Tuesday, September 29, 2009
အသက်ရှည်ဆေး
သ-သကြား။
မ-မကျီးနှစ်။
ထော-ထောပတ်။
ပျား-ပျားရည်။
တောကကျား-ဆင်တုန်းမနွယ် အမှုန့်။
ဆတူ ရောသမမွေပြီး မနက်တကြိမ် ညတကြိမ် လဘက်စားဇွန်းစာ စားက ဓာတ်လေးပါးညီညွတ်၍ အသက်ရာကျော် ရှည်မည်။
( ညောင်သုံးပင် ဆရာတော်-မိုးကုတ် )
ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၄ )
ငါဘုရားပရိနိဗ္ဗာန်စံပြီးသည့်နောက် တယောက်သောပုဂ္ဂိုလ်က အယူအဆသစ် တင်သွင်းလာတော့မယ်ဆိုရင် အဲဒီဝါဒကို ပိဋကတ်သုံးပုံထဲမှာ ထည့်ကြည့်လိုက်ပါ။ ညှိကြည့်လိုက်ပါ။ သုတ္တန်တွေထဲ ထည့်ကြည့်၊ ကိုက်ညီတယ်၊ ဝင်သွားတယ်ဆိုရင် ဒါ လက်ခံနိုင်တယ်။ သုတ္တန်မှာ မဝင်ရင် ဝိနည်းမှာထည့်ကြည့်ပါ၊ ဝိနည်းထဲ ဝင်သွားသလား၊ ဒါဆိုရင် ကောင်းတယ်၊ မဝင်ဘူးဆိုရင် အဘိဓမ္မာထဲမှာ ထည့်ကြည့်ပါ။ အဲဒါ အံဝင်ခွင်ကျ ဝင်သွားရင်ကောင်းတယ်၊ သုတ္တန် ဝိနည်း အဘိဓမ္မာ ဘယ်မှာမှမဝင်ဘူးဆိုရင် အဋ္ဌကထာမှာထည့်ကြည့် ၊ အဋ္ဌကထာထဲဝင်သွားတယ်၊ ညီညွတ်တယ်ဆိုရင် ကောင်းတယ်၊ အဋ္ဌကထာထဲမှာ မဝင်ဘူးဆိုရင် ဋီကာထဲမှာ ထည့်ကြည့်ပါ။ ဝင်သွားရင်ကောင်းတယ်၊ ဘယ်မှာမှ ထည့်လို့မရရင် အာစရိယဝါဒနှင့် ညှိကြည့်ပါ၊ အာစရိယဝါဒဆိုတာ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ အရှင်ဥပါလိတို့လို ပုဂ္ဂိုလ်များကို ပြောတာ။ အာစရိယဝါဒထဲ ဝင်သွားတယ်ဆိုရင်လဲ တော်ပါသေးတယ်။ အဲဒီလေးမျိုးနှင့် ညှိလို့မရတဲ့ အယူအဆဝါဒမျိုးဆိုရင် ပစ်ပယ်လိုက်။ အဲဒါ မဟာပဒေသလေးပါးပဲ။
ပါဠိတော်ရယ်၊ အဋ္ဌကထာရယ်၊ ဋီကာရယ်၊ အာစရိယဝါဒရယ် အားလုံးလေးပါးပေါ့။ အဲဒီ အားကိုးအားထားပြုရမဲ့ အာစရိယဆိုတာက မဟာပဒေသလေးပါးကို လိုက်နာကျင့်ဆောင်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်။
လက်မခံတဲ့ဆရာမျိုးနဲ့ဆိုရင် မဖြစ်ပြန်ဘူး။ ပါဠိတော် အဋ္ဌကထာ ဋီကာတွေကို ကျွမ်းကျင်တဲ့ပုဂ္ဂိုလ် ဖြစ်ဖို့လိုတယ်။ ဒါကြောင့် ပေါ်ပေါက်လာတဲ့ ဝါဒကွဲများကို မဟာပဒေသနှင့်သွင်းညှိပြီး ကိုက်ညီဖို့ အရေးကြီးတယ်ဆိုတာ။ ဒါဟာ သာသနာကို ကြည့်ညိုတဲ့ပုဂ္ဂိုလ်တွေ အကျေအလည်သိထားဖို့ လိုအပ်တယ်။ နောက်ပြီး တန်ခိုးကိစ္စနဲ့ပတ်သက်ပြီး ပြောစရာတွေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကေဝဋသုတ် ဟောတဲ့အခါကျမှ ဟောပြမယ်။ အခုတော့ ဝါဒဆိုင်ရာကိစ္စနှင့် ပတ်သက်ပြီး ဒါလောက်ပဲ မှတ်ထားဦး။
( မြတ်ဗုဒ္ဓရုပ်ကလာပ် မီးရှို့၍ မလောင်)
မြတ်စွာဘုရားပျံလွန်ပြီး ရုပ်ကလာပ်တော်ကို ကုသိနာရုံအရှေ့ဘက် နံ့သာထင်းပုံပေါ်မှာ တင်ပြီး မီးပူဇော်ကြဖို့ ဆောင်ရွက်ကြတယ်။ အဲဒီအခါမှာ မလ္လာမင်းများက မီးရှို့ဖို့ ပြင်ဆင်ကြတာ။ မီးက ရှို့လို့မလောင်ဘူး။ အရှင်အနုရုဒ္ဓါက ကြည့်နေတယ်။ ထင်းပုံကြီးက မီးမစွဲနိုင်ဘူး။ နောက်တော့ နတ်တွေက အရှင်အနုရုဒ္ဓါကို လာလျှောက်ကြတယ်။ အခုအခါမှာ အင်မတန်အရေးကြီးပုဂ္ဂိုလ် မရောက်လာသေးလို့ မီးမလောင်တာပါ။ လာမည့် သာသနာတော်တရပ်လုံး ပခုံးပေါ်လွဲပြောင်းတဲ့ ပုဂ္ဂိုလ်ကြီး ရောက်အောင်စောင့်ပါဦး၊ အလောင်းတော်ကို ဖူးမြော်ခွင့်ပေးပါဦး။ မီးသင်္ဂြိုဟ် မစောပါနဲ့။ သာသနာတော်ကို ဆက်လက်ထမ်းဆောင်မည့်ပုဂ္ဂိုလ်က လာနေတုန်းရှိပါသေးတယ်။ ရောက်အောင်စောင့်ပါဦး။ သာသနာတော်ကြီးတရပ်လုံးကို အရှင်အာနန္ဒာလဲ မထမ်းဆောင်နိုင်ဘူး။ အရှင်အနုရုဒ္ဓါ၊ အရှင်ဥပါလိတို့လဲ မထမ်းဆောင်နိုင်ဘူး။ ထမ်းဆောင်ဖို့ ပခုံးလွှဲပြောင်းပေးထားတဲ့ ပုဂ္ဂိုလ်က အရှင်မဟာကဿပသာ ဖြစ်ပါတယ်။
( အရှင်မဟာကဿပ တာဝန် )
အရှင်မဟာကဿပရဲ့ ဂုဏ်စွမ်းရည်ကို သိမြင်ပြီး ဘဒ္ဒိယတိုင်းပြည်က အရှင်မဟာကဿပအလောင်း လူဝတ်နဲ့ ရာဇဂြိုဟ်ပြည်ကို ကြွလာတဲ့အချိန်မှာ မြတ်စွာဘုရားက ခြောက်မိုင်လောက်သွားကြိုပြီး စောင့်နေခဲ့ဖူးပါတယ်။ အရှင်မဟာကဿပ ရဟန်းမဖြစ်မီ လူ့ဘ၀ကစပြီး ကြိုဆိုတာဟာ-ဒီပုဂ္ဂိုလ်ဟာ ငါဘုရားမရှိတဲ့နောက် သာသနာကို ထိန်းသိမ်းမယ့်ပုဂ္ဂိုလ် ဖြစ်လာမယ်ဆိုတာ ကြိုတင်မြင်တော်မူလို့-ဖြစ်ပါတယ်။ ဆရာသမားတွေက ချီးမြောက်တဲ့နေရာမှာ ဒီလိုကြိုတင်မြော်မြင်ပြီး မြင်ကြတာဟာ အလွန်အံ့ကြချီးကျူးစရာ ကောင်းတယ်။ ဒီအရည်အချင်းကို ဧကဒဿီလို့ ခေါ်ရမှာပေါ့။ အနာဂတ်ရှည် ဝေးစွာသောကာလကို မျှော်ပြီး မြင်တတ်တဲ့ပုဂ္ဂိုလ်မြတ်တွေပဲ။ ဒီလိုပုဂ္ဂိုလ်မျိုးကို လောကစက္ခု (လောကမျက်လုံး) လို့လဲခေါ်ရတယ်။ ရှင်မဟာကဿပက ဆွေမျိုးတွေလဲ အလွန်ပေါတယ်။ သူဌေးမျိုးဖြစ်တဲ့ ရှင်မဟာကဿပကို ဆွေမျိုးတွေက အလွန်နူးညံ့ပြီး ချောမွတ်နေတဲ့ ကာသိတိုင်းဖြစ်အဝတ်ကို နှစ်ထပ်သင်္ကန်းကြီး ချုပ်ပြီး လှူလိုက်ကြတာကို အရှင်မဟာကဿပက ပခုံးပေါ်တင်လာတယ်။ ဘုရားရှင်အနီးရောက်လို့ ရှိခိုးဦးချတဲ့အခါ ဘုရားရှင်က အဲဒီသင်္ကန်းကို ကိုင်ကြည့်ပြီးတော့ ချောမွေ့လိုက်တာ၊ နူးညံ့လိုက်တာ ဆိုပြီး ချီးမွမ်းစကား ပြောတယ်။ ဒီတော့ ကဿပအရှင်က မြတ်စွာဘုရား နှစ်သက်တယ်ဆိုပြီး သူ့ပခုံးပေါ်က သင်္ကန်းကြီးကို ကပ်လှူလိုက်တယ်။ ဘုရားကိုယ်တော်က ရှင်မဟာကဿပ တိစီဝရိတ်ဓုတင် ဆောင်တော်မူတာ သိတယ်။ အမြဲ တောမှာနေတယ်။ ဓုတင် ၁၃-ပါးကို အမြဲဆောင်တော်မူတယ်။ ဓုတင်ပုဂ္ဂိုလ်ဖြစ်တော့ တနေ့လုံးမှာ တထပ်တည်း တထိုင်တည်းသာ ဘုဉ်းပေးတော်မူတယ်။ ဒီလိုပုဂ္ဂိုလ်မြတ်မျိုး သာသနာတော်မှာ ခေါင်းဆောင်ဖြစ်စေတော်မူဖို့ အထူးရွေးချယ်တော်မူတာ။ တိစီဝရိတ်ဆောင် သံဃာတော်က သူ့သင်္ကန်းကြီး ဘုရားလှူလိုက်တော့ သူ့မှာ သင်္ကန်းနှစ်ထည်သာ ကျန်တော့တယ်။ မြတ်စွာဘုရားက သူကိုယ်တိုင် ဆောင်ထားတဲ့ နှစ်ထပ်သင်္ကန်း ကြမ်းကြမ်းထူထူကြီးကို အရှင်မဟာကဿပ ပခုံးပေါ် တင်ပေးလိုက်တယ်။ နောင်လာမည့် သာသနာတော်ကို ပခုံးလွှဲပေးလိုက်တာ ဖြစ်တယ်။
( လောက်အပြည့်နဲ့ အဝတ် လျှော်ဖွပ်ယူသော မြတ်ဗုဒ္ဓ)
ဘုရားရှင်ရဲ့ ပံ့သကူသင်္ကန်းကလဲ အလွန်မွန်မြတ်တဲ့ သင်္ကန်း။ ဘုရားကိုယ်တော်တိုင် သုဿာန်သွားပြီး ပုဏ္ဏာဆိုတဲ့ ကျွန်မတယောက် အလောင်းက ခွါယူလာခဲ့တာ။ ပုဏ္ဏာကျွန်မအလောင်းကို ပိတ်တွေနဲ့တင်းကျပ်အောင်စည်းပြီး သင်္ချိုင်းမှာ သွားတွေ့တော့ မြတ်စွာဘုရားက ပုပ်ပွနေတဲ့ အလောင်းကောင်ပေါ်ကအဝတ်ကို ခွါယူတယ်။ အသားတွေပါ ကပ်ပါလာပြီး တရှဲရှဲမြည်အောင် ခွါယူလိုက်တော့ လောက်တွေ တဖွားဖွားတက်နေတာကို ဝါးခြမ်းပြားနဲ့ ခြစ်ထုတ်ရတာ။ တပြည်လောက်ရတယ်။ အဲဒီအသားပုပ်တွေ ကပ်နေတဲ့အဝတ်ကို အလောင်းကောင်က ခဲခဲယဉ်းယဉ်း ခွါယူပြီး အစိရဝတီမြစ်ထဲမှာ ရေလျှော်တော်မူတယ်။ ဒီအခါမှာ မဟာပထဝီမြေကြီး ပြင်းစွာလှုပ်သွားတယ်။ အဲဒီအဝတ်စကို သင်္ကန်းချုပ်၊ အညိုရောင်ဆိုးပြီးတော့ ဘုရားသုံးဆောင်တော်မူတာ။ အဲဒီလိုပံ့သကူ သင်္ကန်းဟာ မြတ်လွန်းလို့ ဥက္ကဋ္ဌပံ့သကူလို့ ခေါ်တယ်။ ဒီထက်ညံ့တဲ့ ပံ့သကူမျိုးကိုတော့ သြမက ပံ့သကူလို့ခေါ်တယ်။
အခုခေတ်မှာလဲ ပံ့သကူပစ်တာ ရှိကြပါတယ်။ ခုခေတ်မှာတော့ ဆိုင်ပေါ်က အကောင်းဆုံးသင်္ကန်း ဝယ်ယူပြီး စင်စင်ကြယ်ကြယ် လုံလုံခြုံခြုံထုပ်ပြီး ဖုန်မတင်အောင် ဖုံးဖိပြီး ထားတတ်ကြတယ်။ ပြီးတော့မှ ဆရာတော်များ ကြွလာမည့်လမ်းမှာ ချထားပြီး ဘယ်ဆရာတော် ကောက်ယူသွားသလဲဆိုတာ ကွယ်ရာက ချောင်းကြည့်လေ့ရှိတယ်။ ပံ့သကူဆိုတာ မြေမှုန်အထပ်ထပ် ပေကပ်နေပြီး မြေပေါ်ပစ်ထားတာ။ အခုတော့ မြေမလိမ်း၊ ရွှံ့မတင်၊ ဖုန်မဝင်အောင် အပေါ်ကအဝတ်အထည်တွေဖုံးပြီး ထားလေ့ရှိကြတယ်။ ဘုန်းကြီး သပိတ်အိုင်မှာနေတုန်းက ကိုယ်တိုင်ကောက်ယူပြီး သုံးဖူးတာ။ ကိုယ်တွေ့ပြောပြနေတာ။ အဲဒီပုဏ္ဏာအလောင်းက ခွါယူထားတဲ့သင်္ကန်းကို ဘုရားရှင်က ရှင်မဟာကဿပ ပခုံးပေါ် တင်ပေးလိုက်တယ်။ ဒီသာသနာတခုလုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ကို ငါ့အပ်လိုက်တာပဲဆိုတာ အရှင်ကလဲ နားလည်တော်မူတယ်။ ဘုရားမရှိတဲ့နောက် သာသနာတော်ကို ငါစောင့်ရှောက်ရမယ်။ ငါ့ပခုံးပေါ် သာသနာတခုလုံး ရောက်သွားပြီ။ အဲဒါ ဘုရားရှင်ကိုယ်တော်တိုင် သာသနာ့တာဝန်ကို လွှဲအပ်ခဲ့ပုံ ထေရဝါဒပုံစံပဲ။ မဟာယာနခေါင်းဆောင်ရွေးပုံက တမျိုး။ ဒါနောက်ပိုင်း ပြောပြမယ်။
( ကိုယ်တုံးလုံး တက္ကတွန်းက နတ်ပန်းပွင့် ထီးဆောင်းလာပုံ )
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးပြီ။ ခုနစ်ရက်မြောက် လွန်ပြီးပြီ။ ပခုံးပြောင်းတာဝန် ပေးအပ်ခြင်းခံရတဲ့ ရှင်မဟာကဿပက အဝေးရောက်နေသေးတယ်။ ရှင်မဟာကဿပနှင့် တပည့်သံဃာတော်များက ကုသိနာရုံကိုလာဆဲ။ လမ်းမှာရှိသေးတယ်။ လမ်းခုလတ်မှာ အာဇီဝက တက္ကတွန်းကြီးတယောက်နဲ့ တွေ့တယ်။ အာဇီဝက တက္ကတွန်းက နိဂဏ္ဍနာဋပုတ္တရဲ့ ဂိုဏ်းအဖွဲ့ထဲကလူ။ သူတို့ဂိုဏ်းက အဝတ်မဝတ်ဘူး။ ဝတ်လစ်စလစ် ကျင့်တဲ့ဂိုဏ်း။ တုံးလုံကြီးနေတယ်။ ကဆုန်လ ပူတဲ့ရာသီဆိုတော့ အဝတ်မပါတဲ့ တက္ကတွန်းကြီးက ကြီးမားလှပတဲ့ ပန်းကြီးကို အလယ်က အရိုးတပ်ပြီး ထီးအဖြစ် ဆောင်းလာတယ်။ အဲဒီထဲက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော့ နတ်များက ပန်းမိုးရွာချတာ။ ဒူးအထိမြုပ်အောင် ဖုံးလွှမ်းနေတာ။ ဒါကို ကောက်ယူပြီး ထီးလုပ်လာတာ။ ဒီထီးဟာ သာမညမဟုတ်။ နတ်ပန်းကို အရိုးတပ်လာတာဆိုတာ ရှင်မဟာကဿပက သိတယ်။ ကိုယ်တုံးလုံးကောင်ကြီးက နတ်ပန်းကို ထီးလုပ်ဆောင်းလာတာ။ ဘယ်လိုကြည်ညိုဖွယ်ကောင်းမလဲဆိုတာ ပရိသတ်များ မျှော်မှန်းကြည့်လိုက်ပေတော့။
မန္ဒာရဝနတ်ပန်းဆိုတာ ဘုရားပွင့်တော်မူတဲ့နေ့နဲ့ ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့မှာ နတ်များ ပူဇော်ကြဲချကြတာ။ ဒီပန်းကိုမြင်တော့ ရှင်မဟာကဿပက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီထင်တယ်ဆိုတာ တွေးတောစိတ်လေးနေတယ်။ တက္ကတွန်းအနားရောက်တော့ သင်-ဘယ်ကလာတာလဲ-လို့မေးတယ်။ ကျွန်ုပ် ကုသိနာရုံက လာခဲ့ပါတယ်-လို့ ပြောတယ်။ ဒါနဲ့ တို့များရဲ့ ဆရာဖြစ်တဲ့ ဂေါတမဗုဒ္ဓဘုရားနဲ့ တွေ့မြင်ခဲ့ရဲ့လား။ ဘာသတင်းများ ကြားခဲ့လဲ-လို့ မေးတော့ တက္ကတွန်းက ကြားတာပေါ့-အခု ကွယ်လွန်တာတောင် ခုနစ်ရက်ရှိသွားပြီ-လို့ ပြောတယ်။
( ငိုကြွေးမဆုံးသော ရဟန်းတော်များ )
ဒီသတင်းလဲကြားရော အရှင်မဟာကဿပ နောက်တော်ကပါလာကြတဲ့ ရဟန်းငါးရာထဲက ပုထုဇဉ်ရဟန်းတွေရယ်၊ သောတာပန်ရဟန်းတွေရယ်၊ သကဒါဂါမ်ရဟန်းတွေရယ်၊ သုံးမျိုးသောပုဂ္ဂိုလ်တွေက ဖြေမဆည်နိုင်ဘဲ အပြင်းအထန် ငိုကြွေးကုန်ကြတယ်။ အနာဂါမ် ရဟန္တာတွေကတော့ သောကကင်းနေပြီး တရားသဘောနဲ့ပဲ ဆင်ခြင်တယ်။ မငိုတော့ဘူး။ ဒီအချက်ကို ပရိသတ်များ သတိပြုပါ။ ရဟန္တာပုဂ္ဂိုလ်များ ရာဂနဲ့ဒေါသ ငြိမ်းနေပြီ။ သောကဆိုတာ ရာဂနဲ့ဒေါသရဲ့ အကျိုးဖြစ်တယ်။
ရဟန်းတော်တွေဟာ အပြင်းအထန် ငိုကြွေးကြပြီး ပရိနိဗ္ဗာန်စံတာ စောလှချည်လား။ လောကမှာ မျက်လုံးကွယ်သွားပြီ။ လောကသားတွေ အကန်းဖြစ်ကုန်ပြီ။ ရဟန်းတော်များဟာ တပါးတည်း မရပ်တည်နိုင်ဘဲ နှစ်ပါးတွဲနေရတယ်။ နှစ်ပါးတွဲလို့လဲ ထောက်တည်ရာမရနိုင်လို့ ငါးပါးတွဲပြီး ငိုကြတာ။ အကုန် ယိုင်လဲကုန်ကြတယ်။
သီတဂူဆရာတော်
( မြတ်မင်္ဂလာ ၂ဝဝ၁-ခု မတ်လ )
Saturday, September 26, 2009
ထေရဝါဒ ဗုဒ္ဓဘာသာ ( ၂ )
( စင်ပြိုင် သင်္ဂါယနာ )
ရဟန္တာကြီးများ၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် သံဃာ့ကံပြု၍ နှင်ထုတ်ခံရသည့် ဝဇ္ဇီတိုင်းသား ရဟန်းတော်များသည် ဝေသာလီပြည်မှ ထွက်ခွါကာ အနယ်နယ်အရပ်ရပ်တွင် အဓမ္မဝါဒီ ရဟန်းများကို စည်းရုံး၍ ရဟန်းတသောင်း ရရှိသောအခါ ကောသမ္ဘီပြည်တွင် စင်ပြိုင်သင်္ဂါယနာ တင်ကြ၏။ သူတို့၏ သင်္ဂါယနာကို သံဃာတသောင်းရှိ၍ မဟာသင်္ဂီတိ-ဟု အမည်ပေးကြသည်။ သူတို့ဂိုဏ်းကိုလည်း မဟာသင်္ဂီတိဂိုဏ်း (ဝါ) မဟာသံဃိကဂိုဏ်း-ဟု မှည့်ခေါ်ကြသည်။ ထိုသင်္ဂါယနာတင်ပွဲတွင် အရှင်မဟာကဿပ မထေရ်ကြီးတို့ စီစဉ် သင်္ဂါယနာတင်ခဲ့သည့် ဓမ္မဝိနယများကို ပြောင်းလဲစီစဉ်ကြ၏။ နိကာယ်တခုမှ သုတ်ကို အခြားနိကာယ်တခုသို့ ရွှေ့ပြောင်းကြ၏။ ဝိနည်း၌၄င်း၊ နိကာယ်ငါးခုလုံးတို့၌၄င်း ပါဠိနှင့်အနက် အဓိပ္ပါယ် နှစိခုလုံးကို ပြင်ဆင်ဖျက်ဆီးကြ၏။ တိုက်ရိုက် အဓိပ္ပါယ်ကို သွယ်ဝိုက်ယူကြသကဲ့သို့ သွယ်ဝိုက်ယူရမည့် နေရာကို တိုက်ရိုက်အဓိပ္ပါယ် ယူကြ၏။ ဘုရားရှင်၏ ဟောတော်မူလိုရင်း တလွဲတချော် အဓိပ္ပါယ်ဖော်ကြ၏။ ပုဒ်မျဉ်းအရိပ်အရောင်မျှကိုကြည့်ပြီး အနက်အဓိပ္ပါယ်မှန်များကို မိမိတို့ထင်သလို လွဲမှားစွာ ယူ၍ အဓိပ္ပါယ်မှန်များကို များစွာ ဖျက်ဆီးကြ၏။
ထို့ပြင် နက်နဲသော သုတ်ဝိနည်းအချို့ကို ပယ်ပစ်ပြီး၊ မိမိတို့သဘောအတိုင်း သုတ် ဝိနည်း တရားသစ်တို့ကို ထည့်သွင်းကြ၏။ ဝိနည်းမှ ပရိဝါပါဠိတော်နှင့် အဘိဓမ္မာပါဠိတော် အားလုံး ပဋိသမ္ဘိဒါမဂ်ပါဠိတော်၊ နိဒ္ဒေသပါဠိတော်များ၊ ဇာတ်ပါဠိတော်အချို့တို့ကို ဖြုတ်ပစ်၍ အခြားကျမ်းသစ်များကို စီရင်ထည့်သွင်းကြ၏။ နာမည်များ၊ အသွင်အပြင်နှင့် ရဟန်းအသုံးအဆောင် ပရိက္ခရာများကို တမျိုးတဖုံ ပြုပြင်တီထွင်ကြ၏။ နေထိုင်၊ သွားလာ၊ စားသောက်ပုံတို့ကို ရှေးနှင့်မတူအောင် ပြောင်းလဲပစ်ကြ၏။ သင်္ကန်းကိုလည်း အင်္ကျီပုံ၊ ဘောင်းဘီပုံစသည်ဖြင့် ချုပ်လုပ်ဝတ်ဆင်ကြ၏။ ဤသို့ဖြင့် မဟာသံဃိကဂိုဏ်းသား ရဟန်းများသည် ပထမသင်္ဂါယနာတင် ရဟန္တာထေရ် အရှင်ကြီးတို့ ချမှတ်ထားခဲ့သည့် မူလထေရဝါဒကို ပြောင်ပြောင်ကြီး ဆန့်ကျင်ကာ မူလဘုရားဟော တရားတော်များကို နုတ်ပယ်ဖြည့်စွက်သောအားဖြင့် တော်လှန်ပစ်လိုက်ကြသည်-ဟု ကထာဝတ္ထု အဋ္ဌကထာ ဒီပဝံသပါဠိကို ကိုးကား၍ ဖွင့်ဆိုထား၏။
ထိုပြင်ဆင်ရေးဝါဒီ ရဟန်းတော်များ ခွဲထွက်တည်ထောင်လိုက်သည့် မဟာသံဃိကဂိုဏ်း-ပေါ်လာသည့်အခါမှသာ ပထမသင်္ဂါယနာတင် ရဟန္တာထေရ်အရှင်ကြီးတို့၏ မူဝါဒ (ထေရဝါဒ) အရ ပြင်ဆင်ဖြည့်စွက် နုတ်ပယ်ခြင်း မပြုဘဲ မူလဘုရားဟောအတိုင်း တည်ရှိနေသည့်တရားတော်များအတိုင်းသာ လိုက်နာကျင့်သုံးနေကြသည့် သံဃာအပေါင်းကို ထေရဝါဒဂိုဏ်းဟု စတင်ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ဤသို့ ဆန့်ကျင်ဘက် မဟာသံဃိကဂိုဏ်း ပေါ်လာသည့်အချိန် သာသနာနှစ်တရာကျော်မှသာ ထေရ၀ါဒဂိုဏ်းကြီး ပေါ်လာခြင်း ဖြစ်၏။ ထိုထေရ၀ါဒဂိုဏ်းကြီးက လိုက်နာကျင့်သုံးသည့် မူလပကတိ ဗုဒ္ဓတရားတော်ကိုလည်း ထေရဝါဒ ဗုဒ္ဒဘာသာ-ဟု သုံးစွဲလာခဲ့ကြ၏။ ဤသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာ စတင်ပေါ်လာပုံဖြစ်သည်။
( တတိယ နှင့် စတုတ္ထသင်္ဂါယနာ )
သို့သော် သာသနာတော်နှစ် ၂၁၈-သို့ရောက်ချိန်တွင် ပင်မထေရဝါဒဂိုဏ်းကြီးမှ ခွဲထွက်သော ဂိုဏ်းခွဲများ ပေါ်လာသကဲ့သို့ မဟာသံဃိက ဂိုဏ်းမှလည်း ဂိုဏ်းခွဲများ ပေါ်လာခဲ့ရာ ဗုဒ္ဓဘာသာဂိုဏ်း ၁၈-ဂိုဏ်းအထိ ရှိလာခဲ့၏။ ထိုဂိုဏ်းများထဲတွင် ပင်မထေရဝါဒဂိုဏ်းကြီးကား ယုတ်လျော့ပိုလွန်ခြင်း မရှိ။ မူလဘုရားဟောသည့်အတိုင်း တည်ရှိသည့် တရားတော်ဟူသော ဝိသုဒ္ဓတ္ထေရဝါဒမြတ်သည် ညောင်ပင်ကြီးပမာ ခိုင်မြဲစွာ ရပ်တည်နိုင်ခဲ့၏ဟု ဒီပဝံသ၌ မိန့်ဆိုတော်မူထား၏။
ထိုအချိန်တွင် ပါဋလိပုတ်ပြည်၌ ဓမ္မာသောကမင်းကြီး နန်းတက်ခဲ့ရာ မင်းကြီးသည်ပင် ထေရဝါဒဂိုဏ်းမှ နိဂြောဓမည်သော တူတော်သူ ရဟန္တာသာမဏေကလေးကို အမှီပြုရသဖြင့် ထေရဝါဒဗုဒ္ဓဘာသာဝင် ဖြစ်လာကာ သာသနာတော်ကို အလွန်အားပေးချီးမြှောက်၏။ ထိုအခါ ခမည်းတော်လက်ထက်က အကိုးကွယ်ခံခဲ့ရသော တိတ္ထိများမှာ လာဘ်လာဘရှားပါးသွားကြ၍ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာတော်တွင်းသို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြရာ သာသနာတော်မှာ မသန့်ရှင်း မစင်ကြယ် အညစ်အကြေး တွယ်ခဲ့၏။ ထို့ကြောင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ရဟန္တာမထေရ်မြတ်ကြီးနှင့် ဓမ္မာသောကမင်းတရားကြီးတို့ ပူးပေါင်း၍ သံဃာစစ်များတွင် ရောနှောဝင်ရောက်နေကြသည့် တိတ္ထိခြောက်သောင်းတို့ကို လူထွက်စေသောအားဖြင့် ထိုသာသနာ့အညစ်အကြေး သန့်ရှင်းရေးကို ပထမ ရွက်ဆောင်ကြသည်။
