုကဲ့သို့ အကျိုးပေးနိုင်သည်ကို တပွင့်မျှပန်း-မြေမှုန့်ဆွမ်းဖြင့်ပင်-ကြီးကျယ်ဖွင့်ဖြိုး-တောင့်တတိုင်း အကျိုးကို ပြီးစေနိုင်၏-ဟူသော ဆုံးမချက်က ညွှန်ပြထားလေသည်.

ဒါနကို ကိုယ်တိုင်လှူရုံမက အခြားသူများကိုပါ စေတနာသဒ္ဓါတရား ပေါက်စေရန် နှိုးဆော်တိုက်တွန်းမှုကို ပြုသင့်ကြပေသည်။ မြတ်စွာဘုရားက အလှူရှင်လေးမျိုးကို ညွှန်ပြတော်မူရာ၌-
၁။ မိမိချည်းသာ လှူ၍-သူတပါးအား မတိုက်တွန်း မနှိုးဆော်သူ။
၂။ မိမိ လှူနိုင်စွမ်းမရှိ-သူတပါးအား တိုက်တွန်းနှိုးဆော်သူ။
၃။ မိမိလည်းလှူနိုင်စွမ်း မရှိ-သူတပါးအားလည်း မတိုက်တွန်း မနှိုးဆော်သူ။
၎။ မိမိလည်း လှူဒါန်း၍-သူတပါးအားလည်း တိုက်တွန်းနှိုးဆော်သူ။ ဟူ၍ ဟောတော်မူခဲ့သည်။

ထိုလေးမျိုးတို့တွင် ကိုယ်တိုင်လည်းလှူ၍ သူတပါးအားလည်း တိုက်တွန်းသူသည် ဖြစ်လေရာဘ၀၌ စည်းစိမ်ဥစ္စာ ချမ်းသာမှု ပြည့်စုံရုံသာမက အခြံအရံ အဆွေခင်ပွန်းကောင်းနှင့်လည်း ပြည့်စုံသည်-ဟု ဟောညွှန်ခဲ့ပါသည်။ ထိုသူမျိုးဖြစ်အောင် လိုက်နာကျင့်သုံးနိုင်ကြပါစေ။

သြ၀ါဒ

၁။
သူတပါးတို့၏ မှားယွင်းသော မိစ္ဆာအယူဝါဒကို တိုက်ဖျက်လိုသူသည် ရှေးဦးစွာ မိမိကိုယ်ကို သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အကျင့်စာရိတ္တ သီလစသည်တို့၌ တည်စေရာ၏။

၂။
တရားကောင်း တရားမှန်တို့ကို ထိန်းသိမ်းစောင့်ရှောက်လိုသော ပညာရှိတို့သည် အလုံးစုံသော ရွှေ-ငွေ-ဥစ္စာ ရတနာဟူသမျှတို့ကို၎င်း။
မျက်-နား-နှာ-အင်္ဂါ-ခြေ-လက် သော ကိုယ်ခန္ဓာ အစိတ်အပိုင်းတို့ကို၎င်း။
မိမိအသက်ကို၎င်း။
တစုံတရာ ငဲ့ကွက်တွန့်တိုခြင်းမရှိဘဲ ရဲရဲဝံ့ဝံ့ စွန့်လွှတ်ရာ၏။

( ဆရာတော်ကြီး ဘဒ္ဒန္တ စန္ဒြမဏိ မဟာထေရ် )

ကံ ကံ၏အကျိုး ( ၆၃ )

( မိဘလုပ်ကျွေး အန္တရာယ်ဝေး )

မောင်မောင်ကြီးသည် အိမ်ခန်း၊ တိုက်ခန်းများအား အငှါးဆေးသုပ်ခြင်းအလုပ်ဖြင့် မိဘတို့ကို လုပ်ကျွေးနေရှာသော သားလိမ္မာတယောက် ဖြစ်သည်။ သူသည် စိတ်သဘောထား ပြည့်ဝသည်။ ရိုးသားဖြူစင်သည်။ ငါးပါးသီလကိုလည်း တတ်နိုင်သလောက် စောင့်ထိန်းသည်။ ထို့ပြင် ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ အမျှဝေခြင်း ပရိတ်တော်များ ရွတ်ဆိုခြင်းတို့ကို မပြတ်ပြုလုပ်လေ့ရှိသည်။

တခုသော နေ့တနေ့တွင် မိမိ မိဘများကိုးကွယ်သော ဘုန်းကြီးကျောင်းအား အခကြေးငွေမယူ၊ ကုသိုလ်ဖြစ် သွားရောက်ဆေးသုတ်ခဲ့သည်။ ဆေးသုတ်ရန်ကျောင်းမှာ အမြင့်ပေ ၄၀-ခန့်ရှိသော နှစ်ထပ်တိုက်ကျောင်းဖြစ်သည်။ မောင်မောင်ကြီးမှာ ဆေးမသုတ်မီ မြတ်စွာဘုရားရှေ့မှောက်တွင် ငါးပါးသီလ ဆောက်တည်သည်။ ပြီးမှ လုပ်ငန်းကို စတင်တော့သည်။

သူသည် ဆေးသုတ်နေစဉ်မှာလည်း ပရိတ်ကြီး ၁၁-သုတ်ကို စိတ်ထဲမှာ ရွတ်ဆိုပွားများမြဲ ဖြစ်သည်။ မောင်မောင်ကြီးသည် မြင်းမိုရ်ထိပ်မှ စတင်သုတ်လာရာ ဘေးဘက်ပန်းဆွဲအောက် အရွှေ့အကူးတွင် ငြမ်းစင်ပေါ်မှ ခြေချော်ကာ လန်ကျပါတော့သည်။ ဤတွင် ငြမ်းစင်ရှိ နီးရာဝါးလုံးကို လှမ်းဆွဲလိုက်ပါသည်။ သို့သော် လက်ဖျားဖြင့်သာထိပြီး အရှိန်နှင့် မြေပေါ်သို့ ကျသွားပါတော့သည်။

သို့သော် မောင်မောင်ကြီးမှာ ကံထူးလှသည်။ အမြင့်ပေ ၄၀-ခန့်ရှိသော ငြမ်းစင်ပေါ်မှ ပြုတ်ကျသည့်တိုင် ပွန်းပဲ့ရုံ အနည်းအကျဉ်းမျှသာ ခံရပြီး ဘာဆို ဘာတခုမျှ မဖြစ်ပါ။ ထို့ထက်ပို၍ ထူးခြားသည်မှာ ယခု သူကျသော နေရာနှင့် တထွာခန့် အကွာလေးမှာပင် ရေတွင်းအား ၀ိုင်းကာထားသော ကျောက်သမံတလင်းကြီး ရှိနေသည်။ အကယ်၍ တထွာလောက်မျှ ဟိုဘက် တိုးကျလိုက်ပါမူ ဦးခေါင်းနှင့် ကျောက်သမံတလင်း ရိုက်ချလိုက်သကဲ့သို့ ဖြစ်မှာ သေချာပြီး မတွေးဝံ့စရာပင် ဖြစ်တော့သည်။

ဤကဲ့သို့ မောင်မောင်ကြီးတယောက် အန္တရာယ်မှ သီသီကလေး ကင်းလွတ်သွားခြင်းသည် မိဘတို့ကို လုပ်ကျွေးခြင်း။ ငါးပါးသီလစောင့်ထိန်းခြင်း နှင့် ပရိတ်တော်များကို ရွတ်ဆိုပွားများခြင်းတို့ကြောင့် ဖြစ်သည်ဟု ကျွန်တော် အကြွင်းမဲ့ ယုံကြည်မိပါတော့သည်။

( ညီညီလေး-Zoology. လယ်ကြီး-စစ်ကိုင်း )
*********************************************************************************

( တကယ့်ဖြစ်ရပ်မှန် )

ဤအဖြစ်အပျက်သည် ကျွန်မ၏ ကိုယ်တွေ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ပါသည်။ ကျွန်မ၏ သမီးတဦးထံ အလည်သွားခဲ့စဉ်က ဖြစ်ပါသည်။
သမီးအိမ်သို့ ကျွန်မရောက်သွားရာ သမီးက-မေမေ၊ အိမ်နားက အုန်းနို့ခေါက်ဆွဲ လာပို့ထားတယ်၊ မေမေ-အရင်စားပါ-ဟု ပြော၍ ကျွေးပါသည်။

ကျွန်မကလည်း-အေးအေး စားတာပေါ့ကွယ်၊ မေမေလဲ အုန်းနို့ခေါက်ဆွဲကြိုက်တာနဲ့ အတော်ပဲ-ဟု ပြောပြီး ထည့်ထားသော ခေါက်ဆွဲဗန်းနှင့် ဟင်းရည်ချိုင့်ကိုယူ၍ အိမ်ရှေ့သို့ ထွက်လာပါသည်။ ကျွန်မ၏အကျင့်တခုမှာ စားစရာ သောက်စရာတို့ကို လာရောက်ပေးကမ်းလျှင် ပေးသူလည်း ကုသိုလ်ရ, ကျွန်မလည်း ကုသိုလ်ရ, ဘေးရန်လည်း ကင်းစေရန် ဘုရားကို ဦးစွာကပ်ပြီးမှ ပြန်၍တောင်းခံကာ စားတတ်ပါသည်။

ထိုအကျင့်အတိုင်း ခေါက်ဆွဲဗန်းနှင့် ဟင်းရည်ချိုင့်ကို ကိုင်မြှောက်ကာ ဘုရားကပ်ပြီး ဘုရားဂုဏ်တော်ကိုးပါးကို သုံးကြိမ် ရွတ်ဆိုပါသည်။ ထို့နောက် ယင်းတို့ကို ခဏချထားပြီး အတန်ကြာမှ မြတ်စွာဘုရားထံ-ဆေးအဖြစ် စားသုံးခွင့်ပြုပါရန်-လျှောက်ကြားကာ ပြန်လည်တောင်းခံ၍ စွန့်ပါသည်။ စွန့်ပြီးနောက် ပန်ကန်တခုတွင် အနည်းငယ်ထည့်၍ ဟင်းရည်ကို အသားမပါအောင် ခပ်ထည့်ကာ စားပါသည်။

စားပြီး၍ မကြာမြင့်မီပင် ညာဘက်လည်ချောင်း၌ တခုခု တစ်ဆို့သကဲ့သို့ မျက်တက်တက် ဖြစ်လာပါသည်။ တစ်ဆို့သည့် အရာရှိနေပါက ကျသွားစေရန် ကော်ဖီသောက်ချပါသော်လည်း ကျသွားခြင်းမရှိပါ။ တနေ့လုံး ထမင်းစား၊ ရေသောက် ပြုလုပ်နေသော်လည်း လည်ပင်း၌ တစ်ဆို့ဆို့ ရှိနေဆဲဖြစ်ပါသည်။

သမီးအား ပြောပြရာ-မေမေရယ်၊ တခုခု ကပ်နေတာ ဖြစ်ပါလိမ့်မယ်၊ ညအိပ်ရင် ကျသွားမှာပေါ့-ဟု ပြောပါသည်။
နောက်နေ့ နံနက် အိပ်ရာထလျှင် ကျွန်မပြုနေကျအတိုင်း ရေတခွက်ခပ်၍ ဘုရားအား ကပ်ပြီး-ဤရေသည် ကြည်လင်အေးမြသကဲ့သို့ သုံးဆယ့်တဘုံရှိ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်း ကိုယ်စိတ်နှစ်ဖြာ အေးမြချမ်းသာကြ ပါစေ၊ ဘေးရန်ကင်းကြပါစေ၊ မတောင့်မတ မကြောင့်မကြ လိုအင်ဆန္ဒနှင့် တလုံးတ၀တည်း ပြည့်စုံကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ-စသည်ဖြင့် မေတ္တာပို့ပါသည်။

