Monday, August 31, 2009

သြ၀ါဒများ

လယ်တီဆရာတော်ဘုရား

ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။ နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင့်အဖျင်း ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။

ဝေဘူဆရာတော်ဘုရား

ကိုယ့်ကိုယ်ကို ဟန်မကျတာ ဟန်မကျမှန်းသိမှ ဟန်ကျမယ်။
ဟန်မကျဘဲနဲ့ ဟန်ကျတယ် ထင်နေရင် နည်းနည်းလေးမှ ဟန်မကျသေးဘူး။

ကျေးဇူးတော်အရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး

အရှိနှင့်အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ၊
ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ၊
ရှေ့နာမ်ကို နောက်ဉာဏ်နဲ့ ရှုတာ ၀ိပဿနာ၊
ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ၊
ရှေ့ကဖြစ်ပျက်ကို နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ၊
အသေကို အရှင်ကကြည့်တာ ၀ိပဿနာ။

မဟာစည် ဆရာတော်ဘုရားကြီး

မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာမည်...


မင်းကွန်းဆရာတော် ဘုရားကြီး

တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊ ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့် ပြောမပြချင်။
ကိုယ့်ကျောင်းနှင့် ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။
အပူအအေး ယှက်ထွေးကာဒဏ်ခံလို့ စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ့် ကြီးတဲ့ဒုက္ခ။
မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော် သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊
သူတကာချမ်းသာလို့ ထင်မြင်ကြ။
သို့ကတဲ့... စိတ်ထဲမှာ သံဝေယူလို့၊ ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။

စွန်းလွန်း ဆရာတော်ဘုရားကြီး

“ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရလိမ့်မယ်။ ထိမှု၊ သိမှု ထိုနှစ်ခု သတိ ကြပ်ကြပ်ပြု။ မရှိတာထက် မသိတာ ခက်တယ်၊ မသိတာထက် မသိချင်တာ ပိုခက်တယ်၊ မသိလျှင် သိအောင်လုပ်ပါ။ မသိဘဲနဲ့ လက်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ စိတ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေပြီး သိအောင်ကြိုးစား။ အရိယာတွေဖြစ်ဖို့ အများကြီး ကျန်သေးတယ်။”

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ

လူ့ဘုံထုံးစံ ကဲ့ရဲ့ဒဏ်ဖြင့် ရန်မာန်ပိတ်သဲ ခရီးခဲ၌ စိတ်ဇွဲသန်သန် နောက်မပြန်ဘဲ ရဲမာန်ရဲသွေး ရဲစိတ်မွေးလျက် ရဲသွေးနီနီ စီရရီဖြင့် ဦးတည်မပျက် ရှေ့သို့ဆက်လော့။

ရွှေဥမင်ဆရာတော် ဘုရားကြီး

၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့ စိုက်မရှုနဲ့၊ ထိန်းမရှုနဲ့၊ လုပ်မရှုနဲ့၊ ချုပ်မရှုနဲ့၊
၂။ ဖြစ်အောင်လည်း မလုပ်နဲ့၊ ပျက်အောင်လည်း မလုပ်နဲ့၊ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ်။
၃။ ဖြစ်အောင်လုပ်ရင် လောဘ၊ ပျက်အောင်လုပ်ရင် ဒေါသ၊ ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ။


ဖားအောက်တောရ ဆရာတော် ဘုရားကြီး

လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။ ကိလေသာ တရားဆိုးတို့ကို နှိပ်ကွပ် ဆုံးမနိုင်ခြင်းကြောင့် လူကောင်းအဖြစ် မြင်ရခြင်းသာဖြစ်ပြီး ကိလေသာ တရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင့် လူမိုက်အဖြစ် မြင်ရခြင်းသာဖြစ်သည်...

သီတဂူဆရာတော် ဘုရားကြီး

ငါတို့ ဖြစ်ရ၊ ဤလောက၀ယ်၊ ဘ၀သမိုင်း၊ မရိုင်းစေရန်၊ စိတ်မာန်မချ၊ မာနမပါ၊ ဒို့ စွမ်းရာဖြင့်၊ ဒို့ သာသနာ၊ ဒို့ ပြည့်ရွာကို၊ သာယာစေမှု၊ လုလ္လပြုအံ့။

ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ

ဘယ်မှာနေနေပါကွယ်၊ နေတဲ့နေရာ ကိုယ့်အိမ်လို့မှတ်နေ၊ ဘာလုပ်လုပ် ကိုယ့်ပစ္စည်း ကိုယ့်အလုပ်ပဲ မှတ်ပေါ့၊ ဒါဆို ပြီးရောပေါ့။

အရှင်ဝီရိယ (ဓမ္မဘေရီ-တောင်စွန်း)

အသိနဲ့ ကိုယ်ကျင့်တရား ပြည့်စုံပြီး ကျေနပ်နေကြတာက “ဓမ္မပီတိ”၊
အသိနဲ့ ကိုယ်ကျင့်တရား ကင်းမဲ့ပြီး ကျေနပ်နေကြတာက “အဓမ္မပီတိ”။

အရှင်ဝါသေဋ္ဌာ ဘိဝံသ (ကျောက်တလုံး ဆရာတော်)

ရွှေစစ်, မစစ်ကို ငရဲမီးနှင့် မှတ်ကျောက် တင်ရသည်၊
သူတော်ကောင်း ဟုတ်, မဟုတ်ကို လောကဓံနှင့် မှတ်ကျောက် တင်ရသည်။

အရှင်ကောဝိဒ(မြိတ်)

"ဘဝတစ်ခုရဲ့ အရေးကြီးဆုံး အချိန်ဟာ ဘဝနေဝင်ချိန် (သေဆုံးခါနီး)ပဲလို့ လူတိုင်း သိနေပေမယ့် အမှန်တကယ်တော့ ယခု သင်စာဖတ်နေတဲ့ ဖြစ်ဆဲခဏ အချိန်လေးသာ သင့်ဘဝရဲ့ အရေးကြီးဆုံး အချိန်ဖြစ်ပါတယ်..."

ဆရာတော် ဦးဇောတိက

သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်က လှုပ်ရှားရမယ်ဆိုရင် ကိုယ့်ဘ၀ဟာ သူများပါးစပ်မှာ လမ်းဆုံးသွားမယ်။

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ

အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေသည်။

ဓမ္မစေတီဆရာတော် ဘုန်းဘုန်းဦးကောသလ္လ

ဗုဒ္ဓ၏ တရားဓမ္မများကို နာယူပြီးတိုင်း အကျယ်အားဖြင့် သူတစ်ပါးကို ပြောပြခြင်း၊ ကိုယ်တိုင်ရွတ်ဖတ်ခြင်း၊ စိတ်ဖြင့် ကြံစည်သုံးသပ်ခြင်း၊ တရားတော်လာ သဘာဝတို့ကို ရှုမှတ်ခြင်း၊ ပညာရှိတို့ထံ မေးမြန်းခြင်းဖြင့် ယုံမှားမှုကို ပယ်ဖျောက်ခြင်းတို့အား တရားနာယူပြီးတိုင်း ဆောင်ရွက်ရမည့် ကျင့်စဉ်ဖြစ်၏။

အရှင်ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)

ကုသိုလ်ကောင်းမှုဆိုတာ အချိန်တိုင်း နေရာတိုင်းမှာ ရှိတယ်၊ ကုသိုလ်မှန်သမျှကို သတိက ပိုင်တယ်၊ သတိကို သူတော်ကောင်းက ပိုင်တယ်။

အရှင်ကောဝိဒ (မဇ္ဈိမဂုဏ်ရည်)

လွတ်ရာလမ်းကိုရှာနေ၊ လည်ရာလမ်းကို မလျှောက်နဲ့ သံသရာမှာ ဆင်းရဲရှည်ရှည်နဲ့ တွေ့မယ်။ လမ်းမှန်ညွှန်ပြသည့် တရားတွေ၊ ဓမ္မစာပေတွေ များများနာယူ၊ များများဖတ်ပါ။ ဒါမှ အသိဥာဏ်တွေ ရင့်လာ ဘ၀ချမ်းသာ နိဗ္ဗာန်ချမ်းသာ ဧကန်မုချ ရကြမည်။

အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ)

ပညာမဲ့သည် မိမိခန္ဓာကိုယ်ကို ကာမဂုဏ်အတွက် အသုံးချ၍ အပယ်သို့ သွားသည်၊ ပညာရှိသည် မိမိခန္ဓာကိုယ်ကို တရားရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

သူရဲကောင်းဆိုတာ ကိလေသာဖြစ်မယ့် ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။

အရှင်သာဓိန

ဟောဒီ ခုရောက်ရှိနေတဲ့ဘ၀လေးဟာ တကယ်ဆိုတော့ လမ်းဆုံလေး တစ်ခုပဲ၊
လမ်းဆုံဆိုတာ ဘယ်အရပ်ကိုပဲသွားချင်သွားချင် သွားလို့ရတဲ့နေရာပဲ၊
ဒါပေမယ့် အဲဒီလမ်းဆုံမှာ လမ်းမှားတွေလည်း ရှိနေတယ်၊ လမ်းမှန်ကလည်း အတိအကျရှိနေပြန်ရော၊
ဒီတော့ လမ်းမှန်ကိုသာ တည့်တည့်လျှောက်ပါ၊ လမ်းမသိရင် လမ်းဆုံမှာ မေးစရာလူတွေရှိတယ်၊ ဗုဒ္ဓစာပေတွေရှိတယ်၊ သိကြားတတ်မြောက် လိမ်မာသူတွေရှိတယ်၊ ဖတ်ပါ၊ မေးပါ၊ လိုရာခရီးကို လွယ်ကူစွာ ရောက်ပါလိမ့်မည်... ဘုန်းဘုန်းဦးသာဓိန (ခေတ္တ-ဘုံဘေတက္ကသိုလ်)

အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး၊ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန် ဖြစ်နေပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ သေဖို့က တဖြည်းဖြည်း နီးလာပြီလေ။

ဆရာတော် ဦးသုမင်္ဂလ

လောကကြီး ပျက်နေပြီတဲ့၊ ရမ်းမပြောနဲ့… ကိုယ့်ကိုယ်ကို ပြန်ကြည့်ဦး။

အရှင်ရေ၀တ (ဖားအောက်တောရ)

အမြဲမပြတ် ကိလေသာမီး တညီးညီး တောက်လောင်နေပါလျက် အဘယ်ကြောင့် သင်တို့ ပျော်မြူးရယ်ရွှင် နေဘိသနည်း၊ အဘယ်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်နေဘိသနည်း။

အရှင်ဝိစိတ္တ

လောကသားတိုင်း လိုက်နာ ကျင့်ဆောင်သင့်တဲ့ ၀တ်နှစ်မျိုး ရှိပါတယ်။
တစ်မျိုးက လောက၀တ်ဖြစ်ပြီး နောက်တစ်မျိုးက ဓမ္မ၀တ်ပါ။
လောက၀တ်ဆိုတာ လောကကြောင်းအရ သတ်မှတ်ထားတဲ့ မိဘနဲ့ သားသမီး ပြုကျင့်ရမယ့် ၀တ်များ၊ ဆရာနဲ့တပည့်၊ လင်နဲ့မယား၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အချင်းချင်း ကျင့်ရမယ့် ၀တ်များ စတာတွေကို ဆိုပါတယ်။
ဓမ္မ၀တ်ဆိုတာ ဘာသာတရားက သွန်သင်ဆုံးမ သတ်မှတ် ပေးထားတဲ့ ငါးပါးသီလကို လုံအောင်ထိန်းမှု၊ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်မှု၊ သီလ သမာဓိ ပညာ ပြည့်စုံအောင် အားထုတ်မှု စတာတွေပါ။ ဒီတော့ကာ လောက၀တ်ကို မလိုက်နာဘဲ ဖောက်ဖျက်ရင် ပစ္စုပ္ပန်မှာ ဆင်းရဲဒုက္ခ ရောက်ရတတ်ပြီး ဓမ္မ၀တ်ကို မလိုက်နာ မကျင့်သုံးရင် သံသရာမှာ ဆင်းရဲဒုက္ခ ရောက်တတ်ပါတယ်။ ဒါကြောင့် အတိုချုပ် ပြောရရင် …လောက၀တ်လည်း မချွတ်စေနဲ့ ဓမ္မ၀တ်လည်း မလွတ်စေနဲ့… ဆိုတာပါပဲကွယ်…။

အရှင်နာယကာ လင်္ကာရ

ကိုယ်ဖြစ်ကိုယ်ခံလောကကြီးထဲမှာ ဘယ်သူမှ မကယ်နိုင်ဘူး။ မသေခင်မှာ ကောင်းကောင်းနေကြ။


အရှင်တိက္ခဉာဏာ လင်္ကာရ

လူတိုင်းမှာ အစွမ်းကိုယ်စီ ရှိကြတယ်၊ ဒါပေမယ့် အဲဒီအစွမ်းအစတွေနဲ့ လူသားတွေအတွက် တတ်နိုင်သလောက် အကျိုးပြုပေးဖို့ စစ်မှန်တဲ့မေတ္တာ ထက်သန်တဲ့ ဆန္ဒတွေတော့ ရှိဖို့လိုအပ်တယ်။

အရှင်ဥတ္တမသာရ

ကိုယ်လုပ်စရာရှိတာ အစွမ်းကုန်လုပ်၊ မမျှော်နဲ့၊ မပူနဲ့။ မျှော်ရင်၊ ပူရင် ဒုက္ခရောက်မယ်။

အရှင်ဝိဇ္ဇောတ

နေပူထဲကလေဟာ အေးမြတယ်လို့ ထင်ရပေမယ့် အပူငွေ့တွေ ပါနေတယ်...

( ဖိုးသား-mail မှ )

တကယ်မသေခင် အစမ်းသေကြည့်ရအောင်

ဒီဘ၀ ဒီခန္ဓာနဲ့ သံသရာ ၀ဋ်ဇာတ် အမြစ်ပြတ်အောင် အားမထုတ်နိုင် သေးဘူး ဆိုရင်တော့ သေလွန်ပြီးတဲ့ နောက် ကောင်းရာ သုဂတိ ရောက်ဖို့ကိစ္စကို အရေးတကြီး ထည့်သွင်း စဉ်းစားရပါဦးမယ်။

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာ ပုဂ္ဂိုလ်များ ကတော့ ကောင်းရာသုဂတိ ရောက်ဖို့ သေချာပြီးသားပါ။ အောက်ဆုံး အရိယာ ဖြစ်တဲ့ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွားပြီ ဆိုရင်ပဲ အပါယ်လေးပါး ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိကို လုံးဝ မရောက်နိုင်တော့ ပါဘူး။ သောတာပန် ပုဂ္ဂိုလ် သေလွန်ခါနီးမှာ အပါယ် လေးပါးကို ကျရောက်သွားစေ နိုင်တဲ့ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင် မလာနိုင်တော့ပါဘူး။

သောတာပန်မှ မဖြစ်သေးဘူး ဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့ ပုထုဇဉ်ပဲ ဖြစ်ဖြစ်၊ ဘယ်လောက် အဆင့်မြင့်တဲ့ သူတော်စင်ပဲဖြစ်ဖြစ်၊ အကြောင်းမတော်ရင် အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်လာပြီး အပါယ်လေးပါး ကျရောက်သွားနိုင်ပါတယ်။ တကယ် သေလွန်ခါနီး အချိန်မှာ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်မလာဖို့ အတွက် မသေခင်ကတည်းက ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အသေကြီးကို ရင်ဆိုင်နိုင်ဖို့အတွက် အသေလေးနဲ့ လေ့ကျင့်ထားရပါမယ်။

အသေကြီးဆိုတာ ဘ၀တစ်ခုလုံးရဲ့ နောက်ဆုံး အပြီးအပြတ် သေလွန်ခြင်းကို ပြောတာပါ။ တကယ် သေသွားတာကို ပြောတာပါ။ အသေလေး ဆိုတာကတော့ ဘ၀ တစ်နေ့တာရဲ့ နောက်ဆုံး အိပ်စက်ခြင်းကို ပြောတာပါ။ တဒင်္ဂ၊ တစ်ခဏ သေသလို ဖြစ်သွားတာကို ပြောတာပါ။ အသေကြီးဆိုတာ မနိုးသော အိပ်စက်ခြင်း ဖြစ်ပြီး အသေလေး ဆိုတာ နိုးသော အိပ်စက်ခြင်း ဖြစ်ပါတယ်။

မနိုးသော အိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီး အချိန်မှာ အကောင်းဆုံး အနေအထား ဖြစ်နေဖို့ အတွက် နိုးသော အိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီး အချိန်ကို အကောင်းဆုံး အနေအထား ဖြစ်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ အသေကြီးနဲ့ သေခါနီး အချိန်မှာ အာရုံကောင်း၊ နိမိတ်ကောင်းတွေ ထင်မြင်နေဖို့ အတွက် အသေလေးနဲ့ သေခါနီး အချိန်ကို အာရုံကောင်း၊ နိမိတ်ကောင်းတွေနဲ့ ထုံမွှမ်းပေးထားရပါမယ်။

ညအိပ်စက်တာဟာ အသေလေးနဲ့ သေတာပါ။ ညအိပ်တော့မယ်လို့ မျက်စိ မှိတ်လိုက်တာနဲ့ တစ်ပြိုင်နက် အာရုံကောင်းတွေ၊ ကုသိုလ် အာရုံတွေပဲ ထင်မြင်နေစေရပါမယ်။ ကုသိုလ် အာရုံက ဒါနအာရုံ၊ သီလအာရုံ၊ သမထ အာရုံ၊ ၀ိပဿနာ အာရုံလို့ လေးမျိုးရှိပါတယ်။ တကယ် သေခါနီး အချိန်မှာ ဘယ်ကုသိုလ် အာရုံထင်လာမယ်၊ ဘယ်ကုသိုလ်ကို အာရုံယူလို့ ရမယ်ဆိုတာ ကြိုတင် မသိနိုင်တဲ့အတွက် အိပ်ခါနီး အချိန်မှာ ကုသိုလ်အာရုံ လေးမျိုးလုံးကို ယူထားရပါမယ်။

စနစ်တကျ ကြိုတင် လေ့ကျင့်ထားတာ တောင်မှ တကယ့်တကယ် သေခါနီး ကျတော့ ဘယ်ကုသိုလ်ကို အာရုံယူရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ တကယ်လို့ သိခဲ့ရင်တောင်မှ အင်အား ကြီးမားတဲ့ အစွဲအလမ်း အာရုံတွေ၊ အတွယ်အတာ အာရုံတွေရဲ့ လွှမ်းမိုးမှုကြောင့် ကုသိုလ် အာရုံကို အာရုံယူဖို့ ခက်ခဲနေတတ်ပါတယ်။ ဒါ့ကြောင့် ညအိပ်ခါနီး အချိန်ကို တကယ်သေခါနီး အချိန်လို့ သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင် အလေးအနက်ထား ကြိုးစားကြရပါမယ်။

ဒါနအာရုံ အနေနဲ့ ဒီနေ့ ဒီအချိန်အထိ ဘ၀ တစ်သက်တာမှာ ပြုခဲ့တဲ့ ဒါန ကောင်းမှုတွေထဲက ကိုယ် အနှစ်သက်ဆုံး၊ ကိုယ် ပီတိအဖြစ်ဆုံး ဒါနကောင်းမှု တစ်ခုခုကို အာရုံပြုရပါမယ်။ အဲဒီ ဒါန ကောင်းမှုဟာ ငွေကြေး အကုန်အကျ အနေနဲ့ နည်းချင်လည်း နည်းမယ်၊ များချင်လည်း များမယ်၊ လုံးဝ မကုန်ကျတာလည်း ဖြစ်ချင်ဖြစ်မယ်။ အကုန်အကျ အနည်းအများက အဓိက မဟုတ်ပါဘူး။ ကိုယ်တကယ် နှစ်သက် ကျေနပ်ဖို့၊ ကိုယ်တကယ် ၀မ်းမြောက်ပီတိ ဖြစ်ဖို့က အဓိကပါ။

အကုန်အကျ များတိုင်း အကျိုးပေး ထက်သန်တာ မဟုတ်ပါဘူး။ ပီတိအား ကောင်းမှ အကျိုးပေး ထက်သန်တာပါ။ ကိုယ် ပီတိအဖြစ်ဆုံး ဒါန ကောင်းမှုကို ခုလောလောဆယ် လှူနေရသလို အာရုံထင်မြင်ပြီး ၀မ်းမြောက်ပီတိ ဖြစ်နေရပါမယ်။

ညအိပ်ယာ ၀င်ခါနီးတိုင်း ဘုရား သောက်တော်ရေ အသစ်လဲတဲ့ အကျင့် စွဲစွဲမြဲမြဲ လုပ်ပေးပါ။ အိပ်ခါနီး (အသေလေးနဲ့ သေခါနီး) ရဲ့ အနီးကပ်ဆုံး ဒါန ကုသိုလ်ဖြစ်လို့ အာရုံယူရတာ အလွန် လွယ်ကူပါတယ်။ အေးချမ်းမှုနဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်ရတဲ့ အတွက်… ဘ၀တစ်လျှောက်လုံး အစစ အရာရာ အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။

သီလကုသိုလ် အနေနဲ့ အောက်ထစ်ဆုံး ငါးပါးသီလ၊ လူဝတ်ကြောင်တိုင်း မစောင့်မဖြစ် စောင့်ရမယ့် ငါးပါးသီလကို ဆင်ခြင်ရပါမယ်။ ဆင်ခြင်လိုက်တဲ့ အချိန်မှာ ငါးပါးသီလ လုံခြုံသူ ဖြစ်နေဖို့အတွက် ညအိပ်ယာ ၀င်ခါနီးတိုင်း ငါးပါးသီလကို အသစ်ခံယူ ဆောက်တည်ပါ။ ဆောက်တည်ပြီးတဲ့ အချိန်ကစပြီး မကျိုး မပေါက်ပါစေနဲ့။ အိပ်တော့မယ် ဆိုတော့လည်း ကျိုးပေါက်စရာ မရှိတော့ပါဘူး။ ဒါဆိုရင် “ငါအခု နောက်ဆုံး ငါးပါးသီလ ယူပြီးတဲ့ အချိန်ကစပြီး ငါးပါးသီလ လုံခြုံနေပြီ” လို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါတယ်။ ရှစ်ပါးသီလ၊ သာမဏေသီလ၊ ရဟန်းသီလ ကျင့်သုံးနေသူ တွေကလည်း ကိုယ့်သီလကိုယ် ဆင်ခြင် နှလုံးသွင်းပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေရပါမယ်။ ကုစားသင့်တာ ရှိရင် မအိပ်ခင်က ကြိုတင် ကုစားထားရပါမယ်။

သမထ ကုသိုလ် အနေနဲ့ ကိုယ် အနှစ်သက်ဆုံး၊ ကိုယ် အကြည်ညိုဆုံး ဘုရား ဂုဏ်တော် တစ်ခုခုကို ပွားများပါ။ ဥပမာ- အရဟံ ဂုဏ်တော်ကို အနှစ်သက် အကြည်ညိုဆုံး ဆိုရင်
အရ,ဟံ - ကိလေသာ ကင်းစင်တော် မူသော မြတ်စွာဘုရား၊
အ,ရဟံ - ဆိတ်ကွယ်ရာ အရင်၌ပင် မကောင်းမှုကို ပြုတော် မမူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား

လို့ အရဟံ ဂုဏ်တော်ရဲ့ အဓိပ္ပါယ်ကို အာရုံထင်မြင်အောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများရပါမယ်။

ဘုရားဂုဏ်တော် ကိုးပါးလုံးကို အဓိပ္ပါယ်သိသိ ပွားနိုင်ဖို့အတွက် မြန်မာလို အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို လေ့လာထားရပါမယ်။ ကျက်သင့်တာတွေ ကိုလည်း ကျက်ထားရပါမယ်။

နောက်တစ်ခု သမထ အနေနဲ့ မေတ္တာဘာဝနာ ပွားများနေရပါမယ်။ အနည်းဆုံး “သတ္တ၀ါ အားလုံး ချမ်းသာကြပါစေ” လို့ သုံးခေါက်လောက် ပွားများရပါမယ်။ ကိုယ်နှစ်သက်ရာ၊ ကိုယ်အားသန်ရာ မေတ္တာပွားနည်း တွေနဲ့လည်း မေတ္တာ ပွားနိုင်ပါတယ်။

ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထ ကုသိုလ်တွေကို အစဉ်အတိုင်း အာရုံပြု ၀မ်းမြောက်ပြီးပြီ ဆိုရင် နောက်ဆုံး ၀ိပဿနာ ကုသိုလ်နဲ့ အိပ်လိုက်ပါတော့။

နှာသီးဝ လေထိရာ အရပ်မှာ သတိကပ်ထားပြီး လေ၀င်ရင် “၀င်တယ်”၊ လေထွက်ရင် “ထွက်တယ်” ရှုမှတ်ပြီး နေပါ။ ၀င်တိုင်း၊ ထွက်တိုင်းသာ တစ်ဆက်တည်း သိနေမယ် ဆိုရင် လေးငါးချက်ထက် ပိုမမှတ်ရပါဘူး။ ချက်ချင်း အိပ်ပျော်သွားပါ လိမ့်မယ်။ ၀င်လေ၊ ထွက်လေ ရှုမှတ်ခြင်းဟာ အကောင်းဆုံး အိပ်ဆေးပါပဲ။ လေ၀င်၊ လေထွက်တိုင်း ထိတွေ့ တွန်းကန်မှုတွေကို သိနေမယ် ဆိုရင် လောဘ၊ ဒေါသစတဲ့ ကိလေသာ တွေလည်း ဖြစ်ခွင့် မရတော့ ပါဘူး။ သမာဓိ၊ ဉာဏ် ရင့်သန်ပြီးသား ပုဂ္ဂိုလ်ဆိုရင် အိပ်ယာဝင်ရာမှာ လေ၀င်လေထွက် မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွား နိုင်ပါတယ်။

ညအိပ်တိုင်း ဒါနအာရုံ၊ သီလအာရုံ၊ သမထ အာရုံ၊ ၀ိပဿနာ အာရုံနဲ့ အိပ်စက်သွားမယ် ဆိုရင် သေလွန်ခါနီးမှာလည်း အဲဒီ အာရုံလေးမျိုး တစ်မျိုးမျိုးနဲ့ သေလွန်ရမှာ သေချာပါတယ်။ ကုသိုလ် အာရုံနဲ့ သေလွန်သွားသူကို ကောင်းရာ သုဂတိဘုံ တွေက သူဦးကိုယ်ဦး လက်ကမ်း ကြိုဆိုနေကြ မှာပါ။

ဒါ့ကြောင့် ညအိပ်ယာဝင်၊ ခေါင်းအုံးပေါ် ခေါင်းချ၊ ကျောဆန့်ပြီးတာနဲ့ တစ်ပြိုင်နက် “ငါခဏ သေလိုက်ဦးမယ်” လို့ ကိုယ့်ကိုယ်ကို စိတ်ထဲက ပြောပြီး သေနည်း လေ့ကျင့်ကြဖို့ အထူးတိုက်တွန်း လိုက်ပါတယ်။ မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ သေနည်း လေ့ကျင့်တဲ့ အလုပ်ကိုလည်း ထိပ်ဆုံးနေရာက ထည့်သွင်းထားရပါမယ်။

( ဖိုးသား-email မှ )