ထို့နောက် သာသနာတော်နှစ် ၂၃၅-တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ကြီးသည် ၆-သန်းသော သံဃာ့ပရိသတ်အလယ်တွင် ဂိုဏ်းခွဲများမှ အယူဝါဒအမျိုးမျိုးတို့ကို နှိမ်နင်း ဖယ်ရှားသောအားဖြင့် ကထာဝတ္ထုကျမ်းကြီးကို ဟောကြားတော်မူ၏။ ထို့ပြင် တိပိဋကဓရ၊ ပဋိသမ္ဘိဒါပတ္တ ရဟန္တာကြီးတထောင်ကို ရွေးချယ်တော်မူပြီး ဓမ္မာသောကမင်းကြီး၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ကိုးလကြာ တတိယအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော် သန့်ရှင်းစင်ကြယ်ရေးကို အားပေး ဆောင်ရွက်ခဲ့ကြ၏။ ထူးခြားသည်မှာ သင်္ဂါယနာတင်အပြီးတွင် ကိုးတိုင်းကိုးဌာနသို့ ရဟန္တာမထေရ်ကြီးများကို သာသနာပြုစေလွှတ်ခြင်းဖြင့် ထေရဝါဒသာသနာ ပြန့်ပွားအောင် ဆောင်ရွက်ခဲ့ကြသည်။
ဤသို့ဆောင်ရွက်မှုကြောင့် သီရိလင်္ကာနိုင်ငံ မြန်မာနိုင်ငံ စသည့်နိုင်ငံများသို့ ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားသွားခဲ့၏။ အထူးသဖြင့် သီရိလင်္ကာနိုင်ငံမှာ ဓမ္မာသောကမင်းကြီး၏ သားတော် အရှင်မဟာမဟိန္ဒ ရဟန္တာမထေရ်နှင့် သမီးတော် သင်္ဃမိတ္တာ ရဟန္တာထေရီမတို့၏ ကျေးဇူးကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာရောင်ဝါသည် နေရောင်၊ လရောင်ပမာ ထွန်းပြောင်တောက်ပခဲ့သည်။ ထိုစဉ်အခါက ရဟန္တာထေရ်ကြီးများသည် နောင်အခါတွင် သတိ သမာဓိ ပညာများ ဆုတ်ယုတ်ကြ၍ ဘုရားဟော ပါဠိ အဋ္ဌကထာများကို နှုတ်တက်အာဂုံ ဆောင်ထားနိုင်ကြတော့မည် မဟုတ်ဟု မြော်မြင်တော်မူကြပြီး သာသနာနှစ် ၄၅၀-တွင် မူလဘုရားဟော ပါဠိ အဋ္ဌကထာများကို ပေထက်အက္ခရာတင်ရန် ရဟန္တာကြီး ၅၀၀-တို့ကို ရွေးချယ်တော်မူကြသည်။ ထို့နောက် အရှင်မဟာရက္ခိတမထေရ် အမှူးရှိသော ရဟန္တာကြီးငါးရာတို့သည် ဝဋ္ဋဂါမဏိမင်း၏ အကူအညီကိုယူ၍ သီရိလင်္ကာနိုင်ငံ မလယ (မာတုလ) ဇနပုဒ်၊ အာလောကလိုဏ်၌ စတုတ္ထသင်္ဂါယနာအဖြစ် ပေထက်အက္ခရာ တင်ကြသည်။ ပေထက်အက္ခရာတင်ပြီးသည်များကို အကြိမ် ၁၀၀-တိုင်တိုင် သုတ်သင် တည်းဖြတ်ကြသည်ဟု ဆို၏။
( ပဉ္စမ နှင့် ဆဋ္ဌ သင်္ဂါယနာ )
ဤသို့ ဆက်ကာဆက်ကာ သင်္ဂါယနာတင်ခဲ့သဖြင့် မူလဘုရားဟောအတိုင်း သန့်ရှင်းစွာ တည်ရှိနေသည့် ထေရဝါဒပိဋကတ်တော်များကို သာသနာတော်နှစ် ၂၄၀၄-တွင် ကျောက်ထက်အက္ခရာ ၆-နှစ်ကြာတင်ပြီးနောက် ၂၄၁၅-နှစ်အရောက်တွင် မြန်မာနိုင်ငံ မန္တလေးမြို့တော်တွင် ဘုရားကြီးဆရာတော် အရှင်ဇာဂရမထေရ် အမှူးရှိသော ဆရာတော် ၂၄၀၀-တို့သည် မင်းတုန်းမင်းတရားကြီး၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ ခြောက်လတိုင်တိုင် နှုတ်တက်အာဂုံ ရွတ်ဆိုကြကာ ပဉ္စမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
ထို့နောက် သာသနာတော်နှစ် ၂၄၉၈-သို့ရောက်သောအခါ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဝါတော် ၆၀-ရှိ သက်တော်ရှည် ညောင်ရမ်းဆရာတော်ဘုရားကြီး အမှူးရှိသော ထေရဝါဒငါးနိုင်ငံမှ သံဃာတော် ၂၅၀၀-တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် ထေရဝါဒငါးနိုင်ငံမှ ကျမ်းဂန်တတ်ဆရာတော်ကြီးများက မူအမျိုးမျိုးနှင့် တိုက်ဆိုင်ကာ အနည်းငယ်မျှသာ ကွဲပြားသော ပုဒ်ပါဌ်အက္ခရာတို့ကို ညှိနှိုင်းပြင်ဆင် သုတ်သင်ထားပြီးဖြစ်သော ဘုရားဟောပါဠိတော်နှင့် အဋ္ဌကထာ ဋီကာများကို ၂-နှစ်ကြာရွတ်ဖတ်၍ ဆဋ္ဌအကြိမ် သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
ဤသို့ ပထမသင်္ဂါယနာတင် ရဟန္တာထေရ်အရှင်ကြီးများ ချမှတ်ထားတော်မူခဲ့ကြသည့် မူဝါဒအရ နုတ်ပယ်ခြင်း၊ ဖြည့်စွက်ပြင်ဆင်ခြင်းကို လုံးဝမပြုဘဲ သင်္ဂါယနာ ၆-ကြိမ်တင်ကာ တလေးတစား ထိန်းသိမ်းစောင့်ရှောက်ထားကြသဖြင့် ဘုရားရှင်ဟောကြားခဲ့သည့် မူလပကတိအတိုင်း သန့်ရှင်းစင်ကြယ်စွာ တည်ရှိနေသော (ထေရဝါဒနိုင်ငံရှိ) မြတ်စွာဘုရားတရားတော်၊ ပိဋကတ်တော်များသည် ထေရဝါဒဗုဒ္ဓဘာသာ-ပင် ဖြစ်ပေသည်။
ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ
( မြတ်မင်္ဂလာ ၂ဝဝ၁-မတ်လ )
မြတ်ဗုဒ္ဓ၏ အဋ္ဌမဝိပါက်တော်
တနေ့သောအခါ အလောင်းတော်သည် သေရည်သေရက်သောက်စား၍ မူးယစ်လာသောအခါ အပြစ်မရှိသူတယောက်ကို သူမကြိုက်သော အကြောင်းတခုနှင့် ပတ်သက်ပြီး အလွန်ဒေါသဖြစ်မိသည်။
ထိုအခါ ထိုသူကို ငါးများကို ဓားနှင့်မွန်းသလို ရက်ရက်စက်စက် ညှဉ်းဆဲတော်မူခဲ့လေသည်။ ထို့နောက် သေလောက်အောင် တခါတည်း ပွဲချင်းပြီး ထိုးသတ်လိုက်လေသည်။ ထိုအကုသိုလ်ကံဆိုးကြောင့် အပါယ်ငရဲတွင် ကြိမ်ဖန်များစွာ ခံစားခဲ့ရသည်။ နောက်ဆုံးဘုရားဖြစ်တော်မူသောဘဝတွင် ဤဝိပါက် အဆက်ပါလာပြီး ဆရာဇီဝက၏ ခြေမတော်၌ ဓားဖြင့်ခွဲ၍ ကုသခြင်းကို ခံရလေသည်။
ဘုရားကို သတ်ရန် ဒေဝဒတ်သည် ဂိဇ္ဈဂုဋ်တောင်စောင်းမှ ကျောက်မောင်းဆင်၍ လှိမ့်ချရာ ကျောက်တုံးကြီးနှင့် မထိမခိုက်ဘဲ လွဲချော်သွား၏။ သို့သော် ကျောက်တုံးကြီးအဆင်းတွင် ကျောက်နံစောင်းကို ထိပြီး ကျောက်လွှာလွင့်စဉ်လာသည်။ ထိုလွင့်စဉ်လာသော ကျောက်ချပ်ထိမှန်သောကြောင့် ခြေမတော်အဖျား ပေါက်ပြဲပြီး သွေးစိမ်းတည်၍ နေလေသည်။ ထိုအနာသည် လွယ်ကူစွာ မပျောက်ဘဲ နာကျင်တော်မူလှသဖြင့် ဆရာဇီဝကအား ကုသစေသည်။ ဆရာဇီဝကသည် ခြေမတော်မှာ ကိန်းနေသော သွေးစိမ်းများကို ဓားဖြင့်ခွဲ၍ ကုသပေးသောအခါမှ ကောင်းစွာ ပျောက်ကင်းသွားလေသည်။
ဤနေရာတွင် ကုသိုလ်စိတ်ထားနှင့် အကုသိုလ်စိတ်ထား အကျိုးပေးပုံကို သတိပြုသင့်လှ၏။ ဆရာဇီဝကသည် ဘုရားခြေမတော်ကို ဓားဖြင့်ခွဲသော်လည်း ဝေဒနာပျောက်ကင်းစေရန် စေတနာဖြင့် ပြုလုပ်ခြင်းကြောင့် အကုသိုလ်မဖြစ်သည့်အပြင် ကုသိုလ်ကောင်းကျိုးပင် များစွာရလေသည်။
ကောင်းမှု မကောင်းမှုများတွင် စေတနာသည် အရေးကြီးသောအကြောင်းဖြစ်ပုံကို သတိပြု အရေးထားဖွယ်အဖြစ် ထင်ရှားသည်။ ဘုရားအလောင်းတော်သည် ထိုအကုသိုလ်ကံကြောင့် ငရဲကျရောက်ပြီး နောက်ဆုံး ပရိနိဗ္ဗာန်ပြုရမည့်ဘဝတွင် အရှိန်မပျောက်ဘဲ အကုသိုလ်အကျိုးဆက်ကို ပေးဆပ်သွားရသေးသည်။
ထိုအကုသိုလ်အကျိုးဆက်ကို လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီးက လင်္ကာစပ်ဆိုပုံမှာ-
ကျော်လွှာခတ်လို့၊ သွေးဓာတ်ဆူပူ၊
ခြေမတော်ဦး၊ ထွတ်ဖူးတဆူ၊
သွေးညိုကိန်းလို့၊ ကျိန်းစပ်တော်မူ၊
ဇီဝက ခွဲရ-ဘယ်ဝဋ်ဟူ။
ပဒေသရာဇ်၊ မင်းဖြစ်စဉ်ဝယ်၊
မူးယစ်သောက်စား၊ ဖောက်ပြားမဖွယ်၊
လူရှင် လတ်လတ်၊ ထိုးသတ်ပြန်တယ်၊
ဓားဝိပါက် အဆက်-သူကနွယ်။
မောင်အဂ္ဂ
( မြတ်မင်္ဂလာ ၂ဝဝ၁-ခု မတ်လ )
မြတ်ဗုဒ္ဓ၏ သတ္တမဝိပါက်တော်
ထိုအခါ ဘုရားရှင်၏ မေတ္တာတော်အဟုန်ကြောင့် မြတ်ဘုရား၏ ခြေတော်ရင်းမှာ ဝပ်တွားဦးခိုက်နေရှာသည်။ ဒေဝဒတ်နှင့် အပေါင်းအသင်းတွေကလည်း အံ့သြဖွယ်ရာအဖြစ်ကို မြင်ရတော့ ဝေးရာပြေးပြီး ရှောင်တိမ်းပုန်းကွယ်နေကြသည်။ မြတ်စွာဘုရားနှင့် သံဃာတော်များကတော့ ခါတိုင်းလိုပဲ ဆွမ်းခံလမ်းတွင် ဆက်လက်ပြီး ဆွမ်းအလှူခံနေကြသည်။ ထိုဖြစ်ရပ်သည် အဘယ်အကြောင်းကြောင့်ဆိုလျှင်-
ရှေးလွန်လေပြီးသော အတိတ်ဘ၀က ဗာရာဏသီပြည်၌ ဘုရားအလောင်းတော်သည် ဆင်ထိန်းဆင်ကျောင်းအမျိုးမှာ ဖြစ်တော်မူခဲ့သည်။တနေ့တွင် ဆင်စီးပြီး မြို့တွင်းသို့ လှည့်လည်ရာ လမ်းမှာ ဆွမ်းခံကြွလာသည့် ပစ္စေကဗုဒ္ဓါတပါးနှင့် ပက်ပင်းဆုံမိသည်။ ထိုအခါ အလောင်းတော်ဆင်ထိန်းက ကြိမ်းဝါးမောင်းမဲပြီး-ဦးပြည်းရဟန်း၊ ရှောင်ပေးပါ၊ ဆင်နဲ့တိုက်ပြီး အသေခံချင်လို့လား၊ မရှောင်ရင် ဆင်နဲ့တိုက်လိုက်မယ်။ ဤကဲ့သို့ ခြိမ်းခြောက်သည်။ ဒီလိုခြိမ်းခြောက်ပေမဲ့ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကတော့ တုန်လှုပ်ခြင်းမရှိပါ၊ ရဟန်းတို့၏ ဣနြေ္ဒ မပျက်စေဘဲ သွားရိုးသွားစဉ်အတိုင်းသာ ကြွသွားတော်မူသည်။ ဒါကို ဆင်ထိန်းက မြင်တော့ ပိုပြီးဒေါသထွက်လာတယ်။
သင် ရဟန်းဟာ ငါ့ကို သက်သက် မထီလေးစားလုပ်တာပဲ-လို့ ကြိမ်းဝါးပြီး ဆင်ကြီးနှင့် တိုက်ပြန်သည်။ ထိုအခါ ရှင်ပစ္စေကဗုဒ္ဓါက လျင်မြန်စွာ ဈာန်ယာဉ်စီးပြီး ကောင်းကင်ခရီးသို့ ပျံကြွတော်မူသည်။ ဆင်ရိုင်းကြီးဘေးမှ လွတ်သွားသော်လည်း ရုတ်တရက် ကောင်းကင်သို့ ပျံကြွရသည့်အတွက် ရုံတော်မူထားသည့် သင်္ကန်းတော်ကား လျှောကျကျန်ခဲ့သည်။ ထိုသင်္ကန်းကို ဆင်ကြီးက အတင်းနင်းပြီး ကြေမွသွားအောင် ဆွဲဆုတ်ပစ်လိုက်သည်။ ဘုရားလောင်း ဆင်ထိန်းဟာ ထိုအကုသိုလ်ကြောင့် ငရဲမှာ ကြာရှည်စွာ ခံစားရပြီး အဆုံးဘ၀ ဘုရားဖြစ်တော်မူသည့်အခါ နာဠာဂီရိဆင်နှင့် တိုက်သတ်သည့် ဝဋ်-ခံတော်မူရသည်။
ထိုဝဋ်တော်နှင့် စပ်လျဉ်း၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီးက-
ဆွမ်းခံကြွမြန်း၊ ထိပ်ပန်းဘုန်းကြွယ်၊
မုန်ကျဆင်ကြီး၊ ခရီးအကျယ်၊
ဒေဝဒတ်မိုက်၊ လွှတ်လိုက်ပြန်တယ်၊
ရင်ဆိုင်တွေ့၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။
ဆင်ထိန်းဆင်ကျောင်း၊ အလောင်းဖြစ်တုံ၊
ရှင်ပစ္စေက၊ လမ်းမအဆုံ၊
ဒေါသထားလို့၊ ပြစ်မှားသုန်မှုန်၊
ဆင်နှင့်တိုက်၊ ဝဋ်လိုက်စေဖို့ ကြုံ-ဟု စပ်ဆိုတော်မူခဲ့သည်။
မောင်အဂ္ဂ
( မြတ်မင်္ဂလာ ၂ဝဝ၁-ခု ဖေဖော်ဝါရီလ )
Friday, September 25, 2009
ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိင်းယှဉ်ဝေဖန်ချက် ( ၃ )
ငါဘုရားသည် ဓမ္မကိုလဲ အပြည့်အစုံ ဟောခဲ့ပြီးပြီ။ အဘိဓမ္မာကိုလဲ ဟောခဲ့ပြီးပြီ။ ဝိနည်းသိက္ခာပုဒ်များလဲ အစုံအလင် ပညတ်ထားပြီးပြီ။ ငါဘုရားမရှိတဲ့အခါ ထို ဓမ္မ ဝိနယ အဘိဓမ္မာ-၃-ပုံသော ပိဋကတ်တွေဟာ သင်တို့အတွက် ဆရာအဖြစ်နဲ့ ရပ်တည်နေရစ်လိမ့်မယ်လို့ မိန့်ကြားတော်မူတယ်။ ဒီပိဋကတ်သုံးပုံဟာ နှစ်ပေါင်းမြားမြောင် ကြာမြင့်အောင် သင်တို့အတွက် နည်းလမ်းညွှန်ပြပေးနေလိမ့်မယ်။
ငါဟောကြားခဲ့တဲ့ ပိဋကတ်တော်တွေကို
(၁) အယူအဆသစ်တွေ မသွင်းဘဲ
(၂) အယူအဆဟောင်းတွေကိုလဲ မပစ်ပယ်ဘဲ
(၃) ရှိပြီးတရားတော်များကိုလဲ ပြင်ဆင်ခြင်းမလုပ်ဘဲ မူလရှိပြီးအတိုင်း လိုက်နာထိန်းသိမ်း စောင့်ရှောက်ကြမယ်ဆိုရင် တရားတော်များဟာ အမြဲသန့်ရှင်း စင်ကြယ်စွာ ရှိနေကြလိမ့်မယ်။ ဒီအတိုင်းပဲ ယခု တောင်ပိုင်း ထေရဝါဒ ဗုဒ္ဓသာသနာတော်က ထိန်းသိမ်းစောင့်ရှောက်ထားတယ်။ စင်ကြယ်မှန်ကန်အောင် စုပေါင်းရွတ်ဆို ညှိနှိုင်းသဘောတူကြတဲ့ သင်္ဂါယနာခြောက်တန်လဲ အားလုံးသဘောတူ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ထေရ၀ါဒဓမ္မတွေဟာ အတိအကျမှန်ကန်ပြီး မူလဟောတော်မူတဲ့အတိုင်းဆိုတာ ယုံကြည်စိတ်ချ အားကိုးနိုင်တယ်။ မဟာယာနဗုဒ္ဓဘာသာကတော့ ဒီလိုမဟုတ်ဘူး။
မဟာယာနမှာ ဂိုဏ်းကွဲတွေ အများကြီးရှိတဲ့ အထဲက အားကောင်းတဲ့ သဗ္ဗတ္ထဂိုဏ်းခေါ်တဲ့ ဂိုဏ်းတဂိုဏ်းရှိတယ်။ အဲဒီအခါက မဟာယာနက အိန္ဒိယပြည် အနောက်မြောက်နယ်တဝိုက် ကက်ရှမီးယားနယ်၊ ယခု ပါကစ္စတန်ခေါ်တဲ့ မြောက်ပိုင်း ကန္တာရနယ်၊ အဲဒီအနောက် ဆက်သွားရင် တာဂျစ္စတန်၊ ဗလူချစ္စတန်၊ အာဖဂန်နစ္စတန်ဆိုတဲ့ နယ်တွေမှာ မဟာယာနခေတ်စားနေတယ်။ ဘုရားပရိနိဗ္ဗာန်စံပြီး နှစ် ၆ဝဝ-နှင့် ၇ဝဝ ကြားလောက်ပေါ့။ အဲဒီအချိန်မှာ အာဏာစက် အလွန်ထက်တဲ့ ဥသျှန်မင်းဆိုတာရှိတယ်။ သူတို့က သကလူမျိုးတွေ။ သက္က-မဟုတ်ဘူး။ သကခေါ်တဲ့ လူမျိုးတွေ။ သက္က ဆိုတာကတော့ ဘုရားအမျိုး၊ သကျသာကီဝင်မျိုးတွေ။ အဲဒီ သကမင်းတို့ စတင်တည်ထောင်ခဲ့တဲ့ နှစ်ကို သက္ကရာဇ်လို့ခေါ်ကြောင်း ရှေးစာဟောင်းများမှာ တွေ့ဖူးတယ်။
အဲဒီ အားကောင်းတဲ့ သကမင်း၊ ကုရှန်မင်းလဲ ခေါ်တယ်။ သူကအားကောင်းတဲ့ သဗ္ဗတ္ထဂိုဏ်းကို ဦးစီးပြီး ပိဋကတ်သုံးပုံကို သူတို့ဘာသာ အကုန်သင်္ဂါယနာတင်တယ်။ ရုပ်နာမ်များဟာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် မပျက်မစီး အမြဲတည်ရှိတယ်လို့ အယူရှိတယ်။ ခေတ်လူများ အများသိတဲ့ ဥပမာပြရမယ်ဆိုရင် ရုပ်ရှင်ရုံမှာပြတဲ့စက်နဲ့ ပြရမှာပဲ။ ရုပ်ရှင်ပြစက်မှာ တဖက်မှာ ရုပ်ရှင်ကားဘီးခွေ တခွေ၊ နောက်တဖက်မှာ နောက်ဘီးခွေ တခွေ ရှိတယ်။ ရုပ်ရှင်ပြတဲ့အခါမှာ စက်ကလည်ပြီး ဆွဲလိုက်တော့ ဘယ်ဘက်ကအခွေဟာ ဖလင်ပေလိပ်ပါလာပြီး ပြစက်ရဲ့ မှန်ဘီလူးရှေ့မှာ ဖြတ်သန်းသွားတယ်။ အဲဒီမှာ အရုပ်ပေါ်တာပဲ။ ပြပြီးသားဖလင်က ညာဘက်က ဘီးခွေထဲဝင်ပြီး အခွေလိုက် စီပြီးသားအဖြစ်နဲ့ ဝင်သွားတယ်။
သူတို့ရဲ့  သဗ္ဗတ္ထဝါဒအရ ကံကြောင့်ဖြစ်တဲ့ ရုပ်နာမ်များဟာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် မပျက်မစီး အမြဲတည်ရှိနေတယ်-တဲ့။ အဲဒါ သဿတဝါဒ=မဖြစ်ရသေးတဲ့ ရုပ်နာမ်တရားတွေဟာ တနေရာမှာစုပြီး စောင့်နေတယ်တဲ့။ ကိလေသာနဲ့ ကံကြောင့်ဖြစ်သော ရုပ်နာမ်သည် အနိစ္စ၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကြောင့်ဖြစ်သော ရုပ်နာမ်သည် နိဗ္ဗာန်တွင် အမြဲခံစားလျက်ရှိနေသည်ဆိုတဲ့ ဝါဒကလဲ ပါသေးတယ်။ အဲဒါက ဧကစ္စသဿတ၀ါဒ-တချို့ မြဲတယ်လို့ဆိုတယ်။ နိဗ္ဗာန်မှာ ရုပ်ထူး နာမ်ထူးနဲ့ အစဉ်အမြဲ ခံစားနေရတယ်ဆိုတဲ့ အယူကို ကြိုက်နှစ်သက်သူများကို လွန်ခဲ့တဲ့ အနှစ် ၂ဝ-လောက်က ဆူးလေဘုရား တရားပွဲတခုမှာ နာဖူးတယ်။ သို့သော် သာသနာတော် သန့်ရှင်းရေးမူကြောင့် ဒီအယူဟာ တိမ်ကောပျောက်ပျက်သွားတာတွေ့ရတယ်။
ဘုန်းကြီးတို့ ထေရဝါဒမှာ ရုပ်နာမ်ဟာ တနေရာမှာ စုနေတယ်ဆိုတာ လုံးဝမရှိဘူး။ အကြောင်းတရား အကျိုးတရား တိုက်ဆိုင်တဲ့အခါ ပေါ်လာတဲ့ ရုပ်နာမ်ပဲရှိတယ်။ ခဏတိုင်း ခဏတိုင်း ဖြစ်ပေါ်ပြီး ခဏတိုင်း ခဏတိုင်း ပျက်နေတဲ့ အနိစ္စသင်္ခါရဝါဒပဲရှိတယ်။
မဟာယာနက ဘုရားတရားတော်တွေကို လူတို့ကြိုက်သလို ပြင်တော့ ရုပ်တုတော်ကို သူတို့လိုသလို နှာခေါင်းကို ဘယ်မှာထား၊ နားကို ဘယ်မှာတပ် ဆိုပြီး မရိုမသေ၊ မဖွယ်မရာ ပြုပြင်တာနဲ့ တူနေတယ်။ သန္တိလက္ခဏာ ရှိပါတယ်ဆိုထားတဲ့ နိဗ္ဗာန်မှာလဲ ရုပ်တရား နာမ်တရားတွေ သွားထားပြန်တယ်။ အဲဒါ မဟာယာနက အယူအဆတွေ သူတို့လုပ်ချင်သလို လုပ်ထားတာ။ ဒါ နမူနာတခုပဲ ရှိသေးတယ်။
မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံတော်မူဖို့ အဆင်သင့်ဖြစ်နေတဲ့အခါ သံဃာတော်အားလုံးကို ကရုဏာရှေ့ထားပြီး ဟောကြားတာရှိသေးတယ်။ သံဃာ ခုနစ်သိန်းကျော်ရှိတဲ့ ရဟန်းပရိသတ် အစုံအညီရှိနေတဲ့အချိန်မှာ မြတ်စွာဘုရားက အခွင့်အရေးအနေနဲ့ အရှင်အာနန္ဒာတို့၊ အရှင်အနုရုဒ္ဓါတို့ ရှေ့မှောက်မှာ-ငါ၏ချစ်သား ရဟန်းများတို့၊ ငါဘုရား ပရိနိဗ္ဗာန်စံတော့ သင်တို့ဆရာ မရှိတော့ဘူးဆိုပြီး စိတ်ပျက်ပူဆွေးခြင်း မဖြစ်ကြနဲ့။ ငါဘုရား ၄၅-ဝါပတ်လုံး ဟောထားခဲ့တဲ့ ဓမ္မတွေ (သုတ်၊၀ိနည်း၊အဘိဓမ္မာတွေ) ဟာ ဆရာအဖြစ်နဲ့ သာသနာ ရှည်ကြာစွာ တည်နေရစ်လိမ့်မယ်။ အခု ပရိနိဗ္ဗာန်စံရန် နာရီပိုင်းပဲလိုတော့တယ်။ ငါရှိတုန်းမှာ သင်တို့သိလိုတဲ့ ပြဿနာတွေ၊ သံသယတွေရှိရင် မေးလိုရာ မေးကြ-လို့ မြွက်ကြားတော်မူတယ်။
ခုနစ်သိန်းသော သံဃာတွေမှာ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ များတယ်။ အဲဒီထဲမှာ သောတာပန်ဟာ အငယ်ဆုံးအဆင့်ပဲ။ မြတ်စွာဘုရားက ဒီလိုအခွင့်အရေး ဖွင့်ပေးသော်လည်း ဘယ်သံဃာကမှ မမေး။ အားလုံးငြိမ်သက်နေကြတယ်။ ဒါနဲ့ အရှင်အာနန္ဒာက-အားလုံး ကျေနပ်လက်ခံကြပါတယ်၊ မေးရန် မရှိပါဘုရား-လို့ လျှောက်တယ်။
အဲဒီနောက် မြတ်စွာဘုရားက ထပ်မံမေးတော်မူပြန်တယ်။ သင်တို့ မမေးရဲလို့ရှိရင် အနီးအနားမှာ ရှိတဲ့ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါ စတဲ့ သံဃာတော်ကြီးများကတဆင့် မေးနိုင်တယ်။ ငါ နောက်ဆုံးအခွင့်အရေး ပေးချင်တာက အကယ်၍ (အကယ်၍သာ) သံဃာများအားလုံးက အလိုရှိမယ်ဆိုရင် ငါ၏ ပညတ်ချက်များထဲက ခုဒ္ဒါနုခုဒ္ဒက (ငယ်သော ဝိနည်းများ၊ ပို၍ငယ်သော ဝိနည်းများ) ကိုလဲ ပြင်ဖို့ရာ ဖြည့်စွက်ဖို့ရာ ပယ်နုတ်ဖို့ရာ ခွင့်ပြုတော်မူမယ်။ အဲဒါ သင်တို့ အရေးထားပြီး မှတ်သားထားကြပါ။ အဲဒီလိုပြင်တဲ့အခါမှာ သင့်တော်သလား၊ မှန်ကန်ပြီလား ဆိုတာတွေကို အားလုံးသဘောတူပြီးသည့်တိုင်အောင် သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာတွေအားလုံးနှင့် ညှိကြည့်ပြီး အားလုံး မဟာပဒေသလေးပါးနဲ့ အစစကိုက်ညီဖို့လိုတယ်။ အဲဒီမဟာပဒေသ လေးပါးဆိုတဲ့ ပေတံနဲ့ တိုင်းပြီး အကုန်ညီညွတ်ဖို့ လိုတယ်။ အဲဒီ မဟာပဒေသလေးပါးကို နောက်တရားမှ ဆက်လက်ရှင်းပြပါမယ်။