ပြီးမှ ရေဖြင့် ပါးစပ်ဆေး၊ အာခေါင်ကျင်းပါသည်။ အာခေါင်ကျင်းသည်နှင့် လည်ပင်း၌ တစ်ဆို့နေသည့် နေရာမှ ဂုန်နီအိတ်ကြိုး အထွေးလိုက် တော်တော်များများ ထွက်ကျလာပါသည်။ မျက်ခြင်း၊ စူးရှခြင်း ဝေဒနာလည်း မရှိတော့ပါ၊ လည်ချောင်းလည်း ရှင်းသွားပါသည်။

ထိုအခါမှ ကျွန်မသည် သူတပါးက အကောက်ကြံ၍ အောက်လမ်းဖြင့် ပြုစားထားသည်ကို မြတ်စွာဘုရားအား ဦးထိပ်ထားသည့်အတွက် ၀မ်းထဲသို့ မရောက်နိုင်ဘဲ နောက်တနေ့နံနက်တွင် မေတ္တာပို့သည့်အခါ ထွက်ကျလာခြင်း ဖြစ်ကြောင်းကို တွေးတောဆင်ခြင်မိပါတော့သည်။

ကျွန်မ၏ကိုယ်တွေ့ဖြစ်ရပ်မှန်ကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ အားလုံးသော လူအပေါင်း၊ ပုဂ္ဂိုလ်အပေါင်းတို့ ကျွန်မကဲ့သို့ မြတ်စွာဘုရားအား အရာရာ၌ မမေ့မလျော့ ဦးထိပ်ထားပါရန်၊ ဘုရားဂုဏ်တော် ကိုးပါးကိုလည်း ရွတ်ဆိုပါရန်နှင့် မေတ္တပို့ခြင်းကိုလည်း ပြုလုပ်ကြပါရန် မေတ္တာ စေတနာကောင်းဖြင့် တိုက်တွန်းနှိုးဆော်လို၍ ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

( တက္ကသိုလ်-ခေမာ၊ ကျိုက်လတ် )

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဖေဖော်ဝါရီလ )

Tuesday, June 23, 2009

ယုတ်ညံ့သူ

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဖြစ်သည်။ တနေ့တွင် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံကြွတော်မူသည်။ သာဝတ္ထိပြည်တွင်း တနေရာတွင် ဗြဟ္မဏပုဏ္ဏားတယောက်သည် ဗြဟ္မာအားရည်မှန်းကာ မီးပူဇော်လျက်ရှိသည်။ မြတ်စွာဘုရားရှင်လည်း ထိုဗြဟ္မဏပုဏ္ဏား၏ အနီးတွင် ဆွမ်းအလို့ငှါ ရပ်တော်မူလေသည်။

ထိုအခါတွင် ဗြာဟ္မဏပုဏ္ဏားသည် မြတ်စွာဘုရားရှင်အား မြင်တွေ့ပြီး စိတ်ဆိုးကာ-ဟဲ့ ယုတ်ညံ့သူ၊ သွားလော့၊ ငါသည် ဗြာဟ္မာမင်းအား မီးပူဇော်လျက်ရှိသည်။ မနှောင့်ယှက်ပါနဲ့-ဟူ၍ ရိုင်းပျစွာ ပြောဆိုလေသည်။
မြတ်စွာဘုရားရှင်က ခွင့်လွှတ်သည်းခံတော်မူလျက်-အို ပုဏ္ဏား၊ အဘယ်သူကို ယုတ်ညံ့သူ-ဟု ခေါ်ဆိုရသနည်း-ဟု မိန့်တော်မူသည်။ ထိုနောက် ယုတ်ညံ့သူ၏ အဓိပ္ပါယ်ကို ကြင်နာစွာ ရှင်းပြတော်မူလေသည်။

အို-ပုဏ္ဏား ဒေါသ ခက်ထန်ကြမ်းတမ်းသူကို ယုတ်ညံ့သူ-ဟု ခေါ်ဆိုသည်။
ကောက်ကျစ်စဉ်းလဲသောသူကို ယုတ်ညံ့သူ-ဟု ခေါ်ဆိုသည်။
မာန်မာနကြီးမားသူကို ယုတ်ညံ့သူ-ဟု ခေါ်ဆိုသည်။

သူတပါးကြီးပွားတိုးတက်သည်ကို မနာလိုသူ၊
မကောင်းမှု ဒုစရိုက်တို့ကို မရှက်မကြောက်ပြုသူ။ မတရားလောဘကြီးသူ။
အားငယ်သူများကို အနိုင်ကျင့်သူ။
လူအများအား ဒုက္ခပေးပြီး မိမိချမ်းသာမှုကို ရှာဖွေသူများကို ယုတ်ညံ့သူ-ဟု ခေါ်ဆိုသည်။

ဇာတိမျိုးနွယ်ကြောင့် ယုတ်ညံ့သူ။ မြင့်မြတ်သူ ဖြစ်ရသည် မဟုတ်။ ကိုယ်တိုင်ပြုလုပ်သော ကောင်းမှု မကောင်းမှု အလုပ်များကြောင့်သာ ယုတ်ညံ့သူ၊ မြင့်မြတ်သူ ဖြစ်ရသည်။
ဗြာဟ္မဏပုဏ္ဏားလည်း မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရသောအခါ အသိအမြင်မှန် ရသွားသည်။ ဘုရားရှင်အား အလွန်ကြည်ညိုသွားသည်။ ဘုရားရှင်အား ဆွမ်းဘောဇဉ်များ လောင်းလူပူဇော်သည်။ ဘုရားရှင်၏ အဆုံးအမကို အသက်ထက်ဆုံး လိုက်နာကျင့်သုံးလေတော့သည်။

( မောင်ကျော်သန်း-ရွှေတောင်အင်း )

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဖေဖော်ဝါရီလ )

တရားနာသူ

ဗုဒ္ဓဘုရားရှင်သည် တရားတော်ကို လွန်စွာမြတ်နိုးတော်မူသည်။ တရားတော်ကို အာရုံပြုခြင်း၊ ပွားများစေခြင်း၊ ဟောကြားခြင်း၊ နာခံခြင်းတို့ကို လွန်စွာအလေးပြုတော်မူသည်။
အခါတပါး၌ ရှင်နန္ဒမထေရ်သည် တရားဟော၏၊ ဘုရားရှင်သည် တညဥ့်လုံး အရုဏ်တက်သည့်တိုင် ရိုသေလေးမြတ်စွာ တရားနာ၏။
တခါကလည်း ဘုရားရှင်သည် နေထိုင်မကောင်းဖြစ်ရာ ရှင်စုန္ဒကို ခေါ်တော်မူ၍ ဗောဇ္ဈင် ၇-ပါးတရားကို ဟောကြားစေတော်မူသည်။ ရိုသေစွာလည်း နာကြား၏။ ၀မ်းမြောက်ဝမ်းသာဖြစ်၍ နေထိုင်မကောင်းဖြစ်ခြင်းမှ ပျောက်ကင်းသွားလေသည်။

တနေ့သ၌ အ၀န္တိတိုင်းမှ ကောဋိကဏ္ဏသောဏ ရဟန်းသည် ဘုရားရှင်ထံ အဖူးအမြောက် လာရောက်သည်။ ထိုရဟန်းသည် တ၀ါမျှသာ ရသေးသည်။ သို့သော် ဘုရားရှင်က လေးစားသဖြင့် မိမိ၏ ဂန္ဓကုဋိအတွင်း၌ နေထိုင်ရန် နေရာပေးသည်။ ထို့နောက် တရားဟောခိုင်းသည်။

မထေရ်သည် သောဠသအဋ္ဌက၀ဂ္ဂိယသုတ်-ကို ဟောပြောရာ ဘုရားရှင်သည် ၀မ်းမြောက်စွာ သာဓုခေါ်သည်။ ဘုရားရှင်၏ သာဓုသံကိုကြား၍ နတ်ဗြဟ္မာတို့လည်း သာဓုခေါ်ကုန်၏။ ထိုရဟန်းမိခင် သူဋ္ဌေးမအိမ်၌နေသော အိမ်စောင့်နတ်ကလည်း သာဓုခေါ်၏။

မိခင်သူဋ္ဌေးမအား သင်တို့သားက မြတ်စွာဘုရားကို တရားဟောပေသည်-ဟူ၍ ကိုယ်ထင်ပြကာ ပြောပြသည်။ အချိန်တန်၍ မိမိရပ်ထံသို့ ထိုသောဏရဟန်း ပြန်ရောက်သောအခါ မိခင်သူဋ္ဌေးမသည် သွားရောက် ဖူးတွေ့သည်။ အကျိုးအကြောင်း လျှောက်ထားကာ မိခင်က တရားဟောရန် ပန်ကြားသည်။ သားရဟန်းလည်း မိခင်ကို တရားဟောသည်။ မိခင်သည် တရားစကားနာကြားခိုက် အစေခံကျွန်မ ပြေးလာသည်။

အိမ်၌ ခိုးသား ၉၀၀-ရောက်လာ၍ ရွှေတိုက်၊ ငွေတိုက်တို့ကို ဖောက်ခိုးကုန်ကြပါပြီ-ဟု ပြော၏။
သူဋ္ဌေးမကြီးက-ငါ တရားနာခိုက်တွင် လာမပြောကြနဲ့၊ ယူပါစေ၊ ယူပါစေ-ဟု ဆိုလိုက်၏။
ထိုစကားကို ခိုးသူကြီးကြားသောအခါ ထိတ်လန့်ပြီးလျှင် ပစ္စည်းအားလုံးကို ပြန်ထား၍ သူဋ္ဌေးမကြီးအား တောင်းပန်သည်။

ထို့နောက် ခိုးသား ၉၀၀-တို့သည် ရဟန်းပြုကြ၍ တရားအားထုတ်ကြရာ အားလုံးပင် ရဟန္တာဖြစ်ကုန်လေသည်။ တရားစောင့်သူကို တရားက ပြန်စောင့်ခြင်းပင် ဖြစ်ပေသည်။

( ၀င်းဝင်းမြတ် )
အကိုး-၀ိသုဒ္ဓိမဂ်အရသာ ဆရာတော်-ဦးအရိယမထေရ် အဂ္ဂမဟာပဏ္ဍိတ။

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဖေဖော်ဝါရီလ )

Sunday, June 21, 2009

ဘာသာရေး ပြဿနာ ( ၆၈ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( တိဟိတ်ပုဂ္ဂိုလ်အလား )
အရှင်ဘုရား-
၁။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်
၂။ သုဂတိအဟိတ်ပုဂ္ဂိုလ်
၃။ ဒွိဟိတ်ပုဂ္ဂိုလ်
၎။ တိဟိတ်ပုဂ္ဂိုလ်-ဟူ၍ ပုထုဇဉ်ပုဂ္ဂိုလ် လေးမျိုးရှိရာတွင် လူ့ဘုံ၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်မှတပါး ကျန်ပုဂ္ဂိုလ်သုံးယောက် ရှိသည်ဟု သိရပါသည်။
တိဟိတ်ပုဂ္ဂိုလ်သည် ဉာဏ်အထက်မြက်ဆုံးဟု ထပ်ဆင့်သိရပြန်ပါသည်ဘုရား။ ယခုဘ၀တွင် သုဂတိအဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်တို့အား တိဟိတ်ပုဂ္ဂိုလ်ကဲ့သို့ ဉာဏ်ထက်မြက်မှုရရှိရန် ကြိုးစားကျင့်ဆောင်က ရနိုင်-မရနိုင်၊ ရနိုင်ရန် မည်ကဲ့သို့ ကျင့်ကြံလိုက်နာရပါမည်နည်း သိလိုပါသည်ဘုရား။
( မောင်အောင်ကျော်-လှည်းကူးမြို့ )