နတ်သမီးနဲ့ မျောက်အိုမ

တခါတုန်းက ကပိလ၀တ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဓနနဲ့ ဂေါတမီမိဖုရားတို့မှာ နန္ဒမင်းသားဆိုတဲ့ သားတော်တပါး ရှိပါတယ်။ ဘုရင်ကြီးသုဒ္ဓေါဓနဟာ သားတော်ကြီး သိဒ္ဓတ္ထက ထီးနန်းစွန့်ခွါပြီး တောထွက်သွားတာမို့ နန္ဒမင်းသားကိုပဲ အားကိုးအားထားပြုပြီး ထီးနန်းကို လွှဲအပ်ပေးခဲ့ပါတယ်။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ရဲ့ လက်ထပ်ပွဲ နဲ့ ဘိသိက်ပွဲဟာ အင်မတန် ကြီးကျယ်ခမ်းနားခဲ့တာပေါ့။

နန္ဒမင်းသား လက်ထပ်ပြီး မင်းလုပ်မယ့်အချိန်မှာ အကိုဖြစ်သူ သိဒ္ဓတ္ထမင်းသားက ဘုရားအဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီ။ ဒါကြောင့်လည်း ဆွေတော်မျိုးတော်တွေကိုတွေ့ဖို့ ကပိလ၀တ်ပြည်ကို ရောက်ရှိလာခဲ့ပါသတဲ့။ ဒီတော့လည်း နန္ဒမင်းသားအနေနဲ့ သူ့ရဲ့မင်္ဂလာဆွမ်းကို အကိုဖြစ်တဲ့ ဘုရားရှင်ဆီမှာ ဆက်ကပ်ခဲ့တော့တာပေါ့။ နန္ဒမင်းသားဟာ ငယ်စဉ်ကတည်းက အကိုသိဒ္ဓတ္ထကို ချစ်ကြောက်ရိုသေခဲ့သူမို့ အမြဲ ဂါရ၀တရားရှေ့ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စက ဒီမှာတွင်မပြီးဘဲ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ ပြဿနာစတော့တာပါပဲ။ နန္ဒမင်းသားက ဘုရားရှင်ကို ရိုသေတဲ့အနေနဲ့ နန်းတော်ပေါက်ဝအထိ သပိတ်ကိုကိုင်ပြီး လိုက်ပို့ပေးခဲ့ပါတယ်။

သူ့စိတ်ထဲမှာလည်း အကိုဘုရားက အပေါက်ဝထိပဲ သူ့ကို သပိတ်ကိုင်ခိုင်းမယ်ထင်တာပေါ့။ ဒါပေမယ့် ဘုရားရှင်ကလည်း ညီတော်ကို ချွတ်ချင်တော့ နန်းတော်ပေါက်ဝမှာ သပိတ်ကို ပြန်မယူဘဲ ကျောင်းတော်အထိ လိုက်ပါစေခဲ့ပါတယ်။ နန္ဒမင်းသားဟာ ဘုရားနောက်က သပိတ်ကိုင်ပြီး ပါသွားတယ်လည်းကြားရော ဇနပဒကလျာဏီဟာ ချက်ချင်းကို လေသာပြတင်းကထွက်ပြီး-
( ဇနပဒကလျာဏီက )-မောင်တော် မောင်တော်ဘုရား မြန်မြန်ပြန်ခဲ့ပါနော်။
နန္ဒမင်းသားလည်း အသံကြားလို့ လှည့်ကြည့်တဲ့အခါ ဇနီးသည်ရဲ့ စိုးရိမ်တဲ့မျက်ဝန်း၊ ကြောင့်ကြပုံစံကို မြင်လိုက်ရတော့ ချက်ချင်းတောင် ပြန်လှည့်ပြေးချင်တော့တာပေါ့။ ဒါပေမယ့် ဘုရားရှင်ကို ကြောက်ရ၊ ရိုသေရတာမို့ ကြိတ်မှိတ်ပြီး ကျောင်းအထိ လိုက်သွားခဲ့ပါတယ်။

ကျောင်းကိုရောက်တဲ့အခါမှာ ဘုရားရှင်က -
( ဘုရားရှင် )-ညီတော်-ရဟန်းပြုပေးမယ်ဆိုရင် ပြုနိုင်မလား။
( နန္ဒမင်းသား )-မှန် မှန်ပါ့ဘုရား၊ ပြု ပြုပါ့မယ်ဘုရား။
နန္ဒမင်းသားဟာ စိတ်ထဲက အကြိမ်ကြိမ် ငြင်းမိပေမယ့် ပါးစပ်ကတော့ ဒီလိုပဲ ထွက်သွားခဲ့ပါတယ်။ မပြုချင်ပါဘူးလို့ သူဘယ်လိုမှ မပြောရဲခဲ့ပါဘူးတဲ့။ ဒီလိုနဲ့ပဲ နန္ဒမင်းသားဟာ ရဟန်းပြုဖြစ်သွားခဲ့ပါတယ်။ ကြောက်လို့သာ ရဟန်းပြုခဲ့ရသူဆိုတော့ သာသနာ့ဘောင်မှာ ဘယ်လိုပျော်နိုင်မှာတဲ့လဲ။ စိတ်ထဲမှာလည်း ဇနီးသည်ရဲ့ အမှာစကားနဲ့ မှာလိုက်ပုံလေးကို တမ်းတနေတာပေါ့။ အရှင်နန္ဒ သာသနာ့ဘောင်မှာ မပျော်မှန်းသိတဲ့ ဘုရားရှင်က ရှင်နန္ဒရဲ့စိတ်ကို ဒီလိုအနိုင်ယူခဲ့ပါတယ်။

အဲဒါကတော့ လမ်းခုလတ်မှာ မီးလောင်ပြီး အမြီးပြတ်နေတဲ့ မျောက်အိုမကြီး တကောင်ကိုပြပြီး-
( ဘုရားရှင် )-ရှင်နန္ဒ-ဒီမျောက်အိုမကြီးနဲ့ ဇနပဒကလျာဏီ ဘယ်သူချောသလဲ
( ရှင်နန္ဒ )-ဘယ်လိုမေးလိုက်တာလဲ ဘုရား၊ ဇနပဒကလျာဏီက မနှိုင်းယှဉ်သာအောင် သာတာပေါ့။
( ဘုရားရှင် )-ဟုတ်ပါပြီလေ။
ဘုရားရှင်က ဒီတခွန်းပဲပြောပြီး တာဝတိံသာနတ်ပြည်ကို ဆက်လက်ကြွချီသွားတဲ့အချိန်မှာတော့ နတ်ပြည်မှာ အင်မတန်ချောမောလှပတဲ့ နတ်သမီးတွေ တပုံတပင်မို့ ရှင်နန္ဒမှာ အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။
( ဘုရားရှင် )-ရှင်နန္ဒ-ဒီနတ်သမီးတွေနဲ့ ဇနပဒကလျာဏီ ယှဉ်လျှင်ရော။
( ရှင်နန္ဒ )-နတ်သမီးတွေရဲ့အလှက တပုံကြီး သာတာပေါ့ဘုရား၊ သူတို့နှင့်ယှဉ်လျှင် ကလျာဏီဟာ မျောက်အိုမကြီးရဲ့ အနေအထားလောက်ပဲ ရှိပါတယ်။
( ဘုရားရှင် )-ဒါဆို-ညီတော်နန္ဒ-ဒီနတ်သမီးတွေကို လိုချင်လျှင် သာသနာတော်မှာ ပျော်ပျော်နေပါ။ သူတို့ကို ရစေရပါ့မယ်။

ရှင်နန္ဒဟာ တခါတည်းငြိမ်ကျသွားပါတော့တယ်။ ဘုရားရှင်စကားကို ယုံပြီး သာသနာ့ဘောင်မှာ ပျော်အောင်ကြိုးစားပြီး နေခဲ့ပါတယ်။ ဒါပေမယ့် ရဟန်းတွေကြားထဲမှာတော့ ပြောစရာကြီးတခုလို ဖြစ်တော့တာပေါ့။ ရှင်နန္ဒဆိုတဲ့ရဟန်းဟာ သာသနာ့ဘောင်မှာပျော်ဖို့အတွက် နတ်သမီးတွေနဲ့ မျှားထားရတယ်ဆိုပြီး သတင်းတွေ ပြန့်ကုန်ပါတော့တယ်။ ရှင်နန္ဒကို တွေ့တဲ့အခါမှာလည်း စ,သလို နောက်သလိုနဲ့ ဒီအကြောင်းက အမြဲလိုလို ပြောလာကြတဲ့အခါ ကြာလာတော့ ရှင်နန္ဒစိတ်ထဲမှာ ရှက်စိတ် မခံချင်စိတ်တွေ ၀င်လာခဲ့ပါတယ်။ ရဟန်းတို့ရဲ့ ကဲ့ရဲ့စကားကို မခံချင်တော့တာမို့ ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်လိုက်တာဟာ မကြာခင်အချိန်မှာ အရဟတ္တဖိုလ်ကို ဆိုက်ရောက်ခဲ့ပါတော့တယ်။ ဒီတော့မှ သူဟာ စိတ်လက်အေးချမ်းစွာနဲ့ ဘုရားရှင်ထံပါးသွားပြီး-

( ရှင်နန္ဒ )-အရှင်ဘုရား-ဒီနေ့မှစ၍ နတ်သမီးငါးရာကို ရရှိလိုခြင်းမှ ကင်းပါပြီဘုရား။
( ဘုရားရှင် )-သာဓု သာဓု သာဓု။
ပြောင်းလဲသွားတဲ့ ရှင်နန္ဒကိုကြည့်ပြီး ရဟန်းတွေက ဒီကိုယ်တော် ထူးခြားတယ်လို့ ထင်လာကြတယ်။ ရဟန္တာဖြစ်သွားတဲ့ ရှင်နန္ဒအကြောင်းကို မသိကြသေးဘဲ အရင်ကလို စကြ နောက်ကြတဲ့အခါ ရှင်နန္ဒက ဣနြေ္ဒသိက္ခာကြီးမားစွာနဲ့ သာသနာ့ဘောင်မှာ တကယ်ပျော်မွေ့သွားပါပြီ ငါ့ရှင်တို့။ လူ့ဘ၀မှာ တောင့်တမှု မရှိတော့ပါဘူး-လို့ ပြန်ဖြေပါတယ်။ ရှင်နန္ဒရဲ့ စကားကို မယုံကြည်ကြတဲ့ ရဟန်းတွေဟာ ဒီအကြောင်း ဘုရားရှင်ဆီ လျှောက်ထားမေးမြန်းခဲ့ကြပါသတဲ့။

ဘုရားရှင်ဟာ ညီတော်နန္ဒ ရဟန္တာဘ၀ကို ရောက်ရှိသွားပြီးမှန်း သိနေခဲ့တာမို့ ရဟန်းများ သံသယမပွားစေရန် ဒီလိုဟောကြားခဲ့ပါတယ်။
( ဘုရားရှင် )-ရဟန်းတို့ အိမ်တလုံးမှာ အိမ်ခေါင်မိုး မလုံလျှင် မိုးရေပေါက်တွေ အိမ်ထဲ ၀င်မှာပဲ။ ထို့အတူ ရဟန်းတရားကို ကောင်းစွာ မကျင့်ကြံ မပြီးစီးဘူးဆိုရင်လည်း မကောင်းသော အတွေးစိတ်ကူးတွေ ၀င်မှာပဲ။ အခု ရှင်နန္ဒကတော့ လုံသောအိမ်ခေါင်မိုးကဲ့သို့ ဖြစ်သွားပြီ။
ရဟန်းအပေါင်းဟာ ဘုရားရှင်ရဲ့တရားအဆုံးမှာ သာဓုခေါ်ဆိုပြီး ၀မ်းမြောက်သွားခဲ့ကြပါတယ်။ ကလေးတို့လည်း ဒီဇာတ်တော်လေးကို ဖတ်ပြီးတဲ့အချိန်မှာ ရှင်နန္ဒရဲ့ ပြတ်သားရဲရင့်တဲ့ စိတ်ထားကို ကြည်ညိုအားကျနိုင်ကြပါစေ။

( မိုးမိုးစောဝင်း )

ရင်သွေးများအတွက် မိဘမေတ္တာ

ဒီတပတ် မိခင်များရဲ့ စကားဝိုင်းမှာ အေးချမ်းမှန်ကန်တဲ့ စိတ်ထားနဲ့ တင်ပြဆွေးနွေးလာတဲ့ ဒေါ်မူမူဝင်း-ဟင်္သာတရဲ့ စာမူကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်မ ဒေါ်မူမူဝင်းကတော့ ရင်သွေးများအတွက် မိဘမေတ္တာဆိုတဲ့ ခေါင်းစဉ်နဲ့ ၀င်ရောက်ဆွေးနွေးပါရစေရှင့်။ ယဉ်ကျေးလိမ္မာဂျာနယ်ကိုဖတ်တာ ကျွန်မမြေးတွေပါ၊ မြေးတွေအတွက် အပတ်စဉ်ယူရင်းနဲ့ ကျွန်မဒီကဏ္ဍကို စိတ်ဝင်တစား ဖတ်ဖြစ်ပါတယ်။ မိသားစုတိုင်းအတွက် အရမ်းကိုအကျိုးရှိပါတယ်။ ဒါနဲ့ ကျွန်မလည်း ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးကို တင်ပြရင် အကျိုးရှိမယ်ထင်လို့ ပါဝင်ဖြစ်တာပါ။ ကျွန်မ စာမူလေး ရွေးချယ်ခံရရင် သိပ်ကောင်းမှာပါပဲ။ ကျွန်မပြောချင်တဲ့ ကျွန်မဖြစ်ရပ်က ဒီလိုပါ။

သွားလာနည်း

ကလေးတို့ရေ ဘုန်းကြီးရဟန်းသံဃာများထံ သွားလာတဲ့အခါ ဘယ်လိုသွားလာရမယ်ဆိုတာ သိထားဖို့အတွက် ကဗျာနှင့်တမျိုး စကားပြေနှင့်တဖုံ စိတ်ဝင်စားဖွယ် တင်ပြလိုက်ပါတယ်။

ကဗျာ။
ဘုန်းဘုန်းထံ ဘယ်လိုသွား၊ လက်အုပ်ချီကာ ဦးညွတ်သွား။
ဘုန်းဘုရားနား ရောက်တဲ့အခါ၊ ရိုသေလေးစား ၀တ်တွားပါ။
ကပ်စရာပါ လက်နှစ်ဖက်၊ ကောင်းစွာသပ်ရပ် ကပ်တတ်လျက်။
ဆရာ့လက်က ပေးပြန်မူ၊ လက်နှစ်ဖက်နဲ့ ကောင်းစွာယူ။
ဆရာ့ရှေ့တူ ရပ်ပါလတ်၊ ခြေစုံမတ်တတ် ရိုသေရပ်။
ဆရာမြတ်က လွှတ်မှလေ၊ ၀တ်တွားသွားရပေ။
လက်အုပ်ချီစေ နောက်ဆုတ်သွား၊ မေ့၍မထား တပည့်များ။

စကားပြေ။
ရဟန်းသံဃာများထံသို့သွားလျှင် နဖူးထိပ်မှာ လက်အုပ်တင်ပြီး အနည်းငယ်ခေါင်းငုံ့ကာ ညင်သာစွာ သွားရမည်။
သံဃာတော်နား ရောက်တဲ့အခါ ရိုရိုသေသေထိုင်ပြီး ကောင်းမွန်စွာ ၀ပ်ချရမည်။
ကပ်လှူစရာပါလျှင် လက်နှစ်ဖက်နှင့် ကောင်းမွန်စွာကပ်လှူပြီး သံဃာတော်များက ပေးလာခဲ့ပါလျှင် လက်နှစ်ဖက်နဲ့ ကောင်းစွာယူရမည်။
ရပ်နေဦးဟု အသံကြားသည့်အခါ ခေါင်းငုံ့ရိုသေစွာ ရပ်ပြီး သွားခွင့်ရသည့်အခါမှာ ခက်အုပ်ချီခေါင်းငုံ့၍ ခြေလှမ်းကို အနည်းငယ် နောက်ဆုတ်သွားပြီးမှ ကိုယ်လိုရာဘက်ကို ဖြည်းဆေးစွာ သွားရမည်။

ကောင်းကောင်းနိုးသူ

နေ့ရော ညပါ အမြဲတမ်း ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်တွေကို အောက်မေ့တဲ့ ဘုရားတပည့် ၊
ကိုယ်ခန္ဓာကို အောက်မေ့တဲ့ သတိရှိသူ၊
ကရုဏာ မေတ္တာကို ပွားများသူတွေဟာ
ကောင်းကောင်း အိပ်ရာက နိုးကြတယ်။

( ဓမ္မပဒ-၅၆ )

Sunday, August 30, 2009

ညီအကိုပင် ဖြစ်သော်လည်း

တခါတုန်းက သေတဗျမြို့မှာ မဟာကာဠ မဇ္ဈိမကာဠ စူလကာဠဆိုတဲ့ ညီအကိုသုံးယောက်ရှိပါတယ်။ အကိုကြီးနဲ့ ညီအငယ်ဆုံးဟာ ကုန်သည်အလုပ်ကို လုပ်ကိုင်ကြပြီး ညီလတ်ကတော့ ညီအကိုတွေ နယ်တကာလှည့်ပြီး ၀ယ်ယူလာတဲ့ ပစ္စည်းတွေကို အိမ်မှာ ဒိုင်ခံရောင်းဝယ်ဖောက်ကားတဲ့ အလုပ်ကို လုပ်ရသတဲ့။ ညီအကိုတွေ စီးပွားရှာရာမှာ တက်ညီလက်ညီ ရှိကြတဲ့သဘောပါ။

တနေ့မှာ အကိုကြီးနှင့် ညီငယ်ဟာ အရောင်းအ၀ယ်ကိစ္စနဲ့ ဘုရားရှင်သီတင်းသုံးရာ သာဝတ္ထိပြည်ကို ရောက်ခဲ့ပါတယ်။ အကိုကြီး မဟာကာဠဟာ သာဝတ္ထိကို ရောက်နေတုန်း ဘုရားရှင်ရဲ့တရားကို နာယူမိပြီး မမြဲတဲ့ သဘောတရားကို ဆင်ခြင်မိသွားသတဲ့။ သူရှာဖွေစုဆောင်းနေသမျှဟာ သေရင်သူ့နောက်ကို ဘာမျှမပါဘူးဆိုတာကို ကောင်းကောင်းသိသွားတဲ့အတွက် ဘုရားရှင်ထံမှာ ရဟန်းဝတ်ခွင့်တောင်းပြီး ရဟန်းပြုသွားခဲ့ပါတော့တယ်။ ညီငယ်လေးဟာ ခရီးသွားရင်း၊ စီးပွားရှာရင်းတန်းလန်းမို့ အကိုကြီးကို ရဟန်းမ၀တ်ဖို့ တားဆီးခဲ့ပေမယ့် ဘယ်လိုမှ တားဆီးလို့မရတဲ့အတွက် အကိုကြီးသွားရာလမ်းကို ငါလည်းလိုက်မဟဲ့ဆိုပြီး သူပါ ရဟန်းလိုက်ဝတ်ခဲ့ပါတော့တယ်။

အကိုကြီးနှင့်ညီငယ် ရဟန်းဝတ်သွားတဲ့သတင်းက သူတို့မြို့ သူတို့မိသားစုကို ပေါက်ကြားရောက်ရှိသွားတဲ့အခါမှာတော့ သူတို့ရဲ့ ဇနီးသည်တွေဟာ ၀မ်းနည်းပက်လက် ဖြစ်ကုန်ကြတော့တာပေါ့။
အကိုကြီး မဟာကာဠဟာ ပင်ကိုယ်စိတ် အားသန်ပြီး ရဟန်းပြုခဲ့တဲ့သူ ဖြစ်တဲ့အတွက် ရဟန်းဘ၀ရောက်တဲ့အချိန်မှာ တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာဟာ မကြာခင်ကာလမှာပဲ ရဟန္တာအဖြစ်ကို ရောက်ရှိသွားခဲ့ပါတော့တယ်။ ညီငယ်လုပ်တဲ့ စူလကာဠကတော့ နဂိုကတည်းက အကိုကြီးဝတ်လို့ လိုက်ဝတ်ခဲ့သူဆိုတော့ စိတ်ကမပါ။ များမြောင်တဲ့ရဟန်းသိက္ခာပုဒ်တွေကို စိတ်ပျက်ပြီး လူထွက်ဖို့အခွင့်အလမ်းကိုသာ ချောင်းနေပါတော့သတဲ့။ တနေ့မှာတော့ ဘုရားရှင်ဟာ နောက်ပါရဟန်းများနှင့်အတူ ဒေသစာရီကြွဖို့ အကြောင်းဖြစ်လာခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဒေသစာရီခရီးမှာ နောက်ဆုံးကြွရောက်မယ့် မြို့ဟာ ညီအကိုရဟန်းတို့ရဲ့ ဇာတိချက်ကြွေ သေတဗျမြို့ပဲ ဖြစ်ပါတော့တယ်။

မဟာကာဠရဟန်းနဲ့ စူလကာဠရဟန်းတို့ ပါလာတယ်လို့လည်း ကြားရော ဇနီးဟောင်းတွေက ၀မ်းသာအားရ ဖြစ်ကုန်ကြတော့တာပေါ့။ သူတို့က နဂိုကတည်းကမှ ရဟန်းဝတ်တာ သဘောမတူခဲ့ကြသူတွေဆိုတော့ ခင်ပွန်းဟောင်းတွေကို လူဝတ်ပြန်လဲအောင် လုပ်ရမယ်ဆိုပြီး စိတ်ကူးယဉ်ကြတော့တာပါပဲ။ သူတို့စိတ်ကူးတဲ့အတိုင်း ဖြစ်အောင် အစီအစဉ်ကျကျနဲ့ပဲ ဘုရားရှင်နဲ့သံဃာတော်တွေကို ဆွမ်းစားပင့်ဖိတ်ခဲ့ပါတော့သတဲ့။ ဖြစ်ချင်တော့ ဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေအတွက် နေရာထိုင်ခင်း အစီအစဉ် အဆင်ပြေမပြေ ကြိုတင်ကြည့်ရှု နေရာချလုပ်ဆောင်ရတဲ့တာဝန်ကို မြို့ခံဖြစ်တဲ့ စူလကာဠရဟန်းက တာဝန်ကျခဲ့တာနဲ့ ကွက်တိသွားတိုးတော့ပါပဲ။ ဇနီးဟောင်းက ခင်ပွန်းဟောင်းကို လူဝတ်မလဲချင် လဲချင်အောင် မူယာမာယာတွေ ပိုပိုသာသာလုပ်ပြတဲ့အခါမှာတော့ နဂိုကတည်းကမှ စိတ်ကမခိုင်တဲ့ စူလကာဠရဟန်းဟာ ခါးမတို့ခင်က ယားပါတယ်-ဆိုတဲ့ စကားပုံလိုပဲ တခါတည်း လူဝတ်လဲခဲ့တော့တာပေါ့။

စူလကာဠဟာ လူဝတ်လဲပြီးတဲ့အချိန်မှာလည်း မျက်နှာမပူ၊ မရှက်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သံဃာတော်တွေကို ဆွမ်းစားပင့်ဖို့ ကျောင်းကိုရောက်လာခဲ့ပါသတဲ့။ ဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေဟာ ထုံးစံအတိုင်း ပင့်ဖိတ်တဲ့ ဒကာရဲ့အိမ်ကို ဣနြေ္ဒသိက္ခာပြည့်စုံစွာနဲ့ ကြွရောက်ခဲ့ပါတယ်။ နောက်ပါရဟန်းတချို့ထဲက ရဟန်းငယ်တွေကတော့ လူဝတ်လဲသွားတဲ့ စူလကာဠကို အပြစ်တင်ပြောဆိုချင်ကြတာပေါ့။ ဘုရားရှင်ကတော့ ဆွမ်းဘုဉ်းပေး၊ အနုမောဒနာတရားကိုဟောပြီး ပြန်ကြွသွားခဲ့ပါတယ်။

နောက်နေ့မှာတော့ မဟာကာဠရဟန်းရဲ့ ဇနီးဟောင်းက ဆွမ်းစားပင့်ဖိတ်ခဲ့ပြန်ပါတယ်။ ဒီတခါမှာတော့ နေရာထိုင်ခင်း အစီအစဉ် ကြိုတင်သွားရောက်ကြည့်ရတဲ့ကိစ္စကို မဟာကာဠရဟန်း တာဝန်မကျတဲ့အတွက် မဟာကာဠရဟန်းရဲ့ ဇနီးဟောင်းဟာ သူကြိုတင်စိတ်ကူးထားသလိုတော့ ဆွဲဆောင်ဖို့ အခွင့်အရေး မရတော့ဘူးပေါ့။ ဒါပေမယ့် သူက လက်မလျှော့ဘဲ ဘုရားရှင်နဲ့ရဟန်းတွေ ဆွမ်းစားကြွရောက်ပြီး ဆွမ်းဘုဉ်းပေးပြီးသွားတဲ့အခါမှာတော့-

ဇနီးဟောင်း-----အရှင်ဘုရား၊ အရှင်မဟာကာဠဟာ တပည့်တော်တို့ကို တရားဟောဖို့အတွက် နေရစ်ခဲ့မှာဖြစ်ပါတယ်။ အရှင်ဘုရားတို့ အရင်ပြန်ကြွနှင့်ပါဘုရား။
ဗုဒ္ဓဘုရားရှင်ဟာ ဒကာမပြောတဲ့အတိုင်းပဲ မဟာကာဠကို ချန်ခဲ့ပြီး ပြန်ကြွသွားခဲ့ပါတယ်။ ဒီကိစ္စအတွက် ရဟန်းငယ်တွေ အချင်းချင်း တီးတိုးတီးတိုး ပြောကြပြန်တော့တာပေါ့။

ရဟန်းများ-----အရှင်မဟာကာဠကတော့ ကျန်ခဲ့ပြီ။ ဘာတွေဖြစ်ဦးမလဲ မသိဘူး။ ဟုတ်ပါရဲ့ ဒီတခါ အရှင်မဟာကာဠပါ လူထွက်သွားမယ်ဆိုရင် ရဟန်းကောင်းတပါး ဆုံးရှုံးတော့မှာပဲ။
ဘုရားရှင်က ဘာလို့များ ချန်ခဲ့ပါလိမ့်။ တပါတည်း အပါခေါ်ခဲ့ရမှာ

ဘုရားရှင်-----ရဟန်းတို့ သင်တို့စိတ်ထဲမှာ မဟာကာဠကို စူလကာဠလိုပဲ ဖြစ်မယ် ထင်နေကြသလား။
ရဟန်းများ-----ဟုတ်ပါတယ်အရှင်ဘုရား၊ ဒီအရှင်ရဲ့ ဇနီးဟောင်းကလည်း အကြံကြီးပါတယ်ဘုရား။ ဒီအရှင်ကို လူဝတ်လဲချင်အောင် ပြုမူတော့မှာ သေချာပါတယ်ဘုရား။

ဘုရားရှင်-----ရဟန်းတို့ သင်တို့ ဒီလိုမထင်ကြလေနဲ့။ ညီအကိုချင်းပင် ဖြစ်လင့်ကစား တရားဓမ္မကို အမှန်တကယ် ယုံကြည်နားလည်သူနဲ့ နားလည်ချင်ယောင် ဆောင်သူဟာ လွန်စွာကွာခြားပါတယ်။ စူလကာဠဟာ ကမ်းနားသစ်ပင်လိုပဲ။ ကာမဂုဏ်အာရုံတွေနဲ့ ဆွဲဆောင်လိုက်ရုံနဲ့ အလွယ်တကူ ယိမ်းယိုင်ပြိုလဲသွားတယ်။ မဟာကာဠကတော့ ကျောက်တောင်ကြီးနဲ့ ပမာတူပါပေတယ်။ ကာမဂုဏ်အာရုံနှင့် ဘယ်လောက်ပဲ ဆွဲဆောင် ဆွဲဆောင် ဘယ်လိုမှ ပြိုယိုင်လဲစရာအကြောင်း မရှိပေဘူး။