( ရှေ့လဆက်ရန်)
သီတဂူ ဆရာတော်
( မြတ်မင်္ဂလာ ၂ဝဝ၁-ခု ဖေဖော်ဝါရီလ )
Thursday, September 24, 2009
ထေရ၀ါဒ ဗုဒ္ဓဘာသာ
မြန်မာနိုင်ငံ ယုံကြည်ကိုးကွယ်မှုသမိုင်းကို ကြည့်လျှင် ရှေးအခါက မြန်မာနိုင်ငံ တိုင်းရင်းသားအများစုတို့ ကိုးကွယ်ကြသည့်ဘာသာကို ဗုဒ္ဓဘာသာ-ဟု သာမန်အားဖြင့် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ဘာသာရေးစာအုပ်အချို့၌သာ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကို ဟီနယာန ဗုဒ္ဓဘာသာ-ဟု နာမည်ပေးခဲ့ကြသည်ကို တွေ့ရ၏။
ထေရ၀ါဒ ဗုဒ္ဓဘာသာ-ဟူသောဝေါဟာရကို သုံးနှုန်းလာကြသည်မှာ အချိန်ကာလ မကြာလှသေးပါချေ။ သာသနာတော်နှစ် ၂၄၉၈-တွင် မြန်မာနိုင်ငံ၌ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို ဆိုသည့် ထေရ၀ါဒ ငါးနိုင်ငံတို့ စုပေါင်းပြီး ဆဋ္ဌသင်္ဂါယနာ တင်သည့်အချိန်တွင်မှ ဤဝေါဟာရ စတင်ပေါ်ပေါက်လာခဲ့သည်ဟု မှတ်သားမိ၏။ ယခုအခါ၌မူ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များ လောကတွင် ဤဝေါဟာရသည် အလွန်အသံကျယ်လာ၏။ ဤသို့ အသံကျယ်လာခြင်းသည် သာသနာတော် သန့်ရှင်းစင်ကြယ်ရေးအတွက် အလွန်ကောင်းသည့် လက္ခဏာပင်ဖြစ်၏။
သို့ရာတွင် ထေရ၀ါဒဗုဒ္ဓဘာသာဆိုသည်မှာ မည်ကဲ့သို့သောဘာသာမျိုး ဖြစ်သည်ဟု အရင်းအမြစ်ကျကျ သိရှိသူများ အလွန်ရှား၏။ ဤပါဠိဘာသာ ဝေါဟာရတိုကလေး၏ အတိုချုပ်အဓိပ္ပါယ်ကိုပင် မသိသူများ ရှိသေး၏။ အမှန်ဆိုရသော် ဗုဒ္ဓဘာသာဝင်တိုင်း ဤဝေါဟာရတိုကလေး၏ အတိုချုပ်အဓိပ္ပါယ်ကိုသာမက ဝေါဟာရဖြစ်ပေါ်လာပုံ သာသနာဝင်ကြောင်း အမှန်ကိုပါ အရင်းအမြစ်ကျကျ သိထားသင့်ကြ၏။ နားလည်ထားသင့်ကြ၏။
ဤထေရ၀ါဒ ဗုဒ္ဓဘာသာ-ဟူသော ဝေါဟာရတိုကလေး၏ အဓိပ္ပါယ်အတိုချုပ်မှာ-ပထမသင်္ဂါယနာတင် ရဟန္တာမထေရ်ကြီးများ ချမှတ်ထားခဲ့သည့် မူဝါဒအတိုင်း သန့်ရှင်းစင်ကြယ်စွာ ပကတိအတိုင်း တည်ရှိနေသည့် ဗုဒ္ဓတရားတော်-ဟု ဖြစ်သည်။
(ထေရ၀ါဒ-ရဟန္တာမထေရ်ကြီးများ ချမှတ်ထားခဲ့သည့် မူဝါဒအရ၊ ဗုဒ္ဓဘာသာ-မြတ်စွာဘုရား ဟောကြားခဲ့သည့်အတိုင်း သန့်ရှင်းစွာ တည်ရှိနေသော တရားတော်)။
( ပထမသင်္ဂါယနာတင်ပွဲ )
အတန်ငယ် ရှင်းပြပါဦးမည်။ ဗုဒ္ဓရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန်စံဝင်သွားသည့်နောက် ၃-လနှင့် ၄-ရက်အကြာတွင် ဧတဒဂ်ရ အရှင်မဟာကဿပမထေရ်ကြီး ခေါင်းဆောင်တော်မူပြီး အရှင်ဥပါလိ၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါ စသော ပဋိသမ္ဘိဒါပတ္တ၊ ဆဠဘိည ရဟန္တာကြီး ငါးရာတို့သည် ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်ဘုရင်၏ ပစ္စယာနုဂ္ဂဟကို ရယူ၍ ဝေဘာရတောင်ကြီး၏ နံဘေး၊ စရည်းပင်ပေါက်ရာ (သတ္တပဏ္ဏိ) လိုဏ်ဂူအနီးရှိ မဏ္ဍပ်တော်ကြီးတွင် ခုနစ်လပတ်လုံး ပထမဆုံးအကြိမ် သင်္ဂါယနာ တင်တော်မူခဲ့ကြပါသည်။
သင်္ဂါယနာတင်ရသည့်အကြောင်းမှာ-ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး ခုနစ်ရက်အကြာတွင် အရှင်မဟာကဿပသည် တပည့် ရဟန်းငါးရာနှင့်အတူ ပါဝါပြည်မှ ကုသိနာရုံသို့ ကြွတော်မူလာသည်။ လမ်းခရီးအကြားတွင် ခရီးရင်ဆိုင်လာသည့် အာဇီဝတက္ကတွန်း၏ သတင်းပေးချက်အရ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်သည်မှာ ခုနစ်ရက်ပင်ရှိသွားပြီ-ဟု သိရှိကြရသည့်အခါ ရာဂမကင်းကြသေးသည့် ရဟန်းများမှာ မတ်တတ်မှလဲပြီး လူးလှိမ့်ငိုကြွေးကြ၏။ ထိုအခါ သုဘဒ္ဒခေါ် တောထွက်ရဟန်းကြီးက ငါ့ရှင်တို့ ပူဆွေးမနေကြပါနဲ့၊ ငိုကြွေးမနေကြပါနဲ့၊ တိတ်တော်မူကြပါ၊ ရဟန်းကြီးဂေါတမဟာ ဒါကိုလုပ်ကောင်းတယ်၊ ဒါကိုတော့ မလုပ်ကောင်းဘူးလို့ ငါတို့ကို ချုပ်ချယ်နှိပ်စက်ခဲ့တယ်။ အခု ထိုရဟန်းကြီးလက်အောက်မှ ငါတို့ ကောင်းကောင်းကြီး လွတ်မြောက်သွားကြပြီ။ ငါတို့ အလိုရှိတိုင်း လုပ်နိုင်ကြပြီ။ လုပ်ကြစို့-ဟု အားပေးစကား ပြောကြားလိုက်သတဲ့။
ထိုစကားကို အရှင်မဟာကဿပမထေရ်ကြီး ကြားသိတော်မူသည့်အခါ ဪ-ပြောမှ ပြောရက်ပလေ။ ဘုရားရှင် ပရိနိဗ္ဗာန်စံသည်မှာ ခုနစ်ရက်သာ ရှိသေး၏။ ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော ရုပ်ခန္ဓာတော်ကြီးပင် ထင်ရှားရှိနေသေး၏။ သို့ပါလျက် သာသနာ့ ရန်ဆူး ရန်ငြောင့်ကား ပေါ်လာခဲ့ပေပြီ။ ဒီရဟန်းယုတ်သာ သူနှင့် သဘောတူသူ အပေါင်းအသင်းများကို ရခဲ့လျှင် ဘုရားသာသနာတော်သည် မကြာမီ ကွယ်ပျောက်သွားနိုင်သည်။ ရှင်တော်ဘုရား ဟောကြားခဲ့သည့် သုတ် အဘိဓမ္မာ ၀ိနည်း တရားတော်များ တည်ရှိနေသရွေ့ သာသနာတော်ကြီး မကွယ်ပျောက်နိုင်။ ထို့ကြောင့် သာသနာတော် အရှည်တည်တံ့နိုင်အောင် အဓမ္မ၀ါဒီရဟန်းဆိုးများ အင်အားမကောင်းမီ၊ အ၀ိနယ၀ါဒီ အလဇ္ဇီ ဒုဿီလရဟန်းများ အင်အားမကောင်းမီ ရှင်တော်ဘုရား ဟောကြားခဲ့သည့် တရားများကို သင်္ဂါယနာတင်မှ တော်မည်ဟု အကြံဖြစ်၏။
ထို့နောက် ဘုရားရှင်၏ ပရိနိဗ္ဗာန်ဝင်စံပွဲကြီး ပြီးဆုံး၍ ဓာတ်တော်များ ဝေအပြီးတွင် မရေမတွက်နိုင်အောင် မြားမြောင်လှစွာသော ရဟန်းသံဃာများအနက် ခေါင်းဆောင် သံဃာ့ထေရ်ကြီး ခုနစ်သိန်းတို့ထံတွင် သင်္ဂါယနာတင်ရန် သဘောတူညီချက်ကို ရယူတော်မူပြီး သံဃာထေရ်ကြီးများ၏ အကြံပြုချက်အရ အများအားဖြင့် ဧတဒဂ်ရယူတော်မူကြသည့် တိပိဋကဓရ၊ ပဋိသမ္ဘိဒါပတ္တ၊ ဆဠဘိည ရဟန္တာကြီး ၅၀၀-တို့ကို သင်္ဂါယနာတင်ရန် ရွေးချယ်တော်မူလိုက်သည်။ ရာဇဂြိုဟ်ပြည်သည် ကျောင်းတိုက်များစွာရှိ၍ ပစ္စည်းလေးပါး ထောက်ပံ့နိုင်သည့် ဒကာများ များစွာရှိသည့်အတွက် ရာဇဂြိုဟ်ပြည်တွင် ၀ါဆိုပြီး သင်္ဂါယနာတင်ကြရန် ဆုံးဖြတ်ကြသည်။
( မထေရ်ကြီးများ၏ မူဝါဒ ) (ထေရ၀ါဒ)
ဤသို့အားဖြင့် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး ၃-လနှင့် ၄-ရက်အကြာ၊ ၀ါခေါင်လပြည့်ကျော် ၅-ရက်နေ့တွင် ပထမသင်္ဂါယနာတင်ပွဲကြီးကို စတင်ကျင်းပသည်။ ထိုသင်္ဂါယနာတင်ပွဲကြီးတွင် အရှင်မဟာကဿပမထေရ်ကြီး ဦးဆောင်သော ပထမသင်္ဂါယနာတင် ရဟန္တာထေရ် အရှင်ကြီးများသည် သာသနာတော်ကြီး သန့်ရှင်းစင်ကြယ်စွာ အရှည်တည်တံ့ရေးအတွက် အချက်သုံးချက် ပါဝင်၍ အလွန်အရေးပါသည့် မူဝါဒကြီး တရပ်ကို တညီတညွတ်တည်း ချမှတ်ခဲ့ကြသည်။
ထိုရဟန္တာအရှင်မြတ်ကြီးတို့ ချမှတ်ခဲ့ကြသည့် မူဝါဒမှာ-
(၁) သံဃာတော်သည် ဘုရားရှင် မပညတ်ခဲ့သည်ကို ပညတ်ခြင်း မပြုခြင်း။
(၂) မြတ်စွာဘုရား ပညတ်ချက်များကို ဖျက်ဆီးခြင်း၊ နုတ်ပယ်ခြင်း မပြုရ။
(၃) မြတ်စွာဘုရား ပညတ်ထားခဲ့သည့်အတိုင်း သိက္ခာပုဒ်များကို ကောင်းစွာ လိုက်နာကျင့်သုံးကြရမည်-ဟူ၍ ဖြစ်သည်။
ဤသို့ ပထမသင်္ဂါယနာတင်၊ ရဟန္တာထေရ်အရှင်ကြီးများ ချမှတ်တော်မူခဲ့ကြသည့် မူဝါဒအရ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း၊ လုံးဝမပြုသဖြင့် ဘုရားရှင် ပညတ်ဟောကြားတော်မူခဲ့သည့်အတိုင်း စင်ကြယ်သန့်ရှင်းစွာ တည်ရှိနေသည့် မူလတရားတော် (ဓမ္မ၀ိနယ) အားလုံးကို ထေရ၀ါဒ ဗုဒ္ဓဘာသာ-ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ထိုတရားတော်များအတိုင်း ထိန်းသိမ်းကျင့်သုံးနေကြသည့် သံဃာတော်အပေါင်းကို ထေရ၀ါဒဂိုဏ်း-ဟု ခေါ်သည်။
မူလက ၀ိနည်းကိုအကြောင်းပြု၍ မူချထားခဲ့ခြင်း ဖြစ်သော်လည်း ထိုမူဝါဒသည် ဓမ္မ၀ိနယနှစ်မျိုးလုံးနှင့် သက်ဆိုင်သည်ဟု သံဃာတော်များ အားလုံး မှတ်ယူကျင့်သုံးကြ၏။ ထို့ကြောင့် သာရတ္ထဒီပနီဋီကာ၌- သင်္ဂါယနာတင်ထားသည့် ပါဠိတော်များကိုသာ အရှင်မဟာကဿပ အစရှိကုန်သော မထေရ်ကြီးတို့၏ မူဝါဒဖြစ်သောကြောင့် ထေရ၀ါဒ ခေါ်သည်-ဟု ဖွင့်ပြထားခြင်းဖြစ်၏။ သို့ရာတွင် ပထမသင်္ဂါယနာ တင်ပြီးချိန်မှစ၍ ဒုတိယသင်္ဂါယနာတင်သည့် အချိန်အထိ နှစ်ပေါင်းတရာအတွင်း၌ ဆန့်ကျင်ဘက်ဂိုဏ်းများ မပေါ်လာသေးသဖြင့် ပထမသင်္ဂါယနာတင် ရဟန္တာထေရ် အရှင်မြတ်တို့၏ မူဝါဒအရ ပကတိသန့်ရှင်းစွာ တည်ရှိနေသည့် မူလဘုရားဟော တရားတော်အတိုင်း လိုက်နာကျင့်သုံးကြသူချည်းဖြစ်၍ ထေရ၀ါဒဂိုဏ်းဟု ခေါ်ဝေါ်သုံးစွဲခြင်း မရှိသေးရကား ထေရ၀ါဒ ဗုဒ္ဓဘာသာ-အမည်လည်း မပေါ်လာသေးချေ။
( ဒုတိယသင်္ဂါယနာတင်ပွဲ )
သို့ရာတွင် သာသနာတော်နှစ် ၁၀၀-အရောက်တွင်မူ ဝေသာလီပြည်၌ ၀ဇ္ဇီတိုင်းသား ရဟန်းတော်များသည် ၀ိနည်းနှင့်ပတ်သက်၍ ပြင်ဆင်ချက် ၁၀-ချက်၊ (ဒသ၀တ္ထု) ကို ပြုလုပ်လာကြသည်။ သူတို့က ရွှေငွေကို အလှူခံကောင်းသည်-စသည်ဖြင့် ဘုရားရှင်ပညတ်ထားချက်များကို ၁၀-ချက်အထိ ဖောက်ဖျက် ပြင်ဆင်လာကြသည်။ ထိုအကြောင်းကို ကောသမ္ဘီပြည်တွင် သီတင်းသုံးနေတော်မူသည့် အရှင်မဟာယသ ရဟန္တာမထေရ်ကြီး ကြားသိရသည့်အခါ ဝေသာလီပြည်သို့ ကိုယ်တော်တိုင် ကြွရောက်စုံစမ်းတော်မူ၏။ တကယ်မှန်ကြောင်း သိရှိရသည့်အခါ မူလသာသနာတော်ကြီး အရှည်တည်တံ့ရေးအတွက် အတိုင်းတိုင်းအပြည်ပြည်သို့ လှည့်လည်ကာ သံဃာတော်များကို စည်းရုံးတော်မူ၏။
မထေရ်မြတ်ကြီး၏ စည်းရုံးမှုကြောင့် ဝေသာလီသို့ စုဝေးရောက်ရှိလာကြသော သံဃာတော်များမှာ ၁၂-သိန်း ရှိ၏။ ထိုသံဃာတော်များထဲတွင် အရှင်အာနန္ဒာ၏ အတူနေ တပည့်ကြီးများ ဖြစ်ကြသော သက်တော် ၁၄၀-ရှိ အရှင်သဗ္ဗကာမီမထေရ်ကြီး၊ သက်တော် ၁၂၀-ကျော်ရှိကြသော အရှင်သာဠ၊ အရှင်ရေ၀တ၊ အရှင်ခုဇ္ဇသောဘိတ၊ အရှင်သမ္ဘူတ၊ အရှင်မဟာယသ မထေရ်ကြီးများနှင့် အရှင်အနုရုဒ္ဓါ၏ အတူနေတပည့်ကြီးများ ဖြစ်သော သက်တော် ၁၂၀-ကျော်ရှိကြသော အရှင်သုမန၊ အရှင်ဝါသဘဂါမီ မထေရ်ကြီးများလည်း ပါဝင်ကြသည်။ ထိုရဟန္တာကြီး ၈-ပါးတို့သည် ပဋိသမ္ဘိဒါပတ္တ၊ ဆဠဘိည၊ တိပိဋကဓရ ပုဂ္ဂိုလ်ကြီးများ ဖြစ်၍ ဘုရားရှင်ကို မီလိုက်ကြသည့် ရဟန္တာကြီးများ ဖြစ်ကြ၏။
ထို ၁၂-သိန်းသော သံဃာ့အစည်းအဝေးကြီးက အဓိကရုဏ်း ဆုံးဖြတ်ရန် ထိုရဟန္တာကြီး ၈-ပါးတို့ကို ၀ိနည်းဓိုရ် ပုဂ္ဂိုလ်များအဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြ၏။ ၀ိနည်းဓိုရ်မထေရ်ကြီးများသည် ၀ါလိကာရုံကျောင်းတိုက်ကြီး၌ အစည်းအဝေးကြီး ကျင်းပကြ၍ အရှင်ရေ၀တမထေရ်ကြီးက အဓမ္မ၀တ္ထု ၁၀-ချက် တို့ကို ၀ိနည်းတော်နှင့် ညီ-မညီ အရှင်သဗ္ဗကာမီ မထေရ်ကြီးအား မေးလျှောက်ရာ ၀ိနည်းနှင့်မညီကြောင်း မထေရ်မြတ်ကြီးက တချက်စီ ဖြေရှင်းဆုံးဖြတ်တော်မူ၏။ ထိုဆုံးဖြတ်ချက်များကို သံဃာ့အစည်းအဝေးကြီးက တညီတညွတ်တည်း လက်ခံအတည်ပြုလိုက်ကြသည်။
အဓိကရုဏ်းငြိမ်းပြီးသောအခါ သံဃာ့အစည်းအဝေးကြီးကပင် တိပိဋကဓရ၊ ပဋိသမ္ဘိဒါပတ္တ၊ ဆဠဘိည ရဟန္တာကြီး ၇၀၀-တို့ကို ဒုတိယအကြိမ် သင်္ဂါယနာတင်ရန် ရွေးချယ်လိုက်ကြ၏။ ထိုရဟန္တာကြီး ၇၀၀-တို့သည် ဝေသာလီပြည်၊ ၀ါလိကာရုံကျောင်းတိုက်တော်ကြီး၌ ပါဋလိပုတ်ပြည့်ရှင် ကာလာသောကဘုရင်၏ အာဏာစက် အကူအညီကို ရယူ၍ အရှင်မဟာကဿပ မထေရ်ကြီးတို့ သင်္ဂါယနာတင်သည့်အတိုင်း တင်တော်မူကြရာ ၈-လတိုင်ကြာမှ ပြီးဆုံးသွားပေသည်။
( ရှေ့လဆက်ရန် )
ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ )
( မြတ်မင်္ဂလာ ၂၀၀၁-ခု ဖေဖော်ဝါရီလ )
သံဝေဂ
ဇရာထောင်းတော့၊ ကောင်းကောင်း မမာ။
ဗျာဓိနာခြင်း၊ လာညှဉ်းလေတာ။
မရဏ၊ သေရ နောက်ဆုံးပါ။
ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၂ )
ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁ ) ပါ
မြတ်မင်္ဂလာ စာစောင် မရှိသေးပါသဖြင့် မတင်ပြပေးနိုင်တာကို သည်းခံခွင့်လွှတ်ကြပါရန်။
( ယခင်လမှ အဆက် )
မြတ်စွာဘုရားကို မဟာသက္ကရာဇ် ၆၈-မှာ မွေးတော်မူခဲ့တယ်။ မြတ်စွာဘုရား မွေးတော်မူတာဟာ ခရစ်တော်ထက် ၆၂၃-နှစ် စောတယ်။ မဟာသက္ကရာဇ် ၆၈-ဆိုတာက ဘိုးတော် အဉ္စနဖြိုပြီး ၁-နှစ်မှ စမှတ်လာတဲ့နှစ်၊ ဘိုးတော်အဉ္စန ဆိုတာ မဟာမာယာရဲ့ ဖခင်၊ သိဒ္ဓတ္ထမင်းသားရဲ့ ဘိုးတော် ဖြစ်တယ်။ အစ္စလာမ်ဘာသာ မိုဟာမက်ကတော့ သက္ကရာဇ် ၁၁၇၀-မှာမွေးတယ်။ ဗုဒ္ဓဟာ ပထမဦးဆုံး ဘာသာရေး သာသနာရေး စတင်တည်ထောင်တဲ့ ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ထားပါ။ ဂုဏ်ယူပါ။
မဟာသက္ကရာဇ်၊ ၆၈-ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့၊ လမ်းပါကိုး-လို့ ဆိုထားတာ မှတ်ထားပါ။
ကလေးအများ သင်တန်းတက်ဖူးလို့ သိနေကြတယ်။ လူကြီးတွေ ကောင်းကောင်းသိထားဖို့ အရေးကြီးပါတယ်။ မြတ်စွာဘုရား အဲဒီလိုမွေးလာတာ နိဗ္ဗာန်တည်းဟူသော အောင်မြို့ကို သွားဖို့ မွေးလာတာ။ မွေးလာတာနဲ့ တပြိုင်နက် သီဟနာဒ-ခြင်္သေ့ဟောက်သလို ရဲရဲတောက် စကားသုံးခွန်း ပြောပါတယ်-
အဂ္ဂေါဟမသ္မိ လောကဿ-ငါသည် ဒီလောကမှာ အမြတ်ဆုံးပဲ။
အယမန္တိမာ ဇာတိ-ငါ ဒီပဋိသန္ဓေဟာ နောက်ဆုံးပဲ။
နတ္ထိ ဒါနိ ပုနဗ္ဘဝေါ-နောက်တဖန် မွေးဖွားခြင်း မရှိတော့ဘူး။
သိဒ္ဓတ္ထမင်းသား မွေးဖွားလာပုံကို ဒီလိုတခမ်းတနား ပြထားတယ်။ မဟာယာနဂိုဏ်းသားများအဆိုကို နောက်တပတ် ဟောပြပါမယ်။ ထေရ၀ါဒနှင့်မတူ။ မဟာယာနက တမျိုး ပြထားတယ်။ ငါသည် အမြတ်ဆုံးလို့ ထင်ရှားကြေညာထားတဲ့ ဂေါတမမှာ ဒီကမ္ဘာမှာ သူ-ရှိခိုးစရာလူ ရှိသေးသလား၊ မရှိတော့ဘူး နော်။ အဲဒါကို ပီပီသသ အမှတ်တရပြုထား။
မဟာယာနကျတော့ တခုလေးပြောပြရမယ်ဆိုရင် ဘုန်းကြီး ဂျပန်ပြည်ကို အကြိမ်ကြိမ်ရောက်ဖူးတယ်။ အားလုံး မဟာယာနချည်းပဲ။ ထေရ၀ါဒအနေနဲ့ ကျွန်းမြောက်ပိုင်းမှာ မြန်မာဘုန်းကြီးကျောင်း တကျောင်းပဲ ရှိတယ်။ သူတို့ဆီရောက်တုန်း သူတို့ရဲ့ နေထိုင်ကိုးကွယ်ပုံ ဓလေ့ထုံးစံတွေ သိချင်လို့ သူတို့နဲ့အတူ တနေ့နေကြည့်တယ်။ သူတို့က မနက်ခင်း အိပ်ရာကထပြီးရင် မျက်နှာသစ်၊ ကိုယ်လက်သန့်ရှင်းပြီး မြတ်စွာဘုရားရှေ့သွားပြီး ဘုရားရှိခိုးတယ်။ အဲဒါပဲ။ အဲဒီဘုရားခန်းကို ကြည့်လိုက်တော့ ဘုရားကိုယ်တော်မြတ်က အလယ်မှာ။ ဘုရားကိုယ်တော်မြတ် ဘေးပတ်လည်ကတော့ ဘုရားကိုယ်တော်ငယ်တွေ၊ ဘုရားလောင်းတွေ အများကြီးတွေ့ရတယ်၊ ၀န်းရံထားတယ်။ ဒီလိုဘုရားလောင်းတွေကို မွေးပေးတဲ့ အမေကိုလဲ ရှိခိုးရသေးတယ်။ ဘုန်းကြီးတို့မြန်မာပြည်မှာ မယ်တော်ကြီး၊ မယ်တော်ကြီးနဲ့ ကိုးကွယ်ဆည်းကပ်သူ တွေ့ ရဖူးတယ်။ ဘယ်ကမယ်တော်ရယ်လို့တော့ မသိဘူး။ ဂျပန်ကတော့ အဲဒီဘုရားလောင်းတွေ မွေးပေးတဲ့ မယ်တော်ပဲ၊ ဘယ်သူရဲ့ မယ်တော်လဲ ရှင်မောဂ္ဂလာန်လား၊ ရှင်သာရိပုတ္တရာလား၊ ဒါတော့ မသိဘူး။ နောက်ပြီး အဲဒီဂျပန်ဘုရား ဘေးနားမှာ နတ်မင်းကြီး ၄-ပါးလဲ ရှိသေးတယ်။ မြန်မာတွေသိတဲ့ ဓတရဋ္ဌ၊ ၀ိရူဠှက၊ ၀ိရူပက္ခ၊ ကုဝေရ ဆိုတဲ့ နတ်မင်းကြီးတွေတဲ့။ အဲဒီနတ်တွေလဲ ဘုန်းကြီးတွေက ရှိခိုးကြရသေးတာ တွေ့ခဲ့တယ်။
ဘုန်းကြီးတို့မြန်မာပြည် ဘုရားတွေမှာ နတ်တွေ၊ ဘီလူးတွေ၊ နဂါးတွေလဲ ရှိတယ်။ ဒါပေမယ့် ဘုန်းကြီးတွေကတော့ ရှိမခိုးကြပါဘူး။ ဒါက သေချာတယ်။ ဘုရားနားက နတ်ဟာ ဘုရားကို စောင့်ရှောက်ဖို့ပဲ ဖြစ်မယ်။ ကိုးကွယ်ရှိခိုးဖို့တော့ မဟုတ်ဘူး။ ဂျပန်ဘုရားခန်းမှာတော့ ဘုရားလဲ ရှိခိုး၊ ဘုရားလောင်းတွေလဲ ရှိခိုး၊ မယ်တော်ကြီးဆိုတာကိုလဲ ရှိခိုး၊ နတ်ကြီးလေးပါးလဲ ရှိခိုးနေတာနဲ့ အချိန်တွေ အများကြီးကုန်သွားတယ်။
ဓမ္မဆိုတဲ့ဥစ္စာက သီလက ကိုယ်နှင့်နှုတ်ပေါ်မှာ ကျင့်ရမယ်။ သမာဓိက စိတ်ပေါ်မှာ ကျင့်ရမယ်။ ပညာက စိတ်ထဲ ရုပ်ထဲမှာ ကျင့်ရမယ်။ ရှိခိုးတာကို တခမ်းတနားကြီးလုပ်ပြီးနေခြင်းဖြင့် ဘာသာရေး လုပ်ငန်းတခုအနေနဲ့ ပြီးသွားမယ်ဆိုရင် အဲဒါ မဟာယာနပဲ။ အဲဒါကို rites, rituals, ceremonies လို့ ခေါ်တဲ့ အပိုအလုပ်တွေပဲ။ ပူဇော်ခြင်း။ ရှိခိုးခြင်း အခမ်းအနားများပေါ့။ အဲဒါတွေကို အစီအစဉ်များစွာနဲ့ လျှို့ဝှက်တဲ့နည်းစနစ်တွေပါ ထည့်သွင်းပြီးတော့ တခမ်းတနားလုပ်ကြတာဟာ မဟာယာနပဲ။