( ဖြေ )
လူ့လောကတွင် ဈာန်မဂ်ဖိုလ် မရရှိနိုင်သော အန္တရာယ်မှာ-
၁။ ကမ္မန္တရာယ်-ပဉ္စာနန္တရိယကံ ကျူးလွန်ခဲ့မှု
၂။ ကိလေသန္တရာယ်-မိစ္ဆာဒိဋ္ဌိအယူကို ယူခဲ့မှု
၃။ ၀ိပါကန္တရာယ်-အဟိတ်-ဒွိဟိတ် ပဋိသန္ဓေနေခဲ့ရမှု
၎။ ဥပ၀ါဒန္တရာယ်-အရိယာကို ပြစ်မှားခဲ့မှု
၅။ အာဏာဝီတိက္ကမန္တရာယ်-ရဟန်းတော်များ အာပတ်တန်းလန်း ရှိနေမှု ဟူ၍ ၅-ပါးရှိရာတွင် သုဂတိအဟိတ် ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်တို့မှာ ပဋိသန္ဓေကပင် အန္တရာယ်သင့်ခဲ့သူများဖြစ်၍ ဤဘ၀တွင် တိဟိတ်ပုဂ္ဂိုလ်ကဲ့သို့ ဈာန် မဂ် ဖိုလ် ရနိုင်သော ဉာဏ်မျိုးကို မရနိုင်တော့ပါ။ ကြိုးစားကျင့်ဆောင်နိုင်က ကောင်းရာသုဂတိဘ၀သို့ ရောက်နိုင်၍ နောက်ဘ၀တွင် ဈာန် မဂ် ဖိုလ် ရနိုင်သော တိဟိတ်ပုဂ္ဂိုလ် ဖြစ်နိုင်ပါသည်။
*********************************************************************************

( မေး ) ( သစ္စကပရိဗိုဇ် အနာဂတ်ဘ၀ )
အရှင်ဘုရား၊ သစ္စကပရိဗိုဇ်ကြီးသည် သေလွန်ပြီးနောက် နတ်ပြည်သို့ရောက်၍ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးနောက် အနှစ် ၂၀၀-ရှိသောအခါ သီဠိုဟ်ကျွန်း (သီရိလင်္ကာ) ၌ ရဟန်းဖြစ်ပြီး ပရိနိဗ္ဗာန်ပြုသည်ဟု မှတ်သားရပါသည်။ ဤသို့ဆိုလျှင် နတ်တို့၏ သက်တမ်းနှင့် တွက်ချက်လိုက်လျှင် လူ့ပြည်အနှစ် ၂၀၀-သည် နတ်ပြည်တွင် သစ္စကပရိဗိုဇ်၏ သက်တမ်း အလွန်တိုတောင်း မနေပါလားဘုရား။ တပည့်တော် မရှင်းလင်းပါ သဖြင့် ဖြေကြားပေးတော်မူပါဘုရား။
( ကိုအောင်မြတ်သူ-စွမ်းအင်ဝန်ကြီးဌာန )

( ဖြေ
ဘုရားအလောင်းတော်များ ရဟန္တာအလောင်းများသည် နတ်ပြည်သို့ရောက်ရသော် (နတ်ပြည်တွင် ပါရမီဖြည့်ကျင့်ရန် မဖြစ်နိုင်၍) နတ်သက်ပြည့်အောင် မနေကြဘဲ လူ့ပြည်တွင် ပါရမီဖြည့်ရန်နှင့် ကျွတ်တမ်း ၀င်နိုင်ရန် အဓိမုတ္တိစုတေခြင်းဟူသော မိမိကိုယ်ကို စုတေရန် အဓိဋ္ဌာန်ပြု၍ နတ်သက်ချွေလျက် လူ့ပြည်တွင် ဖြစ်စေကြသည်ဟု ဆိုပါသည်။

သစ္စကနတ်သားသည်လည်း ထိုစုတေခြင်းမျိုးဖြင့် စုတေခဲ့၍ သာသနာနှစ် ၂၀၀-ကျော်အချိန် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) တွင် ကာဠဗုဒ္ဓရက္ခိတမထေရ် အဖြစ်ဖြင့် ရဟန္တာဖြစ်ခဲ့ကြောင်း (မ-ဋ္ဌ ၂-၁၉၄) ၌ ပါရှိပါသည်။
*********************************************************************************

( မေး ) ( မော်တော်ကား လှူခြင်း )
အရှင်ဘုရား၊ သံဃာအား ကား-စသည် လှူကြသည်။
လေးပါးပစ္စယာ၌ မည်သည်မှာ ဤသည့်ကား ထားရပါမည်နာ်း။
ယောနိသော သဘော၌ပိုက်တည် ဆင်ခြင်မည်ဤကား
သိလိုပါ များသူငါ ဉာဏ်ဝယ်လင်းအောင် ရှင်းပြစေသား။
( ဖိုးဉာဏ်-မန္တလေး )

( ဖြေ )
သံဃာအား ကားစသည် လှူကြသည်။
လေးပါးပစ္စယာ၌ သေနာသနာ-ကျောင်းမှာ ပေါင်းထည့်သင့်သည်။
ခရီးသွားရဟန်းသည် လှည်း-လှေ ဤအဖို့
ဝါဆိုအချိန်အခါကျလျှင်၊ လှည်းလှေမှာ အာလယ၊ ဂါဟ-စိတ်ဝယ်မှတ်လို့၊ ကပ်ရသည်သို့။(၀ိ-ဋ္ဌ ၃-၃၅၃)။
*********************************************************************************

( မေး ) ( ပဋ္ဌာန်းအနက်နှင့် ဘုရားဘွဲ့တော် )
အရှင်ဘုရား၊
၁။ ၂၄-ပစ္စည်း ပဋ္ဌာန်းဒေသနာတော်၏ အနက်အဓိပ္ပါယ်ကို စာအုပ်များ၌ ဖတ်ရှုရာတွင် သဘောမပေါက်နိုင် ဖြစ်နေပါသည်။ သို့ပါ၍ တပည့်တော်ကဲ့သို့ အလွယ်တကူ နားမလည်နိုင်သူများအတွက် အနက်အဓိပ္ပါယ်အကျဉ်းကို အချုပ်မျှ ဖော်ပြပေးပါရန် တောင်းပန် လျှောက်ထားအပ်ပါသည်ဘုရား။

၂။ ဂေါတမမြတ်စွာဘုရားဟု ခေါ်ဝေါ်နေသည်မှာ မြတ်စွာဘုရား၏ ဘွဲ့တော်၊ (သို့တည်းမဟုတ်) အမည်နာမတော်လော-ဆိုသည်ကို ဖော်ပြပေးပါရန် လျှောက်ထားအပ်ပါသည်။
အလားတူ ကကုသန်, ကောဏာဂုမ်, ကဿပ စသည်များမှာလည်း မြတ်စွာဘုရားတို့၏ ဘွဲ့တော်များလော-ဟု နားမလည်ပါသဖြင့် ဖြေကြားပေးစေလိုပါသည်ဘုရား။
( မယဉ်ယဉ်မေ-ရန်ကင်း )

( ဖြေ )
၁။ ၂၄-ပစ္စည်းပဋ္ဌာန်း ဒေသနာတော်၏ အနက်အဓိပ္ပါယ်ကို ကုသိုလ်ဖြစ်လှူဒါန်းသော စာအုပ်များ၌ အနက်ကျဉ်းဖြင့် ဖော်ပြထားသည်မှာ အလွယ်ဆုံး၊ အကျဉ်းဆုံး ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။
ပဋ္ဌာန်းပစ္စည်းများ၏ အနက်အဓိပ္ပါယ်ကို နားလည်သဘောပေါက်ရန်ကား လေ့လာသင်ကြားမှသာ ဖြစ်နိုင်ပါသဖြင့် နီးစပ်ရာ သင်တန်းတခုခုမှာ တက်ရောက်သင်ကြားရန် တိုက်တွန်းလိုပါသည်။

၂။ ဂေါတမ မြတ်စွာဘုရား ဟူသည်မှာ-အနွယ်တော်၏ အမည် ဖြစ်ပါသည်။
ငယ်မည်တော်မှာ သိဒ္ဓတ္ထဖြစ်သော်လည်း ဘုရားအဖြစ်သို့ ရောက်သောအခါ ထိုငယ်မည်အတိုင်း ခေါ်လျှင် မရိုသေရာကျသဖြင့် ဂေါတမအနွယ်တော်ဖြစ်၍ အနွယ်အမည်ဖြင့် ဂေါတမမြတ်စွာဘုရားဟု ခေါ်ရပါသည်။

ကကုသန်, ကောဏာဂုမ်, ကဿပ စသည့် မြတ်စွာဘုရားတို့၌လည်း ထိုနည်းတူပင် ဖြစ်ပါသည်။
********************************************************************************

( မေး ) ( ပဋ္ဌာန်းရွတ်ခြင်း )
အရှင်ဘုရား၊ တပည့်တော်အား ဘာသာရေးလိုက်စားနေသော မိတ်ဆွေတဦးက ပဋ္ဌာန်းအကျယ် ပစ္စယနိဒ္ဒေသကို အိမ်မှာ မရွတ်ကောင်းဘူး။ ဓမ္မာရုံ(သို့) ဘုရားများမှာမှ ရွတ်ကောင်းကြောင်း။
အိမ်မှာရွတ်ရင် မနာခံဝံ့သော နတ်သေးနတ်မွှားလေးတွေက ပင်လယ်ဝသို့ ထွက်ပြေးပြီး ဆုံးမှ ပြန်လာရကြောင်း။ အဲဒီလို ခဏခဏ ထွက်ပြေးနေရတော့ စိတ်ဆိုးပြီး ရွတ်သောသူကို ဒုက္ခအမျိုးမျိုး ရောက်အောင် ကျိန်ဆဲတတ်ကြောင်း ပြောပါသည်။
အဲဒါ ဟုတ်-မဟုတ်၊ တကယ်လို့ ဟုတ်ခဲ့လျှင် မည်သို့တောင်းပန်ပြီး ရွတ်ရမည်၊ ဒါမှမဟုတ် မရွတ်ရဘူး-ဟု ကွဲပြားအောင် ဖြေရှင်းပေးပါရန် လျှောက်ထားပါသည်ဘုရား။
( သန်းသန်း-ရန်ကုန် )

( ဖြေ )
ပရိတ်ကြီး ၁၁-သုတ်၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ ပဋ္ဌာန်းစသည်တို့မှာ ဗုဒ္ဓ၏ နှုတ်တော်ထွက် ဒေသနာမြတ်များ ဖြစ်ပါသည်။ ကျက်သရေမင်္ဂလာတိုး၍ အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးအောင် အစဉ်အမြဲ ရွတ်ဆိုနေသင့်သော တရားတော်များ ဖြစ်ပါသည်။ ၄င်းတို့ကို ရွတ်ဆို၍ ထွက်ပြေးရသူတို့မှာ နတ်ကောင်း နတ်မြတ်များ မဟုတ်။ နတ်ဆိုး နတ်ဝါးများသာ ဖြစ်ပါလိမ့်မည်။