ဘုရားရှင်အမိန့်ရှိတဲ့အတိုင်းပါပဲ၊ တပါးတည်း ကျန်ရစ်ခဲ့တဲ့ မဟာကာဠဟာ ဇနီးဟောင်းရဲ့ ဆွဲဆောင်မှုမျိုးစုံကို စိတ်ဓာတ်သမာဓိ ကြံ့ခိုင်စွာနဲ့ ရှောင်ဖယ်နိုင်ခဲ့ပါတယ်။ ဇနီးဟောင်းဒကာမက ဆွဲဆောင်မှုတွေ ပိုလာချိန်မှာတော့ အရှင်မဟာကာဠဟာ သူ့ရဲ့ဈာန်အဘိညာဉ်တန်ခိုးနဲ့ ကောင်းကင်ကို ပျံတက်ပြီး ကျောင်းတော်ကို ပြန်လည်ကြွရောက်လာခဲ့ပါတော့တယ်။

ဒီဇာတ်တော်ကို ဖတ်ပြီးတဲ့အချိန်မှာ ကလေးတို့အနေနဲ့ ညီအကိုဆိုပေမယ့် တရားဓမ္မကို အမှန်တကယ် ယုံကြည်သက်ဝင် ကိုးကွယ်ဆည်းကပ်သူနဲ့ အပေါ်ယံ သူများယောင်လို့ လိုက်ယောင်တဲ့သူ နှစ်ဦးရဲ့ လုပ်ရပ် အဆိုးအကောင်းကွာခြားမှုကို သဘောပေါက်နိုင်ကြပါစေကွယ်။

( မိုးမိုးစောဝင်း )

သားသားမီးမီးတို့ အိပ်ချိန်

မိဘအများစုဟာ အိမ်မှာ ကိုယ့်သားသမီးရဲ့ လှုပ်ရှားသွားလာမှု၊ စားမှု သောက်မှု ချွတ်ယွင်းချက်တစုံတခု ရှိနေရင်ပဲဖြစ်ဖြစ်၊ ကျောင်းမှာ စာမလိုက်နိုင်တာ၊ တခြားကလေးတွေလို သွက်သွက်လက်လက်၊ ထက်ထက်မြက်မြက် မရှိဘဲ စဉ်းစားပုံ စဉ်းစားနည်းကအစ သာမန်ကလေးတယောက်ထက် လျော့ကျလေးကန် ထိုင်းမှိုင်းနေတာမျိုးတွေ တွေ့ရင် သားသမီးရဲ့ အိပ်စက်အနားယူချိန်နဲ့ ပုံသဏ္ဌာန်စနစ်အပေါ်မှာ မူတည်စဉ်းစားတာတွေဟာ လိုအပ်ချက်တွေရှိနေတာ သိရပါမယ်။ ကျောင်းမှာ အိမ်မှာ တနေကုန် ကစားခုန်စား လှုပ်ရှားသွာလာ ပြုလုပ်ထားတဲ့ကလေးတယောက်ဟာ တနေ့တာ ကုန်ခန်းသွားတဲ့ သူ့ရဲ့အားအင်တွေ၊ စွမ်းရည်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် အနှောင့်အယှက်ကင်းကင်းနဲ့ ပြည့်ပြည့်၀၀ အနားယူအိပ်စက်ဖို့ လိုအပ်လှပါတယ်။ ဒီလိုအနားယူခြင်းဟာ သားသမီးတို့ ဘ၀တလျှောက် တိုးတက်ဖွင့်ဖြိုးဖို့အတွက် ထိရောက်မှုရှိလှတဲ့ လိုအပ်ချက်တခုပါပဲ။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရေအတွက်ရဲ့ သုံးပုံတပုံပမာဏရှိတဲ့ ကလေးများဟာ ဒီလိုအိပ်စက်ခြင်း၊ ပြဿနာတွေကြောင့် ကျောင်းမှာရော တခြားနေရာတွေမှာပါ ချို့ယွင်းမှုတွေ အရည်အသွေးမပြည့်မီမှုတွေ ဖြစ်တတ်ပါတယ်။

ကလေးများ အိပ်ရေးမ၀ခြင်းအကြောင်းမှာ အမျိုးမျိုးရှိတတ်ပါတယ်။ တခါတလေ ကလေးရဲ့ ပင်ကိုစရိုက်ဖြစ်သလို မိဘမျိုးရိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတာမျိုး (ဥပမာ-ဟောက်ခြင်းဟာလည်း အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်) စိတ်ပိုင်းဆိုင်ရာ ပြဿနာအနေနှင့် စိတ်တို စိတ်ဆတ်ခြင်း ဒေါသကြီး စိတ်ကောက်တတ်ခြင်းတွေဟာလည်း အိပ်စက်တဲ့အချိန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို ထိခိုက်စေပါတယ်။ နောက်တချက်က အိပ်ရေးမ၀တဲ့ ကလေးဟာ ပတ်ဝန်းကျင်ကို အနှောက်အယှက်အမျိုးမျိုး ပေးပြီး ပြဿနာရှာတတ်တဲ့ ကလေးတယောက် ဖြစ်လာနိုင်လို့ပါပဲ။

ကလေးတယောက်ရဲ့ အိပ်ချိန် ဘယ်လောက်လိုအပ်သလဲဆိုတာကတော့ ကာယကံရှင်အပေါ်မှာ အတိအကျ မူတည်နေပါတယ်။ ယေဘုယျအားဖြင့်ကတော့ မူကြိုအရွယ်မှာ အိပ်ချိန် ၁၁/၁၂ နာရီ လောက် ရှိရပါမယ်။ မူလတန်းအရွယ်ဆိုရင်တော့ အိပ်ချိန် ၁၀ နာရီ ဖြစ်ပြီး ၁၀-နှစ်ကနေ ၁၆-နှစ်အတွင်းကတော့ အိပ်စက်ချိန် ၉-နာရီနဲ့ ၉-၃၀ နာရီ အိပ်စက်ပေးရပါမယ်။

အစားအသောက် စားတဲ့အပေါ်မှာ မူတည်ပြီးတော့လည်း အိပ်စက်ချိန်ကို ထိခိုက်နိုင်ပါတယ်။ ကလေးဟာ အိပ်ရာမ၀င်ခင်မှာ ရေအများကြီးသောက်ထားခဲ့ရင် အိမ်သာကိုမကြာခဏ ထသွားရတဲ့အတွက် အိပ်ရေးပျက်ပါလိမ့်မယ်။ ရင်ခွင်ပိုက်ကလေးတွေကို ညနေပိုင်းမှာ (၂)ကြိမ်အထိပဲ ရေတိုက်သင့်ပါတယ်။ ၅-၆လ အရွယ်ဆိုရင် ညဘက်မှာ ရေ (သို့မဟုတ်) အရည်ကို ၈-အောင်စထက် ပိုမတိုက်သင့်ပါဘူး။ ကဖင်းဓာတ်ပါတဲ့ အရည် (ဥပမာ-ကာဖီ) တွေဟာ ကလေးရဲ့အိပ်စက်ခြင်းအတွက် အနှောင့်အယှက် ကြီးမားလှပါတယ်။ ကဖင်းပါတဲ့ အစားအသောက်တွေ ကန့်သတ်လျှော့ချသင့်ပါတယ်။ လုံးဝရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ၊ ကဖင်းဟာ ခန္ဓာကိုယ်တွင်းမှာ ၁၂-နာရီကြာတဲ့အထိ မကျေပျက်ပါဘူး။ တကယ်လို့များ မဖြစ်မနေ ကလေးကိုတိုက်ရ၊ ကျွေးရတော့မယ်ဆိုရင် (ဥပမာ-မွေးနေ့ပွဲ) အိပ်ချိန်နဲ့ ၈-နာရီလောက်ခြားပြီး တိုက်ကျွေးသင့်ပါတယ်။

အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိရင်တော့ ကလေးဟာ အိပ်နေရင်း ဟောက်ပါလိမ့်မယ်။ တချို့ကလေးတွေဟာ ပုံမှန်ဟောက်တတ်ပေမယ့် တချို့ကျ တခါတရံမှ ဟောက်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ကလေးရဲ့ အိပ်စက်တဲ့ပုံသဏ္ဌာန်ကို ပြင်ဆင်ပေးပါ။ ကလေးဟောက်တာကို တိတိကျကျ မှတ်သားထားပြီး ဆရာဝန်နဲ့ တိုင်ပင်ရမှာပါ။

ကလေးရဲ့ အိပ်ချိန်ကို တိတိကျကျသတ်မှတ်ပြီး အကျင့်လုပ်ပေးထားပါ။ မူလတန်းကအစ ကျောင်းနေအရွယ် သားသမီးအတွက် ည-အိပ်ရာမ၀င်ခင် နာရီဝက်ခန့်အလိုမှာ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်ဆိမ်ဆိမ်ကလေး နေခွင့်ပေးထားပါ။ ကလေးရဲ့အခန်းထဲမှာ တီဗီ၊ ဗီဒီယိုတွေ မထားပါနဲ့။ အဲဒီအချိန်လေးမှာ ကလေးနဲ့အတူ သူ-အိပ်ပျော်သွားတဲ့အထိ နေပေးပါ။ အချိန်တော့ တိတိကျကျ သေသေချာချာလေး သတ်မှတ်ပေးထားပါ။ အနည်းဆုံး ၁၀-မိနစ်ကနေ မိနစ် ၃၀-အထိပေါ့။

ကလေး အိပ်ရေး ၀,မ၀ ခန့်မှန်းလို့ရပါတယ်။ နေ့လယ်နေ့ခင်း အိပ်ငိုက်ရင်၊ မျက်လုံးကို ပွတ်သပ်ပြီး တ၀ါးဝါးသမ်းနေရင် ၊ လေးလံထိုင်းမှိုင်းနေရင် အိပ်ရေးမ၀လို့ပါပဲ။ ကလေးရဲ့ အိပ်ချိန်အပေါ်မှာ မှန်မှန်ကန်ကန် တွေးခေါ်စဉ်းစား ဆုံးဖြတ်ချက်ချနိုင်ဖို့ကတော့ မိဘတွေအနေနှင့်လည်း ကိုယ်ခန္ဓာအနားယူချိန် မရှိရင်တောင် စိတ်အနားယူချိန် ပြည့်ပြည့်၀၀ ရှိနေသင့်ပါတယ်။ ဒါမှလည်း မီးမီးလေးရဲ့ အိပ်ချိန်ကို စောင့်ကြည့်နိုင်မှာ မဟုတ်လား။

( ခင်ခင်သင်း )

ကလေးများနဲ့ အဖြစ်များသော ရောဂါများ

ဒီတပတ်မှာတော့ ကလေးတွေမှာ ဖြစ်ပွားတတ်တဲ့ လည်ချောင်းနာခြင်း, အာသီးရောင်ခြင်း, နားကိုက်ခြင်း, နှာခေါင်းအမြှေးပါးများ ရောင်ရမ်းခြင်းတို့ကို ဖော်ပြချင်ပါတယ်။
ကလေးအရွယ်မှာ အဖြစ်များတဲ့ လည်ချောင်းနာခြင်းဟာ များသောအားဖြင့် ဗိုင်းရပ်ပိုးကြောင့် အဖြစ်များတတ်ပြီး ကလေးကြီးများအရွယ်မှာ Group A, B-haemolytic Streptococcus ကြောင့် အဖြစ်များပါတယ်။ ပိုးကြောင့် လည်ချောင်းပြွန်နဲ့ အာခေါင်နုများ ရောင်ရမ်းပြီး နာကျင်တတ်ပါတယ်။ ရေသောက်ပြီး အစာမျိုချတိုင်း နာကျင်တတ်ပါတယ်။ ဆားရေငုံပေးခြင်း ငုံဆေးပြားများ ငုံပေးခြင်း၊ ပျော့ပျောင်းပြီး မျိုချလွယ်သော အစာများ ကျွေးခြင်းဖြင့် ရက်အနည်းငယ်မှာ သက်သာပျောက်ကင်းနိုင်ပါတယ်။ အာသီးရောင်ခြင်းသည် ပြင်းထန်သော အာသီးရောင်ခြင်းနှင့်အတူ ပြည်များပါ ထွက်တတ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းကတော့ ဗိုင်းရပ်စ်များ Group A, B-haemolytic Streptococcus နှင့် Epstein-Barr တို့ကြောင့် အဖြစ်များပါတယ်။ ဗိုင်းရပ်စ်ကြောင့် အဖြစ်များတယ်လို့ ဆိုပေမယ့်လည်း ဘက်တီးရီးယား ပိုးကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ခြင်းဟာ ပိုမိုပြင်းထန်နိုင်ပါတယ်။ ခွဲခြားနိုင်တဲ့ အချက်တွေကတော့ ဘက်တီးရီးယားကြောင့် ဖြစ်တယ်ဆိုရင် အာသီးရောင်ခြင်းအပြင် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဗိုက်နာခြင်း၊ အာသီးမှ ပြည်များထွက်လာခြင်း၊ လည်ပင်းမှ အကျိတ်များ ရောင်ရမ်းခြင်းတို့ ဖြစ်ပါတယ်။ ဘယ်ပိုးကြောင့်ပဲ အာသီးရောင်ရောင်၊ ပဋိဇီဝဆေး (Antibiotic) သောက်သုံးသင့်ပါတယ်။ ပဋိဇီဝဆေးကို ရောဂါသက်သာရုံမဟုတ်ပဲ ဆေးပတ်လည်တဲ့အထိ သောက်ရပါမယ်။ ဆေးပတ် မလည်ခဲ့ဖူးဆိုရင် နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ လေးဖက်နာရောဂါ၊ ကျောက်ကပ်ရောင်ရမ်းခြင်း ရောဂါများ ဆက်လက်ဖြစ်ပွားနိုင်ပါတယ်။

ကလေးများမှာ ဖြစ်ပွားတဲ့ နားကိုက်ခြင်း (acute otihis media) မှာလည်း အသက် ၄-နှစ်အောက် ကလေးများမှာ အဖြစ်များတာကို တွေ့ရပါတယ်။ နားကိုက်ပြီဆိုတာနဲ့ ဖျားခြင်း၊ မအီမသာဖြစ်ခြင်းတို့ ဖြစ်လာပါတယ်။ ဒီရောဂါဟာလည်း ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပါတယ်။ ကလေးနားကိုက်ပြီဆိုတာနဲ့ ပါရာစီတမော့ကဲ့သို့ အကိုက်အခဲပျောက်ဆေးကို တိုက်ကျွေးနိုင်ပါတယ်။ ဒီနားကိုက်ရောဂါဟာ ၂၄-နာရီအတွင်း အလိုအလျောက် ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ခဏတဖြုတ် နားကိုက်ခြင်းမဟုတ်ဘဲ နားကိုက်ခြင်းဟာ ခဏခဏ ဖြစ်ပေါ်နေတတ်မယ်ဆိုရင်တော့ အကြားအာရုံ ချွတ်ယွင်းတဲ့အထိ ဖြစ်နိုင်တာမို့ မိဘများ သတိထားသင့်ပါတယ်။ ကလေးအတွက် နောက်ဆက်တွဲ ရလာဘ်ဆိုးတွေက စကားပြောစွမ်းရည် ထိခိုက်ခြင်း၊ ပညာသင်ကြားရာတွင် ခက်ခဲခြင်းမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နာထဲကို ရောဂါပိုး ခဏခဏမ၀င်အောင် ဂရုစိုက်ပေးရမှာပါ။

နှာခေါင်းအမြှေးပါးများ ရောင်ရမ်းခြင်း (sinusitis) ဟာလည်း နှာစေးခြင်းမှတဆင့် ရောဂါပိုးများ (sinus)ထဲသို့ ရောက်ရှိကာ ရောင်ရမ်းခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် နှာခေါင်းပိတ်ခြင်း၊ နာခြင်း၊ ပါးရိုးနှစ်ဖက် ကိုက်ခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ သင့်တော်သော ပဋိဇီဝဆေးများ၊ အနာသက်သာသောဆေးများဖြင့် ရောဂါကို ရေတိုအတွင်း ပျောက်အောင် ကုသပေးသင့်ပြီး ထပ်ကာထပ်ကာ မဖြစ်စေဖို့ ဂရုစိုက်သင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

( ဒေါက်တာ သပြေမွန် )

ဘုရားရှင်၏ ရောင်ခြည်တော် ၆-ပါး

ကလေးတို့ရေ-ဘုရားရှင်ရဲ့ ရောင်ခြည်တော်နဲ့ပတ်သက်ပြီး ရောင်ခြည်တော် ၆-ပါး ရှိတယ်ဆိုတာတော့ သိကြမှာပါ။ ရောင်ခြည်တော် ၆-ပါးကို အရောင်နဲ့ တွဲဖက်သိထားကြမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။

၁။ နီလ-ညိုသော ရောင်ခြည်တော်
၂။ ပီတ-၀ါသော ရောင်ခြည်တော်
၃။ လောဟိတ-နီသော ရောင်ခြည်တော်
၎။ သြဒါတ-ဖြူသော ရောင်ခြည်တော်
၅။ မဉ္ဇိဋ္ဌ-မောင်းသော ရောင်ခြည်တော်
၆။ ပဘဿရ-ပြိုးပြိုးပြက်ပြက် တလက်လက် ရောင်ခြည်တော်။

Saturday, August 29, 2009

အချစ်ဆုံး

မလ္လိကာဟာ သာဝတ္ထိမြို့က ဆင်းရဲတဲ့ ပန်းသည်ရဲ့ သမီးဖြစ်ပါတယ်။ တနေ့မှာ ဈေးကမုန့်ဝယ်လာပြီး ပန်းခြံကို သွားမယ်လို့ဆိုကာ ထွက်လာခဲ့ပါတယ်။ လမ်းခုလတ်မှာ ရဟန်းအပေါင်း ခြံရံလာတဲ့ဘုရားရှင် ဆွမ်းခံဝင်လာတာကို တွေ့ရလို့ ကြည်ညိုစိတ်ပေါက်ပြီး မုန့်ကိုဘုရားရှင်ထံ ကပ်လှူခဲ့ပါတယ်။ ဘုရားရှင်က မုန့်လှူတဲ့နေရာမှာထိုင်ဖို့ အရိပ်အရောင်ပြလို့ အရှင်အာနန္ဒာက သင်္ကန်းခင်းပေးခဲ့ပါတယ်။ ဘုရားရှင်က အဲဒီနေရာမှာ ထိုင်ပြီး မုန့်ကို ဘုဉ်းပေးရင်းနဲ့ ပြုံတော်မူပါတယ်။ အရှင်အာနန္ဒာက-မြတ်စွာဘုရား ဒီဒါနရဲ့အကျိုးဟာ ဘယ်လိုဖြစ်လာပါမလဲဘုရား-လို့ လျှောက်ထားလိုက်ပါတယ်။

အာနန္ဒာ-ဒီဒကာမလေးဟာ ဒီနေ့ ငါဘုရားကို ပထမဆုံး မုန့်စားဖွယ်လှူတယ်။ ဒီနေ့ပဲ ကောသလမင်းရဲ့ ချစ်ခင်မြတ်နိုးရတဲ့ မိဖုရားခေါင်ကြီး ဖြစ်လိမ့်မယ်-လို့ ဘုရားရှင်က မိန့်တော်မူပါတယ်။
အဲဒီနေ့မှာပဲ ကောသလမင်းဟာ ကာသိရွာမှာ တူတော်အဇာတသတ်မင်းနဲ့ စစ်တိုက်ရာက ရှုံးလို့ထွက်ပြေးလာပြီး မြို့ကိုဝင်တဲ့အခါမှာ စစ်တပ်တွေရဲ့အလာကို စောင့်မယ်လို့တွေးပြီး ပန်းခြံထဲဝင်သွားပါတယ်။ မလ္လိကာက ကောသလဘုရင်ကို ဂရုစိုက်ပြုစုပေးတဲ့အတွက် ဘုရင်ကြီးက သဘောကျသွားပြီး နန်းတော်ထဲကိုခေါ်ကာ မိဖုရားခေါင်ကြီးရာထူး ပေးခဲ့ပါတယ်။

တနေ့မှာ ကောသလမင်းက ငါဟာ မလ္လိကာကို မိဖုရားခေါင်ကြီးရာထူး ပေးထားတယ်။ မလ္လိကာ သင်ဟာ ဘယ်သူ့ကိုချစ်သလဲ-လို့ မေးရင်တော့ အရှင်မင်းကြီးကို ချစ်ပါတယ်လို့ပြောမှာပဲ-လို့ အပိုင်တွက်ပြီး မလ္လိကာကို ဒီမေးခွန်းကို မေးခဲ့ပါတယ်။
မလ္လိကာ-ဒီလောကမှာ သင့်ကိုယ်ထက်ပိုပြီး ဘယ်သူ့ကို ချစ်ပါသလဲ၊
အရှင်မင်းကြီး- ကိုယ့်ကိုထက်ပိုပြီး ဘယ်သူ့ကိုမျှ မချစ်ပါ၊

မလ္လိကာဟာ ဘုရားရှင်နဲ့ သံဃာတော်တွေကို အမြဲဆည်းကပ် ပြုစုနေတဲ့ ပညာရှိသူလေးတဦး ဖြစ်တာမို့ သူ့ရင်ထဲက ရှိတဲ့အတိုင်း အမှန်အတိုင်း ဖြေခဲ့ပါတယ်။ နောက်တော့ မလ္လိကာက ရှင်ဘုရင်ကြီးကို သူ့နည်းတူ ပြန်မေးတဲ့အခါမှာလည်း ရှင်ဘုရင်ကြီးက သူတောင်ဒီလိုဖြေသေးတာ ဆိုပြီး မလ္လိကာဖြေတဲ့အတိုင်း ထပ်တူထပ်မျှ ဖြေခဲ့ပါတယ်။
ရှင်ဘုရင်ကြီးဟာ စိတ်ထဲမှာတော့ ဒီလိုတွေးနေခဲ့တယ်။
ငါဟာ ရှင်ဘုရင်၊ ငါလိုလူက ငါ့ကိုယ်ငါသာ အချစ်ဆုံးလို့ဖြေတာဟာ မှန်သေးတယ်၊ မလ္လိကာကတော့ ငါကောက်ယူလို့အောက်ခြေကနေ မိဖုရားခေါင်ကြီးဖြစ်လာပါလျက်နဲ့ သူ့ကိုယ်သူ အချစ်ဆုံးလို့ဖြေတာဟာ အင်မတန်ရိုင်းပြတာပဲ-လို့ တွေးမိသတဲ့။

ပြီးတော့ မနေနိုင်တာနဲ့ပဲ မလ္လိကာ-သင်ဟာ ရတနာသုံးပါးကို အချစ်ဆုံးမဟုတ်ဘူးလား-လို့ ထပ်မေးပြန်တယ်။ ဒီအခါမှာ မလ္လိကာက အရှင်မင်းကြီး-ကျွန်မဟာ ရတနာသုံးပါးကိုလည်း နတ်ပြည်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ လိုချင်လို့ ချစ်ပါတယ်။ ကျွန်မအကျိုးအတွက်ကြောင့် ချစ်တာမို့ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်ပါတယ်-လို့ ထပ်ဖြေပြန်သတဲ့။
မလ္လိကာရဲ့ အယူအဆက ဒီလိုဖြစ်ပါတယ်။ လောကမှာရှိတဲ့ သတ္တ၀ါအားလုံးဟာ ကိုယ့်အကျိုးအတွက်သာ သူတပါးကို ချစ်ကြခြင်းပါ။ မိဘဟာလည်း သားသမီးကို ငါတို့ကြီးလာရင် ငါတို့ကို ပြုစုစောင့်ရှောက်ကြ လိမ့်မယ်လို့ မျှော်လင့်ပြီးချစ်တယ်။
ဇနီးမောင်နှံအချင်းချင်းမှာလည်း မျှော်လင့်ချက်တွေနဲ့ ချစ်တယ်။
ဆွေမျိုး မိတ်ဆွေ အချင်းချင်းလည်း အကျိုးကိုယ်စီနဲ့ ချစ်ကြခြင်းပါပဲ။ ဒီလိုကိုယ့်အကျိုးကိုသာ ကြည့်ပြီး လောကသတ္တ၀ါတွေဟာ သူတပါးကို ချစ်ကြတယ်-လို့ ယူဆခြင်းပါပဲ။

နောက်တော့ ကောသလမင်းဟာ ပညာရှိမှု၊ ကျွမ်းကျင်မှု လိမ္မာမှုတို့ကို နားလည်ခံစားမိသွားပြီး ဒီကိစ္စကို ဘုရားရှင်ဆီလျှောက်ထားဦးမှပဲ၊ ဘုရားရှင်ဖြေတဲ့အတိုင်း မှတ်သားမယ်လို့တွေးပြီး ဘုရားရှင်ဆီ လျှောက်ထားတဲ့အခါမှာ ဘုရားရှင်က အောက်ပါအတိုင်း ဥဒါန်းကျူးရင့်ခဲ့ပါတယ်။

အရပ်ဆယ်မျက်နှာကို စိတ်နဲ့သွားပြီး အစွမ်းကုန် ရှာကြည့်ပါ။
ဘယ်နေရာမှာမှ ကိုယ့်ထက်ပိုပြီးချစ်တဲ့ သူကို မတွေ့နိုင်ပါ။
သတ္တ၀ါတိုင်းဟာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်ပါတယ်။
ဒါကြောင့် စာနာမှု ထားကြရပါမယ်။


( သာမဏေကျော် )
ဥဒါန ပါဠိ ၅-သောဏ၀ဂ်၊ ပိယတရသုတ္တ။

သည်းခံခြင်းအကျိုး

၁။ လူအများ ချစ်မြတ်နိုးခံရခြင်း။
၂။ ရန် မများခြင်း။
၃။ အပြစ် မများခြင်း။
၎။ မကြမ်းကြုတ်ခြင်း။
၅။ နောင်တ မရ,ရခြင်း။
၆။ မတွေမဝေ သေရခြင်း။
၇။ နတ်ပြည်ရောက်ရခြင်း။

( အံ-ပါဠိ-ဒု ၂၂၂ )

Thursday, August 27, 2009

ဆရာ အရှင်မဟာကဿပ၏ကျောင်းကို မီးရှို့သော တပည့်မိုက်

ဇေတ၀န်ကျောင်းတော်၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေတော်မူစဉ် အရှင်မဟာကဿပသည် ရာဇဂြိုဟ်မြို့တော်ကို အမှီပြုကာ ပိပ္ပလိလိုဏ်ဂူ၌ သီတင်းသုံး၏။ အရှင်နှင့်အတူ ၀တ်ကြီးဝတ်ငယ်ပြုရန် ရဟန်းငယ်နှစ်ပါးရှိ၏။ တပါးသည် အရှင်၏ စားသောက်ရေး၊ သန့်ရှင်းစင်ကြယ်ရေး၊ စသော ၀တ္တရားများကို အနည်းငယ်မျှ မလစ်လပ်စေဘဲ အမြဲဂရုစိုက် ဆောင်ရွက်၏။ ကျန်တပါးကား ၀တ်ကြီးဝတ်ငယ်ကို ဆောင်ရွက်ရန် ဂရုမစိုက်ဘဲ ရဟန်းကောင်းပြုလုပ်ထားသော ဆွမ်းပွဲ ချိုးရေ သုံးရေ အားလုံး ပြင်ဆင်ပြီးသောအခါ အရှင်မဟာကဿပထံ ရှေးဦးစွာ အရောက်သွားပြီး သူအားလုံး ပြင်ဆင်ထားပြီးပါပြီ၊ ကြွတော်မူပါဟု ဟန်ဆောင်လျှောက်ထား၏ အရပ်ထဲမှလှူသော စားကောင်းသောက်ဖွယ်များကိုလည်း ဆရာ့ကိုယ်စား လက်ခံယူကာ လမ်းမှာပင် စားသောက်လေ့ရှိ၏။ သူ၏အပြစ်များကို အရှင်မဟာကဿပ သိတော်မူသောအခါ ထိုရဟန်းပြုလုပ်ပုံများသည် မသင့်သောအရာများဖြစ်သည်ဟု အပြစ်ပြကာ ဆုံးမတော်မူ၏။ ရဟန်းဆိုးသည် မိမိအား အပြစ်တင်သည်များကို ရန်ညှိုးထားကာ ကျောင်းတွင် ဆရာတော်မရှိခိုက် အိုးအင်ခွက်ယောက်များ ရိုက်ခွဲပြီး ကျောင်းကို မီးရှို့ကာ ကျောင်းမှထွက်ပြေးလေသည်။ မြတ်ဗုဒ္ဓ ကြားသိတော်မူရာ သားတော်ကြီးကဿပ ဤသို့မိုက်မဲသော တပည့်ဆိုးနှင့် နေရခြင်းထက် တပါးတည်းနေရခြင်းက မြတ်သည်ဟု မိန့်တော်မူပြီး အောက်ပါဂါထာကို ဟောတော်မူသည်။