ကျုပ်တို့ဘုရားလောင်းတော် မွေးခါစ မင်းသားကလေးက ချက်ချင်း ကြွေးကြော်လိုက်တာက-ငါသည် လောကမှာ အမြတ်ဆုံး၊ ဒီပဋိသန္ဓေသည် နောက်ဆုံး၊ နောက်ထပ်တဖန် ပဋိသန္ဓေနေခြင်း ငါ့မှာ မရှိတော့ဘူး။ ရဲရဲတောက်စကားသုံးခွန်း မိန့်ကြားခဲ့တယ်။ သူ ရှိခိုးစရာ သတ္တ၀ါ မရှိဘူးဆိုတာ ဟောခဲ့တယ်။
မြန်မာပြည်က ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ သိပ်ကွဲပြားခြားနားတာပေါ့။ ဒီမှာက ပရိယတ် ပဋိပတ် ပဋိဝေဓ ဆိုပြီး ရှင်းရှင်းလင်းလင်း သန့်သန့်ရှင်းရှင်း ရှိပြီး အလေးအနက် အယူရှိကြတာ။ မြတ်စွာဘုရားဟာ မဟာသက္ကရာဇ် ၁၀၃-ခုမှာ ဘုရားဖြစ်တော်မူတယ်။ ဒါ အထင်အရှား ပြသနိုင်တယ်။ သက်တော် ၃၅-နှစ်(BC 588) မှာ ဗုဒ္ဓဖြစ်တော်မူတယ်။ ခရစ် ၅၈၈-ခုနှစ်မှာပေါ့။ တရားအပေါင်း ကိုယ်တော်တိုင် အပင်ပန်းခံပြီး ကျင့်တော်မူတယ်။ သယမ္ဘူဉာဏ် ရတော်မူတယ်။ ဒီနေရာမှာ မှတ်သားထားဖို့က သယံ-ဆိုတဲ့ စကားလုံးပဲ။ ဘယ်သူကမှ ပြတာ၊ သင်ပေးတာ မဟုတ်ဘူး။ သယံ-ကိုယ်တော်တိုင် ကျင့်သုံးပြီး ရတော်မူတဲ့ ဓမ္မတွေ။ သမ္မာသမ္ဗုဒ္ဓေါ-ကောင်းစွာ ဟောကြားထားတဲ့ တရားဓမ္မတွေ။
ဒါနဲ့ မြတ်စွာဘုရား ပွင့်တော်မူခါနီးတော့ သစ်ပင်၊ ပန်းပင်တွေ ရာသီမဟုတ်ဘဲ ပွင့်၊ လူတွေ ပျော်ရွှင်ကြ၊ နတ်၊ ဗြဟ္မာတွေ မြူးတူးရွှင်ပြကြ၊ အင်မတန်ထူးခြားတဲ့ အချိန် ကြုံရတယ်။ အကြောင်းက သတ္တ၀ါတွေကို မျက်စိပေးမယ့် လူ ပေါ်လာတော့မယ်တဲ့။ စက္ခု-ဆိုတာ မံသစက္ခုကို ဆိုလိုတာ မဟုတ်။ ဉာဏစက္ခုကို ဆိုလိုတာ။ လူတွေဟာ ကန်းနေကြတယ်။ ဉာဏစက္ခု လိုတယ်။ ယခု ဉာဏစက္ခုပေးမယ့် ပုဂ္ဂိုလ် ပေါ်လာပြီဆိုပြီးတော့ လောကကြီးတခုလုံး မြူးပျော်ကြတာ။ အဲဒီဉာဏစက္ခုဟာ အခုအခါမှာ ပိုပြီးတောင် လိုလာတယ်။ အကြောင်းကတော့ ဘုရားဟောဓမ္မကို ဓမ္မအတိုင်း မကျင့်သုံးဘဲ လွဲမှားတဲ့အယူတွေ တဖြည်းဖြည်း စိမ့်ဝင်လာတာ တွေ့နေရတယ်။ လူတွေဟာ သစ်ပင်ကို ကိုးကွယ်ရတာနဲ့။ ကျောက်တုံး ကျောက်ခဲ ဘုရားစင်ရှေ့ထားပြီး ကိုးကွယ်ရတာနဲ့ ပွဲအမျိုးမျိုးပေးပြီး ဆုတောင်းရတာနဲ့ အတော် ရောယှက်ရှုပ်ထွေးလာကြတယ်။ မြတ်စွာဘုရားက စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ လို့ အထင်အရှားဟောခဲ့တာ သတိမထားဘူး။
ကမ္ဘာမှာ အချို့ဘာသာတွေဟာ မည်မည်ရရ ဘာမှမရှိဘဲနဲ့ တို့ဘုရားက ဒီလိုယူရမယ်တဲ့ဆိုပြီး ဘာမှစဉ်းစားခွင့်မပေးဘဲ မျက်စိမှိတ်ယူရတဲ့ အယူဝါဒတွေ တော်တော်များများ ရှိတယ်။ ဘုန်းကြီးက တခြားဘာသာတွေကို ဘာမှပြောဖို့ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ထေရ၀ါဒအမည်ခံပြီး အလွန်ကွဲပြားခြားနားတဲ့ မဟာယာနဆိုတဲ့ ဗုဒ္ဓအယူဝါဒကို စိတ်ဝင်စား လိုက်နာနေကြတဲ့ သာသနာဝင်အကြောင်းကို ဟောပြဖို့ ရည်ရွယ်ထားတာပါ။
မြတ်ဗုဒ္ဓဟာ အသက် ၃၅-နှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် မိဂဒါဝုန်ခရီးသွားတော်မူတဲ့အခါ ဂယာသီသ တောလမ်းမှာ ကိုယ်တုံးလုံး ဆရာကြီးဥပကနဲ့ တွေ့တော်မူတယ်။ မြတ်စွာဘုရားရဲ့ ကြည်ညိုဖွယ် ရုပ်နဲ့ ထူးခြားတဲ့ ဣနြေ္ဒတော်တို့ကို တွေ့မြင်ရတဲ့အခါ-သင့်ဆရာ ဘယ်သူလဲ-လို့ မေးတော့ မြတ်ဗုဒ္ဓက ( သယံ အဘိညာယက ဗုဒ္ဓိသေယျ )ငါ့မှာ ဘယ်သူကမှ လမ်းညွှန်တာ မရှိ၊ ဆရာမရှိ။ မိမိအလိုလို တရားတော်တွေ သိတာ-လို့ ပြောတော့ ဥပကကြီးက ခေါင်းညိတ်လက်ခံပြီး ဟုပေယျ၊ ဟုပေယျ-ဟုတ်ပေလိမ့်မယ်-လို့ ဆိုပြီး သူ့ခရီး သူဆက်သွားတယ်။
ဒီလိုသမ္မသမ္ဗုဒ္ဓ အရှင်မြတ်ကို ထေရ၀ါဒဗုဒ္ဓဘာသာတိုင်း ဘယ်သူမှ သံသယမရှိ၊ ဒါကို မဟာယာနဂိုဏ်းအချို့က ဘုရားကို တန်ခိုးရှင်တဦးက ပူးဝင်ပြီး ဓာတ်စီးပြီးပြောတာလို့ တွေးခေါ်ကြသေးတယ်။ မြတ်စွာဘုရားဟာ တရာအပေါင်းကို မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်းပြီး သိတော်မူတာ။ သီလ သမာဓိ ပညာကို အဓိကဟောတော်မူတာ။ စိတ်ကူးကြံဆပြီး ပြောတာ ဟောတာ တီထွင်တာ မဟုတ်ဘူး။ ဒါကြောင့် ဘုန်းကြီးက ထေရ၀ါဒဗုဒ္ဓဘာသာသည် ဘုရား၏ဘာသာ (စကား) ဖြစ်သည်။ ကိုးကွယ်စရာအဖြစ် ကြံဖန်စီစဉ်ထားသော အယူဝါဒ (Religion) မဟုတ်လို့ ရဲရဲကြီး ပြောနေတာ။ realistic teaching တိကျမှန်ကန်နက်နဲသော အယူအကျင့်များသာ ဖြစ်တယ်။
တဖန် မဟာယာနက နိဗ္ဗာန်ကို သူတို့စိတ်ကူးနဲ့ အဓိပ္ပါယ်ဖွင့်ထားတာ ရှိသေးတယ်။ နိဗ္ဗာန်ရောက်တယ်ဆိုတာ အရဟတ္တဖိုလ်စိတ်နဲ့ အထူးဖြစ်ပေါ်လာတဲ့ ရုပ် နာမ် တမျိုးနဲ့ နိဗ္ဗာန်ဘုံကို ရောက်သွားတာတဲ့။ အဲဒီဘုံမှာ အစဉ်အမြဲ ဘယ်တော့မှမပျက်စီးတော့ဘဲ နိဗ္ဗာန်အရသာကို အမြဲခံစားနေတာတဲ့။ လူ့ပြည်က တင်ပလ္လင်ခွေ ထိုင်ရင်း သေသွားရင်လဲ နိဗ္ဗာန်မှာ အဲဒီလို ထိုင်ပြီး အမြဲတမ်းစံစားနေရတယ်တဲ့။ အဲဒီ နိဗ္ဗာန်ဘုံကြီးမှာ အိုခြင်း၊ နာခြင်း၊ သေခြင်း ဘယ်တော့မှ မရှိတော့ဘူးတဲ့။ အဲဒါ မဟာယာနတို့ ယူဆထားတဲ့ နိဗ္ဗာန်ပဲ။ ဒီနေ့ ဘုန်းကြီးတို့ သာသနာမှာလဲ အဲဒီအယူကို ကြိုက်နှစ်သက်သူတွေ တဖြည်းဖြည်း စိမ့်ဝင်လာတယ်ဆိုတာ ကြားသိရတယ်။ ထေရ၀ါဒအယူက အို နာ သေတယ်။ ထေရ၀ါဒက နိဗ္ဗာန်ရောက်တယ်ဆိုတာ မီးစာလဲ ကျွမ်း၊ ဆီလဲခန်းပြီး ငြိမ်းချမ်းသွားတဲ့ သဘော။ မီးတောက်ငြိမ်းသွားပြီ၊ ငြိမ်းပြီး ဘယ်ရောက်သွားသလဲ။ စိစစ်နေစရာမလို၊ ထေရနဲ့ မဟာယာန ကွဲပြားခြားနားပုံတွေ များစွာရှိတယ်။
နောက်အပတ်တွေမှာ သာသနာဝင်တွင် ဘယ်လိုဂိုဏ်းကွဲတွေ ပေါ်လာပြီး ၀ါဒသစ်တွေ သွတ်သွင်းပြီး ဗုဒ္ဓတရားတွေ လွဲမှားစွာ ခံယူနေကြပုံများကို ဆက်ဟောမယ်။ အခုတော့ ဆုတောင်းအမျှဝေပြီး ရပ်နားကြဦးစို့။
( ရှေ့လ ဆက်ရန် )
သီတဂူ ဆရာတော်
( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )
Wednesday, September 23, 2009
ကောင်းမှုလုပ်သူ ကောင်းကျိုးရ
ယခုအခါတွင်တော့ သူတပါး၏ အတွေ့အကြုံများမှ သင်ခန်းစာကို ကိုယ်ယူခဲ့သည့်နည်းတူ ကျွန်တော့်အတွေ့အကြုံများကိုလည်း သူတပါးအား မျှဝေပေးလိုသည့်ဆန္ဒများ ပြင်းပြလာ၍ ဤစာစုကို ရေးဖွဲ့မိခြင်း ဖြစ်ပါသည်။ ဤစာစု၏ခေါင်းစဉ်ကို မြတ်မင်္ဂလာစာစောင်၏ ဆောင်ပုဒ်တခု ဖြစ်သည့်-
ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏
မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏
အကြင်မျိုးစေ့ကို စိုက်ပျိုး၏
ထိုအသီးကို သုံးဆောင်ရ၏-ဆိုသည့် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမစာစုထဲမှ ရယူမိပါသည်။
ကျွန်တော်၏ဘ၀သက်တမ်း အတွေ့အကြုံ တလျှောက်ဝယ် ကောင်းကျိုးရသော အတွေ့အကြုံများ ရှိခဲ့ပါသည်။ ထိုနည်းတူ မကောင်းမှုလုပ်၍ မကောင်းကျိုးရသော အတွေ့အကြုံများလည်း ရှိပါသည်။ ကောင်းကျိုးဆိုးကျိုး တွေ့ကြုံခံစားခဲ့၊ ကြားမြင်သိရှိခဲ့သည့် အဖြစ်အပျက် များစွာရှိခဲ့သည်။ ယင်းတို့ကို လှိုက်လှဲပ်ီတိဖြစ်မှုများ၊ ကြောက်ရွံ့ထိတ်လန့် ခါးသီးဖွယ် ခံစားရမှုများဖြင့် အကြိမ်ကြိမ် ဖြစ်တည် ခံစားခဲ့ဖူးပါသည်။ ယင်းတို့ထဲမှ ပထမအဖြစ်အပျက်တခုကို ဖော်ပြလိုပါသည်။
ကျွန်တော် ပဲခူးမြို့တွင် နေထိုင်စဉ်အခါက ဖြစ်သည်။ ကျွန်တော့်အမ၀မ်းကွဲ တဦးက ပဲခူးနှင့် ၇-မိုင်လောက်ဝေးသော သနပ်ပင်မြို့နားရှိ ရွာကလေးမှာ နေပါသည်။ အမ၏ လည်ချောင်းရင်းမှာ အသားပိုဖု(ဘု) လုံးကြီးဖြစ်နေသဖြင့် ရန်ကုန်မြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းကု ဆေးရုံကြီးတွင် ပြသထားပါသည်။ ထိုနေ့က အမ၏လည်ချောင်း ခွဲစိတ်ကုသဖို့ ဆေးရုံကို ကျွန်တော်လိုက်ပို့ရမည် ဖြစ်သည်။
သနပ်ပင်-ရန်ကုန်သွား မှန်လုံကားက နံက် ၄-နာရီထွက်သည်။ သူတို့ညီအမနှစ်ယောက်က ထိုင်ခုံ ၃-ခုံ လက်မှတ်ဖြတ်လာပြီး ကျွန်တော်က ပဲခူးကနေ ဖြတ်စီးရမည်ဖြစ်သည်။ မှန်လုံကား ပဲခူးရောက်တော့ နံနက် ၄-၁၅ မိနစ်လောက် ရှိပါပြီ။ အမနှစ်ယောက်က ၂-ခုံတွဲ၊ ကျွန်တော်က အခြားခရီးသည်တဦးနှင့် တွဲပြီးထိုင်ရပါသည်။ မနက်စောစော နှင်းတွေကြောင့် မှောင်မှောင်မည်းမည်းမို့ ကျွန်တော်လမ်းဘေးဝဲယာကိုသာကြည့်ပြီး ပါလာခဲ့သည်။ ကျွန်တော့်ခုံနေရာက ကားအတွင်းဘက်လမ်းနှင့် ကပ်နေသဖြင့် မတ်တတ်စီးကြသော ခရီးသည်များနှင့် ပူးပူးကပ်ကပ် ဖြစ်နေသည်။ ကျွန်တော် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်သောအခါမှာတော့ ကားကမြို့ပြင်ဘက် ရောက်နေပါပြီ။ ရဟန်းတော်တပါးကို ခရီးသည်ယောက်က်ျား၊ မိန်းမတွေကြားမှာ တိုးတိုးဝှေ့ဝှေ့နှင့် မတ်တတ်ရပ် လိုက်ပါနေသည်ကို တွေ့ရသည်။
မြင်တွေ့လျှင်မြင်တွေ့ချင်းပင် ကျွန်တော် နေရာကထပြီး ဖယ်ပေးလိုက်ဖို့ စိတ်ကူးမိပါသည်။ သို့သော် ကိုယ်သွားရမည်က ပဲခူး-ရန်ကုန် မိုင် ၅၀-ခရီးကြီး၊ ခရီးရှည်ကြီးမို့ ဖယ်၍ မပေးချင်ပါ။ သို့ဖြင့် ကိုယ်ကို အသာပြန်ကျုံ့ထိုင်ရင်း မျက်လုံးကို အသာပိတ်ပြီး မမြင်သလို လုပ်နေလိုက်သည်။ သို့ရာတွင် စိတ်ထဲမှာတော့ မလုံမလဲနှင့် ဖယ်ပေးရကောင်းနိုးနိုး၊ ဆက်ထိုင်နေရ ကောင်းနိုးနိုးနှင့် ဝေခွဲမရ ဖြစ်နေပါသည်။ ထိုအချိန်တုန်းက ကျွန်တော် ပဲခူးမှာနေရာ၊ ရန်ကုန်-ပဲခူး ခရီးကို အိမ်ဦးနှင့်ကြမ်းပြင်လို သွားနေရင်း လိုင်းကားစီးနေကျဖြစ်သည်။ တခါတရံ ထိုင်ခုံ အဆင်မပြေလျှင် ပဲခူး-ရန်ကုန် မတ်တတ်လိုက်တန် လိုက်နေကျ ဖြစ်ပါသည်။
နောက်ဆုံး၌ စိတ်ကို ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်သည်။ အခါတိုင်းလည်း သည်ခရီးကို မတ်တတ်တွယ်လိုက်ဖူးတာပဲ၊ ယခု ကိုယ့်အသက်အရွယ်အရရော၊ ကျန်းမာရေးအရရော ငါလိုက်နိုင်တာပဲ။ ငါဖယ်ပေးမယ်-ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ဦးပဉ္စင်း ဒီနေရာ ထိုင်တော်မူပါဘုရား-ဟု လျှောက်ထားပြီး နေရာကို ဖယ်ပေးလိုက်သည်။ ရဟန်းတော်က ဒကာကြီး ဘယ်သွားမှာလဲ-ဟု မေးရာ ကျွန်တော်က ရန်ကုန်ကိုပါဘုရား-ဟု လျှောက်ပါသည်။
သည်အချိန်မှာ ရဟန်းတော်က ကျွန်တော့်ကိုကြည့်လိုက်သော မျက်လုံးအကြည့်ကို ကျွန်တော်နားလည်လိုက်ပါသည်။ အေးချမ်းတည်ငြိမ်စွာနှင့် ကျေးဇူးတင်သည့်အကြည့်၊ ခရီးရှည်တခု ဖြစ်ပါလျက် ရဟန်းသံဃာတော်ကို အမွန်အမြတ်ပြုသော စိတ်ကို သာဓုခေါ်သည့်အကြည့်ပင်၊ ကျွန်တော့်ရင်ထဲမှာ အေးခနဲ၊ စိမ့်ခနဲ ဖြစ်သွားသည်။ ကျွန်တော့အပြုအမူ ကျွန်တော့်ဆုံးဖြတ်ချက်အတွက် ကျွန်တော့်ကိုယ် ကျွန်တော် ကျေးဇူးအလွန်တင်သွားပါသည်။
ရဟန်းတော်က ကျွန်တော်ဖယ်ပေးသောနေရာမှာ အသာအယာ ၀င်ထိုင်လိုက်ပါသည်။ မျက်လွှာစုံချပြီး တည်ငြိမ်သောဣနြေ္ဒ ၀ါရွှေသောသင်္ကန်း အရောင်တို့နှင့် လိုက်ဖက်တင့်တယ်နေသော ရဟန်းတော်ကိုကြည့်ရင်း ကျွန်တော့်တကိုယ်လုံး ပီတိတွေလှိုက်၊ ကြက်သီးတွေ ဖြန်းဖြန်းထသွားသည်။ မထင်မှတ်ဘဲ ပြုလိုက်ရသော ကုသိုလ်လေးတခုအတွက် ၀မ်းသာကျေနပ်မှုတွေကို အတော်လေး ခံစားလိုက်ရပါသည်။
ထိုအချိန်ပိုင်းကလေးအတွင်းမှာပင် ကျွန်တော့်နှင့် ဘေးချင်းယှဉ်ထိုင်နေသော လူရွယ်တဦးသည် သူ့နေရာမှ ချက်ချင်းထပြီး ကျွန်တော့်ကို ထိုင်ဖို့ နေရာဖယ်ပေးပါသည်။ ကျွန်တော်လည်း အံ့အားသင့်သွားသည်။ ချက်ချင်းပင် ထိုင်ဖို့ ငြင်းလိုက်ပါသည်။ သို့သော်မရပါ၊ လူရွယ်က အတင်းထိုင်ခိုင်းနေသည်။ ကျွန်တော်တို့ စကား ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ဘေးကခရီးသည်တွေ အာရုံပြုမိလာကြပါသည်။
ထိုအခါ လူရွယ်က လှည်းကူးအထိတော့ ထိုင်ပါခင်ဗျာ၊ လှည်းကူးရောက်ရင် ကျွန်တော်တလှည့် ပြန်ထိုင်ပါ့မယ်-ဟု တောင်းတောင်းပန်ပန် ပြောနေသည်။ ဘေးကလူတွေလည်း ထိုင်ကြည့်နေကြသည်။ ကျွန်တော်လည်း ထိုင်ချလိုက်ရသည်။ ရဟန်းတော်ကတော့ ကျွန်တော်ဖယ်ပေးသော နေရာကလေးမှာ တည်ငြိမ်သောဣနြေ္ဒဖြင့် အသာအယာ ထိုင်နေဆဲပင်။
လှည်းကူးရောက်ရောက်ချင်း ကျွန်တော်နေရာကထပေးသည်။ လူရွယ်ကိုတလှည့် အတင်းထိုင်ခိုင်းလိုက်ရပါသည်။ လူရွယ်ထိုင်ပြီးပြီးချင်းပင် ကားရှေ့ပိုင်းမှ ကျွန်တော့်နာမည်ခေါ်သံ ကြားရသည်။ လှမ်းကြည့်လိုက်တော့ အသိမိတ်ဆွေတဦး ဖြစ်နေသည်။ စောစောကတော့ လူတွေနှင့်ကွယ်နေ၍ မတွေ့မိပါ။ လှည်းကူးမှာ ခရီးသည်တွေ အတော်အတန်ဆင်းသွားသဖြင့် ကျွန်တော့်ကိုတွေ့သွားပြီး လှမ်းခေါ်ပုံရသည်။ သူ့အနားမှာ ခုံတနေရာစာ လွတ်နေသဖြင့် ထိုခုံနေရာမှာပင် ထိုင်လျက် ရန်ကုန် ရောက်သည်အထိ ကျွန်တော် သက်သောင့်သက်သာ လိုက်ခဲ့ရပါသည်။
ရဟန်းတော်ကို နေရာဖယ်ပေးခဲ့သော်လည်း ခရီးစဉ်တလျှောက်လုံးမှာ ကျွန်တော် ထိုင်ခုံဖြင့်သာ လိုက်ခဲ့ရသည်ကို အံ့သြမိပါသည်။ အမှတ်မထင် သေးငယ်သော ကုသိုလ်ကလေး၏ အဟုန်သည် သည်မျှနှင့် ရပ်မသွားသေးပါ။ ထိုနှစ်အတွင်းမှာပင် ဌာနက ကျွန်တော့်အတွက် ရုံးကားတစီး သုံးခွင့်ပြုသည်။ ကျွန်တော် ယခုအချိန်အထိ သတိထားမိသည်မှာ ထိုကုသိုလ်ပြုပြီးသည့် နောက်ပိုင်းတွင် ယာဉ်၊ ရထား၊ ကား၊ လေယာဉ် ဘယ်ခရီးပင်ဖြစ်စေ ကျွန်တော့်အတွက် ကြံဖန်ပြီး လွယ်လွယ်ကူကူ ဖြစ်နေပါသည်။ မရတော့ဘူးဟု ထင်သော လက်မှတ်၊ မသွားဖြစ်တော့ဘူးဟုထင်သော ခရီးစဉ်တွေမှာ အံ့သြဖွယ်ကောင်းလောက်အောင် ချောမောသွားသည်ကို တွေ့ရသည်။ ပြည်တွင်းပြည်ပ ခရီးစဉ်တွေတိုင်းမှာလည်း သက်သောင့်သက်သာနှင့် အန္တရာယ်ကင်းကင်း သွားနေရသည်ကိုလည်း သတိထားမိပါသည်။
အမှတ်မထင်ပြုခဲ့သော မုန့်ညင်းစေ့ပမာဏ သေးငယ်သော ကုသိုလ်ကလေး၏ အဟုန်ကို ပြောပြ၍မကုန်နိုင်အောင် ယခုတိုင် ခံစားနေရဆဲပင်။ ကျွန်တော့်ကိုယ်တွေ့ အမှန်ဖြစ်ရပ်ကို မြတ်မင်္ဂလာ ပရိသတ်အား ဆီမီးတိုင်သဖွယ် ကူညှိခံစားရစေခြင်းငှါ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
မောင်စံလွင် (ငါး-ဦးစီး)
ဲ( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )
မြတ်ဗုဒ္ဓ၏ ဆဋ္ဌမ၀ိပါက်တော်
ပထမ, ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမ ၀ိပါက်တော်-ပါ စာအုပ် မရှိသေးပါသဖြင့် မတင်ပြနိုင်သေးတာကို သည်းခံခွင့်လွတ်ပါရန် မေတ္တာရပ်ခံပါသည်။
တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဗုဒ္ဓအဖြစ်သို့ ရောက်သည်အထိ ဒေ၀ဒတ်၏ ကျောက်တုံးကြီးဖြင့် ကြိတ်ချေသတ်ဖြတ်ရန် ကြိုးစားမှုကို ခံတော်မူရသေးသည်။ အကြောင်းမှာ
တခုသောဘ၀က ညီဖြစ်သူအား အမွေခွဲဝေမပေးလိုသော လောဘကြောင့် ကျောက်ခဲနှင့် မသေမချင်း ထုသတ်ခဲ့သော အကျိုးဆက် ဖြစ်လေသည်။
ထိုမျှ ကြမ်းကြုတ်ရက်စက်စွာ ပြုမှုကြောင့် နောက်ဆုံးဘ၀ထိ အပြစ်ခံရခြင်း ဖြစ်သည်။ ထိုမျှမက ခြေမကို ကျောက်လွှာထိ၍ နာကျင်သော ဝေဒနာလည်း ခံရသေးသည်။ သံသရာတလျှောက် မတော်တဆ ထိမှန်ခြင်းခံရသည်လည်း အကြိမ်များစွာ ရှိသည်။ ထိုခံရမှုတို့မှာ အမှတ်မထင် မြူးတူးပျော်ပါး ကစားရင်းဖြင့် ရရှိသောအပြစ် ဖြစ်ခဲ့လေသည်။
ရှေးလွန်လေပြီးသော ဘ၀တခုတွင် ဘုရားအလောင်းတော်သည် မထင်ရှားသောအမျိုးမှာ ဖြစ်တော်မူခဲ့သည်။ အရပ်ထဲတွင် သူငယ်ဘာဝ အခြားသော အရွယ်တူကလေးများနှင့် လမ်းပေါ်မှာ ပြေးလွှားခုန်ပေါက် ပျော်ရွှင်မြူးတူးစွာ ကစားနေကြသည်။ ကလေးများနှင့် ရွှင်ပျော်မြူးတူးနေစဉ် ခပ်လှမ်းလှမ်းတွင် ဣနြေ္ဒသိက္ခာနှင့် ဖြည်းညင်းစွာဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါကို တွေ့မြင်လေသည်။
ထိုအခါ လက်တည့်စမ်းလိုသည့် သဘောနှင့် ကျောက်ခဲလေးတလုံးကို ကောက်ယူကာ ရှင်ပစ္စေကဗုဒ္ဓါဆီသို့ မှန်းပြီး ပေါက်လိုက်လေသည်။ ကျောက်ခဲသည် ရှင်ပစ္စေကဗုဒ္ဓါ၏ ခြေမတော်ကို မှန်လေသည်။ အတွင်းကြေ ကြေကာ သွေးများ ယိုစီးသွားသည်။ ဤသို့ အမှတ်မထင်ပြုမိသော အကုသိုလ်ကံကြောင့် ငရဲတွင်ခံရပြီးနောက် လူ့ဘ၀ပြန်ရောက်သောအခါ မတော်တဆ ထိခိုက်မှုများ မကြာခဏ ခံရ၊ ကြုံရလေသည်။
ဘုရားရှင်ဘ၀တွင်လည်း ဒေ၀ဒတ်၏ ကျောက်တုံးကြီးဒဏ်က လွတ်ခဲ့ရသော်လည်း ခြေမတော် သွေးစိမ်းတည်ခြင်းကို ဆရာဇီဝက၏ ကုသမှုခံရပြီးမှ ပျောက်ကင်းလေသည်။ အမှတ်မထင် မြူးတူးပျော်ပါး ကစားလိုသည့်စိတ်ပင် ဖြစ်လင့်ကစား သူတော်ကောင်းကို ပြစ်မှားမိက အကုသိုလ်အပြစ်မှ မလွတ်ကင်းပေ။ ထို့ကြောင့် သတိထားဖွယ် ဖြစ်သည်ကို အထူးသိရန် လိုအပ်လှပေသည်။ ဤ၀ဋ်တော်နှင့် ပတ်သက်၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ အမေးအဖြေ လင်္ကာမှာ-