နတ်ကောင်း နတ်မြတ်တို့သည် ထိုကဲ့သို့သော ဒေသနာတော်များကို နာကြားလို၍ အစဉ်အမြဲ ရှာဖွေသွားလာ၍ နေကြကြောင်း၊ ရွတ်ဆိုသံကြားလျှင် လာရောက်နာယူ၍ ရွတ်ဆိုသူအား စောင်မစောင့်ရှောက်ကြကြောင်း ကျမ်းဂန်လာရှိပါသည်။
နတ်ဆိုး နတ်သေး နတ်မွှားများ ထွက်ပြေးရခြင်းမှာ ရွတ်ဆိုသံကြောင့်မဟုတ်။ နတ်ကောင်း နတ်မြတ်များ လာ၍ မနေ၀ံ့ကာ ထွက်ပြေးရခြင်း ဖြစ်ဟန်တူပါသည်။ ထိုနတ်ဆိုးများ ပြန်မလာဝံ့အောင် နေ့စဉ်ရွတ်ဆို၍ နေသင့်ပါသည်။

ပဋ္ဌာန်းဆို၍ ပြောရဦးမည်။ ပဋ္ဌာန်း ၂၄-ပစ္စည်း ပစ္စယုဒ္ဒေသကို အိမ်တနင်္ဂနွေထောင့်မှစ၍ ၃-ပစ္စည်းစီ တတန်းတည်းရေးကာ (အထက်အောက် မရေးရ) တနင်္လာ၊ အင်္ဂါ -မှ ပတ်၍ သောကြာ (မြောက်အရပ်) အထိ ၃-ပစ္စည်းစီရေး၍ ကပ်ထားလျှင် ဘေးရန်ဟူသမျှ ကင်းဝေးရကြောင်း ရှေးဆရာမြတ်တို့ မိန့်ကြားပါသည်။

ထိုသို့ရေး၍ ကပ်ထားသောအိမ်များ တိုက်များ ရှိပါသည်။ (အချို့တိုက်များတွင် ဆောက်လုပ်စကပင် လက်သမားကို စာလုံးဖော်၍ လုပ်ခိုင်းထားသည်ကို တွေ့ဖူးပါသည်) ထို့ကြောင့် ပဋ္ဌာန်းတရားတော်မှာ အန္တရာယ် ဟူသမျှကို ကင်းငြိမ်းစေနိုင်၍ အစဉ်ရွတ်ဖတ်သင့်ကြောင်း ဖြေကြားလိုပါသည်။
*********************************************************************************

( မေး ) ( ကာလနဂါး အအိပ်ကြီးသလား )
အရှင်ဘုရား၊ အအိပ်ကြီးလိုက်တာ၊ ကာလနဂါးကျနေတာပဲ-ဟု လူတို့ပြောလေ့ပြောထ ရှိပါသည်။ ဘုရားတဆူနှင့်တဆူအကြား ကာလပတ်လု့း အိပ်ပျော်နေသည်ဟုလည်း ကြားဖူးပါသည်။ ကာလနဂါး တကယ်ပဲ အအိပ်ကြီးပါသလား ဘုရား။ ဖြေကြားတော်မူပါရန် တောင်းပန်ပါသည်ဘုရား။
( ဦးထွန်းထွန်းလွင်-သံဖြူဇရပ်မြို့ )

( ဖြေ )
ကာလနဂါးသည် အအိပ်ကြီးသည်မဟုတ်။ ၄င်းမှာ တကမ္ဘာပတ်လုံး အသက်ရှည်သောနဂါးဖြစ်၍ ယခင်ဘုရားသုံးဆူ ပွင့်ခဲ့သည်ကိုလည်း သိသည်။ ယခု ဂေါတမမြတ်စွာဘုရား ပွင့်သည်ကိုလည်း ရွှေခွက်ရောက်လာ၍ သိသည်။ နောက်ပွင့်လတံ့သော အရိမေတ္တေယျဘုရား ပွင့်လျှင်လည်း သိဦးမည်။

ဘုရား တဆူနှင့်တဆူအကြား (ဗုဒ္ဓန္တရခေတ်တခု) သည် မြေကြီး တယူဇနာနှင့် သုံးဂါဝုတ် (၁၅မိုင်နီးပါး) တက်သည့်တိုင်အောင် ကာလခြားကွာလျက်ရှိရာ ယမန်နေ့ကပင် ဘုရားတဆူပွင့်ခဲ့၍ ယနေ့ တဆူပွင့်ပြန်ပြီ-ဟု ကာလနဂါးကြီး ဆိုခြင်းမှာ အိပ်ရာမှနိုး၍ တနေ့ကူးသောကြောင့် ဆိုခြင်း မဟုတ်။ တကမ္ဘာပတ်လုံး ၄င်း၏ကုသိုလ်ကံကြောင့် ရရှိသော ကာမဂုဏ်စည်းစိမ်တို့ကို ခံစားမွေ့လျော်၍ နေသောကြောင့် အိပ်ပျော်နေခြင်းနှင့် တူသဖြင့် ရွှေခွက်ချင်း ထိခိုက်သံကြားမှ သတိရ၍ဆိုခြင်းဖြစ်သည်။ မြတ်စွာဘုရားအထံ နတ်ဗြဟ္မာများနှင့် အတူ လာရောက်၍ ဂါထာများရွတ်ဆိုလျက် ချီးကျူးကြောင်း၊ အသောကမင်း လက်ထက်၌ လာရောက်၍ ဘုရားအသွင် ဖန်ဆင်းပြကြောင်းများကို ထောက်၍ အိပ်ပျော်မနေကြောင်း သိနိုင်ပါသည်။
( သာရတ္ထသင်္ဂဟ-ဋ္ဌ ၂၂၇ )။

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဖေဖေါ်ဝါရီလ )

ခေါင်းဖြူပြီး အိုမင်းကာမျှဖြင့် မထေရ်မဆိုနိုင်

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ ရှိစဉ် တောနေအာဂန္တု ရဟန်းသုံးကျိပ် ရောက်လာရာ ကျောင်းတွင် ကိုယ်ကာယသေးသဖြင့် ငယ်ပုံပေါက်နေသော အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်ကို တွေ့မြင်ကြ၏။ ဘုရားရှင် ရှေ့တော်မှောက် ရောက်လာကြသောအခါ ဘုရားရှင်က အာဂန္တုရဟန်းတို့အား-ကျောင်းအနီးတွင် မထေရ်တပါးကို တွေ့မြင်ခဲ့ကြသလော-ဟု မေးရာ မထေရ်တပါးမတွေ့ခဲ့ပါ၊ သာမဏေငယ်တပါးကိုသာ တွေ့မြင်ခဲ့ကြပါသည်ဘုရား- ဟု လျှောက်တင်ကြ၏။

ရဟန်းတို့ ထိုသူသည် သာမဏေမဟုတ်၊ မထေရ်ကြီးတပါးဖြစ်သည်-ဟု ဘုရားရှင်က မိန့်တော်မူ၏။ ထိုအခါ အာဂန္တုရဟန်းများက -အရှင်ဘုရား ထိုမထေရ်သည် အလွန်သေးငယ်လှပါသည်ဘုရား-ဟု လျှောက်ထားကြ၏။ ဘုရားရှင်က-ရဟန်းတို့ အသက်ကြီးကာမျှဖြင့်၎င်း၊ မထေရ်နေရာတွင် ထိုင်နေကာမျှဖြင့်၎င်း မထေရ်ဟု မခေါ်ဆိုနိုင်။ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး အခြားသူအား မညှဉ်းဆဲသူသာ မထေရ်ဖြစ်၏-ဟု အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
န တေန ထေရော သော ဟောတိ ၊ ယေနဿ ပလိတံ သိရော ။
ပရိပက္ကော ၀ယော တဿ ၊ မောဃဇိဏ္ဏော-တိ ၀ုစ္စတိ ။

ယမှိ သစ္စဉ္စ ဓမ္မော စ ၊ အဟိံသာ သံယမော ဒမော ။
သ ဝေ ၀န္တမလော ဓီရော ၊ ထေရော ဣတိ ပ၀ုစ္စတိ ။

( မြန်မာပြန် )
၁။ ထိုရဟန်း၏ ဦးခေါင်းသည် ဖွေးဖွေးဖြူ၏။ ထိုဖြူကာမျှဖြင့် မထေရ်မမည်။ ထိုရဟန်း၏ အရွယ်အိုရင့်မှုကို အကျိုးမဲ့အိုရင့်မှု-ဟု ဆိုအပ်၏။

၂။ အကြင်ပုဂ္ဂိုလ်၌ သစ္စာလည်းရှိ၏။ တရားလည်းရှိ၏။ ညှဉ်းဆဲမှုမရှိ။ သီလစောင့်ခြင်းရှိ၏။ ဣနြေ္ဒကိုလည်း ဆုံးမ၏။ ကိလေသာပျို့အန်ပြီးသော ထိုသူကိုသာ မထေရ်ဟု ဆိုအပ်၏။

( ဆောင်ပုဒ် )
ဖြူဖွေးဆံပင်၊ ခေါင်းတပြင်လုံး၊ ပိတ်ဖုံးကာမျှ၊ ကြီးစွာ့မထေရ်၊ မဆိုလေနှင့်၊
အိုနေချိန်လင့်၊ ထိုရွယ်ရင့်ကား၊ နှေးဖင့်ဉာဏ်ရွဲ့၊ အကျိုးမဲ့သာ၊ အိုရင့်လာသူ၊ ဖြစ်သည်ဟူ၏။

သစ္စာလည်းရှိ၊ တရားသိလျက်၊ မြဲသည့်သီလ၊ ဆုံးမဣနြေ္ဒ၊ ကိလေသာကင်း၊ မညှဉ်းဆဲဘိ၊ ပညာရှိသာ၊ မြတ်သည့်ပုဂ္ဂိုလ်၊ မထေရ်ဆို၏။

( ဓမ္မဋ္ဌ၀ဂ် လကုဏ္ဍကဘဒ္ဒိယတ္ထေရ၀တ္ထု )

တသက်လုံး မှီခိုအားထားရမည့် တရားများ

ဗုဒ္ဓသာသနာတော်၌ တည်ကြကုန်သော သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တို့သည် ဘုရားရှင်ဟောကြားသော တရားတော်များကို အခွင့်ကြုံတိုင်း နာယူကြရုံမျှမက တခါတရံ သူတို့တွေးကြံ၍မရသော ပုစ္ဆာများကိုလည်း ချဉ်းကပ်မေးမြန်းကြကုန်၏။

အခါတပါးတွင် နတ်သားတယောက်သည် ဗုဒ္ဓထံလာရောက်၍ ပုစ္ဆာလေးမျိုး မေးလျှောက်ရာ မှတ်သားလိုက်နာဘွယ် ကောင်းလှပါသည်။

( ၁ ) ကိံသု ယာဝ ဇရာ သာဓု-မြတ်စွာဘုရား သတ္တ၀ါတွေမှာ ငယ်ငယ်ကစပြီး သေခါနီးအထိ အချိန်မရွေး ဆင်မြန်းရန် အကောင်းဆုံးတရားသည် အဘယ်ပါနည်း။