( ပါဠိဂါထာ )
စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ ဒဠှံကယိရာ၊ နတ္ထိ ဗာလေ သဟယတာ။

( မြန်မာပြန် )
သူတော်ကောင်းတရားကို ကျင့်၍ မိတ်ဆွေကောင်း ရှာသူသည် မိမိထက် သီလ သမာဓိ ပညာ သာလွန်သော သူကို၎င်း၊ မိမိနှင့် ဂုဏ်ရည်တူ ဖြစ်သောသူကို၎င်း၊ ပေါင်းဖော်ရာ၏။ မရနိုင်ခဲ့ပါမူ တယောက်တည်းသာ ကောင်းစွာကျင့်ရာ၏။ သူမိုက်နှင့် မပေါင်းဖော်ရာ။

( လင်္ကာ )
မြတ်တရားကို၊ ပွားများကျင့်လို၊ ထိုပုဂ္ဂိုလ်သည်၊ ကိုယ့်ထက်သာသူ၊ ရမူလည်းရ၊ မရပါမူ၊ တန်းတူကိုယ်နှင့်၊ ဖြစ်ရန်သင့်၏။
အောက်ဆင့်ကိုယ်အောက်၊ မပေါင်းလောက်က၊ တယောက်တည်းသာ၊ ကျင့်သုံးရာ၏။
ဖောက်ပြန်လူမိုက်၊ ပေါင်းဖော်လိုက်က၊ များလှအပြစ်၊ ဆက်ခါဖြစ်လိမ့်။

( ဗာလ၀ဂ် မဟာကဿပသဒ္ဓိဝိဟာရိက၀တ္ထု )

ဗုဒ္ဓဟောကြား သုခလေးပါး

လူတိုင်းသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုကို အလိုရှိကြ၏။ သတ္တ၀ါအားလုံးအပေါ်၌ မေတ္တာထားတော်မူသော ဗုဒ္ဓမြတ်စွာသည် ထိုအရေးကို မေ့လျော့ပေါ့ဆစွာ သဘောထားတော်မမူ။ တနေ့သ၌ အနာထပိဏ်သူဋ္ဌေးကြီးကို သုခလေးမျိုး ဟောတော်မူသည်။ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီးသည် စတုက္က အင်္ဂုတ္တိုရ်တွင် ဟောကြားခဲ့သော ထိုသုခလေးမျိုးကို အကျယ်ညွှန်ပြတော်မူခဲ့သည်။

အတ္ထိသုခ-
ယောက်ျားတို့၏ လုံ့လ၀ီရိယအား လက်ရုံးအားကိုးဖြင့် ချွေးကျအောင် ရှာဖွေစုဆောင်းထားအပ်သော တရားသောနည်းလမ်းဖြင့် ရအပ်သော စီးပွားဥစ္စာတို့သည် ငါ့မှာရှိပေတကား-ဟု စဉ်းစားလိုက်သောအခါ ထိုစီးပွားစုပြီးဖြစ်သူမှာ စိတ်ချမ်းသာမှုတမျိုး ဖြစ်ပေါ်လာ၏။ ထိုချမ်းသာမှုကို အတ္ထိသုခ-ရှိလို့ ချမ်းသာခြင်း-ဟု ခေါ်သည်။

ဘောဂသုခ-
ထိုသို့အပင်ပန်းခံ၍ တရားသဖြင့်ရအောင် စုဆောင်းထားအပ်သော ဥစ္စာစီးပွားတို့ဖြင့် အိမ်တိုက်တည်ဆောက်ကာ ထိုက်တန်သော အသုံးအဆောင်၊ အစားအသောက်တို့ကို သုံးစွဲစားသောက်ရသောအခါနှင့် ကုသိုလ်ကောင်းမှု ပြုရသောအခါတို့၌ ငါသည်-တပင်တပန်း ရှာထားသော စီးပွားတို့ဖြင့် ချမ်းသာစွာ သုံးစွဲစားသောက်ရပေသည်။ ကုသိုလ်ကိုလည်း ပြုရပေသည်-ဟု တွေး၍ စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှု ဖြစ်ရ၏။ ထိုချမ်းသာသည် ဘောဂသုခ-ခံစားရလို့ ချမ်းသာခြင်း-ဟု ခေါ်သည်။

အာနဏ်သုခ-
ထိုသို့ ကြိုးကြိုးစားစား ရှာဖွေထားသော ဥစ္စာရှင်သည် သူတပါးအထံမှ ကြွေးမယူရသဖြင့် မည်သူမှ ကြွေးတောင်းလာဖွယ်မလို၊ ကြွေးမရှိပုံကို စဉ်စားမိသောအခါ စိတ်ချမ်းသာမှု ဖြစ်ရ၏။ ထိုချမ်းသာမှုကို အာနဏျသုခ ကြွေးမြီကင်း၍ ချမ်းသာခြင်းတမျိုး-ဟုခေါ်သည်။
( ကြွေးယူထားသူတို့သည် ထိုကြွေးအတွက် စိတ်မအေးဘဲ အမြဲပူပန်ရသည်။ မပေးတော့ဘူး-ဟု ညစ်ပြန်လျှင်လည်း နောင်သံသရာအရေးကို စဉ်းစားမိကာ ပူပန်ရမည်သာ။ ယခုဘ၀၌ ထုံပေနေသောကြောင့် မပူပန်ရစေကာမူ နောင်သံသရာ၌ကား ဧကန်ဒုက္ခတွေ့ရမည်သာ။)

အန၀ဇ္ဇသုခ-
စီးပွားဥစ္စာ ပြည့်စုံရကား ပြုလုပ်ပြောဆိုမှု ကိစ္စအစုစု၌ အကုသိုလ်ပြစ်၊ မင်းပြစ်ကင်းအောင် သန့်သန့်ရှင်းရှင်း ပြုလုပ်နိုင် ပြောဆိုနိုင်၏။ ဤသို့ပြောဆို ပြုလုပ်သည့်အတွက် အပြစ်မရှိပုံကို စဉ်းစားမိသောအခါ လွန်စွာ စိတ်ချမ်းသာ၏။ သေချိန်ရောက်၍ သေရစေကာမူ ကုသိုလ်ကောင်းမှုတွေ ပြည့်စုံနေရကား နောင်ဘ၀အတွက် ကောင်းရာဘ၀သို့ ရောက်ဖို့ရန် သေချာလျက်ရှိသောကြောင့် စိတ်ချမ်းသာ၏။ ဤချမ်းသာမှုကို အန၀ဇ္ဇသုခ အပြစ်ကင်းလို့ ချမ်းသာခြင်း-ဟုခေါ်သည်။

ဗုဒ္ဓမြတ်စွာ၏ တရားတော်များသည် သံသရာမှ လွတ်မြောက်ရေးကို အဓိကထားတော်မူ၏။ သို့သော် သတ္တ၀ါအားလုံးတို့၏ လောကီချမ်းသာရေးကို အခါအခွင့်အားလျော်စွာ ဟောတော်မူရာ ကြီးမြတ်လှသော ဗုဒ္ဓ၏ ကရုဏာတော်ကို အလေးထားကာ ကြိုးစားလိုက်နာရန် အားထုတ်ကြပါစို့။

သြ၀ါဒ

ငါးပါးသီလဆိုလို့ တော်ရုံရော်ရုံ ပေါ့ပေါ့ဆဆ သာမညအစားထဲကပဲရယ်လို့ မထင်လိုက်ကြပါနဲ့။
ငါးပါးသီလကို မလေးစားကြရင်၊ လုံခြုံအောင် မစောင့်ထိန်းကြရင် သတ်ဖြတ်မှုတွေ ခိုးမှု တိုက်မှုတွေ ခြာစားမှုတွေ ပြန်ပေးဆွဲမှုတွေ မုဒိမ်းကျင့်မှုတွေ စုံအောင် ဖြစ်ရုံမက ကမ္ဘာစစ်ကြီးပါ ဖြစ်နိုင်တယ်။
ငါးပါးသီလကို မိမိအကျိုး မိမိတို့ရဲ့ လူမျိုးအကျိုး ကမ္ဘာ့အကျိုးကို မျှော်၍ လုံခြုံအောင် စောင့်ထိန်းကြဖို့ရာအတွက် နှိုးဆော်လိုက်ပါတယ်။ မေတ္တာရပ်ခံလိုက်ပါတယ်။

( ရန်ကုန် ကမာရွတ် ပြည်လမ်း မူလပဋ္ဌာန်းဆရာတော်ကြီး ဘဒ္ဒန္တနာရဒမဟာထေရ် )

ဝဋ်

ကျွန်တော်တို့အိမ်ခြေရင်းထောင့်ရှိ မန်ကျီးပင်ကြီးပေါ်တွင် ပျားတသိုက် အုံဖွဲ့နေသည်။ မည်သည့်အချိန်တွင် မည်သည့်အရပ်က ပြောင်းရွှေ့လာသည်မသိ။ ရက်ပိုင်းမျှလောက်ပင် ရှိဦးမည်ထင်ပါသည်။ သူတပါးအိမ်ရာကို ဖျက်ဆီးက မိမိအိမ်ရာ ပျက်စီးတတ်ကြောင်း ငယ်စဉ်က ဖေဖေမကြာခဏ ပြောပြထား၍ ကျွန်တော်လည်း ထိုပျားအုံကို ဖွပ်ခြင်း၊ ဖျက်ဆီးခြင်း မပြုပါချေ။

ညီလေး ညီမလေးများကိုလည်း ဖျက်ဆီးခြင်းမပြုရန် ပြောပြထား၏။ ထို့ပြင် ပျားကလေးများ အဝေးသို့မသွားရဘဲ အနီးအနားတွင် လွယ်လင့်တကူ ၀တ်ရည်စုပ်သုံးနိုင်ရန် ခြံထဲရှိ ပန်းပင်များကို နေ့စဉ် ရေလောင်းပေါင်းသင်ပေး၏ ထိုမျှသာမက ၀တ်ရည်လျှမ်းသော အခြားပန်းမျိုးများကိုလည်း ထပ်မံစိုက်ပျိုးပေး၏ ထို့ကြောင့် ပျားကလေးများမှာ ဝေးဝေးလံလံသို့ မသွားတော့ဘဲ ခြံထဲရှိ ပန်းပင်များ၌သာ ကျက်စားကျင်လည်နေပါသည်။ ကျွန်တော်က နေ့စဉ် ပန်းပင်ရေလောင်း၊ မြက်နုတ်၊ ပျားကလေးများက ၀တ်ရည်စုပ်၊ ဤသို့ဖြင့် ရက်မှလသို့ ကူးပြောင်းလာခဲ့ရာ ပျားအိမ်ကလေးမှာ အတော်အတန် (မြူအိုးဝခန့်) ကြီးမားလာပါသည်။ ပျားလပို့များလည်း အောက်သို့တွဲလောင်းကျလာပါသည်။

သို့သော် တညနေတွင် ခေါင်းရင်းသုံးအိမ်ကျော်မှ ဘကြီးထူး အိမ်လည်ရောက်လာသည်။ ထိုအခါ ပျားအုံကို မြင်သွားပြီး ဆေးဖော်ဖို့ လိုနေတာနဲ့အတော်ပဲ-ဟုဆိုကာ ပျားအုံရှိသော သစ်ကိုင်းအောက် မီးပုံရှို့ကာ ပျားအုံကို မီးမှိုင်းတိုက်ပါတော့သည်။ ပိုးမွေးသကဲ့သို့ တယုတယမွေးမြူထား၍ မဖျက်ဆီးပါရန် ကျွန်တော်အတင်းအကျပ် တားမြစ်၏။ ဖေဖေနှင့်မေမေကလည်း ကလေးတွေ မွေးထားတာမလုပ်ပါနဲ့-ဟု ပြောပါသေး၏။

သို့သော် လူနိုင်ဖြစ်သောဘကြီးက သတ္တ၀ါဆိုတာ လူချွတ်မှ ကျွတ်တာ ဆိုပြီး ပျားအုံကို ဖွပ်ယူသွား၏။ ပျားအုံမရှိဘဲ ငုံးတိတိဖြစ်နေသော မန်ကျည်းကိုင်းကိုကြည့်ကာ ကျွန်တော် စိတ်မကောင်းဖြစ်၍ ကျန်ရစ်ခဲ့သည်။ ဤသို့ဖြင့် သုံးရက်အကြာတွင် ကျွန်တော်တို့အိမ်၏ ခေါင်းရင်းဘက် သုံးလေးအိမ်ကျော်လောက်ဆီမှ အော်သံ ဆူညံသံများကြား၍ ပျာပျာသလဲ ကျွန်တော်ပြေးကြည့်ရာဘကြီးထူးတို့အိမ် မီးလောင်နေသည်ကို ထိတ်လန့်စွာတွေ့ရသည်။ တဖောင်းဖောင်း တဗောင်းဗောင်းဖြင့် ၀ါးလုံးပေါက်ကွဲသံများကြားတွင် ဘကြီးထူးမှာ ပျားအုံကို မီးရှို့စဉ်က ပျားအိမ်အတွင်း၌ ပိတ်မိနေသော ပျားငယ်ကလေးကဲ့သို့ အားကောင်းစွာတောက်လောင်နေသော မီးညွန့် မီးတောက်များကြား အခန်းတွင်း၌ ပိတ်မိနေသည်။ ပြေးပေါက်ရှာလျက် တစာစာအော်နေ၏။

ကျွန်တော်လည်းကြည့်မနေတော့ဘဲ လူအုပ်နှင့်အတူ မီးကို ၀င်၍ငြိမ်းသတ်၏။ နောက်ဆုံး၌ လူအုပ်က မီးကို အနိုင်ရရှိသွားသည်။ မီးလောင်အပြီးတွင် ကိုယ်တခြမ်း မီးလောင်ခံထားရသော ဘကြီးထူးကို အရေးပေါ်လူနာအဖြစ် ဆေးရုံသို့ အမြန်ပို့လိုက်ကြ၏။ သို့သော် တကိုယ်တည်း လူပျိုးကြီးဘထူးအိမ်ကို လက်ဆော့ခြေဆော့ မီးရှို့သူ လက်သည်ကိုကား မည်သူမျှ မဖော်ထုတ်နိုင်ကြချေ။ လမ်းသွားရင်း ဆေးလိပ်မီးနှင့် ပစ်ပေါက်ခဲ့၍ လောင်ကျွမ်းခြင်းဖြစ်နိုင်သည်-ဟု အများက ယူဆပြောဆိုကြသည်။

မည်သို့ပင်ဆိုစေ ဘကြီးထူးသည် ကျွန်တော်တို့အိမ်ခြေရင်းရှိ မန်ကျည်းပင်မှ ပျားအုံကလေးကို မီးပုံရှို့ဖျက်ဆီးခဲ့၍ ယခု သူ၏အိမ် ပျက်စီးသွားရခြင်း ဖြစ်ကြောင်း၊ ပျားသူငယ်ကလေးများ မီးလောင်ခံရသကဲ့သို့ ယခုသူလည်း မီးလောင်ခံရခြင်းဖြစ်ကြောင်း ကျွန်တော်ယူဆမိပါသည်။ ၀ဋ်သည် နာရီ နေရာ သတ္တ၀ါမရွေး တန်ပြန်လိုက်တတ်ကြောင်းလည်း ဘကြီးထူးကိုယ်စား ကျွန်တော် နားလည်သဘောပေါက်လိုက်မိပါသည်။

( ကနောင်-နေလင်းစိုး )

( မြတ်မင်္ဂလာ ၂၀၀၁-ဖေဖော်ဝါရီလ )

မေတ္တသုတ်အကျိုး ခံစားရသူ

လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်ပါသည်။ ကျောင်းကပွဲတခုတွင် ကျွန်မကို လိုက်နှောင့်ယှက်နေသည့် သူငယ်လေးတဦးကို ကျွန်မသည် ဒေါသအလျောက် ရိုက်ခဲ့မိသည်။ ဒေါသဟူသည် ဆင်ခြင်ဉာဏ်ကို ကင်းမဲ့စေတတ်သည် မဟုတ်ပါလော။ လျှပ်တပြက် ဒေါသကြောင့် ပြုခဲ့မိသည့် အမှားတခုသည် ကျွန်မအသက်ကိုပင် ခြိမ်းခြောက်လာပါတော့သည်။ ကျွန်မတို့မြို့နယ်တွင် အချို့မှာ ထောင်မကြောက်၊ တန်းမကြောက်၊ ပြဿနာဖြစ်လာလျှင် ဓားနှင့်သာ ဖြေရှင်းတတ်သည်။

ထို့ကြောင့် ကျွန်မသာမက ကျွန်မ၏ မိသားစုနှင့် ခင်မင်သူတို့မှာလည်း စိုးရွံ့ထိတ်လန့်နေကြသည်။ သည်အတိုင်းထိုင်၍ ကြောက်နေလျှင် ကျွန်မအသက် ဓားတွင် ပါသွားနိုင်ပါသည်။ နောက်ဆုံး ကြံရာမရသည့်အဆုံး ကျွန်မသည် ဘုရားစင်ရှေ့တွင် နံနက်တခါ ညတခါ ငါးပါးသီလယူပြီး မေတ္တသုတ် ကိုးခေါက်စီရွတ်၍ မေတ္တာပို့ အမျှဝေသည့်အလုပ်ကို နေ့စဉ် ပြုလုပ်ပါသည်။

မေတ္တသုတ်ရွတ်သည့်အခါတိုင်း ထိုသူငယ်လေး၏ မျက်နှာကိုမြင်အောင် အာရုံစိုက်ပြီး ရွတ်ပါသည်။ ဘုရားရှင်ကို ရည်စူး၍လည်း ကျွန်မ၏ခန္ဓာနှင့် အသက်ကို နေ့စဉ်လှူပါသည်။
ဘုရားရှင်၏ တန်ခိုး မေတ္တာ၏ တန်ခိုးတို့ကြောင့် ကျွန်မ အကျိုးထူး ခံစားရပါသည်။ အကြောင်းမှာ ကျွန်မကို အခဲမကျေဖြစ်နေသော သူငယ်လေးသည် အမြင်မှန်ရပြီး သူ့မိဘနှင့်အတူ ကျွန်မအိမ်သို့လာပြီး တောင်းပန်သောကြောင့်ပင်။

ကျွန်မတို့မြို့တွင် သည်လိုကိစ္စမျိုး မရှိခဲ့ဘူးပါ။ ထို့ကြောင့် လူတိုင်း အံ့သြကြသည်။ ကျွန်မကို ကံကောင်းသည်ဟု ပြောကြပါသည်။ အမှန်မှာ ဘုရားရှိခိုးသည့်အကျိုး မေတ္တသုတ် ရွတ်ဖတ်ရသည့်အကျိုးများ ဖြစ်ပါသည်။ ဤအဖြစ်ကလေးကို ကျွန်မ တသက်မမေ့နိုင်ပါ။

( နိုမီကို )

( မြတ်မင်္ဂလာ ၂၀၀၁-ဖေဖော်ဝါရီလ )

Wednesday, August 26, 2009

နိဗ္ဗာန်ဆော်

ရှေးအခါက လုလင်ပျိုတယောက်သည် ကုသိုလ်ကောင်းမှုပြုလုပ်ရန် ဤသို့ စဉ်းစားတွေးတော၏။ သူတပါးတို့ကို မညှဉ်းဆဲ၊ မသတ်ဖြတ်ရဘဲ ပြုရသောအမှုသည် အဘယ်အပြုအမူ ဖြစ်မည်နည်း။ ထိုအခါ ရတနာမြတ်သုံးပါးနှင့် စပ်သောအလုပ်ကို ပြုရန် နှိုးဆော်ခြင်းသည်သာ ကောင်းပေလိမ့်မည်ဟု ကြံစည်တွေးတောမိ၏။

ထိုသို့အကြံအစည်ဖြစ်ပြီးနောက် ကုသိုလ်ကောင်းမှု ပြုလုပ်ကြပါ၊ ဥပုသ်နေ့၌ ရှစ်ပါးသီလ ဆယ်ပါးသီလ ဆောက်တည်ကြပါ။ အလှူပေးကြပါ။ တရားနာကြပါ။ ရတနာမြတ်သုံးပါးကို ဆည်းကပ်ပူဇော်ကြပါ-ဟု နယ်ပေါင်းစုံသို့ ခြေကျင်လှည့်လည်၍ ဟစ်အော်ကြွေးကြော်လေ၏။
လုလင်ပျို၏ ဟစ်အော်ကြွေးကြော်သံကို ဘုရင်ကြီး ကြားသိရသောအခါ ခေါ်ယူမေးမြန်း၏။ ထိုအခါ ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးကို လူအပေါင်းသိစေရန်အတွက် ခြေကျင်လှည့်ကာ ဟစ်အော်ကြွေးကြော်ကြောင်း သိရှိသွား၏။ ဤတွင် ဘုရင်ကြီးက လုလင်ပျိုကို ပန်းဆိုင်းနှင့် မြင်းလိမ္မာတကောင် ချီးမြှင့်လိုက်လေသည်။

လုလင်ပျိုသည် ဘုရင်ကြီးပေးသနားသော အဆောင်အယောင်ဖြင့် မြင်းကိုစီးလျက် နိဗ္ဗာန်ဆော်လုပ်လေသည်။ ထိုကဲ့သို့ မြင်းစီးလျက် နိဗ္ဗာန်ဆော်လုပ်သည်ကို ဘုရင်ကြီး မြင်ရပြန်သောအခါ လုလင်ပျို၌ ဤမျှဖြင့် မပြည့်စုံနိုင်သေးဟု ထင်မြင်သွားသည်။
ထပ်မံ၍ သိန္ဓောမြင်းလေးကောင် ကသော ရထားကို ချီးမြှောက်ပြန်သည်။ သို့နှင့် နိဗ္ဗာန်ဆော်သည် သိန္ဓောမြင်းလေးကောင်ကသော ရထားဖြင့် နိဗ္ဗာန်ဆော်လုပ်ပြန်လေ၏။

ဤသည်ကို ဘုရင်ကြီး မြင်ပြန်သောအခါ ဤမျှနှင့် မပြည့်စုံသေးဟု မိန့်ကြားပြီး များစွာသောစည်းစိမ်ဥစ္စာ အသုံးအဆောင်တို့ကို ပေးသနားသည်။ ထို့ပြင် ဆင်တကောင်ကိုလည်း ပေးပြန်လေသည်။
နိဗ္ဗာန်ဆော်လုလင်ပျိုသည် နေ့စဉ် ၀တ်ကောင်းစားလှများကို ၀တ်ဆင်၍ ဘုရင်ကြီးပေးသနားသော ဆင်ကိုစီးလျက် နိဗ္ဗာန်ဆော်အမှုကို ပြုလေ၏။

ဤသို့သော ကောင်းမှုအကျိုးကြောင့် နိဗ္ဗာန်ဆော်လုလင်ပျို၏ ခန္ဓာကိုယ်မှာ မွှေးကြိုင်နေ၏။ ထို့ပြင် အာခံတွင်းကလည်း မွှေးကြိုင်သော ကြာပန်းရနံ့များ သင်းပျံ့လျက် ရှိလေ၏။
( ဓမ္မပဒ ဋ္ဌ-၂ )

( စံမြတ်သူ-သုံးဆယ် )

( မြတ်မင်္ဂလာ ၂၀၀၁-ဖေဖော်ဝါရီလ )

မြတ်စွာဘုရားအား မာယာစုံပြ၍ ဖြားယောင်းသော နတ်သမီးသုံးယောက်

မြတ်စွာဘုရားသည် ကုရုတိုင်း၌ ဒေသစာရီ ကြွချီတော်မူစဉ် မာဂဏ္ဍီယပုဏ္ဏားကြီးနှင့် တွေ့ဆုံသည်။ ထိုတွင် ပုဏ္ဏားကြီးက ဤသူသည် အလွန်ကျက်သရေရှိသည်။ ချောမောပြေပြစ်သည်။ သူ၏ အလွန်ချောမောလှပသော သမီးနှင့် ထိုက်တန်သော ယောက်ျားမြတ်ဖြစ်သည်ဟု စဉ်းစားဆုံးဖြတ်ကာ ဘုရားရှင်ထံ ချဉ်းကပ်ပြီးလျှင် သူ၏ သူမတူအောင် လှသော သမီးချောကို လက်ခံတော်မူပါဟု အပ်နှင်း၏။ ဘုရားရှင်က ငြင်းပယ်တော်မူပြီးလျှင် မာရ်နတ်မင်း၏ သမီးချောသုံးယောက် အပ်နှင်းခြင်းကိုပင် ပယ်ချခဲ့ကြောင်း ပြောပြ၏။ မာရ်နတ်သည် ဘုရားလောင်း တောထွက်စဉ်ကစ၍ နောက်တော်က တကောက်ကောက် လိုက်ပါလျက် ဘုရားရှင်၏ အပြစ်အနာအဆာများကို စောင့်ကြည့်၏။ နောက်ဆုံး အဇပါလညောင်ပင်အနီးဝယ် စံနေတော်မူစဉ် သူ အပြစ်တစုံတရာ ရှာကြံမရ၍ အရှုံးပေးရမည့်အခြေအနေကို တွေးပြီး မှိုင်တွေချနေ၏။ သူ၏ သမီးသုံးယောက် နတ်မိမယ် အချောအလှများဖြစ်သော တဏှာ, အရတီ, ရာဂါတို့သည် သူတို့ခမည်းတော်ထံလာ၍ ဖခင်-စိတ်မပျက်ပါနဲ့၊ ဤပုဂ္ဂိုလ်၏အကျင့်ကို သမီးတို့၏ ပရိယာယ်မာယာများ အမျိုးမျိုးသုံးပြီး ဖခင်ထံ ဆွဲခေါ်ခဲ့ပါမည်-ဟု အာမခံ ပြောကြားကြ၏။ ထို့နောက် နတ်သမီးသုံးယောက်သည် ယောက်ျားတို့၏ စိတ်နှလုံးကို လှုံ့ဆော်ချောက်ချားအောင် အလှအမျိုးမျိုး အရွယ်အမျိုးမျိုး မာယာအမျိုးမျိုး အသုံးပြုလျက် ဘုရားရှင်ကို နှောက်ယှက်ဖျက်ဆီးရန် ကြိုးစားကြလေသည်။ အရှင်၏ ခြေတော်ရင်းတွင် အလုပ်အကျွေးအဖြစ် ပြုစုခွင့် ပေးတော်မူပါဟု အမျိုးမျိုး မာယာသုံး၍ လျှောက်ထားကြ၏။ ဘုရားရှင်သည် ဤမာရ်နတ်နှင့် သမီးများအကြောင်းကို ပြောပြပြီးလျှင် ပုဏ္ဏားကြီး-ထိုနတ်သမီးများကို ငါပယ်ခဲ့၏။ ငါ့တွင် လိုချင်တောင်းတမှု မရှိ။ ကိလေသာကင်းစင်ပြီး ဖြစ်၏။ သင်၏ အညစ်အကြေးပြည့်နေသောသမီးကို ခြေဖျားဖြင့်ပင် မထိတို့ချင်-ဟုပြောကာ ကာမဂုဏ်အပြစ်များကို ဟောပြောတော်မူ၏။ ပုဏ္ဏားကြီး လင်မယားလည်း အနာဂါမ်တည်ပြီး နောက်ဆုံး ရဟန္တာအဖြစ် ရောက်ကြလေသည်။