ကျောက်လွှာထိပါး၊ မြတ်ဖျားထွတ်တင်၊
တည်နေ၀ပ်ကိန်း၊ သွေးစိမ်းအရှင်၊
ခြေမတော်ထဲ၊ ကိုက်ခဲနာကျင်၊
ဝိပါက်ရင်း၊ အလင်းပြစေချင်။
သူငယ်ဖြစ်ခိုက်၊ လမ်း၌ပျော်ရွှင်၊
ရှင်ပစ္စေက၊ ဝေးမှအမြင်၊
ခဲနှင့်ပစ်လိုက်၊ ထိခိုက်ခြေတွင်၊
သွေးယိုဆင်း၊ ရှေးရင်းဝိပါက်ပင်။
မောင်အဂ္ဂ
( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )
Tuesday, September 22, 2009
ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု
ရှေးအခါက ၀င်္ဂတိုင်းကို အစိုးရသော ၀င်္ဂရာဇ်မင်းသည် ကာလိင်္ဂမင်း၏ သမီးတော်ကို မိဖုရားတင်မြှောက်၏။ ထိုမိဖုရားမှ သမီးတော်တပါး ဖွားမြင်၏။ သမီးတော်လေး၏ ဇာတာ စန်းလဂ်တို့ကို နိမိတ်ဖတ်ပညာရှိများက တွက်ချက်ကြည့်ရာ ဤမင်းသမီးသည် ကေသရာဇာခြင်္သေ့မင်း၏ မြောက်သား ဖြစ်လိမ့်မည်-ဟု နိမိတ်ဖတ်ကြသည်။ ထို့ကြောင့် မင်းသမီးကို ကေသရီ-ဟု အမည်မှည့်ကြ၏။ ကေသရီသည် လွန်စွာလှပ ချောမောလှသော်လည်း ကာမဂုဏ်တို့၌ ခုံမင်မက်မောအားကြီး၏။ ခမည်းတော်၊ မယ်တော်တို့ ဆိုဆုံးမခြင်းကို နာခံခြင်း မရှိသောကြောင့် ပြည်မှ နှင်ထုတ်လိုက်၏။
မင်းသမီးလည်း ဆင်းရဲသူမ အသွင်ဖြင့် လှည်းကုန်သည်တို့နှင့် လိုက်သွားလေသည်။ လာဠတိုင်းဖြစ်သော တောအုပ်သို့ ရောက်သည့်အခါ ကျောက်ဂူ၌ နေသော ကေသရာဇာခြင်္သေ့မင်းသည် လှည်းအပေါင်းကို လိုက်လေသည်။ လှည်းသားများ ကြောက်ရွံ့၍ ထွက်ပြေးပုးန်းရှောင်ကြ၏။ မင်းသမီးမှာမူ နိမိတ်ဖတ်ပညာရှိတို့ စကားကို သိထားလေရာ ခြင်္သေ့မင်းရှိရာသို့ ပြေးသွားတော့၏။ ခြင်္သေ့မင်းလည်း မင်းသမီးကို မြင်တွေ့လေသော် တပ်မက်သောစိတ်ရှိသဖြင့် ခါးအမြီးတို့ကို လှုပ်လျက် နားနှစ်ဖက်ကို ချပြီးလျှင် စောင့်နေ၏။ မင်းသမီး၌ တပ်စွန်းခြင်းရှိသောကြောင့် မိမိကျောကုန်းထက်၌ တင်ပြီးလျှင် ကျောက်ဂူသို့ ခေါ်ဆောင်သွား၏။
မင်းသမီးသည် ခြင်္သေ့မင်းဖြင့် သားတယောက်၊ သမီးတယောက် အမြွှာမွေးဖွား၏။ သားကို သီဟဗာဟု နှင့် သမီးကို သီဟသီဝလိ-ဟု အမည်မှည့်၏။ သားနှင့်သမီးတို့ တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သော် မိခင်အား ၄င်းတို့သည် မိခင်နှင့်သာ အသွင်တူ၍ ဖခင်နှင့် မည်သို့သောကြောင့် အသွင်မတူသနည်းဟု မေး၏။ ထိုအခါ မိခင်က ယင်းသည် ခြင်္သေ့မင်းနှင့် ပေါင်းဖက်ရသည့်အကြောင်းကို ပြောပြလေသည်။ သားဖြစ်သူက မိခင်နှင့် နှမကိုခေါ်၍ မိမိအဘိုးရှိရာ ၀င်္ဂတိုင်းသို့ ထွက်ပြေး၏။ ၀င်္ဂတိုင်း၏ နယ်စွန်ဖြစ်သော ပစ္စန္တရာဇ်သို့ ရောက်လေရာ မင်းသမီးဦးရီးတော်၏ သားဖြစ်သူ အနုနမည်သော စစ်သူကြီးနှင့် တွေ့ဆုံကြလေသည်။ အနုနစစ်သူကြီးက အကျိုးအကြောင်းကို မေးမြန်းရာ ၀င်္ဂမင်း၏ သမီးတော်ဖြစ်ကြောင်း သိသွားသဖြင့် ၀င်္ဂမြို့သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေလေသည်။
ခြင်္သေ့မင်းလည်း အစာရှာရာမှ ပြန်လာသော် ဇနီးနှင့်သားသမီးတို့ကို မတွေ့သဖြင့် ပူပင်သောကရောက်ကာ လိုက်လံရှာဖွေရာ တိုင်းစွန်ပြည်နားသို့ပင် ရောက်ရှိခဲ့၏။ ခြင်္သေ့ဝင်သဖြင့် ရွာအများပျက်စီးကြရလေသည်။ ထို့ကြောင့် ပြည်သူအများက ၀င်္ဂမင်းကြီးအား ခြင်္သေ့ကို နှိမ်နင်းပေးပါရန် လျှောက်ထားကြသည်။ မင်းကြီးလည်း ဆင်ကုန်းထက်တွင် ဆုငွေထောင်ထုပ်ကို တင်လျက် ခြင်္သေ့ရန် နှိမ်နင်းနိုင်သူကို ရှာဖွေစေ၏။ သီဟဗာဟု သတို့သားလည်း ဤခြင်္သေ့သည် ငါတို့ကို မတွေ့သမျှ ရှာဖွေမည်သာ။ သို့ဖြစ်၍ ဤခြင်္သေ့ကို သတ်မှ ငြိမ်းအေးမည်-ဟု မယ်တော်ကို တိုင်ပင်၏။
မယ်တော်က နှစ်ကြိမ်တိုင်တိုင် တားမြစ်သည်။ သုံးကြိမ်မြောက်၌မူ မယ်တော်ကိုမပန်ကြားဘဲ အသပြာထောင်ထုပ်ကို ယူပြီးလျှင် ဓား၊ လှံ၊ လေးမြားတို့ကိုယူ၍ ခြင်္သေ့ရှိရာ ကျောက်ဂူသို့ သွားလေ၏။ ခြင်္သေ့မင်းလည်း အဝေးမှ လာနေသောသားကို မြင်ရသော် ချစ်ခြင်းမေတ္တာစိတ်ဖြင့် စောင့်လင့်ကာ နေတော့သည်။ မင်းသားလည်း မြားရောက်နိုင်သည့် နေရာမှရပ်၍ မြားဖြင့်ပစ်လွှတ်၏။ သားအား ချစ်ခြင်းမေတ္တာအဟုန်ကြောင့် မြားသည် ခြင်္သေ့မင်း၏ နဖူးကို ထိမှန်သော်လည်း စူရှခြင်းမရှိဘဲ ပြန်လည်၍ မင်းသား၏ခြေရင်း၌ ကျ၏။ ဤသို့ သုံးကြိမ်မြောက် ပစ်ပါသော်လည်း ရှေးနည်းတူပင် ပြန်လည်၍ မင်းသား၏ခြေရင်း၌ကျ၏။ ပစ်ဖန်များသော် ခြင်္သေ့မင်းလည်း အမျက်ထွက်လာသဖြင့် လိုက်၍ နှိပ်စက်ခြင်းငှါ ကိုယ်ကို လှုပ်ရှား၏။ ထိုအခါမှ ပစ်လွတ်သောမြားသည် နဖူးမှဝင်၍ ရင်သားကို ထွင်းဖောက်ကာ ကျောကုန်းမှ ထွက်ပြီးလျှင် မြေသို့ဝင်လေ၏။ ခြင်္သေ့မင်းလည်း သေဆုံးလေရာ မင်းသားသည် ခြင်္သေ့ဦးခေါင်းကို ဖြတ်၍ မင်းအား ဆက်သရန် ယူဆောင်လာခဲ့သည်။
ဝင်္ဂမင်းကြီးသည် ခြင်္သေ့ရန်ကို နှိမ်နင်းရန် သီဟဗာဟုအား စေလွှတ်ပြီးနောက် ကိုယ်တွင်းရောဂါဖြင့် ကံတော်ကုန်လေသည်။ အလောင်းကို သင်္ဂြိုဟ်ပြီး ခုနစ်ရက်မြောက်နေ့တွင် မင်းသားပြန်ရောက်လာခဲ့၏။ သီဟဗာဟုသည် ၀င်္ဂမင်း၏ မြေးတော် အရင်းလည်း ဖြစ်သဖြင့်လည်းကောင်း၊ ခြင်္သေ့ရန်ကို နှိမ်နင်းအောင်နိုင်ခဲ့သဖြင့်လည်းကောင်း၊ မှူးမတ်အပေါင်းတို့က ထီးနန်းကို အပ်နှင်းကြလေသည်။ သီဟဗာဟုလည်း မယ်တော်နှင့် ခင်ပွန်းအနုရက္ခ စစ်သူကြီးတို့အား ထီးနန်းကို အပ်နှင်းကာ မင်းပြုစေ၏။ မိမိမူကား နှမတော် သီဝလိကို မိဖုရားပြုကာ လိုက်လိုသူများကို ခေါ်ဆောင်လျက် မိမိအား မွေးဖွားရာ လာဠတောအုပ်ကို ရှင်းလင်းသုတ်သင်ပြီးလျှင် ခြင်္သေ့ဂူကို အဦးထား၍ မြို့တည်နေလေသည်။ ထိုမြို့ကို သီဟပုရမြို့-ဟု အမည်သမုတ်၏။
သီဟဗာဟုမင်းသည် မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိကာ ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်လေသည်။ ထိုအခါမှစ၍ ဘုရားစေတီပုထိုးတို့၏ မုခ်ဝတွင်လည်းကောင်း၊ ပစ္စယံ ၀န်းကျင်တွင်လည်းကောင်း၊ ခြင်္သေ့ရုပ်တုတို့ကို တွေ့မြင်နိုင်ပါသည်။ အသောကမင်းကြီး၏ စိုက်ထူသော ဆန်ချီနှင့်ဘာရု (Sanchi and Bharut) တွင်ရှိသည့် တိုင်ထိပ်၌ ခြင်္သေ့သုံးစီ၏ ရုပ်တုကို တွေ့မြင်ရပါသည်။
အထက်ပါ ပုံဝတ္ထုအရ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့ရသည်ဟု ယူဆမိပါသည်။
( တက္ကသိုလ်-ခေမာ။ ကျိုက်လတ် )
( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်န၀ါရီလ )
နိယာမစကားကြီး ငါးခွန်း
၁။ ဗီဇနိယာမ စကားကြီး
၂။ ဥတုနိယာမ စကားကြီး
၃။ ကမ္မနိယာမ စကားကြီး
၎။ ဓမ္မနိယာမ စကားကြီး
၅။ စိတ္တနိယာမ စကားကြီး ဤငါးပါးတို့တည်း။ ထိုငါးပါးတို့ကို အဋ္ဌသာလိနီ ခေါ် အဘိဓမ္မာအဋ္ဌကထာကြီးမှာ လာရှိသည့်အတိုင်း ရှေးဦးစွာ ပြဆိုပေအံ့။
၁။ ဗီဇနိယာမ-ဆိုသည်ကား တစုံတယောက်သော ပုဂ္ဂိုလ်သတ္တ၀ါ ဖြစ်သူ၊ မပြုမပြင်ပါဘဲလျက် ပြုပြင်ဘိသကဲ့သို့ မြက်သစ်ပင်တို့၌ မျိုးစေ့၏ တန်ခိုးဖြင့် မဖောက်မပြန်ဘဲ အစဉ်မြဲသော အမူအရာထူးများကို ဆိုသည်။
ကုလားပဲချုံတို့မှာ မြောက်အရပ်သို့ အညွန့်အဖျား မူခြင်း၊ ဒက္ခိဏနွယ်အမျိုးတို့မှာ သစ်ပင်ကို တောင်အရပ်မှ နွယ်ခြင်း၊ နေကြာပန်းတို့မှာ နေရှိရာသို့ မျက်နှာမူခြင်း၊ မာလောနွယ်မှာ သစ်ပင်ရှိရာသို့ ရှေးရှုခြင်း၊ အုန်းသီးတို့မှာ ထိပ်၌ အပေါက်ရောက်ခြင်း၊ ထိုထိုမျိုးစေ့တို့မှ ဖြစ်သော အပင်၏ အသီးတို့သည် မျိုးစေ့နှင့်တူစွာ သီးကြခြင်း စသည်တို့သည် ဗီဇနိယာမ တန်ခိုးတို့ပေတည်း။
၂။ ဥတုနိယာမ-ဆိုသည်ကား ရှေးနည်းအတူ စီရင်သူမရှိဘဲ ဥတု၏အစွမ်းဖြင့် မြက်သစ်ပင်တို့၌ အစဉ်မြဲသော အမူအရာထူးမျိုးကို ဆိုသည်။ တန်ခူးလ၊ ကဆုန်လ အစရှိသော ထိုထိုကာလ သမယတို့၌ သူ့အခါကာလနှင့် သူ့သစ်ပင်မျိုး ပွင့်မှု၊ သီးမှု စသည် မြဲခြင်းတည်း။
၃။ ကမ္မနိယာမ-ဆိုသည်ကား သတ္တ၀ါတို့မှာ ရှေး၌ ပြုခဲ့သော ကံအမှုနှင့်တူစွာ အကျိုးပေးမှု မြဲခြင်းပေတည်း။
မြတ်စွာဘုရား လက်ထက်တော်၌ သာဝတ္ထိမြို့တော်မှာ မြို့တံခါးရွာ ရှိ၏။ထိုရွာကို မီးလောင်ရာ မီးနှင့်တကွ ကောင်းကင်သို့ ပျံတက်လေသော မြက်ကရွတ်ခွေတခုသည် ကောင်းကင်ဖြင့် ပျံလာသောကျီးသတ္တ၀ါ၏ လည်ပင်းမှာ စွပ်မိလေ၏။ ကျီးသည် မြေသို့ကျ၍ သေလေ၏။
မဟာသမုဒ္ဒရာ၌ သင်္ဘောကြီးတစင်းသည် ရွက်တိုက် စက်ခုတ်၍ မသွားဘဲ ရပ်တန့်လျက် နေလေ၏။ ငါတို့သင်္ဘောမှာ သူယုတ်မာ ပါပြီ-ဟု စာရေးတန်ချရာ သင်္ဘောသူကြီး၏ မယား လက်၌သာ သုံးခါတိုင်တိုင် ကျလေ၏။ သင်္ဘောသူကြီးသည် သူ့တယောက်အတွက်နှင့် အများသူတို့ မပျက်စီးကောင်းပေဟု သဲအိုးကို လည်မှာဖွဲ့ချည်၍ သမုဒ္ဒရာရေထဲသို့ ပစ်ချစေ၏။ ထိုခဏခြင်းပင်လျှင် သင်္ဘောသည် လေးမှလွှတ်သော မြားကဲ့သို့ တဟုန်တည်း ပြေးသွားလေ၏။
ရဟန်းတော်တပါးသည် တောင်ခြေရင်းရှိ လိုဏ်တခုမှာ နေလေရာ အထက်၌ရှိသော တောင်ထွတ်တခုသည် ပြိုကျ၍ လိုဏ်ပေါက်ဝကို ပိတ်လျက် တည်လေ၏။ ခုနစ်ရက်တိုင်မှ အလိုလိုလိမ့်၍ ပွင့်လေ၏။ ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသည် တရားဟော၍ နေစဉ်အခါ ထိုဝတ္ထုသုံးခုတို့သည် တပြိုင်နက် ဆိုက်ရောက်လာကြလေကုန်၏။
အကြောင်းရင်းကို သိခြင်းငှါ မြတ်စွာဘုရားအား လျှောက်ထားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုသူသုံးဦးတို့၏ ရှေးအကြောင်းတရားကို ဟောကြားတော်မူ၏။ ထိုသုံးဦးတို့တွင် ကျီးသည် ရှေးဘ၀၌ လူဖြစ်စဉ်အခါ တခုသော နွားကြမ်းကို မဆုံးမ,နိုင် ရှိသည်နှင့် နွား၏ လည်မှာ ကောက်ရိုးစည်းကို ဖွဲ့ချည်လျက် မီးတိုက်၍ လွှတ်လိုက်၏။ နွား သေလေ၏။ ထိုသူသည် သေလွန်၍ နောက်ဘ၀၌ ထိုကျီးသတ္တ၀ါ ဖြစ်လေရာ ထိုကံဟောင်းကြောင့် ကောင်းကင်မှာ ပျံသွားစဉ်အခါ လည်မှာ မီးကွင်းစွပ်မိ၍ သေဆုံးရလေ၏။
လှေသူကြီးမယားသည် ရှေးဘ၀၌ ခွေးတကောင်ကို အမျက်ထွက်၍ ခွေး၏လည်ပင်းမှာ သဲအိုးဆွဲ၍ ရေထဲ၌ နှစ်သတ်လေ၏။ နောက်ဘ၀မှာ သင်္ဘောသူကြီးကတော် ဖြစ်လာရာ ထိုကံဟောင်းကြောင့် သင်္ဘောမသွားနိုင် ရှိနေရာ သမုဒ္ဒရာရေထဲ၌ သဲအိုးဆွဲ၍ ပစ်ချ သေဆုံးရလေ၏။
ထိုရဟန်းသည် ရှေးဘ၀၌ နွားကျောင်းသား ဖြစ်စဉ်အခါ ဖွတ်သတ္တ၀ါတကောင်သည် တွင်းသို့ဝင်သည်ကို ထိုနွားကျောင်းသားမြင်၍ သစ်ရွက်တို့ဖြင့် ထိုတွင်းကို ပိတ်ဆို့၍ သွားလေ၏။ ခုနစ်ရက်တိုင်မှ ထိုအရပ်သို့ ရောက်ပြန်၍ ထိုတွင်းကို ဖွင့်၍ကြည့်လေရာ အစာငတ်မွတ်သဖြင့် အားနည်းလှလျက် ထွက်၍လာသော ထိုဖွတ်ကို မြင်လျှင် သနားခြင်းရှိပြန်၍ ချမ်းသာစွာ လွှတ်လိုက်၏။
ထိုကံဟောင်းကြောင့် နောက်ဘ၀၌ ခုနစ်ရက်တိုင်တိုင် လိုဏ်ပိတ်ခြင်းဒုက္ခကို တွေ့ကြုံခံစားရလေ၏။
ဤ၀တ္ထုသုံးခုကိုပေါင်း၍ မြတ်စွာဘုရားသည် ဤဂါထာကို ဟောတော်မူ၏။
န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ ၊ န ပဗ္ဗတာနံ ၀ိဝရံ ပ၀ိဿ ။
န ပဗ္ဗဇိတေ သော ဇဂတိပ္ပဒေသော ၊ ယတ္ထ ဌိတော မုဉ္စေယျ ပါပကမ္မာ ။
( အနက်)
အန္တလိက္ခေ-ကောင်းကင်၌၊ ဌိတော-တည်သောသူသည်၊ ပါပကမ္မာ-မိမိပြုခဲ့သော မကောင်းမှု အကျိုးမှ။ မ မုစ္စတိ-မလွတ်ရ။
သမုဒ္ဒမဇ္ဈေ-သမုဒ္ဒရာအလယ်၌၊ ဌိတော-တည်သောသူသည်လည်း၊ ပါပကမ္မာ-မိမိပြုခဲ့သော မကောင်းမှု အကျိုးမှ၊ န မုစ္စတိ- မလွတ်ရ။
ပဗ္ဗတာနံ-တောင်တို့၏၊ ၀ိဝရံ-အပေါက်တွင်းသို့၊ ပ၀ိဿ-၀င်၍၊ ဌိတော-တည်သောသူသည်လည်း၊ ပါပကမ္မာ-မိမိပြုခဲ့သော မကောင်းမှုအကျိုးမှ၊ န မုစ္စတိ-မလွတ်ရ။
ယတ္ထ-အကြင်လောက အရပ်ဒေသ၌၊ ဌိတော-တည်သောသူသည်၊ ပါပကမ္မာ-မိမိပြုခဲ့သော မကောင်းမှုအကျိုးမှ၊ မုဉ္စေယျ-လွတ်နိုင်ရာ၏။ သော ဇဂဒိပ္ပဒေသော-ထိုကဲ့သို့သော သြကာသလောက ရပ်ဒေသသည်။ န ၀ိဇ္ဇတေ-မရှိသည်သာတည်း။
၎။ ဓမ္မနိယာမ-ဆိုသည်ကား ပစ္ဆိမဘ၀ိက ဘုရားအလောင်းတော်တို့၏ ပဋိသန္ဓေယူသောအခါ၊ ဘုရားဖြစ်တော်မူသောအခါ၊ ဓမ္မစကြာဒေသနာကို ဟောတော်မူသောအခါ၊ အာယုသင်္ခါရကို လွှတ်တော်မူသောအခါ၊ ပရိနိဗ္ဗာန် စံတော်မူသောအခါတို့၌ အလွန်ကြီးကျယ်စွာသော ပုညဓမ္မသမ္ဘာရတို့၏ တန်ခိုးကြောင့် လောကဓာတ်တသောင်းတို့၏ တပြိုင်နက်အားဖြင့် လှုပ်ရှားခြင်းမြဲမှုကို ဓမ္မနိယာမ ဆိုသည်။
၅။ စိတ္တနိယာမ-ဆိုသည်ကား အဆင်း၊ အသံ၊ အစရှိသော အာရုံတို့သည် မျက်စိ၊ နား အစရှိသော ပသာဒတို့၌ ထိခိုက်ကြကုန်သည်ရှိသော် စီမံဖန်ဆင်းသူ မရှိကြပါကုန်ဘဲလျက် ပဉ္စဒွါရ၀ဇ္ဇန်း၊ ပဉ္စ၀ိဉာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ အစရှိကုန်သော ၀ီထိစိတ်တို့၏ အစဉ်အတိုင်း သူ့ကိစ္စနှင့်သူ ဖြစ်ခြင်းမြဲကြသည်ကို ဆိုသတည်း။ ဤကား အဋ္ဌသာလိနီ အဋ္ဌကထာကြီး၌ သိသာရုံ မှတ်သားရုံမျှ ဖော်ပြလာရှိသော နိယာမ-တရား ငါးပါး အကျယ်တည်း။ ( နိယာမဒီပနီကျမ်းမှ)
လယ်တီဆရာတော်
( မြတ်မင်္ဂလာ ၁၉၉၉-ခု စက်တင်ဘာလ )
အဘိဓမ္မာ နှင့် ၀ိပဿနာ
အလွန့်အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲဆန်းကျယ်သော၊ သတ္တအတ္တမဟုတ်သော၊ ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော၊ သိအပ်သော ထို အဘိဓမ္မာကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ လွန်ကဲခက်ခဲသော ဓမ္မ-ကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧက၀ါရ နာကြားနိုင်မှ တတ်သိနားလည်နိုင်မည် ဖြစ်သည်။
လူတို့ဌာနေမှာ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက် ဟန့်တားလေ့ရှိသည်။ အလုပ်တခု၌ စိတ်ကူး စူးစိုက်နေခိုက် ကိုယ်ခန္ဓာ ပင်ပန်းခြင်း၊ အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက် နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိ ပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်း ပြတ်တောင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာ-သည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။
နတ်တို့ ဌာနေမှာကား အချိန် ကွာခြားချက်ကလည်း ဝေးလွန်းလှသည်၊ လူ့ပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တရက် ဖြစ်သည်။ ထို့ကြောင့် စားချိန်၊ အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း၊ ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ ၁၅-မိနစ် (သူတို့အချိန်ဖြင့်) ခန့်မျှသာရှိမည့် ထိုအဘိဓမ္မာ တရားပွဲကို တဆက်တည်း၊ တထိုင်တည်း၊ တစိတ်တည်း၊ တ၀ီထိတည်း နာကြားခဲ့ကြရလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက်ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာ သာလျှင် ရက်ပေါင်း ကိုးဆယ်၊ အကြိမ် ကိုးဆယ်၊ ပြန်လည် ဟောတော်မူခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာ ဖြစ်၍သာ ထိုအဘိဓမ္မာကို ရက်ခြား၍ နာကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။
အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ် နာကြားခဲ့ရသော အဘိဓမ္မာကို သူ၏ တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ အဘိဓမ္မာကို အရှင်သာရိပုတ္တရာအထံမှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓ တာဝတိံသာသို့ တက်ကြွသောနေ့ကမှ အရှင်သာရိပုတ္တရာထံ၌ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသောအမျိုးကောင်းသား ၅၀၀-တို့သည် ထိုနေ့ (၀ါဆိုလပြည့်နေ့) မှာပင် ရဟန်းပြုကြ၊ ထိုနောင် တနေ့မှာပင် အဘိဓမ္မာကို နာကြားကြရလေသည်။ ထိုအဘိဓမ္မာ-တရားသည်ပင် ထိုရဟန်းတို့အတွက် ၀ိပဿနာ ဖြစ်ရပေမည်။ အဘယ့်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း ၅၀၀-တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါ (မြတ်ဗုဒ္ဓ ခုနစ်ဝါမြောက်) ကျွတ်မှာပင် ထိုရဟန်းများ အဘိဓမ္မာ ၇-ကျမ်း ဆောင်တို့ (အာဘိဓမ္မိက၊ သတ္တပကရဏိက) ဖြစ်ခဲ့ကြလေသည်။ မြတ်ဗုဒ္ဓသည် ဓမ္မ-အားလုံးတို့ကို ရှေးဦးစွာ စုပေါင်းသိမ်းကျုံး၍ ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဖန်၍ ပြသည်။ တဖန် ဓာတ်ခွဲ၍ ပြသည်။ သိမ်းကျုံး၍ ခွဲခြမ်း ဝေဖန်ထားသော ထိုဓမ္မအသေးစိတ်ကို ပုဂ္ဂိုလ်နှင့် ယှဉ်စပ်သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန် ဆန်းစစ်တော်မူပြန်သည်။ ထို့နောင် အစုံစုံ ပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ ၇-ကျမ်း၌ စိတ် စေတသိက် ရုပ်တို့စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုးဆက်ခြင်း ဟူသော ခုနစ်ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ၀ိပဿနာနည်းစနစ်များ ဖြစ်ကြကုန်၏။ ထို့ကြောင့် အဘိဓမ္မာ ၀ိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသောနေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်းငါးရာတို့သည် အဘိဓမ္မာပြီးဆုံးသောနေ့မှာပင် သူတို့ဝိပဿနာလုပ်ငန်း ပြီးဆုံးသောနေ့ပင် ဖြစ်ရလေသည်။