( ၂ ) ကိံသု သာဓု ပတိဋ္ဌိတာ-သတ္တ၀ါတို့၏ တည်ရာ မှီရာ ဖြစ်သော တရားသည် အဘယ်ပါနည်း။

( ၃ ) ကိံသု နရာနံ ရတနံ-သတ္တ၀ါတို့၏အမြတ်ဆုံးဟု ခေါ်ဆိုထိုက်သော ရတနာကား အဘယ်ပါနည်း။

( ၄ ) ကိံသု စောရေဟိ ဒူဟရံ-သူခိုးတို့သည် ခိုးယူခြင်းငှါ မတတ်နိုင်သော ပစ္စည်းကား အဘယ်ပါနည်း။

မြတ်စွာဘုရားက ဟောညွှန်ပြတော်မူသည်မှာ-
( ၁ ) ငယ်ရွယ်စဉ်ကစပြီး သေခါနီးအချိန်အထိ အချိန်မရွေး အမြဲဆင်မြန်းရန် ကောင်းသောတရားကား-သီလတည်း။
သံသရာမှထွက်မြောက်ရေး ပဋိပတ်ကျင့်စဉ်ကို သီလမရှိလျှင် မအောင်မြင်နိုင်ပါ။

( ၂ ) အကောင်းဆုံးမှီရာ၊ အားထားရာ တရားသည် သဒ္ဓါတရား ဖြစ်သည်။
ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် မည်သူမဆို သဒ္ဓါတရားမှန်ကန်စွာရှိမှ အောင်မြင်ထမြောက်နိုင်သည်။

( ၃ ) သတ္တ၀ါတို့၏ အမြတ်ဆုံးရတနာကား ပညာဖြစ်သည်။
လောကီ လောကုတ္တရာ ပညာတတ်မြောက်မှ ဘယ်အရပ်မှာမဆို ဘယ်အသိုင်းအ၀ိုင်းမှာမဆို အောင်မြင်ကြီးပွားနိုင်သည်။

( ၄ ) လူဆိုး သူခိုးတို့ မယူနိုင်သော ပစ္စည်းကား ပုညခေါ် ကုသိုလ်ကောင်းမှု ဖြစ်သည်။
ကုသိုလ်ကောင်းမှု၏ အရှိန်အဟုန်သည် ဘ၀တိုင်းတွင် လိုက်ပါလျက် အကျိုးပေးနိုင်သည်။
ကောင်းသောသုဂတိ ဘ၀များကို ရရှိလျက် တဆင့်ထက်တဆင့် မြင့်မြတ်သော ကောင်းကျိုးတို့ ရရှိနိုင်သည်။

နတ်သားအား မြတ်ဗုဒ္ဓ ညွှန်ပြတော်မူသော တရားများကို မမေ့မလျော့ ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။

သြ၀ါဒ

ဗုဒ္ဓဘာသာ တန်ဘိုးကို နားလည်ပါ။
ရတနာသုံးပါးကို ရတနာမှန်း သိပါ။
မိဘဆရာကို ရိုသေပါ။
အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ပါ။

ရအောင်ရှာ၊ ရှိအောင်စု၊ ချွေတာ၊ လိမ္မာပါ၊ ကျန်းမာနှင့် အလိမ္မာသည် တန်ဘိုးအရှိဆုံး ဖြစ်၏။
ကိုယ့်ထက်သာသူကို ကြည့်၍ အားငယ်စိတ်ပျက် မဖြစ်ပါနဲ့။
မနာလိုလဲ မဖြစ်ပါနဲ့။
ကိုယ်အော့က် နိမ့်ကျသူကို ကြည့်၍ မာန်မာန မဖြစ်ပါနဲ့။

ကံ, ဉာဏ်, ၀ီရိယ ပြည့်စုံအောင် ကြိုးစားပါ။
ကုသိုလ်ကောင်းမှု တခုခု နေ့စဉ်ပြုပါ။
အချိန်မဖြုန်းပါနဲ့။
အလကားနေ အလကားဖြစ်မည်။
အလုပ်လုပ်မှ တိုးတက်မည်။
ကောင်းတာလုပ်မှ ကောင်းကျိုးရမည်။

ဘဒ္ဒန္တပဏ္ဍိတာဘိဝံသ
နာယကချုပ်-နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ( ရန်ကုန် )

ကျေးဇူးရှုင် လယ်တီဆရာတော်ဘုရားကြီး၏ အန္တရာယ်ကင်း ဂါထာတော်များ

၁။
ဗုဒ္ဓေါ စ မင်္ဂလော လောကေ ၊ ဒေ၀ဣန္ဒ ဗြဟ္မိဿရော ။
ဗုဒ္ဓံ သရဏ မာဂမ္မ ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ ။

၂။
ဓမ္မော စ မင်္ဂလော လောကေ ၊ သဗ္ဗပါပ ၀ိနာသကော ။
ဓမ္မံ သရဏ မာဂမ္မ ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ ။

၃။
သံဃော စ မင်္ဂလော လောကေ ၊ ဘယဝေရ ၀ိနောဒနော ။
သံဃံ သရဏ မာဂမ္မ ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ ။

၎။
ဧတံ ခေါ မင်္ဂလံ ခေမံ ၊ ဧတံ မင်္ဂလ မုတ္တမံ ။
ဧတံ မင်္ဂလ မာဂမ္မ ၊ သဗ္ဗပါပါ ပမုစ္စရေ ။

၅။
ဧတံ ခေါ သရဏံ ခေမံ ၊ ဧတံ သရဏ မုတ္တမံ ။
ဧတံ သရဏ မာဂမ္မ ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ ။

၆။
ဧတံ ခေါ ရတနံ ခေမံ ၊ ဧတံ ရတန မုတ္တမံ ။
ဧတံ ရတန မာဂမ္မ ၊ သဗ္ဗဒေါသာ ပမုစ္စရေ ။

( ၁ ) လောကေ-လောကသုံးခွင် ဘုံအပြင်၌။ ဗုဒ္ဓေါစ-မြတ်စွာဘုရားသည်သာလျှင်။ မင်္ဂလော-သတ္တ၀ါအပေါင်းတို့တွင် အတုမရ အဘက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာတော်ကြီးအစစ် ဖြစ်တော်မူပါပေ၏။
ဒေ၀ဣန္ဒဗြဟ္မိဿရော-ဘုန်းတန်ခိုးဣဒ္ဒိပါဒ် လွန်ကြီးမြတ်သော နတ်အပေါင်း၊ သိကြားမင်းအပေါင်း၊ ဗြဟ္မာမင်း အပေါင်းတို့ကို အစိုးရတော်မူပါပေ၏။
ဗုဒ္ဓံ သရဏံ-ဘုရားတည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။
သဗ္ဗဒုက္ခာ သဗ္ဗဒုက္ခေဟိ-ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။

( ၂ ) လောကေ-လောကသုံးခွင် ဘုံအပြင်၌။ ဓမ္မောစ-မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်တရားတော်မြတ်သည် သာလျှင်။ မင်္ဂလော-တရားအပေါင်းတို့တွင် အတုမရ အဘက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာတော်ကြီးအစစ် ဖြစ်တော်မူပါပေ၏။
သဗ္ဗပါပ၀ိနာသကော-ဆိုးဝါးညစ်ညမ်း ကြမ်းတမ်းယုတ်မာ မကောင်းစွာသော မိစ္ဆာဓမ္မ ဟူသမျှတို့ကို မြူမျှမကျန် ပယ်လှန်ဖျက်ဆီးတော်မူနိုင်ပါပေ၏။
ဓမ္မံ သရဏံ-တရားတည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။
သဗ္ဗဒုက္ခာ သဗ္ဗဒုက္ခေဟိ-ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။

( ၃ ) လောကေ-လောကသုံးခွင် ဘုံအပြင်၌။ သံဃောစ-မြတ်ဘုရား၏ တပည့်သားသံဃာတော်မြတ်သည် သာလျှင်။ မင်္ဂလော-တရားအပေါင်း အများတပည့်သားအစုတွင် အတုမရ အဘက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာတော်ကြီးအစစ် ဖြစ်တော်မူပါပေ၏။
ဘယဝေရ၀ိနောဒနော-ခပ်သိမ်းသောဘေးရန်တို့ကို ပယ်လှန်ဖြေဖျောက်တော်မူနိုင်ပါပေ၏။
သံဃံ သရဏံ-သံဃာတည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။
သဗ္ဗဒုက္ခာ သဗ္ဗဒုက္ခေဟိ-ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။

( ၄ ) ခေါ-စင်စစ်။ ဧတံ မင်္ဂလံ-ဤဘုရား တရား သံဃာ မင်္ဂလာသုံးပါးသည်သာလျှင်။ ခေမံ-ဘေးရန်ကင်းရာ မင်္ဂလာအစစ် အဖြစ်ကြီးဖြစ်တော်မူပါပေ၏။
ဧတံ မင်္ဂလံ-ဤဘုရား တရား သံဃာ မင်္ဂလာသုံးပါးသည်သာလျှင်။ ဥတ္တမံ-လောကအားလုံး၌ အမြတ်ဆုံးသော မင်္ဂလာတော်ကြီး ဖြစ်တော်မူပါပေ၏။
ဧတံ မင်္ဂလံ-ဤဘုရား တရား သံဃာ မင်္ဂလာကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။ သဗ္ဗပါပါ သဗ္ဗပါပေဟိ-ခပ်သိမ်းသော အယုတ်တမာ မိစ္ဆာဓမ္မ ဟူသမျှတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။

( ၅ ) ခေါ-စင်စစ်။ ဧတံ သရဏံ-ဤဘုရား တရား သံဃာ ကိုးကွယ်ရာသုံးပါးသည်သာလျှင်။ ခေမံ-ဘေးရန်ကင်းရာ ကိုးကွယ်ရာအစစ်ကြီး ဖြစ်တော်မူပါပေ၏။
ဧတံ သရဏံ-ဤဘုရား တရား သံဃာ ကိုးကွယ်ရာသုံးပါးသည်သာလျှင်။ ဥတ္တမံ-လောကအားလုံး၌ အမြတ်ဆုံးသော ကိုးကွယ်ရာကြီး ဖြစ်တော်မူပါပေ၏။
ဧတံ သရဏံ-ဤဘုရား တရား သံဃာ ကိုးကွယ်ရာသုံးပါးကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။ သဗ္ဗပါပါ သဗ္ဗပါပေဟိ-ခပ်သိမ်းသော အယုတ်တမာ မိစ္ဆာဓမ္မ ဟူသမျှတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။

( ၆ ) ခေါ-စင်စစ်။ ဧတံ ရတနံ-ဤဘုရား တရား သံဃာ ရတနာသုံးပါးသည်သာလျှင်။ ခေမံ-ဘေးရန်ကင်းရာ ရတနာအစစ် အဖြစ်ကြီးဖြစ်တော်မူပါပေ၏။
ဧတံ ရတနံ-ဤဘုရား တရား သံဃာ ရတနာသုံးပါးသည်သာလျှင်။ ဥတ္တမံ-လောကအားလုံး၌ အမြတ်ဆုံးသော ရတနာတော်ကြီး ဖြစ်တော်မူပါပေ၏။
ဧတံ ရတနံ-ဤဘုရား တရား သံဃာ ရတနာသုံးပါးကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။ သဗ္ဗပါပါ သဗ္ဗပါပေဟိ-ခပ်သိမ်းသော အယုတ်တမာ မိစ္ဆာဓမ္မ ဟူသမျှတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။