( ပါဠိဂါထာ )
ယဿ ဇိတံ နာဝဇီယတိ၊ ဇိတံ ယဿ နော ယာတိ ကောစိ လောကေ။
တံ ဗုဒ္ဓမနန္တ ဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။
ယဿ ဇာလိနီ ၀ိသတ္တိကာ၊ တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ။
တံ ဗုဒ္ဓမနန္တ ဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။

( မြန်မာပြန် )
မြတ်စွာဘုရား၏ ကိလေသာရန်အောင်ပွဲကို မည်သူမျှ မဖျက်ဆီးနိုင်။
လောက၌ မည်သူမျှ မတုပနိုင်။
အပိုင်းအခြားမရှိ အလုံးစုံကို သိမြင်သည့်ဉာဏ် ရှိတော်မူသော၊ တဏှာစသည့် ခရီးလမ်းကြောင်းကို ပယ်ဖျက်တော်မူပြီးသော ထိုမြတ်စွာဘုရားကို သင်တို့သည် အဘယ်လမ်းခရီးဖြင့် ခေါ်ဆောင်ကုန်လတံ့နည်း။

မြတ်စွာဘုရားမှာ တစုံတခုသော လောကသို့ ဆောင်ခြင်းငှါ ပိုက်ကွန်ပမာ မြှေးယှက်ရစ်ပတ် ငြိကပ်တတ်သော တဏှာမရှိ။ အပိုင်းအခြား မရှိ။ အလုံးစုံကို သိမြင်နိုင်သည့်ဉာဏ် ရှိတော်မူသော တဏှာစသည့် ခရီးလမ်းကြောင်းကို ပယ်ဖျက်တော်မူပြီးသော ထိုမြတ်စွာဘုရားကို သင်တို့ အဘယ်လမ်းခရီးဖြင့် ခေါ်ဆောင်ကုန်လတံ့နည်း။

( လင်္ကာ )
မြတ်ဗုဒ္ဓ၏၊ ကိလေသာရန်၊ အောင်ပွဲမှန်ကို၊ ဖျက်ရန်ဘယ်သူ မတတ်နိုင်။
လောကဓာတ်ဆုံး၊ တခုလုံးဝယ်၊ ဖက်နှုန်းဘယ်သူ မယှဉ်နိုင်။
မြတ်ဗုဒ္ဓကား၊ တရားမှန်က၊ မကျန်ရအောင်၊ လုံးဝကုန်စင်၊ အကုန်မြင်ကာ၊ တဏှာခရီး၊ လမ်းကြောင်းကြီးကို၊ အပြီးစွန့်ထွက်၊ အကုန်ဖျက်၏။
စက်သံသရာ၊ ကျွတ်လွတ်ခွါလည်း၊ မြတ်ခေါင်ထီးကို၊ ခရီးဘယ်လမ်း ခေါ်မည်နည်း။

ဗုဒ္ဓမြတ်မွန်၊ လူ့တံခွန်တွင်၊ ပိုက်ကွန်ပမာ၊ မြှေးယှက်စွာဖြင့်၊ လောကတပါး၊ သယ်ဆောင်သွားမည့်၊ မိုက်မှားတဏှာ၊ လုံးဝကွာ၏။
ဉာဏ်လွှာအသိ၊ ဆုံးမရှိဘဲ၊ သိရန်လုံးစုံ၊ အကုန်သိတတ်၊ ရှင်တော်မြတ်သည်၊ ပယ်ဖြတ်တဏှာ၊ လမ်းမှန်မှာလျှင်၊ ချမ်းသာဖြိုးဝေ၊ တည်ရှိနေလျက်၊ ဘယ်တွက် လမ်းကြောင်း၊ ပြောင်းမည်နည်း။

( ဗုဒ္ဓ၀ဂ် မာရဓီတရ ၀တ္ထု )

ဇာတိဒုက္ခ

အမိဝမ်းခေါင်း၌ ရှေးဦးစွာ ရုပ်သစ် နာမ်သစ်တရားတွေ ဖြစ်ပေါ်မှုကို ဇာတိ-ဟုဆိုရသည်။ ရုပ်တရားတို့ ရှေးဦးစွာ ဖြစ်ပေါ်မှုကို ရုပ်၏ ဇာတိ၊ နာမ်တရားတို့ ရှေးဦးစွာ ဖြစ်ပေါ်မှုကို နာမ်၏ ဇာတိ၊ ဤသို့ ဇာတိ နှစ်မျိုးရှိသည်။ ထိုရုပ်သစ် နာမ်သစ် အစရှေးဦးစွာ ဖြစ်ခြင်းဟူသော ပဋိသန္ဓေတည်နေရသူမှာ အမိဝမ်းခေါင်း၌ အမိ၏ အစာဟောင်းအိမ်၌ ထိုင်၍ အစာသစ်အိမ်ကို ခေါင်းဖြင့် ရွက်လျက်-
* စာဟောင်း စာသစ်၊ အောက်ထက်ဝန်းရံ-ဆိုသည့်အရ နေရပေသည်။

ကြပဒုမ္မာ ကြာပုဏ္ဍရိက် စသော နှစ်သက်ဖွယ်ကောင်းသော အနံ့ရှိသော သန့်ရှင်းသောဌာန၌ ဖြစ်ရသည် မဟုတ်၊ စင်စစ် များစွာသော အညစ်အကြေးတို့ဖြင့်၎င်း၊ မကောင်းသော အနံ့တို့ဖြင့်၎င်း၊ ပြည့်သောသူငယ်အိမ်၌ အမိ၏ ကိုယ်ဝန်ဆောင် သွေးကို၎င်း၊ မိဘ နှစ်ဦးတို့၏ အညစ်အကြေး သုက်သွေးကို၎င်း မှီ၍ အလွန်ကျဉ်းမြောင်း ကျပ်တည်းစွာသော အရပ်၌ ငါးပုပ် အမဲပုပ်တို့ကို မှီ၍ဖြစ်သော ပိုးလောက်ကဲ့သို့-
* ပုပ်နှံညှီလောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို-ဆိုသည့်အရ ဖြစ်ရပေသည်။

အမိကျောဘက်ကို မျက်နှာမူ၍ ဒူးနှစ်လုံးတို့၏အကြား၌ ခေါင်းကိုထားလျက် မေးအောက်၌ လက်နှစ်ဘက်ဆုပ်၍ သစ်ငုတ်တိုပေါ်၌ မျောက်အိုသည် ကုပ်ကုပ်လေး နေသလို-
* ကျောကိုဝမ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊ မေးဖျားလက်ဆုပ်၊ သစ်ငုတ်တိုမှာ၊ မျောက်အိုကုပ်သည့်နှယ်-ဆိုသည့်အရ နေရပေသည်။

ထိုနေရာ၌ ကိုးလ ဆယ်လ လေးတန်လေးဘက်ကို မလှုပ်မလှဲ့ ကွေးလျက်သာ အလွန်ဆင်းရဲစွာ နေရသောကြောင့် အမိ၏ ၀မ်းခေါင်းကို ဒရီမုခဇာတ်-အဋ္ဌကထာ၌ သာယာမှု ကင်းသော ငရဲဟူ၍၄င်း၊ လေးတန်လေးဘက် ကွေးလျက်နေရသော စတုကုဋ္ဋိက ငရဲဟူ၍၄င်း ပြဆိုထားပါသည်။ အမိသည် လျင်စွာ သွားလာခြင်း၊ တိမ်းပါးချွတ်ချော်ခြင်း စသည်ဖြစ်သောအခါ သေသောက်ကြူး လက်တွင်းသို့ သက်ဆင်းရောက်၍နေသော ဆိတ်-သူငယ်ကဲ့သို့၎င်း၊ မြွေ-အလမ္ပာယ်ဆရာသည် မြွေကိုဖမ်း၍ အမျိုးမျိုး နှိပ်စက် ညှဉ်းပန်းခြင်း၊ အစာငတ်ခြင်း စသည်ကြောင့် အလမ္ပယ်ဆရာမိသော မြွေ၏ မချိမဆန့် ဖြစ်နေရသကဲ့သို့၎င်း-
* မလှုပ်မရှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပာယ်မိ၊ မြွေငယ်ချိသို့-ဆိုသည့်အရ ဖြစ်ရပါသည်။

အမိသည် စပ်သောအစာကို စားသောအခါ၌ လှံထိုး၍ ဆားပက်ခြင်းကို ခံရသူကဲ့သို့၎င်း၊ ပူသောအစာကို စားသောအခါ ဥဿဒ ငရဲငယ်၌ ခံရသကဲ့သို့၎င်း၊ အမိသည် အလွန်အေးသော အစာများကို စားမိသောအခါ၌ လောကန္တရိတ်ငရဲ၌ ခံနေရသူကဲ့သို့၎င်း၊ သေလုမတတ် ကိုယ်သား တဆတ်ဆတ်ဖြင့် ကြီးစွာသောဆင်းရဲကို -
* အမိ စပ်-ခါး၊ ပူ-အေး-စားလည်း၊ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ်လနေ၍-ဆိုသည့်အရ ခံစားရချေသည်။

ဤအဆိုများကိုထောက်ထား၍ မိခင်ဖြစ်သူများ ရှောင်ရှားမှုကို ပြုကြပါလေ။ ထို့နောက် ကမ္မဇလေ လှုပ်ရှားတိုက်ခတ်သဖြင့် စောက်ထိုးမိုးမျှော် ခြေကား-အထက်၊ ခေါင်းကား-အောက်သို့ လှည့်ရပြီးနောက် မဂ်ဝသို့ရောက်သောအခါ သေးငယ်သော သံကောက်ပေါက် (သော့ပေါက်) မှ ဆင်ပြောင်ကြီးကို ဆွဲထုတ်ရသကဲ့သို့၎င်း၊ သံဘောင်ကြီးဖြင့် အကြိတ်ခံရသကဲ့သို့၎င်း၊ ဆင်းရဲကြီးလှ၏။ ကောင်းစွာမမွေးဖွားနိုင်ပါလျှင် မိခင်ချမ်းသာ ပြီးရော, ကလေး ဘယ်လို ဖြစ်ဖြစ်-ဟူ၍ ဆိုကြသေး၏။ အမိဝမ်းတိုက်၌ လေမျှ မတိုက်ရသဖြင့် အလွန်နူးညံ့လှသော သူငယ်ကို ညှပ်ဖြင့် ဆွဲထုတ်ရသည်ကိုလည်း ကြားဖူး၏။ မည်မျှ ဆင်းရဲပါမည်နည်း။ အပြင်သို့ ရောက်သောအခါလည်း ကြမ်းတမ်းသော အ၀တ်-စသည်ဖြင့် ထိပါးကိုင်တွယ်မှုကြောင့် အပ်ဖြင့် အဆွခံရသကဲ့သို့ ဆင်းရဲလှ၏။
ကြီးပြန်သောအခါလည်း အိုရ, နာရ, သေရ စသည်ဖြင့် ဆင်းရဲကြီးစွာ တွေ့ကြရ ကြုံကြရပြန်၏။
* လေကမ္မဇ၊ ဦးဇောက်ချသား၊ မဂ်ဝသို့ရောက်၊ သံကောက်ပေါက်ဝယ်၊ ဆွဲမြှောက်ဆင်ပြောင်၊ သံဘောင်ကြိတ်ခြေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း၊ အပ်ဆွသည့်ဟန်၊ ကြီးပြန် ဒုက္ခ၊ ပြစ်များလှသည်၊ မူလဇာတိ မြစ်ရင်းတည်း။


( လင်္ကာ )
စာဟောင်းစာသစ်၊ အောက်ထက်ဝန်းရံ၊ ပုပ်နှံညှီလောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို၊ ကျောကိုဝမ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊ မေးဖျားလက်ဆုပ်၊ သစ်ငုတ်တိုမှာ၊ မျောက်အိုကုပ်သည့်နှယ်၊ မလှုပ်မရှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပါယ်မိ၊ မြွေငယ်ချိသို့၊ အမိ စပ်း-ခါး၊ ပူ-အေး-စားလည်း၊ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ်လနေ၍၊ လေကမ္မဇ၊ ဦးဇောက်ချသား၊ မဂ်ဝသို့ရောက်၊ သံကောက်ပေါက်ဝယ်၊ ဆွဲမြှောက်ဆင်ပြောင်၊ သံဘောင်ကြိတ်ခြေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း၊ အပ်ဆွသည့်ဟန်၊ ကြီးပြန်ဒုက္ခ၊ ပြစ်များလှသည်၊ မူလဇာတိမြစ်ရင်းတည်း။

မှတ်ချက်။
ဇာတိ ပဋိသန္ဓေနေမှု ဆင်းရဲစစ် ဆင်းရဲမှန် ဒုက္ခသစ္စာတရားဖြင့် ဘ၀သစ်ကို ထူထောင်ကြပြီးလျှင် ချစ်သူတို့နှင့် အတူမနေရ ဒုက္ခသစ္စာ။ မုန်းသူတို့နှင့် အတူနေရ ဒုက္ခသစ္စာ။ လိုတာမရ ဒုက္ခသစ္စာ။ အိုရမှု ဒုက္ခသစ္စာ။ နာရမှု ဒုက္ခသစ္စာ။ သေရမှု ဆင်းရဲစစ် ဆင်းရဲမှန် ဒုက္ခသစ္စာဖြင့်ပင် တဘ၀နောက်ဆုံး နိဂုံးအုပ်ကြရလေသည်။

တဖန် ထိုကဲ့သို့ ဒုက္ခသစ္စာနှင့် တွေ့ကြရဦးမည်ဖြစ်သော ငရဲဟူသော အမိဝမ်းခေါင်း၌ ကိန်းအောင်းရမည်ကို အကြောက်ကြီး ကြောက်ကြလျက် သံဝေဂဉာဏ်သို့ရောက်၍ နိဗ္ဗာန်သို့ပေါက်အောင် သတိဆောင်ကာ သဒ္ဓါစေတနာ ရှေ့သွား ပုညတရားတို့ကို စွမ်းအားထုတ်၍ ပြုလုပ်နိုင်ကြပါစေကုန်သတည်း။

အသက်ရှည်ခြင်း အကြောင်း

၁။ သပ္ပါယကာရီ-ကျန်းမာ သက်ရှည်ရေးနှင့် သင့်လျော်အောင် ပြုလုပ်လေ့ရှိခြင်း။ ကျန်းမာရေး လေ့ကျင့်ခြင်း၊ အချိန်မှန် လမ်းလျှောက်ခြင်း၊ အချိန်မှန် အိပ်ခြင်း၊ အချိန်မှန် စားခြင်း၊ ရေကို လုံလောက်အောင် သောက်ခြင်း၊ ဥတုရာသီ မျှညီအောင် နေထိုင်ခြင်း။
( အနေမတတ်လျှင် အသက်တိုတတ်သည် )။

၂။ သပ္ပါယေ မတ္တံ ဇာနာတိ-ကျန်းမာရေးအတွက် သင့်လျော်သော်လည်း အတိုင်းအရှည်ကို သိခြင်း။
( တန်ဆေး, လွန်ဘေး ဖြစ်၍ အသက်တိုတတ်သည် )။

၃။ ပရိဏတဘောဇီ စ ဟောတိ-အစာစားရာ၌ မိမိအတွက် ကျေလွယ်မည့် အစာကိုသာ ရွေးချယ် စားသောက်ခြင်း။
( အစာမကျေက အသက်အန္တရာယ် ဖြစ်တတ်သည် )။

၎။ ကာလကာရီ စ ဟောတိ-အချိန်နှင့်အချိန် သွားလာရခြင်း။
( အချိန်မဲ့ သွားလျှင် အသက်အန္တရာယ် ကြုံရတတ်သည် )။

၅။ ဗြဟ္မာစာရီ စ-မေထုန်မှုကို ရှောင်ကြဉ်ရခြင်း။
( မေထုန်မှုသည် အသက်တိုစေတတ်သည် )။

၆။ သီလ၀ါ စ-အကျင့်သီလ ရှိခြင်း၊ ကိုယ်ကျင့်တရား မပျက်ခြင်း။
( ကိုယ်ကျင့်တရားပျက်လျှင် အသက်တိုတတ်သည် )။

၇။ ကလျာဏမိတ္တော စ-မိတ်ကောင်း ဆွေကောင်းရှိခြင်း၊ ကျန်းမာရေးကို ညွှန်ပြတတ်သူ ဆရာဝန်, ဆေးဆရာ, စာရိတ္တ ကောင်းသော မိတ်ဆွေများ ရှိခြင်း။
( ပါပမိတ္တနှင့် ပေါင်းလျှင် အသက်အန္တရာယ် ကြုံရတတ်သည် )။

ဤကား အာယုဿသုတ် အဆိုတည်း။

သူတို့က ငယ်ငယ်တုန်းက ဇာတာကို ကြည့်ပီး ဟောကြတာကိုး။ ဒို့က ငယ်ငယ်တုန်းကလိုမှ မဟုတ်ဘဲနဲ့၊ အခုလုပ်နေတဲ့ အလုပ် ကြည့်ပီး ဟောမှ မှန်တော့မပေါ့-ဟု အမိန့်ရှိတော်မူသည်။

Tuesday, August 25, 2009

ဘာသာရေး ပြဿနာ ( ၈၁ )

( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )

( မေး ) ကျောင်းသူ ကျောင်းသားနှင့် ၀ိပဿနာ )
အရှင်ဘုရား တပည့်တော်တို့ အခြေခံပညာကျောင်းတွေမှာ ကျောင်းမတက်မီ နေ့တိုင်း ထွက်သက်-၀င်သက်လေ (အာနာပါန၀ိပဿနာ) ရှုမှတ်ရပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးများကို တစိတ်တပိုင်း ရှင်းပြပေးတော်မူပါဘုရား။ အခြားဘာသာဝင်များရော ရှုမှတ်နိုင်ပါသလားဘုရား။ သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။
( မောင်အောင်ဇော်လွင်-အ-ထ-က ခင်ဦး )

( ဖြေ ) ကျောင်းများတွင် ကျောင်းသူ ကျောင်းသားများအား ဆရာ ဆရာမများက ထွက်သက် ၀င်သက် အာနာပါန အားထုတ်မှုကို အချိန်တချိန်ပေး၍ အားထုတ်ခိုင်းပါသည်။ ထိုသို့ အားထုတ်ခိုင်းခြင်းမှာ ကမ္မဋ္ဌာနာစရိယဆရာတော်များက ရိပ်သာတွင် စနစ်တကျ အားထုတ်စေသကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ဖြစ်စရာ မရှိသော်လည်း ကျောင်းသူ ကျောင်းသားများ ငယ်စဉ်ကပင် ကမ္မဋ္ဌာန်းအားထုတ်ခြင်း၌ အလေ့အလာ ၀ါသနာဖြစ်သွားစရာရှိပါသည်။

ထို့အပြင် အာနာပါနရှုမှတ်ခြင်းသည် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာမျာ အားသစ်ဖြစ်ထွန်းစေခြင်း ဉာဏ်ပညာကိုလည်း ထက်မြက်စေပါသည်။ ၀ိပဿနာအားထုတ်မှုသည် ဘာသာမရွေး အားထုတ်နိုင်သဖြင့် ကောင်းသောအလေ့အကျင့်ဖြစ်၍ အားပေးရမည့်ကိစ္စဖြစ်ပါသည်။ ကျောင်းတိုင်းမှာပင် လုပ်သင့်သော သင်ခန်းစားဖြစ်သည်ဟု ဖြေကြားလိုပါသည်။
********************************************************************************

( မေး ) ( ဒါနပြုခြင်းနှင့် ပြုစေခြင်း )
အရှင်ဘုရား၊ လူတဦးသည် သူပိုင်ငွေကြေးဖြင့် အခြားသူတယောက် (သက်ရှိသူတယောက်) အတွက် အဲဒီလူ၏ နာမည်ဖြင့် လှူပေးပါက နှစ်ဦးစလုံး ကုသိုလ်ရပါသလား။ လူတဦးက သူ၏ငွေကြေးဖြင့် အခြားသူအား လှူခိုင်းပါက နှစ်ဦးစလုံး ကုသိုလ်ရပါသလား။ ဘယ်လိုရပါသလဲဆိုတာ ဖြေကြားပေးတော်မူပါဘုရား။
( အိအိသွယ်-ရန်ကုန် )

( ဖြေ ) ဒါနသည် စေတနာဒါန၊ ၀တ္ထုဒါန ဟူ၍ ရှိရာ အကျိုးပေးမှု၌ စေတနာသာ ပဓာနဖြစ်ပါသည်။ စေတနာမပါလျှင် မိမိငွေကြေးဖြင့် သူတပါးအား လှူခိုင်းသော်လည်း မိမိကောင်းစွာမရ။ လှူပေးသူသာ ရနိုင်ပါသည်။

ဘုရားလက်ထက်က ပါယာသိမြို့စားမင်းသည် မိမိက အကုန်ခံ၍ ကိုယ်တိုင်မလှူ။ တပည့် ဥတ္တရလုလင်ကိုသာ အလှူခိုင်းလေ့ရှိသည်။ နောင်အကျိုးပေးသောအခါ ပါယာသိမြို့စားမှာ ရုက္ခစိုးနတ်မျှသာဖြစ်၍ ဥတ္တရလုလင်က တာဝတိံသာနတ်ပြည်၌ နတ်မင်းကြီး ဖြစ်ရသည်ဟု ဆိုပါသည်။ ထိုအချက်ကို စဉ်းစား၍ အိအိသွယ်၏ ပြဿနာ၌ ရှင်းလင်းနိုင်စရာရှိပါသည်။
********************************************************************************

( မေး ) ( ယောက်ျားဘ၀ မိန်းမဘ၀ )
အရှင်ဘုရား၊ ထင်ရှားသော ပုဂ္ဂိုလ်တဦး၏ အဆိုအမိန့်အရ မိန်းမဘ၀မှ ယောက်ျားဘ၀သို့ ကူးပြောင်းရောက်ရှိသွားခြင်းမျိုး မရှိဟု ပြောဆိုသည်ကို ကြားသိမှတ်သားခဲ့ရပါသည်။ မိန်းမများသည် သံသရာတလျှေက်လုံးတွင် တစုံတခုသော ဘ၀မှာ ယောက်ျားဘ၀သို့ ရောက်ရှိနိုင်ပါသလား။ ယောက်ျားများသည်လည်း မိန်းမဘ၀သို့ ရောက်ရှိခဲ့ဖူးပါသလားဘုရား။ ဖော်ပြပါ သံသယကိစ္စများကို သာဓကပြ၍ ပြေလည်အောင် ရှင်းလင်းပေးတော်မူပါဘုရား။
( ကေသရ-နန္ဒရံသီကင်းရုံကျောင်းတိုက် ဂွမြို့ )

( ဖြေ )
အမျိုးသမီး(မိန်းမ)များသည် မိမိဘ၀ကို နှစ်သက်တွယ်တာလွန်းသကြဖြင့် တဘ၀ပြီးတဘ၀ မိန်းမအဖြစ်ဖြင့်သာ အဖြစ်များကြသည်။ မိမိ၏ အဆင်း စည်းစိမ် လင်သား စသည်တို့ကို ခင်တွယ်လွန်းသဖြင့် ဆုတောင်းလျှင်ပင် မိန်းမဘ၀ကိုသာ ဆုတောင်းတတ်ကြသည်။ သို့သော် သံသရာတွင် မိန်းမမှ ယောက်ျား၊ ယောက်ျားမှ မိန်းမ အပြန်ပြန် အလှန်လှန် ကျင်လည်ကြသည်။

မြတ်စွာဘုရားလက်ထက်တော်အခါက ဂေါပိကာမည်သော သာကီဝင်မင်းသမီးသည် မိန်းမဘ၀ကို စက်ဆုပ်၍ ကုသိုလ်ပြုလုပ်သဖြင့် တာဝတိံသာနတ်ပြည်တွင် ဂေါပကနတ်သားဟူ၍ ဖြစ်ရကြောင်း သက္ကပဥှသုတ်တွင် လာသည်။

အရှင်အာနန္ဒာအလောင်းသည် ပရဒါရကံကြောင့် မိန်းမဘ၀ အကြိမ်ကြိမ်ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မိန်းမဘ၀ ယောက်ျားဘ၀ ကုသိုလ် အကုသိုလ်ကြောင့် ရောက်နိုင်-ရနိုင်သည်ချည်း ဖြစ်သည်။ ထို့ကြောင့် ပုရိသာ ဟိ ဣတ္ထိယော ၀ါ ပုရိသာ အဘူတပုဗ္ဗာနာမ နတ္ထိ-စသည်ဖြင့် သံယုတ္တနိကာယ် အနမတဂ္ဂသုတ်အဖွင့်၌ ဆိုပါသည်။ မြတ်စွာဘုရားကိုယ်တော်တိုင်ကလည်း ယတ္ထ ဣတ္ထိန္ဒြိယံ ဥပ္ပဇ္ဇိတ္ထ၊ တတ္ထ ပုရိသိန္ဒြိယံ ဥပ္ပဇ္ဇိတ္ထာတိ အာမန္တာ။ ယဿဝါပန ပုရိသိန္ဒြိယံ ဥပ္ပဇ္ဇိတ္ထ၊ တဿ ဣတ္ထိန္ဒြိယံ ဥပ္ပဇ္ဇိတ္ထာတိ အာမန္တာ-စသည်ဖြင့် မိန်းမ ယောက်ျား အပြန်ပြန်အလှန်လှန် ဖြစ်နိုင်ကြောင်းကို ဣန္ဒြိယယမိုက်၌ ဟောတော်မူထားပေသည်။
********************************************************************************

( မေး ) ( ပိုးမွှားများ ဗြဟ္မာပြည်ရောက်-မရောက် )
အရှင်ဘုရား၊ လောက၌ ပိုးရွခြပုန်း၊ ပုရွက်၊ မှက်၊ ခြင်၊ ယင် စသည်တို့နှင့် ပိုးဟပ်၊ ကြမ်းပိုး၊ သီးနှံအမျိုးမျိုးတို့အပြင် ၀မ်းတွင်းရှိ ပိုးမျိုးရှစ်ဆယ် စသည်တို့သည် ကမ္ဘာပျက်လျှင် ၄င်းတို့ပါ ဗြဟ္မာ့ပြည်ရောက်ကြပါသလား။ ကမ္ဘာမပျက်မီကလည်း လူ့အဖြစ်ကို ရခွင့်ရှိပါသလား ဖြေကြားပေးတော်မူပါဘုရား။
( မောင်စိုးဝင်း-အလုံမြို့နယ် )