ဝိပဿနာဟူသည် အထူးထူးသောနည်းတို့ဖြင့် ရုပ်နာမ်တို့၏ ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊ အနတ္တ၊ ပရမတ္ထတို့ကို ရှု၍၊ စူးစမ်း၍၊ ထွင်းဖောက်၍ သစ္စာနှင့် သန္တိကို ရှာဖွေသောစနစ် နည်းပညာတခုပင် ဖြစ်သည်။ ရုပ်၏ သဘာဝ ရုပ်နှင့်ရုပ်ချင်း အပြန်အလှန် ကြောင်းကျိုးဆက်ကျေးဇူးပြုပုံ၊ နာမ်၏ သဘာဝ နာမ်နှင့်နာမ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာာဏ်ဖြစ်စဉ်ဆယ်မျိုးမှာ ပြထားသည့်အတိုင်း၊ သန့်စင်ပုံ ခုနစ်မျိုး တိုးတက်ပုံများမှာ ပြထားသည့်အတိုင်း အတွင်းကိုယ်နှိုက် စူးစိုက်၍ အရှိကိုရှာဖွေသောနည်းသည် ၀ိပဿနာပင်ဖြစ်ရာ ၀ိပဿနာနှင့် အဘိဓမ္မာ တသားတည်း ဖြစ်လေသည်။
ဝိပဿနာရှုခြင်းသည် အဘိဓမ္မာကိုပင် ရှုသည်ဖြစ်သောကြောင့် ၀ိပဿနာ နှင့် အဘိဓမ္မာ ခွဲ၍မရ ဖြစ်သည်။ အဘိဓမ္မာတတ်မှ ၀ိပဿနာ ရှုရမည်ဟု ဆိုလိုသည် မဟုတ်သော်လည်း ၀ိပဿနာရှုနေခြင်းသည် အဘိဓမ္မာသင်ကြားနေခြင်း တမျိုးလည်း ဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်တို့သည် တလံမျှသော ကိုယ်၌ အစဉ်အမြဲရှိ၍နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထိုစိတ် စေတသိက် ရုပ်တို့၏ သဘာဝကို စူစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍ မရနိုင်သော လုပ်ငန်းများ ဖြစ်ကြသည်။
အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ၀ိပဿနာမဖြစ်သောကြောင့် အဘိဓမ္မာနှင့်ဝိပဿနာ ခွဲ၍မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ တဏှာ ကံသာအကြောင်းရင်းရှိကြောင်း၊ ကံ စိတ် ဥတု အာဟာရ-သာ အထောက်အပံ့ရှိကြောင်း၊ ကောင်းစွာ ဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယ ပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိဖြစ်ကြောင်း ကောင်းမြတ်သော အကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့ကို ကောင်းစွာထောက်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ၀ိပဿနာယောဂီတို့ လူ့ဘ၀ကိုလေ့လာသည့် နည်းပညာဖြစ်သည့် အဘိဓမ္မာ-ကို လက်မလွတ်သင့်ကြောင်း ကောင်းစွာတင်ပြအပ်ပါသတည်း။
သီတဂူ ဆရာတော်
( မြတ်မင်္ဂလာ ၁၉၉၉-ခု စက်တင်ဘာလ )
Monday, September 21, 2009
ဥစ္စာ ကံစောင့်
ဤ ဥစ္စာ ကံစောင့်-ဟူသော စကားပုံသည် အသက် ဉာဏ်စောင့်-ဟူသော စကားပုံနှင့် တွဲဖက်သည်။ အသက်ဉာဏ်စောင့် စကားအကြောင်းကို ရှေ့က တင်ပြခဲ့ပြီးဖြစ်သည်။ အသက်ရှည်ရှည် နေနိုင်ရန် ဉာဏ်ဖြင့် စောင့်ရှောက်ပြုပြင်ပေးရသကဲ့သို့ ဥစ္စာပစ္စည်း မဆုတ်ယုတ်ရန် (၀ါ) တိုးတက်ရန် ကံတရားက စောင့်ရှောက်ပေးသည်ဟု အကျဉ်းချုပ် အဓိပ္ပါယ် ရပါသည်။
( ဥစ္စာ ဆိုသည်မှာ )
ဥစ္စာ ကံစောင့်-စကားပုံ၌ ဥစ္စာဆိုသည်မှာ လူသားတို့ စားရေး၊ ၀တ်ရေး၊ နေထိုင်ရေးတို့၌ အသုံးပြုကြရသည့် ပစ္စည်းများဖြစ်သည်။ ထိုပစ္စည်းများကို ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ ပတ္တမြား-စသော အတွင်းအသုံးအဆောင် ပစ္စည်းဥစ္စာများ (ဥပဘောဂ) နှင့် အိုးခွက်၊ ပန်းကန်၊ စားပွဲ၊ ကုလားထိုင်၊ ခုတင်-စသော ပြင်ပ အသုံးအဆောင်ပစ္စည်း (ပရိဘောဂ) များဟူ၍ နှစ်မျိုးပြဆိုထားသည်ကို ကျမ်းဂန်များ၌ တွေ့ရသည်။
သုတ်ပါထေယျ ပါဠိတော်၊ ဒသုတ္တရသုတ်၌ သတ္တ၀ါတို့အား လွန်စွာအကျိုးများသည့် (အရိယဓနင်္ဂ) သူတော်ကောင်း ဥစ္စာ ၇-ပါးမှာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပ-ဆိုသည့် တရားခုနစ်မျိုး ဖြစ်ပါသည်။
ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌ ပါဠိတော်၊ နိဓိကဏ္ဍသုတ်၌မူ သာဝတ္ထိပြည်သား သူဌေးကြီးတဦးကို အကြောင်းပြုပြီး-
၁။ ထာဝရဥစ္စာ
၂။ ဇင်္ဂမဥစ္စာ။
၃။ အင်္ဂသမဥစ္စာ
၎။ အနုဂါမိကဥစ္စာ-ဟူသော ဥစ္စာလေးမျိုးရှိကြောင်း မြတ်စွာဘုရား ဟောကြားထားပါသည်။
ထိုတွင် ထာဝရဥစ္စာဆိုသည်မှာ ထားသည့်နေရာမှာပဲ မရွေ့မရှား တည်နေတတ်သည့် လယ်ယာ မိုးမြေ၊ တိုက်တာနေအိမ်၊ ရွှေငွေများနှင့် အိမ်ထောင်ပရိဘောဂ အသုံးအဆောင်စသော သက်မဲ့အသုံးအဆောင် ၀တ္ထုပစ္စည်းများ ဖြစ်ကြသည်။ (ထာဝရ-ထားသည့်နေရာတွင် မရွေ့မရှား အမြဲတည်နေသော ဥစ္စာ)။
ရွေ့လျားသွားလာတတ်သည့် ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ အခိုင်းအစေ-ယောက်ျား၊ အခိုင်းအစေ-မိန်းမ စသော သက်ရှိဥစ္စာပစ္စည်းများကိုမူ ဇင်္ဂမဥစ္စာ-ဟု ခေါ်သည်။ (ဇင်္ဂမ-လှုပ်ရှားသွားလာတတ်သော ဥစ္စာ)။
အင်္ဂသမဥစ္စာကား-မိမိ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများနှင့်တူသော ဥစ္စာမျိုး ဖြစ်သည်။ မိမိ၏ ဦးခေါင်း ခြေ လက်-စသော အင်္ဂါများသည် မိမိ အရှေ့သွားလျှင် အရှေ့ပါ၊ အနောက်သွားလျှင် အနောက်ပါ၊ တောင်သွားလျှင် တောင်ပါ၊ မြောက်သွားလျှင် မြောက်ပါသကဲ့သို့ မိမိတတ်သိထားသော နှုတ်မှုပညာ၊ လက်မှုပညာ၊ စက်မှုပညာ-စသော ပညာရပ်များသည်လည်း မိမိသွားရာ အရှေ့၊ အနောက်၊ တောင်၊ မြောက်-တို့သို့ ထက်ကြပ်မကွာ လိုက်ပါတတ်သည့်အတွက် ထိုအတတ်ပညာ အရပ်ရပ်တို့ကို အင်္ဂသမဥစ္စာ-ဟုခေါ်သည်။ (အင်္ဂသမ-ဦးခေါင်း၊ ခြေ၊ လက်၊ စသည့် ကိုယ်အင်္ဂါများနှင့် တူသည့် ဥစ္စာ)။
ဖော်ပြခဲ့ပြီးသော ရွှေ-ငွေ စသော သက်မဲ့ထာဝရဥစ္စာများ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စသော သက်ရှိ ဇင်္ဂမဥစ္စာများနှင့် မိမိတို့ တတ်သိထားကြသည့် အတတ်ပညာ အရပ်ရပ်ဟူသော အင်္ဂသမဥစ္စာတို့သည် အလွန်ဆုံး မိမိတို့ သေဆုံးခါနီးအချိန်အထိသာ မိမိတို့နှင့် အတူရှိနိုင်ကြသည်။ မိမိတို့ သေဆုံးသွားကြသည့်အခါ၌မူ ဤဥစ္စာပစ္စည်း အားလုံးကို စွန့်ပစ်ထားခဲ့ကြရသည်။ အမှန်အားဖြင့် ကုသိုလ်ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တ၀ါတို့၏ မှီခိုအားထားရာ၊ တည်ရာ၊ မှီရာတို့ ဖြစ်ကြကုန်၏။ (ပုညာနိ ပရလောကသ္မိံ ပတိဋ္ဌာ ဟောန္တိ ပါဏီနံ) ဟူသော ဘုရားဟော ဒေသနာတော်နှင့်အညီ မိမိတို့ ပြုလုပ်ခဲ့ကြသည့် ဒါနကုသိုလ်ကောင်းမှု၊ သီလကုသိုလ်ကောင်းမှု၊ သမာဓိကုသိုလ်ကောင်းမှု၊ ပညာကုသိုလ်ကောင်းမှု ဆိုသော ကောင်းမှုလေးမျိုးတို့သာ တမလွန်လောကသို့ လိုက်ပါတတ်ကြသည်။
ထိုကောင်းမှုတို့သည် တဘ၀သာ လိုက်ပါနိုင်ကြသည် မဟုတ်။ တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ-ဟူသော ဘုရားဟောအတိုင်း အနာဂတ် သံသရာတလျှောက် နိဗ္ဗာန်ရောက်သည်အထိ မိမိနောက်က အရိပ်ပမာ တကောက်ကောက် လိုက်ပါနိုင်ကြသည်။ ထို့ကြောင့် ထိုဒါန-စသော ကောင်းမှုလေးမျိုးတို့ကို အနုဂါမိကဥစ္စာ-ဟု ခေါ်ပါသည်။ (အနုဂါမိက-သံသရာတလျှောက် မိမိနောက်သို့ တကောက်ကောက် လိုက်ပါနေသော ဥစ္စာ)။
ဤဥစ္စာ အမျိုးမျိုးတို့တွင် သူတော်ကောင်း ဥစ္စာ ၇-မျိုးနှင့် အနုဂါမိကဥစ္စာတို့ကို ချန်ထား၍ ရွှေ၊ ငွေ၊ စသော ထာဝရဥစ္စာ၊ ကျွဲ နွား-စသောာ ဇင်္ဂမဥစ္စာ၊ အတတ်ပညာဟူသော အင်္ဂသမဥစ္စာ တို့ကိုသာ ဥစ္စာ ကံစောင့်-စကားပုံ၌ ဥစ္စာအရ ယူရမည် ဖြစ်ပါသည်။
( ကံဆိုသည်မှာ )
ကံစောင့်ဆိုသောစကား၌ ကံ-မှာ ကုသိုလ်ကံ အကုသိုလ်ကံ-ဟု နှစ်မျိုးရှိသော်လည်း ဤနေရာ၌ ဥစ္စာပစ္စည်းကို စောင့်ရှောက်သည်ဟုဆိုသောကြောင့် ကုသိုလ်ကံကိုသာ ယူရပါမည်။ ထိုကုသိုလ်ကံမှာလည်း လွန်လေးပြီးသော ဘ၀များစွာက ဆည်းပူးပြုလုပ်ခဲ့သည့် အတိတ်ကုသိုလ်ကံများနှင့် ယခုဘ၀၌ ပြုလုပ်သော ပစ္စုပ္ပန် ကုသိုလ်ကံများဟူ၍ နှစ်မျိုးရှိပြန်ရာ ဤနှစ်မျိုးစလုံးကိုပင် ယူရပါမည်။
မှန်ပါသည်။ အချို့ပုဂ္ဂိုလ်များမှာ အတိတ်ကုသိုလ်ကံ အလွန်ကြီးမားကြသူများ ဖြစ်ကြသည်။ ပစ္စုပ္ပန် ကုသိုလ်ကံ၏ ထောက်ပံ့ကူညီမှု (ဥပထမ္ဘကသတ္တိ) မလိုဘဲ အတိတ်ကုသိုလ်ကံချည်း သက်သက်ဖြင့်ပင် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာကြသည်။ အချို့မှာ ယခု လက်ရှိဘ၀တွင် ပြုလုပ်သည့် ပစ္စုပ္ပန်ကုသိုလ်ကံ၏ အကူအညီ အထောက်အပံ့ကိုရမှ ပစ္စည်းဥစ္စာများ ဖြစ်ပွား တိုးတက်ကြသည်။ မဟာဒုက်၊ ကာက၀ဠိယနှင့် ပုဏ္ဏဆင်းရဲသား ဇနီးမောင်နှံတို့ ကဲ့သို့ လက်ရှိဘ၀၌ပင် ချက်ချင်းအကျိုးပေးနိုင်စွမ်းသော ပစ္စုပ္ပန် (ဒိဋ္ဌဓမ္မ ဝေဒနီယ) ကံဖြင့်လည်း တခဏချင်း ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသွားသူများလည်း ရှိကြပါသည်။
ဤသို့ အတိတ်ကုသိုလ်ကံ၊ ပစ္စုပ္ပန်ကုသိုလ်ကံနှစ်မျိုးလုံးပင် ဥစ္စာပစ္စည်းများကို စောင့်ရှောက်နိုင်သောကြောင့် ဤနေရာ၌ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးကို ယူရခြင်း ဖြစ်ပါသည်။ အတိတ်ကံ ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးကို ယူရမည်ဆိုသော်လည်း ထိုကံများမှာ ဒါနကုသိုလ်ကံ သီလကုသိုလ်ကံ ဘာဝနာကုသိုလ်ကံ-ဟူ၍ အမျိုးမျိုးရှိရာ အလှူဒါနက ပေးလှူပါလျှင် ဖြစ်လေရာရာ အရပ်ဒေသ အမျိုးအနွယ်တို့၌ ကြွယ်ဝချမ်းသာခြင်း၊ များသော ဥစ္စာပစ္စည်း ရှိခြင်း၊ များသောစည်းစိမ်ရှိခြင်း အကျိုးရှိ၏။ ( ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ၀ိပါကော ဟောတိ၊ အဍ္ဎော စ ဟောတိ မဟဒ္ဓနော၊ မဟာဘောဂေါ )-ဟု အင်္ဂုတ္တိုရ် ပါဠိတော် သပ္ပုရိသဒါနသုတ်၌ ဘုရားရှင်ဟောတော်မူထားချက်အရ ဥစ္စာပစ္စည်း တည်တံ့ပြန့်ပွားရေးတွင် အခြားသော ကုသိုလ်ကံများထက် ဒါနကုသိုလ်ကံက ပို၍ ပဓာနကျသဖြင့် ကံစောင့်-ဟူသော စကား၌ ကံဆိုသည်မှာ များသောအားဖြင့် အတိတ်၊ ပစ္စုပ္ပန်-ဒါနကုသိုလ်ကံများ-ပင် ဖြစ်ပါသည်။
( ဥစ္စာကံစောင့် )
ကံကြောင့် လောကကြီးပေါ်လာရ၏။ ကံကြောင့် သတ္တ၀ါများ ဖြစ်ပေါ်လာရ၏။ ကမ္မုနာ ၀တ္တတေ လောကော၊ ကမ္မုနာ ၀တ္တတေ ပဇာ-ဟူသော ဒေသနာတော်နှင့်အညီ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက ဟူသော လောကကြီးသုံးပါးတို့မှာ ကံကြောင့်သာ ဖြစ်ပေါ်လာကြရသောကြောင့် ကံ၏အကြောင်းကား အလွန်ကျယ်ဝန်းလှပါသည်။ ကျယ်ဝန်းသလောက် အကျိုးပေးလည်း ဆန်းကြယ်လှသည်။ ဆန်းကြယ်သည့်အရာတွင် ဘုရားရှင်မှတပါး အခြားသူတို့ မကြံစည်နိုင်၊ မသိနိုင်သည့်အတွက် ကမ္မ၀ိပါကော အစိန္တိယော-ဟု ဘုရားဟောတော်မူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌ ကံအမျိုးမျိုးရှိရာတွင် ဥစ္စာပစ္စည်းနှင့် ပတ်သက်သည့် ကံအကြောင်းကိုသာ တင်ပြပါမည်။
ဖော်ပြခဲ့ပြီးသော ဘုရားဟော ဒေသနာတော်များအရ လောကလူသားများမှာ ရှိကြသော ထာဝရဥစ္စာ၊ ဇင်္ဂမဥစ္စာ၊ အင်္ဂသမဥစ္စာ ဟူသော အတွင်းအပ အသုံးအဆောင်ပစ္စည်းများမှာ အတိတ် ပစ္စုပ္ပန် ဒါန ကုသိုလ်ကံများကြောင့် ဖြစ်ပေါ်လာရကြောင်းမှာ ထင်ရှားသိသာပါသည်။ ထို့အတူ လက်ရှိဥစ္စာပစ္စည်းများ မပျက်စီးဘဲ တည်မြဲနေခြင်း၊ တိုးပွားလာခြင်း၊ ရန်သူမျိုးငါးပါးတို့ မဖျက်ဆီးနိုင်ခြင်း စသည့်အကျိုးတရားတို့မှာလည်း ကံကြောင့်သာ ဖြစ်ပေါ်လာကြရပါသည်။ ထို့ကြောင့် ရှေးပညာရှင်ကြီးများက ဥစ္စာကံစောင့်-ဟု ဆိုထုံးပြုခဲ့ကြခြင်း ဖြစ်ပါသည်။
( ကံချွန်မှ လူမွန်ဖြစ်သည် )
ကံတရားက ဥစ္စာစီးပွားများကို စောင့်ရှောက်တတ်သည့် သဘောကို အကျယ်ဆက်လက် ရှင်းပြပါဦးမည်။ ဘုရားရှင်လက်ထက်တော်က အတိတ်ဒါနကုသိုလ်ကံ အလွန်ကြီးမားကြသဖြင့် မွေးမွေးချင်း သူဌေးမျိုး၌ ဖြစ်ကြသူများ ရှိကြသည်။ ထိုအတိတ်ကံ ချွန်သူများမှာ ဇောတိက၊ မေဏ္ဍက၊ ဇဋိလ-စသော ဒါနရှင်ကြီးများဖြစ်ကြသည်။ ထိုတွင် ဇောတိက သူဌေးသားမှာ အရွယ်ရောက်လာချိန်တွင် ရှေးအတိတ် ဒါနကုသိုလ်ကံအစွမ်းကြောင့် နေထိုင်ရန်အတွက် ရတနာ ၇-ပါးဖြင့်ပြီးသော ဘုံခုနစ်ဆင့် (ခုနစ်ထပ်) ရှိ ပြာသာဒ်ကြီး မြေမှပေါ်ထွက်ခဲ့သည်။ ထိုပြာသာဒ်ကြီးကို ၀န်းရံပြီး ရတနာ တံတိုင်းကြီး ခုနစ်ထပ်နှင့် ထိုတံတိုင်းတို့ အကြားအကြား၌ ပဒေသာပင် ၆၄-ပင် ပေါ်လာသည်။ ထို့အတူ ရွှေအိုးကြီး လေးလုံးနှင့် ထန်းလုံးခန့်ရှိ ရွှေကြံပင်ကြီး လေးပင်တို့သည် ထိုရတနာပြာသာဒ်ကြီး၏ ထောင့်လေးထောင့်တို့မှ တလုံးစီ တပင်စီ ပေါ်လာကြ၏။ ရွှေကြံပင်ကြီး၏ ပင်စည်မှာ ရွှေချည်းဖြစ်၍ အရွက်တို့မှာ မြအတိ ဖြစ်ကြသည်။
မေဏ္ဍကသူဌေးကား ၀ိပဿီဘုရားရှင် လက်ထက်မှာ ရွှေဆိတ်ရုပ်ကြီး ပြုလုပ်ပူဇော်ခဲ့သည့် ဒါနကုသိုလ်ကြောင့် အိမ်နောက်ရှိ ရှစ်ပယ်မျှကျယ်ဝန်းသော မြေနေရာတွင် ဆင်အရွယ်၊ မြင်းအရွယ်၊ နွားလားဥသဘအရွယ်ရှိ ရွှေဆိတ်ရုပ်ကြီးများသည် မြေမှပေါ်ထွက်လာကြ၍ ကျောက်ကုန်းချင်း ထိစပ်ကာ ရပ်တည်နေကြ၏။ ထိုရွှေဆိတ်ရုပ်ကြီးတို့၏ ခံတွင်းအသီးသီးထဲ၌ အဆင်းငါးမျိုးရှိ ချည်ဂေါ်လီကြီးများ ပါလာကြ၏။ အ၀တ်အထည်၊ ရွှေ၊ ငွေ၊ စသည်တို့ကို ဖြစ်စေ၊ ထောပတ်၊ ဆီ၊ ပျား၊ တင်လဲ စသော စားသောက်ဖွယ်ရာများကို ဖြစ်စေ အလိုရှိသည့်အခါ ထိုဂေါ်လီလုံးကြီးများကို ဖယ်ရှားလိုက်ရ၏။ ရွှေဆိတ်ရုပ်တရုပ်တည်း၏ ခံတွင်းမှ ထွက်လာသည့် အ၀တ်အထည် ရွှေ ငွေ စသော ပစ္စည်းတို့မှာ ဇမ္ဗူဒိပ်တကျွန်းလုံး ရှိသူတို့အတွက် လုံလောက်သည်ဟု ဆိုပေသည်။ မေဏ္ဍကသူဌေးကြီး ခေါင်းလျှော်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ စပါးကျီပေါင်း ၁၂၅၀၀-ပြည့်သည်အထိ သလေးနီစပါးများ ကောင်းကင်မှ ကျလာလေ့ရှိသည်။
ထို့အတူ မေဏ္ဍကသူဌေးကတော်ကြီး စန္ဒပဒုမသီရိ သည်လည်း တစလယ်ချက်မျှသော ထမင်းကို သူ့လက်ဖြင့် ကိုင်၍ လာသမျှလူတို့ကို ပေးကမ်းသော်လည်း ကုန်မသွားသကဲ့သို့ သားဖြစ်သူ ဓနဉ္စယကလည်း ငွေတထောင်ကိုင်ပြီး လာတိုင်း လာတိုင်းသော လူတို့ကို ပေးသော်လည်း ငွေမှာ ကုန်မသွားပေ။ ထို့အတူ ချွေးမဖြစ်သူ သုမနဒေ၀ီကလည်း စပါးတပြည်ကိုကိုင်ပြီး ဇမ္ဗူဒိပ်တကျွန်းလုံး နေသူတို့အား ဝေငှသော်လည်း လျော့ပါးသွားခြင်း မရှိ-ဟု ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ဓမ္မပဒအဋ္ဌကထာတို့၌ မိန့်ဆိုထားပေသည်။
ဤကဲ့သို့ ဇောတိက၊ မေဏ္ဍက၊ ဇဋိလ၊ စသော သူဌေးတို့ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသည့်အရာ၌ နှိုင်းယှဉ်စရာ ပြိုင်ဖက်မမြင် သုံးမကုန်၊ စွဲမကုန် ဥစ္စာစည်းစိမ်ရှင် အမိတဘောဂ သူဌေးကြီးများ ဖြစ်လာရခြင်းမှာ ရှေးရှေးဘ၀များက ပြုခဲ့ကြသော စွမ်းအင်ကြီးမားသည့် အတိတ်ဒါနကုသိုလ်ကံများကြောင့် ဖြစ်ပါသည်။ ဤသို့ဖြစ်ခြင်းမှာ ဣဒ္ဓိဆယ်မျိုးတို့တွင် ပုည၀တော ဣဒ္ဓိ-ဟု ၀ိသုဒ္ဓိမဂ်၌ မိန့်ဆိုထားပေသည်။ အတိတ်ကုသိုလ်ကံ ထူးခြားကြီးမားသည့် ကောင်းမှုရှင်တို့၏ ပြီးမြောက်ပြည့်စုံခြင်းတန်ခိုး-ဟု အဓိပ္ပါယ်ရပါသည်။ လူတဦးတယောက်သည် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသည့် မိဘတို့ထံမှာ ပဋိသန္ဓေနေပြီး မိဘတို့ပိုင်ဆိုင်သော လယ်ယာမြေ၊ ရွှေ၊ ငွေ စသော ဥစ္စာပစ္စည်းတို့ကို အမွေစားအမွေခံ အဖြစ် ရရှိခြင်းသည်လည်း အတိတ်ကုသိုလ်ကံက ဥစ္စာကို စောင့်ခြင်းပင် ဖြစ်ပါသည်။
( ရှေ့လ ဆက်ရန် )
ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ
( မြတ်မင်္ဂလာ ၁၉၉၉-ခု စက်တင်ဘာလ )
Saturday, September 19, 2009
သုတမယဉာဏ်, စိန္တာမယဉာဏ်, ဘာဝနာမယဉာဏ်
သုတမယဉာဏ် ဟူသည်ကား-ကိုယ်တွေ့ဒိဋ္ဌ သိသည်မဟုတ်။ သူတပါးပြောသောကြောင့်၎င်း၊ စာတွေ့အားဖြင့်၎င်း၊ သိသောဉာဏ်တည်း။