မှတ်ချက်။
ဖော်ပြပါ အန္တရာယ်ကင်းဂါထာတော်များသည် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်ခဲ့သော ဓာတ်ကမ္မဋ္ဌာန်းကျမ်းသစ်-မှ နိဂုံးဂါထာဖြစ်ပါသည်။

ကံ ကံ၏အကျိုး ( ၆၂ )

( ယနေ့ အကြွေးမပေး )

ကျွန်တော့်ဆိုင်နှင့် မျက်စောင်းထိုးနေရာတွင် လက်ဖက်ရည်ဆိုင်တဆိုင် ရှိပါသည်။ တနေ့တွင် ဆိုင်ပိတ်၍ အခန်းရှင်းကြပါသည်။ သူတို့သည် ပိုးဟပ် ကြွက်တို့မှအစ ပိုးမွှား တိရစ္ဆာန်လေးများ ပွက်ပွက်ဆူနေသော ရေနွေးများဖြင့် ရက်စက်စွာ လောင်း၍ သတ်နေသည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရပါသည်။

အမှန်ဆိုပါက အခြားတနေရာသို့ စွန့်ပစ်လျှင် ရပါလျက် အငြိုးကြီးစွာ ပြုလုပ်နေကြသည့် လုပ်ရပ်မှာ မကြည့်ရက်၊ မမြင်ရက်စရာ ဖြစ်နေပါသည်။ တချို့ ကြွက်ကလေးများမှာ မွေးပေါက်စ နီနီတွတ်တွတ်ကလေးများသာ ဖြစ်ပါသည်။ ထိုကြွက်ကလေးများကို စုပုံပြီး ရေနွေးလောင်း၍ သတ်ကြရင်း အောင်ပွဲခံ ရယ်မောနေကြ ပါသေးသည်။

ထိုသူတို့သည် ရေနွေးခွက်ကိုယ်စီဖြင့် သင်္ကြန်ရေပက်ထွက်သူများလား အောက်မေ့ရပါသည်။
ထိုသို့ပြုလုပ်နေကြရင်းမှ-
အောင်မယ်လေး၊ သေပါပြီဗျ၊ ကယ်ကြပါဦး-ဟု အော်သံကြားရပါသည်။
ခဏအကြာတွင် လူများ စုပြုံရောက်ရှိလာပါသည်။ ထို့နောက် လူနာနှစ်ယောက်ကို ဆေးခန်းပို့လိုက်ကြရသည်။

အဖြစ်မှန်ကို သေချာစုံစမ်းကြည့်သောအခါ-
ဆိုင်ခန်းရှင်းနေကြသော အလုပ်သမားနှစ်ယောက်သည် ပြေးထွက်လာသောကြွက်ကို နီးရာလူက ခြေထောက်ဖြင့် ဖိနင်းကာ လှမ်းအသတ်၊ တခါ ထိုကြွက်ကိုပင် ကျန်တယောက်က ရေနွေးဖြင့် လှမ်းအပက်၊ နှစ်ယောက်တိုက်ဆိုင်ပြီး ရေနွေးပူ လောင်းမိသွားသည်။

ထိုအခါ ခံရသူက လွှတ်ခနဲ ဒေါသထွက်ပြီး ပြန်လှမ်းပက်လိုက်ရာ နှစ်ယောက်စလုံး ဆေးခန်းပို့ရသည်ဟု သိရပါသည်။ အခြားသောသူများကတော့ မည်သို့ဝေဖန် ဆုံးဖြတ်ကြမည်ကို မသိကြသော်လည်း ဖြစ်စဉ် ဇာတ်လမ်းအစအဆုံးကို သိရသူ ကျွန်တော့်အနေဖြင့် သုံးသပ်ဆုံးဖြတ်ရလျှင်-

ထိုလဖက်ရည်ဆိုင်အတွင်းမှာ ရေးသားချိတ်ဆွဲထားသည့် -ယနေ့ အကြွေးမပေး-ဆိုသော ဆိုင်းဘုတ်ကိုကြည့်ပြီး အတွေးတစ ၀င်ခဲ့သည်။ သူတို့ရဲ့ မကောင်းမှု အကုသိုလ်ကံဟာ သူတို့အပေါ်မှာလဲ သူတို့ဆိုင်လိုပဲ အကြွေးမပေး၊ အကြွေးမထားဘဲ လက်ငင်း တောင်းသွားတာပဲ-ဟု သုံးသပ်ဆုံးဖြတ်မိပါသည်။

ဤအဖြစ်အပျက်ကို သံဝေဂယူမိရင်းမှ ကျွန်တော့်နားထဲသို့ တစိမ့်စိမ့် ရိုက်ခတ်စီးဝင်လာသည်များကတော့-
စေတနာ ကောင်းလျှင်-ကံကောင်းမည်။
စေတနာ ဆိုးလျှင်-ကံဆိုးမည်-စသည့် ဆရာတော်ကြီးများ၏ ဆုံးမသြ၀ါဒများပင် ဖြစ်ပါတော့သည်။

( ငှက်ပြာ )
*********************************************************************************

( ကိုယ်တွေ့ ကောင်းမှုကျိုး )

ကျွန်မ၏သမီး ဒသမတန်းကျောင်းသူဘ၀က အလွန်စိတ်အားငယ်တတ်ခဲ့သည်။ သမီးသည် ဉာဏ်လည်း ကောင်းသည်၊ ၀ီရိယလည်း ရှိပါသည်။ လုံ့လကိုလည်း မလျှော့ပါ။ သို့သော် သူမကို အမြဲ စိတ်ဒုက္ခရောက်အောင် ဖန်တီးနေသည်မှာ သူမ၏ စိတ်အားငယ်တတ်မှုပင် ဖြစ်သည်။ စာမေးပွဲဖြေဆိုတိုင်း အားငယ်စိတ်၊ ကြောက်စိတ်တို့၏ ဒုက္ခပေးမှုကြောင့် ဖြေနိုင်သလောက် မဖြေခဲ့ရပါ။ စိတ်ကလည်း စိုးတရွံ့ရွံ့ဖြင့် သူတပါးတို့ကို မယှဉ်ရဲသလို မ၀ံ့ရဲသလိုနဲ့ ဖြစ်ခဲ့သောကြောင့် ရသင့်သည့် အမှတ်များ မရခဲ့ပါ။ သူမ ပညာသင်ယူနေသော ဒသမတန်း (က)တွင် ရသည့်အဆင့်မှာ ၁၀-၏နောက် တော်တော်ဝေးသည့် နေရာမှာ ရှိနေပါသည်။

ပထမအစမ်း ဖြေပြီးသည့်နောက် အမှတ်များထွက်လာသောအခါ သမီးကိုကြည့်ရသည်မှာ ရှေးကထက် ပိုမိုအားလျော့လာသည်ဟု ထင်မိပါသည်။ အမှတ်များ သိပ်မကောင်းလှပါ။ သို့ဖြစ်၍ သမီး၏ ငယ်ဆရာမ တဦးကို အကျိုးအကြောင်း ပြောပြကာ တိုင်ပင်မိပါသည်။ ဆရာမက သမီးကို တရားရှုမှတ်ရန် အချိန်ရလျှင်ရသလို သမ္ဗုဒ္ဓေဂါထာတော်ကြီး၊ အရဟံ ဂုဏ်တော်တို့ကို ရွတ်ဆိုရန် အကြံပြုပါသည်။ မိခင်ဖြစ်သူ ကျွန်မကိုလည်း ဆင်းရဲချို့ငဲ့သည့် ကလေးများအား ပညာဒါန အလှူပေးရန် တိုက်တွန်းပါသည်။ ကျွန်မတို့ သားအမိသည် ဆရာမပြောသည့်အတိုင်း လိုက်နာခဲ့ပါသည်။

ပညာသင်ယူစဉ်ကာလတွင် ငွေကြေးချို့တဲ့နွမ်းပါး၍ ကျောင်းစရိတ် လိုအပ်နေသော ကျောင်းသူလေးတဦးအား ဆရာမမှတဆင့် ငွေငါးရာကျပ်ကို ပညာသင်စရိတ် လှူဒါန်းလိုက်သည်။ ဆောင်းရာသီဖြစ်၍ အနွေးထည် မရှိရာသော သူမအား အနွေးထည်များ၊ ကျောင်းဝတ်စုံများပင် လှူဒါန်းခဲ့ပါသည်။ ထိုကလေးမကဲ့သို့ပင် ဒသမတန်းစာမေးပွဲ နီးသောအခါ ထုတ်ဝေသည့် ဘာသာရပ်ဆိုင်ရာ ဂျာနယ်စာအုပ်များ ၀ယ်၍ပေးလိုက်၏။ ထိုကျောင်းသူလေး၏ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားပုံမှာ ယနေ့ထက်တိုင် မမေ့နိုင်ပါ။ သူမ ပျော်ရသလို ကျွန်မသမီးလေးလည်း ပျော်ရပါလို၏-ဟု စိတ်တွင် ဆုတောင်းနေမိပါသည်။

ကျွန်မတို့မြို့တွင်ရှိသော ပရဟိတကျောင်းမှ မိဘမဲ့ကလေးများသို့ သမီး၏ဆရာမနှင့် သူ၏တပည့်များက စာရေးကိရိယာများ လှူဒါန်းကြရာတွင်လည်း ကျွန်မပါဝင်လှူဒါန်းခဲ့ပါသည်။ ပရဟိတ ဆရာတော်အား နှစ်စဉ်လှူဒါန်းသည့် စောင်အလှူပွဲတွင်လည်း ပါဝင်လှူဒါန်းခဲ့ပါသည်။

ွှဤအတောအတွင်း ကျွန်မရော သမီးပါ သက်သတ်လွတ်စားခြင်း။ ဥပုသ်စောင့်ခြင်း၊ တရားထိုင်ခြင်းတို့ကိုလည်း အားထုတ်ခဲ့ကြပြန်ပါသည်။ အားလပ်သည့်အချိန်တိုင်းမှာလည်း ဘုရားဂုဏ်တော်နှင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဆို ပူဇော်ခဲ့ကြလေသည်။

စာမေးပွဲလည်း တဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ။ ကျွန်မသမီးတွင် ယခင်ကကဲ့သို့ ကြောက်ရွံ့အားငယ်စိတ်များ မရှိတော့ပါ။ ဆရာမ၏ အားပေးမှုနှင့် ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်မှုသည် သမီး၏စိတ်ကို ပြောင်းလဲစေခဲ့ပြီဖြစ်ပါသည်။

သို့နှင့် ဒသမတန်း စာမေးပွဲကြီးသို့ ရောက်ခဲ့လေပြီ။ ကျွန်မသည် ကျွန်မပြုခဲ့သည့် ကုသိုလ်တို့ကို တိုင်တည်ကာ သစ္စာပြုခဲ့ပါသည်။ကျွန်မပြုခဲ့သော ကုသိုလ်တို့နှင့် ပညာရေး ဒါနအလှူတို့သည် သမီးကို ကောင်းစွာထောက်ပံ့ နိုင်ပါစေ-ဟူ၍ပင် ဖြစ်သည်။

အလွန်ကြောက်ရွံ့အားငယ်တတ်သော ကျွန်မ၏သမီးသည် စာမေးပွဲကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်နိုင်ခဲ့သည်။ ဘာသာရပ်အားလုံးကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပါသည်။ ဒသမတန်း အောင်စာရင်း ထွက်သောအခါ သမီးသည် ၃-ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ အမှတ်စာရင်းထွက်သောအခါ ဂုဏ်ထူးမထွက်သော ဘာသာများမှာလည်း ဂုဏ်ထူးမှတ်နီးပါး ရသည်ကို တွေ့ရပါသည်။ ထို့ပြင် သမီးသည် တကျောင်းလုံးတွင် အမှတ်အကောင်းဆုံးဖြင့် အောင်မြင်ကြောင်းကိုလည်း အံ့သြ၀မ်းသာစွာ သိလိုက်ရပါသည်။