( ဖြေ )
စတုဂီရိ ဆရာတော်ဘုရားကြီး-ရေး စတုဂီရိ ရှုဖွယ်ကျမ်းတွင် ဥပေါသထ ရှုဖွယ်ကျမ်း ( ၁၂၅၉-ခုနှစ် ကျမ်းပြီး)တွင် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရိနိမ္မိတ၀သ၀တ္တီဟူသော နတ်ခြောက်ထပ်၌ မဖြစ်ဖူးသောသတ္တ၀ါမည်သည် မရှိ။ အယုတ်သဖြင့် တီ၊ မျှော့ ပက်ကျိတို့မှစ၍ သတ္တ၀ါဟူသမျှ နတ်ပြည်ခြောက်ထပ်၌ ကြိမ်ဖန်များစွာ ဖြစ်၍ ပျက်စီးခြင်းသို့ ရောက်ဖူးလှလေကုန်ပြီ-စသည်ဖြင့် ရေးသားထားသည်ကို တွေ့ရ၏။ နတ်ပြည်ခြောက်ထပ်သို့ ရောက်သည်ဆိုသဖြင့် ဗြဟ္မာပြည်သို့လည်း မရောက်နိုင်စရာမရှိ။ ရောက်နိုင်ပေတော့သည်။ ကမ္ဘာပျက်ချိန်တွင် ဤကမ္ဘာရှိ သတ္တ၀ါမှန်သမျှ သုဘကိဏ်အထက် ဘ၀ဂ်အတွင်း ဖြစ်ရခြင်းကား လောကဓမ္မတာပင် ဖြစ်ပေတာ့သည်။
********************************************************************************

( မေး ) ( ဘုန်းကြီးကျောင်းနှင့် ဝေယျာဝစ္စ )
အရှင်ဘုရား၊ ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်များနှင့် သာမဏေများ၏ ပန်းကန်ခွက် ဆေးကြောခြင်း၊ သင်္ကန်းများ လျှော်ဖွပ်ပေးခြင်း၊ ကုဋီများ ဆေးကြောပေးခြင်း၊ သံဃာတော်တို့ သောက်သုံးရေအိုးများ ရေဖြည့်ပေးခြင်း၊ ကျောင်းဝင်းအတွင်းရှိ မြက်များ ရှင်းလင်းပေးခြင်းတို့သည် အပြစ်ရသည် အပြစ်ကြီးသည်ဟု လူတယောက်ကပြောပါသည်။ ၄င်းကဲ့သို့ ပြုခြင်းသည် အပြစ်ရ-မရ ဖြေကြားပေးပါဘုရား။
( ဒေါ်သန်းနွဲ့-မိုးကောင်းမြို့နယ် )

( ဖြေ )
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အဖို့ ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒန၊ ဓမ္မသ၀န၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ၊ ဟူသော ပုညကိရိယာဝတ္ထုများမှာ နေ့စဉ်ပြုရမည့် တရားများဖြစ်ပါသည်။
လှူဒါန်းမှု-ဒါန၊
ဆောက်တည်မှု-(အနည်းဆုံး) သီလ
လက္ခဏာရေးသုံးပါးကို ဆင်ခြင်ခြင်း-ဘာဝနာ စသည်တို့ကို နေ့စဉ်ပြုနေရသကဲ့သို့
ရိုသေထိုက်သော မိဘဆရာသမား စသည်တို့ကို ရိုသေမှု-အပစာယန
ပြဿနာရှင်ဖော်ပြသော ဘုန်းတော်ကြီးကျောင်းတို့တွင် ပန်းကန်ခွက်ယောက်များ ဆေးကြောပေးခြင်း၊ ကုဋီများ၌ သန့်ရှင်းရေး ပြုလုပ်ခြင်းစသည်တို့မှာ မုချပြုလုပ်ရမည့် ဝေယျာဝစ္စ ပုညကိရိယာ ကောင်းမှုများဖြစ်ကြပါသည်။

ရှေးက ကျောင်းကန်ဘုရားများတွင် ဥပုသ်စောင့်ကြသူတိုင်း ထိုအမှုတို့ကို မပြုမနေ ပြုမိအောင် ပြုလုပ်ကြပါသည်။ ကျောင်းကန်ဘုရားသို့ရောက်လျှင် မပြုလျှင်သာ အပြစ်ရှိ၍ ပြုလျှင်ကား လွန်စွာအကျိုးရှိလှ၊ ကုသိုလ်ဖြစ်လှပါသည်။ ရန်ကုန်တွင် ကျောင်းဆရာမလေးများစု၍ အချို့တပည့်မလေးများပါ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်များရှိ ကုဋီများကို ကျောင်းပိတ်ရက်၊ ကျောင်းအားရက်များတွင် လာ၍သန့်ရှင်းပေးနေကြသည်ကို သာဓုခေါ်ဖွယ်ရာတွေ့ရပါသည်။ ထို့ကြောင့် ထိုပုညကိရိယာဝတ္ထုတို့ကို ပြုမိအောင် ပြုလုပ်ကြစေလိုကြောင်း ပြောဆိုတိုက်တွန်းဖြေကြားပေးလိုပါသတည်း။
*********************************************************************************

( မေး ) ( စကြ၀ဠာ ကုဋေတသိန်း )
အရှင်ဘုရား၊ စကြာဝဠာ ကုဋေတသိန်းတို့သည် ဖြစ်လည်းအတူ၊ ပျက်လည်းအတူ-ဟု ဆိုပါသည်။ ထိုသို့ဆိုပါက ထိုစကြ၀ဠာတို့တွင်လည်း တပည့်တော်တို့ ဘဒ္ဒကမ္ဘာမှာကဲ့သို့ ဘုရားများပွင့်နိုင်-မပွင့်နိုင် ဖြေကြားရှင်းလင်းပြတော်မူပါဘုရား။
( မနှင်းသီရိ-သံတွဲ )

( ဖြေ ) မြတ်စွာဘုရား၏ ဇာတိခေတ်၊ အာဏာခေတ်၊ ၀ိသယခေတ် ဟူ၍ ခေတ်သုံးမျိုး ရှိရာ စကြ၀ဠာတိုက်တသောင်းသည် ဤစကြ၀ဠာနှင့်အတူ မြတ်စွာဘုရားအလောင်း ဖွားမြင်တော်မူသောအခါ စသည်တို့၌ အတူလှုပ်ရှားခြင်း၊ ထိုစကြ၀ဠာတို့မှ နတ်ဗြဟ္မာတို့ လာရောက် တရားနာယူခြင်း စသည်တို့ကြောင့် ဇာတိခေတ်ဟုဆိုရသည်။

စကြ၀ဠာကုဋေတသိန်းကား ဤစကြာဝဠာနှင့် ဖြစ်အတူ ပျက်အတူဖြစ်၍ မြတ်စွာဘုရားပရိတ်တော်၊ တရားတော်တို့၏ တန်ခိုးအာဏာ ပျံ့နှံ့ရာဖြစ်၍ အာဏာခေတ်ဟုဆိုရသည်။

စကြ၀ဠာအနန္တမှာကား မြတ်စွာဘုရား၏ ဉာဏ်တော်ကျက်စားရာဖြစ်၍ ၀ိသယခေတ်ဟု ဆိုရပါသည်။ ဘုရားပွင့်တော်မူခြင်းမှာမူ ဤစကြ၀ဠာမှ တပါး အခြားမည်သည့်စကြ၀ဠာမှာမှ ပွင့်တော်မူလေ့မရှိကြောင်း မှတ်သားထားရပါမည်။
*********************************************************************************

( မေး ) ( လောကီသီလ-လောကုတ္တရာသီလ )
အရှင်ဘုရား၊ များစွာသောသီလတို့တွင် လောကီသီလ၊ လောကုတ္တရာသီလ ဟူ၍၄င်း။
ပုထုဇဉ်သီလ-အရိယာသီလဟူ၍၄င်း။ ခြားနား၍ ရှိပါသလား။ ဤကဲ့သို့ မြတ်စွာဘုရားက ခွဲခြား၍ ဟောထားသည်များ ရှိပါသလား။ တပည့်တော်များ မှတ်သားထားနိုင်ရန် ဖြေကြားပေးတော်မူပါဘုရား။
( မောင်နှောင်း-ကနီမြို့ )

( ဖြေ )
လောကီသီလ-လောကုတ္တရာသီလဟူ၍၄င်း၊ ပုထုဇဉ်သီလ-အရိယာသီလ-ဟူ၍၄င်း အထုးခွဲခြားဟောကြားထားသည်ကား မရှိ။ သို့သော် ပုထုဇဉ်ပုဂ္ဂိုလ်များ ခံယူစောင့်ရှောက်ကြသည့် ငါးပါး၊ရှစ်ပါး၊ ဆယ်ပါး စသော သီလတို့ကို လောကီသီလများဟု ခေါ်ဆိုရ၍ သောတာပန်-စသော အရိယာပုဂ္ဂိုလ်များ စောင့်ရှောက်သောသီလကို လောကုတ္တရာ သီလဟု ခေါ်ဆိုနိုင်ပါသည်။

သရဏဂုံ၌လည်း ထိုနည်းတူပင် ပုထုဇဉ်တို့ခံယူသော သရဏဂုံကို လောကီသရဏဂုံ၊ အရိယာတို့ ခံယူသောသရဏဂုံကို လောကုတ္တရာ သရဏဂုံ-ဟု ခေါ်ဆိုနိုင်ပါသည်။ လောကီသရဏဂုံနှင့် သီလတို့မှာ ပျက်နိုင်၍ လောကုတ္တရာသရဏဂုံနှင့် အရိယာသီလတို့ကား မပျက်ပြယ်နိုင်။ သက်ဆုံးတိုင် တည်တံ့ခိုင်မြဲလေတော့သည်။
********************************************************************************

( မေး ) ( ယခင်နှင့်ယခု ကွာခြားမှု )
အရှင်ဘုရား၊ ဟိုရှေးအခါ ဗုဒ္ဓမြတ်စွာ၊ မြတ်ဓမ္မာဟောကြားလျှင်၊ နာကြားသူ မဂ်ဖိုလ်ဆိုက်၊ ထိုခေတ်၌ ၀မ်းသာဖွယ်၊ ခုကာလ ဓမ္မကထိကများတွေတို့၊ ဟောကြားသည် အခါခါပ၊ မရပါ တဖိုမဂ်၊ ဘယ်တွက်ကြောင့်ကွယ်၊ ထူးခြားမှု နှစ်ခု ထွေအပြားကို၊ ဖြေကြားပါ့ ထေရ်ရှင်ရယ်၊ အဘယ်ကြောင့်ကွာခြား၊ က၀ိဆရာက သိသာအောင် ကဗျာသွင်းလို့၊ ရှင်းပါ့ဘုရား။
( ဦးတင်သိန်း-ပလောမြို့ )

( ဖြေ )
ဟိုရှေးခါ၊ ဗုဒ္ဓမြတ်စွာက၊ ကြားနာသူ အလိုသိ၊ ကိုက်ညီ၏ ချိန်အခါ။
နာသူများ၊ ရှေးဖျားအခါညီပ၊ ပါရမီပြည့်မီခြင်း၊ ယင်းကတဖြာ။
ထိုနှစ်ဖြာ ညီပါ၍-ရ-တရား၊
ဤခေတ်ခါ၊ ရည်စစ်စရာပ၊ ဟော,အနာ-လို မသိရယ်နှင့်၊ ထိုသည့်ပါရမီတို့၊ မပါပြီ ထိုအချက်ကြောင့်၊ ဖိုလ်မဂ် မသီဝေးကို၊ တွေး၍ သိထား။
********************************************************************************

( မေး ) ( ပိုးသတ်ဆေးနှင့် လယ်သမား )
အရှင်ဘုရား၊ လယ်ယာတို့တွင် ပိုးသတ်ဆေးဖျန်းခြင်း၊ သောက်ရေတွင် ပိုးလောက်လမ်းတို့ကို ဖယ်ရှားခြင်း၊ အိပ်ရာတွင် ကြမ်းပိုးစသည်တို့ကို ရှင်းလင်းခြင်း စသည်တို့မှာ ပါဏာတိပါတကံ ဖြစ်နိုင်ပါသလား။ ဖြစ်နိုင်သည်ဆိုလျှင် တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေဖြင့် သမ္မာအာဇီဝဖြစ်ရန် ခဲယဉ်းလှပါသဖြင့် မည်သို့ကျင့်သုံးမှတ်သားရမည် ဆိုသည်ကို ဖြေကြားတော်မူပါဘုရား။
( မောင်ညီလေး-ဧရာဝတီတိုင်း )

( ဖြေ )
ပိုးမွှားမျာကို သေစေရာ၌
၁။ သတ္တ၀ါလည်းဖြစ်စေ
၂။ သတ္တ၀ါဟု မှတ်ထင်သည်လည်းဖြစ်စေ
၃။ သတ်လိုစိတ်လည်း ရှိစေ
၎။ လုံ့လလည်းပြုစေ
၅။ ထိုလုံ့လဖြင့် သေသည်လည်းဖြစ်စေ
ဤအင်္ဂါငါးချက်ညီလျှင် ပါဏာတိပါတ ဖြစ်ပါသည်။

သို့သော် သတ္တ၀ါ၏ ဂုဏ်ရည်ကို လိုက်၍ အပြစ်ကြီး-သေး ရှိရာတွင် အကိုက်အဖျက် အင်းဆက်ပိုးမွှားတို့မှာ မည်သည့်ဂုဏ်ရည်မျှ မရှိ။ အဖျက်သတ္တ၀ါများသာ ဖြစ်ရာ ၄င်းတို့ကို ဖယ်ရှားရာ၌ အကျိုးနှင့်အပြစ်ကို စိစစ်၍ ဖြစ်လာမည့်အကျိုးကို မျှော်ကိုး၍ တမျိုးတဖုံ စဉ်းစားရပါမည်။

ဂုစ်ရည်ကင်းသော ရောဂါပိုးများကို ရှင်းလင်း၍ ဂုဏ်ရည်မြင့်မားသော လူပုဂ္ဂိုလ်တို့အား ကယ်တင်သော ဆရာဝန်များကဲ့သို့ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို လုပ်ရမည်မှာ ဗုဒ္ဓဘာသာ မဟုတ်၊ လူသားတိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။

( မြတ်မင်္ဂလာ ၂၀၀၁-ဖေဖော်ဝါရီ )

Monday, August 24, 2009

ရုတ်တရက်လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း

(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ
ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး
လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲမကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော
ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို
(ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့်သွေးမထွက်ပါက လက်ဖြင့်
ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။

(၃) လူနာပါးစပ်ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့်ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင်
နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း
ရွဲ့နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။

(၄) ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ့ပျောက်ကင်းသက်သာစေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်အတွက် ကုသိုလ်ပြုလိုက်ပါသည်။
တရုတ်ပြည်မှပေးပို့သော တရုတ်ရိုးရာဆေးကျမ်းမှ တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။

( ခင်ဝါ Email-မှ )

သြ၀ါဒ

တပည့်လိမ္မာ ဆရာ အာပတ်လွတ်-ဟု ရှေးစကားတခု ရှိသည်။ ဆရာနှင့်ဒကာ ရှိကြရာတွင် ဆရာဖြစ်သူ ရှင်ရဟန်းများမှာ ဒကာ (တပည့်) ဖြစ်သူ လူဝတ်ကြောင် ဥပါသကာ၊ ဥပါသိကာမများ၏ ၀ိနည်းတော်ကို နားလည်မှု မနားလည်မှုအပေါ်၌ မူတည်၍ ၀ိနည်းပြစ်သင့်ခြင်း မသင့်ခြင်းများ ဖြစ်တတ်ကြသည်။

တပည့်ဒကာ ဒကာမများက ၀ိနည်းတော်ကို နားလည်၍ ပြုစုတတ် လှူဒါန်းတတ် လုပ်ဆောင်တတ်လျှင် ၀ိနည်းပြစ်များမှ လွတ်နိုင်ကြလေသည်။
ထိုသို့ မိမိ၏ ဆရာဖြစ်သူ ရှင်ရဟန်းများ ၀ိနည်းတော်ပြစ် လွတ်အောင် ပြုစုတတ်၊ လှူဒါန်းတတ်၊ လုပ်ဆောင်တတ်သော ဒကာ ဒကာမများသည် များစွာကုသိုလ်ရကြ၏။ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး၌ အရေးပါ အရာရောက်ကြလှပေသည်။ သာသနာပြုပုဂ္ဂိုလ်များဟု ခေါ်ဆိုထိုက်ကြပေသည်။

( အမရပူရ မဟာဂန္ဓာရုံ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ )

ပိတောက်နွယ်

Padauk Nwe ( 2007-February )

Sunday, August 23, 2009

ဝစီဘေဒ ထိတိုင်းရှ

ကျွန်တော်၏အမေသည် အသက် ၈၃-နှစ်ရှိပါပြီ။ အမေသည် သူတပါး၏အကြောင်းကို အပြစ်ဖွဲ့ခြင်း ကဲ့ရဲ့ခြင်း ရှုံ့ချခြင်းတို့ ပြောလေ့မရှိပေ။ ထို့ကြောင့် သူတပါး၏ မကောင်းသတင်းကို အမေ့ပါးစပ်မှ မကြားရဖူးပေ။ တူမတယောက်၏ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရသောအဖြစ်နှင့် ပတ်သက်၍မူ အမေက-အဲဒါတော့ ဘယ်သူမှ မကယ်နိုင်ဘူးကွယ်။ ဘယ်သူမပြု မိမိမှုပဲ-ဟု မှတ်ချက်ချလေ့ရှိပေသည်။ ဘာဖြစ်လို့လဲအမေ-ဟု အခါခါ အတန်တန် မေးဖန်များပါမှ ယခု အသက် ၆၀-အရွယ်မျှရှိနေပါသော်လည်း မိသားစုတ၀မ်းတခါးအတွက် ဆင်းရဲပင်ပန်း ရှာဖွေစားသောက်နေရသော တူမနှင့် ပတ်သက်၍ ဪ-သူငယ်ငယ်က အမေ အဖေကို မဆင်မခြင်တွေ အော်ဟစ်ခဲ့ မာန်မဲခဲ့တယ်ကွယ်-ဟု ဖြေပါသည်။

ကျွန်တော်တို့အမေမှာ မွေးချင်းညီအမ ငါးယောက်ရှိကြပြီး မောင်တယောက် ရှိပါသည်။ အမအကြီးဆုံးရယ်၊ ဦးဦးရယ်၊ မွေးချင်းထဲမှာ အငယ်ဆုံး ကျွန်တော့မိခင်ရယ် ၃-ဦးသာလျှင် အသက် ၅၀-၆၀ကျော်အောင် နေကြရသည်။ အခြားသူများမှာ အသက် ၃၀-၄၀- လောက်မှာ ကွယ်လွန်သွားရှာကြပါသည်။ တောရွာသဘာဝ ဆင်းရဲကြမ်းတမ်းခြင်း။ အစာအာဟာရ ညံ့ဖျင်းခြင်း၊ ဆေးဝါးခက်ခဲခြင်း၊ တိုင်းပြည်မအေးချမ်းခြင်း၊ တတ်ကျွမ်းနားလည်သော ဆရာဝန် သမားစသည်တို့ ရှားပါးခဲ့ခြင်းတို့ကြောင့် သက်တမ်းတိုခဲ့ကြပါသည်။

အမအကြီးဆုံးနှင့် ညီမအထွေးဆုံးတို့သည် ငယ်စဉ်ကပင် အချစ်ဆုံးညီအမ ဖြစ်ခဲ့ကြပါသည်။ ကောင်းတိုင်ပင် ဆိုးတိုင်ပင် အထူးပင်ရင်းနှီးတွယ်တာကြသည်ကို ကျွန်တော်တို့မျက်မြင်ဖြစ်ပါသည်။ ကျွန်တော်တို့ သိတတ်သည့်အရွယ်တွင် ဒေါ်ကြီး၏ ခင်ပွန်းသည် ပြောပလောက်အောင် မဆိုးတော့သော်လည်း ရပ်ရွာတွင် ကျန်နေရစ်သည့် ရာဇ၀င်သတင်းအရ လူငယ် လူရွယ်ဘ၀က ဆိုးဆိုးတေတေဟု သိရလေသည်။ အရက်သောက်သည်။ ကက်ဆွဲသည်။ ဖဲရိုက်သည်။ ကြက်တိုက်သည်။ မူးလာလျှင် လူတကာနှင့် ရန်ဖြစ်ချင်သည်။ ရိုက်ချင် နှက်ချင်သည် စိတ်လိုက်မာန်ပါ လုပ်တတ်သော လူမိုက်လူပေ ဖြစ်ပုံရလေသည်။

ဒေါ်ကြီးက ထန်းလျက်ရောင်း၍ ရှာဖွေကျွေးမွေးရသည်။ ငွေကြေးဘာမှ မရှာသည့် အရက်သမားကို တယုတယ ပြုစုလုပ်ကျွေးသည်။ ဒေါ်ကြီး၏ သားတွေ သမီးတွေထဲမှာ မမ.....တယောက်ကတော့ စွာသည်။ နှုတ်သီးကောင်း လျှာပါး ဖြစ်သည်။
အမေဟာလေ ဟောဒီအရက်သမားကို ရှိခိုးဦးတင် ကျွေးမွေးနေသေးတယ်။ နေ့တိုင်း အရက်ချည်း သောက်နေတဲ့လူကို။
သမီးလေး အဲသလိုမပြောရဘူး။ သမီးရဲ့ ကျေးဇူးရှင် အဖေပဲလေ။
အဖေကော ဘာဖြစ်လဲ၊ ဘာမှ ၀င်ငွေရအောင်မရှာဘဲ အရက်ချည်းသောက်နေတာကို။ ကျွန်မသာဆိုရင်ဖြင့် အမူးသမားလင်ကို အိမ်ပေါ်က မောင်းချပစ်မယ်။ အမေသာ ၀ဋ်ကြွေးရှိလို့ ဟင်း။

ဒီလိုစကားရင့်ရင့်သီးသီး မပြောကောင်းဘူး သမီးရယ်။ ၀ဋ်လိုက်တတ်တယ်။
မှန်တာပြောတာပဲ။အမေ့ဟာ လွန်လွန်းတယ် အရက်သမားကို ရှာကျွေးနေရတယ်။ ကျွန်မဖြင့် အမေ့ကို တကယ်စိတ်ကုန်တယ်။
ဒေါ်ကြီးမှာ သားတွေ သမီးတွေများပါသည်။ ဘယ်သူမှ ထိုကဲ့သို့ ခါးသက်ရင့်သီးသောစကား မဆို။ မမ.....ကတော့ ငယ်စဉ်အခိုက်မှာ စိတ်လိုက်မာန်ပါ ဆိုခဲ့ပြောခဲ့ဖူးသည်ဟူ၍ အမေက ပြောပြ၏။ ဒေါ်ကြီး မျက်ရည်ကျရသည်။

ကာလ၀ိပါက် နောက်ပိုးတက်တော့၏။
သူ အသက် ၄၀-ကျော်မှ အိမ်ထောင်ကျသည်။
ခင်ပွန်းသည်လင်မှာ အရက်ကို မျက်နှာသစ်ရအောင် သောက်သူ ဖြစ်နေ၏။ မိုးလင်းမှ မိုးချုပ် အရက်ကိုသာ အဖော်လုပ်၏။ အရက်များလွန်းသဖြင့် ကျန်းမာရေးချွတ်ယွင်း၏။ ဒုက္ခိတအရက်သမားဖြစ်၏။ သို့သော်လှည်း ရင်သွေးတယောက် ဖွားမြောက်ထားသည်ကို မျက်နှာမငယ်ရစေလိုသဖြင့် သည်းခံရသည်။ ခင်ပွန်း၏ လစာကား အရက်ဖိုးနှင့်ကုန်သည်။ မမ.....သည် တအိမ်လုံး၏ စားဝတ်နေရေးကို ရှာဖွေဖန်တီးရရှာသည်။ ဆယ်ကျော်သက်က စိတ်ထက်ရှစွာပြောခဲ့မိသော စကားများသည် သူ့ကိုဝဋ်လည်စေခဲ့ပြီ။ အဖေ အမေအပေါ် စော်ကားမော်ကား ကဲ့ရဲ့ရှုတ်ချခဲ့သော အပြစ်စကားသည် သူ့ကို ပစ်ဒဏ်ခတ်လေပြီ။

မိဘအပေါ်တွင် ကျေးဇူးအနန္တ ကြီးမားလှသဖြင့် ပြုစုလုပ်ကျွေးပေးဆပ်နိုင်လျှင်ကောင်း၏။ မပေးဆပ်နိုင်သော်မှ ကျေးဇူးမကန်းလျှင် တော်သေး၏။ မိမိကြောင့် အမိအဖတို့ကို စိတ်ငြိုငြင် ဆင်းရဲစေအောင် ပြောဆိုပြုမူမိလျှင်ကား ဆင်းရဲပင်ပန်းရတတ်ပါတကားဟု သင်ခန်းစာ လက်တွေ့ရရှိသည်။

စကားနောက် တရားပါ ဖြစ်တတ်ပါတကား။ စကားအရာ အမှားမပါအောင် သတိရှိသင့်ကြသည်တကားဟု ဆင်ခြင်မိပါသည်။

( ချစ်နိုင်-စိတ်ပညာ )
( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )

ဘွားအေကို ပြုစုစောင့်ရှောက်၍ အကျိုးထူး ခံစားရသူ

လူသားတိုင်းတွင် မိခင် ရှိကြသည်။ ဘွားအေ ရှိကြသည်။ မိခင် မရှိသော၊ ဘွားအေ မရှိသော လူသားဟူ၍ မရှိပါ။ တဖန် သားအချစ်၊ မြေးအနှစ်ဟုဆိုကြသည့် ဘိုးဘွားများကို ပြုစုစောင့်ရှောက်ကြရမည်မှာ လူသားတိုင်း၏ ကြီးမားသော တာဝန်တရပ်ဖြစ်သည်။ သို့သော်လည်း ထိုတာဝန် ပျက်ကွက်မှုများ ရှိသကဲ့သို့ တာဝန်ထမ်းဆောင်ကြသော သားမြေးများလည်း အမှန်ရှိနေပါသည်။

မကွေးတိုင်း ချောက်မြို့နယ် ဂွေးချိုကျေးရွာတွင် ဒေါ်ငြိမ်းမြတ် ၇၈-နှစ်အရွယ်နှင့် ဒေါ်သုဆွေ ၇၇-နှစ်အရွယ် ညီအမနှစ်ယောက်တို့ ရှိကြသည်။ ဒေါ်သုဆွေမှာ အပျိုကြီးဖြစ်၍ ဒေါ်ငြိမ်းမြတ်မှာ သား-လေးယောက်ရှိသည်။ သားများမှာ အိုးခွဲအိမ်ခွဲဖြစ်သည်။ လင်ယောက်ျားမရှိတော့သော ဒေါ်ငြိမ်းမြတ်မှာ ညီမဖြစ်သူနှင့် အတူတကွ နေထိုင်ရပါသည်။ ဦးကြည်လွင်+ဒေါ်မြမြ၏သား မြေးဖြစ်သူ မောင်အေးသောင်က တတ်အားသမျှ ၀တ်ကြီးးဝတ်ငယ် ပြုခဲ့ပါသည်။ မြေးဖြစ်သူ မောင်အေးသောင်သည် တရွာတည်းနေ အိုးခွဲအိမ်ခွဲဖြစ်သည်။ သူသည် ရိုးသားဖြောင့်မတ်၍ အေးဆေးတည်ငြိမ်မှုရှိသည်။ ဘာသာရေးလည်း ကိုင်းရှိုင်းသူဖြစ်၍ ကျေးဇူးလည်း သိတတ်သည်။

မောင်အေးသောင်သည် ဂွေးချိုတောင်၏ အရှေ့ဘက်ရှိ တောင်ဝကန်သို့ ရေချိုးသွားတိုင်း ဘွားအေများထံ ၀င်ပြီး ညစ်ပေနေသော ထဘီ အင်္ကျီများကို လဲပေးကာ အ၀တ်ထည်များအား သူရေချိုးရာ တောင်ဝကန်သို့ ယူသွားပြီး ဖွပ်လျှော်ပေးလေ့ရှိသည်။ ရေကန်သို့ရောက်သည်နှင့် တပြိုင်နက် ဘွားအေများ၏ ထမီ အင်္ကျီများကို ကမ်းစပ်၌ စိမ်ပြီးမှ ဖွပ်လေ့ရှိ၏။ နေလှန်းခြောက်သွေ့ပြီးမှ သေသေချာချာ ခေါက်ကာ ဘွားအေများထံ ပြန်ပို့၏။