စိန္တာမယဉာဏ်သည်လည်း-ကိုယ်တွေ့ဒိဋ္ဌ မဟုတ်သေး၊ သူတပါး ပြောဟောသော အဓိပ္ပါယ်၊ စာတွေ့အားဖြင့် သိသောအဓိပ္ပါယ်တို့ကို အကြောင်းအကျိုးဆက်စပ်၍ ယုတ္တိယုတ္တာ ဆောင်ပြီးလျှင် အမှန်ကို အတွေးနှင့် သိခြင်းပေတည်း။
ဘာဝနာမယဉာဏ် ဟူသည်ကား-ကိုယ်တွေ့ဒိဋ္ဌ မိမိရရ သိသောအသိမျိုးတည်း။
( ဖရဲသီးဥပမာ ဉာဏ်သုံးဖြာ )
ထိုသုံးပါးတို့တွင် သုတမယဉာဏ်ကား ထင်ရှားသိသာပြီး စိန္တာမယဉာဏ် ဘာဝနာမယဉာဏ် ၂-ပါးတို့၏ အထူးကို ဥပမာအားဖြင့် သိအပ်၏။ အခါတပါး၌ လူသုံးယောက်တို့သည် လွန်စွာမှန်ကန်အောင် တွေးတောဆင်ခြင်တတ်သည်ဟု ကျော်ကြားသတတ်။ ထိုစကားကို စာရေးတယောက် ကြားသော် မယုံကြည်သဖြင့် ဖရဲသီတလုံးကို အုပ်တခု၌ ထည့်ပြီးလျှင် အလောင်းအစားပြု၍ အမှန်ကို တွေးစေ၏။ ထိုအခါ လူသုံးယောက်တို့တွင် တယောက်သောသူက အကျိုးအကြောင်း မြော်ထောက် ဆင်ခြင်ပြီးလျှင် ဤအုပ်ထဲ၌ ရှိသောအသီးသည် မြေနွယ်သီး ဖြစ်ရမည်ဟု ဆို၏။
ဒုတိယလူကလည်း ထို့အတူ အကျိုးအကြောင်း မြော်ထောက်၍ မြေနွယ်သီး ဖြစ်ခဲ့သော် အခွံစိမ်း အခွံကြား ဖြစ်ရမည်ဟု ဆို၏။
တဖန် တတိယလူက မြေနွယ်သီး အခွံစိမ်း အခွံကြား ဖြစ်လျှင် အစေ့အနက်၊ အစေ့အနီ ဖြစ်ရမည်ဟု ဆင်ခြင်၍ ပြောပြန်၏။ ထို့ကြောင့် လူသုံးယောက်တို့၏စကားကို ပေါင်း၍ ဤအုပ်ထဲ၌ ဖရဲသီး မဟုတ်လော-ဟု ဆိုပြီးလျှင် အုပ်ကို ဖွင့်သောအခါ ဖရဲသီးအမှန်ပင် ဖြစ်နေသောကြောင့် စာရေးသည် အရှုံးပေးရသောဟူ၏။
ဤဥပမာ၌ လူသုံးယောက်တို့သည် ဖရဲသီးကို အတွေးနှင့် သိကြသကဲ့သို့ စိန္တာမယဉာဏ်ကို မှတ်အပ်၏။
အုပ်ကိုဖွင့်သောအခါ ဖရဲသီးဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ သိရသကဲ့သို့ ဘာဝနာမယဉာဏ်ကို မှတ်အပ်၏။
အချို့သောသူတို့ကား အစစ်အမှန်မဟုတ်ဘဲ အစစ်အမှန်ကဲ့သို့ တွေးတောနေခြင်းကို စိန္တာမယဉာဏ်ဟု ထင်ကြ၏။ မသင့်။ ထိုသို့တွေးတောနေခြင်းကို ၀ိတက်ဟူ၍ သာမညအားဖြင့် ခေါ်ဆိုရ၏။ ၀ိတက်နှင့် စိန္တာမယဉာဏ်သည် အလွန်ခြားနားသည်ဟု မှတ်ပါလေ။
ဤ၀ိပဿနာအရာ၌ ဘာဝနာမယဉာဏ်သာလျှင် လိုရင်းဖြစ်သတည်း။
( တိမ်ယောင်နှင့် နက်၊ လွယ်ယောင်ခက် )
သို့ရာတွင် ရုပ်နာမ်တို့၌ ကြံစည်စိတ်ကူးရာ၌ကား ကောင်းပါ၏။ အချည်းနှီးတော့ မဖြစ်ပါ။ နာမရူပ ပရိစ္ဆေဒ၊ ပစ္စယ ပရိဂ္ဂဟဉာဏ်တော့ ဖြစ်ပါ၏။ ကောင်းပါ၏။ ပါရမီဖြစ်ပါ၏။ ဤမျှလောက် စိတ်ကူးဖြင့် ဤဘ၀၌ စိန္တာမယဉာဏ် ရသွားလျှင်လည်း နောက်တပါးပါးသောဘ၀၌ ကျကျနန တရားနာရကာ အကျွတ်တရား ရတတ်ကြပါ၏။ စူဠပန် အရှင်မြတ်စသည်တို့ကို ထောက်မြော်ပါလေ။ အားတက်စရာပါပဲ။ ယခုဘ၀၌လည်း စိတ်ကူးကြံစည်ပါများလျှင် သမာဓိက ကောင်းလာပြီးသကာလ ခန္ဓာငါးပါးတို့၏ ဖောက်ပြန် ဖြစ်ပျက်မှုတို့ကို အတပ်ဒိဋ္ဌ သာမညလောက်တော့ကာ တွေ့ရတတ်ပါ၏။ တွေ့ပေမယ့် တွေ့သောအခါ ဘာမှန်းမသိတတ်ကြ၍ မရှုတတ်တာနဲ့ ပျောက်သွားတတ်ကြ၏။
ဘာဝနာမယဉာဏ်ဖြင့် အတပ်ဒိဋ္ဌ စ၍တွေ့သောအခါ အထူးဂရုစိုက်၍ မလျော့သော လုံ့လဖြင့် ဆက်၍ အပျောက်မခံဘဲ ရှုတတ်မှ တီရဏပရိညာ ကင်္ခါဝိတရဏ၀ိသုဒ္ဓိသို့ ရောက်တတ်ကြပါသည်။ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိသို့ ရောက်ပြီးမှ သဘောပေါက်ပြီး မပျောက်ပျက်ရအောင် ဆက်လက်ရှုမြင်၍ သွားတတ်ကြပါတော့သည်။ ဒါကြောင့်မို့လို့ ( ဆရာမရှိ ငါးပိဖုတ်တောင်မှ နည်းမကျ ) ဟု ဆို၏။ ဘာဝနာမယဉာဏ်ဆိုတာ စိတ်မကူးဘဲနဲ့ ပြခဲ့ပြီးခဲ့သော နည်းတို့အတိုင်း နေရာမှန်ကို စိတ်ထားမှန်မှန်နှင့် ရှုနေရင်း တကယ်ရှိတဲ့တရားတွေကို တကယ်ပင် အလိုလို တွေ့ရတော့တြဲဖစ်ပါသည်။ ရေးသားထားသလို တကယ်တွေ့တဲ့ တရားတွေကို ဘာဝနာမယဉာဏ်ဟု ခေါ်ပါသည်။
ဤကဲ့သို့ သိရသော ဘာဝနာမယဉာဏ်တို့တွင်လည်း အဇ္ဈတ္တ တွေ့ထိပျက်သည် ဆရာကောင်းမတွေ့လျှင် အသိရခက်ဆုံး။ ဆရာကောင်းတွေ့လျှင် အလွယ်ဆုံး။ လူပြိန်းသက်သက် အားမထုတ်ဖူးသေးသော တကယ်လိုချင်သောသူကို ပြတတ်သောဆရာက ပြပေးမည်ဆိုလျှင် ပါရမီအလျောက် လျင်လျင်မြန်မြန်ကြီး ထင်မြင်ပေါက်ရောက်လွယ်တတ်၏။ သဘောကို မပိုင်၍ မနိုင်သောဆရာက ပြသမည်ဆိုပါမူကား မိမိ၏ နားရွက်ကို မိမိ၏မျက်စိဖြင့် လှည့်၍ ကြည့်ဘိသကဲ့သို့ အနီးသားနဲ့ နီးကပ်စွာ ရှိနေပါလျက် ကြည့်လေ မမြင်လေ၊ လိုက်လေ ဝေးလေ ဖြစ်နေတတ်၏။ လယ်တီဆရာတော်ဘုရားကြီးကလည်း ၀ိပဿနာတရားဆိုတာ ပဉ္စလက်နည်းနှင့် တူ၏။ ပဉ္စလက်ဆိုတာ နည်းမသိလျှင် အခက်ကြီးခက်သတဲ့။ နည်း သိတော့လည်း အလွယ်သားပဲတဲ့။ ဒါကြောင့်မို့လို့-
တိမ်လျက် နက်တယ်၊ ကျဉ်းလျက် ကျယ်၊ တကယ် ကျမ်းမှာရှိ။
လွယ်လျက် ခက်တယ်၊ သိနိုင်ဖွယ်၊ တကယ် ဆရာရှိ-ဟူ၍ စပ်ဆိုပါသည်။
( တင်ကူးတွေးတော ကြိုမပြောရ )
စိန္တာမယဉာဏ်ဆိုတာ သင်ကြားနာယူဖူးသော ဗဟုသုတရှိမှ ဗဟုသုတအလိုက် ရုပ်နာမ်တို့၏ ဖြစ်တတ်၊ ပျက်တတ်သော သဘောတို့ကို ဉာဏ်ရှိသလောက် ဝေဖန်ပိုင်းခြား စဉ်းစားတွေးတော ကြံစည်မှုတို့ပေတည်း။
ဘာဝနာမယဉာဏ်ဆိုတာ ရှေးက သင်ကြားနာယူခဲ့ဖူးသော ဗဟုသုတကို မလို၊ ဆရာက ဒီနေရာမှာ စိတ်ထားပြီး ရှုနေ-ဟု ဆိုသည့်အတိုင်း ဘာကိုမျှ စိတ်မကူးဘဲ ဆရာခိုင်းသလို စိတ်ကို တနေရာတည်းမှာ ထားရသည်။ စိတ်ငြိမ်၍ သမာဓိကောင်းလာပြီး သကာလ ပါရမီအလျောက် တရားအချက်တို့ကို မြင်၍လာတတ်ပါတော့၏။ မြင်လာသော သဘောတို့ကို ဆရာက ဘာပဲညာပဲဟူ၍ အကျယ်တ၀င့် မပြောသေးဘဲ မြင်တဲ့အတိုင်းပင် ထပ်၍ရှုခိုင်း၊ ကြာလေ အမြင်တွေများလေ ဖြစ်လာတော့၏။ တကိုယ် တကောင်လုံး မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမရတဲ့သဘောတည်းဟူသော တရားအချက်တို့ကို မြင်လာပြီဆိုမှဖြင့် ယောဂီပုဂ္ဂိုလ်၏ အပြောအဆို အနေအထိုင် အမူအရာတို့သည် နူးညံ့သိမ်မွေ့ပြီး ငြီးငွေ့၍လာတော့၏။ ရတနာသုံးပါးကိုလည်း အရိုအသေ ပို၍ လေးစားလာတတ်တော့၏။
ဤအခါကျတော့မှ ဤသဘောသည်ကား ရုပ်၊ ဤသဘောသည်ကား နာမ်၊ ဤသဘောသည်ကား အနိစ္စ၊ ဤသဘောသည်ကား ဒုက္ခ၊ ဤသဘောသည်ကား အနတ္တ-စသည်ဖြင့် ယောဂီပုဂ္ဂိုလ် နားလည်ရုံလောက်ပင် တိုတို ပြောပြရသည်။ နောက်ဆုံး၌ ယောဂီပုဂ္ဂိုလ် သဘောကျ၍ အာလယပြေသဖြင့် မိမိနေအိမ်သို့ ပြန်တော့မည်ဆိုမှ ဆရာက ဤနေရာတွင် တရားသဘောတို့ကို အကျယ်တ၀င့် ယောဂီပုဂ္ဂိုလ် သဘောကျ ကျေနပ်လောက်အောင် ပြောပြရတော့သည်။
အဘယ်ကြောင့် တရားအားမထုတ်မီက တရားသဘောတို့ကို မပြောပြဘဲ အားထုတ်ပြီးမှ ပြောပြရပါသလဲဟူမူ အားမထုတ်ခင်က ပြောထားလျှင် ပြောပြထားတဲ့ တရားသဘောတွေကို လျှောက်ပြီး တွေးတောနေလျှင် ဘာဝနာမယဉာဏ် မထင်နိုင် မမြင်နိုင်ပါ။
တရားအားထုတ်သောသူသည် တရားအချက်တို့ကို ယထာဘူတကျနစွာ မြင်ဖို့သာလျှင် လိုရင်းဖြစ်သဖြင့် မမြင်မြင်အောင်လည်း ကြည့်မှသာလျှင် လိုရင်းဖြစ်သောကြောင့် စိတ်ဖြင့်ကြည့်ရုံသာ ကြည့်နေရမည် ဖြစ်ပါသည်။ ကြည့်ပြီး၍ မြင်ပြီးတော့မှ မြင်သောသဘောတို့ကို ကျမ်းဂန်နှင့် ကိုက်၍ ကြည့်ရပါသည်။ ကျမ်းဂန်နှင့်ကိုက်၍ ကြည့်ခြင်းသည် စာတတ်သောပုဂ္ဂိုလ်များအတွက် ကျေနပ်ရအောင် လုပ်သောအလုပ်သာ ဖြစ်ပါသည်။ လိုရင်းမှာမူ တရားကို ထင်မြင်ပေါက်ရောက်လျှင် ပြီးပါတော့သည်။ စိန္တာမယဉာဏ်၌ ကျမ်းဂန် ဗဟုသုတရှိလေ ကောင်းလေဖြစ်၏။ ဘာဝနာမယဉာဏ်အဖို့မူကား ကျမ်းဂန်ဗဟုသုတတို့ကို မလို။ တကယ့်တရားအချက်တို့ကို တကယ်အတပ်မြင်လျှင် ပြီးတော့သည်သာတည်း။
( စာမတတ်သော ကာဠီ )
သို့ဖြစ်၍ ကျမ်းဂန်ဗဟုသုတ အလျင်း ဘာမျှ မရှိဖူးသေးသော ကာဠီအမည်ရှိ ဒကာမသည် သာတာဂီရိနတ်မင်းနှင့် ဟေမ၀တနတ်မင်းတို့၏ ဘုရားသခင်အကြောင်း မေးမြန်းဖြေဆိုနေရာတွင် အလွန်ကြည်ညိုသောစိတ် ဖြစ်လာ၏။ ထိုအခါ စိတ်သည် နူးညံ့သိမ်မွေ့၍လာ၏။ ကြာလေ နူးညံ့သိမ်မွေ့တဲ့ စိတ်တွေ အဆင့်ဆင့်တိုးတက်၍ တိုးတက်၍ ဖြစ်လာလေလေ ဖြစ်၏။ ဖြစ်လာသောအခါ နူးညံ့သိမ်မွေ့တဲ့ စိတ်ကြောင့်ဖြစ်သော ရုပ်တို့သည်လည်း အဆင့်ဆင့် နူးညံ့၍ နူးညံ့၍ သွားလေတော့၏။ ထိုအခါ၌ အဆင့်ဆင့် တိုးတက်၍ တိုးတက်၍ နူးညံ့သိမ်မွေ့သွားသောစိတ်နှင့် ရုပ်ဓာတ်တို့၏ အဆင့်ဆင့်သဘောအားဖြင့် ပြောင်းပြောင်းသွားတာကို မြင်ပြီးလျှင် ပါရမီအလျောက် လက္ခဏာရေး အလိုလိုထင်ပြီးသကာလ တရားရ၍ သောတာပန် ဖြစ်သွားလေ၏။ ကာဠီအမည်ရှိသော ဒကာမကဲ့သို့သော ၀တ္ထုသက်သေများလည်း အများပင် ရှိပါသေးသည်။
( အနာနှင့်ဆေး တည့်အောင်ပေး )
တရားအားထုတ်သော ယောဂီသည် လူမမာနှင့် တူပါသည်။ လူမမာသည် ဆရာပေးသော ဆေးဝါးဓာတ်စာတို့၏ အကြောင်းကို သိနားလည်ရန် မလိုပါ။ ဆေးဝါးဓာတ်စာတို့၏ အတက်၊ အသက်၊ အပူ၊ အအေး အကြောင်းတို့ကို ဝေဖန် ပိုင်းခြားနေခြင်းသည် အချိန်ကုန်ခြင်းသာလျှင် ဖြစ်သည်။ လူမမာ၏ တာဝန်မှာ ဆရာပေးသမျှကို စား၊ စားသမျှ ၀မ်းထဲရောက်၍ ရောဂါပျောက်လျှင် ပြီးပါတော့သည်။
ဤဥပမာ၌ ယောဂီပုဂ္ဂိုလ်သည် လူမမာနှင့် တူ၏။ ဆေးဆရာသည် ကမ္မဋ္ဌာန်းပြသော လူဆရာ၊ ရဟန်းဆရာ၊ စာအုပ်ဆရာနှင့် တူ၏။ ဆေးဝါးဓာတ်စာသည် တရားအားထုတ်ရန် နည်းလမ်းစည်းကမ်းနှင့်တူ၏။ ဆေးဆရာက ပေးသလို စားခြင်းသည် ကမ္မဋ္ဌာန်းဆရာက ခိုင်းသလို ကျင့်ခြင်းနှင့် တူ၏။ စားတိုင်းစားတိုင်း ၀မ်းထဲရောက်၍ စားသမျှသော ဆေးဝါးဓာတ်စာတို့က ရောဂါဝေဒနာကို နှိမ်နှင်းပျောက်ပျက်စေခြင်းသည် ကျင့်တိုင်းကျင့်တိုင်း တရားသဘောတို့သည် ဉာဏ်ထဲရောက်၍ ဉာဏ်ထဲရောက်သမျှသော တရားအချက် တရားသဘောတို့က သက္ကာယဒိဋ္ဌိကို နှိမ်နှင်းပျောက်ပျက်စေခြင်းနှင့် တူ၏။ ရောဂါဝေဒနာသည် စက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာနှင့် တူ၏။
ဤအချက်တို့ကို ထောက်သဖြင့်-စာမတတ်သောသူများ တရားကို အားထုတ်၍ မဖြစ်နိုင်-ဟူသော အယူ မရှိကြစေလိုပါ။ ဓမ္မပဒပါဠိတော်၌လည်း စာမတတ်ပေမယ့် နည်းမှန်လမ်းမှန်အတိုင်း ကျင့်လျှင် မဂ်ဖိုလ်နိဗ္ဗာန် ရောက်နိုင်ကြောင်း ဟောပါသည်။
( အလွယ်ဆုံး အခက်ဆုံး )
မြင်ပျက်၊ ကြားပျက် ဖြစ်သော ယခုအခါ လူတိုင်းလိုလို သိနေကြသော နည်းမျိုးမှာကား မှန်ပါ၏။ ကျမ်းဂန်အတိုင်းပင် ဖြစ်၏။ သို့ရာတွင် နှေးလွန်းသောနည်း, ကြာလွန်းသောနည်း ဖြစ်၏။ ကျင့်ရတာလည်း လွယ်ကူ၏။ ပြောပြလျှင်လည်း နားလည်လွယ်၏။ သို့ပေမယ့် ယခု တချို့ ကျင့်နေကြသည့်အတိုင်းဆိုလျှင် များသောအားဖြင့် ဘာဝနာမယဉာဏ် တကယ်ရောက်အောင်မူကား အလွန်ပင် ခဲယဉ်းတတ်၏။ ဆရာနှင့်ပြပါသော်လည်း ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ ကြာပေမယ့် အဆင်မတည့်နိုင်ကြဘူး။ ထင်သလိုလို ရှိပြန်ပါလည်း ကြာကြာမထင်၊ ခဏသာ ထင်တတ်၏။ မစွဲမြဲတတ်ကြပေ။
တောထဲမှာ နှစ်ပေါင်းများစွာ ကြာတာတောင် တရားမတွေ့ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေသည် ယခုခေတ် တချို့လူများသိတဲ့ မြင်ပျက် ကြားပျက်မျိုးဖြင့်နေ၍ မြင်မှု ကြားမှု စသည်တို့၌ ဘာဝနာမယဉာဏ် မပေါက်တည့်နိုင်။ ဘာဝနာမယဉာဏ်အနေ ထင်ပြန်တော့လည်း ကြာကြာမစွဲမြဲ။ အလှုပ်မခံ၊ စွဲမြဲအောင် မလုပ်တတ်၍ ပျက်ပြယ်လွယ်တတ်၏။ ထိုအခါကျတော့ တရားကို မတွေ့ပေါင်ကွယ်၊ တရားဆိုတာ တယ်ခက်တာကလား-ဟု ဆို၍ စိတ်ပျက်ပြီး တချို့ ပြန်လာတတ်ကြ၏။
ယခု ဤကျမ်းတွင်ပါသည့်အတိုင်းသာ အဇ္ဈတ္တတွေ့ထိပျက်တို့ကို ပိုင်နိုင်အောင် အားထုတ်ပြီးလျှင်မူကား ခန္ဓာငါးပါး၊ အာယတန တဆယ့်နှစ်ပါး၊ ဓာတ်တဆယ့်ရှစ်ပါးစလုံးကိုလည်း ရှုတတ်လွယ်တော့၏။ ခပ်သိမ်းသောတရားသဘောတို့ကိုလည်း ပိုင်နိုင်လွယ်တော့၏။ ထို့ကြောင့် တရားအားထုတ်ရာ အဇ္ဈတ္တသက်သက်ဖြစ်သော ကာယဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ ကာယ၀ိညာဏ်ဓာတ် သုံးပါးသည် အလွယ်ဆုံး၊ အခက်ဆုံး ဖြစ်၏။ အတိမ်ဆုံး၊ အနက်ဆုံး ဖြစ်၏။ ဒါကြောင့်-
ရဟန်းပုဂ္ဂိုလ်၊ လူထိုထို၊ စာကို ကျင့်သုံး၏။
စကားမှန်၏၊ ဉာဏ်မမိ၊ ထိအောင် သူမသိ။
ယထာဘူတာ၊ ကျဖို့ရာ၊ ဆရာ ရှာလေဘိ။
တိမ်လျက် နက်တယ်၊ ကျဉ်းလျက် ကျယ်၊ တကယ် ကျမ်းမှာရှိ။
လွယ်လျက် ခက်တယ်၊ သိနိုင်ဖွယ်၊ တကယ် ဆရာရှိ။ ဟူ၍ ပညာရှိတို့ စပ်ဆိုပေသည်။
( ၁၃-နှစ် ရှာယူရသော တရား )
ဤအတွင်း အဇ္ဈတ္တသက်သက်ဖြစ်သော တရားသည် ဘာပြုလို့ ခက်သလဲဆိုတော့ အာရုံကလည်း အတွင်းပဲ၊ အာရမ္မဏိက အတွင်းပဲ၊ ဒါကြောင့်မို့လို့ ပညာရှိပုဂ္ဂိုလ်များ မြင်းကောင်း ခွါလိပ်-ဆိုသလို ဖြစ်နေကြပါသည်။ ဘာကြောင့် မြင်းကောင်းခွါလိပ် ဖြစ်နေသည်ဟု ဆိုနိုင်ပါသနည်းဟူမူ ဤကျမ်းပြုသူ၏ ပထမ လက်ထပ်ပြသောဆရာ၊ ရန်ကုန်မြို့ ဒလဘက် ပျော်ဘွယ်ကြီးရွာ ကျေးဇူးရှင် ကမ္မဋ္ဌာန်းဆရာကြီး ဆရာသက်သည် ဤတရားကို ရဖို့ရာ ဆရာ့ဆရာ သာထက်သာတို့ထံ လိုက်လံရှာဖွေရာ ၁၃-နှစ်လောက်ကြာပြီးမှ စိတ်လျှော့ပြီးပြန်အလာ အိမ်ကျသကာလ တန်ဆောင်းထဲ၌ နေ့ရောညပါ ၇-ရက်လုံးလုံး မည်သူ့ကိုမျှ စကားမပြော၊ အတွေ့မခံဘဲ မရမနေ သေပေစေဆိုပြီး ကျင့်တော့မှ ယခုပြနေသောနည်းမှာ နိဿယကိုပါ ရ၍ သဘောကျနှစ်သက်ပြီး လယ်တီဆရာတော်ဘုရား၊ သေက္ချတောင် ဦးတိလောက ဆရာတော်ဘုရား အစရှိသော ဆရာတော်ဘုရားများအား လျှောက်ထားရာ၊ ယထာဘူတကျကြောင်း ပြောပြ၍ သာဓုခေါ်ပြီးလျှင် ရဲရဲဝံ့ဝံ့ ပြသရန် တိုက်တွန်းအားပေးသောကြောင့် ပြသလာရာ၊ ယခုအခါ ဆရာကြီးနှင့်တကွ ဆရာကြီး၏ထံမှ နည်းနာယူပြီးသော ရဟန်းဆရာ၊ လူဆရာများ ပြသနေကြရာ တရားကို ယထာဘူတကျနစွာ ထင်မြင်သောပုဂ္ဂိုလ်ပေါင်း ၄၀၀၀-ကျော် ၅၀၀၀ နီးပါးခန့် ရှိလောက်နေပါပြီ။
( ချက်သိရင် အလွယ်ကလေး )
ဆရာကြီးနည်းအတိုင်း ယခုပြေနေကြသည်မှာ ၇-ရက်အတွင်း ၀ိပဿနာဉာဏ် အလင်းပေါက်သည်သာ များကြပါသည်။ ဤဆရာကြီးသည် ဆရာလုပ်ရန် ပါရမီကောင်း၍ ဤနည်းကို ရခြင်းဖြစ်ပါသည်။ ဒါတောင်မှ သူရှာတုန်းက ၁၄-နှစ်ကြာနေရသည်။ ဘာပြုလို့ ဒါလောက်တောင် ကြာနေရသနည်းဟူမူ တရားအစစ်ကို အတပ် မသိတတ်သေးသောကြောင့် တကြောင်း၊ ဤကဲ့သို့ လျင်မြန်သော ရှာနည်းရှာပုံကို မသိရသေးသောကြောင့်တကြောင်း ဖြစ်ပါသည်။ တရားအစစ်ကို အတပ်သိတတ်၍ ရှာနည်းရှာပုံကို သိတတ်တော့လည်း ခပ်လွယ်လွယ်ပင် ဖြစ်ပါသည်။ အမြဲတွေ့နေရသော သဘောမျိုး၌ အကျုံးဝင်လျက်ပင် ရှိပါသည်။ သို့ဖြစ်သောကြောင့် ပညာရှိပုဂ္ဂိုလ်များ မြင်းကောင်း ခွါလိပ် ဖြစ်နေကြသည်ဟု ဆိုလိုပါသည်။
( ဒိဋ္ဌဓမ္မ ၀ိပဿနာကျမ်းမှ )
အယ်ဒီတာ-မြတ်မင်္ဂလာ
( မြတ်မင်္ဂလာ ၁၉၉၉-ခု ဇွန်လ )
Friday, September 18, 2009
ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ် ( ၂ )
( ဗုဒ္ဓရဲ့ ပုံတော်၊ ဆင်းတုတော်၊ ဘာကြောင့် ကိုးကွယ်နေသလဲ )
ဒါကြောင့် ဗုဒ္ဓ၀ါဒမှာ မျက်စိမှိတ် ယုံကြည်ကိုးကွယ်ရတာမျိုး မရှိဘူး။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓရဲ့ ပုံတော် ရုပ်ဆင်းတုတော်တွေကို ဘာကြောင့် ကိုးကွယ်နေကြသလဲ လို့ မေးနိုင်ပါတယ်။
အဖြေက လွယ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ ပုံတော်ကို ရှိခိုးပူဇော်နေကြတာဟာ ချမ်းသာစည်းစိမ် တစုံတခုကို မျှော်လင့်တောင်တပြီး ရှိခိုးနေကြတာ မဟုတ်ပါဘူး။ အသက်ထင်ရှားရှိတဲ့ ဗုဒ္ဓရဲ့ ရှေ့မှောက် ရောက်နေတယ်လို့ ထင်မှတ်ပြီး အလွန်လေးနက်သော ဂါရ၀ဖြင့် ရှိခိုးပူဇော်နေကြခြင်း ဖြစ်တယ်။ အဲဒီ ရှိခိုးပူဇော်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲကို မိမိရဲ့စိတ် သွင်းပြီးကြည့်လိုက်စမ်းပါ။ ဘယ်လောက်အံ့သြစရာကောင်းသလဲ။
အတုမရှိတဲ့ မဟာပုရိသဗုဒ္ဓရဲ့ ပုံတော်ရှေ့မှာ ပန်း ရေချမ်း ဆီမီး ဆွမ်း စသည် ကပ်လှူပြီး ရှိခိုးနေရတာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စိတ်နှလုံးမှာ ကြည်လင်အေးချမ်းပြီးတော့ ဆုတ်နစ်သောစိတ်ဓာတ်ဟာ တက်ကြွလာတယ်။ ကျဆင်းနေသော စိတ်ဓာတ်ဟာ တိုးပွားလာတယ်။ ညစ်ညူးနေသော စိဓာတ်ဟာ ကြည်လာတယ်။
( ဗုဒ္ဓလက်ခံခဲ့တဲ့ ယုံကြည်ကိုးကွယ်မှု )
ဗုဒ္ဓရှင်တော်ကလဲ မိမိရဲ့ သာဝကတွေကို မိမိကျင့်သလို ကျင့်စေချင်တယ်။ မိမိကို အတုယူစေချင်တယ်။ ဗုဒ္ဓရဲ့ ပုံတော်ရှေ့မှောက်မှာ ထိုင်၍ ဗုဒ္ဓကို အာရုံပြုပြီး ပူဇော်လိုက်တဲ့အခါ ဗုဒ္ဓနဲ့ အတူတူနေရတယ်လို့ စိတ်မှာ ၀င်စားလာတတ်ပါတယ်။