သမီး၏ အမှတ်စုစုပေါင်းမှာ ၄၁၁-မှတ်ဖြစ်၍ သမီး အလွန်ဝါသနာပါသည့် ဆေးတက္ကသိုလ်သို့ ဦးစားပေးလျှောက်ထားခဲ့ရာ ယခုအခါတွင် ကျွန်မ၏သမီးမှာ ဆေးတက္ကသိုလ် ပထမနှစ်တွင် တက်ရောက်သင်ကြားလျက် ရှိနေပေပြီ။

ကျွန်မ၏သမီးကဲ့သို့ အားငယ်စိုးရွံ့ကြသည့် ကျောင်းသား ကျောင်းသူများကို အားကျအတုယူပြီး ကြိုးစားစေလိုသောဆန္ဒဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

( ခင်-မုံရွာ )

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဇန်န၀ါရီလ )

Saturday, June 20, 2009

တရားတပုဒ် အနှစ်ချုပ်

ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်သုံးတော်မူစဉ် တောအုပ်တခု၌ ရဟန်းတော်တပါး တရားကျင့်နေလျက် ရှိ၏။ ထိုရဟန်းသည် ဂါထာတပုဒ်သာ ရွတ်ဆို၍ တရားဟောလေ့ရှိသဖြင့် ဧကုဒါန-ရဟန်းဟု အမည်တွင်၏။
တနေ့သ၌ ရဟန်းအခြံအရံ ငါးရာပါသော ပိဋကသုံးပုံဆောင် ရဟန်းနှစ်ပါးတို့သည် ထိုတောအုပ်သို့ ရောက်လာရာ တောနေရဟန်းက-အရှင်ဘုရားတို့ ရောက်လာခိုက် တရားဟောတော်မူကြပါ။ ဤတောအုပ်ရှိ နတ်အပေါင်းတို့ ၀မ်းသာအားရ သာဓုအနုမောဒနာ ပြုကြပါလိမ့်မည်-ဟု လျှောက်ထား၏။

တိပိဋကဓရ ဆရာတော်နှစ်ပါးက တလှည့်စီ တရားဟောကြ၏။ တရားပွဲပြီးဆုံးသောအခါ သာဓုခေါ်သံ တသံမျှ မကြားရပေ။ တိပိဋက ဆရာတော်များက-အရှင်ဘုရားဟောပါဦး-ဟု တောင်းပန်ရာ တောနေရဟန်းက သူဟောနေကျအတိုင်း ( အရဟတ္တဖိုလ်စိတ်၌ မမေ့မလျော့ အားထုတ်လေ့ရှိသော၊ အရဟတ္တမဂ်ဉာဏ်၏ အကြောင်းဖြစ်သော သိက္ခာသုံးပါး၌ ကျင့်သုံးပြီးဖြစ်သော၊ တာဒိဂုဏ်နှင့် ပြည့်စုံသော၊ အခါခပ်သိမ်း သတိနှင့်ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်အား စိုးရိမ်ပူဆွေးခြင်း စသည် မဖြစ်ကြလေကုန်တကား-) ဟူသော ဥဒါန်းဂါထာကို ဟောကြား၏။

ထိုအခါ တောစောင့်နတ်အပေါင်းတို့သည် သောသောညံမျှ သာဓုခေါ်ကြလေသည်။ နတ်တို့သည် မျက်နှာလိုက်၍ သာဓုခေါ်ကြကုန်၏-ဟု တိပိဋကဓရ ရဟန်းတော်နှစ်ပါး၏ တပည့်များက ကဲ့ရဲ့အပြစ်ဆိုကြ၏။ ထိုအကြောင်းကို မြတ်ဗုဒ္ဓအား လျှောက်တင်ကြရာ
မြတ်ဗုဒ္ဓက-ရဟန်းတို့ အကြင်သူသည် များစွာသော ပရိယတ်ကို သင်၏။ ရွတ်၏။ ထိုမျှဖြင့် တရားဆောင်သူ မမည်။ အကြင်သူသည် တဂါထာမျှသာ သင်ယူ၍ သစ္စာလေးပါးကို ထိုးထွင်း၍ သိမြင်၏။ ထိုသူသည် တရားဆောင်သူမည်၏-ဟု အောက်ပါဂါထာကို ဟောကြားတော်မူသည်။

( ပါဠိဂါထာ )
န တာဝတာ ဓမ္မဓရော ၊ ယာဝတာ ဗဟု ဘာသတိ ။
ယော စ အပ္ပမ္ပိ သုတွာန ၊ ဓမ္မံ ကာယေန ပဿတိ ။
သ ဝေ ဓမ္မဓရော ဟောတိ ၊ ယော ဓမ္မံ နပ္ပမဇ္ဇတိ ။

( မြန်မာပြန် )
စကားများစွာ ပြောကာမျှဖြင့် တရားဆောင်သူမမည်။
အကြင်သူသည် အနည်းငယ်သော တရားစကားကို ကြားရုံမျှဖြင့်လည်း သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့် သိမြင်၏။ ထိုသစ္စာလေးပါးတရား၌ မမေ့မလျော့သူသည်သာ စင်စစ် တရားဆောင်သူ မည်၏။

( ဆောင်ပုဒ် )
စကားများများ၊ လွန်ပြောကြား၍၊ တရားပုဂ္ဂိုလ်။ မခေါ်ဆိုနိုင်၊
စွဲပိုင်ဉာဏ်ဝယ်၊ နည်းငယ်ဓမ္မ၊ ကြားရုံမျှဖြင့်၊ လေးဝသစ္စာ၊ မဂ်ဉာဏ်လွှာဖြင့်၊ ကောင်းစွာမြင်တွေ့၊ မမေ့မလျော့၊ မပေါ့မြဲအောင်၊ သတိဆောင်မှ၊ ဓမ္မဓရ၊ ခေါ်ဆိုရ၏။

( ဓမ္မဋ္ဌ၀ဂ်၊ ဧကုဒါန ခီဏာသ၀၀တ္ထု )

၂-ပါးသော တရားများ

( ၁ ) အကျိုးတရား ၂-ပါး
၁။ အတ္တဟိတ-မိမိအကျိုးရှိမှုကို ပြုလုပ်ခြင်း။
၂။ ပရဟိတ-သူတပါးအကျိုးရှိမှုကို ပြုလုပ်ခြင်း။

( ၂ ) အနိယတ သိက္ခာပုဒ် ၂-ပါး
၁။ ရဟန်းသည် မိန်းမနှင့် အကာအကွယ်ရှိသော အများမမြင်ရသောနေရာ၌ ၂-ယောက်တည်း အတူမနေရ။
၂။ ရဟန်းသည် မိန်းမနှင့် အကာအကွယ်မရှိသော အများမကြားရသော နေရာ၌ အတူမနေရ။
( ၀ိနည်းတော် ၂၂၇-မှ )

( ၃ ) အပ္ပမညာ စေတသိက် ၂-ပါး
၁။ ကရုဏာ-ဆင်းရဲသူများကို မြင်က သနားခြင်း။
၂။ မုဒိတာ-ချမ်းသာမှု ရသူများကို မြင်ပါက ၀မ်းမြောက်ခြင်း။

( ၄ ) အစိုးမရသော တရား ၂-ပါး
၁။ မိုဃ်း-မိုဃ်းသည် ရွာမလိုလိုနှင့် မရွာဘဲ ဖြစ်တတ်၏။
မရွာဘူးလိုလိုနှင့်လည်း ရွာတတ်၏။
သူ့သဘောကို မည်သူမှ အစိုးမရ။

၂။ နွားသိုး-နွားသိုးသည် စိတ်ကောင်း ရှိသည်-မရှိသည် ဟု မသိ။
သူဝှေ့လိုသည့်အခါ သခင်ကိုပင် ပြန်ဝှေ့၏။
သူ့သဘောကို အစိုးမရ။

( ၅ ) အုပ်စု ၂-မျိုး
၁။ ၀ဂ္ဂ-မညီညွတ်သော အုပ်စု။
၂။ သမဂ္ဂ-ညီညွတ်သော အုပ်စု။

( ၆ ) ကုသိုလ် ၂-မျိုး
၁။ လောကီကုသိုလ်=ဒါန, သီလ စသော ဘာသာရေးဆိုင်ရာ ပြုလုပ်မှု ကုသိုလ်။
၂။ လောကုတ္တရာကုသိုလ်=လောကမှ ထွက်မြောက်ရန် ၀ိပဿနာပြုကျင့်မှု ကုသိုလ်။

( ၇ ) ကျေးဇူးရှိသော တရား ၂-ပါး
၁။ သတိ=အောက်မေ့မှု တရား။
၂။ သမ္ပဇဉ်=ဆင်ခြင်ဉာဏ်ရှိမှု တရား။

( ၈ ) ကျေးဇူးဆပ်၍ မကုန်နိုင်သူ ၂-ယောက်
၁။ မွေးသည့်မိခင်။
၂။ ကျွေးသည့်ဖခင်။ ( အံ )

( ၉ ) ခုနစ်နှစ်အရွယ် ရဟန်းအမွေရသော သာမဏေ ၂-ပါး
၁။ သုမန သာမဏေ။
၂။ သောပါက သာမဏေ။

( ၁၀ ) ချမ်းသာခြင်း ၂-မျိုး
၁။ ကာယ သုခ=ကိုယ်၏ ချမ်းသာခြင်း။
၂။ စိတ္တ သုခ=စိတ်၏ ချမ်းသာခြင်း။

( ၁၁ ) ဆင်ခြင်အပ်သော အရာ ၂-ပါး
၁။ ချီးမွမ်းလဲ မလောနဲ့။
၂။ အပြစ်တင်လဲ မလောနဲ့။

( ၁၂ ) ဆင်းရဲခြင်း ၂-မျိုး
၁။ ကာယိကဒုက္ခ=ကိုယ်၏ ဆင်းရဲခြင်း။
၂။ စေတသိကဒုက္ခ=စိတ်၏ ဆင်းရဲခြင်း။

( ၁၃ ) ဒါန ၂-မျိုး
၁။ ဇီဝိတဒါန=အပြစ်ရှိသူကို အသက်ဘေးမှ ချမ်းသာပေးခြင်း။
၂။ အဘယဒါန=အပြစ်ရှိသူကို အပြစ်ဒဏ်ဘေးမှ ချမ်းသာပေးခြင်း။

( ၁၄ ) ဓုရ ၂-ပါး
၁။ ဂန္ထဓုရ=စာပေပရိယတ္တိ သင်အံပို့ချခြင်း။
၂။ ၀ိပဿနာဓုရ=၀ိပဿနာ ကျင့်ကြံအားထုတ် ပွားများခြင်း။

( ၁၅ ) နိဗ္ဗာန်ပရိယာယ် ၂-မျိုး
၁။ သဥပါဒိသေသ နိဗ္ဗာန်=ခန္ဓာရှိစဉ် ရအပ်သော နိဗ္ဗာန်။ ရဟန္တာအဖြစ်ကို ဆို၏။
၂။ အနုပါဒိသေသ နိဗ္ဗာန်=ခန္ဓာချုပ်ငြိမ်း၍ ပရိနိဗ္ဗာန်ပြုသဖြင့် ရသောနိဗ္ဗာန်ကို ဆို၏။