ဤကဲ့သို့ ဆောင်ရွက်ခဲ့ရာ ငါးလခန့်အကြာ တနေ့တွင် ဘွားအေ၏ အ၀တ်များ ကမ်းစပ်၌ ရေစိမ်ထားသည်။ ထိုတွင် အ၀တ်များ လျှော်ဖွပ်ရန် ပြုလုပ်စဉ် ထမီတထည်၏ ချည်စများနှင့် ငြိပါလာသော ရွှေလက်စွပ်တကွင်းကို တွေ့ရသည်။
မောင်အေးသောင်သည် ထိုလက်စွပ်ကို ယူပြီး ဘွားအေ ဒေါ်ငြိမ်းမြတ်ကို အကြောင်းစုံ ပြောပြသည်။

ရွှေဆိုလို့ မူးလို့ ရှူစရာ မရှိပါ၊ ငါ့မြေးကို တောင်ဝကန်စောင့်နတ်က မ,လိုက်တာပဲ ဖြစ်မှာ။ ငါ့မြေး ယခုအချိန်ကစ၍ ကြီးပွားတိုးတက်ချမ်းသာပါစေ-ဟု အဘွားက ဆုတောင်း၍ မေတ္တာပို့သည်။ ရွာထဲ၌လည်း ရွှေလက်စွပ်ပျောက်သူ မရှိ။ ပိုင်ရှင်မရှိ ထိုလက်စွပ်ကို မောင်အေးသောင်( ၂၆)နှစ်က ရရှိလိုက်ပါတော့သည်။

ထိုဖြစ်စဉ်မှာ ဖြစ်ရပ်မှန်ဖြစ်ပြီး ကြာလည်းကြာခဲ့ပါပြီ။ ယခုအခါ မောင်အေးသောင်ပင်လျှင် ဦးအေးသောင်ဘ၀ကို ရောက်လာပြီး ၅၃-နှစ်ရှိပေပြီ။ ထိုလက်စွပ် တွေ့သောအချိန်မှစ၍ မောင်အေးသောင်မှာ စားဝတ်နေရေး အဆင်ပြေ ချောမွေ့သွားသည်။ ယခုအခါ ကျောက်ပန်းတောင်းမြို့ ဈေးကွက်သစ်ရပ်တွင် သားမြေးများနှင့် တင့်တောင့်တင့်တယ် နေထိုင်လျက် ရှိသည်။

ဘိုးဘွားမိဘများကို ပြုစုလုပ်ကျွေးပါက လူနတ်ဗြဟ္မာ ချစ်ခင်လေးစားခြင်း၊ ကုသိုလ်တရားများ ရရှိခံစားလာရခြင်း၊ ယခုမျက်မှောက်ဘ၀မှာပင် ကောင်းကျိုးခံစားရခြင်း စသည့် အကျိုးကျေးဇူးများ မလွဲမသွေ ရရှိခံစားရသည်ကို မျိုးဆက်သစ်လူငယ်များ နားလည်သဘောပေါက်စေလိုပါသည်။ ငပိထုပ်သောဖက် ငပိနံ့ ကျန်၍၊ နှင်းဆီပန်း ထုပ်သောဖက် နှင်းဆီအနံ့ သင်းကျန်မည်။ ပန်းတိုင်း လှစေလိုသည်။ လှသောပန်းတိုင်း မွှေးစေလိုသည်။ မျိုးဆက်သစ်တိုင်း ယခုမျက်မှောက်ဘ၀တွင် ကောင်းကျိုးချမ်းသာ အဖြာဖြာကို လက်ဝယ်ပိုင်ပိုင် ရလိုပါက အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘဘိုးဘွားများကို ပြုစုစောင့်ရှောက်လုပ်ကျွေးသင့်ကြပေသည်။

( မောင်ပါ-ကျောက်ပန်းတောင်း )

( မြတ်မင်္ဂလာ-၂၀၀၁-ဇန်န၀ါရီလ )

နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တခုသောသန်းခေါင်ယံအချိန်၌ ရောဟိတ အမည်ရှိသော နတ်သားတပါးသည် ဇေတ၀န်ကျောင်းတော်သို့ ရောက်ရှိလာ၏။ ထိုအခါ ဇေတ၀န်ကျောင်းတော် တခုလုံးသည် ထိုနတ်သား၏ ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် ထွန်းလင်းတောက်ပသွားသည်။ နတ်သားသည် ဘုရားရှင်ထံ ချဉ်းကပ်ပြီး ဤသို့မေးလျှောက်လေသည်။

အရှင်ဘုရား၊ ပဋိသန္ဓေ မနေရာ၊ မအိုရာ၊ မနာရာ၊ မသေရာဖြစ်သော လောက၏အဆုံးဖြစ်သည့် နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ ရောက်နိုင်ပါ၏လော။

အသင်နတ်သား၊ လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်-ဟု ဘုရားရှင်က ဖြေကြားတော်မူ၏။

အရှင်ဘုရား၊ အရှင်ဘုရား၏ အဖြေစကားသည် ကောင်းမြတ်မှန်ကန်လှပါသည်။ အကျွန်ုပ်သည် တခုသောဘ၀က တန်ခိုးနှင့်ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက်သွားလာနိုင်သော ရောဟိတ အမည်ရှိသည့် ရသေ့ဖြစ်ခဲ့ဖူးပါသည်။ အကျွန်ုပ်သည် လေးမှ ပစ်လွှတ်လိုက်သောမြှား၏ အလျင်ဖြင့် သွားနိုင်သော တန်ခိုးရှိပါသည်။
အရှေ့သမုဒ္ဒရာနှင့် အနောက်သမုဒ္ဒရာကို တလှမ်းတည်းသော ခြေလှမ်းဖြင့် ရောက်နိုင်ပါသည်။ အကျွန်ုပ်သည် ဤသို့သော လျင်မြန်ခြင်းရှိသည့် ခြေလှမ်းတို့ဖြင့် လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့ အရောက်သွားရန် စိတ်ဆန္ဒဖြစ်ပေါ်ခဲ့ပါသည်။

ထိုဆန္ဒကြောင့် အကျွန်ုပ်သည် အိပ်ချိန်၊ စားချိန်၊ ကျင်ကြီး၊ ကျင်ငယ် စွန့်ချိန်မှတပါး အသက်တရာတမ်းပတ်လုံး နိဗ္ဗာန်သို့ ခြေကျင်သွားခဲ့ပါသည်။ သို့သော် နိဗ္ဗာန်သို့မရောက်ဘဲ စကြ၀ဠာအကြား၌သာလျှင် သေခဲ့ရပါသည်။ ထို့ကြောင့် နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်-ဟူသော အရှင်ဘုရား၏စကားသည် မှန်ကန်လှပေသည်-ဟု နတ်သားက လျှောက်ထားသည်။

ထိုအခါ ဘုရားရှင်က အသင်နတ်သား၊ လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ ဘယ်အခါမျှ မရောက်နိုင်။ နိဗ္ဗာန်သို့မရောက်ဘဲ ၀ဋ်ဆင်းရဲမှ လွတ်ခြင်းမည်သည် မရှိ။ ထို့ကြောင့် နိဗ္ဗာန်သို့ ရောက်နိုင်သည့် မြတ်သောအကျင့်ကို ကျင့်ပြီးသော ပညာရှိသည် ပစ္စုပ္ပန်လောကကို၎င်း။ တမလွန်လောကကို၎င်း၊ ဘယ်အခါမျှ မတောင့်တတော့ချေ။
စင်စစ်အားဖြင့် တလံမျှလောက်သော ဤခန္ဓာကိုယ်၌သာလျှင် လောကကို၎င်း။ လောကဖြစ်ပေါ်ကြောင်းကို၎င်း။ လောက၏ချုပ်ရာ နိဗ္ဗာန်ကို၎င်း။ လောက၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို၎င်း ရှာတွေ့နိုင်ပေသည်-ဟု ဟောကြားတော်မူလေသည်။

ဘုရားရှင်၏ တရားစကားကို နာကြားရလျှင် ရောဟိတနတ်သားသည် များစွာ အားရ၀မ်းမြောက်မိလေသည်။ ထို့နောက် လှိုက်လှဲစွာ သာဓုခေါ်ဆိုပြီး နတ်ပြည်သို့ ပြန်သွားလေသတည်း။
အကိုး။ ။ အင်္ဂုတ္တိုရ် ပါဠိတော် မြန်မာပြန်။

( မောင်အောင်ဝင်း-ထူးကြီး )

( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )

ဘာသာရေး ပြဿနာ ( ၈၀ )

( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )

( မေး ) ( ဥပမာစကား )
အရှင်ဘုရား မြတ်စွာဘုရားသည် အတုမရှိပုဂ္ဂိုလ်ဖြစ်ပါလျက် ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်း၊ ကရ၀ိက်ငှက်ကဲ့သို့ သာယာသောအသံ ရှိခြင်း စသည်ဖြင့် နှိုင်းယှဉ်ထားပါသည်။ နှိုးယှဉ်သူမှာ အပြစ် ရှိ-မရှိ ဖြေကြားတော်မူပါဘုရား။
( မနွဲ့ကြည်-နရွဲပင်ရွာ ပဲနွယ်ကုန်းမြို့ )

( ဖြေ )
နှိုင်းယှဉ်ပြောဆိုခြင်း ဥပမာစကားဟူသည်မှာ ကြားနာသူတို့ သိလွယ်အောင် နှိုင်းယှဉ်ရခြင်းဖြစ်သည်။ နှိုင်းယှဉ်ရာမှာ ပဏီတ ဥပမာ-မြင့်မြတ်သောအရာဖြင့် နှိုင်းယှဉ်ခြင်း။
သဒိသ ဥပမာ-တူညီသောအရာဖြင့် နှိုင်းယှဉ်ခြင်း။
ဟီန ဥပမာ-ယုတ်သောအရာဖြင့် နှိုင်းယှဉ်ခြင်းဟူ၍ ၃-မျိုးရှိပါသည်။

မြတ်စွာဘုရားမှာ အတုမရှိသော ပုဂ္ဂိုလ်မြတ်ကြီးဖြစ်၍ မြတ်စွာဘုရား၏ဂုဏ်ကို သိစေလို၍ နှိုင်းယှဉ်လျှင် ပဏီတ၊ သဒိသ တို့ဖြင့် နှိုးယှဉ်စရာမရှိ။ အယုတ်-ယုတ်သော ၀တ္ထု ပုဂ္ဂိုလ် သတ္တ၀ါတို့နှင့်သာ ကြားနာသူ နားလည်ရန်အတွက် နှိုင်းယှဉ်ရပါသည်။ ထို့ကြောင့် ဟီနောပမာ-ဟီနဥပမာအနေဖြင့် ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်း၊ ကရ၀ိက်ငှက်မင်းကဲ့သို့ အသံသာခြင်း၊ ထွက်သစ်စ နေမင်းကဲ့သို့ တင့်တယ်ခြင်း၊ ပဒုမ္မာကြာပန်းကဲ့သို့ ကျက်သရေရှိခြင်း စသည်တို့ဖြင့် နှိုင်းယှဉ်ရပါသည်။ စကားဥပမာအဖြစ် တင်စားပြောဆိုရခြင်း ဖြစ်သဖြင့် အပြစ်မရှိပါ။
*********************************************************************************

( မေး ) ( ပဋိသန္ဓေနှင့် ရုပ် )
ပဋိသန္ဓေအခါ ကံ စိတ် ဥတု အာဟာရ ရုပ်တို့ဖြစ်စဉ်ကို သိလိုပါသည်ဘုရား။
( ခင်ငြိမ်းငြိမ်း-အဘိဓမ္မာသင်တန်းသူ )

( ဖြေ )
ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ကမ္မဇရုပ်ဖြစ်၍
ဌီခဏ၌ ဥတုဇရုပ် ဖြစ်ပါသည်။
ပထမဘ၀င်၏ ဥပါဒ်၌ စိတ္တဇရုပ်ဖြစ်ကာ
နောက်မှ အာဟာရရုပ်ဟူ၍ ဖြစ်သည်။
ထို့ကြောင့် ဖြစ်စဉ်အတိုင်း ဆိုရပါမူ ကံ ဥတု စိတ် အာဟာရ-ဟု ဆိုရမည်ဖြစ်သော်လည်း
ဒေသနာစဉ်အားဖြင့် ကံ စိတ် ဥတု အာဟာရ-ဟူ၍ ဆိုရပါသည်။
*********************************************************************************

( မေး ) ( ပဋိသန္ဓေနှင့် အနိယတ အာပတ်)
အရှင်ဘုရား၊
၁။ ဤဘ၀တွင်ကွယ်လွန်၍ နောက်ဘ၀တွင် လူဖြစ်ရန် ကံရှိသူသည် မည်သည့် မိခင်၏၀မ်းတွင် ပဋိသန္ဓေနေရမည်ကို မည်သည့်အကြောင်းအရာများက စီမံပါသနည်း။
၂။ မြန်မာလူမျိုးတယောက် ကွယ်လွန်ပြီး ပြည်တွင်း သို့မဟုတ် ပြည်ပရှိ လူမျိုးခြားဝမ်းတွင် ပဋိသန္ဓေတည်နိုင်ပါသလား။
၃။ နိယတအာပတ်၊ အနိယတအာပတ်-ဟူ၍ ကြားဖူးပါသည်။ မည်သို့သောအာပတ်သည် အနိယတအာပတ် ဖြစ်ပါသနည်း။
၎။ အနိယတအာပတ်သင့်လျှင် ငရဲကျအောင် အကုသိုလ်အပြစ် ရှိပါသလား ဖြေကြားပေးတော်မူပါရန် လျှောက်ထားအပ်ပါသည်ဘုရား။
( ဒကာ အေးမောင်-ရန်ကုန်မြို့ )

( ဖြေ )
( ၁ ) လူပုဂ္ဂိုလ် ၁-ဦး ကွယ်လွန်ရာ၌ လူပြန်ဖြစ်နိုင်သော ကုသိုလ်ဇနကကံကြောင့် ကွယ်လွန်ခါနီး ထင်မြင်လာသည့် ကုသိုလ်ကံ ကမ္မနိမိတ်နှင့် ဂတိနိမိတ်တို့က သူလားရောက်ရမည့် လူ့ဘ၀၊ အမိဝမ်းစသည်တို့ကို ထင်မြင်စေသည်။ သို့ထင်မြင်ရာ၌ သွားလာလှုပ်ရှားမှု၊ ပြောဆိုတောင်းပန်မှု စသည်များကို အချို့လူဝင်စားများက ပြန်လည်ပြောဆိုကြသည်။ ၄င်းကို ၀ိညာဉ်သွားလာနေသည်ဟု ထင်နေကြသည်။ အမှန်မှာ ဂတိနိမိတ် ထင်မြင်နေမှုပင်ဖြစ်၏။ ဂတိနိမိတ်နှင့် တဆက်တည်း ဘ၀နိကန္တိကဇော (ဖြစ်ရမည့်ဘ၀ကို တွယ်တာမှု) က မိမိကျက်စားရာ ကျွမ်းဝင်ရာတို့၌သာ စွဲလမ်းတတ်သည်။ ထိုသို့စွဲလမ်းတတ်သဖြင့် ပဋိသန္ဓေ ဖြစ်ရာ၌ မိမိမြို့ရွာ ပတ်ဝန်းကျင်၊ ရောက်ဖူးရာ နီးစပ်ရာတို့၌လည်း ဖြစ်တတ်၏။

မိမိနိုင်ငံမှတပါး နိုင်ငံရပ်ခြားတွင် ရောက်ရှိ ခင်တွယ်ရာတို့၌လည်း ဖြစ်တတ်၏။ ( နတ်ပြည် နတ်ဘ၀တို့သို့ကား ထူးခြားသော ဇနကကံက ပို့ဆောင်ပေးလိမ့်မည်။)

၂။ နိယတအာပတ်ဆိုသည်မှာ ပါရာဇိက၊ သံဃာဒိသိသ်၊ ပါစိတ် စသည် မိမိပြုရာအပြစ် အားလျော်စွာ သင့်သောအာပတ်မျိုးဖြစ်သည်။ မြဲသောအာပတ်ဟု ဆိုသည်။
အနိယတအာပတ်မှာ ပါရာဇိက သံဃဒိသိသ် ပါစိတ် အမြဲမဟုတ်၊ ထိုက်သင့်သလို သင့်ရသော အာပတ်မျိုးဖြစ်သည်။
ပုံစံမှာ-( ပထမအနိယတအာပတ် )
ရဟန်းတပါးသည် မျက်စိဆိတ်ကွယ်ရာ (အခန်း)စသည်၌ မာတုဂါမနှင့် နှစ်ယောက်ချင်း နေသည်။ ထိုရဟန်းအဖို့ ပါရာဇိက သံဃာဒိသိသ် ပါစိတ် တမျိုးမျိုးသင့်နိုင်သည်။ သင့်နေပြီဟု ယူဆနိုင်သည်။
သို့သော် နာမည်တပ်၍ မဆုံးဖြတ်နိုင်၊ ထိုအခါ ယုံကြည်ထိုက်သော (၀ိသာခါကဲ့သို့) ဒကာမကြီးတဦးက ပါရာဇိကဖြစ်နေသည်ကို မြင်ပါသည်ဟု အစစ်ခံလျှင် သို့မဟုတ် သံဃဒိသိသ် ပါစိတ် အာပတ်သင့်နေသည်၊ ဖြစ်နေသည်ကို မြင်ပါသည်ဟု အစစ်ခံလျှင် ထိုအစစ်ခံချက်အတိုင်း ဆုံးဖြတ်ရသည်။ ယင်းကို အာပတ်နိယတ (အမြဲ) မရှိ၍ အနိယတအာပတ်ဟု ဆိုရသည်။

( ဒုတိယ အနိယတအာပတ်မှာ)
နားကွယ်ရာ (၁၂-တောင်ထက်ဝေးသောနေရာ) ၌ ရဟန်းနှင့် မာတုဂါမ နှစ်ယောက်ချင်း စကားပြောနေသည်ကို အဝေးက တွေ့မြင်လျှင် ကာမဂုဏ်နှင့်စပ်သော စကားစသည် ပြောကြား၍ သံဃာဒိသိသ်အာပတ်သော်၎င်း။ မာတုဂါမနှင့် နှစ်ယောက်ချင်း စကား ၃-၄ ခွန်း ပြောမှုကြောင့် ပါစိတ်အာပတ်သော်၎င်း ဖြစ်နိုင်သည်။
( မျက်စိကွယ်ရာမဟုတ်၍ ပါရာဇိကမသင့်သည်မှာ သေချာသည်။)

ဖော်ပြပါယုံကြည်ထိုက်သော ဒကာမကြီးက သံဃာဒိသိသ် ပါစိတ် တခုခုဖြင့် ပြောလျှင် ပြောတိုင်းသောအာပတ်ဖြင့် ဆုံးဖြတ်ရသည်။ ဤသို့ အနိယတ အာပတ်(သိက္ခာပုဒ်) နှစ်မျိုးရှိပါသည်။ သိသာရုံဖြေကြားပါသည်။ ပြဿနာနှစ်ရပ်လုံးပင် နက်နဲကျယ်ဝန်း၍ နီးစပ်ရာ ဆရာတော် သံဃာတော်များထံ၌ မေးမြန်း၍၄င်း၊ စာအုပ်စာတမ်းတို့ကို ကြည့်ရှု၍၄င်း၊ လေ့လာမှတ်သားသင့်ပါသည်။
*********************************************************************************

( မေး ) ( သံသေဒဇ ပဋိသန္ဓေ )
အရှင်ဘုရား၊ တပည့်တော်မ ရိုသေစွာ လျှောက်ထားမေးမြန်းအပ်ပါသည်ဘုရား။ အဘိဓမ္မာတရားတော်မြတ်၌ ပဋိသန္ဓေ ၄-မျိုး ရှိသည့်အနက် သံသေဒဇ ပဋိသန္ဓေဟူသည်မှာ ကြာပင်၊ ၀ါးပင်၊ မန်ကျည်းပင်၊ ရွှံ့အညစ်အကြေး စသည်တို့၌စွဲ၍ ဖြစ်သည်ဆိုသည်မှာ မှန်ပါသလားဘုရား၊ သံသေဒဇ ပဋိသန္ဓေ မည်ကဲ့သို့ တည်ပါသနည်း ဘုရား၊ ရှင်းလင်း ဖြေကြားပေးတော်မူပါ။
( မနုနုခိုင်ဦး-ဘီလူးမြို့ မိုးညှင်းမြို့နယ် )

( ဖြေ )
ကမလ ကုဟရာဒိကေ သံသေဒေ ဇာတာတိ သံသေဒဇာ-ဟုဆိုသည့်အတိုင်း ကြာတိုက်၊ ရေညွှန်အစရှိသော စိုစွတ်ရာအရပ်၌ ဖြစ်တတ်သောကြောင့် သံသေဒဇမည်ပေရာ ရှေးဘ၀ကုသိုလ်ပြုစဉ်က အမိဝမ်း၌ မဖြစ်ရပါလို-ဟု ဆုတောင်းခဲ့သူတို့သည် ကြာတိုက်၊ သစ်ပင်၊ ၀ါးပင်၊ အသီးအပွင့်၊ ရေညွန် စသည် စိုစွတ်ရာနေရာတို့၌ ပဋိသန္ဓေနေ၍ ဖွားမြင်ကြသည်။

၎င်းတို့ကုသိုလ်ကံကြောင့် မွေးမြူမည့်သူ နှင့် အဆင်သင့် ပေါက်ဖွားကြသည်ဟု ဆိုပါသည်။ ဥပပတ်ပဋိသန္ဓေလည်း နည်းတူပင်ဖြစ်သည်။ သို့သော်လည်း သံသေဒဇမှာ ငယ်က တရွေ့ရွေ့ ကြီးပွားရသည်။ မြန်မာနိုင်ငံ၌ မယ်လမု-လမုပင် (အသီး)ကဖြစ်၍ ဝေဠုဝတီ-၀ါးပိုးဝါးအတွင်းက ဖြစ်သည်။ ဇာတ်တော်များတွင် ပဒုမ၀တီ-ပဒုမ္မာကြာပန်းက ဖြစ်သည်။ မြတ်စွာဘုရားလက်ထက် ပေါက္ခရသာတိ-ပုဏ္ဏား ရေကန် (ကြာတိုက်) က ဖြစ်သည်။
ဥပပါတ်မှာ အရွယ်ရောက်ပြီး (အရွယ်) ၁၅-နှစ်၊ အနှစ် ၂၀-စသည်ဖြင့် ရုတ်ခြည်းဖြစ်သည်။ မြတ်စွာဘုရားလက်ထက် အမ္ဗပါလီ-သရက်ပင်ကို မှီ၍ ဖြစ်သော ဥပပါတ် ပဋိသန္ဓေ ဆို၏။ မြတ်စွာဘုရားကို စွပ်စွဲ၍ မြေမျိုသွားသော စိဉ္စမာဏ၀ိကာ-မှာ မန်ကျည်းပင်၌ဖြစ်သော သံသေဒဇ သန္ဓေသူဟု ဆိုပါသည်။
********************************************************************************

( မေး ) အဘိညာဉ်နှင့် လူဝင်စား )
အရှင်ဘုရား၊ မြတ်မင်္ဂလာစာစောင်တွင် အရှင်ဘုရား ဖြေကြားသော လူဝင်စားအကြောင်း ဖတ်ရ၍ ကျေနပ်နှစ်သက်မိပါသည်။ တပည့်တော် သိလိုသည်မှာ သမထ ၀ိပဿနာ အားထုတ်သူတချို့ အဘိညာဉ်ရပြီး အတိတ်ဘ၀ (တဘ၀သာ မဟုတ်) သိနိုင်၊ မြင်နိုင်သည်ဟု ဆိုကြပါသည်။ ၄င်းအဆိုအရ အရှင်ဘုရားအနေဖြင့် လက်ခံနိုင်-မခံနိုင် ရှင်းလင်းဖြေကြားပေးပါရန် ရိုသေလေးစားစွာ လျှောက်ထားအပ်ပါသည်ဘုရား။
( ဦးခင်မောင်မြင့်-ရေနံချောင်း )

( ဖြေ )
သမထ ၀ိပဿနာ အားထုတ်၍ အဘိညာဉ်ရသည်ဆိုသည်မှာ ပထ၀ီကသိုဏ်း စသည်တို့ဖြင့် အားထုတ်၍ ရူပဈာန် (စတုက္ကနည်းဖြင့်) လေးပါး။ အရူပဈာန်လေးပါး။ ၄င်းရှစ်ပါးကို သမာပတ် ရှစ်ပါးဟုခေါ်သည်။ ၄င်းရှစ်ပါးမှ ရုပကုသိုလ်အဘိညာဉ်နှင့် အရူပကုသိုလ်အဘိညာဉ်ကို အဘိညာဉ်ဒွေး-ဟုခေါ်သည်။ ၄င်းအဘိညာဉ်ကိုရမှ ၄င်းအဘိညာဉ်ကို ၀သီဘော်ငါးတန်ဖြင့် အဖန်ဖန်လေ့လာနိုင်ပါမှ ဣဒ္ဓိဟူသော တန်ခိုး ၁၀-ပါးကိုရသည်။

ထိုသို့ရသဖြင့် ရှေးတီးကာလ၊ ဘ၀ရှည်ကျူး၊ ဖြစ်ဖူးသမျှ၊ ဒေသရပ်ရွာ၊ ခန္ဓာပင်စည်၊ အမည်အမျိုး စသော ပရမတ် ပညတ်တို့ကို တပ်အပ်သိစွမ်းနိုင်သော ဉာဏ်ကိုရ၍ နောက်ဘ၀သာမက ဘ၀ပေါင်းများစွာကို ပြန်၍မြင်နိုင်သည်။ ၄င်းဉာဏ်ကို ပုဗ္ဗေနိဝါသ ဉာဏ်ဟုခေါ်သည်။ အားထုတ်၍ယူရသောဉာဏ် ဖြစ်သည်။

လူဝင်စားတို့ရသောဇာတိဿရ ဉာဏ်မျိုးထက် များစွာ အထက်တန်းကျသည်။ ယခုကာလ ရိပ်သာဝင်၍ အားထုတ်သူတို့မှာ ကသိုဏ်း ၁၀-ပါး စသည်ရှု၍ အားထုတ်သော သမထဘာဝနာမျိုး မဟုတ်၍ ဈာန်မရနိုင်။ ဈာန်မရနိုင်၍လည်း အဘိညာဉ်သို့ မရောက်သဖြင့် အတိတ်ဘ၀တို့ကို မြင်နိုင်စွမ်းမှု မရှိပါ။ ၀ိပဿနာဉာဏ် အဆင့်ဆင့်ပေါက်၍ မဂ်ဖိုလ်သာ ရချင်ရမည်။ သမထယာနိကနည်းဖြင့် အားထုတ်ခြင်းမဟုတ်၍ အဘိညာဉ် ရနိုင်ခွင့် မရှိပါကြောင်း ဖြေကြားလိုက်ပါသည်။

( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )

Saturday, August 22, 2009

နိရောဓ ၇-မျိုး

နိရောဓ ဟူသည်
၁။ တဒင်္ဂ နိရောဓ
၂။ ၀ိက္ခမ္ဘန နိရောဓ
၃။ သမုစ္ဆေဒ နိရောဓ
၎။ ပဋိပဿဒ္ဓိ နိရောဓ
၅။ ခဏဘင်္ဂ နိရောဓ
၆။ သညာဝေဒယိတ နိရောဓ
၇။ သစ္စ နိရောဓ
ဟူ၍ အချုပ်အချာအားဖြင့် ၇-ပါးရှိသည်။ ထို ၇-ပါးတို့တွင် ခဏဘင်္ဂ နိရောဓသည် ဥပ္ပါဒခဏဘင်္ဂ နိရောဓ, အနုပ္ပါဒခဏဘင်္ဂ နိရောဓ-ဟူ၍ သတ္တိအားဖြင့် နှစ်ပါးဖြစ်လာသည်။ ထို့ကြောင့် နိရောဓ ၈-ပါး သိဖွယ်များ ဖြစ်လာသည်။

၁။ တဒင်္ဂ နိရောဓ ( ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ ဒုတွဲ နှာ-၅၃ )
ထိုရှစ်ပါးတွင် ထိုထို ကာမကုသိုလ်တည်းဟူသော အကြောင်းအစိတ်ဖြစ်ခိုက် ထိုထိုအကုသိုလ်တရားတို့၏ မဖြစ်ဘဲ ချုပ်ငြိမ်း၍နေခြင်းသည် ( တဒင်္ဂ-ထိုထိုကာမကုသိုလ်တည်းဟူသော အစိတ်အကြောင်းကြောင့်၊ နိရောဓ-ထိုထိုအကုသိုလ်တို့၏ ချုပ်ငြိမ်းခြင်းဖြစ်သောကြောင့် ) တဒင်္ဂနိရောဓ မည်၏။

( ဥပမာ )
လျှပ်စစ်လက်ခိုက် အမိုက်မှောင် ကင်းပျောက်သကဲ့သို့ မှတ်အပ်၏။

( ဆောင် )
လျှပ်စစ်လက်က၊ အမှောင် ပ,သို့၊ ကာမကုသိုလ်၊ ပယ်ခွင်းဖြိုကြောင့်၊ ထိုထို ပါပ၊ ချုပ်ငြိမ်းရ၊ ခေါ်ကြ တဒင်္ဂနိရောဓတည်း။


၂။ ၀ိက္ခမ္ဘန နိရောဓ ( ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ ဒုတွဲ နှာ-၁၂၁ )
ဈာန်ရပုဂ္ဂိုလ်များ၌ ဈာန်စိတ် တကြိမ်ဖြစ်ပြီးသည်မှစ၍ ဈာန်မလျောမကျမချင်း နီဝရဏတရားတို့၏ မဖြစ်ဘဲ ခွါရှဲ၍နေခြင်းသည် ( ၀ိက္ခမ္ဘန-ခွါသောအားဖြင့်၊ နိရောဓ-ချုပ်ငြိမ်းခြင်းကြောင့် ) ၀ိက္ခမ္ဘန နိရောဓ မည်၏။

( ဥပမာ )
ရေကန်၌ရှိသော မှော်များကို အိုးဖြင့် ဖယ်ရှား ပုတ်ခန်လိုက်သည်ရှိသော် ပုတ်ခတ်ခြင်း၏အဟုတ် မကုန်သေးသမျှ မှော်များခွါရှဲ၍ နေဘိသကဲ့သို့ မှတ်အပ်၏။

( ဆောင် )
အိုးဖြင့်ပယ်ရှား၊ မှော်ခွါသွားသို့၊ ဈာန်များဖြစ်က၊ နီဝရဏတို့၊ ကွာကြသောအား၊ ချုပ်ငြိမ်းငြား၊ မှတ်သား ၀ိက္ခမ္ဘန နိရောဓတည်း။


၃။ သမုစ္ဆေဒ နိရောဓ ( ပဋိသမ္ဘိဒါမ၈္ဂ အဋ္ဌကထာ ဒုတွဲ-နှာ ၁၂၁ )
မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်များ၌ မဂ်စိတ်ဖြစ်ခိုက် မဂ်လေးပါးတို့၏ အသီးသီးသော အစွမ်းသတ္တိ အရှိန်အစော် အာနုဘော်ကြောင့် ထိုက်သည်အားလျော်စွာ အနုသယတို့၏ နောင်တဖန်မဖြစ်နိုင်ဘဲ အမြစ်အရင်း အကြွင်းမရှိ ကင်းပြတ်ချုပ်ငြိမ်း ရုပ်သိမ်းခြင်းသည် ( သမုစ္ဆေဒ-အကြွင်းမဲ့ ဖြစ်သောအားဖြင့်၊ နိရောဓ-ချုပ်ငြိမ်းခြင်းကြောင့် ) သမုစ္ဆေဒ နိရောဓ မည်၏။

( ဥပမာ )
မိုးကြိုးကျရာဖြစ်သော သစ်ပင်ကြီးငယ် အသွယ်သွယ်တို့သည် တကြိမ်တည်း၌ပင် နောင်တဖန် စည်ပင်ပေါက်ရောက်နိုင်ခြင်းမရှိဘဲ အမြစ်အရင်းနှင့်တကွ သေကြေပျက်စီးခြင်းကဲ့သို့ မှတ်အပ်၏။

( ဆောင်)
မိုးကြိုးကျက၊ ပင်ရုက္ခတို့၊ မြစ်မျှမကျန်၊ ပျက်စီးဟန်သို့၊ မဂ်ဉာဏ်ဖြစ်က၊ နုသယတို့၊ ပျက်ကြလေခြင်း၊ ချုပ်ငြိမ်းခြင်းသည်၊ မယွင်း သမုစ္ဆေဒ နိရောဓတည်း။


၎။ ပဋိပဿဒ္ဓိ နိရောဓ ( ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ ဒုတွဲ-နှာ ၅၃ )
ဖလဋ္ဌာန်ပုဂ္ဂိုလ်များ၌ ဖိုလ်စိတ်၏ အရှိန်အစော် အာနုဘော်ကြောင့် ကိလေသာတို့၏ အခိုးအငွေ့များ ထပ်မံချုပ်ငြိမ်း ရုပ်သိမ်းခြင်းသည် ( ပဋိပဿဒ္ဓိ-ငြိမ်းသောအားဖြင့်၊ နိရောဓ-ချုပ်ငြိမ်းခြင်းကြောင့် ) ပဋိပဿဒ္ဓိ နိရောဓ မည်၏။

( ဥပမာ)
မီးလောင်ပြင်ကို ရေဖြင့် ထပ်မံလောင်းသတ်က မီး၏အခိုးအငွေ့ အရှိန်အစော်ကင်း၍ အေးမြခြင်းသို့ ရောက်သကဲ့သို့ မှတ်အပ်၏။

( ဆောင် )
မီးလောင်ပြင်ကို၊ သန့်စင်ဇလာ၊ ဖြန်းလောင်းပါက၊ ရှိန်ဝါပူငွေ့၊ မြူမတွေ့သို့၊ မဂ်ရေနောက်ပေ၊ ဖိုလ်များ ရေကြောင့်၊ ကိလေပူငွေ့၊ မြူမတွေ့၊ မရွေ့ ပဋိပဿဒ္ဓိ နိရောဓတည်း။


၅။ ဥပ္ပါဒခဏဘဂ် နိရောဓ ( ပဋသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ ဒုတွဲ-နှာ ၂၈၄ )
ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏ စုတိစိတ်တော်မှ တပါးသော အလုံးစုံသောစိတ်တို့၏ ဘင်ခဏ၌ နောက်နောက်စိတ်တို့၏ ဖြစ်ပေါ်လာရန် အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ၀ိဂတ စသော သတ္တိတို့ဖြင့် ကျေးဇူးပြုလျက် ချုပ်ငြိမ်းခြင်းသည် ( ဥပ္ပါဒ-နောက်စိတ်များစွာ ဖြစ်ပေါ်လာရန် ကျေးဇူးပြုလျက်၊ ခဏ-ခဏငယ်သုံးပါးတို့တွင်၊ ဘင်္ဂ-ဘင်ခဏ၌၊ နိရောဓ-ချုပ်ငြိမ်းခြင်းကြောင့် ) ဥပ္ပါဒခဏဘင်္ဂ နိရောဓ မည်၏။

( ဥပမာ )
စကြာမင်း နတ်ရွာစံခြင်းသည် သားကြီးဥပရာဇာ မင်းဖြစ်ရန် ကျေးဇူးပြုသကဲ့သို့ မှတ်အပ်၏။

( ဆောင် )
စကြာမင်းဖျား၊ နတ်ရွာလားက၊ သားမောင်အသော့၊ မင်းဖြစ်တော့ဟု၊ ဆိုသောအလား၊ နောက်စိတ်များ၏၊ ပေါက်ဖွားလာဖို့၊ ရှေ့စိတ်တို့၏၊ ချို့ချို့ယွင်းယွင်း၊ ချုပ်ပျက်ခြင်းသည်၊ ထင်လင်း ဥပ္ပါဒခဏဘင်္ဂ နိရောဓတည်း။


၆။ အနုပ္ပါဒခဏဘင်္ဂ နိရောဓ
ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏ စုတိစိတ်၏ ဘင်ခဏ၌ နောက်နောက်သောစိတ်များ ဖြစ်ပေါ်လာရန် အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ၀ိဂတ စသော သတ္တိတို့ဖြင့် ကျေးဇူးမပြုဘဲ မိမိ၏အကြောင်းကုန်၍သာ ချုပ်ငြိမ်းခြင်းသည် ( အနုပ္ပါဒ-နောက်စိတ်များ ဖြစ်ပေါ်လာရန် ကျေးဇူးမပြုဘဲ၊ ခဏ-ခဏငယ်သုံးပါးတို့တွင်၊ ဘင်္ဂ-ဘင်ခဏ၌၊ နိရောဓ-ချုပ်ငြိမ်းခြင်းကြောင့် ) အနုပ္ပါဒခဏဘင်္ဂ နိရောဓ မည်၏။

( ဥပမာ )
မီးဇာနှင့်ဆီ ကုန်၍ မီး၏ငြိမ်းခြင်းသည် မည်သည့်အရာဝတ္ထုကိုမျှ ဖြစ်ပေါ်လာရန် ကျေးဇူးပြုဘဲ မိမိ၏အကြောင်းကုန်၍သာ ငြိမ်းဘိသကဲ့သို့ မှတ်အပ်၏။

( ဆောင် )
ဆီနှင့်မီးဇာ၊ ကုန်ခဲ့ရာကြောင့်၊ လျင်စွာငြိမ်းပေ၊ မီးအနေသို့၊ ကိလေကမ္မ။ ဒွေဝဋ္ဋတို့၊ ကုန်ကြတုံလျှင်း၊ ချုပ်ငြိမ်းခြင်းသည်၊ မယွင်း အနုပ္ပါဒခဏဘင်္ဂ နိရောဓတည်း။


၇။ သညာဝေဒယိတ နိရောဓ ( ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ ပတွဲ-နှာ ၂၄၈ )
သမာပတ်ရှစ်ပါး ရပြီးသော ကာမ ရူပ အနာဂါမ် ရဟန္တာပုဂ္ဂိုလ်များ၌ နိရောဓသမာပတ်သို့ ရောက်ရန် ဈာန်ဝင်စားနည်း အမျိုးမျိုးတို့ဖြင့် ၀င်စားခြင်းကြောင့် ကာမဘုံ၌ ခုနစ်ရက်၊ ရူပဘုံ၌ အလိုရှိသမျှ စိတ် စေတသိက် စိတ္တဇရုပ်တို့၏ မဖြစ်ဘဲ ချုပ်ငြိမ်း ရုပ်သိမ်းနေခြင်းသည် ( သညာဝေဒယိတ-သညာ ဝေဒနာ အဦးရှိသော စိတ် စေတသိက် စိတ္တဇရုပ်တို့၏၊ နိရောဓ-မဖြစ်ဘဲ ချုပ်ငြိမ်း ရုပ်သိမ်းခြင်းကြောင့် ) သညာဝေဒယိတ နိရောဓ မည်၏။

( ဥပမာ )
ယခုခေတ် မေ့ဆေးပေးကြရာ၌ မေ့ဆေး၏ အစွမ်းသတ္တိအားလျော်စွာ ဆရာဝန်အလိုရှိသမျှ မေ့မြော၍နေဘိသကဲ့သို့ မှတ်အပ်၏။

( ဆောင် )
ဈာန်ရနာဂါမ်၊ အရဟံတို့၊ ဈာန်အာနုဘော်၊ ရှိန်အစော်ကြောင့်၊ နှစ်ဖော်စိတ်စေ၊ စိတ္တဇေ၏၊ ကာမေ သတ္တ၊ ဘုံရူပ၌၊ လိုသမျှမငြင်း၊ ချုပ်ငြိမ်းခြင်းသည်၊ မယွင်း သညာဝေဒယိတ နိရောဓတည်း။


၈။ သစ္စ နိရောဓ
သစ္စနိရောဓဟူသည် ပရမတ်လေးပါးတို့တွင် စိတ် စေတသိက် ရုပ် ပရမတ်တို့သည် မိမိ မိမိတို့၏ သဘောလက္ခဏာအားဖြင့် အသီးသီး သာသနာတွင်း သာသနာပ ဘယ်ကာလ၌မဆို အဟုတ်အမှန် ဧကန်စင်စစ် ရှိနေကြဘိသကဲ့သို့ ထို့အတူ မိမိ၏ ငြိမ်းအေးခြင်းဟူသော သန္တိသဘောဖြင့် အသီးအခြား သာသနာတွင်း သာသနာပ ဘယ်ကာလ၌မဆို အဟုတ်အမှန် ဧကန်စင်စစ် ရှိနေကြသော ရှေ့သုံးပါးတို့နှင့် မရောမယှက် သက်သက်သော အသင်္ခတဓာတ် ပရမတ်တမျိုးသည် ( သစ္စ-မှန်ကန်တည့်မတ်သော၊ နိရောဓ-အနုသယကိလေသာတို့၏ ချုပ်ငြိမ်းကြောင်းဖြစ်သောကြာင့် ) သစ္စ နိရောဓ မည်၏။

( ဥပမာ )
အစွမ်းသတ္တိ ထက်မြက်လှသော ဆေးဝါးမန္တရားသည် ကြီးကျယ်ပြင်းပြလှသော ရောဂါဝေဒနာ အဖြာဖြာတို့၏ ကင်းပျောက်ပျက်စီးကြောင်း ဖြစ်ဘိသကဲ့သို့ မှတ်အပ်၏။

( ဆောင် )
စိတ် စေ ရုပ်များ၊ သဘောအားဖြင့်၊ သီးခြားတုံလျက်၊ စဉ်အဆက်ဖြင့်၊ ပျက်ကာ ဖြစ်ကာ၊ ရှိနေပါသို့၊ ပမာထိုနဲ၊ ဖြစ်ပျက်စဲလျက်၊ အမြဲမကွာ၊ ရှိနေပါ၍၊ ဘယ်ခါမဆို၊ သူထိုထိုတို့၊ မဂ် ဖိုလ် ရက၊ ပစ္စက္ခဖြင့်၊ အနုသယပေါင်း၊ ချုပ်ငြိမ်းကြောင်းသည်၊ မှတ်ကြောင်း သစ္စနိရောဓတည်း။

( ပြည်-ဇောတိကာရုံ ဆရာတော် )

ဆောရီး ဆောရီး ငှက်ပျောသီး

၁။ လွန်ခဲ့သော တရက်ကဖြစ်သည်။
ထုံးစံအတိုင်း ကျွန်တော်တို့ဇနီးမောင်နှံ နံနက်တိုင်း သောက်နေကျဖြစ်သော လက်ဖက်ရည်ဆိုင်ကလေးသို့ လျှောက်သွားကြသည်။ နံနက် (၇)နာရီခန့်သာ ရှိသေးသဖြင့် ဆိုင်အတွင်း၌ လက်ဖက်ရည်သောက်သူများ သိပ်မရှိလှသေးပေ။ တ၀ိုင်းနှစ်ဝိုင်းတွင် တယောက်စ နှစ်ယောက်စလောက်သာ ရှိသေးသည်ကို တွေ့ရသည်။ ကျွန်တော်တို့လည်း စားပွဲလွတ်တခုသို့ဝင်၍ ထိုင်လိုက်ကြသည်။ ကျွန်တော်တို့ရောက်၍ (၁၅)မိနစ်ခန့်ကြာသော် ဆိုင်အတွင်းစားပွဲများ ပြည့်လုနီးပါးမျှ လူအများရောက်လာကြသည်။ ဆိုင်နှင့်စာလျှင် စားပွဲထိုးအရေအတွက်မှာ နည်းလွန်းလှသည်ဖြစ်ရာ ရှိသည့်စားပွဲထိုးကလေး နှစ်ယောက်မှာ ဟိုပြေးသည်လွှားနှင့် အလုပ်ရှုပ်လျက်ရှိသည်။ ထိုအခိုက် ကျွန်တော်၏ ကျောပြင်၌ ပူခနဲဖြစ်သွားသောကြောင့် လှည့်ကြည့်လိုက်၏။ စားပွဲထိုး ကလေး တယောက် ယူလာသည့် လက်ဖက်ရည်ခွက်မှာ ကျွန်တော့ကျောပြင်ပေါ်သို့ မှောက်ကျခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ပူလွန်းလှသောကြောင့် ကျွန်တော်သည် အင်္ကျီကို ကမန်းကတန်း ချွတ်လိုက်ရသည်။ ကျွန်တော်၏ အဖြစ်အပျက်ကိုကြည့်ပြီး စားပွဲထိုးကလေး ပြောလိုက်သည်မှာ
( ဆောရီး )

၂။ လွန်ခဲ့သောတရက်ကဖြစ်သည်၊
ကျွန်တော်သည် မြို့ထဲရှိ မဂ္ဂဇင်းတိုက်သို့သွားရန်အတွက် ဘတ်(စ်)ကားမှတ်တိုင်၌ ကားစောင့်လျက်ရှိသည်။ ကျွန်တော်တို့ မှတ်တိုင်မှာ ကြားမှတ်တိုင်ဖြစ်သောကြောင့် ကားလွယ်လင့်တကူ မရတတ်။ ရပ်သောကားများမှာလည်း လူများအပြည့်အကျပ်နှင့်မို့ တက်၍မရတတ်။ ထို့ကြောင့် အမြဲတမ်းဆိုသလို ထန်းလျက်ခဲ ပုရွက်ဆိတ်အုံသကဲ့သို့ မှတ်တိုင်၌ ခရီးသည်များ စုပြုံနေတတ်သည်။ တကြိမ်တွင် ဘတ်(စ်)ကားတစီးသည် မှတ်တိုင်ကို ကျော်သွားပြီးမှ ထိုး၍ရပ်လိုက်သည်။ ကျွန်တော်အပါအ၀င် ခရီးသည်တစုသည် အဆိုပါကားဆီသို့ ပြေး၍လိုက်ကြရသည်။ ကျွန်တော့်ရှေ့မှ လူတယောက်စ နှစ်ယောက်စ အလုအယက်တက်၍ အပြီးမှာပင် ကားသည် ၀ူးခနဲမောင်း၍ ထွက်သွားသည်။ ထိုအခိုက် ဘတ်(စ်)ကား နောက်ဆုံးပြူတင်းပေါက်မှ ထွေးထုတ်လိုက်သော ကွမ်းတံတွေးသည် ကျွန်တော့်ရှေ့မှ လူတယောက်၏ အင်္ကျီပေါ်သို့ ကျပြီး စွန်းပေသွားသည်။ ကွမ်းတံတွေးပေသွားသောသူသည် ဒေါသတကြီးဖြင့် ထွက်သွားသောကားကိုကြည့်ပြီး ဆဲရေးလိုက်စဉ် ကားပေါ်မှအော်၍ပြောလိုက်သော စကားတခွန်းကို ကျွန်တော်ကြားလိုက်ရသည်။ ထိုစကားမှာ
( ဆောရီး )

၃။ လွန်ခဲ့သောတရက်ကဖြစ်သည်။
ကျွန်တော်သည် ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ရထားစီးကာ အိမ်ပြန်ခဲ့သည်။ မြို့ပတ်ရထားစီး၍ အိမ်ပြန်ခဲ့သည်မှာ ကြာပြီ။ တိတိကျကျပြောရလျှင် ဘတ်(စ်)ကား စပယ်ယာများ၏ အသံဖြင့်နှိပ်စက်မှုကို သည်းမခံနိုင်တော့သည့် အချိန်မှစ၍ ဖြစ်သည်။ မြို့ပတ်ရထားက စပယ်ယာမပါ။ နောက်ရထား စောင့်သည်ဟူ၍လည်းမရှိ။ ထို့ကြောင့် လူမည်မျှပင်ကျပ်ကျပ် ထိုင်ခုံနေရာရသည်ဖြစ်စေ မရသည်ဖြစ်စေ စိတ်လက်ချမ်းသာ စီးရသည်။ ဘူတာစဉ်ကလည်း ကျွန်တော်ဆင်းရမည့် တိုးကြောင်ကလေးဘူတာအထိ ခြောက်ဘူတာသာရှိသည်။ လွန်ရောကျွံရော မိနစ်(၄၀) ဆိုလျှင် ရောက်ပြီ။ ထိုသို့ စီးသွားရာတွင် ကျွန်တော်အပါအ၀င် ခရီးသည်အချို့သည် တိုးကြောင်ကလေးဘူတာအထိ ရထားကိုမစီးကြ။ တိုးကြောင်ကလေးဘူတာမှ ဒဂုံတောင်ထဲသွားသည့် ဘတ်(စ်)ကားမှတ်တိုင်အထိ ခရီးမှာ အတန်ငယ်လှမ်းသည်။ အလုပ်မှ မောမောပန်းပန်း ပြန်လာကြသူများချည်းဖြစ်ရာ ထိုအကွာအဝေးကို လမ်းမလျှောက်ချင်ကြ။ ထိုနေ့က ကျွန်တော်သည် အဆိုပါ ရထားလမ်းကူးမရောက်မီ ဆင်းရန်အတွက် မီးရထား အတက်အဆင်း အပေါက်ဝတွင် အဆင်သင့် နေရာယူလိုက်သည်။ ကျွန်တော်ကဲ့သို့ ထိုနေရာ၌ပင် ဆင်းမည့်သူတယောက်လည်း ကျွန်တော့်နောက်တွင် အဆင်သင့်နေရာယူထားသည်။ သို့သော် ရထား ထိုနေရာသို့အဖြတ် ကျွန်တော်ဆင်းဝံ့သော အရှိန်မဟုတ်သဖြင့် မဆင်းလိုက်။ ကျွန်တော် မဆင်းသောကြောင့် ရှေ့မှပိတ်နေသလိုဖြစ်ကာ ကျွန်တော့်နောက်မှလူလည်း ဆင်း၍မရတော့။ ထို့ကြောင့် သူကကျွန်တော့်ကို ခင်ဗျား-ဆင်းလည်းမဆင်းရဲပဲနဲ့၊ မဆင်းတော့ ကျွန်တော်လည်း ဆင်းမရတော့ဘူး။ အဝေးကြီးလမ်းလျှောက်ရတော့မယ်ဗျ-ဟု မကြည်သာသောမျက်နှာနှင့် ပြောသည်။ ထိုအခါ ကျွန်တော်က သူ့ကို
( ဆောရီး )

၎။ လွန်ခဲ့သောတရက်ကဖြစ်သည်။
စာနယ်ဇင်း ရှင်းလင်းပွဲတခုရှိသောကြောင့် အိမ်မှစောစော ကျွန်တော်ထွက်လာခဲ့သည်။ ရှင်းလင်းပွဲမှာ မနက်(၁၀)နာရီတွင် စတင်မည်ဖြစ်ရာ အိမ်မှ တနာရီခွဲစော၍ (၈)နာရီခွဲတွင် ကျွန်တော်ထွက်လာခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ တနာခွဲ စောထွက်ခဲ့သည့်တိုင် ရှင်းလင်းပွဲပြုလုပ်မည့် ဟိုတယ်သို့ ကျွန်တော်ရောက်သွားသည့်အခါ (၁၀)နာရီထိုးရန် ငါးမိနစ်ခန့်သာ လိုတော့သည်။ စာနယ်ဇင်းဆရာ တော်တော်များများလည်း ရောက်ရှိနေကြသည်ကို တွေ့ရသည်။ သို့သော် ရှင်းလင်းပွဲပြုလုပ်မည့် သရုပ်ဆောင်က ရောက်မလာသေး။ စောင့်ရင်းစောင့်ရင်းနဲ့ အချိန်များကုန်လာရာ (၁၁)နာရီပင် ကျော်သွားခဲ့ပြီ။ စာနယ်ဇင်းဆရာအချို့က ပြန်ရန်အတွက် ပြောသူပြော၊ ထသူထ ပြုလုပ်ကြသည်။ ပွဲကို တာဝန်ခံ၍ ဖိတ်ကြားထားသူဆရာက တီးတိုးတီးတိုးလိုက်၍ သည်းခံစောင့်ဆိုင်းပါရန် တောင်းပန်နေရသည်။ နောက်ဆုံး(၁၁)နာရီခွဲ သတ်မှတ်ချိန်ထက် တနာခွဲ နောက်ကျပြီးမှ သရုပ်ဆောင်ဖြစ်သူ ရောက်လာသည်။ သူက အခန်းအတွင်း ထိုင်နေကြသည့် စာနယ်ဇင်းဆရာများအား ကြည့်ကာ ပြောလိုက်သည်မှာ
( ဆောရီး )

၅။ ကျွန်တော်သည် ယခုရောက်ရှိနေသည့် အသက်အရွယ်အထိ ဆောရီး-ပေါင်း မည်မျှ အခြားသူများအား ပြောခဲ့ပြီးပြီနည်း။ ထိုကဲ့သို့ပင် အခြားသူများကလည်း ကျွန်တော်အပါအ၀င် ၄င်းတို့ ထိတွေ့ဆက်ဆံရသည့် သူများအပေါ် ဆောရီး-ပေါင်း မည်မျှ ပြောခဲ့ကြပြီနည်း။ အကြိမ် အနည်းနဲ့ အများသာ ကွာချင်ကွာကြလိမ့်မည်။ ငှက်ပျောသီး အခွံနွှာစားသကဲ့သို့ ကျွန်တော်တို့ အလွယ်တကူ ဆောရီးခဲ့ကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သေချာသည်ကတော့ ကျွန်တော်က ဆောရီး-ဟု တခါပြောလိုက်တိုင်း အခြားတဖက်သား တဦးတယောက်တွင် နစ်နာဆုံးရှုံးမှု အနည်းနှင့်အများ ရှိသွားပြီ။ အခြားသူများက ကျွန်တော့်ကို ဆောရီး-ဟု တခါပြောလိုက်တိုင်း ကျွန်တော့တွင် တစုံတရာ နစ်နာဆုံးရှုံးမှု ရှိသွားပြီသာဖြစ်သည်။

( တူမောင်ကတော့ ဆောရီး-ပဲ၊ ဦးလေးမှာတော့ ထီးကျိုးသွားပြီ-) ဆိုသော စကားကို ကျွန်တော်တို့ ကြားဖူးကြသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ဆောရီး-ကို အလွယ်တကူ မပြောမိကြစေရန် ကျွန်တော်တို့၏ အပြောအဆို အလုပ်အကိုင် အနေအထိုင်များကို သတိပြု နေထိုင်ကြရမည် ဖြစ်ပေသည်။ လူတိုင်း ထိုကဲ့သို့ ကျင့်ကြံနေထိုင်နိုင်ပါက ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်မဟုတ်သော်ငြား အနည်းနှင့်အများ ထိခိုက်နစ်နာဆုံးရှုံးမှုမှ ကင်းဝေးကြကာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြလိမ့်မည်ဟု ယုံကြည်မိပေသည်။

( ရဲခေါင်-မဲမောင် )