ဗုဒ္ဓနဲ့ အတူတူနေရတဲ့ ပုဂ္ဂိုလ်ဟာ မကောင်းသော အကျင့်တွေကို ကျင့်လို့ ဘယ်ဖြစ်တော့မလဲ။ တဖြည်းဖြည်း ဗုဒ္ဓဓာတ် ကူးလာနိုင်တယ်။ ဒါကြောင့် ဗုဒ္ဓကလဲ ပညာဉာဏ်ကို အရင်းခံသော ယုံကြည်မှုဖြင့် ကိုးကွယ်ဆည်းကပ်သည်ကို လက်ခံပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကလဲ ဤရည်ရွယ်ချက်ဖြင့် ဗုဒ္ဓပုံတော်ကို ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။
ညောင်ပင်ဟာ ဗောဓိဉာဏ်ရဲ့ အထိမ်းအမှတ်တခု ဖြစ်ပါတယ်။ ဒီညောင်ပင်မှာ ဗောဓိဉာဏ်ရလို့ ဒီညောင်ပင်ကို ဗောဓိပင် ခေါ်ကြပါတယ်။
( ဗုဒ္ဓဘာသာရဲ့ ပဓာန လုပ်ငန်းတခု )
ရုပ်တု၊ ဆင်းတု၊ ညောင်ပင်စသည် ပူဇော်ခြင်း တွေဟာ ဗုဒ္ဓဘာသာမှာ အရေးကြီးတဲ့ အချက်တွေတော့မဟုတ်ပါဘူး။ သို့သော် သမာဓိ ကောင်းစွာ ရရှိနိုင်တဲ့အတွက် လုပ်ထိုက်သော လုပ်ငန်းတရပ်ဖြစ်ပါတယ်။ ဒါကြောင့် အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်များဟာ အတုမဲ့ မဟာပုရိသ ဖြစ်တော်မူတဲ့ ဗုဒ္ဓရဲ့ ပုံတော်ကို သူတို့စိတ်ထဲမှာ ထင်ထင်ရှားရှား ထည့်သွင်းထားပြီး ဗောဓိဓာတ်ကို ရအောင် ယူကြတယ်။ စိတ်ကြည်လင်မှု ချမ်းသာမှုကို ရှာဖွေကြတယ်။
သို့သော် ဗုဒ္ဓဘာသာဝင်တွေဟာ ကျေးဇူးရှင် မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်နေကြခြင်းထက် မြတ်ဗုဒ္ဓကဲ့သို့ သစ္စာတရားတို့ကို သိအောင် အားထုတ်ခြင်း၊ သိက္ခာသုံးပါး၊ မဂ္ဂင်ရှစ်ပါး ပါရမီ ၁၀-ပါးတို့ကို အားထုတ်ခြင်းကသာလျှင် ပိုမြတ်ပါတယ်။ ဗုဒ္ဓကလဲ တပည့်သာဝကတို့ရဲ့ ပူဇော်ခြင်းထက် မိမိကျင့်သလို အကျင့်မြတ်တွေ ကျင့်ကြံလိုက်နာခြင်းကိုသာ မျှော်လင့်ပါတယ်။ ကျင့်ဖို့ချည်း တိုက်တွန်းနှိုးဆော်ပါတယ်။
( ဗုဒ္ဓကို မြင်တွေ့တဲ့ လူ ဆိုတာ )
ငါဘုရား၏ အဆုံးအမ အကျင့်မြတ်တွေကို ကျင့်ကြံ လိုက်နာသူသည် ငါဘုရားကို အမြတ်ဆုံး ပူဇော်သူမည်၏။ တရားမြင်သူသည် ငါဘုရားကို မြင်၏။ တရားမမြင်သူသည် ငါဘုရားကို မမြင်သေး-ဟု ဟောတော်မူခဲ့ပါတယ်။
သို့သော် ဗုဒ္ဓပုံတော်ထက် ပို၍ခံ့ညား သပ်ရပ် ထည်ဝါပြီး ကျက်သရေရှိသော အခြားရုပ်ပုံတခု ဤကမ္ဘာလောကမှာ မရှိတော့ပါ။
မျက်စိနဲ့မြင်ရတဲ့ ဗုဒ္ဓပုံတော်ကို မြင်ရ ကြည့်ရသောအခါ ဗုဒ္ဓပုံတော်ထဲမှာ ဗုဒ္ဓရဲ့ စိတ်ဓာတ်တွေ ပါဝင်လာတယ်လို့ ထင်ရပြီး မိမိရဲ့ နှလုံးသားမှာလဲ ဗောဓိဉာဏ်ရဲ့ အရောင်ဟာ ထင်ဟပ်လာတယ်လို့ ထင်မှတ်ရပါတယ်။
နောက်ထပ်ပြောလိုတာက ဗုဒ္ဓ၀ါဒ၊ ဗုဒ္ဓဘာသာ မှာ အသနားခံ၍ ဆုတောင်းခြင်း၊ ဗုဒ္ဓနှင့် ဆုတောင်းသူတို့ကြားထဲမှာ ဆက်သွယ်သူ (အောင်သွယ်သဘော) ကိုယ်စားလှယ်ထား၍ ဆုတောင်းခြင်းဆိုတာ မရှိပါဘူး။
( ဗုဒ္ဓဘာသာတို့ ဆုတောင်းတယ်ဆိုတာ )
ဘုန်းကြီးက လူတွေအလယ် ဆုတောင်းပေးရတယ် ဆိုတာမျိုး၊ ဒုက္ခရောက်လာလို့ ကယ်တင်တော်မူပါ။ ကျူးလွန်မိလာလို့ သနားစောင့်ရှောက်တော်မူပါ ဆိုတာမျိုးတွေ မရှိပါဘူး။
သို့သော် ဗုဒ္ဓထံမှာ ဆုပန်တယ်၊ ဆုတောင်းတယ်ဆိုတာ ရှိပါတယ်။ ကယ်တင်ဖို့ စောင့်ရှောက်ဖို့ တောင်းတာ မဟုတ်ပါဘူး။ မိမိဖြစ်ချင်တဲ့ ဆန္ဒကို မိမိရဲ့ ကောင်းမှုပေါ်မှာ အခြေခံပြီး ထုတ်ဆိုခြင်းသာ ဖြစ်ပါတယ်။
ဗုဒ္ဓကလဲ သင်တို့ တောင်းဆိုတာတွေကို ငါ ဘုရား ပေးမယ်လို့ ဘယ်တော့မှ ဘယ်တုန်းကမှ တာဝန်မခံပါဘူး။ အသနားခံခြင်း ဆုတောင်းခြင်းတွေမှတပါး မိမိဘ၀ ဖြူစင်သန့်ရှင်းရေး အသိဉာဏ် ပွင့်လင်းရေး ဒုက္ခမှ လွတ်မြောက်ရေးတို့အတွက် သိက္ခာသုံးပါး ကျင့်သုံးဖို့ကိုသာ ဗုဒ္ဓသည် ညွှန်ပြတော်မူလေ့ရှိပါသည်။
သိက္ခာသုံးပါးဆိုတာ-သီလ၊ သမာဓိ၊ ပညာ ပါပဲ။ သီလကျင့်တော့ ကိုယ်နှုတ်နှစ်ပါး ဖြူစင်သန့်ရှင်းသွားတယ်။ သမာဓိရအောင် အားထုတ်တော့ စိတ်အညစ်အကြေးတွေ တခဏ တဘ၀ သန့်ရှင်းအေးချမ်းသွားတယ်။ ပညာကျင့်စဉ် ကျင့်လိုက်တော့ ကိလေသာ အညစ်အကြေးတွေ အပြီးတိုင် ကင်းဝေးသန့်ရှင်းသွားတယ်။
( ကမ္မဋ္ဌာန်းအားထုတ်တာ စိတ်ကူးယဉ်နေတာလား )
တနည်းပြောရရင် ကမ္မဋ္ဌာန်းတရား အားထုတ်မှုမှ သန့်ရှင်းမှု၊ ငြိမ်းချမ်းမှုဆိုတာ ရတယ်။ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ငြိမ်ငြိမ်ကလေး ထိုင်ပြီး စိတ်ကူးယဉ်နေတာမျိုး မဟုတ်ပါဘူး။ စိတ်ကို ဗလာဟင်းလင်းဖြစ်အောင် လုပ်နေခြင်းလဲ မဟုတ်ပါဘူး။
ကောင်းကင်မှာပျံသွားတဲ့ ပျံလွှားငှက်ကလေးများကဲ့သို့ နှလုံးသားထဲက စိတ် စေတသိက်တွေဟာ အလွန် အရှိန်အဟုန်ပြင်းစွာနဲ့ သင်္ခတတရားတို့ ပျက်စီးပြိုကျနေမှု၊ မိမိခန္ဓာရဲ့ ပြောင်းလဲနေမှုတွေကို အမီလိုက်၍ ကြည့်နေခြင်းကို ကမ္မဋ္ဌာန်းလို့ ခေါ်တယ်။
ဗုဒ္ဓသည် တန်ခိုးမရှိတဲ့ ဆုပေးစကားကို မပြောကြားရုံသာမက အသနားခံ တောင်းဆိုနေတဲ့ အညံ့ခံလိုတဲ့ စိတ်ဓာတ်များကိုလဲ ညံ့ဖျင်းတဲ့ စိတ်မျိုးဖြစ်ကြောင်း ဟောတော်မူခဲ့ပါတယ်။
( ဗုဒ္ဓရဲ့ လမ်းစဉ် )
ဒါကြောင့် ဗုဒ္ဓ၀ါဒမှာ ကယ်တင်စောင့်ရှောက်ဖို့ မျှော်လင့်ပြီး ဆုတောင်းတာမျိုး မရှိပါဘူး။ ကိုယ့်ကိုယ်ကို အားကိုးပြီး ကိုယ့်ဘ၀လွတ်မြောက်ရေးအတွက် ဗုဒ္ဓညွှန်ပြပေးထားတဲ့ လမ်းစဉ်အတိုင်း ကိုယ့်အစွမ်းသတ္တိနဲ့ကိုယ် အားထုတ်နေကြပါတယ်။
ကမ္မဋ္ဌာန်း အားထုတ်တာကတော့ ကြားအောင်သွယ် ပုဂ္ဂိုလ်မလိုပါဘူး။ ကိုယ့်စိတ် ကိုယ့်ကိုယ်ကို ကိုယ်ကိုယ်တိုင်ပဲ ပြုပြင်ပြောင်းလဲပေးနေတာ ဖြစ်တယ်။
ဗုဒ္ဓ၀ါဒမှာ ကြောက်ရ ရိုသေရ နားထောင်ရမယ့် ဒေ၀ဗြဟ္မာ ဖန်ဆင်းရှင် စိုးမိုးသူ စသည် မရှိပါ။
( ဗုဒ္ဓသည် ဖန်ဆင်းရှင်မဟုတ် )
ဗုဒ္ဓသည် ကမ္ဘာ၊ လောက၊ နေ၊ လ၊ နက္ခတ်၊ ဂြိုဟ်၊ တာရာတွေထဲမှာ တန်ခိုးသတ္တိရှိသော အလုံးစုံကို အကုန်အစင် သိသော၊ တစုံတခုသောလာဘ်ကို ပေးသော၊ အလုံးစုံကို အကုန်အစင် ဖန်ဆင်းသော၊ အလုံးစုံကို အစိုးရသော၊ အမြဲတည်ရှိသော၊ အားလုံးသော လောကနှင့် စကြ၀ဠာ သတ္တ၀ါတို့၏ ရှေးဦးစွာက ဖြစ်နေသော၊ ရှိနေသော၊ တစုံတယောက်သော ဗြဟ္မာ၊ ဒေ၀တို့ကို လက်မခံပါ။ အယုံအကြည် မရှိပါ။
ဗုဒ္ဓ၀ါဒမှာ မမြင်ရ မသိရသော နေရာဌာန၊ တခုမှ မတွေ့မမြင်နိုင်သော အစမထင် တန်ခိုးရှင် တစုံတယောက်ထံမှ ကောင်းချီးမင်္ဂလာ သြဘာဆုလာဘ်များကို သယ်ဆောင်ပြီး ဖြန့်ဝေပေးနေသည့် ပုဂ္ဂိုလ်လည်း မရှိပါ။
( ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ချက် )
ထို့ကြောင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ၀ါဒကို ကျင့်သုံးသော ပုဂ္ဂိုလ် (ဗုဒ္ဓဘာသာဝင်) ဆိုတာဟာ အပြစ်ဒဏ်ကို ပေးတတ်၊ အပြစ်ကို ပယ်ဖျောက်တတ်သော ကောင်းချီးမင်္ဂလာ ဆုလာဘ်ကို ပေးတတ်သော တန်ခိုးဖြင့် လွှမ်းမိုးအုပ်ချုပ်နေသော၊ သဘာဝထက် လွန်ကဲသော၊ တန်ခိုးရှင်ဣဿရ တစုံတယောက်ကို ခစား ညွှတ်တွား၍ တာဝန်ထမ်းနေရသော ပုဂ္ဂိုလ်များ မဟုတ်ကြပါဘူး။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ တစုံတယောက်သော တန်ခိုးရှင်၊ ဖန်ဆင်းရှင်၊ အစိုးရသူတို့ထံမှ အပြစ်ကို ပယ်ဖျောက်ခြင်း၊ ကောင်းချီးဆုလာဘ်များ ပေးသနားခြင်းတို့ကို မျှော်လင့်တောင့်တနေကြသူများလဲ မဟုတ်ကြပါဘူး။
မိမိတို့ ကောင်းဆိုးနှစ်မျိုးသော ဘ၀နှင့် ကောင်းကျိုး၊ ဆိုးကျိုးတို့ကို မိမိတို့ရဲ့ တန်ခိုးထက်လှစွာသော စိတ် စေတသိက်များကသာ ဖန်ဆင်းပြုလုပ်ပေးကြတယ်လို့ ယုံကြည်ထားကြပါတယ်။
ဗုဒ္ဓဘာသာဝင်တွေဟာ တစုံတယောက်သော တန်ခိုရှင်၊ ဖန်ဆင်းရှင်တို့၏ ကယ်တင်စောင့်ရှောက်မှုကို မျှော်လင့်တောင့်တနေကြသူများ မဟုတ်ကြပါဘူး။
( ကိုယ်ပိုင် အရည်အချင်းကို အသုံးချရတဲ့ ဘာသာ )
ယခုလိုပြောလိုက်တဲ့အတွက် ဗုဒ္ဓ၀ါဒကို အထင်မမှားသင့်ပါ။ ဗုဒ္ဓ၀ါဒသည် လောကသစ္စာကို မငြင်းပယ်ပါ။ အခြားမည်သည့်ဘာသာကိုမှ မဆန့်ကျင်ပါ။ ဗုဒ္ဓ၀ါဒသည် သတ္တ၀ါတို့အတွက် ရေရာပြီး သေချာသော သဘာဝများကိုသာ အသိအမှတ် ပြုပါတယ်။
ဗုဒ္ဓ၀ါဒသည် လူသားတယောက်စီ တယောက်စီမှာ ရှိနေသော အလွန်တန်ခိုးထက်သည့်စိတ်၊ စေတသိက်တို့ကို အရင်းပြု၍ နည်းမှန်လမ်းမှန် တကယ်အားထုတ်ကျင့်ကြံထားသော ဆရာကောင်း ဆရာမြတ်တို့၏ အကူအညီ အဆုံးအမဖြင့် ကိုယ်တိုင် ကြိုးစားအားထုတ်မှသာလျှင် ဆင်းရဲဒုက္ခအပေါင်းမှ ကိုယ်တိုင် လွတ်မြောက်နိုင်တယ်လို့ ညွှန်ကြားပါတယ်။ သင်ပြပါတယ်။
ထို့ကြောင့် ဗုဒ္ဓ၀ါဒကို ဘယ်နည်းနှင့်မျှ ဘယ်အကြောင်းကြောင့်မျှ Religion လို့ မဆိုနိုင်ပါဘူး။ ဗုဒ္ဓ၀ါဒသည် ယုံကြည်ပြီး ဆုတောင်းနေရ၊ ကိုးကွယ်ပသနေရတဲ့ဝါဒမျိုးလည်း မဟုတ်ပါဘူး။ ကောင်းမြတ်သော သေချာရေရာသော ရည်ရွယ်ချက်ဖြင့် မိမိတို့ ပိုင်ထားတဲ့ တန်ခိုးထက်လှစွာသော သတိ၊ ၀ီရိယ၊ ပညာ စတဲ့ စိတ် စေတသိက်တို့ကို အသုံးချ၍ အားထုတ်ကျင့်ကြရသော ကျင့်စဉ်မျိုး ဖြစ်ပါတယ်။
( ဗုဒ္ဓဘာသာသည် ဘာသာအားလုံးတို့ရဲ့ ဘာသာ )
အကယ်၍ ဗုဒ္ဓ၀ါဒကို Religion လို့ ဆိုရင်တော့ အခြားအခြားသော Religion မျိုး မဟုတ်ပါဘူးလို့ ဆိုချင်ပါတယ်။
Buddhist Religion သည်-
၁။ အလွန်လေးနက်သော ဘ၀အမြင်ကို ကောင်းစွာ သင်ပြပေးသော Religion တခု ဖြစ်ပါတယ်။
၂။ ထိုလေးနက်သော ဘ၀အမြင်ကို အခြေခံ၍ ဘ၀လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့ လမ်းညွှန်ပေးသော Religion တခုလဲ ဖြစ်ပါတယ်။
၃။ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် အားထုတ်သည့်အလျောက် အသိဉာဏ်များ တောက်ပြောင် ပွင့်လင်းလာအောင် သင်ပြပေးသော Religion လဲ ဖြစ်ပါတယ်။
၎။ လူသားတို့ရဲ့ တန်ခိုးထက်လှစွာသော စိတ်၊ စေတသိက်ကို စနစ်တကျ အသုံးချခွင့်ပေးသော Religion လဲ ဖြစ်ပါတယ်။
၅။ ဘ၀နှင့်သေမင်းကို ရင်မဆိုင်ရဲသော သတ္တ၀ါတို့အား ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် ဘ၀နှင့်သေခြင်းကို ရင်ဆိုင်ရဲအောင် သင်ပြပေးသော Religion လဲ ဖြစ်ပါတယ်။
နိဂုံးချုပ် ပြောရပါလျှင်-
ဗုဒ္ဓ၀ါဒသည် ဘ၀ဒုက္ခ အားလုံးတို့ကို ပယ်ဖျောက်ပစ်ဖို့၊ ဘ၀ဒုက္ခမှ လွတ်မြောက်ဖို့ ကျင့်ရမယ့် အားထုတ်ရမယ့် စနစ်ကျသော ကျင့်စဉ် တမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓ၀ါဒကို Religion လို့ ဆိုရင်တော့ Religion of All Religions လို့ ဆိုချင်ပါတော့တယ်။
သတ္တ၀ါအားလုံး အကျင့်မှန်ကို ကျင့်နိုင်ကြပါစေ။ သတ္တ၀ါအားလုံး ဘ၀ဇာတ်သိမ်း ဒုက္ခငြိမ်းကြပါစေ။ တရားကျင့်မူ၊ ခပ်သိမ်းသူ၊ သီတဂူသို့ အေးပါစေ။
သီတဂူ ဆရာတော်
( မြတ်မင်္ဂလာ ၁၉၉၉-ခု ဇွန်လ )
အတုံ့အလှည့်
သို့ပါသော်လည်း တခုသောဆေးရုံတွင် လက်ထောက်ဆရာဝန်ဘ၀ဖြင့် ပြောင်းရွှေ့ရောက်ရှိစဉ်က ဖြစ်ပါသည်။ ကျွန်မသည် အိမ်မှ ၇-နာရီထွက်ပြီး ဆေးရုံသို့ နံနက် ၈-နာရီ ရေဒီယိုသတင်းကြေညာသံ ဆိုင်းသံနှင့်အတူ ရောက်တတ်သလို၊ ည ၇-နာရီ ဂျူတီဆိုလျှင် အိမ်မှ ညနေ ၅း၃၀ထွက်မှ ၇-နာရီအတိ ရောက်ပါသည်။ ထိုသို့ အသစ်ရောက်လာသောသူကို ကျွန်မထက် မရှေးမနှောင်း ရောက်နှင့်နေသူများက ပညာပြတတ်ကြသည်ကို အတွေ့အကြုံအရ သိရှိလာပါသည်။ ထိုစဉ်ကမူ မသိမမြင်တတ်သေးပါ။ အရွယ်အားဖြင့် ငယ်သလို၊ လုပ်သက်အားဖြင့်လည်း နုသေးသည်။
ကလေးဆောင်တွင် တလလုံး ညဂျူတီဝင်ရသည်။ ကျွန်မက ဇွန်လမှ ညဂျူတီအလှည့်ရောက်မည် ဖြစ်သည်။ သင်္ကြန်ကျသော လ၊ ဧပြီလတွင် အလှည့်ကျမည့် ဆရာဝန်မက ဆေးရုံအုပ် (ယခုမရှိတော့၊ဆုံးသွားပြီ) ထံ မည်သို့ဝင်ပြောသည်မသိ။ ကျော်လွှားကာ သင်္ကြန်ကျသည့်လတွင် ကျွန်မ ညဂျူတီ တညလုံး ကျသည်ဟု အော်ဒါ ထွက်လာပါတော့သည်။
ရိုးစင်းအေးဆေးသောကျွန်မက အတွန့်မတက်တတ်ပါ။ သို့သော် ရေပက်သောသင်္ကြန်ရက်များတွင် ညဥ့်ဂျူတီအလာနှင့် အထွက်တွင် ဆေးရုံကားကြိုပို့ပေးရန်မူ တောင်းဆိုခဲ့ပါသည်။ သို့သော် ခွင့်မပြုခဲ့ပါ။ သို့နှင့် အိမ်မှ ဘတ်စ်ကားဂိတ်သို့ ညနေ ၅-နာရီတွင် ပတ်စီးမှ ည ၇-နာရီ ဆေးရုံရှေ့ရောက်ပါသည်။ ရေများပက်၍ စိုရွှဲနေသော လုံချည်၊ အင်္ကျီများကို အပိုယူဆောင်လာသော လုံချည်၊ အင်္ကျီများနှင့် ဆေးရုံကျမှ လှဲလယ်ရပါသည်။ အဆင်မပြေပါ။
ထိုစဉ်က အသက်ငယ်၍လည်းကောင်း၊ ကျန်းမာ၍လည်းကောင်း ဘာမှမဖြစ်ခဲ့ပါ။ ညဂျူတီ တညလုံး ကောင်းမွန်စွာ ဂျူတီဆင်းနိုင်ခဲ့သည်။ ထိုဖြစ်ရပ်မှာ ၁၉၇၉-၈၀ ပြည့်နှစ်ဆီက ဖြစ်သည်။၁၉၉၈-ခုနှစ်က ဆေးတက္ကသိုလ် (၁)တွင် ထိုစဉ်က ညဂျူတီ လဲလှယ်သွားသော ဆရာဝန်မနှင့် မမျှော်လင့်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ပါသည်။ သူမသည် နွေရာသီ ပူအိုက်လွန်းသည့် လများတွင်ပင် အနွေးထည် မချွတ်တမ်းဝတ်ဆင်ထားနေရသည်။ အအေး မခံနိုင်သူအဖြစ် ပြည်လည်တွေ့ရှိခဲ့ရသည်။ တိုက်ဆိုင်သည်လား ၀ဋ်လိုက်သည်လားဟု ပြောရမည်လားတော့ မဆိုနိုင်ပါ။ ဟိုလွန်ခဲ့သည့် အနှစ် ၂၀-ဆီက ကျွန်မမှာ ဘတ်စ်ကားပေါ်တွင် သင်္ကြန်ရေများဖြင့် ခိုက်ခိုက်တုန်ချမ်းကာ ဆေးရုံရောက်မှ အ၀တ်လဲ၍ ဂျူတီဆင်းရသည်ကို ပြန်ပြောင်း သတိရမိသည်။
နောက်ဖြစ်ရပ်တခုကို တင်ပြလိုပါသည်။ --- ဌာနတွင် တာဝန်ထမ်းဆောင်စဉ်က ဖြစ်ပါသည်။ ထုံးစံအတိုင်း ကျွန်မက နောက်မှပြောင်းရွှေ့လာသူ လူသစ်ဖြစ်၍ လူဟောင်းများနှင့် တွဲကာ အလုပ်လုပ်ရပါသည်။ ဤအဖြစ်အပျက်သည်လည်း သင်္ကြန်နှင့် ဆက်စပ်ပါသည်။ သင်္ကြန်ဖြစ်မြောက်ရေး၊ မဏ္ဍပ် တည်ဆောက်ရေး၊ အကျွေးအမွေး ဧည့်ခံရေး၊ ဆုပေးရေးကိစ္စတို့နှင့် ပတ်သက်၍ အလှူငွေကောက်ခံရန် ကျွန်မသည် တာဝန်ပေးအပ်ခြင်း ခံရပါသည်။
ကျွန်မ အလှူငွေကောက်ခံသည့်အခါ မြို့နယ် ၂-မြို့နယ်ရှိ ကျွန်မနှင့် သိကျွမ်းခင်မင်သောသူများထံ အလှူငွေ ကောက်ခံရပါသည်။ ရောက်တာမကြာသေးသော်လည်း ကျွန်မကို ခင်မင်လေးစား၍ အလှူငွေများ ထည့်ကြပါသည်။ ကျွန်မ ကောက်ခံသောမြို့နယ်များက အလှူငွေ တသောင်းငါးထောင် ရပါသည်။
ထိုအလှူငွေများ ထည့်ဝင်သူ အလှူရှင်များကို ကျေးဇူးတင်လွှာများ ပေးအပ်ကာ အကျွေးအမွေးဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။ ကျွန်မကလည်း ထိုအလှူငွေ ထည့်ဝင်သူများကို ထိုရက်တွင် မပျက်မကွက် လာရောက်ကြပါရန် ပြောကြားခဲ့သည်။ သို့သော် ဂုဏ်ပြုလွှာပေးအပ်ပွဲတွင် ကျွန်မမတက်ရပါ။ အလှူငွေအများဆုံး ရှာပေးခဲ့သူ ကျွန်မကို မလိမ့်တပတ် ထားရစ်ခဲ့ပါသည်။ အလှူငွေအနည်းအကျဉ်းမျှ ရှာပေးသူတို့ကိုသာ တက်ရောက်စေခဲ့ပါသည်။
အရေအတွက် ဦးရေအကန့်အသတ်ဖြင့် တက်ရောက်ရသောပွဲဖြစ်၍ ကျွန်မ လုံးဝတက်ခွင့်မရခဲ့ပါ။ မတက်ရ၍ အောင့်သက်သက်ဖြစ်ရုံသာ ရှိသည်။ လူတွေ၏ မျက်ခုံးပေါ် စင်္ကြိလျှောက်တတ်သည့် စိတ်ထားမဖြောင့်သူတို့သဘောကို သိရှိခဲ့၍ အသိပညာတိုးခဲ့ပါသည်။
ဤသို့ဖြစ်ပြီးနောက် ၁၉၉၇-၉၈ ခုနှစ်များတွင် ထိုသူတို့နှင့် ကျွန်မ ပြန်လည်ဆံတွေ့ခဲ့ရသည်။ တဦးကား ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ်တွင် လူနာတဦးအဖြစ် ပြန်လည်တွေ့ရှိခဲ့သည်။ ကျွေးမွေးဧည့်ခံပွဲသို့ ကျွန်မကို တက်ခွင့်မပေးခဲ့သူ ဖြစ်သည်။ ထိုသူမှာ အစားအစာကို အဖတ်မစားနိုင်ဘဲ အရည်မျှသာ သောက်နေရသည်။ ရက်ရှည်လများ ခံစားနေရ၍ အာဟာရချို့တဲ့ကာ မျက်တွင်းများကျလျက် ပိန်လှီနေသည်ကို တွေ့ရသည်။
ကျန်လူတဦးမှာမူ ၄င်းယောက်ျားသည် ဌာနတခုတွင် လာဘ်စားမှုဖြင့် အလုပ်ပြုတ်သွားခဲ့သည်။ မိသားစု စားဝတ်နေရေး ခက်ခဲမှု ရှိနေသည်ဟု သိရပါသည်။ တိုက်ဆိုင်မှုပင် ဖြစ်စေ၊ လက်တွေ့အကျိုးပေးသည်ပင်ဖြစ်စေ မည်သို့ပင်ဖြစ်စေ မည်သည့်လုပ်ရပ်မဆို စိတ်ကောင်း နှလုံးကောင်း ထားရှိဖို့နှင့် သူတပါးအပေါ် မတရားမပြုမိဖို့အရေးကြီးပါသည်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော သစ္စလေးပါးတရားးတော်တွင် မလုပ်မဖြစ်တဲ့ အလုပ်ဟာ ကိုယ့်ကိုယ်ကို ကယ်တင်မယ့်အလုပ်ပဲ။ အားကိုးစရာ တခြား မရှာကြနဲ့။ ၀ိပဿနာပဲ အားကိုးရှာရမယ်-ဆိုသကဲ့သို့ ၀ိပဿနာတရားကို ကြိုးစားအားထုတ်လျက် မိမိနေ့စဉ်လုပ်ကိုင်ဆောင်ရွက်နေသည်များကို တရားနှင့်ယှဉ် ဆောင်ရွက်ရပါမည်။ အထူးသဖြင့် သူတပါးအပေါ် မတရားမလုပ်မိဖို့ အထူးသတိပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
ဒေါက်တာ ကြည်ကြည်သန်း
( မြတ်မင်္ဂ်လာ ၁၉၉၉-ခု မေလ )