( ၁၆ ) ပညာ ၂-မျိုး
၁။ လောကီပညာ=၀ိဇ္ဇာ, သိပ္ပံ ပညာ သင်ကြားတတ်မြောက်မှု။
၂။ လောကုတ္တရာပညာ=လောကမှထွက်မြောက်ရန် ကျင့်ရမည်ဖြစ်သော ၀ိပဿနာပညာ။

( ၁၇ ) ပညာရှိ ၂-မျိုး
၁။ မိမိ၌ရှိသောအပြစ်ကို အပြစ်ဟု ရှုသောသူ။
၂။ အမှားကို ၀န်ချတောင်းပန်သည်ကို တရားသဘောအရ လက်ခံသူ။

( ၁၈ ) ပယ်အပ်သော တရား ၂-ပါး
၁။ အ၀ိဇ္ဇာ=သစ္စာလေးပါး မသိခြင်းတရား။
၂။ တဏှာ=တွယ်တာတပ်မက်ခြင်းတရား။

( ၁၉ ) ပွားများအပ်သော တရား ၂-ပါး
၁။ သမထ=စိတ်၏တည်ငြိမ်မှု ရရှိခြင်း။ ဈာန်တရားကို ဆို၏။
၂။ ၀ိပဿနာ=အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာသုံးပါးကို အထူးဆင်ခြင်မှု။

( ၂၀ ) ပိုင်းခြား၍သိအပ်သော တရား ၂-ပါး
၁။ ရုပ်=ထင်ရှားရှိသော ခန္ဓာကိုယ်။
၂။ နာမ်=အာရုံကို သိခြင်းသဘောတရား။

( ၂၁ ) ဘာဝရုပ် ၂-ပါး
၁။ ဣတ္ထိဘာဝရုပ်=မိန်းမ၏အသွင် ပုံသဏ္ဌာန်။
၂။ ပုမ္ဘာဝရုပ်=ယောက်ျား၏အသွင် ပုံသဏ္ဌာန်။

( ၂၂ ) မသင့်သော အယူ ၂-မျိုး
၁။ သဿတ ဒိဋ္ဌိ=မရှိသည်ကို ရှိသည်ဟူ၍ ထင်မှတ်ခြင်း။
၂။ ဥစ္ဆေဒ ဒိဋ္ဌိ=ရှိသည်ကို မရှိဟူ၍ ထင်မှတ်ခြင်း။

( ၂၃ ) မြတ်စွာဘုရား၏ အရံ ရဟန္တာ ၂-ပါး
၁။ လက်ျာရံ-ရှင်သာရိပုတ္တရာ။
၂။ လက်ဝဲရံ-ရှင်မောဂ္ဂလာန်။ ( အံ )

( ၂၄ ) မြတ်စွာဘုရား၏ အရံ ရဟန္တာမ၂-ပါး
၁။ လက်ျာရံ-ခေမာထေရီ။
၂။ လက်ဝဲရံ-ဥပ္ပလ၀ဏ်ထေရီ။ ( အံ )

( ၂၅ ) ရဟန်းတော်များ ၀ါကပ်ခြင်း ၂-မျိုး
၁။ ပုရိမ၀ါ-၀ါဆိုလပြည့်ကျော် ၁-ရက် ၀ါကပ်၍ သီတင်းကျွတ်လပြည့်နေ့ ၀ါကျွတ်၏။
၂။ ပစ္ဆိမ၀ါ-၀ါခေါင်လပြည့်ကျော် ၁-ရက် ၀ါကပ်၍ တန်ဆောင်မုန်းလပြည့်နေ့ ၀ါကျွတ်၏။

( ၂၆ ) ရနိုင်ခဲသော ပုဂ္ဂိုလ် ၂-ယောက်
၁။ ရှေးဦးစွာ ကျေးဇူးပြုတတ်သောသူ ရနိုင်ခဲ၏။
၂။ ကျေးဇူးကို သိ၍ တုံ့ပြန်တတ်သောသူ ရနိုင်ခဲ၏။

( ၂၇ ) ရှေးဦးစွာ သရဏဂုံတည်သူ ၂-ယောက်
၁။ တပုဿ။
၂။ ဘလ္လိက-ကုန်သည်ညီနောင်။

( ၂၈ ) လူမိုက် ၂-မျိုး
၁။ မိမိ၌ ရှိသောအပြစ်ကို အပြစ်ဟု မရှုသူ။
၂။ အမှားကို ၀န်ချတောင်းပန်သည်ကို တရားသဘောအရ လက်မခံသူ။

( ၂၉ ) လောကပါလတရား ၂-ပါး
၁။ ဟိရီ-မကောင်းမှု ပြုလုပ်ခြင်းမှ ရှက်ခြင်း။
၂။ သြတ္တပ္ပ-မကောင်းမှု ပြုလုပ်ခြင်းမှ ကြောက်ခြင်း။

( ၃၀ ) သမ္ပတ္တိ ၂-မျိုး
၁။ ဘောဂသမ္ပတ္တိ-ဥစ္စာစည်းစိမ် ပေါများပြည့်စုံခြင်း။
၂။ ပရိဝါရသမ္ပတ္တိ-အခြွေအရံ ပရိသတ် များပြားပြည့်စုံခြင်း။

( ၃၁ ) သရဏဂုံ ပျက်ခြင်း ၂-မျိုး
၁။ သာဝဇ္ဇဘေဒ-ဘာသာအယူပြောင်းသွား၍ သရဏဂုံပျက်ခြင်း။
၂။ အန၀ဇ္ဖ သုခ၀ိပါကဘေဒ-သေဆုံးခြင်းကြောင့် နတ်ရွာသုဂတိသို့ လား၍ သရဏဂုံပျက်ခြင်း။

( ၃၂ ) သမာဓိ ၂-မျိုး
၁။ ဥပစာရ သမာဓိ-အနီးအပါး၌ တည်ကြည်မှု ရရှိခြင်း။
၂။ အပ္ပနာ သမာဓိ-အပ္ပနာဈာန်၌ဖြစ်သော တည်ကြည်မှု ရရှိခြင်း။

( ၃၃ ) သဒ္ဓါတရား၌ စံထားအပ်သော ဥပါသကာ ၂-ယောက်
၁။ စိတ္တသူကြွယ်။
၂။ ဟတ္ထက (ခေါ်) အာဠာဝက မင်းသား။

( ၃၄ ) သဒ္ဓါတရား၌ စံထားအပ်သော ဥပါသိကာမ ၂-ယောက်
၁။ ခုဇ္ဇုတ္တရာ ဥပါသိကာမ။
၂။ နန္ဒမာတာ ဥပါသိကာမ။ ( ဝေဠုကဏ္ဍကီရွာသူ နန္ဒမိခင် )။

( ၃၅ ) သာဝက ၂-မျိုး
၁။ ပုထုဇဉ် သာဝက-ဘုရားအဆုံးအမ၌တည်သော သာမန်ပုဂ္ဂိုလ်များ။
၂။ အရိယာ သာဝက-အရိယာဂိုဏ်းဝင် ပုဂ္ဂိုလ်များ။

( ၃၆ ) သာသနာ ပျက်စီးခြင်းတရား ၂-ပါး
၁။ မကောင်းသဖြင့်ရအပ်သော မှားသော ပုဒ်ဗျည်းအက္ခရာ။
၂။ မကောင်းသဖြင့်သိအပ်သော မှားသော အနက်အဓိပ္ပါယ်။

( ၃၇ ) သီလ ၂-ပါး
၁။ စာရိတ္တသီလ-မိမိဆိုင်ရာ သီလဖြစ်သော ကိုယ်ကျင့်တရား ထိန်းသိမ်းခြင်း။
၂။ ၀ါရိတ္တသီလ-ကျင့်ပြီးသော သီလကို မပျက်အောင် ကိုယ်တွေ့ကြုံပါက ရှောင်နိုင်ရခြင်း။

( ၃၈ ) သစ္စာ ၂-ပါး
၁။ သမ္မုတိသစ္စာ-လူ, နတ်, ဗြဟ္မာ, ရေ, မြေ, တော, တောင်, သမုဒ္ဒရာ-ဟု ပညတ်အားဖြင့် မှန်ကန်ခြင်း။
၂။ ပရမတ္ထသစ္စာ-နိဗ္ဗာန်ဟု ပရမတ်အားဖြင့် မှန်ကန်ခြင်း။

( ၃၉ ) သုတ္တံ ၂-မျိုး
၁။ သဘာဝသုတ္တံ-မြတ်စွာဘုရားလက်ထက်၌ မျက်မှောက်ဖြစ်ပျက်ပုံကို ဟောကြားမှုများကို ဆို၏။
၂။ အဘာဝသုတ္တံ-မျက်မှောက်မရှိ အတိတ်ကိုဆောင်၍ ဟောကြားမှု။ ( ၅၅၀-ဇာတ်များ )။

( ၄၀ ) သန္တာန်၂-မျိုး
၁။ အဇ္ဈတ္တသန္တာန်- မိမိကိုယ်တွင်း၌ရှိသော ပုံသန္တာန်။
၂။ ဗာဟိရသန္တာန်-အပြင်အပ၌ရှိသော ပုံသန္တာန်။

( ၄၁ ) ရှေးဦးဆရာ မည်ထိုက်သူ ၂-ဦး
၁။ အမိ
၂။ အဖ
ဖေဖေ, မေမေ, မံမံ, ချိုချို, ကိုကို, မမ, ဖိုးဖိုး, ဖွားဖွား, စသည်အားဖြင့် ကလေးငယ်အား လိမ္မာသည့်စကား ဖြစ်စေ၊ မလိမ္မာသည့် စကား ဖြစ်စေ တတ်သိနားလည်အောင် ရှေးဦးစွာ သင်ပေးသူမှာ အမိနှင့်အဖသာ ဖြစ်ပေသည်။
သို့ကြောင့်-ရှေးဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖ-ဟူ၍ စာဆိုရှိခဲ့ပေသည်။

မှတ်ချက်။ ပုဗ္ဗ-ရှေးဦးစွာ။ အာစရိယ-ဆရာ။

( ၄၂ ) စွပ်စွဲတတ်ကြောင်း ၂-ပါး
၁။ မရှိ ခိုးနိုး။
၂။ မလှ စုံးရိုး ။

( ၄၃ ) ပုထုဇဉ် ၂-မျိုး
၁။ ကလျာဏပုထုဇဉ်-ကံ ကံ၏အကျိုးကို ယုံကြည်သူ။
၂။ ဗာလပုထုဇဉ်-ကံ ကံ၏အကျိုးကို မယုံကြည်သူ။

( ၄၄ ) ပြင်မရသော အရာ ၂-မျိုး
၁။ အတိတ်ကံ နှင့်
၂။ ၀မ်းတွင်းပါ ဗီဇ-ပြင်မရ။

( ၄၅ ) မြန်မာပြည်သို့ သာသနာယူဆောင်လာသူ မထေရ် ၂-ပါး
၁။ အရှင်ဥတ္တရ မထေရ်။
၂။ အရှင်သောဏ မထေရ်။

( ၄၆ ) သိမ် ၂-မျိုး
၁။ ဗဒ္ဓသိမ်-ဉတ်ကမ္မ၀ါစာတို့ဖြင့် ဖွဲစည်းအပ်သော သိမ်။
၂။ အဗဒ္ဓသိမ်-သူ့အလိုလျောက် ဖြစ်သော သိမ်။







( ၄၂ )